ယူအက်(စ်)-အီရန် စစ်ပြေငြိမ်းရေး သဘောတူညီချက်ရဲ့ အဓိပ္ပါယ်

ယူအက်(စ်)-အီရန် စစ်ပြေငြိမ်းရေး သဘောတူညီချက်ကို နှစ်ဖက် အစိုးရတွေက တရားဝင် ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်မှာ အချက် ၁၄ ချက် ပါဝင်တယ်။ အခုလို စစ်ပြေငြိမ်းရေး သဘောတူညီချက် စာချွန်လွှာကို တရားဝင် ထွက်မလာခင်ကတည်းက analysis article တပုဒ် ကျနော် ရေးခဲ့တယ်။ ဇွန်လ ၁၅ ရက်နေ့က RM website မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

အခု တရားဝင် ထွက်လာတဲ့ အချက် ၁၄ ချက်ကို ဖတ်ကြည့်လိုက်တော့ ထွေထွေထူးထူး မှတ်ချက်ထပ်ပေးစရာ မလိုတော့ပါဘူး။ ဒီအချက် ၁၄ ချက်လုံးက ကျနော့် ဆောင်းပါးမှာ သုံးသပ်ထားသလို အီရန် စစ်ပွဲမှာ ယူအက်(စ်)-အစ္စရေးတို့ လုံးဝ ရှုံးနိမ့်သွားပြီ ဖြစ်ကြောင်း အခိုင်အမာ အတည်ပြုပေးလိုက်လို့ပဲ။

ဒါပေမဲ့ တရားဝင် ထုတ်ပြန်ချက် ထွက်မလာသေးဘဲ အဲသလို သုံးသပ်ချက် ရေးရကောင်းလား ဆိုပြီး ပြစ်တင်ဆဲရေးသူတွေ ရှိနေတာ တွေ့လိုက်ရတယ်။ ယူအက်(စ်)ရောက် စာရေးသူ တယောက်ဆိုရင် ယူအက်(စ်)ဘက်က ရှုံးပြီလို့ ပြောတဲ့သူ အားလုံးကို “brainwashed” လုပ်ခံထားရသူတွေလို့ စွပ်စွဲစော်ကားထားတာ တွေ့လိုက်ရသေးတယ်။ တကယ်တမ်း “brainwashed” လုပ်ခံထားရသူဟာ အနှီ စာရေးသူသာ ဖြစ်ကြောင်း အခု တရားဝင် ထွက်လာတဲ့ သဘောတူညီချက်က သက်သေပြနေတယ်။

အခု ဆောင်းပါးမှာ သဘောတူညီချက် ၁၄ ချက်ကို ဘာသာပြန် ဖော်ပြပေးသွားမှာ မဟုတ်ပါဘူး၊ လူသိများတဲ့ မြန်မာ သတင်း မီဒီယာတွေမှာလဲ သဘောတူညီချက် ၁၄ ချက်ကို တိတိကျကျ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ မတွေ့ရဘူး၊ သူတို့ လိုချင်တဲ့ အာဘော်ရောက်အောင် (ယူအက်စ် ရှုံးသွားပြီ ဆိုတာ မပေါ်လွင်အောင်) လိုသလို ကွက်ကြားဖော်ပြထားတာသာ တွေ့ရတယ်။

ဒါ့ကြောင့် အခု နောက်ဆုံး ထွက်လာတဲ့ တရားဝင် သဘောတူညီချက်နဲ့ လွန်ခဲ့တဲ့ နှစ်ရက်က နိုင်ငံတကာ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သဘောတူညီချက် မူကြမ်းကို အပြည့်အစုံ နှိုင်းယှဉ်ဖော်ပြထားတဲ့ CNN သတင်းလင့်ခ်ကို အောက်မှာ ထည့်ပေးထားပါတယ်။ အခု ဆောင်းပါးမှာ ကောက်နှုတ်ကိုးကားမယ့် သဘောတူညီချက်တွေကို အရင်ဆုံး မူရင်းအတိုင်း ဖော်ပြပါမယ်။ စာဖတ်သူတွေကိုယ်တိုင် ချင့်ချိန် စဉ်းစားနိုင်ဖို့ ဖြစ်ပါတယ်။ ပြီးမှ စာရေးသူရဲ့ သုံးသပ်ချက်ကို ဖော်ပြပါမယ်။

တနေ့က ဆောင်းပါးမှာ အခုလို ဖော်ပြခဲ့တယ် –

သဘောတူညီချက် မူကြမ်းမှာ ၁၄ ချက်ပါတယ်လို့ ဆိုပါတယ်။ ဒီထဲမှာ အရေးကြီးတဲ့ အချက်တွေက

  • (ယူအက်စ်နဲ့ အစ္စရေးဘက်က) လက်ဘနွန်အပါအဝင် စစ်မျက်နှာ အားလုံးမှာ ရန်စတိုက်ခိုက်နေတာတွေ (hostilities on all fronts) အပြီးတိုင် ချက်ချင်း အဆုံးသတ်ရမယ်၊”

အခု တရားဝင် ထွက်လာတဲ့ သဘောတူညီချက်မှာ ဒီအချက်ကို ထိပ်ဆုံးကတင်ပြီး ဖော်ပြထားတာ တွေ့ရတယ်။ မူရင်းမှာ ဒီလို ဆိုပါတယ် –

“1 — The United States of America and the Islamic Republic of Iran and their allies in the current war are signing this MOU to declare the immediate and permanent termination of military operations on all fronts, including in Lebanon, and undertake from now on not to initiate any war or any military operation against each other, and to refrain from the threat or use of force against each other, and ensuring the territorial integrity and sovereignty of Lebanon. The final deal will confirm the permanent termination of the war on all fronts, including in Lebanon and other provisions of this paragraph.”

လက်ဘနွန်အပါအဝင် စစ်မျက်နှာ အားလုံးမှာ ရန်စတိုက်ခိုက်နေတာတွေ အပြီးတိုင် ချက်ချင်း အဆုံးသတ်ရမယ် ဆိုတဲ့ အချက်ဟာ အီရန်ဘက်က တလျှောက်လုံး ပြောလာတဲ့ အရေးအကြီးဆုံး တောင်းဆိုချက် တခု ဖြစ်ပါတယ်။ ဒါ့အပြင် လက်ဘနွန်ရဲ့ “the territorial integrity and sovereignty of Lebanon” အာမခံရမယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ဒီသဘောတူညီချက် စာချွန်လွှာမှာ အစ္စရေးကို စကားထဲတောင် ထည့်ပြောမထားဘူး။ လက်ဘနွန်ကို အပြင်းအထန် ကျူးကျော်စစ်ဆင်နွှဲပြီး နယ်မြေတွေ သိမ်းပိုက်ထားတဲ့ အစ္စရေးကို မျက်နှာဖြတ်ရိုက်လိုက်တဲ့ သဘောပဲ။

နတန်ယာဟုတို့ ဇိုင်ယင်နစ်တွေက ဒီအချက်ကို ဘယ်လိုမှ သဘောတူမှာ မဟုတ်ပါဘူး။ အစ္စရေးက လက်ဘနွန်ကို စစ်ဆက်တိုက်ပြီး ယူအက်(စ်)-အီရန် သဘောတူညီချက်ကို ကဖျက်ယဖျက်လုပ်ဖို့ သူ ကြိုးပမ်းလာနိုင်သေးတယ်။ အဲသလိုသာ နတန်ယာဟုဘက်က မိုက်မိုက်ကန်းကန်း ဆက်လုပ်မယ်ဆိုရင် တင်းမာနေတဲ့ ယူအက်(စ်)-အစ္စရေး ဆက်ဆံရေးလဲ အခုထက် ပိုပြီး အခြေအနေဆိုးလာလိမ့်မယ်။ “ယူအက်စ်သာ မရှိရင်၊ ငါသာ မရှိရင် မင်းတို့ အစ္စရေးဆိုတာ မရှိနိုင်ဘူး” လို့ ဒေါ်နယ်ထရမ့်က ဗြောင် ထုတ်ပြောသွားတယ်။ ဒီတော့ ဇိုင်ယင်နစ် အစ္စရေး ဘာဆက်လုပ်မလဲ။

များများစားစား ရွေးစရာတော့ မရှိဘူး။ နတန်ယာဟုအနေနဲ့ ရှေ့တိုးရင်လဲ ထမ်းပိုး၊ နောက်ဆုတ်ရင်လဲ လှည်းထုပ် ဖြစ်နေပြီ။ ပိုဆိုးတာက အောက်တိုဘာ မတိုင်ခင် ရွေးကောက်ပွဲတွေ လာတော့မယ်။ ယူအက်(စ်)-အီရန် deal ဟာ နတန်ယာဟုရဲ့ နိုင်ငံရေး ဘဝအတွက် တကယ့် အိပ်မက်ဆိုးပဲလို့ BBC လို သတင်းဌာနကတောင် ရေးလာတယ်။ အစ္စရေး ဂျာနယ်တွေကတော့ ဒါဟာ “abject failure” (အဖတ်ဆယ်မရလောက်အောင် ဆိုးရွားတဲ့ ရှုံးနိမ့်မှု) အဖြစ် ခေါင်းကြီးတွေမှာ ဖော်ပြထားကြောင်း ဂါးဒီးယန်း သတင်းဌာနက ဆိုပါတယ်။

 

သဘောတူညီချက် အချက် (၄) မှာ ဒီလို ဆိုထားတယ် –

“4 — Immediately upon the signing of this MOU, the United States of America will begin the removal of its naval blockade and any disturbances or impediments against the Islamic Republic of Iran, and will fully end the naval blockade within 30 days. During this period, the traffic of vessels will be in proportion to the numbers of pre-war traffic being restored by the Islamic Republic of Iran. The United States of America further undertakes to remove its forces from the proximity of the Islamic Republic of Iran within 30 days after the final deal.”

တနေ့က ဆောင်းပါးမှာ အခုလို ဖော်ပြခဲ့တယ် –

  • “အီရန်ကို ယူအက်(စ်)ဘက်က (naval blockade) ရေတပ် အင်အား အလုံးအရင်းနဲ့ ပိတ်ဆို့ထားတာတွေ အားလုံး ရက် ၃၀ အတွင်း ဖယ်ရှားပေးရမယ်၊
  • အီရန်ကို ဝိုင်းပတ်ပြီး တပ်ဖြန့်ချထားတဲ့ ယူအက်(စ်) စစ်အင်အားတွေ ပြန်ဆုတ်ပေးရမယ်”

သဘောတူညီချက် အချက် (၅)က စိတ်ဝင်စားဖို့ ကောင်းတယ်။ မူရင်းမှာ ဒီလို ဆိုပါတယ် –

“5 — Upon the signing of this MOU, the Islamic Republic of Iran will make arrangements using its best efforts for the safe passage of commercial vessels with no charge, for 60 days only, from the Persian Gulf to the Sea of Oman and vice versa. The traffic of commercial vessels will immediately start, and considering the need for removing the technical and military obstacles, and demining by the Islamic Republic of Iran will be instated within 30 days. The Islamic Republic of Iran will conduct dialog with the Sultanate of Oman to define the future administration and maritime services in the Strait of Hormuz in discussion with other Persian Gulf littoral states in line with the applicable international law and the sovereign rights of coastal states of the Strait of Hormuz.”

တနေ့က ဆောင်းပါးမှာ အခုလို မှတ်ချက်ရေးခဲ့တယ် –

“အီရန်ဘက်က လိုက်လျောပေးထားရတာ ဘယ့်နှချက် တွေ့ရလဲ။ ဟော်မု(ဇ်) ရေလက်ကြားကို ပြန်ဖွင့်ပေးရမယ် ဆိုတဲ့ တချက်ပဲ တွေ့ရတယ်။ တကယ်တော့ ဒီအချက်ကလဲ လိုက်လျောချက်လို့တောင် ပြောဖို့ ခက်ပါတယ်။ ယူအက်(စ်)နဲ့ အစ္စရေးက အီရန်ကို သွားတိုက်လို့သာ ဟော်မု(ဇ်) ရေလက်ကြား ပိတ်သွားခဲ့တာ၊ မဟုတ်ရင် သူ့ဘာသာ ပွင့်နေပြီးသား ရေလက်ကြား ဖြစ်ပါတယ်။”

“ဒါတောင် အရင်လို ပြန်ပွင့်သွားပြီလို့ အတိအကျ မပြောနိုင်သေးဘူး။ ဒေါ်နယ်ထရမ့်ဘက်က “အခွန်အကောက် လုံးဝ မပေးရဘဲ” လို့ ပြောထားပေမဲ့ Mehr သတင်းဌာနကတော့ ဟော်မု(ဇ်) ရေလက်ကြားကို “under Iranian arrangements” ကနေ ရက်ပေါင်း ၃၀ အတွင်း ပြန်ဖွင့်ပေးရမယ်လို့ ဖော်ပြထားတယ်။ Mehr သတင်းဌာနက အီရန်ဘက်က လိုက်ပြီး ပြောတာ ဖြစ်ချင်ဖြစ်နိုင်တယ်လို့ တချို့လဲ သံသယံဝင်လိမ့်မယ်။ ဝင်နိုင်ပါတယ်။ ဘယ်ဘက်က မှန်သလဲ ဆိုတာ မကြာခင် အဖြေပေါ်လာပါလိမ့်မယ်။”

အခု တရားဝင် သဘောတူညီချက် ထွက်လာတဲ့အခါ အဖြေက ရှင်းသွားပါတယ်။

“the Islamic Republic of Iran will make arrangements using its best efforts for the safe passage of commercial vessels with no charge, for 60 days only,”

“ဟော်မု(ဇ်) ရေလက်ကြားကို “under Iranian arrangements” ကနေ ရက်ပေါင်း ၃၀ အတွင်း ပြန်ဖွင့်ပေးရမယ်” လို့ ရေးခဲ့တာနဲ့ အဓိပ္ပါယ် အတူတူပဲ။ စကားလုံး အထားအသိုပဲ ကွာခြားပါတယ်။ ဒေါ်နယ်ထရမ့် ပြောတဲ့ “အခွန်အကောက် လုံးဝ မပေးရဘဲ” ဖြတ်သန်းခွင့် ရှိစေရမယ် ဆိုတဲ့ စကားကလဲ ရက် ၆၀ သာ အကြုံးဝင်ပါတယ်။ ဒီနောက် ဘယ်လို ဆက်ဖြစ်မလဲ။ ဟော်မု(ဇ်) ရေလက်ကြားကို အနာဂတ်မှာ အီရန်နဲ့ အိုမန် ညှိပြီး စီမံခန့်ခွဲသွားရမယ်လို့ တရားဝင် သဘောတူညီချက်မှာ ဆိုထားပါတယ်။

တကယ်တော့ ဒါကလဲ မထူးဆန်းဘူး။ အီရန်က ဟော်မု(ဇ်) ရေလက်ကြားကို လက်တွေ့ ထိန်းချုပ်ထားနိုင်ပြီးသားပဲ။ ယူအက်(စ်) ရေတပ် အင်အား အလုံးအရင်း ချထားပေမဲ့ ဟော်မု(ဇ်) ရေလက်ကြားကို သူတို့ သွားမဖွင့်ရဲဘူး။ သွားဖွင့်ရင် suicide mission ဖြစ်သွားမယ်။ အဲ့တော့ ယူအက်(စ်)ဘက်က ရေနံတင် သင်္ဘောကြီးတွေကို ဘာပြောခဲ့သလဲ။ escort လုပ်ပေးမယ်လို့ မပြောရဲဘူး၊ ငါတို့က အဝေးကနေ guide လုပ်ပေးမယ်၊ မင်းတို့ဘာသာ ဖြတ်သွားလို့ပဲ သူတို့ ပြောနိုင်ခဲ့တယ်။

အဲ့တော့ အီရန်ဘက်က de facto ထိန်းချုပ်ထားပြီးသား ဟော်မု(ဇ်) ရေလက်ကြားကို တရားဝင် ထိန်းချုပ်ပိုင်ခွင့် ရှိကြောင်း ယူအက်(စ်)ဘက်က အတိအလင်း အသိအမှတ်ပြုပေးလိုက်ရတဲ့ သဘောပဲ။ ကမ္ဘာ့ အရင်းရှင် စနစ်ဟာ integrated world economy ဟာ ဖြစ်နေပြီ။ ဒါ့ကြောင့် ကီလိုမီတာ အနည်းငယ်သာ ရှိတဲ့ ရေလက်ကြားလေးက အခုလို အသက်သွေးကြောတမျှ အရေးပါနေခြင်း ဖြစ်တယ်။ ကမ္ဘာ့ စီးပွားရေးအတွက် အဲသလောက် အရေးပါတဲ့ အသက်သွေးကြောကို ချုပ်ကိုင်ထားနိုင်မှတော့ နျူကလီယာ လက်နက်ရဖို့ ဘယ်သူ လိုဦးမလဲ။ နျူကလီယာ လက်နက်ထက် အစွမ်းထက်တဲ့ လက်နက်ကို ပိုင်ထားပြီပဲ။

ယူအက်(စ်)ဟာ ကမ္ဘာပေါ်မှာ စစ်အင်အား အကြီးဆုံး၊ စစ်သုံးစရိတ် အကြီးဆုံး တိုင်းပြည် ဖြစ်တယ်။ ဒါပေမဲ့ စစ်အင်အား သာလွန်ကြီးမားတိုင်း စစ်ပွဲမှာ အနိုင် မရနိုင်ဘူး ဆိုတာ အခု အီရန် စစ်ပွဲက သက်သေပြလိုက်ပြီ။ ယူအက်(စ်)ရဲ့ စစ်အင်အားကို အလွန် အထင်ကြီးသူတွေက အခု အီရန် စစ်ပွဲမှာ ယူအက်(စ်) ရှုံးပြီလို့ အခိုင်အမာ အချက်အလက်တွေနဲ့ ပြောရင်တောင် လက်မခံနိုင်သေးဘူး။ သူတို့ အမြင်မှာ စစ်အင်အား ကြီးရင် အမြဲ အနိုင်ရမယ်လို့ အရိုးစွဲနေပြီ။ ဒီလို တဖက်သတ် အရိုးစွဲနေတဲ့ အမြင်ကို ‘fetishism of arms’ လို့ ဆိုနိုင်တယ်။ ဒီအမြင်ကို လက်ခံထားသူတွေဟာ ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ကို ဘယ်တော့မှ မဖြိုချနိုင်ဘူးလို့ ပြောသူတွေနဲ့ အခြေခံအားဖြင့် တဖက်တည်းပဲ။ တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဟာ စစ်လက်နက်တွေ မဟုတ်ဘူး ဆိုတာ သူတို့ နားမလည်နိုင်ဘူး။

သဘောတူညီချက် အချက် (၆) ကလဲ အရေးကြီးပါတယ်။ တနေ့က ကျနော့် ဆောင်းပါးမှာ ဒီအချက်ကို ထည့်မပြောခဲ့ဘူး။ ထည့်ပြောခဲ့ရင်လဲ ယူအက်(စ်)ကို အထင်ကြီးလွန်းသူတွေက ယုံမယ် မထင်ဘူး။ သူတို့ ယုံချင်ယုံ မယုံချင်နေ၊ တရားဝင် သဘောတူညီချက်မှာ အခုလို အတိအလင်း ဆိုထားတယ် –

“6 — The United States of America undertakes with regional partners to develop a definitive, mutually agreed plan with at least USD 300 billion for the reconstruction and economic development of the Islamic Republic of Iran. The mechanism for the implementation of this plan will be finalized as part of a final deal within 60 days. All required licenses, waivers and permissions needed for the relevant financial transactions will be granted by the United States of America.”

အရပ်စကားနဲ့ ရိုးရိုးပြောရရင် ယူအက်(စ်)နဲ့ သူ့မဟာမိတ်တွေက အီရန်ကို အနည်းဆုံး ဒေါ်လာ ဘီလျံ ၃၀၀ ကို စစ်လျော်ကြေးအဖြစ် ပေးရမယ်။ ဒါပေမဲ့ တရားဝင် စကားလုံးကတော့ ကြည့်ကောင်းအောင် “for the reconstruction and economic development” (ပြန်လည် တည်ဆောက်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးရေးအတွက်) လို့ သုံးတာပေါ့။ ဘယ်လိုပဲ သုံးထားပါစေ၊ အနှစ်သာရအားဖြင့် ယူအက်(စ်)နဲ့ သူ့မဟာမိတ်တွေက အီရန်ကို စစ်လျော်ကြေး ပေးရတော့မယ်။ တဖက်မှာလဲ ယူအက်(စ်)က တပြားမှ အကုန်မခံနိုင်ဘူး၊ ပင်လယ်ကွေ့ တိုင်းပြည်တွေက စိုက်ထုတ်ပေးရမယ်လို့ ဒေါ်နယ်ထရမ့် ပြောနေတယ်။ အဲသလိုသာ တကယ် ဖြစ်လာရင် ယူအက်(စ်)နဲ့ မိတ်ဆွေဖြစ်ရတဲ့ အာရပ် နိုင်ငံတွေတော့ မိအေး နှစ်ခါနာ ဖြစ်မဲ့ကိန်းပဲ။

စဉ်းစားကြည့်ပါ မိတ်ဆွေ၊ စစ်ပွဲတပွဲ အဆုံးသတ်ရင် စစ်လျော်ကြေး ပေးရတာ ဘယ်သူလဲ။ စစ်နိုင်တဲ့ဘက်ကလား၊ စစ်ရှုံးတဲ့ဘက်ကလား။ သမိုင်းက အဖြေ ပေးခဲ့ပြီး ဖြစ်ပါတယ်။ စစ်ရှုံးတဲ့ဘက်ကပဲ စစ်လျော်ကြေး ပေးရလေ့ရှိတယ်။ အခု ယူအက်(စ်)က အီရန်ကို စစ်လျော်ကြေးပေးဖို့ သဘောတူလိုက်ရပြီ။ ယူအက်(စ်)ဘက်က စစ်နိုင်သလား၊ စစ်ရှုံးသလား ဆိုတာ အဲဒီ တချက်နဲ့တင် အဖြေထွက်ပါတယ်။

တနေ့က ဆောင်းပါးမှာ “အီရန်ရဲ့ ရေနံ ရောင်းချမှုကို ဆန့်ရှင်လုပ်ထားတာတွေ ဖယ်ရှားပေးရမယ်” လို့ ရေးခဲ့တယ်။ အခု ထွက်ပေါ်လာတဲ့ တရားဝင် သဘောတူညီချက်က ဒီလို ဆိုပါတယ် –

“7 — The United States of America undertakes to terminate all types of sanctions against the Islamic Republic of Iran, including the United Nations Security Council resolutions, IAEA Board of Governors resolutions, and all unilateral US sanctions, primary and secondary, in an agreed upon schedule as part of the final deal. The Islamic Republic of Iran and the United States of America acknowledge the critical importance of the sanctions termination issue above mentioned, and expressed their intentions to immediately address these issues in the negotiations in order to achieve mutual agreement on them.”

ဒီအချက်က ကျနော့် ဆောင်းပါးမှာ ပြောခဲ့တာထက် ပိုပြီး comprehensive ဖြစ်တယ်။ အရပ်စကားနဲ့ လွယ်လွယ်ပြောရရင် ယူအက်(စ်)ဘက်က ချထားတဲ့ ဆန့်ရှင် အားလုံး ဖယ်ရှားပေးရမယ်။ ဆန့်ရှင် အားလုံးလို့ ပြောရင် ယူအက်(စ်) အစိုးရက တိုက်ရိုက် ချထားတဲ့ ဆန့်ရှင်တွေပဲ ဆိုလိုရာ ရောက်သွားနိုင်တယ်။ အခု သဘောတူညီချက်မှာ ပြောထားတာက အဲ့ထက် ပိုပါတယ်။ တိုက်ရိုက် မဟုတ်တဲ့ ဆန့်ရှင်တွေပါ အားလုံး all (unilateral US sanctions, primary and secondary) ရုတ်သိမ်းပေးမယ်လို့ ဆိုထားတယ်။

အီရန်ကို ယူအက်(စ်)နဲ့ အစ္စရေးက နယ်ချဲ့စစ် ဆင်နွှဲတော့ အီရန်ဘက်က ဟော်မု(ဇ်) ရေလက်ကြားကို ထိန်းချုပ်လိုက်တယ်။ ဒီတော့ ယူအက်(စ်) အလိုတော်ရိတွေက အီရန်ဟာ ကမ္ဘာ့ စီးပွားရေးရဲ့ အသက်သွေးကြော ရေလက်ကြားကို လက်နက်သဖွယ် အသုံးချနေတယ်လို့ အော်ကြတယ်။ ဒါပေမဲ့ ယူအက်(စ်)က အီရန်ကို ဆယ်စုနှစ်ပေါင်းများစွာ “economic blockade” လုပ်ထားခဲ့တာကျ အရပ်သား ပြည်သူတွေကိုပါ ထိခိုက်အောင် စီးပွားရေး လက်နက်ကို ထုတ်သုံးခဲ့တယ်လို့ သူတို့ မအော်ခဲ့ဖူးဘူး။ တကယ်တော့ ယူအက်(စ်)က ဆန့်ရှင်ကို လက်နက်သဖွယ် သုံးနေတာ အီရန်မှာပဲ မဟုတ်ဘူး။ သူ့ကို အာခံတဲ့ ဘယ်နိုင်ငံမဆို ဒီလက်နက်ကို သူတို့ သုံးခဲ့ကြတယ်။ ဆန့်ရှင်တင် မကဘူး၊ ယူအက်(စ်)က ဒေါ်လာကိုပါ လက်နက်သဖွယ် အသုံးပြုခဲ့တယ်။ အခုထိ အသုံးပြုနေဆဲ ဖြစ်တယ်။ ဒါ့ကြောင့် ကမ္ဘာ့ နိုင်ငံအသီးသီးက ဗဟိုဘဏ်တွေဟာ ဒေါ်လာ သို့မဟုတ် US treasury bond တွေကို အမာခံ reserve အဖြစ် ကိုင်ထားရာကနေ ရွှေတုံးတွေကို အမာခံ reserve အဖြစ် ထားလာကြပြီ။ ဒီဘက်နှစ်တွေမှာ ရွှေဈေးတွေ ခုန်တက်သွားရတဲ့ အဓိက အကြောင်းတချက်က အဲဒါကြောင့်ပဲ။ အခုဆိုရင် ဗဟိုဘဏ်တွေက ရွှေတုံးတွေကို အမာခံ reserve အဖြစ်ထားတဲ့ အချိုးအစားဟာ (၂၇% ရှိနေပြီ) ဒေါ်လာအခြေခံ reserve (၂၂%) ထက် အချိုးအစား ပိုများသွားပြီ။ ဒီထက် ပိုများဖို့ပဲ ရှိပါတယ်။ လတ်တလော ရွှေဈေးတွေ ကျရိပ်ပြနေပေမဲ့ ရွှေဈေး trend ကတော့ အတက်သာ ရှိလိမ့်မယ်။ (လတ်တလော ရွှေဈေးတွေ ဘာ့ကြောင့် ကျနေသလဲ ဆိုတာ အချိန်ရရင် ဆောင်းပါး တပုဒ် ထပ်ရေးဖို့ ရှိပါတယ်။)

ဒေါ်လာ အခြေခံ reserve ကနေ ရွှေကို အမာခံ reserve အဖြစ် ဗဟိုဘဏ်တွေ ရွေးလာကြတဲ့ အဓိက အကြောင်းက ဒေါ်လာကို လက်နက်သဖွယ် ထုတ်သုံးတဲ့၊ နိုင်ငံခြား တိုင်းပြည်တွေရဲ့ asset တွေကို အပိုင်သိမ်းယူလေ့ရှိတဲ့ ယူအက်(စ်)ရဲ့ ဗိုလ်ကျမှုကို မခံနိုင်တော့လို့ ဖြစ်ပါတယ်။

အီရန်ပိုင် asset တွေကိုလဲ ယူအက်(စ်)က အဲသလို အပိုင်သိမ်းယူထားခဲ့တယ်။ အခု အီရန်က စစ်နိုင်သွားတော့ သူ့ပိုင်ဆိုင်မှုကို ပြန်ပေးဖို့ တောင်းဆိုလာပြီ။ ယူအက်(စ်)သာ စစ်နိုင်ရင် အီရန်ကို ဘယ်ထုတ်ပေးမလဲ။ အခု ယူအက်(စ်)က စစ်ရှုံးသွားတော့ ထုတ်ပေးလိုက်ရပြီ။ ဒါဟာ တကမ္ဘာလုံး ဗိုလ်ကျလာတဲ့ ယူအက်(စ်)အဖို့တော့ အရှက်တကွဲ ဖြစ်ရတဲ့ ရှုံးနိမ့်မှုပဲ။

တရားဝင် ထုတ်ပြန်ချက်မှာ ပါမှ ယုံတယ် ဆိုသူတွေ မူရင်းကို ဖတ်ကြည့်ပါ –

“11 — The United States of America undertakes to make fully available for use the frozen or restricted funds and assets of the Islamic Republic of Iran upon the implementation of this MOU. The United States of America and the Islamic Republic of Iran will mutually agree on the procedures related to the release of these funds during negotiations. Such funds, whether retained in the original account or transferred, shall be made fully usable for payment to any ultimate beneficiary designated by the Central Bank of the Islamic Republic of Iran. The United States of America undertakes to issue all necessary licenses and authorizations accordingly.”

ဒါဆိုရင် ဒီအပေးအယူ သဘောတူညီချက်မှာ အီရန်ဘက်က လိုက်လျောလိုက်ရတာ ဘယ်နှချက် ရှိသလဲ။ တချက်မှ မရှိဘူးလို့ ပြောရလိမ့်မယ်။ သဘောတူညီချက် အချက် (၈) ကို အီရန်ဘက်က လိုက်လျောချက်လို့ ပြောနိုင်မလား။ မပြောနိုင်ပါဘူး။ မူရင်းမှာ ဒီလို တွေ့ရလိမ့်မယ် –

“8 — The Islamic Republic of Iran reaffirms that it shall not procure or develop nuclear weapons. The United States of America and the Islamic Republic of Iran have agreed to resolve the disposition of stockpiled enriched material pursuant to a mechanism that will be mutually agreed upon in accordance with the schedule mentioned in paragraph seven, with the minimum methodology to be down blended on site under the supervision of the IAEA. The two parties also agreed to discuss the issue of enrichment and other mutually agreed matters related to the Islamic Republic of Iran’s nuclear needs, based on a satisfactory framework being agreed upon in the final deal. The final deal will confirm the provisions of this paragraph. The United States of America and the Islamic Republic of Iran acknowledge the critical importance of the nuclear issues above mentioned. They express their intention to immediately address these issues in the negotiations in order to achieve mutual agreement on them.”

ပထမ စာကြောင်းမှာ “နျူကလီယာ လက်နက်တွေ ထုတ်လုပ်မှာ မဟုတ်ဘူး သို့မဟုတ် ဝယ်ယူမှာ မဟုတ်ဘူးလို့ အီရန်ဘက်က ထပ်လောင်း အတည်ပြုသည်” လို့ ဆိုထားတယ်။ ဒီစာကြောင်းမှာ အဓိက သော့ချက်က “reaffirms ထပ်လောင်း အတည်ပြုသည်” ဆိုတဲ့ စကားပါ။ တနေ့က ဆောင်းပါးမှာ ကျနော် ထောက်ပြခဲ့သလိုပဲ –

“အီရန် အစိုးရဘက်က ဘယ်တုန်းကမှ နျူကလီယာ လက်နက် ထုတ်လုပ်မယ်လို့ မပြောခဲ့ဖူးဘူး။ နျူကလီယာ စစ်လက်နက် မထုတ်ပါဘူးလို့သာ အကြိမ်ကြိမ် ကတိပေးခဲ့တယ်။ [….] အခု နောက်ဆုံး စစ်ပြေငြိမ်းရေး သဘောတူညီချက်မှာ ဒီအချက်ပါလာလဲ သိပ်အရေးမကြီးလှဘူး။ သဘောက ယူအက်(စ်)ရဲ့ war aim အထမြောက်သွားပြီလို့ ဘယ်လိုမှ မဆိုနိုင်ဘူး။”

တကယ်တော့ ဒီနားလည်မှု စာချွန်လွှာပါ သဘောတူညီချက်တွေကို စေ့စပ်ရေး စကားဝိုင်းမှာ အဆုံးအဖြတ် ပြုခဲ့တာ မဟုတ်ဘူး။ တကယ့် စစ်မြေပြင်မှာ အဆုံးအဖြတ်ကျပြီးသား အချက်တွေကို စေ့စပ်ရေး စကားဝိုင်းမှာ အတည်ပြုပေးလိုက်ခြင်းသာ ဖြစ်တယ်။

ဆောင်းပါးကို နိဂုံးချုပ်ရရင် ယူအက်(စ်)-အစ္စရေးတို့ဟာ အီရန် စစ်ပွဲမှာ သူတို့ရဲ့ war aim တွေ တခုမှ မအောင်မြင်ခဲ့ဘဲ ခွက်ခွက်လန်အောင် ရှုံးသွားပါတယ်။ ပြောရရင် ယူအက်စ်-အစ္စရေး နယ်ချဲ့ပါဝါတွေအတွက် “total defeat” ပဲ။ ဒီရှုံးနိမ့်မှုဟာ ယူအက်(စ်)ရဲ့ ဒေသတွင်း အနေအထားကိုသာမက ကမ္ဘာ့ အဆင့် အနေအထားကိုပါ တဆစ်ချိုး ပြောင်းလဲသွားစေတဲ့ strategic failure ဖြစ်တယ်။

သို့သော် ဒီစစ်ကြီးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို အပြင်းအထန် ခံရမှာကတော့ စစ်မီးမွှေးတဲ့ နယ်ချဲ့ စစ်ဘီလူးတွေ မဟုတ်ဘူး၊ ကမ္ဘာ့ အလုပ်သမား လူထုကြီးသာ ဖြစ်တယ်။ အဲဒီစစ်တွေ မွေးဖွားပေးတဲ့ လက်သည်တရားခံ အရင်းရှင် စနစ်ကို မြေမြှုပ်ပစ်မဲ့ လူတန်းစားကလဲ ကမ္ဘာ့ အလုပ်သမား လူတန်းစားသာ ဖြစ်ပါကြောင်း။

ရေးသူ ဒင်နူး