ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က မြင်းခြံခရိုင် တောင်သာမြို့နယ်မှာ နုဂျီ လက်အောက်ခံ (PDF) လက်နက်ကိုင် တပ်ဖွဲ့တွေက PLA ကို ဝင်ရောက် စီးနင်းခဲ့တယ်။ ဒီမတိုင်ခင် ဇွန်လ ၂၁ ရက်နေ့ကလဲ “NUG လက်အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲရေးအဖွဲ့မှ ဦးဆောင်၍ အင်အား ၅၀၀ ခန့်ဖြင့် တောင်သာ မြို့နယ်အတွင်းရှိ ကျွန်ုပ်တို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) အထိုင်စခန်းများအား ဝိုင်းဝန်းပိတ်ဆို့ခြင်း၊ ခရိုင်ကွပ်ကဲရေး၏ အမိန့်ဖြင့် ကျွန်ုပ်တို့ တာဝန်ဖြင့် သွားလာနေသော ကျွန်ုပ်တို့ ထောက်ပို့ ရဲဘော် (၂) ဦးအား ဖမ်းဆီးရန် ကြိုးပမ်းခြင်း စသည့် ဖြစ်စဉ်များ ရှိခဲ့ပါသည်” လို့ PLA ဘက်က ဇွန်လ ၂၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
နုဂျီ ထောက်ခံသူတွေက ဒီထုတ်ပြန်ချက်ကို မယုံဘူးလို့ ဆိုချင်ဆိုနိုင်တယ်။ ဒါပေမဲ့ နုဂျီ လက်အောက်ခံ မြင်းခြံခရိုင် ကွပ်ကဲရေး တာဝန်ခံ ဆိုသူ ဦးခိုင် ပြောထားတဲ့ အသံဖိုင်က PLA ထုတ်ပြန်ချက်ကို သက်သေခံနေတာ တွေ့ရတယ်။ စာဖတ်သူများ ကိုယ်တိုင် နားထောင်ပြီး သုံးသပ်ကြည့်ပါ။ အသံဖိုင်ကို နားထောင်ကြည့်ရင် ဒီအချက်တွေ တွေ့ရမယ် –
PLA ရဲ့ နိုင်ငံရေးမှူး ရဲဘော်မောင်မောင်က မြင်းခြံခရိုင် (PDF) ကွပ်ကဲရေးမှူး ဦးခိုင်ဆီကို စတင် ဖုန်းဆက်ခဲ့တယ်၊ ဆက်ရတဲ့ အကြောင်းက PLA ရဲဘော် နှစ်ဦးကို မြင်းခြံ PDF ဘက်က ဖမ်းတဲ့ ကိစ္စကို ဆွေးနွေးဖို့ ဖြစ်တယ်၊ (ဒီအချက်က PLA ရဲ့ ထုတ်ပြန်ချက်ပါ ဖော်ပြချက်နဲ့ ကိုက်ညီမှု ရှိတယ်)
တဖက်က ဖုန်းလက်ခံ ဖြေဆိုတဲ့ မြင်းခြံခရိုင် (PDF) ကွပ်ကဲရေးမှူး ဦးခိုင်ဘက်က သူတို့ ဖမ်းထားတယ် ဆိုတာ မငြင်းဘူး၊ မငြင်းတဲ့အပြင် “ဟုတ်တယ်၊ ဖမ်းမှာ […..] ပွင့်ပွင့်လင်းလင်း ပြောရရင် PLA အကုန်လုံးကို လက်နက်ဖြုတ်သိမ်းပြီးတော့ ခရိုင်မှာ တယောက်မှ မထားချင်ဘူး၊ အဲ့အတွက် ငါက တိုင်းကိုလဲ တင်ပြထားပြီးပြီ၊ အခု အဲဒါကို မင်းတို့ ကောင်းကောင်း မဖြေရှင်းနိုင်ရင် ငါကတော့ ဖမ်းမှာပဲ၊ […..] အုပ်ချုပ်ရေး ကိစ္စတွေမှာ ဝင်မပါနဲ့လို့ မင်း ဝေလင်းကို ငါသေချာ ပြောထားတယ်၊ မင်းတို့ နားမထောင်ဘူး၊ ဘယ်သူ့မှလဲ စောက်ဂရုမစိုက်ဘူး၊”
PLA ရဲဘော် မောင်မောင်။ ။ “မဟုတ်ဘူး၊ ခင်ဗျားတို့ စကားပြောချင်တယ် ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်၊ အခုလိုမျိုး ရဲဘော်တွေကို ဖမ်းထားတဲ့ ခင်ဗျားတို့ လုပ်ရပ်က တော်တော် အောက်တန်းကျတယ်”
PDF ဦးခိုင်။ ။ “ကျတယ်ကွာ၊ ကိုင်း မင်းဘာလုပ်ချင်တုန်း၊ ငါကတော့ ဖမ်းခိုင်းမှာပဲ၊ […..] ဒလန်ကိစ္စ အုပ်ချုပ်ရေး ကိစ္စ မင်းတို့ ဝင်မပါနဲ့”
PLA ရဲဘော် မောင်မောင်။ ။ “ဒလန်တွေက မရှင်းရင် ဘယ်လို လုပ်မှာလဲ”
PDF ဦးခိုင်။ ။ “လုပ်တယ်ဆိုလဲ မင်းအကြောင်းကြားလေ”
PLA ရဲဘော် မောင်မောင်။ ။ “အကြောင်းကြားရအောင် ခင်ဗျားတို့နဲ့ ကျနော်တို့က အထက်အောက် အဖွဲ့အစည်း မဟုတ်ဘူးလေ”
PDF ဦးခိုင်။ ။ “အဲဒါဆိုလဲ ပြီးပြီလေ၊ အထက်အောက် အဖွဲ့အစည်း မဟုတ်ဘူးဆို မင်းလဲ မင်းကြိုက်ရာလုပ်၊ ငါလဲ ငါဖမ်းချင်ရာ ဖမ်းမှာပဲ၊ ဒါ ငါ့ခရိုင် ငါလုပ်ပိုင်ခွင့်ရှိတယ်”
PLA ရဲဘော် မောင်မောင်။ ။ “အဲဒီ သဘောထားကို မှတ်ထားလိုက်ပါမယ်”
PDF ဦးခိုင်။ ။ “မှတ်ထားလိုက်၊ ရက်ကော့ မှတ်ထားလိုက်၊ ငါ စာထုတ်ပြီးတော့ကို ဖမ်းခိုင်းမှာ၊ တိုင်းလဲ တင်ပြီးပြီ၊ ဗဟိုလဲ တင်ပြီးပြီ။”
နုဂျီ နဲ့ သူ့လက်အောက်ခံ PDF ခရိုင် ကွပ်ကဲရေးရဲ့ သဘောထားက ဘယ်လိုမှ ငြင်းလို့မရအောင် ရှင်းပါတယ်။ PLA ရဲဘော် နှစ်ဦးကို မြင်းခြံခရိုင် PDF က ဖမ်းတယ်၊ PLA ဘက်က ဖုန်းဆက်ချိန်မှာ ဘာ့ကြောင့် ဖမ်းတယ် ဆိုတာတောင် ရှင်းပြမနေဘဲ PLA အကုန်လုံးကို လက်နက်ဖြုတ်သိမ်းပြီး ခရိုင်ကနေ မောင်းထုတ်မယ်လို့ ခြိမ်းခြောက်တယ်။ ဒါ စာရေးသူရဲ့ စွပ်စွဲချက် မဟုတ်ဘူး။ နုဂျီ လက်အောက်ခံ ခရိုင် ကွပ်ကဲရေးမှူးကိုယ်တိုင် ပြောထားတဲ့ အသံဖိုင်ကို ကိုးကားပြီး ပြောတာ။ (ရှင်းအောင် ပြောထားပါမယ်၊ စာရေးသူနဲ့ PLA ဟာ ဘာမှ မပတ်သက်သလို စာရေးသူဟာ မော်ဝါဒီ ဗကပ/PLA တို့နဲ့ အတွေးအခေါ် အယူအဆချင်း တခြားစီ ဖြစ်ပါတယ်။ ကွန်မြူနစ် တံဆိပ်မြင်တာနဲ့ ဝါးလုံးရှည်သုတ်ရမ်းချင်သူတွေ ဒီလောက်တော့ သိအောင် လေ့လာစေချင်တယ်။)
ဒီတော့ မေးစရာရှိလာတယ်။ PLA တပ်ဖွဲ့ဝင် နှစ်ဦးကို ဘာအပြစ်မှ မရှိဘဲ ဖမ်းချင်သလို ဖမ်းပြီး တပ်ဖွဲ့ တခုလုံးကိုပါ လက်နက်ဖြုတ်သိမ်း မောင်းထုတ်ချင်သူတွေက သတင်းပေး (ဒလန်) လို့ စွပ်စွဲခံရသူ တဦးကို ကယ်တင်ဖို့ စစ်အင်အား အလုံးအရင်း ထုတ်သုံးပြီး အသည်းအသန် ကြိုးစားတယ် ဆိုတာ ဖြစ်နိုင်ရဲ့လား။ အဲသလို ပြောလာရင် ဘယ်သူ ယုံမှာလဲ။
ဒါပေမဲ့ နုဂျီ PDF စစ်ရုံးချုပ်ကတော့ အဲဒီ ဇာတ်ကြောင်းအတိုင်း ဇွန်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားတယ်။ နုဂျီ PDF စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ချက်မှာ အပိုဒ် (၈) ပိုဒ် ပါတယ်။
ဖွင့်ဖွင့်ချင်း အပိုဒ်မှာပဲ သတင်းပေး (ဒလန်) လို့ စွပ်စွဲခံရသူ ဦးသန်းကို ဖမ်းထားတဲ့ ကိစ္စနဲ့ အစချီထားတယ်။ ဒုတိယ အပိုဒ်မှာတော့ ဦးသန်း (အမည်လွှဲ) ဟာ သတင်းပေး (ဒလန်) မဟုတ်ဘဲ ပြည်သူတဦးသာ ဖြစ်ကြောင်း ဆိုထားတယ်။ ဘာ့ကြောင့် အဲသလို ပြောနိုင်သလဲ ဆိုတဲ့ ရှင်းလင်းချက် သက်သေ တခုမှ မပါဘူး။ assertion သက်သက်ပဲ။ ဒီတော့ PLA က ဒလန်လို့ စွပ်စွဲတာကို မယုံရင် နုဂျီက ဒလန် မဟုတ်ပါဘူးလို့ ပြောတာကိုလဲ ယုံစရာ မရှိဘူး။
အပိုဒ် (၃) နဲ့ အပိုဒ် (၄) ကလဲ စွပ်စွဲချက် အဆင့်ပဲ ရှိတယ်၊ ခိုင်လုံတဲ့ သက်သေ တင်ပြချက်နဲ့ ရှင်းလင်းချက် မဟုတ်ဘူး။ အပိုဒ် (၅) ပါ ရေးသားချက်တွေကတော့ အထက်မှာ ကောက်နှုတ် ကိုးကားထားတဲ့ ခရိုင်ကွပ် ဦးခိုင် ပြောစကားတွေနဲ့ တသဘောတည်း ဖြစ်နေတာ တွေ့ရတယ်။
နုဂျီက သူတို့သာ အစိုးရ၊ သူတို့သာ အုပ်ချုပ်ပိုင်ခွင့် ရှိတယ်၊ ကျန်တဲ့ ဘယ်အဖွဲ့မဆို “အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ထိပါးနှောင့်ယှက်” သူတွေအဖြစ် စွပ်စွဲလေ့ရှိတယ်။ ဒါလဲ သူတို့ဖက်က တဖက်သတ် စွပ်စွဲချက်သာ ဖြစ်တယ်။
နုဂျီ ပသုံးလုံးကသာ တရားဝင် အုပ်ချုပ်သူလို့ ပြောရအောင် နုဂျီ ပသုံးလုံးကို လူထုက ဒီမိုကရေစီနည်းကျ ရွေးကောက် ဖွဲ့စည်းထားတာလား၊ ဒါမှမဟုတ် နုဂျီက လက်သင့်ရာ စားတော်ခေါ်တဲ့ နည်းနဲ့ အထက်ကနေ appointed လုပ်ထားတာလား ဆိုတာ အရင် မေးရမယ်။
နုဂျီရဲ့ ထုတ်ပြန်ချက် အပိုဒ် (၇) ကို မှတ်ချက်မပေးခင် မူရင်းအတိုင်း ကောက်နှုတ် ဖော်ပြပေးပါမယ်။ စာဖတ်သူတွေ ကိုယ်တိုင် ဆင်ခြင် သုံးသပ်ကြည့်ပါ –
“မိမိတို့ ရဲဘော်များမှ ဦးသန်းကို လိုအပ်သည့် ကယ်ဆယ်ကုသမှုများ ပြုလုပ်ကာ မြို့နယ် ပလဖ နှင့် ပကဖများထံသို့ အပ်နှံမှုများ ပေးပြီးနောက် သဘောတူညီမှုအရ ခရိုင်တွင်းတွင် နေထိုင်ခြင်း မရှိတော့သည့် PLA စခန်းများကို ဝင်ရောက်ခဲ့ရာတွင် ရဲဘော်များ အိပ်သည့် အိပ်ဆောင်နေရာများတွင် ရည်ရွယ်ချက်ရှိရှိ မိုင်းများ ထောင်ထားခဲ့ပြီး မိမိတို့ ရဲဘော် (၄) ဦး မိုင်းဒဏ်ရာဖြင့် ကျဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။”
နုဂျီ ပီဒီအက်ဖ် စစ်ရုံးချုပ်ရဲ့ မြန်မာစာ အရေးအသားက အတော် ချာတာပဲ။ ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း မရေးနိုင်ဘူး။ “မိမိတို့ ရဲဘော်များမှ ဦးသန်းကို လိုအပ်သည့် ကယ်ဆယ်ကုသမှုများ ပြုလုပ်ကာ မြို့နယ် ပလဖ နှင့် ပကဖများထံသို့ အပ်နှံမှုများ ပေးပြီးနောက်” ဆိုတဲ့ အရေးအသားကို ကြည့်ပါ။ “ရဲဘော်များမှ” ဆိုတဲ့ အသုံး မှားနေတာ ခဏ ထားလိုက်ဦး။ သူတို့ ဘာပြောချင်တာလဲ အရင် ကြည့်ရအောင်။
အရင်ဆုံး နုဂျီ ရဲဘော်တွေက ဦးသန်းကို ကယ်ဆယ် ကုသပေးခဲ့တယ်လို့ နားလည်နိုင်တယ်။ အဲ့နောက် ဆက်ရေးထားတဲ့ “မြို့နယ် ပလဖ နှင့် ပကဖများထံသို့ အပ်နှံမှုများ ပေးပြီးနောက်” ဆိုတာ ဘာကို ပြောချင်တာလဲ။ ဘယ်သူက ဘာတွေ အပ်နှံခဲ့တယ်လို့ ပြောချင်တာလဲ။ ဒီစာကြောင်းမှာ ဦးသန်းကို “ကယ်ဆယ်ကုသမှုများ ပြုလုပ်ကာ” လို့ ရေးထားတော့ ဦးသန်းကို အပ်နှံခဲ့တယ်လို့ ပြောချင်တာလား။ ဒါလဲ အဓိပ္ပါယ် မရှိဘူး။ အပိုဒ် (၆) မှာ ဦးသန်းကို ရွာနှစ်ရွာကြား ဒဏ်ရာတွေနဲ့ ပြန်လည် တွေ့ရှိခဲ့တယ်လို့ ဆိုထားတယ်။
ဒီတော့ ဘယ်သူက ဘာတွေ အပ်နှံခဲ့မှန်း ရှင်းရှင်းလင်းလင်း ပြောထားတာ မတွေ့ရဘူး၊ ဒီနောက် အခုလို ဆက်ရေးထားပြန်တယ် –
“သဘောတူညီမှုအရ ခရိုင်တွင်းတွင် နေထိုင်ခြင်း မရှိတော့သည့် PLA စခန်းများကို ဝင်ရောက်ခဲ့ရာတွင်”
ဒီနေရာမှာ “သဘောတူညီမှုအရ” ဆိုတဲ့ စကားရပ်က သော့ချက် ဖြစ်ပါတယ်။ နုဂျီဘက်က ဘယ်လို သဘောတူညီမှု ဆိုတာတောင် ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်ဘူး။ PLA နဲ့ နုဂျီကြား ဘယ်တုန်းက ဘာတွေ သဘောတူချက်တွေ ရခဲ့တယ် ဆိုတာ သက်သေနဲ့ အခိုင်အမာ ပြောနိုင်ဖို့ ဆိုတာ အဝေးကြီး။ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိထားတယ် ဆိုရင် နှစ်ဖက်လုံး ပူးတွဲ ကြေညာထားတာ ရှိရမယ်။ အခုလို တဖက်သတ် ပုံဖော်ပြီး ရေးချင်သလို ရေးလို့ မရဘူး။ တကယ်သာ နှစ်ဖက် သဘောတူညီချက် ရထားတယ် ဆိုရင် သက်သေနဲ့တကွ ထုတ်ပြဖို့ တောင်းဆိုလိုက်ပါတယ်။ အဲသလို မပြနိုင်ရင်တော့ နုဂျီဘက်က ပြည်သူကို လိမ်နေတာပဲ။
ဒီတော့ နှစ်ဖက် သဘောတူညီချက် ရရှိထားကြောင်း သက်သေမပြနိုင်ဘဲ “ခရိုင်တွင်း နေထိုင်ခြင်း မရှိတော့သည့် PLA စခန်းများကို ဝင်ရောက်ခဲ့” လို့ ရေးတာဟာ ပြည်သူ လူထုကို ဗြောင်လိမ်လိုက်တာပဲ။ PLA ကို လက်နက်ဖြုတ်သိမ်းမယ်၊ မြင်းခြံ ခရိုင်ကနေ မောင်းထုတ်မယ်၊ စာထုတ်ပြီး အကုန် ဖမ်းမယ် ဆိုတဲ့ နုဂျီ ခရိုင်ကွပ် ဦးခိုင် ပြောစကားနဲ့ ချိန်ထိုးကြည့်ပါ။
ဒီတော့ နုဂျီ လက်အောက်ခံ တပ်တွေက PLA စခန်းများကို အလည်သွားတာတော့ မဖြစ်နိုင်ဘူး။ PLA ဘက်ကနေ သူတို့စခန်းကို လာခဲ့ပါလို့ ဖိတ်ကြားထားတဲ့ သက်သေလဲ သူတို့ မပြနိုင်ဘူး။ ဒါဖြင့် တခြား တပ်ဖွဲ့တခုရဲ့ စခန်းကို နုဂျီ လက်အောက်ခံ တပ်တွေက လူသတ် လက်နက်တွေ အပြည့်တပ်ဆင်ပြီး ဝင်ရောက်တာကို ဘယ်လို နားလည်ရမလဲ။ PLA စခန်းတွေ ဘယ်လို ဆောက်ထားသလဲ လေ့လာဖို့ သွားတာလား။ ဒါမှမဟုတ် ရန်သူလို သဘောထားပြီး စီးနင်းသိမ်းပိုက်ဖို့ သွားခြင်းလား။ ၆ နှစ်ကလေးကို သွားမေးရင်တောင် အဖြေ သိပါတယ်။
အဲသလို PLA စခန်းကို စီးနင်းသိမ်းပိုက်ဖို့ ကြိုးစားရင်း PDF ရဲဘော် (၄) ဦး ကျဆုံးသွားတယ်။ ကျဆုံးသွားတဲ့ ရဲဘော် (၄) ဦးအတွက် စိတ်မကောင်းပါဘူး။ သူတို့ခမျာ ဗိုလ်ကျ စိုးမိုးချင်တဲ့ ခရိုင်ကွပ်နဲ့ နုဂျီ ခေါင်းဆောင်တွေကြောင့် မသေသင့်ဘဲ သေခဲ့ရတယ်။
ဒါပေမဲ့ နုဂျီနဲ့ သူ့လော်ဘီတွေကတော့ PLA ဘက်က ရည်ရွယ်ချက်ရှိရှိ မိုင်းခွဲလိုက်လို့ သေသွားသယောင် လီဆည် ဝါဒဖြန့်နေကြတယ်။ စဉ်းစားကြည့်ပါ၊ ကိုယ့်စခန်းကိုယ် ကာကွယ်ဖို့ မိုင်းထောင်ထားသူတွေရဲ့ အပြစ်လား၊ ဒါမှမဟုတ် ရဲဘော်တွေရဲ့ အသက်ကို တန်ဖိုးမထားဘဲ သူများ စခန်းကို ဝင်သိမ်းချင်သူတွေရဲ့ အပြစ်လား။ အဖြေက ရှင်းပါတယ်။
ဒါပေမဲ့ ကျဆုံးသွားတဲ့ လူငယ်တွေရဲ့ အသက်ကို ခုတုံးလုပ်ပြီး လံကြုတ်ဇာတ်တမျိုး ထွင်ကြပြန်တယ်။ နှစ်ဖက် ဆွေးနွေးဖို့ ချိန်းထားတဲ့ နေရာကို PLA က မိုင်းထောင်ထားခဲ့တာလို့ ပြောလာကြတယ်။ နုဂျီ စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ချက်မှာ အဲဒီ အချက် မပါဘူး။ သူ့ လော်ဘီတွေဆီက ထွက်လာတဲ့ စကား။
နုဂျီ ခရိုင်ကွပ် ဆိုသူရဲ့ ထွက်ဆိုချက် အသံဖိုင် သက်သေ ရှိတယ်၊ နုဂျီဘက်က ဆွေးနွေးဖို့ သဘောထား ရှိသလား၊ လက်နက်ဖြုတ်သိမ်းပြီး အကုန် ဖမ်းဖို့ သဘောထား ရှိသလား ဆိုတာ သူကိုယ်တိုင် ဝန်ခံ ပြောထားတယ်။ အဲသလို လူတွေက PLA နဲ့ ဆွေးနွေးဖို့ PLA ချိန်းတဲ့ နေရာကို သွားတယ်၊ သွားတာမှ PLA စခန်းကို လိုက်သွားတယ် ဆိုတာ ဘယ်လိုများ ဖြစ်နိုင်မှာလဲ။ ဟုတ်မှလဲ လုပ်ပါ မောင်ကာဠုရယ်။ နုဂျီ လော်ဘီတွေ လုပ်မှ မြင်းခြံခရိုင် PDF တွေလဲ ငတုံးငအတွေ ဖြစ်ကုန်ပြီ။
PLA ဘက်က ထုတ်ပြန်ချက်တွေမှာတော့ နုဂျီ လက်အောက်ခံ တပ်တွေက PLA ခေါင်းဆောင်တွေကို သူတို့ဆီ လာတွေ့ဖို့ ခေါ်တယ်၊ ဒါပေမဲ့ PLA ဘက်က လုံခြုံရေးအရ အွန်လိုင်းက အရင် ဆွေးနွေးဖို့ ပြောခဲ့တယ်လို့ ဆိုထားတယ်။ ဒါဟာ သဘာဝကျတဲ့ တုံ့ပြန်မှုပဲ။ နုဂျီ လက်အောက်ခံ တပ်တွေရဲ့ သမိုင်းကို ပြန်ကြည့်လိုက်ပါ။
ဝေးဝေး ပြန်ကြည့်စရာ မလိုပါဘူး။ ပြီးခဲ့တဲ့ မေလ တလကိုပဲ ပြန်ကြည့်ရင်တောင် ရှင်းပါတယ်။ နုဂျီဘက်က လုံခြုံရေး အာမခံတယ်၊ ဆွေးနွေးဖို့ လာခဲ့ပါ ဆိုလို့ လိုက်သွားတဲ့ SRF အဖွဲ့ ခေါင်းဆောင် ကိုစံတင်ထွန်းကို လမ်းမှာတင် ပစ်ခတ်ဖမ်းဆီးသွားခဲ့တယ်၊ အဲသလို ပစ်ခတ်ဖမ်းဆီးတာတွေ မလုပ်ဖို့ ဝင်တားတဲ့ အရပ်သား လက်နက်မဲ့ ပြည်သူတွေကိုပါ နုဂျီဘက်က ကျည်အစစ်နဲ့ ပစ်ခတ်နှိမ်နင်းခဲ့တယ်။ ဒါ့ကြောင့် မြင်းခြံခရိုင် PDF ဘက်က အွန်လိုင်းက မဆွေးနွေးဘဲ သူတို့ဆီ လူကိုယ်တိုင် လာဆွေးနွေးဖို့ ခေါ်တာကို PLA ဘက်က မယုံတာ အထူးအဆန်းတော့ မဟုတ်ဘူး။
ဒီလို သမိုင်း မှတ်တမ်း ရှိသူတွေက တဖွဲ့လုံး အကုန်ဖမ်းမယ်လို့ သူတို့ ကိုယ်တိုင် ကြုံးဝါးထားတဲ့ PLA စခန်းကို PLA ဘက်က ခေါ်ထားလို့ သွားတွေ့တယ်ဆိုတာ ဘယ်လိုမှ အဓိပ္ပါယ် မရှိဘူး။ အဖြေက ရှင်းပါတယ်။ နုဂျီ လက်အောက်ခံ တပ်တွေက PLA စခန်းကို ဝင်သိမ်းတဲ့ လုပ်ရပ်သာ ဖြစ်တယ်။ ဘာ တော်လှန်ရေးမှ မဟုတ်ဘူး။ တန်ပြန် တော်လှန်ရေးသာ ဖြစ်တယ်။ ဒါကို အမျိုးမျိုး လုပ်ဇာတ်ထွင်ပြီး ဝါဒဖြန့်နေတာဟာ ပြည်သူကို စော်ကားတာနဲ့ အတူတူပဲ။
ဒီဖြစ်စဉ် တခုလုံးကို ခြုံကြည့်ရင် ဦးသန်း ဆိုသူ သတင်းပေး (ဒလန်) ဟုတ်ခြင်း၊ မဟုတ်ခြင်းက အဓိက မကျဘူး။ နုဂျီဘက်က PLA ကို စစ်အင်အား ၅၀၀ လောက်နဲ့ ဝိုင်းပိတ်တာ၊ နောက်တနေ့မှာ အင်အား ၈၀ လောက်နဲ့ PLA စခန်းကို ဝင်ရောက် စီးနင်းတာတွေဟာ ဦးသန်း ဆိုသူ အဖမ်းခံထားရလို့ ဆိုတာလဲ အကြောင်းပြချက် သက်သက်ပဲ။ ဦးသန်း ဆိုသူ အဖမ်းခံရတာကို အဲသလို အသည်းအသန် ဖြစ်နေတဲ့ နုဂျီ လက်အောက်ခံ တပ်က ဘာအပြစ်မှ မရှိဘဲ အခြား တပ်ဖွဲ့ တခုရဲ့ ရဲဘော် နှစ်ဦးကို ဘာ့ကြောင့် ဖမ်းဖို့ ကြိုးပမ်းခဲ့တာလဲ။ ပြည်သူတယောက်ကို မတရားဖမ်းဆီးတာ လက်မခံနိုင်ရင် ဘာ့ကြောင့် ပြည်သူ နှစ်ယောက်ကို မတရား ဖမ်းဆီးတာလဲ။
ဦးသန်းကို ဒလန် မဟုတ်ဘူး၊ ပြည်သူသာ ဖြစ်တယ်၊ ဒါ့ကြောင့် PLA ဘက်က ဖမ်းတာ လက်မခံနိုင်ဘူးလို့ ဆိုတယ်။ ဘာအထောက်အထားမှ မရှိဘဲ ဒလန် ဆိုပြီး ရှင်းပစ်တာတွေကို ကျနော်တို့ တောက်လျှောက် ဆန့်ကျင်ခဲ့တယ်။ အဲသလို terrorism ကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တာ ကျနော်တို့ Revolutionary Communist တွေပဲ။ ဒါပေမဲ့ ဒလန် ရှင်းလင်းရေး ခေါင်းစဉ်တပ်ပြီး terrorism ကို အားပေးခဲ့တာ နုဂျီနဲ့ အပေါင်းအပါတွေပဲ။ ဒလန်လို့ စွပ်စွဲခံရသူတွေ အသတ်ခံရတိုင်း ခေတ်သစ်လို မီဒီယာတွေက မစားရဝခမန်း လက်ခုပ်သံချူခဲ့တယ်။ အဲ့တုန်းက ဝိုင်းထောက်ခံတဲ့ ဆယ်လီတွေ၊ ဆယ်လီ လော်ဘီ နောက်လိုက်တွေကပဲ အခုကျ ဦးသန်းကို ဒလန်လို့ စွပ်စွဲရကောင်းလား ဆိုပြီး အပြစ်တင် ဆဲရေးနေကြပြီ။
မဟုတ်မမှန် လီဆည်ပြီး ဒလန် အဖြစ် စွပ်စွဲခြင်းကို အမှန်တကယ် လက်မခံဘူးဆိုရင် ‘မြို့မှာ ကျောင်းသွားတက်တဲ့ ကလေးတွေကို (တော်လှန်ရေး မပြီးမချင်း) အိမ်ပြန်လာခွင့် မပေးနိုင်ဘူး’ လို့ ခြိမ်းခြောက်စာ ထုတ်ထားတဲ့ နုဂျီ ပသုံးလုံးကို အရင် အရေးယူရမယ်။
တကယ်တော့ ဦးသန်း ဆိုသူ ဒလန် ဟုတ်တာ မဟုတ်တာ သူတို့ စိတ်မဝင်စားသလို ဦးသန်းရဲ့ အသက်ကိုလဲ သူတို့ တန်ဖိုး မထားပါဘူး။ ဦးသန်းကို ဖမ်းထားတဲ့ ကိစ္စ အကြောင်းပြပြီး PLA ကို အပြတ်ရှင်းချင်တာကသာ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။
ဒီအချက်ကို အထက်မှာ ကိုးကားထားတဲ့ အသံဖိုင်၊ နုဂျီရဲ့ ထုတ်ပြန်ချက် အပြင် BNRA တပ်ကို ဖြိုခွဲတဲ့ ဖြစ်စဉ်၊ NLA နဲ့ SRF ကို အတင်းအကျပ် ဖမ်းဆီးပြီး နုဂျီ လက်အောက်ခံအဖြစ် အတင်းအဓမ္မ သွတ်သွင်းတဲ့ ဖြစ်စဉ်တွေက သက်သေပြနေတယ်။ ဒါ့အပြင် မန်းပီဒီအက်(ဖ်)ကို နုဂျီ စစ်ရုံးချုပ်အောက် အတင်းအဓမ္မ ဆွဲသွင်းဖို့ရာ မန်းပီဒီအက်(ဖ်) ခေါင်းဆောင်တချို့ကို အမှုဆင် ဖမ်းဆီးထားတာ ရှိသေးတယ်။ ဖမ်းထားတဲ့ မန်းပီဒီအက်(ဖ်) ခေါင်းဆောင်တွေ သေသလား ရှင်သလား အခုထိ ထုတ်မပြနိုင်သေးဘူး။
တပ်ထားတဲ့ အမှုတွေကလဲ ဖမ်းပြီးမှ လီဆည်ထားတာတွေ။ အခု PLA ကို ဖြိုခွဲဖို့ ကြိုးပမ်းတဲ့ ဖြစ်စဉ်မှာတော့ ဒလန် ဖမ်းတဲ့ ကိစ္စကို အကြောင်းပြထားတယ်။ ဒါလဲ ရှေ့ဖြစ်စဉ်တွေတုန်းကလို အကြောင်းပြချက် သက်သက်ပါပဲ။
အဓိကကတော့ နုဂျီက သူ့ကိုယ်သူ အစိုးရလို့ ထင်ပြီး စစ်ဗျူရိုကရေစီ ယန္တရားတွေ ထူထောင်တယ်။ ကျန်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ မရှိရဘူး၊ သူတို့သာ လက်နက်ကိုင် တပ်ဖွဲ့ ရှိရမယ်လို့ သဘောထားတယ်။ အဲဒါ နိုင်ငံတော် အစိုးရ ဆိုသူတွေရဲ့ ပေါ်လစီပဲ။ လက်ရှိ စစ်အာဏာရှင် အစိုးရက သူ့ကို ပုန်ကန်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို အမြစ်ဖြတ်နေတာလဲ ဒီသဘောပဲ။
ဒီတော့ နုဂျီနဲ့ စစ်အစိုးရက ပေါ်လစီ အတူတူ ကျင့်သုံးနေတာပဲ။ စစ်အစိုးရက သူ့ကို ပုန်ကန်တဲ့ အဖွဲ့တွေကို အမြစ်ဖြတ်ဖို့ လုပ်နေသလို နုဂျီကလဲ စစ်အစိုးရကို ပုန်ကန်တဲ့ အဖွဲ့တွေကို အမြစ်ဖြတ်ဖို့ လုပ်နေတယ်။ ဒီတော့ အခု ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကို သေချာ ဆန်းစစ်ပြီး မှန်ကန်တဲ့ ကောက်ချက် ချနိုင်ဖို့ အရေးကြီးလာတယ်။ နုဂျီ လက်အောက်ခံ တပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေကို တော်လှန်ရေး အဖွဲ့ အချင်းချင်း ပွတ်တိုက်မှု၊ သဘောထား ကွဲလွဲမှုလို့ ဆိုနိုင်သေးရဲ့လား။ တကယ်တော့ ပြဿနာက ဒီထက် ပိုနက်ရှိုင်းပါတယ်။
တန်ပြန် တော်လှန်ရေး ဆိုတဲ့ (deeper process) ဖြစ်စဉ်ကို မျက်ဝါးထင်ထင် မြင်တွေ့လာရခြင်း ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို နုဂျီ လော်ဘီတွေက ‘နွေဦး တော်လှန်ရေး’ ခေါင်းစဉ်တပ်ပြီးတော့တောင် မကာကွယ်နိုင်တော့ဘူး။ EAO ဒေသတွေမှာလဲ ဒီလို လုပ်တာပဲ၊ ငါတို့ နုဂျီက လုပ်တော့ ဘာဖြစ်လဲ ဆိုတဲ့ အပေါက်တွေ ချိုးလာတယ်။ ငါတို့က အစိုးရပဲ၊ ငါတို့ လက်အောက် မဝင်လို့ မရဘူး၊ မဝင်ရင် အကြမ်းဖက် ဖြိုခွင်းပစ်မယ် ဆိုတာမျိုး လုပ်လာတယ်။ ဒီလုပ်ရပ်က ‘မင်းတို့ တိုင်းရင်းသားတွေ ခွဲထွက်ချင်တိုင်း ထွက်လို့ရမလား၊ ငါတို့ အုပ်ချုပ်မှုအောက် နေကို နေရမယ်’ ဆိုတဲ့ စစ်အာဏာရှင် အစိုးရတွေနဲ့ တသဘောတည်း ဖြစ်နေပြီ။
coercion နည်းနဲ့ ပြည်ထောင်စုကို တည်ဆောက်လို့ မရဘူး။ အဲသလို လုပ်ရင် ‘forced union’ ပဲ ဖြစ်သွားမယ်၊ မိမိသဘောဆန္ဒအလျောက် ပေါင်းစည်းမှု (voluntary union) မဖြစ်နိုင်ဘူး။ အလားတူပဲ၊ မတူညီတဲ့ တပ်ဖွဲ့တွေကို coercion နည်းနဲ့ လက်အောက်ခံအဖြစ် ဆွဲသွင်းလို့ မရဘူး။ နိုင်ငံရေးအရ win over လုပ်လို့ပဲ ရတယ်။ နိုင်ငံရေးအရ win over လုပ်တယ် ဆိုတာ မိမိရဲ့ နိုင်ငံရေး ဦးဆောင်မှု အရည်အသွေးနဲ့ ပရိုဂရမ်က တော်လှန်ရေး အောင်ပွဲရရှိအောင် အမှန်တကယ် စွမ်းဆောင်နိုင်ကြောင်း လက်တွေ့ လုပ်ရပ်နဲ့ သက်သေပြပြီး စည်းရုံးရတာ ဖြစ်တယ်။ အဲသလို မလုပ်နိုင်သူတွေက လက်နက်အားကိုးပြီး မိုက်ကြေးခွဲတာပဲ လုပ်နိုင်တယ်။ အဲဒီ အဖြစ်မှန်ကို ဖုံးဖိဖို့ နုဂျီ နဲ့ သူ့လော်ဘီတွေ ပါးစပ်က COC ရှိရမယ်တို့၊ အီးအေအိုတွေကျ မပြောရဲဘူးတို့ ဆိုတာတွေ ထွက်လာတာပဲ။
ဒါ့ကြောင့် အဲဒီလို အုပ်စုတွေက ဖက်ဒရယ် ဆိုတဲ့ စကားကို အာခေါင်ခြစ်အော်နေလဲ ဘယ်သူမှ မယုံတာ မထူးဆန်းဘူး။ အဖိနှိပ်ခံ လူထုကို နိုင်ငံအရေးအရ စည်းရုံး ဦးဆောင်နိုင်စွမ်း မရှိဘဲ လက်နက်နဲ့ ဗိုလ်ကျနေသရွေ့ မင်းတို့ ပြောတဲ့ တော်လှန်ရေးကို ဘယ်လူထုကမှ မယုံဘူး။ လူထုရဲ့ ယုံကြည်မှု မရှိဘဲ တော်လှန်ရေးဆိုတာ မရှိနိုင်ဘူး။ တန်ပြန် တော်လှန်ရေးပဲ ရှိနိုင်တယ်။
လစ်ဘရယ် ဘူဇွာ လူတန်းစားက တော်လှန်ရေးကို ဦးဆောင်နိုင်စွမ်း မရှိဘူး၊ ‘counter-revolutionary role’ ပဲ ရှိတော့တယ်လို့ မာ့က်စ်ဝါဒီတွေ သုံးသပ်ပြခဲ့ဖူးတယ်။ ဒီဖြစ်စဉ်တွေက အဲဒီ သဘောတရားကို ထပ်လောင်း အတည်ပြုပေးလိုက်တာပဲ။
ရေးသူ – မေဆန်
- Down with the counter-revolutionary forces!
- Down with the military dictatorship!
- Fight for socialist revolution!
- Fight for workers’ democracy!