အရင်းရှင်စနစ် ယိုင်နဲ့လာလေ ဆင်းရဲမွဲတေခြင်း၊ အလုပ်လက်မဲ့ပေါများခြင်း၊ လက်တဆုပ်စာ လက်ဝါးကြီးအုပ် အရင်းရှင် လူတန်းစားလက်ထဲ ဒေါ်လာတွေ ဘီလျံပေါင်းများစွာ စုံပုံနေချိန် အများစုသော ကမ္ဘာ့လုပ်သားထုမှာ မလောက်မငှနဲ့ အသက်ဆက်နေရခြင်း အစရှိတဲ့ လူမှုအနာရောဂါ လက္ခဏာတွေဟာ မမြင်ချင်မှအဆုံး ပေါ်လွင် ထင်ရှားလာတယ်။ ဒီလို ဆင်းရဲချမ်းသာကွာဟမှု ကြီးမားလာခြင်းကို ကြုံတွေ့လာရတဲ့အခါ သဘာဝအလျောက် တုံ့ပြန်မှုတွေ ပေါ်ထွက်လာတယ်။ ဆင်းရဲချမ်းသာကွာဟမှု Inequality ကြီးမားလာခြင်းကို တန်းတူညီမျှ equality ဖြစ်အောင်လုပ်ဖို့ တောင်းဆိုသံတွေ ညံလာတယ်။
‘အခုလို ဆင်းရဲချမ်းသာ ကွာဟနေခြင်းဟာ ဓနဥစ္စာခွဲဝေမှု မညီမျှလို့ ဖြစ်နေတာ၊ ဒါ့ကြောင့် ဆင်းရဲချမ်းသာကွာဟ မှုကို တိုက်ဖျက်ဖို့/ လျှော့ချဖို့ မျှတတဲ့ ခွဲဝေမှု fair distribution လုပ်ရမယ်၊ ဒီလိုလုပ်ဖို့ ဓနဥစ္စာ ပြန်လည်ခွဲဝေခြင်း wealth redistribution နည်းတွေကို တင်ပြလာကြတယ်’။ ဒီလိုနည်းနဲ့ အရင်းရှင်စနစ်ကြောင့် ထွက်ပေါ်လာတဲ့ ရောဂါလက္ခဏာတွေကို ကုစားလို့ရမယ် ထင်နေကြတယ်။ ဒါကို တချို့က မာ့(ခ်စ်)ဝါဒီတွေရဲ့ အယူအဆလို့ ထင်နေကြတာ ရှိတယ်။ မာ့(ခ်စ်)ဝါဒီလို့ အမည်ခံထားတဲ့ လူတွေ၊ အဖွဲ့အစည်းတွေကတောင် တန်းတူညီမျှမှု၊ မျှတတဲ့ ခွဲဝေမှု စသဖြင့် ကြွေးကြော်လာကြတာ တွေ့နေရတယ်။ ဒါဟာ မာ့(ခ်စ်)ဝါဒအမြင်နဲ့ လုပ်ငန်းစဉ် မဟုတ်ကြောင်း ကနဦး ကြိုပြောထားချင်ပါတယ်။
တက္ကသိုလ်ဘုန်းနိုင်လို ကွန်မြူနစ် ဆန့်ကျင်ရေး တစိုက်မတ်မတ် လုပ်ခဲ့သူကတောင် ဒီလိုပြောခဲ့သေးတယ်။ “ကျနော်ကိုင်စွဲတဲ့ လောကအမြင်ကိုသာ ကျနော်ပြောပြပါမယ်။ ၁၉၅၈ခု မတ်လထုတ် မြဝတီမဂ္ဂဇင်းမှာ မုန်းရစ် လေဦး ဝတ္ထုကို ကျနော်ရေးခဲ့တယ်။ အဲဒီဝတ္ထုထဲက ဇာတ်လိုက် ကိုသက်ပန်ဟာ ကျနော့်ကိုယ်စား ကျနော်ကိုင်စွဲတဲ့ လောကအမြင်ကို ပြောပြခဲ့တယ်။ ဘယ်လို ပြောပြသလဲဆိုတော့ (၁)ပစ္စည်းဟာ တောင်လိုမောက်တဲ့ နေရာမှာ မောက်ပြီး ချိုင့်လိုနိမ့်တဲ့ နေရာမှာ နိမ့်နေသမျှကာလပတ်လုံး ကမ္ဘာ့ငြိမ်းချမ်းရေးဆိုတာ မရနိုင်ဘူး။ (၂) သာယာသော လူ့ဘောင်ကြီးဖြစ်လာဖို့ ရုပ်ကိုချည်း အာဟာရမပေးရဘူး၊ နာမ်ကိုလဲ အာဟာရပေးရမယ်။ အဲဒီလောက အမြင်နှစ်ရပ်ဟာ ဘုန်းနိုင်ရဲ့ လောကအမြင်နှစ်ရပ်ပါ။” (စာမျက်နှာ ၃၀၊ ဘုန်းနိုင့်အတွေး ဘုန်နိုင့်အမြင်)
ကွန်မြူနစ် ဆန့်ကျင်ရေးသမား တက္ကသိုလ်ဘုန်းနိုင်က ဓနဥစ္စာခွဲဝေမှု မညီမမျှ ဖြစ်နေခြင်းကို အရင်းခံ အကြောင်း တရားအဖြစ် မြင်နေတာ တွေ့ရလိမ့်မယ်။
ဒုတိယကမ္ဘာစစ်အပြီး အရင်းရှင်စနစ် နာလန်ပြန်ထလာတဲ့အခါ ရှေ့တန်းရောက် အရင်းရှင် တိုင်းပြည်တချို့မှာ ဓနဥစ္စာ ပြန်လည်ခွဲဝေခြင်း အစီအမံတွေ ပြုလုပ်ပြီး (welfare state) ထူထောင်ခဲ့ကြတယ်၊ ဒီလိုနည်းနဲ့ လူထုအုံကြွမှုတွေ မဖြစ်အောင် ထိန်းထားပြီး အရင်းရှင်စနစ်ကို သက်ဆိုးရှည်စေခဲ့တယ်။ ၁၉၇ဝ နောက်ပိုင်း အရင်းရှင်စနစ် အကြပ်ဆိုက်လာတဲ့အခါ စကန်ဒီနေးဗီးယား တိုင်းပြည်တွေက ဒီ ‘welfare state’ တွေလည်း ယိုင်နဲ့လာခဲ့တယ်။ အစိုးရက အများပြည်သူဆိုင်ရာ အသုံးစရိတ် ဖြတ်တောက်လာတဲ့ အတင်းအကြပ် ခြိုးခြံချွေတာရေး austerity ပေါ်လစီတွေ ကျင့်သုံးလာခဲ့တယ်။
၂၀၀၈ စီးပွားပျက်ကပ်အပြီးမှာ အရင်းရှင်စနစ်က ကောင်းကောင်း နာလန်ပြန်မထူတော့ပါဘူး။ ဒီလိုအခြေအနေမှာ ဓနဥစ္စာ ပြန်လည်ခွဲဝေခြင်း အယူအဆတွေ တကျော့ပြန် ခေတ်စားလာပြန်တယ်။ လူသားတိုင်းကို အခြေခံ လုပ်ခ လစာ ခြွင်းချက်မရှိပေးရေး (Universal Basic Income) ကြွေးကြော်သံတွေ ပွက်လောညံလာတယ်။ လက်ဝဲဘက် ကရော၊ လက်ယာ လစ်ဘာတေးရီးယန်းသမားတွေကပါ UBI ကို တောင်းဆိုလာကြတယ်။ ဗြိတိန် လေဘာပါတီက လက်ဝဲသမားတဦးဖြစ်တဲ့ စစ်ပြန် John McDonnell ကဆိုရင် UBI ဟာ လေဘာပါတီ စီးပွားရေး လုပ်ငန်းစဉ်ရဲ့ ဗဟိုချက်မှာ ရှိနေတယ်လို့တောင် ပြောခဲ့တယ်။ “ပြင်သစ်ရဲ့ ကိုဘင်”လို့ ခေါ်ကြတဲ့ Benoit Hamon ကလည်း သူ သာ သမ္မတအဖြစ် ရွေးကောက်ခံရရင် UBI ကို အကောင်အထည် ဖော်ပေးမယ်လို့ ကတိပြုခဲ့တယ်။ အခုတခါ ကို ဗစ်-၁၉ ကပ်ဘေး အစပျိုးပေးလိုက်တဲ့ ကမ္ဘာ့ စီးပွားပျက်ကပ်မှာ UBI ကို ကျယ်ကျယ်လောင်လောင်လေး တောင်းဆိုလာကြပြန်ပြီ။
လူချမ်းသာတွေကို အခွန်တိုးကောက်ပြီး ပြည်သူတွေကို ဝန်ဆောင်မှု တိုးမြှင့်ပေးတာ၊ အခု ခေတ်စားနေတဲ့ လူတိုင်းခြွင်းချက်မရှိ အခြေခံလစာ ရရှိရေး တောင်းဆိုတာ အားလုံးဟာ အရင်းရှင်စနစ်ကို အုတ်မြစ်က မဖြိုဘဲ အရင်းရှင်စနစ် ဘောင်ထဲကနေ ပြုပြင်ဖာထေးပြီး အသက်ဆက်ဖို့ ကြိုးစားခြင်းသာ ဖြစ်တယ်။ မာ့(ခ်စ်)ဝါဒီတွေဟာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ထောက်ခံကြပါတယ်။ ပြုပြင်ပြောင်းလဲရေးဆိုတိုင်း ဆန့်ကျင်နေတာတော့ မဟုတ်ပေ။ ဒါပေမယ့် အရင်းရှင်စနစ်ရဲ့ အခြေခံအုတ်မြတ်အထိ သွားမတို့ရဲဘဲ ဒီပြောင်းလဲမှုတွေမှာတင် လမ်းဆုံးနေရင် reformism ကို ကျင့်သုံးလာရင် ပြတ်ပြတ်သားသား ဆန့်ကျင်ကြတယ်။ ဒါကယေဘုယျသဘောထားပါ။
တကယ်တော့ UBI ကို လစ်ဘာတေးရီးယန်းတွေ ထောက်ခံနေတာ ပြုပြင်မှုလုပ်ဖို့တောင် မဟုတ်ပါ။ လူတိုင်းကို ခြွင်းချက်မရှိ အခြေခံဝင်ငွေတခု ပေးထားပြီး အရင်းရှင် ဈေးကွက်စီးပွားရေးကို အဟန့်အတားဖြစ်စေတဲ့ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်တွေကို ပယ်ဖျက်ပစ်ဖို့၊ အစိုးရက အရင်းရှင်လုပ်ငန်းတွေကို ဝင်ငွေခွန် တိုးကောက်ပြီး (ပညာရေး၊ ကျန်းမာရေး) စတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေအတွက် သုံးစွဲနေတာကို ပယ်ဖျက်ပြီး ဒီကဏ္ဍတွေကို ပုဂ္ဂလိကပိုင်ပြုဖို့ ပြောလာကြတယ်။ ဒီတော့ အလုပ်သမား လူတန်းစား တိုက်ပွဲဝင်ခဲ့လို့ ရရှိထားတဲ့ ပြုပြင်ပြောင်းလဲမှု အသီးအပွင့်တွေကို ပယ်ဖျက်ပစ်ဖို့ လုပ်လာခြင်းဖြစ်တယ်။ ညာလက်နဲ့ UBI ပေးပြီး ဘယ်လက်နဲ့ ပြန်လုသွား ခြင်းဖြစ်တယ်။ ဒါ့ကြောင့် UBI ဟာ ပြုပြင်ပြောင်းလဲရေးတောင်မဟုတ်ဘဲ တန်ပြန် ပြုပြင်မှု counter-reform သာ ဖြစ်တယ်။
အခု ကမ္ဘာ့အရင်းရှင်စနစ်ဟာ အကြပ်ဆိုက်နေပြီ။ အရင်းရှင်စနစ် အကြပ်အတည်းဆိုတာ overproduction crisis သာဖြစ်တယ်။ (overproduction crisis ကို သီးသန့် စာတပုဒ်ရေးပြီး ဆွေးနွေးပါဦးမယ်)။ ဒီလို အကြပ်ဆိုက်နေချိန်မှာ အရင်းရှင်တွေလက်ထဲ ရောင်းကုန်တွေက စုပြုံနေတယ်။ ကျန်တဖက်မှာကျ အလုပ်လက်မဲ့ဖြစ်လို့၊ အလုပ် ရှိတော့လည်း နှစ်ပဲခြောက်ပြား လုပ်ခလစာလေးပဲရလို့ အလုပ်သမားထုဟာ ဒီရောင်းကုန်တွေကို မဝယ်နိုင်ဘူး။ အရင်းရှင် လူတန်းစားက အလုပ်သမား လူတန်းစားရဲ့ surplus labor ကို သွေးစုပ်ခိုင်းစေရာက အပိုစောင်းရလိုက်တဲ့ surplus value ကို လက်တွေ့ အမြတ်အဖြစ် ရရှိဖို့ဆိုရင် ရောင်းကုန်တွေအားလုံး ရောင်းစွံရမယ်။ အခုလို အလုပ်သမားထုလက်ထဲ ဝယ်စရာလက်မဲ့ ဖြစ်နေတော့ သင်းတို့ ရောင်းကုန်တွေ မစွံတော့။ ဒီအခါ သင်းတို့လည်း surplus value ကို အမြတ်အဖြစ် ပြောင်းလဲမရနိုင်တော့။ ဈေးကွက်ဟာလည်း ကမောက်ကမ ဖြစ်ကုန်မယ်။ ကုန်ထုတ်လုပ်ငန်းတွေ တုံ့ဆိုင်းကုန်မယ်။ ဒါကို ဖြေရှင်းဖို့ အလုပ်သမားတွေလက်ထဲ UBI ထည့်ပေးဖို့ လစ်ဘတေးရီးယန်းတွေက တောင်းဆိုလာကြခြင်း ဖြစ်တယ်။ ဒီလိုနည်းနဲ့ အရင်းရှင်စနစ် အကြပ်အတည်းကို ကျော်လွှားနိုင်လိမ့်မယ် စိတ်ကူးယဉ်နေကြတယ်။
လက်ဝဲလှုပ်ရှားမှုအတွင်းက ပြုပြင်ပြောင်းလဲရေးဝါဒီတွေကတော့ အရင်းရှင်စနစ် အကြပ်ဆိုက်လို့ ကမ္ဘာတလွှား လူတန်းစားတိုက်ပွဲတွေ ပြင်းထန်လာချိန် တော်လှန်ရေးဆင်နွှဲရမယ့်အစား ဓနဥစ္စာ ပြန်လည်ခွဲဝေခြင်းလို ပြုပြင် ရေးအဆင့်ကို လျှော့ချလိုက်ခြင်းသာ ဖြစ်တယ်။
UBI အပါအဝင် ဓနဥစ္စာပြန်လည်ခွဲဝေခြင်း အယူအဆအားလုံးဟာ distributuion ကို ကုန်ထုတ်လုပ်မှုဖြစ်စဉ်က သတ်မှတ်ပြဌာန်းထားတယ်လို့ မမြင်ဘဲ သီးခြားရပ်တည်နေတယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေတယ်။ ဒါ့ကြောင့် အရင်းရှင် ကုန်ထုတ်စနစ်ကို မတို့မထိပဲ၊ ဖြန့်ဝေခြင်းစနစ်ကိုသာ သီးခြား ပြဿနာအဖြစ် မြင်နေခြင်းဖြစ်တယ်။ ဒီအချက်နဲ့ပတ်သက်လို့ အန်းဂယ်(စ်)က Duhring ကို အခုလို ထောက်ပြခဲ့တယ်။
“Duhringian economics comes down to the following proposition: the capitalist mode of production is quite good and can remain in existence, but the capitalist mode of distribution is of evil, and must disappear” (page- 343, Anti-Duhring by F. Engels)
ကုန်ထုတ်စနစ်ကသာ အခြေခံဖြစ်တယ်၊ ကုန်ပစ္စည်းတွေ ခွဲဝေဖြန့်ဖြူးတဲ့စနစ်ဟာ ကုန်ထုတ်စနစ်ပေါ် မူတည်ပြီး အလိုက်သင့် ဖြစ်ထွန်းလာခြင်း ဖြစ်တယ်။ ဒါကို နားမလည်တော့ ဓနဥစ္စာ ပြန်လည်ခွဲဝေခြင်း အစီအမံတွေ အသုံး ပြုပြီး အရင်းရှင်စနစ်ကို ကုစားလို့ရမယ် စိတ်ကူးယဉ်နေကြတယ်။ လွန်ခဲ့တဲ့ နှစ် ၁၅၀ လောက်ကတည်းက Duhring စိတ်ကူးယဉ်ခဲ့ပြီး ဖြစ်တယ်။
“သမိုင်းရေး ရုပ်ဝါဒအမြင်ဟာ ဒီအခြေခံ ယူဆချက်ကနေ အစပြုတယ်။ (လူသားအသက်ရှင် ရပ်တည်ရေး လိုအပ်ချက်တွေ) ထုတ်လုပ်ခြင်း၊ ဒီကုန်ထုတ်ဖြစ်စဉ် နောက်မှာတွဲပါလာတဲ့ ထုတ်ပြီးသား ကုန်ပစ္စည်းတွေကို ဖလှယ်ခြင်းဟာ လူ့အဖွဲ့အစည်းအားလုံးရဲ့ အခြေခံပဲ။ သမိုင်းတလျှောက် ပေါ်ထွန်းလာသမျှ လူ့အဖွဲ့အစည်းအားလုံးမှာ ဓနဥစ္စာတွေ ဘယ်လို ခွဲဝေတယ်၊ လူတန်းစားတွေ ဘယ်ပုံ ကွဲထွက်သွားတယ်ဆိုတာ အဲဒီလူ့အဖွဲ့အစည်းအတွင်း ‘ဘာတွေထုတ်တယ်၊ ဘယ်လို ထုတ်တယ်၊ ဘယ်လို ဖလှယ်ကြတယ်’ ဆိုတဲ့ အချက်အပေါ် မူတည်နေတယ်။ ဒီသမိုင်းရေးအမြင်အရ လူ့အဖွဲ့အစည်း ပြောင်းလဲမှုအားလုံး၊ နိုင်ငံရေး တော်လှန်ရေးအားလုံးရဲ့ လက်သည် အကြောင်း တရားကို ကုန်ထုတ်စနစ် အပြောင်းအလဲတွေမှာပဲ ရှာတွေ့ရမယ်၊ လူတွေရဲ့ ဦးနှောက်ထဲ ရှာမတွေ့နိုင်ဘူး၊ ထာဝရ အမှန်တရားနဲ့ တရားမျှတမှုအတွင်း ရှာမတွေ့နိုင်ဘူး။ အဲဒီလူ့အဖွဲ့အစည်း ရောက်ရှိနေတဲ့ ခေတ်ရဲ့ ကုန်ထုတ် စီးပွားရေးမှာ ရှာဖွေရမယ်၊ အဘိဓမ္မာထဲ ရှာမတွေ့နိုင်ဘူး။” (page-305, Ibid)
ဓနဥစ္စာ ခွဲဝေခြင်းစနစ်ဟာ ကုန်ထုတ်စနစ်အပေါ် မူတည်နေခြင်း ဖြစ်တယ်။ ဒီတော့ အရင်းရှင်စနစ်ကြီး မကောင်း ဘူး၊ ဓနဥစ္စာ ခွဲဝေမှု မမျှတဘူး ဆိုခြင်းဟာ ဒီအခြေခံ သမိုင်းရေးအမြင်ကို နားမလည်လို့ ဖြစ်တယ်။ ဒီလို နားမလည်တော့ ဓနဥစ္စာ ခွဲဝေမှု ညီမျှသွားအောင် ပြန်ခွဲဝေပေးလိုက်ရင်တော့ အရင်းရှင်စနစ်ဆိုးကို ကောင်းအောင် လုပ်နိုင်မှာပဲလို့ ထင်ယောင်ထင်မှား ဖြစ်ကုန်တယ်။
ဒါကို (Critique of the Gotha Programme) ထဲမှာ မာ့(ခ်စ်)က ရှင်းခဲ့ပြီးဖြစ်တယ်။ ဒီလုပ်ငန်းစဉ်ထဲမှာ Lassalle ဝါဒီတွေက fair distribution of the proceeds of labor ကို ထည့်ရေးထားတယ်။ ဒါကို မာ့(ခ်စ်)က ရှင်းလင်း ဝေဖန်ခဲ့ရခြင်းဖြစ်တယ်။ “မျှမျှတတ ခွဲဝေခြင်းဆိုတာ ဘာလဲ၊ ဘူဇွှာတွေကကော ဒီကနေ့ ခွဲဝေခြင်း စနစ်ဟာ မျှတတယ်လို့ မဆိုကြဘူးလား။ ဒီကနေ့ ကုန်ထုတ်စနစ် အခြေခံပေါ်မှာ အခုလက်ရှိ ခွဲဝေခြင်းစနစ်ကို မျှတတယ် မဆိုနိုင်ဘူးလား။ ကုန်ထုတ် ဆက်ဆံရေးတွေကို ဥပဒေ သဘောတရားတွေက ထိန်းကွပ်ထားတာလား ဒါမှမဟုတ် ဒါနဲ့ ဆန့်ကျင်ဘက် ဥပဒေ ဆက်ဆံရေးတွေက ကုန်ထုတ် ဆက်ဆံရေးတွေကနေ ထွက်ပေါ်လာခြင်းလား။”
မာ့(ခ်စ်) က အခြေခံမေးခွန်းတွေ ဆွဲထုတ်မေးလိုက်တယ်။ ဒီလို မေးခွန်းထုတ်ပုံကနေ အခုလို အနက်ဖော်လို့ရတယ် –
(၁)လက်ရှိတည်ဆဲ ကုန်ထုတ်စနစ်က ပြဌာန်းပေးလိုက်တဲ့ ခွဲဝေခြင်းစနစ်ပဲ ရှိနိုင်တယ်၊ ဒီကုန်ထုတ်စနစ် အခြေခံ ကနေ ထွက်ပေါ်လာရတဲ့ ခွဲဝေခြင်းစနစ်ကို မျှမျှတတ မဖြစ်ဘူး ပြောနေတာ ဘာအဓိပ္ပါယ်မှ မရှိဘူး။
(၂)ကုန်ထုတ် ဆက်ဆံရေးတွေပေါ် အခြေခံပြီး ဥပဒေအယူအဆတွေ၊ ဥပဒေတွေ ပေါ်ပေါက်လာခြင်းသာ ဖြစ် တယ်။ ဥပဒေတွေက ကုန်ထုတ်ဆက်ဆံရေးကို ထိန်းချုပ်ပဲ့ကိုင်နေတာ မဟုတ်ဘူး။ (ဒါ့ကြောင့် ကုန်ထုတ်ဆက်ဆံရေးကို မပြောဘဲ ခြေဥပြင်ရေး ဖျက်ရေးငြင်းနေတာ ဘာအဓိပ္ပါယ်မှ မရှိဘူး။ စာရေးသူ ဖြည့်စွက်ချက်)
မာ့(ခ်စ်)က ဆက်ရှင်းပြတယ်။ “လူသုံးကုန်ပစ္စည်းတွေ ခွဲဝေခြင်း ဘယ်စနစ်မဆို ကုန်ထုတ်ပစ္စည်းတွေ ခွဲဝေခြင်းရဲ့ ‘အကျိုးဆက်သာ’ဖြစ်တယ်။ ကုန်ထုတ်ပစ္စည်းတွေ ခွဲဝေခြင်းဆိုတာကလည်း ကုန်ထုတ်စနစ်ရဲ့ ဝိသေသတခုပဲ ဖြစ်တယ်။ အရင်းရှင် ကုန်ထုတ်စနစ်မှာဆိုရင် လုပ်အားစိုက်ထုတ် အလုပ်မလုပ်ရသူတွေက ကုန်ထုတ်ပစ္စည်းတွေကို အရင်းပုံစံအနေနဲ့ လက်ဝယ်ပိုင်ဆိုင်ထားပြီး လုပ်သားထုကြီးမှာ လုပ်အားစွမ်းပကားကလွဲပြီး တခြား ဘာကုန် ထုတ်ပစ္စည်းမှ မပိုင်ဆိုင်နိုင်ဘူး။ ကုန်ထုတ် ပစ္စည်းတွေကို ဒီလိုပုံစံနဲ့ ခွဲဝေထားရင် ဒီကနေ့ခေတ် လူသုံးကုန် ပစ္စည်း ခွဲဝေမှုပုံစံပဲ အလိုအလျောက် ထွက်ပေါ်လာလိမ့်မယ်။ တကယ်လို့သာ ကုန်ထုတ်ပစ္စည်းတွေကို အလုပ်သ မား လူတန်းစားကိုယ်တိုင် စုပေါင်းပိုင်ဆိုင်လာခဲ့ရင် ထွက်ပေါ်လာမယ့် လူသုံးကုန်ပစ္စည်း ခွဲဝေခြင်းစနစ်ဟာလည်း ဒီကနေ့ခေတ် ခွဲဝေခြင်းစနစ်နဲ့ လုံးဝခြားနားသွားလိမ့်မယ်။
ဆိုရှယ်လစ်စနစ်ကို ပုံဖျက်သူတွေဟာ ဘူဇွှာ ဘောဂဗေဒသမားတွေဆီက ကောက်နှုတ်ပြီး ခွဲဝေခြင်းစနစ်ကို ကုန် ထုတ်စနစ်ကနေ သီးခြားကင်းလွတ်နေသယောင် ပြောဆိုလာကြတယ်၊ ဆိုရှယ်လစ်စနစ်ဟာ ခွဲဝေခြင်းစနစ်ကို အဓိက ဦးတည်ချက်ထားသလို ပုံဖော်လာကြတယ်။”
(Critique of the Gotha Programme) မှာ မာ့(ခ်စ်) ဝေဖန်သွားတာ အင်မတန်ရှင်းပါတယ်။ ကုန်ထုတ်လုပ်ရာမှာ လုပ်အားနဲ့ ကုန်ထုတ်ပစ္စည်းတွေ ပေါင်းဖက်ရတယ်။ ဒီနေရာမှာ မာ့ခ်စ်က Material conditions of production လို့ သုံးတယ်။ အရင်းကျမ်းထဲမှာတော့ means of production လို့ အဓိကထားသုံးတယ်။ ဆိုလိုရင်း အတူတူပဲလို့ ယူဆပြီး ကုန်ထုတ်ပစ္စည်းလို့ပဲ ဘာသာပြန်သုံးပါတယ်။ သဘောကတော့ (စက်ရုံတွေ၊ စက်ယန္တရားတွေလို) ကုန်ထုတ် ကိရိယာတွေ instruments of labor နဲ့ ကုန်ကြမ်းတွေ၊ (လောင်စာလို) အကူပစ္စည်းတွေအားလုံးကို ခြုံပြီး ကုန် ထုတ်ပစ္စည်းလို့ သုံးခြင်းဖြစ်တယ်။ ဒီကုန်ထုတ်ပစ္စည်းတွေ ဘယ်လို ခွဲဝေထားသလဲ၊ အရင်းရှင်စနစ်မှာတော့ ဘာအလုပ်မှ မလုပ်တဲ့ အရင်းရှင်တွေနဲ့ မြေပိုင်ရှင် လူတန်းစားလက်ထဲ စုပုံနေတယ်။ ဒီလို ကုန်ထုတ် ပစ္စည်းတွေ ခွဲဝေထားခြင်းအပေါ် အခြေတည်ပြီး ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းတွေ ဘယ်လိုဘယ်ပုံ ခွဲဝေထားသလဲဆိုတာ ဖြစ်လာတယ်။ ဒါ့ကြောင့် အရင်းရှင် ကုန်ထုတ်စနစ်ကို မတို့မထိဘဲ ဓနဥစ္စာ ခွဲဝေမှု မမျှတဘူး၊ မျှတအောင် ပြန်လည် ခွဲဝေရမယ် ဆိုခြင်းဟာ လက်တွေ့မကျသလို ဘာမှလည်း အဓိပ္ပါယ်မရှိပေ။ ဓနဥစ္စာ ခွဲဝေခြင်းစနစ်ကို ကုန်ထုတ်စနစ်ကနေ သီးခြားခွဲထုတ်ပြောခြင်းဟာ Vulgar socialism ပဲလို့ မာ့(ခ်စ်) ဝေဖန်ခဲ့တယ်။
ဒါဆို အဖြေကဘာလဲ၊ ရှင်းပါတယ်။ အရင်းရှင်စနစ်ရဲ့ ရောဂါတွေကို ကုစားဖို့ဆိုရင် အရင်းရှင် ရောင်းကုန်ထုတ် စနစ်ကို ဖြိုပစ်မှသာရမယ်။ အရင်းရှင် လူတန်းစား မောင်ပိုင်စီးထားတဲ့၊ ပုဂ္ဂလိကပိုင် ပြုထားတဲ့ ကုန်ထုတ်ပစ္စည်းတွေကို လူ့အဖွဲ့အစည်းပိုင် ပြောင်းလဲပစ်ရမယ်။ အရင်းရှင် လူတန်းစားရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုကို မထိပါးရဲတဲ့ ပြုပြင်ဖာထေးရေးသမားတွေလို ဓနဥစ္စာ ပြန်လည်ခွဲဝေခြင်း အစီအမံလောက်ကိုသာ တင်ပြလို့ မရပေ။
ကိုတင်ဦး
၂၀.၄.၂၀၂၀
Theoretical Section | The Struggle Magazine Vol.1 Issue 3
