အစိုးရ ကြွေးမြီ၊ ဘွန်း(ဒ်) ဈေးကွက်နဲ့ ကမ္ဘာ့ အရင်းရှင် စနစ်ရဲ့ ကျန်းမာရေး အခြေအနေ

ဩဂုတ်လဆန်းပိုင်းကနေ အခုထိ ကမ္ဘာ့ စီးပွားရေး သတင်းတွေမှာ ထိပ်တန်းကပြေးနေတဲ့ အကြောင်းအရာကတော့ ဘွန်း(ဒ်) ဈေးကွက်နဲ့ အစိုးရ ကြွေးမြီ ဝန်ထုပ် အကြောင်းပဲ ဖြစ်ပါတယ်။ ဂျပန် ငွေကြေး တန်ဖိုး ကျဆင်းတဲ့ ပြဿနာ၊ ဂျပန် အစိုးရရဲ့ ၁၀ နှစ်သက်တမ်းရှိ ဘွန်း(ဒ်)တွေရဲ့ အတိုးနှုန်း (yield) က ဆယ်စုနှစ် သုံးခုအတွင်း အမြင့်ဆုံး ရောက်သွားတဲ့ ကိစ္စကလဲ ထိပ်တန်း သတင်း ဖြစ်လာတယ်။

ဂျပန် ငွေကြေး Yen တန်ဖိုးက နှစ်လေးဆယ်အတွင်း အနိမ့်ဆုံးအထိ ကျဆင်းသွားခဲ့တယ်။ ဒီအခြေအနေကို ဂျပန် အစိုးရနဲ့အတူ ယူအက်(စ်) အစိုးရကပါ ကြားဝင် ကျားကန်ပေးခဲ့ရတယ်။ ဂျပန် ယန်း တန်ဖိုး ကျတဲ့ ကိစ္စကို ဂျပန် အစိုးရက ကြားဝင် ကျားကန်ပေးတာ မထူးဆန်းပေမဲ့ ယူအက်(စ်) အစိုးရက ဝင်ထိန်းပေးတာ ဘာ့ကြောင့်လဲ။ ဒီမေးခွန်းကို ဆန်းစစ်ကြည့်ရင် အဲဒီ အဖြစ်အပျက်တွေက သီးခြား မဟုတ်ဘူး ဆိုတာ မြင်လာရလိမ့်မယ်။

ငွေကြေးစနစ်ဆိုင်ရာ ပေါ်လစီတွေ၊ ဘွန်း(ဒ်)လို့ ခေါ်တဲ့ အစိုးရ ချေးငွေ စာချုပ်တွေ၊ အဲဒီက ပြန်ရလာတဲ့ အတိုးနှုန်း (yield) တွေအကြောင်း ပြောရင် သာမန် လူထုနဲ့ အလှမ်းဝေးသလို ထင်ရတယ်။ ရာခိုင်နှုန်းတွေနဲ့ ကိန်းဂဏန်းတွေ အကြောင်း ပြောရတော့ ပိုပြီး ပျင်းစရာ ကောင်းတယ်။ ငါတို့ လက်တွေ့ဘဝနဲ့ ဘာဆိုင်သလဲ ဆိုတဲ့ မေးခွန်း ပေါ်လာမှာပဲ။

Bond yield တွေ ဘာ့ကြောင့်တက်

ဒီတော့ ပျင်းစရာ ကိန်းဂဏန်း အချက်အလက်တွေ မပြောခင် အခြေခံ အချက်တွေ အရင် ကြည့်လိုက်ရအောင်။ အရင်းရှင် ကမ္ဘာမှာ နိုင်ငံတော် အစိုးရတွေက ဘွန်း(ဒ်) ထုတ်ရောင်းကြတယ်။ ယူအက်(စ်) အစိုးရက ထုတ်ရောင်းတဲ့ treasuries ဆိုတာလဲ ဘွန်း(ဒ်)ကို ပြောတာပါပဲ။ တကယ်တော့ ထုတ်ရောင်းတယ်လို့ ပြောတာတောင် သိပ်မတိကျပါဘူး။

အစိုးရတရပ်က ဘဏ္ဍာရေး မလုံလောက်တဲ့အခါ ချေးငွေယူရတယ်။ အဲဒီလို ချေးငွေ ရရှိအောင် အစိုးရတွေက bond လို့ ခေါ်တဲ့ အစိုးရ ငွေတိုက် စာချုပ်တွေ ထုတ်’ရောင်း’တယ်။ ငွေပိုနေတဲ့ အရင်းရှင်တွေက အဲဒီ ဘွန်း(ဒ်)တွေ ဝယ်ပြီး အစိုးရကို ငွေထုတ်ချေးတယ်။ (သို့သော် အစိုးရကို ငွေထုတ်ချေးတယ်လို့ မသုံးဘူး၊ ရင်းနှီးမြှုပ်နှံတယ်လို့ပဲ သုံးကြတယ်၊ ဒါ့ကြောင့် သူတို့ကို အကြွေးရှင် သို့မဟုတ် အရင်းရှင်လို့ မသုံးဘဲ investor လို့ ခေါ်ကြတယ်)။

အဲဒီ အရင်းရှင်တွေက ငွေလိုနေတဲ့ အစိုးရကို အလကားတော့ ဘယ်ချေးမလဲ။ ဒါ့ကြောင့် ဘွန်း(ဒ်) ထုတ်ရောင်းတဲ့ အစိုးရက ဘွန်း(ဒ်)ဝယ်တဲ့ အရင်းရှင်တွေကို အတိုး ပေးရတယ်။ ဒါကိုလဲ အတိုး ပေးရတယ်လို့ မသုံးဘူး။ ဘွန်း(ဒ်)ဝယ်ထားတဲ့ ရင်းနှီးမြှုပ်နှံသူတွေက ဘွန်း(ဒ်)ကနေ ပြန်ရတဲ့ return သို့မဟုတ် yield လို့ ခေါ်ကြတယ်။ ရိုးရိုးရှင်းရှင်း ပြောရင်တော့ အစိုးရကို ငွေထုတ်ချေးထားလို့ ‘အတိုး’ ပြန်ရတဲ့ သဘောပဲ။

ဒီနေရာမှာ ဘွန်း(ဒ်) သက်တမ်း အမျိုးမျိုး ရှိသေးတယ်။ ၂နှစ်ကနေ ၁၀ နှစ်အထိ သက်တမ်းရှိတဲ့ ဘွန်း(ဒ်)တွေ ရှိသလို ၁၀ နှစ်ကနေ နှစ် ၂၀ သက်တမ်းရှိတဲ့ ဘွန်း(ဒ်)၊ နှစ်သုံးဆယ်အထိ သက်တမ်းကြာတဲ့ ဘွန်း(ဒ်) ဆိုပြီး အစားစား ရှိပါတယ်။ ဘာကွာသွားတာလဲ။ အလွယ်ပြောရရင်တော့ ဘွန်း(ဒ်) သက်တမ်းကြာလေ အစိုးရက ဘွန်း(ဒ်) ဝယ်ထားသူတွေကို ပေးရတဲ့ အတိုးနှုန်း သို့မဟုတ် yield ပမာဏ တက်သွားလေပဲ။ ဘာ့ကြောင့်လဲ။ ရှင်းပါတယ်၊ ငွေချေးထားတဲ့သူက သူ့ငွေကို အချိန်တိုတိုနဲ့ အကျေပြန်ရမယ်ဆိုရင် သူ့အတွက် ဆုံးရှုံးနိုင်ချေ risk နည်းတယ်။ အဲလို မဟုတ်ဘဲ နှစ်တွေ အကြာကြီး ချေးထားရမယ်ဆိုရင် ဆုံးရှုံးနိုင်တဲ့ risk ပိုများတယ်။ အချိန်တန် သက်တမ်းစေ့လို့ သူ့အကြွေး ပြန်ရရင်တောင် နှစ်တွေ ကြာလာတဲ့အခါ ငွေကြေး ဖောင်းပွမှုကြောင့် သူနဂို ချေးစဉ်က တန်ဖိုးအတိုင်း ပြန်မရတာ ဖြစ်နိုင်တယ်။

ဗမာပြည်လို ငွေကြေးဖောင်းပွမှု အလွန် မြင့်မားနေတဲ့ တိုင်းပြည်တခုမှာ ဒီအချက်ကို နားလည်ဖို့ မခဲယဉ်းပါဘူး။ ဆိုကြပါစို့၊ ငွေတသိန်း ချေးထားတယ်၊ ဆယ်နှစ်နေရင် အတိုးနဲ့ အရင်း ပေါင်းပြီး ငွေ သုံးသိန်း ပြန်ဆပ်ရတယ်။ ဒါဆိုရင် အကြွေးရှင်က သူ့ အရင်း တသိန်းအပြင် အမြတ် နှစ်သိန်း ရလိုက်တယ်လို့ မြင်ပါ့မလား။ မမြင်ဘူး။ ဒီဆယ်နှစ်အတွင်း ကျပ်ငွေ တန်ဖိုး ကျဆင်းတဲ့ နှုန်းနဲ့ ငွေကြေးဖောင်းပွနှုန်းကို မကာမိဘူးလို့ သူမြင်မှာပဲ။ ဥပမာ၊ သူ ချေးလိုက်တဲ့ နှစ်မှာ ကျပ်တသိန်းက ဆန် နှစ်အိတ် ဝယ်လို့ ရခဲ့တယ် ဆိုရင် ဆယ်နှစ်အကြာ သူ ပြန်ရလိုက်တဲ့ ကျပ် သုံးသိန်းက ဆယ် တအိတ်တောင် ဝယ်မရတော့ဘူး။

ဒါ့ကြောင့် နှစ်ကြာကြာ ချေးထားရလေ သူတို့အတွက် အမြတ် နည်းလေလို့ အကြွေးရှင်တွေက တွက်ကြတယ်။ ဒါကို ကာမိအောင် အရင်းရှင်တွေက သက်တမ်းကြာ ဘွန်း(ဒ်)တွေဆိုရင် အတိုးနှုန်း (yield) ပိုတောင်းကြတာပဲ။ သို့သော် bond yield တက်လေ အကြွေးယူထားတဲ့ (ဘွန်းဒ် ထုတ်ရောင်းထားတဲ့) အစိုးရတွေ ခေါင်းခဲလေပဲ။ တနည်းအားဖြင့် အစိုးရတွေ လွယ်လွယ် ငွေချေးလို့ မရတော့ဘူး၊ အတိုးကြီးကြီး ပေးပြီး ငွေချေးရသလို ဖြစ်သွားတယ်။ ဒါ့ကြောင့် ဩဂုတ်လ ၁၇ ရက်နေ့က ဂါးဒီးယန်း ဆောင်းပါး တပုဒ်မှာ အခုလို ခေါင်းစဉ်တပ်ထားခြင်း ဖြစ်တယ် –

“Leading economies’ borrowing costs hit highest since 2008 crisis”

ဂါးဒီးယန်း ပြောတဲ့ Leading economies ဆိုတာ ယူအက်(စ်)၊ ယူကေ၊ ပြင်သစ်၊​ ဂျာမနီနဲ့ ဂျပန်တို့ ဖြစ်ပါတယ်။ ဒီတိုင်းပြည်တွေက အစိုးရ အားလုံး ချေးငွေယူရတယ်၊ အရင်းရှင် စနစ်မှာ အစိုးရတွေ ချေးငွေယူရတာ မထူးဆန်းပေမဲ့ ၂၀၀၈ စီးပွားပျက်ကပ်နောက်ပိုင်း borrowing cost အမြင့်ဆုံး ရောက်သွားတာကတော့ သူတို့အတွက် တုန်လှုပ်စရာ ဖြစ်ပါတယ်။ ဘာ့ကြောင့် ချေးငွေယူရတဲ့ cost အမြင့်ဆုံး ရောက်သွားတာလဲ။ လတ်တလော အကြောင်းတရားကတော့ အရှေ့အလယ်ပိုင်း ဒေသမှာ ယူအက်(စ်)-အီရန် အပစ်ရပ် အပေးအယူ ပျက်ပြီး စစ်ပွဲတွေ ပြန်ဖြစ်တယ်၊ လောင်စာဆီ ဈေးတွေ ပြန်တက်တယ်၊ ဒီတော့ နိုင်ငံအသီးသီးမှာ ငွေကြေး ဖောင်းပွမှုတွေ အခုထက် ပိုမြင့်လာမယ်လို့ investor လို့ ခေါ်တဲ့ အရင်းရှင်တွေက တွက်ဆကြတယ်။ ဒီတော့ အတိုးနှုန်း များများရမှ သူတို့ ငွေ ထုတ်ချေးပေးနိုင်မယ်၊ (သူတို့ပါးစပ်က အဲသလို ထုတ်ပြောချင်မှ ပြောမယ်၊ ဒါပေမဲ့ လက်တွေ့ ဖြစ်နေတာတော့ အဲဒီ အတိုင်းပဲ)။

ဥပမာ၊ နှစ် ၃၀ သက်တမ်းရှိ ယူအက်(စ်) Treasury ဘွန်း(ဒ်)တွေရဲ့ အတိုးနှုန်း (yield) က ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ၅.၃၄% အထိ တက်သွားတယ်။ ဒီပမာဏဟာ ၂၀၀၇ နောက်ပိုင်း အမြင့်ဆုံး ဖြစ်ပါတယ်။ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်တို့မှာလဲ အလားတူပဲ။ ဂျပန်မှာ ၁၀ နှစ် သက်တမ်းရှိ အစိုးရ ဘွန်း(ဒ်)တွေရဲ့ အတိုးနှုန်းက ဆယ်စုနှစ် သုံးခုအတွင်း အမြင့်ဆုံး ရောက်သွားတယ်။

ဒါကြောင့် bond yield တွေ တက်ပြီး အစိုးရတွေရဲ့ borrowing cost တက်သွားတာပဲလို့ ဆိုနိုင်တယ်။

သို့သော် ဒါက လတ်တလော အကြောင်းအချက်သာ ဖြစ်ပါတယ်။ ဒီထက် နက်ရှိုင်းတဲ့ အရင်းခံ အကြောင်းတရားတွေ ရှိနေလို့သာ ၂၀၀၈ စီးပွားပျက်ကပ် နောက်ပိုင်း ချေးငွေယူရတဲ့ cost အမြင့်ဆုံး အခြေအနေ ရောက်သွားခြင်း ဖြစ်ပါတယ်။ အဲဒီ အရင်းခံ အကြောင်းတရားတွေက ဘာဖြစ်မလဲ။

အစိုးရ ကြွေးမြီတွေ တောင်ပုံရာပုံ

ယူအက်(စ်)ကို ကမ္ဘာ့ အချမ်းသာဆုံး တိုင်းပြည်လို့ လူသိများတယ်။ ဒါပေမဲ့ ယူအက်(စ်)ရဲ့ national debt က ဒေါ်လာ ၄၀ ထရီလီယံ ကျော်သွားပြီ။ ၂၀၁၆ ခုနှစ်က ဒေါ်လာ ၂၀ ထရီလီယံပဲ ရှိခဲ့တယ်။ ဆယ်စုနှစ် တခုအတွင်း နှစ်ဆ ခုန်တက်သွားခြင်း ဖြစ်ပါတယ်။ ဒီကြွေးမြီ ပမာဏကို ယူအက်(စ်)ရဲ့ တနှစ်တာ GDP နဲ့ အချိုးချလိုက်ရင် ၁၂၅.၈% ရှိတယ်။ ခင်ဗျားရဲ့ တနှစ်တာ ဝင်ငွေက သိန်း တရာပဲ ရှိချိန် ခင်ဗျား တင်နေတဲ့ အကြွေးက ၁၂၅.၈ သိန်း ဖြစ်နေတဲ့ သဘောပဲ။ အဓိပ္ပါယ်က တင်နေတဲ့ အကြွေးတွေကို အကျေ ပြန်မဆပ်နိုင်တော့ဘူး။ အဲဒီ အခြေအနေကို bankrupt ဖြစ်သွားပြီလို့ ပြောတာပဲ။

သာမန် လူတယောက်သာ အဲဒီ အခြေအနေ ရောက်နေရင် ဘယ်ငွေရှင်ကမှ ထုတ်မချေးတော့ဘူး။ သို့သော် ယူအက်(စ်)က သာမန် လူ တယောက် မဟုတ်ဘူး၊ ကမ္ဘာ့ အချမ်းသာဆုံး တိုင်းပြည်၊ ဒီတော့ ယူအက်(စ်) bankrupt ဖြစ်နေပြီလို့ ဘယ်သူမှ မပြောရဲကြဘူး။ အဲသလို ထုတ်မပြောသော်ငြား ယူအက်(စ်) အစိုးရကို အရင်လို ခပ်လွယ်လွယ် ငွေထုတ်မချေးရဲကြတော့ဘူး။ တချိန်တုန်းကတော့ ယူအက်(စ်) အစိုးရ ထုတ်ရောင်းတဲ့ ဘွန်း(ဒ်)တွေကို ဝယ်ထားခြင်းဟာ စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှု ‘safe haven’ ဖြစ်ခဲ့တယ်၊ သဘောက အဲဒီ ဘွန်း(ဒ်)တွေ ကိုင်ထားရင် အတိုး ပုံမှန် ရနေမယ်၊ အချိန်တန်ရင် ယူအက်(စ်) အစိုးရက အကျေ ပြန်ဆပ်သွားမယ်။ အခု အဲသလို မယုံရဲတော့ဘူး။ မယုံရဲဆို ယူအက်(စ်)ရဲ့ debt-to-GDP ratio က ၁၂၅.၈% ရှိနေပြီကိုး။

ဒီတော့ ဘာဖြစ်လာသလဲ။ ကိုင်ထားတဲ့ ဘွန်း(ဒ်)တွေ ထုတ်ရောင်းလာကြတယ်။ အေအိုင် ခေတ်ထလာတော့ အေအိုင် စတော့(ခ်) ဈေးတွေ ကောင်းလာတယ်၊ အဲဒီဘက်ကို ရွှေ့ပြီး ရင်းနှီးမြှုပ်နှံကြတယ်။ ဒါမှမဟုတ် ဘွန်း(ဒ်)တွေ၊ စတော့(ခ်)တွေထက် ပိုပြီး စိတ်ချရတဲ့ ရွှေတုံးတွေ ဝယ်စုကြတယ်။ အဲသလို ယူအက်(စ်) အစိုးရ ဘွန်း(ဒ်)တွေ ပြန်ရောင်းပြီး ရွှေတုံးတွေ ဝယ်စုတဲ့အထဲ ဗဟိုဘဏ်တွေ အများကြီး ပါခဲ့တယ်။ ဒါ့ကြောင့် ရွှေဈေးတွေ မကြုံစဖူး မြင့်တက်သွားခဲ့ခြင်း ဖြစ်တယ်။

ဘွန်း(ဒ်)တွေ ကိုင်ထားရတာ risk များတယ် ဆိုပြီး ထုတ်ရောင်းလာကြတယ်၊ အဲသလို ထုတ်ရောင်းလေ bond price ကျလေပဲ။ bond price ကျလေ ဘွန်း(ဒ်) ထုတ်ရောင်းတဲ့ အစိုးရတွေ ပေးရတဲ့ အတိုးနှုန်း (yield) တက်လေပဲ။ bond price နဲ့ ဘွန်း(ဒ်) အတိုးနှုန်း (yield) က ပြောင်းပြန် အချိုးကျတယ်။

ယူအက်(စ်) အစိုးရရဲ့ ဘွန်း(ဒ်)တွေကို ပြန်ရောင်းနေတဲ့ နိုင်ငံတွေထဲ ဂျပန်က နံပါတ်တစ် ဖြစ်နေတယ်။ ဒါ့အပြင် နိုင်ငံခြား တိုင်းပြည်တွေထဲမှာ ဂျပန်က ယူအက်(စ်) အစိုးရရဲ့ treasury ဘွန်း(ဒ်)တွေကို အများဆုံး ကိုင်ထားသူ ဖြစ်တယ်။ သူ့နောက်မှာ ယူကေနဲ့ တရုတ် ရှိတယ်။

ဂျပန် ယန်း တန်ဖိုး တရှိန်ထိုးကျဆင်း

ဂျပန်လို နိုင်ငံက ယူအက်(စ်) ဘွန်း(ဒ်)တွေ ပြန်ရောင်းနေတဲ့ အချက်က ယူအက်(စ်) အစိုးရရဲ့ borrowing cost ကို တက်သွားစေတယ်။ ဂျပန်က အဲသလို ဘွန်း(ဒ်)တွေ ပြန်ရောင်းနေရတာ အကြောင်းမဲ့တော့ မဟုတ်ဘူး။

ပြီးခဲ့တဲ့ ဇူလိုင်မှာ ဂျပန် ယန်း တန်ဖိုးက နှစ်လေးဆယ်အတွင်း အနိမ့်ဆုံးအထိ ကျဆင်းသွားခဲ့တယ်။ ဂျပန်ရဲ့ အရင်းရှင် စီးပွားရေးက ယက်ကန်ယက်ကန် ဖြစ်နေတာ ကြာပြီ။ ၁၉၇၀-၈၀ ပြည့်နှစ်တွေတုန်းကတော့ ဂျပန် စီးပွားရေး ရွှေခေတ် ဖြစ်ခဲ့ဖူးတယ်။ အဲဒီတုန်းက ဂျပန်ဟာ အရည်အသွေးမြင့် ကားတွေ၊ လူသုံး လျှပ်စစ်ပစ္စည်းတွေ ဈေးချိုချိုနဲ့ ထုတ်လုပ် တင်ပို့နိုင်ခဲ့တယ်။ ကမ္ဘာ့ အကြီးဆုံး စီးပွားရေး ဖြစ်တဲ့ ယူအက်(စ်)ကို ဂျပန်က ကျော်တက်တော့မလားတောင် ထင်ခဲ့ကြဖူးတယ်။

ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ် အစောပိုင်း နှစ်များမှာ ဂျပန်ရဲ့ asset-inflated bubble economy ပေါက်သွားကတည်းက ဂျပန်ဟာ စီးပွားရေး ထိုင်းမှိုင်းခြင်းနဲ့ deflation ကာလကြီးကို ဆယ်စုနှစ် များစွာ ရင်ဆိုင်ခဲ့ရတယ်။ စီးပွားရေး ထိုင်းမှိုင်းရုံမက ကျဆင်းတဲ့ နှစ်တွေပါ ဖြတ်သန်းခဲ့ရတယ်။ ဂျပန် အရင်းရှင် စနစ်ရဲ့ ကမ္ဘာ့ အဆင့်အနေအထားလဲ ကျပြီးရင်း ကျရင်း ဖြစ်ခဲ့တယ်။ ဂျပန်ဟာ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး နေရာကနေ ၂၀၁၀ ခုနှစ်မှာ တရုတ်ကို ဖယ်ပေးလိုက်ရတယ်။ ၂၀၂၃ ခုနှစ်မှာ တတိယ နေရာကို ဂျာမနီက ယူသွားတယ်။ အခုဆိုရင် စတုတ္ထ နေရာမှာ ဂျပန် ဆက်ရှိနေဖို့ မသေချာတော့ဘူး။ အိန္ဒိယက ကမ္ဘာ့ စတုတ္ထ နေရာ ယူဖို့ တာဆူနေပြီ။

အဲဒီလို အထည်ကြီးပျက် ဖြစ်နေတဲ့ ဂျပန်ဟာ စားသောက်ကုန်နဲ့ လောင်စာဆီ စွမ်းအင် နှစ်မျိုးလုံးကို ပြည်ပက အဓိက တင်သွင်းနေရတယ်။ အင်ပို့ အဓိက အားထားနေရတဲ့ တိုင်းပြည်တခုရဲ့ ငွေကြေး တန်ဖိုး ကျဆင်းလာရင် (နှစ် ၄၀ အတွင်း အနိမ့်ဆုံးအထိ ထိုးဆင်းသွားရင်) ဘယ့်လောက် အထိနာသလဲ ဆိုတာ ကျနော်တို့ ဗမာပြည် လူထုက ‘ငါတွေ့နဲ့’ သိပြီးသား ဖြစ်ပါတယ်။

ဂျပန် ယန်း ကျဆင်းသွားခြင်းဟာ ပြည်ပက သွင်းကုန်တွေကို ဈေးကြီးကြီး ပေးဝယ်ရတဲ့ သဘော ဖြစ်သွားတယ်။ အဲသလို ယန်း တန်ဖိုး ထိုးကျနေတဲ့ အခြေအနေကို ဂျပန် အစိုးရက ဝင်မထိန်းလို့ မရတော့ဘူး။ အဲသလို ဝင်ထိန်းဖို့ဆိုရင် ဂျပန် အစိုးရအနေနဲ့ ဒေါ်လာလိုတယ်။ ဒီတော့ သူကိုင်ထားတဲ့ ယူအက်(စ်) ဘွန်း(ဒ်)တွေ ပြန်ရောင်းပြီး ဒေါ်လာ ဖော်ရမယ်။ ရလာတဲ့ ဒေါ်လာနဲ့ ယန်းကို ဝယ်ရမယ်။ အဲဒီနည်းနဲ့ ဂျပန် အစိုးရက ယန်း တန်ဖိုးကို ပြန်ဆယ်ဖို့ ကြိုးစားတယ်။ ၂၀၂၂ ကလဲ ဂျပန် အစိုးရက ဒေါ်လာ ဘီလျံပေါင်းများစွာ သုံးပြီး အဲသလို ဝင်ထိန်းခဲ့ဖူးတယ်။ ဒါပေမဲ့ ဂျပန် ယန်းက ဆက်ကျခဲ့တာပဲ။

ဂျပန် အစိုးရက ဘွန်း(ဒ်)တွေ ပြန်ရောင်းပြီး ယန်းတန်ဖိုး ဝင်ထိန်းနေတာကို ယူအက်(စ်) အစိုးရက လက်ပိုက်ကြည့်မနေနိုင်ဘူး။ ဘာ့လို့ ကြည့်မနေနိုင်သလဲ ဆိုတော့ ယူအက်(စ်) အစိုးရ ဘွန်း(ဒ်) အများဆုံး ကိုင်ထားတဲ့ ဂျပန်ကသာ ဘွန်း(ဒ်)တွေ ဆက်တိုက် ပြန်ရောင်းနေရင် ယူအက်(စ်) ဘွန်း(ဒ်) yield တက်သွားမှာ သူတို့ ကြောက်တယ်။ ဒါ့ကြောင့် ယန်း တန်ဖိုး ပြန်တက်လာအောင် ကြားဝင်ပြီး ကျားကန်တဲ့ နေရာမှာ ယူအက်(စ်) အစိုးရလဲ ပါလာတယ်။ သို့သော် ယူအက်(စ်) အစိုးရက ဒေါ်လာနဲ့ ယန်းကို ဝယ်တာ မလုပ်ဘူး၊ ယူရို ရောင်းပြီး ယန်းကို ဝယ်တယ်။

ယူအက်(စ်)-ဂျပန် အစိုးရ နှစ်ရပ် ပေါင်းပြီး ဂျပန် ယန်း တန်ဖိုး ကျဆင်းနေတာကို ဝင်ထိန်းပေမဲ့ ခဏပဲ အလုပ် ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲ။ အရင်းခံ အကြောင်းတရားကို သူတို့ မဖြေရှင်းနိုင်လို့ဘဲ။ ၉၀ ခုနှစ်များ နောက်ပိုင်းကစပြီး ဂျပန် စီးပွားရေးဟာ တအိအိ ကျဆင်းလာခဲ့တယ်။ ဂျပန် စီးပွားရေးဟာ stagnation နဲ့ deflation ကို ဆယ်စုနှစ် များစွာ ရင်ဆိုင်ခဲ့ရကြောင်း အထက်မှာ ဆိုခဲ့တယ်။ ဒီတော့ ဂျပန် ဗဟိုဘဏ်က အတိုးနှုန်းကို အနိမ့်ဆုံးအထိ လျှော့ချပေးခဲ့ရတယ်။ အတိုးနှုန်း သုညအောက်အထိ ချပေးထားတဲ့ negative interest rate ကို ၂၀၂၄ ကျမှ အဆုံးသတ်တာ ဂျပန် နောက်ဆုံး ဖြစ်ပါတယ်။ အတိုးနှုန်းကို အနည်းဆုံး ထားလိုက်ရင် စီးပွားရေး တိုးတက်မှုကို လှုံ့ဆော်ပေးနိုင်မယ်၊ deflation ကို တိုက်နိုင်မယ်လို့ monetarist တွေက ယူဆကြပေမဲ့ အဲဒီ ယူဆချက် မမှန်ကြောင်း ဂျပန် အတွေ့အကြုံက သက်သေခံနေတယ်။

ဂျပန် ယန်း တန်ဖိုး ထိုးကျသွားတဲ့ အကြောင်းတရားတွေထဲမှာ ဂျပန် အရင်းရှင် စီးပွားရေး ထိုင်းမှိုင်း ကျဆင်းနေတဲ့ အချက်အပြင် ဂျပန် အစိုးရ ကြွေးမြီက ဂျီဒီပီထက် ၂၀၀% ကျော်နေတဲ့ အချက်ကိုလဲ ထည့်ပြောရလိမ့်မယ်။ ဒီကြွေးမြီ ပမာဏဟာ G20 တိုင်းပြည်တွေထဲ အမြင့်ဆုံး ပမာဏ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီအရင်းခံ အကြောင်းတရားတွေကို မဖြေရှင်းနိုင်သရွေ့ ဒေါ်လာ ဘီလျံပေါင်းများစွာ သုံးပြီး ဝင်ကယ်လဲ ယန်း တန်ဖိုး ထိုးဆင်းနေတဲ့ အဖြစ်ကို ပြောင်းပြန်လှန်နိုင်မှာ မဟုတ်ဘူး။ ကျနေတဲ့ အရှိန်ကို ခဏ တန့်သွားအောင်ပဲ အရင်းရှင် အစိုးရတွေ တတ်နိုင်လိမ့်မယ်။

ဗဟိုဘဏ်တွေ ရှေ့တိုး ထမ်းပိုး၊ နောက်ဆုတ် လှည်းထုပ်

အတိုးနှုန်းကို အနှုတ်ပြတဲ့အထိ ဆွဲချထားခဲ့ပေမဲ့ ဂျပန် စီးပွားရေးကို နာလန်ထူလာအောင် မလုပ်နိုင်ခဲ့ဘူး၊ monetarist တွေရဲ့ အယူအဆ မှားကြောင်း အထက်မှာ ဆိုခဲ့တယ်။ အဲလိုပဲ ငွေကြေးဖောင်းပွမှု ဖြစ်လာရင် ဗဟိုဘဏ်တွေက အတိုးနှုန်း မြှင့်လေ့ရှိတယ်။ အခုလဲ အရှေ့အလယ်ပိုင်း ဒေသက ယူအက်(စ်)-အစ္စရေးတို့ရဲ့ နယ်ချဲ့ စစ်မီးတွေကြောင့် ငွေကြေးဖောင်းပွမှု ဒဏ်ကို ကမ္ဘာ့ အလုပ်သမားထုကြီး ရင်ဆိုင်ရတော့မယ်၊ ရင်ဆိုင်နေရပြီလို့တောင် ဆိုနိုင်တယ်။ ဒီအခါ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ အတိုးနှုန်း မြှင့်ပေးရမယ်လို့ monetarist တွေက အဆိုပြုကြတယ်။ သို့သော် တကယ့် လက်တွေ့မှာ အဲသလောက် မလွယ်ကူ။ အထူးသဖြင့် အရင်းရှင်စနစ်က deep crisis ကြုံနေရတဲ့ ဒီကနေ့ ကာလမှာ အုပ်စိုးသူ လူတန်းစားအနေနဲ့ ရွေးစရာ များများစားစား မရှိလှ။ ဩဂုတ်လ ၁၆ ရက်နေ့က ဂါးဒီးယန်းရဲ့ သုံးသပ်ချက် ဆောင်းပါး တပုဒ် ခေါင်းစဉ်မှာ ဒီအချက်ကို တွေ့ရလိမ့်မယ် –

“Interest rate dilemma for central banks as inflation rises but growth slows”

ဗဟိုဘဏ်တွေအနေနဲ့ ငွေကြေးဖောင်းပွမှုကို ထိန်းဖို့ အတိုးနှုန်းပဲ တက်ပေးရမလား၊ ဒါမှမဟုတ် အရင်းရှင် စီးပွားရေး တိုးတက်လာအောင် အတိုးနှုန်းပဲ ချပေးရမလား၊ ဝေခွဲမရ ဖြစ်နေတယ်။ တကယ်တော့ အတိုးနှုန်း မြှင့်လိုက်လို့ ငွေကြေးဖောင်းပွမှု ကျဆင်းသွားမှာ မဟုတ်သလို အတိုးနှုန်း ချလိုက်လို့လဲ စီးပွားရေး တိုးတက်မှုတွေ အားကောင်းလာမှာ မဟုတ်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ အရင်းခံ ပြဿနာက အရင်းရှင်စနစ် ကိုယ်တိုင် ဖြစ်နေလို့ပဲ။

London School of Economics က ပါမောက္ခတယောက်လဲဖြစ်၊ အင်္ဂလန် ဗဟိုဘဏ် ဒုဥက္ကဌဟောင်းလဲ ဖြစ်တဲ့ Charlie Bean ကတော့ ဗဟိုဘဏ် ငွေကြေးမူဝါဒ ကော်မတီဟာ အစိုးရ ကြွေးမြီတွေ အလွန် မြင့်တက်နေတဲ့ အကြောင်းတရား အပါအဝင် အင်မတန် အခြေခံကျတဲ့ trend တွေရဲ့ ဖိအားကို ကြုံနေရတယ်လို့ ဆိုပါတယ်။

အစိုးရတွေက အကြွေးနွံနစ်နေတယ်၊ ဗဟိုဘဏ်က ငွေကြေးဖောင်းပွမှုကို ထိန်းဖို့ အတိုးနှုန်း တက်ချင်တယ်၊ အဲဒီမှာ ပြဿနာ တက်တာပဲ။ နဂိုကတည်းက အကြွေးပိနေတဲ့ အစိုးရတွေက အတိုးနှုန်းသာ ဆက်တက်သွားရင် ပြန်ဆပ်ရမဲ့ အကြွေးပမာဏလဲ အခုထက် ပိုများသွားမယ်။ ဒါကို သူတို့ လက်မခံနိုင်ဘူး။ ဒါ့ကြောင့် ဒေါ်နယ်ထရမ့်က ဗဟိုဘဏ် အတိုးနှုန်းကို အနိမ့်ဆုံးအထိ ဆွဲချရမယ် ပြောနေတာပဲ။

အစိုးရ ကြွေးမြီက လူထုအပေါ် သက်ရောက်ပုံ

နိုင်ငံတခုရဲ့ public debt ကို အစိုးရ ကြွေးမြီလို့ ပြောနေပေမဲ့ တကယ်တမ်းကျ ဘယ်အစိုးရကမှ သူ့အိတ်ထဲက စိုက်ပြီး အကြွေးပြန်မဆပ်ပါဘူး။ အစိုးရ ခေါင်းဆောင်တွေ မိုက်မဲလို့ စစ်ထတိုက်ရာက အကြွေးတွေ တနင့်တပိုးတင်လဲ နောက်ဆုံးတော့ သာမန် လုပ်သားပြည်သူတွေရဲ့ ကြွေးမြီ (public debt) ဖြစ်သွားတာပဲ။ ဒီအချက်က ဗမာပြည်လို စစ်အာဏာရှင်စနစ် ကြီးစိုးတဲ့ တိုင်းပြည်မှာ ရှင်းပြစရာမလိုအောင် အလွန် ထင်ရှားပြီးသား ဖြစ်ပါတယ်။

ယူအက်(စ်)လို ကမ္ဘာ့ အချမ်းသာဆုံး တိုင်းပြည်တခုက ဆယ်စုနှစ်တခုအတွင်း ဘာ့ကြောင့် အစိုးရ ကြွေးမြီ နှစ်ဆ ခုန်တက်သွားသလဲ ဆိုရင် ၂၀၀၈ စီးပွားပျက်ကပ်ကို ပြန်ကြည့်ရလိမ့်မယ်။ ၂၀၀၈ စီးပွားပျက်ကပ် ဖြစ်တော့ ထိပ်တန်း အရင်းရှင် တိုင်းပြည်က အစိုးရတွေ ဘာလုပ်သလဲ။ လွတ်လပ်သော ဈေးကွက်က သူ့ဘာသာ မျှခြေပြန်ရောက်သွားလိမ့်မယ် ဆိုပြီး ဒီအတိုင်း လွှတ်ထားသလား။ မလွှတ်ထားရဲပါဘူး။ ဒီတော့ ပုဂ္ဂလိက ဘဏ္ဍာ အရင်းရှင်ကြီးတွေကို ကယ်တင်ဖို့ အစိုးရက bail out ဝင်လုပ်တယ်။ အကျိုးဆက်ကတော့ public debt တွေ စုပြုံလာတာပဲ။

အဲဒီလို အစိုးရ ကြွေးမြီတွေ တောင်ပုံရာပုံ မြင့်တက်လာခြင်း၊ အစိုးရတွေ ချေးငွေ ထပ်ယူတဲ့အခါ borrowing cost တွေ မြင့်တက်လာခြင်း၊ အစရှိတဲ့ ပြဿနာတွေ ဒီဆောင်းပါးမှာ တို့ထိသွားခဲ့တယ်။ ဒါတွေက သာမန် အလုပ်သမား ပြည်သူတွေနဲ့ ဘာဆိုင်သလဲလို့ မေးစရာ ရှိတယ်။ ဒီမေးခွန်းကို ခပ်တိုတိုပဲ ဖြေကြည့်ပါမယ်။ အပေါ်မှာ ပြောခဲ့သလို “public debt ကို အစိုးရ ကြွေးမြီလို့ ပြောနေပေမဲ့ ဘယ်အစိုးရကမှ သူ့အိတ်ထဲက စိုက်ပြီး အကြွေးပြန်မဆပ်ပါဘူး။” သာမန် အလုပ်သမား ပြည်သူတွေကပဲ ပြန်ဆပ်ရတာ ဖြစ်ပါတယ်။ ဒီလို ပြောတော့ ရုတ်တရက် မျက်စိထဲ မြင်ချင်မှ မြင်လိမ့်မယ်။ အဲဒီ အကြွေးတွေ ဆပ်ဖို့ ဘယ်အစိုးရကမှ ငါတို့ အိမ်ကို bill လှမ်းမပို့ပါဘူး၊ တအိမ်ထောင် ဘယ့်လောက် အကြွေးဆပ်ရမယ် ဆိုပြီး စာလဲ လှမ်းမပို့ပါလားလို့ ထင်ရင် ထင်လိမ့်မယ်။

တကယ်တော့ အစိုးရတရပ်က အဲသလို လုပ်စရာ မလိုပါဘူး။ အကြွေးဝန် ပိနေတာကို အကြောင်းပြပြီး အစိုးရတွေက အများပြည်သူဆိုင်ရာ အသုံးစရိတ်တွေကို ဖြတ်တောက်ပစ်လေ့ရှိတယ်။ အဲဒါကို austerity လို့ ခေါ်ပါတယ်။ ဒီနေရာမှာ austerity ဆိုတာ အစိုးရက ပညာရေး အသုံးစရိတ်၊ ကျန်းမာရေး အသုံးစရိတ် ဖြတ်တောက်ပစ်တာကိုပဲ ဆိုလိုတာ မဟုတ်ဘူး။ ကျနော်တို့ဆီမှာ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှု ဖြစ်ခဲ့ခြင်းရဲ့ အနီးကပ် အကြောင်းတရားကို ပြန်ကြည့်ပါ။ စစ်အစိုးရက အရင်က ပေးနေတဲ့ fuel subsidy ကို ဖြတ်တောက်ပစ်လိုက်တယ်။ အဲဒါလဲ austerity measure တခုပဲ။

အလားတူပဲ၊ လျှပ်စစ်မီးနပ်မှန်အောင် ပေးဖို့ လိုအပ်တဲ့ infrastructure တွေ ပြုပြင်မွမ်းမံခြင်း မလုပ်တာ၊ တိုးချဲ့တည်ဆောက်ခြင်း မလုပ်တာ၊ လမ်းတံတားတွေ ဒီအတိုင်း ပစ်ထားတာ၊ ရေမြောင်းစနစ်၊ မြို့ပြစနစ်၊ မြစ်ချောင်း ဆည်တမံ ပြုပြင်ထိန်းသိမ်းရေး စနစ်တွေ ဘာမှ မလုပ်ဘဲ ပစ်ထားတာ၊ ဒါတွေ အားလုံး austerity measure တွေပဲ။ အခု အဲဒီ ဒုက္ခတွေကို သာမန် လူထုပဲ ခါးစီးခံနေရတယ်။

ဒါ့ကြောင့် တောင်လိုပုံနေတဲ့ အစိုးရ ကြွေးမြီတွေက ဆင်းရဲသား ပြည်သူတွေအပေါ် austerity measure တွေအဖြစ် တိုက်ရိုက် သက်ရောက်တယ်လို့ ခပ်တိုတို ပြောနိုင်ပါတယ်။

အခု ရေးပြခဲ့တာတွေကို ခြုံကြည့်လိုက်ရင် အရင်းရှင် စနစ်ရဲ့ overall health အခြေအနေ မကောင်းဘူး ဆိုတာ မြင်ရလိမ့်မယ်။ ရွှေဈေးတွေ စံချိန်တင် မြင့်တက်ခဲ့ခြင်း၊ တချိန်တုန်းက safe haven လို့ ယူဆခဲ့ကြတဲ့ ယူအက်(စ်) ဘွန်း(ဒ်)တွေအပေါ် ယုံကြည်မှု ကျဆင်းလာခြင်း၊ အရင်းရှင် လူတန်းစားက real economy လို့ ခေါ်တဲ့ ထုတ်လုပ်ရေးဘက်မှာ ရင်းနှီးမြှုပ်နှံမှု မလုပ်တော့ဘဲ ငွေပေါ်ကနေ အတိုး ထိုင်စားတဲ့ rentier capitalism ဖြစ်လာခြင်း၊ အစရှိတဲ့ အချက်တွေဟာ အရင်းရှင်စနစ် ယိုယွင်း ကျဆင်းမှုကို ဖော်ပြနေတဲ့ အညွှန်းကိန်းတွေပဲ။ အရင်းရှင် စနစ်ဟာ deep crisis ကို ရင်ဆိုင်နေရပြီး dead end ကို ရောက်နေပြီ။ ဒါ့ကြောင့် အထည်ကြီးပျက် အရင်းရှင် နယ်ချဲ့ ပါဝါတွေက militarism နဲ့ လူထုကို လှည့်စားဖို့ လုပ်လာကြတာပဲ။

ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ တနည်းပဲ ရှိပါတယ်။ သက်တမ်းလွန်နေတဲ့ ကမ္ဘာ့ အရင်းရှင် စနစ်ကို ကမ္ဘာ့ အလုပ်သမား လူတန်းစားက ဆိုရှယ်လစ် တော်လှန်ရေး ဆင်နွှဲပြီး ဖြိုချပစ်ဖို့သာ ရှိတယ်။

ရေးသူ – လန်းနာ့(ဒ်)