ပါကစ္စတန် အစိုးရ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယား (ဒေသအခေါ် အာဇတ် ကက်ရှ်မီးယား) မှာ သိန်းနဲ့ချီတဲ့ လူထုကြီးဟာ ရဲဝံ့ပြတ်သားမှု၊ စွန့်လွှတ် စွန့်စားမှု အပြည့်နဲ့ သမိုင်း စာမျက်နှာသစ်ကို ရေးထိုးနေကြပြီ။ တချိန်တည်းမှာ ပါကစ္စတန် အစိုးရဘက်ကလဲ အနီးခေတ် သမိုင်းမှာ တွေ့ဖူးသမျှ အဆိုးဝါးဆုံး ဖြိုခွဲနှိမ်နင်းမှုတွေ ရက်ရက်စက်စက် ပြုလုပ်နေတယ်။
အာဇတ် ကက်ရှ်မီးယားမှာ အာဝါမီ ဦးဆောင် ကော်မတီ (Awami Action Committee – AAC) က အရေးဆိုချက်တွေ ရရှိဖို့ မူဇာဖာရာဘတ်ဆီ သမိုင်းဝင် ခရီးရှည် ချီတက် ဆန္ဒပြပွဲကြီးတခု ဦးဆောင် ဆင်နွှဲနေတယ်။ အာဇတ် ကက်ရှ်မီးယား အစိုးရနဲ့ ပါကစ္စတန် အစိုးရဘက်က ဒီအရေးဆိုချက်တွေကို လွန်ခဲ့တဲ့ သုံးနှစ် ခရီရှည် ချီတက်ပွဲကြီးတွေအပြီးမှာ လက်ခံခဲ့ပြီးသား ဖြစ်တယ်။ ဒါပေမဲ့ လက်ခံရုံသာ လက်ခံပေးပြီး လက်တွေ့အကောင်အထည် ဖော်ပေးခြင်း မရှိခဲ့ဘူး။
ဒီတကြိမ်မှာတော့ အစိုးရဘက်က ဒီလူထု လှုပ်ရှားမှုကြီးကို လူသတ်ပွဲကြီးတွေကျင်းပ၊ သွေးထက်သံယို နှိမ်နင်းပြီး အမှုန့်ခြေပစ်ဖို့ ဇွတ်တရွတ် ကြိုးစားလာခဲ့ပြီ။ အစိုးရဘက်က လက်ရှိ သွေးထွက်သံယို နှိမ်းနင်းမှုတွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အကြမ်းဖက် နှိမ်နင်းခဲ့တာတွေထက် ပိုရက်စက်ကြမ်းကြုတ်နေပြီ။
ဒီတကြိမ် ခရီးရှည် ချီတက်ဆန္ဒပြပွဲကို အာဇတ်ကက်ရှ်မီးယားရဲ့ နေရာဒေသပေါင်းစုံကနေ ဇွန်လ(၉)ရက်နေ့မှာ စတင်ထွက်ခွာပြီး ချီတက်ရာ လမ်းတလျှောက်က မြို့တွေကို ဖြတ်ရင်း မူဇာဖာရာဘတ်ဆီ ဦးတည် ချီတက်ကြဖို့ စီစဉ်ထားခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ ခရီးရှည် ချီတက်ဆန္ဒပြပွဲ မစခင် ဇွန်လ (၅)ရက်နေ့မှာ အစိုးရဘက်က လက်ဦးမှုယူပြီး စတင် အကြမ်းဖက် ဖိနှိပ်လာခဲ့တယ်။ လှုပ်ရှားမှုရဲ့ အဓိက ခေါင်းဆောင်တွေထဲက တယောက်ဖြစ်တဲ့ ဆာဒါ အူမာ နာဇယာ Sardar Umar Nazir ကို Rawalakot မြို့အနီးက စစ်ဆေးရေး ဂိတ်တခုမှာ ရဲဘက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်။ အခုလို လုပ်ကြံ သတ်ဖြတ်ဖို့ ကြိုးပမ်းလာပေမဲ့ နာဇယာကတော့ နားရွက်ကိုပဲ ထိမိပြီး ကံကောင်းထောက်မစွာ လွတ်မြောက်သွားခဲ့တယ်၊ ဒါပေမဲ့ နာဇယာရဲ့ ကားကို မောင်းပေးနေတဲ့ သက်တမ်းရင့် တက်ကြွလှုပ်ရှားသူ ရှာဇက် ဟာဘစ် Shahzeb Habib အသတ်ခံလိုက်ရတယ်။
အဲဒီနေ့ အစောပိုင်းမှာတည်းက အစိုးရဘက်က အာဝါမီ ဦးဆောင် ကော်မတီကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားတယ်၊ မတရားသင်း ကြေညာခံထားရတယ်။ တချိန်တည်းမှာပဲ အစိုးရဘက်က ရွေးကောက်ပွဲ ကျင်းပတော့မယ့်အကြောင်းလဲ ကြေညာခဲ့တယ်။ အစောပိုင်းတုန်းက AAC ဘက်က တောင်းဆိုထားတဲ့ ရွေးကောက်ပွဲ စည်းမျဉ်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေအတိုင်း အကောင်အထည် ဖော်ပေးပါမယ်လို့ ကတိပေးထားခဲ့ပေမဲ့ တကယ်တမ်းမှာ အစိုးရဘက်က လူထုဆန္ဒကို လိုက်နာဆောင်ရွက်ပေးခဲ့ခြင်း မရှိဘူး။
ဇွန်လ ၆ ရက်နေ့ ညပိုင်းမှာတော့ သေဆုံးသွားတဲ့ ရှာဇတ် ဟာဘစ်ရဲ့ ဈာပနကို တက်ရောက်ဖို့ ရော်လာကော့မြို့မှာ လူပေါင်းထောင်ချီ စုဝေးခဲ့ကြတယ်။ ပါကစ္စတန်ဘက်က ဆင်းလာတဲ့ Rangers, Punjab Constabulary နဲ့ Frontier Constabulary တို့လို စစ်တပ် ဒေါက်တိုင် လက်နက်ကိုင် အဖွဲ့တွေက လူစုလူဝေးထဲ တရားလက်လွှတ် ရမ်းသန်း ပစ်ခတ်ခဲ့လို့ လူပေါင်းများစွာ ထပ်မံ ကျဆုံးခဲ့ရတယ်။
ပါကစ္စတန် နိုင်ငံတော် အစိုးရက ရက်စက်ကြမ်းကြုတ်တဲ့ နေရာမှာ စံချိန်သစ် တင်လိုက်ပုံကတော့ အစုလိုက်အပြုံလိုက် အသတ်ခံထားရတဲ့ ကျဆုံး ပြည်သူတွေရဲ့ အလောင်းတွေကို အာဏာပိုင်တွေက အတင်းအဓမ္မ သိမ်းဆည်းသွားပြီး လူမသိ သူမသိ နေရာတွေမှာ စွန့်ပစ်ထားခဲ့တယ်။ တချို့ သတင်းတွေအရ အဲဒီနေ့ တရက်တည်းတင် လူ တရာကျော် အသတ်ခံခဲ့ရတယ်လို့ သိရတယ်။ Rawalakot မြို့မှာ နေဝင်မီးငြိမ်း ကာဖြူး အမိန့် ချက်ချင်း ထုတ်ပြန်ခဲ့ပြီး အမိန့်ချိုးဖောက်သူတိုင်းကို လုံထိန်းတွေက ပစ်ခတ်ခဲ့တယ်။
ခရီးရှည် ချီတက်ပွဲ
အစိုးရဘက်က အခုလို အကြမ်းဖက် ဖိနှိပ်နေပေမယ့် ခရီးရှည် ချီတက် ဆန္ဒပြပွဲကို မူလ စီစဉ်ထားတဲ့အတိုင်း ဇွန်လ(၉)ရက်နေ့မှာ စတင်ခဲ့တယ်။ အာဇတ် ကက်ရှ်မီးယားရဲ့ နေရာ အနှံ့အပြားက သပိတ် စစ်ကြောင်းကြီးတွေဟာ မြို့ Rawalakot ဆီ ဦးတည်ထွက်ခွာလာခဲ့ကြတယ်။ သပိတ် စစ်ကြောင်းတိုင်းဟာ လုံထိန်း တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်ခဲ့ရပြီး လူပေါင်းများစွာ ထပ်မံ အသက်ပေးခဲ့ရတယ်။
ရဲတပ်ဖွဲ့တွေက ဆန္ဒပြလူထုဆီ ချိန်ရွယ် ပစ်ခတ်ခဲ့တဲ့အတွက် ကိုတလီမှာ အနည်းဆုံး ပြည်သူ ခြောက်ဦးလောက် ကျဆုံးခဲ့ရတယ်။ ဒဏ်ရာရ ပြည်သူတွေကို ဆေးရုံ ပို့ဆောင်တော့လဲ ရဲတပ်ဖွဲ့တွေက လိုက်လာပြီး ဆေးရုံထဲမှာပါ သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်။ ဆေးရုံအတွင်း ပစ်ခတ်ခံရမှု ဖြစ်စဉ်မှာ ပြည်သူတွေ ထပ်မံ ကျဆုံးခဲ့ရပြီး အမျိုးသမီးတဦး အပါအဝင် လူပေါင်းများစွာ ဒဏ်ရာရခဲ့ကြတယ်။ ကိုတလီမှာတင် မဟုတ်ဘဲ နေရာပေါင်းစုံမှာ အလားတူ ဖြစ်စဉ်တွေ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ထောင်သောင်းချီတဲ့ ပြည်သူတွေဟာ Rawalakot မြို့အဝင်အထိ ရောက်ရှိလာခဲ့ကြတယ်။
AAC ခေါင်းဆောင်တွေဟာ Rawalakot မြို့အဝင်က ဒါရက်ခ်မှာ ထိုင်သပိတ် ဆင်နွှဲမှာဖြစ်ကြောင်း ကြေညာခဲ့တယ်။ အစိုးရ အာဏာပိုင်တွေအနေနဲ့ အကြမ်းဖက် ရဲတပ်ဖွဲ့ အားလုံးကို ရုပ်သိမ်းပေးဖို့နဲ့၊ AAC အပေါ် အရေးယူမှု အားလုံးကို ရုပ်သိမ်းပေးဖို့ပါ AAC ခေါင်းဆောင်တွေက တောင်းဆိုထားတယ်။ တကယ်လို့ အစိုးရဘက်က ပယ်ချခဲ့ရင်လဲ ခေါင်းငုံ့ အရှုံးမပေးဘဲ တိုက်ပွဲကို ဆက်တိုက်သွားမှာ ဖြစ်ကြောင်း သစ္စာဆိုခဲ့ကြတယ်။

ထိုင်သပိတ်တိုက်ပွဲဟာ အခုချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး၊ ဆန္ဒပြ ပြည်သူတွေနဲ့ အစိုးရ ရဲတပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေကလဲ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတယ်။
ဇွန်လ ၉ ရက်နေ့ကတည်းက အာဇတ် ကက်ရှ်မီးယား ဒေသ တခုလုံးမှာ လှုပ်ရှားမှု အားလုံး လုံးဝ ရပ်ဆိုင်းသွားခဲ့ပြီ။ လမ်းပေါ်မှာ ကားတစီးမှ မရှိတော့သလို ဆိုင်တွေ၊ ရုံးတွေ အားလုံးလည်း ပိတ်ထားတယ်။ ရာနှုန်းပြည့် အထွေထွေ သပိတ်မှောက်ထားတာ တလနီးပါး ရှိနေပြီ။(ဒီဘာသာပြန်ကို ဖော်ပြချိန်မှာ တလကျော်သွားပြီ) အစိုးရအာဏာပိုင်တွေဘက်က ဒီသပိတ်ကို ဖြိုခွဲဖို့ နည်းလမ်းပေါင်းစုံ သုံးခဲ့ကြသလို၊ ဆိုင်ရှင်တွေကိုလဲ ဆိုင်တွေပြန်မဖွင့်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ အထူးသဖြင့် မြို့တော် Muzaffarabad မှာ ခြိမ်းခြောက်မှုတွေ ပိုပြင်းထန်နေတယ်။ ဒါပေမဲ့ အစိုးရဘက်က ကြိုးစား အားထုတ်သမျှ ဘာတခုမှ အရာမထင်ဘူး။
ပါကစ္စတန်ကနေ အာဇတ် ကက်ရှ်မီးယားဆီ ဝင်မယ့် ဝင်ပေါက်အားလုံးကို သပိတ်မှောက် ပြည်သူတွေက ပိတ်ဆို့ထားလိုက်ပြီ။ အစိုးရဘက်က လမ်းပြန်ပွင့်အောင် မစွမ်းဆောင်နိုင်သေးဘူး။ ဝင်ပေါက် နေရာတွေမှာ သပိတ်မှောက် လူထုက ကိုယ်ပိုင် အတားအဆီးတွေ ချပြီး ပိတ်ဆို့ထားတယ်။ တဖက်မှာတော့ စားသောက်ကုန်၊ ဆေးဝါးနဲ့ တခြား မရှိမဖြစ် ကုန်စည်တွေ အပါအဝင် နေ့စဉ်ဘဝ အခြေခံ လိုအပ်ချက် ကုန်စည် စီးဆင်းမှု အားလုံးကို အစိုးရဘက်က ပိတ်ဆို့ထားတယ်။
အာဇတ် ကက်ရှ်မီးယား ဒေသမှာ နေထိုင်တဲ့ လူဦးရေ လေးသန်းလုံးကို ဝိုင်းပတ် ပိတ်ဆို့ပြီး သပိတ်ကို ဖြိုခွင်းဖို့ ပါကစ္စတန် အစိုးရက ကြိုးပမ်းနေတာ ဖြစ်တယ်။ အစိုးရဘက်က သုံးလာတဲ့ ဖိနှိပ်ရေး နည်းလမ်းတွေဟာ ဂါဇာဒေသမှာ အစ္စရေးလ်ဘက်က သုံးခဲ့တဲ့ နည်းလမ်းတွေနဲ့ အတူတူ ဖြစ်နေတယ်။ ဒါပေမဲ့ သပိတ်မှောက် ပြည်သူတွေက အညံ့မခံဘဲ ဒီဖိနှိပ်မှုကို ဆက်လက် တွန်းလှန် တိုက်ခိုက်သွားဖို့ အသင့်ဖြစ်နေကြပြီ။
ပါကစ္စတန် အစိုးရဟာ နိုင်ငံတော်ပိုင် မီဒီယာတွေကိုပါ သုံးပြီး သပိတ်တိုက်ပွဲကို ပုံဖျက်တိုက်ခိုက်တဲ့ ကမ်ပိန်းကြီး ဆင်နွှဲနေပြီ ဖြစ်တယ်။ နိုင်ငံရေးသမားတိုင်း၊ မီဒီယာ နာမည်ကျော်တိုင်းဟာ ဒီလူထု တိုက်ပွဲကို နေ့စဉ်နဲ့အမျှ ပုံဖျက် စော်ကားနေကြတယ်။ AAC ကို အိန္ဒိယက ထောက်ပံ့ပေးထားတဲ့ အကြမ်းဖက် အဖွဲ့အစည်းလို့ တံဆိပ်ကပ် စွပ်စွဲနေကြတယ်။ AAC နဲ့ အိန္ဒိယ အစိုးရကြား ပတ်သက်မှုတွေ ရှိနေကြောင်း တွေ့ရှိချက် အသစ်တွေ ဆိုပြီး နေ့စဉ်နဲ့အမျှ သတင်းမှားတွေ လွှင့်နေကြတယ်။
အာဇတ် ကက်ရှ်မီးယားနေ ပြည်သူ အများစုကြီးရဲ့ ထောက်ခံမှုကို ရထားတဲ့ ဒီလှုပ်ရှားမှုကြီးကို ပါကစ္စတန် နိုင်ငံတော်ကို သစ္စာဖောက်တဲ့ လျှို့ဝှက် ကြံစည်မှုကြီး တခုလို တံဆိပ်ကပ် ပုံဖျက်နေကြတယ်။ လှုပ်ရှားမှုရဲ့ အဓိက ခေါင်းဆောင် လေးဦးကို အစိုးရဘက်က ပါကစ္စတန် ရူပီး (၁၀) သန်းတန် ဆုငွေထုတ်ပြီး ဖမ်းဆီးဖို့ ကြေညာထားတယ်။
လူထုတိုက်ပွဲကို အစိုးရက ပုံဖျက်ဖို့ သွေးရူးသွေးတန်း ကြိုးစားနေကြပေမဲ့ လှုပ်ရှားမှုအပေါ် ထောက်ခံမှုက တနေ့တခြား ဒီရေအလား တိုးပွားလာနေတယ်။ သပိတ်တိုက်ပွဲပေါ် ထောက်ခံမှုက အရင်က မမြင်ဖူးခဲ့တဲ့ အနေအထားအထိ တိုးတက်နေပြီ။ အထင်ရှားဆုံး ပြယုဂ်ကတော့ အမျိုးသမီးပေါင်း ထောင်နဲ့ချီ ပါဝင်လာကြတာပဲ ဖြစ်တယ်။ ဒါဟာ လူထု လှုပ်ရှားမှု အခက်တွေ့နေချိန်မှာ အခြေအနေကို ပြောင်းပြန် လှန်ပစ်ပေးခဲ့တယ်။
ဇွန်လ (၁၄) ရက်က စပြီး မြို့အသီးသီးမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ပါဝင်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြတယ်။ Rawalakot မြို့ပြင်က ဒါရက်ခ် ထိုင်သပိတ် စခန်းကို ထောင်နဲ့ ချီတဲ့ အမျိုးသမီးတွေ ထပ်မံ ပူးပေါင်းလာကြတယ်။ သပိတ် တိုက်ပွဲဝင် အမျိုးသမီးတွေရဲ့ မိန့်ခွန်းတွေဟာ အင်မတန် ရဲဝံ့ တောက်ကြွားလှပေတယ်။ ဒီတိုက်ပွဲအတွက် အသက်ကို စတေးစွန့်လွှတ်ဖို့ အသင့်ရှိကြောင်း၊ အစိုးရရဲ့ အကြမ်းဖက် တိုက်ခိုက်လာမှုကို ပြန်တွန်းလှန်တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း သပိတ် တိုက်ပွဲဝင် အမျိုးသမီးတွေက ဆိုကြတယ်။
ကမ္ဘာတဝှမ်းမှာ အနှံ့အပြား ရောက်ရှိနေတဲ့ ကက်ရှ်မီးယား ဒေသခံတွေကလဲ ဒီသပိတ် တိုက်ပွဲကို တခဲနက် ထောက်ခံထားတယ်။ လန်ဒန်မြို့ ပါကစ္စတန် သံရုံး အပြင်ဘက်မှာ သပိတ် တိုက်ပွဲကို ထောက်ခံတဲ့ လူထု ဆန္ဒပြပွဲ နှစ်ခု ဖြစ်ပွားခဲ့တယ်။ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်တွေ၊ ပါလီမန် အမတ်တွေနဲ့ တခြားသော ကက်ရှ်မီးယားဖွား တက်ကြွလှုပ်ရှားသူတွေ အမြောက်အမြားက ဒီသပိတ်တိုက်ပွဲကို ထောက်ခံကြတယ်၊ ပါကစ္စတန် အစိုးရရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေ ရပ်တံ့ဖို့နဲ့ သပိတ် တိုက်ပွဲရဲ့ တောင်းဆိုချက်တွေကို လိုက်လျောဖို့ ဆော်ဩနေကြတယ်။
ဒီလို ထောက်ခံမှုတွေ ရှိနေပေမဲ့လဲ ပါကစ္စတန် အစိုးရဟာ အာဇက် ကက်ရှ်မီးယား အုပ်ချုပ်ရေးပိုင်းက သူတို့ လက်ပါးစေတွေနဲ့ ပေါင်းပြီး သပိတ်မှောက် ပြည်သူတွေကို ရက်ရက်စက်စက် ဖြိုခွဲနှိမ်နင်းမှုတွေ ဆက်လုပ်နေဆဲပဲ။ အာဏာပိုင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲတွေမှာ သပိတ် တပ်သားတွေ အသတ်ခံရတဲ့ သတင်းတွေ နေ့စဉ်နဲ့အမျှ ရနေတယ်။
AAC ရဲ့ အဓိက ခေါင်းဆောင်တွေထဲက တယောက် ဖြစ်သလို၊ မူဇာဖာရာဘတ် မြို့ခံလဲ ဖြစ်တဲ့ Shaukat Nawaz Mir ရှအူကတ် နာဝက်ဇ် မီယာဟာ သပိတ်တိုက်ပွဲမှာ တသွေးတည်း တသားထဲ တိုက်ပွဲဝင်ဖို့ Rawalakot မြို့ဆီ တိတ်တဆိတ် သွားရင်း ပြီးခဲ့တဲ့ အပတ်က ဖမ်းဆီးခံခဲ့ရတယ်။ နာဝက်ဇ် မီယာကို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ ခုထိ မသိရသေးသလို အစိုးရဘက်ကလဲ နာဝက်ဇ် မီယာကို ရုံးတင်စစ်ဆေးခြင်း မရှိသေးဘူး။ နာဝက်ဇ် မီယာ အဖမ်းခံရပြီးနောက် အာဇတ် ကက်ရှ်မီးယား ဒေသတခွင်က မြို့ကြီး ပေါင်းစုံမှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြတယ်။ သပိတ် တိုက်ပွဲရဲ့ ဗဟို ခေါင်းဆောင်ပိုင်းကလဲ လူထု ဆန္ဒပြပွဲတွေ ဆင်နွှဲကြဖို့၊ ဇူလိုင် (၅)ရက်နေ့မှာ ထိုင်သပိတ် ဆင်နွှဲကြဖို့ တိုက်ပွဲခေါ်ခဲ့တယ်။ သပိတ် ခေါင်းဆောင်တွေရဲ့ တိုက်ပွဲခေါ်သံကို လူထုက သမိုင်းတွင်လောက်မယ့် တုန့်ပြန်မှုမျိုးနဲ့ ကြိုဆိုခဲ့တယ်။
ဇူလိုင် (၅)ရက် ဆန္ဒပြပွဲများ
အစိုးရ အာဏာပိုင်တွေက ဇူလိုင်(၅)ရက် ဆန္ဒပြပွဲတွေကို ချေမှုန်းဖို့၊ လှုပ်ရှားမှုကို ဖြိုခွဲဖို့ ကြိုးစားခဲ့တယ်။ ဇူလိုင်(၃)ရက်နေ့ ညအစောပိုင်းမှာတင် ဒါရက်ခ် ပင်မ သပိတ်စခန်းကို အင်အားသုံး ဖြိုခွင်းဖို့ အစိုးရဘက်က ကြိုးစားခဲ့တယ်။ လုံခြုံရေး တပ်ဖွဲ့ဝင် ထောင်ဂဏန်းလောက်ဟာ သပိတ်မှောက် ပြည်သူတွေကို တိုက်ခိုက်ဖို့၊ မည်းမည်းမြင်ရာ ပစ်သတ်ဖို့အတွက် သံချပ်ကာ ကားတွေနဲ့အတူ ရော်လာကော့ မြို့ထဲကနေ ပင်မ သပိတ်စခန်းဆီ ဦးတည် ချီတက်လာခဲ့တယ်။
အစိုးရဘက်က အခုလို သွေးချောင်းစီး သတ်ဖြတ်ဖို့ ကြိုးစားလာတာကို သပိတ် တပ်သားတွေက တားဆီးနိုင်ခဲ့တယ်။ အစိုးရ လုံထိန်းတွေ ချီတက်လာမယ့် လမ်းမှာ သစ်ပင်ကြီးတွေ ခုတ်လှဲ ပိတ်ဆို့ထားခဲ့ကြတယ်။ သပိတ်တိုက်ပွဲကို ဖြိုခွဲဖို့ ရောက်လာသူတွေ ဘာမှ မတတ်နိုင်ဘဲ လှည့်ပြန်သွားခဲ့ရတယ်၊ ဒါပေမဲ့ အပြန်လမ်းမှာတောင် နာရီနဲ့ချီပြီး သေနတ်တွေ မိုးပေါ် ထောင်ဖောက်ခဲ့ကြတယ်။
ထူးခြားတာက ထိုင်သပိတ် အနီးဝန်းကျင် ဒေသက ပြည်သူတွေဟာ အိပ်စက်နေရာက သေနတ်သံကြားကြားချင်း အစိုးရ လုံထိန်းတွေရဲ့ လူသတ်ပွဲကို တုန့်ပြန် တိုက်ခိုက်ဖို့ ထိုင်သပိတ် ရှိရာဆီ ပြေးထွက်လာခဲ့ကြတာပဲ။
ထိုင်သပိတ် တိုက်ပွဲတွေမှာ တလနီးပါး ပါဝင်နေကြတဲ့ အင်အား တသိန်း ဝန်းကျင်ရှိသော ပြည်သူတွေ ဒီတိုက်ပွဲမှာ ဘယ်လောက်ထိ နက်နက်ရှိုင်းရှိုင်း စိတ်နှစ် ပါဝင်နေကြသလဲဆိုတာ ဒီအချက်ကို ကြည့်ရင် ရှင်းရှင်းလင်းလင်း မြင်ရမယ်။ သေနတ်သံတွေ ဘယ့်လောက် ညံနေပါစေ ပြည်သူတွေ နောက်တွန့် မသွားခဲ့ဘူး။ အဲဒီအစား ရန်သူနဲ့ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ဖို့သာ ဆန္ဒရှိကြတယ်။
ဒီအရေးအခင်း တခုလုံးက သပိတ် တိုက်ပွဲကို အားသစ် လောင်းပေးလိုက်သလို ဖြစ်ခဲ့တယ်။ ဇူလိုင် (၅)ရက်နေ့မှာတော့ သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ ဆန္ဒပြဖို့ လမ်းမတွေပေါ် ထွက်လာကြပြီး အာဇက် ကက်ရှ်မီးယားတခွင် ထိုင်သပိတ်တိုက်ပွဲတွေ ဆင်နွှဲခဲ့ကြတယ်။ မြို့တိုင်းလိုလို လုံထိန်း တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်တာတွေ ရှိခဲ့တယ်။ ဒီထိပ်တိုက်ရင်ဆိုင်မှုတွေအတွင်း လူပေါင်းများစွာ ထပ်မံ ကျဆုံးခဲ့ရတယ်။
သတင်းတခုအရဆိုရင် ဆန္ဒပြ မိခင်တဦးတရဲ့ လသား ကလေးငယ်လေးကို မိခင်ရဲ့ လက်တွင်းမှာတင် ပစ်ခတ် သတ်ဖြတ်ခံခဲ့ရတယ်။ သက်တမ်းရင့် တက်ကြွလှုပ်ရှားသူ တဦးလဲ မီယာပူရ Mirpur မှာ အသတ်ခံခဲ့ရတယ်။ တချိန်တည်းမှာပဲ မူဇာဖာရာဘတ်မှာလဲ အစိုးရ လုံထိန်း တပ်ဖွဲ့တွေနဲ့ ရင်ဆိုင် တိုက်ပွဲကြီးတခု ဖြစ်ပွားခဲ့တယ်။
ဒါရက်ခ် ပင်မ ထိုင်သပိတ် စခန်းမှာ လူပေါင်း ၁သိန်းခွဲလောက် စုဝေးခဲ့ကြပြီး သပိတ်စခန်းမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေကလဲ ပြီးခဲ့တဲ့ လအတွင်း ရက်ဒီကယ် အဖြစ်ဆုံး သပိတ် မိန့်ခွန်းတွေ ဖြစ်တယ်။ သပိတ် တပ်သားတိုင်းက တိုက်ပွဲကို အဆုံးသတ်တဲ့အထိ ဆင်နွှဲဖို့ သစ္စာပြုခဲ့ကြတယ်။ Inqalabi ကွန်မြူနစ် ပါတီ (RCP) ရဲ့ ကက်ရှ်မီးယား ရဲဘော် ဟီနာဇာအင် Hina Zain လဲ သပိတ် တိုက်ပွဲမှာ မိန့်ခွန်း ပြောကြားခဲ့တယ်။ ဒီမိန့်ခွန်းထဲမှာ ပါကစ္စတန်နဲ့ ကမ္ဘာ့ အလုပ်သမား လူတန်းစားက ဒီသပိတ် တိုက်ပွဲကို ထောက်ခံကြောင်း၊ အောင်ပွဲရသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားရမှာ ဖြစ်ကြောင်း၊ ဒီတိုက်ပွဲသာ အနိုင်ရခဲ့ရင် ကမ္ဘာ တဝှမ်းလုံးက အလုပ်သမားထုရဲ့ အောင်ပွဲ ဖြစ်လာမှာ ဖြစ်ကြောင်း Hina Zain ပြောခဲ့တယ်။
AAC ခေါင်းဆောင်ပိုင်းက အစိုးရအနေနဲ့ သပိတ်တိုက်ပွဲရဲ့ တောင်းဆိုချက်တွေကို သုံးရက်အတွင်း အဖြေပေးဖို့ ရာဇသံပေးထားတယ်၊ ဇူလိုင် (၉)ရက်မှာ တိုက်ပွဲ နောက်တဆင့် တက်မှာ ဖြစ်ကြောင်း ကြေညာထားတယ်။
ဘယ်လိုရှေ့ဆက်မလဲ
ဒီသပိတ် တိုက်ပွဲဟာ စစ်မြေပြင် တဖက်တချက်ဆီမှာ ရင်ဆိုင်မိနေပြီဖြစ်တဲ့ လူတန်းစားတွေကြား အဆုံးအဖြတ် တိုက်ပွဲအဆင့်ဆီ ရောက်လာခဲ့ပြီ။ ဒီတိုက်ပွဲကို ချေမှုန်းပစ်ဖို့ ပါကစ္စတန် အစိုးရက နည်းလမ်းပေါင်းစုံ၊ ဥပဒေ လှည့်ကွက်ပေါင်းစုံကို အသုံးချခဲ့ပြီးပေမဲ့ အခုချိန်ထိ သူတို့ ရည်ရွယ်ထားသမျှ ဘာတခုမှ ဖြစ်မလာသေးဘူး။
အစိုးရဟာ လှုပ်ရှားမှုကို ပုံဖျက်ဖို့အတွက် အကျင့်ပျက် နိုင်ငံရေး ပါတီတွေကို သုံးပြီး နိုင်ငံရေးအရ အပုပ်ချတာတွေ၊ လွှတ်တော်တွင်း နည်းလမ်းတွေနဲ့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ အကြိမ်ကြိမ် ကျရှုံးခဲ့ရတယ်။ ဒီနိုင်ငံရေး ပါတီတွေဟာ အာဇတ် ကက်ရှ်မီးယား ဒေသရဲ့ ဘယ်နေရာမှာမှ လူ ရာဂဏန်းလောက် ပါဝင်တဲ့ အစည်းအဝေးလေးတွေတောင် ပြုလုပ်နိုင်ခြင်း မရှိဘူး။ ဒါပေမဲ့ သူတို့ လက်ထဲမှာ အာဏာရှိနေဆဲ ဖြစ်တယ်။ ဇူလိုင် (၂၇) မှာ ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲတွေ ပြီးရင် ဒီပါလီမန်ထဲကို နောက်တကြိမ် ပြန်လာဖို့ ပြင်ဆင်နေကြတယ်။ ဝန်ကြီးချုပ်ဟောင်း တဦး အပါအဝင် တချို့ နိုင်ငံရေးသမားတွေဆိုရင် သူတို့ရဲ့ မဲဆန္ဒနယ်ထဲ ဝင်ရောက်ဖို့ ကြိုးစားနေတုန်းမှာပဲ လူအုပ်ကြီးက ဝိုင်းဝန်း ရိုက်နှက်တာ ခံခဲ့ရတယ်။
တရားစီရင်ရေး၊ ဗျူရိုကရေစီနဲ့ တခြား အင်စတီကျူးရှင်းတွေ အားလုံး လှိုက်စား ပျက်ဆီးနေတဲ့ အချက်က ဖုံးမရအောင် ပေါ်ပေါက်နေပြီ။ ဒီလူတွေဟာ ကက်ရှ်မီးယား ပြည်သူတွေရဲ့ ရန်သူတွေ ဖြစ်ကြောင်း လူတိုင်းက ဘွင်းဘွင်းရှင်းရှင်း မြင်နိုင်သွားပြီ။
ပါကစ္စတန် အစိုးရဟာ သူတို့ကိုယ်သူတို့ ကက်ရှ်မီးယား ပြည်သူတွေရဲ့ အခွင့်အရေးဘက်က ခုခံ ကာကွယ်နေသူတွေအဖြစ် ဂုဏ်တင် ပဏာယူလေ့ရှိပြီး အိန္ဒိယ အစိုးရကိုတော့ အိန္ဒိယဘက်က သိမ်းထားတဲ့ ကက်ရှ်မီးယား ဒေသခံ ပြည်သူတွေကို ဖိနှိပ်နေသူအဖြစ် အမြဲလိုလို ပုံဖော် စွပ်စွပ်ခဲ့တယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ကက်ရှ်မီးယား ညီအစ်ကို မောင်နှမတွေနဲ့ “သွေးစည်းညီညွတ်မှု ရှိပါတယ်” ဆိုတဲ့ ပါကစ္စတန် အစိုးရရဲ့ လေလုံးထွားမှုတွေဟာ ဘယ်လောက်တောင် ကြောင်သူတော် ဆန်လိုက်သလဲ ဆိုတာ လူတိုင်းရှေ့ ဘွင်းဘွင်းကြီး ပေါ်လာခဲ့ပြီ။ ဒီဟန်ဆောင်မှုဟာ ပြီးခဲ့တဲ့ နှစ် (၇၀) အတွင်း ပါကစ္စတန် အစိုးရရဲ့ အိုင်ဒီယော်လော်ဂျီ မဏ္ဍိုင်ကြီးတွေထဲက တခု ဖြစ်တယ်။

ဒါပေမဲ့ အခုချိန်မှာတော့ အာဇတ် ကက်ရှ်မီးယားမှာ ပါကစ္စတန် အစိုးရကိုယ်တိုင် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ခုနစ်စုအတွင်း အိန္ဒိယ အစိုးရက သူတို့ သိမ်းပိုက်ထားတဲ့ နယ်မြေထဲ ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေနဲ့ အတူတူ ဖြစ်နေပြီ။
၂၀၁၉ ခုနှစ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ မိုဒီ အစိုးရက ကက်ရှ်မီးယား ဒေသကို အိန္ဒိယ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ အတိအလင်း ပြဋ္ဌာန်းထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ အဆင့်အတန်းကနေ ဖယ်ရှားပစ်ခဲ့တယ်၊ ဒါ့ကြောင့် ထွက်ပေါ်လာတဲ့ Srinagar နဲ့ တခြားမြို့ကြီးတွေက ဆန္ဒပြပွဲတွေကို အိန္ဒိယအစိုးရက သံစေ့ ကျည်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တယ်။ ပါကစ္စတန် အစိုးရကလဲ ပြီးခဲ့တဲ့ လက ရော်လာကော့မှာ ဆန္ဒပြ ပြည်သူတွေကို သံစေ့ ကျည်တွေသုံးပြီး ပစ်ခတ် ဖြိုခွင်းခဲ့တယ်။ အိန္ဒိယ အစိုးရဘက်က သံစေ့ ကျည်တွေ အသုံးပြု ပစ်ခတ်ဖြိုခွဲတဲ့ လုပ်ရပ်ကို ပါကစ္စတန် အစိုးရက နိုင်ငံတကာ ဖိုရမ်တွေမှာ ကန့်ကွက်ခဲ့ဖူးတယ်။
အိန္ဒိယ အစိုးရပိုင် ကက်ရှ်မီးယား ဒေသက ပါကစ္စတန် လိုလားသူလို့ သတ်မှတ်ခံထားရတဲ့ တက်ကြွလှုပ်ရှားသူ အများအပြားနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေဟာလဲ ပါကစ္စတန် အစိုးရရဲ့ အကြမ်းဖက် နှိပ်ကွပ်မှုတွေကို ကန့်ကွက် ဆန္ဒပြနေကြတယ်။ ဒါကိုကြည့်ရင် ပါကစ္စတန် အစိုးရ အာဏာပိုင်တွေဟာ သေရေးရှင်ရေး တိုက်ပွဲဝင်နေရတာ ထင်ရှားတယ်။ လူထု တိုက်ပွဲဘက်က နောက်ထပ် အောင်ပွဲရသွားခဲ့ရင် နိုင်ငံတော်ရဲ့ အာဏာစက်ကို ထိခိုက်ပျက်ဆီးစေမှာ ဖြစ်ကြောင်း သူတို့ ယူဆနေတာကိုလဲ တွေ့နိုင်တယ်။
အာဝါမီ ဦးဆောင်ကော်မတီက အာဏာသိမ်းရမယ်
အခြားတဖက်မှာတော့ လှုပ်ရှားမှုဟာ အခြေခံ အခွင့်အရေး တိုက်ပွဲကနေ လူထုကိုယ်တိုင် အာဏာသိမ်းနိုင်တဲ့ လှုပ်ရှားမှုအဖြစ် တက်လှမ်းသွားခဲ့ပြီ ဖြစ်တယ်။
အမှန်တော့ AAC ခေါင်းဆောင်ပိုင်းအနေနဲ့ သိန်းနဲ့ချီသော လူထုကြီးကို ဦးဆောင်ပြီး ရော်လာကော့ မြို့ဆီ ဦးတည်ချီတက်ရင်း မြို့ကို သိမ်းပိုက်ဖို့ လုံထိန်း တပ်ဖွဲ့တွေနဲ့ အပြင်းအထန် တိုက်ခိုက်သင့်ပြီ။ ဒီလိုသာ တိုက်ပွဲဝင်လိုက်ရင် အခြေအနေ တစုံလုံး လုံးဝ ပြောင်းလဲသွားလိမ့်မယ်။ အာဇတ် ကက်ရှ်မီးယား တခွင်က ပြည်သူတွေဟာ ခေါင်းဆောင်ပိုင်းကို ဒီလမ်းအတိုင်း လျှောက်လှမ်းဖို့ တွန်းပို့နေကြပြီ ဖြစ်တယ်။ ရှေ့ဆက် တိုက်ပွဲဝင်ဖို့၊ ရော်လာကော့ မြို့ကို သိမ်းပိုက်ပြီး မြို့တော် မူဇာဖာရာဘတ်ဆီ ဆက်ချီတက်ဖို့ လူထုက ခေါင်းဆောင်ပိုင်းကို တွန်းအားပေးနေပြီ။
ဒီလို တိုက်ပွဲဝင်လိုက်ရင် အသက်တွေ ထပ်ဆုံးရှုံးရမှာ စိုးရိမ်တဲ့အတွက် အာဝါမီ ဦးဆောင်ကော်မတီ ခေါင်းဆောင်ပိုင်းက တွန့်ဆုတ်နေတယ်။ ညှိနှိုင်း ဆွေးနွေးပွဲတွေကတဆင့် ငြိမ်းချမ်းစွာ အဖြေရှာဖို့ အာဏာပိုင်တွေကို တောင်းဆိုနေတယ်။ ဒါပေမဲ့ အခြေအနေတွေက နောက်ပြန်လှည့်လို့မရတဲ့ အဆင့်ကို ရောက်သွားပြီ။ ဒီအခြေအနေမှာသာ လှုပ်ရှားမှု အရေးနိမ့်သွားခဲ့ရင် နိုင်ငံတော် အာဏာပိုင်တွေက ကက်ရှ်မီးယားကို မီးလောင်တိုက်သွင်းကြလိမ့်မယ်။ သပိတ်တပ်သား ရာနဲ့ချီပြီး သတ်ဖြတ်ခံရလိမ့်မယ်၊ ထောင်ပေါင်းများစွာသော ပြည်သူတွေကို အကြမ်းဖက် တံဆိပ်ကပ်ပြီး ဖမ်းဆီးကြလိမ့်မယ်။
အခုတောင် သပိတ်တိုက်ပွဲဝင် ပြည်သူတွေရဲ့ အိမ်တွေကို နေ့စဉ်နဲ့အမျှ ဝင်စီးတာ၊ ဘူဒိုဇာနဲ့ ဖြိုချတာတွေ ရှိနေပြီ။ အဲဒီလို ဝင်စီး ဖြိုချတဲ့ ဖြစ်စဉ်တွေအတွင်း နေအိမ်တွင်းက အမျိုးသမီးတွေကို စော်ကားပြုမူနေကြပြီ။ အာဏာပိုင်တွေဘက်က နေ့စဉ်နဲ့အမျှ မရိုးရအောင် ခြိမ်းခြောက်နေတယ်။ မီဒီယာတွေကတဆင့် ပုံဖျက်တဲ့ ကမ်ပိန်းက တနေ့တခြား ပိုဆိုးဝါးလာနေပြီ။ ပါကစ္စတန် တဝှမ်းက ထောက်ခံ ဆန္ဒပြပွဲတွေနဲ့ ဆိုရှယ် မီဒီယာကဆင့် ထောက်ခံမှုတွေကို အစိုးရဘက်က အပြင်းထန်ဆုံး ဖိနှိပ်နေတယ်။ ထောက်ခံ ဆန္ဒပြပွဲလေးတွေမှာ ပါဝင်ရုံနဲ့တင် တက်ကြွလှုပ်ရှားသူ အချို့ကို ဖမ်းဆီးတာ၊ ခြိမ်းခြောက်တာတွေ လုပ်နေပြီ။
ဒီအချိန်မှာ ရွေးလမ်း ဆိုလို့ ရှေ့ဆက်လှမ်းဖို့ တလမ်းသာ ရှိတယ် – ရော်လာကော့ မြို့ထဲ ဝင်ပြီး မြို့သိမ်း တိုက်ပွဲ ဆင်နွှဲရမယ်။ ထိုင်သပိတ်ကို အချိန်ကာလ အကန့်အသတ် မရှိ ဆင်နွှဲနေဖို့ မဖြစ်နိုင်ဘူး။ ခေါင်းဆောင်ပိုင်းက လူထု ဆန္ဒပြပွဲတွေ၊ ထိုင်သပိတ်တွေ ဆင်နွှဲဖို့ တချိန်လုံး တပ်လှန့်နေရုံနဲ့ မရဘူး။ ခေါင်းဆောင်ပိုင်းက ရှေ့ဆက် တိုက်ပွဲဝင်ဖို့ တွန့်ဆုတ်နေမယ်ဆိုရင် လှုပ်ရှားမှုတခုလုံး ဖြိုခွဲခံရနိုင်တယ်။ အဲဒီလိုသာ ဖြိုခွဲခံလိုက်ရရင် အာဇက် ကက်ရှ်မီးယား ဒေသက အလုပ်သမား လူတန်းစားသာမက ပါကစ္စတန် တနိုင်ငံလုံးက အလုပ်သမားထု တရပ်လုံးပါ အလွန် ဆိုးဝါးတဲ့ နောက်ဆက်တွဲ ဖိနှိပ်မှုတွေ ခံရလိမ့်မယ်။
ခေါင်းဆောင်ပိုင်းကသာ ရော်လာကော့ မြို့ဆီ ချီတက်ပြီး ပါကစ္စတန်က လွှတ်ထားတဲ့ အစိုးရ လုံထိန်း တပ်ဖွဲ့တွေလက်ထဲက မြို့ကို ပြန်သိမ်းဖို့ တိုက်ပွဲ ခေါ်လိုက်မယ်ဆိုရင် လူထုဘက်က တခဲနက် ထောက်ခံလာလိမ့်မယ်။ ဒါ့အပြင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် သိန်းပေါင်းများစွာသော ပြည်သူတွေကိုယ်တိုင် အတူလက်တွဲ တိုက်ပွဲဝင်ကြလိမ့်မယ်။
ဒီ အဆုံးအဖြတ် တိုက်ပွဲသာ အနိုင်ရခဲ့ရင် အခြေအနေ တခုလုံး ပြောင်းလဲသွားလိမ့်မယ်။ အာဏာ ပြဿနာလဲ ပေါ်ထွက်လာလိမ့်မယ်။ ဒီအခြေအနေ ရောက်လာရင် AAC ခေါင်းဆောင်ပိုင်းက သူတို့ကိုယ်သူတို့ အစိုးရသစ်အဖြစ် ကြေညာပြီး အာဏာကို လက်ရသိမ်းနိုင်ဖို့ မြို့တော် မူဇာရာဘတ်ဆီ ဆက်ချီတက်ရလိမ့်မယ်။ တကယ်တမ်း ခေါင်းဆောင်ပိုင်းရဲ့ လက်ထဲမှာ အစိုးရဖွဲ့နိုင်တဲ့ အာဏာရှိနေပြီသား၊ ဒါပေမဲ့ သူတို့ အခုထိ မကြေညာသေးဘူး။
ခေါင်းဆောင်ပိုင်းဘက်က အာဏာသိမ်းဖို့ ရည်ရွယ်ထားကြောင်း ကြေညာလိုက်တာနဲ့ တပြိုင်နက် သူတို့ ဘာအတွက် တိုက်ပွဲဝင်နေတာလဲ ဆိုတာပါ ကြေညာရလိမ့်မယ်။ လူတိုင်း အခမဲ့ ကျန်းမာရေး၊ လူတိုင်းအတွက် အခမဲ့ ပညာရေး၊ အစိုးရ အရာရှိကြီးတွေနဲ့ နိုင်ငံရေးသမားတွေက လူထု ဘဏ္ဍာ အလွဲသုံးပြီး ဇိမ်ခံယစ်မူးနေတာ အားလုံး အဆုံးသတ်ပစ်ရေး စတဲ့ တိုက်ပွဲ ရည်မှန်းချက်တွေကို ကြေညာရလိမ့်မယ်။ လူတိုင်း အလုပ်အကိုင် ရရှိရေးနဲ့ လူတိုင်း ပင်စင် ခံစားခွင့် ရရှိရေး အစီအမံတွေလဲ ကြေညာရလိမ့်မယ်။
ဒီပရိုဂရမ်ကိုသာ ကြေညာလိုက်ရင် ပါကစ္စတန် အလုပ်သမား လူတန်းစားဆီက တခဲနက် ထောက်ခံမှု ရလာလိမ့်မယ်။ အစိုးရသစ်ကို လူထုက တခဲနက် ထောက်ခံကြလိမ့်မယ်။ အစိုးရသစ်ဟာ နယ်ချဲ့ ပါဝါတွေနဲ့ သူတို့ လက်ဝေခံ အင်စတီကျူးရှင်းတွေကိုလဲ ဖော်ထုတ် ရှုတ်ချသင့်တယ်။ အဲဒီလို နယ်ချဲ့ လက်ဝေခံ အင်စတီကျူးရှင်းတွေထဲမှာ ယူအန် နဲ့ ကမ္ဘာတဝှမ်းက ‘လူ့အခွင့်အရေး’ အမည်ခံ အဖွဲ့တွေလဲ ပါတယ်။ အစိုးရ အသစ်ဟာ နယ်ချဲ့ လက်ဝေခံ အဖွဲ့အစည်းတွေကို မျှော်လင့်ချက်ထားမဲ့အစား ကမ္ဘာ့ အလုပ်သမား လူတန်းစားဆီက သွေးစည်းညီညွတ်မှု အကူအညီကိုသာ တောင်းခံသင့်တယ်။
အစိုးရ အသစ်ဟာ နိုင်ငံ အသီးသီးက သမဂ္ဂ ကိုယ်စားလှယ်တွေကို ဒီလှုပ်ရှားမှုအပေါ် ထောက်ခံကြောင်း ကြေညာဖို့ ဖိတ်ခေါ်ရမယ်။ ဒီအတွက် စမှတ်က ပါကစ္စတန် တဝှမ်းက အလုပ်သမားထုကြီးပဲ။ အဆုံးမှာတော့ ဒီ လှုပ်ရှားမှုရဲ့ အန္တိမ အောင်ပွဲဟာ အရင်းရှင် စနစ်ကို ဆိုရှယ်လစ် တော်လှန်ရေးနဲ့ ဖြိုချပစ်မှသာ ဖြစ်နိုင်တယ်။ အာဇက် ကက်ရှ်မီးယားတင်မက ပါကစ္စတန်နဲ့ အိန္ဒိယအပါအဝင် အိန္ဒိယတိုက်ငယ်တခုလုံး ဆိုရှယ်လစ် တော်လှန်ရေး ဆင်နွှဲခြင်းဖြင့်သာ အဆုံးသတ် အောင်ပွဲခံနိုင်မယ်။

ဆိုရှယ်လစ် ဖက်ဒရေးရှင်း တခု ထူထောင်ဖို့ လိုအပ်တယ်။ ဒီဆိုရှယ်လစ် ဖက်ဒရေးရှင်းဟာ ကက်ရှ်မီးယား ဒေသခံတွေအပေါ် နိုင်ငံတော်ရဲ့ ဖိနှိပ်မှုကို လုံးဝ အပြီးသတ် ချုပ်ငြိမ်းစေရုံတင်မကဘဲ ဒေသကြီး တခုလုံးက သန်းပေါင်းများစွာသော ပြည်သူတွေကို ဒုက္ခတွေ၊ ဆင်းရဲ မွဲတေမှုတွေ၊ အဆုံးမရှိ စစ်ပွဲတွေနဲ့ သွေမြေကျ သံသရာကနေ လွတ်မြောက်သွားစေလိမ့်မယ်။
အခု အခြေအနေမှာ ဒီလို အဆုံးသတ် တိုက်ပွဲဝင်ဖို့ လုံးဝ ဖြစ်နိုင်တယ်။ အာဇက် ကက်ရှ်မီးယားက လူတိုင်း အသွေးထဲ အသားထဲကနေ ဒါကို ခံစားမိနေပြီ၊ သွေးတစက်ကျတိုင်း ရှေ့ဆက် တိုက်ပွဲဝင်ဖို့ သူတို့ အသင့် ဖြစ်နေပြီ။ ဒါပေမဲ့ ဒီလို ရယ်ဒီကယ်ဆန်တဲ့ အစီအမံတွေကို ရဲရဲရင့်ရင့် အကောင်အထည်ဖော်ဖို့ အမြင်ကျယ်ပြီး တော်လှန်ရေး ပိုင်းဖြတ်ချက် အပြည့်ရှိတဲ့ ခေါင်းဆောင်မှုတရပ် လိုအပ်တယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်း သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါလ် အပါအဝင် ဒေသကြီး တခုလုံး လူထု လှုပ်ရှားမှုတွေ ထွက်ပေါ်လာတာကို ငါတို့ မြင်တွေ့ခဲ့ရတယ်။ အဲဒီ နိုင်ငံတွေမှာ လူထုရဲ့ ပြဿနာတွေကို အမြစ်ပြတ် ဖြေရှင်းဖို့ လူထု လှုပ်ရှားမှုကြီးတွေ ပေါက်ကွဲထွက်လာပြီး လူမုန်းများလှတဲ့ အစိုးရတွေကို ဖြုတ်ချနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီထဲက ဘယ်လှုပ်ရှားမှုမှာမှ လူထုအနေနဲ့ ကိုယ်တိုင် စုစည်းပြီး အာဏာကို လက်ရသိမ်းနိုင်ခြင်း မရှိခဲ့ဘူး။ ရလဒ်ကတော့ အစိုးရတွေ ပြောင်းသွားပေမဲ့ လူထု ဘဝက တိုးတက်မလာခဲ့ဘူး။ ဒါပေမဲ့ အာဇတ် ကက်ရှ်မီးယားမှာတော့ လူထု ဘဝ လွတ်မြောက်သွားစေနိုင်တဲ့ အလားအလာတွေ ရှိနေပြီ။ လက်တွေ့ အကောင်အထည် ပေါ်လာမလား ဆိုတာတော့ မကြာခင် မြင်ရလိမ့်မယ်။
တော်လှန်သော ကွန်မြူနစ် ပါတီ (RCP) ရဲဘော်တွေဟာ ဒီလှုပ်ရှားမှုမှာ တသားတည်း ပါဝင် လှုပ်ရှားရင်း ဒီသတင်းစကားကို လူထုဆီ သယ်သွားကြပြီ။ RCP ရဲဘော်တွေဟာ အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပြည်သူနဲ့အတူ လက်တွဲ ရင်ဆိုင်နေတယ်။ ထောက်ပို့လမ်းကြောင်းတွေ စီမံတာ အပါအဝင် လှုပ်ရှားမှုကြီးရဲ့ လုပ်ငန်းဆောင်တာ အရပ်ရပ်မှာ ပါဝင် ဆောင်ရွက်နေကြတယ်။ ငါတို့ရဲ့ အမျိုးသမီး ရဲဘော်တွေဟာ ကွန်ဆာဗေးတစ် အင်အားစုတွေကို တိုက်ပွဲဝင်ရင်း အမျိုးသမီးထုကြီးကို လှုံ့ဆော်စည်းရုံးတဲ့ နေရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်နေကြတယ်။ လာမယ့် ရက်တွေအတွင်း ငါတို့ ရဲဘော်တွေဟာ ဘယ်လို တော်လှန်ရေး တာဝန်ကိုမဆို ထမ်းဆောင်ဖို့ အသင့် ဖြစ်နေပြီ၊ ဒီလှုပ်ရှားမှုကြီး အောင်ပွဲရဖို့ ဘယ်လို စွန့်လွှတ်မှုမျိုးပဲ တောင်းဆိုလာပါစေ ပေးဆပ်လိုက်ဖို့ အသင့် ပြင်ထားတယ်။
တော်လှန်သော ကွန်မြူနစ် အင်တာနေရှင်နယ်က ရဲဘော် အားလုံးနဲ့ ကမ္ဘာ တလွှားက အလုပ်သမားထုအနေနဲ့ ဒီလှုပ်ရှားမှုကို ထောက်ခံ အားပေးဖို့၊ ပါကစ္စတန် အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပြစ်တင် ရှုတ်ချဖို့ ငါတို့ တောင်းဆိုလိုက်တယ်။
- လက်သည်း ဆိတ်ရင် လက်ထိပ်က နာရမယ်!
- အာဇက် ကက်ရှ်မီးယား အောင်ပွဲ ရရမယ်!
- ကမ္ဘာ့ အလုပ်သမားထုကြီး သွေးစည်းကြ!
မူရင်း ဆောင်းပါး – Mass movement of AAC in Pakistan-administered Kashmir defies brutal state repression to write a new chapter in history
ဘာသာပြန် – ရှင်မင်းဟန်
