ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု မဲခွဲပွဲ အခမ်းအနားမှာ ယူအက်စ် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပထမဦးဆုံးအကြိမ် ချီးမြှင့်တဲ့ “ဖီဖာ ငြိမ်းချမ်းရေးဆု” ကို ရရှိခဲ့ပါတယ်။
စင်စစ်အားဖြင့်တော့ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဖီဖာက ထရမ့်ကို မျက်နှာချိုသွေးဖို့ “ငြိမ်းချမ်းရေးဆု” ကိုတီထွင်ခဲ့တာ ဖြစ်ပါတယ်။
ဒီဆုနဲ့ ပတ်သက်ပြီး ဖီဖာရဲ့ ထုတ်ပြန်ချက်မှာ “ငြိမ်းချမ်းရေးအတွက် ထူးခြား ပြောင်မြောက်အောင် စွမ်းဆောင်နိုင်သူ၊ ကမ္ဘာတဝန်းရှိ ပြည်သူများကို စည်းလုံးညီညွတ်အောင် ပြုလုပ်နိုင်စွမ်းရှိသူ” ကို ချီးမြှင့်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဖီဖာရဲ့ ထုတ်ပြန်ချက်က Irony ဘယ့်လောက် ဆန်သလဲ ဆိုတာကို လူတိုင်းက ရိမ်မိကြပါတယ်။
ဘောလုံးလောကရဲ့ အဂတိ အလိုက်စားဆုံး ပုဂ္ဂိုလ်လို့ ကျော်ကြားသူ ဖီဖာ ဥက္ကဋ္ဌ ဂျီယာနီ အင်ဖန်တီနိုထံက ဆုကို လက်ခံပြီးနောက်မှာ ဒေါ်နယ်ထရမ့်က ရှည်လျားထွေပြားတဲ့ မိန့်ခွန်း တခုကို ပြောကြားခဲ့ပါတယ်။
သူရဲ့ မိန့်ခွန်းထဲမှာ “ကျနော်ဟာ လူဦးရေ သန်းပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ခဲ့တယ်”၊ “စစ်ပွဲပေါင်းများစွာကို လက်မတင်အချိန်လေးမှာ တားဆီးပေးခဲ့တယ်” လို့ ထရမ့် ပြောသွားခဲ့တယ်။
သို့သော် ဖီဖာရဲ့ ငြိမ်းချမ်းရေး ဆုကြီး ရယူပြီး ငါးလခန့် အကြာမှာ ဒီဆုနဲ့ မထိုက်ဆုံးသူဟာ ဒေါ်နယ်ထရမ့်မှန်း အားလုံး သိရှိပြီး ဖြစ်နေပါပြီ။
ဖီဖာ ကမ္ဘာ့ ဖလား အုပ်စုမဲခွဲပြီး သီတင်းပတ် အနည်းငယ် အတွင်းမှာတင် ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလား နိုင်ငံကို ညသန်းခေါင်းချိန် ကျူးကျော်တိုက်ခိုက်ပြီး သမ္မတ နီကိုလပ်စ် မာဒူရိုကို ပြန်ပေးဆွဲခဲ့ပါတယ်။
ကျူးဘား တော်လှန်ရေးကို အသက်ရှူရပ်သွားဖို့ ရည်ရွယ်ချက်နဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ အများအပြား လုပ်ဆောင်ခဲ့ပါတယ်။ ဒါတင်မက ဂရင်းလန်း ကျွန်းကို ကျူးကျော်ဝင်ရောက် သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ဒါတင်မက အမေရိကန် လူဝင်မှုကြီးကြပ်ရေး အေဂျင်စီ (ICE) လက်နက်ကိုင်တွေကို နိုင်ငံအနှံ့အပြား စေလွှတ်ကာ လူဖမ်းပွဲကြီး ပြုလုပ်စေခဲ့ပါတယ်။ ICE လက်ချက်ကြောင့် ရီနေး နီကိုးလ် ဂွဒ် နဲ့ အဲလက်စ် ပရက်တီ တို့ သေဆုံးခဲ့ရပါတယ်။
အထင်ရှားဆုံးကတော့ ကလေးငယ်တွေ အပါအဝင် အရပ်သားပေါင်းများစွာ သေဆုံးခဲ့ရတဲ့ အီရန် နိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်တဲ့ စစ်ပွဲပဲ ဖြစ်ပါတယ်။ ယူအက်စ် – အစ္စရေး ကျူးကျော်စစ်ကြောင့် အရှေ့အလယ်ပိုင်း ဒေသကြီး တခုလုံးကို စစ်မီးကူးစက်သွားခဲ့တယ်။
ထရမ့် Regime အနေနဲ့ နိုင်ငံရေးမှာ ညစ်ထေးတဲ့ လှည့်ကွက် ပေါင်းစုံနဲ့ ခြယ်လှယ်နေတဲ့အပြင် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်းမှာလဲ အငြင်းပွားဖွယ်ရာ ကိစ္စရပ်များစွာကို လုပ်ဆောင်နေပါတယ်။
ကမ္ဘာ့ဖလား ပြိုင်ပွဲ လက်မှတ် ဈေးတွေ အဆမတန် တင်ထားတဲ့အပေါ် ပရိသတ်တွေက မကျေမနပ် ဖြစ်နေကြတယ်။ အုပ်စုပွဲစဉ်တွေရဲ့ လက်မှတ်စျေးနှုန်းဟာ ပုံမှန်ထက် နှစ်ဆကျော် ပေးဝယ်ခဲ့ရပြီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲအတွက် ဈေးအချိုဆုံး နှုန်းထားဟာ စတာလင် ပေါင် ၃,၁၁၉ (ယူအက်စ် ဒေါ်လာ ၄၁၃၃) ရှိပါတယ်။ အဆိုပါ ဈေးနှုန်းဟာ ကာတာမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဗိုလ်လုပွဲ လက်မှတ်စျေး ပေါင် ၄၅၀ (ယူအက်စ် ဒေါ်လာ ၅၉၆) နဲ့ နှိုင်းယှဉ်ကြည့်ရင် အလွန်အမင်း ကွာဟနေတာ တွေ့ရမယ်။
ဒီဈေးနှုန်းက ဖီဖာက တရားဝင် ရောင်းချတဲ့ လက်မှတ်ဈေးနှုန်း ဖြစ်ပြီး ပြန်လည်ရောင်းချတဲ့ လက်မှတ် ဈေးကွက်မှာ နောက်ဆုံး ဗိုလ်လုပွဲအတွက် လက်မှတ် တစောင်ကို အမေရိကန် ဒေါ်လာ နှစ်သန်းအထိ ဈေးပေါက်နေပါတယ်။
တချိန်တည်းမှာပဲ ပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း မန်ဟက်တန်ကနေ မက်လိုင်းဖ် အားကစားကွင်းကို သွားမယ့် အသွားအပြန် ရထား လက်မှတ်ခက ပုံမှန်ဈေး ၉.၅၀ ပေါင် ( ၁၁.၉ ဒေါ်လာ) ကနေ ၁၁၁ ပေါင် (၁၄၇ ဒေါ်လာ) အထိ မြင့်တက်သွားခဲ့ပါတယ်။
ရှုံးထွက်ပွဲစဉ်တွေ စတင်ချိန်မှာတော့ အဆိုပါ လက်မှတ် ဈေးနှုန်းတွေဟာ ပေါင် ၁,၀၀၀ (ဒေါ်လာ ၁,၃၀၀ ကျော်) ထိ ရှိလာပါတယ်။

ဒါ့အပြင် ၂၀၂၆ ကမ္ဘာ့ ဖလားပြိုင်ပွဲဟာ ကနေဒါ၊ အမေရိကန်နဲ့ မက္ကဆီကို သုံးနိုင်ငံစလုံးမှာ လှည့်ပတ် ကျင်းပနေတာကြောင့် ပြိုင်ပွဲဝင် အသင်းတွေအနေနဲ့ ခရီးစဉ် အကွာအဝေး ပျမ်းမျှ မိုင်ပေါင်း ၅,၁၄၆ မိုင်ခန့် သွားလာနေကြရပါတယ်။
ဒါဟာ ဘောလုံးသမားတွေ၊ အသင်း တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေကို အချိန်တိုအတွင်း ခရီးရှည် သွားလာခိုင်းသလို ဖြစ်နေတာကြောင့် ဖီဖာရဲ့ အစီစဉ်တွေထဲမှာ ပါဝင်တဲ့ သဘာဝပတ်ဝန်းကျင် ရှေးရှုတယ် ဆိုတဲ့ အချက်နဲ့ မကိုက်ညီပါဘူး။
၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ပြည်ဝင်ခွင့် ဗီဇာ အငြင်းပွားမှုတွေလည်း ရှိခဲ့ပါတယ်။ ထရမ့် အစိုးရဟာ အီရန် ဘောလုံး အသင်းကို ပြည်ဝင်ခွင့် တင်းကျပ်မှုတွေ လုပ်ဆောင်ခဲ့တယ်။
ယူအက်စ် အစိုးရဟာ အီရန် ဘောလုံး အသင်းကို ဘောလုံးပွဲ တပွဲတည်းအတွက်သာ ပြည်ဝင်ခွင့်ပြုခဲ့ပြီး တည်းခို နေထိုင်ခွင့် မပေးခဲ့ပါဘူး။
အီရန်ရဲ့ အုပ်စုပွဲ သုံးပွဲ စလုံးဟာ အမေရိကန် နိုင်ငံထဲမှာ ကစားခဲ့ရပေမယ့် အီရန် ဘောလုံးသမားတွေနဲ့ အသင်း ဝန်ထမ်းတွေကို ပြိုင်ပွဲနေ့မှာပဲ အမေရိကန် နိုင်ငံမှာ လာကစားပြီး နေ့ချင်းပြန်ကြဖို့ ယူအက်စ် အစိုးရက လုပ်ဆောင်ခဲ့တာပါ။
တခြား အီရန် တာဝန်ရှိသူတွေနဲ့ အသင်း ဝန်ထမ်း ၁၅ ယောက်လည်း ပြည်ဝင်ခွင့် ဗီဇာ ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။
အရင်းရှင် စနစ်က ဖျက်ဆီးလိုက်တဲ့ အားကစား လောက
၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကနေဒါ၊ မက္ကဆီကို နဲ့ အမေရိကန်တို့မှာ ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ ကျင်းပနေပါတယ်။ အိမ်ရှင် နိုင်ငံတွေအပြင် ကမ္ဘာတဝန်းက ပြည်သူ သန်းပေါင်းများစွာဟာ ဒီပြိုင်ကို သွားရောက် ကြည့်ရှုလိုသော်လည်း လက်မှတ်ဈေး အဆမတန်ကြီးမြင့်တာကြောင့် အခက်တွေ့ ခဲ့ရပါတယ်။
လက်မှတ်ခ ဈေးတွေ ခေါင်ခိုက်နေလို့ ပြည်သူတွေ သွားရောက်ကြည့်ရှုဖို့ မတတ်နိုင်သော်လည်း ပြိုင်ပွဲ ကုန်ကျစရိတ် ဒေါ်လာ ဘီလီယံပေါင်းများစွာအတွက်တော့ အခွန်ထမ်း ပြည်သူတွေ ခါးစီးခံရတယ်။ ဒီပြိုင်ပွဲကနေ အကျိုးအမြတ် အများဆုံး ရရှိသူကတော့ ကမ္ဘာ့ဘောလုံး အဖွဲ့ ချုပ် (FIFA) သာ ဖြစ်ပါတယ်။
ဖီဖာ နဲ့ အရင်းရှင် အစိုးရတွေရဲ့ အကျိုးအမြတ် တခုတည်း ကြည့်တဲ့ မူဝါဒတွေကြောင့် ကမ္ဘာ့ ဖလားလို ဘောလုံး ပြိုင်ပွဲဟာ အားလုံး ပါဝင်နိုင်တဲ့ အားကစား ပြိုင်ပွဲ တခု မဟုတ်တော့ဘဲ သူဌေးတွေအတွက် သီးသန့်ကျင်းပတဲ့ ပါတီပွဲတခုအသွင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါတယ်။
ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၁၄ ဘီလီယံကျော်အထိ ရရှိဖို့ လျာထားတယ်လို့ ဖီဖာနဲ့ အိမ်ရှင် အစိုးရတွေက ပြောကြားထားပါတယ်။ သမိုင်းတလျှောက် ကုန်ကျစရိတ် အများဆုံး နဲ့ အမြတ် အများဆုံးရမယ့် အားကစားပွဲကြီး ဖြစ်လာမယ်လို့လဲ ကြွေးကြော်ထားကြတယ်။
ဥရောပ ဘောလုံး ပရိသတ်များ အဖွဲ့အစည်း (Football Supporters Europe) က ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ လက်မှတ်ဈေးနှုန်း ကြီးမြင့်မှုကို “အကြီးစားဓားပြမှု” လို့ ခေါင်းစဉ်တပ်ခဲ့ပြီး ဘောလုံး ပရိသတ်တွေ အကြီးဆုံး သစ္စာဖောက်ခံရတာလို့ ဆိုပါတယ်။
ကနေဒါနိုင်ငံ တိုရွန်တို နဲ့ ဗန်ကူးဗား မြို့တွေမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ လက်မှတ် အချိုသာဆုံး ဈေးနှုန်း ဟာ အမေရိကန် ဒေါ်လာ ၉၀၀ လောက်ကစပြီး ဒေါ်လာ ၃၀၀၀ လောက်ထိ ရှိပါတယ်။
ကနေဒါ သုတေသန အဖွဲ့တခုဖြစ်တဲ့ Angus Reid ရဲ့ လူထုစစ်တမ်း ကောက်ယူမှု တခုမှာ ပြိုင်ပွဲကို ကြည့်ရှုဖို့ အလွန်စိတ်ဝင်စားကြောင်း ဖြေဆိုခဲ့ကြသူတွေရဲ့ ၈၄ ရာခိုင်နှုန်းက လက်မှတ်စျေးနှုန်းတွေ အလွန်အမင်း ကြီးမြင့်မှုကြောင့် ကွင်းထဲမှာ သွားရောက်ကြည့်ရှုဖို့ မတတ်နိုင်ကြောင်း ဖြေဆိုခဲ့ကြတာ အံဩစရာ မရှိဘူး။
အခုလို လက်မှတ်ဈေးတွေ မိုးထိအောင် တက်သွားတဲ့အတွက်ကြောင့် ကံကောင်းထောက်မလို့ လက်မှတ် ရခဲ့မယ်ဆိုရင်တောင် ဘောလုံးပွဲ ရသကို ခံစားနိုင်ဖို့ မသေချာတော့ဘူး။
အမေရိကန် ရပ်ဘီ ပြိုင်ပွဲက Cincinnati Bengals အသင်းရဲ့ နာမည်ကျော် ဘောလုံးသမား ဂျိုး ဘားရိုး က ၂၀၂၂ ခုနှစ် စူပါဘိုးလ် (Super Bowl) ပြိုင်ပွဲမှာ မှတ်ချက်တခု ပေးခဲ့ပါတယ်။ အမေရိကန် ဘောလုံးလို့ ခေါ်တဲ့ ရပ်ဘီ ပြိုင်ပွဲတွေရဲ့ လေထုဟာ “ကော်ပိုရိတ် ကုမ္ပဏီကြီးတွေရဲ့ ညစာစားပွဲ တခုနဲ့ တူနေပြီ” လို့ ပြောဆိုခဲ့ပါတယ်။
တကယ်လဲ အနှစ်သာရအားဖြင့် အားကစား ပြိုင်ပွဲတွေက အမေရိကန် ရပ်ဘီ ကစားသမား ဂျိုး ဘားရိုး ပြောတဲ့ အခြေအနေကို ကူးပြောင်းသွားခဲ့ပြီ ဖြစ်တယ်။
ဖီဖာ ဧကရာဇ် နိုင်ငံတော် (The FIFdom)
ကမ္ဘာ့ ဖလား ဘောလုံးပွဲကို ကွင်းအတွင်း သွားရောက် ကြည့်ရှုသူတွေကိုသာ ဖီဖာက ဓားပြတိုက်ခြင်း မဟုတ်ပါ။ ဖီဖာရဲ့ အနိုင်ကျင့်မှုကို ကမ္ဘာ့ ဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ နိုင်ငံတွေက အခွန်ထမ်း ပြည်သူတွေလဲ ခါးစည်းခံရပါတယ်။
ဖီဖာ (FIFA) ဟာ အိမ်ရှင် နိုင်ငံတွေကို ပြိုင်ပွဲ ကျင်းပခွင့်ရဖို့ အေးဓားပြတိုက်သလို စာချုပ်တွေ မဖြစ်မနေ လက်မှတ်ထိုးခိုင်းလေ့ ရှိပါတယ်။
ဖီဖာနဲ့ အိမ်ရှင်နိုင်ငံတွေ လက်မှတ်ရေးထိုးထားရတဲ့ သဘောတူညီချက်တွေထဲမှာ ဖီဖာရဲ့ အရေးကြီး ပုဂ္ဂိုလ်တွေ (VIPs) အတွက် သီးသန့် မော်တော်ယာဉ်တန်းတွေ စီစဉ်ပေးပြီး ပြိုင်ပွဲကာလ တလျှောက်လုံး လုံခြုံရေး ချထားပေးဖို့လဲ ပါဝင်တယ်။ ဒါ့အပြင် ဖီဖာ အမှတ်တံဆိပ်နဲ့ ဖီဖာကို စပွန်ဆာပေးထားတဲ့ ကုမ္ပဏီတွေရဲ့ ကုန်အမှတ်တံဆိပ်တွေ (sponsors’ brands) ကို အကာအကွယ်ပေးဖို့အတွက်လဲ ကုန်ကျစရိတ် အားလုံးကို တာဝန်ယူပေးရပါတယ်။
ကမ္ဘာ့ဖလား ကာလအတွင်း တိုရွန်တို နဲ့ ဗန်ကူးဗား မြို့မှာ ချထားပေးရမယ့် ရဲတပ်ဖွဲ့ ဝင် အရေအတွက်ဟာ အဲဒီမြို့တွေမှာ တွေ့ဖူးသမျှ အကြီးမားဆုံးနဲ့ အရှုပ်ထွေးဆုံး စစ်ဆင်ရေးလို့ ထင်မှတ်ရလောက်အောင် များပြားလှပါတယ်။ ဗန်ကူးဗား အာဏာပိုင်တွေရဲ့ ခန့်မှန်းချက်အရ မြို့တမြို့တည်းမှာတင် ကမ္ဘာ့ ဖလား ကာလအတွင်း လုံခြုံရေး စရိတ် ဒေါ်လာ ၁ ဘီလီယံကျော် ကုန်ကျနိုင်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ ဖလား ကျင်းပရာ ဘောလုံးကွင်းတွေ အနီး နေထိုင်သူတွေ နဲ့ အလုပ် လုပ်ကိုင်နေတဲ့ အလုပ်သမား လူတန်းစားအဖို့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြောင့် ဘာအကျိုးကျေးဇူးမှ မခံစားရတဲ့အပြင် ယာဉ်ကြောပိတ်ဆို့မှုတွေ နဲ့ လုံခြုံရေး ဇုန်တွေကြောင့် လွတ်လပ်စွာ သွားခွင့်ပါ ထိခိုက်နေကြရတယ်။

ဖီဖာ ရဲ့ လုပ်ရပ်တွေထဲမှာ အဆိုးရွားဆုံးနဲ့ အောာက်တန်းအကျဆုံး လုပ်ရပ်ကတော့ ကမ္ဘာ့ ဖလား ကျင်းပမယ့် အားကစားကွင်း ပတ်ပတ်လည် ၂ ကီလိုမီတာ အကွာအဝေးအထိ “ကန့်သတ်ဇုန်” အဖြစ် သတ်မှတ်ပေးထားရတာ ဖြစ်ပါတယ်။ ဒီဇုန်တွေမှာ ဖီဖာကို စပွန်ဆာပေးထားတဲ့ ကြော်ငြာ အမှတ်တံဆိပ်တွေချည်း ရှိနေရမယ်၊ အဲဒီ “ကန့်သတ်ဇုန်” ထဲမှာ Visa, ကိုကာကိုလာနဲ့ ဆော်ဒီအာရမ်ကို ရေနံ ကုမ္ပဏီကြီးတွေလို ဖီဖာရဲ့ လက်ဝါးကြီးအုပ် စပွန်ဆာ ကုမ္ပဏီတွေရဲ့ ကြော်ငြာတွေပဲ သီးသန့်ရှိနေမယ့် ပတ်ဝန်းကျင် တခုကို မြို့ အာဏာပိုင်တွေက ဖန်တီးပေးထားရမယ်။
မြို့အာဏာပိုင်တွေအနေနဲ့ ဖီဖာရဲ့ ကြောငြာ ဆိုင်းဘုတ်တွေကို ကာကွယ်ပေးရမယ့်အပြင် နိုင်ငံအတွင်းက တခြား ကုန်အမှတ်တံဆိပ်တွေကို ဖယ်ရှားပေးဖို့ တာဝန်ယူရသလို ဖီဖာနဲ့ သက်ဆိုင်ခြင်း မရှိတဲ့ လမ်းဘေး ဈေးရောင်းသူတွေကိုပါ တားဆီးပေးဖို့ တာဝန်ယူထားရတယ်။
ရန်ပုံငွေ မလုံလောက်မှုကြောင့် ဆေးရုံတွေ နဲ့ အရေးပေါ် လူနာဆောင်တွေ ပိတ်ပင်ထားရတယ်လို့ ဆင်ခြေပေးနေတဲ့ ကနေဒါ အာဏာပိုင်တွေဟာ လမ်းဘေး စားသောက်ဆိုင်လေး တခုက ဆန်းဒွစ်ခ်ျ ကြော်ငြာ ဘုတ်ပြားပေါ်မှာ “World Cup” ဒါမှမဟုတ် “FIFA” ဆိုတဲ့ စကားလုံးတွေ အသုံးပြုထားခြင်း မရှိတာ သေချာအောင် ကြပ်မတ်ဆောင်ရွက်တဲ့ နေရာမှာ ပြည်သူ့ ဘဏ္ဍာတွေကို သုံးစွဲနေကြတယ်။
ကမ္ဘာ့ ဖလား ပြိုင်ပွဲ တခုလုံးကို ခြုံငုံကြည့်လိုက်ရင် ပြိုင်ပွဲ တပွဲချင်းစီမှာ သက်ဆိုင်ရာ နိုင်ငံတွေက အခွန်ထမ်း ပြည်သူတွေရဲ့ ဘဏ္ဍာငွေ ဒေါ်လာ ၈၂ သန်းခန့် အနည်းဆုံး ကုန်ကျနေတယ်။
ဒီကုန်ကျစရိတ်အတွက် ခရီးသွား လုပ်ငန်းက ဒေါ်လာ ၁ ဘီလီယံ ပြန်ရမယ်လို့ ကနေဒါ အစိုးရက ပြည်သူတွေကို ကတိပြုကာ ဆင်ခြေပေးဖို့ ကြိုးပမ်းနေပါတယ်။
သို့သော်လဲ ကနေဒီယန် နိုင်ငံရေး သိပ္ပံ နဲ့ အစိုးရ စီမံခန့်ခွဲမှုဆိုင်ရာ ပါမောက္ခ တဦးဖြစ်သူ ဂျူးလ်စ် ဘွိုင်းကော့ဖ် ကမူ “တကယ်တမ်း ဝင်ငွေအားလုံး သိမ်းကျုံးယူသွားကြတာက ဒေသတွင်း စီးပွားရေး လုပ်ငန်းငယ်တွေ မဟုတ်ဘဲ၊ စပွန်ဆာ ကုမ္ပဏီကြီးတွေသာ ဖြစ်ပါတယ်” လို့ ထောက်ပြ ပြောဆိုထားတယ်။
ဒါ့ကြောင့် ၁၉၆၆ ခုနှစ် နောက်ပိုင်း ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၁၄ ခုအနက် ၁၂ ခုဟာ အိမ်ရှင် နိုင်ငံတွေ အတွက် ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးနစ်နာမှုတွေနဲ့ အဆုံးသတ်ခဲ့ရတာ အံ့ဩစရာ မဟုတ်တော့ပေ။ အိမ်ရှင် နိုင်ငံအတွင်းမှာ ကန့်ကွက်ဆန္ဒပြမှုတွေ နဲ့ သပိတ်မှောက်မှုတွေကြောင့် နစ်နာဆုံးရှုံးမှုတွေ ပေါ်လာခဲ့ရင် အိမ်ရှင် နိုင်ငံဘက်က ဖီဖာကို လျော်ကြေးပေးရမယ်လို့ စာချုပ် ချုပ်ဆိုထားသေးတယ်။
ဖီဖာဟာ အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်း တရပ်လို့ ကိုယ့်ကိုယ်ကိုယ် ပုံဖော်နေသော်လည်း တကယ်တမ်းကျ စောင့်ကြည့် စစ်ဆေးမှု အလွန်အားနည်းပြီး ဒေသတွင်း အဖွဲ့အစည်းတွေဆီ ပြန်စီးဆင်းသွားရမဲ့ ဒေါ်လာ သန်းပေါင်းများစွာကို သိမ်းပိုက်သွားလေ့ရှိတဲ့ အရာရှိများ မင်းမူနေတဲ့ အဖွဲ့အစည်း တခုသာ ဖြစ်တယ်။ အမေရိကန် ရှေ့နေဟောင်း မိုက်ကယ် ဂါစီယာ (Michael Garcia) ရဲ့ ကျင့်ဝတ်ဆိုင်ရာ အစီရင်ခံစာ တခုမှာ ဖီဖာ ဟာ “လောဘ၊ လျှို့ဝှက်ချက်များ နှင့် အဂတိလိုက်စားမှု” တွေမှာ အခြေတည် ဖွဲ့စည်းထားတယ်လို့ ဖော်ပြထားပါတယ်။
အနစ်ချုပ် ရသော် အရင်းရှင် စနစ်ဟာ အားကစား လောကကို ဖျက်ဆီးနေပြီး ပေါ့ဒ်ကတ်စ် ထုတ်လွှင့်သူ တဦး ပြောသလို “ကမ္ဘာ့ဖလားဆိုတာ ပြည်သူတွေရဲ့ ပြိုင်ပွဲ ဖြစ်ရမှာပါ။ လူတိုင်းနဲ့ သက်ဆိုင်တဲ့ အားကစား ဖြစ်ရမယ်။ ဆင်းရဲသား ရပ်ကွက်တွေ၊ အစိုးရ အိမ်ရာဝင်းတွေ၊ ပန်းခြံတွေနဲ့ ကျောင်းတွေမှာ ကစားကြတဲ့ ကစားနည်းမျိုး ဖြစ်ရမှာပါ”။
ဒါကြောင့် အလုပ်သမား လူတန်းစားအနေနဲ့ Beautiful game လို့ တင်စားခေါ်ကြတဲ့ ဘောလုံး အားကစားရဲ့ ရသ အစစ်အမှန်ကို ခံစားနိုင်ဖို့ ဒီအားကစားနည်းကို ကျွန်ုပ်တို့ လက်ထဲ (ခြေထဲ) ပြန်လည်ရောက်ရှိအောင် အရယူဖို့ လိုအပ်တယ်။
တကမ္ဘာလုံးကို စုစည်းအောင် လုပ်ဆောင်ခြင်းလော
ကမ္ဘာ့ဖလား၊ အိုလံပစ် တို့လို အားကစား ပြိုင်ပွဲကြီးတွေဟာ ကမ္ဘာလုံးကို တစုတစည်းတည်း ဖြစ်အောင်၊ ငြိမ်းချမ်းရေးကို ရှေးရှုအောင် ရည်ရွယ် ကျင်းပတာလို့ ပြောလေ့ရှိတယ်။ သို့သော်လဲ ထရမ့် အစိုးရ လုပ်ရပ်ကို ကြည့်ရင် လက်ရှိ ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ အမေရိကန်က ကမ္ဘာ့ ဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ သင့်တော်တဲ့ နေရာ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပြီ။
သို့သော်လည်း ကမ္ဘာ့ ဖလားမှာ အမေရိကန်ဟာ အိမ်ရှင် ဖြစ်ဖို့ သင့်တော်ခြင်း ရှိမရှိ ဆိုတဲ့ ကိစ္စကို ကမ္ဘာ့ နိုင်ငံရေး ခေါင်းဆောင် တဦးဦး သို့မဟုတ် အားကစား ခေါင်းဆောင် တဦးတယောက်ကမှ မေးခွန်းမထုတ်ခဲ့ပေ။
အမေရိကန် အထူး သံတမန် ပါအိုလို ဇမ်ပိုလီ ဆိုရင် အီရန် ဘောလုံးသမားတွေနဲ့ တာဝန်ရှိသူတွေ အမေရိကကို လာရောက်ပါက လုံခြုံရေး ပြဿနာတွေ ကြုံတွေ့နိုင်တယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ ဒါ့အပြင် အီရန် ဘောလုံး အသင်းကို ကမ္ဘာ့ဖလားက ထုတ်ပယ်ပြီး ခြေစစ်ပွဲ မအောင်တဲ့ အီတလီ အသင်း နဲ့ အစားဖို့အထိ တိုက်တွန်း အကြံပြုခဲ့ပါတယ်။
ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (FIFA) နဲ့ အားကစား အဖွဲ့အစည်းတွေဟာ ယူကရိန်း စစ်ပွဲစတင် ဖြစ်ပွားခဲ့ပြီးနောက် ရုရှားနဲ့ ဘီလာရုစ် အားကစား အသင်းတွေကို ကမ္ဘာ့ အဆင့်ပြိုင်တွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပိတ်ပင်ခဲ့ပါတယ်။ သို့သော် ဂါဇာ ဒေသမှာ လူမျိုးတုံး စစ်ပွဲ ဆင်နွဲနေတဲ့ အစ္စရေး နဲ့ သွေးထွက်သံယို စစ်ပွဲတွေ ဖန်တီးနေတဲ့ ယူအက်စ် အစိုးရရဲ့ လုပ်ရပ်တွေကိုတော့ တလုံးတပါဒမျှ ပြောဆိုခြင်း မရှိကြချေ။
ဒီအချက်တွေကို ထောာက်ရှုကြည့်ရရင် ဖီဖာ (FIFA) တို့လို ကမ္ဘာလုံးချီ အားကစား အဖွဲ့အစည်းတွေ ဘယ့်လောက်တောင် ကြောင်သူတော်ဆန်သလဲ ဆိုတာကို အထင်းသား မြင်ရမယ်။
ကမ္ဘာ့ ဖလားလို အားကစား ပြိုင်ပွဲတွေနဲ့ ယူရိုဗစ်ရှင်း (Eurovision) လို ယဉ်ကျေးမှု ပွဲတော်တွေ စီစဉ် ကျင်းပသူတွေက အားကစား နဲ့ ယဉ်ကျေးမှု ကိစ္စတွေမှာ နိုင်ငံရေး ဝင်စွက်ခွင့် မပြုဘူး၊ ဒီပြိုင်ပွဲတွေက ငြိမ်းချမ်းရေး၊ မေတ္တာတရား၊ စည်းလုံးညီညွတ်မှု နဲ့ လူသားဆန်မှုတို့ကို ဖော်ထုတ်တဲ့ ပွဲတွေ ဖြစ်ကြောင်း ပြောလေ့ရှိတယ်။ အဲသလိုတွေ လျှောက်ပြောပြီး အနောက်တိုင်း အရင်းရှင် နယ်ချဲ့စနစ်ရဲ့ အကျိုးစီးပွားကို ဆန့်ကျင်တဲ့ နိုင်ငံရေး ရပ်တည်ချက်မျိုး မပြမိအောင် သူတို့ ကြိုးစားနေခြင်း ဖြစ်တယ်။ အခုဆိုရင် သူတို့ လိမ်ညာဖုံးဖိထားသမျှ ပွင့်ကျကုန်ပြီ။
အကျင့်ပျက် ခြစားပြီး အမြတ်ကြီးစားနေတဲ့ အဲဒီ အဖွဲ့အစည်းတွေက လစ်ဘရယ် ကမ္ဘာ့ စနစ် ပုံရိပ်ကို ထိန်းသိမ်းထားဖို့အတွက် ယူအက်စ်လို အရင်းရှင် နယ်ချဲ့တွေ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေနဲ့ သွေးထွက် သံယိုမှုတွေကို ဂရုမစိုက်ဘဲ သူတို့ ကြိုးဆွဲရာ ကပြ အသုံးတော်ခံဖို့ အဆင်သင့် ဖြစ်နေကြတယ်။
ဒီအခြေအနေတွေကို ထောက်ရှုခြင်းအားဖြင့် လစ်ဘရယ် အရင်းရှင်တွေ ပြောဆိုနေကြ Rules-based order (စည်းမျဉ်းအခြေပြု နိုင်ငံတကာ စနစ်) ဆိုတာဟာ အဓိပ္ပာယ်မရှိတဲ့ ပြက်လုံး တခုမျှသာ ဖြစ်ကြောင်း ထင်ရှားတယ်။
ရေးသူ – အောင်ဇေသစ်
ကိုးကား။ ။
The FIFA 2026 World Cup: sportwashing the crimes of western imperialism
