ထာဝရ ရန်သူ မရှိ၊ ထာဝရ မိတ်ဆွေ မရှိ၊ ထာဝရ အကျိုးစီးပွားသာ ရှိသတဲ့လား

၂၀၂၄ ဒီဇင်ဘာမှာ Bashar al-Assad ပြုတ်ကျပြီး တနှစ်ခွဲကျော် အကြာ ၂၀၂၆ ဩဂုတ်လမှာ ရုရှား အစိုးရနဲ့ ဆီးရီးယား အစိုးရကြား သဘောတူညီချက် ရရှိသွားပြီ ဖြစ်ကြောင်း သတင်းတွေ တက်လာတယ်။ တကယ်တော့ ပြုတ်ကျသွားတဲ့ အာဆတ်(ဒ်) အစိုးရကို ရုရှား အစိုးရက ကျားကန်ပေးထားခဲ့တာ ဆယ်စုနှစ် တခုကျော် ၁၅ နှစ် နီးပါး ရှိပါတယ်။ အာဆတ်(ဒ်) အစိုးရကို ဖြုတ်ချလိုက်တဲ့ HTS ရဲ့ နောက်ကွယ်မှာ တူရကီနဲ့ ယူအက်(စ်) နယ်ချဲ့ ပါဝါတွေ ရှိတယ်။ တူရကီနဲ့ ယူအက်(စ်) ထောက်ခံမှု မပါဘဲ ၂၀၂၄ မှာ HTS အောင်ပွဲ မရနိုင်ပါဘူး။ 

ရုရှား ထောက်ခံထားတဲ့ အာဆတ်(ဒ်) အစိုးရ ပြုတ်ကျသွားတော့ ဆီးရီးယားမှာ ရုရှားရဲ့ ဩဇာ ကျဆင်းသွားမယ်၊ တိတိကျကျ ပြောရရင် ရုရှားရဲ့ စစ်စခန်းတွေ ဖယ်ထုတ်ပစ်နိုင်မယ်လို့ ယူအက်(စ်) ခေါင်းဆောင်တဲ့ အနောက် နယ်ချဲ့ အုပ်စုက မျှော်လင့်ထားခဲ့တယ်။ အာဆတ်(ဒ်) ပြုတ်မကျခင် ဆီးရီးယားမှာ ရုရှား စစ်အခြေစိုက် စခန်း ၁၀၀ ကျော် ရှိခဲ့တယ်၊ အာဆတ်(ဒ်) ပြုတ်ကျသွားတဲ့အခါ ဆီးရီးယား ကမ်းရိုးတန်းမှာ Tartus ရေတပ် အခြေစိုက် စစ်စခန်းနဲ့ Hmeimim လေတပ် စစ်စခန်းတို့ပဲ ကျန်တော့တယ်။ 

အဲဒီ စစ်စခန်း နှစ်ခုလုံးဟာ ရုရှားရဲ့ global military presence အတွက် အလွန် အရေးကြီးတယ်။ အထူးသဖြင့် အီဂျစ်က ရေတပ် အခြေစိုက် စခန်းတွေကို ရုရှား လက်လွှတ်ခဲ့ရပြီး နောက်ပိုင်း Tartus ဆိပ်ကမ်းဟာ ရုရှားအတွက် မြေထဲပင်လယ် ဒေသမှာ ခြေကုပ်ယူဖို့ သိပ်ကို အရေးပါတယ်။ ဒါ့ကြောင့် ရုရှား အစိုးရအနေနဲ့ အာဖရိကနဲ့ မြေထဲပင်လယ် အရှေ့ပိုင်း ဒေသတွေကို စိုးမိုးထားနိုင်ဖို့ဆိုရင် ဒီစစ်အခြေစိုက် စခန်းတွေကို လက်လွှတ်ဆုံးရှုံးမသွားဖို့ လိုအပ်တယ်။ 

ဩဂုတ်လ ၈ ရက်နေ့က ထွက်ပေါ်လာတဲ့ ဆီးရီးယား-ရုရှား နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာအရ ရုရှားဟာ အဲဒီ စစ်အခြေစိုက် စခန်း နှစ်ခုလုံးကို ဆက်လက် အသုံးပြုခွင့် ရသွားတယ်၊ သို့သော် အခြေစိုက် စခန်း နှစ်ခုက civilian facilities ကိုတော့ ဆီးရီးယား အစိုးရကို လွှဲပြောင်းပေးရမယ်လို့ ဆိုထားတယ်။ 

ဒီလို နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်အောင် ဆီးရီးယား နဲ့ ရုရှားတို့ဟာ ၁၈လကြာ ညှိနှိုင်းဆွေးနွေးခဲ့ရတယ်။ ဒီလောက် အချိန်ယူခဲ့တာ ကြည့်ရင် နှစ်နိုင်ငံ ဆက်ဆံရေး မပျက်ပြားလိုတာ ထင်ရှားတယ်။ ဘာ့ကြောင့် မပျက်ပြားလိုသလဲ ဆိုရင် တဦးကို တဦး အပြန်အလှန် လိုအပ်နေလို့ပဲ။ 

သို့သော် အာဆတ်(ဒ်) ပြုတ်ကျသွားတဲ့နောက် ယူအက်(စ်)နဲ့ ဒေသတွင်း ပါဝါတွေ (အစ္စရေးနဲ့ တူရကီ) က ဆီးရီးယားမှာ ရုရှား ဩဇာ မကျန်တော့အောင် ဖယ်ရှားပစ်ဖို့ ကြိုးပမ်းခဲ့ကြတယ်။ ဆီးရီးယားမှာ ရုရှား ခြေကုပ်ယူလို့ မရအောင် သူတို့ အပြတ်ရှင်းပစ်ချင်တယ်။ ဒီအခြေအနေမှာ ဆီးရီးယား-ရုရှား သဘောတူညီချက် ထွက်ပေါ်လာတာ ဘာအဓိပ္ပါယ်လဲ။

သေချာတာကတော့ ယူအက်(စ်) ခေါင်းဆောင်တဲ့ အနောက် အရင်းရှင် နယ်ချဲ့ ပါဝါတွေ ဖြစ်စေချင်သလို ဖြစ်မလာတော့ဘူး။ တကယ်ဆိုရင် ဆီးရီးယား HTS ခေါင်းဆောင် Ahmed al-Sharaa ကို အနောက် နယ်ချဲ့ အုပ်စုက မြှောက်စားနေတာ မဟုတ်ပါလား။ တူရကီနဲ့ ယူအက်(စ်) အကူအညီသာ မပါရင် အခု ဆီးရီးယား သမ္မတ ဖြစ်နေတဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင် Muhammad al-Jawlani လဲ မုတ်ဆိတ်တိုတိုရိတ်ပြီး suit ပြောင်းဝတ်ထားတဲ့ Ahmed al-Sharaa ဖြစ်မလာနိုင်ဘူး။ သူ့ဘာသာ မုတ်ဆိတ်တိုတိုပဲ ရိတ်ရိတ်၊ ရှည်ရှည်ပဲ ထားထား ဘာအရေးလဲ။ ဒါတွေ ထည့်ပြောနေဖို့ အကြောင်း မရှိဘူး။ ဒီနေရာမှာ ထည့်ပြောနေရတာက အနောက် နယ်ချဲ့ ပါဝါတွေရဲ့ ကြောင်သူတော်ဆန်မှုကို မြင်စေချင်လို့ပဲ။ 

ယူအက်(စ်) အပါအဝင် အနောက် နယ်ချဲ့ နိုင်ငံတွေက အယ်လ်ခိုင်းဒါး ခေါင်းဆောင် Muhammad al-Jawlani ကို terrorist အဖြစ် သတ်မှတ်ပြီး ဒေါ်လာ ဆယ်သန်း ဆုကြေးထုတ်ခဲ့ဖူးတယ်။ အခု အာဆတ်(ဒ်) ပြုတ်ကျသွားတော့ al-Jawlani က ဆီးရီးယား သမ္မတဖြစ်လာတယ်၊ al-Jawlani ကို အိမ်ဖြူတော်ထဲအထိ ပင့်ဖိတ်ပြီး ဒေါ်နယ်ထရမ့်က တခုတ်တရ ဧည့်ခံခဲ့တယ်။ အဲ တခုတော့ ရှိတာပေါ့၊ အရင်က terrorist al-Jawlani ကို ဆီးရီးယား အစိုးရသစ် ခေါင်းဆောင် Ahmed al-Sharaa အဖြစ် ပြောင်းလဲ အမည်တွင်စေတယ်၊ မုတ်ဆိတ်ကို တိုတိုရိတ်စေတယ်၊ အနောက်တိုင်း suit ပြောင်းဝတ်စေတယ်။ အာဆတ်(ဒ်) အစိုးရက ရုရှား လူ ဖြစ်ခဲ့ရင် Islamist အဖွဲ့ ခေါင်းဆောင် (သူတို့ကိုယ်တိုင် terrorist လို့ သတ်မှတ်ထားတဲ့) al-Jawlani ခေါ် အယ်လ်ရှာရားက ‘ငါတို့ လူ’ ဖြစ်စေရမယ်လို့ သူတို့ တွက်ခဲ့တယ်။ al-Jawlani က သူတို့လူ ဖြစ်လဲ ဖြစ်နေပါပြီ။ 

သို့သော် ဂျော်လနီတယောက် အမေရိကကို မျှော်ကိုးပြီး ရုရှားကို ခြေစုန်ပစ်ကန်ဖို့ ဖြစ်ပါ့မလား။ လက်တွေ့မှာ ရုရှားနဲ့ ဆက်ဆံရေး ဖြတ်တောက်ပစ်ဖို့ သူ့မာစတာကြီးတွေ မျှော်မှန်းသလောက် မလွယ်ဘူး။ တကယ်တမ်း အာဆတ်(ဒ်) ပြုတ်မကျခင်ကတည်းက ရုရှားနဲ့ HTS တို့ကြား စကားပြောနေပြီ။ ရုရှားက သူတို့ မိတ်ဆွေကြီး အာဆတ်(ဒ်) မိသားစုကို ခိုလှုံခွင့် ပေးထားသလို HTS တက်လာပြီး ရက်ပိုင်းအတွင်း နောက်ကွယ်မှာ ညှိနှိုင်းရေး လုပ်နေပြီ။ 

HTS ခေါင်းဆောင် ဂျော်လနီအနေနဲ့ ရုရှားကို ခြေစုံပစ်မကန်ရဲတာ အကြောင်းရှိတယ်။ ဆီးရီးယားနဲ့ ရုရှား ဆက်ဆံရေးမှာ ဆီးရီးယားက ရုရှားကို မှီခိုနေရတဲ့ ဆက်ဆံရေး ဖြစ်တယ်။ ပြည်တွင်းစစ်ဒဏ် ဆယ်စုနှစ်များစွာ ခံထားရတဲ့ ဆီးရီးယားမှာ ငွေကြေး ခမ်းခြောက်နေသလို ရုရှား ကြွေးမြီတွေလဲ မနည်းမနော ရှိနေတယ်။ ဒါ့အပြင် ရုရှားက ဆီးရီးယားကို အစိုးရ ထောက်ပံ့ကြေးနဲ့ ဈေးသက်သာအောင် လုပ်ပေးထားတဲ့ ရေနံနဲ့ ဂျုံတွေ ထောက်ပံ့ပေးတယ်၊ ဒါ့အပြင် ရုရှားက ကုလ လုံခြုံရေး ကောင်စီမှာ ဗီတိုအာဏာ ကိုင်ထားတဲ့ ပါဝါ ဖြစ်တယ်၊ ဒီတော့ terrorist သတ်မှတ်ခံထားရတဲ့ ဂျော်လနီကို သံတမန်ရေးအရ အကာအကွယ် ပေးနိုင်တယ်။ 

Century International က သုတေသီ Aron Lund ကတော့ “ဆီးရီးယားမှာ ရုရှားက တင်သွင်းထားတဲ့ စစ်ရေး နည်းပညာတွေ၊ အရပ်ဖက် နည်းပညာတွေ အမြောက်အမြား ရှိနေတယ်၊ ဒမတ်စကပ်(စ်)နဲ့ မော်စကိုကြား စစ်ရေး၊ အုပ်ချုပ်ရေးနဲ့ နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်တဲ့ အစဉ်အလာဟောင်းတခု ရှိတယ်။ ဆီးရီးယားအနေနဲ့ ရုရှားနဲ့ ဆက်ဆံရေး လုံးလုံးလျားလျားကြီး ဖြတ်တောက်လိုက်ရင် အထိနာသွားလိမ့်မယ်” ဆိုပြီး Al Jazeera သတင်းဌာနကို မှတ်ချက်ပေးထားတယ်။ Muraviev ကတော့ ဆီးရီးယားက ရုရှားနဲ့ ဆက်ဆံရေး ဆက်ရှိနေခြင်းက တခြား အင်အားကြီး နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ ‘bargaining chip တခုတောင်’ ဖြစ်နေနိုင်သေးတယ်လို့ ဆိုပါတယ်။ 

ဒါ့ကြောင့် ဆီးရီးယား အစိုးရသစ်က ရုရှားနဲ့ လိုလိုလားလား ပူးပေါင်းလိုကြောင်း ထုတ်ဖော်ပြခဲ့တယ်။ ဂျော်လနီဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်း မော်စကိုကို သွားခဲ့တာ နှစ်ကြိမ် ရှိသွားပြီ။ အာဆတ်(ဒ်)ကို ကူညီ ကာကွယ်ပေးခဲ့တဲ့ ပူတင် အစိုးရကလဲ ဂျော်လနီကို လိုလိုလားလားပဲ ကြိုဆိုခဲ့တယ်။ အခု နောက်ဆုံး နားလည်မှု စာချွန်လွှာ ထွက်ပေါ်လာတဲ့အထိပဲ။ 

ဒီတော့ နှစ်ဖက်လုံးက နိုင်ငံရေးမှာ လက်တွေ့ကျတယ်၊ တနည်းအားဖြင့် ‘ထာဝရ ရန်သူ မရှိ၊ ထာဝရ မိတ်ဆွေ မရှိ၊ ထာဝရ အကျိုးစီးပွားသာ ရှိတယ်’ ဆိုတဲ့ လက်တွေ့ နိုင်ငံရေး အဆိုအမိန့်ကို ထပ်လောင်း အတည်ပြုပေးလိုက်တာပဲလို့ ပြောဆို သုံးသပ်လာကြတယ်။ 

ဆီးရီးယားနဲ့ ရုရှား နှစ်ဖက်လုံးက ခေါင်းဆောင်တွေက သိပ်ကို သဘောထား ပျော့ပြောင်းပြီး လက်တွေ့ကျတာပဲ very flexible and pragmatic” လို့ Lund က ပြောပါတယ်။ 

 

 လက်တွေ့မကျတဲ့ လက်တွေ့ နိုင်ငံရေး

တကယ်တော့ ဒီလိုမျိုး သုံးသပ်ချက်တွေ ကျနော်တို့နဲ့ ရင်းနှီးနေပြီးသားပဲ။ ပြောရရင် ဗမာပြည်က နိုင်ငံရေးသမား၊ နိုင်ငံရေး အစုအဖွဲ့ အတော်များများ realpolitik ဆိုတဲ့ စကားကို အတော် ခံတွင်းတွေ့တယ်။ ဖြစ်နိုင်ရင် အခု ဂျော်လနီ လုပ်သလို သူတို့ လုပ်ချင်ကြတယ်။ ဂျော်လနီက တူရကီနဲ့ ယူအက်(စ်) စပွန်ဆာကို ရအောင် ယူပြီး အာဆတ်(ဒ်)ကို ဖြုတ်ချနိုင်တယ်။ ဒါတင် မကသေးဘူး၊ ယူအက်(စ်)နဲ့ တူရကီရဲ့ ရုပ်သေး ဖြစ်မသွားအောင် သူဖြုတ်ချခဲ့တဲ့ အာဆတ်(ဒ်)ကို ထောက်ခံခဲ့သူ ရုရှားနဲ့လဲ ဆက်ဆံရေး ထူထောင်ထားလိုက်သေးတယ်။ နယ်ချဲ့ ပါဝါတွေကြား ခွကစားတဲ့ အကွက်လို့တောင် ပြောချင် ပြောနိုင်သေးတယ်။ ဘယ်နယ်ချဲ့ ပါဝါဆီကမဆို အကူအညီရရင် ယူသာယူ၊ ပြီးရင် သူ့လက်ကိုင်တုတ် ဖြစ်မသွားအောင် ပြိုင်ဖက် နယ်ချဲ့ ပါဝါနဲ့ ခွပြီး ကစား ဆိုတဲ့ အဓိပ္ပါယ်။ 

ဒီဖြစ်စဉ်ကို ဗမာပြည် နိုင်ငံရေးနဲ့ ယှဉ်ထိုးကြည့်ရင် ယူအက်(စ်)ဆီက အကူအညီရလဲ ယူသာယူ၊​ တရုတ်ဆီက အကူအညီရလဲ​ ယူသာယူ၊ လိုရင်းက မအလ ပြုတ်ကျသွားဖို့ အရေးကြီးတယ်။ ဒါဆို သူ့လက်ကိုင်တုတ် ဖြစ်သွားမလား။ အဲလို ဖြစ်မသွားအောင် ဂျော်လနီလို နှစ်ဖက်ခွပြီး ကစား၊ အဲဒါ လက်တွေ့ နိုင်ငံရေးပဲလို့ ပြောကြလိမ့်မယ်။ 

တကယ်တမ်း တရုတ် အလိုတော်ရိတွေ ပြောနေတဲ့ လမ်းကြောင်းကလဲ ဂျော်လနီ လျှောက်တဲ့ လမ်းပဲ။ အထူးအဆန်း မဟုတ်ဘူး။ တရုတ်ကို အရင်းရှင် နယ်ချဲ့ ပါဝါလို့ မမြင်ဘူး။ အိမ်နီးချင်း ဆူပါပါဝါလို့ပဲ မြင်တယ်။ အဲ့တော့ လက်တွေ့ နိုင်ငံရေးအရ တရုတ် အစိုးရနဲ့ ကင်းလို့ မရဘူး၊ ဒါ့ကြောင့် တရုတ် အစိုးရနဲ့ ဆက်ဆံရေး ကောင်းအောင် တည်ဆောက်ရမယ်၊ တရုတ် အစိုးရဆီက အကူအညီရရင်လဲ ယူရမယ်။ အထူးသဖြင့် မအလက တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်း၊ လာအို အစရှိတဲ့ နိုင်ငံအသီးသီးနဲ့ သံတမန် ဆက်ဆံရေး ကောင်းအောင် အသည်းအသန် လုံးပမ်းလာတဲ့အခါ အဆိုပါ ‘လက်တွေ့ နိုင်ငံရေး’ အယူအဆတွေ ခေါင်းထောင်လာတယ်။ 

မြင်လား၊ ဆီးရီးယားကို ကြည့်၊ ရုရှား ကျားကန်ပေးထားတဲ့ အစိုးရကို ဖြုတ်ချလိုက်တော့ ရုရှားက တက်လာတဲ့ အစိုးရနဲ့ အဆင်ပြေအောင် လုပ်ရတာပဲ၊ ငါတို့လဲ မအလကို ဖြုတ်ချလိုက်ရင် တရုတ်က တက်လာတဲ့ အစိုးရနဲ့ အဆင်ပြေအောင် ဆက်ဆံမှာပဲ။ ဒါ့ကြောင့် တရုတ် အစိုးရ ငြိုငြင်အောင် မလုပ်သင့်ဘူး၊ တရုတ် အစိုးရနဲ့ အဆင်ပြေအောင်သာ လက်တွေ့ကျကျ အားထုတ်သင့်တယ်။ တရုတ်ကို အရင်းရှင် နယ်ချဲ့ ပါဝါ ဆိုပြီး ဝေဖန်တာဟာ လက်တွေ့ နိုင်ငံရေးကို နားမလည်တာဘဲ၊ အစရှိတဲ့ စကားတွေ ဖန်တရာတေအောင် ကြားဖူးလိမ့်မယ်။ 

တကယ်တော့ ဒီအမြင်ဟာ အခြေခံကစပြီး မှားပါတယ်။ တကယ်တော့ ဒီအမြင်က ဆီးရီးယားအတွက်လဲ မမှန်ပါဘူး။ ဆီးရီးယားက နယ်ချဲ့ ပါဝါတွေကြား ခွပြီး ကစားနေတာလား၊ သို့မဟုတ် နယ်ချဲ့ ပါဝါတွေက ဆီးရီးယားကို ကစားနေတာလား အရင် ဆန်းစစ်ကြည့်ဖို့ လိုတယ်။ ဆီးရီးယားကနေ ရုရှားကို လုံးဝ ဖယ်ရှားမပစ်နိုင်ဘူး ဆိုတာ အရှေ့အလယ်ပိုင်း ဒေသကြီးမှာ ယူအက်(စ်) ပါဝါရဲ့ အဆင့်အနေအထား ကျဆင်းနေတဲ့ အချက်ကို ထပ်လောင်း အတည်ပြုပေးလိုက်တဲ့ အဓိပ္ပါယ် ဖြစ်တယ်၊ ဒါ့အပြင် ရုရှား အရင်းရှင် နယ်ချဲ့က ကမ္ဘာ့ ပါဝါအဆင့် တက်လှမ်းလာတဲ့ အနေအထားကို ဖော်ပြနေခြင်း ဖြစ်တယ်။ ဒါ့ကြောင့် ဆီးရီးယားက ရုရှား ကျောထောက်နောက်ခံပြု အစိုးရကို ဖြုတ်ချလိုက်ပေမဲ့ ရုရှားကို ကန်မထုတ်ရဲတာဘဲ။ အထက်မှာ တင်ပြခဲ့သလိုပဲ ဆီးရီးယားက ရုရှားကို အများကြီး မှီခိုနေရတဲ့ ဆက်ဆံရေး ဖြစ်တယ်။ ဒါ့ကြောင့် ဂျော်လနီက နယ်ချဲ့ ပါဝါတွေကြား ခွပြီး ကစားနေတာပဲလို့ မြင်ရင် မှားပါတယ်။ 

တကယ်တော့ နိုင်ငံငယ်လေးတွေ ဆိုတာ နယ်ချဲ့ ပါဝါတွေကို ခွပြီး ကစားနိုင်ဖို့ နေနေသာသာ သူတို့ စက်ပုန်းခုတ်ရာ အကြွေစေ့အဖြစ် အသုံးချခံနေရတာက ခပ်များများ။ 

ကဲ ဒါဖြင့် ဆီးရီးယားမှာ အာဆတ်(ဒ်)ကို HTS က ဖြုတ်ချလိုက်သလို ဗမာပြည်မှာလဲ တရုတ် ကျောထောက်နောက်ခံပြုထားတဲ့ စစ်အစိုးရကို လက်နက်ကိုင် အဖွဲ့တွေ ပေါင်းပြီး ဖြုတ်ချလိုက်ပြီ ဆိုပါတော့။ အဲသလို အခြေအနေ ရောက်သွားရင် တရုတ်က “တက်လာတဲ့ အစိုးရ၊ ငါ့ အစိုးရ” လုပ်မလား။ အခု ရုရှားက ဆီးရီးယား အစိုးရသစ်နဲ့ အပေးအယူ လုပ်သလို တရုတ်ကရော ဗမာ အစိုးရသစ်နဲ့ မလုပ်နိုင်ဘူးလား။ 

မလုပ်စရာ အကြောင်း မရှိဘူးလို့ မြင်ပါတယ်။ ဒါဆို လက်တွေ့ နိုင်ငံရေးက အလုပ်ဖြစ်တာပဲ။ ထာဝရ ရန်သူ ဆိုတာ မရှိဘူး၊ ထာဝရ အကျိုးစီးပွားပဲ ရှိတယ်လို့ လက်ခမောင်း ထခတ်နိုင်တယ်။ 

ဒါပေမဲ့ အဲသလို ကောက်ချက်ဆွဲရင်တော့ လုံးဝ မှားပါတယ်။ တရုတ်ပဲဖြစ်ဖြစ် ယူအက်(စ်)ပဲဖြစ်ဖြစ် အရင်းရှင် နယ်ချဲ့ ပါဝါတခုက အပေးအယူ လုပ်တယ် ဆိုတာ သူ့အကျိုးစီးပွားအတွက်ပဲ။ မအလကို ဖြုတ်ချပြီး တက်လာတဲ့ အစိုးရသစ်နဲ့ တရုတ်က အပေးအယူ လုပ်ရင်လဲ သူ့အကျိုးစီးပွားကို ကာကွယ်ပေးဖို့ပဲ သူ ပြောလိမ့်မယ်။ ပြဿနာက တက်လာတဲ့ အစိုးရဟာ တော်လှန်ရေး အစိုးရ ပီသရင်၊ တနည်းအားဖြင့် တော်လှန်ရေး လုပ်ငန်းစဉ်တွေကို လက်တွေ့ အကောင်အထည်ဖော်မယ်ဆိုရင် အရင်းရှင် နယ်ချဲ့တွေရဲ့ အကျိုးစီးပွားကို မထိပါးဘဲ အကောင်အထည် မဖော်နိုင်ဘူး။ အဲသလို ထိပါးလိုက်မယ် ဆိုရင်လဲ ဘယ် နယ်ချဲ့ ပါဝါက လက်ပိုက်ကြည့်နေမှာလဲ။ 

ဗမာပြည်လို backward ဖြစ်တဲ့ အရင်းရှင် နိုင်ငံတခုမှာ ပြည်ပ အရင်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ နယ်ချဲ့ စီမံကိန်းကြီးတွေကို အဓိက မှီခိုအားထားနေရခြင်း ဖြစ်တယ်။ နောက်ဆုံး ဗမာ အာဏာရှင် အစိုးရအဆက်ဆက် ယူလာတဲ့ ကြွေးမြီတွေ အများကြီး ရှိတယ်။ မြစ်ဆုံလို၊ ကျောက်ဖြူလို လျှို့ဝှက်ချုပ်ဆိုထားတဲ့ နယ်ချဲ့ စီမံကိန်းတွေ ရှိတယ်။ တက်လာတဲ့ အစိုးရက တော်လှန်ရေး အစိုးရစစ်စစ် ဖြစ်တယ်၊ တော်လှန်ရေး ပရိုဂရမ်ကို လက်တွေ့ အကောင်အထည်ဖော်ရဲတယ် ဆိုရင် အရင် စစ်အာဏာရှင်တွေကြောင့် တင်နေတဲ့ နိုင်ငံတော် ကြွေးမြီတွေကို ချေဖျက်ပစ်ရမယ်၊ စစ်အာဏာရှင်တွေနဲ့ နယ်ချဲ့ အစိုးရတွေကြား လျှို့ဝှက်ချုပ်ဆိုထားတဲ့ စီမံကိန်းတွေကို အများပြည်သူရှေ့ ဖွင့်ချပြီး ဖျက်သိမ်းပစ်ရမယ်။ အဲသလို လုပ်ရဲမှ တော်လှန်ရေး အစိုးရလို့ ခေါ်နိုင်မယ်။ 

အဲလို မဟုတ်ဘဲ ပိုနေမြဲ ကျားနေမြဲ ဆက်သွားရင်တော့ အရင်းရှင် နယ်ချဲ့ ပါဝါတွေနဲ့ ဆက်ဆံရေး ဆက်ကောင်းနိုင်တယ်၊ တရုတ်ကလဲ အစိုးရသစ်ကို အသိအမှတ် ပြုလိမ့်မယ်။ သို့သော် လူထုကတော့ သစ္စာဖောက်ခံလိုက်ရမှာပဲ။ ဒါဆိုရင် လက်တွေ့ကျပါတယ် ဆိုတဲ့ realpolitik က တကယ့် လက်တွေ့မှာ ဘာသုံးစားရဦးမှာလဲ။ နောက်ဆုံး လူထုရဲ့ မျှော်လင့်ချက်တွေကို သစ္စာဖောက်ပြီး နယ်ချဲ့ ပါဝါ တခုခုကို အလုပ်အကျွေးပြုရတဲ့ ဘဝ ရောက်မှာပဲ။ 

အဲဒီ လက်တွေ့ ကျပါတယ် ဆိုတဲ့ realpolitik ကြောင့် ကာ့(ဒ်)တွေ အကြိမ်ကြိမ် သစ္စာဖောက်ခံခဲ့ရတယ်။ ဒါ့ကြောင့်လဲ “ငါတို့မှာ မိတ်ဆွေမရှိ၊ တောင်တန်းတွေသာ ရှိ” ဆိုတဲ့ ကာ့(ဒ်) စကားပုံ ပေါ်လာခဲ့ဟန် တူတယ်။ ပထမ ကမ္ဘာစစ်တုန်းကလဲ ဗြိတိန် နယ်ချဲ့ရဲ့ သစ္စာဖောက်ခြင်းကို ကာ့(ဒ်)တွေ ခံခဲ့ရတယ်။ အခု နောက်ဆုံး ဆီးရီးယားက ရိုဂျာဗာ လွတ်မြောက်ဒေသဟာ ယူအက်(စ်) နယ်ချဲ့ရဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရပြန်ပြီ။

ကာ့(ဒ်)တွေရဲ့ အမှားက ယူအက်(စ်) နယ်ချဲ့နဲ့ မဟာမိတ်ပြုခဲ့တာပဲ။ မဟာမိတ် ယူအက်(စ်) တပ်တွေ ရှိနေရင် တူရကီရဲ့ ရန်ကို ကာကွယ်ပြီးသား ဖြစ်မယ်၊ ဒါကြောင့် ယူအက်(စ်)နဲ့ မဟာမိတ်ပြုခြင်းဟာ လက်တွေ့ကျတဲ့ နိုင်ငံရေးလို့ သူတို့ ယူဆခဲ့ကြတယ်။ နောက်ဆုံးမှာ ဘာဖြစ်သွားသလဲ။ တူရကီရဲ့ အကူအညီနဲ့ ဆီးရီးယားမှာ Islamist အဖွဲ့ HTS က အာဏာရသွားတယ်။ အဲဒီလို အာဏာရသွားတဲ့ ဆီးရီးယား အစိုးရက ရိုဂျာဗာကို သီးခြား တည်ရှိခွင့် မပေးနိုင်ဘူး၊ ကာ့(ဒ်)တွေရဲ့ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုဖို့ နေနေသာသာ နိုင်ငံရေး အဖွဲ့အစည်းတခုအဖြစ် တည်ရှိခွင့်တောင် မပေးနိုင်ဘူး။ ဒါ့ကြောင့် ဆီးရီးယားက ကာ့(ဒ်)တွေကို ဂျော်လနီ ခေါင်းဆောင်တဲ့ HTS အစိုးရက အမြစ်ပြတ် ချေမှုန်းရေး တရစပ် လုပ်နေပြီ။ 

ဒါက realistic ဖြစ်ပါတယ်ဆိုတဲ့ နိုင်ငံရေးတွေ လက်တွေ့မှာ ဘာဖြစ်ကုန်သလဲ မြင်သာအောင် နမူနာ ဆွဲထုတ်ပြခြင်း ဖြစ်ပါတယ်။ တကယ်တော့ ဝေးဝေးကြည့်စရာ မလိုပါဘူး။ မျက်မှောက်ခေတ် ဗမာပြည် နိုင်ငံရေးမှာကို realistic ဖြစ်ပါတယ် ဆိုတဲ့ ၁၀၂၇ စစ်ဆင်ရေး အခု ဘာဖြစ်သွားပြီလဲ။ အစပိုင်းတော့ တရုတ် အရင်းရှင် နယ်ချဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီလို့ မအလ စစ်အစိုးရကို ထိုးနှက်နိုင်ခဲ့တယ်။ ဒါပေမဲ့ တရုတ် အစိုးရ ခွင့်ပြုတဲ့ ဘောင်ကို ကျော်သွားတဲ့အခါ နောက်ပြန်ခေါက်သွားတာပဲ မဟုတ်လား။ ဒါ နမူနာ တခုပဲ ရှိသေးတယ်။ 

တရုတ်က အရင်းရှင် နယ်ချဲ့ ပါဝါ မဟုတ်ဘူး၊ သူ့နိုင်ငံ အကျိုးစီးပွားအရ လက်တွေ့ အာဏာရထားတဲ့ စစ်အစိုးရနဲ့ ဆက်ဆံနေတာ၊ တကယ်လို့သာ ငါတို့ အာဏာရသွားရင် ငါတို့နဲ့ ဆက်ဆံရေး ကောင်းအောင် တည်ဆောက်မှာပဲလို့ ကြက်တူရွေးလို ရွတ်နေတဲ့ တရုတ် အလိုတော်ရိ လက်ဝဲ ဆိုသူတွေရဲ့ စကားက ဘယ့်လောက်တောင် အဓိပ္ပါယ် ကင်းမဲ့လိုက်သလဲ။ အပေါ်ယံကြည့်ရင် ဆီးရီးယား-ရုရှား ဆက်ဆံရေးက သူတို့ အယူအဆကို ကျားကန်ပေးသယောင် ထင်ရလိမ့်မယ်။ သို့သော် သေချာ ဆန်းစစ်ကြည့်ရင် realpolitik က တကယ့် လက်တွေ့မှာ realistic မဖြစ်ရုံသာမက တော်လှန်ရေးကို မလွဲမသွေ သစ္စာဖောက်သွားလေ့ရှိကြောင်း နားလည်လာလိမ့်မယ်။ 

ရေးသူ – မေဆန်