ယခုနှစ် စာသင်နှစ်စမှာတည်းက ပြင်သစ်နိုင်ငံတလွှား အထက်တန်းကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေ အားကောင်းကောင်းနဲ့ ပေါ်ထွက်လာခဲ့တယ်။ ဒီဆန္ဒပြပွဲတွေရဲ့ တတိယလှိုင်းဖြစ်တဲ့ အောက်တိုဘာ (၆)ရက် လှုပ်ရှားမှုဟာ ဒီကျောင်းသားလှုပ်ရှားမှု ဒီရေထပ်မြှင့်လိုက်ခြင်းလဲ ဖြစ်တယ်။ ဆန္ဒပြပွဲကြီးတွေဟာ နေရာတိုင်းမှာ အားကောင်းကောင်းနဲ့ ပေါ်ထွက်လာနေတယ်။ လှုပ်ရှားမှုကို ဦးဆောင်နေသူတွေ၊ အထက်တန်း ကျောင်းသား အဖွဲ့အစည်းတွေနဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေရဲ့ အဆိုအရဆိုရင် ပါရီတမြို့တည်းမှာတင် ကျောင်းသား တသိန်းလောက် ချီတက်ဆန္ဒပြခဲ့ပြီး၊ တနိုင်ငံလုံး အတိုင်းအတာအရဆိုရင် ကျောင်းသား ၄သိန်းခွဲလောက် ဒီလှုပ်ရှားမှုအတွင်း ပါဝင်နေကြတယ်။
ဆန္ဒပြပွဲကြီးတွေဟာ အင်မတန် အားမာန်တက်ကြွစရာ ဖြစ်သလို၊ အင်မတန်လည်း နုပျိုနေတယ်။ လှုပ်ရှားမှုထဲမှာ အဓိကအနေနဲ့ ပါဝင်နေတာက အထက်တန်းကျောင်းသားတွေပဲ ဖြစ်တယ်။ အထက်တန်းကျောင်းသားတွေဟာ ကျောင်းအသီးသီး၊ ရပ်ကွက်အသီးသီးကနေ ဆန္ဒပြစစ်ကြောင်းတွေအဖြစ် အလျင်အမြန် စုစည်းထွက်ပေါ်လာကြတယ်။ သူတို့လက်ထဲမှာတော့ ရာနဲ့ချီတဲ့ home-made ကြွေးကြော်သံ ကဒ်ထူပြားတွေ ကိုင်ဆောင်ထားကြတယ်။
အောက်တိုဘာ (၅)ရက်နေ့မှာတည်းက နိုင်ငံတလွှားက အထက်တန်းကျောင်းအားလုံးရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ အထက်တန်းကျောင်း နှစ်ထောင်ကျော်မှာ သပိတ်မှောက်ထားလိုက်ကြပြီ။ အောက်တိုဘာ (၆)ရက်မှာတော့ ပြင်သစ်နိုင်ငံရဲ့ တက္ကသိုလ် ၉၀ ရာခိုင်နှုန်းလောက်က လှုပ်ရှားမှုထဲ ဝင်ရောက်ပူးပေါင်းလိုက်ပြီ ဖြစ်တယ်။ တဆက်တည်းဆိုသလို ရာထောင်ချီတဲ့ ကျောင်းသားတွေ စုစည်းပြီး ကျောင်းသားထု အထွေထွေ အစည်းအဝေးကြီးတွေ ခေါ်ယူကျင်းပနေကြပြီ ဖြစ်တယ်။
ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်မှု
ဒီလှုပ်ရှားမှု စတင်ကတည်းက ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ စက်တင်ဘာ ၂၈ ရက်မှာ လှုပ်ရှားမှု စတင်ခဲ့ချိန်ကစပြီး လူပေါင်း ၆,၅၀၀ လောက်ကို ရဲက ဖမ်းဆီးတာ၊ တားဆီးတာတွေ လုပ်ခဲ့တယ်။ အဲဒီထဲက ၁,၈၀၀ လောက်ဟာ တရားစွဲဆိုခံနေရပြီး အများစုက အရွယ်မရောက်သေးတဲ့ လူငယ်တွေ ဖြစ်တယ်။
ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှု ပုံရိပ်တွေ နေရာအနှံ့ ပျံ့နှံ့သွားခဲ့တယ်။ ဒါက လူထုရဲ့ ဒေါသကို ပိုမိုပြင်းထန်လာစေသလို ဆန္ဒပြလူငယ်တွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် စာနာထောက်ခံမှုနဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်အပေါ် ရွံရှာမုန်းတီးမှုကိုလဲ ဖြစ်ပေါ်စေခဲ့တယ်။ မနေ့က Lens မြို့မှာ ရဲတွေ ပစ်လိုက်တဲ့ ပေါက်ကွဲအားပြင်း လက်ပစ်ဗုံးကြောင့် အသက် ၁၅ နှစ်အရွယ် လူငယ်တယောက် လက်တဖက် ပြတ်ထွက်သွားခဲ့တယ်။ ဒီလူငယ်ဟာ မြေပေါ်ကျနေတဲ့ လက်ပစ်ဗုံးကို ကောက်ယူခဲ့တာလို့ ရဲတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားတယ်။ ဒါပေမဲ့ မျက်မြင်သက်သေတွေကတော့ လက်ပစ်ဗုံးဟာ သူ့ကို တိုက်ရိုက်ထိမှန်ခဲ့တာလို့ အခိုင်အမာ ဆိုထားတယ်။

Rennes မြို့မှာ လူထုဆန္ဒပြပွဲကြီး ပြီးဆုံးချိန်မှာ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက အထက်တန်းကျောင်းသူ လူငယ်တယောက်ကို ရက်ရက်စက်စက် ကန်ကျောက်ခဲ့ကြတယ်။ Noisy-le-Grand မြို့မှာလဲ အထက်တန်းကျောင်းသား လူငယ်တယောက်ရဲ့ မျက်နှာကို မျက်ရည်ယိုဗုံး တိုက်ရိုက်ပစ်ခတ်ပြီးနောက် အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက သူ့ကို ကျောင်းလှေကားထစ်တွေပေါ်မှာ ဝိုင်းရိုက်ခဲ့ကြတယ်။ ရဲတပ်ဖွဲ့ ရိုက်နှက်မှုဒဏ်ကြောင့် အကြောဆွဲပြီး သတိလစ်မေ့မျောသွားရတဲ့အထိပဲ။ အဓိကရုဏ်း နှိမ်နင်းရေး ရဲနှစ်ယောက်က သူ့ကို လှေကားအတိုင်း တရွတ်တိုက် ဆွဲချလာခဲ့ပြီး လူနာတင်ယာဉ်နဲ့ သယ်ဆောင်သွားခဲ့ရတယ်။ ရဲတပ်ဖွဲ့ရဲ့ တိုက်ခိုက်နှိမ်နင်းမှုကြောင့် အထက်တန်း ကျောင်းသားတယောက် မျက်စိတဖက် ဆုံးရှုံးခဲ့ရတယ်။ နောက်တယောက်ကတော့ ရဲတပ်ဖွဲ့ရဲ့ လက်ပစ်ဗုံး တိုက်ရိုက်ထိမှန်မှုကြောင့် သွားတွေပါ ကျိုးသွားခဲ့ရတယ်။
အဓိကရုဏ်းနှိမ်နင်းရေးရဲတွေဟာ ဆန္ဒပြနေတဲ့ ဆယ်ကျော်သက်လူငယ်တွေကို နှိမ်နင်းရာမှာ သုံးလို့ရသမျှ နည်းလမ်းမှန်သမျှ အသုံးပြုနေကြတယ်။ ပေါက်ကွဲအားပြင်း လက်ပစ်ဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေ၊ မြင်းစီးတပ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်တာတွေကိုပါ အသုံးပြုလာတယ်။ ပါရီမြို့မှာဆိုရင် မျက်စိကို အလင်းပြင်းပြင်းနဲ့ ယာယီမမြင်နိုင်အောင် လုပ်တဲ့ မီးအားပြင်း ကိရိယာ တပ်ဆင်ထားတဲ့ ဒိုင်းတွေကိုတောင် အသုံးပြုခဲ့တယ်။ Sorbonne Nouvelle တက္ကသိုလ်မှာလဲ ရာနဲ့ချီတဲ့ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေ တက်ရောက်နေတဲ့ အထွေထွေစည်းဝေးပွဲကို ဖျက်သိမ်းဖို့အတွက် အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေဟာ တက္ကသိုလ် ပရဝုဏ်ထဲအထိ ဝင်ရောက်လာခဲ့ကြတယ်။
မျိုးဆက်နဲ့ချီတဲ့ တော်လှန်ရေး
ဖိနှိပ်မှုတွေက လှုပ်ရှားမှုကို ကြောက်ရွံ့ပြီး နောက်ဆုတ်သွားစေဖို့ ရည်ရွယ်ပေမဲ့ ရလဒ်က ပြောင်းပြန်ဖြစ်သွားခဲ့တယ်။ လူငယ်တွေရဲ့ ဒေါသကို ပိုမိုပြင်းထန်လာစေပြီး လှုပ်ရှားမှုအပေါ် စာနာထောက်ခံမှုတွေ ပိုကျယ်ပြန့်နက်ရှိုင်းလာခဲ့တယ်။ ပြီးခဲ့တဲ့ အပတ်က ကောက်ယူခဲ့တဲ့ သဘောထားစစ်တမ်းတခုအရ လူထုရဲ့ ၆၂ ရာခိုင်နှုန်းက ကျောင်းသားလှုပ်ရှားမှုဟာ မှန်ကန်ကြောင်း ပြောဆိုခဲ့ကြတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နိုင်ငံတဝန်းက အလုပ်သမားသမဂ္ဂ ရဲဘော်တွေဟာ ဒီလှုပ်ရှားမှုကို ကာကွယ်စောင့်ရှောက်ဖို့ စည်းရုံးလှုပ်ရှားလာခဲ့ကြတယ်။ သမဂ္ဂဝင်တွေဟာ ဆန္ဒပြပွဲတွေမှာ လုံခြုံရေးစောင့်ရှောက်မှု ပေးခဲ့ကြသလို အထက်တန်းကျောင်းသားတွေကို ရဲတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကနေ ကိုယ်ထိလက်ရောက် ဝင်ရောက်ကာကွယ်ခဲ့ကြတယ်။
အောက်တိုဘာ ၆ ရက်နေ့မှာ အထွေထွေသပိတ်လှုပ်ရှားမှုတရပ် နိုင်ငံတဝန်း ပေါ်ပေါက်လာခဲ့တာမျိုး မရှိခဲ့ပေမဲ့ ဆန္ဒပြပွဲတွေမှာ အလုပ်သမားသမဂ္ဂ ရဲဘော်တွေ ပါဝင်မှုအချိုးအစားက သိသိသာသာ မြင့်တက်လာခဲ့တယ်။ အရေးကြီး လုပ်ငန်းခွင်တွေက ကိုယ်စားလှယ်အဖွဲ့တွေပါ လှုပ်ရှားမှုထဲ ပါဝင်လာခဲ့ကြသလို အထက်တန်းကျောင်း ဆရာ၊ ဆရာမတွေကြားမှာလဲ သပိတ်လှုပ်ရှားမှုတွေ ပိုကျယ်ပြန့်လာတယ်။
အစောပိုင်းတုန်းက ဆရာ၊ ဆရာမ အင်အားမလုံလောက်မှု၊ ကျောင်းအဆောက်အအုံနဲ့ သင်ကြားရေး အထောက်အကူပစ္စည်းတွေ ညံ့ဖျင်းမှု၊ ဘတ်ဂျက်မလုံလောက်မှု၊ စာလေ့လာချိန် ရှည်လျားမှု၊ တက္ကသိုလ်ဝင်ခွင့်စနစ် ပွင့်လင်းမြင်သာမှု မရှိခြင်း စတဲ့ မကျေနပ်ချက် အမျိုးမျိုးကို စုစည်းပေးခဲ့တဲ့ လှုပ်ရှားမှုဟာ အခုချိန်မှာတော့ မျိုးဆက်တခုလုံး ပါဝင်တဲ့ ပုန်ကန်ထကြွမှုကြီးတရပ်အဖြစ် ပြောင်းလဲလာခဲ့ပြီ ဖြစ်တယ်။
Gen Z မျိုးဆက်ရဲ့ တော်လှန်ရေးဟာ ပြင်သစ်နိုင်ငံမှာ အခိုင်အမာ ရောက်ရှိလာခဲ့ပြီ။ အထက်တန်း ကျောင်းသားတွေက “6-7မျိုးဆက်က ၁၉၆၈ မေလကို တကျော့ပြန် ဖန်တီးနေပြီ”လို့ ကြွေးကြော်သံ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားတာ တွေ့မြင်လာရတယ်။ Rennes 2 တက္ကသိုလ်မှာ သပိတ်မှောက်နေတဲ့ ကျောင်းသားတွေဟာ တက္ကသိုလ်ရဲ့ အဓိကအဆောက်အအုံတခုမှာ “ကွန်မြူးန် အဓွန့်ရှည်ပါစေ”လို့ ရေးသားခဲ့ကြတယ်။ ဒါဟာ ၁၈၇၁ ခုနှစ် ပါရီကွန်မြူးန်ကို ရည်ညွှန်းထားတာ ဖြစ်တယ်။

ဒီလှုပ်ရှားမှုရဲ့ အရေးပါတဲ့ လက္ခဏာတရပ်က လီပန်နဲ့ ဘာဒဲလာတို့ ဦးဆောင်တဲ့ လက်ယာစွန်း အမျိုးသားစည်းလုံးရေးပါတီ (National Rally – RN) နဲ့ သူတို့ရဲ့ လူမျိုးရေးခွဲခြားမှု၊ နိုင်ငံခြားသားမုန်းတီးမှု နိုင်ငံရေးတွေကို လူငယ်တွေက ငြင်းပယ်ပစ်နေတာပဲ ဖြစ်တယ်။ ‘the youth says: fuck the RN’လို့ အဓိပ္ပာယ်ရတဲ့ la jeunesse emmerde le RN ကြွေးကြော်သံ တကျော့ပြန် ပေါ်ထွက်လာခဲ့တယ်။ ဒီကြွေးကြော်သံဟာ လူငယ်တွေကြားမှာ အားကောင်းတဲ့ ပဲ့တင်သံတခု ဖြစ်လာခဲ့တယ်။ အကြောင်းကတော့ ဒီလှုပ်ရှားမှုဟာ banlieues လို့ခေါ်တဲ့ ဆင်းရဲနွမ်းပါး အလုပ်သမား လူတန်းစားတွေ နေထိုင်ရာ မြို့ပြ ဆင်ခြေဖုံးဒေသတွေက ယိုယွင်းပျက်စီးနေတဲ့ အထက်တန်း ကျောင်းတွေမှာ စတင်ခဲ့လို့ပဲ ဖြစ်တယ်။ အဲဒီကျောင်းတွေမှာ အာရပ်နွယ်ဖွားနဲ့ လူမည်းကျောင်းသားတွေ အများအပြား ရှိကြတယ်။
နောက်ထပ် အရေးကြီးပြီး သတိပြုရမယ့် အချက်တခုကတော့ ဒီလှုပ်ရှားမှုမှာ အမျိုးသမီးငယ်တွေ အများအပြား ပါဝင်နေကြတာပဲ ဖြစ်တယ်။ သူတို့ဟာ ဆန္ဒပြပွဲတွေနဲ့ အထက်တန်းကျောင်းတွေကို ပိတ်ဆို့သိမ်းပိုက်တဲ့ လှုပ်ရှားမှုတွေမှာ ဦးဆောင် အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြတယ်။
ကြီးမားလှတဲ့ ဖိအား
ပြင်သစ်နိုင်ငံရဲ့ လူထုလှုပ်ရှားမှုကြီးတိုင်းမှာ ဖြစ်ခဲ့သလိုပဲ လက်ရှိအချိန်မှာလဲ လီပန်ရဲ့ RN ပါတီဟာ လှုပ်ရှားမှု အရှိန်အဟုန်အအောက် အငိုက်မိသွားခဲ့တယ်။ သူတို့ဟာ အာဏာပိုင် အသ်ိုင်းအဝိုင်းကို ဆန့်ကျင်သူတွေ (anti-establishment) အဖြစ် ဟန်ဆောင်ထားခဲ့ကြပေမဲ့ အခုတော့ ပြည်သူလုထု တရပ်လုံးက ထောက်ခံနေတဲ့ ဒီလှုပ်ရှားမှုကြီးကို ဆန့်ကျင်ရာမှာ အစိုးရနဲ့ ကတုတ်ကျင်းတဖက်တည်း အတူတူ ရပ်နေတယ်။
တဖက်မှာတော့ မယ်လွန်ရှောင်ရဲ့ La France Insoumise (LFI) ပါတီက ဒီလှုပ်ရှားမှုကို ထောက်ခံ ပါဝင်လာခဲ့တယ်။ အထက်တန်းကျောင်းတွေဆီ သွားရောက်ပြီး ရဲတပ်ဖွဲ့ရဲ့ ဖိနှိပ်မှုကနေ ကျောင်းသားတွေကို ကာကွယ်ပေးဖို့ ရွေးကောက်ခံ ကိုယ်စားလှယ်အားလုံးကို ညွှန်ကြားခဲ့တယ်။ Saint-Denis မြို့ရဲ့ LFI ပါတီဝင် မြို့တော်ဝန် ဘာလီ ဘာဂါယိုကိုဟာလဲ ဒီလှုပ်ရှားမှုအတွင်း လူကြိုက်များတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်လာခဲ့တယ်။
လူထုရဲ့ ထောက်ခံမှု အင်မတန် လျော့ကျနေတဲ့ Lecornu အစိုးရဟာ ပိုပိုပြီး အားကောင်းလာတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီ။ လှုပ်ရှားမှုကို အကြမ်းပတမ်း ဖိနှိပ် ချေမှုန်းပစ်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ အခုချိန်မှာ ဒီလှုပ်ရှားမှုကြီး အလုပ်သမား လူတန်းစားရဲ့ အထွေထွေလှုပ်ရှားမှုနဲ့ ပေါင်းစည်းသွားမှာကို အစိုးရဘက်က စိုးရိမ်နေတယ်။ အစိုးရ ဝန်ထမ်းတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ စွမ်းအင်နဲ့ ဓာတုစက်မှုကဏ္ဍက အလုပ်သမားတွေ အပါအဝင် ကဏ္ဍအတော်များများမှာ သပိတ်တိုက်ပွဲ ဆင်နွှဲလာကြာပြီ ဖြစ်သလို၊ ထပ်မံပေါ်ထွက်လာဦးမယ့် သပိတ် တိုက်ပွဲတွေလဲ ရှိနေသေးတယ်။ အောက်တိုဘာ ၁၇ ရက်နေ့မှာ Yellow Vest လှုပ်ရှားမှုသစ်တရပ် ပြန်ဖော်ဆောင်ကြဖို့ နှိုးဆော်တပ်လှန့်သံတွေလဲ ထွက်ပေါ်လာနေပြီ။
လက်ရှိအချိန်မှာ၊ ပညာရေးဝန်ကြီးက တနိုင်ငံလုံးက အထက်တန်းကျောင်းတွေရဲ့ ပညာရေး လုပ်ငန်းဆောင်တာ အားလုံးကို တနင်္လာနေ့အထိ ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီအစား ကျောင်းသားတွေအနေနဲ့ ပိတ်ဆို့ သိမ်းယူထားတဲ့ ကျောင်းတွေကို ပြန်ဖွင့်ပေးပြီး ကျောင်းထဲ ပြန်ဝင်၊ အဲဒီနောက်မှ “ကျောင်းသားထုရဲ့ မကျေနပ်ချက်တွေကို ဆွေးနွေး” ဆိုတဲ့ ‘ဒီမိုကရက်တစ် ရပ်ဆိုင်းမှု’တရပ် ဖော်ဆောင်ဖို့ ဆော်ဩထားတယ်။
ဒါပေမဲ့ အထက်တန်းကျောင်းသားထုက သူတို့ရဲ့ မကျေနပ်ချက်တွေဟာ ထပ်ဆွေးနွေးဖို့ မလိုအောင် သိသာထင်ရှားပြီး ဖြစ်ကြောင်း တုန့်ပြန်ခဲ့တယ်။ ကျောင်းသားထု တကယ်တောင်းဆိုနေတာက ဒီမကျေနပ်ချက်တွေကို လက်တွေ့ ဖြေရှင်းဖို့ပဲ။ ဒါကြောင့် ပိတ်ဆို့သိမ်းယူ (သပိတ်တား) ထားတဲ့ ကျောင်းတွေကို ပြန်ဖွင့်ပေးမှာ မဟုတ်ကြောင်း တုန့်ပြန်ခဲ့တယ်။ အောက်တိုဘာ ၈ရက်နေ့မှာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားလှုပ်ရှားမှုကြီးတရပ် ဆင်နွှဲကြဖို့ အထက်တန်းကျောင်းသား အဖွဲ့အစည်းတွေနဲ့ တက္ကသိုလ် ကျောင်းသား အဖွဲ့အစည်းတွေက ဆော်ဩနှိုးဆော်ထားတယ်။
အဆုံးမတော့ အောက်တိုဘာ ၆ရက်နေ့မှာ မက်ခရွန်ဘက်က အရေးပေါ် အကျပ်အတည်းဆိုင်ရာ ကြားနာပွဲတရပ် ခေါ်ယူပေးခဲ့ရတယ်။ ဒီကြားနာပွဲမှာ ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးနဲ့ ပညာရေးဝန်ကြီးတို့ တက်ရောက်ခဲ့ကြတယ်။ ဝန်ကြီးချုပ်က အောက်တိုဘာ ၇ရက်၊ ဗုဒ္ဓဟူးနေ့မှာ တနိုင်ငံလုံးကို မိန့်ခွန်းပြောဖို့ ရှိတယ်။ ပြည်ထဲရေး ဝန်ကြီးက ရဲတပ်ဖွဲ့ကို လူစုခွဲ လက်ပစ်ဗုံးတွေ ထပ်အသုံးမပြုဖို့ တားမြစ်ပိတ်ပင်ထားတယ်။
အစိုးရနဲ့ မက်ခရွန်ကိုယ်တိုင်က ဒီအကျပ်အတည်းရဲ့ ဝိရောဓိတွေကြား ပိတ်မိနေပြီ။ အကြမ်းပတမ်း ဖိနှိပ်နှိမ်နင်းမှုက လှုပ်ရှားကို ပိုအရှိန်ရအောင် ဓါတ်ဆီလောင်းပေးသလို ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အစိုးရဘက်ကလဲ ကျောင်းသားထုရဲ့ တောင်းဆိုချက်တွေကို လိုက်လျောပေးနိုင်စရာ အခြေအနေ သိပ်မရှိဘူး။ အထက်တန်းကျောင်းသားထုရဲ့ တောင်းဆိုချက်တွေဟာ အဓိကအားဖြင့် ဘက်ဂျက် ပြဿနာတွေ ဖြစ်နေတယ်။
ပြင်သစ်အရင်းရှင်စနစ် အကျပ်အတည်း
လက်ရှိ အထက်တန်း ကျောင်းသားထု လှုပ်ရှားမှုဟာ စည်းရုံးစုစည်းထားသော အလုပ်သမား လူတန်းစားကြီး ပါဝင်လာတဲ့ ခေတ်ပြောင်း အုံကြွမှုကြီးတခု ပီပီပြင်ပြင် ဖြစ်သွားနိုင်တယ်။ ဒီလှုပ်ရှားမှုဟာ ပြင်သစ် အရင်းရှင်စနစ် နက်နက်ရှိုင်းရှိုင်း အကျပ်အတည်းဆိုက်နေကြောင်း ထင်ဟပ်ပြသနေခြင်း ဖြစ်တယ်။
အရင်းရှင်စနစ် အကျပ်အတည်းဆိုတာ အနှစ်သာရအားဖြင့်တော့ အုပ်စိုးသူ လူတန်းစားဘက်က ပြည်သူ့ ဝန်ဆောင်မှုကဏ္ဍ အသုံးစရိတ်တွေကို နက်နက်ရှိုင်းရှိုင်း ဖြတ်တောက်ပစ်ဖို့ ခြေလှမ်းပြင်လာခြင်းသာ ဖြစ်တယ်။ ကြွေးမြီက နိုင်ငံ့ GDP ရဲ့ ၁၁၉ ရာခိုင်နှုန်း အထိ ရှိနေတယ်။ ဒီကြွေးမြီတွေအတွက် လက်ရှိ နှစ်စဉ်ပေးဆပ်နေရတဲ့ အတိုးနဲ့ အခြား ကုန်ကျစရိတ်တွေဟာ GDP ရဲ့ ၃ ရာခိုင်နှုန်း ပမာဏဖြစ်တဲ့ ယူရို ဘီလီယံ ၇၀အထိ ရှိနေပြီး လာမယ့်နှစ်မှာ ယူရို ဘီလီယံ ၉၀ ကျော်အထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားတယ်။ ဒီပမာဏဟာ ပညာရေးအတွက် သတ်မှတ်ထားတဲ့ နိုင်ငံတော်ဘတ်ဂျက် (ယူရို ၆၅ ဘီလီယံ) နဲ့ ကာကွယ်ရေးဘတ်ဂျက် (ယူရို ၆၃ ဘီလီယံ) တို့ထက်တောင် အများကြီး ပိုများနေတယ်။ ဘတ်ဂျက်လိုငွေပြမှုကလဲ GDP ရဲ့ ၅.၄ ရာခိုင်နှုန်း ရှိနေတယ်။
အုပ်စိုးသူ လူတန်းစားဘက်က တောင်းဆိုနေတဲ့ အသုံးစရိတ် ဖြတ်တောက်မှုတွေထဲက တစိတ်တပိုင်းလောက်ကိုပဲ အကောင်အထည်ဖော်လိုက်ရင်တောင် ဘယ်အစိုးရမဆို လူထု ထောက်ခံမှုကို အကြီးအကျယ် ကျဆင်းသွားနိုင်တယ်။ ဒါကြောင့်ပဲ ကြားနေ နိုင်ငံရေး အင်အားစုတွေနဲ့ အာဏာရ နိုင်ငံရေး ပါတီတွေဟာ အချိန်တိုအတွင်းမှာတင် လူထုထောက်ခံမှု အကြီးအကျယ် ကျဆင်းသွားခဲ့ကြတာ ဖြစ်တယ်။ ဒီအခြေအနေကြောင့်ပဲ တည်ဆဲ အစိုးရယန္တရားကို ဆန့်ကျင်တဲ့ နိုင်ငံရေး အင်အားစုတွေ အင်အားကောင်းလာနေကြတယ်။ လက်ယာ အင်အားစုဘက်မှာ RN ပါတီ အားကောင်းလာပြီး၊ လက်ဝဲ အင်အားစုဘက်မှာ LFI ပါတီအားကောင်းလာတယ်။
စိတ်ဝင်စားစရာကောင်းတာက လီပန်ရဲ့ RN ပါတီဟာ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းစဉ်ကို ရှင်းပြဖို့ သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့တာပဲ ဖြစ်တယ်။ အဲဒီပွဲမှာ သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် ဘဏ္ဍာရေးစည်းကမ်းကို လိုက်နာတဲ့ ပါတီအဖြစ် ပုံဖော်ခဲ့တယ်။ ဘတ်ဂျက် လိုငွေပြမှုကို လျှော့ချမယ်လို့ ကတိပေးခဲ့သလို “အနာဂတ် ဘတ်ဂျက် လိုငွေပြမှုကို ဥပဒေအရ ကန့်သတ်နိုင်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ရွှေ စည်းမျဉ်း” တရပ်ကိုလဲ ပြဋ္ဌာန်းမယ်လို့ ပြောဆိုခဲ့ကြတယ်။ ၂၀၃၀ ပြည့်နှစ်မှာ ဘတ်ဂျက်လိုငွေပြမှုကို GDP ရဲ့ ၃ ရာခိုင်နှုန်းအောက်အထိ လျှော့ချဖို့ ယူရို ဘီလီယံ ၁၄၀ တန်ဖိုးရှိတဲ့ “အသုံးစရိတ် ချွေတာရေး” အစီအစဉ်ကို အကောင်အထည်ဖော်မယ်လို့ ကတိပြုခဲ့ကြတယ်။
အာဏာရလာဖို့ နီးကပ်လာတာနဲ့အမျှ ဖောက်ပြန်ရေးဂိုဏ်း အခွင့်အရေးသမားတွေဟာ အရင်းရှင်တွေ စိတ်လုံခြုံစေဖို့နဲ့ သူတို့ဟာ မိတ်ဆွေကောင်းတွေ ဖြစ်ကြောင်း ပြသဖို့ လိုအပ်လာတယ်။ ဒါပေမဲ့ သူတို့ကို ထောက်ခံတဲ့ မဲဆန္ဒရှင်တွေကို စိတ်ကျေနပ်စေဖို့အတွက်တော့ ပညာရေးနဲ့ ပင်စင်အသုံးစရိတ်တွေကို မဖြတ်တောက်ဘဲ ဒီခြိုးခြံချွေတာရေး အစီအမံတွေကို အကောင်အထည်ဖော်မယ်လို့ ကတိပေးနေကြတယ်။ ဒါပေမဲ့ ဒီနှစ်ခုကို တပြိုင်နက်တည်း အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးဆိုတာကလဲ လယ်ပြင်ဆင်သွားသလို ထင်ရှားနေတယ်။
တဖက်မှာတော့ လက်ကော်နူး အစိုးရဟာ (ဖိနှိပ်မှုတွေလုပ်မိလို့ အခြေအနေ ပိုဆိုးသွားတာကို မြင်ပြီး) ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျောပေးမယ်ဆိုရင်လဲ “ဈေးကွက်” က လက်ကော်နူး အစိုးရကို ဒဏ်ခတ်လိမ့်မယ်။ ဒီနေရာမှာ “ဈေးကွက်” ဆိုတာ အစိုးရ ငွေချေးစာချုပ်တွေကို ဝယ်ယူနေတဲ့ အရင်းရှင် ရင်းနှီးမြှုပ်နှံသူတွေကို ဆိုလိုတာ ဖြစ်တယ်။ သူတို့က အစိုးရဟာ ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချဖို့ အလေးအနက် မရှိဘူးလို့ ယူဆကြလိမ့်မယ်။ ဒါပေမဲ့ အစိုးရဘက်က လိုက်လျောမှု မပေးဘူးဆိုရင်လဲ လှုပ်ရှားမှုဟာ ပိုမိုပျံ့နှံ့ကျယ်ပြန့်လာပြီး နောက်ဆုံးမှာ အစိုးရကို မြောင်းထဲ ကန်ထုတ်ပစ်နိုင်လောက်တဲ့ တားမနိုင်ဆီးမရ အင်အားထုကြီးတရပ် ဖြစ်လာနိုင်တယ်။
Financial Times သတင်းစာက “ငွေချေးစာချုပ် ဈေးကွက်နဲ့ ခံကတုတ်တွေကြား ပိတ်မိနေတဲ့ ပြင်သစ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ခြောက်လှန့်သတိပေး ဆောင်းပါးတပုဒ်မှာ အခုလို ထောက်ပြထားတယ် –
“တဖက်မှာ အစိုးရဆီက ဘက်ဂျက်ငွေ ပိုတိုးပေးဖို့ တောင်းဆိုနေတဲ့ လမ်းပေါ်ထွက် ဆန္ဒပြနေသူတွေ ရှိနေပြီး အခြား တဖက်မှာတော့ ဘဏ္ဍာရေး စည်းကမ်းကို မလိုက်နာဘူးလို့ ယူဆရတဲ့ နိုင်ငံတွေရဲ့ ကြွေးမြီအပေါ် လောင်းကြေးထပ်ပြီး အပြစ်ပေးနေတဲ့ Bond ဈေးကွက်ထဲက ‘ကြွေးမြီဈေးကွက် စောင့်ကြည့်သူတွေ’ ရှိနေတယ်။ ပြင်သစ်ဟာ ဒီဘက် နှစ်ဖက်ကြား ရှေ့တိုးထမ်းပိုး နောက်ဆုတ် လှည်းထုပ်ဖြစ်နေတယ်။
“ဘတ်ဂျက်နဲ့ပတ်သက်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာတာနဲ့အမျှ တင်းမာမှုတွေလဲ မြင့်တက်လာနေတယ်။ တချိန်တည်းမှာပဲ ဧပြီလ သမ္မတရွေးကောက်ပွဲကလဲ နီးကပ်လာနေပြီး အဲဒီရွေးကောက်ပွဲမှာ လက်ယာစွန်းနဲ့ လက်ဝဲစွန်း ဂိုဏ်းနှစ်ဂိုဏ်း ထိပ်တိုက်ရင်ဆိုင်ရနိုင်တယ်။ ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်နေကြတာက ဒီအခြေအနေကြောင့် ပြင်သစ် စီးပွားရေးကိုသာမက ယူရိုဇုန် တခုလုံးကိုပါ လှုပ်ခတ်သွားစေနိုင်တဲ့ ကြီးမားတဲ့ ကြွေးမြီ အကျပ်အတည်းတရပ် ပေါ်ပေါက်လာနိုင်ခြေ ရှိနေတဲ့ အချက်ပဲ”။

The New York Times သတင်းစာကလဲ အလားတူ သတိပေးချက်တခု ဖော်ပြထားတယ် –
“‘ပြင်သစ်ရဲ့ အခြေအနေက ဒီတိုင်း ဆက်ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး။ ငွေချေးစာချုပ် ဈေးကွက်ကလဲ အဲဒီအချက်ကို ထုတ်ပြောနေပြီ၊ အော်ဟစ်ကြိမ်းမောင်းခြင်း မရှိသေးရုံသာ ဖြစ်တယ်’ လို့ ဟားဗတ် တက္ကသိုလ် စီးပွားရေး ပါမောက္ခနဲ့ ဘဏ္ဍာရေး အကျပ်အတည်းဆိုင်ရာ ပညာရှင် ကဲနက် ရိုဂေါ့ဖ်က ပြောခဲ့တယ်။ ‘ဒါဟာ မကြာခင် ပျက်ကိန်းဆိုက်တော့မဲ့ အခြေအနေပဲ’လို့ ဆိုထားသေးတယ်။”
ဒီသတင်းစာထဲမှာပဲ နိုင်ငံရေး အကျပ်အတည်း သုတေသီတဦးရဲ့ ပြောဆိုချက်ကို ကောက်နုတ် ဖော်ပြထားသေးတယ်။ ဒီသုတေသီက ပြင်သစ်မှာ ဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အခုလို ဆိုထားတယ်။
“‘ဒါဟာ ကြွေးမြီ အကျပ်အတည်း ဒါမှမဟုတ် ငွေချေးစာချုပ် ဈေးကွက် အကျပ်အတည်းသက်သက် မဟုတ်ဘူး’ လို့ မစ္စတာ ရာမန်က ဆိုပါတယ်။ “ကျနော်နဲ့ ဆွေးနွေးနေတဲ့ ရင်းနှီးမြှုပ်နှံသူတွေက ပြင်သစ်မှာ နိုင်ငံရေးနဲ့ အခြေခံ ဖွဲ့စည်းပုံဆိုင်ရာ သေရေးရှင်ရေး အကျပ်အတည်းကြီးတခု ဖြစ်လာမှာ စိုးရိမ်နေကြတယ်။ ဒီပြဿနာအားလုံးက သမ္မတရွေးကောက်ပွဲမှာ ဘယ်သူပဲ အနိုင်ရရ နှာခေါင်းကျည်ပွေ့တွေ့မယ့် အခြေအနေကို စုစည်းပုံဖော်ပေးနေတယ်’လို့လဲ ဆက်ပြောခဲ့တယ်။”
ဒီအခြေအနေက ပြင်သစ်မှာပဲ ထူးထူးခြားခြား ဖြစ်နေတာတော့ မဟုတ်ဘူး။ အီတလီ၊ စပိန်နဲ့ ဗြိတိန်တို့လို ဥရောပရဲ့ အဓိက စီးပွားရေး နိုင်ငံကြီးတွေမှာလဲ အလားတူ အခြေအနေတွေ ရှိနေတယ်။ ဂျာမနီနိုင်ငံမှာ လက်ရှိအချိန်ထိတော့ နိုင်ငံ့ ကြွေးမြီပမာဏက ကုလားအုတ်ခါးကျိုးစေမယ့် အခြေအနေ မရောက်သေးဘူး ဆိုသော်ငြား အရင်းရှင်စနစ်ရဲ့ အကျပ်အတည်းက အင်မတန် နက်ရှိုင်းပြင်းထန်နေတယ်။
အခြေအနေတူညီရင် ရလဒ်တွေလဲ တူညီတတ်ပါတယ်။ ဥရောပတိုက်ကြီးတခုလုံးဟာ လူထု အုံကြွမှုကြီးတရပ် ပေါက်ကွဲထွက်လာဖို့ အသင့်ဖြစ်နေတဲ့ ယမ်းအိုးကြီးတလုံးနဲ့ တူနေတယ်။
ဘာသာပြန် – ရတီလင်းဆက်
Source – France: “Generation 6-7 doing May ‘68 all over again” By Jorge Martín, 07 October 2026
