ပြီးခဲ့တဲ့ ဆယ်ရက်လောက်အတွင်းမှာပဲ စပိန်နိုင်ငံရေးဟာ ဇောက်ထိုးမိုးမျှော်တွေ ဖြစ်သွားခဲ့ပါတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့မှာ မက်ဒရစ်မြို့၊ ဆိန့်ဇ် ဒီ ဘရန်ဒါ လမ်း (Sainz de Baranda) က အသက် ၈၇ နှစ်အရွယ် မာရီကာမန်လို့ခေါ်တဲ့ အဘွားတယောက် သူငှားနေတဲ့ ပုဂ္ဂလိကပိုင် တိုက်ခန်းတခုကနေ အတင်းအကျပ် နှင်ချခံခဲ့ရပါတယ်။ ဒီကိစ္စကနေတဆင့် မထင်မှတ်ထားတဲ့ ဖြစ်ရပ်တွေ တခုပြီး တခု ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့တယ်။ တကယ်တော့ ဒီလိုဖြစ်လာမယ်ဆိုတာက အခြေအနေတွေအရ ကြိုတင်ခန့်မှန်းနိုင်တဲ့ ကိစ္စတခုလို့လည်း ဆိုနိုင်ပါတယ်။
စပိန်မှာ အိမ်ရာအခက်အခဲကိစ္စက ကြီးမားတဲ့ ပြဿနာတရပ် ဖြစ်နေတာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းကပါ။ ၂၀၀၈ ခုနှစ် စီးပွားရေးပျက်ကပ် အကျိုးဆက်တွေကို ဆန့်ကျင်တဲ့အနေနဲ့ ၂၀၁၁ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ လူထောင်ပေါင်းများစွာဟာ စပိန်နိုင်ငံတဝန်းက အများပြည်သူနေရာတွေမှာ ဝင်ရောက်နေရာယူ ဆန္ဒပြခဲ့ကြတယ်။ အဲဒီ့ “Indignados” လို့ခေါ်တဲ့ 15M လှုပ်ရှားမှုကြီးမှာလည်း အိမ်ရာပြဿနာက အဓိက အရေးပါတဲ့ အကြောင်းရင်းတခု ဖြစ်ခဲ့တာပါ။ ဒီလို လူထုလှုပ်ရှားမှုကြီး ဖြစ်လာစေခဲ့တဲ့ အဓိက အကြောင်းရင်းတွေထဲက တခုက အိမ်ဝယ်ဖို့ ချေးငွေ (Mortgages) မဆပ်နိုင်တဲ့သူတွေရဲ့ အိမ်တွေကို ဘဏ်တွေက ပြန်သိမ်းခဲ့လို့ပါ။ ဒါကို တုံ့ပြန်တဲ့ ရလဒ်ကတော့ အင်တိုက်အားတိုက်နဲ့ အရှိန်အဟုန်ပြင်းတဲ့ အိမ်ရာအရေး လှုပ်ရှားမှုတခု ထွက်ပေါ်လာတယ်။ အဲဒီလှုပ်ရှားမှုမှာဆိုရင် အိမ်ငှားတွေကို အတင်းအကျပ် မောင်းချတာမျိုး မလုပ်နိုင်အောင် လူအင်အားသုံးပြီး ကာကွယ်တားဆီးပေးတာမျိုးတွေလဲ ပါတယ်။
၁၅ နှစ်တောင် ကြာခဲ့ပြီဖြစ်ပေမဲ့ ဘာပြဿနာမှ ပြေလည်မသွားခဲ့ပါဘူး။ အခြေအနေတွေက အရင်ကထက်တောင် ပိုဆိုးလာတာပဲ ရှိတယ်။ အိမ်ခြံမြေဈေးကွက်မှာ အကြီးအကျယ် ဈေးကစားလာကြတာကြောင့်၊ Vulture Funds (ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းတွေ) ဟာ အဲ့ကနေ အကျိုးအမြတ်ရဖို့အတွက် လူနေတိုက်ခန်း အဆောက်အအုံတွေကို လိုက်ဝယ်လာကြတယ်။ သူတို့က အိမ်လခတွေကို မတန်တဆ တင်တောင်းနိုင်ဖို့ ဒါမှမဟုတ် ဝင်ငွေကောင်းတဲ့ ကာလတို အပန်းဖြေတိုက်ခန်းတွေ ပြောင်းသုံးဖို့အတွက် လက်ရှိ အိမ်ငှားတွေကို နည်းပေါင်းစုံ သုံးပြီး မောင်းထုတ်ကြတယ်။ အခု မာရီကာမန် ကြုံတွေ့ခဲ့ရတာကလည်း တပုံစံထဲပါပဲ။
တောမီးလောင်စေတဲ့ မီးပွားတစ
ဒီတိုက်ခန်းမှာ နေလာတာ နှစ် ၇၀ တောင်ရှိပြီ ဖြစ်တဲ့အပြင် ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရတဲ့ မာရီကာမန်ကို ရဲတွေက အကြမ်းပတမ်း နှင်ချလိုက်တဲ့ ဖြစ်ရပ်ဟာ လောင်ဖို့ အသင့်ဖြစ်နေတဲ့ တောမီးကို မီးပွားလေးတစနဲ့ မီးမွှေးပေးလိုက်သလိုပါပဲ။
နောက်စနေနေ့မှာပဲ ဒေါသပေါက်ကွဲနေတဲ့ လူသောင်းနဲ့ချီဟာ မက်ဒရစ်မြို့ထဲမှာ အကြီးအကျယ် ချီတက်ဆန္ဒပြခဲ့ကြတယ်။ နောက်ဆုံးမှာတော့ ပွာတာ ဒယ်လ် ဆိုးလ် (Puerta del Sol) ရင်ပြင်မှာ သပိတ်စခန်းချတဲ့အထိ ဖြစ်လာခဲ့တယ်။ ဒီအခြေအနေတွေက ၂၀၁၁ ခုနှစ် တုန်းက 15M လှုပ်ရှားမှုကြီးကို ပြန်ပြီး အမှတ်ရစေပါတယ်။
လွှတ်တော်ထဲမှာ အခြေမခိုင်တဲ့ အမတ်နေရာ အသာစီးရမှုလေးနဲ့ မနည်းရပ်တည်နေရတဲ့ ပက်ဒရို ဆန်းချက်စ် အစိုးရဟာ အစောကတည်းက အခြေအနေ မဟန်တော့ပါဘူး။ ပါးစပ်ကသာ ‘သမိုင်းတလျှောက် progressive အဖြစ်ဆုံး အစိုးရ’ ဆိုပြီး ကြွေးကြော်နေပေမယ့် လက်တွေ့မှာတော့ အလုပ်သမား မိသားစုတွေ၊ အထူးသဖြင့် အလုပ်သမားလူငယ်တွေရဲ့ ဘဝရပ်တည်မှု အခြေအနေတွေနဲ့က လုံးဝကို တခြားစီ ဖြစ်နေတယ်။
သူက နယူးယောက်မှာ ဇိုရန် မမ်ဒါနီ (Zohran Mamdani) နဲ့အတူ ‘လူမြင်ကောင်းမယ့် ဗီဒီယိုတွေ’ ရိုက်နေချိန်မှာ တဖက်မှာကျ သူ့အစိုးရလက်အောက်ခံ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက အိမ်ရာအရေး တက်ကြွလှုပ်ရှားသူတွေကို အကြောင်းမဲ့သက်သက် အကြမ်းဖက်ခဲ့တဲ့အပြင်၊ သက်ကြီးရွယ်အို အမျိုးသမီးတယောက်ကိုပါ တိုက်ခန်းထဲကနေ လူနာထမ်းစင်နဲ့ အတင်းအကျပ် သယ်ထုတ်နေခဲ့တာပါ။
ဒီ ဆိုးလ် (Sol) ရင်ပြင်က သပိတ်စခန်းဟာ ၂၀၁၁ တုန်းက 15M လှုပ်ရှားမှုမှာ လုပ်ခဲ့တဲ့ သပိတ်စခန်းနဲ့ ဆင်တူတဲ့အချက်တွေ ရှိပေမယ့်လို့ အဓိကကျတဲ့ ကွဲလွဲချက်တွေလည်း ရှိနေပါတယ်။ ၂၀၁၁ ခုနှစ်တုန်းကဆိုရင် တချို့ ဆန္ဒပြသူတွေကြားမှာ နိုင်ငံရေးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်မုန်းတီးတဲ့ စိတ်ဓာတ်တွေ ရှိခဲ့ကြတယ်။ လက်ဝဲအဖွဲ့အစည်းတွေကို သံသယမျက်လုံးနဲ့ ကြည့်ကြတယ်။ သူတို့ရဲ့ အလံတွေ ထောင်ခွင့်၊ စာရွက်စာတမ်းတွေ ယူလာခွင့် မပေးခဲ့တဲ့အပြင် တချို့နေရာတွေမှာဆိုရင် လုံးဝကို ရန်သူလိုသဘောထားပြီး ဆက်ဆံခဲ့ကြတာပါ။
ဒါပေမဲ့ ဒီတကြိမ်မှာတော့ ရင်ပြင်ပေါ်မှာ အလံနီတွေ ဝံဝံကြွားကြွား လွှင့်ထူထားပြီး၊ ကွန်မြူနစ်အဖွဲ့အစည်းတွေကလည်း သပိတ်စခန်း စီစဉ်ကွပ်ကဲမှုမှာ ပေါ်ပေါ်ထင်ထင်ပဲ ပါဝင်လှုပ်ရှားနေကြတယ်။ အချိန်ကာလတွေနဲ့အတူ လူတွေရဲ့ နိုင်ငံရေး အသိစိတ်တွေလည်း ပြောင်းလဲတိုးတက်လာခဲ့ပြီ။
အမြတ်ထုတ်ချင်တဲ့ တွက်ကိန်းတွေ
ဆန်းချက်စ် အစိုးရက ဒါကို သူတို့ နာမည်ပြန်ဆယ်ဖို့ အခွင့်အကောင်းတရပ်အနေနဲ့ မြင်သွားတယ်။ ဒါနဲ့ သူတို့ရဲ့ အစိုးရထဲက မဟာမိတ်တွေ၊ ပြင်ပက ထောက်ခံသူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး အိမ်ငှားပြဿနာကို ဖြေရှင်းဖို့ အစီအမံတွေပါတဲ့ အမိန့်စာနှစ်ခုကို အလောတကြီး ထုတ်ပြန်လိုက်ပါတယ်။
သူတို့ရဲ့ အကြံက တော်တော်လေး လည်ပါတယ်။ လှုပ်ရှားမှုကြီး အရှိန်သေသွားအောင် အပေါ်ယံ အလျှော့ပေးတာမျိုးလေးတွေ လုပ်ပြရင်း တဖက်မှာလည်း အစိုးရရဲ့ progressive ဖြစ်ပါတယ်ဆိုတဲ့ ပုံရိပ်ကို အဖက်ဆယ်ဖို့ ကြိုးစားတာပါ။
ဒါပေမဲ့ လမ်းမထက်က လူထုလှုပ်ရှားမှုကြီးအတွက်တော့ ဒီထုတ်ပြန်ချက်တွေက ဘာမှထိရောက်မှု မရှိလှပါဘူး။ ဒါကြောင့် အထွေထွေသပိတ်ကြီး ဆင်နွှဲပြီး တိုက်ပွဲကို အရှိန်မြှင့်ကြမယ်ဆိုတဲ့ အယူအဆက လူထုကြားမှာ ပိုပြီး အားကောင်းလာပါတော့တယ်။
ဒါပေမဲ့ ဆန်းချက်စ်အစိုးရ သေချာ အကွက်ချထားတဲ့ အစီအစဉ်တွေက သိပ်မကြာခင်မှာပဲ မှန်းချက်နဲ့ နှမ်းထွက် မကိုက် ဖြစ်သွားတယ်။ အစက အမိန့်စာတခုကို လက်ခံထားတဲ့ ကက်တလန် (Catalan) လူလတ်တန်းစား ယွန့်စ် (Junts) ပါတီဟာ၊ နောက်ပိုင်းကျတော့ PP နဲ့ Vox လို စပိန် လက်ယာယိမ်း အမျိုးသားရေးဝါဒီတွေဘက် ပါသွားပြီး အမိန့်စာ နှစ်ခုလုံးကို ပယ်ချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကိုကြည့်ရင် အုပ်စိုးသူ လူတန်းစားတွေအဖို့ လူမျိုးရေးအရ ကွဲလွဲနေတာတွေထက် သူတို့ရဲ့ လူတန်းစား အကျိုးစီးပွားကပဲ အမြဲတမ်း ထိပ်ဆုံးမှာ ရှိနေတတ်တယ် ဆိုတာ တွေ့ရမှာပါ။
ဒီလိုနဲ့ အောက်တိုဘာ ၂ ရက် သောကြာနေ့မှာတော့ အစိုးရရဲ့ အမိန့်စာတွေဟာ လွှတ်တော်ထဲမှာ ပယ်ချခံလိုက်ရတယ်။ အပြင်ဘက်မှာတော့ ထောင်နဲ့ချီတဲ့ ဆန္ဒပြလူထုကြီးက ‘ရှက်တတ်ကြပါဦး’ ၊ ‘မင်းတို့က ငါတို့ကို ကိုယ်စားမပြုဘူး’ ဆိုပြီး အော်ဟစ် ကန့်ကွက်နေခဲ့တယ်။ တကယ်တော့ ဒီအမိန့်စာတွေထဲမှာပါတဲ့ အတန်အသင့် ပြုပြင်ပြောင်းလဲမှုတွေကို နိုင်ငံလူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းက ထောက်ခံထားခဲ့တာပါ။ ပိုအံ့သြစရာကောင်းတာက အဲဒီအထဲမှာ လက်ယာယိမ်းပါတီတွေကို မဲပေးခဲ့သူ အများစုတောင် ပါဝင်နေတာပါပဲ။
အခုဆိုရင် ပက်ဒရို ဆန်းချက်စ်က နိုဝင်ဘာလကုန်မှာ ရွေးကောက်ပွဲကို အချိန်မတိုင်ခင် စောကျင်းပဖို့ ဆုံးဖြတ်လိုက်ပါပြီ။ သူမျှော်လင့်နေတာက ‘ပြုပြင်ပြောင်းလဲမှုတွေ ငါ တကယ်လုပ်ချင်ပါတယ်၊ ဒါပေမဲ့ ဒါတွေလုပ်ဖို့ လုံလောက်တဲ့ အမတ်နေရာရအောင် မင်းတို့ဘက်က မဲပေးဖို့ လိုတယ်’ ဆိုပြီး အကြောင်းပြ မဲဆွယ်ဖို့။ ဒါပေမဲ့ ပြည်သူအများစုကတော့ ‘ဒီအစီအမံတွေ လုပ်ဖို့ သူ့မှာ အချိန် ၇ နှစ်တောင် ရှိခဲ့တာပဲ။ အခုမှ ထလုပ်တာ လမ်းမထက်က ဆန္ဒပြမှုတွေရဲ့ ဖိအားနဲ့ သူ့ရဲ့ မရိုးသားတဲ့ နိုင်ငံရေး အမြတ်ထုတ်မှုတွေကြောင့်’ ဆိုပြီး တွေးကြမှာပါ။ တကယ်တော့ လူထုက ဒီလိုတွေးတာလည်း လုံးဝ မမှားပါဘူး။
လမ်းမပေါ်မှာ ဆန္ဒပြနေကြတဲ့ ပြည်သူတွေနဲ့ သူတို့ကို အားပေးထောက်ခံနေတဲ့ သန်းပေါင်းများစွာသော လူတွေအဖို့တော့ ဆန်းချက်စ်ရဲ့ ထုတ်ပြန်ချက်တွေက ထိရောက်မှုလည်း မရှိတော့သလို အချိန်လည်း နှောင်းသွားခဲ့ပြီ။
လူထုလှုပ်ရှားမှု
ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာ နိုင်ငံတဝန်း လူထုဆန္ဒပြပွဲတွေ အကြီးအကျယ် ထပ်ဖြစ်ခဲ့ပြန်ပါတယ်။ အောက်တိုဘာ ၃ ရက်နေ့က မက်ဒရစ်မြို့မှာ လူ ၂ သိန်းလောက် လမ်းပေါ်ထွက် ဆန္ဒပြခဲ့တာကတော့ အကြီးဆုံးပါပဲ။ မြို့တော်ရဲ့ အလုပ်သမား ရပ်ကွက်တွေဆီက ဆန္ဒပြပြည်သူတွေ ပါဝင်လာတဲ့ စစ်ကြောင်းကြီး ၄ ကြောင်းဟာ နေရာတခုတည်း ပေါင်းဆုံ ချီတက်ခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲတွေမှာ အလံနီတွေ တလွင့်လွင့် လှိုင်းထနေတာကို ကြည့်ရင် တော်လှန်သော ဆိုရှယ်လစ်တွေနဲ့ ကွန်မြူနစ် အဖွဲ့အစည်းတွေ ပါဝင်လှုပ်ရှားနေကြတယ်ဆိုတာ သိသာပါတယ်။
အိမ်ငှားများသမဂ္ဂ (SI) က ဦးဆောင်တဲ့ ဒီဆန္ဒပြပွဲ ထိပ်ဆုံးမှာတော့ ‘အထွေထွေသပိတ်’ ဆိုပြီး စာလုံးအကြီးကြီးတွေနဲ့ ရေးထားတဲ့ အောင်လံတော်ကြီးကို ကိုင်ဆောင် ချီတက်လာကြတယ်။ ဒါ့အပြင် လှုပ်ရှားမှုရဲ့ အဓိက တောင်းဆိုချက် ၃ ရပ်ဖြစ်တဲ့ – အိမ်လခ ၅၀ ရာခိုင်နှုန်း လျှော့ချပေးရေး၊ အိမ်ငှားစာချုပ်တွေကို အချိန် အကန့်အသတ်မထားဘဲ ချုပ်ဆိုရေး၊ အိမ်ပေါ်ကနေ အတင်းအကျပ် နှင်ချတာတွေ ရပ်တန့်ရေးနဲ့ (Vulture funds) တွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူရေး အစရှိတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြတယ်။ ဒီတောင်းဆိုချက်တွေဟာ သောကြာနေ့က လွှတ်တော်မှာ ပယ်ချခံလိုက်ရတဲ့ အစိုးရရဲ့ သာမန် ပြုပြင်ပြောင်းလဲရေး အစီအမံလေးတွေထက် အများကြီး တာသွားပါတယ်။
ဆီဗီးလ်၊ ဂရန်နာဒါ၊ မာလာဂါ၊ ဘေ့စ်ခ်၊ အိုဗီယက်ဒို၊ ဂါလီစီယာ၊ ဘားဂို့စ်နဲ့ ကနေရီကျွန်းစု တလျှောက်လုံးမှာလည်း အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။ ဗလင်စီယာမှာဆိုရင် ‘အိမ်ခြံမြေ ထိပ်သီးဆွေးနွေးပွဲ’ ကျင်းပနေတဲ့ Palau de les Arts အဆောက်အအုံဆီ သွားဖို့အတွက် လူအုပ်ကြီးဟာ ရဲတွေရဲ့ တားဆီးပိတ်ဆို့မှုကို အတင်းထိုးဖောက် ဝင်ရောက်ခဲ့ကြတာပါ။ ဘာစီလိုနာမှာတော့ ရေကြီးနိုင်တဲ့ အန္တရာယ်ရှိလို့ ဆန္ဒပြပွဲကို ရွှေ့ဆိုင်းခဲ့ရတယ်။
မက်ဒရစ်နဲ့ ဆီဗီးလ်မှာတော့ သပိတ်စခန်းတွေကို ဖက်ဆစ် လူဆိုးဂိုဏ်းလေးတွေက အကြမ်းဖက်ဖြိုခွင်းဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ တိုက်ပွဲဝင်စိတ် ပြင်းထန်တဲ့ ဖက်ဆစ်ဆန့်ကျင်ရေး လူငယ်ထောင်ပေါင်းများစွာက ချက်ချင်း စုဝေးပြီး သူတို့ကို ပြတ်ပြတ်သားသား ဝိုင်းဝန်းမောင်းထုတ်ပစ်လိုက်တယ်။
အမိန့်စာနှစ်ခု ပယ်ချခံလိုက်ရလို့ လောလောဆယ် လွှတ်တော်လမ်းကြောင်းက ပိတ်သွားပြီ ဖြစ်တဲ့အတွက် အခုဆိုရင် အလုံးစုံ အဆုံးအဖြတ်ပေးရမယ့် အနေအထားက လမ်းမပေါ်က လူထုလှုပ်ရှားမှုတွေဆီ အသေအချာ ရောက်သွားပါပြီ။
အိမ်ငှားများ သမဂ္ဂက အထွေထွေ သပိတ်ဆင်နွှဲဖို့ အဆိုပြုလိုက်တဲ့အခါမှာတော့ သန်းနဲ့ချီတဲ့ ပြည်သူတွေကပါ ဒီအယူအဆကို အားတတ်သရော ထောက်ခံလာကြတယ်။ အောက်တိုဘာ ၃ ရက် စနေနေ့မှာ El Diario သတင်းစာက ထုတ်ပြန်လိုက်တဲ့ လူထု သဘောထား စစ်တမ်း တခုအရဆိုရင်၊ အိမ်ရာပြဿနာတွေအတွက် အထွေထွေသပိတ် ဆင်နွှဲမယ့်အပေါ် နိုင်ငံ့လူဦးရေရဲ့ ၇၃ ရာခိုင်နှုန်းက ထောက်ခံကြတယ်လို့ သိရပါတယ်။ ပိုအံ့သြစရာကောင်းတာက အဲဒီထောက်ခံသူတွေထဲမှာ PP နဲ့ Vox လို လက်ယာယိမ်းပါတီတွေကို မဲပေးတဲ့သူ ၆၀ ရာခိုင်နှုန်းကျော်တောင် ပါဝင်နေတာပါပဲ။
နေရာတိုင်းမှာ ပေါက်ကွဲဖို့ အသင့်ဖြစ်နေတဲ့ အခြေအနေ
ဒီလူထုလှုပ်ရှားမှုကြီးက စပိန်နိုင်ငံရေး အခင်းအကျင်းကို အများကြီး ပြောင်းလဲသွားစေပါတယ်။ ပြီးခဲ့တဲ့အပတ်တွေက ဆယ်ဥတာ နယ်စပ်ကနေ လူသောင်းနဲ့ချီ ဝင်လာတော့ လက်ယာယိမ်း လူမျိုးကြီးဝါဒီတွေနဲ့ ရွှေ့ပြောင်းသူ ဆန့်ကျင်ရေး စကားတွေကပဲ နိုင်ငံရေးမှာ လွှမ်းမိုးထားခဲ့တယ်။ ‘စပိန်လူမျိုးတွေအတွက်သာ ပထမ’ ဆိုပြီး နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးသယောင် သီတင်းပတ်ပေါင်းများစွာ ဟန်လုပ်နေခဲ့ကြတဲ့ ဒီလက်ယာယိမ်း လူပြိန်းကြိုက် နိုင်ငံရေးသမားတွေက ကိုယ့်နိုင်ငံသူ မာရီကာမန်ကို အမြတ်ကြီးစား စပိန်ကုမ္ပဏီက အိမ်ပေါ်က ဆွဲချတဲ့အချိန်မှာတော့ အသံတိတ်သွားကြတယ်။
တဖက်မှာလည်း ဖက်ဆစ်တွေ ချက်ချင်း အာဏာမရလာနိုင်သေးရင်တောင် နိုင်ငံရေးရေချိန်ဟာ ‘လက်ယာဘက်ကို ယိမ်းသွားပြီ’ ဆိုပြီး လက်ဝဲသမားတွေနဲ့ တော်လှန်သော လက်ဝဲဘက်ခြမ်းက လူတော်တော်များများ အပါအဝင် လူအများစုက အဆိုးမြင်အတွေးတွေနဲ့ ‘ဖောက်ပြန်ရေးဝါဒီတွေ ခေါင်းထောင်လာပြီ’ ဆိုပြီး ညည်းတွားနေခဲ့ကြတယ်။
အမှန်တော့ အရင်းရှင်စနစ်ရဲ့ အကျပ်အတည်းကြောင့် လက်ရှိ ဘူဇွာအစိုးရ အင်စတီကျူးရှင်းတွေအပေါ် လူထုရဲ့ ယုံကြည်မှုက အကြီးအကျယ် ပျက်သုဉ်းသွားခဲ့ပြီ။ အကယ်လို့ လက်ဝဲအုပ်စုတွေအနေနဲ့ အရင်းရှင်စနစ်နဲ့ တည်ဆဲစနစ်ကြီးကို ဆန့်ကျင်တဲ့ ရှင်းလင်းပြတ်သားတဲ့ အဖြေတခု မပေးနိုင်ဘူးဆိုရင်တော့ လူပြိန်းကြိုက် လက်ယာ နိုင်ငံရေးသမားတွေမှာ ခိုင်မာတဲ့ အနေအထား မရှိသေးရင်တောင် သူတို့ဘက်က ခေါင်းထောင်လာမှာ သေချာတယ်။
ဒါပေမဲ့ လက်ဝဲအုပ်စုတွေဘက်ကသာ တခြားရွေးချယ်စရာ လမ်းစဉ်တခု ချပြနိုင်ခဲ့မယ်ဆိုရင်တော့ အခြေအနေတွေက ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာတဲ့ အရှိန်အဟုန်မျိုးနဲ့ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားနိုင်တယ်။ ပြင်သစ်က ကျောင်းသားဆန္ဒပြပွဲတွေမှာရော၊ အခု စပိန်က အိမ်ရာအခွင့်အရေး ပြဿနာတွေမှာပါ ကြုံနေရတာ အဲ့ဒါပါပဲ။
စစ်တမ်း တခုအရဆို နိုင်ငံ့လူဦးရေရဲ့ ၈၃ ရာခိုင်နှုန်းဟာ လှုပ်ရှားမှုရဲ့ တောင်းဆိုချက်တွေကို အပြည့်အဝဖြစ်စေ၊ အတိုင်းအတာတခုအထိဖြစ်စေ ထောက်ခံထားကြပါတယ်။ အဲဒီအထဲမှာ လက်ယာယိမ်း PP ပါတီကို မဲပေးသူ ၆၅ ရာခိုင်နှုန်း ပါဝင်သလို၊ ပိုပြီးထူးခြားတဲ့ အချက်ကတော့ Vox ပါတီကို မဲပေးသူ ၆၅ ရာခိုင်နှုန်းတောင် ပါဝင်နေတာပဲ။
မာရီကာမန် နှင်ချခံရတာ၊ ဆန်းချက်စ် အမိန့်စာတွေ ရှုံးနိမ့်သွားတာနဲ့ ဆိုးလ်ရင်ပြင် သပိတ်စခန်းတွေဟာ လူတွေရဲ့ အသိစိတ်ကို အကြီးအကျယ် လှုပ်ခါပစ်လိုက်တဲ့ ရိုက်ချက်တွေပဲ။ ဒါပေမဲ့ တကယ်တမ်းကျတော့ လူတွေရဲ့ ဒီအသိစိတ်ဟာ အထူးသဖြင့် ၂၀၀၈ ခုနှစ်ကတည်းက စပိန်နိုင်ငံမှာ ဆိုးဆိုးရွားရွား ကြုံရတဲ့ အိမ်ရာအကျပ်အတည်းကြီးကြောင့် အစောကတည်းက ကိန်းအောင်း ပုံပေါ်နေခဲ့ပြီးသား ဖြစ်ပါတယ်။
ဒီကနေ့ခေတ်မှာ လူအများစုက အိမ်ရာဆိုတာ ရောင်းကုန် မဟုတ်ဘူး၊ ရပိုင်ခွင့် ဖြစ်ရမယ် ဆိုတဲ့ အမြင်ကို လက်ခံလာကြတယ်။ လက်ရှိ အိမ်ငှားများ သမဂ္ဂရဲ့ ကြွေးကြော်သံကလည်း ‘အိမ်ရာကို စီးပွားရေးလုပ်ကွက်လို သဘောထားနေတာတွေ ရပ်တန်းကရပ်’ ဆိုတာပါပဲ။ ဒါဟာ အရင်းရှင်စနစ်ရဲ့ အခြေခံအုတ်မြစ်ကြီးကို တိုက်ရိုက်စိန်ခေါ်လိုက်တဲ့ လေးနက်တဲ့ ကောက်ချက်တခု ဖြစ်တယ်။ ဒါ့အပြင် ဒီကောက်ချက်ဟာ အဲဒီလမ်းကြောင်းအတိုင်း ကွက်တိဦးတည်နေတဲ့ ခိုင်မာတဲ့ တောင်းဆိုချက်တွေနဲ့ ကျောထောက်နောက်ခံ ပြုထားတာပါ။ အိမ်ရာ အကျပ်အတည်းကို အရင်းရှင်စနစ်ရဲ့ ဘောင်ထဲကနေ ဖြေရှင်းလို့မရဘူး ဆိုတာကို လှုပ်ရှားမှုထဲ ပါဝင်နေသူ အများစုက သဘောပေါက်နေကြပြီ။
လတ်တလော စပိန်အဖြစ်အပျက်တွေမှာ သင်ခန်းစာတွေ အများကြီး ရှိတယ်။ အရေးအကြီးဆုံး သင်ခန်းစာတခုကတော့ ဖောက်ပြန်ရေး လူပြိန်းကြိုက်သမားတွေ ရပ်တည်နေတဲ့ ခြေကုပ်စခန်းကို အမြစ်လှန်ပစ်ဖို့ဆိုရင်၊ သူတို့ နိုင်ငံရေးအမြတ်ထုတ်နေတဲ့ တကယ့် လူမှုရေး ပြဿနာတွေကို ဖြေရှင်းပေးမယ့် အရင်းရှင်ဆန့်ကျင်ရေး လမ်းစဉ်တရပ် ပြတ်ပြတ်သားသား ချပြနိုင်မှ အထိရောက်ဆုံး ဖြစ်မယ်ဆိုတာပါပဲ။ အဲဒီလိုပဲ လမ်းကြိုလမ်းကြားတွေမှာ ဖွဲ့စည်းလှုပ်ရှားနေတဲ့ ဖက်ဆစ်ဂိုဏ်းလေးတွေကိုလည်း ထောင်နဲ့ချီတဲ့ လူထုရဲ့ တက်ကြွပြတ်သားတဲ့ လက်တွေ့တိုက်ပွဲဝင်မှုတွေနဲ့ လမ်းပေါ်ကနေ အပြတ်ရှင်းပစ်ရလိမ့်မယ်။
နောက်ထပ် ဘာတွေ ဆက်ဖြစ်လာမလဲ။ ဆန်းချက်စ်ကတော့ နိုဝင်ဘာလကုန်မှာ ရွေးကောက်ပွဲ စောလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒါပေမဲ့ PSOE ပါတီက ကောက်ယူထားတဲ့ အတွင်းရေးစစ်တမ်းတွေအရဆိုရင် သူ့အခြေအနေက အတော်လေး မဟန်ဘူး။ နိုဝင်ဘာမှာ နိုင်ဖို့ ဆိုတာလည်း မသေချာဘူး။ တကယ်လို့ PSOE ပါတီက အမတ်နေရာတွေသာ ထပ်လျှော့သွားမယ်ဆိုရင် အာဏာချိန်ခွင်လျှာက အခုထက်တောင် ပိုဆိုးသွားနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။
သူ့ရာထူး မြဲအောင် လုပ်တဲ့အပြင် ဒီလို ရွေးကောက်ပွဲ စောခေါ်လိုက်တာဟာ၊ ဒီလှုပ်ရှားမှုကြီးကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို အုပ်စိုးသူ လူတန်းစားက ထိတ်လန့်နေကြလို့ပဲ။ လမ်းပေါ်က ဒေါသတွေကို ရွေးကောက်ပွဲဆိုတဲ့ ဘေးကင်းတဲ့ လမ်းကြောင်းပေါ် တင်ပေးလိုက်တာဟာ အထွေထွေသပိတ်ကြီး မဖြစ်လာအောင် ရှောင်လွှဲဖို့ အကောင်းဆုံးနည်းလမ်းပဲ။
အိမ်ရာအခွင့်အရေး လှုပ်ရှားမှုဟာ လွှတ်တော်ထဲမှာ နှစ်ချီပြီး ငြင်းခုံနေခဲ့ရတာတွေထက် ဆယ်ရက်တာ လူထုလှုပ်ရှားမှုအတွင်းမှာ ပိုပြီး ခရီးရောက်ခဲ့တယ်။ ဒါဟာ ကျနော်တို့ လျှောက်ရမယ့်လမ်းပဲ။ အထွေထွေသပိတ်ကြီးက ပြဿနာအားလုံးကို ဖြေရှင်းမပေးနိုင်ရင်တောင် အင်အားချိန်ခွင်လျှာကိုတော့ အကြီးအကျယ် ပြောင်းလဲပစ်နိုင်လိုက်တယ်။ ၂၄ နာရီ သပိတ်မှောက်တာက အရင်းရှင်စနစ်ကို မဖြုတ်ချနိုင်ပေမယ့်၊ အလုပ်သမားတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်စွမ်းအားကို သိသွားစေတယ်။ ဒါကိုပဲ သမဂ္ဂခေါင်းဆောင်တွေက လန့်နေကြတာ။
ဥရောပရဲ့ အနီရောင် ဆောင်းဦး
စပိန်က လှုပ်ရှားမှုနဲ့ ပြင်သစ်က နောက်ထပ် လူထုအုံကြွမှုကြီး တပြိုင်တည်း ဖြစ်လာတာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ကျောင်းသားလှုပ်ရှားမှုကို ရဲတွေက အကြမ်းပတမ်း နှိမ်နင်းလိုက်တာက မီးလောင်ရာ လေပင့်သလို ဖြစ်သွားစေတယ်။ စုရုံးနေနှင့်ပြီးသား အလုပ်သမား အလွှာအသီးသီးကလည်း အခုတော့ အတူတူ ချိတ်ဆက်လာကြပြီ။
အောက်တိုဘာ ၆ ရက်မှာ ကျောင်းသားတွေကို ထောက်ခံတဲ့အနေနဲ့ သပိတ်မှောက်ဖို့ ပညာရေးသမဂ္ဂတွေက ဆော်သြထားပါတယ်။ အဓိက အလုပ်သမား သမဂ္ဂကြီးတွေကလည်း အဲဒီနေ့မှာ ကျောင်းသားတွေနဲ့ သွေးစည်းကြောင်း ပြသဖို့ ဆော်သြထားပေမယ့်၊ ထုံးစံအတိုင်း အထွေထွေသပိတ် ခေါ်ဖို့ကိုတော့ ရှောင်လွှဲနေကြပါတယ်။ ဒေသခံနဲ့ ကဏ္ဍအလိုက် သမဂ္ဂတွေကတော့ ကျောင်းသားတွေနဲ့ ပူးပေါင်းသပိတ်မှောက်ဖို့ ဆော်သြထားနေတယ်။ စိုက်ပျိုးရေးသမဂ္ဂ Confederation Paysanne ကလည်း ကျောင်းသားတွေကို ထောက်ခံတဲ့အနေနဲ့ ဆန္ဒပြပွဲတွေဆီ ထွန်စက်တွေ ယူလာကြဖို့ အဖွဲ့ဝင်တွေကို ပန်ကြားထားပါတယ်။
ရဲတွေရဲ့ အကြမ်းဖက်မှုခံရတဲ့ ကျောင်းသားတွေကို ကာကွယ်ပေးရေးဟာ ဒီလှုပ်ရှားမှုမှာ အဓိကကျလာပါတယ်။ လီဟားဗရီနဲ့ ဘော်ဒိုး အပါအဝင် မြို့ကြီးတွေမှာ ရဲတွေရန်ကနေ ကျောင်းသားတွေကို ကာကွယ်ပေးဖို့ သမဂ္ဂတက်ကြွလှုပ်ရှားသူတွေ ကိုယ်တိုင် လမ်းပေါ်ထွက်ပြီး လူသားတံတိုင်းတွေ ဖွဲ့ပြီး ကာပေးခဲ့ကြတယ်။
အဓိက အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်ရဲ့ တက်ကြွတဲ့ လက်ဝဲအုပ်စု UnitéCGT ကလည်း အထွေထွေသပိတ်နဲ့ စက်ရုံသိမ်းတာတွေ လုပ်ဖို့ လိုအပ်ကြောင်း မှန်မှန်ကန်ကန် ထောက်ပြခဲ့ပါတယ်။
“၁၉၆၈ မေလကလိုမျိုး ကျောင်းသားတွေနဲ့ သွေးစည်းကြောင်းပြဖို့နဲ့ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေအတွက် တနိုင်ငံလုံးက နယ်ပယ်ပေါင်းစုံ ပါဝင်တဲ့ သပိတ်တရပ် အမြန်ဆုံး ခေါ်ဖို့လိုပါတယ်။
“ဒါ့အပြင် ကျနော်တို့အားလုံး သပိတ်မှောက်၊ စီးပွားရေးကို ထိခိုက်စေမယ့် လုပ်ရပ်တွေနဲ့ ၊ လုပ်ငန်းခွင်တွေ သိမ်းပိုက်ပြီး ဒီတိုက်ပွဲမှာ ချက်ချင်းပါဖို့ လုံးဝလိုအပ်နေပြီ ဆိုတာကို နေရာတိုင်းမှာ အသိပေးရပါမယ်။
“လှုပ်ရှားမှုကို ပိုအားကောင်းလာဖို့၊ ငါတို့ ဒေါသတွေကို တလှိုင်းတည်းဖြစ်အောင် စုစည်းဖို့နဲ့ ငါတို့ရဲ့ ကလေးတွေကို အာဏာပိုင်တွေ လာမထိရဲအောင်… သပိတ်မှောက်လို့ရတဲ့ နေရာတိုင်းမှာ သပိတ်မှောက်ပြီး ညီညီညွတ်ညွတ် အင်အားပြကြမယ်။”
ပြင်သစ် ဘူဇွာသတင်းစာ Le Monde ရဲ့ အယ်ဒီတာ့အာဘော်မှာ ကျောင်းသားနဲ့ အလုပ်သမားတွေ ပူးပေါင်းသွားမယ့် အခြေအနေကို ‘ဒေါသတွေ ပေါင်းဆုံသွားမယ့်’ အန္တရာယ်ကြီးဆိုပြီး သတိပေးရေးသားခဲ့တယ်။ ဒါပေမဲ့ ‘ပြင်သစ်ရဲ့ လိုငွေပြမှုနဲ့ နိုင်ငံတော်အကြွေးတွေကြောင့် အစိုးရအနေနဲ့ ဘာမှလုပ်နိုင်ကိုင်နိုင်စွမ်း မရှိတော့ဘူး’ ဆိုတာကိုလည်း အဲဒီသတင်းစာကပဲ မှန်မှန်ကန်ကန် ထောက်ပြထားတယ်။
စပိန်နဲ့ ပြင်သစ်မှာ ပေါက်ကွဲဆူပွက်နေပြီဆိုတော့ အီတလီလည်း သိပ်မဝေးတော့တာ သေချာတယ်။ ဘယ်လ်ဂျီယံမှာလည်း ကျောင်းသားဆန္ဒပြပွဲတွေ ဖြစ်နေပြီ။
‘ဖောက်ပြန်ရေးသမားတွေ အားကောင်းလာပြီ’၊ ‘လက်ယာယိမ်းတဲ့ ကာလရောက်ပြီ’ လို့ ပြောနေကြတဲ့ အဆိုးမြင်သူတွေအတွက် ဒီဖြစ်ရပ်တွေက အဖြေပါပဲ။ မတော်တဆ မီးပွားလေးတခုခုကြောင့် အချိန်မရွေး လောင်ကျွမ်းသွားနိုင်တဲ့ လောင်စာတွေ နေရာတိုင်းမှာ စုပုံနေပြီဆိုတာကို ဒီအဖြစ်အပျက်တွေက သက်သေပြနေတယ်။
အခု စပိန်နဲ့ ပြင်သစ်မှာ ဖြစ်နေတဲ့ လှုပ်ရှားမှုတွေဟာ ပြင်သစ်က ‘block everything’ သပိတ်ကြီးတွေ၊ အီတလီက ပါလက်စတိုင်းအရေး နိုင်ငံရေး အထွေထွေသပိတ်ကြီးတွေရဲ့ တနှစ်ပြည့် နှစ်ပတ်လည်နေ့မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပေါ်ပေါက်လာတာပါ။ အဲဒီသပိတ်တွေဟာ အဲဒီအချိန်တုန်းက ဥရောပတလွှားက အလုပ်သမားတွေနဲ့ လူငယ်တွေရဲ့ ရင်ထဲမှာ အမြစ်တွယ်နေတဲ့ မွန်းကျပ်မှုတွေကို ပေါက်ကွဲပြသခဲ့တာပါ။
တကယ်တော့ ဥရောပတိုက်ကြီး တခုလုံးဟာ ယမ်းအိုးကြီးတလုံးလို ဖြစ်နေပါပြီ။ ဒါရဲ့ အခြေခံဇာစ်မြစ်က ဥရောပ အရင်းရှင်စနစ်ရဲ့ နက်ရှိုင်းတဲ့ အကျပ်အတည်းကြီးကြောင့်ပဲ။ အဆမတန် များပြားလှတဲ့ အကြွေးတွေနဲ့ လိုငွေပြမှုတွေကြောင့် အစိုးရတွေက အသုံးစရိတ်တွေ အကြီးအကျယ် ဖြတ်တောက်ပြီး အတင်းအကျပ် ခြိုးခြံချွေတာရေးတွေ လုပ်လာရတယ်။ ဒါက သူတို့ကို လူထုထောက်ခံမှု ကျဆင်းစေပြီး၊ တနိုင်ငံပြီး တနိုင်ငံ ဧရာမ လူထုပေါက်ကွဲမှုတွေ ဖြစ်လာစေမယ့် အန္တရာယ်ထဲ တွန်းပို့နေတာပါ။
လူထုလှုပ်ရှားမှုတွေဆိုတာ ဒီကနေ့ခေတ်မှာ မလွဲမသွေ ကြုံတွေ့လာရမယ့် အရာတွေ ဖြစ်လာပါပြီ။ အဓိက အကျဆုံးကတော့ ဒီလှုပ်ရှားမှုတွေကို အောင်ပွဲရတဲ့အထိ ဦးဆောင်နိုင်မယ့် တော်လှန်ရေး ခေါင်းဆောင်မှုတခုကို တည်ဆောက်ရေးပါပဲ။
ဥရောပရဲ့ အနီရောင် ဆောင်းဦးဆီ ရှေ့ဆက် ချီတက်ကြစို့!
Source: Spain: Sánchez calls early elections – the streets demand a general strike By Jorge Martín, 05 October 2026
မြန်မာပြန်သူ – အောင်ဂျာ
