ကမ္ဘာ့စနစ်ဟောင်း ပြိုဆင်းနေ
ဒီကနေ့ ဗမာပြည် အခြေအနေကို သုံးသပ်မယ်ဆိုရင် ကမ္ဘာ့ အခြေအနေ အပြောင်းအလဲကို အရင် နားလည်ထားဖို့ အရေးကြီးတယ်။ ဒီကနေ့ ကမ္ဘာ့ အခြေအနေဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အမေရိကန် ဦးဆောင်ပြီး ထူထောင်ထားတဲ့ လစ်ဘရယ် world order ပြိုကျနေတဲ့ ကာလ ဖြစ်တယ်။ ၁၉၄၅ ကနေ ၁၉၉၁ အထိ ကမ္ဘာ့စနစ်မှာ အမေရိကန်ရဲ့ ပြိုင်ဖက် အင်အားစုအနေနဲ့ ဆိုဗီယက် ယူနီယံ ရှိခဲ့တယ်။ ၁၉၈၉-၉၁ ခုနှစ်များမှာ ဆိုဗီယက် ပြိုကျသွားတော့ အမေရိကန် တကောင်တည်း ဗိုလ်ကျတဲ့ ကမ္ဘာ့စနစ် ပေါ်ထွက်လာခဲ့တယ်။
သို့သော် ဆယ်စုနှစ် သုံးခု ကျော်လာတဲ့အခါ ကမ္ဘာ့ အခြေအနေတွေ အများကြီး ပြောင်းလဲသွားခဲ့ပြီ။ ယူအက်(စ်) နယ်ချဲ့ ပါဝါက အရင်လို ကမ္ဘာ့ ပုလိပ်ကြီး လုပ်နိုင်တဲ့ အင်အား မရှိတော့ဘူး။ အမေရိကန် နယ်ချဲ့ဟာ အာဖဂန်နစ္စတန်ကို နှစ်ပေါင်း ၂၀ ကျူးကျော်တိုက်ခိုက်ခဲ့တယ်၊ နောက်ဆုံးမှာ မရှုမလှ ထွက်ပြေးခဲ့ရတယ်။ ဒီရှေ့က ဂျော်ဂျာ (၂၀၀၈)၊ ဆီးရီးယား (၂၀၁၄) တို့မှာလဲ ယူအက်(စ်) နယ်ချဲ့ဟာ နှာခေါင်းကျည်ပွေ့ တွေ့ခဲ့ရပြီးပြီ။ နောက်ဆုံး ယူကရိန်း စစ်ပွဲ (၂၀၂၂ ကနေ အခုထိ) နဲ့ အီရန် စစ်ပွဲ (၂၀၂၆) မှာ ယူအက်(စ်) နယ်ချဲ့ ပါဝါရဲ့ ကျဆင်းမှုကို အတိုင်းသားမြင်ခဲ့ရတယ်။
အခု နောက်ဆုံး အီရန် စစ်ပွဲကတော့ ယူအက်(စ်) နယ်ချဲ့ရဲ့ ကျဆင်းမှုကို တရှိန်ထိုး မြန်သွားစေတဲ့ အဆုံးအဖြတ် အရေးအခင်းကြီးလို့ ဆိုနိုင်တယ်။ ဒီစစ်ပွဲမှာ ယူအက်(စ်)နဲ့ အစ္စရေးတို့ ကြွေးကြော်ထားတဲ့ စစ်ပွဲ ရည်မှန်းချက်တွေ တခုမှ အကောင်အထည်မဖော်နိုင်ခဲ့သလို သူ့ဘာသာပွင့်နေပြီးသား ဟော်မု(ဇ်) ရေလက်ကြားလဲ အပိတ်ခံလိုက်ရတယ်။
ယူအက်(စ်) နယ်ချဲ့အနေနဲ့ အဲဒီ ရေလက်ကြားကို အခုထိ ပြန်မဖွင့်နိုင်သေးဘူး။ ဟော်မု(ဇ်) ရေလက်ကြားကို ပြန်မဖွင့်နိုင်တဲ့အပြင် ကမ္ဘာ့ ကုန်သွယ်ရေးမှာ အင်မတန် အရေးကြီးတဲ့ ပင်လယ်နီက Bab el Mandeb ရေလက်ကြားပါ ထပ်အပိတ်ခံရတော့မယ်။ ဟော်မု(ဇ်) ရေလက်ကြား အပိတ်ခံထားရတော့ ဆော်ဒီအာရေးဘီးယားက နိုင်ငံရဲ့ အရှေ့အနောက်သွယ်တန်းထားတဲ့ ရေနံပိုက်လိုင်းကြီးတွေသုံးပြီး ပိတ်ဆို့မှုကို ကွင်းသွားနိုင်ခဲ့တယ်။ အခု ယီမင်မှာ ဆော်ဒီနဲ့ ဟူသီတို့ တကျော့ပြန် စစ်ခင်းလာချိန်မှာ အဲဒီ ပိုက်လိုင်းကြီးတွေကနေ ရေနံတင်ပို့လို့ မရတော့ဘူး။
ဟော်မု(ဇ်) ရေလက်ကြား တခုတည်း ပိတ်ချလိုက်ရုံနဲ့ ကမ္ဘာ့ စီးပွားရေးကို အကြီးအကျယ် ထိခိုက်သွားတဲ့ အခြေအနေမှာ Bab el Mandeb ရေလက်ကြားပါ ထပ်ပိတ်ခံလိုက်ရရင် ကမ္ဘာ့ စီးပွားရေး အကျပ်အတည်း အခုထက် ပိုပြင်းထန်သွားမယ် ဆိုတာ တွေးကြည့်ရုံနဲ့ မြင်နိုင်ပါတယ်။

Bab el Mandeb ရေလက်ကြားကို ထိန်းချုပ်နိုင်တာ အပါအဝင် ယီမင် နိုင်ငံမှာ အီရန်ရဲ့ မဟာမိတ် ဟူသီ သူပုန်တွေ တဟုန်ထိုး အောင်ပွဲခံလာတဲ့အခါ ဆော်ဒီ အစိုးရက ယူအက်(စ်)ကို စစ်ကူတောင်းပါတယ်။ ဒါပေမဲ့ ယူအက်(စ်)မှာ ကူနိုင်တဲ့ အင်အား မရှိပါဘူး။ သူတောင် အီရန် စစ်ပွဲမှာ ဖြူကာပြာကာ ကျနေတာ၊ ဆော်ဒီကို ဘယ်ကူနိုင်မလဲ။ စစ်အင်အားအရ ပြောရင် အမေရိကန် စစ်တပ်က ကမ္ဘာပေါ်မှာ အင်အား အကြီးဆုံး ဖြစ်ပါတယ်။ မဖြစ်မနေ လိုအပ်လာရင်တော့ ဆော်ဒီဘက်က ဝင်ပါတာမျိုး ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဆော်ဒီနဲ့ ဟူသီ တိုက်နေတဲ့ စစ်ပွဲမှာ ယူအက်(စ်)က တိုက်ရိုက်ဝင်ပါလာရင် နောက်ဆက်တွဲ ဆိုးကျိုးတွေက အင်မတန် များပါတယ်။ ဒီတော့ ယူအက်(စ်)က ပင်လယ်နီ စစ်ပွဲမှာ တိုက်ရိုက်ဝင်ပါဖို့ နှစ်ခါပြန်မက အကြိမ်ကြိမ် စဉ်းစားရလိမ့်မယ်။
ဗမာ့ နိုင်ငံရေး အခြေအနေကို ဆန်းစစ်သုံးသပ်မဲ့ ဆောင်းပါးမှာ ကမ္ဘာ့ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးတွေကို အကျဉ်းချုပ်လောက်ပဲ ဖော်ပြပါမယ်။
ခြုံကြည့်လိုက်ရင် ယူအက်(စ်) နယ်ချဲ့က အရှေ့အလယ်ပိုင်းမှာဖြစ်စေ၊ အာဖဂန်မှာဖြစ်စေ၊ ယူကရိန်းမှာဖြစ်စေ သူဖြစ်ချင်ရာကို ဖြစ်အောင် လုပ်နိုင်တဲ့ ပါဝါ မရှိတော့ဘူး။ ဒါဟာ ယူအက်(စ်) နယ်ချဲ့ ပါဝါရဲ့ ကျဆင်းမှုကို ကိုယ်ထင်ပြနေတာပဲ။ ဒါပေမဲ့ ကျနော်တို့ ယူအက်(စ်) ပါဝါ ကျဆင်းမှုအကြောင်း ပြောတဲ့အခါ relative decline လို့ အမြဲ အထူးပြုပြောပါတယ်။ အကြောင်းကတော့ ယူအက်(စ်)က စီးပွားရေး အင်အား၊ စစ်ရေး အင်အားမှာ ကမ္ဘာ့ နံပါတ်တစ် နေရာမှာ ဆက်ရှိနေဆဲ ဖြစ်လို့ပဲ။
ဒါပေမဲ့ အရင်လိုတော့ အင်အား မကောင်းတော့ဘူး။ ဒါကို မြင်သာအောင် ကိန်းဂဏန်းတချို့ ဆွဲထုတ်ပြပါမယ်။
၁၉၈၅ ခုနှစ်မှာ ယူအက်(စ်)က ကမ္ဘာ့ ဂျီဒီပီရဲ့ ၃၆%ကို ကိုယ်စားပြုခဲ့တယ်၊ (၂၀၂၄) ခုနှစ်ရောက်တော့ ၂၆%ပဲ ရှိတော့တယ်။ ဒီကာလအတွင်းမှာ တရုတ်က ကမ္ဘာ့ ဂျီဒီပီရဲ့ ၂.၅% ကနေ ၁၈.၅%အထိ တဟုန်ထိုးတက်လာခဲ့တယ်။ ဂျပန်က ၁၉၉၅ မှာ ကမ္ဘာ့ ဂျီဒီပီရဲ့ ၁၈%အထိ ရောက်ခဲ့ဖူးပေမဲ့ ၂၀၂၄ ရောက်တော့ ၅.၂%အထိ ကျဆင်းသွားခဲ့ပြီ။ ဒါကို ကြည့်ရုံနဲ့တင် ယူအက်(စ်)က ကျဆင်းနေတဲ့ နယ်ချဲ့ ပါဝါ ဖြစ်ပြီး တရုတ်က ထောင်တက်လာတဲ့ နယ်ချဲ့ ပါဝါလက်သစ် ဆိုတာ ထင်ရှားတယ်။ ဂျပန်ကတော့ ကမ္ဘာ့ စတုတ္ထ နေရာတောင် မရေရာတော့တဲ့ အထည်ကြီးပျက် ဖြစ်နေပြီ။
ကမ္ဘာ့ နိုင်ငံရေးရဲ့ အခြေခံ ဝင်ရိုး
ဒါ့ကြောင့် ဒီကနေ့ ကမ္ဘာ့ နိုင်ငံရေးရဲ့ အခြေခံ ဝင်ရိုးက declining ယူအက်(စ်) နယ်ချဲ့ပါဝါနဲ့ rising တရုတ် နယ်ချဲ့ပါဝါတို့ကြားက ပဋိပက္ခနဲ့ တိုက်ပွဲပဲ။ ဒါကို အမေရိကန် အုပ်စိုးသူ လူတန်းစားကိုယ်တိုင် ဗြောင်ကြေညာထားပြီး ဖြစ်တယ်။ ဒါ့ကြောင့်လဲ ယူကရိန်းမှာ ရုရှားနဲ့ စစ်ခင်းနေရတာ သူတို့အတွက် ဘာမှ အကျိုးမဖြစ်ဘူး၊ အဓိက ရန်သူတော် (တရုတ်) နဲ့ ရင်ဆိုင်ရာမှာ သုံးရမဲ့ အရင်းအမြစ်တွေကို ယူကရိန်း စစ်ပွဲမှာ ဖြုန်းတီးပစ်သလို ဖြစ်နေတယ်။ ဒါ့ကြောင့်လဲ ဒေါ်နယ်ထရမ့် အစိုးရ တက်လာတဲ့ နောက်ပိုင်း ယူကရိန်း စစ်ပွဲကနေ ပြန်ထွက်ဖို့ လုပ်ခဲ့တာပဲ။
ဒါတင်မကသေး။ ၂၀၂၅ နိုဝင်ဘာမှာ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့တဲ့ National Security Strategy စာတမ်းဟာ ယူအက်(စ်) ပါဝါ ကျဆင်းမှုကို အသိအမှတ်ပြုထားတယ်။ သဘောက ငါတို့ ယူအက်(စ်)ဟာ အရင်လို ကမ္ဘာ့ ပုလိပ်ကြီး ဆက်လုပ်နေလို့ မရတော့ဘူး၊ ယူအက်(စ်)ရဲ့ core national security interests အတွက် အရေးမပါတဲ့ နေရာတွေကနေ ပြန်ဆုတ်ရမယ်၊ ကမ္ဘာ့ အနောက်ခြမ်းမှာ ခြေကုပ်မြဲအောင် ပြန်လုပ်ရမယ်၊ ဒီကမ္ဘာ့ အနောက်ခြမ်းမှာ ယူအက်(စ်) ရန်သူတွေ (နံပတ်တစ်က တရုတ်၊ နံပါတ်နှစ်က ရုရှား) ဩဇာလွှမ်းမိုးလာတာကို ဖယ်ရှားပစ်ရမယ်၊ အဲဒါကို Donroe Doctrine လို့ အမည်တပ်ထားတယ်။
ထရမ့် အစိုးရက ဗင်နီဇွဲလား သမ္မတနဲ့ သမ္မကတော်ကို ညကြီးအချိန်မတော် ပြန်ပေးဆွဲ ဖမ်းသွားတာ၊ ကျူးဘားကို လည်မြိုညှစ်ပြီး အသက်ရှူရပ်အောင် လုပ်နေတာတွေဟာ Donroe Doctrine ကို လက်တွေ့ အသက်သွင်းနေတဲ့ လုပ်ရပ်တွေပဲ။
ဂရင်းလန်း(ဒ်)ကို ယူအက်(စ်)က သိမ်းမယ်လို့ ဒေါ်နယ်ထရမ့် ပြောခဲ့တာလဲ ဒီမဟာဗျူဟာရဲ့ အစိတ်အပိုင်းပဲ။ တကယ်တော့ ဂရင်းလန်း(ဒ်)မှာ ယူအက်(စ်) စစ်စခန်း ရှိနေပြီးသား။ ဒါဖြင့် ဘာ့ကြောင့် ယူအက်(စ်) အပိုင် လုပ်မယ်လို့ တကဲကဲ ပြောနေတာလဲ။
တရုတ်နဲ့ ရုရှား ဝင်မလာရဲအောင် အဲသလို ခြိမ်းခြောက်နေတာပဲ။ အခု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်ထားသလို ဖြစ်လာခဲ့ပြီ၊ ဒိန်းမတ်က ဂရင်းလန်း(ဒ်)ကို ယူအက်(စ်) နယ်ချဲ့ဆီ ထိုးအပ်လိုက်လေပြီ။
ယူကရိန်း စစ်ပွဲ၊ အရှေ့အလယ်ပိုင်း စစ်ပွဲကနေ ဗင်နီဇွဲလား၊ ကျူးဘား၊ ဂရင်းလန်း(ဒ်)နဲ့ ဥရောပ အရင်းရှင်စနစ် အကျပ်အတည်းအထိ၊ ယူအက်(စ်) နယ်ချဲ့နဲ့ တရုတ် နယ်ချဲ့ တို့ကြား ပဋိပက္ခက အခြေခံ ဝင်ရိုးအနေနဲ့ ပါဝင်နေတယ်။ ရုရှား နယ်ချဲ့ကလဲ အတိုင်းအတာတခုအထိ ပါဝင်နေတယ်။ ဒီနယ်ချဲ့ ပါဝါတွေကြားက တိုက်ပွဲဆိုတာ ကမ္ဘာကြီးကို ဘယ်သူက ဆက်ပြီး ဗိုလ်ကျစိုးမိုးခွင့်ရမလဲ အဆုံးအဖြတ်ပြုရေး တိုက်ပွဲပဲ။
The existential crisis of European capitalism
အဲဒီလို နယ်ချဲ့ giant ကြီးနှစ်ကောင် လွန်ဆွဲနေတဲ့ တိုက်ပွဲမှာ ဥရောပ အရင်းရှင်စနစ်လဲ ကြိတ်ချေခံရတယ်။ အမေရိကန် အရင်းရှင်နယ်ချဲ့ စနစ် ကျဆင်းမှုအကြောင်း အထက်မှာ ပြောခဲ့တယ်။ တကယ်တမ်းကျ ဥရောပ အရင်းရှင် စနစ် ကျဆင်းမှုက ယူအက်(စ်)ထက် ပိုအရှိန်ပြင်းတယ်။ ပြောရရင် ဥရောပ အရင်းရှင် စနစ်ဟာ existential crisis ကို ရင်ဆိုင်နေရတယ်။ ဒီအကြောင်း ဆောင်းပါးတပုဒ်ကို ဘာသာပြန် ဖော်ပြဖို့ ကြိုးစားပါဦးမယ်။ (စိတ်ဝင်စားသူတွေ ဝင်ဖတ်နိုင်အောင် hyperlink ထည့်ပေးထားပါတယ်)။
ဥရောပ အရင်းရှင် စနစ် အကျပ်အတည်း အကြောင်း ပြောရင် ၂၀၀၈ စီးပွားရေး အကျပ်အတည်းကို ချန်လှပ်ထားလို့ မရပါဘူး။ သူက အင်မတန် အရေးကြီးတဲ့ အချိုးအကွေ့တခု ဖြစ်ပါတယ်။ ၂၀၀၈ စီးပွားပျက်ကပ် မတိုင်ခင် အီးယူ (အဲ့တုန်းက အီးယူမှာ ဗြိတိန် ပါဝင်သေးတယ်) ရဲ့ စုစုပေါင်း စီးပွားရေး အင်အားဟာ ယူအက်(စ်)ထက် ၂၃% ပိုကြီးမားခဲ့တယ်။ အခု ယူအက်(စ်)က အီးယူနဲ့ ဗြိတိန်တို့ စုစုပေါင်း စီးပွားရေး အင်အားထက် ၁၈% ပိုများနေပြီ။
၂၀၀၈ စီးပွားရေး ပျက်ကပ်က ယူအက်(စ်)နဲ့ ဥရောပကို အတူတူ သက်ရောက်ခဲ့တာပဲ။ ဒါပေမဲ့ ဒီပျက်ကပ်ကနေ ထွက်လာပုံချင်းတော့ ခြားနားတယ်။ ၂၀၀၈ ကစပြီး ဒီကနေ့အထိ ယူအက်(စ်)ရဲ့ ဂျီဒီပီ တိုးတက်မှုဟာ ၁၂၃% ရှိပါတယ်၊ ဒီကာလအတွင်း တရုတ်ကတော့ ၄၅၃% အထိ တိုးတက်သွားခဲ့တယ်၊ ဒါပေမဲ့ အီးယူနဲ့ ဗြိတိန်တို့ကတော့ ၅၃%သာ ရှိခဲ့တယ်။ သဘောက ဒီ ၁၈နှစ်အတွင်း အီးယူရဲ့ ဂျီဒီပီ တိုးတက်မှုဟာ ယူအက်(စ်) တိုးတက်မှုရဲ့ တဝက်တောင် မရှိခဲ့ဘူး။ တရုတ် စီးပွားရေး တိုးတက်မှုနဲ့ နှိုင်းယှဉ်ရင်တော့ ရှစ်ပုံတပုံတောင် မရှိတဲ့ သဘော။ ဒီတော့ အီးယူဟာ ကမ္ဘာ့ ဈေးကွက်မှာ တရုတ်၊ အမေရိကန်တို့ကို ဘယ်လိုမှ မယှဉ်နိုင်တော့ဘူး။
အီးယူ အရင်းရှင် စနစ် အကျပ်အတည်း ဆိုက်ရတဲ့ အကြောင်းတရားတွေ ပြောမယ်ဆိုရင် ယူကရိန်း စစ်ပွဲကလဲ အရေးကြီးတဲ့ အကြောင်းအချက် ဖြစ်တယ်။ ယူကရိန်း စစ်ပွဲ မတိုင်ခင်က ဥရောပဟာ ရုရှားကနေ ရေနံနဲ့ ဓာတ်ငွေ့တွေ ဈေးချိုချိုနဲ့ ရခဲ့တယ်။ ယူကရိန်း စစ်ပွဲ ဖြစ်တော့ ယူအက်(စ်)က ရုရှားကို ဆန့်ရှင်တွေ လုပ်တယ်၊ အီးယူ နိုင်ငံတွေလဲ လိုက်လုပ်ရတယ်။ အစပိုင်းတော့ ဂျာမနီက ဝင်ပါဖို့ တွန့်နေတယ်။ ဝင်ပါလိုက်ရင် သူ့လည်ပင်းသူ ကြိုးကွင်းစွပ်သလို ဖြစ်သွားမှာ သူတို့ သိတယ်။ ဒါပေမဲ့ ယူအက်(စ်) ဩဇာကို ဥရောပက အရင်းရှင် နယ်ချဲ့ ပါဝါတွေ ဘယ်လွန်ဆန်ရဲမလဲ။

ဂျာမနီက ရုရှားကို ဆန့်ရှင်လုပ်တဲ့ နေရာမှာ ဝင်မပါချင်တာ အကြောင်းရှိတယ်။ ဂျာမန် စက်မှုလုပ်ငန်းတွေက ရုရှားကနေ ဈေးချိုချိုနဲ့ ရနေတဲ့ လောင်စာဆီအပေါ် အများကြီး မှီခိုနေရတယ်။ တကယ်လဲ အဲဒီ စွမ်းအင် လမ်းကြောင်းကို သူတို့ဘက်က ဆန့်ရှင်လုပ်ပြီး ဖြတ်တောက်လိုက်တဲ့အခါ ယူအက်(စ်)နဲ့ အိန္ဒိယဆီကနေ ဈေးကြီးကြီးပေးပြီး လောင်စာဆီ တင်သွင်းရတော့တယ်။
ဒီမှာတင် ဂျာမန် အရင်းရှင်စနစ်ဟာ သိသိသာသာ ထုံထိုင်း ကျဆင်းသွားတော့တယ်။ ကားစက်ရုံတွေ ပိတ်ပစ်ရတာ၊ အလုပ်သမားတွေ ဖြုတ်ပစ်ရတာ များလာတယ်။
ဒါတင် မကသေး။ ယူအက်(စ်)က အဓိက ရန်ဖက် တရုတ်ကို အာရုံစိုက်နိုင်အောင် ယူကရိန်း စစ်ပွဲက ထွက်ဖို့ လုပ်သလို ဥရောပအတွက် နှစ်စဉ် ကျခံပေးနေတဲ့ စစ်အသုံးစရိတ်တွေကို လျှော့ချဖို့ လုပ်လာတယ်။ ဥရောပ တိုင်းပြည်တွေ ကိုယ့်ဘာသာ စစ်အသုံးစရိတ် တိုးသုံးရမယ်၊ ဂျီဒီပီရဲ့ ၅%အထိ တိုးသုံးရမယ်လို့ ယူအက်(စ်) အစိုးရက ရာဇသံပေးလာတယ်။
ဒုတိယ ကမ္ဘာစစ်ပြီးတော့ ဆိုဗီယက်နဲ့ ယူအက်(စ်)က အင်အားကြီး ပါဝါတွေ ဖြစ်လာတယ်။ တချိန်က နေမဝင် အင်ပိုင်ယာ ဗြိတိန်အပါအဝင် ဥရောပ အရင်းရှင် နိုင်ငံတွေက စစ်ကြီးအပြီးမှာ ထောင်းလမောင်းကြေနေပြီ။ ဒုတိယ ကမ္ဘာစစ်မှာ နာဇီဂျာမနီကို အလဲထိုး အောင်ပွဲခံနိုင်လိုက်တဲ့ ဆိုဗီယက် ယူနီယံကလဲ ဩဇာအလွန်ကြီးနေတယ်။ အရှေ့ဥရောပနိုင်ငံတွေတောင် ဆိုဗီယက် ဩဇာခံ နယ်နိမိတ်ထဲ ရောက်ကုန်ပြီ။
ဒီအတိုင်း ဆက်သွားရင် ကျန်တဲ့ ဥရောပ တိုင်းပြည်တွေမှာ ဆိုရှယ်လစ် တော်လှန်ရေး အောင်မြင်သွားတာ ဖြစ်နိုင်သလို ဆိုဗီယက် ဩဇာခံ camp ထဲ ရောက်သွားတာ ဖြစ်နိုင်တယ်။ ဒါ့ကြောင့် ယူအက်(စ်)က ဥရောပကို မာရှယ် စီမံကိန်းနဲ့ ပြန်လည်ထူထောင်ပေးခဲ့သလို သူ့ရဲ့ nuclear umbrella အောက် အကာအကွယ်ပေးထားခဲ့တယ်။
အဲဒီ ကာလတလျှောက် ဥရောပ အရင်းရှင် နိုင်ငံတွေဟာ စစ်ရေး အသုံးစရိတ် အများကြီး သုံးဖို့ မလိုခဲ့ဘူး။ ဒီတော့ welfare state ထူထောင်ပြီး လူထုကို အတိုင်းအတာတခုအထိ ချွေးသိပ်ထားနိုင်ခဲ့တယ်။ ဒီနေရာမှာ တခု သတိပြုရမှာက အီးယူ နိုင်ငံတွေရဲ့ welfare state ဆိုတာ အစကတည်းက ကြီးမားလှတာ မဟုတ်ဘူး။
၂၀၀၈ စီးပွားပျက်ကပ်နောက်ပိုင်း ဥရောပ တိုင်းပြည်တွေမှာ အစိုးရက အများပြည်သူအတွက် အသုံးစရိတ်တွေ တောက်လျှောက် ဖြတ်တောက်ခဲ့တယ်၊ ပင်စင်သက်တမ်းတွေ တိုးခဲ့တယ်၊ အဲသလို austerity measures တွေ တောက်လျှောက် လုပ်ခဲ့လို့ လူထု မကျေနပ်ချက်တွေ၊ ၂၀၁၈ ပြင်သစ်က Yellow Vest လှုပ်ရှားမှုအပါအဝင် လူထု ဆန္ဒပြပွဲတွေလဲ အကြိမ်ကြိမ် ဖြစ်ခဲ့တယ်။
ဥရောပ အရင်းရှင်စနစ် အကျပ်အတည်းကြောင့် ဥရောပ အစိုးရတွေဟာ အရင်လို လူထုကို ချွေးသိပ်ပြီး social peace ဝယ်ထားနိုင်တဲ့ အခြေအနေ မရှိတော့ဘူး။ ဒါနဲ့ ဆန့်ကျင်ဖက်ပဲ၊ သာမန် အလုပ်သမား လူထုကို တဆင့်ပြီး တဆင့် တိုက်ခိုက်လာရတယ်။
အဲဒီ အခြေအနေမှာ အီးယူ အစိုးရတွေရဲ့ debt to GDP အချိုးက ပျမ်းမျှ ၁၀၀% ကျော်နေတယ်။ နဂိုကတည်းက ဘတ်ဂျတ်လိုငွေပြနေတဲ့ အီးယူ အစိုးရတွေဟာ ကြွေးမြီက မနိုင်ဝန်ဖြစ်လာတယ်။ ဒီလို အကျပ်ဆိုက်နေချိန် ယူအက်(စ်)က စစ်အသုံးစရိတ် တိုးသုံးဖို့ ဖိအားပေးတာ ခံလာရတယ်။ အဲတော့ သူတို့ ဘာလုပ်မလဲ။ ဘွန်း(ဒ်)စာချုပ်တွေ ထုတ်ရောင်းပြီး အကြွေးထပ်ယူမလား။

ဒါပေမဲ့ အကြွေးဝန်ပိနေတဲ့ (ပြန်ဆပ်နိုင်မှာ မသေချာတဲ့) အစိုးရတွေကို ဘဏ္ဍာ အရင်းရှင်တွေက လွယ်လွယ် ငွေထုတ်မချေးတော့ဘူး။ ဘွန်း(ဒ်)ချေးငွေ အပေါ်ကနေ အတိုးနှုန်း (yields) များများ တောင်းလာတယ်။ သူတို့ ချေးထားတဲ့ ငွေတွေ ပြန်ဆပ်နိုင်ဖို့၊ လိုငွေပြနေတဲ့ အစိုးရ ဘတ်ဂျက်ကို balance လုပ်ဖို့ဆိုရင် အစိုးရက အများပြည်သူဆိုင်ရာ အသုံးစရိတ်တွေ အခုထက် ပိုဖြတ်တောက်ရမယ်။ (ဘွန်းဒ် ဈေးကွက်အကြောင်း ရှင်းပြထားတဲ့ ဆောင်းပါးကို ပြီးခဲ့တဲ့ ဩဂုတ်လက ဖော်ပြထားပါတယ်၊ ဒီလင့်ခ်ကနေ ဝင်ဖတ်ကြည့်ပါ)။
ဒါဆိုရင် အရင်းရှင်စနစ် အကျပ်အတည်းကြောင့် living cost crisis ဖြစ်နေတဲ့ လူထုရဲ့ မကျေနပ်ချက်တွေ ပိုပြင်းထန်လာမယ်။ နောက်ဆုံး အခု မြင်တွေ့နေရတဲ့ လူထု အုံကြွမှုကြီးတွေ ဥရောပတလွှား ထွက်ပေါ်လာတာပဲ။ လက်ရှိ ပြင်သစ် အခြေအနေကို Financial Times ကတော့ France: between the bond market and the barricades လို့ ခေါင်းကြီးတပ် ဖော်ပြထားတယ်။
ဗမာပြည်ရဲ့ အခန်းကဏ္ဍ
ဒီကနေ့ ကမ္ဘာ့ နိုင်ငံရေးရဲ့ အခြေခံ ဝင်ရိုးက အင်အားကြီး နယ်ချဲ့ ပါဝါတွေကြား (ယူအက်စ် Vs တရုတ်၊ ရုရှား) ကမ္ဘာကြီးကို ဗိုလ်ကျစိုးမိုးနိုင်ရေး လွန်ဆွဲနေတဲ့ တိုက်ပွဲလို့ ဆိုခဲ့တယ်။ နယ်ချဲ့ ပါဝါတွေကြားက အဲဒီ လွန်ဆွဲပွဲမှာ ဗမာပြည်က ဘယ်နေရာက ပါဝင်နေသလဲ။ အရှေ့အလယ်ပိုင်း စစ်ပွဲလို၊ ဥရောပက လူထု အုံကြွမှုတွေလို ကမ္ဘာ့ နိုင်ငံရေးရဲ့ အဆုံးအဖြတ်ကျတဲ့ နေရာမှာ မရှိတာတော့ သေချာတယ်။ ဒါပေမဲ့ ဗမာက အရေးကြီးတဲ့ လက်အောက်ခံ တနေရာကနေ ပါဝင်နေတာလဲ သေချာတယ်။
လွန်ခဲ့တဲ့ နှစ်တရာကျော်က Imperialism စာအုပ်မှာ လီနင် ရှင်းပြခဲ့သလိုပဲ ကုန်ကြမ်း ရင်းမြစ်ကို လက်ဝါးကြီးအုပ် သိမ်းပိုက်ထားခြင်းဟာ အရင်းရှင် နယ်ချဲ့စနစ်ရဲ့ အခြေခံ ဝိသေသတခု ဖြစ်တယ်။ ဒီကနေ့ တရုတ် နဲ့ အမေရိကန် နယ်ချဲ့ ပါဝါတွေကြား လွန်ဆွဲပွဲမှာ မြေရှားသတ္တုက အင်မတန် အရေးကြီးလာတယ်။ တရုတ်နဲ့ အမေရိကန် ကုန်သွယ်စစ်မှာ ဘေဂျင်းက မြေရှားကိုင်ပြီး ဒေါ်နယ်ထရမ့် အရှိုက်ကို ထိုးနိုင်ခဲ့တယ်။ ကမ္ဘာ့ အရင်းရှင် နယ်ချဲ့ပါဝါတွေအတွက် မဟာဗျူဟာမြောက် အရေးကြီးတဲ့ ဗမာပြည်က မြေရှားသတ္တု ရင်းမြစ်တွေကို တရုတ်က လက်ဝါးကြီးအုပ်ထားနိုင်တယ်။
ဒါဟာ တရုတ်-အမေရိကန် အားပြိုင်ပွဲမှာ တရုတ်ဘက်က ကိုင်ထားတဲ့ နိုင်ဖဲ တချပ်လို့ ဆိုနိုင်တယ်။ တရုတ်ပြည်ရဲ့ အထွေထွေ အကောက်ခွန်ရုံးက ဒေတာတွေကို ကိုးကားပြီး ရှန်ဟိုင်း သတ္တု ဈေးကွက် (SMM) က ဗမာပြည်ကနေ တရုတ်နိုင်ငံဆီ မြေရှားသတ္တု ကုန်ကြမ်း တင်သွင်းမှု တန်ချိန်ဟာ စက်တင်ဘာ တလအတွင်း သုံးဆနီးပါး မြင့်တက်ခဲ့ကြောင်း ဆိုထားပါတယ်။

အတိအကျ ပြောရရင် ၂၀၂၆ ဩဂုတ်လမှာ ၁၃၄၆ တန် တင်သွင်းခဲ့ရာက စက်တင်ဘာလမှာ ၃၅၀၉ တန်အထိ မြင့်တက်သွားခဲ့တယ်။ ဒီပမာဏဟာ တရုတ် နိုင်ငံရဲ့ တလအတွင်း မြေရှားသတ္တု ကုန်ကြမ်း တင်သွင်းမှု စုစုပေါင်းရဲ့ ၇၀% ဖြစ်ပါတယ်။
မြေရှားက ဘယ့်လောက် အရေးကြီးကြောင်း သတင်းမီဒီယာတွေမှာလဲ ခဏခဏ ရေးနေကြပြီ။ ဒီနေရာမှာ အကျယ်မချဲ့လိုပါ။ မြေရှားက အရေးကြီးသလို ကသောင်းကနင်း အကျပ်ဆိုက်နေတဲ့ အရင်းရှင် ကမ္ဘာမှာ ရွှေလဲ အရင်ကထက် ပိုအရေးကြီးလာတယ်။ ရွှေကတော့ ဘယ်ခေတ်မဆို အရေးကြီးတာပဲ၊ ဒါ မထူးဆန်းဘူးလို့ ထင်ချင်ထင်လိမ့်မယ်။
ပြီးခဲ့တဲ့ ၄-၅ နှစ်အတွင်း ကမ္ဘာ့ ရွှေ တအောင်စ ဒေါ်လာ ၁၈၀၀ ဝန်းကျင်လောက်ကနေ ဒေါ်လာ ၅၀၀၀ ကျော်အထိ မြင့်တက်သွားတာ ကြည့်ရင် အဲသလောက် မရိုးရှင်းဘူးဆိုတာ သဘောပေါက်နိုင်တယ်။ ပြည်တွင်း ရွှေဈေးကလဲ ကမ္ဘာ့ ရွှေဈေးနဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်တန်ဖိုး ထိုးကျနေခဲ့တယ်၊ အခု ၂၀၂၆ နှစ်ကုန်ခါနီးအထိလဲ ကျပ်တန်ဖိုး ထိုးကျနေဆဲ ဖြစ်ပါတယ်။ ဒီအကြောင်းအချက်တွေကြောင့် ပြည်တွင်းရွှေဈေး တက်တဲ့နှုန်းက ကမ္ဘာ့ ရွှေဈေး တက်နှုန်းထက် ပိုများနေတာ တွေ့ရလိမ့်မယ်။
ဟုတ်ပြီ၊ ကမ္ဘာ့ ရွှေဈေး ဘာ့ကြောင့် တက်သလဲ။ တချိန်တုန်းက ဒေါ်လာဟာ ကမ္ဘာ့ ငွေကြေး ဖြစ်ခဲ့တယ်။ ကမ္ဘာ့ ကုန်သွယ်ရေးမှာ ဒေါ်လာက အခရာ ဖြစ်ပါတယ်။ အခုလဲ ဒေါ်လာက အရေးပါဆဲ ဆိုပေမဲ့ အရင်လို မဟုတ်တော့ဘူး။ ဒေါ်လာအပေါ် ယုံကြည်မှု ကျဆင်းလာပြီ။ ယူအက်(စ်) အစိုးရက သူနဲ့ ဆန့်ကျင်ဖက် အစိုးရတွေကို ဆန့်ရှင်လုပ်တာ၊ တခြားတိုင်းပြည် အစိုးရတွေရဲ့ ပိုင်ဆိုင်မှုတွေကို freeze လုပ်ပစ်တာ၊ စတဲ့ အကြောင်းတရားတွေ ရှိပေမဲ့ ယူအက်(စ်) ပါဝါ စီးပွားရေး အင်အား ကျဆင်းသွားခြင်းက အဓိက အကြောင်းရင်း ဖြစ်ပါတယ်။
ဘွန်း(ဒ်)ဈေးကွက် ဆောင်းပါးမှာ ရှင်းပြထားသလိုပဲ တချိန်တုန်းကလို ယူအက်(စ်) အစိုးရ ထုတ်ရောင်းတဲ့ treasuries (bonds) တွေကို ကိုင်ထားရင် စိတ်ချရတယ် ဆိုတဲ့ အခြေအနေ မရှိတော့ဘူး။ အရင်ကတော့ ကမ္ဘာ့ နိုင်ငံအသီးသီးက အစိုးရ ဗဟိုဘဏ်တွေဟာ သူတို့တိုင်းပြည်ရဲ့ ငွေကြေးကို ကျားကန်ထားဖို့ ယူအက်(စ်)ဒေါ်လာ သို့မဟုတ် ယူအက်(စ်) ဘွန်း(ဒ်)တွေကို အမာခံအဖြစ် ကိုင်ထားရတယ်။
ယူကရိန်း စစ်ပွဲ နောက်ပိုင်းကစပြီး အဲသလို မဟုတ်တော့ဘူး။ ဒါလဲ အကြောင်းရှိတယ်။ ယူအက်(စ်) အစိုးရ ကြွေးမြီက ဒေါ်လာ ၄၀ ထရီလီယံကျော်သွားပြီ။ အဲဒီ ဘွန်း(ဒ်) ၄၀ ထရီလီယံမှာ ဘွန်း(ဒ်)ရောင်းပြီး ယူထားတဲ့ အကြွေးက ၃၁ ထရီလီယံကျော် ရှိနေတယ်။ ယူအက်(စ်)ရဲ့ တနှစ်တာ ဂျီဒီပီက ၃၁ ထရီလီယံဝန်းကျင်ပဲ ရှိတယ်။ အခု သူတင်နေတဲ့ အကြွေးနဲ့ ဂျီဒီပီ အချိုးချလိုက်ရင် ၁၂၅% ဝန်းကျင် ဖြစ်နေပြီ။ ဒါဟာ unsustainable အခြေအနေ၊ သာမန် အရပ်သားသာဆို ဘယ်အကြွေးရှင်ကမှ ငွေထုတ်မချေးလောက်အောင် အကြွေးနွံနစ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဒါ့ကြောင့်လဲ ဂျပန်၊ တရုတ် အပါအဝင် ကမ္ဘာ့ နိုင်ငံအသီးသီးက ယူအက်(စ်) အစိုးရ ဘွန်း(ဒ်)တွေကို အလုအယက် ထုတ်ရောင်းလာကြတယ်။ (Dutch ဗဟိုဘဏ် (DNB) ဆိုရင်လဲ ယူအက်စ်နဲ့ ကနေဒါ ဗဟိုဘဏ်တွေမှာ သိမ်းထားတဲ့ ရွှေ ၈၆ တန်ကို လန်ဒန်ကို ရွှေ့ထားလိုက်ပြီ)။

ဒီလို ဘာမှ မရေရာတဲ့ ကသောင်းကနင်း ခေတ်ကြီးမှာ ကမ္ဘာ့ အစိုးရ ဗဟိုဘဏ်တွေက အမာခံ တန်ဖိုးရှိတဲ့ ရွှေတုံး ရွှေချောင်းတွေပဲ ဝယ်ယူ စုဆောင်းလာကြတယ်။ အဲဒီအခြေအနေမှာ ရွှေတူးဖော်ထုတ်လုပ်ရေးနဲ့ မှောင်ခို တင်ပို့မှုတွေ များပြားလာတယ်။ အထူးသဖြင့် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ် ဖြစ်နေတဲ့ ဗမာပြည်မှာ အရင်က ရွှေတူးနေကျ မဟုတ်တဲ့ ဒေသတွေမှာတောင် ရွှေတူးတာတွေ အလွန်အကျွံ လုပ်လာတယ်။ အိန္ဒိယနဲ့ တရုတ်ကို ရွှေမှောင်ခို တင်ပို့မှုတွေ ပိုများလာတယ်။
၂၀၂၁ မင်းအောင်လှိုင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗမာပြည်ကနေ တရုတ်ပြည်ထဲ ရွှေအရိုင်းတုံး တင်သွင်းမှုဟာ ၁၁၉ ဆ မြင့်တက်သွားခဲ့တယ်။ ဒါပေမဲ့ တရားဝင် ရွှေ ထုတ်လုပ်မှုက လျော့ကျလာတယ်။ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ၈၄၆ ကီလိုဂရမ် ထုတ်ခဲ့ရာက ၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှာ ၅၃၂ ကီလိုဂရမ်ပဲ ထုတ်နိုင်တော့တယ်။ သဘောက စစ်အစိုးရ ထိန်းချုပ်မှုအောက်ကနေ တရားဝင် ထုတ်နိုင်တဲ့ ပမာဏ ကျဆင်းသွားပေမဲ့ ဗမာပြည်မှာ ရွှေတူးဖော် ထုတ်လုပ်မှု၊ မှောင်ခိုတင်ပို့မှုက အဆတရာကျော် မြင့်တက်သွားတဲ့ သဘော။ ဒါကလဲ ရွှေ တမျိုးတည်း ဖြစ်နေတာတော့ မဟုတ်ဘူး။ သတ္တု တူးဖော်မှု ကဏ္ဍတခုလုံးမှာ ဖြစ်နေတာ။
ခြုံကြည့်လိုက်ရင် တရုတ် အရင်းရှင် နယ်ချဲ့အတွက် အရေးကြီးတဲ့ ကုန်ကြမ်း ရင်းမြစ်တွေကို ဗမာပြည်က အလွန်အကျွံ ထုတ်လုပ် တင်ပို့နေရတဲ့ သဘောပဲ။

ဗမာပြည်က တရုတ် နယ်ချဲ့စနစ်အတွက် ကုန်ကြမ်း ရင်းမြစ်အနေနဲ့ပဲ အသုံးဝင်တာတော့ မဟုတ်ဘူး။ အရှေ့အလယ်ပိုင်း ဒေသက ဟော်မု(ဇ်) ရေလက်ကြား ပိတ်ခံလိုက်ရတဲ့အခါ ကမ္ဘာ့ နိုင်ငံအသီးသီး အကျပ်ဆိုက်သွားတယ်။ တရုတ်နဲ့ ရုရှားကတော့ ခြွင်းချက်ဖြစ်ပါတယ်။ ဒါပေမဲ့ မလက္ကာ ရေလက်ကြား ပိတ်ခံလိုက်ရရင်တော့ တမျိုးတဖုံ ဖြစ်သွားနိုင်တယ်။
မလက္ကာ ရေလက်ကြားကို ပိတ်ခံရရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို လျှော့ချဖို့လဲ တရုတ်ဘက်က ပြင်ဆင်ထားတယ်။ ဒီနေရာမှာ ဗမာပြည်က မဟာဗျူဟာမြောက် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်လာတာပဲ။ ရခိုင်ပြည်က ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း အပါအဝင် ယူနန်ပြည်နယ်အထိ သွယ်တန်းထားတဲ့ ဓာတ်ငွေ့ပိုင်းလိုင်း၊ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံနဲ့ မြစ်ဆုံ စီမံကိန်း၊ စသဖြင့်။
အဲဒီလို တရုတ် အရင်းရှင် နယ်ချဲ့စနစ်အတွက် strategic interest တွေ ဗမာပြည်မှာ ရှိနေတယ်။ ဗမာပြည်က ပြိုလုဆဲဆဲ စစ်အစိုးရကို တရုတ် အစိုးရက ကျားကန်ပေးထားခြင်းရဲ့ နောက်ခံ အကြောင်းတရားက ဒီအကျိုးစီးပွားတွေကြောင့်ပဲ။ ဒါပေမဲ့ အသက်ငင်နေတဲ့ စစ်အစိုးရကို ကျားကန်ပေးထားရင် တကယ်ပဲ တရုတ် နယ်ချဲ့ စီမံကိန်းတွေအတွက် အာမခံချက်ရှိသလား။ မရှိပါဘူး။
ဗိုလ်မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အစိုးရက အဲသလို အရေးကြီးတဲ့ စီမံကိန်းကြီးတွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင် အာမခံချက် ပေးနိုင်ဖို့ဆိုတာ အဝေးကြီး။ မြေရှားနဲ့ ရွှေ အရိုင်းတုံးလို အရေးကြီး ကုန်ကြမ်းတွေ တူးဖော် ထုတ်လုပ်ရေးနဲ့ တင်ပို့မှုတောင် စစ်အစိုးရ ထိန်းချုပ်မှုအောက် မရှိပါဘူး။ ဒါ့ကြောင့် ယူအက်(စ်) အစိုးရက မင်းအောင်လှိုင် စစ်အစိုးရနဲ့ အပေးအယူ လုပ်မယ်ဆိုတာ တကယ် ဖြစ်လာနိုင်ခြေ မရှိသလောက်ပါဘဲ။
တကယ်တော့ Donroe Doctrine ကြေညာထားတဲ့ ယူအက်(စ်) အစိုးရက ဗမာပြည်အရေး စိတ်မဝင်စားလှဘူး။ ဒါ့ကြောင့် စစ်အစိုးရ လော်ဘီတွေရော၊ နုဂျီ လော်ဘီတွေရော နှစ်ဖက်လုံးက ဗမာပြည်ကို ထရမ့် အစိုးရက မျက်စိကျလာအောင် မြေရှားနဲ့ ဆွယ်စကားဆိုနေကြတာပဲ။ ဒါပေမဲ့ အရှေ့အလယ်ပိုင်းမှာ နှာခေါင်းကျည်ပွေ့တွေ့နေတဲ့ ထရမ့် အစိုးရက ဗမာပြည်မှာ တရုတ်နဲ့ ထိပ်တိုက်တွေ့မဲ့ အရေးကို စိတ်ပင်ကူးရဲမယ် မထင်ပါဘူး။
စစ်အစိုးရရဲ့ အနေအထား
အာဏာသိမ်း စစ်ဗိုလ်က ဟန်ပြရွေးကောက်ပွဲ လုပ်ပြီး သူ့ကိုယ်သူ သမ္မတလို့ ကြေညာတယ်။ ဒီနောက် အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ရုရှား၊ မလေးရှား ခရီးတွေ ပတ်ထွက်ပြီး သံတမန် ဆက်ဆံရေး ကောင်းနေကြောင်း ပြသတယ်။ မကြာသေးခင်က တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံးမှာ ဖော်ပြခံရသလို အမေရိကန် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံတဲ့အကြောင်း သတင်းတွေလဲ ထွက်ပေါ်လာတယ်။ မြေပြင်မှာလဲ အာဏာသိမ်း စစ်တပ်က ဆုံးရှုံးထားတဲ့ နယ်မြေတချို့ ပြန်သိမ်းနိုင်လာတယ်။
ဒီအခြေအနေမှာ ဗိုလ်မင်းအောင်လှိုင်က စစ်အာဏာသိမ်းပြီး ၅နှစ်ကျော် ၆နှစ်နီးပါး ကြာတဲ့အထိ ပြုတ်ကျမသွားတဲ့အပြင် တိုက်ပုံဝတ်လဲပြီး ပွဲခံနေတာ မြင်ရတော့ တချို့လဲ အမြင် ရှုပ်ထွေးကုန်တယ်။ ပိုဆိုးတာက သူ့နောက်မှာ အင်အားကြီး နယ်ချဲ့ ပါဝါ နှစ်ကောင် (တရုတ်နဲ့ ရုရှား) ရှိနေတာပဲ ဆိုတဲ့ အချက်။ ဒီတော့ ဒီကနေ့ စစ်အစိုးရရဲ့ အနေအထားကို သုံးသပ်ကြည့်ဖို့ လိုအပ်လာတယ်။
ဗိုလ်မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အစိုးရက တကယ်ပဲ ခြေကုပ်မြဲနေပြီလား။ ဒီမေးခွန်းကို ဆန်းစစ်ကြည့်ဖို့ အားလုံး မြင်သာတဲ့ အချက်က စလိုက်ရအောင်။ အာဏာသိမ်း စစ်အစိုးရဟာ တရုတ်-ရုရှား နယ်ချဲ့ ပါဝါတွေရဲ့ bloodline support ကြောင့်သာ အခုလို သက်ဆိုးရှည်နေခြင်း ဖြစ်တယ်။ ဒါပေမဲ့ နယ်ချဲ့ ပါဝါတွေရဲ့ ပံ့ပိုးမှုအပေါ် အဲသလောက် မှီခိုထားရတဲ့ Regime တခုဟာ သေကောင်ပေါင်းလဲ နာမကျန်းဖြစ်နေတဲ့ အစိုးရတရပ်သာ ဖြစ်တယ်၊ ဒေါင်ဒေါင်မြည် ကျန်းမာနေတဲ့ အစိုးရတရပ် မဖြစ်နိုင်ဘူး။
Regime တခု ခြေကုပ်မြဲဖို့ဆိုရင် သူ့မှာ ခိုင်မာတဲ့ social base ရှိဖို့ အရေးကြီးတယ်။ ဗိုလ်မင်းအောင်လှိုင် စစ်အစိုးရမှာ အဲသလို social base ရှိသလား။ မရှိဘူးလို့ ယတိပြတ် ပြောနိုင်တယ်။ ဘာ့ကြောင့်လဲ။ ဗမာ့ လူ့အဖွဲ့အစည်းမှာ အများတကာ့ အများစုကြီး ဖြစ်တဲ့ အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား၊ ကျောင်းသား၊ လူလတ်တန်းစား အလွှာအသီးသီးက ဗိုလ်မင်းအောင်လှိုင်ကို ဘယ့်လောက်တောင် ရွံရှာစက်ဆုပ်သလဲ ဆိုတာ အထူးတလည် စာဖွဲ့ပြဖို့ မလိုဘူး ထင်ပါတယ်။ ဗမာ့ သမိုင်းတလျှောက် လူမုန်းအများဆုံး စစ်အစိုးရလို့တောင် ဆိုနိုင်လိမ့်မယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် အုပ်စိုးသူ အရင်းရှင် လူတန်းစားကတောင် ဗိုလ်မင်းအောင်လှိုင်ကြောင့် သူတို့ အကျိုးစီးပွားတွေ ဆုတ်ယုတ်ပျက်ပြားနေလို့ စစ်အစိုးရကို မကြိုက်ပါဘူး။ ဒါပေမဲ့ သူတို့မှာ တခြား ရွေးစရာ ဘာရှိသလဲ။ ချမ်းသာကြွယ်ဝပါတယ် ဆိုတဲ့ အမေရိက၊ ဥရောပက အရင်းရှင် တိုင်းပြည်တွေတောင် ဘူဇွာ ဒီမိုကရေစီ အကျပ်ဆိုက်နေချိန် ဖြစ်တယ်။
ဗိုလ်မင်းအောင်လှိုင် စစ်အစိုးရက ပြုန်းတီးသွားတဲ့ သူ့စစ်တပ်ကို ဖြည့်တင်းဖို့ တပ်သားသစ် စုဆောင်းနိုင်ခြင်း မရှိဘူး။ ဒီတော့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတဲ့ စနစ်၊ ပြူစောထီး လူမိုက်ဂိုဏ်းတွေသုံပြီး လူပြန်ပေးဆွဲတဲ့ နည်းတွေ သုံးရတယ်။ ဒါဟာ ဗိုလ်မင်းအောင်လှိုင် စစ်အစိုးရရဲ့ feet of clay ပဲ။
ပြန်ပေးဆွဲပြီး စစ်ထဲဆွဲသွင်းထားသူတွေကို လူသားဒိုင်းအနေနဲ့ ချနင်းတာလောက်ပဲ သူတို့ အသုံးပြုနိုင်လိမ့်မယ်။ တကယ် တိုက်ရည်ခိုက်ရည် ပြည့်ဝတဲ့ စစ်တပ်တခု၊ စည်းကမ်းပြည့်ဝတဲ့ စစ်ဗိုလ်ချုပ်တွေ အကျိုးကို အသက်နဲ့ရင်း ကာကွယ်ပေးမဲ့ စစ်တပ်တခု ဘယ်တော့မှ မဖြစ်နိုင်ဘူး။
Bonapartist regime
ဗိုလ်မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အစိုးရမျိုးကို Bonapartist regime လို့ ခေါ်ပါတယ်။ ဘိုနာပတ်တစ် အာဏာရှင် အစိုးရ ဆိုတာ လူထုကို ဓားမိုး အုပ်ချုပ်တဲ့ အစိုးရလို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမဲ့ ဗိုလ်မင်းအောင်လှိုင် ကိုင်ထားတဲ့ ဓားကတော့ အသွားတုံးနေတဲ့ သံကြေးတက် ဓားကြီး ဖြစ်နေပြီ။
မင်းအောင်လှိုင် အစိုးရကို စစ်အာဏာရှင် အစိုးရလို့ ပြောရင်လဲ ရှင်းနေတာပဲ၊ ဘာ့ကြောင့် သမိုင်းဆိုင်ရာ analogy တခုဖြစ်တဲ့ Bonapartism ဆိုတဲ့ ဝေါဟာရကို ဆွဲထုတ်လာရတာလဲ။ နေဝင်း အစိုးရ၊ ပူတင် အစိုးရ၊ ရှီကျင်းဖျင် အစိုးရ၊ သူတို့လဲ Bonapartist regime အမျိုးအစားတွေပဲ။ ဒါပေမဲ့ သူတို့အားလုံး အတူတူပဲလား ဆိုရင်တော့ မတူပါဘူး။ တူတဲ့ ဝိသေသတွေ ရှိသလို အခြေခံ ကွာခြားချက်တွေလဲ ရှိတယ်။
သူတို့အားလုံးနဲ့ မင်းအောင်လှိုင်ရဲ့ Bonapartism တောင် မတူပါဘူး။ နေဝင်း စစ်အစိုးရ Bonapartism နဲ့ မင်းအောင်လှိုင် စစ်အစိုးရ Bonapartism တောင် အခြေခံချင်း မတူပါဘူး။ ဒါ့ကြောင့် Bonapartism ဆိုတဲ့ အသုံးအနှုန်း၊ အယူအဆက သမိုင်းဆိုင်ရာ analogy တခု ဖြစ်တယ် ဆိုတဲ့ အချက်ကို သတိမေ့လို့ မဖြစ်ပါဘူး။
ဒါဆိုရင် ဒီဝေါဟာရကို ဘာ့ကြောင့် တကူးတက သုံးနေတာလဲ။ အကြောင်းရှိပါတယ်။ ဒီနေရာမှာတော့ အကျဉ်းချုံးပြီးပဲ ပြောရပါလိမ့်မယ်။ Bonapartism အကြောင်း သီးသန့် ဆောင်းပါး ရေးမှသာ သေချာ ရှင်းနိုင်ပါလိမ့်မယ်။ ၁၈ ရာစု ပြင်သစ် တော်လှန်ရေး အတွေ့အကြုံကို အခြေခံပြီး မာ့(က်စ်)က Bonapartism အယူအဆကို စတင် အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။ ပြင်သစ် တော်လှန်ရေး ဒီရေကျသွားပြီး ဖောက်ပြန်ရေး အင်အားစုတွေဘက်က အသာစီးရသွားခဲ့တယ်၊ နောက်ဆုံး နပိုလီယံ ဘိုနာပတ်ဆိုတဲ့ စစ်အာဏာရှင် တက်လာခဲ့တယ်။ လူတန်းစား တိုက်ပွဲမှာ ဘယ်ဘက်ကမှ အပြတ်အသတ် မနိုင်ဘဲ deadlocked ဖြစ်သွားတဲ့ အခြေအနေတွေ ရှိတတ်တယ်။ အဲဒီလို အခြေအနေမှာ law and order ကို ထိန်းသိမ်းဖို့ ဆိုပြီး နပိုလီယံ ဘိုနာပတ်လို Bonapartist Dictator တွေ ထွက်ပေါ်လာတတ်တယ်။
ဒီကနေ့ ဗမာပြည် လူတန်းစား တိုက်ပွဲ အခြေအနေကို ကြည့်လိုက်ရအောင်။ အလုပ်သမား လူတန်းစား ခေါင်းဆောင်တဲ့ အဖိနှိပ်ခံ လူထုကြီးက စစ်အာဏာရှင်စနစ်ကို ဖြိုချဖို့ အပြင်းအထန် တိုက်ပွဲဝင်ခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး၊ အုပ်စိုးသူ လူတန်းစားက သွေးချောင်းစီး ဖိနှိပ်သတ်ဖြတ်ခဲ့တယ်။ တည့်တည့်ပြောရရင် အရေးနိမ့်သွားခဲ့တယ်။
ဒါပေမဲ့ တဖက်မှာလဲ ဗမာပြည် အရင်းရှင် လူတန်းစားဟာ အင်အားချိနဲ့တယ်။ ကသောင်းကနင်း ဖြစ်နေတဲ့ အခြေအနေကို သူတို့ မထိန်းနိုင်ဘူး။ လူတန်းစား တိုက်ပွဲက deadlocked ဖြစ်သွားတယ်။ ဒါပေမဲ့ တည်ငြိမ်သွားတာ မဟုတ်ဘူး။ မတည်ငြိမ်မှုတွေ၊ ကသောင်းကနင်း ဖြစ်မှုတွေ ပိုဆိုးလာတယ်။ ဒီအခြေအနေမှာ အုပ်စိုးသူ လူတန်းစားက ဗိုလ်မင်းအောင်လှိုင်လို အင်မတန် ညံ့ဖျင်းတဲ့ စစ်ဗိုလ်တယောက်ကို ခေါင်းဆောင်တင်ထားရတယ်။
ဒါ့ကြောင့် စစ်အာဏာရှင် ဗိုလ်မင်းအောင်လှိုင်ဟာ instable equilibrium တခုအပေါ် ဓားမိုး အုပ်စိုးနေရသူ ဖြစ်တယ်။ ခိုင်ခံ့တဲ့ မျှခြေတခုကို သူ ဘယ်လိုမှ တည်ဆောက်နိုင်စွမ်း မရှိဘူး။ အဲသလို တည်ဆောက်ဖို့ မျှခြေ နှစ်ခု လိုအပ်တယ်။ social equilibrium နဲ့ economic equilibrium ဖြစ်ပါတယ်။ မင်းအောင်လှိုင် စစ်အစိုးရက social equilibrium ကို ဘယ်လိုမှ မတည်ဆောက်နိုင်ဘူး ဆိုတာတော့ အပေါ်မှာ ဆွေးနွေးခဲ့တဲ့ အချက်တွေနဲ့တင် ထင်ရှားနေပါပြီ။ အာဏာသိမ်း စစ်အစိုးရကြောင့် ပြည်တွင်းစစ်အတွင်း လူပေါင်း ၅ သန်းကျော် စစ်ပြေးဘဝ ရောက်ခဲ့ရသလို လူပေါင်း တသိန်းကျော် အသတ်ခံထားရပြီးပြီ။
အလားတူပဲ၊ economic equilibrium ကို ပြန်တည်ဆောက်နိုင်စွမ်း ရှိသလား။ ဘယ်ရှုထောင့်ကကြည့်ကြည့် ဘယ်အချက်အလက်နဲ့ပြောပြော မင်းအောင်လှိုင် စစ်အစိုးရက economic equilibrium ကို တည်ဆောက်နိုင်စွမ်း မရှိဘူး ဆိုတာ အလွန် ထင်ရှားတယ်။ မြင်သာအောင် အခိုင်အမာ အချက်အလက် တချို့လောက်ပဲ ဆွဲထုတ်ကြည့်လိုက်ရအောင်။ ဗိုလ်မင်းအောင်လှိုင် စစ်အာဏာသိမ်းပြီးကတည်းက ကျပ်ငွေ တန်ဖိုး ထိုးကျနေတဲ့ အခြေအနေကို အခုချိန်ထိ မထိန်းနိုင်သေးပါဘူး။ တည်ငြိမ်တဲ့ ငွေကြေးစနစ် မရှိရင် အရင်းရှင် စီးပွားရေး စနစ်ကို နာလန်ထူလာအောင် ဘယ်တော့မှ လုပ်လို့မရဘူး။
ဒီအခြေအနေမှာ အရင်းရှင် လူတန်းစားက အိမ်ခြံမြေ ဈေးကွက်၊ နိုင်ငံခြား ငွေနဲ့ ရွှေဈေးကွက်မှာပဲ speculation လုပ်နေကြလိမ့်မယ်။ real economy လို့ ခေါ်တဲ့ စက်မှု ကုန်ထုတ်လုပ်ရေးဘက်မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်မဝင်စားတော့ဘူး။ နဂိုကတည်းက စက်မှု ကုန်ထုတ်လုပ်ရေး အခြေခံ မယ်မယ်ရရ မရှိတဲ့ တိုင်းပြည်ဆိုတော့ ပိုဆိုးပါတယ်။
ဒီကြားထဲ စစ်အစိုးရက အများပြည်သူကို စစ်ခင်းဖို့ပဲ မဲတင်းနေတော့ စီးပွားရေး တိုးတက်ဖို့ မရှိမဖြစ် လိုအပ်တဲ့ infrastructure တွေကို ဖြစ်ချင်ရာဖြစ် ပစ်ထားတယ်၊ ရည်ရွယ်ချက်ရှိရှိ ဖျက်စီးပစ်တာတွေလဲ ရှိတယ်။ ကုန်ထုတ်လုပ်ရေးအတွက် အနိမ့်ဆုံး လိုအပ်ချက် ဖြစ်တဲ့ လျှပ်စစ်မီးနဲ့ လောင်စာဆီတောင် နပ်မှန်အောင် မပေးနိုင်ဘူး။
အဲသလို စစ်အာဏာရှင် အစိုးရတရပ်က စီးပွားရေး မျှခြေတရပ်ကို ဘယ်မှာ တည်ဆောက်နိုင်ပါ့မလဲ။ ဒါ့ကြောင့်လဲ လူဦးရေရဲ့ ထက်ဝက်က ဆင်းရဲတွင်း ချောက်ကြီးထဲ ကျဆင်းနေပြီ။
ဒါ့ကြောင့် စစ်အာဏာရှင်စနစ်ဟာ ခိုင်မာတဲ့ အုတ်မြစ်ပေါ် ရပ်တည်နေခြင်း မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း နားလည်နိုင်တယ်။ ဒါဟာ အလုပ်သမား လူတန်းစားရဲ့ တော်လှန်ရေး အောင်မြင်မှု ရရှိအောင် favorable objective condition တွေ ပြင်ဆင်ပေးထားခြင်း ဖြစ်တယ်။
ဒီနေရာမှာ နားလည်မှု မလွဲအောင် တခါတည်း ကြိုရှင်းထားပါမယ်။ ဒီကနေ့ လက်နက်ကိုင် အဖွဲ့ မျိုးစုံ ဆင်နွှဲနေတဲ့ ကျေးလက်အခြေခံ ပြောက်ကျားစစ် တိုက်ပွဲက အလုပ်သမား လူတန်းစားရဲ့ တော်လှန်ရေး မဟုတ်ဘူး။ စစ်အာဏာသိမ်း သက်တမ်း ၆ နှစ် နီးပါး ကြာလာတဲ့အထိ ဗိုလ်မင်းအောင်လှိုင် ပြုတ်မကျသေးတဲ့ အချက်ကိုယ်တိုင်က ကျေးလက်အခြေခံ ပြောက်ကျားစစ် လမ်းစဉ်ရဲ့ dead-end ကို ဖော်ပြနေတာပဲ။
(ဒီနေရာမှာ မော်ဝါဒီတွေ ပြောနေသလို armed struggle လို့ သုံးရင် နားလည်မှု လွဲနိုင်တယ်။ ကျနော်တို့ မာ့က်စ်ဝါဒီတွေ ပြောတဲ့ armed struggle ဆိုတာ အခု သူတို့ ပြောနေတဲ့ ကျေးလက် အခြေခံ ပြောက်ကျားစစ်ကို ဆိုလိုတာ မဟုတ်ဘူး။ အလုပ်သမား လူတန်းစား ခေါင်းဆောင်တဲ့ လူထု လှုပ်ရှားမှုကြီး ဒီရေ အမြင့်ဆုံး ရောက်ချိန် ဆင်နွှဲတဲ့ armed insurrection ကို ဆိုလိုခြင်း ဖြစ်တယ်။ လူထု လှုပ်ရှားမှုက မရှိတော့ဘူး၊ တောထဲမှာ ဖွဲ့ထားတဲ့ လက်နက်ကိုင် အစုလေးတွေနဲ့ သူပုန်ထခြင်းကို လူထုနေရာ လူတစုနဲ့ အစားထိုးတဲ့ဝါဒ substitutionalism or adventurism လို့ ခေါ်ပါတယ်။ အဲဒီ အမှားရဲ့ နောက်ဆက်တွဲတွေကို လူထုတရပ်လုံး ခံနေရပြီ။)
အလုပ်သမား လူတန်းစားရဲ့ တော်လှန်ရေး ဦးဆောင် အခန်းကဏ္ဍ
ပြည်တွင်းစစ်ဒဏ်၊ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုဒဏ်၊ စီးပွားရေး ပျက်ကပ်ဒဏ်တွေကြောင့် အလုပ်သမား လူတန်းစားဟာ တကျော့ပြန် ရုန်းထဖို့ အားယူနေရဆဲ ဖြစ်ပါတယ်။ အဲဒီ ပကတိဘာဝ အကြောင်းအချက်တွေအပြင် အခု ပြောခဲ့တဲ့ နိုင်ငံရေး လမ်းစဉ် အမှားကြောင့်လဲ လိုအပ်တာထက် ပိုပြီး ကြန့်ကြာနေခြင်း ဖြစ်တယ်။ ဒါပေမဲ့ ဒီအခြေအနေတွေကို ကြည့်ပြီး အလုပ်သမား လူတန်းစားကို victim အနေနဲ့ပဲ မြင်သွားရင် မှားပါတယ်။
လူ့အဖွဲ့အစည်းကို အမြစ်ကနေ တော်လှန်ပြောင်းလဲနိုင်တဲ့ social forces ဟာ အလုပ်သမား လူတန်းစားပဲ ရှိတယ်။ အလုပ်သမား လူတန်းစားဟာ တော်လှန်ရေးရဲ့ တပ်ဦး ဖြစ်ကြောင်း ၂၀၂၁ တော်လှန်ရေးမှာလဲ ထပ်မံ သက်သေပြခဲ့ပြီးပြီ။ ကမ္ဘာ့ တော်လှန်ရေး သမိုင်းတွေမှာလဲ အကြိမ်ကြိမ် သက်သေပြခဲ့ပြီးပြီ။
ဒါပေမဲ့ လက်ဝဲဆိုသူတွေကပါ ကမ္ဘာမှာ ဖက်ဆစ်တွေ အားကောင်းလာပြီ၊ အလုပ်သမားထုက လက်ယာစွန်း ပေါ်ပြူလစ်တွေနောက် လိုက်သွားပြီ၊ ဒေါ်နယ်ထရမ့်လို ဖက်ဆစ်ကောင်ကို အလုပ်သမား လူတန်းစားက မဲပေးသတဲ့၊ စသဖြင့် မျိုးစုံ ပြောလာကြတယ်။ သူတို့ စကား မဆုံးသေးခင်မှာပဲ မင်နီအဲပလစ်မှာ အလုပ်သမားထုက ICE ကို ပြန်တိုက်ထုတ်နေပြီ။
အခုလဲ စပိန်၊ ပြင်သစ်၊ ပေါ်တူဂီ၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ အိုင်ယာလန်ဒ်၊ ဆားဘီးယား၊ အယ်လ်ဘေးနီးယား အစရှိတဲ့ ဥရောပ တလွှားမှာ လူထု အုံကြွမှုတွေ အပြင်းအထန် ဖြစ်နေပြီ။ အဲသလို အလုပ်သမား လူတန်းစားရဲ့ တော်လှန်ရေး စွမ်းပကားကို သမိုင်းမှာ အကြိမ်ကြိမ် မြင်တွေ့နေရလဲ လက်ဝဲ အမည်ခံ ပက်တီးဘူဇွာ pessimist တွေကတော့ အလုပ်သမား လူတန်းစားရဲ့ တော်လှန်ရေး အခန်းကဏ္ဍကို အမြဲ သံသယဝင် မေးခွန်းထုတ်နေတာပဲ။ သူတို့ သံသယတွေ မှားယွင်းကြောင်း သမိုင်း ဖြစ်ရပ်တွေက အကြိမ်ကြိမ် သက်သေပြနေပေမဲ့ သူတို့ အမှားကို ဝန်ခံလေ့ မရှိဘူး။
အဲသလို ပက်တီးဘူဇွာ academic leftist တွေဟာ အကြောင်း တခုမဟုတ် တခုပြပြီး အလုပ်သမား လူတန်းစားရဲ့ တော်လှန်ရေး အခန်းကဏ္ဍကို သံသယထိုင်ပွားနေလေ့ရှိတယ်။ ၁၉၄၅ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း အရင်းရှင် စနစ် ဖွံ့ဖြိုးနေဆဲ ခေတ်မှာဆိုရင် အလုပ်သမား လူတန်းစားက bourgeoisified ဖြစ်သွားပြီ၊ အရင်းရှင် စနစ်ကို ဖြိုချဖို့ စိတ်မဝင်စားတော့ဘူးလို့ အော်ခဲ့ကြတယ်။ သူတို့ အော်သံမှာ သူတို့ဘာသာ နစ်မြောနေရင်း ၁၉၆၈ ပြင်သစ် အလုပ်သမား လူတန်းစားရဲ့ အထွေထွေ သပိတ်ကြီး ထဖြစ်သွားတာ သူတို့ မသိလိုက်ဘူး။ သိလိုက်ရင်တောင် ဘာလုပ်လို့ ဘာကိုင်ရမှန်း သူတို့ မသိတော့ဘူး။
အလုပ်သမား လူတန်းစားက တကယ်တမ်း အုံကြွ တော်လှန်လာတဲ့အခါ အဆုံးသတ် အောင်ပွဲရတဲ့အထိ ဦးဆောင်သွားနိုင်တဲ့ သဘောတရား သူတို့မှာ မရှိဘူး။ သူတို့ ထုတ်သမျှ သဘောတရားတွေက အလုပ်သမား လူတန်းစားရဲ့ တော်လှန်ရေး စွမ်းပကားကို သံသယမျိုးစုံဝင်ပြီး မေးခွန်းထုတ်တဲ့ အဆင့်ထက် မပိုဘူး။
အရင်းရှင် စနစ် ပျက်ကပ်ဆိုက်တဲ့ ခေတ် ရောက်ပြန်တော့ အလုပ်သမားထုက မသေရုံတမယ် အသက်ဆက်နေရပြီ၊ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုအောက် အလုပ်သမား သမဂ္ဂတောင် မဖွဲ့နိုင်ဘူး၊ အလုပ်လက်မဲ့ ဖြစ်ကုန်တာလဲ ဒုနဲ့ဒေး၊ ဒီကြားထဲ အတင်းအဓမ္မ စစ်တပ်ထဲ ဆွဲသွင်းခံရမှာ ကြောက်ပြီး ပြည်ပ ထွက်ပြေးနေရတယ်၊ ဒီတော့ စစ်အာဏာရှင် အစိုးရကို မကျေနပ်ပေမဲ့ ဘယ်မှာ တော်လှန်ရေး လုပ်နိုင်တော့မလဲ။
ဒီသံသယကလဲ အပေါ်က ပက်တီးဘူဇွာ အယူအဆကို အတွင်းအပြင် လှန်ထားတာပဲ။ အခြေခံကတော့ အလုပ်သမား လူတန်းစားရဲ့ တော်လှန်ရေး စွမ်းပကားကို မယုံကြည်တာဘဲ။ လူတန်းစား တိုက်ပွဲ ဖြစ်ပေါ်မှု နိယာမသဘောကို နားမလည်ရာက အခုလို အယူအဆအမှားတွေ၊ တလွဲ သံသယတွေ ထွက်ပေါ်လာတယ်။
အဲသလို သံသယ ပွားသူတွေကို အရင်ဆုံး မေးခွန်းတခု မေးရမယ်။ တော်လှန်ရေး တရပ်ဖြစ်ဖို့ ဘယ်လို အခြေအနေတွေ လိုအပ်သလဲ။ အရင်းရှင် စနစ် ပျက်ကပ်ဆိုက်ရင် အလုပ်သမား လူတန်းစားရဲ့ တော်လှန်ရေး လုပ်နိုင်စွမ်း ယိုယွင်းသွားတယ် ဆိုတော့ အရင်းရှင်စနစ် ဖွံ့ဖြိုးစည်ပင်နေရင် တော်လှန်ရေး ဖြစ်မှာလား။ အဲဒါဆိုရင်လဲ အရင်းရှင်စနစ် ဖွံ့ဖြိုးနေတော့ လူတွေက သာယာယစ်မူးပြီး တော်လှန်ဖို့ စိတ်မဝင်စားဘူးလို့ သူတို့ ပြန်ဖြေလိမ့်မယ်။ ဒါဆို သူတို့ အမြင်မှာ အလုပ်သမား လူတန်းစားက ဘယ်တော့မှ တော်လှန်ရေး မလုပ်နိုင်တော့တဲ့ သဘောပဲ။ ဒါပေမဲ့ တကယ့် လက်တွေ့ သမိုင်းမှာတော့ အလုပ်သမား လူတန်းစားက အကြိမ်ကြိမ် တော်လှန်ပုန်ကန်ခဲ့၊ ကနေ့အထိ တော်လှန်နေဆဲ ဖြစ်တယ်။
အရင်းရှင်စနစ် အကျပ်အတည်းဆိုက်ရင် ဒါမှမဟုတ် အရင်းရှင် စနစ် ဖွံ့ဖြိုးနေရင် တော်လှန်ရေး ဖြစ်မှာလား ဆိုတဲ့ မေးခွန်းကိုယ်တိုင်က abstract ဆန်တယ်။ တကယ့်လက်တွေ့မှာ ဘယ်အခါ တော်လှန်ရေး ဖြစ်မလဲ ဆိုတဲ့ မေးခွန်းက concrete question ဖြစ်ပါတယ်။ သမိုင်းကို ကြည့်လိုက်ပါ။ အရင်းရှင် စနစ် အကျပ်အတည်း ဆိုက်နေချိန် ထဖြစ်တဲ့ တော်လှန်ရေးတွေလဲ ရှိတယ်၊ (ဥပမာ၊ လတ်တလော ဖြစ်ပွားနေတဲ့ ဥရောပ တလွှားက တော်လှန်ရေးတွေဟာ အရင်းရှင် စနစ် အကျပ်အတည်းကနေ ပေါက်ဖွားလာတာပဲ)၊ ဒါပေမဲ့ ပြင်သစ် မေ ၆၈ အထွေထွေ သပိတ်ကြီးလို အရင်းရှင် စနစ် upswing ကာလမှာ ဖြစ်သွားတဲ့ တော်လှန်အုံကြွမှုတွေလဲ သမိုင်းမှာ မနည်းမနော ရှိပါတယ်။
ဒါ့ကြောင့် အကျပ်အတည်း ဆိုက်ရင် တော်လှန်ရေး ဖြစ်မှာလား၊ စီးပွားရေး ဆူဖြိုးနေရင် တော်လှန်ရေး ဖြစ်မှာလား ဆိုတဲ့ မေးခွန်းက abstract ဆန်ပါတယ်။ စီးပွားရေး အကျပ်အတည်း ဆိုက်တိုင်း တော်လှန်ရေး မဖြစ်သလို စီးပွားရေး ဖွံ့ဖြိုးတိုင်းလဲ တော်လှန်ရေး မဖြစ်ပါဘူး။ ရှေ့ကာလမှာ လူတန်းစား တိုက်ပွဲ အခြေအနေ ဘယ်လို ရှိသလဲ၊ အရင်းရှင်စနစ် အခြေအနေ ဘယ်လို ရှိသလဲ၊ လူတန်းစား အင်အား အချိုးအစား ဘယ်လို ရှိသလဲ၊ အစရှိတဲ့ concrete historical factor တွေအပေါ် အများကြီး မူတည်နေတယ်။
ဒီသဘောကို လီနင်၊ ထရော့စကီးတို့က ရုရှား တော်လှန်ရေး သမိုင်းကို နမူနာပေးပြီး ရှင်းပြလေ့ရှိတယ်။ ၁၉၀၅ ရုရှား တော်လှန်ရေးက စီးပွားရေး၊ စစ်ရေး အကျပ်အတည်းဆိုက်လို့ ဖြစ်ခဲ့တာ။ ဒါပေမဲ့ ၁၉၀၅ တော်လှန်ရေးက အောင်ပွဲမရခဲ့ဘူး၊ အရေးနိမ့်သွားခဲ့တယ်။ ၁၉၀၆-၀၇ မှာ တော်လှန်ရေးရဲ့ နောက်ဆုံးလက်ကျန် မီးတောက်တွေ ထတောက်ခဲ့သေးတယ်။
ဒီနောက် ၁၉၀၇ ဆောင်းဦးမှာ Wall Street’s Black Friday က အစပြုလိုက်တဲ့ ကမ္ဘာ့ အရင်းရှင်စနစ် စီးပွားပျက်ကပ်ဆိုက်ပါတယ်။ ၁၉၀၇၊ ၁၉၀၈၊ ၁၉၀၉ ရုရှားမှာ အဲဒီ အကျပ်အတည်းဒဏ် အလူးအလဲခံခဲ့ရတယ်။ ဒါဆို လူထု မကျေနပ်ချက်တွေ ပိုပြင်းထန်သွားပြီး အုံကြွမှုကြီး ဖြစ်သွားရောလား။ မဖြစ်ခဲ့ပါဘူး။ လူတန်းစား တိုက်ပွဲ ဒီရေ အနိမ့်ဆုံး ရောက်သွားတယ်။ မဖြစ်ရတဲ့ အကြောင်းက အလုပ်သမားထုဟာ တော်လှန်ရေး တိုက်ပွဲထဲ အကြီးအကျယ် အထိနာထားတယ်၊ ဒီအခြေအနေမှာ စီးပွားပျက်ကပ် ထပ်ဆိုက်တော့ အင်အား ပိုဆုတ်ယုတ်တာပဲ ဖြစ်ခဲ့တယ်။
ဒီလိုနဲ့ ၁၉၁၀ လောက်ရောက်တော့ industrial revival ပြန်ဖြစ်လာတယ်။ တစတစ အလုပ်သမား သပိတ်တွေ ပေါက်ဖွားလာပြီး လေဘာ လှုပ်ရှားမှု အင်အား ပြန်ကောင်းလာတယ်။ လူတန်းစား တိုက်ပွဲ ဒီရေလဲ အတက်ဘက် ပြန်ရောက်လာတယ်။ လူတန်းစား တိုက်ပွဲ ဒီရေက ၁၉၁၂-၁၃ အထိ အတော် အားကောင်းနေပြီ။ ဒီနောက် မကြာခင် ၁၉၁၄ မှာ ပထမ ကမ္ဘာစစ်ကြီး ဖြစ်တော့ အဲဒီ ဒီရေလှိုင်းလဲ ဖြတ်တောက်ခံလိုက်ရတယ်။ နောက် ၃-၄နှစ်အကြာ နောက်တချီ အကျပ်အတည်း ကာလရောက်မှ ရုရှား တော်လှန်ရေး ပေါက်ကွဲထွက်လာခဲ့တယ်။
၁၉၀၅ အကျပ်အတည်းဆိုက်တုန်းက တော်လှန်ရေး ဖြစ်ခဲ့ပြီး ၁၉၀၇ အကျပ်အတည်းကျ ဘာ့ကြောင့် တော်လှန်ရေး မဖြစ်ခဲ့တာလဲ။ ၁၉၀၅ မတိုင်ခင်က ရုရှား အလုပ်သမား လူတန်းစားဟာ fresh ဖြစ်နေတယ်၊ တော်လှန်ရေး စွမ်းအင်တွေ အပြည့် ရှိနေတယ်။ ၁၉၀၅ မှာ အဲဒီ စွမ်းအင်တွေကို အကြီးအကျယ် ထုတ်သုံးလိုက်ရပြီ။ ဒါပေမဲ့ ၁၉၀၅ တော်လှန်ရေးမှာ သူတို့ ရက်ရက်စက်စက် နှိမ်နင်းခံရတယ်၊ အရေးနိမ့်ထားတယ်။ အဲဒီ အခြေအနေမှာ စီးပွားရေး ပျက်ကပ်ဆိုက်ခြင်းက အလုပ်သမား လူတန်းစားရဲ့ တိုက်ပွဲဝင်စွမ်းရည်ကို ကျဆင်းစေတယ်။ ဒါ့ကြောင့် industrial revival ပြန်ဖြစ်လာတဲ့ ၁၉၁၀ လောက် ရောက်မှ အလုပ်သမား လူတန်းစားက တကျော့ပြန် ရုန်းထနိုင်ခြင်း ဖြစ်တယ်။
ဒါ့ကြောင့် အကျပ်အတည်းဆိုက်မှ လူထု မကျေနပ်ချက်တွေ ပေါက်ကွဲလာမယ်၊ စီးပွားရေး နာလန်ထူလာရင် လူတွေက တော်လှန်ဖို့ ဘယ်စိတ်ကူးတော့မလဲ ဆိုတဲ့ အယူအဆက မှားတယ်။
ဒါပေမဲ့ ဒီနေရာမှာ industrial/economic revival ဆိုတာကို ဒုတိယ ကမ္ဘာစစ်အလွန် အရင်းရှင် စနစ် upswing ကာလ အခြေအနေမျိုး သွားမမြင်ဖို့ အရေးကြီးတယ်။ အဲဒီလို upswing က အရင်းရှင် စနစ် သမိုင်းမှာ ခြွင်းချက် ကာလ ဖြစ်ပါတယ်။ ဒီကနေ့ အကျပ်အတည်း ပြင်းထန်နေတဲ့ အရင်းရှင် စနစ်က အဲသလို upswing ပြန်ရောက်ဖို့ အသာထား၊ ၂၀၀၈ ပျက်ကပ် နောက်ပိုင်း တခါမှ full recovery မရသေးဘူး၊ anaemic recovery လောက်ပဲ ရခဲ့တယ်။ ဒါပေမဲ့ ၂၀၀၈ နဲ့ ၂၀၂၆ ကြား အလုပ်သမားထု အုံကြွမှုတွေ ဘယ့်လောက်တောင် မြင်တွေ့ခဲ့ရပြီလဲ။
အရင်းရှင်စနစ်က living organism နဲ့ တူတယ်။ သက်ရှိ လူတယောက်ဟာ အသက်ရှင်နေသရွေ့ အသက်ရှူနေမှာပဲ။ အဲလိုပဲ အရင်းရှင်စနစ်လဲ အပြီးတိုင် ဖြိုချမခံရသရွေ့ အကျပ်အတည်းဆိုက်လိုက်၊ ပြန်ပြီး ဦးမော့လာလိုက်၊ ပြန်ပြီး အကျပ်ဆိုက်သွားလိုက်ဆိုတဲ့ cycle ရှိနေမှာပဲ။ ဒါပေမဲ့ လူငယ်၊ လူကြီး၊ သေအံ့ဆဲဆဲ လူနာ၊ သူတို့အားလုံး အသက်ရှူနေကြတာပဲ။ အသက်ထွက်သွားမှသာ အသက်ရှူရပ်ကြတယ်။ ဒါပေမဲ့ သူတို့ သုံးဦး အသက်ရှူပုံ အသက်ရှူနှုန်း မတူဘူး။ အဲသလိုပဲ အရင်းရှင် စနစ် ရှိနေသရွေ့ crisis တလှည့်၊ boom တလှည့် ဖြစ်ပေါ်နေမှာပဲ။ ဒါပေမဲ့ အဲဒီ crisis နဲ့ boom တွေရဲ့ လက္ခဏာကို ကြည့်ပြီး အရင်းရှင်စနစ်က အတက်ဘက်သွားနေသလား၊ အကျဘက် ဦးတည်နေသလား၊ တန့်နေသလား ဆုံးဖြတ်နိုင်တယ်။
ဗမာပြည်မှာ အရင်းရှင် စနစ် အကျပ်အတည်းက အင်မတန် သိပ်သည်း ပြင်းထန်ပါတယ်။ စစ်အစိုးရက ဒီအကျပ်အတည်းကို ကျော်လွှားနိုင်စွမ်း မရှိဘူး၊ စီးပွားပျက်ကပ်ကို ပိုပြင်းထန်အောင်ပဲ လုပ်နေတယ်။ ဒီအကြောင်းကို အထက်မှာ ဆွေးနွေးခဲ့ပြီးပြီ။ ဒါဆို ဗမာပြည်မှာ အရင်းရှင် စနစ် crisis က အဆုံးမရှိတော့ဘူး၊ crisis က ပိုဆိုးပြီးရင်း ဆိုးသွားမယ်လို့ ယူဆရမှာလား။ အဲသလို ယူဆရင် မှားပါတယ်။ အရင်းရှင် စနစ်ရဲ့ crisis-boom oscillations က ဗမာပြည်ကျမှ တဖြောင့်တည်း တလမ်းသွား ဖြစ်သွားတော့မလို စိတ်ကူးယဉ်ရာ ရောက်ပါတယ်။
ဒါ့ကြောင့် ဗမာပြည်မှာ အကျပ်အတည်း သိပ်သည်းပြင်းထန်နေရာက economic revival (temporary boom) ပြန်ဖြစ်လာရင် အလုပ်သမား လူတန်းစားရဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေ တကျော့ပြန် အားကောင်းလာမှာ အသေအချာပဲ။
တကယ်တော့ အလုပ်သမား လူတန်းစားက ၂၀၂၅-၂၆ မှာ စက်ရုံ တရုံပြီးတရုံ သပိတ် တိုက်ပွဲတွေ ဆင်နွှဲခဲ့ကြတယ်။ အလုပ်သမား လူတန်းစားက ၂၀၂၁ မှာ အုံလိုက်ကျင်းလိုက် ထွက်တိုက်ခဲ့ပြီးပြီ။ သူတို့ အရေးနိမ့်ခဲ့တယ်။ အသက်တွေ သွေးတွေ ဘဝတွေ အများကြီး စတေးခဲ့ရတယ်။ အလုပ်သမား လူတန်းစား တည်ဆောက်ထားတဲ့ စည်းရုံးရေး လက်နက်တွေ ဖြိုခွဲခံထားရတယ်။
အလုပ်သမား လူတန်းစားက ဒီအခြေအနေကနေ နာလန်ပြန်ထူနိုင်အောင် အချိန်ယူခဲ့ရတယ်။ အခု တချီ ရုန်းထတဲ့အခါမှာတော့ နိုင်ငံရေး တိုက်ပွဲအသွင်နဲ့ ချက်ချင်း ထွက်ပေါ်မလာသေးဘူး။ industrial front မှာ defensive စီးပွားရေး တိုက်ပွဲပုံစံနဲ့ စတင် ထွက်ပေါ်လာခြင်း ဖြစ်တယ်။
အလုပ်သမား လူတန်းစားရဲ့ အခြေခံ အခွင့်အရေးတွေ၊ အခြေခံ လုပ်ခလစာတွေ၊ ကျပ်ငွေတန်ဖိုး ကျဆင်းမှု ငွေကြေးဖောင်းပွမှုကြောင့် အလုပ်သမားထုရဲ့ လုပ်ခ တန်းဖိုး ကျဆင်းသွားတာတွေကို defend လုပ်နေရတဲ့ စီးပွားရေး သပိတ် တိုက်ပွဲတွေ ဖြစ်ပါတယ်။ ဒါတွေက အင်မတန် အရေးကြီးပါတယ်။ သပိတ် တောင်းဆိုချက်တွေမှာ နိုင်ငံရေး အနှစ်သာရ မပါဘူး၊ ဝမ်းရေး တိုက်ပွဲ အဆင့်ပဲလို့ ခပ်လွယ်လွယ် မမြင်သင့်ဘူး။
အဲသလို အပေါ်ယံလောက်ပဲ မြင်သူတွေဟာ ၂၀၂၁ တော်လှန်ရေးမှာ ရှေ့တန်းက ထွက်လာတဲ့ အလုပ်သမား လူတန်းစားကိုလဲ နားလည်မှာ မဟုတ်ဘူး။
defensive စီးပွားရေး တိုက်ပွဲတွေရဲ့ အနှစ်သာရက သပိတ် တောင်းဆိုချက်တွေ မဟုတ်ဘူး။ အလုပ်သမား လူတန်းစားရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ခြင်း၊ မိမိလူတန်းစားရဲ့ စုပေါင်း စွမ်းအားကို ယုံကြည်မှု ရှိလာခြင်း၊ ဥပဒေ၊ တရားရုံး၊ စစ်တပ်၊ ပုလိပ်တပ်နဲ့ ဗျူရိုကရေစီ အစရှိတဲ့ နိုင်ငံတော်နဲ့ အရင်းရှင် လူတန်းစားကြား ဆက်နွှယ်မှုကို နားလည်လာခြင်း၊ စည်းရုံးရေး စွမ်းရည်နဲ့ တိုက်ပွဲ အတွေ့အကြုံ ရရှိသွားခြင်း၊ ဒီကနေ လူတန်းစား အသိစိတ် စူးရှထက်မြက်လာခြင်း၊ ဒါတွေက စီးပွားရေး သပိတ်တိုက်ပွဲတွေရဲ့ အနှစ်သာရပဲ။
တော်လှန်ရေး ပါတီရဲ့ အခန်းကဏ္ဍက အဲဒီ defensive စီးပွားရေး တိုက်ပွဲတွေမှာ အလုပ်သမားထုနဲ့အတူ ရင်ဘောင်တန်း ပါဝင်ရင်း generalize လုပ်ပေးဖို့၊ ပိုကျယ်ပြန့်တဲ့ နိုင်ငံရေး တိုက်ပွဲနဲ့ ချိတ်ဆက်ပေးနိုင်ဖို့ ဖြစ်တယ်။ ဒီကနေ အရင်းရှင် စနစ်ကို ဖြိုချရေး၊ နိုင်ငံရေး အာဏာ သိမ်းယူရေး တိုက်ပွဲအဖြစ် ကူးပြောင်းသွားအောင် ပေါင်းကူးတံတား transitional demand တွေ ဖော်ထုတ်ပေးနိုင်ရမယ်။
တတိယ အင်တာနေရှင်နယ်ရဲ့ တတိယအကြိမ် ကမ္ဘာ့ ကွန်ဂရက် (၁၉၂၁) မှာ ထရော့စကီးက Report on the World Economic Crisis and the New Tasks of the Communist International ဆိုတဲ့ အစီရင်ခံစာ တင်သွင်းခဲ့တယ်။ ဒီနောက် ကွန်ဂရက် ကိုယ်စားလှယ်တွေ ဆွေးနွေးချက်အပြီး ထရော့စကီး ပြောခဲ့တဲ့ summary speech မှာ ကျနော်တို့ရဲ့ ဦးစားပေးအလုပ်ကို အခုလို အနှစ်ချုပ်ပေးထားတယ် –
The proletariat is nowadays everywhere on the defensive. Our task is to extend this defensive struggle of the proletariat on the economic plane, to deepen it, to enlighten the consciousness of the embattled proletariat by clearly and precisely formulating the conditions of struggle, to invest it with political forms and to transform it into the struggle for political power. This is our task, and it is self-understandable. (Trotsky, Summary speech at the third world congress of the third CI)
ဒီကနေ့ ဗမာပြည်မှာ အဲဒီလို ဦးဆောင် တိုက်ပွဲဝင်နိုင်တဲ့ အလုပ်သမား လူတန်းစား တော်လှန်ရေး ပါတီတရပ် ကင်းမဲ့နေတယ်။ အလုပ်သမား လူတန်းစားက independent political action လုပ်နိုင်စွမ်း ကင်းမဲ့နေတာ မဟုတ်ဘူး။ ဒီအချက်ကို ရှင်းရှင်းလင်းလင်း နားလည်ထားရင် ကျနော်တို့ ဦးစားပေး လုပ်ရမဲ့ အလုပ်ကိုလဲ ပြတ်ပြတ်ထင်ထင် မြင်လာလိမ့်မယ်။
ရေးသူ – သူရိန်မွန်




