[အောက်တိုဘာ တော်လှန်ရေး ၁၀၉ နှစ်ပြည့် အထိမ်းအမှတ် ထုတ်ဝေသည့် ‘The Struggle’ print edition ကိုလည်း မကြာမီ ဖြန့်ချိတော့မည်။]
အယ်ဒီတာ့ အာဘော်
ရုပ်ဝါဒ သမိုင်းရေး အမြင်
၁၈၉၀ ခုနှစ်များက ရုရှားပြည်မှာ လစ်ဘရယ် နရော့နစ်(ခ်)တွေ ရှိခဲ့တယ်။ Mikhailovsky ဆိုတဲ့ လစ်ဘရယ် နရော့နစ်(ခ်)က အခုလို မေးခွန်းထုတ်ခဲ့ဖူးတယ် – “မာ့(က်စ်)က ရုပ်ဝါဒ သမိုင်းရေး အမြင်ကို ဘယ်ကျမ်းထဲမှာများ ဖွင့်ဆို ရေးသားခဲ့ဖူးလဲ”။ ၂၁ ရာစု ရောက်တဲ့အထိ ဒီမေးခွန်းမျိုး ကြားနေရဆဲ ဖြစ်ပါတယ်။
လီနင်က what the “friends of the people” are and how they fight the social-democrats စာအုပ်မှာ မစ္စတာ မစ်ခေးလော့(ဗ်)စကီးကို ဝေဖန်ရင်း သမိုင်းဆိုင်ရာ ရုပ်ဝါဒကို ရှင်းရှင်းလင်းလင်း ဖွင့်ဆိုပြခဲ့တယ်။
လူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးတက်မှုက သဘာဝ သမိုင်း ဖြစ်စဉ်တခုပဲ
၁၈၆၇ ခုနှစ်က ဂျာမန်ဘာသာနဲ့ ပထမအကြိမ် ထုတ်ဝေတဲ့ အရင်းကျမ်း အတွဲ (၁) အမှာစာမှာ မာ့(က်စ်)က အခုလို ရေးခဲ့တယ် –
“… it is the ultimate aim of this work, to lay bare the law of development (the economic law of motion) of modern society”
အရင်းကျမ်းရဲ့ အဓိက ရည်မှန်းချက်က မော်ဒန် လူ့အဖွဲ့အစည်းရဲ့ ဖြစ်ပေါ်တိုးတက်မှု နိယာမ (စီးပွားရေးဆိုင်ရာ လှုပ်ရှားပြောင်းလဲခြင်း နိယာမ) ကို ရှင်းလင်း ဖော်ပြဖို့ ဖြစ်တယ်။ ဒီနေရာမှာ မာ့(က်စ်)ရဲ့ ဆိုလိုရင်းကို နားလည်အောင် အားထုတ်ကြည့်ဖို့ လိုအပ်လာတယ်။ မာ့(က်စ်) မတိုင်ခင် ဘောဂဗေဒပညာရှင်တွေက လူ့အဖွဲ့အစည်း အားလုံးကို ခြုံပြီး ယေဘုယျသဘောပဲ ပြောခဲ့တယ်။ ဒါပေမဲ့ မာ့(က်စ်)ကတော့ အဲသလို မပြောဘူး။ “မော်ဒန်” လူ့အဖွဲ့အစည်းကိုပဲ ပြောတယ်။
မော်ဒန် ဆိုတဲ့ စကားလုံးကို ဘယ်အနက်နဲ့ သူပြောခဲ့တာလဲ။ ဒီမော်ဒန် လူ့အဖွဲ့အစည်းကို ဘယ်ဝိသေသတွေနဲ့ ပိုင်းခြားထားတာလဲ။ ဒါ့အပြင် (the economic law of motion) ဆိုတာ ဘာကို ပြောတာလဲ။ ဒီနိယာမကို as a law of nature (သဘာဝ နိယာမ) သဖွယ် မာ့(က်စ်)က ပြောထားတယ်။ ဒါကို ဘယ်လို နားလည်ကြမလဲ။ လူ့အဖွဲ့အစည်းဆိုင်ရာ ဖြစ်စဉ်တွေက သဘာဝ သမိုင်း ဖြစ်စဉ်တွေနဲ့ မတူဘူး၊ တမူ ထူးခြားတယ်၊ ဒါ့ကြောင့် လူမှု ဖြစ်စဉ်တွေကို လေ့လာဖို့ လုံးဝ ကွဲပြားခြားနားတဲ့ လူမှုဗေဒမှာ “subjective method” လိုအပ်ကြောင်း စာရွက်တွေ တပုံတခေါင်းကြီး ကုန်အောင် လူမှုဗေဒ ပညာရှင်တွေ ရေးခဲ့ကြပြီးပြီ။
အရင်းကျမ်း အကြောင်း ပြောရင် ဒီမေးခွန်းတွေ ပေါ်လာစမြဲ။ ဒီပြဿနာတွေ ရှင်းလင်းသွားအောင် အဲဒီ အမှာစာထဲက နောက်တပိုဒ်ကို ထုတ်နှုတ် ကိုးကားကြည့်ရမယ် –
“… My standpoint, from which the evolution of the economic formation of society is viewed as a process of natural history, …”
“လူ့အဖွဲ့အစည်းရဲ့ စီးပွားရေး အဆောက်အအုံ ဖြစ်ပေါ်တိုးတက်မှုကို သဘာဝ သမိုင်း ဖြစ်စဉ်တခုလို့ ရှုမြင်တယ်”

အခု ကောက်နှုတ် ကိုးကားခဲ့တဲ့ စာနှစ်ကြောင်းကို ချိတ်ဆက်ကြည့်လိုက်ရင် အရင်းကျမ်းရဲ့ အခြေခံ သဘောတရားကို မြင်ရပြီ။ ဒါနဲ့ ပတ်သက်လို့ သတိထားစရာ နှစ်ချက် ရှိတယ်။ မာ့(က်စ်) ပြောတဲ့ economic formation of society ဆိုတာ အရင်းရှင် စနစ်ကိုပဲ ဆိုလိုတယ်။ ဒီစနစ်ရဲ့ ဘောဂဗေဒဆိုင်ရာ law of motion ကိုပဲ မာ့(က်စ်) လေ့လာ ဆန်းစစ်ခဲ့တယ်။ တခြား စီးပွားရေး စနစ်တွေအကြောင်း မာ့(က်စ်) မပြောဘူး။ ဒုတိယ အချက်က ဒီနိယာမတွေကို ဖော်ထုတ်ရာမှာ မာ့(က်စ်) အသုံးပြုခဲ့တဲ့ နည်းလမ်း။
အရင်းကျမ်းရဲ့ အခြေခံ အတွေးအခေါ်ကို ဆန်းစစ်ကြည့်ရအောင်။ the economic formation of society ဆိုတဲ့ လူ့အဖွဲ့အစည်းရဲ့ စီးပွားရေး အ
ဆောက်အအုံ အယူအဆမှာ ဘာတွေ ပါသလဲ။ သူ့ ဖွံ့ဖြိုးမှု ဖြစ်စဉ်ကို “a process of natural history” (သဘာဝ သမိုင်းဖြစ်စဉ်) လို့ ဘယ်အဓိပ္ပါယ်နဲ့ သတ်မှတ်နိုင်သလဲ။
ခေတ်ဟောင်း ဘောဂဗေဒ ပညာရှင်၊ လူမှုဗေဒ ပညာရှင်တွေရဲ့ ရှုထောင့်ကကြည့်ရင် လူ့အဖွဲ့အစည်းရဲ့ စီးပွားရေး အဆောက်အအုံ ဆိုတဲ့ အယူအဆဆိုတာ မလိုအပ်ဘူး၊ အပို ဖြစ်နေတယ်။ သူတို့က လူ့အဖွဲ့အစည်း အားလုံးကို ခြုံပြီး ယေဘုယျတွေပဲ ပြောလေ့ရှိတယ်၊ လူ့အဖွဲ့အစည်းရဲ့ သဘောသဘာဝ၊ ရည်မှန်းချက်နဲ့ အနှစ်သာရ ဆိုတာတွေကို ယေဘုယျသဘော ငြင်းခုန်လေ့ရှိတယ်။ အဲဒီ ခေတ်ဟောင်း လူမှုဗေဒ ပညာရှင်တွေက သူတို့ရဲ့ တွေးခေါ်မြော်မြင်မှုကို အောက်ပါ argument တွေအပေါ် အခြေတည်ထားလေ့ရှိတယ် –
“လူ့အဖွဲ့အစည်းရဲ့ ရည်မှန်းချက်က လူ့သမဂ္ဂဝင် အားလုံး သာတူညီမျှ ကောင်းစားရေး ဖြစ်တယ်၊ ဒါ့ကြောင့် တရားမျှတမှု ရှိဖို့ ယင်းကဲ့သို့ လူ့အဖွဲ့အစည်းမျိုး လိုအပ်တယ်၊ အဲဒီလို ပုံဖော်ထားတဲ့ စံ လူ့အဖွဲ့အစည်းနဲ့ စရွေးမကိုက်တဲ့ လူ့အဖွဲ့အစည်းက abnormal လူ့အဖွဲ့အစည်း ဖြစ်တယ်၊ ဒါ့ကြောင့် ဖယ်ရှားပစ်ရမယ်”။
“လူမှုဗေဒရဲ့ အခြေခံအကျဆုံး တာဝန်က လူ့သဘာဝရဲ့ လိုအပ်ချက်တွေကို ဘယ်လို လူမှု အခြေအနေတွေက ဖြည့်ဆည်းပေးနိုင်သလဲ ဆိုတာ စူးစမ်းရှာဖွေရေး ဖြစ်တယ်” လို့ မစ်ခေးလော့(ဗ်)စကီးက ဆိုခဲ့တယ်။ တကယ်တော့ ဒီအယူအဆက မစ်ခေးလော့(ဗ်)စကီးရဲ့ ကိုယ်ပိုင်အမြင်တော့ မဟုတ်ဘူး။ ၁၈ ရာစု ပြင်သစ် ရုပ်ဝါဒီတွေ၊ ၁၉ ရာစု အစောပိုင်းမှာ ပေါ်ထွန်းခဲ့တဲ့ ယူတိုးပီးယန်း ဆိုရှယ်လစ်ကြီးတွေနဲ့ အန်နားခစ်(စ်)တွေရဲ့ လူမှုဗေဒ အမြင်ကို မစ်ခေးလော့(ဗ်)စကီးက သံယောင်လိုက် ပြောနေခြင်းသာ ဖြစ်တယ်။ သူတို့က လူ့အဖွဲ့အစည်းနဲ့ သမိုင်းကို ‘လူ့ သဘာဝ’ ဆိုတဲ့ ရှုထောင့်ကနေ ကြည့်လေ့ရှိတယ်။
ဒါ့ကြောင့် သူတို့အားလုံးရဲ့ လူမှုဗေဒ အမြင်ကို ‘utopian point of view’ လို့ ခေါ်ပါတယ်။ ဒီနေရာမှာ ယူတိုးပီးယန်းဆန်တဲ့ ရှုထောင့်အမြင် ဆိုတဲ့ စကားရပ်ကို ရှင်းဖို့ လိုအပ်လာတယ်။ မဖြစ်နိုင်တဲ့ အနာဂတ်ကို စိတ်ကူးယဉ်နေမှ ယူတိုးပီးယန်းဆန်တယ်လို့ လူတော်တော်များများက ထင်နေကြတယ်။ တကယ်တော့ အဲသလို မဟုတ်ဘူး။ မိတ်ဆွေက ဘယ်လို အနာဂတ်မျိုးကိုမှ စိတ်ကူးမယဉ်ဘူး၊ လက်ရှိ ပစ္စုပ္ပန်သည်သာ အကောင်းဆုံး၊ လက်ရှိ အရင်းရှင် လူ့အဖွဲ့အစည်းကြီးသည်သာ အကောင်းဆုံးလို့ လက်ခံထားရင်လဲ ယူတိုးပီးယန်းဆန်ပါတယ်။
နည်းနည်း စကားတတ်သူဆိုရင် တမျိုး ပြောင်းပြောလိမ့်မယ်၊ အရင်းရှင် လူ့အဖွဲ့အစည်းကို အကောင်းဆုံးလို့ ငါတို့လဲ လက်မခံပါဘူး၊ ဒါပေမဲ့ တခြား လူမှုစနစ်တွေနဲ့ နှိုင်းယှဉ်ရင်တော့ သူက လူ့သဘာဝနဲ့ အကိုက်ဆုံး ဖြစ်နေတယ်၊ ဒါ့ကြောင့် အရင်းရှင် စနစ်ကို မကြိုက်လဲ ဒါကိုပဲ လက်ခံထားရမှာပဲ။ ဒါသည်ပင် လက်တွေ့ဆန်တဲ့ လောကအမြင်ပဲလို့ ပြောလိမ့်မယ်။ တကယ်တော့ ‘လက်တွေ့ကျပါတယ်’ ဆိုတဲ့ အဲဒီ လောကအမြင်ကိုယ်တိုင်က ယူတိုးပီးယန်းဆန်နေတာပဲ။ ဘာ့ကြောင့်လဲ။ ရှင်းပါမယ်။
လက်ရှိ ပစ္စုပ္ပန် (အရင်းရှင် လူ့အဖွဲ့အစည်း) က အကောင်းဆုံး အခြေအနေပဲ၊ ဒါမှမဟုတ် လူသားတွေရဲ့ သဘောသဘာဝနဲ့ အနီးစပ်ဆုံးပဲလို့ အကဲဖြတ်တဲ့ နေရာမှာ ဘာနဲ့ တိုင်းတာသလဲ၊ ဘယ်ရှုထောင့်က ကြည့်ပြီး ဆုံးဖြတ်ထားသလဲ ဆိုတဲ့ မေးခွန်းပေါ်လာတယ်။ တကယ်တော့ သူတို့ ပြောတဲ့ စကားမှာတင် အဖြေက ပါနေပြီးသား ဖြစ်ပါတယ်။ လူ့သဘာဝ ဆိုတဲ့ မှတ်ကျောက်နဲ့ တိုင်းတယ်၊ လူ့သဘာဝ ဆိုတဲ့ ရှုထောင့် အမြင်ကနေ အကဲဖြတ်တယ်။
ပြဿနာက လူ့သဘာဝ ဆိုတာ ထာဝရ တည်မြဲနေတဲ့ အရာ မဟုတ်ဘူး။ လူ့သမိုင်းတလျှောက် အမြဲ ပြောင်းလဲ ဖြစ်ပေါ်တဲ့ အရာ ဖြစ်တယ်။ သမိုင်းခေတ် တခေတ်အတွင်း၊ လူ့အဖွဲ့အစည်း တခုအတွင်းမှာတောင် မတူညီတဲ့ လူတန်းစားတွေကြား ‘လူ့သဘာဝ’ ဆိုတဲ့ အရာက အမျိုးမျိုး ကွဲပြားနေတယ်။ လူ့သဘာဝ ဆိုတဲ့ ရှုထောင့် အမြင်ကို ကိုင်စွဲသူတွေကြားမှာတောင် လူ့သဘာဝနဲ့ ပတ်သက်တဲ့ conception က အမျိုးမျိုးကွဲနေသေးတယ်။
ဒါပေမဲ့ သူတို့ကြားမှာ ဘုံတူညီတဲ့ အရာတခုတော့ ရှိတယ်။ အဲဒါကတော့ လူ့သဘာဝ ဆိုတဲ့ abstract principle တခုခုအပေါ် အခြေခံပြီး လူ့အဖွဲ့အစည်းနဲ့ သမိုင်းကို ကြည့်မြင်တာပဲ။ အဲဒီလို abstract principle တခုခုကို စမှတ်အဖြစ် ယူပြီး ကြည့်တဲ့ ရှုထောင့်ကို ‘utopian point of view’ လို့ ခေါ်ခြင်းဖြစ်တယ်။ ဘယ်အနာဂတ်ကိုမှ မယုံဘူး ဆိုတဲ့ သူရဲ့ ရှုထောင့်ကလဲ လူ့သဘာဝ ဆိုတဲ့ abstract principle အပေါ် အခြေခံထားတာ ဖြစ်နေလို့ ယူတိုးပီးယန်းဆန်ပါတယ်။ သူက ပိုပြီး လက်တွေ့ကျတယ် ဆိုတာ မဟုတ်ပါဘူး။
အဲဒီလို ကြည့်မြင်တဲ့ လူမှုဗေဒ ပညာရှင်တွေက လူ့ သဘာဝကို ဖြည့်ဆည်းပေးနိုင်တဲ့ လူ့အဖွဲ့အစည်းကိုပဲ စိတ်ဝင်စားတယ်။ လုပ်အား စိုက်ထုတ်နေရတဲ့ လူအများစုကြီးကို လုပ်အား စိုက်ထုတ်ခြင်း မရှိတဲ့ လက်တဆုပ်စာက ကျွန်ပြုထားတဲ့ လူမှု ဖြစ်စဉ်ဟာ လူ့ သဘာဝနဲ့ ဘယ့်လောက်တောင် အံချော်နေလိုက်သလဲ။ အဲသလို လူ့အဖွဲ့အစည်းဆိုင်ရာ အဆောက်အအုံမျိုးဆို သူတို့ ဘယ်စိတ်ဝင်စားမလဲ။ ဒါ့ကြောင့် subjective standpoint ကနေ ရှုမြင်လေ့ရှိတဲ့ လူမှုဗေဒ ပညာရှင်တွေရဲ့ အမြင်မှာ လူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးတက်မှုကို သဘာဝ သမိုင်း ဖြစ်စဉ်တခု a process of natural history လို့ သတ်မှတ်စရာ မလိုတော့ဘူး။
သူတို့ရှုထောင့်က ကြည့်ရင် ဖြစ်ပေါ်တိုးတက်မှု (Development) ဆိုတာတောင် ပြောဖို့ မလိုတော့ဘူး။ လူ့သဘာဝအရ လိုလားဖွယ်ဖြစ်တဲ့အရာ “desirable” ကနေ သွေဖည်သွားခြင်း အမျိုးမျိုးသာ ရှိတော့တယ်။ ဘာ့ကြောင့် သွေဖည်သွားသလဲ။ လူ့သဘာဝက တောင်းဆိုတာကို လူတွေက ကောင်းကောင်း နားမလည်နိုင်ခဲ့လို့၊ လူ့သဘာဝနဲ့ ကိုက်ညီသော ယထာဘူတကျတဲ့ စနစ်တခုကို လက်တွေ့ မတည်ဆောက်နိုင်သေးလို့ ဖြစ်တယ်၊ စသဖြင့်။
လူ့အဖွဲ့အစည်းဆိုင်ရာ စီးပွားရေး အဆောက်အအုံတွေရဲ့ ဖြစ်ပေါ်တိုးတက်မှုဟာ သဘာဝ သမိုင်း ဖြစ်စဉ် တခု (a process of natural history) ပဲလို့ ဆိုလိုက်တဲ့ မာ့(က်စ်)ရဲ့ အခြေခံ အတွေးအခေါ်က လူမှုဗေဒ သရဖူဆောင်းထားတဲ့ ‘childish morality’ ကို အမြစ်ကနေ ဖြတ်ပစ်လိုက်တယ်။
တခုတည်းသော သိပ္ပံနည်းကျ သမိုင်းရေး အမြင်
မာ့(က်စ်)က ဒီအခြေခံ အတွေးအခေါ်ကို ဘယ်လို ရောက်ရှိခဲ့သလဲ။ မာ့(က်စ်)က များပြားလှတဲ့ လူမှုဘဝ နယ်ပယ်တွေထဲကနေ ကုန်ထုတ်လုပ်ရေး နယ်ပယ်ကို သီးခြား ခွဲထုတ်ပစ်လိုက်တယ်၊ လူ့အဖွဲ့အစည်းဆိုင်ရာ ဆက်ဆံရေး အားလုံးထဲကနေ ကုန်ထုတ် ဆက်ဆံရေးကို သီးခြား ခွဲထုတ်လိုက်တယ်။ ကုန်ထုတ် ဆက်ဆံရေးက အခြားသော ဆက်ဆံရေး အားလုံးရဲ့ အခြေခံ ဖြစ်တယ်၊ အဲဒီ ဆက်ဆံရေးတွေကို အဓိက ပြဋ္ဌာန်းပေးနေတဲ့ ဆက်ဆံရေး ဖြစ်တယ်လို့ မာ့(က်စ်)က ဆွဲထုတ်ပြလိုက်တယ်။ ဒီနည်းနဲ့ အရင်းကျမ်းရဲ့ အခြေခံ အတွေးအခေါ်ဆီ မာ့(က်စ်) ရောက်လာခြင်း ဖြစ်တယ်။
မာ့(က်စ်)က ဒီကိစ္စနဲ့ ပတ်သက်လို့ သူ့ရဲ့ တွေးခေါ်မြော်မြင်မှု လမ်းကြောင်းကို အခုလို ဖော်ပြခဲ့တယ် –
“ငါ့စိတ်ထဲ တနုံ့နုံ့ ဖြစ်နေတဲ့ ဝိဝါဒတွေကို ဖြေရှင်းဖို့ ပထမဆုံး စလုပ်တဲ့ အလုပ်က ဟေဂယ်(လ်) ရေးတဲ့ philosophy of right ကို ဝေဖန်စောကြောကြည့်တာပဲ။ …. ဒီလေ့လာဆန်းစစ်မှုကနေ ရလဒ် ထွက်လာတယ်၊ နိုင်ငံတော် ပုံသဏ္ဌာန်တွေနဲ့ ဥပဒေ ဆက်ဆံရေးတွေကို သူတို့ဘာသာ သီးခြား နားလည်ဖို့ မဖြစ်နိုင်သလို လူ့ စိတ်ဝိဉာဉ်တော်ရဲ့ အထွေထွေ ဖြစ်ပေါ်တိုးတက်မှု ဆိုတဲ့ ရှုထောင့်ကနေလဲ နားမလည်နိုင်ဘူး၊ သူတို့ ဇာစ်မြစ်က ရုပ်ဘဝ အခြေအနေတွေမှာပဲ ရှိတယ်၊ ဟေဂယ်(လ်)က အဲဒီ အခြေအနေ အရပ်ရပ်ကို ပေါင်းရုံးပြီး ၁၈ ရာစု ပြင်သစ်နဲ့ အင်္ဂလန် ရုပ်ဝါဒီတွေရဲ့ အစဉ်အလာအတိုင်း civil society လို့ ကင်ပွန်းတပ်ခဲ့တယ်။ သို့သော် အဲဒီ civil society ရဲ့ ခန္ဓာဗေဒကို နိုင်ငံရေး ဘောဂဗေဒမှာ ရှာရမယ်။ …. ငါရလာတဲ့ ယေဘုယျ ရလဒ်ကို အခုလို အကျဉ်းရုံး ဖော်ပြနိုင်တယ် –
လူတွေဟာ ဘဝရှင်သန်ရေး စုပေါင်း ထုတ်လုပ်ရင်း တိကျခိုင်မာတဲ့ ဆက်ဆံရေးတွေထဲ ဝင်ရောက်သွားကြတယ်၊ အဲဒါ ကုန်ထုတ် ဆက်ဆံရေးပဲ။ အဲဒီ ကုန်ထုတ် ဆက်ဆံရေးတွေဟာ ကုန်ထုတ် စွမ်းအားစုတွေရဲ့ ဖြစ်ပေါ်တိုးတက်မှု အဆင့် အနေအထားနဲ့ အဟပ်ညီညီ ထွက်ပေါ်လာခြင်း ဖြစ်တယ်။ အဲဒီ ကုန်ထုတ် ဆက်ဆံရေးတွေ ပေါင်းရုံးစုစည်းပြီး လူ့အဖွဲ့အစည်းရဲ့ စီးပွားရေး အဆောက်အအုံ ဖြစ်ပေါ်လာခြင်း ဖြစ်တယ်။ အဲဒါကသာ လူ့အဖွဲ့အစည်းရဲ့ တကယ့် အုတ်မြစ် ဖြစ်တယ်။ ဒီအုတ်မြစ်ပေါ်မှာ ဥပဒေရေးရာ၊ နိုင်ငံရေးဆိုင်ရာ အပေါ်ထပ် အဆောက်အအုံကြီး တည်ရှိနေတယ်၊ လူမှု အသိစိတ် ပုံသဏ္ဌာန်တွေက အဲဒီ အခြေခံ အုတ်မြစ်နဲ့ အဟပ်ညီညီ ဖြစ်ပေါ်နေတယ်။ ရုပ်ဘဝ ထုတ်လုပ်ရေး စနစ်က လူမှုရေး၊ နိုင်ငံရေးနဲ့ အသိပညာဆိုင်ရာ ဘဝ ဖြစ်စဉ်ကို ယေဘုယျသဘော ပြုပြင်ဖန်တီးပေးတယ်။
လူ့ အသိစိတ်က ဘဝကို ပြဋ္ဌာန်းခြင်း မဟုတ်၊ လူမှု ဘဝက လူမှု အသိစိတ်ကို ပြဋ္ဌာန်းပေးခြင်း ဖြစ်တယ်။ လူ့အဖွဲ့အစည်းရဲ့ ကုန်ထုတ် စွမ်းအားစုတွေဟာ ဖွံ့ဖြိုးမှု အဆင့်တခု ရောက်လာတဲ့အခါ တည်ဆဲ ကုန်ထုတ် ဆက်ဆံရေးတွေနဲ့ ပဋိပက္ခ ဖြစ်လာမယ်၊ (ဒါမှမဟုတ် ဒီသဘောကိုပဲ ဥပဒေ စကားနဲ့ ပြောရရင်) တည်ဆဲ ပိုင်ဆိုင်မှု ဆက်ဆံရေးတွေနဲ့ ပဋိပက္ခ ဖြစ်လာမယ်။ ဒီဆက်ဆံရေးတွေဟာ ကုန်ထုတ် စွမ်းအားစုတွေကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ပေးခဲ့ရာက ရှေ့ဆက် မဖွံ့ဖြိုးနိုင်အောင် ပိတ်ဆို့ထားတဲ့ အတားအဆီးတွေ ဖြစ်လာတယ်။ အဲဒီ အခြေအနေ ရောက်ရင် လူ့အဖွဲ့အစည်း တော်လှန်ပြောင်းလဲရေး ခေတ်တခု အစပြုတာပဲ။ စီးပွားရေး အုတ်မြစ် ပြောင်းလဲရင် အပေါ်ထပ် အဆောက်အအုံကြီး တခုလုံးလဲ ရှေ့ဆင့်နောက်ဆင့်ဆိုသလို လိုက်ပြောင်းစမြဲ။ အဲဒီ ပြောင်းလဲမှုတွေကို စဉ်းစားတဲ့အခါ သဘာဝ သိပ္ပံနည်းကျ အကဲဖြတ် တိုင်းတာနိုင်တဲ့ ကုန်ထုတ်လုပ်ရေး ရုပ်အခြေအနေ အပြောင်းအလဲနဲ့ ဥပဒေ၊ နိုင်ငံရေး၊ ဘာသာရေး၊ အနုပညာ သို့မဟုတ် ဒဿနိက (အားလုံးကို ခြုံပြီး အတိုချုပ်ပြောရရင် အိုင်ဒီယော်လဂျီ) ပုံသဏ္ဌာန် အပြောင်းအလဲတို့ကြား ဝိသေသပိုင်းခြားထားသင့်တယ်။ လူတွေဟာ ဒီပဋိပက္ခ (ကုန်ထုတ် စွမ်းအားစုနဲ့ ကုန်ထုတ် ဆက်ဆံရေးကြား ပဋိပက္ခ) ကို အိုင်ဒီယော်လဂျီ ပုံသဏ္ဌာန်တွေကတဆင့် သိမြင်လာပြီး တိုက်ပွဲဝင်ကြခြင်း ဖြစ်တယ်။ လူတယောက်ကို သူ့ကိုယ်သူ ဘယ်လို ထင်သလဲ ဆိုတာကြည့်ပြီး အကဲဖြတ်လေ့မရှိဘူး။ အလားတူပဲ၊ ဒီလို ခေတ်ပြောင်း ကာလတခုကိုလဲ လူမှု အသိစိတ်ကို ကြည့်ပြီး အကဲဖြတ်ဖို့ မဖြစ်နိုင်ဘူး၊ အဲဒီခေတ်ရဲ့ လူမှု အသိစိတ်ကို ရုပ်ဘဝရဲ့ ပဋိပက္ခတွေကနေသာ ရှင်းပြရမယ်၊ လူမှု ကုန်ထုတ် စွမ်းအားစုတွေနဲ့ ကုန်ထုတ် ဆက်ဆံရေးတွေကြား တည်ရှိနေသော ပဋိပက္ခကနေသာ ရှင်းပြရမယ်။ အကြမ်းဖျင်း ကောက်ကြောင်း ဆွဲကြည့်ရရင် အာရှတိုင်း ကုန်ထုတ်စနစ်၊ ရှေးခေါမတိုင်း ကုန်ထုတ်စနစ်၊ ပဒေသရာဇ် ကုန်ထုတ်စနစ်နဲ့ ခေတ်သစ် ဘူဇွာ ကုန်ထုတ်စနစ်တို့ကို လူ့အဖွဲ့အစည်း စီးပွားရေး အဆောက်အအုံ ဖြစ်ပေါ်မှု သမိုင်းရဲ့ အစဉ်အဆက် ခေတ်ကြီးတွေလို့ ဆိုနိုင်တယ်။” (from the Preface to A Contribution to the Critique of Political Economy, Karl Marx)
လူမှုဗေဒမှာ ရုပ်ဝါဒ အတွေးအခေါ် ကို အခုလို ဖော်ထုတ်လိုက်တာကိုက genius ဆန်တဲ့ စုတ်ချက်ပဲ။ ဒါပေမဲ့ စစချင်းတော့ ဒီအယူအဆက hypothesis တခုပဲ ဖြစ်နေသေးတယ်၊ ဒါပေမဲ့ သမိုင်းဆိုင်ရာ၊ လူ့အဖွဲ့အစည်းဆိုင်ရာ ပြဿနာတွေကို သိပ္ပံနည်းကျ လေ့လာဖို့ ဖြစ်နိုင်ကြောင်း ပထမဆုံး လမ်းကြောင်းဖော်ပေးနိုင်ပြီ။
မာ့(က်စ်) ဖော်ထုတ်လိုက်တဲ့ hypothesis မပေါ်ခင်အထိ အခြေခံအကျဆုံး relations က ဘာမှန်း မသိခဲ့ကြဘူး။ အဲဒီလို အခြေခံအကျဆုံး ဆက်ဆံရေးတွေကို ဘယ်လို ဖော်ထုတ်ရမှန်း မသိတဲ့အခါ လူမှုဗေဒ ပညာရှင်တွေက နိုင်ငံရေးနဲ့ ဥပဒေရေးရာ ပုံသဏ္ဌာန်တွေကို တိုက်ရိုက် လေ့လာပြီး ကောက်ချက်အမျိုးမျိုး ချခဲ့ကြတယ်။ ဒီပုံသဏ္ဌာန်တွေဟာ သူတို့ လေ့လာနေတဲ့ ခေတ်က လူသားတွေရဲ့ အတွေးအခေါ်ကနေ ထွက်ပေါ်လာတယ် ဆိုတဲ့ အချက်ကို အမှတ်မထင် သွားတွေ့တယ်၊ အဲဒီမှာပဲ သူတို့ ရပ်လိုက်ကြတယ်။
ဒီတော့ လူ့အဖွဲ့အစည်းဆိုင်ရာ ဆက်ဆံရေးတွေကို လူတွေကပဲ သိစိတ်ရှိရှိ ထုဆစ်ထားသလို ဖြစ်နေတယ်။ Contrat social အတွေးအခေါ်မှာ ဒီကောက်ချက်ကို ကွက်ကွက်ကွင်းကွင်း ဖော်ထုတ်ထားတယ်။ ယူတိုးပီးယန်း ဆိုရှယ်လစ်ဝါဒ အားလုံးမှာ ဒီအယူအဆ အကြွင်းအကျန်တွေ အထင်အရှား ရှိနေတယ်။ ဒါပေမဲ့ ဒီကောက်ချက်က သမိုင်းဆိုင်ရာ ဖြစ်ပေါ်မှု အားလုံးနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်။
လူ့သမဂ္ဂဝင်တွေက သူတို့ ပါဝင် ရှင်သန်နေတဲ့ လူမှု ဆက်ဆံရေး အစုအပေါင်းကို အခြေခံ သဘောတရားတခုခု စိမ့်ဝင်ပျံ့နှံ့နေပြီး တသားတည်းဖြစ်နေတဲ့ အခိုင်အမာ အချင်းအရာတခုသဖွယ် မမြင်ကြဘူး၊ ဘယ်တုန်းကမှ အဲသလို မမြင်ခဲ့သလို အခုလဲ မမြင်ပါဘူး။ ဒါနဲ့ ပြောင်းပြန် ဖြစ်ပါတယ်၊ လူထုကြီးက ဒီဆက်ဆံရေးတွေကို unconsciously အလိုက်သင့် တုံ့ပြန်နေကြခြင်း ဖြစ်တယ်၊ ဒီဆက်ဆံရေးတွေကို ထူးခြားတဲ့ သမိုင်းဆိုင်ရာ လူမှု ဆက်ဆံရေးတွေအဖြစ် မမြင်ပါဘူး။ ဥပမာ၊ ကုန်ဖလှယ်တဲ့ ဆက်ဆံရေးတွေအောက် လူတွေ ရှင်သန်လာကြတာ ရာစုနှစ် အတော်ကြာခဲ့ပြီ၊ ဒါပေမဲ့ ဒီဆက်ဆံရေးတွေအကြောင်း ကောင်းကောင်း ရှင်းပြနိုင်တာ ဘာကြာသေးလို့လဲ။
ရုပ်ဝါဒက လူသားတွေရဲ့ လူမှု အတွေးအခေါ် ဖြစ်ပေါ်ရာ မူလအစ ရောက်သည်အထိ လက်ကုန်နှိုက် ခွဲခြမ်းစိတ်ဖြာပြီး ဒီပဋိပက္ခကို ဖယ်ရှားပေးခဲ့တယ်။ ဒီလေ့လာမှုကနေ အတွေးအခေါ်တွေရဲ့ သမိုင်းကြောင်းက ရုပ်ပစ္စည်းတွေရဲ့ သမိုင်းကြောင်းအပေါ် မှီခိုနေတယ် ဆိုတဲ့ ကောက်ချက် ထွက်ပေါ်လာတယ်။ ဒီနိဂုံးချုပ်ချက်သည်သာ သိပ္ပံနည်းကျ စိတ္တဗေဒနဲ့ သဟဇာတ ဖြစ်တဲ့ တခုတည်းသော နိဂုံးချုပ်ချက် ဖြစ်တယ်။
ဒါတင်မကသေး၊ မာ့(က်စ်) ဖော်ထုတ်လိုက်တဲ့ hypothesis က လူမှုဗေဒကို သိပ္ပံပညာအဆင့် ရောက်အောင် ပထမဆုံး မြှင့်တင်ပေးလိုက်တယ်။ ဒီမတိုင်ခင်အထိ လူ့အဖွဲ့အစည်းဆိုင်ရာ ဖြစ်စဉ်တွေရဲ့ ရှုပ်ထွေးလှတဲ့ ကွန်ယက်အတွင်း ဘယ်ဟာက သာမည၊ ဘယ်ဟာက အဓိက ဆိုတာကို လူမှုဗေဒ ပညာရှင်တွေ မခွဲခြားနိုင်ခဲ့ဘူး၊ ဒီလို ပိုင်းခြားပြနိုင်ဖို့ လိုအပ်နေတဲ့ objective criterion တမျိုးမျိုး သူတို့ မဖော်ထုတ်နိုင်ဘူး။
အဲဒီ လိုအပ်နေတဲ့ objective criterion ကို ရုပ်ဝါဒက ထုတ်ပေးနိုင်ခဲ့တယ်။ “ကုန်ထုတ် ဆက်ဆံရေးများ” ကို လူ့အဖွဲ့အစည်းရဲ့ အခြေခံ အဆောက်အအုံအဖြစ် ဆွဲထုတ်ပြခဲ့တယ်၊ သိပ္ပံပညာရပ်တိုင်းလိုလို မှတ်ကျောက်အဖြစ် အသုံးပြုနေတဲ့ recurrence ဆိုတဲ့ စံ ကိုလဲ ဒီဆက်ဆံရေးတွေမှာ ရုပ်ဝါဒက အသုံးချပြခဲ့တယ်။ subjectivist တွေကတော့ (recurrence) လို့ ခေါ်တဲ့ ထပ်ကျော့ဖြစ်ခြင်း မှတ်ကျောက်ကို လူမှုဗေဒမှာ အသုံးချဖို့ အကြိမ်ကြိမ် ငြင်းဆန်ခဲ့တယ်။
လူမှုဗေဒ ပညာရှင်တွေဟာ သူတို့ရဲ့ လေ့လာမှုကို အိုင်ဒီယော်လဂျီ ဆက်ဆံရေးတွေမှာပဲ ဘောင်ခတ်ထားသရွေ့ တိုင်းပြည်အသီးသီးက လူ့အဖွဲ့အစည်းဆိုင်ရာ ဖြစ်စဉ်တွေမှာ ထပ်ကျော့ဖြစ်ခြင်း (recurrence) နဲ့ ပုံမှန်ဖြစ်ပေါ်ခြင်း (regularity) ကို ရှာတွေ့မှာ မဟုတ်ဘူး။ ဒီဖြစ်စဉ်တွေကို ဖော်ပြရုံပဲ သူတို့ တတ်နိုင်မယ်။
ရုပ်ပိုင်းဆိုင်ရာ လူမှု ဆက်ဆံရေးတွေ (တနည်းဆိုရသော် ကုန်ထုတ် ဆက်ဆံရေးများ) ကို သရုပ်ခွဲ စိစစ်မှသာ ထပ်ကျော့ဖြစ်ခြင်း (recurrence) နဲ့ ပုံမှန်ဖြစ်ပေါ်ခြင်း (regularity) ကို လေ့လာ တွေ့ရှိနိုင်မယ်၊ တိုင်းပြည်အသီးသီးက စနစ်တွေကို လူမှုစီးပွား အဆောက်အအုံ ဆိုတဲ့ အခြေခံ သဘောတရားနဲ့ ခြုံငုံနားလည်နိုင်မယ်။ ဒီလို ယေဘုယျ သဘောတရား ဆွဲထုတ်နိုင်မှသာ လူမှု ဖြစ်စဉ်တွေကို ဖော်ပြရုံသက်သက်ကနေ သိပ္ပံနည်းကျ ခွဲခြမ်းစိတ်ဖြာမှု လုပ်နိုင်တဲ့ အဆင့် ရောက်မယ်။ အဲဒီလို သိပ္ပံနည်းကျ သရုပ်ခွဲ လေ့လာမှသာ အရင်းရှင် တိုင်းပြည်တခုနဲ့ အခြား အရင်းရှင် တိုင်းပြည်တခုကြား ကွဲပြားသွားစေတဲ့ အချက်တွေကို ဖော်ထုတ်နိုင်သလို သူတို့အားလုံး ဘုံတူနေတဲ့ ဝိသေသတွေကိုလဲ စူးစမ်းဖော်ထုတ်နိုင်မယ်။
မာ့(က်စ်) ဖော်ထုတ်လိုက်တဲ့ hypothesis က လူမှုဗေဒကို သိပ္ပံပညာရပ် အဆင့် မြှင့်တင်ပေးနိုင်ခဲ့ခြင်း အကြောင်း ဆွေးနွေးခဲ့တာ နှစ်ချက် ရှိသွားပြီ။ နောက်ဆုံး တတိယ အကြောင်းပြချက်ကို ဆက်ရရင် လူ့အဖွဲ့အစည်းဆိုင်ရာ ဆက်ဆံရေးတွေ အများကြီးထဲက ကုန်ထုတ် ဆက်ဆံရေးကို အခြေခံအကျဆုံး ဆက်ဆံရေးအဖြစ် ရွေးထုတ်လိုက်ခြင်း (reduction)၊ အဲဒီ ကုန်ထုတ် ဆက်ဆံရေးတွေက ကုန်ထုတ် စွမ်းအားစုတွေရဲ့ တိုးတက် ဖွံ့ဖြိုးမှု အဆင့် အနေအထားအပေါ် မူတည်နေတယ်လို့ သတ္တုချကြည့်ခြင်းကြောင့် လူ့အဖွဲ့အစည်းရဲ့ အဆောက်အအုံများ ဖြစ်ပေါ် တိုးတက်မှု သမိုင်းဟာ သဘာဝ သမိုင်း ဖြစ်စဉ် တခုပဲ (a process of natural history) ဆိုတဲ့ အယူအဆက အခြေခိုင်သွားတယ်။ ဒီလို ခိုင်မာတဲ့ အမြင်တရပ် မရှိဘဲ လူမှု သိပ္ပံဆိုတာ မရှိနိုင်ဘူး။
(subjectivist တွေက သမိုင်း ဖြစ်စဉ်တွေဟာ နိယာမတွေအတိုင်း ဖြစ်ပေါ်နေတယ်လို့ ဝန်ခံပေမဲ့ သမိုင်းဆိုင်ရာ အီဗလူးရှင်းကို သဘာဝ သမိုင်းဖြစ်စဉ် တခု လို့ သူတို့ မသတ်မှတ်နိုင်ဘူး။ အကြောင်းကတော့ သူတို့ဟာ လူသားရဲ့ လူမှု အတွေးအခေါ်နဲ့ ရည်မှန်းချက်တွေမှာပဲ လမ်းဆုံးသွားတယ်၊ အဲဒါတွေကို ရုပ်ပိုင်းဆိုင်ရာ လူမှု ဆက်ဆံရေးတွေအဖြစ် သတ္တုချကြည့်တာမျိုး မလုပ်နိုင်ဘူး။)
အရင်းကျမ်းနဲ့ ရုပ်ဝါဒ
၁၈၄၀ ခုနှစ်များမှာ ဒီ hypothesis ကို ဖော်ထုတ်ခဲ့တဲ့ မာ့(က်စ်)က အခိုင်အမာ အချက်အလက်တွေကို အပတ်တကုတ် လေ့လာခဲ့တယ်။ လူမှုစီးပွား အဆောက်အအုံတွေထဲက တခုဖြစ်တဲ့ (ရောင်းကုန် ထုတ်လုပ်ရေး စနစ်) ကို ရွေးပြီး လေ့လာခဲ့တယ်။ (၂၅ နှစ်ထက်မနည်း သူ လေ့လာခဲ့တဲ့) အချက်အလက် တပုံတခေါင်းကြီးကို အခြေခံပြီး အဲဒီ အဆောက်အအုံ အလုပ်လုပ်ပုံ နဲ့ ဖြစ်ပေါ် တိုးတက်မှုအပေါ် စိုးမိုးခြယ်လှယ်နေတဲ့ နိယာမတွေကို နက်နက်ရှိုင်းရှိုင်း သရုပ်ခွဲ စိစစ်ခဲ့တယ်။
ဒီလို သရုပ်ခွဲ စိစစ်ရာမှာ မာ့(က်စ်)က လူ့သမဂ္ဂဝင်တွေကြား ဖြစ်ပေါ်နေတဲ့ ကုန်ထုတ် ဆက်ဆံရေးများကိုပဲ ခွဲခြမ်းစိတ်ဖြာခဲ့တယ်။ ရောင်းကုန် ထုတ်လုပ်တဲ့ စီးပွားရေး စနစ် ဘယ်လို ဖြစ်ပေါ် တိုးတက်သွားသလဲ၊ ရောင်းကုန်ထုတ် စီးပွားရေးက အရင်းရှင် စနစ်အဖြစ် ဘယ်လို ကူးပြောင်းသွားသလဲ၊ အရင်းရှင် စနစ်က ရန်ဖက် လူတန်းစားတွေကို ထုတ်လုပ်ပေးရင်း စုပေါင်း လုပ်အားရဲ့ ကုန်ထုတ်သတ္တိကို ဘယ်လို တိုးတက်စေသလဲ၊ အဲဒီလိုနဲ့ အရင်းရှင်စနစ် အုတ်မြစ်တွေနဲ့ မပြေတမ်း ပဋိပက္ခဖြစ်နေသော အင်အားစုကို ဘယ်လို သွတ်သွင်းပေးလိုက်သလဲ၊ ဒါတွေကို မာ့(က်စ်)က လေ့လာ ဆန်းစစ်နိုင်ခဲ့တယ်။ လူမှု ဖြစ်စဉ်တွေကို ရှင်းပြဖို့ ကုန်ထုတ် ဆက်ဆံရေး sphere အပြင်က ဝိသေသတွေကို အားကိုးတကြီး လှမ်းဆွဲတာမျိုး မာ့(က်စ်) မလုပ်ခဲ့ဘူး။
အဲဒါ အရင်းကျမ်းရဲ့ ရိုးငြမ်းပဲ။ ဒါပေမဲ့ မာ့(က်စ်)က ဒီရိုးငြမ်းလောက်နဲ့ မတင်းတိမ်ဘူး။ သာမန် နားလည်ထားတဲ့ “ဘောဂဗေဒ သီအိုရီ” ဖော်ထုတ်ရုံပဲ သူလုပ်ခဲ့တာ မဟုတ်ဘူး။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ အခြေခံ အဆောက်အအုံ ဖြစ်ပေါ်တိုးတက်မှုကို ကုန်ထုတ် ဆက်ဆံရေးတွေနဲ့ပဲ ရှင်းပြခဲ့တယ်၊ တချိန်တည်းမှာ အဲဒီ ကုန်ထုတ် ဆက်ဆံရေးတွေနဲ့ အဟပ်ညီညီ ဖြစ်ပေါ်လာတဲ့ အပေါ်ထပ် အဆောက်အအုံကိုလဲ ဒေါင့်စေ့အောင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ရိုးငြမ်း ကိုယ်ထည်ကို အသွေးအသားတွေနဲ့ ဖြည့်စွက်ပေးခဲ့တယ်။
အရင်းကျမ်း အကြီးအကျယ် အောင်မြင်ရတဲ့ အကြောင်းက ဒီစာအုပ်က အရင်းရှင်စနစ် လူမှုစီးပွား အဆောက်အအုံ တခုလုံးကို သက်ရှိတကောင်လို စာဖတ်သူတွေ မြင်လာအောင် သက်သေပြနိုင်ခဲ့လို့ပဲ။ အရင်းရှင် စနစ်ရဲ့ နေ့တဓူဝ မျက်နှာစာတွေ၊ ကုန်ထုတ် ဆက်ဆံရေးမှာ မြစ်ဖျားခံတဲ့ လူတန်းစား ပဋိပက္ခက လူ့အဖွဲ့အစည်းအတွင်း လက်တွေ့ ကိုယ်ထင်ပြပုံတွေ၊ ဘူဇွာ နိုင်ငံရေး အပေါ်ထပ် အဆောက်အအုံက အရင်းရှင် လူတန်းစား အုပ်စိုးမှုကို အကာအကွယ်ပေးပုံတွေ၊ အဲဒီလို အကာအကွယ်ပေးရာမှာ လွတ်လပ်မှု၊ တန်းတူညီမျှမှု အစရှိတဲ့ ဘူဇွာ အတွေးအခေါ်တွေရဲ့ အခန်းကဏ္ဍ၊ ဘူဇွာ မိသားစု ဆက်ဆံရေးတွေရဲ့ အခန်းကဏ္ဍတို့ကို မာ့(က်စ်)က အရင်းကျမ်းမှာ ပြည့်ပြည့်စုံစုံ ရှင်းပြထားတယ်။
ဒါ့ကြောင့် အရင်းကျမ်း ဆိုတာ တခြား ဟုတ်ရိုးလား၊ Mont Blanc တောင်ထိပ်လောက် မြင့်မားတဲ့ အခိုင်အမာ အချက်အလက်တွေအပေါ် အပြန်အလှန် ယှက်နွှယ်နေသော ယေဘုယျ သဘောတရားတွေ သရဖူဆောင်းထားတဲ့ ကျမ်းတဆူသာ ဖြစ်တယ်။ ဒီသဘောတရားတွေကို မာ့(က်စ်)က ကျမ်းဦးစကားမှာကတည်းက ပြောထားပြီး ဖြစ်တယ်။ ဒါ့ကြောင့် မာ့(က်စ်)ရဲ့ အရင်းကျမ်းကို ဖတ်ပြီး ဒီသဘောတရားတွေကို မမြင်နိုင်ဘူးဆိုရင် အဲဒါ မာ့(က်စ်) အပြစ် မဟုတ်တော့ဘူး။
အရင်းကျမ်း ထွက်ပေါ်လာချိန်ကစပြီး ရုပ်ဝါဒ သမိုင်းရေး အမြင် (the materialist conception of history) ဟာ hypothesis တခု မဟုတ်တော့ဘူး၊ သိပ္ပံနည်းကျ သက်သေထူပြီးသား သဘောတရားတခု ဖြစ်သွားပြီ။ လူမှုစီးပွား အဆောက်အအုံရဲ့ ဖြစ်ပေါ်တိုးတက်မှုနဲ့ လည်ပတ် အလုပ်လုပ်ပုံကို သိပ္ပံနည်းကျ ရှင်းပြနိုင်တဲ့ အခြား အားထုတ်မှု တစုံတရာ (ရုပ်ဝါဒလို “အဆက်အစပ်ရှိတဲ့ အချက်အလက်တွေ” ကို order ဖော်ပေးနိုင်တဲ့ အခြား အားထုတ်မှု တခုခု)၊ ဆိုလိုတာက လူမှု အဆောက်အအုံ တခုကို သိပ္ပံနည်းကျ ရှင်းပြပေးနိုင်ပြီး အဲဒီ အဆောက်အအုံရဲ့ သက်ဝင်လှုပ်ရှားနေတဲ့ picture ကို ဖော်ထုတ်ပေးနိုင်တဲ့ အခြား အားထုတ်မှု တခုခု ပေါ်မလာမချင်း ရုပ်ဝါဒ သမိုင်းရေး အမြင်နဲ့ လူမှု သိပ္ပံက ကြောင်းတူသံကွဲ (synonym) ဖြစ်နေဦးမှာပဲ။
Mr. Mikhailovsky ထင်သလို ရုပ်ဝါဒက “အခြေခံအားဖြင့် သိပ္ပံနည်းကျတဲ့ သမိုင်းရေး အမြင်တခု” မဟုတ်ဘူး၊ တခုတည်းသော သိပ္ပံနည်းကျ သမိုင်းရေး အမြင် ဖြစ်တယ်။
အရင်းကျမ်းကို ဖတ်ပြီး ရုပ်ဝါဒကို ရှာမတွေ့ဘူးလို့ ပြောသူတွေ ရှိတယ်၊ ဒီထက် ရယ်စရာကောင်းတာ ရှိသေးရဲ့လား။ အရင်းကျမ်းကို ဖတ်တယ်၊ ဒါပေမဲ့ သူ့ရှေ့မှာ လူ့အဖွဲ့အစည်းရဲ့ (အရှုပ်ထွေးဆုံး) “formation” တခုကို သိပ္ပံနည်းကျ ရုပ်ဝါဒ နည်းကျ ခွဲခြမ်းစိတ်ဖြာထားတဲ့ စံနမူနာတခု ရှိနေမှန်း သူ မမြင်ဘူး။ ဒီစံနမူနာကို အားလုံးက အသိအမှတ် ပြုထားသလို ဘယ်သူမှ မကျော်နိုင်သေးဘူး။ အဲဒီလို မသိလေတော့ ခေါင်းကို တွင်တွင်ကုတ်ရင်း “မာ့(က်စ်)က ရုပ်ဝါဒ သမိုင်းရေး အမြင်ကို ဘယ်စာအုပ်ထဲမှာများ ဖွင့်ဆို ရေးသားခဲ့ဖူးလဲ” ဆိုပြီး အလွန် နက်နဲတဲ့ မေးခွန်းကြီး မေးလာကြတယ်။
မာ့(က်စ်)ရဲ့ စာပေ လက်ရာတွေနဲ့ အကျွမ်းတဝင် ရှိသူတွေကတော့ အဲဒီ မေးခွန်းကို နောက်မေးခွန်း တခုနဲ့ အဖြေပေးလိမ့်မယ်။ “မာ့(က်စ်) ရေးခဲ့တဲ့ လက်ရာတွေထဲ ရုပ်ဝါဒ သမိုင်းရေး အမြင်ကို ရှင်းရှင်းလင်းလင်း ဖော်ပြမထားတဲ့ လက်ရာများ ရှိပါသလား။”
မာ့(က်စ်)က ရုပ်ဝါဒကို ဘယ်စာအုပ်ထဲမှာ ရှင်းပြထားလဲ ဆိုတဲ့ မေးခွန်းမှာတင် ရပ်နေရင် သိပ်မဆိုးလှဘူး။ ဒါပေမဲ့ ရုပ်ဝါဒ သမိုင်းရေး အမြင်ကို ဘယ်စာအုပ်မှာ ဖွင့်ဆို ရှင်းပြထားသလဲ ဆိုတာတောင် ရေရေရာရာ မသိဘဲ ရုပ်ဝါဒ သမိုင်းရေး အမြင်က မပြောခဲ့တဲ့ အဆိုတွေကို ပြောခဲ့သယောင် လုပ်ပစ်တာ အဆိုးဆုံးပဲ။ မာ့(က်စ်)က သမိုင်း အမြင် အသစ်တရပ်ကို ဖော်ထုတ်လိုက်ပြီး အဲဒီ အသစ်စက်စက် သီအိုရီက “လူသားရဲ့ အတိတ် သမိုင်း တခုလုံးကို ရှင်းပြနိုင်ပြီ” လို့ ကြွေးကြော်ထားကြောင်း မစ်ခေးလော့(ဗ်)စကီးတို့လို subjectivist တွေက ပုံဖော်လေ့ရှိတယ်။
ဒါဟာ လုံးဝ လုံးဝ မှားပါတယ်။ ရုပ်ဝါဒ သမိုင်း သီအိုရီက အရင်းရှင် လူမှုစီးပွား စနစ်ကို ရှင်းပြနိုင်ပြီလို့ ပြောတယ်၊ တခြား လူမှုစီးပွား အဆောက်အအုံ အားလုံးကို ရှင်းပြနိုင်ပြီလို့ ဘယ်တုန်းကမှ မကြွေးကြော်ခဲ့ဖူးဘူး။
ရုပ်ဝါဒကို အသုံးပြုပြီး social formation တခု (လူမှုစီးပွား အဆောက်အအုံ တခု) ကို သရုပ်ခွဲ၊ ရှင်းပြတဲ့အခါ အခုလို ထူးခြားပြောင်မြောက်တဲ့ ရလဒ်တွေ ထုတ်ပေးနိုင်တယ် ဆိုရင် သမိုင်းရေး ရုပ်ဝါဒက hypothesis သက်သက် မဟုတ်တော့ဘူး၊ သိပ္ပံနည်းကျ မှတ်ကျောက်တင်ပြီးသား သီအိုရီ တခု ဖြစ်သွားပြီ။ ဒီတော့ အခြား လူမှုစီးပွား အဆောက်အအုံတွေကို လေ့လာတဲ့ နေရာမှာပါ ဒီ method ကို လိုအပ်ကြောင်း နားလည်နိုင်တယ်။ အဲဒီ လူမှုစီးပွား အဆောက်အအုံတွေကိုတော့ special factual investigation လုပ်ပြီး အသေးစိတ် သရုပ်ခွဲ ဆန်းစစ်တာမျိုး မလုပ်ရသေးဘူး။ (အရင်းရှင် စနစ်ကိုတော့ မာ့(က်စ်)က အဲသလို လေ့လာ ဆန်းစစ်ပြီးသွားပြီ)။
သက်ရှိ မျိုးစိတ်တွေ transformation နဲ့ ပတ်သက်ရင်လဲ ဒီသဘောပဲ။ အချက်အလက်တွေ အများကြီးနဲ့ သက်သေထူထားတဲ့ transformation အယူအဆကို ဇီဝနယ်ပယ် တခုလုံး အတိုင်းအတာနဲ့ အသုံးချဖို့ တိုးချဲ့ထားတယ်။ တချို့သော တိရစ္ဆာန်နဲ့ အပင် မျိုးစိတ်တွေရဲ့ transformation ကို အတိအကျ သက်သေပြဖို့ မဖြစ်နိုင်သေးပေမဲ့ အဲဒီလို တိုးချဲ့မှု လုပ်ထားတယ်။ transformation သဘောတရားက မျိုးစိတ်များ ဖြစ်ပေါ်မှု သမိုင်း “တခုလုံး” ကို ရှင်းပြနိုင်ပြီလို့ မပြောပါဘူး၊ သက်ရှိမျိုးစိတ်တွေရဲ့ ဖြစ်ပေါ်ပြောင်းလဲမှုကို ရှင်းပြနိုင်တဲ့ method ကို သိပ္ပံနည်းကျ အုတ်မြစ်ပေါ် အခြေတည်ပေးဖို့ပဲ လုပ်တယ်။ ဒီသဘောပဲ၊ ရုပ်ဝါဒ သမိုင်း သီအိုရီက အရာခပ်သိမ်းကို ရှင်းပြနိုင်ပြီလို့ ဘယ်တုန်းကမှ မကြွေးကြော်ခဲ့ဖူးဘူး။ အရင်းကျမ်းမှာ မာ့(က်စ်) ပြောခဲ့သလို ပြောရရင် သမိုင်းကို ရှင်းပြနိုင်တဲ့ “တခုတည်းသော သိပ္ပံနည်းကျ” နည်းလမ်းကို ဖော်ထုတ်ပေးခြင်းသာ ဖြစ်တယ်။
မာ့(က်စ်)ရဲ့ ဒိုင်ယာလက်တစ်
မစ်ခေးလော့(ဗ်)စကီးက သမိုင်းရေး ရုပ်ဝါဒကို သမိုင်းရေး ရုပ်ဝါဒလို့ မသုံးဘဲ “ဘောဂဗေဒ ရုပ်ဝါဒ” လို့ အမည်တပ်တယ်။ သမိုင်းရေး ရုပ်ဝါဒမှာ ဒေါက်တိုင်ကြီး နှစ်ခု ရှိတယ်လို့လဲ သူက ဆိုလိုက်သေးတယ်။ ပထမ ဒေါက်တိုင်က ကုန်ထုတ်လုပ်ရေးနဲ့ ဖလှယ်ရေး ပုံသဏ္ဌာန်တွေဟာ အရာခပ်သိမ်းကို စီရင်ပြဋ္ဌာန်းနိုင်စွမ်း ရှိတယ် ဆိုတဲ့ တွေ့ရှိချက်။ ဒုတိယ ဒေါက်တိုင်က ဒိုင်ယာလက်တစ် ဖြစ်စဉ်ဟာ ဝိဝါဒကွဲစရာ မရှိဘူး၊ တသမတ်တည်း မှန်ကန်နေတယ် ဆိုတဲ့ အချက်။
မာ့(က်စ်)တို့ အန်းဂယ်(လ်စ်)တို့က သူတို့ရဲ့ သီအိုရီကို ဘောဂဗေဒ ရုပ်ဝါဒလို့ ဘယ်တုန်းကမှ မသုံးခဲ့ဖူးဘူး။ လူမှု ဖြစ်စဉ်တွေကို နားလည်ချင်ရင် material conditions of life မှာ အဖြေရှာရမယ်လို့ပဲ ဆိုခဲ့တယ်။ material conditions of life ဆိုတဲ့ စကားရပ်မှာ တိကျတဲ့ အဓိပ္ပါယ် ရှိတယ်။ သဘောက ဘောဂဗေဒ မျက်နှာစာ တခုတည်း ဆိုလိုတာ မဟုတ်ဘူး။ အထက်မှာ မာ့(က်စ်)ရဲ့ ရုပ်ဝါဒ သမိုင်းရေး အမြင်ကို ဆွေးနွေးခဲ့ပြီးပြီ။ ဒီတော့ မစ်ခေးလော့(ဗ်)စကီး ပြောတဲ့ ပထမ ဒေါက်တိုင်ဟာ ဘာမှ အဓိပ္ပါယ်မရှိမှန်း သဘောပေါက်နိုင်တယ်။ ဒုတိယ ဒေါက်တိုင်အကြောင်း ဆန်းစစ်ကြည့်ရအောင်။
ရုပ်ဝါဒီတွေက သူတို့ရဲ့ သမိုင်းရေး အမြင်ကို ဒိုင်ယာလက်တစ် ဖြစ်စဉ်ရဲ့ ဝိဝါဒဖြစ်ဖွယ် မရှိခြင်း “incontrovertibility” ဆိုတဲ့ အချက်ပေါ် မှီခိုထားရတယ်လို့ စွပ်စွဲနေခြင်း ဖြစ်တယ်။ သဘောက ရုပ်ဝါဒီတွေဟာ သူတို့ရဲ့ လူမှုဗေဒ သီအိုရီတွေကို ဟေဂဲလီယန်း triad[1] အပေါ် အားပြုထားရတယ်လို့ စွပ်စွဲလိုက်တဲ့သဘောပဲ။ မာ့(က်စ်)ဝါဒကို ဟေဂဲလီယန်း ဒိုင်ယာလက်တစ်နဲ့ အတူတူပဲလို့ စွပ်စွဲတာတွေ ဘယ်နှကြိမ် မြင်တွေ့ခဲ့ရပြီးပြီလဲ။ မာ့(က်စ်)ကို ဝေဖန်တဲ့ ဘူဇွာ ဝေဖန်ရေးဆရာတွေ အကြိမ်ကြိမ် သုံးလွန်းလို့ ဒီစွပ်စွဲချက်လဲ ဆီသည်မရဲ့ လက်သုတ်ဖတ်လို ဖြစ်နေပြီ။ မာ့(က်စ်)ရဲ့ သီအိုရီကို အခြေခံကျကျ ဝေဖန်နိုင်စွမ်း မရှိတဲ့အခါ အနှီပုဂ္ဂိုလ်တွေက မာ့(က်စ်)ရဲ့ ဖော်ပြပုံ (manner of expression) နဲ့ အဲဒီ သီအိုရီရဲ့ မူလအစကိုပဲ အဓိကထား တိုက်ခိုက်လေ့ရှိတယ်။
အန်းဂယ်(လ်စ်)က မာ့(က်စ်)ရဲ့ ဒိုင်ယာလက်တစ်ကို တိုက်ခိုက်ထားတဲ့ Dühring ကို တုံ့ပြန်ရင်း အခုလို ပြောခဲ့တယ် –
“မာ့(က်စ်)က ဘယ်အရာကိုမှ ဟေဂဲလီယန်း triad နည်းကို သုံးပြီး “သက်သေထူဖို့” ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူး၊ မာ့(က်စ်)က တကယ့် ဖြစ်စဉ်ကိုသာ လေ့လာ စူးစမ်းခဲ့တယ်၊ သီအိုရီ တခုရဲ့ မှတ်ကျောက်က ပကတိ အရှိတရားနဲ့ ကိုက်ညီမှု ရှိခြင်းပဲ၊ ဒါဟာ မာ့(က်စ်) အသိအမှတ်ပြုတဲ့ တခုတည်းသော မှတ်ကျောက်ဖြစ်တယ်။ ဒါပေမဲ့ တခါတလေမှာ လူ့အဖွဲ့အစည်းဆိုင်ရာ ဖြစ်စဉ်တချို့ရဲ့ ဖြစ်ပေါ်တိုးတက်မှု လမ်းကြောင်းက ဟေဂဲလီယန်း ပုံကြမ်းနဲ့ အံဝင်ခွင်ကျ ဖြစ်နေတာ ရှိတတ်တယ်။ ဟေဂဲလီယန်း ပုံကြမ်း (scheme) ဆိုတာ thesis—negation—negation of the negation ကို ဆိုလိုခြင်း ဖြစ်တယ်။ ဒီလို အံဝင်ခွင်ကျ ဖြစ်သွားတာလဲ ဘာမှ မထူးဆန်းဘူး၊ သဘာဝတရားမှာ ဒီလို အဖြစ်တွေက မရှားဘူး။”
အဲသလို မရှားကြောင်း အန်းဂယ်(လ်စ်)က နမူနာတွေ ဆွဲထုတ်ပြတယ်။ သဘာဝ ဖြစ်စဉ်တွေထဲကဆို လူအများ ရင်းနှီးပြီးသား အစေ့ တစေ့ရဲ့ ပြောင်းလဲမှု ဖြစ်စဉ်ကို သာဓကဆောင်ပြတယ်။ လူမှုရေး နယ်ပယ်ကဆိုရင် ရှေးဦးဘုံစနစ်၊ ဒီနောက် ပုဂ္ဂလိက ပိုင်ဆိုင်မှု ပေါ်ထွန်းလာပုံ၊ ဒီနောက် အရင်းရှင် စနစ် ဖြစ်ပေါ်လာပုံကို နမူနာဆွဲထုတ်ပြတယ်။ ဒါမှမဟုတ် ရှေးဦး ရုပ်ဝါဒ ရှိခဲ့တယ်၊ ဒီနောက် စိတ်ဝါဒ ပေါ်လာတယ်၊ ဒီနောက် သိပ္ပံနည်းကျ ရုပ်ဝါဒ ပေါ်လာတယ်၊ အစရှိသဖြင့်။
အန်းဂယ်(လ်စ်)ရဲ့ ငြင်းချက်မှာ အဓိက ဇောင်းပေးထားတဲ့ အချက်က ရုပ်ဝါဒီတွေဟာ အမှန်တကယ် ဖြစ်ပေါ်နေတဲ့ သမိုင်း ဖြစ်စဉ်ကို မှန်မှန်ကန်ကန် တိတိကျကျ လေ့လာ ဖော်ထုတ်ပေးရမယ်၊ ဒါပဲ။ အဲဒီလို လေ့လာဖော်ထုတ်ရင်း သမိုင်း ဖြစ်စဉ်တချို့က thesis—negation—negation of the negation ဆိုတဲ့ triad နဲ့ အံဝင်ခွင်ကျ ဖြစ်နေတာတွေ ရှိမယ်။ ဒီအခါ သူတို့ တင်ဆက် ဖော်ပြပုံက ဟေဂဲလီယန်း triad ပုံစံ ပေါက်နေလိမ့်မယ်။ သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒက ဟေဂဲဝါဒကနေ ပေါက်ဖွားလာတာ ဖြစ်လို့ ဒီလို အကြွင်းအကျန်တွေ ရှိနေခြင်း ဖြစ်တယ်။ ဒါဟာ ဖော်ထုတ် တင်ပြပုံ ကိစ္စသာ ဖြစ်တယ်၊ သီအိုရီတခုရဲ့ မူလအစကို ညွှန်ပြနေခြင်းသာ ဖြစ်တယ်၊ ဒီထက် မပိုဘူး။ တစုံတရာကို အဲဒီ triad တွေ သုံးပြီး သက်သေထူပြရင် ဘာမှ အဓိပ္ပါယ် မရှိဘူး ဆိုတာလဲ မာ့(က်စ်)နဲ့ အန်းဂယ်(လ်စ်)တို့ ပြတ်ပြတ်သားသား ပြောခဲ့ပြီး ဖြစ်တယ်။
မာ့(က်စ်)နဲ့ အန်းဂယ်(လ်စ်)တို့ ပြောနေတဲ့ ဒိုင်ယာလက်တစ် နည်းလမ်း (the dialectical method) ဆိုတာ တခြား မဟုတ်ဘူး၊ လူမှုဗေဒ နယ်ပယ်က သိပ္ပံပညာရပ် နည်းလမ်းသာ ဖြစ်တယ်။ ဒီနည်းလမ်းက လူ့အဖွဲ့အစည်းကို အလျဉ်မပြတ် ဖြစ်ပေါ်ပြောင်းလဲနေသော သက်ရှိတကောင်လို့ သဘောထားတယ်၊ (တကွဲတပြားစီ ရှိနေတဲ့ လူမှု အစိတ်အပိုင်းတွေကို စိတ်ကူးတည့်သလို ပေါင်းစပ် ဖွဲ့စည်းနိုင်တယ်လို့ မယူဆဘူး)၊ အဲဒီ လူ့အဖွဲ့အစည်း ဆိုတဲ့ သက်ရှိ သတ္တဝါကို လေ့လာတဲ့အခါ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ အုတ်မြစ်အဖြစ် ဖွဲ့တည်နေသော ကုန်ထုတ် ဆက်ဆံရေးတွေကို ဓမ္မဒိဋ္ဌာန်ကျကျ ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လိုအပ်တယ်၊ အဲဒီ လူမှုစီးပွား အဆောက်အအုံရဲ့ ဖြစ်ပေါ်ပြောင်းလဲခြင်းဆိုင်ရာ နိယာမတွေကို တူးဆွ ရှာဖွေဖို့ လိုအပ်တယ်။ မာ့(က်စ်)နဲ့ အန်းဂယ်(လ်စ်)တို့ ပြောတဲ့ ဒိုင်ယာလက်တစ် နည်းလမ်း ဆိုတာ အဲဒါပဲ။
မာ့(က်စ်)နဲ့ အန်းဂယ်(လ်စ်) တို့ ရေးခဲ့တဲ့ ကျမ်းတွေထဲက ဒိုင်ယာလက်တစ် နည်းလမ်းအကြောင်း ဖွင့်ဆို ရှင်းလင်းချက်တွေ ဖတ်ဖူးသူတွေဆိုရင် ဟေဂဲလီယန်း triad ကို စကားထဲတောင် ထည့်မပြောတာ သတိထားမိလိမ့်မယ်။ (ဥပမာ၊ အန်းဂယ်(လ်စ်)ရေးတဲ့ Anti-Dühring, မာ့(က်စ်)ရဲ့ Capital စာအုပ်မှာ ခဏခဏ တွေ့ရတဲ့ ကွန်းမန့်တွေ၊ အရင်းကျမ်း ဒုကြိမ်ထုတ် Afterword နဲ့ The Poverty of Philosophy စာအုပ်၊ အစရှိသဖြင့်)။
ဒိုင်ယာလက်တစ်လို့ ပြောလိုက်ရင် လူအများစု ပြေးမြင်နေတဲ့ thesis, anti-thesis, synthesis (မြန်မာ လက်ဝဲစာပေမှာ လူသိများတဲ့ မူလ၊ ပဋိပက္ခ၊ သမူဟ) ဆိုတဲ့ triad က ဒိုင်ယာလက်တစ် မဟုတ်ဘူး။ မာ့(က်စ်)နဲ့ အန်းဂယ်(လ်စ်)တို့က ဒိုင်ယာလက်တစ် နည်းလမ်းအကြောင်း ပြောတဲ့အခါ အဲဒီ triad ကို ယောင်လို့တောင် ထည့်မပြောဖူးဘူး။ ဒီအချက်ကို သက်သေပြဖို့ရာ အရင်းကျမ်း ဒုကြိမ်ထုတ် Afterword မှာ မာ့(က်စ်)ကိုယ်တိုင် အကျယ်တဝင့် ကောက်နှုတ် ကိုးကားခဲ့တဲ့ ဆောင်းပါးတပုဒ်ကို ပြန်ကိုးကားပါမယ်။
ဂျာမန်ဘာသာနဲ့ ဒုကြိမ် ထုတ်ဝေတဲ့ အရင်းကျမ်း အတွဲ (၁)ရဲ့ Afterword မှာ မာ့(က်စ်)က အရင်းကျမ်းမှာ သူ အသုံးပြုထားတဲ့ နည်းလမ်းကို အတော်များများက နားမလည်ကြကြောင်း ထည့်ရေးသွားတယ်။ ဒိုင်ယာလက်တစ်လို့ ပြောလိုက်ရင် ဂျာမန် ဒဿနိက ပညာရှင် ဟေဂယ်(လ်)ကို ထိပ်ဆုံးက ပြေးမြင်မှာပဲ။ ဒါပေမဲ့ မာ့(က်စ်)ရဲ့ အရင်းကျမ်းအကြောင်း ရေးကြတဲ့ ဂျာမန် ရီဗျူးတွေကတော့ ဒိုင်ယာလက်တစ် နည်းလမ်းကို ကောင်းကောင်း နားမလည်ဘူးလို့ မာ့(က်စ်)ကိုယ်တိုင် ထုတ်ပြောခဲ့တယ်။
မာ့(က်စ်) အသုံးပြုထားတဲ့ ဒိုင်ယာလက်တစ် နည်းလမ်းကို ကောင်းကောင်း ရှင်းပြထားတဲ့ ရီဗျူး ဆောင်းပါး တပုဒ် မာ့(က်စ်) သွားတွေ့တယ်။ ၁၈၇၂ ခုနှစ်ထုတ် Vestnik Yevropy စာစောင် အမှတ် (၅) မှာ ဖော်ပြထားတဲ့ “The Standpoint of Karl Marx’s Critique of Political Economy” ဆောင်းပါး ဖြစ်ပါတယ်။ ရေးတဲ့သူက စိန့်ပီတာစဘတ် တက္ကသိုလ်က နိုင်ငံရေး ဘောဂဗေဒ ပါမောက္ခ I. I. Kaufman ။ သူက မာ့(က်စ်)ရဲ့ ဒိုင်ယာလက်တစ် နည်းလမ်း အကြောင်း အခုလို ရှင်းပြတယ် –
“မာ့(က်စ်)အတွက် အရေးကြီးတဲ့ အရာက သူ စနစ်တကျ လေ့လာနေတဲ့ ဖြစ်စဉ်တွေရဲ့ နိယာမကို ရှာဖွေတွေ့ရှိရေး ဖြစ်တယ်။ သက်ဆိုင်ရာ သမိုင်းခေတ်တခုအတွင်း အဲဒီ ဖြစ်စဉ်တွေမှာ တိကျတဲ့ ပုံသဏ္ဌာန်နဲ့ အပြန်အလှန် ယှက်နွှယ်မှု ရှိနေသရွေ့ ဒီဖြစ်စဉ်တွေကို အုပ်စိုးနေတဲ့ နိယာမကို နားလည်ဖို့ အရေးကြီးတယ်။ သို့သော် မာ့(က်စ်)အဖို့ ဒီထက် ပိုအရေးကြီးတာက အဲဒီဖြစ်စဉ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြောင်းလဲခြင်းဆိုင်ရာ နိယာမကို သိရှိနားလည်ရေး ဖြစ်တယ်၊ ဆိုလိုတဲ့သဘောက အဲဒီ ဖြစ်စဉ်တွေ ပုံသဏ္ဌာန်တခုက နောက်တခုကို ကူးပြောင်းသွားခြင်း၊ ဆက်နွှယ်မှု အစီအစဉ်တခုက နောက်ပုံစံတမျိုး ပြောင်းလဲသွားခြင်းဆိုင်ရာ နိယာမကို သိရှိ နားလည်ဖို့ ပိုအရေးကြီးတယ်။
အဲဒီ နိယာမကို တူးဆွဖော်ထုတ်နိုင်ပြီဆိုရင် လူမှု ဘဝမှာ ထင်ဟပ်ထွက်ပေါ်လာမဲ့ အကျိုးဆက်တွေကို မာ့(က်စ်) အသေးစိတ် လေ့လာတယ်။ ဒီတော့ မာ့(က်စ်) ရှေ့တန်းတင် စဉ်းစားတာ တခုပဲ ရှိပါတယ် – အဲဒါကတော့ တဆင့်ပြီးတဆင့် ထွက်ပေါ်လာတဲ့ လူမှု ဆက်ဆံရေး စနစ်တွေရဲ့ နိယာမသဘောကို အင်မတန် တိကျတဲ့ သိပ္ပံနည်းကျ လေ့လာမှုတွေနဲ့ သက်သေထူပြဖို့၊ သူ အခြေတည် အားထားရာ အချက်လက်တွေကို ရေပက်မဝင်အောင် ပြည့်ပြည့်စုံစုံ ဖော်ထုတ်ပေးဖို့ ဖြစ်ပါတယ်။ လက်ရှိ လူနေမှု စနစ်ရဲ့ နိယာမသဘောကို သက်သေထူပြရင်း လက်ရှိ စနစ်ကနေ နောက်စနစ်တခု မလွဲမသွေ ထွက်ပေါ်လာမှာ ဖြစ်ကြောင်း သူ သက်သေထူပြနိုင်ရင် အဲဒီ ရည်ရွယ်ချက် အထမြောက်ပြီ။ ရှိပြီးသား စနစ်ဟောင်းကနေ နောက်ထပ် စနစ်တခု မလွဲမသွေ ထွက်ပေါ်လာမဲ့ နိယာမသဘောကို လူတွေ ယုံခြင်း မယုံခြင်း၊ ဒါမှမဟုတ် လူတွေ သိခြင်း မသိခြင်းက သိပ်အရေးမကြီးတော့။ မာ့(က်စ်)က လူ့အဖွဲ့အစည်း ပြောင်းလဲခြင်း ဖြစ်စဉ်ကို သဘာဝ သမိုင်း ဖြစ်စဉ်တခုလို သဘောထားတယ်၊ ဒီသမိုင်း ဖြစ်စဉ်ကို အုပ်စိုးနေတဲ့ နိယာမတွေဟာ လူသားရဲ့ စိတ်ဆန္ဒ၊ အသိစိတ်နဲ့ ရည်ရွယ်ချက်တွေပေါ် မှီတည်နေခြင်း မရှိဘူး၊ အမှန်တော့ အဲဒါနဲ့ ပြောင်းပြန်ပဲ၊ အဲဒီ ဖြစ်စဉ်ကပဲ လူတွေရဲ့ စိတ်ဆန္ဒ၊ အသိစိတ်နဲ့ ရည်ရွယ်ချက်တွေကို ပြဋ္ဌာန်းပေးသွားတယ်။”
(လူသားက သူ့ပန်းတိုင်ကို သိစိတ်ရှိရှိ ဖော်ထုတ်ပြီး လူ့သားရဲ့ လုပ်ဆောင်ချက်တွေကို definite ideals တွေက လမ်းညွှန်ပြပေးခြင်းကြောင့် လူသား သမိုင်းဟာ သဘာဝ သမိုင်း ဖြစ်စဉ်နဲ့ သီးခြားစီ ဖြစ်တယ်လို့ ပြောနေကြတဲ့ subjectivist တွေ ဒီအချက်ကို သေချာ သတိထားကြည့်သင့်တယ်။ ဒါ့အပြင် “အန်းဂယ်(လ်စ်)က dialectics of nature စာအုပ်ကို ရေးခဲ့တယ်၊ သဘာဝ သိပ္ပံက တွေ့ရှိချက်တွေနဲ့ ဒိုင်ယာလက်တစ်ကို သက်သေပြဖို့ ကြိုးစားတယ်၊ ဒါ့ကြောင့် အန်းဂယ်(လ်စ်)က positivist ဆန်တယ်၊ မာ့(က်စ်)ကတော့ အဲသလို မဟုတ်ဘူး၊ မာ့(က်စ်)က humanist ပိုဆန်တယ်၊ ဟေဂဲလီယန်း ပိုဆန်တယ်” စသည်၊ စသည် စိတ်ကူးတည့်ရာ ပုံဖော်ပြီး မာ့(က်စ်)နဲ့ အန်းဂယ်(လ်စ်)ကို ဆန့်ကျင်ဖက်ပြု ပြောနေတာတွေ ရှိတယ်။ ဒီလောက် အူကြောင်ကြောင်နိုင်တဲ့ ထိုးဇာတ် ဘယ်မှာ ရှာတွေ့လိမ့်မလဲ။
အဲသလောက် အဓိပ္ပါယ် ကင်းမဲ့တဲ့ စကားတွေ ပြောရဲတာ ဘယ်လို လူတွေ ဖြစ်မလဲ။ အရင်းကျမ်းကို တအုပ်လုံး အသာထား၊ အမှာစာလောက်မှ မြည်းမကြည့်ဖူးသူတွေ ဖြစ်နိုင်တယ်။ လှန်လှောဖတ်ဖူးတယ် ဆိုရင်တောင် တလုံးမှ နားမလည်တာတော့ သေချာတယ်။ အဲဒီလို ပြောချင်ရာ ပြောနေသူတွေကို အများကြီး မတောင်းဆိုပါဘူး။ တခုပဲ ပြန်မေးစရာ ရှိတယ်။ မာ့(က်စ်)က ဘာ့ကြောင့် လူ့အဖွဲ့အစည်း ဖြစ်ပေါ်ပြောင်းလဲမှု သမိုင်းကို a process of natural history လို့ ပြောခဲ့တာလဲ၊ ဒီသဘောတရား တခုကိုပဲ အရင် ရှင်းပြပါ။)
ပါမောက္ခ I. I. Kaufman က အခုလို ဆက်ရေးတယ် –
“အသိစိတ်က civilization သမိုင်းမှာ လက်အောက်ခံ နေရာကပဲ ပါဝင်တယ်ဆိုရင် civilization ကို လေ့လာ သုံးသပ်သူ တဦးက အသိစိတ် ပုံသဏ္ဌာန် တမျိုးမျိုး ဒါမှမဟုတ် အသိစိတ်ရဲ့ ရလဒ် တမျိုးမျိုးကို အခြေခံပြီး ဝေဖန်စောကြောဖို့ မဖြစ်နိုင်ဘူး။ ဆိုလိုတဲ့ သဘောက အတွေးအခေါ်က လေ့လာရေးရဲ့ အစမှတ် မဖြစ်နိုင်ဘူး၊ ပြင်ပ ပကတိဘာဝ ဖြစ်စဉ်တွေကသာ အစမှတ် ဖြစ်နိုင်တယ်။ ဒီလို ဝေဖန်ရေးမျိုးဟာ အခိုင်အမာ အချက်အလက်ကို အယူအဆတခုနဲ့ နှိုင်းယှဉ်ရမှာ မဟုတ်ဘူး၊ အခြား အချက်အလက် တခုနဲ့ ယှဉ်ထိုး သုံးသပ်ရမှာ ဖြစ်တယ်။ ဒီလို လေ့လာဆန်းစစ်မှုမှာ အချက်အလက်တွေကို မှန်မှန်ကန်ကန် တိတိကျကျ စူးစမ်းလေ့လာဖို့၊ အဲဒီ အချက်အလက်တွေက ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်အတွင်းက အပြန်အလှန် ဆက်စပ်နေသော မတူညီတဲ့ မျက်နှာစာတွေ ဖြစ်ဖို့ အရေးကြီးတယ်။ ဒါပေမဲ့ အရေးကြီးဆုံးကတော့ တိုးတက် ပြောင်းလဲခြင်း ဖြစ်စဉ်ရဲ့ မတူညီတဲ့ အဆင့်တွေကြားက ဆက်နွှယ်မှုတွေ၊ အစီအစဉ်တွေ၊ series တွေကို တိတိကျကျ သရုပ်ခွဲ လေ့လာရေးပဲ။ စီးပွားရေး ဘဝရဲ့ နိယာမတွေက အတိတ်နဲ့ ပစ္စုပ္ပန်မှာ အတူတူပဲ ဆိုတဲ့ အယူအဆကို မာ့(က်စ်)က ပြတ်ပြတ်သားသား ငြင်းပါတယ်။ မာ့(က်စ်) အမြင်မှာ အဲဒီလို သမိုင်း ခေတ်အားလုံးမှာ အသုံးချနိုင်တဲ့ (abstract) နိယာမ ဆိုတာ မရှိဘူး။ ဒါနဲ့ ဆန့်ကျင်ဖက်ပဲ၊ သမိုင်းခေတ်တိုင်း ကိုယ်ပိုင် နိယာမတွေ ရှိတယ်။ ဘဝက သက်ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု ခေတ်တခုကို ဖြတ်သန်းပြီး နောက်တဆင့်ကို ရောက်သွားပြီဆိုရင် အခြား ကွဲပြားတဲ့ နိယာမတွေကို နာခံရတယ်။ အတိုချုပ်ရရင် စီးပွားရေး ဘဝက မွေးဖွားပေးလိုက်တဲ့ ဖြစ်စဉ်ဟာ ဇီဝဗေဒ နယ်ပယ်က အီဗလူးရှင်း သမိုင်းနဲ့ ဆင်တူတယ်။ ရှေးခေတ် ဘောဂဗေဒပညာရှင်တွေက စီးပွားရေး ဘဝရဲ့ နိယာမတွေကို ရူပဗေဒ၊ ဓာတုဗေဒ နယ်ပယ်က နိယာမတွေနဲ့ သဘာဝချင်း အတူတူပဲလို့ လွဲမှားစွာ နားလည်ခဲ့ကြတယ်။ သေသေချာချာ သရုပ်ခွဲ လေ့လာကြည့်ရင် အပင်တွေ၊ တိရစ္ဆာန်တွေ သူတို့အချင်းချင်း ကွဲပြားခြားနားသလို လူ့အဖွဲ့အစည်း ဆိုတဲ့ သက်ရှိတွေ (social organisms) ဟာလဲ သူတို့အချင်းချင်း အခြေခံကျကျ ကွဲပြား ခြားနားနေတာ တွေ့ရမယ်။

“အရင်းရှင် စနစ် ဆိုတဲ့ စီးပွားရေး သတ္တဝါကို ဒီရှုထောင့်ကနေ ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ သူ့ကိုယ်သူ တာဝန် အပ်နှင်းထားတဲ့ မာ့(က်စ်)က စီးပွားရေး ဘဝကို တိတိကျကျ စူးစမ်းလေ့လာတိုင်း ထားရှိရမဲ့ ရည်မှန်းချက်ကို အင်မတန် သိပ္ပံနည်းကျစွာ ဖော်ထုတ်ပေးထားတယ်။ ဒီလို လေ့လာမှုတခုရဲ့ သိပ္ပံပညာဆိုင်ရာ တန်ဖိုးက သက်ဆိုင်ရာ social organism ရဲ့ မူလအစ၊ တည်ရှိမှု၊ ဖြစ်ပေါ်ပြောင်းလဲမှုနဲ့ သေဆုံးမှု၊ သူ့နေရာမှာ ပိုအဆင့်မြင့်တဲ့ တခြား သက်ရှိတကောင်နဲ့ အစားထိုးပစ်ခြင်း၊ အစရှိတဲ့ ဖြစ်စဉ်တွေအပေါ် စိုးမိုးခြယ်လှယ်နေတဲ့ ထူးခြားတဲ့ (သမိုင်းရေး) နိယာမတွေကို ဖော်ထုတ်နိုင်ခြင်း ရှိမရှိအပေါ် မူတည်နေတယ်။ တကယ်တော့ ဒါသည်ပင် မာ့(က်စ်) စာအုပ်ရဲ့ တန်ဖိုးပဲ။” (ဒီနေရာမှာ ထူးခြားတဲ့ နိယာမ ဆိုတာ သမိုင်း ခေတ် အားလုံးအတွက် မှန်ကန်နေတဲ့ နိယာမတွေ မဟုတ်ဘူး၊ သက်ဆိုင်ရာ သမိုင်း ခေတ်အလိုက်သာ မှန်ကန်တဲ့ နိယာမတွေလို့ ဆိုလိုရင်း ဖြစ်တယ်)။
ဒိုင်ယာလက်တစ် နည်းလမ်းဆိုတာ အဲဒါပဲ။ အရင်းကျမ်း ထွက်လာတော့ သတင်းစာတွေ၊ မဂ္ဂဇင်းတွေမှာ ဝေဖန်ချက်တွေ အများကြီး ရေးကြတယ်။ အဲဒီ အများကြီးထဲက ရွေးထုတ်ပြီး မာ့(က်စ်) ကိုယ်တိုင် ဂျာမန် ဘာသာပြန်ခဲ့တဲ့ ဒီဖွင့်ဆိုချက်က လုံးဝ မှန်ကန်တယ်။ ဒီနေရာမှာ မေးခွန်း ထွက်ပေါ်လာတယ်။ ဒိုင်ယာလက်တစ် နည်းလမ်းကို မှန်မှန်ကန်ကန် ဖော်ပြနိုင်စွမ်း ရှိတယ်လို့ မာ့(က်စ်)ကိုယ်တိုင် ပြောထားတဲ့ ဒီဆောင်းပါးမှာ triad တို့၊ trichotomies တို့၊ “ဒိုင်ယာလက်တစ် ဖြစ်စဉ်များ၏ ဝိဝါဒဖြစ်စရာ မရှိခြင်း” တို့ တလုံးမှ ဖော်ပြထားတာ မတွေ့ရဘူး။ ဘာ့ကြောင့်လဲ။ အဲဒါတွေက ဒိုင်ယာလက်တစ် မဟုတ်လို့ဘဲ။ ဒိုင်ယာလက်တစ်အကြောင်း တတ်ယောင်ကား ပြောသူတွေ ဖြီးလေ့ရှိတဲ့ အဓိပ္ပါယ်မဲ့ စကားတွေ ဖြစ်နေလို့ပဲ။ လစ်ဘရယ် စာရေးဆရာ ကျော်ဝင်းဆိုရင် ဒိုင်ယာလက်တစ် Vs ထွိုင်ယာလက်တစ် ဆိုပြီးတော့တောင် ဖြီးလိုက်သေး။ thesis, anti-thesis, synthesis ဆိုတဲ့ triad ကို သူက ဒိုင်ယာလက်တစ် ထင်နေတာ။ ဒိုင်ယာလက်တစ်ကို ဝေဖန်ချင်ရင် ဒိုင်ယာလက်တစ်နဲ့ triad က ဘာမှ မဆိုင်ဘူး ဆိုတာလောက်တော့ နားလည်အောင် အားထုတ်သင့်တယ်။
မာ့(က်စ်)က I. I. Kaufman ရဲ့ ဒိုင်ယာလက်တစ် နည်းလမ်းအကြောင်း ဖွင့်ဆိုချက်ကို ကောက်နှုတ်ကိုးကားပြီး မကြာခင် ဒဲ့ဒိုးကြီး ပြောချလိုက်တယ် – ငါ့ ဒိုင်ယာလက်တစ် နည်းလမ်းက ဟေဂယ်(လ်)ရဲ့ ဒိုင်ယာလက်တစ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်။ (Penguin တိုက်ထုတ်မူမှာ အခုလို ဖော်ပြတယ် – “My dialectical method is, in its foundations, not only different from the Hegelian, but exactly opposite to it”)
ဒီနေရာမှာ မာ့(က်စ်)ပြောတဲ့ အခြေခံ အုတ်မြစ်က ဘာလဲ။ မာ့(က်စ်) ရဲ့ ဒိုင်ယာလက်တစ်က ရုပ်ဝါဒ ဆိုတဲ့ အုတ်မြစ်အပေါ် အခြေတည်ထားတယ်၊ ဟေဂယ်(လ်)ရဲ့ ဒိုင်ယာလက်တစ်က စိတ်ဝါဒအပေါ် အခြေခံတယ်။ ဒါ့ကြောင့် မာ့(က်စ်)ဝါဒက ဟေဂဲလီယန်း ဒိုင်ယာလက်တစ်နဲ့ အတူတူပဲလို့ ပြောရင် လုံးဝ မှားပါတယ်။ ဒီတော့ မာ့(က်စ်)ရဲ့ ဒိုင်ယာလက်တစ်ကို materialist dialectics လို့ ခေါ်မှ တိကျမှန်ကန်မှု ရှိလိမ့်မယ်။
ခေတ်ပြောင်း တော်လှန်ရေးရဲ့ ရေခံမြေခံ
A Contribution to the Critique of Political Economy စာအုပ် နိဒါန်းမှာပဲ မာ့(က်စ်)က တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ရုပ်ဝါဒ သီအိုရီကို ရှင်းလင်း ဖော်ပြခဲ့တယ်။ လူအဖွဲ့အစည်း စနစ် တခုဟာ ကုန်ထုတ် စွမ်းအားစုတွေကို ဖြစ်နိုင်သမျှ အမြင့်ဆုံးအထိ ဖွံ့ဖြိုးအောင် လုပ်မပြီးမချင်း သမိုင်း ဇာတ်ခုံပေါ်ကနေ ဆင်းသွားလေ့ မရှိဘူး။ လူ့အဖွဲ့အစည်း စနစ်သစ် တခုဟာလဲ သူထွက်ပေါ်လာဖို့ လိုအပ်တဲ့ စီးပွားရေး အခြေအနေတွေ လူနေမှု စနစ်ဟောင်းက ဖန်တီးပေးထားပြီး ဖြစ်မှသာ ပေါ်ထွက်လာစမြဲ ဖြစ်တယ်။ ဒီအမှန်တရားဟာ တော်လှန်ရေး ပေါ်လစီရဲ့ အခြေခံပဲ၊ ဒီကနေ့ခေတ်အထိလဲ အနှစ်သာရ ပြည့်ဝနေဆဲ ဖြစ်တယ်။ ဒါပေမဲ့ မာ့(က်စ်)ဝါဒကို ယန္တရားဆန်ဆန် တကြောင်းဆွဲ နားလည်နေကြတာ ခဏခဏပဲ။ ဒီတော့ အခု ပြောခဲ့တဲ့ အခြေခံ သဘောတရားကနေ ကောက်ချက် အလွဲတွေ ချမိသွားတတ်တယ်။
ကုန်ထုတ် စွမ်းအားစုတွေက သူ့စနစ်အတွင်း ဆက်ပြီး မဖွံ့ဖြိုးနိုင်တော့ရင် လူ့အဖွဲ့အစည်း စနစ်တခုက သမိုင်း ဇာတ်ခုံပေါ်ကနေ ဆင်းသွားရမယ်လို့ မာ့(က်စ်) ပြောခဲ့တယ်။ မာ့(က်စ်)ဝါဒ ရှုထောင့်ကကြည့်ရင် သမိုင်းဆိုင်ရာ လူ့အဖွဲ့အစည်းဆိုတာ လူသားတွေက သဘာဝတရားကို ဇက်ခွံ့ မောင်းနှင်နိုင်ဖို့ ဖွဲ့စည်းထားတဲ့ စုပေါင်း လူသား အစည်းအရုံးကြီး တခုပဲ။ ဒါပေမဲ့ လူသားတွေက ဒီရည်မှန်းချက်ကို ပြင်ပကနေ ယန္တရားဆန်ဆန် ဖော်ထုတ်ထားတာ မဟုတ်ဘူး။ လူသားတွေက သဘာဝတရားနဲ့ တိုက်ပွဲဝင်ရင်း၊ သူတို့ ကျင်လည်နေရတဲ့ ရုပ်ဘဝ ဝန်းကျင် အခြေအနေတွေနဲ့ သဟဇာတဖြစ်အောင် ပြောင်းလဲ ရှင်သန်ရင်း သဘာဝ အရိုင်း အင်အားစုတွေအပေါ် လူသားတွေရဲ့ စွမ်းပကားက အဆက်မပြတ် ကြီးထွားလာခဲ့တယ်။
လူ့အဖွဲ့အစည်း စနစ်ဟောင်းက ကုန်ထုတ် စွမ်းအားစုတွေကို ဆက်လက် ဖွံ့ဖြိုးအောင် လုပ်ပေးနိုင်စွမ်း မရှိတော့တဲ့အခါမှသာ ခေတ်ပြောင်း တော်လှန်ရေး (အပေါ်ယံ နိုင်ငံရေး အပြောင်းအလဲလောက်ကို ဆိုလိုခြင်း မဟုတ်) တရပ် ဖြစ်ပေါ်လာဖို့ လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်။ ဒီလို အခြေခံ သဘောတရား ထုတ်ထားပေမဲ့ လူမှု စနစ်ဟောင်းက ဘောဂဗေဒ ရှုထောင့်အရ ခေတ်နောက်ပြန်ဆွဲနေပြီ ဆိုရုံနဲ့ သေချာပေါက် ပြိုကျသွားမယ်လို့ မဆိုလိုဘူး။ မာ့(က်စ်) ပြောနေတဲ့ သဘောတရားက အဲဒီလို လုံးဝ မဟုတ်ပါဘူး။
ကုန်ထုတ် စွမ်းအားစုတွေဟာ သမိုင်းဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုရဲ့ အခြေခံ မောင်းနှင်အားတွေ ဖြစ်ပေမဲ့ သူတို့ဟာ လူသားတွေနဲ့ သီးခြား ကင်းလွတ်ပြီး ဖြစ်ပေါ်နေတာ မဟုတ်ဘူး၊ လူသားတွေကတဆင့် တိုးတက် ပြောင်းလဲနေခြင်းသာ ဖြစ်တယ်။ မှန်ပါတယ်၊ ကုန်ထုတ် စွမ်းအားစုတွေရဲ့ ဖြစ်ပေါ်တိုးတက်မှုဟာ ခင်ဗျားတို့ ကျနော်တို့ လူတဦးချင်းစီရဲ့ စိတ်ဆန္ဒအပေါ် မှီခိုနေခြင်း မရှိဘူး၊ ဒါ့အပြင် ဒီကနေ့ သက်ရှိထင်ရှား ရှိနေတဲ့ လူသားတွေရဲ့ စုပေါင်း စိတ်ဆန္ဒအပေါ်မှာတောင် အနည်းအကျဉ်းလောက်ပဲ မှီခိုနေတယ်။ (ဘာ့ကြောင့်လဲ။ ရှင်းပါတယ်၊ ဒီကနေ့ ကျနော်တို့ လက်ဝယ် ရှိနေတဲ့ ကုန်ထုတ် စွမ်းအားစုတွေဆိုတာ အတိတ်က လက်ဆင့်ကမ်းပေးသွားတဲ့ စုပေါင်း အမွေအနှစ် ဖြစ်နေလို့ပဲ။ ဒီကနေ့ခေတ်ရောက်မှ အသစ် ထွင်ထားတဲ့ နည်းပညာတွေ၊ စက်ယန္တရားတွေ အမြောက်အမြား ရှိပါတယ်။ ဒါပေမဲ့ အဲဒီလို တီထွင်ဖန်တီးနိုင်ဖို့ အတိတ် သမိုင်းက စုဆောင်းရရှိထားတဲ့ capital အပေါ် အခြေပြုထားရတယ်။)
ကုန်ထုတ် စွမ်းအားစုတွေက လူ့အဖွဲ့အစည်း စနစ်ဟောင်းအတွင်း ရှေ့ဆက် မဖွံ့ဖြိုးနိုင်တော့တဲ့အခါ လူသားတွေရဲ့ စွမ်းပကား ရှေ့ဆက် တိုးချဲ့နိုင်ဖို့ လူနေမှု စနစ် အပြောင်းအလဲကို မဖြစ်မနေ လိုအပ်လာတယ်၊ အဲဒီလို မဖြစ်မနေ လိုအပ်ခြင်းသဘော (နိယာမသဘော) ကို မာ့(က်စ်)ဝါဒက ရှင်းပြတယ်။ ဒါပေမဲ့ နေထွက်ခြင်း၊ နေဝင်ခြင်းတို့လို သူ့အလိုလို ဖြစ်ပေါ်လာမဲ့ အရာတွေလို့ ပြောနေခြင်း မဟုတ်ဘူး။ ရုပ်ဝါဒ သမိုင်းရေး အမြင်ကို ဆန့်ကျင်သူတွေကတော့ သူ့အလိုလို ပြိုကျသွားမယ့်သဘော ပြောနေသယောင် ပုံဖော် တိုက်ခိုက်လေ့ရှိတယ်။ တကယ်တော့ အဲဒါနဲ့ ပြောင်းပြန်။ ကုန်ထုတ် စွမ်းအားစုတွေက တည်ဆဲ ကုန်ထုတ် ဆက်ဆံရေး စနစ်အတွင်း ဘယ်လိုမှ နေလို့မရတော့ရင် ခေတ်ပြောင်း တော်လှန်ရေး တရပ် ပေါ်ပေါက်နိုင်တဲ့ ရေခံမြေခံတွေ ဖန်တီးပြီးသား ဖြစ်နေပြီ။ ဒီအခြေအနေ ရောက်ရင် လူ့အဖွဲ့အစည်း စနစ် အပြောင်းအလဲကို လူသားတွေကိုယ်တိုင် ဖော်ဆောင်ရခြင်း ဖြစ်တယ်။ တိတိကျကျ ပြောရရင် လူတန်းစားတွေအဖြစ် ဖွဲ့တည်နေသော လူသားတွေရဲ့ တိုက်ပွဲကနေ စနစ် အပြောင်းအလဲကို အကောင်အထည်ဖော်ရခြင်း ဖြစ်တယ်။
စနစ်ဟောင်း လူ့အဖွဲ့အစည်းကို အုပ်စိုးနေတဲ့ လူတန်းစား တရပ်ကို အစားထိုးပစ်ဖို့ ကုန်ထုတ် စွမ်းအားစုတွေ ရှေ့ဆက် တိုးတက်ရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ လူမှု စနစ်သစ်ကို အမှန်တကယ် တည်ဆောက်နိုင်တဲ့ လူတန်းစား အသစ် တရပ် ရှိရမယ်။ ဒါပေမဲ့ လူမှု စနစ်တခု သက်တမ်းကုန်သွားပြီ ဆိုတာနဲ့ အုပ်စိုးသူ လူတန်းစားဟောင်းကို ဖယ်ရှားပစ်ဖို့ အသင့်ဖြစ်နေတဲ့ (လုံလောက်တဲ့ အသိစိတ်၊ လုံလောက်တဲ့ စည်းရုံးမှု၊ လုံလောက်တဲ့ အင်အား အသင့်ဖြစ်နေတဲ့) လူတန်းစား အသစ်တရပ်က အမြဲတမ်း ရှိနေတာတော့ မဟုတ်ဘူး။
ဒါနဲ့ ဆန့်ကျင်ဖက်ပဲ။ ခေတ်ဟောင်း လူ့အဖွဲ့အစည်းက သက်တမ်းလွန်နေပြီ ဖြစ်ပေမဲ့ အုပ်စိုးသူ လူတန်းစား အဟောင်းကို ဖြိုချပြီး လူ့အဖွဲ့အစည်း စနစ်သစ်ကို ပုံဖော်နိုင်စွမ်း ရှိတဲ့ လူတန်းစား အသစ်တရပ် မရှိခဲ့လို့ လူ့သမိုင်း နောက်ပြန်ကျသွားတဲ့ အဖြစ်တွေ အကြိမ်ကြိမ် တွေ့ခဲ့ရပြီးပြီ။ ရှေးခေတ် ရောမ ကျေးကျွန် လူ့အဖွဲ့အစည်း ပျက်သုဉ်းခန်းကို နမူနာကြည့်ပါ။ ပဒေသရာဇ် လူ့အဖွဲ့အစည်း သက်တမ်းလွန်လာတဲ့ ခေတ် ရောက်ပြန်တော့လဲ ခေတ်သစ် အရင်းရှင် စနစ်ဆီ ဦးဆောင်သွားနိုင်တဲ့ ဘူဇွာ လူတန်းစားက အမြဲတမ်း ရှိနေခဲ့တာ မဟုတ်ပြန်ဘူး။
ဒါ့ကြောင့် လူ့သမိုင်းက နိမ့်ရာကနေ မြင့်ရာကို အမြဲတမ်း ဖြေးဖြေးမှန်မှန် တက်လှမ်းလာတဲ့ curve တခု မဟုတ်ဘူး။ ကာလတာရှည် တုံ့ဆိုင်းနေတဲ့ ခေတ်တွေလဲ ရှိခဲ့သလို ဘာဘရစ်ဇင် အရိုင်းခေတ်ဆီ နောက်ပြန်ကျသွားတဲ့ ကာလတွေလဲ ရှိခဲ့တယ်။ လူ့အဖွဲ့အစည်းတွေဟာ အမြင့်ကို တက်လာတယ်၊ အဆင့်တခုကို ရောက်သွားတယ်၊ ဒါပေမဲ့ အဲဒီ အမြင့် အနေအထားမှာ ဆက်ထိန်းမထားနိုင်ဘူး။ လူတန်းစား တိုက်ပွဲ၊ တိုင်းပြည်တွေရဲ့ တိုက်ပွဲတွေကြောင့် လူသားမျိုးနွယ်က နေရာ တခုတည်း အငြိမ် တည်နေခြင်း မရှိဘူး။ ရှေ့ဆက် မချီတက်နိုင်တဲ့ လူ့အဖွဲ့အစည်းတခုဟာ နောက်ကို ပြန်ခေါက်ကျတယ်၊ လူ့အဖွဲ့အစည်းကို ရှေ့ဆက် သယ်ဆောင်သွားနိုင်တဲ့ လူတန်းစား မရှိရင် အဲဒီ လူ့အဖွဲ့အစည်းဟာ တစတစ ပြိုကွဲထွက်သွားပြီး ဘာဘရစ်ဇင်ခေတ်ဆီ လမ်းပွင့်သွားလေ့ရှိတယ်။
အင်မတန် ရှုပ်ထွေးလှတဲ့ သမိုင်း ဖြစ်စဉ်ကို ရှင်းရှင်းလင်းလင်း နားလည်ဖို့ဆိုရင် ယေဘုယျ abstract စဉ်းစားချက်တွေနဲ့ မလုံလောက်ဘူး။ သက်ဆိုင်ရာ တိုင်းပြည်၊ လူ့အဖွဲ့အစည်း အသီးသီးက သမိုင်းဆိုင်ရာ အခိုင်အမာ အချက်အလက်တွေကို အပတ်တကုတ် လေ့လာဖို့ လိုအပ်တယ်။
အထူးသဖြင့် အဲဒီ လူ့အဖွဲ့အစည်းတွေရဲ့ ဘောဂဗေဒ သမိုင်းကို အခိုင်အမာ လေ့လာရမယ်။ ဒီတော့မှသာ လူ့အဖွဲ့အစည်းရဲ့ လှုပ်ရှားပြောင်းလဲပုံ (inner mechanics) ကို ရှင်းရှင်းလင်းလင်း ဖမ်းဆုပ်မိမယ်။ ဒီသဘောတရားကို အခိုင်အမာ နားလည်ထားမှသာ မာ့(က်စ်)ဝါဒကို လက်တွေ့ လူတန်းစား တိုက်ပွဲမှာ မှန်မှန်ကန်ကန် အသုံးချနိုင်လိမ့်မယ်။
သူရိန်မွန်
အောက်တိုဘာ၊ ၂၀၂၆
[အယ်ဒီတာ့ အာဘော် ဆောင်းပါးကို ရေးရာမှာ လီနင် ရေးတဲ့ what the “friends of the people” are and how they fight the social-democrats စာအုပ် နဲ့ ထရော့စကီး ရေးတဲ့ The First Five Years of the Communist International စာအုပ် အတွဲ (၂)၊ A School of Revolutionary Strategy အခန်း၊ အဖွင့် မိန့်ခွန်းကို အဓိက အခြေခံထားပါတယ်။]
[1] ဒီနေရာမှာ Hegelian triad ဆိုတဲ့ အသုံးကို အန်းဂယ်(လ်စ်)နဲ့ လီနင်တို့ကိုယ်တိုင် ဆက်သုံးခဲ့ပေမဲ့ ဟေဂယ်(လ်)ရဲ့ ဒိုင်ယာလက်တစ်ကို အဲဒီလို ဖော်မြူလာ ပုံကြမ်းဆန်တဲ့ triad တခုလို့ သူတို့ ဘယ်တုန်းကမှ မဆိုလိုခဲ့ဘူး။ မာ့(က်စ်)ရဲ့ ဒိုင်ယာလက်တစ်က Hegelian triad နဲ့ အတူတူပဲလို့ ဝေဖန်သူတွေကို တုံ့ပြန်ရာမှာ ဒီစကားလုံးကို သူတို့ သုံးထားတဲ့အတိုင်း ဆက်သုံးပြီး ရှင်းပြခြင်းသာ ဖြစ်တယ်။ တကယ်တော့ ‘thesis-antithesis-synthesis’ ဆိုတဲ့ အယူအဆကို ၁၇၉၀ ပြည့်နှစ်များမှာ စတင် ဖော်ထုတ်ခဲ့သူက Kant အမွေဆက်ခံသူလို့ ပြောကြတဲ့ Fichte ဖြစ်ပါတယ်။ ဟေဂယ်(လ်)က ဒိုင်ယာလက်တစ် လော့ဂျစ်ကို ဒီလောက်နဲ့ ရပ်ခဲ့သူ မဟုတ်ပါဘူး၊ အမြင့်ဆုံးအထိ ဆက်လက် ဖွံ့ဖြိုးစေခဲ့သူ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဟေဂဲလီယန်း triad လို့ အသုံးတွင်ကျယ်နေပေမဲ့ ဟေဂယ်(လ်)က ဒိုင်ယာလက်တစ်ကို triad နဲ့ ရှင်းပြခဲ့တယ်လို့ မဆိုလိုပါဘူး။




