လက်နက်ကိုင် တော်လှန်ရေးနဲ့ မာ့(က်စ်)ဝါဒအမြင်

(The Struggle မဂ္ဂဇင်း အတွဲ ၁၊ အမှတ် မျက်နှာဖုံးအထူးဆောင်းပါး)

 

ဗမာပြည် နိုင်ငံရေးသမိုင်းမှာ လက်နက်ကိုင် တော်လှန်ရေး ‘armed struggle’ (AS) ရဲ့ အစဉ်အလာက အတော်ကြီးမားပါတယ်။ ဗြိတိန် အင်ပိုင်ယာအောက်ကနေ ‘formal independence’ ကို ကြေညာပြီး လပိုင်းအကြာမှာပဲ လက်ယာဂိုဏ်းသားတွေကြီးစိုးတဲ့ ဖဆပလ အစိုးရက ဗမာပြည် ကွန်မြူနစ်ပါတီကို အကြမ်းဖက် နှိပ်ကွပ်မှုတွေ လုပ်ခဲ့တယ်။ ဒီလို ဖဆပလအစိုးရဲ့ အကြမ်းဖက်နှိပ်ကွပ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဗမာပြည် ကွန်မြူနစ်ပါတီက ကျေးလက်အခြေခံ လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့တယ်။ မြို့ပြ အလုပ်သမား လူတန်းစားကို mobilise လုပ်ပြီး တုံ့ပြန်တိုက်ပွဲမဝင်ခဲ့ဘူး။ ကွန်မြူနစ်ပါတီဟာ အလုပ်သမား လူတန်းစားရဲ့ တပ်ဦးပါတီ ဖြစ်တယ်လို့ ကြွေးကြော်ထားပေမယ့် တကယ့်လက်တွေ့မှာတော့ အလုပ်သမား လူတန်းစားကို ကျောခိုင်းပြီး မော်ဝါဒ လမ်းစဉ်ဖြစ်တဲ့ ကျေးလက်အခြေခံ မြို့ကိုဝိုင်းဆိုတဲ့ ‘Rural AS’ လမ်းကိုသာ လိုက်ခဲ့တယ်။ ၁၉၄၈ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိ နှစ်ပေါင်း ၄၀ကျော် ဒီလမ်းကို လျှောက်ခဲ့တယ်။ ဗကပအပြင် တခြားလူမျိုးစု အခြေခံ လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း အမြောက်အမြား ထွက်ပေါ်လာခဲ့တယ်။ အဲဒီအစဉ်အလာက ဒီကနေ့ခေတ် ရယ်ဒီကယ် လူငယ်အလွှာရဲ့ တွေးခေါ်စဉ်းစားမှုအပေါ် ကြီးကြီးမားမား လွှမ်းမိုးထားခဲ့တယ်။ တော်လှန်ရေး မဟာဗျူဟာ ‘revolutionary strategy’ လို့ဆိုလိုက်ရင် “လက်နက်ကိုင် တော်လှန်ရေး Vs အကြမ်းမဖက် လှုပ်ရှားမှု Non-violence” အဖြစ်ပဲ မြင်ကြတော့တယ်။

 

အရာရာကို လက်နက်ကိုင်ခြင်း AS ဒါမှမဟုတ် လက်နက်မကိုင်ခြင်း Non-violence အဖြစ်ပဲ လျှော့ချပစ်လိုတဲ့ ယန္တယားဆန်ဆန် ‘mechanistic reductionist’ အမြင်ဖြစ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးမှတပါး အခြားမရှိဆိုသူတွေ (စတာလင်ဝါဒီ-မော်ဝါဒီတွေ၊ အန်းနခစ်တွေ၊ စသဖြင့်)သာမက၊​ အကြမ်းမဖက်ရေးကို တရားသေ ဖက်တွယ်ထားသူတွေ အားလုံးဟာ ဆန့်ကျင်ဖက်လို့ ထင်ရပေမယ့် ယန္တယားဆန်တဲ့ ‘mechanistic reductionist’ အမြင်ကို ကိုင်စွဲကျင့်သုံးရာမှာတော့ အတူတူပါပဲ။

 

လူတန်းစား တိုက်ပွဲအမြင်

‘mechanistic reductionist’ အမြင်ကို ဆန့်ကျင်ဝေဖန်ပေမယ့် ကျနော်တို့ မာ့(က်စ်)ဝါဒီတွေဟာ အလုပ်သမား လူတန်းစား ဦးဆောင်ပြီး သွေးစုပ်ခံ လူထုကိုယ်တိုင် လက်နက်စွဲကိုင် တော်လှန်ခြင်းကို ဆန့်ကျင်ခြင်း လုံးဝမရှိပါဘူး။

“A people or a class that is not prepared to fight for its freedom, arms in hand, does not deserve to be free.” (Alan Woods, Ireland: Republicanism and Revolution)

“ဓားမိုးပြီး ကျွန်ပြုထားတဲ့ကိစ္စကို ဓားဆွဲပြီး ပြန်လှန်ခုခံရမှာကို ကြောက်စရာလို့ ထင်နေရင်လည်း ဒီလူမျိုးဟာ ကျွန်ဘဝနဲ့ပဲ ထိုက်တန်တယ်လို့ ရာဇဝင်က အဆုံးအဖြတ်ပေးပါလိမ့်မယ်။” (ဗန်းမော်တင်အောင်၊ ရိုးမတိုက်ပွဲ)

 

ရွှေပြည်အေးဝါဒီတွေ ကိုယ်ကျင့်တရားရှုထောင့်အရ ဘာတွေပဲပြောပြော သမိုင်းမှာ အရေးကြီး ပြဿနာတိုင်းကို နောက်ဆုံးမှာ အင်အားနဲ့ပဲ အဆုံးအဖြတ်ပြုခဲ့တာပါ၊ နိုင်ငံတွေကြားက တိုက်ပွဲတွေကိုကြည့်မလား၊ လူတန်းစား တိုက်ပွဲတွေကို ကြည့်မလား။ ဒီအချက်နဲ့ပတ်သက်လို့ မာ့က်စ်ဝါဒီတွေ ဘယ်သူ့ဆီကမှ ဩဝါဒခံစရာ မလိုပါဘူး။ လက်နက်ကိုင် တော်လှန်ရေးရဲ့ အရေးပါမှုကို ကျနော်တို့ မာ့(က်စ်)ဝါဒီတွေ ကောင်းကောင်းနားလည်တယ်။ မာ့(က်စ်)ဝါဒီတွေအဖို့တော့ ဒီအချက်ဟာ ကကြီးခခွေး သမိုင်းသင်ခန်းစာ အဆင့်ပါပဲ။ ဒါပေမယ့် ကကြီးခခွေး ပြီးရင် တခြား အက္ခရာတွေ ရှိသေးတာလည်း မေ့ထားလို့မရဘူး။ အရာရာတိုင်းကို လက်နက်ပြဿနာအဖြစ် လျှော့ချခြင်းဟာ မှားတယ်။ အလုပ်သမား လူတန်းစားအနေနဲ့ လက်နက်တွေ ကိုင်တွယ်အသုံးပြုနည်း သင်ထားသင့်တယ်ဆိုတာ အမှန်ပဲ၊ ဒါပေမယ့် အလုပ်သမား လူတန်းစားမှာ တခြားသင်စရာတွေလည်း အများကြီး ရှိသေးတယ်၊ ဥပမာ ဘယ်အချိန်မှာ လက်နက်တွေ အသုံးပြုပြီး ဘယ်အခါမှာ မသုံးသင့်ဘူးလဲ၊ စသဖြင့်။ လူတန်းစား တိုက်ပွဲမှာ လက်နက် ကိရိယာ အမြောက်အမြား ရှိသလို တိုက်ပွဲပုံသဏ္ဍာန်လည်း အများအပြားရှိတယ် – သပိတ်၊ အထွေထွေသပိတ်၊ လူထုချီတက်ပွဲ၊ ဘွိုင်းကောက်လှုပ်ရှားမှု၊ ပါလီမန် တိုက်ပွဲ စသဖြင့်။ အလုပ်သမား လူတန်းစား အရေးတော်ပုံ အောင်မြင်ဖို့ အဲဒီတိုက်ပွဲ နည်းလမ်းပေါင်းစုံကို ဘယ်လိုအသုံးပြုရမလဲ လေ့လာသင်ယူထားရမယ်။ ဒါ့အပြင် မတူညီတဲ့ ဒီတိုက်ပွဲနည်းလမ်းတွေကို မတူညီတဲ့ အချိန်အခါ အခြေအနေတွေအပေါ်မူတည်ပြီး အဟပ်ညီအောင် အသုံးချနိုင်စွမ်းရှိဖို့ လိုသေးတယ်။ ဒါ့ကြောင့် “လက်နက်ကိုင်ခြင်း Vs လက်နက်မကိုင် အကြမ်းမဖက်ခြင်း”ဆိုပြီး “အဖြူ သို့မဟုတ် အမည်း” ချဉ်းကပ်နည်းကို ယန္တယားဆန်လွန်းတဲ့ reductionist အမြင်လို့ ဆိုခဲ့ခြင်းဖြစ်တယ်။

 

အလုပ်သမား လူတန်းစားရဲ့ တိုက်ပွဲနည်းလမ်းတွေဟာ လယ်သမား၊ ပက်တီးဘူဇွာနဲ့ လန်ပန်ပစ္စည်းမဲ့လို တခြား လူတန်းစားတွေရဲ့ နည်းလမ်းတွေနဲ့ လုံးဝကွဲပြားခြားနားပါတယ်။ အလုပ်သမား လူတန်းစားဟာ ထုတ်လုပ်ရေး ဖြစ်စဉ်မှာ စုပေါင်း ထုတ်လုပ်ရတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရသူတွေဖြစ်တယ်။ ဒါ့ကြောင့် အလုပ်သမား လူတန်းစားရဲ့ တိုက်ပွဲနည်းလမ်းတွေဟာလည်း ဒီအချက်ကို ထင်ဟပ်ပြီး စုပေါင်းဆောင်ရွက်ရတဲ့ နည်းလမ်းတွေ “collective methods” ဖြစ်နေတယ်။ သပိတ်နဲ့ အထွေထွေသပိတ်တွေမှာ အလုပ်သမား ထုနဲ့ထည်နဲ့ ပါဝင် ဆင်နွှဲကြတယ်၊ ဒီမိုကရေစီနည်းကျ ဆွေးနွေးငြင်းခုန်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ကြတယ်။ ဒီလို တိုက်ပွဲတွေဟာ ဆိုရှယ်လစ် စနစ်အတွက် လေ့ကျင့်ပြင်ဆင်ပေးတဲ့ ဘဝကျောင်းတော်ကြီးတခုပဲ၊ အလုပ်သမား လူတန်းစားရဲ့ အသိစိတ်ကို စူးရှထက်မြက်လာစေတယ်။

 

ဒါနဲ့ ဆန့်ကျင်ဖက်ပဲ၊ အလုပ်သမား လူတန်းစား ဒါမှမဟုတ် လူထု လွတ်မြောက်ရေး ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး သူရဲကောင်း လက်တဆုပ်စာ ဆင်နွှဲနေတဲ့ “လက်နက်ကိုင် တော်လှန်ရေး”နည်းလမ်းဟာ အသုံးမဝင်ဘူး ဆိုတာထက်ကို ပိုဆိုးရွားပါတယ်။ အလုပ်သမား လူတန်းစားကိုယ်တိုင် အင်တိုက်အားတိုက် ရုန်းထ တိုက်ပွဲဝင်တာမျိုး မဟုတ်ဘဲ လက်တဆုပ်စာ လက်နက်ကိုင် အဖွဲ့လေးတွေက အလုပ်သမား လူတန်းစားနေရာ အစားထိုးပြီး AS ဆင်နွှဲခြင်းဟာ မထိရောက်ရုံသာမက counterproductive ဖြစ်စေတယ်၊ အလုပ်သမား လူတန်းစားက သူ့လူတန်းစားသူ ယုံကြည်ကိုးစားမှု တိုးမလာစေဘဲ ပီဒီအက်(ဖ်)တွေက ကာကွယ်ပေးမယ်၊ အီးအေအိုတွေက ကယ်တင်ပေးမယ်လို့ပဲ ထင်သွားစေမယ်။ လူတန်းစား အသိစိတ်ကို မြှင့်တင်မပေးတဲ့အပြင် ကျဆင်းသွားစေတာပဲ အဖတ်တင်တယ်။ ဒါ့ကြောင့် counterproductive ဖြစ်တယ်လို့ ပြောတာ။

 

ကျနော်တို့ မာ့(က်စ်)ဝါဒီတွေက တိုက်ပွဲ ပုံသဏ္ဍာန်တခု ထိရောက်သလား၊ တိုးတက်တဲ့ နည်းလမ်းလား အကဲဖြတ်ရာမှာ ဒီပေတံနဲ့ပဲ တိုင်းပါတယ်။ “အလုပ်သမား လူတန်းစားရဲ့ အသိစိတ်ကို စူးရှထက်မြက်စေတယ်၊​ အလုပ်သမား လူတန်းစားကိုယ်တိုင် သူ့လူတန်းစားရဲ့ စွမ်းပကားကို သိမြင်သထက် သိမြင်ပြီး ယုံကြည်မှု ပိုအား ကောင်းလာစေတယ်ဆိုရင်” အဲဒီတိုက်ပွဲပုံစံကို တိုးတက်တယ်၊ ထိရောက်တယ်လို့ အကဲဖြတ်ပါတယ်။ အဲသလို မဟုတ်ဘဲ “အလုပ်သမား လူတန်းစားရဲ့ အသိစိတ်ကို ကျဆင်းစေပြီး တခြားသူရဲကောင်း အစုအဖွဲ့တွေက အလုပ်သမား လူတန်းစား လွတ်မြောက်ရေးကို ကိုယ်စားဆောင်ရွက်ပေးဖို့ မျှော်ကိုးသွားစေတဲ့ သက်ရောက်မှုမျိုးသာရစေရင်” အဲဒီတိုက်ပွဲ နည်းလမ်းကို ဖောက်ပြန်တယ်လို့ အကဲဖြတ်တယ်။ ရွှေပြည်အေးဝါဒီတွေလို ကိုယ်ကျင့်တရားစံတွေ ကိုင်စွဲပြီး တရားသေ မချဉ်းကပ်သလို “ဘယ်လက်နက်ကိုင်အဖွဲ့က ဆော်ထည့်လိုက်တာ စစ်ခွေး ဘယ်နှကောင် ရှောသွားတာပဲ” ဆိုတဲ့ ကိန်းဂဏန်းအခြေပြု ယန္တယားဆန်လွန်းတဲ့ အမြင်မျိုးနဲ့လည်း မချဉ်းကပ်ပါဘူး။

 

စုစည်းထားသော အလုပ်သမား လှုပ်ရှားမှုက ခေါင်းဆောင်မှုနေရာကို ကနဦး ရယူထားနိုင်ရမယ်”

 

တဦးချင်း လုပ်ကြံသတ်ဖြတ်ရေးဝါဒကို ကျနော်တို့ မာ့(က်စ်)ဝါဒီတွေ ဆန့်ကျင်ကြတယ်။ ဒါပေမယ့် ကျနော်တို့ဟာ အကြမ်းမဖက်ရေးကိုပဲ တရားသေ ဖက်တွယ်ထားတဲ့ ရွှေပြည်အေးဝါဒီတွေ မဟုတ်ဘူး။ တဦးချင်း လုပ်ကြံသတ်ဖြတ်ရေးဝါဒဟာ သူရည်ရွယ်ရာနဲ့ ဆန့်ကျင်ဖက် အကျိုးသက်ရောက်မှုကိုပဲ ဖြစ်စေသလို ရွှေပြည်အေးဝါဒဟာလည်း သူရည်ရွယ်ရာနဲ့ ဆန့်ကျင်ဖက် အကျိုးသက်ရောက်မှုကိုပဲ ဖြစ်စေတယ်။ ရန်သူလူတန်းစားက အကြမ်း ဖက် သတ်ဖြတ်နေချိန်မှာ အကြမ်းမဖက်ရေးနည်းကိုပဲ တရားသေဖက်တွယ်ထားခြင်းဟာ ကိုယ့်ဖက်က အင်အားချိနဲ့မှုကို ထုတ်ပြရာ ရောက်တယ်။ ဒီလို အင်အားချိနဲ့မှုကို ထုတ်ပြလေ ရန်သူ့ဘက်က အတင့်ရဲ သတ်ဖြတ်လေပဲ။ မာ့(က်စ်)ဝါဒီတွေဟာ အုပ်စိုးသူ လူတန်းစားနဲ့ လက်ပါးစေတွေ ပုံဖော်လေ့ရှိသလို အကြမ်းဖက်မှုကို အလိုရှိသူတွေ မဟုတ်ကြပါဘူး၊ ဒါပေမယ့် သမိုင်းကို လက်တွေ့ကျကျ သိမြင်နားလည်ထားသူတွေ ဖြစ်တယ်။ သမိုင်းမှာ ဘယ်အုပ်စိုးသူ လူတန်းစားကမှ ဝေဿန္တရာလို အာဏာကို ရေစက်ချ ပေးဝေရိုးထုံးစံ မရှိဘူး။ သူတို့ရဲ့ အခွင့်ထူးတွေ၊ အာဏာတွေကို အကြမ်းဖက် ခုခံကြမြဲဖြစ်တယ်။ ဒါ့ကြောင့်လည်း “အင်အားဟာ လူ့အဖွဲ့အစည်းအသစ် သန္ဓေကို လွယ်ထားတဲ့ လူ့အဖွဲ့အစည်းဟောင်းကို ကူညီမွေးဖွားပေးရသော သားဖွားလက်သည်ဖြစ်တယ်” လို့ မာ့(က်စ်)က ဆိုခဲ့ခြင်းဖြစ်တယ်။ သို့သော် လူထု လှုပ်ရှားမှု မရှိသေးချိန် ဒါမှမဟုတ် လူထု အရေးတော်ပုံ ပြိုကွဲသွားချိန်မျိုးမှာ လူထု လှုပ်ရှားမှုနဲ့ သီးခြားကင်းလွတ်ပြီး သီးသန့်တည်ရှိနေတဲ့ AS ပုံစံ ဖော်ဆောင်ရေး အယူအဆဟာ လုံးဝ မှားတယ်။

 

စုစည်းထားသော အလုပ်သမား လှုပ်ရှားမှုက ခေါင်းဆောင်မှုနေရာကို ကနဦး ရယူထားနိုင်ရမယ်၊ ဒီအလားအလာကို ၂၀၂၁ နွေဦး တော်လှန်ရေး အားကောင်းချိန် အစောပိုင်းလတွေမှာ မြင်တွေ့ခဲ့ရတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း စည်းရုံးစုစည်းထားနိုင်ခဲ့တဲ့ အလုပ်သမား လူတန်းစားက တပ်ဦးကနေ ထွက်တိုက်ခဲ့တယ်။ ကျန်အဖိနှိပ်ခံ လူထုကြီးကို လမ်းမထက် လူထု လှုပ်ရှားမှုထဲ ပါဝင်လာအောင် တပ်လှန့်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် အလုပ်သမား အဖွဲ့အစည်း ခေါင်းဆောင်ပိုင်း နေရာယူထားသူတွေကိုယ်တိုင်က ဘူဇွာ လစ်ဘရယ်တွေရဲ့ နောက်မြီးဆွဲသာ လုပ်ခဲ့ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သပိတ် စစ်ကြောင်းတွေ ချီတက်ရင်း စုဖွဲ့မှုတွေ မြင်တွေ့ခဲ့ရတယ်။ တခွင်တပြင်လုံး အတိုင်းအတာနဲ့ ကျယ်ပြန့်တဲ့၊ ခိုင်မာအားကောင်းတဲ့ အဆင့်အထိ မရောက်ခဲ့ဘူး။ တပြည်လုံး အတိုင်းအတာနဲ့ တိုက်ပွဲထဲက ထွက်ပေါ်လာသော democratic structure တခု မတည်ဆောက်နိုင်ခဲ့ဘူး။ ဒီလို တည်ဆောက်ဖို့ လမ်းကြောင်းကို ကျနော်တို့ မာ့(က်စ်)ဝါဒီတွေ အစွမ်းကုန် ကြိုးစားပြီး ဖော်ထုတ်ခဲ့တယ်။ ဒါပေမယ့် မာ့(က်စ်)ဝါဒီ ကေဒါအရေအတွက်ဟာ အင်မတန် နည်းပါးခဲ့တယ်။ အရည်အသွေးပြည့်ဝသော မာ့(က်စ်)ဝါဒီ ကေဒါတွေ အရေအတွက် အလုံအလောက်ရှိတဲ့ အလုပ်သမား လူတန်းစား ပါတီကြီးတခုသာ အော်တာနေးတစ်အနေနဲ့ရှိခဲ့ရင် အခြေအနေဟာ လုံးဝခြားနားခဲ့လိမ့်မယ်။ အလုပ်ခွင်တိုင်းမှာ၊ ရပ်ကွက်တွေမှာ အောက်ခြေ တိုက်ပွဲဝင် လူထုထဲကနေ ဒီမိုကရေစီနည်းကျ ရွေးကောက်ဖွဲ့စည်းထားတဲ့ သပိတ်ကော်မတီတွေ၊ တိုက်ပွဲ ဦးဆောင်ကော်မတီတွေ ပေါ်ပေါက်လာအောင် စုစည်းနိုင်မယ်၊​ ဒီလို ဒီမိုကရေစီနည်းကျ ရွေးကောက် ဖွဲ့စည်းထားတဲ့ သပိတ်ကော်မတီတွေ၊​ တိုက်ပွဲ ဦးဆောင်ကော်မတီတွေကို မြို့နယ်အဆင့်ကနေ ပြည်နယ်အဆင့်၊ ဒီကနေ တပြည်လုံးအဆင့်အထိ ခိုင်မာအားကောင်းအောင် စုစည်းသွားနိုင်မယ်။ တချိန်တည်းမှာပဲ ဒီလို တိုက်ပွဲကြားက ထွက်ပေါ်လာတဲ့ တော်လှန်ရေး ခေါင်းဆောင်မှုအောက်မှာ အလုပ်သမား၊ လယ်သမားနဲ့ လူငယ်ထုကိုယ်တိုင် ခုခံကာကွယ်ရေး အင်အားကို တခွင်တပြင်လုံး အတိုင်းအတာနဲ့ ပြင်ဆင်ထားနိုင်မယ်။ ဒါ့ကြောင့် AS ဟာ အလုပ်သမား လူတန်းစား ခေါင်းဆောင် လှုပ်ရှားတဲ့ ဒီလို လူထုတိုက်ပွဲရဲ့ အတွင်းသား အစိတ်အပိုင်းတခုသာ ဖြစ်ရမယ်၊ လူထု အရေးတော်ပုံနဲ့ ကင်းလွတ်နေတဲ့ ‘the whole’ မဖြစ်ရဘူး။

 

အောက်တိုဘာ တော်လှန်ရေး ဘာ့ကြောင့် အောင်ပွဲဆင်ခဲ့သလဲ

 

လှုပ်ရှားမှုရဲ့ တချို့အလွှာကြားမှာ သေနတ်ရဲ့ သီးခြား ပါဝါကို လိုတာထက် ပိုတွက်မိတတ်ကြတယ်။ ကြီးမားတဲ့ အမှားတခုလို့ ဆိုရမယ်။ တချက်လေး စဉ်းစားကြည့်ပါ။ ဒီအယူအဆသာ အမှန်ဆိုရင် သမိုင်းမှာ ဘယ်တော်လှန်ရေးမှ အောင်ပွဲခံနိုင်ခဲ့မှာ မဟုတ်ဘူး။ တည်ဆဲနိုင်ငံတော်မှာ တော်လှန်ရေးသမားတွေထက် စစ်လက်နက်အင်အားသာလွန်ခဲ့တာချည်းပဲ။ တော်လှန်ရေးတွေ အောင်ပွဲဆင်နိုင်ခဲ့တာ စစ်အင်အား ကြီးမားလွန်းလို့ မဟုတ်ဘူး။ လူထုကိုယ်တိုင် တော်လှန်ပုန်ကန်လာလို့ ဖြစ်တယ်။ လူထုကြီး ရုန်းထတိုက်ပွဲဝင်လာရင် နိုင်ငံတော်ကို ဖရိုဖရဲဖြစ်စေပြီး ပါဝါမဲ့သွားစေနိုင်တယ်။

 

အောက်တိုဘာ တော်လှန်ရေး အောင်ပွဲဆင်နိုင်ခဲ့တာ ဘာ့ကြောင့်လဲ ကြည့်ပါ။ ဘော်ရှီဗစ်တွေက ဇာဘုရင့် စစ်တပ်ထက် စစ်လက်နက်အင်အား သာလွန်နေလို့လား။ မဟုတ်ပါ။ ၁၉၁၇ ဖေဖော်ဝါရီ တော်လှန်ရေးဖြစ်တော့ ဘော်ရှီဗစ် ပါတီဝင် ၈၀၀၀ ဝန်းကျင်ပဲ ရှိခဲ့တယ်။ သူတို့မှာ အမြဲတမ်း စစ်တပ်ကြီးလည်း ပိုင်ဆိုင်မထားပါ။ အလုပ်သမား လူတန်းစား၊ ဆင်းရဲ လယ်သမားထုနဲ့ အောက်ခြေ စစ်သားထုကိုယ်တိုင် ရုန်းထ တိုက်ပွဲဝင်လာတဲ့ တော်လှန်ရေးကြီးကို မှန်ကန်တဲ့ တော်လှန်ရေး ခေါင်းဆောင်မှုပေးနိုင်ခဲ့လို့ အောက်တိုဘာ အုံကြွမှုကို သွေးထွက် သံယို မရှိသလောက်နီးပါး နည်းပါးပြီး အောင်ပွဲဆင်နိုင်ခဲ့ခြင်း ဖြစ်တယ်။

 

ဘော်ရှီဗစ်တွေက အာဏာသိမ်းခဲ့တာ၊ တော်လှန်ရေး မဟုတ်ဘူးလို့ အခြေအမြစ်မရှိ အပုပ်ချသူတွေကို မေးခွန်းတခုပဲ မေးလိုတယ်။ ပါတီဝင် ထောင်ဂဏန်းလောက်ပဲရှိတဲ့ ဘော်ရှီဗစ်တွေက လူဦးရေ သန်း ၁၅၀ ကျော်ရှိနေတဲ့ တိုင်းပြည်တခုမှာ၊ ဇာဘုရင်ရဲ့ နယ်ချဲ့ အင်ပိုင်ယာ စစ်တပ်ကြီးရှိတဲ့ နိုင်ငံတော်တခုဆီကနေ အာဏာကို လပိုင်း အတွင်း ဘယ်လိုများ သိမ်းယူနိုင်ခဲ့သလဲ။ အဲဒီလောက် အစွမ်းထက်တဲ့ တော်လှန်ရေး ဖော်မြူလာကို ရှာဖွေတွေ့ရှိထားတယ်ဆိုရင် ကျနော်တို့ မာ့(က်စ်)ဝါဒီတွေကို မဝေမျှလိုရင်တောင် စစ်အာဏာရှင်စနစ်ကို တော်လှန်နေပါတယ်ဆိုတဲ့ လစ်ဘရယ် ဘူဇွာ အန်ယူဂျီကို ‘ရှဲ’ ပေးသင့်ပါတယ်။

 

လူထု လှုပ်ရှားမှုနဲ့ ကင်းလွတ်ပြီး သီးခြားဖြစ်သွားပြီဆိုရင် AS ဟာ ဆိုရှယ်လစ် တော်လှန်ရေးမှာ လိုအပ်နေတဲ့ အခန်းကဏ္ဍကို မဖြည့်ဆည်းပေးနိုင်တော့ဘူး။ ၁၉၀၅ မှာ ရုရှား တော်လှန်ရေး ဖြစ်ခဲ့တယ်။ ၁၉၀၅ လူထု အုံကြွမှု ဖြစ်ချိန်မှာ ဘော်ရှီဗစ်တွေက လက်နက်ကိုင် ယူနစ်တွေ ဖွဲ့စည်းခဲ့တယ်၊ စစ်ရေး လှုပ်ရှားမှုတွေလည်း လုပ်ခဲ့တယ်။ လူထု လှုပ်ရှားမှုကို ဘဏ္ဍာငွေထောက်ပံ့ဖို့ ဘဏ်တွေ ဝင်စီးတာမျိုးတောင် လုပ်ခဲ့တယ်။ လူထု လှုပ်ရှားမှု အရှိန် တက်နေဆဲကာလမှာ ဒီလိုမျိုး လက်နက်ကိုင် အစုတွေ ဖွဲ့စည်းပြီး စစ်ရေး လှုပ်ရှားမှုနဲ့ ပေါင်းစပ်တာဟာ မှန်ကန်တယ်၊ လိုအပ်တယ်။ ဒါပေမယ့် တော်လှန်ရေး လှုပ်ရှားမှု ဒီရေကျသွားတာနဲ့ ဒီလုပ်ရပ်တွေကို ရပ်တန့်ဖို့ ပြောက် ကျားစစ် လှုပ်ရှားမှုတွေ ရပ်ဆိုင်းဖို့ လီနင် ဆော်ဩခဲ့တယ်။

 

ဘာ့ကြောင့် လီနင် အခုလို တားမြစ်ခဲ့ရသလဲဆိုတာ အလွန်ရှင်းပါတယ်။ အလုပ်သမား လူတန်းစား တော်လှန်ရေး ရှုထောင့်ကကြည့်ရင် AS ဆိုတာ အလုပ်သမား လူတန်းစား လူထု လှုပ်ရှားမှုရဲ့ အတွင်းသား အစိတ်အပိုင်းတရပ်ပဲ ဖြစ်ရမယ်၊ AS ဟာ အလုပ်သမား လူတန်းစား ပါတီ ခေါင်းဆောင်မှုအောက်မှာပဲ တင်းတင်းကြပ်ကြပ် ရှိနေရမယ်။ လူထု လှုပ်ရှားမှု အားကောင်းနေရင် လက်နက်ကိုင် အဖွဲ့တွေ ယိုယွင်းပျက်စီးသွားနိုင်တဲ့ အန္တရာယ် သိပ်မရှိဘူး။ ဒါပေမယ့် လူထု လှုပ်ရှားမှု ဒီရေထိုးကျသွားတာနဲ့ ဒီအခြေအနေဟာ ပြောင်းလဲသွားနိုင်တယ်။ လှုပ်ရှားမှုရဲ့ လက်နက်ကိုင် တောင်ပံဟာ အရဲရင့်ဆုံး၊​ စွန့်လွှတ်ပေးဆပ်မှု အကြီးမားဆုံး အစိတ်အပိုင်းတွေကို ဆွဲဆောင်နိုင်သလို တခြား အစိတ်အပိုင်းတွေကိုလည်း ဆွဲဆောင်ထားနိုင်သေးတယ် – ကမူးရှူးထိုးသမားတွေ၊ လန်ပန်ပစ္စည်းမဲ့တွေ၊ ဒါ့အပြင် ရာဇဝတ်သားတွေတောင် ပါလာနိုင်တယ်။ အလုပ်သမား လူတန်းစား ပါတီရဲ့ တင်းကြပ်တဲ့ လမ်းညွှန် ဦးစီးမှုမရှိရင်၊​ လူထုရဲ့ ထိန်းချုပ်မှုမရှိထားရင် လက်နက်ကိုင် အစုအဖွဲ့တွေဟာ ရာဇဝတ်မှု လုပ်ရပ်တွေ ကျူးလွန်တဲ့ဘက် ရောက်သွားနိုင်တယ်။ ဒီအဖြစ်အပျက်တွေကို သမိုင်းမှာ အကြိမ်ကြိမ် မြင်တွေ့ခဲ့ရပြီးပြီ။

 

မကြာသေးခင်က ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့တဲ့ ယင်းမာပင်နယ်က သပြေအေး ဆရာတော် (ခ) ဗိုလ်သံမဏိ လက်နက်ကိုင် အဖွဲ့ရဲ့ ရာဇဝတ်မှုတွေကိုပဲ နမူနာကြည့်ပါ။ ဒီလက်နက်ကိုင် အစုအဖွဲ့တွေကို ယင်းမာပင်နယ်က တိုက်ပွဲဝင် လူထုရဲ့ ဒီမိုကရေစီနည်းကျ ထိန်းချုပ်မှုအောက် မထားနိုင်ဘူး။ အလုပ်သမား လူတန်းစားရဲ့ လူထု လှုပ်ရှားမှုနဲ့ ကင်းလွတ်နေတယ်။ ဒီလို အခြေအနေမှာ လက်နက်ကိုင်ပြီး ကိုယ့်လူထုကိုယ် ပြန်သတ်တာမျိုးအထိ ဖောက်ပြန်ပျက်စီးကုန်တယ်။ ဒီထက်ပိုဆိုးတာက အန်ယူဂျီ လက်အောက်ခံဖြစ်တဲ့ ဒီအဖွဲ့တွေကို အန်ယူဂျီကိုယ်တိုင်က သိသိရက်နဲ့ လက်ပိုက်ကြည့်နေခဲ့တာပဲ။ ပုပ်လို့ပေါ်လာမှ လူကြားကောင်းရုံ လေသံထွက်ပြတယ်။ ဒီလိုမျိုး ဖြစ်ရပ်တွေ ဘာ့ကြောင့် ပေါ်ထွက်လာရသလဲဆိုတာကို အပေါ်က ရှင်းလင်းချက်နဲ့ ဆက်စပ်ကြည့်ရင် မြင်ရ လိမ့်မယ်။

 

ရုရှား တော်လှန်ရေးဟာ ၁၉၁၇ ဖေဖော်ဝါရီမှာ ပထမတချီဖြစ်တယ်၊ ဒီနောက် ၈လအကြာ အောက်တိုဘာလထဲ လက်နက်ကိုင် အုံကြွမှုဖြစ်ပြီး အချိန်တိုတိုနဲ့ အောင်ပွဲဆင်နိုင်ခဲ့တယ်။ ဘာ့ကြောင့်လဲ။ အောက်တိုဘာမှာ လက်နက်ကိုင် အုံကြွမှု ဖြစ်ခဲ့တယ်ဆိုပေမယ့် လက်နက်ကိုင် အုံကြွမှုရဲ့ အလုပ်တာဝန် ဆယ်ပုံကိုးပုံလောက်ကို အောက်တိုဘာ မတိုင်ခင် အရင်လတွေကတည်းက ဖြည့်ဆည်းပြီးနေပြီ။ အဲဒီအလုပ်တွေက စစ်ရေးအလုပ်တွေ မဟုတ်ဘူး။ နိုင်ငံရေး အလုပ်တွေ ဖြစ်တယ် – လူထုကြားမှာ၊​ စစ်တပ်ထဲမှာ၊​ စက်ရုံတွေထဲမှာ၊ အလုပ်သမား သမဂ္ဂတွေထဲမှာ၊​ ဆိုဗီယက်တွေ (အလုပ်သမားထု ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကောင်စီတွေ) ထဲမှာ စိတ်ရှည်လက်ရှည်နဲ့ စနစ်တကျ အလုပ်လုပ်ပြီး အလုပ်သမား လူတန်းစားကို တော်လှန်ရေး ပရိုပရမ်ဘက် ပါလာအောင် စည်းရုံးထားနိုင်ခဲ့တယ်။ ဖေဖော်ဝါရီ တော်လှန်ရေးကနေ အောက်တိုဘာ အုံကြွမှု မတိုင်ခင် ကြားကာလ လီနင်ရဲ့ ကြွေးကြော်သံက “လက်နက်ကိုင် တော်လှန်ရေး” မဟုတ်ဘူး၊​ “စိတ်ရှည်လက်ရှည် ရှင်းပြကြ” ဆိုတဲ့ ကြွေးကြော်သံပဲ။ တော်လှန်ရေးသမားတွေရဲ့ အလုပ်က ကိုယ့်ဘာသာ အာဏာသိမ်းယူရေး မဟုတ်ဘူး၊ လူထုကို တော်လှန်ရေး ပရိုပရမ်ဘက် သိမ်းယူရေး ဖြစ်တယ်။ ဒါမှ အလုပ်သမား လူတန်းစားကိုယ်တိုင် အာဏာသိမ်းယူရေးဆီ ချီတက်နိုင်မယ်။

 

ဒါ့ကြောင့်လည်း မာ့(က်စ်)က ၁၈၄၄ ခုနှစ်လောက်ကတည်းက အခုလို ရှင်းပြခဲ့ခြင်း ဖြစ်တယ် –

“material force must be overthrown by material force; but theory also becomes a material force as soon as it has gripped the masses”

အုပ်စိုးသူ လူတန်းစားက အမြဲတမ်း စစ်တပ်၊ ရဲတပ်၊ ဗျူရိုကရေစီ၊ မတရားရုံးနဲ့ အကျဉ်းထောင် အစရှိတဲ့ အကြမ်းဖက် အင်အားစုတွေ အလုံးအရင်းထုတ်သုံးပြီး သူ့လူတန်းစားရဲ့ အကျိုးစီးပွားတွေ၊​ အခွင့်ထူးတွေ၊ အာဏာတွေကို ခုခံကာကွယ်ကြစမြဲ ဖြစ်တယ်။ ဒီသမိုင်းဆိုင်ရာ ပကတိအရှိတရားကို မှန်မှန်ကန်ကန် မြင်ဖို့ အရေးကြီးပါတယ်။ လစ်ဘရယ်တွေကတော့ နိုင်ငံတော်ဆိုတာ ဘယ်လူတန်းစားကိုမှ ကိုယ်စားပြုနေတာ မဟုတ်ဘူး၊ လူ့အဖွဲ့အစည်းရဲ့ အထက်ကနေ arbiter ကြီးအနေနဲ့ ထိန်းကျောင်းပေးနေတာ၊ နိုင်ငံသားတဦးချင်းစီရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးရတာလို့ ဆိုတတ်ကြတယ်။ ဒါဟာ ထင်ယောင်ထင်မှား ဖြစ်မှုသက်သက်ပဲဆိုတာ အဖိနှိပ်ခံ လူထုကြီးက ငါတွေ့သိနေကြပါပြီ။

 

စစ်အာဏာသိမ်းအစိုးရမို့ ဒီလို လုပ်တယ်ထင်ရင် မှားလိမ့်မယ်။ ၁၉၄၉ တုန်းက အဖိနှိပ်ခံ လူထုကြီး လွတ်မြောက်ရေးလို့ ကြွေးကြော်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ တရုတ်ပြည်က တပ်နီတော်ကြီးဟာလည်း ၁၉၈၉ကျတော့ ထန်းအန်းမင် ရင်ပြင်က လက်နက်မဲ့ ကျောင်းသားလူငယ်တွေ၊​ အလုပ်သမားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာပဲ။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို ပါးစပ်ကမချတဲ့ အမေရိကန် စစ်တပ်ကြီးဟာ ဗီယက်နမ်ကို ဗုံးမိုးတွေရွာခဲ့ပြီး ကလေးလူကြီးမချန် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သလို အမေရိကန် ရဲတပ်ဖွဲ့က လူမည်းတွေကို ဗြောင်ကျကျ သတ်ဖြတ်ခဲ့တာတွေ ဒုနဲ့ဒေးရှိနေပေမယ့် ရာဇဝတ်သား ရဲအရာရှိတွေဟာ ပြစ်ဒဏ်ကင်းလွတ်နေခဲ့ကြတယ်။

 

ဒါ့ကြောင့် ရုပ်ပိုင်းဆိုင်ရာ အင်အားကို ရုပ်ပိုင်းဆိုင်ရာ အင်အားနဲ့ပဲ ဖြိုချပစ်မှ ရနိုင်မယ်ဆိုတဲ့ မာ့(က်စ်)ရဲ့အဆိုကို သာမန်စဉ်းစားတတ်သူတိုင်း နားလည်ကြပါတယ်။ ဒါပေမယ့် မာ့(က်စ်) ဆက်ရှင်းပြထားတဲ့ ဒုတိယဝါကျကို သတိပြုဖို့ အရေးကြီးပါတယ်။ “လူထုကြီးကို ဆွဲငင်သိမ်းပိုက်မိတာနဲ့ သီအိုရီဟာလည်း ရုပ်ပိုင်းဆိုင်ရာ အင်အား ဖြစ်လာတော့တယ်”။

 

ဒီအချက်ကို တော်လှန်ရေး သမိုင်းအားလုံးက သက်သေပြခဲ့ပြီး ဖြစ်တယ်။ အောက်တိုဘာ တော်လှန်ရေး မဖြစ်ခင် ဆယ်စုနှစ် ၂ခုစာလောက် လီနင်တို့ ဘော်ရှီဗစ်တွေဟာ ရှေ့တန်းရောက် အလုပ်သမား လူတန်းစားနဲ့ လူငယ်တွေကြား သဘောတရား ဖြန့်ချိရေးတွေ လုပ်ခဲ့ကြတယ်၊ ကေဒါတွေ စုဆောင်းတည်ဆောက်ထားခဲ့ကြတယ်၊ အလုပ်သမား လှုပ်ရှားမှုတွေမှာ တသားတည်း ဝင်တိုက်ရင်း လှုံ့ဆော်စည်းရုံးမှုတွေ လုပ်ထားခဲ့ကြတယ်။ ဒီလို နိုင်ငံရေး အလုပ်တွေ နှစ်ရှည်လများ တစိုက်မတ်မတ် လုပ်ထားခဲ့လို့ ကြိုပြင်ဆင်ထားခဲ့လို့ တော်လှန်ရေး ဖြစ်လာတဲ့အခါ အတွေ့အကြုံရင့်ကေဒါ အဖွဲ့အစည်းတခု ရှိနှင့်ပြီးသား ဖြစ်ခဲ့တယ်။ အရေအတွက်အားဖြင့် ထောင်ဂဏန်းသာ ရှိခဲ့ပေမယ့် အရည်အသွေးပြည့်ဝတဲ့ သံမဏိကေဒါတွေ ဖြစ်လေတော့ အခြေအနေပေးလာတာနဲ့ လူထုကြား စိမ့်ဝင် ထိုးဖောက်နိုင်ခဲ့တယ်။ ၁၉၁၇ ဖေဖော်ဝါရီ တော်လှန်ရေးဖြစ်ပြီးစ လတွေမှာ အလုပ်သမားနဲ့ စစ်သား ဆိုဗီယက်တွေက ပြုပြင်ရေးဝါဒီတွေဖြစ်တဲ့ မင်ရှီဗစ်တွေ၊ ဆိုရှယ်လစ် ရက်ဗလူရှင်နရီတွေရဲ့ ခေါင်းဆောင်မှုအောက် ရှိနေခဲ့ တယ်။ ဘော်ရှီဗစ်တွေက လူနည်းစုသာ ဖြစ်နေသေးတယ်။ ဒီအချိန်မှာ လီနင်တို့ ဘော်ရှီဗစ်တွေရဲ့ ကြွေးကြော်သံက လက်နက်ကိုင် ပုန်ကန်ရေးမဟုတ်ဘူး။ အဲဒီလို ချက်ချင်း လက်နက်ကိုင် ပုန်ကန်ရေး လုပ်ချင်တဲ့ ဘော်ရှီဗစ် အစိတ်အပိုင်းတချို့၊ ပါတီဝင်တချို့ကိုတောင် လီနင်နဲ့ ထရော့စကီးတို့က ပြန်ထိန်းခဲ့ရသေးတယ်။ အောက်တိုဘာ အုံကြွမှု မဖြစ်ခင်အထိ ကြားကာလ လီနင်ရဲ့ ကြွေးကြော်သံက ‘လက်နက်ကိုင် အုံကြွကြ’ မဟုတ်ဘူး၊ ‘စိတ်ရှည်လက်ရှည် ရှင်းပြကြ’ဆိုတဲ့ ကြွေးကြော်သံသာ ဖြစ်တယ်။ ဆိုဗီယက်တွေထဲက အလုပ်သမား၊ ဆင်းရဲလယ်သမားနဲ့ အောက်ခြေစစ်သားထုကို နိုင်ငံရေးအရ တော်လှန်ရေး ပရိုဂရမ်ဘက်ရောက်လာအောင် စိတ်ရှည်လက်ရှည် ရှင်းပြတဲ့ နည်းဗျူဟာကို ကျင့်သုံးခဲ့ကြတယ်။ အဲဒီကာလ လူထုရဲ့ အသိစိတ်နဲ့ ဟပ်မိတဲ့ ကြွေးကြော်သံတွေ ဖော်ထုတ်ပြီး အဖိနှိပ်ခံလူထုကြီးကို ဆွဲငင်သိမ်းပိုက်နိုင်ခဲ့ကြတယ်။

 

‘မြေယာ၊ ပေါင်မုန့်နဲ့ ငြိမ်းချမ်းရေး’ဆိုတဲ့ ကြွေးကြော်သံဟာ မြေယာ ငတ်မွတ်နေတဲ့ ဆင်းရဲ လယ်သမားထု၊ ဖေဖော်ဝါရီ တော်လှန်ရေးကနေ ဇာဘုရင်ကို ဖြုတ်ချခဲ့ပြီး ဘူဇွာ ယာယီအစိုးရတက်လာပေမယ့် ပေါင်မုန့် ငတ်မြဲငတ်နေဆဲ အလုပ်သမားထု၊ ပထမကမ္ဘာစစ်အတွင်း အချည်းနှီးအသက်ပေးနေရတဲ့ အောက်ခြေစစ်သားထုရဲ့ လိုလားချက်တွေနဲ့ တထပ်တည်းကျခဲ့တယ်။ ဒီလိုလားချက်တွေကို ဖြည့်ဆည်းပေးဖို့ဆိုရင် ဆိုဗီယက်တွေဆီ အာဏာရဖို့ လိုအပ်တယ်။ ဒါပေမယ့် အဲဒီကာလ ဆိုဗီယက်ခေါင်းဆောင်တွေဟာ ဘူဇွာ ယာယီအစိုးရလက်ထဲကိုပဲ အာဏာ နှင်းအပ်နေကြတယ်။ ယာယီဘူဇွာအစိုးရကို ထောက်ခံပေးထားကြပြီး ပထမကမ္ဘာစစ်ထဲ ဆက်ပြီးပါဝင်နေတာကိုလည်း လက်ခံအားပေးနေခဲ့ကြတယ်။

 

လီနင်တို့ ဘော်ရှီဗစ်တွေ ဖော်ထုတ်ခဲ့တဲ့ ဆိုဗီယက်တွေဆီ အာဏာအပ်နှင်းရေးဆိုတာ တကယ်တော့ အဲဒီကာလ ဆိုဗီယက်တွေရဲ့ reformist ခေါင်းဆောင်တွေကို ဘူဇွာ ယာယီအစိုးရနဲ့ ပြတ်ပြတ်သားသား လမ်းခွဲပြီး ခင်ဗျားတို့ကိုယ်တိုင် အာဏာအရယူကြပါလို့ ဆိုလိုတာပဲ။ ဒါပေမယ့် reformist ခေါင်းဆောင်တွေဟာ အလုပ်သမား လူတန်းစားရဲ့ စွမ်းပကားကို အယုံအကြည် မရှိသလို ဘူဇွာ လူတန်းစား နောက်မြီးဆွဲဘဝကိုလည်း မစွန့်လွှတ်ရဲကြဘူး။ ဒါ့ကြောင့် အဖိနှိပ်ခံ လူထုကြီး တောင်းတနေတဲ့ ငြိမ်းချမ်းရေး၊ ပေါင်မုန့်နဲ့ မြေယာတို့ကိုလည်း ကတိသာပေးခဲ့ပေမယ့် တခုမှ မဖြည့်ဆည်းနိုင်ခဲ့ဘူး။ ဒီအချက်ကို အလုပ်သမား၊ ဆင်းရဲ လယ်သမားနဲ့ အောက်ခြေစစ်သားတွေ ရှင်းရှင်းလင်းလင်း သိမြင်လာတဲ့အခါ တော်လှန်ရေး တပ်ဦး ဘော်ရှီဗစ်တွေရဲ့ ဦးဆောင်မှုကို ခံယူလာကြ တယ်။ ဒါ့ကြောင့် ဖေဖော်ဝါရီ တော်လှန်ရေး ပြီးကာစက လူနည်းစုပဲ ဖြစ်ခဲ့တဲ့​ ဘော်ရှီဗစ်တွေဟာ အောက်တိုဘာလထဲမှာကျင်းပတဲ့ ‘ပြည်လုံးကျွတ် ဆိုဗီယက်များ ဒုတိယ ကွန်ဂရက်’ရောက်တော့ အများစု ထောက်ခံမှုကို ရရှိလာခဲ့တယ်။ ဒီလို လူထုကြီးကို ကနဦး စည်းရုံးသိမ်းယူထားနိုင်လာတဲ့ အောက်တိုဘာကျမှ လီနင်၊ ထရော့စကီးတို့ ဘော်ရှီဗစ်တွေ ခေါင်းဆောင်ပြီး လက်နက်ကိုင် အုံကြွမှု လုပ်ခဲ့ခြင်း ဖြစ်တယ်။ ဒါ့ကြောင့်မို့ တော်လှန်ရေး အောင်ပွဲဆင်နိုင်ခဲ့တယ်။

 

အလုပ်သမား၊ လယ်သမား၊ စစ်သား ဆိုဗီယက်တွေထဲမှာ အနည်းစုပဲ ဖြစ်နေခဲ့တဲ့ ဘော်ရှီဗစ်တွေကို အဖိနှိပ်ခံ လုပ်သားထုကြီးက ထောက်ခံလာအောင် စိတ်ရှည်လက်ရှည် စနစ်တကျ အလုပ်လုပ်ခဲ့၊ ပြင်ဆင်ခဲ့တာတွေဟာ နိုင်ငံရေး အလုပ်တွေဖြစ်တယ်။ လက်ဝဲသူငယ်နာသမားတွေ ထင်နေသလို လီနင်တို့ ဘော်ရှီဗစ်တွေက လူထုကြီးကို လက်နက်ကိုင် တော်လှန်ရေးကြီး ဆင်နွှဲကြလို့ တဖွဖွဆော်ဩပြီး အောက်တိုဘာ ပုန်ကန်မှုကြီးကို ခေါင်းဆောင်ခဲ့တာ မဟုတ်ဘူး။ မှန်ကန်တဲ့ ပေါ်လစီ၊ flexible ဖြစ်တဲ့ နည်းနာတွေနဲ့ နိုင်ငံရေး အလုပ်တွေ ပြင်ဆင်ထားခဲ့ကြလို့ အောက်တိုဘာ အုံကြွမှုမဖြစ်ခင်ကတည်းက အုံကြွမှု အလုပ်ရဲ့ ဆယ်ပုံကိုးပုံ ပြီးမြောက်နေခဲ့ပြီးသား ဖြစ်တယ်။ စစ်ရေးပြင်ဆင်မှုသက်သက်ကြောင့် အောက်တိုဘာ အုံကြွမှု နိုင်ခဲ့တာ မဟုတ်ဘူး။ ဒီလိုပြောလို့ ဘာစစ်ရေး ပြင်ဆင်မှုမှ လုပ်စရာ မလိုဘူးလို့ မဆိုလိုပါ။ လက်နက်ကိုင် အုံကြွမှု မဆိုထားနဲ့၊ သာမန် သပိတ်တိုက်ပွဲတခု ဖော်ဆောင်ဖို့ဆိုရင်တောင် technical ပိုင်း ပြင်ဆင်ရေးတွေ လိုအပ်သေးတာပဲ။ ဒါပေမယ့် စစ်ရေး/ technical aspect တခုတည်း ပြင်ဆင်ရင် လုံလောက်ပြီဆိုတဲ့ သဘောထားဟာ သေလောက်တဲ့ အမှား ဖြစ်တယ်။

 

တော်လှန်ရေးတိုင်းရဲ့ ကနဦးရည်ရွယ်ချက်က လူထုကို စည်းရုံးသိမ်းပိုက်ရေး ဖြစ်တယ်။ ဆိုလိုတဲ့သဘောက စစ်ရေးအလုပ်က ပထမဦးစားပေး မဟုတ်ဘူး။ နိုင်ငံရေး အလုပ်က ပထမဖြစ်တယ်။ အာဏာမသိမ်းနိုင်ခင်မှာ လူထုကို ကနဦး စည်းရုံးထားနိုင်ရမယ်။ နှစ်ရှည်လများ လှုံ့ဆော်မှု၊​ သဘောတရား ဖြန့်ဖြူးမှု၊ စုစည်းမှုတွေ ကြို တင်ပြင်ဆင်မထားခဲ့ရင် တည်ဆဲနိုင်ငံတော်တခုကို စစ်ရေးတိုက်ပွဲသက်သက်နဲ့ အောင်ပွဲမဆင်နိုင်ဘူး။ ဒီလို နိုင်ငံရေး အလုပ်တွေ ကနဦး လုပ်မထားဘဲ စစ်ရေး တိုက်ပွဲဆင်ပြီး တချီတည်းနဲ့ အနိုင်ရဖို့ ကြိုးစားတိုင်း တော်လှန်ရေး အင်အားတွေပဲ ဖရိုဖရဲဖြစ်ပြီး ပြုန်းတီးခဲ့ရတယ်။ ဒီသမိုင်း သင်ခန်းစာကို ယူတတ်ဖို့ အင်မတန် အရေးကြီးတယ်။ အောက်တိုဘာ လက်နက်ကိုင် အုံကြွမှု အချိန်တိုတိုနဲ့ အောင်ပွဲဆင်နိုင်ခဲ့တာဟာ လူထုကြား နိုင်ငံရေး အလုပ်တွေ စိတ်ရှည်ရှည်နဲ့ စနစ်တကျ လုပ်ထားနိုင်ခဲ့လို့ ဖြစ်တယ်။ ဘော်ရှီဗစ်တွေမှာ စစ်အင်အား ပြည့်စုံ ကောင်းမွန်နေလို့ လက်နက်ကိုင် အုံကြွမှု နိုင်ခဲ့တာ မဟုတ်ဘူး။

 

မှန်ပါတယ်၊ နောက်ဆုံးသတ္တုချလိုက်ရင် အဆုံးအဖြတ် ပြဿနာတွေကို လက်နက်ကိုင် တိုက်ပွဲနဲ့ပဲ ဖြေရှင်းကြရ တယ်။ လူထုဒေါ်အမာ ပြောခဲ့သလိုပဲ ဘယ်အာဏာရှင်မှ အရှင်ထွက် ထွက်လေ့မရှိဘူး။ ဒါပေမယ့် လက်နက်ကိုင် တိုက်ပွဲ အောင်ပွဲဆင်နိုင်ဖို့ဆိုရင် အရေးအကြီးဆုံးက လူထုကိုယ်တိုင် လက်နက်စွဲကိုင် အုံကြွမှု ဖြစ်ရမယ်။ လူထု လှုပ်ရှားမှု ပြင်ပကနေ သီးခြားဖြစ်နေတဲ့ လက်နက်ကိုင် အစုတွေရဲ့ သီးသန့် လုပ်ဆောင်မှု ဖြစ်လို့မရဘူး။ လူထု ကိုယ်တိုင် လက်နက်စွဲကိုင် အုံကြွတဲ့ တော်လှန်ရေး ဖြစ်ဖို့ဆိုရင် လူထုကိုယ်တိုင် ကိုယ့်စွမ်းပကားကိုယ် ယုံကြည်မှု ပိုအားကောင်းစေမယ့် တိုက်ပွဲနည်းလမ်းတွေ ဖြစ်ဖို့လိုအပ်တယ်။ အဲဒီလိုမဟုတ်ဘဲ လက်နက်ကိုင် အစုအဖွဲ့တွေကို ကယ်တင်ရှင်လို့ ထင်သွားစေတဲ့ တိုက်ပွဲပုံစံတွေကတော့ လူထုကိုယ်တိုင် လက်နက်ကိုင် အုံကြွပုန်ကန်ခြင်းမျိုး ဖြစ်စေမှာ မဟုတ်ဘူး။

 

ပြောက်ကျားစစ်ဆိုတာ အလုပ်သမား လူတန်းစားရဲ့ တိုက်ပွဲ ပုံစံမဟုတ်ပါဘူး၊​ လယ်သမားထုရဲ့ စံတော်ဝင် တိုက်ပွဲပုံစံပဲ ဖြစ်ပါတယ်။ ခေတ်နောက်ကျနေဆဲ လယ်သမား အများစုရှိတဲ့ တိုင်းပြည်တချို့မှာ ကျေးလက် ပြောက်ကျားစစ်ပွဲ ဆင်နွှဲခြင်းဟာ အဓိပ္ပါယ်ရှိတယ်။ ဒါပေမယ့် ကျနော်တို့ မမေ့သင့်တဲ့ အချက်က လီနင်၊​ ထရော့စကီးတို့ ဦးဆောင်ဆင်နွှဲခဲ့တဲ့ အောက်တိုဘာ ဆိုရှယ်လစ် တော်လှန်ရေးဟာ လယ်သမားအများစုရှိတဲ့ ခေတ်နောက်ကျနေဆဲ တိုင်းပြည်တခုမှာ အောင်ပွဲခံခဲ့ခြင်း ဖြစ်တယ်။ ဒီလို ဆိုရှယ်လစ် တော်လှန်ရေးကြီး ကမ္ဘာ့သမိုင်းမှာ ပထမဆုံးအကြိမ် အောင်ပွဲဆင်နိုင်ခဲ့ခြင်းဟာလည်း လီနင်တို့ ဘော်ရှီဗစ်တွေက ရှေ့မျိုးဆက် နရော့နစ်(ခ်)တွေလို လယ် သမားထုကို ခေါင်းဆောင် လူတန်းစားအဖြစ် အခြေမခံဘဲ မြို့ပြ အလုပ်သမား လူတန်းစားကို တော်လှန်ရေး ခေါင်းဆောင် လူတန်းစားအဖြစ် အခြေခံခဲ့လို့ ဖြစ်တယ်။ အလုပ်သမား လူတန်းစားက ကျေးလက် ဆင်းရဲ လယ်သမားထုကို ခေါင်းဆောင်ပြီး ဆိုရှယ်လစ် တော်လှန်ရေးကို ဆင်နွှဲခဲ့ခြင်း ဖြစ်တယ်။ အဲဒီကာလမှာ ရုရှား အလုပ်သမား လူတန်းစားက လူဦးရေ စုစုပေါင်းရဲ့ ၁၀ % မရှိသေးဘူး။ ဗမာပြည်မှာ အလုပ်သမား လူတန်းစားက အရေ အတွက် နည်းတယ်၊ လယ်သမားက အများစုဖြစ်တယ်၊ ဒါ့ကြောင့် မော်ဝါဒအတိုင်း ကျေးလက်လယ်သမားကို အခြေခံ၊ ပြောက်ကျားစစ်ဆင်ပြီး မြို့ကိုဝိုင်းရမယ်ဆိုတဲ့ သဘောတရားကို အောက်တိုဘာ တော်လှန်ရေးက လွန်ခဲ့တဲ့ နှစ်တရာကျော်ကတည်းက ချေဖျက်ပြခဲ့ပြီး ဖြစ်တယ်။

 

မှန်ပါတယ်၊ ဘော်ရှီဗစ်တွေလည်း ပြောက်ကျားစစ်ကို အသုံးပြုခဲ့တယ်။ ဒါပေမယ့် မြို့ပြ အလုပ်သမား လူတန်းစား လှုပ်ရှားမှုရဲ့ လက်အောက်ခံ အနေနဲ့ပဲ အသုံးပြုခဲ့ခြင်း ဖြစ်တယ်။ မြို့ပြ အလုပ်သမား လူတန်းစား ခေါင်းဆောင်သော လူထု လှုပ်ရှားမှုတွေ အားကောင်းနေချိန် ၁၉၀၅ တော်လှန်ရေး ကာလမှာ ဒီသဘောနဲ့ ပြောက်ကျားစစ်ကို လီနင် ထောက်ခံခဲ့ခြင်း ဖြစ်တယ်။ ဒါပေမယ့် မော်စကို အုံကြွမှု အရေးနိမ့်သွားတဲ့နောက် မြို့ပြ လူထု လှုပ်ရှားမှုတွေ ဒီရေထိုးကျသွားတာနဲ့ ပြောက်ကျားစစ် နည်းဗျူဟာတွေကို လီနင် တားမြစ်ခဲ့တယ်။ အင်မတန် အရေးကြီးတဲ့ ဒီသမိုင်း သင်ခန်းစာကို လစ်လျူရှုထားကြတယ်။ မော်ဝါဒီတွေလိုသာဆိုရင် လီနင်တို့ ဘော်ရှီဗစ်တွေ လယ်သမား သန်းတရာကျော်ရှိတဲ့ ကျေးလက်ကို ခြေကုပ်ယူပြီး ပြောက်ကျားစစ် ဆင်နွှဲခဲ့သင့်တယ်။

 

မြို့ပြ အလုပ်သမား လူတန်းစား ဦးဆောင် ဆင်နွှဲခဲ့တဲ့ အောက်တိုဘာ တော်လှန်ရေးလည်း အောင်ပွဲခံခဲ့သလို ကျေးလက် လယ်သမားထုကို အခြေခံပြီး ရေရှည်စစ်ဆင်နွှဲတဲ့ တရုတ်ပြည် တော်လှန်ရေးလည်း အောင်ပွဲခံခဲ့တာပဲ၊ ဘယ်နည်းနဲ့နိုင်နိုင် နိုင်ဖို့က အဓိကပဲလို့ စောဒက တက်နိုင်ပါသေးတယ်။ မှန်ပါတယ်။ ကျေးလက် လယ်သမား အခြေခံတဲ့ တရုတ်ပြည် တော်လှန်ရေး အောင်ပွဲဆင်နိုင်ခဲ့တယ်၊ ဒါပေမယ့် ဒီလို အောင်ပွဲဆင်နိုင်ခဲ့တာ ပြောက် ကျားစစ် မော်ဒယ်(လ်)ကြောင့်လို့ တထစ်ချ ကောက်ချက်ဆွဲလိုက်တာဟာ မှားတယ်။ ဒီကောက်ချက်သာ မှန်ရင် တရုတ် ဒါမှမဟုတ် ကျူးဘား မော်ဒယ်(လ်)အတိုင်း ပုံတူလိုက်ကူးတဲ့ အာရှ၊ အာဖရိကနဲ့ လက်တင် အမေရိက နိုင်ငံအသီးသီးက ပြောက်ကျားစစ် တော်လှန်ရေးတွေ ဘာ့ကြောင့် အကြိမ်ကြိမ် အရေးနိမ့်ခဲ့ရသလဲ။

 

တရုတ်ပြည် တော်လှန်ရေးလို ကျူးဘား တော်လှန်ရေးလို အောင်ပွဲဆင်ခဲ့တဲ့ ဖြစ်ရပ်မျိုးတွေကို အောက်တိုဘာ တော်လှန်ရေးနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင်လည်း အောက်တိုဘာ တော်လှန်ရေးအပြီး ပေါ်ထွန်းလာတဲ့ healthy workers’ state မျိုး မပေါ်ထွန်းနိုင်တာ တွေ့ရမယ်။ အောက်တိုဘာ တော်လှန်ရေးမှာ အလုပ်သမား လူတန်းစားက ခေါင်းဆောင် အခန်းမှာ ရှိခဲ့တယ်၊ အလုပ်သမား လူတန်းစားရဲ့ independent အခန်းကဏ္ဍရှိခဲ့တယ်။ အလုပ်သမားလူတန်းစားနဲ့ ဆင်းရဲလယ်သမားထုကိုယ်တိုင် အောက်ခြေကနေ ထူထောင်ထားတဲ့ ဆိုဗီယက်တွေ (organs of workers’ power) ရှိခဲ့တယ်။ တရုတ်ပြည် တော်လှန်ရေး၊​ ကျူးဘား တော်လှန်ရေးမှာ ဒါတွေ တခုမှ မရှိခဲ့ဘူး။ အလုပ်သမား လူတန်းစားက passive နေရာမှာပဲ ရှိနေခဲ့တယ်။ အလုပ်သမား လူတန်းစားရဲ့ independent and leading role မရှိဘဲ လယ်သမား စစ်တပ်ကို အခြေခံပြီး အာဏာရလာခဲ့တာဖြစ်လို့ ကနဦးကတည်းက deformed workers’ state ပဲ ဖြစ်နေခဲ့တယ်။ လယ်သမား စစ်တပ်ကို အမိန့်ပေးနိုင်သူက ဘိုနာပတ်လို့ လူ့အဖွဲ့အစည်းရဲ့ အထက်ကနေ ကြိုးကိုင် ခြယ်လှယ်သွားတဲ့ ဗျူရိုကရက်တစ် အာဏာရှင်စနစ်ကိုသာ ပေါ်ထွန်းစေခဲ့တယ်။ ဆိုရှယ်လစ်စနစ်နဲ့ ဗျူရိုကရေစီဆိုတာ ပြဒါးတလမ်း သံတလမ်းပဲ။ လူ့ခန္ဓာကိုယ်ဟာ အောက်ဆီဂျင်မရှိရင် မဖြစ်သလို ဆိုရှယ်လစ်စနစ်လည်း ဒီမိုကရေစီ မရှိရင် မရှင်သန်နိုင်ဘူး။ ဒါ့ကြောင့် စတာလင်နစ်(စ်)-မော်ဝါဒီ အစိုးရတွေ ပြို ကျကုန်တာ ဒါမှမဟုတ် အရင်းရှင်စနစ်ကို ပြန်အစားထိုးလိုက်ရတာချည်းပဲ။

 

ဒါ့ကြောင့် ပြောက်ကျားစစ်နည်းနဲ့ တော်လှန်ရေး မအောင်နိုင်ဘူးလို့ ကျနော်တို့ မာ့(က်စ်)ဝါဒီတွေ မပြောပါဘူး။ အောင်ခဲ့ရင်တောင် တရုတ်လို ကျူးဘားလို ဗီယက်နမ်လို ဗျူရိုကရက်တစ် အာဏာရှင်စနစ်ကြီးစိုးတဲ့ ပုံစံကိုပဲ ဦးတည်သွားနိုင်တယ်။ ဒါ့ကြောင့် အောက်တိုဘာ တော်လှန်ရေး လမ်းကြောင်း အစဉ်အလာကို ပြန်လည် ဖော်ထုတ်နေရခြင်းဖြစ်တယ်။ အလုပ်သမား လူတန်းစားရဲ့ တော်လှန်ရေး ဦးဆောင် အခန်းကဏ္ဍကို ရပ်ခံကာကွယ်နေခြင်း ဖြစ်တယ်။

 

သူရိန်မွန်

၂၂.၄.၂၂