စစ်အစိုးရ လုပ်မယ့် ဟန်ပြ ရွေးကောက်ပွဲနဲ့ လစ်ဘရယ် နုဂျီရဲ့ အစိုးရရူး အိပ်မက်

၂၀၂၅ နှစ်အကုန်မှာ အာဏာသိမ်း စစ်အစိုးရက လုပ်မယ်လို့ တစာစာ ကြွေးကြော်နေတဲ့ ရွေးကောက်ပွဲဟာ အစစ်အမှန် မဟုတ်ဘူး၊ ဟန်ပြသာ ဖြစ်တယ်။ ဒါကို အားလုံး သိပါတယ်။

လက်ရှိ ဗမာပြည်မှာ ပြည်တွင်းစစ် ဖြစ်နေတယ်။ စစ်အစိုးရ အေးအေးလူလူ အုပ်ချုပ်နိုင်တဲ့ နယ်မြေ ဘယ်လောက်မှ မရှိပါဘူး။ အရေးကြီးဆုံးအချက်ကတော့ အာဏာသိမ်း စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲ၊ မြေပြင်က စစ်ကြောင်းထိုးပြီး ပြည်သူကို သတ်ဖြတ်နေတာတွေ နည်းနည်းလေးမှ လျော့မသွားဘူး။ တနေ့တခြား တိုးလာတာပဲ ရှိတယ်။ ဒီလို စစ်အစိုးရက ကြီးမှူးကျင်းပမယ့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတပါတယ်လို့ ကျမ်းကျိန်ပြောတောင် ယုံစရာ အကြောင်းမရှိ။

ရွေးကောက်ပွဲမှာ မဲထည့်တယ်ဆိုတာ ဆန့်ကျင်ဘက် အင်အားစု အနည်းဆုံး နှစ်ခုတော့ ရှိရတယ်။ အခု မင်းအောင်လှိုင်တို့ လုပ်မယ့် ရွေးကောက်ပွဲကို ကြည့်တော့ စစ်တပ် ပါတီနဲ့ သူ့နောက်မြီးဆွဲတွေချည်း။ ဒီလို ထောက်ပြရင် မင်းအောင်လှိုင်တို့ စစ်အုပ်စုက “ငါတို့က ဝင်ပြိုင်ဖို့ ဖိတ်ခေါ်တယ်၊ မင်းတို့ကမှ မှတ်ပုံမတင်တာ”  လို့ စကားနာ ထိုးတတ်တယ်။

အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်သူမှန်သမျှ ထောင်သွင်း အကျဉ်းချပြီး​ တချို့ကို စစ်ကြောရေးနဲ့ အကျဉ်းစခန်းမှာတင် လက်စဖျောက်ပစ်တဲ့ မင်းတို့ စစ်အုပ်စုဟာ သားသတ်ကောင်တွေပဲ။ ပြည်သူ့ ဆန္ဒမဲ ခံယူဖို့ ကျင်းပရတဲ့ “ရွေးကောက်ပွဲ” ဆိုတဲ့ အရာကို သားသတ်ကောင်တွေက ကျင်းပပိုင်ခွင့် ရှိသလား လို့ အရင် မေးရမယ်။ ပြည်သူ့ ကိုယ်စားလှယ်လောင်းတွေက အဲသလို သားသတ်ကောင်တွေ ချမှတ်တဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့ ဘာ့ကြောင့် လိုအပ်တာလဲ၊ သားသတ်သမားတွေရှေ့ စာရင်းလာသွင်းဖို့ ဘာ့ကြောင့် လိုအပ်တာလဲ။

ဒီမေးခွန်းကို မအလ စစ်အုပ်စု ကိုယ်စား ရှေ့ထွက်ပြောနေတဲ့ ဇော်မဲလုံးနဲ့တကွ စစ်လော်ဘီ သတင်းသမား ဆိုသူတွေ၊​ ကိုကိုကြီးတို့ ထက်အောင်ကျော်တို့လို စစ်လော်ဘီ နိုင်ငံရေးသမားတွေ ဖြေရလိမ့်မယ်။ သေချာတယ်၊ သူတို့ မဖြေရဲပါဘူး။

NDF ပါတီ ဒုဥက္ကဌ ထက်အောင်ကျော်က ပြောတယ်။ “ရွေးကောက်ပွဲကို ဆန့်ကျင်ရင် တသက်လုံး ဒီတိုင်း နေသွားကြမှာလား၊ လက်ရှိ အခင်းအကျင်းကို ထောက်ခံနေကြတာလား” လို့ သူ မေးချင်သတဲ့။ ထက်အောင်ကျော် မေးခွန်းထုတ်ပုံက မှားနေတယ်။ အဖိနှိပ်ခံ လူထုကပဲ ရွေးကောက်ပွဲ မှန်သမျှ ဆန့်ကျင်နေတဲ့ ပုံစံမျိုး မေးခွန်းထုတ်ထားတယ်။ သူ့မေးခွန်းက false generalization အပေါ် တည်ဆောက်ထားတာ ဖြစ်လို့ မှားပါတယ်။ အာဏာသိမ်း စစ်တပ်က လုပ်တဲ့ ဟန်ပြ ရွေးကောက်ပွဲကို ဆန့်ကျင်တာဟာ ရွေးကောက်ပွဲ မှန်သမျှ ဆန့်ကျင်တာ မဟုတ်ဘူး။ သားသတ်ကောင်တွေ လုပ်တဲ့ ဟန်ပြ ရွေးကောက်ပွဲဟာ အဖိနှိပ်ခံ လူထုအတွက် ဘာကောင်းကျိုးမှ ဖြစ်လာစေမှာ မဟုတ်ဘူး။

သားသတ်ကောင်တွေ လုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တာနဲ့ပဲ ‘ဒီတိုင်း ဆက်နေချင်တာလား၊ လက်ရှိ အခင်းအကျင်းကို ထောက်ခံနေတာလား’ လို့ မေးခွန်းထုတ်သူ ထက်အောင်ကျော်ကို ပြန်မေးစရာ ရှိတာက အဲဒီ ရွေးကောက်ပွဲကို ထောက်ခံလိုက်ရင် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်နိုင်မလား၊ လူထု လိုချင်တဲ့ ဒီမိုကရေစီစစ်စစ် ရလာနိုင်မလား။ အများကြီး မဟုတ်ပါဘူး၊ အဲဒီ နှစ်ချက်ပါပဲ။ အဲဒီ နှစ်ချက် ရလာမယ်လို့ ထက်အောင်ကျော်ဘက်က အာမခံနိုင်ရင် ရွေးကောက်ပွဲ ဆန့်ကျင်သူတွေကို သူ့ဘက်က စွပ်စွဲနိုင်ပါတယ်။ ဘာတခုမှ အာမ မခံနိုင်ဘဲ အဲသလို စွပ်စွဲတာကတော့ စစ်ဘောမချင်ဇောနဲ့ လူထုကို စော်ကားလိုက်တာပဲ။

စစ်တပ်လော်ဘီ ပေါ်ပြူလာ ဂျာနယ်နဲ့ အင်တာဗျူးမှာ ထက်အောင်ကျော်က ‘ရွေးကောက်ပွဲ လုပ်မှ ပြောင်းမှာလေ’ လို့ မျက်နှာပြောင်တိုက် ပြောသွားသေးတယ်။ ‘ဘာပြောင်းမှာလဲ၊ ယူနီဖောင်းလား’ လို့ ပြန်မေးရမယ့်ကိန်း။ သူကတော့ ကောင်းတဲ့ဘက်ဆီ ပြောင်းလဲခြင်းလို့ ဆိုပါတယ်။ ဘာ့ကြောင့် အဲသလို ပြောင်းသွားမလဲ ဆိုတာ သူမပြောနိုင်ဘူး။ claim သက်သက်ပဲ။

ရိုးရိုးလေး စဉ်းစားကြည့်ပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ် ပါတီ မဲရှုံးတော့ အရှုံးကို လက်မခံဘဲ မဲလိမ်ပါတယ် စွပ်စွဲပြီး မင်းအောင်လှိုင် စစ်တပ်က အာဏာထ သိမ်းခဲ့တယ်။ သူတို့ စွပ်စွဲချက်သာ အမှန်ဆိုရင် အဖိနှိပ်ခံ လူထု တရပ်လုံးက စစ်အာဏာသိမ်းမှုကို လက်ပိုက်ကြည့်နေမှာပဲ။ သန်းပေါင်းများစွာသော အဖိနှိပ်ခံ ပြည်သူတွေ လမ်းမပေါ်ထွက်ပြီး အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင် တိုက်ပွဲဝင်ခဲ့တာဟာ သူတို့ စွပ်စွဲချက် မှားကြောင်း အထင်ရှားဆုံး သက်သေပဲ။

မဲပုံးထဲက ဆန္ဒမဲကို လိမ်နေတာလို့ ငြင်းချင်ရင်တောင် လမ်းမထက်က လူထု ဆန္ဒကို ဘယ်သူမှ ငြင်း မရဘူး။ အဲဒါ လူထုဘက်က အပြတ်သားဆုံး အဖြေပဲ။ ဒါပေမယ့် အာဏာသိမ်း စစ်တပ်က မျက်စိမှိတ် ငြင်းဆန်ပြီး ကျည်ဆံတွေ၊ မောင်းပြန်တွေနဲ့ လူထု ဆန္ဒကို ချေမှုန်းပစ်ခဲ့တယ်။ အဲသလို လူထု ဆန္ဒ ချေမွ ဖျက်စီးပစ်ခဲ့သူ​ စစ်ဘီလူးတွေက ဟန်ပြ ရွေးကောက်ပွဲ လုပ်ပြီး လူထု ဆန္ဒ အကောင်အထည်ဖော်ပေးမယ်၊​ အပြောင်းအလဲကို ဖော်ဆောင်ပေးမယ် လို့ လာပြောရင် လိမ်နေတာနဲ့ ရူးနေတာ၊ တခုခုပဲ။

အဲဒီလို စစ်လော်ဘီ နိုင်ငံရေးသမားတွေကပဲ လူထုကြီး ဒုက္ခခံနေရတာ သနားလှချည်ရဲ့ ဆိုပြီး မိကျောင်း မျက်ရည် ကျပြသေးတယ်။ လူထုလဲ စိတ်ကုန်နေပြီတဲ့။ မှန်တယ်၊ လူထုက ကိုကိုကြီးတို့ ထက်အောင်ကျော်တို့ ဒေါက်တာအေးမောင်တို့လို စစ်လော်ဘီ နိုင်ငံရေးသမားတွေကို စိတ်ကုန်နေပြီလို့ တိတိကျကျ ပြောရင် ပိုမှန်လိမ့်မယ်။

လစ်ဘရယ် ဘူဇွာတွေရဲ့ အစိုးရရူး အိပ်မက်

အဲသလိုပဲ၊​ အစိုးရရူး ရူးနေတဲ့ နိုင်ငံရေး အချောင်သမား အုပ်စု အန်ယူဂျီကိုလဲ လူထုက စိတ်ကုန်နေပြီ။ နေဘုန်းလတ်က ပြောတယ်၊ ဒီတော်လှန်ရေးမှာ အန်ယူဂျီ မရှိလို့ မဖြစ်ဘူးတဲ့။ အန်ယူဂျီလက်အောက်ခံ PVTV က ထုတ်လွှင့်တဲ့ နွေဦး မှန်ကူကွက်များ (အပိုင်း ၄၇) မှာ နေဘုန်းလတ် ပြောသွားတာ ဖြစ်ပါတယ်။

နေဘုန်းလတ်တို့ ဒီအကြောင်းအရာကို ဘာ့ကြောင့် ထုတ်ပြောလာရသလဲ ဆန်းစစ်ကြည့်ရင် အထက်မှာ ဆွေးနွေးခဲ့တဲ့ အာဏာသိမ်း စစ်အစိုးရရဲ့ ဟန်ပြ ရွေးကောက်ပွဲနဲ့ ပတ်သက်နေတယ်။ အာဏာသိမ်း စစ်အုပ်စုက ဟန်ပြ ရွေးကောက်ပွဲ လုပ်ပြီး တရားဝင် အစိုးရတရပ်အဖြစ် နိုင်ငံတကာမှာ မျက်နှာရတော့မယ်၊ ဒါကိုလဲ ငါတို့ဘက်က မတားဆီးနိုင်ဘူးလို့ လစ်ဘရယ် အုပ်စု (NUG) ဘက်က တွက်ပုံရတယ်။ အာဏာသိမ်း စစ်တပ်ဘက်က အဲသလို ရွေးကောက်ပွဲနဲ့ အကွက်ရွှေ့နေချိန်မှာ အန်ယူဂျီဘက်က alternative လမ်းကြောင်းတခု ချမပြနိုင်ဘူး။ ဒီတော့ သူတို့ စိုးရိမ်မယ်ဆိုလဲ စိုးရိမ်စရာပဲ။

အရေးကြီးဆုံး အချက်ကတော့ အန်ယူဂျီ တည်ရှိမှုရဲ့ အကြောင်းခံ (raison d’être) ကို ကိုင်လှုပ်လိုက်သလို ဖြစ်သွားတယ်။ ဘာ့ကြောင့်လဲ။ ရှင်းပါမယ်။ ဒီအချက်ကို နားလည်ဖို့ မခက်ပါဘူး။ အန်ယူဂျီကို အဓိက ဦးဆောင်နေသူ အားလုံးဟာ စစ်တပ် ခြေဥအောက် ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ NLD အမတ်တွေ။ စစ်တပ် ခြေဥအောက်က ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ဆုပ်ကိုင်ပြီး သူတို့ရဲ့ တရားဝင်မှု (legitimacy) ကို ထူထောင်ထားရတယ်။ အဲဒီ တရားဝင်မှု (legitimacy) ကို အခြေခံပြီး သူတို့ကသာ တရားဝင် အစိုးရဖွဲ့ခွင့် ရှိသူတွေလို့ ဆိုပါတယ်။ အဲဒီလို တရားထူထောင်ပြီး အန်ယူဂျီအဖြစ် တည်ရှိနေခြင်း ဖြစ်တယ်။

ဒါ့ကြောင့် အာဏာသိမ်း စစ်တပ်က ၂၀၀၈ ခြေဥကို ကိုင်ပြီး ၂၀၂၅ နှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်တော့မယ် ဆိုတော့ သူတို့ တည်ရှိမှုရဲ့ အရင်းခံ အကြောင်းတရားကို ကိုင်လှုပ်ပစ်လိုက်သလို ဖြစ်သွားတာပဲ။ တနည်းအားဖြင့် လစ်ဘရယ် ဘူဇွာတွေရဲ့ impotent ဖြစ်မှုကို အထင်းသား ဖွင့်ပြလိုက်တာပဲ။

အန်ယူဂျီဟာ သူ့ကိုယ်သူ တော်လှန်ရေး အစိုးရလို့ အသံကောင်းဟစ်ချင် ဟစ်ပြလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ တည်ရှိမှုကို အခု ရေးပြခဲ့သလို တရားထူထောင်ထားရတာပဲ။ ဒီအချက်ကို သူတို့ မငြင်းနိုင်ဘူး။ ဘယ်ငြင်းနိုင်မလဲ၊ ပြည်တွင်း၊ ပြည်ပ နေရာအသီးသီးမှာ ဒီအချက်ကို ရှေ့တန်းတင်ပြီး သူတို့ကိုယ်သူတို့ တရားဝင် အစိုးရအဖြစ် အမြဲ ပြောနေရတာပဲ။

မြင်သာအောင် အသေးစိတ် အချက်လေး တခု နှစ်ခု နမူနာ ပေးကြည့်မယ်။ နိုင်ငံတော် အတိုင်ပင်ခံ ဆိုတဲ့ နေရာက၂၀၀၈ ခြေဥအောက်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ လုပ်ခွင့် မရှိလို့ ဖန်တီးထားရတဲ့ ရာထူး။ နုဂျီကသာ ၂၀၀၈ ခြေဥကို လက်မခံဘူး၊ သူတို့ ကြုံးဝါးသလို ဖျက်သိမ်းလိုက်ပြီဆိုရင် သူတို့ဖွဲ့ထားတဲ့ အန်ယူဂျီမှာ နိုင်ငံတော် အတိုင်ပင်ခံ ဆိုတဲ့ ရာထူး ဘာ့ကြောင့် ဆက်ထားနေရသလဲ။ သူတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြင့်ဆုံး ရာထူး ပေးချင်တယ်ဆိုရင် သမ္မတရာထူး ပေးထားလိုက်ရုံပဲ။ စာရွက်ပေါ်မှာတောင် သူတို့ အဲသလို မလုပ်ရဲဘူး။ ဒါကိုက အုပ်စိုးသူ လူတန်းစား ခင်းထားတဲ့ ဘောင်ထဲက မထွက်ရဲဘူးဆိုတဲ့ လက္ခဏာ။

သူတို့ကိုယ်သူတို့ ၂၀၀၈ ခြေဥအောက်က ရွေးကောက်ခံ အစိုးရအဖြစ် သတ်မှတ်ထားတော့ သူပုန်လို့တောင် မခံယူရဲဘူး။ သူတို့က တရားဝင် အစိုးရဖြစ်ပြီး အာဏာသိမ်း စစ်တပ်က သူပုန်တွေလို့ ဆိုကြတယ်။ အတော်လဲ အမြီးအမောက် မတည့်တဲ့ လစ်ဘရယ် ဘူဇွာတွေ။ ပြောတော့ တော်လှန်ရေး၊ သူပုန် ဆိုတဲ့ စကားလုံးကိုတောင် စစ်အုပ်စု ဝါဒဖြန့်ချက်အတိုင်း နားလည် လက်ခံထားကြတယ်။ အာဏာသိမ်း စစ်တပ်၊ မုဒိမ်းတပ်ကို သူပုန်လို့ ခေါ်တာလောက် ရွံစရာကောင်းတာ ရှိဦးမလား။ ဒါနဲ့များတောင် လစ်ဘရယ် အုပ်စုထဲက မောင်နေဘုန်းလတ်က လူထုကို (တော်လှန်ရေးသမား တချို့ကို) စစ်အုပ်စု ဆိုက်ဝါးမိနေသလိုလို ပုတ်ခတ်သွားသေးတယ်။

မောင်နေဘုန်းလတ် ပြောသွားတဲ့ ငြင်းချက်တချို့ကို ချုပ်ကြည့်လိုက်ရင် –

“တနိုင်ငံလုံး ကိုယ်စားပြုတဲ့ ပြည်ထောင်စု အစိုးရတရပ် လိုအပ်တယ်။ ဒါ့ကြောင့် အန်ယူဂျီကို ဖျက်ပစ်ရမယ်လို့ မပြောရဘူး။ အန်ယူဂျီကို တိုင်းအစိုးရ/ ပြည်နယ်အစိုးရအဖြစ် လျှော့ချလို့ မရဘူး။ Reality မှာ အဲဒါမျိုး လုပ်လို့ မရဘူး။ အဲသလို လုပ်လိုက်ရင် ဘယ်မှာလဲ ပြည်ထောင်စု အစိုးရ၊ နိုင်ငံတကာ လူပုံအလယ်မှာ ပြည်ထောင်စု အစိုးရလို့ ပြစရာ SAC ပဲ ကျန်တော့တယ်။ ဒါ့ကြောင့် နိုင်ငံတကာ အစိုးရတွေရဲ့ အသိအမှတ်ပြုခံရဖို့ အန်ယူဂျီကို လိုအပ်တယ်။”

မောင်နေဘုန်းလတ်ရဲ့ ပြောစကားကို verbatim ချရေးထားတာ မဟုတ်ပါဘူး၊ သူပြောသွားတဲ့ စကားတွေရဲ့ line of argument ကတော့ အခု အနှစ်ချုပ် ရေးပြထားတဲ့ အတိုင်းပါပဲ။ ဒါကိုပဲ ဝေဖန်ချေဖျက်သွားမယ်။

လစ်ဘရယ် အဝန်းအဝိုင်းကပဲ အန်ယူဂျီကို ပြုပြင်ရေး လုပ်ရမယ်၊ ဒါမှမဟုတ် အန်ယူဂျီကို ဖျက်ပစ်သင့်တယ်လို့ ဝေဖန်တဲ့ အသံတွေ ထွက်လာတယ်။ တကယ်တော့ အခုလို ဝေဖန်တာ အတော် နောက်ကျနေပြီ။ သူတို့ ဘာ့ကြောင့် ဝေဖန်လာရသလဲ။

မြေပြင်က အဖိနှိပ်ခံ လူထုကိုယ်တိုင် အန်ယူဂျီ အသုံးမကျမှန်း၊ တော်လှန်ရေးကို ဦးမဆောင်နိုင်မှန်း တနေ့တခြား ပိုသိလာကြလို့၊ ဒါ့အပြင် အန်ယူဂျီ လက်အောက်ခံ ပသုံးလုံး ယန္တရားရဲ့ ‘ရှင်ကြီး ကျားထက်ဆိုး’ လုပ်ရပ်တွေကို လူထုက စိတ်နာလာလို့၊ အန်ယူဂျီ ခေါင်းဆောင်တွေရဲ့ ‘လေတလုံး မိုးတလုံး’ အပြောနဲ့ လက်တွေ့ လုပ်ရပ် ကွာချင်တိုင်း ကွာနေလို့၊ စသဖြင့်၊ တန်းစီရေးပြလို့ ရပါတယ်။

ဒီတော့ ရှင်းအောင်ပြောရရင် အန်ယူဂျီ ရှိနေလို့၊ ပသုံးလုံး ယန္တရား ရှိနေလို့ လူထုအတွက်၊ တော်လှန်ရေးအတွက် ဘာကောင်းကျိုးမှ ဖြစ်မလာတဲ့အပြင် ဝန်ထုပ်ဝန်ပိုးကြီး တခုလို ဖြစ်နေပြီလို့ ဆိုနိုင်တယ်။ အဲဒါ reality ပဲ။ မောင်နေဘုန်းလတ် နားလည်တဲ့ reality ကတော့ ဘာလဲ မသိပါ။

အဲဒီ reality ကို “တနိုင်ငံလုံး ကိုယ်စားပြုတဲ့ ပြည်ထောင်စု အစိုးရတရပ် လိုအပ်တယ်” ဆိုတဲ့ general statement တခုနဲ့ ဖယ်ရှားပစ်လို့ မရဘူး။ အဲသလို ယေဘုယျ အဆိုတခုပြုပြီး ငြင်းချက်ထုတ်မယ်ဆိုရင် အန်ယူဂျီဟာ တနိုင်ငံလုံး ကိုယ်စားပြုတဲ့ ပြည်ထောင်စု အစိုးရတရပ်စစ်စစ် ဖြစ်ကြောင်း နေဘုန်းလတ်ဘက်က အရင်ဆုံး သက်သေပြဖို့ လိုအပ်ပါတယ်။ မောင်နေဘုန်းလတ်က အဲလို သက်သေ မပြနိုင်ဘူး။ နေဘုန်းလတ်မှ မဟုတ်ဘူး၊ နုဂျီတဖွဲ့လုံး သက်သေမပြနိုင်ဘူး။ ဘယ်ပြနိုင်မလဲ၊ သူတို့ရဲ့ တည်ရှိမှုကိုက စစ်တပ် ခြေဥအောက်က ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အပေါ် အခြေပြုထားရတာ။ တော်လှန်ရေးထဲက ထွက်ပေါ်လာတဲ့ တော်လှန်ရေး အစိုးရတရပ် အဖြစ် ရပ်တည်နေနိုင်တာမျိုး မဟုတ်ဘူး။

ဒါ့ကြောင့် တနိုင်ငံလုံး ကိုယ်စားပြုတဲ့ ပြည်ထောင်စု အစိုးရ လိုအပ်တယ် = အန်ယူဂျီကို လိုအပ်တယ်လို့ ပြောမရတော့ဘူး။ ဒါ့ကြောင့် အန်ယူဂျီ မလိုအပ်ဘူးလို့ ဝေဖန်တာဟာ တနိုင်ငံလုံး ကိုယ်စားပြုတဲ့ ပြည်ထောင်စု အစိုးရတရပ် ရှိစရာ မလိုဘူးလို့ ပြောတာနဲ့ အဓိပ္ပါယ် မတူဘူး။ မောင်နေဘုန်းလတ်တို့ အန်ယူဂျီက ဒီနှစ်ခုကို ထပ်တူပြုပြီး ဝေဖန်လာသမျှ အသံတိုင်းကို ပုတ်ချချင်နေတယ်။ ဝေဖန်သံတွေကို ပုတ်ချရုံ မကဘဲ စစ်တပ်နဲ့ ပေးစားလိုက်သေးတယ်။ စစ်အုပ်စုရဲ့ ဆိုက်ဝါးမိနေသလိုလို ပုံဖော်လိုက်သေးတယ်။ အဲဒါ လစ်ဘရယ် အုပ်စုရဲ့ နိုင်ငံရေး အောက်လုံးထိုးနည်း တမျိုးပဲ။

အန်ယူဂျီကို တိုင်းအစိုးရ/ ပြည်နယ်အစိုးရအဖြစ် လျှော့ချလို့ မရဘူး ဆိုတာနဲ့ ပတ်သက်လို့တော့ သိပ်အများကြီး ထောက်ပြစရာတောင် မလိုပါဘူး။ အန်ယူဂျီရဲ့ ပီဒီအက်ဖ် တပ်ရင်းတွေ၊ ပသုံးလုံး ယန္တရားတွေ ဗွက်ထနေတဲ့ စစ်ကိုင်းတိုင်း တခုကိုပဲ ဘယ်အတိုင်းအတာအထိ အခြေခိုင်အောင် အုပ်ချုပ်နေနိုင်ပြီလဲ မေးရလိမ့်မယ်။ အခု အာဏာသိမ်း စစ်တပ်က စစ်ကိုင်းကို စစ်ကြောင်းထိုး တိုက်ခိုက်နေပြီ။ ပြည်ထောင်စု အစိုးရ လုပ်ချင်တဲ့ အန်ယူဂျီ အနေနဲ့ ဘယ်အတိုင်းအတာအထိ ပြန်တိုက်ထုတ်နိုင်ပြီလဲ။ ပြည်ထောင်စု တခုလုံးစာ မမေးသေးဘူး၊​ စစ်ကိုင်းတိုင်း တခုစာပဲ မေးသေးတာ။ နေဘုန်းလတ်က reality ဆိုတဲ့ စကား ထည့်ပြောလာလို့ reality တခုကို အခြေခံပြီး ဒီလို မေးခွန်းထုတ်ရတာပဲ။

လစ်ဘရယ် အုပ်စုက နိုင်ငံတကာမှာ ပြည်ထောင်စု အစိုးရအဖြစ် အသိအမှတ် ပြုခံချင်တာလဲ တပိုင်းကို သေလို့။ အန်ယူဂျီ အစိုးရအဖြစ် သူ့ကိုယ်သူ ကြေငြာထားတာ မကြာခင် ငါးနှစ်ပြည့်တော့မယ်။ ဘယ်နိုင်ငံတကာက အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုတာ ခံရပြီလဲ။ ဒီ reality ကို မျက်ကွယ်ပြုပြီး နိုင်ငံတကာ အသိအမှတ် ပြုခံရဖို့ အန်ယူဂျီ လိုအပ်တယ်ချည်း ပြောနေရင် ရယ်စရာ ပြက်လုံးတခုလို ဖြစ်သွားမယ်။ တနည်းအားဖြင့် နိုင်ငံတကာ အရင်းရှင် အစိုးရတွေရဲ့ သဘောကို အခုထိ နားမလည်သေး (နားမလည်ချင်ယောင်ဆောင်)​ တာပဲ။

တော်လှန်သော တိုင်းပြုပြည်ပြု လွှတ်တော် ခေါ်ယူရေး ဘာ့ကြောင့် လိုအပ်သလဲ

ဒီဆောင်းပါးမှာ စစ်အုပ်စုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ထားသလို လစ်ဘရယ် အုပ်စုရဲ့ အစိုးရရူး ရောဂါကိုလဲ ဝေဖန်ထားတယ်။ နှစ်ဖက်လုံးကို ဆန့်ကျင်ဝေဖန်နေတော့ ရှေ့ဆက်လုပ်ရမယ့် alternative လမ်းကြောင်းက ဘာရှိသလဲလို့ မေးစရာ ရှိလာတယ်။ ဒါနဲ့ ပတ်သက်လို့ မင်းအောင်လှိုင်ရဲ့ သမ္မတရူး အိပ်မက် ဆောင်းပါးမှာ အကျဉ်းချုပ် တင်ပြပြီးသား ရှိပါတယ်။ ဟုတ်ပါတယ်၊ Revolutionary Constituent Assembly လို့ခေါ်တဲ့ တော်လှန်သော တိုင်းပြုပြည်ပြု လွှတ်တော် ခေါ်ယူရေး လမ်းကြောင်း ဖြစ်ပါတယ်။

အာဏာသိမ်း စစ်အုပ်စု လုပ်မယ့် ရွေးကောက်ပွဲဟာ ဟန်ပြသာ ဖြစ်တယ်၊ ဒါကို အားလုံး အသိပဲ၊ အဖိနှိပ်ခံ ပြည်သူတွေက ဒီရွေးကောက်ပွဲကို အယုံအကြည် မရှိဘူး။ အဲသလို ၂၀၀၈ စစ်ခြေဥဟာ မင်းအောင်လှိုင် အာဏာမသိမ်းလဲ ဖျက်သိမ်းရမယ့် ဥပဒေပဲ၊ သူတို့ဆွဲထားတဲ့ ခြေဥကို ချိုးဖောက်ပြီး အာဏာသိမ်းလိုက်ကတည်းက သူတို့ကိုယ်တိုင် ဖျက်စီးပစ်လိုက်ပြီးသား။ ဒီတော့ ၂၀၀၈ ခြေဥကို ဖယ်ရှားပြီး ဒီမိုကရေစီ အနှစ်သာရ ပြည့်ဝတဲ့ တိုင်းပြုပြည်ပြု ခြေဥအသစ်တခု လိုအပ်တယ်။ ဒီအချက်ကလဲ ထင်ရှားပြီးသား ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့အပြိုင် အစိုးရလို့ ဟစ်ကြွေးထားတဲ့ အန်ယူဂျီက အဲဒီ ၂၀၀၈ ခြေဥအောက်က legitimacy ကို ဆုပ်ကိုင်ထားတယ်။ သက်တမ်းအားဖြင့် ငါးနှစ် ပြည့်တော့မယ်။ ဒီနေရာမှာ အတော်များများ လစ်လျူရှုထားတဲ့ (small detail) အချက် တချက်ကိုလဲ ထည့်ပြောရဦးမယ်။ သူတို့စဖွဲ့တုန်းက NUG မဟုတ်ဘူး၊ INUG ဖြစ်ပါတယ်။ (interim) ကြားဖြတ် အစိုးရ ဆိုပြီး ဖွဲ့ခဲ့ပေမယ့် အခုကျ ထာဝရ အစိုးရ ဖြစ်ချင်နေပြီ။

(interim) ကြားဖြတ် အစိုးရရဲ့ တာဝန်က ဘာလဲ ပြန်မေးရတော့မယ်။ ကြားဖြတ် အစိုးရ ဆိုတဲ့ နာမည်အတိုင်း အုပ်စိုးသူ အဟောင်း (အစိုးရ အဟောင်း) ကို ဖယ်ရှားပစ်ရမယ်၊​ တပြည်လုံး လွှမ်းခြုံတဲ့ ရွေးကောက်ပွဲ ပြုလုပ်ပြီး တိုင်းပြုပြည်ပြု လွှတ်တော် ခေါ်ယူရမယ်။ အဲဒီကနေ ဒီမိုကရေစီ နိုင်ငံသစ်၊ ပြည်ထောင်စု အစိုးရအသစ်ကို ဖွဲ့စည်းပေးရမယ်။

ဒီတော့ အဲဒီ တာဝန်ကို စစ်အာဏာသိမ်း အစိုးရက မလုပ်နိုင်တာ (ဘယ်တော့မှ မလုပ်ဘူး) ဆိုတာ ထင်ရှားပြီးသား။ ဒါဆို ဒီတာဝန်တွေ ထမ်းဆောင်ဖို့ ဖွဲ့စည်းထားတဲ့ INUG ဆိုသော ကြားဖြတ် အစိုးရကရော အခု ဘာလုပ်နေသလဲ။ လူမသိ သူမသိ I တလုံးခိုးဖြုတ်ပြီး ထာဝရ အစိုးရ လုပ်ချင်နေတယ်။

ဒါ့ကြောင့် ဒီကနေ့ အဖိနှိပ်ခံ လူထုကြီးတရပ်လုံးဟာ အရေးအကြီးဆုံး democratic demand တခုဖြစ်သော တိုင်းပြုပြည်ပြု လွှတ်တော် ခေါ်ယူရေး တောင်းဆိုချက်ကို ရှေ့တန်းတင် တိုက်ပွဲဝင်ဖို့ လိုအပ်လာတယ်။ ဒီတော့မှသာ လူမျိုးစုအလိုက်၊ ဒေသအလိုက် ပြန့်ကျဲနေတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ ဘုံဆုံချက်တခု ထွက်ပေါ်လာမယ်။ လစ်ဘရယ် အုပ်စု အန်ယူဂျီကို ပြည်ထောင်စု အစိုးရအဖြစ် လက်မခံနိုင်ဘူး၊ စစ်အုပ်စု လုပ်မယ့် ဟန်ပြ ရွေးကောက်ပွဲကိုလဲ လက်မခံနိုင်ဘူး ဆိုရင် အဖိနှိပ်ခံ လူထု တရပ်လုံးကို လွှမ်းခြုံ ကိုယ်စားပြုတဲ့ revolutionary constituent assembly ခေါ်ယူရေးကို ရှေးရှု လုပ်ဆောင်သင့်တယ်။ ဒီတော့မှသာ လူမျိုးကြီးတခုခု၊ နိုင်ငံရေး ပါတီကြီးတခုခု၊ လက်နက်ကိုင် အဖွဲ့ကြီးတခုခုက အုပ်စီးထားတဲ့ အစိုးရ ဆိုတာမျိုး ဖြစ်မလာနိုင်မှာ။

တိုင်းပြုပြည်ပြု လွှတ်တော် (constituent assembly) လို့ မသုံးဘဲ ရှေ့က revolutionary တပ်ပြီး ခေါ်ရတဲ့ အကြောင်းကတော့ စစ်အုပ်စု လုပ်ခဲ့တဲ့ ညောင်နှစ်ပင်လို အတုအယောင် ညီလာခံတွေရဲ့ ထောင်ချောက်ကို မြင်စေချင်လို့ပဲ။ တိုင်းပြုပြည်ပြု လွှတ်တော် ခေါ်ယူရေး demand ဟာ သူ့ချည်းသက်သက်ဆို အုပ်စိုးသူ လူတန်းစားရဲ့ ထောင်ချောက်ထဲ ရောက်သွားတာမျိုး ဖြစ်တတ်တယ်။ ဒါ့ကြောင့် တိုင်းပြုပြည်ပြု လွှတ်တော် ဆိုတဲ့ form ထက် တော်လှန်ရေး အနှစ်သာရက ပိုအရေးကြီးကြောင်း မြင်သာအောင် revolutionary constituent assembly ခေါ်ယူရေးလို့ ပြောရတာ ဖြစ်ပါတယ်။

တကယ်တော့ ဒီ demand ဟာ အသစ်အဆန်း မဟုတ်ပါဘူး။ ပြင်သစ် တော်လှန်ရေးကနေ ဘော်ရှီဗစ် တော်လှန်ရေးအထိ အရေးကြီးတဲ့ democratic demand တခုဖြစ်ပါတယ်။ လစ်ဘရယ်တွေကိုယ်တိုင် လက်ခံနိုင်တဲ့ demand ဖြစ်ပါတယ်။ ၂၀၂၁ တော်လှန်ရေး မဖြစ်ခင် ကာလက ၂၀၀၈ ခြေဥက ပြင်ဖို့ လိုတယ်၊ ဒါပေမယ့် စစ်တပ် သဘောမတူရင် ဘာမှ ပြင်မရအောင် လုပ်ထားတဲ့ ဥပဒေ၊ ဒါဖြင့် ဖျက်ပစ်ပေါ့ ပြောရင်လဲ ဘယ်လို ဖျက်ရမှာလဲ၊ ဖျက်ရေးပြောရင် ရန်သူလို ထင်ခဲ့ကြတယ်။ ထူးဆန်းတာက ဒီမိုကရေစီ တော်လှန်ရေးမှာ အရေးကြီး demand ဖြစ်တဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ခေါ်ယူပြီး ၂၀၀၈ ခြေဥ ဖျက်ပစ်၊ ခြေဥအသစ် ရေးဆွဲ အတည်ပြုရမယ့် နည်းလမ်းကို လစ်ဘရယ်တွေ မဖော်ထုတ်ရဲခဲ့ဘူး။ ၂၁ တော်လှန်ရေး ကာလမှာလဲ သူတို့ ဒီ demand လောက်ကို ပီပီပြင်ပြင် မဖော်ထုတ်ရဲဘူး။ လေလိုင်းပေါ်ကနေ Zoom နဲ့ ညီလာခံခေါ်၊ လွှတ်တော်ခေါ်ပြီး ဟန်ရေးပြရင်း ငါးနှစ် ကုန်တော့မယ်။

တိုင်းပြုပြည်ပြု လွှတ်တော် ခေါ်ယူရေးလို့ ပြောတဲ့ နေရာမှာ form ထက် တော်လှန်ရေး အနှစ်သာရ ပြည့်ဝဖို့ အရေးကြီးကြောင်း ဆိုခဲ့တယ်။ ဘာကို ဆိုလိုသလဲ။ သမိုင်းမကျေတဲ့ လစ်ဘရယ်တွေက တိုင်းပြုပြည်ပြု လွှတ်တော် ခေါ်ယူရေးလို့ ပြောလိုက်ရင် ပြင်သစ် ဘူဇွာ တော်လှန်ရေးနဲ့ပဲ သက်ဆိုင်သလိုလို ထင်တတ်ကြတယ်။ တကယ်တော့ ၁၉၀၃ ကနေ ၁၉၁၇ အထိ ဘော်ရှီဗစ်ပါတီရဲ့ အရေးအကြီးဆုံး democratic demand ဟာ တိုင်းပြုပြည်ပြု လွှတ်တော် ခေါ်ယူရေး တောင်းဆိုချက် ဖြစ်တယ်။

ဟုတ်ပြီ၊ ဒါဆို ရုရှားလို သက်ဦးဆံပိုင် ဘုရင်စနစ် ကြီးစိုးတဲ့ တိုင်းပြည်တခုမှာ တိုင်းပြုပြည်ပြု လွှတ်တော်ကို ဇာဘုရင်က ခေါ်ပေးမှာလား။ ဘယ်ခေါ်ပေးမလဲ။ တိုင်းပြုပြည်ပြု လွှတ်တော် ခေါ်ယူရတဲ့ ရည်ရွယ်ချက်ကိုက autocracy ကို ရှင်းပစ်ဖို့ပဲ။ အဲသလိုပဲ စစ်အစိုးရကို ရှင်းပစ်ဖို့ ရည်ရွယ်တဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ကို စစ်အစိုးရက ခေါ်ယူရေး (ဘယ်တော့မှ) မလုပ်ဘူး။

ဒီကနေ့ခေတ်မှာ တိုင်းပြုပြည်ပြု လွှတ်တော် ခေါ်ယူရေး တောင်းဆိုချက်ကို လစ်ဘရယ် အုပ်စုအသီးသီးက လွယ်လင့်တကူ လက်ခံနိုင်သလိုပဲ လီနင်တို့ခေတ်မှာလဲ ဒီအချက်ကို ရုရှား လစ်ဘရယ် ပါတီ (Cadet Party) က လက်ခံခဲ့တာပဲ။ ဒါပေမယ့် ဘော်ရှီဗစ်တွေနဲ့ မတူတာက အော်တိုခရေစီ နိုင်ငံတော်ရဲ့ ဗျူရိုကရက်တွေက ရွေးကောက်ပွဲ ကျင်းပပေးပြီး တိုင်းပြုပြည်ပြု လွှတ်တော်ခေါ်ပေးမယ်လို့ လစ်ဘရယ် ကေဒက် ပါတီက မျှော်လင့်ခဲ့တာပဲ။ ဒီကနေ့ ဗမာပြည် နိုင်ငံရေးမှာ အဲသလို ယုံကြည်တဲ့ ရူးနှမ်းနှမ်း အချောင်သမားတွေလဲ ရှိသေးတယ်။ သို့သော် အဲသလို ယုံကြည်တဲ့အထဲ ကျနော်တို့ ဘော်ရှီဗစ်တွေ မပါဘူး။

ဒါဆို ဘော်ရှီဗစ်တွေ ပြောတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ကို ဘယ်သူတွေက ခေါ်ယူပေးနိုင်မလဲ။ လီနင် ပြောခဲ့တာ ရှင်းပါတယ်။ လူထုကိုယ်တိုင် သူပုန်ထပြီး ဇာဘုရင်ကို ဖြုတ်ချ၊ အဲသလို အောင်မြင်တဲ့ သူပုန်ထ အုံကြွတဲ့ တော်လှန်ရေးမှာ အခြေခံထားသော provisional revolutionary government (ယာယီ တော်လှန်ရေး အစိုးရ) ထူထောင်ရမယ်။ အဲဒီ ယာယီ တော်လှန်ရေး အစိုးရက အုပ်စိုးသူ လူတန်းစား အဟောင်းရဲ့ တန်ပြန် ခုခံမှုကို ချေမှုန်းပစ်ဖို့ တာဝန်ရှိသလို တိုင်းပြုပြည်ပြု လွှတ်တော် ခေါ်ယူရေးလဲ လုပ်ရမယ်။ အဲသလို တိုင်းပြုပြည်ပြု လွှတ်တော် ခေါ်ယူပြီး ဒီမိုကရေစီ သမ္မတ နိုင်ငံသစ်ကို ထူထောင်နိုင်မယ်။

ဒါ့ကြောင့် RCA ခေါ်ယူရေးလို့ ပြောရခြင်း ဖြစ်ပါတယ်။ နာမည်တွေ ကြည့်မယ်ဆို လီနင် ပြောခဲ့တာတွေ ငါတို့ဆီမှာ အကုန် လုပ်ပြီးသား၊ ဘာမှ ဖြစ်မလာဘူးလို့ ထင်ရလိမ့်မယ်။ အဲလို သံသယဝင်တတ်သူတွေကို ပြောစရာ တခုပဲ ရှိပါတယ်။ form ကိုပဲ မကြည့်နဲ့၊ တော်လှန်ရေး အနှစ်သာရ တကယ် ရှိ မရှိ အကဲဖြတ်ကြည့်ပါ။ အဲ့တော့မှ ရှေ့ဆက်ရမယ့် လမ်းကို မြင်လိမ့်မယ်။

ရေးသူ – ဒင်နူး

(၂၁၊ ၈၊ ၂၀၂၅)

  • Down with the military regime!
  • Against the junta’s sham election!
  • For a revolutionary constituent assembly!
  • For workers’ democracy!
  • For a socialist revolution!
  • No confidence in liberal bourgeoisie!

 

Photo – AP ၊ PVTV ၊ နိုင်ငံပိုင်သတင်းစာ