မာ့(က်စ်)ဝါဒနဲ့ အမျိုးသမီးထု လွတ်မြောက်ရေး တိုက်ပွဲ

မတ်လ (၈) ရက်နေ့မှာ ကျရောက်တဲ့ IWD ဆိုတာ မူလက နိုင်ငံတကာ အလုပ်သမား အမျိုးသမီးများနေ့ (IWWD) ဖြစ်ပါတယ်။ အမျိုးသမီးထုရဲ့ ရှေ့မှာ working ဆိုတဲ့ ဝိသေသတခု ပါခဲ့တယ်။ ဆိုရှယ်လစ်အရေး လူထု တိုက်ပွဲတွေမှာ အုံလိုက်ကျင်းလိုက် ပါဝင်ခဲ့ကြတဲ့ အမျိုးသမီးထုကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတကာ အလုပ်သမား အမျိုးသမီးများနေ့ IWWD ကို ကျင်းပသင့်ကြောင်း ၁၉၁၀ ခုနှစ်မှာ ဂျာမန် ကွန်မြူနစ် အမျိုးသမီးကြီး Clara Zetkin က စတင် အဆိုပြုခဲ့ခြင်း ဖြစ်တယ်။ “ဘူဇွာ ဖမ်းမနစ် လှုပ်ရှားမှုနဲ့ အလုပ်သမား အမျိုးသမီးထုရဲ့ လှုပ်ရှားမှုဟာ အခြေခံကျကျ ကွဲပြားခြားနားတဲ့ လူမှု လှုပ်ရှားမှုတွေပဲ” လို့ ကလဲရာ ဇက်ကင်း ပြောခဲ့ဖူးတယ်။ ကလဲရာ ဇက်ကင်းရဲ့ မှတ်ချက်ဟာ ဒီကနေ့ခေတ်ထိ သင့်လျော်မှန်ကန်နေဆဲ ဖြစ်တယ်။

နိုင်ငံတကာ အလုပ်သမား အမျိုးသမီးများနေ့ IWWD ဆိုပြီး အထိမ်းအမှတ်ပြုခဲ့ရာကနေ နိုင်ငံတကာ အမျိုးသမီးများနေ့ IWD ဆိုပြီး W တလုံး ဖြုတ်လိုက်ကြတာ အကြောင်းရှိပါတယ်။ အဖြစ်နိုင်ဆုံး အဓိက အကြောင်းကတော့ နိုင်ငံတကာ အလုပ်သမား အမျိုးသမီးထုနေ့ မြစ်ဖျားခံရာ ကွန်မြူနစ် ဇစ်မြစ်ကို ဖုံးကွယ်ချင်လို့၊ လူတန်းစားအရေးကို ပစ်ပယ်ချင်လို့ဘဲ။ တနည်းဆိုရရင် အမျိုးသမီးထု လွတ်မြောက်ရေးကို လူတန်းစား တိုက်ပွဲ နိုင်ငံရေး လမ်းကြောင်းကနေ identity အခြေပြု နိုင်ငံရေး လမ်းကြောင်းပေါ် တွန်းတင်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ကြတာပဲ။

Against the individualistic solutions

ဒီကနေ့ ကမ္ဘာပေါ်က အမျိုးသမီး အများစုဟာ လွတ်မြောက်ဖို့ အသာထား၊​ တန်းတူညီမျှမှု ရရှိဖို့ကို အဝေးကြီး လိုသေးတယ်။ မိန်းမနဲ့ ယောက်ျား လုပ်ခလစာ ကွာဟချက်ဟာလဲ အခုထိ ကြီးမားနေဆဲ ဖြစ်ပါတယ်။ တကယ်တော့ ကျားမ တန်းတူ မညီမျှမှု၊ မိန်းမတွေကို ဖိနှိပ်မှုဆိုတာ လုပ်ခလစာ ကွာဟမှု ဆိုတာထက် အများကြီး ပိုပါတယ်။ ညဘက် တယောက်ထဲ အိမ်ပြန်တဲ့အခါ စိတ်မလုံမခြုံ ဖြစ်ရတာကနေ sexist ဆန်တဲ့ အကြည့်တွေ၊ ပြောစကားတွေ အပါအဝင် အိမ်တွင်းမှု အလုပ်ကို မိန်းမတွေကပဲ အများစု လုပ်နေရတဲ့ ကိစ္စတွေအထိ ဖိနှိပ်မှု ပုံစံတွေက အမျိုးအစား စုံလင်လှပါတယ်။ မရေမတွက်နိုင်အောင်ပါပဲ။

ဖိနှိပ်မှု ပုံစံမျိုးစုံ၊ မညီမျှမှု ပုံစံမျိုးစုံကို တန်းစီ ရေးပြရရင် ဆုံးမယ် မထင်ဘူး။ နမူနာအနေနဲ့ ကျားမ လုပ်ခလစာ ကွာခြားမှုနဲ့ ပတ်သက်လို့ ကိုးရီးယားက အချက်အလက်ကိုပဲ ကိုးကားပါရစေ။ အကြောင်းက ဗမာပြည်မှာ ကိုးကားစရာ အချက်အလက် တိတိကျကျ မရှိဘူး၊ ဒါ့အပြင် ကိုးရီးယားဆိုတာ ဗမာ လူငယ်တွေ အလုပ်သွားလုပ်ချင်ကြတဲ့ နိုင်ငံ။ ဒီလို နိုင်ငံမှာကို ကျားမ လုပ်ခလစာ ကွာဟချက်က ၃၀% ရှိပါတယ်။

သူ့နောက်မှာ ဂျပန်က ၂၀% အထက်နဲ့ ဒုတိယ လိုက်ပါတယ်။ တတိယက ကမ္ဘာ့အချမ်းသာဆုံး ယူအက်(စ်)ပါ။ ဒီအချက်အလက်က OECD နိုင်ငံတွေချင်း နှိုင်းယှဉ်ထားတာပဲ ရှိပါသေးတယ်။ ဗမာလို ပြည်တွင်းစစ်ဖြစ်ပြီး ဖွတ်ကျောပြာစု ဖြစ်နေတဲ့ နိုင်ငံတွေကို နှိုင်းယှဉ်ထားတာ မဟုတ်သေးဘူး။ ဒီတော့ ဗမာပြည်မှာ လုပ်ခလစာ ကွာဟချက် ဘယ့်လောက် ကြီးမားနေမလဲ တွက်ဆကြည့်လို့ ရနိုင်မယ်။

လုပ်ခလစာ ကွာဟချက်လို့ ပြောတဲ့အခါ ‘တူညီသော အလုပ်အတွက် တူညီသော လုပ်ခ မရရှိတာ’ ဖြစ်နိုင်သလို ဝင်ငွေနည်းတဲ့ အောက်ခြေသိမ်း အလုပ်တွေ၊ ကျပမ်း အလုပ်တွေမှာ မိန်းမတွေက အများစု လုပ်နေရလို့ ကျားနဲ့မ ကြား လုပ်ခလစာ ကွာဟတာလဲ ဖြစ်နိုင်တယ်။ အာရှရဲ့ စတုတ္ထမြောက် အကြီးဆုံး စီးပွားရေးလို့ ပြောနိုင်တဲ့ ကိုးရီးယားမှာကို ကျပမ်း ခေါင်းစဉ်အောက် ရောက်နေတဲ့ အလုပ်သမား သန်းပေါင်းများစွာ ရှိတယ်။ ဒီထဲမှာ အမျိုးသမီးတွေက အများစု ဖြစ်တယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံ အလုပ်ရုံတွေ အမြောက်အများ ပိတ်သိမ်းလိုက်ရတဲ့ ဗမာပြည်မှာ အလုပ်လက်မဲ့ ဖြစ်သွားသူတွေ၊ ကျပမ်း အလုပ်သမား ဘဝ ရောက်သွားသူ အမျိုးသမီးတွေ ဒုနဲ့ဒေး ရှိပါတယ်။

ဒါ့အပြင် ပြည့်တန်ဆာဘဝ ရောက်သွားရသူ အမျိုးသမီး အရေအတွက်လဲ သိသိသာသာ တိုးများလာခဲ့တယ်။ တဆက်တည်းပြောရရင် ပြည့်တန်ဆာဘဝဆိုတာ လိင်ကို ဝန်ဆောင်မှုအဖြစ် ရောင်းစားတဲ့ အလုပ် တမျိုးပဲလို့ normalize လုပ်တဲ့ လစ်ဘရယ် အမြင်ကို ဆန့်ကျင်ရမယ်။ အပေါ်ယံကြည့်ရင် ပြည့်တန်ဆာတွေကို တန်းတူ သဘောထား ဆက်ဆံတဲ့ အမြင်လိုလို။ တကယ်တော့ တိုင်းပြည် စီးပွားပျက်ပြီး အငတ်ဘေးက တွန်းပို့လိုက်လို့ မိမိခန္ဓာကိုယ်ကို တပါးသူ ပြုသမျှ နုရမယ့် ဘဝ ရောင်းစားလိုက်ရတဲ့ အဖြစ်ကို ဖုံးဖိပေးရာရောက်ပြီး လွတ်လပ်စွာ မိမိစိတ်ကြိုက် ရွေးချယ်ခွင့်ရှိသလို ပုံဖော်လိုက်ခြင်းပဲ။

လူမှုစီးပွား ပြဿနာတွေကို တသီးပုဂ္ဂလ ပြဿနာ၊ လူတဦးချင်းစီရဲ့ ရွေးချယ်ခွင့် ပြဿနာအဖြစ် လျှော့ချလိုက်ခြင်းကို လစ်ဘရယ်တွေက ‘women empowerment’ လိုလို လုပ်ခဲ့ကြတယ်။ ပြည့်တန်ဆာလို့ မခေါ်ဘဲ ‘sex worker’ လို့ ခေါ်လိုက်ရင်ပဲ ပြည့်တန်ဆာဘဝ ရောက်နေရသူ အမျိုးသမီးတွေရဲ့ဘဝက ဖိနှိပ်မှု နှစ်ပြားဖိုးလောက် လျော့သွားတော့မလိုလို။ ပကတိ ရုပ်အခြေအနေ ပြောင်းလဲရေး မလုပ်ဘဲ အခေါ်အဝေါ် ပြောင်းရုံနဲ့ ဘဝတွေ ပိုကောင်းလာတော့မယောင် အဲသလို ‘individualistic’ ဖြေရှင်းနည်းမျိုး လစ်ဘရယ်တွေ ပေးလေ့ရှိတယ်။ ကြောင်သူတော် ကိုယ်ကျင့်စံနှုန်းတွေ ကိုင်စွဲပြီး ပြည့်တန်ဆာတွေကို ခွဲခြားနှိမ်ချသူတွေ၊ အကြမ်းဖက်သူတွေကို ဆန့်ကျင်တိုက်ပွဲဝင်ရမှာ ဖြစ်သလို ‘individualistic’ အဖြေတွေ ဖော်စပ်နေတဲ့ ပျောက်စေဆရာ လစ်ဘရယ်တွေကိုလဲ ဆန့်ကျင်ရလိမ့်မယ်။

သူတို့ ဒီလို တသီးပုဂ္ဂလဆန်တဲ့ ဖြေရှင်းနည်းတွေ ပေးနေတာ ပြည့်တန်ဆာ ကိစ္စကိုပဲ မဟုတ်ဘူး၊ တခြားသော ဖိနှိပ်မှုတွေ၊ မတရားမှုတွေ၊​ မညီမျှမှုတွေ အားလုံးကိုလဲ ဒီလို ဖြေရှင်းနည်းပဲ ပေးနေကြတာ။ လူတန်းစား တိုက်ပွဲနဲ့ စနစ် ပြောင်းလဲရေး ဆိုတာမျိုး မပါဘူး။ အရင်းရှင်စနစ် ဘောင်ထဲမှာတင် လူတဦးချင်းအလိုက် ပြုပြင်ပြောင်းလဲနိုင်ရင် sexism နဲ့ ဖိနှိပ်မှုတွေကို ချေဖျက်ပစ်နိုင်မယ့်သဘောမျိုး ပြောကြတယ်။

ဖိနှိပ်မှုကို ဘယ်လို တိုက်မှာလဲ

အရင်းရှင်စနစ်ကို ငါတို့လဲ ဆန့်ကျင်ပါတယ်လို့ ပြောနေတဲ့ ဖမ်းမနစ်(စ်)တွေလဲ ရှိတယ်။ ဒါပေမယ့် မိန်းမတွေ ဖိနှိပ်ခံရတာ အရင်းရှင်စနစ် မတိုင်ခင် ရှေးပဝေသဏီကတည်းကပဲ၊ ဒါ့ကြောင့် မာ့(က်စ်)ဝါဒီတွေ ပြောသလို အရင်းရှင်စနစ် ဖျက်သိမ်းလိုက်ရုံနဲ့ ငါတို့ မိန်းမတွေ ဖိနှိပ်ခံရတာ ပျောက်ကွယ်မသွားဘူးလို့ ငြင်းလေ့ရှိတယ်။

မာ့(က်စ်)ဝါဒအမြင်ကို ပုံဖျက်ပစ်ထားတဲ့ ဒီငြင်းချက်မျိုးကို ချေဖျက်ပစ်ဖို့ လိုလာတယ်။ မိန်းမတွေ ဖိနှိပ်ခံရတာ အရင်းရှင်စနစ်ကျမှ စတင်တယ်လို့ ဘယ်မာ့(က်စ်)ဝါဒီကမှ မပြောခဲ့ဖူးဘူး။ သမိုင်း အခြေခံ ကကြီးခခွေးလောက် သိရင်တောင် သဘောပေါက်တဲ့ ဒီလို အချက်ကို သမိုင်းရေး ရုပ်ဝါဒအမြင် ကိုင်စွဲတဲ့ မာ့(က်စ်)ဝါဒီတွေက မသိဘူး ထင်တာတော့ အတော် အူကြောင်ကြောင်နိုင်ပါတယ်။ မိန်းမတွေ ဖိနှိပ်ခံရခြင်းအကြောင်း ပြောတဲ့အခါ မာ့(က်စ်)ဝါဒစာပေမှာ အထင်ကရဖြစ်တဲ့ The Origin of the Family, Private Property and the State စာအုပ်ကို မိတ်ဆက်လောက် မြည်းဖူးရင်တောင် ဒီလို ပေါချာချာ ‘straw man fallacy’ မျိုး မကျူးလွန်လောက်ဘူး။

ဒီတော့ မာ့(က်စ်)ဝါဒီတွေ အမှန်တကယ် ပြောတာက ဘာလဲ။ လူ့သမိုင်းမှာ လူတန်းစား လူ့အဖွဲ့အစည်း ထွက်ပေါ်လာချိန် (တနည်းဆိုရရင် ပုဂ္ဂလိက ပိုင်ဆိုင်မှု ပေါ်ထွန်းလာချိန်) ကစပြီး မိန်းမတွေ ဖိနှိပ်ခံခဲ့ရတယ်လို့ မာ့(က်စ်)ဝါဒီတွေက ပြောတယ်။ လူ့သမိုင်းမှာ ပုဂ္ဂလိက ပိုင်ဆိုင်မှုဆိုတာ မပေါ်ခင်၊ လူတန်းစား လူ့အဖွဲ့အစည်းဆိုတာ မရောက်ခင်အထိ မိန်းမတွေ ဖိနှိပ်ခံရခြင်း မရှိခဲ့ဘူးလို့ ဆိုလိုတယ်။ ဒီတော့ ဖမ်းမနစ်(စ်)တချို့ ပုံဖျက်သလို အရင်းရှင်စနစ် တိုက်ဖျက်ရေး ပြောတာနဲ့ပဲ အရင်းရှင်စနစ်ရောက်မှ မိန်းမတွေ ဖိနှိပ်ခံရတယ်လို့ မဆိုလိုကြောင်း ရှင်းမယ် ထင်ပါတယ်။

အလျဉ်းသင့်လို့ ဖြည့်စွက်ပြောရရင် မာ့(က်စ်)ဝါဒကမိန်းမတွေ ဖိနှိပ်ခံရခြင်းအပါအဝင် အခြားသော ဖိနှိပ်မှုမျိုးစုံ၊ သွေးစုပ်ခြယ်လှယ်မှုမျိုးစုံကို အမြဲတည်ရှိခဲ့တဲ့ အရာတွေ၊ အမြဲတည်ရှိနေမယ့် အရာတွေလို့ လက်မခံဘူး။ လူတန်းစား၊ ပုဂ္ဂလိက ပိုင်ဆိုင်မှု၊ ငွေကြေး၊ နိုင်ငံတော် အစရှိတဲ့ အရာတွေလိုပဲ ဖိနှိပ်မှုတွေ၊ သွေးစုပ်မှုတွေကိုလဲ historical အဖြစ်သာ ရှုမြင်သုံးသပ်တယ်။ historical အဖြစ် ရှုမြင်သုံးသပ်တယ်လို့ ဆိုရာမှာ အကြောင်းချင်းရာ တခုက (၁) ထာဝရ ဖြစ်တည်နေတာမျိုး မဟုတ်ဘူး၊ (၂) မူလအစ ဆိုတာ ရှိတယ်၊ (၃) ဖြစ်ပေါ်ပြောင်းလဲခြင်း သမိုင်း ရှိတယ်၊ (၄) မူလအစ ရှိသလို ပျက်စီးခြင်းလဲ ရှိတယ်။

မိန်းမတွေ ဖိနှိပ်ခံရခြင်း ကိစ္စကို စဉ်းစားကြည့်ရအောင်။ တချို့ပြောနေကြသလို လူအထီး လူအမရယ်လို့ စဖြစ်ကတည်းက ယောက်ျားတွေက မိန်းမတွေကို ဖိနှိပ်ခဲ့တာပဲ ဆိုတဲ့ အမြင်ဟာ historical အမြင် မဟုတ်ဘူး။ အကြောင်းချင်းရာတခုကို ကိုယ့်မျက်စိရှေ့ ဒါမှမဟုတ် ကိုယ်ကြားဖူးတဲ့ သမိုင်းခေတ်လောက်က အရာတွေ လက်ညှိုးထိုးပြီး ထာဝရ ဖြစ်တည်နေတဲ့ အရာလို့ လွယ်လွယ်ကောက်ချက်ဆွဲလိုက်တဲ့ တရားသေ အမြင်တမျိုးပဲ။ ကိုယ်ရှင်သန်နေရတဲ့ အရင်းရှင်စနစ်မှာ ငွေကြေးက အရာရာဖြစ်နေလို့ လူ့အဖွဲ့အစည်းတိုင်း ခေတ်တိုင်းမှာ ငွေကြေးက အရာရာ ဖြစ်နေမှာပဲလို့ ကောက်ချက်ချတဲ့ ပုံစံမျိုးပဲ။ ဒါဟာ ကျနော်တို့ ပြောတဲ့ historical အမြင်နဲ့ ဆန့်ကျင်ဖက် ahistorical ရှုမြင်ပုံမျိုးပဲ။

“ahistorical” ရှုမြင်ပုံကို လက်ခံမိပြီဆိုရင် အကြောင်းချင်းရာ တခုရဲ့ မူလအစကို သိစရာ မလိုတော့ဘူး။ အဲဒီရှုမြင်ပုံအရ မူလအစ ဆိုတာ ရှိတယ်လို့တောင် ပြောမရတော့ဘူး။ အဲဒီတော့ မိန်းမတွေ ဖိနှိပ်ခံရခြင်းကို ဖြစ်ပေါ်စေခဲ့တဲ့ သမိုင်းဆိုင်ရာ လူ့အဖွဲ့အစည်း ပြောင်းလဲမှုတွေ၊ တနည်းဆိုရင် မိန်းမတွေ ဖိနှိပ်ခံရခြင်းရဲ့ material foundation ကို နားလည်စရာ မလိုတော့ဘူး။ အဲသလို နားမလည်တော့ အထီးတွေရဲ့ ဗလအားကိုးနဲ့ ရန်လိုတဲ့ ဗီဇစိတ်ကြောင့် မိန်းမတွေကို နိုင့်ထက်စီးနင်း ဖိနှိပ်မှု ဖြစ်ပေါ်လာတာပဲ ဆိုတဲ့ ရှင်းပြချက်မျိုးသာ ထွက်လာမယ်။

‘ဟေ့ မစော်ကားနဲ့၊ ငါတို့က အဲထက် ပိုနားလည်တယ်။ ဖိုဝါဒအားပေး လူမှုစံတွေ၊ တန်ဖိုးတွေကြောင့် ပက်ထရီအာခီကြီး ခိုင်မြဲနေတာ၊ sexist attitude ကြောင့် sexist behavior တွေ ဖြစ်ပေါ်လာတာ’ လို့ စောဒက တက်နိုင်ပါတယ်။

ဖိုဝါဒအားပေးတဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေ၊ ဘာသာရေးတွေ၊ အယူသီးမှုတွေ၊ လူ့အဖွဲ့အစည်းရဲ့ စံနှုန်းတွေ၊ တန်ဖိုးတွေ၊ ခေတ်နောက်ပြန်ဆွဲတဲ့ အတွေးအခေါ် အယူအဆတွေ မျိုးစုံ ရှိပါတယ်။ ဒါတွေကို ကျနော်တို့ ကွန်မြူနစ်တွေက ပြတ်ပြတ်သားသား ဆန့်ကျင်တယ်။ ဒါတွေ ရှိနေခြင်းကို ဘယ်သူမှ ငြင်းမှာ မဟုတ်ဘူး။ ဆန့်ကျင်တိုက်ထုတ်ရမယ် ဆိုတာလဲ အမှန်ပဲ။ ဒါပေမယ့် အဲဒါတွေ လက်ညှိုးထိုးပြပြီး မိန်းမတွေ ဖိနှိပ်ခံရခြင်းကို ရှင်းပြရင်တော့ ‘ဂျာအေး သူ့အမေရိုက်’ ဖြစ်နေမှာပဲ။

ဒီသဘောကို မြင်သာအောင် အခုလို မေးခွန်းထုတ်ကြည့်လိုက်ပါ။ ဒီကနေ့ မြင်နေရတဲ့ ဖိုဝါဒအားပေး ဓလေ့ထုံးတမ်း အစဉ်အလာတွေ၊ ဘာသာရေးတွေ၊ အယူသီးမှုတွေ၊ လူ့အဖွဲ့အစည်းရဲ့ စံနှုန်းတွေ၊ တန်ဖိုးတွေဟာ လူ့သမိုင်း စကတည်းက မပြောင်းမလဲ ရှိခဲ့တာလား။ သမိုင်းအသိ စိုးစိမျှ ရှိရင်တောင် လူ့သမိုင်း စကတည်းက ဒီအတိုင်း ရှိခဲ့တာပါလို့ မပြောရဲလောက်ဘူး။ မပြောရဲဘူးဆိုရင် ဘယ်ခေတ်မှာ ဘယ်လို စပေါ်ခဲ့တာလဲ၊ ဘာ့ကြောင့် ပေါ်လာတာလဲ ဆိုတဲ့ မေးခွန်းတွေ ဆက်ပေါ်လာတယ်။ တဆက်တည်း သမိုင်းတလျှောက်မှာ သူတို့ ဘယ်လို ပြောင်းလဲသွားခဲ့သလဲ၊ ဘာ့ကြောင့် ပြောင်းလဲသွားခဲ့သလဲ ဆိုတဲ့ မေးခွန်းလဲ ပေါ်လာတယ်။

အဲသလို မေးခွန်းထုတ်ကြည့်လိုက်ရင် “sexist x ကြောင့် sexist y ပေါ်လာရတာ” ဆိုတဲ့ ရှင်းပြချက်မျိုးက “မုန့်လုံး စက္ကူကပ်နေမှန်း” ဒါမှမဟုတ် အပေါ်ယံဆန်မှန်း တွေ့လာရလိမ့်မယ်။ အဲဒီလို အပေါ်ယံ နားလည်မှုမျိုးကနေ တသီးပုဂ္ဂလဆန်တဲ့ ‘ဖိုဝါဒ တိုက်ဖျက်ရေး ဖြေရှင်းနည်းတွေ’ ထွက်ပေါ်လာတာပဲ။

မာ့(က်စ်)ဝါဒအမြင်ကို ပြန်ကောက်ရအောင်

မိန်းမတွေ ဖိနှိပ်ခံရခြင်းရဲ့ origin ဟာ လူတန်းစား လူ့အဖွဲ့အစည်းမှာ ရှိတယ်၊ အခုဆို လူတန်းစား လူ့အဖွဲ့အစည်းဟာ နှစ်ထောင်ပေါင်းများစွာ သက်တမ်း ရှိနေပြီ၊ ဒီကာလတလျှောက် ဖိနှိပ်မှု ပုံစံမျိုးစုံ ထွက်ပေါ်လာခဲ့တယ်၊ အဲဒီ ဖိနှိပ်မှုတွေ၊ မညီမျှမှုတွေဟာ လူတန်းစား လူ့အဖွဲ့အစည်းရဲ့ structure အတွင်း အခိုင်အမာ အမြစ်တွယ်နေပြီလို့ မာ့(က်စ်)ဝါဒီတွေ ရှင်းပြတယ်။

ဒီတော့ ဖမ်းမနစ်(စ်)တွေကို ပြန်မေးရမှာက ဒီကနေ့ လူ့အဖွဲ့အစည်းဟာ မာ့(က်စ်)ဝါဒီ ပြောတဲ့ လူတန်းစား လူ့အဖွဲ့အစည်းလား၊ ဒါမှမဟုတ် လူတန်းစားမဲ့ လူ့အဖွဲ့အစည်းလား။ လူတန်းစား လူ့အဖွဲ့အစည်း ဖြစ်တယ် ဆိုတဲ့ အချက်ကို လက်ခံရင် ဆက်မေးရမှာက ဒီကနေ့ လူတန်းစား လူ့အဖွဲ့အစည်းက ဘယ်လို social form လဲ။ အရင်းရှင်စနစ် ဆိုတဲ့ အဖြေပဲ ပေးစရာ ရှိပါလိမ့်မယ်။ တခြား အဖြေကို ပေးတဲ့ ဖမ်းမနစ်(စ်)များရှိရင် သိချင်ပါတယ်။ လောလောဆယ်တော့ ဒီကနေ့ လူတန်းစား လူ့အဖွဲ့အစည်းကို အရင်းရှင်စနစ် လူတန်းစား လူ့အဖွဲ့အစည်းလို့ ဖမ်းမနစ်(စ်)တွေလဲ နားလည်လက်ခံကြောင်း ယူဆပြီး ဆက်ဆွေးနွေးကြည့်မယ်။

ဒါဆိုရင် အမျိုးသမီးထု ဖိနှိပ်မှုအပေါင်းက လွတ်မြောက်ရေးဆိုတာ လူတန်းစား လူ့အဖွဲ့အစည်း ဖျက်သိမ်းရေးပဲ မဟုတ်ဘူးလား။ ဒီကနေ့ သမိုင်းခေတ်ရဲ့ လူတန်းစား လူ့အဖွဲ့အစည်း ဖျက်သိမ်းရေးဆိုတာ အရင်းရှင်စနစ် ဖျက်သိမ်းရေးပဲလို့ ပြောရင် ဘာငြင်းစရာ ရှိပါသလဲ။

မာ့(က်စ်)ဝါဒီတွေက ဒီနေရာမှာလဲ အရင်းရှင်စနစ် ဖျက်သိမ်းရေးကို ဝါးတားတား မပြောပါဘူး။ အရင်းရှင်စနစ် လူတန်းစား လူ့အဖွဲ့အစည်းကို ဖျက်သိမ်းပြီး ဖိနှိပ်မှုအပေါင်း၊ သွေးစုပ်ခြယ်လှယ်မှုအပေါင်း ကင်းစင်တဲ့ လူတန်းစားမဲ့ လူ့အဖွဲ့အစည်းကို ရောက်ချင်ရင် ဆိုရှယ်လစ် တော်လှန်ရေးကို အောင်အောင်မြင်မြင် ဆင်နွှဲနိုင်ဖို့ လိုအပ်ကြောင်း တိတိကျကျ ပြောပါတယ်။ ဆိုရှယ်လစ် ခေတ်ပြောင်း တော်လှန်ရေးကို ဦးဆောင် ဆင်နွှဲနိုင်တာ ခေတ်သစ် အလုပ်သမား လူတန်းစားပဲ ရှိတယ်လို့ မာ့(က်စ်)ဝါဒီတွေက ပြောပါတယ်။ ခေတ်သစ် အလုပ်သမား လူတန်းစား ဆိုရာမှာ အမျိုးသမီး အလုပ်သမားတွေလဲ ပါဝင်ကြောင်း အသိအမှတ်ပြုရုံမက အထူးအလေးထား ပြောပါတယ်။

၁၉၁၇ ရုရှားမှာ ကမ္ဘာ့ ပထမဆုံး ဆိုရှယ်လစ် တော်လှန်ရေး ဖြစ်ခဲ့တယ်။ ဒီတော်လှန်ရေး မတိုင်ခင် ၁၉၁၇ ရုရှားမှာ ဖေဖော်ဝါရီ တော်လှန်ရေးကို အရင် ဖြတ်သန်းခဲ့ရတယ်။ အဲဒီ ဖေဖော်ဝါရီ တော်လှန်ရေးက ၁၉၁၇ IWWD နေ့မှာ ရုရှား အထည်ချုပ် အလုပ်သမား အမျိုးသမီးတွေရဲ့ သပိတ်တိုက်ပွဲကနေ အစပြုခဲ့ခြင်း ဖြစ်တယ်။ (ခေတ်သစ်ပြက္ခဒိန်အရ ၁၉၁၇ မတ်လ ၈ ရက် IWWD နေ့ ဆိုပေမယ့် ခေတ်ဟောင်း ရုရှား ပြက္ခဒိန်အရ ၁၉၁၇ ဖေဖော်ဝါရီ ၂၃ ရက် ဖြစ်နေလို့ ဖေဖော်ဝါရီ တော်လှန်ရေးလို့ သမိုင်းတွင်သွားခြင်း ဖြစ်ပါတယ်။ နှောင်းလူတွေ မျက်စိလည်မှာစိုးလို့ ဒီအချက်ကို ဖြည့်စွက်ရေးရခြင်း ဖြစ်ပါတယ်။)

၂၀၂၁ ဗမာပြည် တော်လှန်ရေးဟာလဲ ရန်ကုန် စက်မှုဇုံ အထည်ချုပ် အလုပ်သမား အမျိုးသမီးထုရဲ့ ချီတက်ဆန္ဒပြပွဲကနေ အစပြုခဲ့ခြင်း ဖြစ်တယ်။ တခြား တော်လှန်ရေးတွေမှာလဲ အလားတူ ဖြစ်စဉ်တွေ အမြောက်အများ တွေ့ရပါလိမ့်မယ်။ ဒါကနမူနာ ထုတ်ပြတဲ့ သဘောပါ။

အထက်မှာ ဆိုခဲ့သလိုပဲ၊ ဖမ်းမနစ်(စ်)တွေထဲမှာ ငါတို့လဲ အရင်းရှင်စနစ်ကို ဆန့်ကျင်ပါတယ် ဆိုပြီး anti-capitalism လုပ်သူတွေ ရှိပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ ဝေဝါးပါတယ်၊ အရင်းရှင်စနစ်ကို ဘယ်အတိုင်းအတာအထိ ဆန့်ကျင်တာလဲ မပါဘူး၊ တစုံလုံး ဆန့်ကျင်တာပဲလို့ ပြောချင် ပြောနိုင်ပါတယ်။

ပြောခဲ့ရင်လို့ ယူဆပြီး ဆက်ဆွေးနွေးရရင် အရင်းရှင်စနစ်ကို ဘယ်လို ဖြိုချမှာလဲ ဆက်မေးစရာ ရှိတယ်။ မေးရတဲ့ အကြောင်းက ကျနော်တို့ ကွန်မြူနစ်တွေ ရှင်းပြသလို (လူတန်းစား တိုက်ပွဲနည်း) ဆိုရှယ်လစ် တော်လှန်ရေးနဲ့ အရင်းရှင်စနစ်ကို ဖြိုချမှ ရမယ်လို့ ဘယ်ဖမ်းမနစ်(စ်)ကမှ တိတိကျကျ ပြောထားတာမျိုး မရှိလို့ဘဲ။ အရင်းရှင်စနစ်ကို ဖြိုချပြီးရင် ဘယ်လို လူမှုစနစ်တခုနဲ့ အစားထိုးနိုင်တယ် ဆိုတာမျိုး ဘယ်ဖမ်းမနစ်(စ်)မှ ရှင်းပြထားတာ မတွေ့ရပါဘူး။ တွေ့ရသလောက်ကတော့ အရင်းရှင်စနစ်ရဲ့ အကြီးစား ကုန်ထုတ်လုပ်မှု ပုံစံကို သူတို့ ဆန့်ကျင်တယ်၊ အဲဒီအစား အသေးစား တနိုင်တပိုင် လုပ်ငန်းလေးတွေကို အားပေးကြတယ်။

ဒါဟာ utopian အယူအဆပဲဆိုတာ သူတို့ နားလည်ပုံ မရဘူး။ အကြီးစား ထုတ်လုပ်မှုတွေနဲ့ အရင်းရှင်စနစ်ဆိုတာ အဲသလို အသေးစား ရောင်းကုန်ထုတ် စနစ်ကနေ ပေါက်ဖွားလာတာပဲ။ ဒီသမိုင်း ဖွံ့ဖြိုးမှု ဖြစ်စဉ်ကို နားမလည်လို့ သမိုင်းဘီးကို နောက်ပြန်လှည့်ပြီး အရင်းရှင်စနစ်ကို အစားထိုးနိုင်မယ် ထင်နေကြတာ။ ရယ်ဒီကယ် ပုံပေါက်အောင် ငါတို့လဲ အရင်းရှင်စနစ်ကို ဖြိုချချင်တယ်လို့ အော်နေပေမယ့် ဘယ်လူမှု အင်အားစုက အရင်းရှင်စနစ် ဖြိုဖျက်ရေးကို ဦးဆောင် လုပ်နိုင်စွမ်း ရှိသလဲ ဆိုတာ သူတို့ ရှင်းမပြနိုင်ပါဘူး။ ဒါ့ကြောင့် ငါတို့လဲ အရင်းရှင်စနစ်ကို ဆန့်ကျင်ပါတယ် ဆိုတဲ့ ဖမ်းမနစ်(စ်)တချို့ရဲ့ ပြောစကားဟာ ဝါးတားတား နိုင်လွန်းတယ်လို့ ပြောခဲ့တာ။

အမျိုးသမီးထု တိုက်ပွဲနဲ့ တော်လှန်ရေး

အမျိုးသမီးထု လွတ်မြောက်ရေးအတွက် အကြီးမားဆုံး တိုးတက်မှုတွေဟာ တသီးပုဂ္ဂလဆန်သော တိုက်ပွဲတွေ၊ လူတဦးချင်းအလိုက် ဉာဏ်အလင်းပွင့်မှုတွေကနေ ရရှိလာခဲ့တာ မဟုတ်ဘူး။ လူ့အဖွဲ့အစည်းကို အခြေအမြစ်ကနေ ပြောင်းလဲရေး စုပေါင်း တော်လှန်သော တိုက်ပွဲကနေ ရရှိခဲ့ခြင်း ဖြစ်တယ်။

ဒီအတွက် အကောင်းဆုံး နမူနာကတော့ လီနင်တို့ ဘော်ရှီဗစ်တွေ ခေါင်းဆောင်ခဲ့တဲ့ ၁၉၁၇ အောက်တိုဘာ တော်လှန်ရေးကြီးပဲ။ ဒီတော်လှန်ရေးကြီးက အရင်းရှင်စနစ်ကို ဖယ်ရှားပြီး ဖိနှိပ်မှုတွေ၊ မညီမျှမှုတွေ ကင်းစင်တဲ့ လူ့အဖွဲ့အစည်း အသစ်တရပ် ထူထောင်လို့ ရနိုင်ကြောင်း လက်တွေ့ ပြသခဲ့တယ်။ စစ်မှန်သော အမျိုးသမီးထု လွတ်မြောက်ရေး ရရှိမယ့် လမ်းကြောင်းကို ဖောက်နိုင်ခဲ့တယ်။ ၁၉၁၇ မတိုင်ခင်က ရုရှားဟာ ဖိနှိပ်မှုတွေ အလွန်ပြင်းထန်တဲ့ ပက်ထရီအာခီ ယဉ်ကျေးမှုတွေနဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ အောက်တိုဘာ တော်လှန်ရေးကြီးက အဲဒီယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေရဲ့ အခြေခံအုတ်မြစ်တွေကို ဆွဲခါလှုပ်ရမ်းပစ်နိုင်ခဲ့တဲ့ ငလျင်ကြီးတခု ဖြစ်ခဲ့တယ်။ အမျိုးသမီးတွေကို ယောက်ျားတွေအောက် တဆင့်နိမ့် လူသားအဖြစ် ချိုးနှိမ်ထားတဲ့ ဥပဒေအားလုံးကို တချီတည်း ပယ်ဖျက်ပစ်ခဲ့တယ်။ လိင်တူချစ်ခင်ခြင်းကို ရာဇဝတ်ပြစ်မှုအဖြစ်က ပယ်ဖျက်ပစ်ခဲ့တယ်။ တကယ်တော့ ဒါတွေက အကင်းပဲ ရှိသေးတယ်။

အမျိုးသမီးထုကို လူတန်းစား လူအဖွဲ့အစည်းရဲ့ ကျေးကျွန်ဘဝကနေ လွတ်မြောက်အောင် လုပ်တဲ့နေရာမှာ အောက်တိုဘာ တော်လှန်ရေးကြီးက အခြား အရေးတော်ပုံ အားလုံးထက် ရှေ့ကို အများကြီး ရောက်ခဲ့တယ်။ အမျိုးသမီးထု အမှန်တကယ် လွတ်မြောက်ရေးအတွက် ဘော်ရှီဗစ်တွေက ကြီးမားတဲ့ ခြေလှမ်းတွေ စတင်လိုက်တဲ့အခါ ကမ္ဘာတလွှားက အာဏာရှိသူတွေ တုန်လှုပ်ခြောက်ခြားခဲ့ရပေမယ့် အလုပ်သမား အမျိုးသမီးထု (နဲ့ အလုပ်သမား အမျိုးသားတွေပါ) ရွှင်လန်းအားတက်ခဲ့ရတယ်။ အောက်တိုဘာ တော်လှန်ရေးကြီးဖြစ်ပြီး နောက်နှစ်တွေမှာ ကမ္ဘာ့ နေရာ အတော်များများက အမျိုးသမီးတွေ မဲပေးခွင့် အပါအဝင် (အခြား အခွင့်အရေးတချို့) ရခဲ့တာ တိုက်ဆိုင်မှုတော့ မဟုတ်ဘူး။

ဘော်ရှီဗစ်တွေဟာ လိင်အမျိုးမျိုးကြား မညီမျှမှုတွေ ဖြစ်ပေါ်စေတဲ့ ဥပဒေအားလုံးကို ဖျက်သိမ်းပစ်ခဲ့တယ်။ အမျိုးသမီးတွေကို ကိုယ်ဝန်ဖျက်ချပိုင်ခွင့်နဲ့ လွတ်လပ်စွာ ကွာရှင်းပြတ်စဲပိုင်ခွင့်တွေ ရရှိစေခဲ့တယ်။ ဒါ့အပြင် တရားဝင် ထိမ်းမြားလက်ထပ်ခြင်း မရှိဘဲ မွေးဖွားလာတဲ့ ကလေးတွေနဲ့ တရားဝင် ထိမ်းမြားလက်ထပ်ထားတဲ့ အိမ်ထောင်က မွေးဖွားလာတဲ့ ကလေးတွေကြား ခွဲခြားမှုတွေ လုပ်ထားတဲ့ ဥပဒေတွေကို ပယ်ဖျက်ပစ်ခဲ့တယ်။

နှိုင်းယှဉ်ပြရရင် ဒိန်းမတ်မှာတောင် အမျိုးသမီးတွေ လွတ်လပ်စွာ ကွာရှင်းပြတ်စဲပိုင်ခွင့်ကို ၁၉၂၅၊ ကိုယ်ဝန်ဖျက်ချပိုင်ခွင့်ကို ၁၉၇၃ မှာမှ ရရှိခဲ့တယ်။ ဒိန်းမတ်က ကလေးတွေကို ကမ္ဘာ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးဟာ ဆိုရှယ်ဒီမိုကရက် Nina Bang လို့ သင်ကြားလေ့ရှိတယ်။ သို့သော် အောက်တိုဘာ တော်လှန်ရေးအပြီး ထူထောင်လိုက်တဲ့ ဆိုဗီယက် ပြည်ထောင်စုမှာ Alexandra Kollontai ကို People’s Commissar (ဆိုလိုတာက ဝန်ကြီး) အဖြစ် ခန့်အပ်ပြီး ၇ နှစ်ကြာမှာ နီနာဘန်း ဝန်ကြီး ဖြစ်ခဲ့တာပါ။

ဘော်ရှီဗစ် အမျိုးသမီးကြီး Kollontai ရဲ့ ပထမဆုံး အမိန့် ဒီကရီက maternity ကို ကိုင်တွယ်ဖြေရှင်းခြင်း ဖြစ်တယ်။ အထူးသဖြင့် လုပ်ခလစာ အပြည့်နဲ့ မီးဖွားခွင့်ကို ၁၆ ပတ်အထိ စပေးခဲ့တယ်၊ နို့တိုက်မိခင် အမျိုးသမီးတွေရဲ့ တပတ်အလုပ်ချိန်ကို ၄ ရက်ထိ လျှော့ချပေးလိုက်တယ်။ အဲဒီခေတ် ကမ္ဘာ့ နိုင်ငံ အများစုမှာ မီးဖွားခွင့်ဆိုတာ လုံးဝ မရှိသလောက်ပဲ ဆိုတဲ့ အချက်ကို မမေ့ဖို့ လိုပါတယ်။ ဒိန်းမတ်မှာ လုပ်ခလစာနဲ့ အလုပ်လုပ်နေသော အမျိုးသမီးအားလုံး (all female wage workers) မီးဖွားခွင့် ရရှိရေး ဥပဒေကို ၁၉၆၀ ခုနှစ်မှ ပြဋ္ဌာန်းနိုင်ခဲ့တယ်။ ဒါတောင် ၁၄ ပတ်ပဲ ခံစားခွင့် ရတယ်။ ဒါ့အပြင် လုပ်ခလစာ အပြည့် မရဘူး၊ အလုပ်လက်မဲ့ ဖြစ်သူတွေကို ပေးတဲ့ ခံစားခွင့်ပဲ ရတယ်။

ဒီနေရာမှာ “လုပ်ခလစာနဲ့ အလုပ်လုပ်နေသော” အမျိုးသမီးအားလုံး လို့ အထူးပြု ပြောရတာ အကြောင်းရှိပါတယ်။ ဗမာပြည်မှာ အစိုးရ ဝန်ထမ်းအမျိုးသမီးတွေက (ဥပမာ၊ ကျောင်းဆရာမ၊ သူနာပြု ဆရာမ၊ ဆရာဝန်မ၊ စသဖြင့်) မီးဖွားခွင့်ကို လစာအပြည့်နဲ့ ၆လ ခံစားခွင့်ရပါတယ်။ ဒါပေမယ့် ဗမာတပြည်လုံးက သန်းပေါင်းများစွာသော wage worker အမျိုးသမီးတွေဟာ အဲသလို ခံစားခွင့် မရပါဘူး။ ပုဂ္ဂလိက ဆေးရုံတွေ၊​ ပုဂ္ဂလိက ကျောင်းတွေမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေလဲ အဲဒီလို မီးဖွားခွင့် မရရှိသလို စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီ အသီးသီးမှာ အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေလဲ အဲဒီလို မီးဖွားခွင့်ကို မခံစားရပါဘူး။ နို့တိုက်မိခင်တွေကို တပတ်တာ အလုပ်ချိန် ၄ ရက်အထိ လျှော့ချပေးတာမျိုးဆို ဝေလာဝေးပေါ့။

အမျိုးသမီးထု အခွင့်အရေးကို ငါတို့လဲ လေးစားပါတယ်လို့ စီအီးအို အမျိုးသမီးတွေ၊ ဘော့(စ်) အမျိုးသမီးတွေက ပြောလာရင် အလုပ်သမား အမျိုးသမီးတွေ လုပ်ခလစာအပြည့်နဲ့ မီးဖွားခွင့် ၆ လ ရပိုင်ခွင့်ကို သူတို့ လက်ခံနိုင်သလား တချက် မေးကြည့်ပါ။ တပတ်ကို တရက်လောက်တောင် ပိတ်ရက်မပေးချင်တဲ့ စက်ရုံမန်နေဂျာ အမျိုးသမီးတွေကို နို့တိုက်မိခင် အမျိုးသမီးတွေအတွက် တပတ်အလုပ်ချိန် ၄ ရက်ပဲ သတ်မှတ်ပေးဖို့ ပြောကြည့်ပါ။ ဒါဆိုရင် ကွန်မြူနစ်တွေက အမျိုးသမီးထု လွတ်မြောက်ရေး တိုက်ပွဲကို အမျိုးသမီးဆိုတဲ့ လိင်၊ ဂျန်ဒါ identity အခြေပြု နိုင်ငံရေး လမ်းကြောင်းအတိုင်း သွားလို့မရဘူး၊ လူတန်းစား တိုက်ပွဲ လမ်းကြောင်းအတိုင်းပဲ လုပ်ရမယ်လို့ ဘာ့ကြောင့် ပြောနေသလဲ သဘောပေါက်လာလိမ့်မယ်။

ဒီကနေ့ ကမ္ဘာ့ အချမ်းသာဆုံး ဆိုတဲ့ ယူအက်(စ်)မှာ အမျိုးသမီး အလုပ်သမားတွေဟာ မီးဖွားခွင့်ကို ၁၂ ပတ်ပဲ ရပါတယ်၊ ဒါတောင် လစာ တပြားမှ မရတဲ့ unpaid leave ပါ။ အဲဒီတော့ လွန်ခဲ့တဲ့ နှစ်တရာကျော်က အောက်တိုဘာ တော်လှန်ရေးရဲ့ ခြေလှမ်းတွေဟာ အမျိုးသမီးထု လွတ်မြောက်ရေးအတွက် ဘယ့်လောက်ထိ ရှေ့ရောက်ခဲ့သလဲ တွေ့ရလိမ့်မယ်။

သို့သော် ဥပဒေအရ တန်းတူညီမျှမှုဆိုတာ ဘော်ရှီဗစ်တွေရဲ့ ပထမ ခြေလှမ်းပဲ ဖြစ်ပါတယ်။ ဒါဟာ တန်းတူ မညီမျှမှုတွေကို ဖယ်ရှားပစ်ဖို့ ဥပဒေကြောင်းအရ ရှေ့ပြေးလုပ်ရပ် အဆင့်ပဲ ရှိသေးတယ်။ တန်းတူညီမျှမှု အစစ်အမှန် ရရှိဖို့ဆို စာရွက်ပေါ်မှာ ဥပဒေအသစ်တွေ ပြဋ္ဌာန်းလိုက်ရုံနဲ့ မလုံလောက်ပါဘူး။ လူ့အဖွဲ့အစည်းရဲ့ social and economic အခြေအနေတွေကို အမြစ်ကနေ ပြောင်းလဲပစ်ဖို့ လိုအပ်တယ်။

အမျိုးသမီးထု လွတ်မြောက်ရေးအတွက် ဘော်ရှီဗစ်တွေရဲ့ အမှန်တကယ် ကြိုးပမ်းအားထုတ်မှုက အဲဒါပဲ၊ မညီမျှမှု ဖိနှိပ်မှုတွေရဲ့ ဇစ်မြစ်ဖြစ်သော ရုပ်အခြေအနေတွေကို ပြောင်းလဲပစ်ရေး တနည်းဆိုရသော် လူတန်းစား ကွဲပြားမှုကို ဖယ်ရှားပစ်ရေး သူတို့ လုပ်ခဲ့တယ်။ ဒီလို ပြောင်းလဲပစ်ချင်ရင် ကုန်လုပ် ပစ္စည်းတွေ ပုဂ္ဂလိက ပိုင်ဆိုင်ခြင်းကို အဆုံးသတ်ပစ်ဖို့ လိုအပ်တယ်။ သဘောက အရင်းရှင်ကြီးတွေ၊ မြေရှင်ကြီးတွေ စက်ရုံ အလုပ်ရုံတွေ၊ မြေယာတွေ ပုဂ္ဂလိက ပစ္စည်းအဖြစ် ပိုင်ဆိုင်ထားခြင်းကို အဆုံးသတ်ပစ်ရမယ်။ အဲသလို ဖယ်ရှားပြီးရင် ဒီကုန်လုပ် ပစ္စည်းတွေကို လူ့အဖွဲ့အစည်းပိုင် ပြုလုပ်ပြီး ဒီမိုကရေစီနည်းကျ စီမံကိန်း ထုတ်လုပ်ရေးစနစ်ကို စတင် ထူထောင်ရမယ်။ ဒီလိုနည်းနဲ့ လူ့အဖွဲ့အစည်းရဲ့ အများတကာ့ အများစုကြီး ဖြစ်သော အလုပ်သမား၊ လယ်သမားတွေရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းနိုင်မယ်။

ဥပဒေရှေ့မှောက် တန်းတူညီမျှမှု ရရှိရေး ပထမ ခြေလှမ်း အောင်မြင်သွားတဲ့အခါ နောက်ထပ်လုပ်ရမယ့် အလုပ်တွေကို လီနင်က အခုလို ပြောခဲ့တယ် –

“ဒုတိယ ခြေလှမ်းအနေနဲ့ အရေးကြီးဆုံး အလုပ်က မြေယာနဲ့ စက်ရုံ အလုပ်ရုံတွေ ပုဂ္ဂလိက ပိုင်ဆိုင်ခြင်းကို ဖျက်သိမ်းရေးပဲ။ ဒီအဆင့်ကို လုပ်နိုင်မှသာ အမျိုးသမီးတွေ အစစ်အမှန် လွတ်မြောက်ရေးအတွက် လမ်းဖွင့်ပေးနိုင်မယ်။ အမျိုးသမီးတွေ ‘အိမ်တွင်း ကျွန်ဘဝ’ ကနေ လွတ်မြောက်ဖို့ တဦးချင်းအလိုက် အိမ်ထောင်စု ထိန်းသိမ်းရေးကနေ အများနဲ့စုပေါင်း လုပ်ဆောင်ရသော အကြီးစား socialized အိမ်တွင်းရေး ဝန်ဆောင်မှု လုပ်ငန်းတွေအဖြစ် ပြောင်းလဲပစ်ရမယ်။

ဒီအကူးအပြောင်းဟာ ခက်ခဲပါတယ်။ အရိုးစွဲ အမြစ်တွယ်နေပြီဖြစ်တဲ့ အမြင်ကျဉ်းမြောင်းတဲ့ တရားသေ ‘စနစ်’ (မဖွယ်မရာပြုခြင်း၊ ရိုင်းစိုင်းကြမ်းကြုတ်ခြင်းလို့ ဆိုရင် အမှန်တရားနဲ့ ပိုနီးစပ်ပါလိမ့်မယ်) ကို အသစ်ကနေ ပုံပြန်သွင်းရတာ ဖြစ်လို့ ခက်ခဲပါတယ်။ သို့သော် အပြောင်းအလဲကို အစပြုနိုင်ခဲ့ပါပြီ။ လမ်းကြောင်းအသစ်ပေါ် ခြေချမိပါပြီ။” (Lenin, ‘International Working Women’s Day, 1921)

အမျိုးသမီးထု လွတ်မြောက်ဖို့ အိမ်တွင်းမှုအလုပ် (housework) ကို အဆုံးသတ်ရပါမယ်။ အိမ်တွင်းမှုအလုပ် ဆိုတာ လီနင် ပြောသလို ပြောရရင် မိန်းမတွေကို “domestic slavery” အဖြစ် ထားရှိခြင်းပဲ။ ဒီတော့ တသီးပုဂ္ဂလ ဖြေရှင်းနည်းတွေ ထုတ်လေ့ရှိတဲ့ လစ်ဘရယ် ဖမ်းမနစ်(စ်)တွေ ပြောသလို အိမ်တွင်းမှုအလုပ်ကို ယောက်ျားဖြစ်သူက တဝက်ဝင်ကူရင် ဒီပြဿနာ ပြေလည်ပြီလား။ ဒါမှမဟုတ် Social Reproduction ‘Theory’ လို့ အော်နေကြတဲ့ ဖမ်းမနစ်(စ်)တွေ ပြောသလို အိမ်တွင်းမှုအလုပ်အတွက် မိန်းမတွေကို လုပ်အားခ ပေးလိုက်ရင် မိန်းမတွေ လွတ်မြောက်ရေးအတွက် ရှေ့တလှမ်း တိုးနိုင်မလား။

မတိုးနိုင်တဲ့အပြင် အမျိုးသမီးထု လွတ်မြောက်ရေး တိုက်ပွဲကို collective struggle ကနေ တသီးပုဂ္ဂလ အိမ်တွင်းမှု ပြဿနာအဖြစ်ပဲ ဆက်ထားသလို ဖြစ်မယ်။ ဒါ့ကြောင့် မာ့(က်စ်)ဝါဒီတွေက အိမ်တွင်းမှုအလုပ်ကို မိန်းမတွေရဲ့ အိမ်တွင်းရေး အလုပ်အဖြစ် သတ်မှတ်ထားတာ ဆန့်ကျင်ရုံသာမက socialized လုပ်ရမယ်လို့ ပြောပါတယ်။ အိမ်တွင်းမှုအလုပ်ကို socialized လုပ်ရမယ်လို့ ပြောခြင်းဟာ အခိုင်အမာ အလုပ်အနေနဲ့ နေ့ကလေးထိန်းဌာနတွေ (nurseries)၊ မူကြိုကျောင်းတွေ၊ ကွန်မြူနတီ စားဖိုဆောင်တွေ၊ အများပိုင် ဒိုဘီဆိုင်တွေ (public laundries)၊ စသဖြင့်၊ ထူထောင်ပေးရေးလို့ အဓိပ္ပါယ်ထွက်ပါတယ်။

လူတန်းစား လူ့အဖွဲ့အစည်းရယ်လို့ ဖြစ်လာကတည်းက မိန်းမတွေဟာ နှစ်ထောင်ပေါင်းများစွာ အိုးအိမ်နဲ့ ပူးချည်ခံထားရတယ် (literally အိမ်ဆိုတဲ့ ထောင်ထဲ ကျနေခဲ့တယ်)။ အရင်းရှင်စနစ်က အိမ်တွင်း ပိတ်မိနေတဲ့ အမျိုးသမီးတွေကို ကျယ်ပြောတဲ့ လူ့အဖွဲ့အစည်းအတွင်း ထွက်လာအောင် ဆွဲထုတ်တဲ့နေရာမှာ အရေးကြီး အခန်းက ပါဝင်ခဲ့တယ်။ အဲသလို ဆွဲထုတ်လိုက်တဲ့အခါ အမျိုးသမီးထုက လူတန်းစား တိုက်ပွဲထဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်သူတွေ ဖြစ်လာခဲ့တယ်။ ဒါပေမယ့် အရင်းရှင်စနစ်ဟာ အမျိုးသမီးထုကို domestic slavery အိမ်တွင်းကျွန်ဘဝက လွတ်မြောက်အောင် မလုပ်ပေးနိုင်ဘူး။ အရင်းရှင်စနစ်အောက်က အလုပ်သမား အမျိုးသမီးတွေဟာ ဝန်ထုပ် နှစ်မျိုးကို ထမ်းထားရတယ်။ အလုပ်သမားအနေနဲ့ သွေးစုပ်ခံရသလို အမျိုးသမီးအနေနဲ့လဲ အဖိနှိပ်ခံရတယ်။

ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတောင် အိမ်တွင်းမှု အလုပ် အများစုကို မိန်းမတွေကပဲ လုပ်နေရတယ်။ ကျားမ အလုပ်ရရှိမှု အချိုးအစား တူညီတဲ့ ဒိန်းမတ်လို နိုင်ငံမျိုးမှာတောင် မိန်းမတွေက ယောက်ျားတွေထက် အိမ်တွင်းမှု အလုပ် တရက်ကို ပျမ်းမျှ တနာရီ ပိုလုပ်နေရတယ်။ ကလေး မွေးဖွားလိုက်ရပြီဆို အမျိုးသမီးတွေရဲ့ လုပ်ခလစာနဲ့ ပင်စင် ခံစားခွင့်တွေအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိပါတယ်၊ ဒါတင်မကသေးဘူး။ ယဉ်ကျေးမှုတို့၊ နိုင်ငံရေး အလုပ်တို့လို အိမ်ထောင်ပြင်ပ အရေးကိစ္စတွေမှာ မိန်းမတွေ ပါဝင်နိုင်ခွင့်လဲ အများကြီး ထိခိုက်သွားရတယ်။

ဒါ့ကြောင့် အိမ်တွင်းမှု အလုပ်ဟာ အိမ်ထောင်သည် မိန်းမ တဦးချင်းစီရဲ့ အရေးကိစ္စ မဟုတ်ဘူး။ ရှင်းအောင် ထပ်ပြောရရင် အိမ်တွင်းမှု အလုပ် ဆိုရာမှာ မီးဖိုချောင် အလုပ်၊​ အိမ်သန့်ရှင်းရေး အလုပ်တွေကိုပဲ​ ဆိုလိုတာ မဟုတ်ဘူး၊ ကလေးမီးဖွားရတဲ့ အလုပ်၊ ကလေးတွေကို ထိန်းကျောင်း မွေးမြူရတဲ့ အလုပ်၊ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရတဲ့ အလုပ်၊ စသဖြင့် အများကြီး ရှိပါတယ်။ ဒီအလုပ်တွေ အားလုံးကို အရင်းရှင်စနစ်က ပုဂ္ဂလိက အိမ်ထောင် တစုချင်းစီရဲ့ တာဝန်၊ အထူးသဖြင့် အိမ်ထောင်သည် အမျိုးသမီး တဦးချင်းစီရဲ့ တာဝန် အဖြစ် သတ်မှတ်ထားတယ်။ ကွန်မြူနစ်တွေက ဒါကို ဆန့်ကျင်ပြီး လူ့အဖွဲ့အစည်းရဲ့ တာဝန်အဖြစ် socialized လုပ်ဖို့ ပြောတယ်။ အဲသလို လုပ်နိုင်မှ အိမ်ထောင်ထဲ ချောင်ထိုးခံထားရတဲ့ မိန်းမတွေဟာ လွတ်လပ်ခွင့် ရမယ်၊ လွတ်လပ်ခွင့် ရမှ လူ့အဖွဲ့အစည်းကို ပဲ့ကိုင် မောင်းနှင်တဲ့ နေရာမှာ တန်းတူရည်တူ ပါဝင်နိုင်မယ်။ ဒီလို လုပ်နိုင်ဖို့ ဆိုရင် လူတန်းစား လူ့အဖွဲ့အစည်းကို မဖြိုဖျက်ဘဲ အရင်းရှင်စနစ်ဘောင်ထဲမှာတင် domestic labor အတွက် လုပ်အားခ ထုတ်ပေးရုံနဲ့ မဖြစ်နိုင်ဘူး။

ဒါကို နားလည်တဲ့ ဘော်ရှီဗစ်တွေက အမျိုးသမီး လွတ်မြောက်ရေးအတွက် လိုအပ်သော ရုပ်အခြေခံတွေ တည်ဆောက်ခဲ့တယ်။ သို့သော် လမ်းကြောင်းကိုသာ သူတို့ ဖောက်နိုင်ခဲ့ပါတယ်။ ရုရှား တော်လှန်ရေး ရင်ဆိုင်ရတဲ့ ရုပ်အခြေအနေတွေက သူတို့ကို ဆုံးခန်းတိုင် လုပ်ခွင့် မပေးခဲ့ပါဘူး။ နောက်ဆုံး စတာလင် ဗျူရိုကရေစီ လက်ထက်မှာ အောက်တိုဘာ တော်လှန်ရေးရဲ့ အသီးအပွင့်တွေ ချေမွဖျက်စီးခံခဲ့ရတယ်။ ဒီအကြောင်း အသေးစိတ်ကို ဒီဆောင်းပါးမှာ ထည့်သွင်း ဆွေးနွေးဖို့ မရည်ရွယ်ပါဘူး။

သေချာတာကတော့ အောက်တိုဘာ တော်လှန်ရေးရဲ့ အကျိုးဆက်အနေနဲ့ ရုရှားပြည်က အမျိုးသမီးထုဟာ အများကြီး တိုးတက်မှုတွေ ရရှိခဲ့တယ်။ ဒါဟာ ဆိုရှယ်လစ် တော်လှန်ရေးနဲ့ အမျိုးသမီးထု လွတ်မြောက်ရေး တိုက်ပွဲကို သီးခြားစီ ခွဲထုတ်လို့ မရကြောင်း အထင်ရှားဆုံး သက်သေပဲ။ လူတန်းစား လူ့အဖွဲ့အစည်းကို အဆုံးမသတ်ဘဲ ဖိနှိပ်မှုတွေ၊ မညီမျှမှုတွေကို ဖယ်ရှားနိုင်မှာ မဟုတ်ဘူး။ ဒီလို ပြောလို့ ဆိုရှယ်လစ် တော်လှန်ရေး မဖြစ်မချင်း အမျိုးသမီးထု လွတ်မြောက်ရေးအတွက် တိုက်ပွဲမဝင်ဘဲ ထိုင်စောင့်နေရမယ် မဆိုလိုဘူး။

ကွန်မြူနစ်တွေက အမျိုးသမီးထု တိုက်ပွဲကို တော်လှန်ရေးက အလိုလို ဖြေရှင်းသွားမယ့် အရာလို့ သဘောထားပြီး လစ်လျူရှုထားကြတယ်လို့ မှားယွင်းစွာ စွပ်စွဲတတ်ကြတယ်။ ဒီစွပ်စွဲချက်ဟာ လုံးဝ မမှန်ပါဘူး။ အမျိုးသမီးထု ဖိနှိပ်ခံရခြင်းကို တော်လှန်ရေးကပဲ အဆုံးသတ်နိုင်မယ်လို့ ကျနော်တို့ ပြောပါတယ်၊ ဒါပေမယ့် ဒီမိုကရက်တစ် အရေးဆိုချက်တွေကို လက်ငင်း တိုက်ပွဲ မဝင်ရဘူးလို့ လုံးဝ မပြောပါဘူး။

ကျနော်တို့ ကွန်မြူနစ်တွေက တော်လှန်ရေးကို ငုတ်တုတ် ထိုင်စောင့်နေတာမျိုး မလုပ်ပါဘူး၊ နေ့တဓူဝ တိုက်ပွဲထဲ ကိုယ်တိုင်ကိုယ်ကျ ဝင်ပါတယ်။ လီနင် ရှင်းပြခဲ့သလိုပဲ အလုပ်သမားထုဟာ အဲသလို ဒီမိုကရက်တစ် အရေးဆိုချက်တွေ၊ ပြုပြင်ပြောင်းလဲရေး တိုက်ပွဲတွေထဲ ဝင်ပါရင်း နိုးကြားတက်ကြွလာမယ်။ ဒီလို နေ့စဉ် တိုက်ပွဲကို ဖြတ်သန်းရင်း အရင်းရှင် ဒီမိုကရေစီရဲ့ အကန့်အသတ်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်လာမယ်။ ကွန်မြူနစ်တွေရဲ့ တာဝန်က အဲဒီလို နေ့တဓူဝ တိုက်ပွဲ အတွေ့အကြုံကို အခြေခံပြီး ခေတ်ပြောင်း တော်လှန်ရေး လိုအပ်ချက်ကို ဖော်ထုတ်ပေးဖို့ပဲ။

ဒါ့ကြောင့် အမျိုးသမီးထုရဲ့ လက်ငင်း ပြဿနာတွေအပေါ် အခြေခံပြီး ထွက်ပေါ်လာတဲ့ (လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု၊ မုဒိမ်းမှု ဆန့်ကျင်ရေး တိုက်ပွဲကစလို့ လုပ်ခလစာ အပြည့်နဲ့ မီးဖွားခွင့်၊ ကိုယ်ဝန်ဖျက်ချခွင့် အပါအဝင်) concrete demand တွေ ကိုင်စွဲပြီး နေ့စဉ်တိုက်ပွဲထဲ ကွန်မြူနစ်တွေ ကိုယ်တိုင်ကိုယ်ကျ ဝင်ပါရမယ်။ ဒီလို ဝင်တိုက်ရင်း အမျိုးသမီးထုရဲ့ တိုက်ပွဲဝင် တောင်းဆိုချက်တွေဟာ လူတန်းစား ဖိနှိပ်မှုနဲ့ ဘယ်လို ချိတ်ဆက်နေလဲ ဖော်ထုတ်ပေးနိုင်ရမယ်။ အဲဒီလိုနည်းနဲ့ အရင်းရှင်စနစ် ဖြိုဖျက်ရေး လိုအပ်ချက်ဟာ ပေါ်လွင် ထင်ရှားလာစေရမယ်။

သူရိန်မွန်

Reference: Marie Frederiksen’s Lenin, communism and the emancipation of women