ဒီဇင်ဘာ ၃၁ ရက်နေ့က မဇ္ဈိမ ပေ့ဂ်ျမှာ တက်လာတဲ့ သတင်း တပုဒ်ကို ဖတ်ရတယ်။ “တရုတ်လူငယ်များ အစိုးရအလုပ် လျှောက်ထားမှု မြင့်တက်နေပြီး ‘သံထမင်းအုပ်’ခေတ်စနစ်ဆီ ဦးလှည့်နေ” လို့ ခေါင်းစဉ်တပ်ထားတယ်။
ခေါင်းစဉ်မှာကို အဓိပ္ပါယ်က မရှင်းမလင်း ဖြစ်နေလို့ မူရင်း Reuters သတင်းဌာနရဲ့ ဝက်(ဘ်)ဆိုက်(ထ်)ကို ဝင်ကြည့်ရတယ်။ ဒီနေရာမှာလဲ တခု ပြောစရာ ရှိတယ်။
မဇ္ဈိမက ရိုက်တာ(စ်) သတင်းဌာနက ဘယ်သူ့ ဆောင်းပါးကို ဘာသာပြန်ထားကြောင်း ဖော်ပြမထားဘူး။ သတင်း ခေါင်းစီးဖော်ပြပြီး ပုံထည့်တယ်၊ အဲဒီအောက် ဒေါင့်လေးမှာတော့ Reuters လို့ ရေးထားပါရဲ့။ ဒါပေမယ့် မူရင်း သတင်းခေါင်းစဉ်နဲ့ ရေးသားသူက ပါမလာဘူး။ အနည်းဆုံးတော့ Reuters သတင်းဌာနမှာ ဘယ်နေ့ ဘယ်ရက်က ဖော်ပြထားတဲ့ သတင်းဆောင်းပါးကို ဘာသာပြန်ထားပါတယ် ဆိုတာလောက်တော့ ဖော်ပြဖို့ တာဝန်ရှိတယ်။
မူရင်း သတင်းခေါင်းစဉ်နဲ့ အဓိပ္ပါယ်ကွဲလွဲ
မူရင်း သတင်းခေါင်းစဉ်က “Chinese youth flock to civil service, but slow economy puts ‘iron rice bowl’ jobs at risk” ဖြစ်ပါတယ်။ ဒါကို မဇ္ဈိမက “တရုတ်လူငယ်များ အစိုးရအလုပ် လျှောက်ထားမှု မြင့်တက်နေပြီး ‘သံထမင်းအုပ်’ခေတ်စနစ်ဆီ ဦးလှည့်နေ” လို့ ဘာသာပြန်ပါတယ်။
ဒီစာကြောင်းမှာ ဝါကျတို နှစ်ပိုင်း ပါတယ်။ “တရုတ်လူငယ်များ အစိုးရအလုပ် လျှောက်ထားမှု မြင့်တက်နေပြီး” ဆိုတဲ့ အပိုင်းက မမှားပါဘူး။ ဒုတိယပိုင်းကတော့ တက်တက်စင်အောင် လွဲပါတယ်။ “but slow economy puts ‘iron rice bowl’ jobs at risk” ဆိုတာနဲ့ ‘သံထမင်းအုပ်’ခေတ်စနစ်ဆီ ဦးလှည့်နေ” ဆိုတာ ဘာမှ မဆိုင်ပါဘူး။ လုံးလုံး မှားပါတယ်။ ဒါထက် ပိုဆိုးတာက ရိုးရိုးသားသား မသိလို့ မှားတာမျိုး မဖြစ်နိုင်ဘူး။ တမင် ရည်ရွယ်ချက်ရှိရှိနဲ့ အခုလို တလွဲ ပြန်ထည့်လိုက်ပုံပဲ။ ဒါ့ကြောင့် ဒီဝေဖန်ချက် ဆောင်းပါးကို ရေးဖို့ ဖြစ်လာတာပါ။
အရင်ဆုံး ဘာမှားနေသလဲ ကြည့်ရအောင်။ မဇ္ဈိမ ဘာသာပြန်မှာ သုံးထားတဲ့ “သံထမင်းအုပ်” ဆိုတဲ့ အသုံးအနှုန်းမျိုး မြန်မာစကားမှာ (ကျနော် သိသလောက်) မတွေ့ဖူးပါဘူး။ (“iron rice bowl” ကို လုံးကောက် ယူထားပုံရပါတယ်။) သံထမင်းအုပ် ဆိုတဲ့ အသုံး မရှိပေမယ့် တရုတ်တွေ သုံးတဲ့ “iron rice bowl” အနက်မျိုးနဲ့ မြန်မာတွေလဲ ပြောလေ့ပြောထ ရှိပါတယ်။
မြန်မာတွေ ဘယ်လိုမျိုး ပြောလေ့ရှိသလဲ။ ကျေးလက်က တောင်သူ လယ်သမား မိသားစုတွေကစလို့ မြို့ပြက အလယ်အလတ် အလွှာက မိသားစုတွေအထိ ပြောလေ့ပြောထ ရှိတဲ့ စကားတခွန်းပါပဲ။
ဥပမာ၊ ကျေးလက် လယ်သမား မိဘနှစ်ပါးက ဆယ်တန်းအောင် ဘွဲ့ရ သားသမီးတွေကို အခုလို ပြောလေ့ရှိတယ် – “ငါ့သား/ငါ့သမီးရယ် ကျောင်းဆရာ/မ ဝင်လုပ်စမ်းပါ။ အစိုးရဝန်ထမ်း ဆိုတော့ လစာလဲ ပုံမှန် ရမယ်၊ စနေ တနင်္ဂနွေ ပုံမှန် ရုံးပိတ်ရက်လဲ ရှိသလို အလုပ်တည်မြဲပြီး ဂုဏ်လဲ ရှိသကွဲ့။ မင်းတို့ အသက်အရွယ် ကြီးလာလို့ အလုပ် မလုပ်နိုင်တော့ရင်တောင် ပင်စင်လစာလေး အားကိုးစရာ ရှိသေးသကွဲ့”။
ဒါက နမူနာ ပြောတာပါ။ ကျန်တဲ့ နယ်ပယ်တွေဆိုလဲ ဒီသဘောပါပဲ။ အစိုးရ အလုပ်ဝင်ရင် လစာ နည်းရင်တောင် ရေရှည် အလုပ်တည်မြဲမှု၊ ပိတ်ရက်ခံစားခွင့်၊ ပင်စင်ခံစားခွင့်နဲ့ ဝန်ထမ်းအိမ်ရာ ရရှိမှု အပါအဝင် အခြေခံ လူမှုဖူလုံရေး ခံစားခွင့်တွေကြောင့် မြန်မာ မိဘတော်တော်များများက အစိုးရ အလုပ်ဝင်ဖို့ တိုက်တွန်းတတ်ကြတယ်။ ပညာရေး၊ ကျန်းမာရေး နယ်ပယ်ဆိုရင် အစိုးရ အလုပ်ဝင်မှ ဘွဲ့လွန် မဟာဒီဂရီ တက်ခွင့်ရတာမို့ ၃သိန်း မပြည့်တဲ့ လစာလေးနဲ့ ဗမာ ဆရာဝန်တွေ အစိုးရ အလုပ်ဝင်ခဲ့ကြတယ် မဟုတ်ပါလား။ ၂၀၂၁ စစ်အာဏာမသိမ်းခင် ကာလကို ပြောပါတယ်။
ဒီမှာလဲ လူအများရဲ့ စဉ်းစားတွေးခေါ်ပုံနဲ့ စိတ္တဗေဒကို အကဲခတ်ကြည့်လို့ ရပါတယ်။ တဆက်တည်း ရိုက်တာ(စ်) သတင်းဌာနက သုံးလိုက်တဲ့ “iron rice bowl” jobs အသုံးကိုလဲ နားလည်လို့ ရပါပြီ။ ဗမာတွေနဲ့ မစိမ်းတဲ့ အဓိပ္ပါယ်ပါပဲ။ ဗမာတွေ ပြောနေကျ “ဘဝ အာမခံချက် ရှိသော” အလုပ်မျိုးလို့ တင်စားလိုက်တာပါပဲ။
မဇ္ဈိမရဲ့ သတင်းခေါင်းစဉ် ဖတ်ကြည့်ရင်တော့ သံအုပ်နဲ့ ထမင်း ထည့်စားရတဲ့ ခေတ်စနစ်ကိုပဲ ပြန်ရောက်တော့မလိုလို ထင်ရလိမ့်မယ်။
စစ်အာဏာမသိမ်းခင်က ဗမာပြည်မှာ သာမန်လူအများ စဉ်းစားခဲ့ကြသလို တရုတ် လူငယ်တွေလဲ စဉ်းစားကြပုံ ရပါတယ်။ ဒါ့ကြောင့်လဲ ဘဝ အာမခံချက်ရှိတဲ့ အစိုးရ အလုပ်တွေကို တရုတ် လူငယ်တွေ ပြုံတိုးနေကြတာပဲ၊ ဒါပေမယ့် တရုတ် စီးပွားရေး ထိုင်းမှိုင်းမှုကြောင့် သူတို့ထင်သလို အစိုးရ အလုပ်တွေလဲ အာမခံချက် ရှိလှတာ မဟုတ်ဘူးလို့ ဆောင်းပါး ခေါင်းစဉ်က ဆိုလိုပါတယ်။
ဒီလောက်ပဲ ဆိုရင်တော့ မဇ္ဈိမ ဘာသာပြန်က ပေါ့ဆမှု အမှားလို့ လျှော့ပေါ့တွေးလို့ ရနိုင်ပါတယ်။ ဒါတောင် မမှားသင့်တဲ့ အမှားပါ။ ဆောင်းပါး အတွင်း တနေရာမှာ “iron rice bowl” ကို အဓိပ္ပါယ် ဖွင့်ပြလိုက်တဲ့အခါမှာတော့ တမင် ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာပဲလို့ ကောက်ချက်ချစရာ ဖြစ်သွားပြီ။
မူရင်းမှာ –
“Layoffs are rare in China’s civil service, earning it the “iron rice bowl” moniker, though individuals can be dismissed for disciplinary violations.”
မဇ္ဈိမ ဘာသာပြန် –
“တရုတ် အစိုးရအလုပ်များတွင် စည်းမျဉ်းစည်းကမ်း ချိုးဖောက်ခြင်းအတွက် ဝန်ထမ်းများကို အလုပ်ထုတ်နိုင်သော်လည်း လက်တွေ့ အလုပ်ထုတ်ပယ်ခြင်းက ရှားရှားပါးပါး ဖြစ်သည်။ ယင်းကြောင့် ယခင် “သံထမင်းအုပ်” (iron rice bowl) ဆိုသော ခေတ်စနစ်မှ အကျိုးအမြတ်များကို ခံစားရစေသည်။”
ဒီအပိုဒ် ဘာသာပြန်မှာလဲ ဆိုးဆိုးရွားရွား မမှားဘူး ဆိုပေမယ့် အတိအကျတော့ မမှန်ပါဘူး။ အင်္ဂလိပ် စာကြောင်းကို အနက်ကောက်ရင် နောက်ဆုံးက စယူရတယ်ဆိုတဲ့ ငယ်ငယ်က ဆုံးမဩဝါဒအတိုင်း လုပ်ထားပုံပဲ။ မဇ္ဈိမ ဘာသာပြန် အာဘော်အရဆို အစိုးရ အလုပ်မှာ ဝန်ထမ်းတွေ အလုပ် ဖြုတ်ခံရနှုန်း နည်းပါးတာကိုပဲ အဆိုးမြင်ရမလိုလို။
တခုတော့ ကြားညှပ် ပြောစရာ ရှိတယ်။ public sector မှာ ဝန်ထမ်း များများခန့်တာ၊ အဲဒီ ဝန်ထမ်းတွေကို အလုပ် အာမခံချက် ပေးထားတာ၊ အစိုးရက ထောက်ပံ့ကြေးပေးပြီး ဝန်ထမ်းအိမ်ရာတွေ တည်ဆောက်ပေးတာ၊ ကျန်းမာရေး ပညာရေး အစရှိတဲ့ လူမှုဖူလုံရေး ခံစားခွင့်တွေ ပေးထားတာမျိုးကို ဘာသာပြန် ဖော်ပြတဲ့ မဇ္ဈိမ မီဒီယာကပဲ မနှစ်မြို့တာ မဟုတ်ပါဘူး။ မူရင်း ဖော်ပြတဲ့ ရိုက်တာ(စ်) သတင်းဌာန အပါအဝင် အရင်းရှင်စနစ် ဘက်တော်သား မီဒီယာအားလုံးက မနှစ်မြို့ပါဘူး။ ဒီအချက်ကို ရိုက်တာ(စ်)ရဲ့ မူရင်း ဆောင်းပါးမှာလဲ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် သူတို့ကတော့ မဇ္ဈိမလို ရုပ်မပေါက်အောင် ထိန်းရေးတာပေါ့လေ။
မဇ္ဈိမက ဘယ်လို ရုပ်ပေါက်သလဲ။ မူရင်း ဆောင်းပါးမှာ မပါတဲ့ စာပိုဒ် နှစ်ပိုဒ်ကို အခုလို ဖြည့်စွက်ထားတယ် –
“သံထမင်းအုပ်” (iron rice bowl) ဆိုသည်မှာ တရုတ် ဥပစာစကားတရပ်ဖြစ်ပြီး ကွန်မြူနစ်များ အာဏာရလာပြီးနောက် အားလုံးသော အလုပ်သမားနှင့် လယ်သမားများကို အစိုးရ ထိန်းချုပ်မှုအောက် ထားရှိခြင်း ဖြစ်သည်။
“တရုတ်က ဗဟိုချုပ်ကိုင် စီးပွားရေးမှ ဈေးကွက်စီးပွားရေးဆီ အသွင်ပြောင်းလိုက်ပြီးနောက် လက်ရှိတွင် ဖျက်သိမ်းလိုက်သည့် ယင်း စနစ်သည် အလုပ်အကိုင် ဘဝတသက်တာ အာမခံပေးသော စနစ်ပဲ ဖြစ်သည်။”
ဒီနှစ်ပိုဒ်က မူရင်း ဆောင်းပါးမှာ မပါပါဘူး။ ဒီနေရာမှာ မေးစရာ ရှိလာတာက မူရင်းမှာ မပါတဲ့ စာပိုဒ်တွေ ဘာ့ကြောင့် ဖြည့်စွက်သလဲ။ စာဖတ်သူ နားလည်လွယ်အောင် ဖြည့်စွက်ရှင်းလင်းချင်ရင် မှတ်ချက် ဒါမှမဟုတ် ဖြည့်စွက်ရှင်းလင်းချက်လို့ သီးခြား ဖော်ပြရပါတယ်။ မူရင်းမှာပဲ ပါသလိုလို ကိုယ့်အာဘော်တွေ* လျှောက်မထည့်ရပါဘူး။ ဒါက အခြေခံ ကျင့်ဝတ်စည်းကမ်းပါ။
တကယ်တော့ မဇ္ဈိမရဲ့ ကိုယ်ပိုင်အာဘော်တောင် ဟုတ်ပုံမရဘူး။ ဘီဘီစီက ဖော်ပြဖူးတဲ့ “iron rice bowl” ရှင်းလင်းချက်အပိုဒ်ကို လိုသလို ဆွဲထည့်လိုက်တာပါ။ (ဘီဘီစီမှာ ဖော်ပြဖူးတဲ့ လင့်ခ်ကို အောက်မှာ ထည့်ပေးထားပါတယ်)။
လိုသလို ဆွဲထည့်ထားတာလို့ ပြောရတဲ့ အကြောင်းက ဘီဘီစီမှာ definition အနေနဲ့ ပထမဆုံး ဖော်ပြထားတဲ့ အပိုဒ်က ဒီလို –
“The “iron rice bowl” is a Chinese idiom which referred to the now abolished system of guaranteed lifetime employment.”
ဒီအပိုဒ်မှာ အဲသလို ဖွင့်ဆိုပြီးမှ ဘီဘီစီက ဒုပိုဒ်အနေနဲ့ အခုလို ဖော်ပြတယ် –
“After the Communists came to power, all workers and farmers were put under state control.”
ဒီအပိုဒ်ကို ဘာသာပြန်ပြီး မဇ္ဈိမက ထိပ်ဆုံးမှာ ပို့လိုက်တယ်။ အဲတော့ ဘယ်လို နားလည်ရမလဲ။ “iron rice bowl” ဆိုတဲ့ အသုံးကို ဖွင့်ဆိုရှင်းပြချင်တာလား၊ ကြုံတုန်းလေး မဆီမဆိုင် ကွန်မြူနစ် ဆန့်ကျင်ရေး လုပ်ချင်တာလား ဆိုတာ ဘူးပေါ်သလို ပေါ်သွားပါတယ်။
ဒါ့ကြောင့် မဇ္ဈိမရဲ့ ဘာသာပြန် အမှားဟာ မသိလို့၊ ပေါ့ဆလို့ မှားသွားတာမျိုး မဟုတ်ဘဲ တရုတ်ကို ကွန်မြူနစ်လို့ တံဆိပ်ကပ်ထားတဲ့ အမြင်ကို အသုံးချပြီး ကွန်မြူနစ် ဆန့်ကျင်ရေး လုပ်ချင်လို့ ဖြစ်ပေါ်လာတဲ့ အမှားပဲ။
ရယ်စရာ အမှားတခုကတော့ “Becoming a civil servant is the endpoint of the universe” ကို မဇ္ဈိမက “အစိုးရဝန်ထမ်း ဖြစ်ခြင်းက တက္ကသိုလ်ဘဝ အဆုံးသတ်” ဟူ၍ ဖြစ်သည်” ဆိုပြီး ပြန်ထည့်လိုက်တာပဲ။
ကိုင်း ဘယ့်နှယ် လုပ်ကြမလဲ။ အင်္ဂလိပ်ပိုင်း သတင်းတွေ ဖော်ပြနေတဲ့ မီဒီယာတခုက အဲသလို ကပျက်ကချော် လုပ်နေမှတော့ သတင်း အရည်အသွေး ဘာဖြစ်နေမလဲ။
အဓိပ္ပါယ် လွဲသလို လေနဲ့ ဟန်ကလဲ ဘာသာပြန်သူတွေ ဂရုစိုက်ရမယ့် ကိစ္စပဲ။ “Becoming a civil servant is the endpoint of the universe” ဆိုတာ တရုတ် လူငယ်တွေကြား ခေတ်စားနေတဲ့ ဆိုရှယ် မီဒီယာပေါ်က မီး(မ်) တခု။ ဒါကို ဘာသာပြန်တော့ ရှေးခေတ် မြန်မာစာရေးဟန်နဲ့။ မြန်မာစာရေးဟန် ခေတ်နောက်ပြန်ဆွဲရာမှာ ဒီကနေ့ မြန်မာ သတင်းမီဒီယာ တော်တော်များများ တူကြတယ်။ မြန်မာနောင်း၊ ဧရာဝတီ၊ မဇ္ဈိမ စသဖြင့်။ “လူထု သတင်းစာ” ရှေ့ကသွားခဲ့တဲ့ လမ်းကို အခုထိ မလျှောက်ရဲကြသေးဘူး။
သူတို့ ဖုံးပေမယ့် ပေါ်သွားတဲ့ အချက်
တရုတ်ကို ကွန်မြူနစ်လို့ ပုံဖော်ရင်း ကွန်မြူနစ် ဆန့်ကျင်ရေး အမြင်နဲ့ အခုလို အလွဲလွဲ အမှားမှားတွေ ဖော်ပြခဲ့ကြောင်း အထက်မှာ ဆိုခဲ့တယ်။ ဒါပေမယ့် တရုတ်မှာ ကျင့်သုံးနေတာ ကွန်မြူနစ်စနစ် မဟုတ်ဘူး၊ အရင်းရှင်စနစ် ဆိုတာ သူတို့ ရေးသားချက်ထဲမှာကို အကြိမ်ကြိမ် ပါနေပြီးသား။ နမူနာ တခု၊ နှစ်ခုပဲ ပြပါရစေ –
“တရုတ်က ဗဟိုချုပ်ကိုင် စီးပွားရေးမှ ဈေးကွက်စီးပွားရေးဆီ အသွင်ပြောင်းလိုက်ပြီးနောက်” (မဇ္ဈိမ)။
“But China’s transition from a centrally planned economy to a market economy has smashed the old guarantees.” (BBC)
“Youth unemployment rates, which fell slightly in recent months, remain elevated compared to pre-pandemic figures as China’s economy struggles to recover amid a prolonged property sector crisis and frail consumption.” (Reuters)
လစ်ဘရယ်တွေရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ကွန်မြူနစ်စနစ်ဆိုတာ ဗဟိုချုပ်ကိုင်တဲ့ စီမံကိန်း စီးပွားရေးစနစ် ဖြစ်ပါတယ်။ အခု တရုတ်မှာ အဲဒီစနစ်ကနေ သူတို့အခေါ် “ဈေးကွက် စီးပွားရေး” ကို ပြောင်းသွားခဲ့ပြီလို့ သူတို့ကိုယ်တိုင် ရေးသားဖော်ပြခဲ့တယ်။ ဒါ့အပြင် ဗဟိုချုပ်ကိုင်တဲ့ စီမံကိန်း စီးပွားရေးစနစ်မှာ ရရှိခဲ့တဲ့ ဘဝ အာမခံချက်တွေ ပျက်သုဉ်းသွားပြီလို့လဲ ဆိုထားတယ်။ ဒါဆိုရင် တရုတ်မှာ အကျပ်အတည်း ဖြစ်နေတာ အရင်းရှင်စနစ်လား၊ ကွန်မြူနစ် စနစ်လား သဲကွဲမယ် ထင်ပါတယ်။
အခုလို အရင်းရှင်စနစ် အကျပ်ဆိုက်နေလို့ လူငယ်ထုကြား အလုပ်လက်မဲ့နှုန်း အရမ်းမြင့်တက်လာပြီး ရေရှည် အလုပ်အာမခံချက် ရှိမယ်လို့ သူတို့ ထင်ထားတဲ့ “iron rice bowl” အလုပ်တွေဆီ ပြုံတိုးနေကြတာပဲ။ အစိုးရ ဝန်ထမ်းတွေ လစာ နပ်မမှန်တာလဲ သူတို့ သိတယ်။
ဒါဖြင့် သူတို့ရဲ့ “ဈေးကွက် စီးပွားရေး” (အရင်းရှင် စနစ်) ဆိုတာက သူတို့ ဝါဒဖြန့်သလို “efficient” ဖြစ်ရဲ့လား။ ပုဂ္ဂလိက အရင်းရှင်စနစ်က လူတွေကို “incentivize” လုပ်နိုင်တယ်ဆိုတာ ဟုတ်သေးရဲ့လား။ ကြောင်ဖြူဖြူ မဲမဲ ကြွက်ခုတ်တတ်ဖို့ အရေးကြီးပါတယ် ဆိုပေမယ့် တကယ့် လက်တွေ့မှာ အရင်းရှင်စနစ်က လူတွေရဲ့ အခြေခံ စားဝတ်နေရေး ဖူလုံအောင် လုပ်မပေးနိုင်လို့ သန်းနဲ့ချီတဲ့ လူငယ်တွေ အခုလို အလုပ်လက်မဲ့ ဖြစ်နေရတာပဲ။ ဒါဟာ အရင်းရှင်စနစ်ရဲ့ failure ပဲ။
မပေါ်ဖူးသေးတဲ့ ကွန်မြူနစ်စနစ်ကြီး failed သွားပြီလို့ အရင်းရှင် မီဒီယာတွေက ထပ်တလဲလဲ အော်ကြတယ်။ တကယ့် လက်တွေ့မှာ အကြိမ်ကြိမ် failed နေတဲ့ အရင်းရှင်စနစ် အကြောင်းကိုတော့ သူတို့ ဖုံးဖိပေးကြပါတယ်။ ဒါပေမယ့် ပုံပြင်ထဲက ရှင်ဘုရင်ကြီးလို ဝတ်လစ်စလစ် ဖြစ်နေတာကို ကျနော်တို့ ကွန်မြူနစ်တွေက မှန်တဲ့ အတိုင်း ထုတ်ပြောရလိမ့်မယ်။
ဒင်နူး
(၁ရက်၊ ဇန်နဝါရီ၊ ၂၀၂၅)
မဇ္ဈိမရဲ့ သတင်းစာ အရည်အသွေးကို အကဲခတ်ခြင်း