အင်ဒိုနီးရှားမှာ တော်လှန်ရေး ဘီးကြီး လည်ပတ်ခဲ့ပြီ

 

တပတ်အတွင်းမှာပဲ ဟိုတကွက် ဒီတကွက် ပုန်ကန်တဲ့ ဆန္ဒပြပွဲတွေကနေ နိုင်ငံတခွင်လုံး တော်လှန်အုံကြွမှုအဖြစ် ပြောင်းလဲသွားခဲ့ပြီး။ ရပ်တန့်မယ့် အရိပ်လက္ခဏာလည်း မပြပါဘူး။ ဒီအုံကြွမှုက အစိုးရ အဆောက်အအုံတွေနဲ့ ရဲစခန်းတွေကိုပဲ ဖြိုချပစ်လိုက်တာ မဟုတ်ဘူး၊​ ပြည်သူ လူထုကို နှောင်တည်းထားသော မိန်းမောကျ အခြေအနေကိုပါ ရိုက်ချိုးပစ်လိုက်တယ်။ တော်လှန်ရေးတခု အစပြုလိုက်ပြီ။

Louis XVI: “ပုန်ကန်မှု ဖြစ်နေတာလား။”

La Rochefoucauld: “မဟုတ်ပါဘူး၊ အရှင်မင်းကြီး။ ဒါဟာ တော်လှန်ရေးပါ။”

လွှတ်တော်အဆောက်အအုံတွေ၊ အစိုးရ ရုံးတွေနဲ့ အထူးသဖြင့် ရဲစခန်းတွေ လောင်ကျွမ်းနေတဲ့ မြင်ကွင်းဟာ မီဒီယာတွေပေါ် လွှမ်းမိုးသွားခဲ့တယ်။ ဒါပေမဲ့ အသိသာဆုံးကတော့ သန်းပေါင်းများစွာသော ဆန္ဒပြသူတွေဆီကနေ တိုက်ရိုက်ထုတ်လွှင့်မှုတွေဖြစ်ပြီး၊ ဒီမြင်ကွင်းတွေက လက်ရှိအချိန်ရဲ့ တော်လှန်ရေး စိတ်ဓာတ်ကို အမှန်တကယ် ဖော်ပြနေပါတယ်။ ဒီပုံရိပ်တွေဟာ ၁၉၉၈-၉၉ တော်လှန်ရေး ကာလ မြင်ကွင်းတွေကို အမှတ်ရစေတယ်။

ပြည်သူတွေ ပထမဆုံး မီးရှို့ဖျက်ဆီးခဲ့တဲ့ ပြည်နယ်လွှတ်တော် အဆောက်အအုံဟာ Makassar မြို့က ဖြစ်ပါတယ်။ ဒါဟာ ရဲတွေက အသက် ၂၁ နှစ်အရွယ် မော်တော်ဆိုင်ကယ် အငှါးမောင်းသူ Affan Kurniawan ကို သတ်ပစ်လိုက်ပြီး နောက်တရက်မှာ ဖြစ်ပွားခဲ့တာပါ။ အလားတူ ဖြစ်ရပ်တွေဟာ Tegal, Solo, Surakarta, Bandung နဲ့ West Nusa Tenggara တို့မှာလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။ Pekalongan မြို့မှာတော့ သေဆုံးသူ Affan Kurniawan အတွက် ပန်းကလေးတွေ လာချပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲတခုအဖြစ် ငြိမ်းငြိမ်းချမ်းချမ်း စခဲ့တယ်၊ ဒါပေမယ့် အမျက်ခြောင်းခြောင်းထွက်နေတဲ့ လူထုရဲ့ ဒေါသတွေ ပေါက်ကွဲလာပြီး အရှိန်အဟုန်ပြင်းတဲ့ မီးတောက်ကြီးအဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့တယ်။

နေ့တိုင်းလိုလို ဆန္ဒပြမှုတွေနဲ့ တင်းမာမှုတွေ ပိုများလာတာကြောင့် စာရင်းက ရှည်သထက် ရှည်လာနေပါတယ်။ ဒီစာကို ရေးသားနေချိန်မှာတောင် လူထုက Brebes, Pekalongan, Cilacap နဲ့ Kediri တို့ကို အုံကြွမှု စာရင်းထဲ ထပ်ပေါင်းလိုက်ပါပြီ။ ဖြစ်ပေါ်ပြောင်းလဲမှုတွေက တဟုန်ထိုး မြန်ဆန်လွန်းလို့ အမီလိုက်နိုင်ဖို့တောင် အတော် ခဲယဉ်းတယ်။ ဒါကိုက တော်လှန်ရေးရဲ့ အနှစ်သာရပဲ။

ရာနဲ့ချီတဲ့ ရဲစခန်းတွေကို မွှေနှောက်ဖျက်ဆီးပြီး မီးတင်ရှို့လိုက်ကြတယ်။ အစောပိုင်းရက်တွေတုန်းက ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အခုတော့ ကပြာကယာ ဆုတ်ခွါနေကြရပြီ။ သူတို့ဟာ လူငယ်တွေနဲ့ ရင်ဆိုင်ရချိန်မှာ ‘သတ္တိ’ အပြည့်နဲ့ ရက်စက်ပြခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့ အလွှာပေါင်းစုံက အလုပ်သမားထုကြီး ဝင်ရောက်လာပြီး ရဲတပ်ဖွဲ့ကို စီးထားလိုက်တဲ့အခါ ရုတ်တရက် ချောင်ပိတ်မိသွားပြီး အမဲလိုက်ခံလိုက်ရတယ်။ အချို့မြို့တွေမှာဆိုရင် သူတို့ လုံးဝ ပျောက်ကွယ်သွားတယ်။

ထိန်းချုပ်မရအောင် လှိုင်းထလာတဲ့ လူထုရဲ့ ဒေါသကို ချွေးသိပ်ပေးဖို့ အစိုးရက Affan Kurniawan ကို သတ်ဖြတ်ခဲ့တဲ့ ရဲအရာရှိတွေကို စုံစမ်းစစ်ဆေးပြီး အရေးယူမယ်လို့ ကတိပေးခဲ့ပါတယ်။ သမ္မတ Prabowo က အာဖန် မိသားစုဆီ သွားရောက် တွေ့ဆုံ၊ ပွေ့ဖက်ပြပြီး အင်ဒို ရူပီယာ သန်း ၂၀၀ နဲ့ အိမ်တလုံး လက်ဆောင်ပေးရင်း မီဒီယာတွေမှာ ပွဲခံသွားတယ်။ ဒီလိုတွေ လုပ်ပြပြီး ပေါက်ကွဲထွက်လာတဲ့ အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့တယ်။ ဒါပေမယ့် Affan ရဲ့ ဖခင်ကတော့ ဒီလက်ဆောင်တွေက သူ့ရဲ့ပူဆွေးဝမ်းနည်းမှုကို မဖြေဖျောက်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ “ဘီလီယံနဲ့ချီတဲ့ ပိုက်ဆံတွေက ကျွန်တော့်သားကို အစားမထိုးနိုင်ဘူး” လို့ ပြောခဲ့ပါတယ်။ ပြည်သူတွေလည်း ဒီအတိုင်း ထပ်တူ ခံယူထားကြတယ်။

နောက်ဆုံးမှာတော့ ရဲအရာရှိ (၇) ဦးကို ရဲစခန်းအတွင်း သီးသန့်ဖမ်းဆီးချုပ်နှောင်ထားခြင်း လို့ခေါ်တဲ့ ရက် ၂၀ အထူးပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒါဟာ သူတို့ ထောင်ထဲရောက်မှာ မဟုတ်ဘဲ ရဲစခန်းမှာပဲ ထိန်းသိမ်းခံရမှာပါ။ ဒီပြစ်ဒဏ်ဟာ အထက်တန်းကျောင်းက ကျောင်းသားတစ်ဦးကို အပြစ်ပေးတာနဲ့ သိပ်မကွာလှပါဘူး။ တရားမျှတမှုကို ဒီလို ပြက်ရယ်ပြုခြင်းကြောင့် ပြည်သူတွေ ခံပြင်း ဒေါသထွက်ခဲ့ရတယ်။

အစောပိုင်းရက်တွေတုန်းက ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အခုတော့ ကပျာကယာ ဆုတ်ခွါနေကြရပါပြီ။  / Image: Nafisathallah, Wikimedia Commons

နိုင်ငံတဝှမ်းက လမ်းမတွေပေါ်မှာ တိုက်ပွဲမီးတွေ တောက်လောင်နေချိန်မှာ မီဒီယာတွေကတော့ သံသယ တရားခံတွေရဲ့ တရားခွင်ကိုသာ ကင်မရာမှန်ဘီလူးနဲ့ ချဲ့ကြည့်နေကြတယ်။ ဒါဟာ တရားမျှတမှု ရရှိနေပြီလို့ ဆန္ဒပြသူတွေရဲ့ နှလုံးသားကို ဖျားယောင်းသိမ်းသွင်းဖို့ ကြိုးစားခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ရက်လွန် အပုပ်အသိုးတွေ လာကျွေးနေမှန်း အားလုံးက ချက်ချင်း သိလိုက်ကြတယ်။

စနစ်တခုလုံးကို မကျေမချမ်း ဖြစ်နေတဲ့ လူထု ဒေါသတွေဟာ လွှတ်တော်ဆီ တည့်တည့်ကြီး ဦးတည်သွားတယ်။ လွှတ်တော် ဆိုတာ မဲဆန္ဒရှင် ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံမှု အများဆုံး နိုင်ငံရေး အင်စတီကျူးရှင်း ဖြစ်တယ်။ အဲဒီလို အင်စတီကျူးရှင်းရဲ့ ပုပ်သိုးနေမှုကို လွှတ်တော် အမတ်တွေကိုယ်တိုင် နေ့စဉ်နဲ့အမျှ အရှက်မရှိ ထုတ်ဖော် ပြသနေကြတယ်။ ပြီးခဲ့တဲ့ စနေညက နေရှင်နယ် ဒီမိုကရက်တစ် ပါတီက လူမုန်းများနေတဲ့ လွှတ်တော် အမတ် Ahmad Sahroni ရဲ့ နေအိမ်ကို တိုက်ခိုက်ဖျက်ဆီးပြီး ပစ္စည်းတွေကို လုယက်သွားကြတယ်။ သူ့ရဲ့ ဒေါ်လာ ၆ သိန်းတန် Richard Mille နာရီအပါအဝင် ဇိမ်ခံပစ္စည်းတွေကို သယ်ယူသွားတဲ့ မြင်ကွင်းတွေကို တိုက်ရိုက် ထုတ်လွှင့်ထားတဲ့ ဗီဒီယိုတွေမှာ တွေ့ခဲ့ရတယ်။ ဒီမတိုင်ခင်က သူဟာ လွှတ်တော်ဖျက်သိမ်းဖို့ တောင်းဆိုတဲ့ ဆန္ဒပြသူတွေကို “ကမ္ဘာပေါ်မှာ အမိုက်မဲဆုံးသူတွေ” လို့ မိုက်မိုက်ရိုင်းရိုင်းနဲ့ ရန်စပြောဆိုခဲ့ရာ၊ ဒီလုပ်ရပ်ရဲ့ အကျိုးဆက်ကို ခံစားခဲ့ရတာပဲ ဖြစ်ပါတယ်။ Sahroni တယောက် ပြည်သူတွေရဲ့ ဒေါသအမျက်ကို ကြောက်ပြီး စင်္ကာပူကို ထွက်ပြေးခဲ့ရတယ်။

Sahroni ရဲ့ အဖြစ်အပျက်ဟာ မကြာမီ မိမိအလှည့်ရောက်လာတော့မယ်လို့ ကြောက်ရွံ့လာတာကြောင့် အခြား ရွံမုန်းခံရတဲ့ နောက်လွှတ်တော်အမတ် Eko Patrio ဟာ ဆန္ဒပြသူတွေကို ရန်စခဲ့ဖူးတဲ့ သူ့စကားတွေအတွက် မျက်ရည်ကျလုမတတ် ဗီဒီယို တောင်းပန်ချက်တခုကို သုတ်သီးသုတ်ပျာ ထ တင်တယ်။ ဒါပေမယ့်လည်း ဒီတောင်းပန်မှုဟာ အလုပ် မဖြစ်ခဲ့ဘူး။ “ဒီလိုတောင်းပန်တာတွေဟာ ဟန်ပြ သက်သက်ပဲ၊ သူ့အိမ်ကို ဒိုးကြစို့” လို့ ကွန်းမန့်တခုက ဆိုပါတယ်။ မကြာခင် နာရီပိုင်းအတွင်းမှာပဲ သူ့အိမ်လည်း ဝင်စီးလိုက်ကြတယ်။ မကြာမီမှာပဲ နောက်ထပ် လွှတ်တော်အမတ် Uya Kuya ရဲ့ နေအိမ်လည်း အလားတူ ကံကြမ္မာမျိုး ကြုံတွေ့ခဲ့ရတယ်။

ဒီစာကို ရေးသားနေချိန်မှာပဲ မုန်းတီးခံရတဲ့ နိုင်ငံရေးသမား အုပ်စုထဲက နောက်ထပ် ဇိမ်ခံအိမ်တလုံးကို စီးနင်းပြီး ပစ္စည်းတွေ ဝင်လုနေကြပြီ။ ဒီတခါတော့ အင်ဒိုနီးရှား ပြည်သူတွေကို လည်ပင်းညှစ်ခဲ့တဲ့ အတင်းအကျပ် ခြိုးခြံချွေတာရေး မူဝါဒကို အဓိက ပုံဖော်သူ ဗိသုကာဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီး Sri Mulyani ရဲ့ အိမ် ဖြစ်ပါတယ်။ ဘယ်သူမှ လူထုရဲ့ မွန်မြတ်တဲ့ လက်စားချေမှုကနေ ထွက်ပြေးလွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး။

မီဒီယာနဲ့ အစိုးရကတော့ ဆန္ဒပြသူတွေကို မင်းမဲ့ဝါဒီတွေနဲ့ ဆူပူသောင်းကြမ်းသူတွေအဖြစ် ပုံဖော်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဒီလုယက်မှုတွေကို ‘ဖြူစင်တဲ့’ တော်လှန်ရေးကို ညစ်ထေးစေသော ကိုယ်ကျင့်တရား ပျက်ယွင်းမှုများအဖြစ် ရှုတ်ချမယ်ဆိုရင် မှားလိမ့်မယ်။ လူထုအတွက်တော့ ဒါဟာ အကျင့်ပျက် နိုင်ငံရေးသမားတွေ မတရား ရယူထားတဲ့ စည်းစိမ်တွေကို ပြန်သိမ်းယူတဲ့ သဘောပဲ။

လက်တွေ့မှာ လက်ဝဲသမား တချို့က ဆန္ဒပြသူတွေကို တခြား ပြည်သူတွေရဲ့ ပစ္စည်းတွေကို လုယက်တာမျိုး မလုပ်ဖို့ တိုက်တွန်းနေကြတယ်။ ၁၉၉၈ ခုနှစ် မေလက Suharto ကို ဖြုတ်ချခဲ့တဲ့ တော်လှန်ရေးမှာ အဓိကရုဏ်းနဲ့ လုယက်မှုတွေ ရှိခဲ့ဖူးတယ်၊ အခုတချီ အဲဒါမျိုး ထပ်မဖြစ်အောင် ကြိုသတိပေးတဲ့ သဘော။ ဒါပေမယ့် ဒီလို ကိုယ်ကျင့်တရားရှုထောင့်အရ ယေဘုယျဆန်ဆန် ဟောပြောမှုမျိုးက ဘူဇွာ လူတန်းစားရဲ့ အထင်အမြင်ကို အညံ့ခံ လိုက်နာရာက ထွက်ပေါ်လာခြင်း ဖြစ်တယ်။ ဒီလုယက်မှုတွေကို အစိုးရနဲ့ မီဒီယာက ရှုတ်ချတိုင်း ကျွန်တော်တို့က အဆတထောင် ပိုကျယ်လောင်တဲ့ အသံနဲ့ အခုလို ပြောရလိမ့်မယ် – “တကယ့် အကြီးစား ဓားပြတွေက လွှတ်တော်၊ သမ္မတအိမ်တော်နဲ့ ဒီနိုင်ငံရေးသမားတွေ သစ္စာခံနေတဲ့ ကုမ္ပဏီကြီးတွေက ဒါရိုက်တာ ဘုတ်အဖွဲ့ စည်းဝေးခန်းထဲ ထိုင်နေကြသူ အားလုံးပဲ”။

လွှတ်တော်အမတ်တွေအပေါ်ထားတဲ့ အမုန်းတရားဟာ အရမ်းပြင်းထန်တာကြောင့် သူတို့ထဲက ဘယ်တဦးတယောက်မှ ဆန္ဒပြလှုပ်ရှားမှုနဲ့ တိုက်ရိုက်ရင်မဆိုင်ရဲဘူး။ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို နားထောင်ပေးမယ်လို့ ကတိပြုထားတဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်က ထုတ်ပြန်ချက်တွေ၊ မဆုံးနိုင်တဲ့ သတင်း ထုတ်ပြန်ချက်တွေ ရှိသော်ငြား သူတို့ လူထုရှေ့ ထွက်မလာရဲဘူး။ အမှန်ပဲ၊ သူတို့သာ လူပုံအလယ် ပေါ်လာခဲ့ရင် တစစီ ဖြစ်သွားမှာပဲ။ သူတို့ ထွက်သမျှ စကားတိုင်း အဓိပ္ပာယ်မဲ့နေမှာဖြစ်ပြီး အခြေအနေကို ပိုဆိုးစေမှာပါ။ အတိတ်တုန်းကတော့ ဆန္ဒပြပွဲတခုခု ဖြစ်ပြီဆိုရင် အစိုးရက အင်ဒိုနီးရှား ဒီမိုကရေစီရေး တိုက်ပွဲ ပါတီ (PDI-P) က နာမည်ကြီး လွှတ်တော် အမတ်တချို့ကို ဆန္ဒပြသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စေလွှတ်လေ့ရှိတယ်။ ဒါပေမဲ့ ဒီအချိန်မှာ အဲဒီလိုလုပ်ဖို့တောင် မဖြစ်နိုင်တော့ဘူး။

တော်လှန်ရေးဆိုတာဘာလဲ၊ အခု ဘယ်အဆင့် ရောက်နေသလဲ

တော်လှန်ရေးတခု ဖြစ်ပွားနေတာကို ကျနော်တို့ မြင်တွေ့နေရခြင်း ဖြစ်တယ်။ ဒီတော်လှန်ရေးဟာ သက်ရှိသစ်ပင်ကြီးလိုပဲ သစ်ရွက်စိမ်းတွေ တဖျတ်ဖျတ်နဲ့ ဝေဆာလာနေပါတယ်။ လူထုကလည်း ဒါကို သိရှိနားလည်နေကြပြီး အထူးသဖြင့် လူငယ်တွေဆီက တော်လှန်ရေး ဟစ်ကြွေးသံတွေ ဒီဆန္ဒပြပွဲတွေမှာ ကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ ထရော့စကီး ပြောခဲ့သလိုပဲ တော်လှန်ရေးဆိုတာ “လူထုက သူတို့ ကြမ္မာ သူတို့ဖန်တီးဖို့ အာဏာပိုင် လောကထဲ အင်တိုက်အားတိုက် ဝင်ရောက်လာခြင်း” ဖြစ်တယ်။ ဒီဖြစ်စဉ်ဟာ အင်တိုက်အားတိုက် ဖြစ်မှာပဲ၊ တခြား နည်းလမ်း မရှိနိုင်ဘူး။ ၁၉၉၈ ခုနှစ် တော်လှန်ရေး နောက်ပိုင်း ဒီလောက် အင်အားကြီးမားတဲ့ လူထု လှုပ်ရှားမှုမျိုး အခုမှ ပြန်တွေ့ရတာပဲ။

ဒီအုံကြွမှုကြောင့် အစိုးရရဲ့ ကြိုတင် တွက်ချက်မှု အားလုံးကို ချက်ချင်း စွန့်ပယ်လိုက်ရတယ်။ ဒါကြောင့် အစိုးရအနေနဲ့ အခု လှုပ်ရှားမှုကို သူတို့ရဲ့ ပုံမှန်နည်းဗျူဟာတွေနဲ့ နှိမ်နင်းဖို့ ခက်ခဲနေရတာပါ။ ၂၀၂၅ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ Indonesia Gelap (‘အမှောင်ကျနေသော အင်ဒိုနီးရှား’), ၂၀၂၄ ခုနှစ်က Peringatan Darurat (‘အရေးပေါ် နှိုးဆော်သံ’)၊ ဒါမှမဟုတ် ၂၀၁၉ ခုနှစ်က Reformasi Dikorupsi (‘ခြစားခံနေရတဲ့ ပြုပြင်ပြောင်းလဲရေး’)၊  အစရှိတဲ့ လူထု လှုပ်ရှားမှု အသေးလေးတွေကို နှိမ်နင်းခဲ့သလို လုပ်လို့ မရတော့ဘူး။ အဲဒီလှုပ်ရှားမှုတွေ အားလုံးဟာ အခုလက်ရှိလှုပ်ရှားမှုနဲ့ ယှဉ်လိုက်ရင် ဘာမျှ မပြောပလောက်တော့။

ဒါ့ကြောင့် ဒီတော်လှန်ရေး လှုပ်ရှားမှု ဖြစ်လာတဲ့အခါ လက်ဝဲသမားအများစု ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ကုန်တယ်။ လူငယ်တွေက “Bubarkan DPR” “ပြည်သူ့လွှတ်တော်ကို ဖျက်သိမ်းပစ်” လို့ ကြွေးကြော်လိုက်တဲ့အခါ အစပိုင်းမှာ သူတို့တွေ တော်တော် တုန်လှုပ်သွားခဲ့တယ်။ သူတို့က ဒီတောင်းဆိုချက်ကို “အစွန်းရောက် လက်ဝဲဝါဒ” လို့ သမုတ်ခဲ့ကြတယ်။ “လွှတ်တော်ကို ဖျက်လိုက်ရင် ဘာနဲ့ အစားထိုးမှာလဲ၊ ဒီလို လုပ်လိုက်ရင် သမ္မတကို အာဏာရှင်ဖြစ်အောင် လမ်းဖွင့်ပေးသလို မဖြစ်နိုင်ဘူးလား”၊ “လွှတ်တော်ကို ဖျက်သိမ်းဖို့ တောင်းဆိုတာဟာ ယုတ္တိမရှိဘူး။ ရွေးကောက်ပွဲအသစ် လုပ်ပေးဖို့သာ တောင်းဆိုသင့်တယ်” စသဖြင့် သူတို့ ပြောကြပါတယ်။‌ ဒီလက်ဝဲသမားတွေက အစိုးရနဲ့ တသံတည်း ဟစ်နေပါရော့လား။

တော်လှန်ရေးတခု ထဖြစ်တိုင်း လူထုက သူတို့ ခေါင်းဆောင်တွေနဲ့ ဝါရင့်သမ္ဘာရင့် တက်ကြွလှုပ်ရှားသူတွေထက် ပိုပြီး ပြတ်ပြတ်သားသား တော်လှန်ကြတာ အမြဲလိုလို တွေ့ရတယ်။ ဝါရင့်သမ္ဘာရင့် တက်ကြွလှုပ်ရှားသူတွေ ဆိုတာ သူတို့ ထိန်းချုပ်လို့ ရနိုင်တဲ့ တိုက်ပွဲ အသေးလေးတွေနဲ့ပဲ အသားကျလာတဲ့ သူတွေ။ ဒါပေမဲ့ ထိန်းလို့မနိုင်တဲ့ လှုပ်ရှားမှုမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ ဒီလို လက်ဝဲ တက်ကြွလှုပ်ရှားသူတွေ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်တယ်။ ထိန်းမနိုင် သိမ်းမနိုင် လှုပ်ရှားမှုမျိုးဆိုတာ တော်လှန်ရေးရဲ့ ဝိသေသတခုပဲ၊ အထူးသဖြင့် တော်လှန်ရေး ပထမအဆင့်မှာ ဒီလို ဝရုန်းသုန်းကား အခြေအနေတွေ ကြုံရစမြဲ။

ဒီအကျင့်ပျက်ခြစားနေတဲ့ အင်စတီကျူးရှင်းကြီးဟာ လူထုကို ဒုက္ခပေးရုံသက်သက်ကလွဲပြီး ဘာတခုမျှ ကောင်းကျိုးမပေးဘူးဆိုတာ လူထုက သိပြီးသား။ ‘လွှတ်တော်ဖျက်သိမ်းရေး’ ကြွေးကြော်သံကို ကြည့်ရင် လူထုဟာ ဘယ်လောက်တောင် ဒေါသူပုန်ထ ပေါက်ကွဲနေလဲဆိုတာ သိနိုင်တယ်။ အခုတော်လှန်ရေးဟာ အဲဒီဆုံချက်မှာ လာပေါင်းတာ။ လာပေါင်းတဲ့ အင်အားတွေကလည်း တိုးပွားနေတုန်းပဲ။ ဆုံချက်ဖြစ်နေတဲ့ အဲဒီကြွေးကြော်သံကိုလည်း တိုက်ပွဲဆင်နွှဲရင်း မှတ်ကျောက်တင်ကြည့်သွားမှာပဲ။

တောင်းဆိုချက်တွေ၊ ကြွေးကြော်သံတွေဆိုတာ ချက်ချင်း အကောင်အထည်ဖော်လို့ ရနိုင်တဲ့ ရည်မှန်းချက်တွေကို ချရေးထားတဲ့ စာရင်းတခု မဟုတ်ဘူး။ ဝါရင့်သမ္ဘာရင့် တက်ကြွလှုပ်ရှားသူတွေနဲ့ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်ပိုင်း ဗျူရိုကရက်တွေက ‘ကြောင်းကျိုးသင့်တဲ့’ လို့ သူတို့ ထင်တဲ့ တောင်းဆိုချက်တွေလောက်ပဲ ဖော်ထုတ်ဖို့ တသက်လုံး လုပ်လာတဲ့သူတွေ။ သာမန် အခြေအနေမှာ ကိုယ့်ဘက်က အင်အား အချိုးအစားလဲ အလေးသာနေမယ်ဆိုရင် အရင်းရှင်တွေဘက်က လိုက်လျောပေးနိုင်တဲ့ အချက်တွေလောက်ကိုပဲ ဖြစ်သင့်ဖြစ်ထိုက်သော တောင်းဆိုချက်တွေလို့ သူတို့ ယူဆတယ်။ ဒါပေမဲ့ တော်လှန်ရေးဆိုတာကျ တည်ငြိမ်နေတဲ့ အဲဒီကာလနဲ့ လားလားမျှ မဆိုင်တော့။ မျက်နှာပြင်အောက်မှာ ကာလကြာရှည် ဖြည်းဖြည်း ပြောင်းလဲနေရာကနေ ရုတ်တရက် အပြင်းအထန် ဦးစောက် ပြောင်းပြန်လန်သွားတာမျိုး။ ဒါကိုပဲ Molecular process of revolution လို့ဆိုတာ။

ဒါ့ကြောင့် လက်ဝဲသမားဆိုသူတွေမှာ တည်ငြိမ်နေတဲ့ ကာလနဲ့ အသားကျနေတော့ ‘လွှတ်တော် ဖျက်သိမ်းရေး’ကို လူထုက ထုတ်ဖော် ကြွေးကြော်လာတဲ့အခါ ကြံရာမရ ဖြစ်ကုန်တော့တာပဲ။ အဲဒီ လက်ဝဲသမား ဆိုသူတွေဟာ တော်လှန်ရေးကို ဘယ်တုန်းကမှ လက်ခံခဲ့တာ မဟုတ်ဘူး။

တော်လှန်ရေးဆိုတာ တခန်းရပ် ပြဇာတ်မဟုတ်။ လူထုဟာ သူတို့အကြောင်း ကောင်းကောင်းသိသွားအောင် အုပ်စိုးသူ လူတန်းစားကို ဖြဲခြောက်လာနိုင်တာနဲ့အမျှ သူတို့ရဲ့ အာဏာပါဝါကို သဘောပေါက်သွားကြပြီလေ။ သူတို့ အာဏာပါဝါကို အရှိအတိုင်း နားလည်သဘောပေါက်သွားတာနဲ့အမျှ ပိုပြီးလဲ သတ္တိကောင်းလာကြတယ်။ အဲဒါက အလုပ်သမား လူတန်းစားထဲက အလွှာသစ်တွေကို အတုယူ အားကျစေပြီး တိုက်ပွဲထဲ ပါဝင်လာစေတယ်။ အဲဒီနောက်မှာတော့ တိုက်ပွဲထဲကို တလွှာပြီးတလွှာ ဆွဲသွင်းပြီး ဖြစ်စဉ်ကြီးဟာ တရစ်ပြီးတရစ် မြင့်တက်သွားတော့တယ်။ အချိန် တနာရီပြီး တနာရီအကုန်မှာ အရှိန်ရပြီးရင်း ရလာတယ်။ သူတို့ရဲ့ စိတ်ဆန္ဒတွေကို ကာလအတန်ကြာ တုပ်နှောင်ထားခဲ့တဲ့ အနှောင်အဖွဲ့တွေကို ဖြတ်တောက်လိုက်ကြတယ်။ အဲဒီလို တွေ့ရှိသွားတဲ့ စွမ်းအားအသစ်က အဆီးအတားမရှိ ပရမ်းပတာ တရကြမ်း ပေါက်ကွဲထွက်ကုန်တာ မဆန်းပါဘူး။ အဲဒီစွမ်းအားက လူ့အဖွဲ့အစည်းရဲ့ အောက်ခြေ ဖောင်ဒေးရှင်းကြီး တခုလုံးကို ကိုင်လှုပ်ပစ်နိုင်တဲ့အထိ အားကြီးပါတယ်။ ဒါဟာ လက်တွေ့ တော်လှန်ရေးပဲ။

ရက်သတ္တပတ်ကျော်ကြာအောင် နေ့ရောညပါ ဆန္ဒပြတာတွေ၊ ရဲစခန်းနဲ့ ပြည်နယ် လွှတ်တော် အဆောက်အဦတွေကို မီးတင်ရှို့တာတွေ လုပ်ကြည့်လို့ပြီးတော့ ဒါတွေလုပ်နေရုံနဲ့ မရတော့ဘူးဆိုတာ လူထုက သိလာမှာပဲ။ ဒါတွေ လုပ်နေတာဟာ လူထုဘက်က ဘယ့်လောက် ပြင်းထန် လေးနက်ကြောင်း အုပ်စိုးသူ လူတန်းစား သိအောင် လုပ်ဖို့၊ သူတို့ ဘယ်လောက် အင်အားကောင်းတယ်ဆိုတာ ချပြဖို့ လုံလောက်ကောင်း လုံလောက်လိမ့်မယ်။ သူတို့ဘဝတွေနဲ့ လူ့အဖွဲ့အစည်းကို အခြေခံကျကျ ပြောင်းလဲပစ်ရေး ဆိုတဲ့ အန္တိမ ပန်းတိုင် ရောက်ဖို့ကျ ဒီလောက်နဲ့ မရတော့ဘူး။

လူထုဟာ ဒါကို ဘယ်လောက်ကြာမှ သင်ခန်းစာ ယူနိုင်မယ်ဆိုတာကျ အကြောင်းအချက် အများကြီးအပေါ် မူတည်တယ်။ အထူးသဖြင့် သူတို့မှာ အရည်အချင်းရှိတဲ့ ခေါင်းဆောင်မှုရှိထားလား ဆိုတဲ့အချက်ပေါ့။ ခေါင်းဆောင်မှုကောင်းကောင်း ရှိထားရင်တော့ မဖြစ်မနေ လိုအပ်တဲ့ နိဂုံးချုပ်ချက်တွေကို အချိန်တိုတိုနဲ့ ဆွဲယူနိုင်လိမ့်မယ်။ ဒါ့ကြောင့် ငါတို့ တော်လှန်ရေးသမားတွေက လူထု အသိစိတ်နဲ့ ဟပ်မိပြီး လူထု အသိစိတ်ကို ရှေ့ဆက် မြှင့်တင်ပေးနိုင်တဲ့ တောင်းဆိုချက်တွေ၊ လူထု မကျေနပ်ချက်တွေနဲ့ အချိတ်အဆက်မိတဲ့ အရေးဆိုချက်တွေ ဖော်ထုတ်ပေးရမယ်၊ ဒါ့အပြင် ဒီအရေးဆိုချက်တွေကို စည်းရုံးစုစည်းထားတဲ့ နိုင်ငံရေး ထုတ်ဖော်ချက်တွေဖြစ်အောင် ကြိုးပမ်းရမယ်။ ဒါပေမဲ့ လူထုရဲ့ အတွေ့အကြုံကနေ မြန်မြန်ဆန်ဆန် သင်ယူနိုင်စွမ်းကို ဘယ်တော့မှ လျှော့ မတွက်လိုက်လေနဲ့။ ဒီခုနစ်ရက်အတွင်းမှာတင် တည်ငြိမ်နေတဲ့ ဆယ်နှစ်စာမက သင်ယူလိုက်ကြပြီ။

တော်လှန်ရေးမှု ခေါင်းဆောင်မှု မရှိတဲ့ ဒီတော်လှန်ရေးလဲ အရေးနိမ့်ပြီး သွေးချောင်းစီး အဆုံးသတ်သွားမှာပဲလို့ အခုချိန်မှာ ညည်းညူပြနေတဲ့ သတ္တိကြောင် လက်ဝဲတွေဟာ လှုပ်ရှားမှုထဲ မပါရဲလို့ ဆင်ခြေပေးနေတာပဲ။ ဒီလို ဆင်ခြေပေးပြီး ဘေးထွက်ထိုင်နေတဲ့ လက်ဝဲတွေဟာ ရာနှုန်းပြည့် အာမခံချက်ရှိသော၊ လွယ်ကူချောမွေ့သော တော်လှန်ရေးမျိုးကို တောင်းတနေတဲ့ အရူးတွေပဲ။ သူတို့ရဲ့ အဲဒီ ‘ယထာဘူတအမြင်’ ဆိုတာ သူတို့ရဲ့ အဆိုးမြင်စိတ်ကို ထင်ဟပ်ပြတာပဲ။ အဆိုးမြင်စိတ်ကိုမှ အလုံးစုံ ဖောက်ပြန်နေတဲ့ အဆိုးမြင်စိတ်။ လူထုကြီးမှာ အကောင်းမြင်ကြည့်စရာ အရေးတော်ပုံကြီးတရပ် ပထမဆုံးအကြိမ် တွေ့ရှိသွားပြီဆိုပါမှ၊ တော်လှန်ရေး အားမာန်အပြည့်နဲ့ အားသွန်ခွန်စိုက် နွှဲလိုက်ကြပြီဆိုပါမှ အချိန်ကိုက်ပေါ်လာတဲ့ အဆိုးမြင်စိတ်ပဲ။

တော်လှန်ရေးတရပ် စင်းလုံးချော ဖြစ်နေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စ။ အဆင့်ဆင့် ဖြစ်ထွန်းသွားမယ့် တော်လှန်ရေး ဖြစ်စဉ်အတွင်း ပါဝင်ဆင်နွှဲရေးဟာ ငါတို့တာဝန်ပဲ။ ဆန္ဒပြပွဲနဲ့ သပိတ် အငယ်စားလေးတွေမှာ အချိန်ဇယားတွေ၊​ ထောက်ပို့ပစ္စည်းတွေနဲ့ ကျကျနန ကြိုပြင်ပြီး လုပ်ခဲ့တဲ့ အကျင့်ဟောင်းတွေ လက်ဝဲတွေမှာ အမြစ်တွယ်နေပြီ။ အဲဒီအကျင့်ဟောင်းတွေက ရှင်သန်နေသော တော်လှန်ရေး လက်တွေ့နဲ့ ပွတ်တိုက်မှု ဖြစ်လာပြီ။ တော်လှန်ရေးတရပ်ကို ခေါက်ရိုးကျိုး သေတ္တာထဲ ဆွဲထည့်လို့ မရနိုင်ဘူးလေ။

အခုတော့ အစိုးရဟာ တော်လှန်ရေးကို ကန့်သတ်ထိန်းချုပ်နိုင်ဖို့ ရရာနည်းကိုသုံးပြီး ချော့ချည်တခါ ရိုက်ချည်တလှည့် လုပ်ဖို့ ပြင်နေပြီ။ လိုက်လျောပေးလွန်းရင်လည်း လူထုက အတင့်ရဲလာပြီး တိုးတောင်းလာမယ်၊ မထစ်တငေါ့ သွားလုပ်ရင်လည်း ပိုပြီး ဆူပူအုံကြွလာမယ် ဆိုတာကိုတော့ သတိကပ်နေတုန်းပဲ။

အခုထိ နှုတ်အားဖြင့် ဖျောင်းဖျနားချတာမျိုးတွေတော့ အများကြီး လုပ်ထားပြီးပြီ။ ဒါပေမဲ့ လူထုကို လည်မြိုညှစ်ထားတဲ့ အခွန်တွေအကုန် ဖျက်သိမ်းပေးတာမျိုးလို၊ Affan Kurniawan အတွက် တရားမျှတမှု ယူပေးတာမျိုးလို တကယ် လက်ဆုပ်လက်ကိုင်ပြစရာမျိုး တခုမှ လုပ်မပေးသေး။ တကယ်တမ်း အဲဒါတွေကို လိုက်လျောမှုပေးရင်တောင်မှ  တော်လှန်ရေး ဒီရေကို တားလို့ ရချင်မှ ရမှာ။ အကျင့်ပျက်ခြစားနေတဲ့ လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုချက်က လူထုကြား အထိုင်ကျပြီးသား ဖြစ်နေပြီ။ တကယ်လည်း တနင်္ဂနွေ (ဩဂုတ်လ ၃၁ရက်) မှာ လွှတ်တော် ကိုယ်စားလှယ်ကြီးတွေရဲ့ ထောက်ပံ့ကြေး ခံစားခွင့်တွေကို ရုတ်သိမ်းတော့မယ်လို့ အစိုးရက ကြေညာတော့ လူထုလှုပ်ရှားမှုကြီးက ရပ်မသွားခဲ့ဘူး။

တချိန်တည်းမှာ အစိုးရဘက်က နှိမ်နင်းဖြိုခွဲတာတွေ တိုးပြီးလုပ်လာတယ်။ အစိုးရဟာ အဓိက မြို့ကြီးတွေနဲ့ မဟာဗျူဟာကျတဲ့ နေရာတွေကို တပ်ဖြန့်ချခိုင်းထားလိုက်တယ်။ ဒါပေမဲ့ စစ်တပ်ကို လွှတ်ပေးလိုက်တာရဲ့ တန်ပြန်အကျိုးဆက်ကို ခံစားရမှာပဲ။ New Order စစ်အစိုးရရဲ့ လုပ်ရပ်တွေဟာ လူထုရဲ့ မှတ်ဉာဏ်ထဲမှာ ပြက်ပြက်ထင်ထင်ရှိနေဆဲ ဖြစ်တယ်။

အင်ဒိုနီးရှား တော်လှန်ရေး အစပြုခဲ့ပြီ။ ကနဦး အဆင့်ကို နောက်ဆုံး အဆင့်နဲ့ မသဲကွဲဘူးဆိုရင် သေလောက်တဲ့ အမှားပဲ။ ဒါပေမယ့် တော်လှန်ရေး စထားပြီ ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ဘူး။

သုံးရက်ဆက်တိုက်နီးပါး ဆန္ဒပြ သပိတ်မှောက်ပြီးတော့ တနင်္ဂနွေနေ့မှာ အမောပြေသဘော ခဏတဖြုတ်နားတယ်။ တချို့နေရာတွေမှာ ထိပ်တိုက်တွေ့မှု အနည်းအပါး ရှိခဲ့တယ်။ ဒါကို လူထု လှုပ်ရှားမှုက ရှေ့ဆက် မတိုးနိုင်တော့ဘူး၊ အရှိန် လျော့ကျသွားပြီလို့ ထင်ရင်တော့ မှားမယ်။ တော်လှန်ရေးက သက်ရှိဘဝလိုပဲ ရစ်သမ် ရှိတယ်။ ‘ဘာတွေ ဖြစ်သွားလဲ’၊ ‘သူတို့ဘက်က ဘာတွေ အောင်မြင်မှု ရလိုက်လဲ’၊ အရေးကြီးဆုံးက ‘အစိုးရက ဘယ်လိုတွေ တုန့်ပြန်လဲ’ ဆိုတာ လူထုက အချိန်ယူ ဆင်ခြင်သုံးသပ်နေတာ။ သူတို့ လုပ်ဆောင်ချက်တွေကနေ သင်ခန်းစာတွေ ထုတ်နုတ် ဆင်ခြင်နေတာ။ တကယ်တမ်း လာမယ့်ရက်တွေအတွင်း အဓိက မြို့ကြီးအများအပြားမှာ ဆန္ဒပြ သပိတ်မှောက်ကြဖို့ စီစဉ်ထားပြီးသား။

အလုပ်သမားလူတန်းစားရဲ့ အခန်းကဏ္ဍ

အလုပ်သမားထုက သူတို့ရဲ့ စွမ်းပကားကို လမ်းမတွေထက် ထုတ်ပြခဲ့ပြီ။ သို့သော်လဲ အလုပ်သမား လူတန်းစားအနေနဲ့ ကုန်ထုတ် ပစ္စည်းတွေကို ထိန်းချုပ်နိုင်သော သူတို့ရဲ့ ပါဝါကို အသုံးချပြီး ထုသဘောဆောင်တဲ့ စုပေါင်း တိုက်ပွဲ မဆင်နွှဲရသေးဘူး။ လူထု သပိတ် ဆိုတဲ့ နောက်ဆုံး လက်နက်ကို အခုထိ ထုတ်မသုံးရသေး။ ဒါ့ကြောင့် အခုချိန်မှာ အထွေထွေ သပိတ်ကြီး ပေါ်လာအောင် အင်တိုက်အားတိုက် စည်းရုံးလှုံ့ဆော်ရမယ်။

အလုပ်သမား သမဂ္ဂ ခေါင်းဆောင်တွေဟာ ဦးဆောင်မှု မပေးနိုင်ရုံသာမက အစိုးရဘက်ကနေတောင် တက်တက်ကြွကြွ ရပ်တည်ခဲ့ကြတယ်။ အဲဒီသမဂ္ဂတွေဆီက အထွေထွေ သပိတ် ဆင်နွှဲဖို့ တပ်လှန့်သံ ထွက်ပေါ်လာမှာ မဟုတ်ဘူး။ တဖက်မှာ အလုပ်သမား သမဂ္ဂတွေက အလုပ်သမား လူတန်းစားရဲ့ အစိတ်အပိုင်း အနည်းငယ်ကိုသာ ကိုယ်စားပြုတယ်။ တကယ်တော့ အဲဒီ လူတန်းစား ရင်ကြားစေ့သမားတွေရဲ့ ညံ့ဖျင်းတဲ့ ခေါင်းဆောင်မှုအောက်မှာ အလုပ်သမား လှုပ်ရှားမှုဟာ အနိမ့်ဆုံးကို ရောက်ရှိခဲ့ပြီး အလုပ်သမား သမဂ္ဂ အဖွဲ့ဝင် ဦးရေဟာ ပြီးခဲ့တဲ့ ဆယ်နှစ်ကျော်အတွင်း ကျသွားခဲ့တယ်။ လူငယ်ထုကြားမှာ သူတို့ကို အထင်မကြီးတော့ဘူး။

တော်လှန်ရေး အဖြစ်အပျက်တွေဟာ တဟုန်ထိုး ပြောင်းလဲနေတယ်။ အဲဒီအပြောင်းအလဲကို အမီလိုက်နိုင်အောင် သွက်သွက်လက်လက် တုန့်ပြန်နိုင်မယ့်၊ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ရှိဖို့ လိုအပ်တယ်။ တဖက်မှာကျ အလုပ်သမား သမဂ္ဂတွေရဲ့ နှေးကွေးလေးကန်တဲ့ ဖွဲ့စည်းပုံက အင်မတန်မြန်ဆန်တဲ့ တော်လှန်ရေးရဲ့ နိုင်ငံရေး ဖြစ်စဉ်ကို ဖော်ထုတ်မပေးနိုင်ဘူး။ အကောင်းတကာ့ အကောင်းဆုံး အလုပ်သမား သမဂ္ဂဆိုရင်တောင် ဖော်ထုတ်ပေးနိုင်မှာ မဟုတ်ဘူး။ အင်ဒိုနီးရှားက အလွန် လက်ဝဲဆန်တဲ့ သမဂ္ဂတွေတောင် သွက်ချာပါဒ လိုက်နေပုံထောက်ရင် ဒီအချက်ဟာ ထင်ရှားပါတယ်။ ဘယ်သမဂ္ဂကမှ သပိတ်မှောက်ဖို့ မကြေညာဘူး။

အခုချိန်မှာ လူထု လှုပ်ရှားမှုကို ရပ်ကွက်၊ ကျောင်း၊ တက္ကသိုလ် စသဖြင့် နီးစပ်ရာချင်းဖြစ်ဖြစ်၊ လူမှု ကွန်ရက်တွေကနေဖြစ်ဖြစ် အလိုအလျောက်ပုံစံနဲ့ စုစည်းနေကြတယ်။ ဒီလို စနစ်တကျ မဖြစ်သေးတဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေကို တိုက်ပွဲဝင် ဒီမိုကရက်တစ် ယန္တရားတွေအဖြစ်၊ ‘တိုက်ပွဲ ကော်မတီတွေ’  အဖြစ် အခိုင်အမာ စုစည်းပေးဖို့ လိုအပ်လိမ့်မယ်။ အဲဒီ တိုက်ပွဲဝင် ဒီမိုကရက်တစ် ယန္တရားတွေက လွှတ်တော် ဖျက်သိမ်းပစ်ရေး၊ အစိုးရကို ဖြိုချရေး ဆိုတဲ့ လူထု ကြွေးကြော်သံတွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်အောင် အားသွန်ခွန်စိုက် လုပ်ဖို့ လိုအပ်တယ်။ ဒီတိုက်ပွဲ ကော်မတီတွေက အလုပ်သမားထု အာဏာ ယန္တရားရဲ့ ကနဦးအဆင့်လဲ ဖြစ်နိုင်တယ်။

လက်ရှိ ဒီတော်လှန်ရေးမှာ လူငယ်တွေက စုစည်းမှု အကောင်းဆုံး အလွှာ ဖြစ်တယ်။ သူတို့ဟာ အလုပ်သမား လူတန်းစားနဲ့ ပေါင်းကူးတံတား ထိုးနိုင်ရမယ်။ အဲဒီလို ပေါင်းကူးဖို့ စက်ရုံတွေ၊ စက်မှုဇုန်တွေ ၊ အလုပ်ခွင်တွေ၊ အလုပ်သမား ရပ်ကွက်တွေကို သွားရမယ်။ ‘အလုပ်သမား တိုက်ပွဲ ကော်မတီတွေ ဖွဲ့စည်းရေး ဆော်ဩရမယ်။ မဖြစ်မနေ သပိတ်မှောက်ဖို့ လိုအပ်ကြောင်း ရှင်းပြရမယ်။ အလုပ်သမား လူတန်းစားလက်ထဲက ပါဝါကို လူထု သပိတ်တွေအဖြစ် ပြောင်းလဲပေးလိုက်တာနဲ့ တော်လှန်ရေးဟာ အခုထက် ပိုမြင့်မားတဲ့ အဆင့်သစ်ကို ကူးပြောင်းသွားလိမ့်မယ်။

ရှေ့ဆက်လုပ်ငန်းစဉ်

တော်လှန်ရေးဟာ သောင်မတင် ရေမကျ ဖြစ်နေလို့ မရဘူး။ သူ့ရဲ့ ရှိရင်းစွဲ နိယာမတွေရဲ့ ပြဌာန်းချက်ကိုက အောင်မြင်မှုရအောင် ဆက်ချီတက်ရမယ်၊ အဲလို မလုပ်နိုင်ခဲ့ရင် ထုံးစံအတိုင်း သေလောက်တဲ့ အကျိုးဆက်တွေနဲ့ နောက်ပြန်လန်ကျသွားမှာပဲ။ ဒီတော်လှန်ရေးဟာ အရင်းရှင်စနစ်ကို မဖျက်သိမ်းနိုင်ဘဲ အဆုံးသတ်ကို မရောက်နိုင်ဘူး။ အရင်းရှင်စနစ်ကို ဖယ်ရှားမပစ်နိုင်ခဲ့ရင် ၁၉၉၈ တော်လှန်ရေးတုန်းက ကြမ္မာမျိုး ထပ်ကြုံရလိမ့်မယ်။ လူထု ဒေါသပုန်ထရခြင်းရဲ့ အဓိက အကြောင်းတရားဟာ အရင်းရှင်စနစ် အကျပ်အတည်းကြောင့်ပဲ။ ဒီအကျပ်အတည်းရဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို လူထု ပုခုံးပေါ် ပစ်တင်ခဲ့ကြတယ်။ ဒါ့ကြောင့် အရင်းရှင် စနစ်ကို တော်လှန်ဖြိုချပြီး လူ့အဖွဲ့အစည်းကို ဆိုရှယ်လစ်စနစ်ဆီ ကူးပြောင်းနိုင်မှ ဒီတော်လှန်ရေးရဲ့ နောက်ဆုံးပန်းတိုင်ကို ရောက်နိုင်မယ်။

တော်လှန်ရေးကို အဲဒီပန်းတိုင်နား ရောက်သွားအောင် လုပ်ဖို့ လူငယ်ထုနဲ့ အလုပ်သမားထုကို ကျနော်တို့ ဆော်ဩချင်တာက –

‘လွှတ်တော်ကို ဖျက်သိမ်းပစ်’

‘ပရာဘိုဝို အစိုးရကို ကန်ထုတ်ပစ်’။

ဒီမိုကရက်တစ်အမည်ခံ အဲဒီအင်စတီကျူးရှင်းနဲ့ သမ္မတ အစိုးရဟာ အလုပ်သမားထုနဲ့ ဆင်းရဲသားထုကို ဘယ်တုန်းကမှ ကိုယ်စားမပြုခဲ့ဘူး။ ကိုယ်စားမပြုတဲ့အပြင် သူတို့ဟာ ငါတို့ခံစားနေရတဲ့ ဆင်းရဲဒုက္ခ အပေါင်းရဲ့ တရားခံပဲ။ သူတို့ကိုလည်း ဖယ်ရှားပစ်ရမယ်။

ဒီပုပ်သိုးဆွေးမြေ့နေတဲ့ အဲဒီအင်စတီကျူးရှင်းတွေကို အစားထိုးပစ်ဖို့ အလုပ်သမား လူတန်းစားနဲ့ ဆင်းရဲသားတို့ရဲ့ တော်လှန်ရေး အစိုးရတရပ် ဖွဲ့ရမယ်။ ဒီအစိုးရဟာ အရင်တုန်းက ရှိခဲ့တဲ့ ဘယ်အစိုးရနဲ့မှ တူမှာ မဟုတ်ဘူး။ အလုပ်သမား၊ လယ်သမား၊ မြို့ပြ ဆင်းရဲသားတွေနဲ့ လူငယ်ထုရဲ့ အကျိုးစီးပွားကို ထမ်းဆောင်မယ့် အစိုးရ ဖြစ်တယ်။ သူဟာ အလုပ်သမားထု ဒီမိုကရေစီကို ကျင့်သုံးမယ်။ လူချမ်းသာတွေ ကျင့်သုံးတဲ့ ဟန်ပြ ဒီမိုကရေစီ မဟုတ်။

တိုက်ပွဲ ကော်မတီတွေကို လူထုတိုက်ပွဲရဲ့ ဒီမိုကရက်တစ် ယန္တရားတွေ အဖြစ် အချိန်မဆိုင်းဘဲ ဖွဲ့စည်းရမယ်။ တက္ကသိုလ် ပရဝုဏ်တွေ၊ ကျောင်းတွေ၊ အလုပ်သမား ရပ်ကွက်တွေ၊ စက်ရုံတွေမှာ၊ ဆိုင်းကယ် ကယ်ရီဂိတ်တွေ၊ ကော်ဖီဆိုင်တွေနဲ့ အခြား အခြားသော နေရာတွေမှာ ဒီလို တိုက်ပွဲဦးဆောင် ကော်မတီတွေ ဖွဲ့စည်းရမယ်။ အဲဒီ တိုက်ပွဲဦးဆောင် ကော်မတီတွေဟာ အစိုးရကို တိုက်ဖျက်ချေမှုန်းရေး ဦးတည်ပြီး တော်လှန်ရေး မီးတောက် မီးလျှံကြီးကို ကျယ်ပြန့် နက်ရှိုင်းစေရမယ်။ ပျံ့နှံ့အောင် လုပ်ဆောင်ရမယ်။ အဲဒီ ကော်မတီတွေဟာ အလုပ်သမားထု အာဏာရဲ့ ကနဦး ယန္တရားတွေအဖြစ် အလုပ်လုပ်သွားလိမ့်မယ်။ ဆင်းရဲသား၊ အလုပ်သမား လူတန်းစားတို့ရဲ့ တော်လှန်ရေး အစိုရရဲ့ အခြေခံ အုတ်မြစ်တွေပဲ။

အုပ်စိုးသူ လူတန်းစား အာဏာပလ္လင်ထက် မြဲနေရတဲ့ အကြောင်းအရင်းက သူတို့ချုပ်ကိုင်ထားတဲ့ စီးပွားရေးနဲ့ ဓနဥစ္စာတွေ အမြောက်အမြားကို ဘယ်သူကမှ မတို့မထိဘဲ ထားလို့။ ကျနော်တို့ တော်လှန်ရေးရဲ့ စွမ်းအား အကြီးမားဆုံး လက်နက်ဟာ စီးပွားရေးဘဝကို မောင်းနှင်ကို လူ့အဖွဲ့အစည်းရဲ့ ဓနဥစ္စာတွေ ဖန်တီးပေးနေသော အလုပ်သမား လူတန်းစားပဲ။ ဒါ့ကြောင့် တိုက်ပွဲ ဦးဆောင်ကော်မတီတွေက အထွေထွေ သပိတ်ကြီး ပေါ်ပေါက်လာအောင် စည်းရုံးလှုံ့ဆော်ရမယ်။  အထွေထွေ သပိတ်ဟာ အစိုးရကို အရှိုက်ထိုးပြီး ကျနော်တို့ကို အောင်ပွဲဆီ ဆွဲခေါ်သွားလိမ့်မယ်။

ဒီတော်လှန်ရေးရဲ့ ကံကြမ္မာကို လမ်းမတွေနဲ့ စက်ရုံတွေထဲက လှုပ်ရှား အသက်ဝင်နေတဲ့ တကယ့် တိုက်ပွဲကသာ ဆုံးဖြတ်သွားလိမ့်မယ်။ ဒါ့ကြောင့် ဒီတော်လှန်ရေးရဲ့ နောက်ဆုံး ရလဒ် ဘယ်လိုပဲ ထွက်လာပါစေ၊ သေချာတာကတော့ ဒါဟာ သမိုင်းတဆစ်ချိုး ဖြစ်တယ်၊ ဘယ်အရာမှ ပိုနေမြဲ ကျားနေမြဲ ဆက်မဖြစ်နိုင်တော့။

  • အင်ဒိုနီးရှား တော်လှန်ရေး အဓွန့်ရှည်ပါစေ၊
  • လွှတ်တော် ဖျက်သိမ်းပစ်၊
  • ပရာဘိုဝို အစိုးရကို ဖြုတ်ချ၊
  • ဆင်းရဲသားနဲ့ အလုပ်သမား လူတန်းစား အစိုးရကို ဖွဲ့စည်းကြ၊
  • အလုပ်သမားထုနဲ့ လူငယ်ထုရဲ့ တိုက်ပွဲဝင် ဒီမိုကရက်တစ် ယန္တရားတွေအဖြစ် တိုက်ပွဲ ဦးဆောင်ကော်မတီတွေ ဖွဲ့စည်းကြ၊
  • ပြည်လုံးကျွတ် အထွေထွေ သပိတ်ကြီး ဆင်နွှဲကြ၊
  • ကုန်ထုတ်ယန္တရားကို ရပ်ဆိုင်းပစ်၊

Source: Indonesia: the wheel of revolution has turned written by Bima Wicaksana (01 September 2025)

 

မြန်မာပြန်သူ – မွန်းနောင်၊ ရှင်းသန့်ဇင်