ဖွိုက်ယဘတ်(ခ်)နဲ့ ပတ်သက်သော စစ်တမ်းများ

Karl Marx

1845

(၁)

ဖွိုက်ယဘတ်(ခ်)ရဲ့ ရုပ်ဝါဒအပါအဝင် ကနေ့အထိ ရှိသမျှ ရုပ်ဝါဒအားလုံးရဲ့ အဓိက ချို့ယွင်းချက်က အာရုံခံ အတွေ့အကြုံ၊ အရှိတရားနဲ့ ရုပ်ကမ္ဘာကို လေ့လာခံ အချင်းအရာ၊ တွေးခေါ်ကြည့်စရာ ရုပ်ပစ္စည်းအဖြစ်ပဲ သဘောထားတယ်၊ လူသားတွေကိုယ်တိုင် အမှန်တကယ် လုပ်အားစိုက်ထုတ်ပြီး ပါဝင်လုပ်ဆောင်နေတဲ့ ရုပ်ကမ္ဘာအဖြစ် မမြင်ကြဘူး။ ဒီနေရာမှာ စိတ်ဝါဒက ရုပ်ဝါဒနဲ့ ဆန့်ကျင်ဖက်ပဲ။ လူရဲ့ လက်တွေ့ လုပ်နိုင်စွမ်းကို စိတ်ဝါဒဘက်က အသိအမှတ်ပြု ဖော်ထုတ်ပေးခဲ့တယ်၊ သို့သော် ရုပ်ခန္ဓာနဲ့ အမှန်တကယ် လုပ်ဆောင်ရသော အခိုင်အမာ အလုပ်အဖြစ် စိတ်ဝါဒက နားမလည်ဘူး၊ လူရဲ့ လက်တွေ့ လုပ်နိုင်စွမ်းကို စိတ်သဘောအနေနဲ့သာ ဖော်ထုတ်ခဲ့ခြင်း ဖြစ်တယ်။ ဖွိုက်ယဘတ်(ခ်)က စိတ်ကူးထည်သက်သက် မဟုတ်ဘဲ၊ အသွေးအသား ကိုယ်ထည်ရှိတဲ့ အစစ်အမှန် ရုပ်ပစ္စည်းတွေကို အဓိကထား လေ့လာချင်တယ်၊ သို့သော် လူသားရဲ့ လက်တွေ့ လုပ်ဆောင်ချက်ကိုယ်တိုင်က ရုပ်ကမ္ဘာကို ပြုပြင်ပုံဖော်နိုင်စွမ်းရှိသော အခိုင်အမာ လုပ်ရပ်အဖြစ် သူမမြင်ခဲ့ဘူး။ ဒါ့ကြောင့် ‘ခရစ်ယာန်ဘာသာ၏ အနှစ်သာရ’  စာအုပ်မှာ တွေးခေါ်မြော်မြင်ရေး စိတ်သဘောထားကိုပဲ လူပီသတဲ့ စိတ်သဘောထားလို့ သူသတ်မှတ်တယ်၊​ လက်တွေ့အလုပ်ကိုတော့ ညစ်ညမ်း နိမ့်ကျသော အရာတွေအဖြစ်ပဲ ဖွိုက်ယဘတ်(ခ်)  သဘောထားခဲ့တယ်။ အဲဒီလို သဘောထားခဲ့လို့ “တော်လှန်ပြောင်းလဲနိုင်သော”၊ “ဝေဖန်ပိုင်းခြားနိုင်သော လက်တွေ့” အလုပ်ရဲ့ အရေးပါမှုကို သူ မဖမ်းဆုပ်နိုင်ခဲ့ဘူး။

(၂)

လူသားရဲ့ စဉ်းစားတွေးခေါ်မှုက ဓမ္မဓိဋ္ဌာန်ကျကျ မှန်ကန်မှု ရှိသလား ဆိုတဲ့ ပြဿနာကို သဘောတရားရေး ငြင်းခုန်မှုသက်သက်နဲ့ မဖြေရှင်းနိုင်၊ လက်တွေ့ လုပ်ဆောင်မှုနဲ့သာ ဖြေရှင်းနိုင်တယ်။ လူဟာ အမှန်တရားကို သက်သေထူပြရမယ်၊ ဆိုလိုသည်မှာ လူသားရဲ့ အတွေးအခေါ် အယူအဆတွေက ရုပ်ကမ္ဘာကြီးနဲ့ ကိုက်ညီမှုရှိပြီး အပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းပကား ရှိကြောင်း၊ လူရဲ့ စဉ်းစားတွေးခေါ်မှုက ရုပ်ဘဝမှာ အခြေတည်ထားကြောင်း လက်တွေ့ကျကျ စမ်းသပ်လုပ်ဆောင်ပြီး သက်သေထူရမယ်။ လက်တွေ့လုပ်ဆောင်မှု မပါဘဲ အတွေးအခေါ်တွေ မှန် မမှန် ထိုင်ငြင်းနေခြင်းဟာ ကျောင်းတော်ဝါဒီဆန်တဲ့ အချည်းနှီး လုပ်ရပ်ပဲ။

(၃)

ဝန်းကျင် အခြေအနေ ပြောင်းလဲမှုနဲ့ လေ့ကျင့်ပျိုးထောင်မှုအကြောင်း ရုပ်ဝါဒရဲ့ အမြင်က လူတွေဟာ သူတို့ကြီးပြင်းရာ အခြေအနေတွေကို ပြောင်းလဲဖန်တီးနိုင်ကြောင်း၊​ ပျိုးထောင် လေ့ကျင့်ပေးသူကိုယ်တိုင်ကိုလဲ ပျိုးထောင် လေ့ကျင့်ပေးဖို့ မဖြစ်မနေ လိုအပ်ကြောင်း မေ့နေတတ်တယ်။ ဒါ့ကြောင့် ဒီအယူဝါဒအရ လူ့အဖွဲ့အစည်းကို နှစ်ပိုင်းခွဲပစ်လိုက်ရပြီး တပိုင်းက လူအများထက် ခေါင်းတလုံး ပိုမြင့်သူတွေ ဖြစ်သွားတယ်။ လူသားတွေက ဝန်းကျင် အခြေအနေကို ပြောင်းလဲဖန်တီးရင်း သူတို့ကိုယ်သူတို့လဲ ပြောင်းလဲပစ်တယ်။ ဒီလို တပြိုင်နက် ပြောင်းလဲမှုကို တော်လှန်ရေး လက်တွေ့ လုပ်ဆောင်မှုအဖြစ်သာ ရှင်းရှင်းလင်းလင်း နားလည်နိုင်တယ်။

(၄)

ဖွိုက်ယဘက်(ခ်)က လူသားတွေဟာ ဘာသာရေးကြောင့် လူသားအနှစ်သာရကနေ ကင်းကွာသွားကြတယ်၊ လူသားတွေဟာ ကမ္ဘာလောကကို ဘာသာရေး လောကနဲ့ လောကီရေး နယ်ပယ်အဖြစ် နှစ်မျိုး ခွဲထားကြတယ် ဆိုတဲ့ အချက်ကနေ အစပြုတယ်။ ဘာသာရေး လောကဟာ လောကီ လူ့ဘောင်ကို အခြေခံပြီး ဖန်တီးထားခြင်း ဖြစ်ကြောင်း သက်သေပြဖို့ ဖွိုက်ယဘက်(ခ်) ကြိုးပမ်းခဲ့တယ်။

ဒါပေမဲ့ လောကီ လူ့ဘောင်ဟာ သူ့ကိုယ်သူ ခွဲထုတ်ပြီး ကောင်းကင်ယံမှာ သီးခြား လောကတရပ်ကို သူ့ဘာသာ ဖန်ဆင်း တည်ဆောက်ထားတယ်။ အဲဒီလို တည်ဆောက်ထားတာဟာ လောကီ လူ့ဘောင်အတွင်း ပဋိပက္ခတွေ၊ အက်ကွဲမှုတွေ ဒင်းကြမ်းပြည့်နေလို့ပဲ။ ဒါ့ကြောင့် လောကီ လူ့ဘောင်ရဲ့ ကိုယ်တွင်း ပဋိပက္ခတွေကို ဖမ်းဆုပ်နားလည်ပြီး အဲဒီလောကကို လက်တွေ့ လုပ်ဆောင်မှုနဲ့ တော်လှန်ပြောင်းလဲပစ်ရမယ်။ ဥပမာအားဖြင့် မွန်မြတ်သန့်စင်တဲ့ ဘုရား မိသားစု ဆိုတာ လောကီ လူသား မိသားစုကနေ ပေါက်ဖွားလာတဲ့ အယူအဆမှန်း နားလည်သိရှိပြီဆိုရင် လောကီ လူသား မိသားစုကို သီအိုရီနဲ့ရော၊ လက်တွေ့နဲ့ရော တော်လှန်ပစ်ရမယ်။

(၅)

ဖွိုက်ယဘတ်(ခ်)က စိတ်ကူးသက်သက် ယေဘုယျ ဆင်ခြင်တွေးခေါ်မှုမျိုးကို အားမရဘူး၊ လူသားရဲ့ အာရုံ ခံစားမှုတွေကို အခြေခံပြီး ဆင်ခြင်တွေးတောချင်တယ်။ ဒါပေမဲ့ သူက အာရုံသိ အတွေ့အကြုံကို အာရုံခံစားနိုင်တဲ့ လူသားကိုယ်တိုင် လက်တွေ့ လုပ်ဆောင်မှုအဖြစ် (ရုပ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ လှုပ်ရှားမှုအဖြစ်) မမြင်နိုင်ဘူး။

(၆)

ဘာသာရေး အနှစ်သာရဆိုတာ လူသား အနှစ်သာရကို ရောင်ပြန်ဟပ်ထားခြင်း ဖြစ်တယ်လို့ ဖွိုက်ယဘတ်(ခ်)က ဆိုတယ်။ ဒါပေမဲ့ လူသား အနှစ်သာရ ဆိုတာ လူသား တဦးချင်းစီ မွေးကတည်းက ပါလာတဲ့ သဘာဝ တခု မဟုတ်ဘူး။

လက်တွေ့ဘဝမှာတော့ လူ့အဖွဲ့အစည်းဆိုင်ရာ ဆက်ဆံရေး အပေါင်းအစုက လူသား အနှစ်သာရကို ဖန်တီး ထုဆစ်ပေးခြင်း ဖြစ်တယ်။ လက်တွေ့ဘဝထဲက အဲဒီ အနှစ်သာရကို အခုလို ဝေဖန်ဆန်းစစ်မှု မပြုခဲ့တဲ့ ဖွိုက်ယဘတ်(ခ်)ဟာ အကျိုးဆက်အနေနဲ့ –

(၁) ဘာသာရေးကို သမိုင်းဖြစ်စဉ်နဲ့ ခွဲထုတ်ပြီး ဘာသာရေး စိတ်သဘောထားကို သူ့ဘာသာ အမြဲ တည်ရှိနေတဲ့ အရာတခုအဖြစ် သတ်မှတ်သလို လူသားကိုလဲ သီးခြား တည်ရှိနေတဲ့ တသီးပုဂ္ဂလတွေအဖြစ် ယူဆတယ်၊

(၂) ဒါ့ကြောင့် အနှစ်သာရ ဆိုတာ တသီးပုဂ္ဂလ လူသားများကို သဘာဝအလျောက် ပေါင်းစည်းပေးတဲ့ မွေးရာပါ အတွင်းသား ယေဘုယျ တရားတခုအဖြစ်သာ သူနားလည်နိုင်တယ်။

(၇)

အကျိုးဆက်အနေနဲ့ “ဘာသာရေး စိတ်သဘောထား” ကို လူ့အဖွဲ့အစည်းရဲ့ အထွက်ပစ္စည်းလို့ ဖွိုက်ယဘတ်(ခ်) မမြင်တော့ဘူး။ သူ ခွဲခြမ်းစိတ်ဖြာနေတဲ့ ယေဘုယျ တသီးပုဂ္ဂလ လူသားကို လူ့အဖွဲ့အစည်း တခုခုအတွင်း ရှင်သန်နေထိုင်တဲ့ လူသားများအဖြစ် မမြင်နိုင်ဘူး။

(၈)

လူမှုဘဝဟာ အခြေခံအားဖြင့် လက်တွေ့ဆန်တယ်။ သီအိုရီတွေကို ယုတ္တိလွန် ယုံကြည်မှုနယ်ထဲ ရောက်သွားစေတဲ့ ပဟေဠိအားလုံးကို လူသားတွေရဲ့ လက်တွေ့ အလုပ်နဲ့သာ ယာထဘူတကျကျ ဖြေရှင်းနိုင်တယ်၊ အဲဒီ လက်တွေ့ လုပ်ဆောင်မှုအကြောင်း နားလည်မှသာ ယထာဘူတ အဖြေက ရှင်းလင်းသွားမယ်။

(၉)

ရှုကြည့်ဆင်ခြင်တတ်သော ရုပ်ဝါဒ၊ ဆိုလိုတာက အာရုံခံ အတွေ့အကြုံကို လက်တွေ့ လုပ်ဆောင်မှုအဖြစ် နားမလည်သော ရုပ်ဝါဒ အမြင့်ဆုံး လုပ်နိုင်တာဆိုလို့ တသီးပုဂ္ဂလ လူသားတွေနဲ့ သူတို့ရဲ့ နေ့စဉ် လူမှုစီးပွားဘဝကို ရှုကြည့်သုံးသပ်တာပဲ ရှိတယ်။

(၁၀)

ရုပ်ဝါဒအဟောင်းက အကျိုးစီးပွားကိုယ်စီရှိသော လူသားတို့ရဲ့ လူမှုဘဝကို အခြေခံပြီး ရှုမြင်တယ်။ ရုပ်ဝါဒအသစ်က လူ့သမဂ္ဂတခုလုံး (သို့မဟုတ်) လူ့အဖွဲ့အစည်းကို ပုံဖော်ဖို့ စုပေါင်း လှုပ်ရှားနေတဲ့ လူသားတရပ်လုံးကို အခြေခံပြီး ရှုမြင်တယ်။

(၁၁)

ဒဿနပညာရှင်တွေဟာ လောကကို နည်းအမျိုးမျိုးနဲ့ အဓိပ္ပါယ်ဖွင့်ဖို့သာ လုပ်ခဲ့ကြတယ်။ ဒါပေမယ့် အရေးကြီးဆုံးက လောကကို ပြောင်းလဲပစ်ဖို့ပဲ။

မြန်မာပြန်သူ – သူရိန်မွန်