ဒိုင်ယာလက်တစ်ကို ခုခံကာကွယ်ခြင်း၊ မော်ရဲ့ ပဋိပက္ခကျမ်းကို ဝေဖန်ချက်

၁၉၄၉ခုနှစ် တရုတ်တော်လှန်ရေးဟာ လူသားသမိုင်းရဲ့ အကြီးကျယ်ဆုံးသော ဖြစ်ရပ်တွေထဲက တခုဖြစ်တယ်။ မာ့က်စ်ဝါဒီတွေဟာ ဒီ ၁၉၄၉ တရုတ် တော်လှန်ရေးဘက်က ခုခံကာကွယ်ပေးပါတယ်။  သူရဲကောင်းဆန်လှပြီး ဆယ်စုနှစ်တွေကြာအောင် တိုက်ပွဲဝင်ခဲ့ပြီးနောက်မှာတော့ ဒီတော်လှန်ရေးဟာ တရုတ်နိုင်ငံကို နယ်ချဲ့နှောင်ကြိုးအောက်ကနေ လွတ်မြောက်လာစေခဲ့တယ်။

ဒီတော်လှန်ရေးဟာ တရုတ်လူထုရဲ့ အားကောင်းလွန်းသော ပိုင်းဖြတ်သန္နိဋ္ဌာန်ချထားမှုနဲ့ စွန့်လွှတ် ပေးဆပ်မှု စိတ်ဓါတ်ကနေ ဖူးပွင့်လာခဲ့တဲ့ အောင်သီးအောင်ပွင့် ဖြစ်တယ်။ ဒီလှုပ်ရှားမှုကြီးရဲ့ ထိပ်ဆုံးမှာတော့ မော်စီတုန်း ရှိနေခဲ့တယ်။

မော် ကွယ်လွန်ပြီးတဲ့နောက် တရုတ်ပြည် ကွန်မြူနစ်ပါတီ (CCP) ဗျူရိုကရေစီဟာ အရင်းရှင်စနစ်ကို တဖြည်းဖြည်း အသက်ပြန်သွင်းလာခဲ့တယ်။ မော်ကိုတော့ သူမကွယ်လွန်မီ နှောင်းပိုင်းနှစ်တွေအတွင်း ပါတီထဲက “အရင်းရှင် လမ်းထွင်သူတွေ” ကို ဦးဆောင် တိုက်ပွဲဝင်ခဲ့သူအဖြစ် မြင်ကြတယ်။ ဒါကြောင့် တရုတ်ပြည်တွင်း၊ ပြည်ပက တော်လှန်ရေးသမား အတော်များများဟာ ၁၉၄၉ တော်လှန်ရေးရဲ့ မူလခေါင်းဆောင် မော်စီတုန်းရဲ့ အတွေးအခေါ်တွေကို တော်လှန်ရေးအသစ် တရပ်ဆီ ဦးတည်သော အလုပ် လမ်းညွှန်အဖြစ် မြင်ကြတယ်။ ဒါက နားလည်ပေးလို့ရတဲ့ ကိစ္စ ဖြစ်ပါတယ်။

ကွန်မြူနစ် မူဝါဒတွေကို စစ်စစ်မှန်မှန် ကာကွယ်ဖို့အတွက် သီအိုရီ အခြေခံတခုကို အခုလို ရှာဖွေကြခြင်းဟာ တိုးတက်တဲ့ ဖွံ့ဖြိုးမှု တရပ်ပဲ။ မာ့က်စ်ဝါဒီတွေ အားလုံးက ဒါကို ထောက်ခံ အားပေးသင့်ပါတယ်။ ပထမဆုံးနဲ့ အရေးအကြီးဆုံးက မာ့က်စ်ဝါဒဟာ စတင်ပေါ်ပေါက်လာတည်းက သိပ္ပံနည်းကျ သီအိုရီတရပ် ဖြစ်တယ်။ အရှိတရား အဖြစ်မှန်ကို မျက်နှာမူသော၊ အရာရာကို မှန်မှန်ကန်ကန်နဲ့ နာမည်တပ် ခေါ်ဝေါ်သော သိပ္ပံနည်းကျ သီအိုရီတရပ် ဖြစ်တယ်။ ဘာကြောင့်လဲ။ အမှန်တရားဆီ မဆုတ်မနစ်တမ်း ရှေ့ရှုမနေဘူးဆိုရင် အရင်းရှင်စနစ်ကို အပြီးတိုင် ဖြိုလှဲပစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အတွက်ပဲ။

ပဋိပက္ခကျမ်းဟာ ၁၉၃၇တုန်းက မော်ရေးခဲ့တဲ့ ဒဿနိက အက်ဆေးတပုဒ် ဖြစ်တယ်။ မာ့က်စ်ဝါဒအပေါ် မော်ရဲ့ အကျိုးပြုချက်တခုအဖြစ် မော်ဝါဒီတွေ ဂုဏ်တင်သမှု အပြုကြဆုံး လက်ရာတခု ဖြစ်တယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ မော်ဟာ တော်လှန်ရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ရှိခဲ့တယ် ဆိုသော်ငြား သဘောတရားရေး ဆရာ တယောက်တော့ မဟုတ်ခဲ့ဘူး။ ဒါကြောင့် ကွန်မြူနစ် ဖြစ်လာစ ရဲဘော်တွေကို ဒိုင်ယာလက်တစ် ရုပ်ဝါဒရဲ့ မှန်ကန်သော ဒဿနိက နည်းနာနဲ့ ပတ်သက်လို့ ပညာပေးဖို့၊ အဲဒီ (၁၉၄၉တော်လှန်ရေး) ကာလရဲ့ သမိုင်းရေး သင်ခန်းစာတွေနဲ့ ပတ်သက်ပြီး ပညာပေးဖို့အတွက် ပဋိပက္ခကျမ်းရဲ့ ချို့ယွင်းချက်တွေကို အလေးအနက် ခွဲခြမ်းစိတ်ဖြာပြဖို့ အရေးတကြီး လိုအပ်လာတယ်။

ပဋိပက္ခဆိုတာ ဘာကို ဆိုလိုသလဲ

မော်ရဲ့ ရေးသားချက်ဟာ ပဋိပက္ခ ပြဿနာကို ဗဟိုပြုထားတာ ဖြစ်တယ်။ ဒီအတွက် ဒိုင်ယာလက်တစ် ရုပ်ဝါဒလို့ သိကြတဲ့ မာ့က်စ်ဝါဒ ဒဿနမှာ ပဋိပက္ခ သဘောတရားက ဘယ်လို အဓိပ္ပါယ်ရှိသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းပြဖို့ လိုအပ်လာတယ်။

နေ့စဉ်ဘဝမှာတော့ ပြောင်းလဲခြင်းတရား ဆိုတာကို အချင်းအရာတခုရဲ့  ပြင်ပ ဗဟိဒ္ဓမှ လာတဲ့ သဘော၊ အမှတ်မထင် ဖြစ်ပေါ်လာတဲ့ သဘောလို့ ယေဘုယျအားဖြင့် နားလည်ထားကြပါတယ်။ ဒီအမြင်နဲ့ ကြည့်လိုက်တဲ့အခါ လူ့အဖွဲ့အစည်းရဲ့ အကျပ်အတည်းတွေဟာ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ မှားယွင်းမှုကြောင့်၊ ဒါမှမဟုတ် နိုင်ငံခြား တိုင်းပြည်တွေရဲ့  ကြားဝင် စွက်ဖက်မှုကြောင့် ရိုးရိုးရှင်းရှင်း ဖြစ်လာတာလို့ နားလည်သွားတယ်။ လူ့အဖွဲ့အစည်းကိုယ်နှိုက်ရဲ့ အတွင်းပိုင်း ပဋိပက္ခတွေကြောင့်လို့ နားမလည်တော့ဘူး။

ဖြစ်တည်နေသမျှ အရာရာတိုင်းဟာ မူလကတည်းက ကိန်းအောင်းနေတဲ့ အတွင်းသား ပဋိပက္ခတွေကြောင့် စဉ်ဆက်မပြတ် လှုပ်ရှား ပြောင်းလဲနေတယ်လို့ ဒိုင်ယာလက်တစ် အတွေးအခေါ်က ယူဆတယ်။ ဒီပဋိပက္ခတွေဟာ တခုကိုတခု တောင်းဆို လိုအပ်နေကြသော ဆန့်ကျင်ဘက်တွေနဲ့ ဖွဲ့စည်းထားခြင်း ဖြစ်တယ်။ ဟေဂယ်(လ်)ဟာ ဒိုင်ယာလက်တစ်ကို ဖွံ့ဖြိုးတိုးတက်စေခဲ့တယ်၊ ပဋိပက္ခ သဘောတရားအပေါ် အဓိက ဗဟိုပြုခဲ့တယ်။ မာ့(က်စ်)နဲ့ အန်းဂယ်(လ်စ်)တို့အပေါ် ဟေဂယ်(လ်)ရဲ့ လွှမ်းမိုးမှု ကြီးကြီးမားမား ရှိခဲ့တယ်။ ဟေဂယ်(လ်)က အခုလို တိကျပြတ်သားစွာ ရှင်းပြခဲ့တယ် –

“ကြွေးမြီနဲ့ အဖိုးတန် ပစ္စည်းတို့ဟာ အမှီအခိုကင်းကင်းနဲ့ သီးခြားစီ ရပ်တည်နေသော ပိုင်ဆိုင်မှု မျိုးကွဲနှစ်ခု မဟုတ်ပေဘူး။ မြီစားအတွက် ဆိုးကျိုးလက္ခဏာဆောင်မှုဟာ၊ မြီရှင်အတွက်တော့ ကောင်းကျိုး လက္ခဏာဆောင်တယ်။ […] ကောင်းကျိုးနဲ့ ဆိုးပြစ်တို့ဟာ ပင်ကိုယ်သဘာဝအားဖြင့်ကို တခုကို တခု လွှမ်းမိုးခြယ်လှယ်သမှု ပြုကြတယ်၊ တခုနဲ့ တခု အပြန်အလှန် ဆက်နွှယ်နေမှသာ တည်ရှိကြခြင်း ဖြစ်တယ်။  သံလိုက်တခုရဲ့ တောင်ဝင်ရိုးနဲ့ မြောက်ဝင်ရိုးတို့ဟာ တခုမရှိဘဲ နောက်တခုက တည်ရှိဖို့ မဖြစ်နိုင်ဘူး၊ အပြန်အလှန်အားဖြင့်လဲ ဒီသဘောပဲ။ […] ဆန့်ကျင်ဘက်ဖြစ်ခြင်း သဘောမှာ မတူကွဲပြားမှုကို အခြားသော ပြင်ပတစုံတရာက ဆောင်ကျဉ်းလာတာ မဟုတ်ဘူး။ အချင်းအရာတခုကိုယ်နှိုက်ရဲ့ အခြားတဖက်ကသာ ဆောင်ကျဉ်းလာခြင်း ဖြစ်တယ်။” (G W F Hegel, Logic: Being Part One of the Encyclopedia of the Philosophical Sciences (1830), § 119, Oxford University Press, 1975, pg 173)

ပဋိပက္ခတခုရဲ့ ဝင်ရိုးစွန်းတွေဟာ တခုနဲ့ တခု သီးခြားစီ ခွဲထုတ်လို့ မရနိုင်ဘူး။ အမှန်တော့ တခုကို တခုက ဆုံးဖြတ်ပြဋ္ဌာန်းတယ်။ ဒီအမြင်အရ ဆန့်ကျင်ဘက် ဝင်ရိုးစွန်းတွေဟာ ရန်ဘက် ပဋိပက္ခ အသွင်လည်း ဆောင်လာတယ်။ မြီစားရှိမှ မြီရှင် ရှိနိုင်သလိုပဲ၊ ဝင်ရိုးစွန်း တဖက်ရဲ့ လှုပ်ရှား ဖြစ်ပေါ်မှုတွေဟာ ချက်ချင်းဆိုသလို နောက်ဝင်ရိုးတဖက်အတွက် ရန်ဘက်ပဋိပက္ခအသွင် ဆောင်လာတယ်။

အလုပ်သမားတွေနဲ့ အရင်းရှင်တွေကြားက လူတန်းစား ပဋိပက္ခဟာ အရင်းရှင် လူ့အဖွဲ့အစည်းအဖို့ အဲဒီလို သဘောဆောင်တဲ့ အခြေခံ ပဋိပက္ခတရပ် ဖြစ်တယ်ဆိုတာ မာ့က်စ်က ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။

“ပစ္စည်းမဲ့နဲ့ ဓနဥစ္စာဟာ ဆန့်ကျင်ဘက်တွေ ဖြစ်တယ်၊ ဒီသဘောနဲ့ သူတို့ဟာ တပေါင်းတစည်း ဖြစ်နေကြတယ်။ သူတို့ နှစ်ခုလုံးဟာ ကမ္ဘာ့ ပုဂ္ဂလိက ပိုင်ဆိုင်မှု စနစ်က ဖန်တီးပေးလိုက်တဲ့ ရလဒ်တွေ ဖြစ်တယ်။ […]

ပုဂ္ဂလိက ပိုင်ဆိုင်မှုက ပုဂ္ဂလိက ပိုင်ဆိုင်မှုအဖြစ်၊ ဓနဥစ္စာအဖြစ် တည်ရှိနေတဲ့ သူ့ ဖြစ်တည်မှုကို မဖြစ်မနေ ထိန်းသိမ်းရတယ်၊ ဒီတော့ ပိုင်ဆိုင်မှုရဲ့ ဆန်ကျင်ဘက်ဖြစ်သော ပစ္စည်းမဲ့ လူတန်းစားကိုလည်း ဆက်တည်ရှိနေအောင် မဖြစ်မနေ ထိန်းသိမ်းထားရတော့တယ်။” (K Marx, F Engels, ‘The Holy Family’, Marx Engels Collected Works, Vol.4, Progress Publishers, 1975, pg 35)

နောက်တမျိုးပြောရရင် အလုပ်သမားတွေနဲ့ အရင်းရှင်တွေဟာ တဖက်ဖက် ရှိမနေဘဲ အလုပ်သမားနဲ့ အရင်းရှင်တွေအဖြစ် ဆက်လက်တည်ရှိဖို့ မဖြစ်နိုင်ဘူး။ သူတို့ကြားက အပြန်အလှန် ရန်ဘက် ပဋိပက္ခသဘောဆောင်မှုဟာ အရင်းရှင် ကုန်ထုတ်စနစ်အတွင်း ခိုင်မြဲစွာ တည်ရှိနေတယ်၊ အရင်းရှင် ကုန်ထုတ်စနစ်ရဲ့ မွေးရာပါ ပဋိပက္ခလည်း ဖြစ်တယ်။

ဒီဖြစ်စဉ်ဟာ ရပ်တန့်လို့ မရတဲ့ ဖြစ်စဉ်ပဲ၊ ဖြစ်တည်မှုတရပ် ဆက်လက်ဖြစ်တည်နေဖို့ဆို လှုပ်ရှားစီးဆင်းနေမှ ဖြစ်နိုင်မယ်။ (To exist is to be in motion.) ဒါ့အပြင် နောက်ဆုံးသတ္ထုချ ဆန်းစစ်လိုက်ရင် အရင်းရှင် လူ့အဖွဲ့အစည်းရဲ့ လှုပ်ရှားဖြစ်ပေါ်မှုဟာ လူတန်းစားတိုက်ပွဲသာ ဖြစ်တယ်။ ဒါပေမဲ့ ဒီ ဆန့်ကျင်ဘက်များကြားက တိုက်ပွဲဟာ အဆုံးမရှိ သံသရာလည်နေမှာမျိုးတော့ မဟုတ်ဘူး။ သူ့ရဲ့ ကိုယ်ပိုင် ပြောင်းလဲမှုတရပ်၊ ဒါမှမဟုတ် ‘ငြင်းဖျက်ခြင်းတရပ်’ ဆီ ဦးတည်နေတာ ဖြစ်တယ်။ မာ့က်စ် ရေးခဲ့သလိုပေါ့ –

“ … ဒါနဲ့ ဆန့်ကျင်ဘက်ပဲ၊ ပစ္စည်းမဲ့ လူတန်းစားဟာ ပစ္စည်းမဲ့ လူတန်းစားအဖြစ် သူကိုယ်တိုင်ရဲ့ တည်ရှိနေမှုကို ဖျက်သိမ်းပစ်ဖို့ မဖြစ်မနေ လိုအပ်လာတယ်။ ဒီတော့ သူ့ရဲ့ တည်ရှိမှုကို ပြဌာန်းပေးထားသော၊ ပစ္စည်းမဲ့ လူတန်းစား ဆိုတာကို ဖြစ်တည်လာစေသော၊ သူ့ရဲ့ ဆန့်ကျင်ဘက် ပုဂ္ဂလိက ပိုင်ဆိုင်မှုကိုပါ ဖျက်သိမ်းပစ်ဖို့ မဖြစ်မနေ လိုအပ်လာတယ်။” (ibid. 36)

ဒီလို ပြောနေတဲ့အတွက် အရင်းရှင် လူ့အဖွဲ့အစည်းအပေါ်  သက်ရောက်မှု ရှိတဲ့ တခုတည်းသော ပဋိပက္ခတရားဟာ အလုပ်သမားထုနဲ့ အရင်းရှင်တွေကြားက လူတန်းစား တိုက်ပွဲသာ ဖြစ်တယ်လို့ ဆိုလိုရင်း  မဟုတ်ဘူး။ ဒီပဋိပက္ခက စဉ်ဆက်မပြတ် တည်ရှိနေကြောင်း၊ အခြေခံအကျဆုံး ဖြစ်ကြောင်းနဲ့ တခြားသော ပဋိပက္ခ အားလုံးအပေါ်  အခြေခံအားဖြင့် ပြဋ္ဌာန်းပေးနိုင်ကြောင်းကိုသာ ဆိုလိုချင်တာ ဖြစ်တယ်။

အရင်းခံ ပဋိပက္ခ

မော်က ဒီအကြောင်းအရာကို ဘယ်လို ကိုင်တွယ်ခဲ့သလဲ။ မော်က “ပဋိပက္ခတရားဟာ တခွင်တပြင်လုံးမှာ၊ ဖြစ်စဉ်အားလုံးမှာ တည်ရှိနေတယ်”ဆိုတဲ့ ဒိုင်ယာလက်တစ် အခြေခံ သဘောတရား တရပ်ကို အရင် ထုတ်ပြတယ်။ (Z D Mao, On Contradiction, Foreign Language Press, 1964, pg 11)

အဲဒီနောက် သူက သီးခြား အချင်းအရာ တခုစီတိုင်း၊ ဒါမှမဟုတ် သီးခြား ဖြစ်စဉ် တခုစီတိုင်းမှာ တခြားသော အချင်းအရာ၊ ဖြစ်စဉ်တွေကနေ ကွဲထွက်နေစေတဲ့ သီးခြား ပဋိပက္ခ (ဒါမှမဟုတ်) သီးခြား “အနှစ်သာရ” ပိုင်ဆိုင်ထားတယ်လို့ ဆိုတယ်။ မတူခြားနားတဲ့ အဲဒီ ပဋိပက္ခ တခုစီကို မတူညီတဲ့ နည်းလမ်းတွေနဲ့

ဖြေရှင်းရမယ်။  “ပစ္စည်းမဲ့ လူတန်းစားနဲ့ ဘူဇွာ လူတန်းစား ကြားက ပဋိပက္ခကို ဆိုရှယ်လစ် တော်လှန်ရေး နည်းက ဖြေရှင်းပေးတယ်။ လူထုကြီးနဲ့ မြေရှင် ပဒေသရာဇ် စနစ်ကြားက ပဋိပက္ခကိုတော့ ဒီမိုကရေစီ တော်လှန်ရေး နည်းက ဖြေရှင်းပေးတယ်” စသဖြင့်ပေါ့။  (ibid. pg17)

ဥပမာအားဖြင့် တရုတ်ပြည် လူ့အဖွဲ့အစည်းလို “ကြီးမားတဲ့”၊ ဒါမှမဟုတ် “ရှုပ်ထွေးတဲ့” အချင်းအရာတိုင်းမှာ သက်ဝင်လှုပ်ရှားနေတဲ့ ဖြစ်စဉ်တွေ၊ ပဋိပက္ခတွေ အများအပြား ရှိတယ်။ ဒီနေရာမှာ ပဋိပက္ခ ကျမ်းရဲ့ အဓိက သော့ချက် အပိုင်းဆီ ရောက်လာပါပြီ။ မော်က ဒီနေရာမှာ “ရှုပ်ထွေးတဲ့ အချင်းအရာ တခုရဲ့  တိုးတက်မှု ဖြစ်စဉ်အတွင်း ပဋိပက္ခတွေ အများအပြား ရှိတယ်”၊ “သူတို့ထဲက တခုက သေချာပေါက် အရင်းခံ ပဋိက္ခ ဖြစ်တယ်”လို့ ပြောတယ်။ [主要 ဆိုတဲ့ တရုတ်စကားလုံးကို “မူလ” သို့မဟုတ် “အဓိက” ဆိုပြီးလည်း ဘာသာပြန်နိုင်ပါတယ်။] (ibid. pg 31)

မော် ပြောသလိုဆိုရင် –

“(တရုတ်ပြည်လို ကိုလိုနီတပိုင်း နိုင်ငံမျိုးကို) နယ်ချဲ့သမားက ကျူးကျော်စစ် ဆင်နွှဲလာပြီဆိုရင် နယ်ချဲ့စနစ်နဲ့ ကျူးကျော်ခံ နိုင်ငံကြားက ပဋိပက္ခဟာ အရင်းခံ ပဋိပက္ခ ဖြစ်လာပြီး နိုင်ငံအတွင်း လူတန်းစား အသီးသီးကြားက ပဋိပက္ခ အားလုံးကို […] ယာယီအားဖြင့် သာမည လက်အောက်ခံ အဆင့်ထိ လျှော့ချပစ်လိုက်တယ်။ တရုတ်ပြည်မှာ ဖြစ်ပွားခဲ့တဲ့ ၁၈၄၀ ခုနှစ် ဘိန်းစစ်ပွဲ၊ ၁၈၉၄ ခုနှစ် တရုတ်-ဂျပန်စစ်ပွဲ၊ ၁၉၀၀ ပြည့်နှစ် ‘လက်သီး သူပုန်’ အရေးအခင်းနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ တရုတ်-ဂျပန် စစ်ပွဲကာလတွေမှာ အဲသလို အခြေအနေမျိုး ပေါ်ပေါက်ခဲ့တယ်။”(ibid. pg 32)

မော် ဒီစာကို ရေးနေချိန်မှာ ဂျပန်က တရုတ်နိုင်ငံကို ကျူးကျော်နေပြီ၊ ဒီတော့ “သစ္စာဖောက် တချို့ကလွဲရင် (တရုတ်နိုင်ငံရဲ့) အမျိုးမျိုးသော လူတန်းစားတွေဟာ နယ်ချဲ့စစ်ကို ဆန့်ကျင်တဲ့ အမျိုးသားရေး စစ်ပွဲအတွင်း ယာယီအားဖြင့် ပေါင်းစည်းနိုင်ကြတယ်”လို့ မော် ကောက်ချက်ဆွဲလိုက်တယ်။ (ibid)

မော်ပြောပုံအရဆိုရင် နယ်ချဲ့စနစ်နဲ့ (ကျူးကျော်ခံ) နိုင်ငံကြား ပဋိပက္ခက အရင်းခံ ပဋိပက္ခ ဖြစ်နေတဲ့အခါ လူတန်းစား အားလုံးကြား ဘယ်လို ရန်ဘက် ပဋိပက္ခမျိုးမှ ရှိမနေခဲ့သလို သဘောထားပြီး တနိုင်ငံလုံး အမှန်တကယ် ပေါင်းစည်းသွားနိုင်တယ်။ ဒီအခါ လူတန်းစား တိုက်ပွဲကို ရပ်ထားလိုက်ရုံ၊ အဆက်ဖြတ်ထားလိုက်ရုံပဲ၊ မဟုတ်ရင်လဲ ဒီအခြေအနေနဲ့ လူတန်းစား တိုက်ပွဲက မအပ်စပ်လှဘူး။

လူတန်းစား ပဋိပက္ခဟာ သီးခြားစီဖြစ်နေပြီး အရေးသိပ်မကြီးတဲ့ အခြား ပဋိပက္ခတွေနဲ့ ဘေးချင်းယှဉ်ရပ်နေတဲ့ ‘အရင်းခံ’ ပဋိပက္ခ တမျိုး မဟုတ်သလို၊ ‘လက်အောက်ခံ’ ပဋိပက္ခတရပ်လည်း ဖြစ်မသွားနိုင်ဘူး။ မော်ရဲ့ အခြေခံ အမှားက ဒီအချက်ကို နားမလည်တာဘဲ။ အရင်းရှင် လူ့အဖွဲ့အစည်းရဲ့ လူတန်းစား ပဋိပက္ခဟာ ပဓာနကျပြီး အမြဲတည်ရှိနေသော ပဋိပက္ခ ဖြစ်တယ်။ သံလိုက်တခုဟာ ဝင်ရိုးတွေမရှိဘဲ မရပ်တည်နိုင်သလို၊ အရင်းရှင် လူ့အဖွဲ့အစည်းဟာလည်း သူ့ရဲ့ လူတန်းစား ပဋိပက္ခကို ရပ်တန့်ထားပြီး အရင်းရှင် လူ့အဖွဲ့အစည်းအဖြစ် ဆက်လက်တည်ရှိနေဖို့ မဖြစ်နိုင်ဘူး။

ဒီလူတန်းစား ပဋိပက္ခဟာ လူ့အဖွဲ့အစည်းအတွင်း စိမ့်ဝင်ပျံ့နှံ့လျက် ရှိပြီး၊ လူ့အဖွဲ့အစည်းအတွင်းက တခြား ပဋိပက္ခတွေကိုလဲ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာစေတယ်။ ဥပမာအားဖြင့် နယ်ချဲ့စစ်တွေကို လူတန်းစား ပဋိပက္ခနဲ့ တနည်းတဖုံ ကင်းလွတ်နေသော ‘အမျိုးသားရေး အကြောင်းပြချက်’ သက်သက်နဲ့ ဆင်နွှဲကြတာ မဟုတ်ဘူး။ တကယ်တမ်းကျ နယ်ချဲ့စစ်တွေဟာ အရင်းရှင် လူ့အဖွဲ့အစည်းရဲ့ လူတန်းစား ပဋိပက္ခကို အင်မတန် ကျယ်ပြန့်တဲ့နည်းနဲ့ ဖော်ပြနေတာ ဖြစ်တယ်။ သက်ဆိုင်ရာ အုပ်စိုးသူ လူတန်းစားရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ နယ်ချဲ့စစ်ပွဲတွေ တိုက်ကြခြင်း ဖြစ်တယ်။ ဥပမာပြောရရင် ပြည်တွင်းက စီးပွားရေး ဒါမှမဟုတ် နိုင်ငံရေး အကျပ်အတည်းတွေအတွက် ထွက်ပေါက်ရှာဖို့၊ ဒီအကျပ်အတည်းတွေ လျော့ပါးသွားအောင် ဒါမှမဟုတ် နှောင့်နှေးသွားအောင်၊ ဒါမှမဟုတ် ပြည်တွင်းက အလုပ်သမား လူတန်းစား အာရုံလွဲသွားအောင် ဈေးကွက်သစ်တွေနဲ့ အမြတ်အစွန်း ရင်းမြစ်သစ်တွေ ရှာဖို့အတွက် နယ်ချဲ့စစ်တွေ ဆင်နွှဲကြတာ ဖြစ်တယ်။ ဒါတွေကို နားလည်ရေးဟာ မာ့က်စ်ဝါဒီတွေအဖို့တော့ သင်ပုန်းကြီး အဆင့်ပဲ။

နယ်ချဲ့ ဖိနှိပ်မှုကြောင့် လူ့အဖွဲ့အစည်းအတွင်းက လူတန်းစား အက်ကွဲ‌ကြောင်းတွေ ဖုံးအုပ်ပေးထားသလို ဖြစ်သွားတတ်တာ သဘာဝပဲ၊ ဒီအချိန်မှာ လူထုကြီးက သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ သူတို့ နိုင်ငံရဲ့ ဘူဇွှာ လူတန်းစားနောက်မှာ စုရုံးသွားလေ့ရှိတယ်။ တဖက်မှာလဲ ဘူဇွှာ လူတန်းစားက အဲဒီ အမျိုးသား ညီညွတ်ရေး စိတ်ကို ကောင်းကောင်း အသုံးချပြီး သူတို့ ရရှိထားတဲ့ အုပ်စိုးသူ လူတန်းစား ဆိုတဲ့ အဆင့်နေရာကို အခြေခိုင်အောင် လုပ်ယူလေ့ရှိတယ်။ ဒီလို အခြေအနေမျိုးမှာ ကွန်မြူနစ်တွေရဲ့ အလုပ်က အုပ်စိုးသူ လူတန်းစားဘက်က လူတန်းစား ပဋိပက္ခ ဖုံးကွယ်ရေး လုပ်နေတာကို ဝင်ကူနေရမှာ မဟုတ်ဘူး၊ ဒါကို ဖွင့်ချရမှာ ဖြစ်တယ်။

ဒါနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက ခြွင်းချက် မဟုတ်ဘူး။ ချန်ကေရှိတ် ဦးဆောင်တဲ့ ကော်မင်တန် (Kuomintang – KMT) ပါတီက တရုတ်ပြည် လွတ်လပ်ရေးကို အရင်းရှင်စနစ် အခြေခံပေါ် ကနေ ရယူဖို့ရာ တည်ထောင်ထားတဲ့ ဘူဇွှာ ပါတီ တခုပဲ။ ဒါပေမဲ့ သမိုင်း ဖြစ်ရပ်တွေက သက်သေပြခဲ့သလိုပါပဲ၊ ကော်မင်တန် ပါတီဟာ ဒီရည်မှန်းချက်ကို လက်တွေ့ အကောင်အထည် ဖော်နိုင်စွမ်း မရှိဘူး။ ၁၉၂၀ ခုနှစ်တွေတုန်းက ပေါ်ပေါက်ခဲ့တဲ့ နယ်ချဲ့ ဆန်ကျင်ရေး တော်လှန်ရေးမှာ ကော်မင်တန် ပါတီက တရုတ် အလုပ်သမား လူတန်းစားကို ဆန့်ကျင်ပြီး နယ်ချဲ့ စနစ်ဘက်က အဆုံးစွန်ထိ ရပ်တည်ခဲ့တယ်။

ဂျပန်နဲ့ စစ်ဖြစ်ခြင်း

ဂျပန် နယ်ချဲ့ စနစ်ကို ဆန့်ကျင်တဲ့ တရုတ် စစ်ပွဲဟာ အမျိုးသား လွတ်မြောက်ရေး စစ်ပွဲတရပ် ဖြစ်တယ်ဆိုတာနဲ့ ပတ်သက်လို့ သံသယ ဖြစ်စရာ မရှိဘူး။ နယ်ချဲ့ စနစ်ကို ဆန့်ကျင်တဲ့ တိုက်ပွဲဟာ တရုတ် တော်လှန်ရေးရဲ့ အဓိက ပြဿနာ ဖြစ်တယ်။

ဒီလို အခြေအနေမှာ ကွန်မြူနစ် ပါတီတရပ်အဖို့ အမျိုးသား ဖိနှိပ်မှုကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ ထုတ်ပြီး လွတ်မြောက်ရေး စစ်ပွဲတရပ် ဆင်နွှဲတာဟာ လုံးဝ မှန်ကန်တဲ့ လုပ်ရပ် ဖြစ်တယ်။ ဒီတော့ ယာယီအားဖြင့် ဘူဇွာ အမျိုးသားရေးဝါဒီတွေနဲ့ ဘေးချင်းယှဉ်ပြီး ဘုံရန်သူကို တိုက်ပွဲဝင်ရတာမျိုး မလွဲမသွေ ဖြစ်လာမှာပဲ။

ဒီလိုမှန်ကန်တဲ့ အခြေခံအချက်တွေကနေ စတင်ခဲ့ပေမဲ့လည်း မော်က အရင်းခံ ပဋိပက္ခ ‘သဘောတရား’ကို အသုံးပြုပြီး ဂျပန် ကျူးကျော်စစ် ဆန့်ကျင်ရေး တိုက်ပွဲမှာ ကွန်မြူနစ် ပါတီက ဘူဇွှာ ကော်မင်တန် ပါတီရဲ့ ဦးဆောင်မှုကို ခံယူသင့်တယ်၊ လူတန်းစား အမှီအခိုကင်းရေးကို ထိန်းသိမ်းထားရမှာ မဟုတ်ဘူးလို့ ထုတ်ပြောခဲ့တယ်။

ကွန်မြူနစ် ပါတီအနေနဲ့ “အမျိုးသား နိုင်ငံရေး အာဏာ တလုံးတစည်းတည်း ရှိရေး အတွက် (ပါတီက ထိန်းချုပ်ထားတဲ့ ဒေသတွေက) လက်ရှိ ဆိုဗီယက် အစိုးရကို ဖျက်သိမ်းပြီး ပြည်သူ့ အခွင့်အရေးတွေအပေါ် အခြေခံတဲ့ ဒီမိုကရေစီကို ကျင့်သုံးမယ်။ တပ်နီတော် ဖွဲ့စည်းမှုကို ဖျက်သိမ်းပြီး တပ်နီတော်ကို (ကော်မင်တန် ပါတီ ချုပ်ကိုင်ထားတဲ့) အမျိုးသား တော်လှန်ရေး တပ်မတော် (NRA) လက်အောက်မှာ ပြန်လည်ဖွဲ့စည်းပြီး နိုင်ငံလုံးဆိုင်ရာ အစိုးရရဲ့ စစ်ဘက်ရေးရာ ကော်မရှင် ထိန်းချုပ်မှုအောက်မှာ ထားရှိကာ ညွှန်ကြားချက်တွေကို စောင့်နေပါတယ် …..” လို့ လူသိရှင်ကြား ကတိကဝတ်ပေးတဲ့ အဆင့်ထိ ရောက်သွားတယ်။ (The CPC Central Committee issued the KMT-CPC Cooperation Declaration/ July 15, 1937)

မော်ရဲ့ ပြောကြားချက်က အနှစ်သာရအားဖြင့် တရုတ် ကွန်မြူနစ် ပါတီအနေနဲ့ ၁၉၂၅-၂၇ တော်လှန်ရေးတုန်းက လုပ်ခဲ့သလိုပဲ၊ အခုလဲ “ဒုတိယ ညီညွတ်ရေး တပ်ပေါင်းစု” နာမည်အောက်မှာ သူ့ကိုယ်သူ နိုင်ငံရေးအရ၊ အဖွဲ့အစည်းပိုင်းအရ ဖျက်သိမ်းလိုက်ပါပြီလို့ ပြောနေတာ ဖြစ်တယ်။

မော်ရဲ့ လူတန်းစား ရင်ကြားစေ့ရေး ပေါ်လစီက အခြေခံ သဘောတရားရေး အမှားကနေ မြစ်ဖျားခံလာခြင်း ဖြစ်တယ်။ အမျိုးသားရေး ဖိနှိပ်မှုကို (အမျိုးသားရေး အကြောင်းရင်းတွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသော) အရင်းရှင် အကြောင်းရင်းတွေကြောင့် လုပ်ကြတာ ဖြစ်တယ်၊ ဒါ့အပြင် ဒီဖိနှိပ်မှုက ဖိနှိပ်ခံ တိုင်းပြည်က လူတန်းစား အားလုံးအပေါ် တပြေးညီ သက်ရောက်တာ မဟုတ်ဘူး ဆိုတဲ့ အချက်ကို နားလည်ရေးဟာ ကွန်မြူနစ်တွေအဖို့ အခြေခံ သင်ခန်းစာ ဖြစ်သင့်တယ်။ ဒီလိုပဲ အဖိနှိပ်ခံ နိုင်ငံ အတွင်းက လူတန်းစား ပဋိပက္ခတွေဟာလဲ နယ်ချဲ့  ကျူးကျော်စစ် ထဖြစ်လို့ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။

၁၉၂၀ ကွန်မြူနစ် အင်တာနေရှင်နယ် ဒုတိယအကြိမ် ကွန်ဂရက်မှာ လီနင်က အခုလို ရှင်းပြခဲ့တယ် –

“ဂုတ်သွေးစုပ် အမြတ်ထုတ်နေတဲ့ နိုင်ငံတွေက ဘူဇွှာ လူတန်းစားနဲ့ ကိုလိုနီ နိုင်ငံတွေက ဘူဇွှာ လူတန်းစားအကြား နားလည်မှုတရပ် ထွက်ပေါ်လာခဲ့ပြီ။ ဒါကြောင့် ဖိနှိပ်ခံ နိုင်ငံတွေက ဘူဇွှာ လူတန်းစားဟာ အမျိုးသား လှုပ်ရှားမှုတွေကို ထောက်ခံပေမဲ့လည်း မကြာမကြာဆိုသလို၊ (အမြဲလိုလိုတောင် ဖြစ်နိုင်တယ်) နယ်ချဲ့ နိုင်ငံက ဘူဇွှာ လူတန်းစားနဲ့ သဘောတူညီမှု တချို့  ရယူပြီး (ဆိုလိုတာက နယ်ချဲ့ ဘူဇွှာတွေနဲ့ ပူးပေါင်းပြီး) တော်လှန်ရေး လှုပ်ရှားမှု အားလုံးနဲ့ တော်လှန်သော လူတန်းစားတွေကို ဆန့်ကျင် တိုက်ခိုက်တတ်ကြတယ်။” (The Second Congress of the Communist International: Proceedings, Publishing House of the Communist International: America, 1921, pg 113)

ဒီပြောဆိုချက်ဟာ ပြီးခဲ့တဲ့ နှစ်ပေါင်းရှစ်ဆယ် ဝန်းကျင်လောက်အတွင်း တရုတ် အုပ်စိုးသူ လူတန်းစား ပြုမူ လုပ်ဆောင်ခဲ့သမျှကို အပြည့်အဝ ထင်ဟပ်ပြသသွားတယ်။ နယ်ချဲ့စနစ်က (အစောပိုင်းမှာ အဓိက နယ်ချဲ့က ဗြိတိန် နယ်ချဲ့စနစ်) တရုတ်နိုင်ငံကို အကျိုးနည်းအောင် လုပ်ဆောင်၊ ဖိနှိပ်၊ ဂုပ်သွေးစုပ်နေခဲ့ကြတဲ့ ကာလ တလျှောက်လုံး တရုတ် အုပ်စိုးသူ လူတန်းစားဟာ ယေဘုယျအားဖြင့် နယ်ချဲ့တွေနဲ့ အကျိုးတူ ပူးပေါင်းခဲ့ကြတယ်။ နယ်ချဲ့ကို ဆန့်ကျင်ဖို့အတွက် ကျန်တဲ့ အဖိနှိပ်ခံ တရုတ်ပြည်သူတွေနဲ့ ‘ပေါင်းစည်း’ခဲ့တာ မဟုတ်ဘူး။

တကယ်လို့ မော်စီတုန်းရဲ့ အတွေးအခေါ်တွေသာ မှန်ကန်ခဲ့မယ်ဆိုရင် အဲဒီအချိန်တုန်းက ကော်မင်တန် အစိုးရဟာ ဂျပန်ကို ခုခံတိုက်ခိုက်ရေး ကိစ္စမှာပဲ စူးစူးစိုက်စိုက် လုပ်ဆောင်ခဲ့လိမ့်မယ်၊ ဒီလို ခုခံတိုက်ခိုက်ဖို့အတွက် ကွန်မြူနစ် ပါတီတပ်ကိုတောင် ပါဝင်ကူညီစေလိမ့်မယ်။ ဒါပေမဲ့လဲ တရုတ် ဘူဇွှာ အာဏာရှင် ချန်ကေရှိတ်ကတော့ “ပြည်တွင်း ငြိမ်သက်ရေးက ပထမ၊ ပြည်ပရန် ခုခံကာကွယ်ရေးက ဒုတိယ” ဆိုတဲ့ ပေါ်လစီကို ကိုင်စွဲထားခဲ့တယ်။ သဘောက တရုတ်ပြည် ကွန်မြူနစ် ပါတီ ချေမှုန်းရေး သွေးချောင်းစီး ပြည်တွင်းစစ် ဆက်တိုက်နိုင်အောင် ဂျပန် နယ်ချဲ့  ဆန့်ကျင်ရေး တိုက်ပွဲကို သစ္စာဖောက်သွားတာပဲ။

(K S Chiang, Soviet Russia in China, Farrar, Straus and Cudahy, 1957, pg 208)

ဒါတွေအားလုံးဟာ ၁၉၃၇ နောက်ပိုင်း ဖြစ်ရပ်တွေနဲ့ ‘ကွန်မြူနစ်-ကော်မင်တန် ဒုတိယအကြိမ် ညီညွတ်ရေး တပ်ပေါင်းစု’ကိစ္စမှာ ဗူးပေါ်သလို ပေါ်လာခဲ့တယ်။ ဂျပန် ခုခံရေး စစ်ပွဲမှာ ကွန်မြူနစ် ပါတီနဲ့ လက်တွဲပါ့မယ်လို့ နှုတ်ကတိတွေ ပေးနေခဲ့ပေမဲ့လဲ ချန်ကေရှိန်မှာ သူ့စကားသူ တည်အောင်လုပ်ဖို့ ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့ဘူး။

ဂျပန်ကို ခုခံတိုက်ခိုက်ဖို့အတွက် ကွန်မြူနစ်ပါတီနဲ့ ‘ပူးပေါင်းပြီး’ နောက်မှာ ချန်ကေရှိတ် တပ်တွေက ဝတ်ကျေတန်းကျေ တိုက်ခိုက်မှုလေးတွေပဲ လုပ်ခဲ့တယ်။ ဒီလိုနဲ့ ပြည်နယ်ကြီးတွေကို ဂျပန့် လက်အောက် စွန့်ပစ်ထားခဲ့ကြတယ်။ ၁၉၃၉ နှစ်လယ်ပိုင်းမှာတော့ ချန်ကေရှိတ်ဟာ ဂျပန်ကို တိုက်ခိုက်မယ့်အစား သူ့တပ်ထဲက (အင်အား ငါးသိန်းအထိရှိတဲ့) အကောင်းဆုံး တပ်ဖွဲ့တွေကို ကွန်မြူနစ် ပါတီကို ပိတ်ဆို့ထားဖို့အတွက် အသုံးချခဲ့တယ်။ သူ့တွက်ကိန်းက အမေရိကန်က ဂျပန်ကို အနိုင်ရသွားရင် သူတို့လဲ တိုက်စရာ မလိုဘဲ ပွဲသိမ်းပြီ။ (L E Eastman, The Cambridge History of China, Vol. 13, Part 2, Cambridge University Press, 1986, pg 570)

ဒီလိုနဲ့ ၁၉၃၇ကစလို့ အင်္ဂါစုံ ကျူးကျော်တိုက်ခိုက်မှု ပထမနှစ်အတွင်း ဆုံးရှုံးမှု ကြီးကြီးမားမားနဲ့ ကသောကမြော တပ်ဆုတ်ရတာတွေ တသီကြီး ဖြစ်ခဲ့တယ်။ ၁၉၃၈ အရောက်မှာ ပေကျင်း၊ ရှန်ဟိုင်း၊ ဝုဟန်နဲ့ နန်ကျင်းတို့လို မြို့ကြီးအားလုံး ဂျပန့် လက်အောက်ကို ရှက်စရာ အကောင်းဆုံး နည်းနဲ့ ကျသွားခဲ့တယ်။ နိုင်ငံ့ မြို့တော်ကို အကြိမ်ကြိမ် ရွှေ့ခဲ့ရပြီး စီချွမ် ပြည်နယ်က ချုံကျင်း ဇနပုဒ်အထိ ရောက်လာခဲ့ရတယ်။

နောက်ဆုံး မြို့တော်ဖြစ်တဲ့ ချုံကျင်းကို လက်မလွှတ်ရအောင် ကော်မင်တန် အစိုးရက တာတမံတွေကို ဖြိုချပြီး မြစ်ဝါ မြစ်ဝှမ်း တခုလုံး ရေလွှမ်းပစ်ခဲ့တယ်။ ဒီထက် ပိုကောင်းတဲ့ ဘယ်လို ဗျူဟာမျိုးမှ စဉ်းစားနိုင်ခဲ့ပုံ မရဘူး။ ဒီလို ရေလွှမ်းပစ်ခြင်းကြောင့် စီချွမ်နဲ့ တခြား အတွင်းပိုင်း ပြည်နယ်တွေဆီ ဂျပန်တပ်တွေ ဆက်ဝင်ရောက်လာနိုင်ဖို့ လိုအပ်တဲ့ အခြေခံ အဆောက်အဦကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်။ ဖျက်အား အလွန်ကြီးလွန်းလို့ တရုတ်ပြည်သူ ၈၉,၀၀၀ အထိ ရေနစ်သေခဲ့ရတယ်။ နောက်ဆက်တွဲ လိုက်လာတဲ့ အငတ်ဘေးနဲ့ ပလိပ် ရောဂါကြောင့် တရုတ်ပြည်သူ စုစုပေါင်း ငါးသိန်း ဝန်းကျင်လောက် အသက်ဆုံးခဲ့ရတယ်။

ဒီအဖြစ်ဆိုးတွေဟာ တရုတ် အုပ်စိုးသူ လူတန်းစားရဲ့ ‘ပြည်ချစ်ဝါဒ’ကို လိုရင်းတိုရှင်း အဖြစ်ဆုံးနည်းနဲ့ ဖော်ပြသွားတာပဲ။ နယ်ချဲ့ကို တိုက်ခိုက်နေချိန်မှာတောင် ရန်သူထက် သူတို့ ပြည်သူတွေကို ပိုပြီး ထိခိုက်ပျက်စီးအောင် လုပ်ခဲ့ကြသူတွေ။

ဒါရဲ့ ဆိုလိုရင်းကို တရုတ် ကွန်မြူနစ်ပါတီ လုံးဝ နားလည်ခဲ့ပါတယ်။ မြစ်ဝါမြစ် အနီးအနားက ရေနစ်မြှုပ်သွားတဲ့ ဒေသတွေမှာ အင်အား စုဆောင်းပြီး တပ်နီတော် အခြေခံတခု တည်ထောင်ရေး လုပ်ငန်းကို မှန်မှန်ကန်ကန် စတင်ခဲ့တယ်။ ဆိုလိုတာကတော့ နယ်ချဲ့ ကျူးကျော်မှု ဆိုတဲ့ ‘အရင်းခံ ပဋိပက္ခ’ က လူတန်းစား ပဋိပက္ခကို ‘လက်အောက်ခံ အဆင့်ကို ယာယီ လျှော့ချလိုက်တာမျိုး’ မဟုတ်ကြောင်း၊ အုပ်စိုးသူ လူတန်းစားကို အမျိုးသား သစ္စာဖောက်တွေအဖြစ် သရုပ်မှန် ဖော်ထုတ်ပေးလိုက်လို့ နယ်ချဲ့  ကျူးကျော်စစ်က လူတန်းစား ပဋိပက္ခကို ပိုလို့တောင် ပြင်းထန် အားကောင်းလာစေကြောင်း ကွန်မြူနစ် ပါတီ သွယ်ဝိုက် အသိအမှတ်ပြုခဲ့ရတယ်။ ကွန်မြူနစ် ပါတီနဲ့ ချန်ကေရှိတ်ကြား ဘယ်လိုပဲ တရားဝင် သဘောတူညီမှုတွေ ရှိနေပါစေ၊ ဘုံရန်သူ ဂျပန်ကို ဆန့်ကျင်ရာမှာ လူတန်းစား ညီညွတ်ရေး မရှိခဲ့ပါဘူး။

ပဋိပက္ခရဲ့  ထူးခြားချက်သဘော

မော်ရဲ့ ပဋိပက္ခကျမ်း ထဲမှာ နောက်ထပ် ငြင်းချက် တခုက မာ့က်စ်ဝါဒီတွေဟာ ‘တရားသေ’ ဆန်လို့ မရဘူး၊ ပြောင်းလဲနေတဲ့ နိုင်ငံရေး အခြေအနေတွေကို ဝါးလုံးရှည်နဲ့ သိမ်းကျုံးပြီး ယေဘုယျဆန်ဆန် ခြုံငုံ ကောက်ချက်ဆွဲတာမျိုး မလုပ်ရဘူးလို့ ဆိုတယ်။

“ကျနော်တို့ရဲ့ တရားသေဝါဒီများဟာ […] ကျနော်တို့အနေနဲ့ ပဋိပက္ခရဲ့ ထူးခြားမှုကို မုချ လေ့လာရမယ်၊ သီခြား အချင်းအရာများရဲ့ ထူးခြားသော အနှစ်သာရကို မုချ သိနေရမယ် ဆိုတာကို နားမလည်ကြဘူး။ […] ကျနော်တို့ရဲ့ တရားသေဝါဒီများဟာ လူပျင်းတွေ ဖြစ်နေတယ်။ အခိုင်အမာ အကြောင်းချင်းရာတွေနဲ့ ပတ်သက်လို့ ဘယ်လို ခက်ခဲပင်ပန်းတဲ့ လေ့လာရေး လုပ်ငန်းမျိုးကိုမှ မလုပ်ချင်ကြဘူး။”(Z D Mao, On Contradiction, Foreign Language Press, 1964, pg 16)

‘အခိုင်အမာ အကြောင်းချင်းရာများကို ခက်ခဲပင်ပန်းစွာ လေ့လာရေး’ နဲ့ ပတ်သက်လို့ မော်စီတုန်း ဖိပြောနေတာက အတော်ကြီး ကပြောင်းတိ ကပြောင်းပြန်နိုင်တယ်၊ ဘာ့ကြောင့်လဲဆိုတော့ သူကိုယ်တိုင်တောင် ယေဘုယျဆန်ဆန် အဆိုတွေ ပြောပြီး ယန္တရားဆန်ဆန် တွေးခေါ်တဲ့ အဆင့်မှာပဲ ရှိနေသေးတယ်။ အချင်းအရာများကို သီးခြားစီ လေ့လာရေးနဲ့ ပတ်သက်လို့ မော်ပြောနေတဲ့ ဒဿနိက အချက်ဟာ တကယ်တော့ သာမညောင်ညပါပဲ။ အချင်းအရာတွေ ပြောင်းလဲတယ်၊ မတူညီတဲ့ အခြေအနေတွေအတွက် မတူညီတဲ့ နည်းနာတွေ လိုအပ်တယ်လို့ ပြောနေတာ။ ဒီလောက် ယေဘုယျဆန်လွန်းတဲ့ အဆင့်မှာ၊ ဘယ်သူကမှ ဒီပြောဆိုချက်ကို သဘောမတူချင်လို့ မရဘူး။ ဒါပေမဲ့ ဘာတခုကိုမှ ရှင်းမပြနိုင်ဘူး။

ပဋိပက္ခ တခုချင်းစီတိုင်းဟာ ကွဲပြားခြားနားကြတယ်။ မှန်တယ်။ ဒါပေမဲ့ မော်စီတုန်းအဖို့တော့ အဲဒီ ပဋိပက္ခ တခုချင်းစီဟာ သူ့ဘာသာ သီးခြား ရပ်တည်နိုင်တယ်။ အဲဒီ ပဋိပက္ခတခုချင်းအလိုက် အဖြေကိုယ်စီ ရှိပြီးသား။ အဲဒီ အဖြေက တခြားသော ပဋိပက္ခတခုရဲ့ အဖြေနဲ့ မတူဘူး။ ပဋိပက္ခ တခုစီရဲ့ သူ့ဘာသာ ပြီးပြည့်စုံသော အဖြေကို ရှာတွေ့ဖို့ သီးခြား ပဋိပက္ခ တခုချင်းကို လေ့လာဖို့ပဲ  လိုတယ်။ ဓါတ်ခွဲခန်းထဲ ရောက်လာတဲ့ သွေးနမူနာတွေထဲ ဘယ်သူ့ သွေးနမူနာမှာ ဘာရောဂါပိုး ရှိနေသလဲ ရှာရသလို ဖြစ်နေတယ်။

တကယ်တမ်း မော် ပြောချင်နေတဲ့ အချက်က တရုတ် တော်လှန်ရေးက ရပ်ရှား တော်လှန်ရေးနဲ့ မတူဘူး ၊ တရုတ်နိုင်ငံဟာ ကိုလိုနီနိုင်ငံ ဖြစ်တဲ့အတွက် တရုတ် တော်လှန်ရေးဟာ အမျိုးသား တော်လှန်ရေးပဲ ဖြစ်နိုင်မယ်၊ ဆိုရှယ်လစ် တော်လှန်ရေး မဖြစ်နိုင်ဘူး၊ ဒါ့ကြောင့် တရုတ် တော်လှန်ရေးမှာ သူ့ကိုယ်ပိုင် သီးခြား ဖြေရှင်းချက် ရှိတယ်၊ အဲဒီ ဖြေရှင်းချက်က ကမ္ဘာ့ရန်ဖြစ်တဲ့ ချန်ကေရှိတ်နဲ့ သဘောတူညီမှု ယူဖို့ပဲ။ ဒီပြောဆိုချက်ကို သဘောမတူတဲ့ လူတွေ၊ ချန်ကေရှိတ်နဲ့ ပူပေါင်းတာဟာ တော်လှန်ရေးကို သစ္စာဖောက်တာပဲလို့ ပြောတဲ့ လူတွေဟာ အခြေအနေရဲ့ ထူးခြားမှုကို မမြင်နိုင်တဲ့ တရားသေဝါဒီတွေလို့ သူ ပြောချင်တာပဲ။

ထူးခြားချက်ရဲ့ အရေးပါမှုနဲ့ ပတ်သက်လို့ မော် ဖိပြောနေရခြင်းရဲ့ အဓိက အနှစ်သာရကတော့ အုပ်စိုးသူ လူတန်းစားနဲ့ အပေးအယူလုပ်တဲ့ နိုင်ငံရေး လမ်းစဉ်အတွက် သဘောတရားရေး အခြေခံတခု ပေးထားဖို့ ကြိုးစားချက်သက်သက်သာ ဖြစ်တယ်။

တစုံလုံးသဘောဟာ ပါဝင်ရာ အစိတ်အပိုင်းတွေ ပေါင်းလဒ်ထက် ပိုအဆင့်မြင့်တယ် ဆိုတဲ့ အချက်ကို ဒိုင်ယာလက်တစ် ရုပ်ဝါဒက ကိုင်စွဲတယ်။ (လူတန်းစား ပဋိပက္ခ နိယာမ၊ ဒါမှမဟုတ် အရင်းရှင် စီးပွားရေးစနစ် နိယာမတွေလို) ယေဘုယျ အဆင့်မှာ ထွက်ပေါ်လာတဲ့ နိယာမ တရားတွေက ယှဉ်ပြိုင်တိုက်ပွဲဝင်နေကြတဲ့ လူတန်းစား အသီးသီး၊ ပါတီ အသီးသီးရဲ့ အကျိုးစီးပွားနဲ့ ပြုမူ ဆောင်ရွက်ချက်တွေကို အခြေခံကျကျ ဆုံးဖြတ် ပြဋ္ဌာန်းပေးတယ်။

အရင်းရှင်စနစ်ဟာ တကမ္ဘာလုံးကို လွှမ်းခြုံထားတဲ့ စီးပွားရေး စနစ်တခု မလွဲမသွေ ဖြစ်သွားမယ့် အကြောင်း ၁၈၄၈ ခုနှစ်လောက်တည်းက မာ့က်စ် ရှင်းပြခဲ့ပြီးသား။ ဒီကမ္ဘာလွှမ်းခြုံ စနစ်ကို လီနင်က နယ်ချဲ့ စနစ်အဖြစ် ခွဲခြမ်းစိတ်ဖြာပြခဲ့တယ်။ အရင်းရှင် စနစ်အောက်က ကုန်ထုတ်လုပ်ရေးဟာ နိုင်ငံ တနိုင်ငံချင်းစီရဲ့ ဈေးကွက်ကို ကျော်လွန် ကြီးထွားခဲ့လို့ အရင်းရှင် နယ်ချဲ့စနစ် ထွက်ပေါ်လာခြင်း ဖြစ်တယ်။ အရေးအကြီးဆုံးကတော့ စီးပွားရေးဟာ ကမ္ဘာ့ စီးပွားရေး စနစ် ဖြစ်လာခဲ့ပြီ၊ နိုင်ငံ အသီးသီးဟာ ဒီကမ္ဘာ့ စီးပွားရေးရဲ့ လက်အောက်ခံ ဖြစ်လာပြီး ကိုယ့်အနေအထားနဲ့ကိုယ် ပါဝင်နေကြတယ်။

ရလဒ်အနေနဲ့ “ပြည်သူလူထုကြီးနဲ့ မြေရှင် ပဒေသရာဇ် စနစ်ကြား ပဋိပက္ခ”၊ နောက် “ကိုလိုနီ နိုင်ငံများနဲ့ နယ်ချဲ့ စနစ်ကြား ပဋိပက္ခ”တို့လို သီးခြား ‘ပဋိပက္ခ’တွေဟာ ကမ္ဘာ့ အရင်းရှင် စနစ်နဲ့ ခွဲထုတ်လို့ မရအောင် တသားတည်း ဖြစ်နေပြီ။ ဒီအချက်ဟာ ကွန်မြူနစ် အင်တာနေရှင်နယ် ဖွဲ့စည်းတည်ထောင်ခဲ့ရတဲ့ အကြောင်းရင်း ဇစ်မြစ် ဖြစ်သလို၊ ၁၉၂၀ လွန် အစောပိုင်း နှစ်တွေအတွင်း အာရှမှာ (အထူးသဖြင့် တရုတ်မှာ) ကွန်မြူနစ် အင်တာနေရှင်နယ် အောင်အောင်မြင်မြင် ဖြန့်ကျက် ကျယ်ပြန့်လာခဲ့ရခြင်းရဲ့ အကြောင်းရင်း ဇစ်မြစ်လည်း ဖြစ်တယ်။ တရုတ် တော်လှန်ရေးဟာ သူ့ကိုယ်ပိုင် ပဋိပက္ခတွေ၊ ကိုယ်ပိုင် timeline နဲ့ ကိုယ်ပိုင် ဖြေရှင်းချက်တွေ ရှိနေတဲ့ လုံးဝဥဿုံ သီးခြားကွဲထွက်နေတဲ့ ဖြစ်စဉ်တခု မဟုတ်ဘူး။ တရုတ် တော်လှန်ရေးဟာ နိုင်ငံတကာ ဖြစ်စဉ်ရဲ့ အစိတ်အပိုင်းသာ ဖြစ်တယ်။

၁၈၄၀ အလွန် နှစ်ပိုင်းတွေက အစပြုပြီး နယ်ချဲ့နိုင်ငံကြီးတွေ တရုတ်ပြည်ကို ကိုလိုနီတပိုင်းပုံစံနဲ့ သွေးစုပ်ခြယ်လှယ်ခဲ့တာကြောင့် တရုတ်ပြည်တွင်း စီးပွားရေး ပျက်စီးသွားခဲ့တယ်၊ ပြည်တွင်း စီးပွားရေးကို ဖျက်ဆီးရာကနေ မြေယာမဲ့ လယ်သမားနဲ့ သူဆင်းရဲ တပ်မကြီးတရပ် ပေါ်ထွက်လာခဲ့တယ်။ ဒီလိုနဲ့ တရုတ် အလုပ်သမား လူတန်းစား အသစ် စတင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်တယ်။ တချိန်တည်းမှာပဲ နယ်ချဲ့ နိုင်ငံကြီးတွေက သူတို့ရဲ့ ဖောက်သည်ဖြစ်လာတဲ့ ယိမ်းယိုင်နေတဲ့ တရုတ်ရှေးဟောင်း အုပ်ချုပ်ရေးကို ကျားကန်ပေးထားခဲ့တယ်။ ထွက်ပေါ်ကာစ တရုတ် အရင်းရှင် လူတန်းစားဟာ အနောက်တိုင်း နယ်ချဲ့စနစ်အပေါ်  မှီခိုနေခဲ့ရပြီး ကမ္ဘာ့ ဈေးကွက်နဲ့ ချည်နှောင်ခံထားရတယ်။ ဒါပေမဲ့ တရုတ် အလုပ်သမား လူတန်းစားကတော့ နိုင်ငံတကာ ကွန်မြူနစ် လှုပ်ရှားမှုဆီ မျက်နှာမူခဲ့တယ်။ ဒါကြောင့် ၁၉၂၀ ပြည့်လွန်နှစ်တွေမှာ တရုတ် ကွန်မြူနစ် ပါတီ မြန်မြန်ဆန်ဆန် အားကောင်းလာခဲ့တာ ဖြစ်တယ်။

အခုလို ပြောတဲ့အတွက် တရုတ် တော်လှန်ရေးမှာ ‘ခက်ခဲပင်ပန်းစွာ လေ့လာဖို့’ လိုအပ်တဲ့ ကိုယ်ပိုင် ထူးခြားချက်တွေ မရှိဘူးလို့ မဆိုလိုဘူး။ ဘယ်ကွန်မြူနစ် ပါတီမှ အရင်းရှင်စနစ်နဲ့ အလုပ်သမား လူတန်းစား အကြောင်း ယေဘုယျ သဘောတွေချည်း အားကိုးပြီး တော်လှန်ရေး တရပ်ကို ဦးဆောင်ဖို့ မမျှော်လင့်စကောင်း။ ဖြစ်စဉ်ရဲ့ အဆင့်တိုင်းကို ခွဲခြမ်းစိတ်ဖြာပြီး ပါဝင်လှုပ်ရှားရမယ်၊ သက်ဆိုင်ရာ တိုင်းပြည်ရဲ့  အသိစိတ်တို့၊ အခိုင်အမာ အခြေအနေတို့နဲ့ အဟပ်ညီတဲ့ ရှင်းလင်းပြတ်သားသော ကြွေးကြော်သံတွေ ဖော်ထုတ်ရမယ်။ ဟေဂယ်လ် ပြောခဲ့သလိုပဲ၊ အမှန်တရားဟာ အခိုင်အမာ ကိစ္စ ဖြစ်တယ်။ (truth is concrete)

တရုတ် တော်လှန်ရေးကို ‘အခိုင်အမာ’ နားလည်ရေး ဆိုတာဟာ တရုတ် တော်လှန်ရေးကို သူ့ဟာသူ ဖြစ်တည်နေတဲ့ ‘သီးခြား ကိစ္စ’ တရပ်အဖြစ် သဘောမထားဘဲ၊ သင့်လျော်မှန်ကန်တဲ့ နိုင်ငံတကာ အခြေအနေ နဲ့  ချိတ်ဆက် နားလည်ရမယ်လို့ ဆိုလိုခြင်း ဖြစ်တယ်။ တရုတ် တော်လှန်ရေး ခေတ်ဟာ နောက်ဆုံး သတ္ထုချလိုက်ရင် ကမ္ဘာ့ တော်လှန်ရေး ခေတ်ပဲ။ နိုင်ငံတိုင်းဟာ ကမ္ဘာ့ စီးပွားရေး စနစ်ကို အမှီပြုပြီး ရပ်တည်နေရတယ်။ နိုင်ငံ တခုချင်း ဖြစ်ပွားနေတဲ့ တော်လှန်ရေး တိုက်ပွဲတွေကို ဒီစီးပွားရေး စနစ်ကို ဆန့်ကျင်တဲ့ ကမ္ဘာ့ တော်လှန်ရေး တိုက်ပွဲကြီးရဲ့ အစိတ်အပိုင်းအဖြစ်သာ နားလည်နိုင်တယ်။ ကွန်မြူနစ် အင်တာနေရှင်နယ် မရှိခဲ့ရင် တရုတ် ကွန်မြူနစ် ပါတီလဲ ပေါ်ပေါက်လာနိုင်စရာ အကြောင်း မရှိဘူး။

ဒါဟာ အကောင်အထည်မဲ့ ဇာချဲ့ထားတဲ့ သဘောတရားရေး အချက်တခု မဟုတ်ဘူး။ တော်လှန်ရေးရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေက ဒီအချက်ရဲ့ အရေးပါမှုကို ထုတ်ဖော်ပြသသွားတယ်။

တရုတ် တော်လှန်ရေး

မော်ရဲ့ ပဋိပက္ခကျမ်း မှာ လူတန်းစား ရန်ဘက် ပဋိပက္ခဟာ အရင်းခံ ပဋိပက္ခ ဖြစ်နေရာကနေ နိုင်ငံခြား ကျူးကျော်မှုကြောင့် (အဓိကမကျသော ပဋိပက္ခအဖြစ်) ယာယီအားဖြင့် အဆင့်လျှောကျသွားရုံ ဖြစ်တယ်လို့ ဆိုထားတဲ့အတွက် ကျူးကျော်စစ် ပြီးဆုံးသွားရင် လူတန်းစား ပဋိပက္ခဟာ မူလ အဆင့်နေရာကို ပြန်ရောက်သွားနိုင်စရာ ရှိတယ်။ တကယ်တော့ မော်က ပဋိပက္ခကျမ်းထဲမှာပဲ အခုလို ဆိုထားပါတယ် –

“. . .တခြား အခြေအနေမှာတော့ ပဋိပက္ခတွေရဲ့ အဆင့်နေရာ ပြောင်းလဲသွားတယ်။ နယ်ချဲ့သမားက စစ်ရေးနည်းနဲ့ ဖိနှိပ်တာမျိုး မဟုတ်ဘဲ — နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုတို့လို — နည်းနည်း ညင်သာတဲ့ နည်းတွေနဲ့ ဖိနှိပ်လာတဲ့အခါမှာ ကိုလိုနီတပိုင်း နိုင်ငံတွေက အုပ်စိုးသူ လူတန်းစားတွေဟာ နယ်ချဲ့သမားဆီ အညံ့ခံသွားတတ်တယ်။ နှစ်ဦးနှစ်ဖက် မဟာမိတ်ဖွဲ့ပြီး ပြည်သူ လူထုကို ပူးပေါင်း ဖိနှိပ်တတ်ကြတယ်။ ဒီလိုအချိန်မျိုးမှာ လူထုက နယ်ချဲ့သမားနဲ့၊ မြေရှင် ပဒေသရာဇ် လူတန်းစားတွေကို ပြည်တွင်းစစ် ပုံစံနဲ့ ဆန့်ကျင်လေ့ ရှိကြတယ်။ နယ်ချဲ့တွေကလည်း ကိုလိုနီတပိုင်း နိုင်ငံက ဖောက်ပြန်ရေး အင်အားစုတွေ ပြည်သူလူထုကို ဖိနှိပ်ရာမှာ တိုက်ရိုက်နည်းနဲ့ မဟုတ်ဘဲ သွယ်ဝိုက် အကူအညီပေးတတ်တယ်။ ဒါကြောင့်ပဲ အတွင်း ပဋိပက္ခတွေဟာ အထူးတလည် ပြင်းထန်လာတော့တယ်။”

အခု မော် ကောက်ကြောင်းဆွဲပြနေတဲ့ အခြေအနေမျိုးဟာ ၁၉၄၅ နောက်ပိုင်း တရုတ် နိုင်ငံရဲ့ အခြေအနေကို ပြည့်ပြည့်စုံစုံ ထင်ဟပ်နိုင်တယ်။ ၁၉၄၅ နောက်ပိုင်းမှာ တရုတ် နိုင်ငံကို သွေးစုပ် ခြယ်လှယ်သူက အမေရိကန် နယ်ချဲ့သမား ဖြစ်နေပြီ။ ဒါပေမဲ့ ဂျပန်ထက်စာရင် အများကြီး ပိုညင်သာတဲ့ နည်းနဲ့ သွေးစုပ်ခြယ်လှယ်တယ်။ ကော်မင်တန်နဲ့ ချန်ကေရှိတ်က အမေရိကန်ဆီက စစ်ရေး အထောက်အပံ့တွေ အကြီးအကျယ် ရယူပြီး တရုတ် ကွန်မြူနစ် ပါတီ ချေမှုန်းရေး စစ်ပွဲ ဆက်တိုက်နိုင်အောင် အမေရိကန် နယ်ချဲ့သမားနဲ့ တကျိတ်တည်း တဉာဏ်တည်း အလုပ်လုပ်နေပြီ။ ဒါကြောင့် ပဋိပက္ခကျမ်း ထဲက သူ့ကိုယ်ပိုင် ကောက်ချက်တွေကို အခြေခံပြီး “အတွင်း ပဋိပက္ခ (ဆိုလိုတာက လူတန်းစား ပဋိပက္ခ) ဟာ အထူးတလည် အားကောင်း ပြင်းထန်လာပြီ” ဆိုတဲ့ အချက်ကို မော် သေချာပေါက် လက်ခံရတော့မယ်။

သို့သော် ဂျပန် ဆန့်ကျင်ရေး စစ်ပွဲ ပြီးသွားတာတောင် မော်က ကော်မင်တန် အစိုးရနဲ့ စစ်ပြေငြိမ်းရေး ဆက်လုပ်ခဲ့တယ်။ ဒီလို လုပ်ရင်း မော်က ‘ဒီမိုကရေစီသစ်’ ဆိုတဲ့ အမြင်ကို ဖော်ထုတ်လာခဲ့တယ်။

ဒီအမြင်က တရုတ် တော်လှန်ရေးက ဆိုရှယ်လစ် တော်လှန်ရေး ဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုတယ်။ အဲဒီအစား ‘ဒီမိုကရေစီသစ် လူ့အဖွဲ့အစည်း’ တရပ်ကို တည်ဆောက်လိမ့်မယ်။ အနှစ်သာရအားဖြင့် အရင်းရှင် စနစ်ကို ဆက်လက် ထိန်းသိမ်းထားမယ်၊ ဒါပေမဲ့ ဂျပန်နဲ့ ပူးပေါင်းခဲ့တဲ့ ‘ဖောက်ပြန်ရေးသမားတွေ’ရဲ့ ပိုင်ဆိုင်မှုနဲ့ ‘ဗျူရိုကရက်တစ် အရင်းရှင်’ ပိုင်ဆိုင်မှုတွေကိုတော့ နိုင်ငံတော်ပိုင် သိမ်းယူမယ်လို့ အဓိပ္ပါယ်ထွက်တယ်။ ဒီမိုကရေစီသစ် ဆိုတာ အရင်းရှင် လူတန်းစားရဲ့ သီးခြား အစိတ်အပိုင်း တခုကို ဆန့်ကျင်ဖို့ အရင်းရှင် လူတန်းစား အပါအဝင် တရုတ် နိုင်ငံရဲ့ လူတန်းစား အားလုံး မဟာမိတ်ပြုရေး ဖြစ်တယ်။

ကော်မင်တန်နဲ့ ဒါမှမဟုတ် တရုတ် အရင်းရှင် လူတန်းစားရဲ့ ဘယ်အစိတ်အပိုင်းနဲ့မှ တည်ငြိမ်တဲ့ မဟာမိတ် တည်ဆောက်ရေး ဖြစ်နိုင်တယ် ဆိုတာကို ယုံကြည်စရာ ဘာအကြောင်းမှ မရှိဘူး။ သို့ပေမဲ့လဲ မော်စီတုန်းဟာ ‘ဒီမိုကရေစီသစ်’ကြွေးကြော်သံအောက်မှာ ထိပ်ပိုင်း သဘောတူညီမှုတွေ ပြုလုပ်ဖို့ အဆိုပြုနေခဲ့တယ်။ ဒီလိုနည်းနဲ့ ကော်မင်တန်ရဲ့  ထိပ်သီး ခေါင်းဆောင်တွေက ကွန်မြူနစ်ပါတီနဲ့ ပူးပေါင်းပြီး အာဏာ ဆက်ကိုင်ထားနိုင်မယ်။ အနှစ်သာရအားဖြင့်တော့ ဒီလုပ်ရပ်ဟာ အလုပ်သမား လူတန်းစားနဲ့ ဒီလူတန်းစားရဲ့ အမှီအခိုကင်းကင်း လှုပ်ရှားနိုင်ခြင်း အပေါ် ယုံကြည်မှု မရှိကြောင်း ပြသလိုက်တာပဲ။

သို့ပေမဲ့လဲ ဒီလို သဘောတူညီမှုတွေကို ချန်ကေရှိတ်က အမြဲလိုလို ပယ်ချခဲ့တယ်။ ဒါဟာ ရှောင်လွှဲလို့ မရနိုင်ဘူး။ ချန်ကေရှိတ် အာဏာရလာတာကိုက တော်လှန်ရေးနဲ့ ကွန်မြူနစ် ပါတီကို ဘူဇွှာ လူတန်းစားကိုယ်စား ချေမှုန်းပေးဖို့ ဖြစ်တယ်။ ပါတီကို အစဖျောက်ပစ်ဖို့လည်း ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်လုံး အဲသလို ချေမှုန်းရေးပဲ ကြိုးစားပမ်းစား သူလုပ်ခဲ့တယ်။ အခု မော်စီတုန်းက ဒီအင်အားစုတွေနဲ့ပဲ မဟာမိတ်ဖွဲ့ဖို့ ကြိုးစားနေပြန်တယ်။ ကော်မင်တန်ဘက်က ၁၉၄၇ မှာ စစ်ပြေငြိမ်းမှုကို ဖျက်သိမ်းလိုက်ပြီး ပြည်တွင်းစစ် ဆက်ဖြစ်ခဲ့တယ်၊ ၁၉၄၉မှာ တရုတ် ကွန်မြူနစ် ပါတီ အောင်ပွဲ ရရှိသွားခဲ့တယ်။ ဒီဖြစ်စဉ်တွေက မော်ရဲ့ ဒီမိုကရေစီသစ် ရှုမြင်ချက် တခုလုံး မှားယွင်းကြောင်း သက်သေပြလိုက်တာပဲ။

ကွန်မြူနစ်ပါတီ အာဏာရလာတာနဲ့ အရင်းရှင် လူတန်းစားထဲက အများစုဟာ ချန်ကေရှိတ်နဲ့အတူ တရုတ်ပြည်ကနေ ထွက်ပြေးသွားခဲ့ပြီး ထိုင်ဝမ်မှာ အမေရိကန် ကျောထောက်နောက်ခံပြု ဘူဇွှာ အာဏာရှင်စနစ်ကို ထူထောင်ခဲ့ကြတယ်။ တရုတ်ပြည်တွင်းမှာ ကျန်ခဲ့တဲ့ အရင်းရှင်တွေကလည်း ကွန်မြူနစ် ပါတီဘက်က မဟာမိတ်ဖွဲ့ဖို့ ဘယ်နှစ်ကြိမ်ပဲ ဖိတ်ခေါ်နေပါစေ ပူးပေါင်းဖို့ ငြင်းဆန်နေခဲ့တယ်။ အရင်းရှင်တွေရဲ့ အမြင်မှာတော့ ဒီပါတီဟာ အစိုးရနဲ့ ဆယ်စုနှစ်တွေချီပြီး စစ်ဖြစ်လာတဲ့ ကွန်မြူနစ် ပါတီ ဖြစ်နေသလို အရင်းရှင် စနစ်ကို ဖြိုချဖို့ ထူထောင်ထားတဲ့ ကွန်မြူနစ် အင်တာနေရှင်နယ် အဖွဲ့ဝင်လဲ ဖြစ်နေလိုက်သေးတယ်။ ဒီလို ပါတီမျိုးကို သူတို့ ဘယ်တော့မှ ယုံမှာ မဟုတ်ဘူး။

တခြားတဖက်မှာတော့ အရင်းရှင် ကော်မင်တန် ပါတီကလဲ ကွန်မြူနစ်ဝါဒကို မကျေနိုင်မချမ်းနိုင် ဆန့်ကျင်နေတဲ့ အမေရိကန် နယ်ချဲ့သမားနဲ့ ချိတ်ဆက်မိနေတယ်။ အဲဒီနောက် တနှစ်အတွင်းမှာပဲ ကိုရီးယားစစ်ပွဲ စဖြစ်တယ်။ ကိုရီးယား နိုင်ငံအနေနဲ့ အမေရိကန် ဩဇာခံ အရင်းရှင် တိုင်းပြည်တခုအဖြစ် ဆက်ရှိနေမလား၊ မရှိတော့ဘူးလား အဆုံးအဖြတ်ပြုတဲ့ ဒီစစ်ပွဲမှာ တရုတ်၊ ဆိုဗီယက်နဲ့ အမေရိကန်တို့ အပြင်းအထန် ဆိုးဆိုးဝါးဝါး တိုက်ခိုက်ခဲ့ကြတယ်။

ပကတိသဘောဆောင်ပြီး ကမ္ဘာလုံးဆိုင်ရာ လော့ဂျစ် ရှိနေတဲ့ ဒီဖြစ်ရပ်တွေက တက်သစ်စ CCP အစိုးရကို ‘ဒီမိုကရေစီသစ်’ လုပ်ငန်းစဉ် တခုလုံး စွန့်ပစ်စေခဲ့တယ်။ တရုတ် အရင်းရှင် လူတန်းစားက ကိုရီးယား စစ်ပွဲအတွင်း အမေရိကန်နဲ့ ဖောက်ပြန်ရေးသမားတွေ နိုင်ခဲ့ရင် တရုတ် ပြည်တွင်းက ကွန်မြူနစ် ပါတီ အစိုးရသစ်ကို ပြိုလဲစေမှာပဲလို့ မျှော်လင့်ရင်း ဒီအမေရိကန်နဲ့ ဖောက်ပြန်ရေး အင်အားစုတွေဘက်က ရပ်တည်ခဲ့ကြတယ်။ ကွန်မြူနစ် ပါတီအနေနဲ့ စစ်ပွဲအတွင်း မြောက်ကိုရီးယားကို ထောက်ပံ့ကူညီဖို့ လိုအပ်လာတဲ့အခါ သူ့ပြည်တွင်းက အရင်းရှင်တွေရဲ့ စီးပွားရေးအရ ဖျက်လိုဖျက်ဆီး လုပ်နေတာတွေကို သည်းခံပေးလို့ မရတော့ဘူး။

အရင်းရှင်တွေဟာ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို စွန့်ရင်စွန့်၊ မစွန့်ရင်လည်း ဒီလုပ်ငန်းတွေကို ကွန်မြူနစ် ပါတီ အစိုးရ ဆန့်ကျင်ရေးမှာ အသုံးချနေခဲ့ကြတယ်။ CCP က ဒါကို တုန့်ပြန်တဲ့အနေနဲ့ စီးပွားရေး အစိတ်အပိုင်း အများစုကြီးကို နိုင်ငံတော်ပိုင် သိမ်းယူပြီး ဒယီးဒယိုင်နဲ့ လက်ဝဲဘက် ရောက်သွားခဲ့တယ်။ ဒါကိုကြည့်ရင် နယ်ချဲ့သမားတွေနဲ့ ဖြစ်တဲ့ ဒီ‘အမျိုးသား ပဋိပက္ခတွေ’ ဟာ လူ့အဖွဲ့အစည်းရဲ့ အရင်းခံကျသော လူတန်းစား ပဋိပက္ခတွေနဲ့ ဘယ်လို တုန့်ပြန်ရိုက်ခတ်သလဲဆိုတာ ကျနော်တို့ ရှင်းရှင်းလင်းလင်း တွေ့နိုင်တယ်။ ဒါ့အပြင် ဒီပဋိပက္ခတွေကို အမျိုးသားရေး အခြေခံနဲ့ မဖြေရှင်းနိုင်ဘူး၊ လူတန်းစား တိုက်ပွဲ နည်းလမ်းတွေနဲ့သာ ဖြေရှင်းနိုင်တယ် ဆိုတဲ့ အချက်ကိုလဲ ကျနော်တို့ ရှင်းရှင်းလင်းလင်း တွေ့နိုင်တယ်။

အရင်းရှင်တွေဆီက ပိုင်ဆိုင်မှု သိမ်းယူခြင်းဟာ သေချာပေါက် မှန်ကန်တဲ့ လုပ်ရပ်ပဲ။ အရေးကြီးတဲ့အချက်က ဒီဖြစ်ရပ်တွေဟာ မော်ရဲ့  ပဋိပက္ခ အက်ဆေးထဲ တင်ပြထားတဲ့ သဘောတရားရေး နည်းလမ်းကို လုံးဝ လွဲမှားကြောင်း လက်တွေ့ပြသွားတာပဲ။ အုပ်စိုးသူ လူတန်းစားအနေနဲ့ နယ်ချဲ့စနစ်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ တခြား လူတန်းစားတွေနဲ့ ပေါင်းစည်း ညီညွတ်နိုင်တယ်၊ ဒါမှမဟုတ် ပေါင်းစည်းညီညွတ်ဖို့ စိတ်ဝင်စားတယ် ဆိုတဲ့ အယူအဆ မှားယွင်းကြောင်း တရုတ် တော်လှန်ရေး ဖြစ်စဉ်က ပြသသွားတယ်။ ကိုလိုနီ နိုင်ငံတွေမှာ လူတန်းစား ရင်ကြားစေ့ရေး လုပ်ရင် ဖြစ်နိုင်တယ်၊​ မှန်ကန်တယ်လို့ ဆိုထားတဲ့ပဋိပက္ခကျမ်း ထဲက အယူအဆဟာ ကမ္ဘာတဝှမ်း စတာလင်နစ်တွေရဲ့ ယေဘုယျ သဘောထားတရပ် ဖြစ်တယ်။

တကယ်လို့ မော်စီတုန်းနဲ့ တရုတ်ပြည် ကွန်မြူနစ် ပါတီသာ တော်လှန်ရေး လမ်းကြောင်းကို ပွင့်ပွင့်လင်းလင်းနဲ့ မခြွင်းမချန် ဆင်ခြင်သုံးသပ်ခဲ့မယ်ဆိုရင် ပဋိပက္ခကျမ်း ထဲက အရေးကြီးတဲ့ အမှားတွေကို ပြင်ဆင်နိုင်ခဲ့လိမ့်မယ်။ ဒါ့အပြင် တရုတ် ပြည်တွင်းနဲ့ ပြည်ပ နိုင်ငံအသီးသီးက ကွန်မြူနစ်တွေကိုလဲ ကမ္ဘာ့ ဆိုရှယ်လစ် တော်လှန်ရေး ဆက်ဆင်နွှဲနိုင်အောင် လိုအပ်တဲ့ ကိရိယာတွေ တပ်ဆင်ပေးနိုင်ခဲ့လိမ့်မယ်။

အဲဒီအစား ၁၉၃၇မှာ မော်ဖော်ထုတ်ခဲ့တဲ့ နည်းအမှားကြီးကို ကာကွယ်ပေးရုံသာမက အားဖြည့်ပေးခဲ့ကြတယ်။ (အင်ဒိုနီးရှားနဲ့ အီရန်မှာလို) ဒီပေါ်လစီကို လက်တွေ့အသုံးချတဲ့ နေရာတိုင်းမှာ ပျက်ကိန်းဆိုက်တော့တာပဲ။

ဒီကနေ့ခေတ်မှာ ပဋိပက္ခကျမ်း ကို ဖတ်ရင် ကျနော်တို့ မေးရမှာက “မော်ဟာ အရင်းရှင်စနစ်ကို ဖြိုချခဲ့သလား”ဆိုတဲ့ မေးခွန်း မဟုတ်ဘူး။ “အရင်းရှင် စနစ်ကို ဒီအခြေခံကနေ ဖြိုချနိုင်ပါ့မလား” ဆိုတဲ့ မေးခွန်းသာ ဖြစ်တယ်။ ကျနော်တို့ အဲဒီနည်းနဲ့ မဖြိုချနိုင်ကြောင်းကိုတော့ ပြီးခဲ့တဲ့ အနှစ် ခုနစ်ဆယ်စာ အတွေ့အကြုံက သက်သေပြသွားခဲ့တယ်။

ဗျူရိုကရက်ဆန်တဲ့ အမြင်

ပဋိပက္ခကျမ်း မှာ မော် ဖော်ပြခဲ့တဲ့ သီးခြား ပဋိပက္ခတွေ၊ သီးခြား ဖြေရှင်းချက်တွေနဲ့ ပတ်သက်တဲ့ အယူအဆတွေက ဒိုင်ယာလက်တစ် ရုပ်ဝါဒကနေ တဖက်သတ်ဆန်ဆန်၊ ယန္တရားဆန်ဆန် သွေဖီသွားခြင်းပဲ။ ဒီသွေဖီမှုရဲ့ အကျိုးဆက်က အချောင်သမားဆန်ဆန် အမြော်အမြင် နည်းပါးမှု နဲ့ ဟိုခုန်ဒီကူး ဖြစ်နေတဲ့ လုပ်ငန်းစဉ်ကို တရားဝင် ဖြစ်သွားစေခဲ့တယ်။ ဒီလို ဖြစ်အောင်လဲ နိုင်ငံတိုင်းမှာ၊ ဒါမှမဟုတ် နိုင်ငံတခုရဲ့  သမိုင်းအဆင့် တခုချင်းမှာ သီးခြား ဖြေရှင်းနည်းတွေ လိုအပ်တဲ့ ကိုယ်ပိုင် ပဋိပက္ခတွေ ရှိတယ်၊ ကွန်မြူနစ်တွေအနေနဲ့ လူတန်းစား တိုက်ပွဲကို စွန့်ပယ်ထားနိုင်တယ်လို့ မော်က ဖိပြောခဲ့တယ်။

ပဋိပက္ခကျမ်း က သမိုင်းကို ပုဂ္ဂလ ဓိဋ္ဌာန်ကျကျ၊​ စိတ်ကူးပေါက်သလို နားလည်ထားတဲ့အတိုင်း ဖော်ကျူးတယ်။ အပေါ်ယံအားဖြင့်တော့ မော်ဟာ ဒိုင်ယာလက်တစ် ရုပ်ဝါဒီတယောက် လေသံပေါက်အောင် ပြောလေ့ရှိတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ မော်ဟာ ဒါတွေအားလုံးကို ဘေးဖယ်ထားပြီး တရုတ် နိုင်ငံရဲ့ မတူကွဲပြားသော သမိုင်း အဆင့်တွေကို စာရင်းချ ရေတွက်ပြသွားတာပဲ လုပ်ခဲ့တယ်။ ဒီသမိုင်း အဆင့်တွေထဲ ငုပ်လျှိုးနေတဲ့ လော့ဂျစ်တွေ၊ နိယာမသဘောတွေ၊ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဘာတခုမှ ရှင်းပြမသွားဘူး –

“ပထမအကြိမ် တပ်ပေါင်းစု ကာလတုန်းက ကော်မင်တန် ပါတီဟာ ရပ်ရှားနဲ့ ပူးပေါင်းရေး၊ ကွန်မြူနစ်ပါတီနဲ့ လက်တွဲဆောင်ရွက်ရေး၊ လယ်သမား အလုပ်သမားတွေကို ကူညီပေးရေး ဆိုတဲ့ ဆွန်ယက်ဆင်ရဲ့ ပေါ်လစီကြီး သုံးရပ်အတိုင်း ဆောင်ရွက်ခဲ့တယ်။ ဒါကြောင့်ပဲ အဲဒီတုန်းက ကော်မင်တန် ပါတီဟာ တော်လှန်သော ပါတီတရပ်၊ အားမာန်ပြည့်သော ပါတီတရပ် ဖြစ်ခဲ့တယ်။ ဒီမိုကရေစီ တော်လှန်ရေးအတွက် အမျိုးမျိုးသော လူတန်းစားတွေ မဟာမိတ်ဖွဲ့  ပေါင်းစည်းထားတဲ့ ပါတီတရပ် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ၁၉၂၇ နောက်ပိုင်းမှာတော့ ကော်မင်တန် ပါတီဟာ ဆန့်ကျင်ဘက် အနေအထားကို ပြောင်းလဲသွားခဲ့တယ်။ မြေရှင်ကြီးတွေနဲ့ ဘူဇွှာကြီးတွေရဲ့ ဖောက်ပြန်ရေး ဂိုဏ်းတရပ် ဖြစ်လာခဲ့တယ်။ ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ရှီအန်း အရေးအခင်း ဖြစ်ပွားပြီးနောက်မှာတော့ ဂျပန် နယ်ချဲ့ကို ပူးပေါင်း ဆန့်ကျင်ဖို့ ပြည်တွင်းစစ် ရပ်စဲပြီး ကွန်မြူနစ်ပါတီနဲ့ လက်တွဲဆောင်ရွက်ရေး လမ်းကြောင်းကို ထပ်ပြောင်းသွားခဲ့တယ်။ ဒါတွေဟာ အဆင့် သုံးဆင့်အတွင်း ကော်မင်တန် ပါတီရဲ့ ထူးခြားသော လက္ခဏာရပ်တွေ ဖြစ်တယ်။ အမှန်ပဲ၊ ဒီထူးခြားတဲ့ လက္ခဏာရပ်တွေဟာ အကြောင်းအရင်း အမျိုးမျိုးကြောင့် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်တယ်။”(ibid. pg 24-25)

‘အကြောင်းအရင်း အမျိုးမျိုး’ ဆိုတဲ့ စကားရပ်က ဒီနေရာမှာ သော့ချက် ပြဿနာပဲ။ ဒါပေမဲ့ မော်က ဒီပြဿနာကို စာဖတ်သူတွေကိုယ်တိုင် ဖော်ထုတ်ဆန်းစစ်ဖို့ ချန်ထားခဲ့လိုက်တယ်။ လူထု ပါတီ တရပ်အနေနဲ့ အချိန်လေး တနှစ်၊ နှစ်နှစ်လောက်အတွင်း ‘တော်လှန်သော ပါတီ၊ အားမာန်ပြည့်ဝသော ပါတီ’တရပ် အဖြစ်ကနေ ‘မြေရှင်ကြီးတွေနဲ့ ဘူဇွှာကြီးတွေရဲ့ ဖောက်ပြန်ရေး ဂိုဏ်း’ တရပ်အဖြစ် ပြောင်းလဲသွားဖို့ဆိုတာ အင်မတန် အရေးကြီးတဲ့ သမိုင်းဆိုင်ရာ ကိစ္စတရပ် ဖြစ်တယ်။ ခေါင်းဆောင်တယောက် စိတ်ကူး အပြောင်းအလဲ ဖြစ်ရုံနဲ့ ပြီးသွားတဲ့ ကိစ္စမျိုး မဟုတ်ဘူး။ ဒါပေမဲ့လည်း ဒီကိစ္စနဲ့ ပတ်သက်လို့ မော်ပြောသွားတာက ကော်မင်တန် ပါတီ ပြောင်းလဲသွားခဲ့တယ်၊ ဒါပဲ။ အစပိုင်း ကောင်းတယ်၊ နောက်တော့ ဆိုးလာတယ်။ ကော်မင်တန်နဲ့ ပေါင်းခဲ့တယ်၊ နောက်တော့ ရန်သူတွေ ဖြစ်သွားတယ်။ ဒါတွေ ဖြစ်ပျက်ခဲ့ခြင်းရဲ့ အကြောင်းတရားတွေကို သူဆက်မပြောတော့။

အမှန်ကတော့ မော်ဟာ တရုတ် တော်လှန်ရေးနဲ့ ပတ်သက်တဲ့ သဘောတရားရေး အမြင်တရပ်ရပ်နဲ့ ခြေချုပ်မိ မနေလိုဘူး။ ပါတီဝင်တွေကို ရှုပ်ထွေးပြီး ကိုင်တွယ်ရခက်တဲ့ ဝါးတားတား ‘ဒိုင်ယာလက်တစ်’ပဲ မော် ထိုးရောင်းချင်ခဲ့တာ။ ဒီလိုမှသာ သူ့အနေနဲ့ ရပ်တည်ချက်တွေ လွယ်လင့်တကူ ပြောင်းနိုင်မယ်၊ အရင်က ရပ်တည်ချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်သွားလဲ ပြဿနာ မရှိဘူး၊ အဲဒီအခိုက် ပေါ်လာသမျှ အခွင့်အရေးကို ဖမ်းဆုပ် အသုံးချနိုင်မယ်။

ဒီအချက်ဟာ ကွန်မြူနစ် ပါတီရဲ့ ဗျူရိုကရက်ယန္တရားကို လယ်ပြင်ဆင်သွားသလို ဖော်ထုတ်ပေးသွားတယ်။ ဒီ ဗျူရိုကရက် ယန္တရားဟာ အာဏာ မရခင်ကတည်းက ပါတီတွင်းမှာ ရှိနေခဲ့ပြီးသား။ အာဏာရ ပါတီ ဖြစ်လာတဲ့အခါ ဗျူရိုကရေစီ ယန္တရားက ပိုပြီး ခိုင်မြဲလာခဲ့တယ်။

ပဋိပက္ခကျမ်း ကို မော် ရေးတဲ့ အချိန်မှာ ကွန်မြူနစ် ပါတီအနေနဲ့ မြို့ပြမှာ ဘာအခြေခံမှ မရှိတော့ဘူးဆိုတဲ့ အချက်ကိုလည်း ထည့်ပြောရမယ်။ မြို့ပြ အလုပ်သမား လူတန်းစား ပါတီတရပ်အဖြစ် ဖွဲ့စည်းခဲ့ပေမဲ့လည်း ၁၉၂၈ နောက်ပိုင်းတည်းက ကွန်မြူနစ် ပါတီဟာ ဝေးလံခေါင်သီတဲ့ ကျေးလက် လူ့အဖွဲ့အစည်းမှာ အထီးတည်း ရပ်တည်နေခဲ့ရတယ်။ ဒါဟာ ကြိုတင် စီမံကိန်း တခုခု ဒါမှမဟုတ် သဘောတရား တရပ်ရပ်ကြောင့် ဒီလို ဖြစ်ပေါ်ခဲ့တာ မဟုတ်ဘူး။ ၁၉၂၅-၂၇ တော်လှန်ရေး ရုပ်ပျက်ဆင်းပျက် ကျရှုံးခဲ့ရခြင်းရဲ့ ရလဒ်သာ ဖြစ်တယ်။

ထရော့စကီး ခန့်မှန်းခဲ့သလိုပါပဲ၊ တော်လှန်ရေးကို ဦးဆောင်ဖို့ မျှော်လင့်ချက်တွေ ပုံအောထားရမယ်လို့ စတာလင်ကိုယ်တိုင် ထောက်ခံချက် ပေးခဲ့တဲ့ ခေါင်းဆောင်ကြီး ချန်ကေရှိတ်က ကွန်မြူနစ် ပါတီကို သစ္စာဖောက်သွားခဲ့တယ်။ ၁၉၂၆-၂၇ ကစလို့ ချန်ကေရှိတ်ဟာ ထောင်သောင်းချီတဲ့ အလုပ်သမားတွေနဲ့ ကွန်မြူနစ်တွေကို သတ်ပွဲကြီး ကျင်းပခဲ့တယ်။ ကွန်မြူနစ် ပါတီနဲ့ အလုပ်သမား လူတန်းစားအပေါ် သွေးချောင်းစီး တန်ပြန် တော်လှန်ရေး ဆင်နွှဲခဲ့တယ်။

တော်လှန်ရေး အရေးနိမ့်မှုက အကြီးအကျယ် ဆိုးရွားခဲ့သလို၊ (စတာလင့် ညွှန်ကြားချက်တွေကြောင့်) ဒီအရေးနိမ့်မှုအပေါ် ပါတီရဲ့ တုန့်ပြန်ချက်ကလည်း ရေလိုက်လွဲခဲ့တယ်။ ဒီတော့ အသက်ရှင် ကျန်ရစ်သမျှ ကွန်မြူနစ် ပါတီဝင်တွေဟာ ကျေးလက်ဒေသက ဝေးလံခေါင်သီတဲ့ အရပ်တွေဆီ ထွက်ပြေးခဲ့ရတယ်။

ဒီအခြေအနေတွေအောက်မှာ ပါတီ ယန္တရားဟာ မီးစင်ကြည့်ကရင်း အနှစ်သာရအားဖြင့် လယ်သမား ပြောက်ကျား တပ်တခု ဖြစ်လာတယ်။ ဒါဟာ ဒီမိုကရေစီ ဗဟိုချုပ်ကိုင်မှုရှိသော ဘော်ရှီဗစ်ပါတီ တရပ်နဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားတယ်။ ဒီလိုနဲ့ ဗျူရိုကရေစီဆန်ဆန် အထက်အောက် အမိန့်ပေးစနစ်ကို ရှောင်လွှဲလို့ မရတော့ဘူး။ အကြောင်းကတော့ အင်အားသာလွန်တဲ့ အစိုးရတပ်တွေ အဝိုင်းခံထားရတဲ့အခါ စစ်ရေးအရ အသက်ဆက်နိုင်ဖို့ဆိုရင် ဆွေးနွေးငြင်းခုန်နေဖို့ အချိန် မရှိဘူး၊ အညှာအတာကင်းတဲ့ စစ်ရေး ခေါင်းဆောင်မှု တရပ်သာ လိုအပ်တယ်။ မော်ရဲ့ အက်ဆေးဟာ ဒီနည်းလမ်းတွေကို အတိအကျ ထင်ဟပ်နေတယ်။

ဗျူရိုကရေစီဆန်တဲ့ ခေါင်းဆောင်မှုတရပ်မှာ အမြော်အမြင် နည်းပါးပြီး ယန္တရားဆန်တဲ့ အမြင်မျိုးပဲ သေချာပေါက် ရှိနိုင်တယ်။ ဗျူရိုကရက် ဖြစ်နေတဲ့ အတွက်ကြောင့် လူထုကြီးကို လူ့အဖွဲ့အစည်း ပြောင်းလဲရေးမှာ အမှီအခိုကင်းကင်းနဲ့ စွမ်းဆောင်နိုင်တဲ့ အင်အားစုအဖြစ် မမြင်တော့ဘူး။ အထက်စီးကနေ အမိန့်တွေ ထုတ်ပြီး ရလဒ်တွေ ထွက်လာရင် အောင်မြင်ပြီလို့ ဗျူရိုကရက်တွေ ထင်တတ်ကြတယ်။ သက်ဆိုင်ရာ လူတန်းစားတွေရဲ့ အကျိုးစီးပွားနဲ့ လူတန်းစားတွေကြားက အခြေအနေတွေကို လုံးဝ ထည့်မစဉ်းစားဘူး။ တခြားပါတီတွေက ခေါင်းဆောင်ပိုင်းနဲ့ သဘောတူညီမှု ရယူနိုင်ရင် အာဏာ ရသွားမယ်လို့ သူတို့ တွေးတယ်။ ဒီလို လုပ်လိုက်ရင် အလုပ်သမား လူတန်းစားကို ဖယ်ထုတ်ပစ်ရာ ရောက်ပြီး စိတ်ဓါတ် ပျက်ပြားသွားစေနိုင်ကြောင်း သူတို့ သတိမရတော့။

အမှန်တော့ ဗျူရိုကရေစီကလဲ လူထုရဲ့ ဒီမိုကရေစီနည်းကျ ပါဝင်မှုစစ်စစ်ကို မလိုချင်ပါဘူး။ ကိုယ်ပိုင်အမြင်နဲ့ တွေးခေါ်နိုင်ပြီး နိုင်ငံရေး နားလည်မှု မြင့်မားတဲ့ ပါတီဝင်တွေကို မလိုချင်ဘူး။ ဗျူရိုကရေစီ အင်အားကောင်းလာတာဟာ ပါတီ အဖွဲ့အစည်း အဆင့်ဆင့်မှာ ဆွေးနွေးငြင်းခုန်ခြင်း၊ နားလည် သဘောပေါက်လာခြင်းတို့ကြောင့် မဟုတ်ဘူး။ ဒီတော့ နိုင်ငံရေးအရ ဆွေးနွေး၊ စည်းရုံး၊ လှုံ့ဆော်တဲ့ နည်းတွေနဲ့ အလုပ် လုပ်ရမယ့်အစား အမိန့်ပေး ညွှန်ကြားပြီးတော့ပဲ လည်ပတ်တော့တယ်။ ဗျူရိုကရေစီက မတူညီတဲ့ အုပ်စုတွေကို တခုနဲ့တခု ထိပ်တိုက်တွေ့အောင် ကစားကွက်ဆင်ရင်း သူ့နေရာကို ထိန်းထားတယ်။

မော်ရဲ့ ပုဂ္ဂလ ဓိဋ္ဌာန်အမြင်ဟာ ဒီကနေ ခက်ဖြာလာခြင်း ဖြစ်တယ်။ မော်က သူ့ကိုယ်သူ အလုံးစုံ သိမြင်တော်မူသော စီမံခန့်ခွဲရေးသမား တယောက်အဖြစ် မြင်တယ်။ အတ္တဘာဝ အကြောင်းအချက် (ဆိုလိုတာက ပါတီ) ရဲ့ ရွေးချယ်မှုတွေကတဆင့် ပဋိပက္ခများကို ထိန်းချုပ်နိုင်တယ်လို့ သူ မြင်တယ်။ ဘာတွေက အရင်းခံ ပဋိပက္ခ ဖြစ်ပြီး ဘာတွေက လက်အောက်ခံ ပဋိပက္ခ ဖြစ်သွားလဲ ဆိုတာကို ပါတီကပဲ ဆုံးဖြတ်သတ်မှတ်မယ်။ တကယ် ဖြစ်ပေါ်နေတဲ့ အခိုင်အမာ ဖြစ်စဉ်တွေကို ဘေးချိတ်ထားပြီး ဘယ်ဖြေရှင်းချက်ကတော့ ဘယ်ပဋိပက္ခနဲ့ ကိုက်ညီတယ် ဆိုတာကို ပါတီက ဆုံးဖြတ်ပေးမယ်။ (ခွဲခြမ်းစိတ်ဖြာတာ မဟုတ်ဘူး။)

နှစ်ပေါင်းများစွာ ကြာတဲ့အခါ “ပါတီက အရာရာကို ဦးဆောင်တယ်”ဆိုတဲ့ စကား တွင်ကျယ်လာအောင် မော် လုပ်ခဲ့တယ်။ ဒီစကားကို ဒီကနေ့ခေတ်အထိ ရှီကျင်းဖင်က ဆက်ပြီး ဖိဖိစီးစီး ဇန်းတင်နေတုန်းပဲ။

ဒီချဉ်းကပ်နည်းရဲ့ လက်တွေ့ ဂယက်ရိုက်ခတ်မှုတွေကို ၁၉၅၇ ခုနှစ်မှာ မြင်နိုင်တယ်။ အဲဒီတုန်းက “ပြည်သူတွင်း ပဋိပက္ခများကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းရေး” ဆိုတဲ့ ဆောင်းပါး တပုဒ် မော် ထပ်ရေးခဲ့တယ်။ အဲဒီမှာ တရုတ် ကွန်မြူနစ် ပါတီ အာဏာရပြီးနောက်ပိုင်း တရုတ် လူ့ဘောင်အတွင်း ဖြစ်နေတဲ့ ပဋိပက္ခအမျိုးမျိုးအတွက် အသင့်သုံး ဖြေရှင်းနည်းတွေ ဖော်စပ်ပေးခဲ့တယ်။ ဒါကို အခြေခံပြီး ပါတီ ဗျူရိုကရေစီက သူတို့ဆီရောက်လာတဲ့ ပဋိပက္ခ တခုချင်းရဲ့ သဘောသဘာဝကို ‘ဆုံးဖြတ်’ပြီး မော်ရဲ့ လမ်းညွှန်ချက်တွေအတိုင်း ဖြေရှင်းချက် ထုတ်ပေးခဲ့တယ်။

ဒီလို တင်းကြပ်လွန်းတဲ့၊ ညွှန်ကြားချက်တွေပေါ် အခြေခံတဲ့၊ အထက်အောက် အမိန့်ပေး ကြိုးနီစနစ် ချဉ်းကပ်နည်းမျိုးဟာ လူထုကြားက ပြဿနာတွေကို စစ်စစ်မှန်မှန် ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်ချက် မရှိဘူး။ ဒီပြဿနာတွေရဲ့  ရုပ်ပိုင်း အခြေခံ အကြောင်းရင်းတွေကို နားလည်ဖို့ဆို ပိုတောင် ဝေးသေးတယ်။ ဗျူရိုကရေစီ အုပ်ချုပ်ရေးအပေါ်  စိန်ခေါ်ခြိမ်းခြောက်မှု မှန်သမျှ ဖယ်ရှားပစ်ပြီး လူထုကို ပါတီရဲ့ တင်းကြပ်တဲ့ ထိန်းချုပ်မှုအောက် ထားရှိဖို့သာ ရည်ရွယ်တယ်။

ဒိုင်ယာလက်တစ် ရုပ်ဝါဒကို လိုအပ်နေခြင်း

ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ပဋိပက္ခ ကျမ်းထဲ ဖော်ပြထားတဲ့ လှေနံဓားထစ် “ဖြေရှင်းနည်း”တွေဟာ ကမ္ဘာတလွှားက ကွန်မြူနစ်တွေကို ပညာပေးရေး လုပ်ငန်းမှာ အကျိုးမဲ့စေတာပဲ​ အဖတ်တင်တယ်။ မော်ရဲ့ ဖော်မြူလာတွေဟာ ကြည့်လိုက်ရင်တော့ ရိုးရှင်းပြီး နားလည်ဖို့ လွယ်သယောင် ထင်ရတယ်။ ဒါပေမဲ့ လူတန်းစား တိုက်ပွဲ၊ စစ်နဲ့ တော်လှန်ရေးတို့ရဲ့ တကယ့် ပြောင်းလဲခြင်း အင်အားတွေကို နားလည် သဘောပေါက်အောင် လမ်းညွှန်ပေးနိုင်ခြင်း မရှိဘူး။ လက်တွေ့မှာ ဆိုးကျိုးပါ ပေးနေသေးတယ်။

မာ့က်စ်ဝါဒနဲ့ လားလားမှ မသက်ဆိုင်တဲ့၊ အခြေခံအားဖြင့် စတာလင်ဝါဒရဲ့ လူတန်းစား ရင်ကြားစေ့ရေး အယူအဆတွေကို တရားထူထောင်ပေးဖို့ ပဋိပက္ခကျမ်းထဲက အတွေးအခေါ်တွေကို အကြိမ်ကြိမ်အခါခါ အသုံးချခဲ့ကြတယ်။ ‘တရားသေဝါဒ’ ဆန့်ကျင်ရေးနဲ့ ပတ်သက်လို့ ပဋိပက္ခကျမ်းထဲ ဘယ်လောက်ပဲ ကြိမ်းမောင်းထားပါစေ၊ ဒီအက်ဆေးရဲ့ အနှစ်သာရ တခုလုံးကတော့ ‘တိုးတက်သော’ ၊ ‘ပြည်ချစ်ဝါဒီ’ အမျိုးသား ဓနရှင် လူတန်းစားကို ရှာဖွေပြီး အလုပ်သမား၊​ လယ်သမားနဲ့ ကွန်မြူနစ်တွေကို သူတို့ လက်အောက် ထားရှိရေး ဆိုတဲ့ စတာလင်နစ် တရားသေဝါဒကို ကာကွယ်ပေးထားတယ်။ တကယ်တမ်း တရုတ်ရဲ့ ကိုယ်ပိုင် သမိုင်း အထောက်အထားကို ထည့်သွင်း မစဉ်းစားဘဲ အမှန်တရားအဖြစ် ဆုပ်ကိုင်ထားနေမှတော့ အဲဒါ တရားသေ ဝါဒပဲ။

တရုတ် တော်လှန်ရေးရဲ့ လမ်းကြောင်း အစစ်အမှန်ကို မော် ကြိုတင် မမြင်ခဲ့ဘူး။ ဒါပေမဲ့ စတာလင်ဝါဒီတွေဟာ ဘယ်တုန်းကမှ ဘာကိုမှ ကြိုမမြင်နိုင်ခဲ့ဖူးဘူး။ ပဋိပက္ခကျမ်း ဟာ တရုတ် တော်လှန်ရေးရဲ့ လော့ဂျစ် အစစ်အမှန်ကို ရှင်းပြထားတာ မဟုတ်ဘူး။ တရုတ် ကွန်မြူနစ် ပါတီ ဗျူရိုကရေစီရဲ့ ပြောင်းလဲသွားသော လိုအပ်ချက်တွေကို ဖုံးကွယ်ပေးဖို့သာ ဖြစ်တယ်။ ပဋိပက္ခကျမ်း ရဲ့ တကယ့် လိုရင်းက အဲဒါပဲ။

ဒိုင်ယာလက်တစ် ရုပ်ဝါဒရဲ့ တကယ့် ရည်ရွယ်ချက်က ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေကို အမှန်တကယ် နားလည်နိုင်အောင် လုပ်ပေးဖို့ ဖြစ်တယ်။ ဒီလို နားလည်ထားမှသာ လူတန်းစား တိုက်ပွဲကြောင့် အခက်မကြုံရမှာ၊ ဒါမှမဟုတ် ယာယီ ခေတ်စားလာတဲ့ ရေစီးတွေကြောင့် ရှိန်မသွားမှာ။ အရင်းရှင် လူ့အဖွဲ့အစည်းရဲ့ အခြေခံ ပဋိပက္ခတွေကနေ စကြည့်တတ်ဖို့ ဒိုင်ယာလက်တစ် ရုပ်ဝါဒက သင်ကြားပေးတယ်။ ဒါမှသာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေက ဆန့်ကျင်ဘက်ကို ဘယ်လို ပြောင်းလဲသွားမယ်ဆိုတာ ကျနော်တို့ မြင်နိုင်မယ်။ စီးပွားရေး တဟုန်ထိုး တက်နေတာကနေ စီးပွားရေး ကျဆင်းမှု ဘယ်လို ဖြစ်လာသလဲ မြင်နိုင်မယ်။ နိုင်ငံရေး မဟာမိတ်ဖွဲ့မှုတွေ၊ ခေတ်စားနေတဲ့ နိုင်ငံရေး သဘာထားတွေကနေ အကွဲအပြဲနဲ့ အကျပ်အတည်းတွေဆီ ဘယ်လို လမ်းဖွင့်ပေးလိုက်သလဲ မြင်နိုင်မယ်။

အာဏာရပြီးတဲ့နောက် မော်စီတုန်းဟာ ခုတမျိုး တော်ကြာတမျိုး လုပ်ဟန်တွေ တောက်လျှောက် လုပ်ခဲ့တယ်။ တံခါးပိတ် စီးပွားရေးနဲ့ တရုတ်နိုင်ငံ လုံးဝ အမှီအခိုကင်းရေးကို တည်ဆောက်နေရာကနေ လူပေါင်းများစွာ အငတ်ဘေးဆိုက်ပြီး သေဆုံးမှုတွေ ဖြစ်လာတော့ အဲဒီအစီအစဉ်ကို ချက်ချင်း စွန့်ပယ်ခဲ့တယ်။ အမေရိကန် နယ်ချဲ့စနစ်ကို နှစ်ပေါင်းများစွာ ပြစ်တင်ကြိမ်းမောင်းနေရာကနေ ဆိုဗီယက် ပြည်ထောင်စုကို ဆန့်ကျင်ဖို့အတွက် ၁၉၇၂ ခုနှစ်မှာတော့ နစ်ဆင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်။ ရေတို အနာဂတ် ကာလမှာ ကွန်မြူနစ် ပါတီ အုပ်စိုးမှု အာမခံချက်ရှိအောင် အဲဒီလို သိသာ ထင်ရှားတဲ့ ကျွမ်းထိုးမှောက်ခုံ အပြောင်းအလဲတွေ လုပ်ခဲ့တယ်။ နိုင်ငံ တခုတည်း ဆိုရှယ်လစ် စနစ် တည်ဆောက်လို့ မရဘူး၊ အလုပ်သမားထု ဒီမိုကရေစီ မရှိရင် ဆိုရှယ်လစ် စနစ် ဖြစ်မလာနိုင်ဘူး ဆိုတဲ့ အခြေခံ အကျဆုံး အမှန်တရားကိုတော့ သူ မမြင်နိုင်ခဲ့ဘူး။

နောက်တနည်းပြောရရင်၊ မော်ဟာ ပကတိ ဖြစ်ပေါ်နေတဲ့ ဒိုင်ယာလက်တစ် ဖြစ်စဉ်တွေကို ထည့်သွင်း စဉ်းစားခြင်း မရှိခဲ့သလို၊ လူ့အဖွဲ့အစည်းတွင်းက တကယ့် ပဋိပက္ခတွေကိုလည်း သဘောပေါက်နိုင်စွမ်း မရှိခဲ့ဘူး။ ဒီလိုနဲ့ မော်ဟာ အမြော်အမြင် ကင်းမဲ့ခဲ့သလို သူ့လုပ်ရပ်တွေကနေ ဘာအကျိုးဆက်တွေ ဖြစ်ပေါ်လာမလဲ ဆိုတာလည်း လုံးဝ ကြိုမြင်နိုင်စွမ်း မရှိခဲ့ဘူး။ ဒါဟာ ဒီကနေ့ တရုတ်ပြည်ဟာ အရင်းရှင် စီးပွားရေး စနစ် ဖြစ်နေရခြင်းရဲ့ အရေးကြီး အကြောင်းတချက်ပဲ။

ဖြစ်ချင်တော့ ပဋိပက္ခကျမ်း မှာ ‘တရားသေဝါဒ’ ငြင်းပယ်ရေး၊ အချင်းအရာတွေကို အခိုင်အမာ လေ့လာရေးနဲ့ ပဋိပက္ခတွေ ပြောင်းလဲသွားတာ လက်ခံရေးနဲ့ ပတ်သက်ပြီး ဝါးတားတား ပြောထားတာတွေက စီမံကိန်းချ စီးပွားရေး စနစ်ကို တရုတ် ဗျူရိုကရေစီ သစ္စာဖောက်သွားတဲ့ လုပ်ရပ်အပေါ် မျက်နှာဖုံး တပ်ပေးဖို့ ဆက်လက် အသုံးတော်ခံနေတယ်။ အရင်းရှင် စနစ်ဆီ ဦးတည်သွားတဲ့ ဖြစ်ရပ်လိုမျိုး ဗျူရိုကရေစီအနေနဲ့ အရင် ရပ်တည်ချက်တွေကို သစ္စာဖောက်သွားတဲ့ အခါတိုင်း “မော် ပြောခဲ့သလိုပဲလေဗျာ၊ ပဋိပက္ခတွေနဲ့ ဒီပဋိပက္ခတွေကို ဖြေရှင်းရမယ့် ဆိုင်ရာ နည်းလမ်းတွေက ပြောင်းလဲနေတာ၊ ကျနော်တို့ တရားသေဝါဒီ ဆန်နေလို့ ဘယ်ဖြစ်မလဲ” လို့ ပြောခွင့်ရသွားတယ်။ ဒါကြောင့်ပဲ ဒီကနေ့အချိန်ထိ တရုတ် ကွန်မြူနစ် ပါတီက ပဋိပက္ခ ကျမ်းကို အရေးပါတဲ့ အောင်သီးအောင်ပွင့်အဖြစ် မြှောက်စားနေသေးတာ ဖြစ်တယ်။

ဒါကြောင့် ကွန်မြူနစ်တွေအနေနဲ့ မာ့က်စ်ဝါဒ သီအိုရီကို ဂရုတစိုက် လေ့လာဖို့ တာဝန် ရှိတယ်။ အရေးအကြီးဆုံးကတော့ ဒိုင်ယာလက်တစ် ရုပ်ဝါဒကို ကျကျနန လေ့လာဖို့ လိုအပ်တယ်၊ ဒါ့အပြင် စတာလင်ဝါဒနဲ့ မော်ဝါဒက ပြန်လည်ပြင်ဆင်ထားတဲ့ သရုပ်ပျက် ပုံဖော်ချက်တွေနဲ့ ဒိုင်ယာလက်တစ် ရုပ်ဝါဒကို ပိုင်းခြားသိမြင်တတ်အောင် သင်ယူဖို့ တာဝန်ရှိတယ်။ ကမ္ဘာ့ ဆိုရှယ်လစ် တော်လှန်ရေးတရပ် အောင်မြင်ဖို့ အရေးတကြီး လိုအပ်နေတဲ့ ကာလမှာ စတာလင်ဝါဒ အတွေးအခေါ်တွေ သေချာပေါက် ဆောင်ကျဉ်းပေးမယ့် ရှုံးနိမ့်မှုတွေကို ကျနော်တို့ ဘယ်လိုမှ လက်မခံနိုင်ဘူး။

Soruce: In defence of dialectics – a critique of Mao’s ‘On Contradiction’ by Daniel Morley and Parson Young   [originally published in issue 48 of the In Defence of Marxism magazine]

ရှင်မင်းဟန် ဘာသာပြန်တယ်