ဗင်နီဇွဲလားရဲ့ ရေနံတွေကို တားဆီးပိတ်ဆို့ထားမယ်လို့ ထရမ့်(ပ်) ကြေညာ
ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အမေရိကန် သမ္မတ ထရမ့်(ပ်)က “ဗင်နီဇွဲလား နိုင်ငံအတွင်း ဝင်ထွက်သွားလာနေသော ဒဏ်ခတ်အရေးယူထားတဲ့ ရေနံတင် သင်္ဘော အားလုံးကို အလုံးစုံ အပြည့်အဝ ပိတ်ဆို့လိုက်ပြီ” လို့ လူမှုကွန်ရက်ကနေ ကြေညာခဲ့တယ်။ နောက်တနေ့မှာတော့ ထရမ့်(ပ်)က တောင်အမေရိက နိုင်ငံကို စစ်ကြေညာတော့မလားဆိုတဲ့ ကောလာဟလတွေ ကမ္ဘာတဝှမ်း ပျံ့နှံ့သွားခဲ့တယ်။ ဒါဟာ ရေနံကြွယ်ဝတဲ့ ဒီနိုင်ငံအပေါ် အင်အားကြီး နိုင်ငံက ငါးလကြာ ဗိုလ်ကျစိုးမိုးဖို့ ကြိုးပမ်းလာခဲ့တဲ့ လှုပ်ရှားမှုကို နောက်ထပ် အရှိန်မြှင့်လိုက်ခြင်း ဖြစ်တယ်။ အမှန်အတိုင်း ပြောရရင် အမေရိကန် အစိုးရက ဗင်နီဇွဲလားနဲ့ စစ်ဖြစ်နေပြီးသား။
သြဂုတ်လကုန်ပိုင်းကတည်းက ဗင်နီဇွဲလားအပေါ် စစ်ရေးအရ သိသိသာသာ အရှိန်အဟုန်မြှင့် ရန်စလာခဲ့တာ ဖြစ်တယ်။ ကာရစ်ဘီယံ ပင်လယ်ပြင်အတွင်း ဖြန့်ကျက်ထားတဲ့ စစ်လက်နက်ပစ္စည်း စစ်အင်အားတွေ တနေ့တခြား တိုးပွားလာနေတယ်။ ဒီထဲမှာ ဖရီးဂိတ် စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ၊ လေယာဉ်တင် သင်္ဘောတွေ၊ တိုက်ခိုက်ရေး သင်္ဘောတွေ၊ နျူကလီးယား ရေငုပ်သင်္ဘော တစင်းနဲ့ စုစုပေါင်း စစ်သည်အင်အား ၁၅,၀၀၀ ပါဝင်တယ်။ အမေရိကန် ရေတပ်ရဲ့ ၂၀ ရာခိုင်နှုန်းလောက် ကာရစ်ဘီယံ ပင်လယ်ပြင်မှာ ရောက်ရှိနေပြီး ဗင်နီဇွဲလား နိုင်ငံကို ခြိမ်းခြောက်နေတယ်။
အခု ဖြန့်ကျက်နေရာချထားတဲ့ စစ်အင်အားဟာ ရန်စဖို့သက်သက် မဟုတ်တော့ဘူး။ ဒီစစ်အင်အားတွေကို လက်တွေ့ အသုံးပြုထားတယ်။ ဝါရှင်တန်ဘက်က ‘မူးယစ်ဆေးဝါးတင် လှေတွေ” လို့ နာမည်တပ်ထားတဲ့ ရေယာဉ်တွေကို ယူအက်စ် ရေတပ်က တိုက်ခိုက်ခဲ့တယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၉၀ကျော် အသတ်ခံထားရတယ်။ ဒီလှေငယ်လေးတွေဟာ မူးယစ်းဆေးဝါး ကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေအတွက် ခိုင်လုံတဲ့ သက်သေ အထောက်အထား တခုမှ ထုတ်မပြနိုင်ဘူး။
ဗင်နီဇွဲလားကမ်းရိုးတန်းတလျှောက်မှာ ယူအက်စ် တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ လေယာဉ်တွေ အဆက်မပြတ် တရစ်ဝဲဝဲ ပျံသန်းခဲ့တယ်။ ဗင်နီဇွဲလား လေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခဲ့တာတွေတောင် ရှိခဲ့တယ်။
“ဗင်နီဇွဲလားနိုင်ရဲ့ ထက်အောက်ဝန်းကျင် လေပိုင်နက် တခွင်တပြင်လုံးကို ပိတ်ဆို့လိုက်ပြီ” နိုဝင်ဘာ ၂၉ရက်နေ့မှာ ထရမ့်(ပ်)က တဖက်သတ် ကြေညာခဲ့တယ်။ ဗင်နီဇွဲလား လေပိုင်နက်က ယူအက်(စ်) အာဏာစက်အောက်မှာ မရှိဘူး။ ဒါပေမဲ့ ဒီလို ခြိမ်းခြောက်လိုက်ရုံနဲ့ ပြည်ပ လေကြောင်းလိုင်းအများစုက ဗင်နီဇွဲလား ခရီးစဉ်တွေကို ရပ်ဆိုင်းပစ်လိုက်တယ်။ ဒါဟာ လက်တွေ့အားဖြင့် လေကြောင်းလမ်း ပိတ်ဆို့မှု ဖြစ်သွားတာပဲ။
ဗင်နီဇွဲလားကနေ ရေနံစိမ်း စည်ပေါင်း နှစ်သန်း တင်ဆောင်ထွက်ခွာလာတဲ့ ရေနံတင် သင်္ဘောကြီး တစင်းကို ဒီဇင်ဘာ ၁၀ရက်နေ့မှာ ယူအက်စ်က ဖမ်းဆီးသိမ်းပိုက်လိုက်တယ်။ ဒီလုပ်ရပ်က ဓားပြတိုက်တာ မဟုတ်ရင် ဘာလဲ။ အခုလို စစ်ရေးနည်းနဲ့ ရန်စတိုက်ခိုက်လိုက်ခြင်းရဲ့ လက်ငင်း အကျိုးဆက်အဖြစ် တခြား ရေနံတင် သင်္ဘော အတော်များများလဲ ဗင်နီဇွဲလားကနေ ရေနံ မတင်ရဲတော့ဘူး။ ဒါဟာ ဗင်နီဇွဲလားကို လက်တွေ့အားဖြင့် ရေနံ ပိတ်ဆို့မှု လုပ်ဖို့ ပြင်နေတာပဲ။
ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ထရမ့်ပ် ကြေညာခဲ့တဲ့ ရေနံ ပိတ်ဆို့မှုမျိုးကို နိုင်ငံတကာ ဥပဒေအရ စစ်ဆင်နွှဲတဲ့ လုပ်ရပ်အဖြစ် သတ်မှတ်ပါတယ်။ လေကြောင်း ပိတ်ဆို့မှုဟာလဲ တရားမဝင်ဘူး။ ကမ္ဘာ့ အင်အား အကြီးဆုံး နိုင်ငံရဲ့ သမ္မတဆိုသူက ဒါတွေ တခုမှ အရေးမစိုက်ဘူး။ အရင်က အိမ်ဖြူတော်ရှင် သမ္မတဟောင်းတွေဟာ သူတို့ရဲ့ နယ်ချဲ့ကျူးကျော်မှုတွေကို ဥပဒေနဲ့အညီ ဖြစ်သယောင် ဟန်ဆောင်ဖို့ ကြိုးစားလေ့ရှိတယ်၊ ‘စည်းမျဉ်းအခြေခံတဲ့ ကမ္ဘာ့ စနစ်’ (rules-based world order) အကြောင်း သူတို့ လိုသလို ပြောလေ့ရှိတယ်။
ဒါပေမဲ့ ထရမ့်(ပ်)ကတော့ သံခင်းတမန်ခင်း စည်းမျဉ်းစာအုပ်ကို ဆွဲဆုတ်ပစ်လိုက်ပြီး အင်အားကြီးသူက နိုင်စားမှာပဲ ဆိုတဲ့ နိယာမကသာ အရေးပါတဲ့ တခုတည်းသော နိယာမဖြစ်ကြောင်း တလောကလုံးရှေ့ ချပြလိုက်တယ်။
ထရမ့်(ပ်)က သူ့ရဲ့ လူမှုကွန်ယက် ကြေညာချက်မှာ “ဒဏ်ခတ်အရေးယူထားတဲ့ ရေနံတင် သင်္ဘောတွေ”ကိုပဲ ပိတ်ဆို့လိုက်ခြင်း ဖြစ်ကြောင်း ပြောထားတယ်။ တကယ်တမ်းတော့ အခုလို တဖက်သတ် ရန်စတိုက်ခိုက်မှုကို တရားဝင်သယောင် ဟန်ပြဖို့ ကြိုးစားတာပဲ။ လက်တွေ့မှာတော့ ဒီဒဏ်ခတ် အရေးယူမှုတွေကို ယူအက်စ်ကိုယ်တိုင်ပဲ ချမှတ်ခဲ့တာ ဖြစ်တယ်။ ဗင်နီဇွဲလား အစိုးရပိုင် ရေနံကုမ္ပဏီ PDVSA က အသုံးပြုနေတဲ့ ရေနံတင် သင်္ဘော အားလုံးရဲ့ ၄၅ ရာခိုင်နှုန်းခန့်ဟာ အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှု ခံထားရပြီးသား ဖြစ်တယ်။ PDVSA အပေါ် ယူအက်စ်ရဲ့ ဒဏ်ခတ် အရေးယူမှုကနေ ထွက်ပေါ်လာမယ့် ဆင့်ပွား ဒဏ်ခတ်မှုတွေက ရေနံတင် သင်္ဘော အများကြီးကို သက်ရောက်မှု ထပ်ရှိဦးမယ်၊ ဒီတော့ တိုက်ရိုက် ဒဏ်ခတ်ခံရတဲ့ စာရင်းထဲ စိတ်ကြိုက် ထပ်တိုးလို့ ရသွားတယ်။ တကယ်လဲ ပြီးခဲ့တဲ့ တပတ်တည်းမှာတင် နောက်ထပ် ရေနံတင် သင်္ဘော ခြောက်စင်းကို ဒဏ်ခတ်အရေးယူတဲ့ စာရင်းထဲ ယူအက်စ်ဘက်က ထပ်ထည့်လိုက်တယ်။
ကြုံလို့ ပြောရရင် ၂၀၁၇-၁၉ ခုနှစ်ကတည်းက ချမှတ်ထားတဲ့ ဒီပိတ်ဆို့ အရေးယူမှုတွေဟာ ၂၀၁၅ ခုနှစ်က အိုဘားမား ထုတ်ပြန်ခဲ့တဲ့ သမ္မတ တိုက်ရိုက် အမိန့်ပေါ် အခြေခံထားတာ ဖြစ်နေတယ်။ ဗင်နီဇွဲလား နိုင်ငံဟာ “အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒအတွက် ‘ထူးခြားပြီး သာမန်ထက် လွန်ကဲသော ခြိမ်းခြောက်မှု (!!)” ဖြစ်တယ်လို့ အိုဘားမားရဲ့ အမိန့်ထဲမှာ ကြေညာထားတယ်။ ဒါဟာ အမေရိကန် နယ်ချဲ့စနစ်ရဲ့ ပါတီကြီး နှစ်ခုစလုံး သဘောထားချင်း တူညီနေပုံကို ဖော်ပြနေတာလဲ ဖြစ်တယ်။
ဒါကြောင့် ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားဖို့က ဒါဟာ ရေနံတင် သင်္ဘော အနည်းငယ်ကိုပဲ ပစ်မှတ်ထားတဲ့ လုပ်ရပ်တခု မဟုတ်ဘူး၊ ဗင်နီဇွဲလား တနိုင်ငံလုံးရဲ့ ရေနံ ကဏ္ဍကို အလုံးစုံ ပိတ်ဆို့လိုက်တဲ့ လုပ်ရပ်သာဖြစ်တယ်။ တခုတည်းသော ချွင်းချက်ဆိုလို့ ယူအက်စ်ရဲ့ နိုင်ငံဖြတ်ကျော် ကုမ္ပဏီ ရှက်ဗရွန် (Chevron) ပဲ ရှိတယ်။ ရှက်ဗရွန် ကုမ္ပဏီ တခုသာ အထူးလိုင်စင်နဲ့ ဆက်လက်လုပ်ကိုင်ခွင့်ရနေပြီး အခုအခါမှာ ရေနံ စျေးကျတဲ့ အကျိုးကျေးဇူးကိုပါ ခံစားနေရတယ်။ ဒီလို ရာဇဝတ်မှုမြောက်တဲ့ ပိတ်ဆို့မှုဟာ ရေနံ ပို့ကုန်အပေါ် အဆမတန် မှီခိုနေရတဲ့ တိုင်းပြည်တခုရဲ့ စီးပွားရေးကို လုံးဝဥဿုံ ထိခိုက်ပျက်စီးသွားအောင် ရည်ရွယ်ထားခြင်း ဖြစ်တယ်။ ဗင်နီဇွဲလားမှာ ရေနံကရတဲ့ ဝင်ငွေဟာ အစိုးရဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်း၊ ဂျီဒီပီ (GDP) ရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ နိုင်ငံခြား ပို့ကုန်ဝင်ငွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်အထိ ရှိနေတယ်။ ဒါကြောင့် ဒီပိတ်ဆို့မှုဟာ ဗင်နီဇွဲလား သာမန် ပြည်သူတွေရဲ့ ဘဝအပေါ် လက်တွေ့ သက်ရောက်မှုတွေ မြန်မြန်ဆန်ဆန် ဖြစ်သွားစေလိမ့်မယ်။
ရေနံ ဝယ်ယူသူတွေနဲ့ သင်္ဘောလိုင်းတွေက သူတို့ ဘေးမသင့်ရအောင် ကြိုတင်ကာကွယ်ဖို့ ကြိုးစားလာကြတယ်။ ဒါကြောင့် ထရမ့်(ပ်)ရဲ့ ခြိမ်းခြောက်မှုတွေဟာ အခုတည်းက ဗင်နီဇွဲလား ရေနံ ဈေးနှုန်းကို ကျဆင်းသွားစေခဲ့ပြီ။
တရားဝင် စစ်ကြေညာတာမျိုးလဲ မရှိ၊ ဗင်နီဇွဲလား မြေပေါ် ယူအက်စ်က လက်တွေ့ တိုက်ခိုက်လာတာတွေလဲ မရှိသေးတာတောင် ဝါရှင်တန်ဟာ လက်တွေ့အားဖြင့် ဗင်နီဇွဲလားကို စစ်ကြေညာထားပြီးသား ဖြစ်နေပြီ။ ထရမ့်(ပ်)ကတော့ ဗင်နီဇွဲလားကို မြေပြင်ကနေ စစ်ကြောင်းထိုး တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားတယ်။
ထရမ့်(ပ်)ရဲ့ ထုတ်ပြန်ချက်မှာတော့ သူ့ထုံးစံအတိုင်း ကြုံးဝါးသံတွေ၊ အမွှမ်းတင်သံတွေ အပြည့်နဲ့ ရေးထားတယ်။ “ဗင်နီဇွဲလားနိုင်ငံဟာ တောင်အမေရိက သမိုင်းတလျှောက် အကြီးမားဆုံးသော စစ်အင်အားတွေနဲ့ အပြည့်အဝ ဝိုင်းထားခံလိုက်ရပြီ”လို့ ထရမ့်(ပ်)က ကြေညာထားတယ်။ “ဒီစစ်အင်အားက ခုထက် ကြီးမားလာဖို့ပဲ ရှိတယ်၊ ဗင်နီဇွဲလား တခါမှ မကြုံဖူးသေးတဲ့ တုန်လှုပ်မှုမျိုးနဲ့ ခြောက်ခြားသွားစေရမယ်” လို့လဲ ကတိပေးထားတယ်။
ပြောရတာ စိတ်တော့ မကောင်းဘူး အမေရိကန် သမ္မတကြီးရေ၊ ခင်ဗျားရဲ့ သမိုင်း အသိက ချို့တဲ့လွန်းတယ်။ ဒါတောင် သက်သက်ညှာညှာ ပြောထားတာ။ ၁၇၄၁ ခုနှစ်မှာ ဗြိတိန် နယ်ချဲ့သမားတွေ Cartagena de Indias ဆိုတဲ့ ကမ်းခြေမြို့လေးကို ရေတပ်နဲ့ ပိတ်ဆို့ခဲ့တုန်းက အင်အား အဆမတန် များခဲ့တယ်၊ (စစ်သင်္ဘော ၅၀ အပါအဝင်) ရေယာဉ် စုစုပေါင်း ၁၈၀ ကျော်အထိ ရှိခဲ့တယ်၊ ထရမ့်က စစ်သင်္ဘော ၁၂ စီးပဲ ချထားရသေးတယ်။ အဲ့တုန်းက ဗြိတိန် ရေတပ် အင်အား ၃၀၀၀၀ လောက် ရှိခဲ့တယ်၊ ထရမ့်(ပ်)ရဲ့ ရေတပ် အင်အားက ၁၅၀၀၀ ပဲ ဖြန့်ထားရသေးတယ်။ ဟုတ်ပါတယ်၊ နည်းပညာနဲ့ ပစ်အားကိုပဲ ကြည့်မယ်ဆိုရင် အခုလက်ရှိ နေရာချထားတဲ့ စစ်အင်အားက ပိုတောင့်တင်းကောင်း တောင့်တင်းလိမ့်မယ်၊ ဒါပေမဲ့ အင်အားအရတော့ ပိုမကြီးမားတာ သေချာတယ်။ အဲဒီတုန်းကတော့ ဗြိတိသျှတွေ အရေးနိမ့်သွားခဲ့တာပဲ။
ဒီလို စစ်အင်အား အလုံးအရင်း ချထားရတာ ကုန်ကျစရိတ် အလွန်များပါတယ်။ အခုချိန်ထိ စုစုပေါင်း ကုန်ကျစရိတ်က ဒေါ်လာ သန်းပေါင်း ရာချီနေပြီ။ ဒါဟာ ထရမ့်(ပ်) ကြုံနေရတဲ့ ပြဿနာပဲ။ လေယာဉ်တင် သင်္ဘော တစီးနဲ့အတူ ဖျက်သင်္ဘော အုပ်စုတွေ အမြောက်အမြား ပါဝင်တဲ့ USS Gerald R. Ford စစ်ရေယာဉ်စုဆိုရင် တစ်ရက်တာ လည်ပတ်စရိတ် အမေရိကန်ဒေါ်လာ ၆ သန်းကနေ ၈ သန်းကြား ရှိမယ်လို့ ခန့်မှန်းရတယ်။ E-3 AWACS ကင်းထောက်လေယာဉ် တစင်း ပျံသန်းဖို့အတွက် တနာရီကို ဒေါ်လာ ၄၀,၀၀၀ နီးပါး ကုန်ကျတယ်။ အခု ချသုံးထားတဲ့ စစ်အင်အားထဲမှာ F-35 တိုက်လေယာဉ်တွေ၊ B-52 ဗုံးကြဲလေယာဉ်တွေ၊ AC-130 တိုက်ခိုက်ရေး လေယာဉ်တွေနဲ့ MQ-9 Reaper ဒရုန်းတွေလဲ ပါနေတယ်။
ရေနံ ကဏ္ဍကို အလုံးစုံ ပိတ်ဆို့ကြောင်း ကြေညာလိုက်တာဟာ ဗင်နီဇွဲလား မြေပေါ် စစ်ဆင်ရေး တကယ် မလုပ်ဘဲ ရန်စတိုက်ခိုက်မှုကို အရှိန်မြှင့်တင်တဲ့ နည်းတခုလို့ ယူဆရတယ်။ မြေပြင် စစ်ဆင်ရေးတွေ တကယ် လုပ်လိုက်ရင် စွန့်စားလွန်းရာကျသလို ဘာရလဒ် ထွက်မလဲ မသေချာဘူး။
ဗင်နီဇွဲလားကို ယူအက်စ် ရန်စတိုက်ခိုက်ခြင်းရဲ့ အကြောင်းရင်းများ
ကျနော်တို့ ရှင်းပြဖူးသလိုပါပဲ။ (ကိုလံဘီယာနဲ့ လက်တင် အမေရိကတခွင် အပါအဝင်) ဗင်နီဇွဲလားအပေါ် နယ်ချဲ့သမားတွေ အခုလို ရန်စ တိုက်ခိုက်လာခြင်းရဲ့ ရည်ရွယ်ချက်က ‘လူ့အခွင့်အရေး’တို့၊ ‘ဒီမိုကရေစီ’တို့နဲ့ လားလားမှ မသက်ဆိုင်ဘူး။ ထရမ့်(ပ်)က သူ့အရင် သမ္မတဟောင်းတွေလောက်တော့ ကြောင်သူတော် မဆန်ဘူး ပြောရမယ်။ သူ့ရဲ့ ရန်စတိုက်ခိုက်မှုကို လစ်ဘရယ် နံငယ်ပိုင်းလေးတောင် အုပ်မထားဘဲ ဝတ်လစ်စားလစ် ပြထားတယ်။
ဒီရန်စတိုက်ခိုက်မှုဟာ မူးယစ်ဆေးဝါး ကိစ္စနဲ့လည်း မဆိုင်လှဘူး။ Fentanyl ကို ဗင်နီဇွဲလားမှာ ထုတ်လုပ်တာ မဟုတ်သလို၊ ဗင်နီဇွဲလားကိုဖြတ်ပြီး မှောင်ခိုကူးတာမျိုးလဲ မရှိဘူး။ ကိုကင်း ဆိုရင်လဲ ဗင်နီဇွဲလားမှာ မထုတ်လုပ်သလို၊ ဗင်နီဇွဲလား နယ်နိမိတ်ကို ဖြတ်သန်းပြီး မှောင်ခိုကူးတဲ့ ပမာဏကလဲ မပြောပလောက်ဘူး။ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနဲ့ အမေရိကန်မှာ ထောင်ဒဏ် (၄၅) နှစ် ချမှတ်ခံထားရတဲ့ ဟွန်ဒူးရပ်စ် သမ္မတဟောင်း ဟွမ် အော်လန်ဒို ဟာနန်ဒက်ဇ် (Juan Orlando Hernandez) ကိုတော့ ထရမ့်က မကြာသေးခင်ကတင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်။
ဒါဟာ ယူအက်စ်ကို ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူတွေ ဝင်ရောက်လာတဲ့ကိစ္စ ဒါမှမဟုတ် အမေရိကန်မှာရှိတဲ့ ဗင်နီဇွဲလား နိုင်ငံသားတွေရဲ့ ရာဇဝတ်မှုတွေနဲ့လဲ မဆိုင်ဘူး။ အမေရိကန်ကနေ ပြည်နှင်ဒဏ်ပေးခံရသူတွေကို ဗင်နီဇွဲလားဘက်က လေကြောင်းနဲ့ ပြန်လည်လက်ခံပေးဖို့ သဘောတူထားတယ် (ဒီသဘောတူညီချက်ကို ယနေ့တိုင် လက်တွေ့ကျင့်သုံးနေဆဲဖြစ်တယ်)။ ဗင်နီဇွဲလားကို ကျူးကျော်စစ် ဆင်နွှဲလိုက်ရင် စစ်ပြေးဒုက္ခသည်တွေကြောင့် ရွှေ့ပြောင်းအခြေချမှု ဖိအား ပိုကြီးထွားလာနိုင်သေးတယ်။
အမေရိကန် နယ်ချဲ့သမား အခုလို ပိုအတင့်ရဲလာခြင်းဟာ ရေနံနဲ့ သဘာဝ သယံဇာတ ကိစ္စတွေနဲ့ ပတ်သက်တယ်လို့ အတော်များများက ပြောကြတယ်။ တကယ်လဲ ဒီအချက်က အရေးကြီးတဲ့ အချက်တချက်ပါပဲ။ ဗင်နီဇွဲလားမှာ ကမ္ဘာ့အကြီးဆုံးဆိုတဲ့ ရေနံသိုက်တွေ ပိုင်ဆိုင်ထားတယ်။ ဒါ့အပြင် ဗင်နီဇွဲလားကနေထွက်တဲ့ သိပ်သည်းဆမြင့် ရေနံစိမ်း (extra heavy crude) ကလဲ မက္ကဆီကို ပင်လယ်ကွေ့က ယူအက်စ်ပိုင် ရေနံချက် စက်ရုံတွေအတွက် အတော်လေး အဆင်ပြေတယ်။
အခုတလော ထွက်ပေါ်လာတဲ့ ထရမ့်ရဲ့ တဖျစ်တောက်တောက် ပြောဆိုချက်တွေထဲမှာ ဗင်နီဇွဲလား နိုင်ငံက အမေရိကန် ကုမ္ပဏီတွေဆီကနေ ‘ရေနံ၊ မြေယာနဲ့ ပိုင်ဆိုင်မှုတွေ’ ကို ခိုးယူခဲ့တယ်လို့ စွပ်စွဲထားတယ်။ အိမ်ဖြူတော် ဒုတိယ အတွင်းဝန် စတီဖင် မေလာ (Stephen Miller) ကလည်း လူမှုကွန်ရက်ပေါ်က သူ့ ပို့စ်တခုမှာ အခုလို ထပ်လောင်း ပြောဆိုခဲ့ပါတယ် – ‘ဗင်နီဇွဲလားရဲ့ ရေနံလုပ်ငန်းဆိုတာ အမေရိကန်ရဲ့ ချွေးနှဲစာ၊ တီထွင်ဖန်တီးနိုင်မှုနဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ တည်ဆောက်ခဲ့တာပါ။ အဲဒါတွေကို အာဏာရှင်ဆန်ဆန် သိမ်းပိုက်လိုက်တာဟာ မှတ်တမ်းတင်ထားသမျှထဲ အမေရိကန်ရဲ့ ဓနဥစ္စာနဲ့ ပိုင်ဆိုင်မှုတွေကို အကြီးမားဆုံး ခိုးယူမှုကြီးပဲ ဖြစ်ပါတယ်။ ဒီလို လုယူထားတဲ့ အရင်းအမြစ်တွေကို လုပ်ကြံခြိမ်းခြောက်ရေးဝါဒကို ဘဏ္ဍာငွေ ထောက်ပံ့ဖို့ သုံးခဲ့ကြသလို၊ ကျွန်တော်တို့ရဲ့ လမ်းမတွေပေါ်ကိုလည်း လူသတ်သမားတွေ၊ ကြေးစားစစ်သားတွေနဲ့ မူးယစ်ဆေးဝါးတွေ စီးဝင်လာအောင် လုပ်ခဲ့ကြတယ်’။”
ဒီစွပ်စွဲချက်ဟာ အတော်လေး ရူးနှမ်းသလို အဖြစ်မှန်နဲ့ ဘာမှ မဆိုင်ဘူး။ တခြားနိုင်ငံတွေဟာ သူတို့ကိုယ်ပိုင် သဘာဝ သယံဇာတကို သူတို့ပဲ ပိုင်ဆိုင်သလို၊ ဗင်နီဇွဲလားက ထွက်တဲ့ ရေနံကလဲ ဗင်နီဇွဲလားပဲ ပိုင်တယ်။ “အာဏာရှင်ဆန်ဆန် သိမ်းယူမှု”အကြောင်း ပြောလာတော့ မေလာလဲ သူ့ ဘော့(စ်)လိုပဲ သမိုင်းနဲ့ ပတ်သက်လို့ နကန်းတလုံးမှ မသိတာ ပေါ်လွင်သွားတယ်။
ဗင်နီဇွဲလားမှာ ရေနံ လုပ်ငန်းကို နိုင်ငံပိုင်သိမ်းခဲ့တာ အမေရိကန်နဲ့ အလွမ်းသင့်တဲ့ ကားလ်လို့စ် အန်ဒရေ ပီရက်ဇ် အစိုးရလက်ထက် ၁၉၇၆ ခုနှစ်မှာ ဖြစ်ပါတယ်။ အဲဒီ နိုင်ငံပိုင် သိမ်းယူမှုကလဲ ယူအက်(စ်)ရဲ့ နိုင်ငံဖြတ်ကျော် လုပ်ငန်းစုကြီးတွေ အကျိုးများအောင် လုပ်ခဲ့ခြင်း ဖြစ်တယ်။ သူတို့ကို လျော်ကြေးငွေ အမြောက်အမြားပေးပြီး နိုင်ငံပိုင်လုပ်ခဲ့ခြင်း ဖြစ်တယ်။ အဲဒီ ကုမ္ပဏီတွေက ၁၉၈၃ ဆိုရင် စာချုပ်သက်တမ်းကုန်ပြီ။ စာချုပ်သက်တမ်း ကုန်မှသာဆိုရင် ဒီကုမ္ပဏီတွေ လျော်ကြေး တပြားမှ ရစရာ မရှိဘူး။
အဲဒီနောက် ၁၉၉၀ ပြည့်လွန် နှစ်တွေကျ ရေနံ လုပ်ငန်းကို “တံခါးဖွင့်ပေးခြင်း” ဆိုတာမျိုး လုပ်ခဲ့ကြတယ်။ အဲဒီအချိန်က အမေရိကန် လက်သပ်မွေးထားတဲ့ ဗင်နီဇွဲလား အစိုးရတွေဟာ နိုင်ငံဖြတ်ကျော် ယူအက်စ် လုပ်ငန်းစုကြီးတွေကို ဗင်နီဇွဲလား ရေနံမှော်တွေမှာ အမြတ်များများ ရမဲ့ ကန်ထရိုက်တွေ ချပေးခဲ့ကြတယ်။
ထရမ့်(ပ်)နဲ့ မေလာတို့က ၂၀၀၇ ခုနှစ်တုန်းက အခြေအနေကို ရည်ညွှန်းနေတာ ဖြစ်ပါလိမ့်မယ်။ ၂၀၀၇ ခုနှစ်မှာ သမ္မတ ဟျူဂို ရှားဗေး(ဇ်)က အရင်ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ပြန်ညှိနှိုင်းခဲ့တယ်။ ဖက်စပ်လုပ်ငန်းအားလုံး (အထူးသဖြင့် အိုရီနိုကို မြစ်ဝှမ်းဒေသက လုပ်ငန်းတွေ) မှာ ဗင်နီဇွဲလားဘက်က အစုရှယ်ယာ အများစု ပိုင်ဆိုင်ရမယ်လို့ သတ်မှတ်ခဲ့တယ်။ နိုင်ငံဖြတ်ကျော် အမေရိကန် ရေနံကုမ္ပဏီ အများစုက ဒီစည်းကမ်းသစ်ကို သဘောတူခဲ့ပြီး အစုရှယ်ယာ အနည်းငယ်သာ ပိုင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေအဖြစ် ဆက်လက် လုပ်ကိုင်ခဲ့ကြတယ်။ အမေရိကန် ရေနံ ကုမ္ပဏီကြီး နှစ်ခုဖြစ်တဲ့ ExxonMobil နဲ့ ConocoPhillips တို့ကသာ လက်မခံဘဲ ငြင်းဆန်ခဲ့တာကြောင့် နှင်ထုတ်ခံခဲ့ရတာ ဖြစ်တယ်။ သူတို့လဲ နှစ်ပေါင်းများစွာကြာအောင် နိုင်ငံတကာ တရားရုံးတွေမှာ တရားစွဲဆိုခဲ့ကြပြီး လျော်ကြေးငွေ ဒေါ်လာ ဘီလီယံပေါင်းများစွာလဲ ရရှိခဲ့ကြပြီး ဖြစ်တယ်။
အမှန်ကတော့ ဗင်နီဇွဲလားက သူပဲ ပိုင်ဆိုင်ထိုက်တဲ့၊ ယူအက်စ်နဲ့ လုံးဝ မသက်ဆိုင်တဲ့ သူ့ကိုယ်ပိုင် သယံဇာတတွေအပေါ် စီမံခန့်ခွဲခွင့် ပြန်ရယူလိုက်ရုံလေးပဲ။ “ရေနံ၊ မြေယာနဲ့ ပိုင်ဆိုင်မှုတွေ” ဆိုတာ ဗင်နီဇွဲလားကပဲ ပိုင်ဆိုင်တာဖြစ်တယ်။ အမေရိကန်ပိုင်တာ မဟုတ်ဘူး။ ဒါကြောင့် ထရမ့်(ပ်) စွပ်စွဲသလိုမျိုး ဒါတွေကို “ခိုးယူခဲ့တာ”မဟုတ်ဘူး။ သူ့ပိုင်ဆိုင်မှုကို သူပြန်ခိုးတယ်ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ။
ဒါဂာ ဗင်နီဇွဲလားကို တိုက်ခိုက်လို့ကောင်းအောင် ဆင်ခြေပေးဖို့သက်သက်သာ ဖြစ်တယ်။ အခုဆိုရင် ထရမ့်(ပ်) ကိုယ်တိုင်ရဲ့ လုပ်ရပ်တွေကြောင့် မူးယစ်ဆေးဝါး “အကြောင်းပြချက်”လဲ မမှန်ဘူးဆိုတာ ထင်ရှားသွားခဲ့ပြီ မဟုတ်လား။ ရေနံ ကိစ္စကသာ တကယ့် အကြောင်းအရင်းသာဆိုရင် ဒီလောက်ထိ စစ်ရေးအရ လက်ခမောင်းခတ်ပြနေဖို့ မလိုဘူး။ အမေရိကန် ကုမ္ပဏီတွေနဲ့ ရေနံ ကန်ထရိုက်တွေ ညှိနှိုင်းရာမှာ လိုလိုလားလားရှိကြောင်း သမ္မတ မာဒူရိုက ပြသခဲ့ပြီးသား ဖြစ်တယ်။ လက်ရှိ ဗင်နီဇွဲလားမှာ အမေရိကန် ကုမ္ပဏီတွေထဲက တခုတည်းကပဲ (အထူးလိုင်စင်နဲ့) လုပ်ကိုင်နေရတဲ့ အဓိက အကြောင်းရင်းကလဲ တခြားကြောင့် မဟုတ်ဘူး၊ အမေရိကန်ဘက်က ပိတ်ဆို့အရေးယူထားလို့ပဲ။
ဗင်နီဇွဲလားကို မထိနဲ့
တကယ့် နောက်ကွယ်က အကြောင်းရင်းကတော့ အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေး မဟာဗျူဟာအသစ်ပဲ ဖြစ်ပါတယ်။ ဒီမဟာဗျူဟာအရ တိုက်ကြီးတခုလုံး (သူတို့အခေါ် ‘အမေရိကန်ပိုင် ကမ္ဘာတခြမ်း’) အပေါ် အမေရိကန်ရဲ့ နယ်ချဲ့ လွှမ်းမိုးမှုကို ပြန်သွတ်သွင်းဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်။ ယူအက်စ်က အမေရိကတိုက်ကို သူတို့ရဲ့ အိမ်နောက်ဖေးဝင်းလို့ သတ်မှတ်ထားတယ်။ အဲဒီဒေသက သဘာဝ သယံဇာတတွေကို ယူအက်စ် ကုမ္ပဏီတွေက ဘာအတားအဆီးမှ မရှိဘဲ လွတ်လွတ်လပ်လပ် မြေကြီးလက်ခတ်မလွဲ ရယူနိုင်အောင် လုပ်ချင်နေတာ ဖြစ်တယ်။ အမေရိကန် နယ်ချဲ့သမားဟာ ‘ဒီကမ္ဘာခြမ်းက မဟုတ်တဲ့ အင်အားစုတွေ’ (ဆိုလိုတာက တရုတ်နိုင်ငံ) ကို လက်တင် အမေရိကဆီက ဖယ်ရှားပစ်ချင်တယ်၊ အဲဒီလို လုပ်ဖို့အတွက် စီးပွားရေးအရ ဖိအားပေးတာ၊ သံတမန်ရေးအရ ဗိုလ်ကျ စိုးမိုးတာတွေအပြင် လိုအပ်ရင် စစ်ရေးနည်းလမ်းကိုပါ သုံးမယ်လို့ အတိအလင်း ကြေညာထားတယ်။
တခြားသော အကြောင်းပြချက်တွေဖြစ်တဲ့ (မိုင်ယာမီက ဖောက်ပြန်တဲ့ ကျူးဘား ပြည်ပြေး Gusanos တွေ အကြိုက် လုပ်ပေးတာ၊ ကျူးဘား တော်လှန်ရေးကို ထိုးနှက်နိုင်တာ၊ စတာတွေ) က အပိုရတဲ့ ဘွန်းနပ်(စ်)တွေ ဖြစ်ပါတယ်။
အခုထိတော့ အမေရိကန် နယ်ချဲ့သမားရဲ့ ရည်မှန်းချက်တွေ မအောင်မြင်သေးဘူး။ ဒါကြောင့်လဲ လိုသမျှ နည်းလမ်းပေါင်းစုံ သုံးပြီး ဖိအားတိုးပေးဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်။ လောလောဆယ်တော့ ရေနံတင်ပို့မှုကို ပိတ်ဆို့တားဆီးတဲ့ နည်းလမ်းကို သူတို့ ရွေးထားတယ်။ ဒါပေမဲ့ ဗင်နီဇွဲလား မြေပေါ်ကို တိုက်ရိုက် ကျူးကျော်စစ် ဆင်နွှဲတာမျိုးလဲ မလုပ်ဘူးလို့ မပြောနိုင်ဘူး။
ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားဖို့လိုတာက ကမ္ဘာပေါ်က အင်အား အကြီးဆုံးနဲ့ အဆိုးဝါးဆုံး နယ်ချဲ့ပါဝါဟာ လက်တင် အမေရိကတိုက်က အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုကို စစ်ရေးအရ ရန်စတိုက်ခိုက်မှုတွေ စလုပ်နေပြီ ဖြစ်တယ်၊ ဒါကြောင့် ဒီလုပ်ရပ်ကို ကျနော်တို့ အင်တိုက်အားတိုက် အစွမ်းကုန် ဝိုင်းဝန်း ဆန့်ကျင်ကြရလိမ့်မယ်။
Source: Trump declares an oil blockade of Venezuela – the US is already at war! By Jorge Martín
ဘာသာပြန်သူ – ဆွတ်ရိန်လင်း