ပါလဗီနဲ့ နယ်ချဲ့တွေ အီရန်ကို မထိနဲ့

အနောက်တိုင်း နယ်ချဲ့သမား ဠင်းတကြီးတွေ အီရန်အစိုးရကို ဝိုင်းဝန်း အမြတ်ထုတ်ဖို့ ကြိုးပမ်းနေကြတယ်။ ဒေါ်နယ်ထရမ့်ပ်ကလဲ ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားလာတဲ့ အချိန်တည်းက အီရန်အရေးမှာ ဝင်ရောက်စွက်ဖက်မယ်လို့ သုံးကြိမ်တိုင်တိုင် ခြိမ်းခြောက်ထားတယ်။ တဖက်မှာလဲ အစ္စရေးနိုင်ငံရဲ့ မော့ဆက် (Mossad) ထောက်လှမ်းရေးအဖွဲ့က သူတို့ရဲ့  X (Twitter) အကောင့် ကနေတဆင့် ဖာရ်စီဘာသာစကားနဲ့ “အားလုံး လမ်းမပေါ်ထွက်ခဲ့ကြပါ။ အချိန်ကျပြီ။ ငါတို့ မင်းတို့နဲ့အတူ ရှိနေတယ်။ အဝေးကနေ အပြောသက်သက် မဟုတ်ဘူး၊ မြေပြင်မှာလဲ မင်းတို့နဲ့အတူ ရှိနေတယ်” ဆိုပြီး စိုးရိမ်စရာကောင်းတဲ့ သတင်းစကားတွေ ဖြန့်နေတယ်။

အနောက်တိုင်း နယ်ချဲ့သမားဟာ ကမ္ဘာပေါ်မှာ အဖောက်ပြန်ဆုံး အင်အားစုတွေ ဖြစ်တယ်။ ဒီနယ်ချဲ့သမားတွေဟာ အရှေ့အလယ်ပိုင်းက နိုင်ငံအတော်များများကို ဖျက်ဆီးပစ်ခဲ့ကြပြီးပြီ၊ အခုလဲ အီရန်နိုင်ငံကို အလားတူဖြစ်အောင် ထပ်ပြီး ခြိမ်းခြောက်နေကြတယ်။

အခုဆိုရင် အီရန်မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာ ၁၆ ရက်ကျော် ရှိသွားပြီ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ညနေကစပြီး အီရန်အစိုးရဟာ အင်တာနက်တွေကို ဖြတ်တောက်လိုက်တယ်။ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ မြို့ကြီးပြကြီး ၄၆ မြို့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပြီး၊ ကာ့ဒ်ဒေသတွေမှာဆိုရင်လဲ ဈေးတွေအားလုံးနီးပါး ပိတ်ပြီး သပိတ်မှောက်နေကြပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ တာဘရစ် (Tabriz)၊ ထဲရန် (Tehran)၊ ကာမန်ရှား (Kermanshah) နဲ့ တခြားမြို့ကြီးတွေဆီအထိ ပျံ့နှံ့လာနေပြီ ဖြစ်တယ်။

အင်တာနက်တွေ ဖြတ်တောက်ခံထားရတဲ့ကြားက ကြားဖြတ်ထွက်ပေါ်လာတဲ့ သတင်းတွေအရ အခြေအနေဟာ အတော်လေး ဖရိုဖရဲ ဖြစ်နေပြီး လုံခြုံရေး တပ်ဖွဲ့တွေနဲ့လဲ အကြမ်းဖက် ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။ ထဲရန်နဲ့ သူ့အနီးအနားက စက်မှုမြို့ကြီးဖြစ်တဲ့ ကာရက်ဂျ် (Karaj)၊ မာရှတ် (Mashhad) တို့အပြင် ဆက်ကက်ဇ် (Saqqez) နဲ့ အာဘဒါလန် (Abdanan) လိုမျိုး ကာ့ဒ်လူမျိုးစု မြို့တွေမှာလဲ လမ်းမပေါ်ကို ပြည်သူတွေ အုံနဲ့ကျင်းနဲ့ ထွက်လာကြတယ်။ လူငယ်တွေဟာ လမ်းမတွေပေါ်မှာ ဘယ်ရီကိတ်တွေချပြီး မီးရှို့တာတွေ လုပ်ကြသလို အစိုးရရဲ့ အာဏာစက်ကို ကိုယ်စားပြုတဲ့ စစ်တန်းလျားတွေနဲ့ ရုံးဌာနတွေကိုလဲ တိုက်ခိုက်နေကြတယ်။

အီရန်အစိုးရဘက်က အင်တာနက် ဖြတ်တောက်လိုက်တာဟာ သက်သေတွေကို ဖျောက်ပြီး ပြည်သူတွေကို သေကျေအောင် အကြမ်းဖက်နှိမ်နင်းဖို့ ဆုံးဖြတ်လိုက်တာပဲ။ HRANA ရဲ့ အတည်ပြုချက်အရ သေဆုံးသူ ၅၄၄ ဦး ရှိသွားပြီ၊ တကယ့် အရေအတွက်က ဒီထက်မက အများကြီး ပိုများနိုင်တယ်။ ဒီကိန်းဂဏန်းတွေဟာ ဆေးရုံဝန်ထမ်းတွေဆီက ရတဲ့ သတင်းတွေဖြစ်လို့ တကယ် ယုံကြည်ရတယ်။ တဖက်မှာလဲ ဖမ်းဆီးခံရသူ ၁၀,၆၈၁ ဦးထက်မက ရှိနေပြီ။ အင်တာနက် မဖြတ်ခင်တုန်းက သေဆုံးသူ အရေအတွက်ဟာ ဆယ်ဂဏန်းလောက်ပဲ ရှိခဲ့ပေမဲ့ အခုဆိုရင် ထဲရန် တမြို့တည်းမှာတင် လူ ၂၀၀ အသတ်ခံလိုက်ရပြီလို့ သတင်းတွေ ထွက်နေတယ်။ လက်ရှိမှာ ဒါကို အတည်ပြုဖို့ ခက်နေပေမဲ့ အခြေအနေတွေက တဟုန်ထိုး ဆိုးရွားလာနေတာကြောင့် ဒါဟာ သပိတ်မှောက် ဆန္ဒပြ အုံကြွမှုလှိုင်းတွေ ၂၀၁၈ခုနှစ်မှာ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ဖိနှိပ်မှုအပြင်းထန်ဆုံးနဲ့ အသေအပျောက် အများဆုံး နှိမ်နင်းမှုတခုပဲ။

ကြာသပတေးနေ့ မတိုင်ခင်ကတည်းက အခြေအနေတွေက တင်းမာနေခဲ့တယ်။ ကာ့ဇ်ဗင် (Qazvin)၊ ဘော့ဂျနော့ဒ် (Bojnourd)နဲ့ ဟာမေဒန် (Hamedan) လို မြို့တွေမှာ ဆန္ဒပြပွဲတွေက အရင်ထက် ပိုကြီးမားလာတယ်။

ကာ့ဒ်လူမျိုးစုဒေသတွေမှာဆိုရင် အခြေအနေက ပိုတောင် ဆိုးသေးတယ်။ အီလန် (Ilam) နဲ့ အာဘဒါလန် (Abdanan) မြို့တွေမှာ ဆန္ဒပြသူတွေက လုံခြုံရေးတပ်ဖွဲ့တွေကို ခေတ္တမောင်းထုတ်နိုင်ခဲ့ကြတယ်။ အီလန်မြို့မှာဆိုရင် လူထုက အစိုးရကို လှောင်ပြောင်တဲ့အနေနဲ့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဆယ်ကျော်သက် လူငယ်တယောက်ကို အုပ်ချုပ်ရေးမှူးအသစ်အဖြစ်တောင် ကြေညာခဲ့ကြတယ်။

၂၀၂၂မှာ မာဆာ အာမီနီ(Mahsa Amini) အသတ်ခံလိုက်ရတဲ့အတွက် အုံကြွမှုကြီးကို မီးမွှေးပေးသလို ဖြစ်ခဲ့တယ်။ အခု မာဆာအာမီနီရဲ့ ‌ဇာတိမြို့ဖြစ်တဲ့ ကာ့ဒ်လူမျိုးတွေ နေထိုင်တဲ့ ဆက်ကက်ဇ် (Saqqez) မြို့မှာလဲ ဗုဒ္ဓဟူးနေ့ညကစပြီး လမ်းပေါ် တိုက်ပွဲတွေ ဖြစ်နေပြီ။ ဒါဟာ ကာ့ဒ်ဒေသတွေက ဈေးတွေအားလုံး ပါဝင်မယ့် အထွေထွေသပိတ်ကြီး ဖြစ်လာတော့မယ်ဆိုတာကို ကြိုတင်ပြသလိုက်တာပဲ။

ထဲရန်၊ မာရှတ်၊ ကာမန်ရှားလို မြို့ကြီးတွေမှာ လမ်းပေါ်ထွက် ဆန္ဒပြတာတွေ ရှိပေမဲ့လဲ မြို့အနှံ့ ပြန့်ကျဲနေတဲ့ လမ်းပေါ်တိုက်ပွဲတွေအဖြစ် မြန်မြန်ဆန်ဆန်ပဲ ပြောင်းလဲသွားတယ်။ မြို့ကြီးက အလုပ်သမား လူတန်းစားတွေဟာ နယ်မြို့တွေနဲ့ မြို့ငယ်လေးတွေမှာလို အလုံးအရင်းနဲ့ ပါဝင်လာတာမျိုး မရှိသေးဘူး။ အလုပ်သမားထုဟာ အစိုးရကို ရွံရှာမုန်းတီးကြပေမဲ့ တဖက်မှာလဲ ကြောက်စိတ် ရှိနေကြတယ်။ အရင်းခံအကြောင်းက ရှင်းလင်းပြတ်သားတဲ့ တော်လှန်ရေး alternative တခုကို မမြင်ရသေးဘဲ နယ်ချဲ့သမားတွေ ဝင်ရောက်စွက်ဖက်မယ့် အန္တရာယ်ကိုသာ မြင်နေရလို့ပဲ။

အင်တာနက်တွေ မပြတ်ခင်လေးမှာပဲ ခုဇက်စတန် (Khuzestan) နဲ့ ဘူရှာ (Bushehr) ဒေသတွေမှာ ဆန္ဒပြပွဲတွေ စတင်လာတာကလဲ အင်မတန် ထူးခြားတဲ့ အချက်ဖြစ်တယ်။  ခုဇက်စတန်ဒေသက အာဝက်ဇ် (Ahwaz) နဲ့ အာဘာဒန် (Abadan) မြို့တွေမှာ ဈေးသည်တွေ ဈေးပိတ်သပိတ်မှာ ပါဝင်လာသလို လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာလဲ ပူးပေါင်းလာကြတယ်။ အဲဒီကနေတဆင့် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ မြို့အနှံ့အပြားမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာခဲ့တယ်။

ဒီဒေသတွေဟာ အရေးကြီး ရေနံဓာတုစက်ရုံကြီးတွေရှိတဲ့ အရေးပါတဲ့ ဒေသတွေဖြစ်တယ်။ ၂၀၁၈ ခုနှစ်ကစပြီး လူတန်းစား တိုက်ပွဲတွေ မကြုံစဖူး ပြင်းထန်လာခဲ့တဲ့ ကာလတလျှောက် ဒီဒေသတွေဟာ အဓိက ဗဟိုချက်ဖြစ်ခဲ့ပြီး ရေနံ အလုပ်သမား သပိတ်တွေ၊ အုံကြွမှုတွေနဲ့ ဆန္ဒပြပွဲတွေဟာ နှစ်တိုင်းလိုလို ဖြစ်ပွားနေခဲ့တယ်။ ဘန်ဒါကန်ဂန် (Bandar Kangan) မှာဆိုရင် စီးပွားရေးဆိုင်ရာ တောင်းဆိုချက်တွေနဲ့ သပိတ်မှောက်နေတဲ့ ရေနံအလုပ်သမား အုပ်စုငယ်တခုကတောင် ဆန္ဒပြပွဲတွေမှာ ပါဝင်လာခဲ့ကြတယ်။

မြို့ကြီးတွေနဲ့ ခုဇက်စတန်မှာ လူငယ် အလုပ်သမားတွေ ပါဝင်တဲ့ အင်အားကြီး ဆန္ဒပြပွဲတွေ ပေါက်ကွဲထွက်လာနိုင်ခြေ ရှိတယ်။ ကာ့ဒ်မြို့တွေမှာဆိုရင် လူငယ်တွေက အစိုးရတပ်တွေကို ရပ်ထဲရွာထဲကနေ မောင်းထုတ်နိုင်တဲ့ အခြေအနေမျိုးလဲ ဖြစ်လာနိုင်တယ်။ ၂၀၂၂ အုံကြွမှုတုန်းကလဲ အစိုးရဟာ ကာ့ဒ်မြို့တွေကို သုံးလကြာအောင် ထိန်းချုပ်မှု လက်လွှတ်ခဲ့ရပြီး ပြည်တွင်းစစ်ဆန်ဆန် အခြေအနေမျိုး ဖြစ်ခဲ့ဖူးတယ်။

အခုလဲ ၂၀၂၂ တုန်းကလိုပဲ လူငယ်တွေရဲ့ အုံကြွမှုကို တကယ့်တော်လှန်ရေးတခုအဖြစ် ပြောင်းလဲပစ်မယ့် အဆုံးအဖြတ် ထိုးနှက်ချက်ကို အလုပ်သမားလူတန်းစားကပဲ ထိုးနှက်နိုင်လိမ့်မယ်။

နယ်ချဲ့မီဒီယာတွေရဲ့ မျောက်ပွဲနဲ့ စစ်ရေးအရ စွက်ဖက်ရေး ခြိမ်းခြောက်မှုများ

အီရန်လူထုက သွေးမြေကျခံ၊ အသက်ပေး ဆန္ဒပြနေတဲ့အချိန်မှာ အနောက်နိုင်ငံ နယ်ချဲ့တွေကတော့ အရှေ့အလယ်ပိုင်းက သူတို့ရဲ့ ပြိုင်ဘက်ကို အားနည်းသွားအောင် ဒါမှမဟုတ် ဖျက်ဆီးပစ်ဖို့ အခွင့်အရေးကို ချောင်းနေကြတယ်။ အနောက်နိုင်ငံက အရင်းရှင် နိုင်ငံရေးသမား အတော်များများဟာ အီရန်လူထုနဲ့ ထပ်တူရှိပါတယ်ဆိုပြီး ထုတ်ဖော်ပြောဆိုနေကြတယ်။ ဒါဟာ အတော် ရွံစရာကောင်းတဲ့ ဟန်ဆောင်မှုပဲ။ အီရန် အစိုးရရဲ့ သွေးစုပ်ခြယ်လှယ်မှုအပြင် အမေရိကန် ဦးဆောင်တဲ့ ပိတ်ဆို့ အရေးယူမှုတွေကြောင့် ပြည်သူတွေ စီးပွားရေး ကျပ်တည်းမှု ပြင်းထန်လာခြင်း ဖြစ်တယ်။

ဒီနယ်ချဲ့လူရိုင်းတွေဟာ အခုဖြစ်နေတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး အတော်လေး ရယ်စရာကောင်းတဲ့ လုပ်ကြံဖန်တီးမှုတွေ ပြောနေကြတယ်။ ဇန်နဝါရီ ၉ ရက်နေ့မှာ ဒေါ်နယ်ထရမ့်ပ်က အစ္စရေး Channel 13 ရဲ့ ပြောဆိုချက်တခုကို Truth Social မှာ ပြန်မျှဝေခဲ့တယ်၊ အဲဒါကတော့ “လူပေါင်း တသန်းကျော် ဆန္ဒပြနေကြပြီ၊ အီရန်ရဲ့ ဒုတိယအကြီးဆုံးမြို့ဟာ ဆန္ဒပြသူတွေရဲ့ လက်အောက်ကို ရောက်သွားပြီ၊ အစိုးရတပ်တွေ မြို့ကနေ ထွက်သွားကြပြီ” လို့ ဆိုထားတယ်။ တကယ်တော့ မာရှတ်မြို့မှာ လူဦးရေ ၂.၄ သန်း ရှိပြီး အဲဒီအချိန်က ဆန္ဒပြပွဲတွေမှာ ပါဝင်သူဟာ ဒီမြို့ကြီးအနှံ့ ပြန့်ကျဲနေတဲ့ လူသောင်းဂဏန်းလောက်ပဲ ရှိသေးတယ်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ X အကောင့်မှာ‌တောင် ဖာရ်စီဘာသာနဲ့ “ကွမ်း (Qom)၊ မာရှတ်၊ ထဲရန်၊ ဒက်ဇ်ဖူး (Dezful) – မကြာခင် အီရန် တနိုင်ငံလုံး အီရန် ပြည်သူတွေ လက်ထဲ ရောက်တော့မယ်” ဆိုပြီး ပို့စ်တင်ခဲ့တယ်။ အမှန်တရားတို့၊ အီရန် လူထုတို့ဆိုတာ သူတို့အတွက် အရေးမပါလှဘူး။ သူတို့မျက်လုံးထဲမှာတော့ အီရန် ပြည်သူတွေရဲ့ လှုပ်ရှားမှုဟာ သူတို့ရဲ့ အရှေ့အလယ်ပိုင်းဒေသ ဗိုလ်ကျစိုးမိုးရေး တိုက်ပွဲထဲက နယ်ရုပ်တခုသက်သက်ပဲ။

နယ်ချဲ့မီဒီယာတွေဟာ အရည်အချင်းမရှိတာရော၊ ခိုင်းဖတ်တွေဖြစ်နေတာ‌ရောကြောင့် တဆိတ် တအိတ်လုပ် ပြောဆိုချက်တွေကို ထပ်ခါတလဲလဲ ဖော်ပြနေကြတယ်။ အိမ်ရှေ့မင်းသားဟောင်း ရေဇာပါလဗီ (Reza Pahlavi) ဦးဆောင်တဲ့ အီရန်ဘုရင်စနစ် လိုလားသူ ဖောက်ပြန်ရေး အုပ်စုတွေရဲ့ ပြောဆိုချက်တွေကိုလဲ ထပ်ဆင့်ဖော်ပြပေးနေကြတယ်။ ရေဇာပါလဗီဆိုတာက ၁၉၇၉ အီရန်တော်လှန်ရေးမှာ ဖြုတ်ချခံခဲ့ရတဲ့ အနောက်လိုလားသူ ရှာ (Shah) ဘုရင်ရဲ့သားပဲ။ အခုဖြစ်နေတဲ့ ဆန္ဒပြပွဲတွေကြားထဲမှာတင် ရေဇာပါလဗီကို Washington Post နဲ့ Wall Street Journal တို့က အင်တာဗျူးခဲ့ကြတယ်။ ဒါဟာ ၂၀၂၂ ကတည်းက အခုထိ ဖြစ်နေကျကိစ္စပဲ၊ တကယ်တမ်း အီရန်လူထုရဲ့ စစ်မှန်တဲ့ အသံတွေကိုတော့ နှုတ်ပိတ်ထားကြတယ်။

ဆော်ဒီ၊ အမေရိကန်နဲ့ ဗြိတိန်နယ်ချဲ့တွေ ငွေကြေးထောက်ပံ့ထားတဲ့ BBC Persian, Iran International, Manoto နဲ့ Radio Farda လို ဖာရ်စီဘာသာသုံး ပြည်ပသတင်းဌာနတွေကလဲ ဘာမှ သိပ်မထူးလှဘူး။ အဲဒီထဲမှာ Iran International ကတော့ အဆိုးဆုံးနဲ့ အကြီးဆုံးပဲ။ Iran International က အီရန် ဘုရင်စနစ် လိုလားသူတွေကို ထောက်ခံထားသလို၊ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုကိုလဲ ဗြောင်ကျကျ ထောက်ခံထားတယ်။

နယ်ချဲ့သမားတွေနဲ့ သူတို့ရဲ့ ပြည့်တန်ဆာဆန်တဲ့ မီဒီယာတွေဟာ အီရန်ကို စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့ လမ်းခင်းနေကြတယ်။ ဒါဟာလဲ အသစ်အဆန်း မဟုတ်ဘူး၊ အထူးသဖြင့် ဂါဇာစစ်ပွဲ စဖြစ်ပြီး နောက်ပိုင်း ဒါတွေက အဆန်း မဟုတ်တော့ဘူး။ အမေရိကန် နယ်ချဲ့သမားဟာ ၁၉၇၉ တော်လှန်ရေးနဲ့ပတ်သက်ပြီး အီရန်လူထုကို ဘယ်တုန်းကမှ ခွင့်မလွှတ်ခဲ့ဘူး။ အမေရိကန်ဘက်က သူ့ ကိုလိုနီနယ်မြေဟောင်းကို ပြန်လိုချင်တယ်။ အစ္စရေးကလဲ အရှေ့အလယ်ပိုင်းအပေါ် သူတို့ရဲ့ လွှမ်းမိုးမှု အာမခံချက်ရှိအောင် လုပ်ချင်တယ်။

စစ်ရေးအရ ကျူးကျော်စွက်ဖက်ရေး ဆွေးနွေးဖို့အတွက် ထရမ့်ပ်က အင်္ဂါနေ့မှာ အစိုးရအဖွဲ့ အစည်းအဝေး ခေါ်ခဲ့တယ်။ ဒါပေမဲ့ ဒီရွေးလမ်းမှာ ပြဿနာတွေ တပုံတပင် ရှိနေတယ်၊ စစ်ရေးအရ အလုံးအရင်းနဲ့ ကျူးကျော်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အီရန်ဟာ ကျယ်ပြန့်လွန်းသလို တောင်တန်းတွေလဲ ထူထပ်လွန်းတယ်။ မြို့တိုင်းနီးပါးက တောင်ကြားတွေထဲမှာ တည်ထားတယ်။ ဒါ့အပြင် နိုင်ငံခြားကျူးကျော်မှုကို ခုခံကာကွယ်ဖို့ အီရန်လူထုက ပြန်ပြီး စုစည်းသွားနိုင်တဲ့ အခြေအနေလဲ ရှိတယ်။ အီရန်မှာ ရာစုနှစ်တခုမက ကြာခဲ့တဲ့ တိုက်ပွဲသမိုင်းတွေကြောင့် အနောက်တိုင်း နယ်ချဲ့စနစ်အပေါ် မုန်းတီးမှုတွေ ပြင်းထန် နက်ရှိုင်းစွာ အမြစ်တွယ်နေတယ်။

လေကြောင်းကနေ တိုက်ခိုက်မယ်ဆိုရင်တောင် အန္တရာယ်များနေသေးတယ်။ အီရန်အစိုးရကလဲ ပြန်လည်လက်တုံ့ပြန်မယ်လို့ သန္နိဋ္ဌာန်ချထားတယ်။ အီရန် အစိုးရဟာ ချောင်ပိတ်ရိုက်ခံရပြီဆိုရင် အစ္စရေးကိုရော၊ ဖြစ်နိုင်ရင် အမေရိကန် စစ်အခြေစိုက်စခန်းတွေကိုပါ တိုက်ခိုက်ဖို့ ဝန်လေးမှာ မဟုတ်ဘူး။ ဒါဟာ (၂၀၂၅ ခုနှစ်က ဖြစ်ခဲ့တဲ့) ၁၂ရက်ကြာစစ်ပွဲနဲ့တောင် တူမှာ မဟုတ်ဘူး။ ၁၂ရက်ကြာစစ်ပွဲတုန်းက အီရန်အစိုးရဟာ အခြေအနေတွေ ပိုဆိုးမလာအောင် ရှောင်ရှားတဲ့အနေနဲ့ အစ္စရေးကို ချိုကျိုးနားရွက်ပဲ့ ပဲ့ထိန်း ဒုံးကျည်တွေနဲ့ပဲ တိုက်ခိုက်ခဲ့ပြီး အမေရိကန် စခန်းတွေကို ရှောင်ရှားခဲ့တယ်။ အဲဒီတုန်းက ကန့်သတ်ချက်နဲ့ တိုက်ခိုက်ခဲ့တာတောင်မှ အတော်လေး ပျက်ဆီးဆုံးရှုံးခဲ့တယ်။ ဒါပေမဲ့ သေရေးရှင်ရေး အခြေအနေအတွက် တိုက်ပွဲဝင်မယ့် အီရန်အစိုးရနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တော့ အမေရိကန်ကြုံရမယ့် အခြေအနေဟာ တမျိုးတမည် ပြောင်းသွားလိမ့်မယ်။

ရေဇာပါလဗီ နဲ့ ဘုရင်စနစ်လိုလားသူ လူပြက်တစု

နယ်ချဲ့သမားတွေမှာ တခြား ရွေးချယ်စရာတခု ရှိသေးတယ်၊ အဲဒါကတော့ ၂၀၂၂ မှာ သူ့ကိုယ်သူ အတိုက်အခံ ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့တဲ့ ရေဇာပါလဗီပဲ။ အီရန်-အမေရိကန် အခြေစိုက် တတ်သိပညာရှင်များ အဖွဲ့တခုဖြစ်တဲ့ “အီရန် ဒီမိုကရေစီရေး အမျိုးသား သမဂ္ဂ” (NUFDI) က ပါလဗီ ဦးဆောင်ပြီး ‘ဒီမိုကရေစီ အသွင်ကူးပြောင်းရေး’ လုပ်မယ့် အသေးစိတ်အစီအစဉ်တခု ထုတ်ပြန်ထားတယ်။ ဒီအစီအစဉ်အရဆိုရင် ရေဇာပါလဗီက ကြားဖြတ်အစိုးရကို အုပ်ချုပ်မှာဖြစ်ပြီး ကြားဖြတ်လွှတ်တော်နဲ့  (‘တော်ဝင်ရုံးတော်’လို့ ဗြောင်နာမည်တပ်ထားတဲ့)  တရားစီရင်ရေး အဖွဲ့ဝင်တွေကို ခန့်အပ်တဲ့နေရာမှာ အကြွင်းမဲ့ အာဏာပိုင်စိုးမှာ ဖြစ်တယ်။

ပါလဗီကို ထောက်ခံသူတွေကတော့ ပြည်သူ့ဆန္ဒခံယူပွဲနဲ့ တိုင်းပြုပြည်ပြု လွှတ်တော် ခေါ်ပေးမယ်ဆိုတဲ့ ကတိကဝတ်တွေကိုပဲ သူ့ရဲ့ ဒီမိုကရေစီဆန်တဲ့ အရည်အချင်းတွေအဖြစ် ထောက်ပြနေကြတယ်။

၁၉၇၉ ခုနှစ်တုန်းကလဲ အစ္စလမ်းမစ်တွေဟာ သူတို့ကိုယ်သူတို့ တော်လှန်ရေး ခေါင်းဆောင်တွေအဖြစ် ကြေညာခဲ့ကြတယ်။ အစောပိုင်းမှာ သူတို့ဟာ အခြေအနေကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ အနောက်တိုင်း နယ်ချဲ့သမားတွေဆီက ကျောထောက်နောက်ခံပြုမှု ရယူခဲ့သလို၊ နောက်ပိုင်းမှာတော့ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ ကြိုးစားနေတဲ့ ပါလဗီ အစိုးရရဲ့ အကြွင်းအကျန်တွေဆီကပါ အကူအညီတွေ ရခဲ့ကြတယ်။ သူတို့လဲ တိုင်းပြုပြည်ပြု လွှတ်‌တော် ခေါ်ခဲ့ပြီး ၁၉၇၉ မတ်လမှာ ပြည်သူ့ဆန္ဒခံယူပွဲတခု ကျင်းပခဲ့တယ်။ ဒါပေမဲ့ ဒါဟာ ဒီမိုကရေစီဆိုတဲ့ အပေါ်ယံ မျက်နှာဖုံးတခုသက်သက်ပဲ။ အာဏာ ခြေကုပ်မြဲပြီဆိုတာနဲ့ အစိုးရက တကောင်ကြွက်ဖြစ်နေတဲ့ လက်ဝဲဂိုဏ်းကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ခဲ့တယ်။ လက်ဝဲဂိုဏ်း အဲလို အထီးကျန် ဖြစ်သွားရတဲ့ အဓိက အကြောင်းကတော့ ဆိုးဝါးလှတဲ့ စတာလင်ဝါဒ အမှားတွေ ကျူးလွန်မိလို့ပဲ။

ရေဇာပါလဗီရဲ့ စီးပွားရေးစီမံကိန်းကတော့ ရိုးရှင်းတယ်၊ အီရန်ရဲ့ သဘာဝသယံဇာတတွေ (ရေနံတော့ မပါဘူးလို့ မှန်းရတယ်) အပါအဝင် စီးပွားရေးမှန်သမျှ အကြီးအကျယ် ပုဂ္ဂလိကပိုင် ပြုလုပ်ဖို့နဲ့ အီရန်ကို နိုင်ငံခြား နယ်ချဲ့သမား ဝင်လာနိုင်အောင် လမ်းဖွင့်ပေးဖို့ပဲ။ ဒါဟာ သူ့အရှင်သခင် နယ်ချဲ့သမားတွေနဲ့ နယ်ချဲ့သမားရဲ့ အီရန် လက်ပါးစေတွေအတွက် အကျိုးဖြစ်ထွန်းစေလိမ့်မယ်။

တဖက်မှာလဲ အစ္စလမ်မစ် သမ္မတနိုင်ငံရဲ့ ရောင်းရင်းကြီးတွေကို တရားစီရင်ရလောက်အောင် ရေဇာပါလဗီက ဘယ်သူမို့လို့လဲ။ သူနဲ့ ပါလဗီ အစိုးရဟောင်းရဲ့ လက်ကျန်တွေဟာ အီရန်လူထုအပေါ် ဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြသူတွေပဲ၊ ဥပမာအားဖြင့် သူတို့ တိုင်းပြည်ကနေ ထွက်ပြေးတုန်းက ဒေါ်လာ ဘီလီယံပေါင်း များစွာကို ခိုးယူသွားခဲ့ကြတယ်၊ ပါလဗီ မိသားစု တစုတည်းတင် ဒေါ်လာ ၂ ဘီလီယံ ခိုးယူသွားခဲ့တာ ဖြစ်တယ်။ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းတာနဲ့ တရားမျှတမှု ဖော်ဆောင်တာမျိုးဟာ သူတို့အဖို့တော့ အင်မတန် ကြောက်စရာကောင်းတဲ့ အစဉ်အလာတခု ဖြစ်နေလိမ့်မယ်။

အာဏာရယူဖို့ လောဘဇောကြီးနေတဲ့ စိတ်ကူးယဉ်မှုတွေ (တကယ်လုပ်ရင်လဲ ပြင်းထန်လှတဲ့ ခုခံမှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်) ကို ခဏဖယ်ထားရင်၊ ‘ခေါင်းဆောင်’ တယောက်အနေနဲ့ ရေဇာပါလဗီ တကယ်လုပ်နေတာက အီရန်လူထုရဲ့ တိုက်ပွဲကနေ အမှတ်ဝင်ယူနေရုံသက်သက်ပဲ။ ဥပမာအားဖြင့် အခုဖြစ်နေတဲ့ ကာ့(ဒ်) အထွေထွေသပိတ် အပါအဝင် အရှိန်မြင့်တက်လာတဲ့ လှုပ်ရှားမှုတွေကို ဆော်ဩခဲ့တာ ဘုရင်ရဲ့သားတော် ပါလဗီ မဟုတ်ဘူး။ အဲဒီဒေသမှာ သြဇာရှိနေဆဲဖြစ်တဲ့ ကာ့(ဒ်)ကွန်မြူနစ် ပါတီတွေက ဦးဆောင် ဆော်ဩခဲ့တာ ဖြစ်တယ်။

အခုရော ၂၀၂၂ မှာပါ ဖြစ်ပွားခဲ့တဲ့ အထွေထွေ သပိတ်မှာပါ ဒီအတိုင်းပဲ ဖြစ်ခဲ့တယ်။ အလုပ်သမားတွေ၊ ကွန်မြူနစ်တွေနဲ့ ကာ့(ဒ်)လူမျိုးတွေဟာ ပါလဗီတယောက်ရဲ့ အမိန့်ကို နာခံဖို့ မဖြစ်နိုင်ဆုံးသူတွေပဲ။ ပါလဗီရဲ့ဖခင်ဟာ ကာ့(ဒ်)လူမျိုးတွေရဲ့ အုံကြွမှုပေါင်းများစွာကို နှိမ်နင်းခဲ့သလို ကွန်မြူနစ်တွေကိုလဲ သတ်ဖြတ်တာ၊ ထောင်ချတာနဲ့ ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်ခဲ့တဲ့ ပါရှန်း လူမျိုးကြီးဝါဒီတယောက် ဖြစ်တယ်။

ရေဇာပါလဗီဟာ သူ့ဖခင်လိုပဲ အနောက်တိုင်း နယ်ချဲ့သမားရဲ့ သစ္စာရှိ လက်ပါးစေတယောက် ဖြစ်တယ်။ မျက်နှာသာရဖို့နဲ့ ‘ခေါင်းဆောင်’ အဖြစ် အသိအမှတ်ပြုခံရဖို့ မျှော်လင့်ချက်နဲ့ ပါလဗီဟာ ဒေါ်နယ်ထရမ့်ပ်ကို ကျေးဇူးတင်စကား ဆိုခဲ့တယ်။ ဒါပေမဲ့ ပါလဗီနဲ့ တွေ့ဆုံဖို့ ရှိမရှိ ထရမ့်ပ်ကို မေးမြန်းတဲ့အခါမှာတော့ သူက “လူတိုင်း ရှေ့ထွက်လာပါစေ၊ ဘယ်သူ ခေါင်းဆောင် ဖြစ်မလဲ စောင့်ကြည့်သင့်တယ်။ အခုနေ ပါလဗီနဲ့ တွေ့ဆုံမှု လုပ်သင့်တယ်လို့ ကျနော် တပ်အပ် မပြောနိုင်ဘူး” လို့ ပြန်ဖြေခဲ့တယ်။

အစိုးရအပြောင်းအလဲဖြစ်ဖို့ စိတ်အားထက်သန်ပြီး ပါလဗီမိသားစုကို ထောက်ခံနေတဲ့ ရီပတ်ဘလီကန်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ပါလဗီကို အသိအမှတ်ပြုဖို့ ထရမ့်ပ်က တွန့်ဆုတ်နေတုန်းပဲ။ ဒါဟာ ပါလဗီကို အပြည့်အဝ ကျောက်ထောက်နောက်ခံပေးရေးနဲ့ ပတ်သက်လို့ အမေရိကန် အုပ်စိုးသူ လူတန်းစား အစိတ်အပိုင်း အတော်များများက သတိကြီးကြီး ထားနေတယ်ဆိုတဲ့ အချက်ကို ပြသနေတာပဲ ဖြစ်တယ်။ ပါလဗီဟာ အမေရိကန်ရဲ့ ကြားဝင်စွက်ဖက်မှုအပေါ် အမှီပြုပြီးမှသာ အာဏာရလာနိုင်လိမ့်မယ်။ အဲဒီလို လုပ်ရပ်မျိုးက ဘယ်ကို ဦးတည်သွားနိုင်လဲဆိုတာ အီရတ်၊ ဆီးရီးယားနဲ့ အာဖဂန်နစ္စတန်တို့မှာ အမေရိကန် အုပ်စိုးသူ လူတန်းစားအနေနဲ့ မျက်မြင်ကြုံထားပြီးသား။ ဒါဟာ အမေရိကန်ရဲ့ ဒေသတွင်း အကျိုးစီးပွားတွေနဲ့ ကမ္ဘာ့ စီးပွားရေးအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အပြင် ဖရိုဖရဲဖြစ်မှု၊ နိုင်ငံတော် ပြိုလဲမှုနဲ့ ပြည်တွင်းစစ်တောင် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ ရှိတယ်။

ရေဇာပါဘလီကို ထရန့်ပ်က တရားဝင် အသိအမှတ်မပြုသေးတာ ဖြစ်နိုင်ပေမဲ့၊ အမေရိကန်ပြည်ထောင်စုဟာ ပြည်ပရောက် ပါလဗီအထက်တန်းလွှာ အများစု ခိုလှုံရာ နေရာဖြစ်သလို၊ သူတို့ဟာ ရီပတ်ဘလီကန် ပါတီ ထိပ်သီးပိုင်းနဲ့ အခိုင်အမာ မဟာမိတ်ပြုထားသူတွေလဲ ဖြစ်တယ်။

ပါလဗီဟာ နောက်ပိုင်းမှာ သူ့စကားကို ပြန်ပြင်ခဲ့ပြီး ထရန့်ရဲ့ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုကို ဖိတ်ခေါ်နေတာ မဟုတ်ကြောင်း ပြန်ရှင်းခဲ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူ့ရဲ့ အမြင်က  နောက်တကြိမ် ထပ်ပြောင်းသွားပြန်တယ်။ ဇန်နဝါရီ ၉ ရက်နေ့ ဒေါ်နယ်ထရမ့်ပ်နဲ့ စကားပြောရာမှာ အီရန်ကို ကြားဝင်စွက်ဖက်ဖို့ တောင်းဆိုခဲ့တယ်။ ဒါဟာ ပါလဗီတယောက် နယ်ချဲ့သမားတွေဆီ ကပ်ဖားနေရခြင်းရဲ့ အမြဲတမ်း ရည်ရွယ်ချက် ဖြစ်တယ်။ အကြိမ်တိုင်း ဗြောင်မကျခဲ့တာသာ ရှိမယ်။ အီရန်လူထုက ဒီအချက်ကို နားလည်တယ်။ ၁၂ ရက်ကြာ စစ်ပွဲကာလမှာ ပါလဗီဘက်က အုံကြွဖို့ ဆော်ဩတဲ့အချိန် အီရန်မှာရှိတဲ့ ဘယ်သူကမှ သူ့ကို ဂရုမစိုက်ခဲ့ကြဘူး။ အများတကာ့ အများစုကြီးက ပါလဗီကို သစ္စာဖောက်တယောက်အဖြစ် မှန်မှန်ကန်ကန်ပဲ ရှုမြင်ခဲ့ကြတယ်။

သူ့ရဲ့ သစ္စာအရှိဆုံး ထောက်ပံ့ အားပေးသူတွေကတော့ အစ္စရေးနဲ့ ဘင်ဂျမင် နေတန်ယာဟုတို့ပဲ။ ရေဇာပါလဗီဟာ ၂၀၂၃ ခုနှစ်မှာ အစ္စရေးကို သွားရောက်ခဲ့သလို “အီရန် ဒီမိုကရေစီရေး အမျိုးသား သမဂ္ဂ” (NUFDI) ဆိုတဲ့ ဘုရင်စနစ်လိုလားသူ လော်ဘီအဖွဲ့ဝင်တွေဟာလဲ အစ္စရေးကို ပုံမှန်သွားရောက်လေ့ရှိတယ်။ အစ္စရေးသတင်းစာ Haaretz က ၂၀၂၂ ခုနှစ်ကတည်းက ဘော့တ် (bots) တွေအသုံးပြုတာ၊ Telegram နဲ့ တခြားလူမှုကွန်ရက် စာမျက်နှာတွေကတဆင့် ထိုးဖောက်ဝင်ရောက်တာ စတဲ့ နည်းလမ်းတွေနဲ့ အစ္စရေး အစိုးရဘက်က ဘုရင်စနစ်လိုလားသူတွေကို အကူအညီပေးခဲ့ကြောင်း ဖော်ထုတ်ခဲ့တယ်။ တကယ်တော့ ဒီပတ်သက်မှုဟာ ဒီထက်မက ပိုပြီးနက်ရှိုင်းဖို့ ရှိပါတယ်။ လူထုဘက်က လုံးဝဥဿုံ စိတ်ပျက်ရွံရှာနေပေမဲ့ ဘုရင်စနစ်လိုလားသူတွေ လမ်းမပေါ်မှာ ရုတ်တရက် ပိုပြီးများပြားလာရခြင်းရဲ့ အကြောင်းအရင်းကို ဒီလို အကြီးအကျယ် ကူညီပံ့ပိုးမှုတွေက ရှင်းရှင်းကြီးကြီး ပြသနေတယ်။

အီရန်လူထုဟာ ရေဇာပါလဗီ ဒါမှမဟုတ် နယ်ချဲ့သမားတွေနဲ့ ဘာမှပတ်သက်ချင်စိတ် မရှိဘူးဆိုတာကို အကြိမ်ကြိမ် ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီးပြီ။ အလုပ်သမားထု စီမံထိန်းချုပ်ပိုင်ခွင့် (workers’ control)အတွက် ဦးဆောင် တိုက်ပွဲဝင်ခဲ့ပြီး အုံကြွမှုတိုင်းကိုလဲ အစဉ်တစိုက် ထောက်ခံခဲ့တဲ့ ဟက်ဖ်တပ်ပက် (Haft Tappeh) ကြံသကြားစက် အလုပ်သမားသမဂ္ဂက မကြာသေးခင်ကပဲ အခုလို ကြေညာချက်တရပ် ထုတ်ပြန်ခဲ့တယ် –

“အရင်းရှင်စနစ်အပေါ် ပါလဗီတွေသာ အားကိုးအားထား ပြုလို့ရရင်ရမယ်၊ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုကို လိုလားတဲ့ အလုပ်သမားတွေနဲ့ ပြည်သူတွေကတော့ အရင်းရှင်စနစ်ကို အားကိုးလို့ မရဘူး။ ဘုရင်ကို ကိုးကွယ်သူတွေ၊ အီမာမ်ကို ကိုးကွယ်သူတွေနဲ့ ရုပ်တု ကိုးကွယ်သူတွေဟာ သူတို့ ငွေပေးထားတဲ့ မီဒီယာတွေမှာ အလိမ်အညာတွေ၊ သတင်းမှား ဖြန့်တာတွေ လုပ်နိုင်ကြတယ်၊ သူတို့ဟာ ပြည်သူလူထုရဲ့ အသိဉာဏ်ကို စော်ကားပြီး အမှန်နဲ့ အမှားကြားက စည်းကို ဝေဝါးအောင် လုပ်နေကြတယ်။ ဒါပေမဲ့ ကမ္ဘာကြီးကတော့ အတုအယောင် မဟုတ်ဘူး၊ ဂုဏ်သိက္ခာမရှိတဲ့ လူလိမ်တွေသာ ပိုများလာလိမ့်မယ်”

ထဲရန်မြို့နဲ့ မြို့ပြဝန်းကျင် ဘတ်စ်ကားကုမ္ပဏီ အလုပ်သမားများသမဂ္ဂကတော့ အခုလို ထုတ်ပြန်ထားတယ် –

“ကျနော်တို့ အကြိမ်ကြိမ် ပြောခဲ့ပြီးပြီ၊ အခုလဲ ထပ်ပြောပါမယ်။ အလုပ်သမားတွေနဲ့ အခြေခံလူတန်းစားတွေ လွတ်မြောက်ရေး လမ်းကြောင်းဟာ လူထုအထက်ကနေ ထွင်ထားတဲ့ ခေါင်းဆောင်တယောက် လျှောက်တဲ့ လမ်းမှာ မရှိသလို၊ ပြည်ပအင်အားကြီးနိုင်ငံတွေ မှီခိုအားထားရေး ဒါမှမဟုတ် အစိုးရထဲက ဂိုဏ်းကွဲတွေအပေါ်လဲ မူတည်မနေဘူး။ အဲဒီအစား လုပ်ငန်းခွင်အဆင့်နဲ့ နိုင်ငံလုံးဆိုင်ရာအဆင့်ထိ ညီညွတ်မှု၊ စည်းလုံးမှုနဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းများ တည်ထောင်ခြင်း လမ်းကြောင်းမှာပဲ ရှိပါတယ်။ ငါတို့ဟာ အုပ်စိုးသူ လူတန်းစားတွေရဲ့ အာဏာ ကစားပွဲနဲ့ အကျိုးစီးပွားတွေရဲ့ သားကောင် ထပ်မဖြစ်စေရဘူး။

အမေရိကန်နဲ့ အစ္စရေး အပါအဝင် ပြည်ပအစိုးရတွေရဲ့ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုနဲ့ ပတ်သက်လို့ ဝါဒဖြန့်တာ၊ တရားထူထောင်တာ ဒါမှမဟုတ် ထောက်ခံတာမှန်သမျှကိုလဲ သမဂ္ဂအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်။ ဒီလို ဝင်ရောက်စွက်ဖက်မှုတွေဟာ လူမှု အဖွဲ့အစည်းကို ပျက်စီးစေပြီး ပြည်သူတွေကို သေကျေစေရုံတင်မကဘဲ အစိုးရအနေနဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေ ဆက်လုပ်နိုင်အောင် နောက်ထပ် ဆင်ခြေတခု ပေးလိုက်တာလဲ ဖြစ်တယ်။ အနောက်တိုင်းက ဗိုလ်ကျစိုးမိုးသူ အစိုးရတွေဟာ အီရန် ပြည်သူတွေရဲ့ လွတ်လပ်မှု၊ စားဝတ်နေရေးနဲ့ ရပိုင်ခွင့်တွေအပေါ် တရွေးသားမှ တန်ဖိုးမထားဘူး ဆိုတာကိုလဲ အတိတ်သမိုင်း အတွေ့အကြုံတွေက သက်သေပြခဲ့ပြီးပါပြီ။”

အခုရော ၂၀၂၂ မှာပါ အီရန် ကျောင်းသားတွေဟာ “ဘုရင်ဖြစ်ဖြစ်၊ မူလာဖြစ်ဖြစ် မင်းဆိုးမင်းညစ်မှန်သမျှ မုချ ကျဆုံးပါစေ” ဆိုတဲ့ ကြွေးကြော်သံကို အစဉ်တစိုက် ဖြန့်ဝေခဲ့ကြတယ်။ ကာ့(ဒ်) လူငယ်တွေနဲ့ တခြား ကွန်မြူနစ်တွေမှာလဲ “ဘုရင်ကိုရော မူလာကိုပါ အလိုမရှိ၊ ဆိုဗီယက် အုပ်ချုပ်မှုကိုသာ အလိုရှိတယ်” ဆိုတဲ့ ကိုယ်ပိုင်ကြွေးကြော်သံ ရှိထားတယ်။

ဒါဟာ တော်လှန်ရေးကို အောင်မြင်အောင် ဆင်နွှဲနိုင်မယ့် လမ်းကြောင်းဆီ တိတိကျကျ ညွှန်ပြနေတာပဲ ဖြစ်တယ်။ အီရန် အလုပ်သမား လူတန်းစားဟာ အာဏာကို မိမိတို့လက်ထဲ အရယူရလိမ့်မယ်။ ဒါကလဲ ဆိုဗီယက် (သို့မဟုတ်) အလားတူ အဖွဲ့အစည်းတွေ (၁၉၇၉ တော်လှန်ရေးတုန်းက ‘ရှူရာ’ (shurahs) လို့ ခေါ်ဝေါ်တဲ့ အဖွဲ့အစည်းတွေ) ကတဆင့်သာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဆိုဗီယက်တွေ ဒါမှမဟုတ် ရှူရာတွေ ဖြစ်တည်မလာသေးဘူး။ ဒါကြောင့် ပထမဦးဆုံးအနေနဲ့ ဆိုဗီယက်တွေ ဒါမှမဟုတ် ရှူရာတွေ ဖွဲ့စည်းရေးက အဓိက ကြွေးကြော်သံ ဖြစ်ရမယ်။

ဆိုဗီယက် (ဒါမှမဟုတ် ‘ရှူရာ’ တွေ၊ ကာကွယ်ရေး ကော်မတီတွေ၊ သပိတ် ကော်မတီတွေ၊ ရပ်ကွက်ကော်မတီတွေ စသဖြင့်) ကြွေးကြော်သံကို လူတန်းစား အရေးဆိုမှုတွေပါတဲ့ ရှင်းလင်းသော လုပ်ငန်းစဉ်တရပ်နဲ့ ချိတ်ဆက်ရမယ်။ အလုပ်သမားထုအနေနဲ့ သူတို့ရဲ့ အရေးဆိုမှုတွေ အောင်မြင်စေရေးနဲ့ အစိုးရ ဖြုတ်ချရေး တိုက်ပွဲဝင်ရာမှာ အထိရောက်ဆုံးသော အဖွဲ့အစည်းတွေအဖြစ် ဆိုဗီယက်တွေကို လိုအပ်တယ်။ ရှူရာတွေကို ကြေညာချက်ထုတ်ရုံနဲ့ ဖွဲ့စည်းနိုင်မှာ မဟုတ်ဘူး။ အလုပ်သမားတွေ တိုက်ပွဲထဲ ပါဝင်လာချိန် လက်တွေ့ လုပ်ဆောင်ရင်းနဲ့သာ ရှူရာတွေ ပေါ်ပေါက်လာမှာ ဖြစ်တယ်။

အခုဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေမှာ အဓိက ကြွေးကြော်နေကြတာတွေက “ကုန်ဈေးနှုန်းကြီးမြင့်မှု အဆုံးသတ်ရမည်”၊ “ဆင်းရဲမွဲတေမှု၊ အဂတိလိုက်စားမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကို ဖြိုလှဲပစ်ကြ!” ဆိုတဲ့ စီးပွားရေးဆိုင်ရာ ကြွေးကြော်သံတွေပဲ ဖြစ်တယ်။ ဒါ့အပြင် “လွတ်လပ်မှုသာ ပထမ၊ လွတ်လပ်မှုသာ ဒုတိယ၊ လွတ်လပ်မှုသာ တတိယ”၊ “ခါမေနီ ကျဆုံးပါ‌စေ၊ အာဏာရှင် ကျဆုံးပါစေ၊ စနစ်တစုံလုံး ကျဆုံးပါစေ၊ အစ္စလမ်းမစ် သမ္မတနိုင်ငံတော် ကျဆုံးပါစေ” နဲ့ “သားသတ်သမား ခါမေနီရဲ့ အုပ်ချုပ်မှုဟာ တရားမဝင်” စတဲ့ ဒီမိုကရေစီရေးနဲ့ အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတွေလဲ ပါဝင်နေတယ်။

အီရန်မှာ ဘုရင်စနစ် လိုလားသူတွေ ရှိတော့ရှိတယ်၊ ဒါပေမဲ့ သူတို့ဟာ ရူးကြောင်ကြောင် ပက်တီးဘူဇွှာ အနည်းစုသာ ဖြစ်တယ်။ လေလွင့်ပစ္စည်းမဲ့တွေတောင် ဖြစ်ရင် ဖြစ်နေနိုင်တယ်။ သူတို့ လုပ်တတ်တာက ထူးထူးဆန်းဆန်း စတန့်တွေလောက်ပဲ၊ ဥပမာ – ထရန့်ကို ချီးကျူးတဲ့ ဆိုင်းဘုတ်နဲ့ ဓာတ်ပုံရိုက်ခဲ့တဲ့ သူတို့ရဲ့ အရှင်သခင် ရေဇာပါလဗီကို အတုယူပြီး ဂေါ်ဂျီလမ်း (Ghorji Street – အရင်က အိုင်ဆင်ဟောင်ဝါလမ်း) ရဲ့ လမ်းညွှန်ဆိုင်းဘုတ်ကို “ဒေါ်နယ်ထရမ့်ပ်လမ်း” ဆိုပြီး နာမည်ပြောင်း လိုက်တာမျိုးတွေ။

အနောက်နိုင်ငံတွေမှာလဲ အလားတူ ရူးနှမ်းနှမ်း ဘုရင်စနစ် လိုလားသူတွေဟာ အစ္စရေးအလံ၊ အမေရိကန် အလံနဲ့ ဘုရင်စနစ်သုံး အီရန် အလံတွေကို (တခါတလေ ရှေးဟောင်း အီရန်အလံဖြစ်တဲ့ ဒါရက်ဖ်ရှ် ကာဗီယာနီ အလံအထိတောင်) လွှင့်ထူပြီး ဘုရင်ဟောင်းနဲ့ ဒေါ်နယ်ထရန့်ရဲ့ ပုံတူတွေကိုပါ ကိုင်ဆောင်ရင်း လူစုလူဝေးပွဲတွေ လုပ်ကြတယ်။ သူတို့ လိုလားတဲ့ ဘုရင်လိုပဲ ဒီလူတချို့ဟာ ထရမ့်ပ်ကို ဖားတဲ့အနေနဲ့ ၁၂ ရက်ကြာစစ်ပွဲတုန်းက ထရမ့်ပ်ရဲ့ ကြွေးကြော်ခဲ့တဲ့ “အီရန်နိုင်ငံကို တကျော့ပြန် ကြီးမြတ်လာအောင် လုပ်ကြ” ဆိုတာကို ကျွန်စိတ်ပေါက်ပေါက်နဲ့ လိုက်ပြီး အတုခိုး ကြွေးကြော်ကြတယ်။

ရေဇာပါလဗီနဲ့ သူ့ရဲ့ ပြည်ပရောက် ရူးကြောင်ကြောင် နောက်လိုက်တွေဟာ လူထုအခြေခံသာ မရှိတာ ဆန္ဒပြပွဲ ဗီဒီယိုအမှားတွေ ဖြန့်ဝေတာတော့ မရပ်ဘူး။ အဲဒီ ဗီဒီယို တချို့ဟာ ကြွေးကြော်သံတွေကို ပြင်ဆင်တည်းဖြတ်ထားတာဖြစ်ပြီး တချို့ကတော့ AI နဲ့ အစအဆုံး ဖန်တီးထားတာတွေ ဖြစ်တယ်။ ဒီထဲက ဗီဒီယို အနည်းငယ်လောက်က အစစ်အမှန် ဖြစ်နိုင်ပေမဲ့ သတင်းအမှား ပျံ့နှံ့မှုနှုန်းက ဘယ်ဟာ အစစ်၊ ဘယ်ဟာ အတုဆိုတာ ခွဲခြားဖို့ ခက်ခဲစေတယ်။ X (တွစ်တာ) နဲ့ Instagram မှာလဲ ဘုရင်စနစ် လိုလားသူတွေရဲ့ ပေါက်တတ်ကရတွေပဲ ပြည့်နှက်နေတယ်။ အနောက်တိုင်း မီဒီယာတွေကပါ ဒီသတင်းအတုတွေကို ဖြန့်ဝေနေကြတာကြောင့် တော်လှန်ရေး လူငယ်တွေနဲ့ အလုပ်သမားတွေ ကိုယ်တိုင် ဦးစီးနေတဲ့ အီရန်အခြေစိုက် Telegram ချန်နယ်တွေကသာ တခုတည်းသော ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေ ဖြစ်ပါတယ်။

အီရန်ကို လက်ဖျားနဲ့တောင် မထိနဲ့! ဘုရင်သော၊ မူလာသောမရွေး မင်းဆိုးမစ်ညစ်မှန်သမျှ ကျဆုံးရမယ်!

ဒါတွေအားလုံးဟာ အစ္စလာမ်မစ်သမ္မတနိုင်ငံအတွက် အခွင့်ကောင်းပေးနေတာပဲ ဖြစ်နေတယ်။ ပြည်ပက သွေးထိုးမှုကြောင့် ဆန္ဒပြပွဲတွေ ဖြစ်ရတယ်လို့ အစိုးရဘက်က အခိုင်အမာ ပြောနေတယ်။ ဘုရင်စနစ်လိုလားသူတွေလို့ ယူဆရသူတွေကို အတင်းအကျပ် ဝန်ခံခိုင်းထားတဲ့ သတင်းမှားတွေကိုတောင် အစိုးရဘက်က တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ကြတယ်။ အဲဒီထဲက အတော်များများဟာ အလိမ်အညာတွေ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပေမဲ့လဲ လူထုအပေါ် သက်ရောက်မှုတော့ ရှိနေတယ်။

အင်တာနက်တွေ မပိတ်ခင်တုန်းက အစိုးရဟာ ပြည်သူတွေရဲ့ စိတ်ရင်းနဲ့ကြောက်လန့်မှုကို အသုံးချပြီး အစ္စဖာဟန် (Isfahan) လို မြို့ကြီးမှာ အစိုးရထောက်ခံပွဲအတွက် လူထောင်ပေါင်းများစွာကို စည်းရုံးနိုင်ခဲ့တယ်။ သုံးရက်ကြာ ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလ သတ်မှတ်တာနဲ့ တနင်္ဂနွေနေ့မှာ အစိုးရ ထောက်ခံပွဲအသစ်တွေ ထပ်မံခေါ်ယူထားတာတွေကြောင့် သူတို့ရဲ့ အင်အား ဘယ်လောက်ရှိမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်။

အနောက်နိုင်ငံတွေနဲ့ ဘုရင်စနစ်လိုလားသူတွေရဲ့ ကြားဝင်စွက်ဖက်မှုဟာ လူထုကြားမှာ ရှုပ်ထွေးမှုတွေ ဖြစ်လာစေတယ်။ ရက်စက်ကြမ်းကြုတ်ပြီး ဒီမိုကရေစီအခွင့်အရေးတွေ လုံးဝမရှိခဲ့တဲ့ ဘုရင့် အာဏာရှင်စနစ်၊ အလွန်အမင်း မညီမျှမှုတွေနဲ့ အဂတိလိုက်စားမှုတွေ ဖုံးလွှမ်းနေတဲ့ စနစ်၊ နယ်ချဲ့သမားတွေကို အီရန်နိုင်ငံရဲ့ အရင်းအမြစ်တွေကို လုယက်ခွင့်ပြုခဲ့တဲ့ စနစ်ကို လူထုက ကောင်းကောင်းကြီး မှတ်မိနေဆဲဖြစ်တယ်။

နယ်ချဲ့သမားတွေဟာ အီရန်နိုင်ငံကို သူတို့ရဲ့ လက်အောက်ခံအဖြစ် ပြန်ရောက်သွားအောင် လုပ်ချင်နေကြတယ်ဆိုတာကို လူထုက မှန်မှန်ကန်ကန် နားလည်ထားတယ်။ ဆင်းရဲမွဲတေမှုတွေ၊ အီရတ်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေ ပျက်စီးသွားတာတွေ၊ ပါလက်စတိုင်းတွေကို မျိုးဖြုတ်သတ်ဖြတ်တာတွေ စသဖြင့် နယ်ချဲ့စနစ်ကြောင့် ဒီဒေသတွင်းမှာ ဖြစ်ပေါ်ခဲ့ရတဲ့ ထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်တွေကိုလဲ လူထုက မျက်မြင် ကြုံထားရတယ်။

ဒီလို ရှုပ်ထွေးသွားအောင် လုပ်ဆောင်တာတွေက လမ်းမပေါ်မှာ ဖရိုဖရဲ အခြေအနေတွေကို ဖြစ်ပေါ်လာစေတယ်။ လူထုအလွှာတချို့ကြားမှာ ကြောက်ရွံ့တဲ့ စိတ်အခြေအနေတွေ ပေါ်ပေါက်လာစေတယ်။ ဒီလိုနဲ့ ဆန္ဒပြပွဲတွေကို အားပျော့သွားစေသလို၊ အစိုးရဘက်က ရက်စက်တဲ့ ဖိနှိပ်မှုတွေ လုပ်လာနိုင်အောင် လမ်းဖွင့်ပေးလိုက်သလို ဖြစ်လာတယ်။ ရှင်းလင်းပြတ်သားတဲ့ ခေါင်းဆောင်မှုတခု မရှိခဲ့လို့လဲ ဒီလို ဖရိုဖရဲ ဖြစ်ရပ်တွေ ပေါ်ထွက်လာနိုင်ခဲ့တာ ဖြစ်တယ်။ တကယ်လို့ တော်လှန်ရေး ခေါင်းဆောင်မှုတရပ်သာ ကြိုတင် တည်ဆောက်ပြီးသား ရှိခဲ့ရင် အီရန်လူထုဟာ ၂၀၁၈ ခုနှစ်ကတည်းက အစ္စလာမ်းမစ် သမ္မတနိုင်ငံကို အကြိမ်ကြိမ် ဖြိုလှဲနိုင်ပြီးသား ဖြစ်ခဲ့လိမ့်မယ်။ အခုတော့ လူတန်းစား တိုက်ပွဲဟာ သွေးချောင်းစီး‌ပြီး ရက်စက်ကြမ်းကြုတ်တဲ့ ကိစ္စတခုအဖြစ်သာ ဇာတ်ကြောရှည်နေခဲ့ရတယ်။

အီရန် တော်လှန်ရေးသမားတွေအနေနဲ့ အီရန် အလုပ်သမား လူတန်းစားနဲ့ ချိတ်ဆက်နိုင်ဖို့အတွက် ရှင်းလင်းတဲ့ လုပ်ငန်းစဉ်တရပ်နဲ့အတူ လုံးဝဥဿုံ လူတန်းစား အမှီအခိုကင်းသော တော်လှန်ရေး Alternative တရပ် အမြန်ဆုံး တည်ဆောက်ရလိမ့်မယ်။ ဒီလုပ်ငန်းစဉ်ဟာ ၂၀၁၈ ခုနှစ်ကတည်းက တောင်းဆိုလာခဲ့တဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ တောင်းဆိုချက်တွေ အပေါ်မှာ အခြေခံထားရမယ်။

ဒီလိုမျိုး ခေါင်းဆောင်မှု ရှိမထားဘူးဆိုရင် အခြေအနေဟာ အနှေးနဲ့အမြန် ပိုဆိုးသွားနိုင်တယ်။ အစိုးရကို ပြည်ပက စစ်ရေးအရ ကြားဝင်စွက်ဖက် ဖြုတ်ချခြင်းဟာ လူထုအတွက် ကပ်ဘေးတခု ဖြစ်လာမှာဖြစ်သလို၊ အစိုးရကို ရာထူးကနေ ကန်ချဖို့တောင် အောင်မြင်ပါ့မလားဆိုတာ မသေချာဘူး။ နောက်ထပ် ဖြစ်နိုင်ခြေတခုကတော့ အစိုးရအဖွဲ့ထဲက လူတွေက သူတို့ကိုယ်သူတို့ ကယ်တင်ဖို့အတွက် နန်းတွင်းအာဏာသိမ်းမှုမျိုး လုပ်ဆောင်လာနိုင်တဲ့ အခြေအနေပဲ။

အဖြစ်အပျက်တွေ ဘယ်လိုပဲ ပြောင်းလဲလာပါစေ၊ အစ္စလမ်မစ် သမ္မတနိုင်ငံရဲ့ သက်တမ်းဟာ သေတွင်းနားကပ်နေပြီဆိုတော့ ရှင်းတယ်။ ၂၀၁၈ ခုနှစ်ကတည်းက တနှစ်ခြားတခါ လူရာပေါင်းများစွာ အသတ်ခံရပြီး ထောင်ပေါင်းများစွာ အဖမ်းခံနေရတဲ့အပြင်၊ အဆက်မပြတ် ဖြစ်ပွားနေတဲ့ သပိတ်မှောက်မှုတွေ၊ စီးပွားရေးဆိုင်ရာ ဆန္ဒပြပွဲတွေနဲ့ လူငယ်တွေရဲ့ အကြမ်းဖက် အုံကြွမှုတွေကြောင့် အခြေအနေဟာ ဆက်ပြီး ထိန်းထားလို့ မရတော့တဲ့ အနေအထား ဖြစ်နေတယ်။ ဒါပေမဲ့ ရှင်းလင်းပြတ်သားတဲ့ တော်လှန်ရေး alternative တရပ် မရှိခြင်းနဲ့ နယ်ချဲ့သမားတွေရဲ့ ခြိမ်းခြောက်မှု‌ဟာ အစိုးရ ဖြုတ်ချရေး တိုက်ပွဲကို သွေးချောင်းစီး ဖြစ်ရပ်တခုအဖြစ် ပြောင်းသွားစေရုံတင် မကတော့ဘူး။ အခုဆိုရင် အီရန်နိုင် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်မယ့်အခြေအနေ၊ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို လုယက်ခံရမယ့် အခြေအနေနဲ့ တခြား ထိတ်လန့်စရာ အခြေအနေတွေထိ အန္တရာယ်ပေးလာနေပြီ။

အစိုးရကို ဖြုတ်ချနိုင်ခဲ့ရင်တောင် တာဝန်ရှိသူတွေကို လဲလှယ်လိုက်ရုံနဲ့ မလုံလောက်ဘူး။ ပြဿနာက မူလာတွေ ဒါမှမဟုတ် ပါလဗီတွေ မဟုတ်ပါဘူး။ သူတို့ဟာ ကပ်ပါးကောင်သဖွယ် အုပ်စိုးသူ လူတန်းစား တခုတည်းရဲ့ ဂိုဏ်းကွဲတွေသာ ဖြစ်တယ်။ အီရန် အရင်းရှင်စနစ်ဟာ ခေတ်နောက်ကျ ကျန်ခဲ့တဲ့ အရင်းရှင်စနစ်ပဲ၊ ဒါကြောင့်လဲ အာဏာရှင်စနစ်နဲ့ ဆင်းရဲမွဲတေမှုရဲ့ အခြေခံ အုတ်မြစ်ကို ထပ်ခါတလဲလဲ ဖန်တီးပေးခဲ့တာဖြစ်တယ်။ အလုပ်သမား လူတန်းစားက အာဏာသိမ်းနိုင်မှသာ ဒီသံသရာကို အဆုံးသတ်နိုင်လိမ့်မယ်။

အီရန် ကွန်မြူနစ်တွေက တော်လှန်သော ကွန်မြူနစ် ပါတီတရပ်ကို အုတ်မြစ်ချ ထူထောင်ရမယ်၊ အဲဒီပါတီဟာ အစိုးရပြုတ်ကျသွားတာနဲ့ တဟုန်ထိုး ကြီးထွားရမယ်။ တချိန်တည်းမှာပဲ အနောက် နယ်ချဲ့နိုင်ငံတွေက အလုပ်သမား လူတန်းစားဟာ မိမိတို့ရဲ့ အနေအထားနဲ့ အင်အားကို အသုံးချပြီး အီရန် နိုင်ငံကို နယ်ချဲ့ ကျူးကျော်စစ် ထပ်မတိုက်အောင် တားဆီးရမယ်။ ဒါကြောင့် မိမိတို့ တိုင်းပြည်က အုပ်စိုးသူ လူတန်းစားရဲ့ အကျိုးစီးပွားကို ဖွင့်ချတိုက်ပွဲဆင်ရေးဟာ အနောက်က ကွန်မြူနစ်တွေရဲ့ တာဝန်ပဲ။

မူရင်းဆောင်းပါး – Imperialists and Pahlavis – hands off Iran!  By Esaias Yavari

ဘာသာပြန် – ဆွတ်ရိန်လင်း