အဘိဓမ္မာတရပ် ရှိဖို့ လိုအပ်သလား
သိပ္ပံနည်းကျ ဆိုရှယ်လစ်စနစ် (ခေါ်) မာ့က်စ်ဝါဒတွင် ကဏ္ဍ(၃)ရပ် ပါဝင်သည်။ ဒိုင်ယာလက်တစ် ရုပ်ဝါဒ၊ သမိုင်းဆိုင်ရာ ရုပ်ဝါဒ နှင့် မာ့က်စ် ဘောဂဗေဒတို့ ဖြစ်ကြသည်။ မာ့က်စ်ဝါဒ၏ တွေးခေါ်ရှုမြင်နည်းကို ရှင်းရှင်းလင်းလင်း သဘောပေါက်အောင် ဒိုင်ယာလက်တစ် ရုပ်ဝါဒဖြင့် အစပြုကြရပါသည်။
မာ့က်စ်ဝါဒ အဘိဓမ္မာနှင့် အကျွမ်းတဝင် မရှိသေးသူများအတွက် ‘ဒိုင်ယာလက်တစ် ရုပ်ဝါဒ’ဆိုင်ရာ အာဘော်များသည် ရှုပ်ထွေးပြီး ခက်ခဲသည် ထင်ရသည်။ သို့သော် ရှုမြင်နည်း အသစ်တခုဖြစ်သော မာ့(က်စ်)ဝါဒကို အချိန်ယူ လေ့လာလိုက်ပါက တော်လှန်သော လောကအမြင်တခုကို တွေ့ရှိသွားလိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့ ရှင်သန်နေထိုင်ရာ ကမ္ဘာကြီးထဲက ရှုပ်ထွေးခက်ခဲသော ကိစ္စရပ်များကို ထိုးထွင်း နားလည်နိုင်လိမ့်မည်။ မာ့က်စ်ဝါဒကို နားလည် သဘောပေါက်နိုင်ရန် ဒိုင်ယာလက်တစ် ရုပ်ဝါဒကို ဖမ်းဆုပ်မိဖို့ မဖြစ်မနေ လိုအပ်သည်။ ဒိုင်ယာလက်တစ် ရုပ်ဝါဒသည် မာ့က်စ်ဝါဒ၏ အဘိဓမ္မာဖြစ်သလို သိပ္ပံနည်းကျပြီး ကျယ်ပြန့်သော လောကအမြင် တရပ်ကို ပေးသည်။ ဒိုင်ယာလက်တစ် ရုပ်ဝါဒသည် မာ့က်စ်ဝါဒ သဘောတရားတရပ်လုံး အခြေတည်ထားရာ အဘိဓမ္မာ အုတ်မြစ် ဖြစ်သည်၊ (တွေးခေါ်ရှုမြင်နည်း ဖြစ်သည်)။
‘ဒိုင်ယာလက်တစ် ဆိုသည်မှာ ကျွန်ုပ်တို့၏ အကောင်းဆုံး လုပ်ငန်းသုံး ကိရိယာဖြစ်ပြီး အထက်မြက်ဆုံး လက်နက်’ဟု အန်းဂယ်က ဆိုပါသည်။ ကျွန်ုပ်တို့ အဖို့မှာလည်း ဒိုင်ယာလက်တစ်သည် အလုပ်သမား လှုပ်ရှားမှုအတွင်း ပါဝင်ဆောင်ရွက်ရာ၌ အလုပ် လမ်းညွှန်တခု ဖြစ်ပေသည်။ ဒိုင်ယာလက်တစ်သည် ဝရုန်းသုဉ်းကား ဖြစ်ရပ်များထဲ မျက်စိလည် မသွားအောင် ကူညီပေးသည့် သံလိုက်အိမ်မြှောင်တခု (သို့မဟုတ်) လမ်းပြ မြေပုံတချပ်နှင့် တူသည်။ ထို့ပြင် ကမ္ဘာလောကကို ပုံဖော်ပေးနေသည့် အကြောင်းရင်း ဖြစ်စဉ်များကို နားလည်သဘောပေါက်နိုင်အောင် ကျွန်ုပ်တို့ကို ကူညီပေးသည်။
လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ လူတိုင်းတွင် အဘိဓမ္မာ တရပ်ရပ် ရှိကြသည်ချည်းသာ။ သိစိတ်ရှိရှိ ကိုင်စွဲထားခြင်းနှင့် မသိလိုက်ဘဲ လွှမ်းမိုးခံထားရခြင်းတို့သာ ကွာမည်။ အဘိဓမ္မာဆိုသည်မှာ တခြားမဟုတ်။ လောကကို ရှုမြင်ပုံ ရှုမြင်နည်းပင် ဖြစ်သည်။ အရင်းရှင် စနစ်အောက်မှာ သိပ္ပံနည်းကျ ကိုယ်ပိုင် အဘိဓမ္မာ တရပ်သာ မရှိဘူးဆိုလျှင် ကျွန်ုပ်တို့ ကျင်လည်နေသည့် လူ့အဖွဲ့အစည်းထဲက အဂတိတရားများနှင့် အုပ်စိုးသူ လူတန်းစား၏ အဘိဓမ္မာတို့ကို သေချာပေါက် လက်ခံမိလျက်သား ဖြစ်နေလိမ့်မည်။
အပြောင်းအလဲကို ဖော်ဆောင်ဖို့ ကြိုးစားပေမယ့် အရာမထင် ဖြစ်သွားသည့်အခါ၊ ကြုံလာသမျှ အဆိုးအကောင်း ခါးစီးခံရမှာပဲဟု နှလုံးသွင်းလက်ခံဖို့ လိုအပ်လာသည့်အခါ “ဒီအခြေအနေတွေ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး” ဟု ထပ်တလဲလဲ ညည်းညူတတ်ကြသည်။ အလားတူ တခြားစကားပုံတွေလည်း ရှိသေးသည်။ ‘ကောင်းကင်နှင့် မြေကြီးကြား မဖြစ်ဖူးသေးသည့် အရာရယ်လို့ မရှိ’ ၊ ‘သမိုင်းသည် တပတ်လည်စမြဲ’ စသဖြင့်။ ၎င်းတို့တွင် ရှေးရိုးစွဲအမြင်နှင့် ရှုမြင်ပုံချင်းကား အတူတူပင်။ လူသားတို့၏ အသိစိတ်အပေါ် ထိုအယူအဆများ၏ ဩဇာသက်ရောက်မှု အလွန်တရာ ကြီးမားကြောင်း မာ့(က်စ်) ရှင်းပြခဲ့ဖူးသည်။
တက်သစ်စ ဘူဇွာ လူတန်းစားက ပဒေသရာဇ် လူ့အဖွဲ့အစည်းကို တော်လှန်ရာတွင် ပဒေသရာဇ် မင်းမျိုးစိုးနွယ်များ၏ ရှေးရိုးစွဲ အတွေးအခေါ်များကို တိုက်ခိုက်ခဲ့ရသည့်နည်းတူ အလုပ်သမား လူတန်းစားသည်လည်း လူ့အဖွဲ့အစည်းသစ်တရပ် ထူထောင်ရေး တိုက်ပွဲတွင် ကြီးစိုးနေသော ဖိနှိပ်သူ အရင်းရှင် လူတန်းစား၏ လောကအမြင်ကို ရင်ဆိုင်တိုက်ပွဲဝင်ဖို့ လိုအပ်သည်။ အားလုံးသိရှိပြီး ဖြစ်သည့်အတိုင်း အုပ်စိုးသူ လူတန်းစားသည် သတင်းမီဒီယာ၊ စာနယ်ဇင်း၊ စာသင်ကျောင်း၊ တက္ကသိုလ်နှင့် အတွေးအမြင် ဖော်ထုတ်ရာ နေရာများကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားနိုင်သည်။ ထိုသို့ ချုပ်ကိုင်ပြီး သွေးစုပ်ခြယ်လှယ်သော စနစ်ကြီးကို ‘သဘာဝအကျဆုံး လူ့အဖွဲ့အစည်း’ဟု ရည်ရွယ်ချက်ရှိရှိ တရားထူထောင်ပြကြသည်။ အရင်းရှင်စနစ်ကို တည်မြဲအောင် ထိန်းသိမ်းဖို့ရာ “လက်နက်ကိုင် အင်အားစုများ” ပါဝင်သည့် နိုင်ငံတော် ဆိုသော ဖိနှိပ်ရေး ယန္တယားရှိရုံမျှနှင့် မလုံလောက်ပေ။ ဘူဇွာ လူ့အဖွဲ့အစည်းတွင် ကြီးစိုးနေသော အတွေးအခေါ်များနှင့် ထုံးတမ်းကျင့်ဝတ်များသည် အုပ်စိုးသူ လူတန်းစား၏ အကျိုးစီးပွားကို ကာကွယ်ပေးသည့်နေရာတွင် အသက်တမျှ အရေးပါသည်။ ထိုသို့ အင်အားကောင်းသည့် အတွေးအမြင်စနစ်များသာ မရှိခဲ့လျှင် အရင်းရှင်စနစ်သည် ရေရှည် တည်မြဲနေနိုင်မည် မဟုတ်ချေ။
“တရားဝင် လစ်ဘရယ် သိပ္ပံပညာရပ် အားလုံးသည် လုပ်ခစား ကျွန်စနစ်ကို တနည်းမဟုတ် တနည်း ကာကွယ်ပေးကြသည်… လုပ်ခစား ကျွန်စနစ် လူ့အဖွဲ့အစည်းအတွင်း သိပ္ပံပညာရပ်ကို သမာသမတ်ကျဖို့ မျှော်လင့်နေခြင်းသည် ‘အရင်းရှင်ဘက်က အမြတ်ကို လျှော့ယူပြီး အလုပ်သမားတွေကို လုပ်အားခ တိုးမပေးသင့်ဘူးလား’ ဆိုသည့် မေးခွန်းနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များဘက်က သမာသမတ်ကျမှုကို မျှော်လင့်နေခြင်းကဲ့သို့ ရိုးအ မိုက်မဲရာရောက်သည်”ဟု လီနင်က ဆိုသည်။
လူအများတရားဝင် လက်ခံထားကြသည့် ဘူဇွာ အယူဝါဒများက မာ့(က်စ်)ဝါဒသည် အရင်းရှင်စနစ်ကို မြေမြှုပ်ပစ်မည့် အန္တရာယ်တရပ်ဟု ဟုတ်တိုင်းမှန်စွာ သိမြင်ကြသည့်အတွက် မာ့(က်စ်)ဝါဒကို တရစပ် ထိုးနှက် တိုက်ခိုက်ကြသည်။ မာ့က်စ်ဝါဒအပေါ် အယုံအကြည် ကင်းမဲ့သွားအောင် ဘူဇွာကျမ်းပြု ဆရာများ၊ ပညာရှင်ကြီးများက အလုံးအရင်းနှင့် ဝါဒမှိုင်းတိုက်ကြသည်။ အထူးသဖြင့် ဒိုင်ယာလက်တစ်ကို ပုံဖျက်ပစ်ဖို့ အထူးကြိုးပမ်းကြသည်။ ဤသည်မှာ ဘာလင်တံတိုင်း ပြိုကျအပြီး မာ့က်စ်ဝါဒ၊ ကွန်မြူနစ်စနစ်၊ တော်လှန်ရေး စသည်တို့အပေါ် ဝါဒရေးရာအရ ရက်စက်ကြမ်းကြုတ်စွာ ထိုးနှက်တိုက်ခိုက်လာစဉ်ကတည်းက ဖြစ်လာခဲ့သည့် ကိစ္စကြီးပင်။ ‘မာ့က်စ်ဝါဒ ကျဆုံးသွားပြီ’ဟု ဂါထာရွတ်သည့်ပမာ အကြိမ်ကြိမ် ကြွေးကြော်ကြသည်။ သို့သော် မာ့က်စ်ဝါဒကား အနှီ ပယောဂဆရာများ၏ ရှေ့မှောက်တွင် အညံ့မခံ၊ ငြင်းဆန်ဆဲ။ မာ့က်စ်ဝါဒသည် အလုပ်သမား လူတန်းစား၏ လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်လိုသော မသိစိတ်ကို ထင်ဟပ်ပြနေသည်။ မာ့(က်စ်)ဝါဒ၏ ကြမ္မာသည် ပစ္စည်းမဲ့ လူတန်းစား၏ ကြမ္မာနှင့် ချည်နှောင်ထားပြီး ဖြစ်သည်။
အရင်းရှင်စနစ် ဘက်တော်သားများနှင့် အလုပ်သမား လှုပ်ရှားမှုအတွင်းက ၎င်းတို့၏ လက်ပါးစေများက သူတို့စနစ်သည် လောကဓမ္မတာအတိုင်း ဖြစ်သည့် လူ့အဖွဲ့အစည်း ပုံစံဖြစ်ပြီး ရှေ့လျှောက်လည်း ထိုအတိုင်းသာ ဆက်ရှိသွားလိမ့်မည်ဟု မပြတ်ကြွေးကြော်ကြသည်။ တဖက်မှာကား ‘မည်သည့်အရာမျှ ထာဝရ မတည်မြဲ၊ အချိန်တန်လျှင် အရာအားလုံး ချုပ်ငြိမ်းပျောက်ကွယ်သွားရစမြဲ’ဟု အနုပဋိလောမက အခိုင်အမာဆိုသည်။ ထိုကဲ့သို့ တော်လှန်သော အဘိဓမ္မာတရပ်သည် အရင်းရှင်စနစ်ကို အကြီးအကျယ် ခြိမ်းခြောက်နိုင်သည့်အတွက် ဘက်ပေါင်းစုံက သိက္ခာချခံနေရခြင်းပင်။ ဤသည်ပင် မာ့က်စ်ဝါဒ ဆန့်ကျင်ရေး မှိုင်းတိုက်သူများ နေ့ရှိသ၍ ခလောက်ဆန် အကောက်ကြံကြသည့် အကြောင်းရင်း ဖြစ်တော့သည်။ သို့ဖြစ်သည့်တိုင်အောင် သိပ္ပံနှင့် အသိပညာရပ်များ ရှေ့တလှမ်း တက်လှမ်းနိုင်တိုင်း ‘ဒိုင်ယာလက်တစ်’ မှန်ကန်ကြောင်းသာ တွေ့တွေ့လာရသည်။ သန်းပေါင်းများစွာသော လူထုအဖို့ အရင်းရှင်စနစ် အကျပ်အတည်း တနေ့တခြား ကြီးထွားလာခြင်းက မာ့က်စ်ဝါဒ ကျိုးကြောင်းခိုင်လုံမှု ရှိခြင်းကို ပြသလျက်ရှိသည်။ အလုပ်သမား လူထုကို ချောင်ပိတ်မိနေသော အခြေအနေကနေ ထွက်ရပ်လမ်း ရှာဖွေဖို့ ပကတိ အခြေအနေက တွန်းပို့နေသည်။ ‘ဘဝက သင်ကြားပေးတတ်သည်’ဟု လီနင် မှတ်ချက်ပြုလေ့ရှိသည်။ ယခုအခါမှာကား ကွန်မြူနစ် ကြေငြာစာတမ်းထဲက နာမည်ကြီးစာသားကို ယူပြောရလျှင် ‘ကွန်မြူနစ်ဝါဒဆိုသည့် တစ္ဆေကြီးတကောင်သည် ဥရောပတိုက်ကို ခြောက်လှန့်လျက်ရှိသည်’။
အလုပ်သမားထု လွတ်မြောက်ရေး တိုက်ပွဲဝင်ရာတွင် မာ့က်စ်ဝါဒက အရင်းရှင်စနစ်ကို ပြတ်ပြတ်သားသား တိုက်ပွဲဝင်သလို ဈေးကွက် စီးပွားရေး ဟု ခေါ်သော သွေးစုပ်ခြယ်လှယ်သည့် စနစ် ဘက်က ရှေ့နေလိုက် အကာအကွယ်ပေးနေသည့် အယူဝါဒများကိုလဲ အပြင်းအထန် တိုက်ပွဲဆင်လျက်ရှိသည်။ မာ့(က်စ်)ဝါဒ၏ အလုပ်မှာ ထို့ထက်ပင် ပိုပါသေးသည်။ မာ့က်စ်ဝါဒသည် အလုပ်သမား လူတန်းစားကို “အယူသီးမှု၊ ဖောက်ပြန်မှု ပုံစံအားလုံး (သို့မဟုတ်) ဘူဇွာ ဖိနှိပ်ရေးကို ထောက်ခံအားပေးသည့် အတွေးအခေါ်များနှင့် ရင်ကြားစေ့မရနိုင်လောက်အောင် ပြီးပြည့်စုံသော လောက အမြင်တရပ်”ကို ထုတ်ဖော်ပေးသည် (လီနင်)။ မာ့က်စ်ဝါဒသည် အရင်းရှင်စနစ် အတွင်းက လူမှု ဆက်ဆံရေး အစစ်အမှန်များကို ဖော်ထုတ်ပေးပြီး အလုပ်သမား လူတန်းစား လွတ်မြောက်ရေးအတွက် အလုပ်သမား လူတန်းစားကိုယ်တိုင် မည်ကဲ့သို့ စွမ်းဆောင်နိုင်ကြောင်း သဘာတရားရေး လက်နက် တပ်ဆင်ပေးသည်။ ရုရှား မာ့က်စ်ဝါဒီ ပလက်ခနော့ စကားနှင့် ဆိုရလျှင် ဒိုင်ယာလက်တစ် ရုပ်ဝါဒသည် လောကအမြင်တခု ဆိုသည်ထက် ပိုသော ‘အလုပ်နဲ့ ပေါင်းစပ်ထားသည့် အဘိဓမ္မာတရပ်’ ဖြစ်ပေသည်။
သမားရိုးကျ ယုတ္တိဆင်ခြင်နည်း၏ အားနည်းချက်များ
လူတို့သည် ယုတ္တိနည်းကျ တွေးခေါ်စဉ်းစားဖို့ ကြိုးစားကြသည်။ အင်္ဂလိပ်ဘာသာဖြင့် ‘Logic’ ဟု ခေါ်သည့် ယုတ္တိဗေဒသည် (‘စကားလုံး’ သို့မဟုတ် ‘ယုတ္တိ’ဟု အဓိပ္ပာယ်ရသော ဂရိစကား ‘Logos’ မှ ဆင်းသက်လာပြီး) တွေးခေါ်စဉ်းစားခြင်းဆိုင်ရာ ဥပဒေသများကို လေ့လာသည့် ပညာရပ် ဖြစ်သည်။ ကျွန်ုပ်တို့ မည်သို့သော အတွေးမျိုးကို တွေးသည်ဖြစ်စေ၊ ထိုအတွေးများကို မည်သို့သော ဘာသာစကားဖြင့် ရေးပြသည်ဖြစ်စေ ကျိုးကြောင်းဆင်ခြင်မှုအတွက် လိုအပ်သော အခြေခံအချက်များ ပြည့်မီရပါသည်။ ဤသို့သော အခြေခံ လိုအပ်ချက်များမှ အတွေးအခေါ်ဆိုင်ရာ နိယာမများ၊ ယုတ္တိဗေဒ ဥပဒေသများ ပေါ်ပေါက်လာခဲ့သည်။ လက်ရှိအချိန်ထိ အသုံးပြုနေဆဲ သမားရိုးကျ ယုတ္တိ ဆင်ခြင်နည်းစနစ်ကို ဖော်ထုတ်ခဲ့သူမှာ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်က ဂရိ တွေးခေါ်ပညာရှင် အရစ္စတိုတယ် (ဘီစီ ၃၈၄ – ၃၂၂) ပင်ဖြစ်သည်။ ယင်းစနစ်မှာ ယနေ့ခေတ် ပညာရေး အဆောက်အအုံကြီး၏ အခြေခံ ဖြစ်နေဆဲ။ ယုတ္တိရှိရှိ၊ နည်းမှန်လမ်းမှန် စဉ်းစားတွေးခေါ်ပုံ၊ လိုရင်းရောက်အောင် အဆိုတခုပြီးတခု တင်ပြပုံ၊ ထိုမှတဆင့် နိဂုံးချုပ်ချက် ကောက်ယူပုံတို့ကို သူက ခွဲခြမ်းစိတ်ဖြာပြခဲ့သည်။ သူက ယုတ္တိဗေဒဆိုင်ရာ ဥပဒေသ သုံးရပ်ကို ဖော်ထုတ်တင်ပြခဲ့သည်။ ယင်းတို့မှာ –
(၁) တူညီခြင်း ဥပဒေသ (A သည် A နှင့် တူညီသည် ဆိုသော သဘော)၊
(၂) ဝိရောဓိ မဖြစ်ခြင်း ဥပဒေသ (A သည် A ဖြစ်သည်ဆိုလျှင် တချိန်တည်းတွင် not-A မဖြစ်နိုင် ဆိုသော သဘော)နှင့်
(၃) ကြားချယူ၍ မရခြင်း ဥပဒေသ (A သည် A ဖြစ်လျှင်ဖြစ်၊ သို့မဟုတ် non-A သာ ဖြစ်ရမည်၊ ကြားတခုခု မဖြစ်နိုင် ဆိုသော သဘော) တို့ပင် ဖြစ်သည်။
သမားရိုးကျ ယုတ္တိဆင်ခြင်နည်းသည် ထောင်စုနှစ် နှစ်ခုကျော် ဩဇာလွှမ်းမိုးထားခဲ့ပြီး ခေတ်သစ် သိပ္ပံပညာ အကြီးအကျယ် အဆင့်မြင့်တက်လာခြင်းနှင့် စမ်းသပ်ချက်များအတွက် အခြေခံ ဖြစ်ခဲ့သည်။ ဤယုတ္တိဆင်ခြင်နည်းအပေါ်မှာပဲ အခြေခံပြီး သင်္ချာပညာရပ်သည် တိုးတက်ဖြစ်ထွန်း လာခဲ့သည်။ ဤယုတ္တိဆင်ခြင်နည်းကို အသုံးမပြုဘဲ ကလေးတစ်ယောက်ကို ပေါင်းတတ် နုတ်တတ်အောင် သင်ပေးဖို့ မဖြစ်နိုင်ပေ။ ‘၁’ နှင့် ‘၁’ ပေါင်းလဒ်သည် ‘၂’ သာဖြစ်ပြီး ‘၃’ မဖြစ်နိုင်။ သမားရိုးကျ ယုတ္တိနည်းသည် ဘဝပေးအသိနှင့် အလားတူသည်၊ ထို့ပြင် ဤနည်းဖြင့် နေ့တဓူဝ ကိစ္စအဝဝကို အထမြောက်စေနိုင်သည်။ သို့ပေမင့် (ဤ သို့ပေမင့်ကို အထူးအလေးထားပြောပါသည်) သူ့တွင် ကန့်သတ်ချက်များ ရှိနေပါသည်။ တမေ့တမြော ရှည်လျားသည့် ဖြစ်စဉ်များ၊ ရှုပ်ထွေးပွေလီသည့် ဖြစ်ရပ်များနှင့် ကြုံလာရသည့် အခါတွင်ကား သမားရိုးကျ ယုတ္တိဆင်ခြင်နည်းနှင့် တွေးခေါ်ရုံဖြင့် လုံးဝ ရတော့မည်မဟုတ်။ အထူးသဖြင့် လှုပ်ရှားမှု၊ အပြောင်းအလဲနှင့် ပဋိပက္ခများကို ကိုင်တွယ်ရသည့်အခါ သမားရိုးကျ ယုတ္တိနည်းသည် မလုံလောက်တော့။ သမားရိုးကျ ယုတ္တိဗေဒက အရာအားလုံးကို ရွေးလျားခြင်းမရှိ၊ တသမတ်တည်း တည်မြဲနေသည့်ပမာ သဘောထားသည်။ ထိုသို့ဆိုသည့်အတွက် နေ့စဉ်ဘဝတွင် သမားရိုးကျ ယုတ္တိဗေဒ၏ လက်တွေ့အသုံးဝင်မှုကို ငြင်းကွယ်နေခြင်းမဟုတ်။ လက်တွေ့ဘဝတွင် အသုံးဝင်မှု အများအပြားရှိကြောင်း အသိအမှတ်ပြုပါသည်။ သို့ရာတွင် သမားရိုးကျ ယုတ္တိဗေဒမှာလဲ အားနည်းချက်များ ရှိကြောင်း သိထားမှ ရပေမည်။
“ဒိုင်ယာလက်တစ်သည် စိတ်ကူးယဉ် ထိုးဇာတ်တခု မဟုတ်သလို နားလည်ဖို့ မဖြစ်နိုင်သော ယုတ္တိလွန် ယုံကြည်မှုလည်း မဟုတ်ပေ၊ စဉ်းစား တွေးခေါ်နည်း သိပ္ပံပညာရပ်သာ ဖြစ်သည်။ နေ့စဉ်ဘဝထဲက ပြဿနာရပ်များသာမက ပို၍ ရှုပ်ထွေးနက်နဲသော၊ အလွန်တရာ ရှည်လျားသော ဖြစ်စဉ်များကို သိမြင် နားလည်နိုင်အောင် အားထုတ်ရာတွင် အသုံးပြုသည့် တွေးခေါ်မြော်မြင်ရေး ပညာရပ် ဖြစ်သည်။ ဒိုင်ယာလက်တစ်နှင့် သမားရိုးကျ ယုတ္တိဗေဒကြားက ဆက်နွှယ်မှုသည် အဆင့်မြင့် သင်္ချာပညာနှင့် အခြေခံ သင်္ချာပညာတို့ကြားက ဆက်နွှယ်မှုကဲ့သို့ ဖြစ်ပေသည်။” (Leon Trotsky, The ABC of Materialist Dialectics)
ခေတ်သစ်သိပ္ပံပညာ ဖြစ်ထွန်းတိုးတက်မှုအတွင်း လင်းနိယပ် (Linnaeus) ၏ ဇီဝ မျိုးခွဲနည်းစနစ်သည် သမားရိုးကျ ယုတ္တိဗေဒအပေါ် အခြေခံထားခြင်းဖြစ်ရာ သက်ရှိ အားလုံးကို မျိုးစိတ်နှင့် မျိုးစဉ်များအဖြစ် အုပ်စုခွဲပစ်သည်။ ဤသို့ မျိုးခွဲနည်းစနစ်က ဇီဝဗေဒပညာရပ်ကို သည့်မတိုင်မီ အခြေအနေများနှင့်ယှဉ်လျှင် အဆင့်များစွာ ခုန်ပျံကျော်လွှား တိုးတက်သွားစေသည်။ သို့သော်လည်း ၎င်းမှာ ပြုလွယ်ပြင်လွယ် မဖြစ်သည့် အုပ်စုသတ်မှတ်ချက်များနှင့် တရားသေ သတ်မှတ်ထားသည့် စနစ်ဖြစ်လေရာ ကာလ ရွေ့လျောသည်နှင့်အမျှ ဟာကွက်များ ပေါ်ပေါက်လာသည်။ ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်အတွင်း မျိုးစိတ်တခုသည် အခြားမျိုးစိတ်တခုအဖြစ် ပြောင်းလဲသွားနိုင်ကြောင်း ဒါဝင်က သက်သေပြခဲ့သည်။ သို့ဖြစ်သည်နှင့်အညီ သဘာဝတ္ထ အမြင်သစ်ကို နေရာပေးဖို့ ဤတရားသေ မျိုးခွဲနည်းစနစ်ကို ပြောင်းလဲပစ်လိုက်ရတော့သည်။
စင်စစ် သမားရိုးကျ ယုတ္တိဗေဒ၏ ခေတ်ကောင်းချိန်မှာ ဤတွင် တခန်းရပ်သွားပြီ ဖြစ်သည်။ ၎င်းက ဆိုခဲ့ပြီးသော ပဋိပက္ခများကို ပြေလည်အောင် ဖြေရှင်းမပေးနိုင်။ တဖက်မှာကား သဘာဝတရားနှင့် လူ့အဖွဲ့အစည်းတွင် ပကတိသဘော သို့မဟုတ် တသမတ်တည်း ဖြစ်နေသော မျိုးတူစုဟူ၍ မရှိကြောင်း ပြောင်းလဲခြင်း သဘောတရားဖြစ်သည့် ဒိုင်ယာလက်တစ်က ဖွင့်ဆိုသည်။ အန်းဂယ်က ဘဲတူ ဖျံတူ တကောင်ကို ဥပမာပေးပြီး တရားသေ မျိုးခွဲနည်း ပုံစံခွက်ထဲက မည်သည့်အုပ်စုထဲ ထည့်နိုင်သလဲဟု ဟာသနှော၍ ဆိုခဲ့သည်။
ဆင့်ကဲဖြစ်စဉ်နှင့် ပြောင်းလဲခြင်းတို့၏ နိယာမများကို ဒိုင်ယာလက်တစ် ရုပ်ဝါဒကသာ ရှင်းပြနိုင်သည်။ ဒိုင်ယာလက်တစ် ရုပ်ဝါဒအရ လောကကြီးကို အသင့်ပြုလုပ်ပြီး အရာများနှင့် ဖွဲ့စည်းထားသည်ဟု မမြင်၊ ထာဝရ ပြောင်းလဲနေသော ဖြစ်စဉ်များ၏ အစုအဝေးအဖြစ်သာ မြင်သည်။ ယင်းဖြစ်စဉ်များသည် ဖြစ်တည်လာခြင်း ရှိသကဲ့သို့ ချုပ်ငြိမ်း ပျက်သုဉ်းခြင်းလည်း မလွဲမသွေ ကြုံရပေသည်။ ဟေဂယ်အဖို့ သမားရိုးကျ ယုတ္တိဗေဒသည် ဂျစ်ဆော အပိုင်းအစများကို ရုပ်ပုံဖြစ်အောင် ဆက်ယူရသည့် ကလေး ကစားနည်းနှင့် တူနေသည်။ “အနှစ်ကင်းမဲ့နေသော ပေါ့ပျက်ပျက် အတွေးအခေါ်၏ အခြေခံ မှားယွင်းချက်သည်ကား အစစ်အမှန်တရား၏ အပြောင်းအလဲ မရှိသော အမှတ်အသားများနှင့်သာ တင်းတိမ်ရောင့်ရဲလိုခြင်း ဖြစ်သည်။ စင်စစ် ယင်း အစစ်အမှန်တရားတွင် ထာဝရ ရွေ့လျား ပြောင်းလဲခြင်းတို့သာ ရှိနေသည်” ဟု ထရော့စကီးက မှတ်ချက်ပြုခဲ့သည်။
ဒိုင်ယာလက်တစ် ရုပ်ဝါဒ၏ ပင်မ ဥပဒေသများကို မသွားခင် ရုပ်ဝါဒအမြင်၏ အယူအဆရေးရာ ဇာစ်မြစ်များကို ကြည့်ကြဦးစို့။
ရုပ်ဝါဒနှင့် စိတ်ဝါဒ
‘မာ့က်စ်ဝါဒ အဘိဓမ္မာသည် ရုပ်ဝါဒ ဖြစ်သည်’ဟု လီနင်က ရေးသားခဲ့သည်။ အဘိဓမ္မာတို့မည်သည် ရုပ်ဝါဒဂိုဏ်းနှင့် စိတ်ဝါဒဂိုဏ်း ဆိုသည့် အဘိဓမ္မာဂိုဏ်းကြီး နှစ်ဂိုဏ်းတွင် အကျုံးဝင်စမြဲ။ ရှေ့ဆက်မဆွေးနွေးမီ ထိုဝေါဟာရနှစ်ရပ်ကို ရှင်းရှင်းလင်းလင်း သိထားမှ တော်ကာကျပေမည်။ ဤဝေါဟာရများ၏ နေ့စဉ်သုံး အဓိပ္ပါယ်နှင့် အဘိဓမ္မာ နယ်ပယ်တွင် သုံးသော ရုပ်ဝါဒ၊ စိတ်ဝါဒတို့၏ အဓိပ္ပါယ်မှာ လားလားမှာ မသက်ဆိုင်။ နေ့စဉ်သုံး စကားတွင် ရုပ်ဝါဒသည် ဝိသမလောဘ၊ အကောက်ကြံမှုတို့နှင့် ဆက်စပ်နှီးနွှယ်နေပြီး၊ စိတ်ဝါဒကား မြင့်မားသော ကိုယ်ကျင့်စံနှုန်းများ၊ သူတော်ကောင်း တရားများနှင့် နှီးနွှယ်ပတ်သက်နေသည်။ ပြဒါးတလမ်း သံတလမ်းသာ ဖြစ်ချေသည်။
ရုပ်ဝါဒ အဘိဓမ္မာသည် ရုပ်လောကကြီး တခုသာ ရှိကြောင်း ရှင်းလင်းဖွင့်ဆိုသည့် လောကအမြင် ဖြစ်သည်။ နတ်ပြည်၊ ငရဲပြည်တို့ ဆိုသည်ကား မရှိပေ။ အမြဲတစေ ရှိနေခဲ့သည် စကြဝဠာသည် မည်သည့် သဘာဝလွန် တန်ခိုးရှင်၏ ဖန်ဆင်းမှုမျှ မဟုတ်ချေ။ ယင်းစကြာဝဠာသည် တရံမလပ် လှုပ်ရှားပြောင်းလဲနေသည်။ လူသားများကား သဘာဝထဲက အစိတ်အပိုင်း တရပ်သာဖြစ်ပြီး အဆင့်နိမ့် သက်ရှိများမှ ဆင့်ကဲ ပြောင်းလဲလာခြင်းပင်။ လွန်ခဲ့သော နှစ်သန်းပေါင်း သုံးထောင့် ခြောက်ရာခန့်က သက်ရှိဟူ၍ မရှိသေးသည် ဂြိုလ်တခုပေါ်မှာ ခုန်ကူးပြောင်းလဲရာမှ အဆင့်နိမ့် သက်ရှိများ စတင်ပေါ်ထွက်လာခြင်း ဖြစ်သည်။ အဆင့်တခု ရောက်လာသောအခါ သက်ရှိတို့၏ ဆင့်ကဲပြောင်းလဲခြင်းနှင့်အတူ အာရုံကြောစနစ် ရှိသည့် သတ္တဝါများ ထွက်ပေါ်လာခဲ့သည်။ ဤသိုဖြင့် နောက်ဆုံးတွင် ကြီးမားသော ဦးနှောက် ပါရှိသည့် လူသားများ ဖြစ်ပေါ်လာခြင်းပင်။ လူသားတို့နှင့်အတူ လူ့အတွေးအခေါ်နှင့် အသိဉာဏ်တို့ ပေါ်ပေါက်လာသည်။ လူသား ဦးနှောက်ကသာလျှင် စိတ်ကူး အထွေထွေကို ထုတ်လုပ်ပေးနိုင်သည်။ ၎င်းကို စဉ်းစားတွေးခေါ်ခြင်းဟု ခေါ်သည်။ ထို့ကြောင့် ‘ရုပ်’ဆိုသည်မှာ အစဉ်တစိုက် တည်ရှိနေခဲ့သည့်အပြင် လူသားနှင့် အတွေးစိတ်ကူးတို့ကနေ အမှီအခိုကင်းကင်း တည်ရှိနေခဲ့သည်ချည်းပင်။ သက်ရှိ မျိုးစိတ်တွေမှာ အသိစိတ်ရယ်လို့ မပေါ်မီ ပဝေသဏီကပင် ရုပ်ပစ္စည်းများ တည်ရှိနေခဲ့သည်။
ရုပ်ဝါဒီများအဖို့ ရုပ်ခန္ဓာ၏ အစိတ်အပိုင်းတခုသာဖြစ်သည့် သက်ရှိ ဦးနှောက်နှင့် ကင်းကွာ၍ ‘အသိစိတ်’ဆိုသည်မှာ မတည်ရှိနိုင်ပေ။ ‘ရုပ်ခန္ဓာ’မရှိဘဲ ‘အသိစိတ်’ ရှိနိုင်ဖို့ ဆိုသည်မှာ ယုတ္တိကင်းမဲ့လှပါသည်။ ရုပ်သည် စိတ်၏ အထွက်ပစ္စည်း မဟုတ်ဘဲ စိတ်ကသာလျှင် ရုပ်၏ အဆင့်မြင့်ဆုံး အထွက်ပစ္စည်း ဖြစ်သည်။ အတွေးစိတ်ကူးများသည် ကျွန်ုပ်တို့ ပတ်လည်တွင် အမှီအခိုကင်းကင်း တည်ရှိနေသည့် ရုပ်လောကကြီးကို ထင်ဟပ်ပြခြင်းသာဖြစ်သည်။ ကြေးမုံတွင် အရိပ်လာထင်သည့် အရာများသည် ၎င်းတို့ဖြစ်တည်မှုအတွက် ကြေးမုံရိပ်အပေါ် မှီခိုအားထားနေစရာ မလိုပေ။ ‘အတွေးစိတ်ကူးအားလုံးသည် အတွေ့အကြုံကနေပေါ်ပေါက် လာပြီး အရှိတရားကို သရုပ်မှန်အတိုင်းဖြစ်စေ၊ ပုံပျက်ယိုယွင်းလျက်ဖြစ်စေ ထင်ဟပ်ဖော်ပြခြင်း ဖြစ်သည်’ ဟု အန်းဂယ်က ရေးသားခဲ့သည်။ သို့မဟုတ် မာ့က်စ်အတိုင်း ပြောရလျှင် ‘ဘဝကို အသိစိတ်က ပြဌာန်းခြင်း မဟုတ်၊ ဘဝကသာ အသိစိတ်ကို ပြဌာန်းသည်’။
စိတ်၊ နာမ်၊ အတွေး၊ စေတနာ၊ ခံစားချက်နှင့် အာရုံများ အမှတ်တကယ် ရှိသည့်အချက်ကို မာ့က်စ်ဝါဒီများက မငြင်းဆိုပေ။ ရုပ်ဝါဒီများ ငြင်းဆိုသည်ကား ‘စိတ်’ဟု ခေါ်ဆိုသော အရာသည် ‘ရုပ်ခန္ဓာမှ သီးခြားကင်းလွတ်၍ တည်ရှိနေနိုင်သည်’ဆိုသည့် အချက်ပင်။ စိတ်ကို ရုပ်မှ ခွဲထုတ်၍ မရနိုင်။ ‘စဉ်းစားတွေးခေါ်ခြင်း’သည် စဉ်းစားတွေးခေါ်နိုင်သော ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြစ်သည့် ဦးနှောက်၏ အထွက်ပစ္စည်း ဖြစ်သည်။
ထိုသို့ဆိုသည့်အတွက် ကျွန်ုပ်တို့ အသိစိတ်သည် ကြေးမုံကဲ့သို့ သဘာဝကို တသွေမတိမ်း ထင်ဟပ်ပြခြင်းဟု မဆိုလိုပေ။ လူသားတို့သည် ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို အမှီသဟဲ ပြုရသည်။ ပတ်ဝန်းကျင်ကို အသိစိတ်ကပ်ပြီး ရှုမြင်ကာ သင့်လျော်သလို တုန့်ပြန်လေ့ ရှိကြသည်။ အပြန်အလှန်အားဖြင့် ပတ်ဝန်းကျင်ကလည်း ယင်းတို့အပေါ် ပြန်လည်တုန့်ပြန်သည်။ ရုပ်အခြေအနေမှာ မြစ်ဖျားခံသော်လည်း လူသားသည် သဘောတရား ကောက်နှုတ်ယူပြီး ဖန်တီးမှုရှိရှိ တွေးခေါ်တတ်သည်။ ထိုမှတဖန် လူသားက ရုပ်ပတ်ဝန်းကျင်ကို ပြောင်းလဲစီရင်ပြန်သည်။
တဖက်တွင် ရုပ်ကမ္ဘာလောကသည် အစစ်အမှန် မဟုတ်ဘဲ အတွေးစိတ်ကူးတို့၏ ထင်ဟပ်ပြသချက်သာ ဖြစ်ကြောင်း စိတ်ဝါဒ အဘိဓမ္မာက ဆိုသည်။ စိတ်ဝါဒ ပုံစံအမျိုးမျိုး ကွဲပြားသော်လည်း အနှစ်သာရအားဖြင့် စိတ်သာ ပဓာန အခြေခံဖြစ်ပြီး ‘ရုပ်’မှာ တည်ရှိသည်ဆိုလျှင်တောင် တဆင့်ခံသာ ဖြစ်သည်ဟု စိတ်ဝါဒ အားလုံးက ယူဆသည်။ စိတ်ဝါဒီများအဖို့ စိတ်သည် ‘ရုပ်’မှ ၊ ‘သဘာဝ’မှ သီးခြား ကင်းလွတ်နေနိုင်သည်။ ဤသည်ပင်လျှင် ‘အကြွင်းမဲ့ အိုင်ဒိယ’ ရှိသည်ဟု ခံယူသည့် ဟေဂယ်၏ သဘောတရား ဖြစ်ပြီး ‘ဘုရားသခင် ရှိသည်’ဟု အဓိပ္ပာယ် သက်ရောက်စေသော အယူအဆလည်း ဖြစ်သည်။ စိတ်ဝါဒ အဘိဓမ္မာများသည် ဘာသာရေးနှင့် အယူသည်းမှုတို့ကို တနည်းတဖုံ ခုခံကာကွယ်ပေးရာ ရောက်သွားလေ့ရှိသည်။ စိတ်ဝါဒ အမြင်သည် မှားရုံသာမက အင်မတိ အင်မတန် ရှေးရိုးစွဲ ဆန်သည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည် ကမ္ဘာလောကကြီး၏ “ဆန်းကြယ်သော ဖြစ်စဉ်များ”ကို ဘယ်သောအခါမျှ နားလည်နိုင်မည် မဟုတ် ဆိုသည့် အဆိုးမြင် ကောက်ချက်ကိုသာ ဆွဲမိပေလိမ့်မည်။ လူသားတို့သည့် ရုပ်ကမ္ဘာကို စူးစမ်းလေ့လာနိုင်ရုံသာမက ပြောင်းပါ ပြောင်းလဲပစ်နိုင်သည်၊ ထိုသို့ပြောင်းလဲရင်း လူသားကိုယ်တိုင် ပြောင်းလဲသွားစေနိုင်ကြောင်း ရုပ်ဝါဒက ရှင်းပြသည်။
စိတ်ဝါဒီတို့၏ လောကအမြင်သည် ကာယအလုပ်နှင့် ဉာဏအလုပ် ဆိုသည့် အလုပ် ခွဲဝေခြင်းမှ ပေါက်ဖွားလာခြင်း ဖြစ်သည်။ ဤသို့ ကွဲပြားသွားခြင်းကြောင့် လူ့အဖွဲ့အစည်း၏ အလွှာတရပ်ကို ကာယအလုပ်မှ လွတ်မြောက်သွားစေပြီး သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်ပေး လုပ်ကိုင်နိုင်စေသည်။ သို့ဖြစ်ရာ အလွန်တရာ ကြီးမားသော တိုးတက်မှုကြီး ဖြစ်ခဲ့သည်။ သို့သော်ငြား ကာယအလုပ်နှင့် ပိုပိုပြီး ကင်းကွာသွားလေ ယင်းတို့၏ အတွေးအခေါ်များလဲ ပို၍ ပို၍ စိတ္တဇဆန်လာလေ ဖြစ်ခဲ့သည်။ အတွေးအခေါ် အယူအဆများကို ပကတိ လောကနှင့် ခွဲထုတ်ပစ်လိုက်သည့်အခါ ယင်းတွေးခေါ်ရှင်တို့သည် စိတ္တဇဆန်ဆန် ‘အတွေးသက်သက်’ဖြင့်သာ တစထက်တစ အချိန်ကုန်လာပြီး စိတ်ကူးယဉ် ကမ္ဘာထဲမှာပင် တဝဲလည်လည် ဖြစ်ကုန်သည်။ ယနေ့ခေတ်အခါ စကြဝဠာဗေဒ ဘာသာရပ်မှာလည်း စိတ္တဇဆန်ဆန် ရှုပ်ထွေးနေသည့် သင်္ချာ သဘောတရားများနှင့် ပြည့်နှက်နေရာ ‘စကြဝဠာ မဟာပေါက်ကွဲမှု သီဝရီ’(The Big Bang Theory)၊ အချိန်၏ မူလဘူတ၊ အပြိုင်စကြဝဠာ (Parallel Universes) အစရှိသည့် အံ့ဩဘနန်း ဖြစ်ရသလောက် ကြောင်စီစီနိုင်သည့် လွဲမှားသော သီဝရီများ ထွက်ပေါ်လာခဲ့သည်။
ရုပ်ဝါဒအမြင်သည် ရှေးဂရိခေတ် အနဇာဂိုးရပ်(Anaxagoras- ဘီစီ ၅၀၀-၄၂၈ ဝန်းကျင်) နှင့် ဒီမိုကရိုက်တပ်(Democritus- ဘီစီ ၄၆၀- ၃၇၀ ဝန်းကျင်)တို့မှ အစပြုခဲ့သော ရှည်လျားသည့် သမိုင်း အစဉ်အလာ ရှိသည်။ ရှေးဟောင်း ဂရိခေတ် ပြိုလဲသွားသည့်အခါ ဤ ရာရှင်နယ် အမြင်လည်း သမိုင်းခေတ်ကြီး တခုစာ တိမ်မြှုပ်သွားခဲ့ရသည်။ ခရစ်ယာန် အလယ်ခေတ် ကျဆုံးသွားပြီး အတွေးအခေါ်ရေးရာ ပြန်လည်နိုးထလာမှသာ အဘိဓမ္မာနှင့် သဘာဝ သိပ္ပံပညာရပ်တို့ တကျော့ပြန် အားကောင်းလာခဲ့ခြင်း ဖြစ်သည်။ ၁၇ ရာစုကစ၍ အင်္ဂလန်သည် ခေတ်သစ်ရုပ်ဝါဒ ပေါက်မြောက်ဖြစ်ထွန်းရာ ဖြစ်ခဲ့သည်။ ‘အင်္ဂလန်ပြည်တွင် ရုပ်ဝါဒ၏ လက်ဦးဖခင် အစစ်အမှန်မှာ ‘ဘေကွန်’ ဖြစ်သည်ဟု မာ့က်စ်က ရေးခဲ့သည်။ ထို့နောက် ဖရန်စစ်ဘေကွန် Francis Bacon (၁၅၆၁ – ၁၆၂၆) ၏ ရုပ်ဝါဒကို တောမတ်ဟော့ဘ် Thomas Hobb (၁၅၈၈- ၁၆၇၅) က စနစ်တကျ ဖြစ်အောင်၊ တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခဲ့သည်။ ၎င်း၏ ယူဆချက်များကိုလည်း ဂျွန်လော့ခ် John Locke (၁၆၃၂-၁၇၀၄) က တဖန်ပြန်လည်ပြီး ချဲ့ထွင်ခဲ့သည်။ ထိုစဉ်ကတည်းက ရုပ်တရားတွင် စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိသည်ဟု လော့ခ် ယူဆခဲ့ပြီး ဖြစ်သည်။ ထိုသို့ အတွေးအခေါ်ရေးရာ တိုးတက်မှုများသည် ဘူဇွာ လူတန်းစား ပေါ်ထွက်လာခြင်း၊ စက်မှုပညာ၊ နက္ခတ်ပညာနှင့် ဆေးပညာတို့ကဲ့သို့သော သိပ္ပံပညာများ အကြီးအကျယ် တိုက်ဆိုင်နေသည်မှာ အကြောင်းမဲ့ မဟုတ်ပေ။ ဆိုခဲ့ပါ တွေးခေါ်ပညာရှင်ကြီးများကတဆင့် ၁၈ ရာစုအတွင်း အလွန်တရာ ထူးချွန်လှသည့် ပြင်သစ် ရုပ်ဝါဒီဂိုဏ်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ ပြင်သစ် ရုပ်ဝါဒီဂိုဏ်းတွင် ရနေဒေးကား Rene Descarte (၁၅၉၆- ၁၆၅၀)မှာ အထူး ထင်ရှားသည်။
ထိုစဉ်အချိန်က ကြောင်းကျိုးဆင်ခြင်မှုဝါဒ (Rationalism) နှင့် ရုပ်ဝါဒတို့သည် ၁၇၈၉ ခုနှစ် ပြင်သစ် တော်လှန်ရေးကြီး၏ လက်သုံးဒေသနာဖြစ်ခဲ့သည်။ ထိုတော်လှန်ရေးသမား တွေးခေါ် ပညာရှင်ကြီးများသည် မည်သို့သော ပြင်ပ ဩဇာကိုမျှ အသိအမှတ် မပြုပေ။ ဘာသာတရားမှစ၍ သဘာဝ သိပ္ပံပညာရပ်အထိ၊ လူ့အသိုက်အဝန်းမှစ၍ နိုင်ငံရေး အဖွဲ့အစည်းတွေအထိ အရာအားလုံးကို လက်ကုန်နှိုက် ဝေဖန်စစ်ဆေးကြည့်သည်။ ဆင်ခြင်တုံတရားသည် အရာအားလုံး၏ မှတ်ကျောက် ဖြစ်လာခဲ့သည်။
ဟိုးဘတ်ခ် Holbach (၁၇၂၃-၁၇၈၉)နှင့် ဟယ်ဗဲရှပ် (Helvetius) တို့ တစိုက်မတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့ သည့် ဤရုပ်ဝါဒ အဘိဓမ္မာသည် တော်လှန်သော အဘိဓမ္မာတရပ် ဖြစ်ခဲ့သည်။ “စကြာဝဠာ ဟူသည် အရာအားလုံးတို့၏ ဧရာမ အစုအဝေးကြီး ဖြစ်သည်၊ ဆိုလိုသည်မှာ နေရာတိုင်းတွင် လှုပ်ရှားပြောင်းလဲနေသော ရုပ်သာ ရှိသည်” ဟု ဟိုးဘတ်ခ် ပြောခဲ့သည်။ “လှုပ်ရှား ပြောင်းလဲနေသော ရုပ်သည်သာ တည်ရှိမှု အားလုံး ဖြစ်သည်။ ယင်းရုပ်၏ သက်ရောက်မှု၊ တုံ့ပြန်မှု အကြောင်းတရား ချိန်းတန်းကြီးကား အဆုံးအစ မရှိ အဆက်မပြတ် ဖြစ်ပေါ်နေသည်။ ကျွန်ုပ်တို့၏ အာရုံတွေအပေါ် တိုက်ရိုက် ရိုက်ခတ်လာသည့် အကြောင်းတရား တချို့ကို ကျွန်ုပ်တို့ သိနိုင်သည်။ တချို့ အကြောင်းတရားများကိုမူ ကျွန်ုပ်တို့ မသိရချေ၊ ယင်းတို့သည် မူလ အကြောင်းတရားများနှင့် ဝေးကွာသွားပြီး ကျွန်ုပ်တို့အပေါ် အကျိုးဆက်အနေဖြင့်သာ သက်ရောက်နိုင်သောကြောင့် ဖြစ်သည်။”
ဤယုတ္တိဆင်ခြင်ရေး အဘိဓမ္မာသည် တော်လှန်သော ဘူဇွာ လူတန်းစား၏ သက်ဦးဆံပိုင် ဘုရင်စနစ် ဆန့်ကျင်ရေး၊ ပဒေသရာဇ် ဆန့်ကျင်ရေး၊ ဘုရားကျောင်းတော် ဆန့်ကျင်ရေး တိုက်ပွဲ၏ အတွေးအခေါ်ရေးရာ ထင်ဟပ်ချက် ဖြစ်သည်။ ခေတ်ဟောင်းစနစ်ဟောင်းက အတွေးအခေါ်စနစ် တခုလုံးကို အပြင်းအထန် တိုက်ပွဲဝင်ခြင်းလည်း ဖြစ်သည်။ အဆုံး၌ကား ဆင်ခြင်တုံတရား နိုင်ငံတော်ကြီးသည် ဘူဇွာ လူတန်းစား စိတ်ကူးစံပြုထားသော လောကတခု ဆိုတာထက် မပိုခဲ့ချေ။ ဘူဇွာ ပိုင်ဆိုင်မှုသည် လူသားတို့၏ မရှိမဖြစ် အခွင့်အရေး တရပ်ပမာ ဖြစ်လာခဲ့သည်။ တော်လှန်ရေးသမား ရုပ်ဝါဒီတို့သည် ဘူဇွာ လူ့အဖွဲ့အစည်းသစ် ပေါ်ထွန်းလာပြီး ပုဂ္ဂလိက ပိုင်ဆိုင်မှု ပုံစံအသစ်များ လွှမ်းမိုးနိုင်ရေးအတွက် လမ်းခင်းပေးခဲ့ကြသည်။ “မတူညီသော ခေတ်ကာလများ၊ မတူညီသော အခြေအနေများ၊ မတူကွဲပြားသော အဘိဓမ္မာ”ဟု ဒန်နီ ဒိဒရိုး Denis Diderot (၁၇၁၃-၁၇၈၄) က ရေးသားခဲ့သည်။
အသစ်ဖြစ်ပေါ်လာသည့် ထိုရုပ်ဝါဒသည် တော်လှန်သော တိုးတက်မှုတခု ဖြစ်ခဲ့သော်လဲ တရားသေဖြစ်ပြီး စက်ယန္တရား ဆန်လှသည်။ အသစ်ပေါ်ထွန်းလာသည့် ဤတွေးခေါ်ပညာရှင်ကြီးများသည် ခရစ်ယာန် ဘုရားကျောင်းတော်ကို ဆန့်ကျင်တိုက်ခိုက်ပြီး အသက်ဝိညာဉ်၏ လွတ်လပ်စွာ သီးခြားဖြစ်တည်နိုင်မှုကို ငြင်းပယ်သည်။ လူသားဆိုသည်မှာ အခြားတပါးသော သတ္တဝါများနှင့် ဓာတ်အစုအဝေးများကဲ့သို့ ရုပ်ကိုယ်ထည် တခုသာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ အခြားသော ရုပ်ကိုယ်ထည်များထက် ပိုရှုပ်ထွေး ပိုသိမ်မွေ့သော ယန္တရား ဖြစ်သည် ဟူ၍သာ သဘောထားသည်။ လာ မစ်ထရီး La Mettrie (၁၇၀၉-၁၇၅၁) ၏ အထင်ကရ လက်ရာဖြစ်သည့် ‘လူဆိုသည့် ယန္တရား’စာအုပ်ထဲတွင် “ကျွန်ုပ်တို့သည် ခံစားချက်၊ မှတ်ဉာဏ်တို့နှင့် အစာသွပ်ထားသည့် ကိရိယာများ ဖြစ်သည်’ဟု ရေးသားခဲ့သည်။
ပြင်သစ် ရုပ်ဝါဒီများအဖို့ အသိပညာ၏ မူလဘူတ (ပကတိ သစ္စာတရားကို ရှာဖွေခြင်း) သည် ကျွန်ုပ်တို့ အာရုံများအပေါ် သဘာဝတရား၏ ရိုက်ခတ်မှုတွင် တည်နေသည်။ သဘာဝတရားကိုယ်တိုင်နှင့် ဆိုလာ စနစ် အတွင်းရှိ ဂြိုဟ်နှင့် လူသားတို့၏ အနေအထားကို တသမတ်တည်း နေရာချထားပြီး ဖြစ်သည်။ သူတို့အဖို့ သဘာဝ လောကသည် နာရီကဲ့သို့ သံပတ်ပေးထားသော လောကကြီး ဖြစ်သည်၊ ထိုလောကကြီးတွင် အရာရာသည် ယုတ္တိနည်းကျ သတမတ်တည်းသဘော ဆောင်နေသည်။ လှုပ်ရှားပြောင်းလဲရန် တွန်းအားသည်လည်း ပြင်ပကသာ လာခြင်း ဖြစ်သည်။ ချဉ်းကပ်ပုံ ချဉ်းကပ်နည်း တခုလုံးသည် ရုပ်ဝါဒဆန်သော်လည်း စက်ယန္တရားဆန်လှသည်၊ လောက၏ သက်ဝင်လှုပ်ရှားနေသော အရှိတရားကို ဖမ်းဆုပ်နိုင်ခြင်း မရှိချေ။ စကြာဝဠာကြီးကို ဖြစ်စဉ်တရပ်အဖြစ်၊ အပြောင်းအလဲများ တရစပ် ဖြစ်ပေါ် နေသော ရုပ်တရားအဖြစ် မဖမ်းဆုပ်နိုင်။ ဤချို့ယွင်းချက်ကြောင့် ရုပ်လောကနှင့် နာမ်လောက ဟူ၍ မှားယွင်းသော ဆန့်ကျင်ဖက် အုပ်စုခွဲခြင်းမျိုး ဖြစ်ပေါ်စေခဲ့သည်။ ဤဒွန်တွဲဝါဒက စိတ်ဝါဒကို တံခါးဖွင့်ပေးခဲ့သည်။
စကြဝဠာသည် စိတ်ဝိဉာဉ်သက်သက် သို့မဟုတ် ရုပ်သက်သက် ဖြစ်နေသော စနစ်တခု မဟုတ်ဘူး ဆိုသည့် ဧကဝါဒအမြင်ကို ကိုင်စွဲသည့် အခြားသော ရုပ်ဝါဒီများလည်း ရှိခဲ့သည်။ ထိုစနစ်ကို ပထမဆုံး စတင်ဖော်ထုတ်ခဲ့သူမှာ စပင်နိုဇာ ဖြစ်သည်။ စပင်နိုဇာက ဘုရားသခင် လိုအပ်ချက်ကို မပစ်ပယ်ခဲ့သော်လည်း စကြာဝဠာသည် တသားတည်း ပြည့်စုံနေသော ရုပ်တရားသာ ဖြစ်သည့် စနစ်တခုဟု ဖော်ထုတ်ပြခဲ့သည်။
ဒိုင်ယာလက်တစ်နှင့် ရုပ်လွန်ပညာ
မာ့က်စ်ဝါဒီတို့၏ လောကအမြင်သည် ရုပ်ဝါဒအမြင် ဖြစ်ရုံသာမက ဒိုင်ယာလက်တစ်လည်း ဖြစ်ပေသည်။ ယင်းကို ဝေဖန်တိုက်ခိုက်သူများက ဒိုင်ယာလက်တစ်ကို ဒဏ္ဍာရီ ယုံတမ်းတပုဒ်ပမာ ပုံဖော်ပြောလေ့ရှိပြီး အခြေအမြစ်မရှိဟု ဆိုတတ်ကြသည်။ သို့သော် သူတို့ စွပ်စွဲသလို မဟုတ်ချေ။ ဒိုင်ယာလက်တစ် နည်းသည် အပြန်အလှန် အမှီသဟဲပြု တည်ရှိနေသော ပကတိ လောကကို ပို၍ ရှင်းရှင်းလင်းလင်း နားလည်နိုင်ရန် အားထုတ်မှု တရပ်သာ ဖြစ်သည်။ ‘ဒိုင်ယာလက်တစ် ဆိုသည်မှာ သဘာဝတရား၊ လူ့အဖွဲ့အစည်းနှင့် အတွေးအခေါ်တို့၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လှုပ်ရှားပြောင်းလဲမှုဆိုင်ရာ ယေဘုယျ နိယာမများကို လေ့လာသော သိပ္ပံပညာရပ်သာ ဖြစ်ချေသည်’ ဟူ၍ ‘ဒူရင်းသို့ ချေပချက်’ကျမ်းတွင် အန်းဂယ်က ဖွင့်ဆိုခဲ့သည်။ ရိုးရိုးရှင်းရှင်း ဆိုရလျှင် ဒိုင်ယာလက်တစ်သည် လှုပ်ရှားပြောင်းလဲခြင်း၏ လော့ဂျစ် ဖြစ်သည်။
ကျွန်ုပ်တို့ နေထိုင်ရာ လောကသည် မပြောင်းမလဲ တည်တံ့နေသည် မဟုတ်ကြောင်း လူအများ သိထားပြီး ဖြစ်သည်။ အမှန်တကယ်အားဖြင့် သဘာဝတရားထဲက အရာရာသည် တရံမလပ် ပြောင်းလဲလျက် ရှိသည်။ ‘ရွေ့လျားပြောင်းလဲခြင်းဟာ ရုပ်ရဲ့ ဖြစ်တည်မှု ပုံစံပဲ’ ဟု အန်းဂယ်က ဆိုသည်။ ‘ရွေ့လျားပြောင်းလဲခြင်း မရှိသော ရုပ်ဟူ၍ ဘယ်မှာမျှ မရှိခဲ့၊ ရှိလည်း မရှိနိုင်’။ ကမ္ဘာသည် သူ့ဝင်ရိုးပေါ်မှာ အဆက်မပြတ် လည်လျက် ရှိသည်၊ ထိုသို့လည်ရင်း နေကိုလည်း ပတ်လျက် ရှိသည်။ ဤသို့ဖြင့် ကျွန်ုပ်တို့ တနှစ်ပတ်လုံး ကြုံတွေ့ရသော ဥတုအမျိုးမျိုး၊နေ့နှင့်ညတို့ကို ဖြစ်ပေါ်စေသည်။ ကျွန်ုပ်တို့ မွေးဖွားလာရသည်။ ကြီးပြင်းလာသည်။ အိုမင်းကြသည်။ နောက်ဆုံး သေဆုံးကြရသည်။ အရာရာသည် ရွေ့လျောနေသည်။ ပြောင်းလဲနေသည်။ ပေါ်ပေါက်ကာ ဖွံ့ဖြိုးတိုးတက်လာခြင်းလော။ ဆုတ်ယုတ် ပျက်ဆီးသွားခြင်းလော။ မျှခြေတခုခုတွင် တည်ငြိမ်နေသည် ဆိုခြင်းမှာ နှိုင်းရသဘောသာ ဖြစ်ပြီး အခြားတပါးသော ပြောင်းလဲမှုများနှင့် နှိုင်းယှဉ်ကြည့်မှသာ အဓိပ္ပာယ်ရှိပေသည်။
“ကျွန်ုပ်တို့သည် သဘာဝလောက တခုလုံးကို ခြုံငုံ၍ဖြစ်စေ၊ လူသားမျိုးနွယ်တို့၏ သမိုင်းကြောင်းကိုဖြစ်စေ သို့တည်းမဟုတ် ကျွန်ုပ်တို့၏ တွေးခေါ်ရှုမြင်ခြင်း ကိစ္စများကိုဖြစ်စေ ဆင်ခြင်သုံးသပ်ကြည့်သည့်အခါ မဆုံးနိုင်သော ကြောင်းကျိုးဆက်နွှယ်မှုများ၊ အပြန်အလှန် တုံ့လှယ်မှုများ၊ ပတ်လည်ရိုက် အတွဲအစပ်များ တထွေးကြီး ပါဝင်သော ပန်းချီကားတချပ်ကို ကနဦး မြင်ရပေသည်။ ထိုပန်းချီကားကြီးတွင် မည်သည့်အရာမျှ ရှိခဲ့ဖူးသည့်အတိုင်း၊ ဖြစ်ခဲ့ဖူးသည့်အတိုင်း၊ ရှိဖူး ဖြစ်ဖူးသည့် နေရာတွင် အမြဲ ဖြစ်မနေနိုင်၊ ရှိမနေနိုင်ပေ။ အရာရာသည် ရွေ့လျောသည်။ ပြောင်းလဲသည်။ ဖြစ်တည်သည်။ ပျက်စီးခြင်းသို့ ရောက်သည်’ဟု အန်းဂယ်က မှတ်ချက်ပြုသည်။
“ထို့ကြောင့် ကျွန်ုပ်တို့သည် ရှုခင်းတခုလုံးကို ပထမဆုံး မြင်ယောင်လိုက်စဉ် ထိုရှုခင်းကို ဖွဲ့စည်းထားသည့် အစိတ်အပိုင်း တခုချင်းကို အသေးစိတ် မကြည့်အား၊ ခဏတာ နောက်ပို့ထားရသည်။ ‘မည်သည့်အရာများက ပြောင်းလဲသွားသည်၊ မည်သည့်အရာများ ပေါင်းစပ်လျက်ရှိသည်၊ မည်သည့်အရာများက နှီးနွှယ်ဆက်စပ်နေသည်’ စသည်တို့ထက် လှုပ်ရှားမှုများ၊ အသွင်ကူးပြောင်းမှုများ၊ ပတ်သက်ဆက်နွှယ်မှုများကိုသာ အကဲခတ် လေ့လာသည်။ ဤကဲ့သို့ လောကအမြင်သည် အခြေခံကျလွန်းပြီး အင်မတန် ရိုးစင်းနေနိုင်သော်လည်း မှန်ကန်သည်။ ရှေးခေါမ အဘိဓမ္မာ၏ ဤလောကအမြင်ကို ဟေရာကလိုက်တပ် (Heraclitus) က အခုလို ပထမဆုံး ရှင်းလင်းဖော်ထုတ်ခဲ့သည်။ အရာရာသည် ရွေ့လျား စီးဆင်းနေပြီး မပြတ်ပြောင်းလဲနေသည်၊ ဖြစ်တည်ခြင်းနှင့် ပျက်သုဉ်းခြင်းတို့ အစဉ် ဖြစ်ပေါ်လျက်ရှိသည်၊ ထို့ကြောင့် တစုံတရာသည် ဖြစ်တည်နေသည်၊ တချိန်တည်းတွင် ဖြစ်တည်နေခြင်း မရှိဟု ဆိုခဲ့သည်။”
ခေါမတို့သည် သဘာဝ သိပ္ပံပညာရပ်အရာတွင် တော်လှန်သော လေ့လာတွေ့ရှိချက် တသီတတန်းကြီး ဖော်ထုတ်နိုင်ခဲ့ပြီး ရှေ့တန်းရောက်ခဲ့သည်။ ယနေ့တွင် တပိုင်းတစမျှသာ ကျန်ရှိနေခဲ့ပေငြား အနက်ဇီမန်းဒါး (Anaximander) သည် ကမ္ဘာ့မြေပုံကို ရေးဆွဲခဲ့ပြီး စကြဝဠာဗေဒဆိုင်ရာ စာအုပ်လည်း ရေးသားပြုစုခဲ့သည်။ အန်တီခစ်သဲရာ ယန္တရား (Antikythera Mechanism) သည် ဘီစီ၁ ရာစု ကာလခန့်က သံပတ်ဖြင့် လည်ပတ်သော ဂြိုလ်ပတ်လမ်းပုံစံတူ၏ လက်ကျန် ဖြစ်ပုံရသည်။ ထိုခေတ် ထိုကာလ၏ အသိပညာ အကန့်အသတ်ကြောင့် တီထွင်ဖန်တီးမှု အတော်များများသည် မျှော်လင့်စောင့်စားချက်များ၊ စိတ်ကူးကောင်းသော မှန်းဆချက်များသာ ဖြစ်ခဲ့သည်။ ကျေးပိုင်ကျွန်ပိုင်ခေတ် လူ့အဖွဲ့အစည်းအတွင်း ဤကဲ့သို့ ပြောင်မြောက်သော တီထွင်ဖန်တီးမှုများကို ထုတ်လုပ်ရေး အသုံးအဖြစ် အသက်မသွင်းနိုင်ခဲ့ချေ၊ အပျော်တမ်းလောက်သာ သဘောထားခဲ့ကြသည်။ ဆယ့်ငါးရာစု အလယ်ခန့် ရောက်မှသာ သဘာဝ သိပ္ပံပညာရပ်နယ်ပယ်တွင် စစ်မှန်သော တိုးတက်မှုများ ဖြစ်ပေါ်လာခဲ့သည်။ သဘာဝတရားကို အစိတ်အပိုင်းတွေ သီးခြားခွဲထုတ်ပြီး စူးစမ်းလေ့လာသည့် နည်းသစ်များ ပေါ်ပေါက်လာခဲ့သည်။ ထိုသို့ ပိုင်းခြားလိုက်သည့်အခါ လေ့လာခံ အချင်းအရာများ၊ ဖြစ်စဉ်များကို မျိုးတူစုပြု၍ ရသွားသည်။ ထိုနည်းဖြင့် အချက်အလက်များ တနင့်တပိုး ရရှိလာသည်၊ သို့သော် သဘာဝထဲက အကြောင်းချင်းရာများကို ၎င်းတို့ မှီတည်ရာ ပတ်ဝန်းကျင်နှင့် ဆက်စပ်လေ့လာခြင်း မပြုမိဘဲ သီးခြားခွဲထုတ်ပြီး လေ့လာသကဲ့သို့ ဖြစ်နေသည်။ ဤသို့ဖြင့် တရားသေဆန်သော၊ ကျဉ်းမြောင်းသော မက်တာဖစ်ဆစ်ကယ် အတွေးအခေါ် နည်းတရပ် ပေါက်ဖွားလာပြီး လက်တွေ့မျက်မြင် အခြေစိုက် ဒဿန(Empiricism) ၏ အထင်ကရ အမှတ်အသား ဖြစ်လာခဲ့သည်။ ‘အချက်အလက်’သည်သာ ပဓာန ဖြစ်လာခဲ့သည်။ “ကိုင်း အခု ကျုပ်လိုချင်တာ အချက်အလက်တွေပဲ။ ဒီသူငယ်လေးတွေ၊ ကလေးမလေးတွေကို အချက်အလက်ကလွဲပြီး တခြား ဘာမှ သင်ပေးစရာ မလိုဘူးဗျာ။ ဘဝမှာ အချက်အလက်တွေကိုပဲ အလိုရှိတယ်”။ ဤသည်မှာ အင်္ဂလိပ် စာရေးဆရာကြီး ချားလ်စ် ဒစ်ကင်း(Charles Dickins) ၏ ‘Hard Times’ ဝတ္ထုထဲက ဇာတ်ကောင် တောမတ် ဂရက်ဂရင်း (Thomas Gradgrind) ၏ ပြောစကားဖြစ်သည်။
“မက်တာဖစ်ဆစ်ကယ် သမားတွေအဖို့ ရုပ်ဝတ္ထုတွေနဲ့ ယင်းတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန် ရိုက်ခတ်ချက်တွေဟာ သီးခြားစီဖြစ်နေတယ်၊ တခုပြီးမှ နောက်တခု စဉ်းစားသလို တခုနဲ့တခုကိုလည်း ခွဲထုတ် ကြည့်မြင်တယ်၊ ဒီအရာ တွေကို ပုံသေသဘော ရှုကြည့်လေ့လာတယ်၊ အစဉ်ပြောင်းလဲနေတဲ့ သဘောမကြည့်ဘဲ တခါဖြစ်ပြီးရင် အမြဲ ဒီလို ဖြစ်တည်နေမယ့် သဘော ရှုမြင်တယ်။ သဘာဝတ္ထ ဖြစ်စဉ်တွေ၊ အရာဝတ္ထုတွေကြားက ပဋိပက္ခကို အကြွင်းမဲ့ သဘောလို့ ယူဆကြတယ်။ “သူ့အမြင်မှာ အရာအားလုံးကို ‘အဖြူမဟုတ်ရင် အမည်း’ အနေနဲ့ပဲ ကြည့်တယ်။ ဒီလို အဖြူနဲ့အမည်း မဟုတ်တဲ့ အရာရာတိုင်းဟာ မလိုလားအပ်တဲ့ နာနာဘာဝ ဖြစ်သွားတယ်”။ သူ့အဖို့၊ တစုံတရာ ဟာ တည်ရှိနေတယ် (မဟုတ်ရင်) တည်ရှိမနေဘူး၊ တချိန်တည်းမှာပဲ ဖြစ်တည်နေသလို ဖြစ်တည်မနေဘူး ဆိုတာ (မက်တာဖစ်ဆစ်ကယ် သမားအဖို့) မရှိနိုင်ဘူး။ (မက်တာဖစ်ဆစ်ကယ် သမားအဖို့) အဖိုသဘောနဲ့ အမ သဘော ဆိုတာ တခုနဲ့တခု ပကတိသဘော ငြင်းဖယ်နေကြတယ်၊ အကြောင်းတရားနဲ့ အကျိုးတရားဟာလည်း အမြဲ တသမတ်တည်း ပဋိပက္ခဖြစ်နေတယ်၊ တစုံတရာဟာ အကြောင်းတရားဖြစ်နေရင် အမြဲ အကြောင်းတရား ဖြစ်နေသလို အကျိုးတရား ဖြစ်နေတဲ့ အရာကလည်း ဘယ်တော့မဆို အကျိုးတရားပဲ ဖြစ်နေတယ်။
“အစပိုင်းမှာ ဒီလို တွေးနည်းက အထင်ကြီးစရာပဲ၊ အကြောင်းက ယုတ္တိတန်တဲ့ သမားရိုးကျ အမြင်ဆိုတာ ဒီလို တွေးခေါ်နည်း ဖြစ်နေလို့ပဲ။ ကျင်လည်နေကျ နံရံလေးဖက် ကမ္ဘာလေးထဲမှာတော့ ကြောင်းကျိုးခိုင်လုံတဲ့ အဲဒီ သမားရိုးကျ အမြင်က အလုပ်ဖြစ်တယ်၊ ယုံကြည်ကိုးစားလို့ ရတယ်။ ဒါပေမယ့် ကျယ်ပြောလှတဲ့ ကမ္ဘာလောကကို စူးစမ်းလေ့လာဖို့ အရဲစွန့် ထွက်လိုက်တာနဲ့ ချက်ချင်းဆိုသလို အံ့ဩဘနန်း စွန့်စားခန်းတွေ တွေ့ရတော့တာပဲ။ မက်တာဖစ်ဆစ်ကယ် တွေးခေါ်နည်းဟာ နယ်ပယ် တော်တော်များများမှာ လိုအပ်သလို သုံးဖို့လည်း ကြောင်းကျိုးခိုင်လုံပါတယ်။ ဘယ်အတိုင်းအတာအထိ ဒီနည်းကို သုံးလို့ရသလဲ ဆိုတာကတော့ စူးစမ်းလေ့လာသော အကြောင်းချင်းရာရဲ့ သဘော သဘာဝအပေါ် မူတည်ပြီး ပြောင်းလဲနေတယ်။ ဒါပေမယ့် အနှေးနဲ့အမြန် ဆိုသလို ဒီတွေးခေါ်နည်းကို သုံးလို့ရနိုင်တဲ့ နယ်နိမိတ်စွန်းကို ရောက်သွားမယ်။ အဲဒီနယ်နိမိတ်ကို ကျော်သွားရင်တော့ ဒီတွေးခေါ်နည်းဟာ တဖက်သတ်ဆန်သွားမယ်၊ အကန့်အသတ်ရှိသွားမယ်၊ စိတ္တဇဆန်သွားမယ်၊ ရှင်းမရနိုင်တဲ့ ပဋိပက္ခတွေကြား လမ်းပျောက်သွားမယ်။ ပါဝင်ရာ အစိတ်အပိုင်း တခုချင်းစီကို အလေးအနက် ဆင်ခြင်နေရင်း သူတို့ကြားက ဆက်နွှယ်ချက်ကို မေ့သွားတယ်၊ ဖြစ်တည်မှုကို ဆင်ခြင်သုံးသပ်ရင်း ဖြစ်တည်မှုရဲ့ အစနဲ့ အဆုံးကို မေ့သွားတယ်၊ သဘာဝ ဖြစ်စဉ်တွေကို အငြိမ်ထား လေ့လာရင်း ရွေ့လျားခြင်းသဘောကို မေ့သွားတယ်။ သစ်တပင်စီကိုသာ မြင်နေပြီး တောအုပ် တခုလုံးကို သတိမမူမိတော့” ဟု အန်ဂယ်လ်က ဆိုခဲ့သည်။
အန်းဂယ်က ဆက်ရှင်းပြသည်။ နေ့စဉ်ဘဝတွင် သတ္တဝါတကောင် သေသလား၊ ရှင်သလား ကျွန်ုပ်တို့ အလွယ်ကလေး ပြောနိုင်သည်။ သို့သော် အနီးကပ် စောကြောကြည့်ပါက အဆိုပါမေးခွန်းသည် ထိုမျှ မရိုးရှင်းကြောင်း ကျွန်ုပ်တို့ လက်ခံရပေသည်။ မရိုးရှင်းသည့်အပြင် ရှုပ်ထွေးနက်နဲသော မေးခွန်းတခု ဖြစ်နေသည်။ သတ္တဝါတခုသည် မိခင်၏ ဝမ်းကြာတိုက်ထဲတွင် မည်သည့်အချိန်၌ အသက်ဓာတ် စတင် ဖြစ်ပေါ်သနည်း ဆိုသည့် အကြောင်းနှင့်ပတ်သက်၍ ယနေ့ခေတ်ကာလမှာပင် လက်သီးလက်မောင်း တန်းရသည်အထိ အငြင်းအခုံများလည်း ရှိနေဆဲပင်။ အလားတူ မည်သည့်အချိန်တွင် အသက်ဓာတ် ကုန်လွန်ကြောင်းနှင့် ပတ်သက်၍လည်း အတိအကျပြောရန် ခက်ခဲသည်သာပင်။ အဘယ်ကြောင့်ဆိုသော် အသက်ဓာတ် ကုန်လွန်ခြင်းသည် ပွဲချင်းပြီး လုပ်ဆောင်ချက် တခု မဟုတ်ဘဲ ရှည်လျားကြာညောင်းသော ဖြစ်စဉ်တခုဟု ဇီဝကမ္မပညာရပ်က လေ့လာဖော်ထုတ် သက်သေပြထားပြီး ဖြစ်သည်။ ခေါမ အဘိဓမ္မာဆရာ ဟေရာကလိုက်တပ်၏ ပြောင်မြောက်လှသော စကားလုံးများနှင့် ဆိုရလျှင် –
“ကျွန်ုပ်တို့ထဲတွင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၊ အိပ်စက်ခြင်းနှင့် နိုးကြားခြင်း၊ ငယ်ရွယ်ပျိုမျစ်ခြင်းနှင့် အိုမင်းရင့်ရော်မှုတို့ တချိန်တည်းမှာ ဖြစ်ပေါ်နေသည်။ တခုနှင့် တခု နေရာလဲပြီး ဆန့်ကျင်ဖက် အခြားတခုအဖြစ် ပြောင်းသွားသည်။ တခုတည်းသော စမ်းချောင်းအတွင်းသို့ ကျွန်ုပ်တို့ ဆင်းသက်ကြပြီး ကျွန်ုပ်တို့ မဆင်းသက်ကြ။ ကျွန်ုပ်တို့ ဖြစ်ရှိနေသည်၊ တချိန်တည်းတွင် ကျွန်ုပ်တို့ ဖြစ်ရှိနေခြင်း မဟုတ်။”
အရာရာတိုင်းက အပေါ်ယံ မြင်ရသည့်အတိုင်း မဟုတ်ချေ။ မည်သည့် သက်ရှိ မျိုးစိတ်မဆို၊ သက်ရှိဘဝ၏ မည်သည့် အစိတ်အပိုင်းမဆို အချိန်တိုင်းမှာ အတူတူ ဖြစ်နေပြီး အတူတူလည်း မဟုတ်ချေ။
သက်ရှိရုပ်သည် ပြင်ပက ရုပ်ပစ္စည်းများကို ယူငင်စားသုံးပြီး ကြီးထွားဖွံ့ဖြိုးလာသည်၊ တချိန်တည်းတွင် မလိုအပ်သော အခြား ရုပ်တို့ကို စွန့်ထုတ်ဖယ်ရှားပစ်သည်။ အဆက်မပြတ် သေဆုံးနေသော ဆဲ(လ်)များ ရှိသကဲ့သလို့ အဆက်မပြတ် အသစ်ဖြစ်ပေါ်နေသော ဆဲ(လ်)များလည်း ရှိသည်။ သို့နှင့် အချိန်တခု ကြာလာသည့်အခါ ရုပ်ခန္ဓာသည် လုံးလုံးလျားလျား ပြောင်းလဲသွားတော့သည်။ ခေါင်းအစ ခြေအဆုံး အသစ် ဖြစ်သွားသည်။ ထို့ကြောင့် အော်ဂဲနစ် ရုပ်တိုင်းသည် ၎င်း၏ ဖြစ်တည်မှုအတိုင်း ဖြစ်ရှိနေသည့် တချိန်တည်းမှာပင် အခြားသော ဖြစ်တည်မှုလည်း ဖြစ်နေပြန်သည်။
ဤကဲ့သို့ ဖြစ်စဉ်များကို ရုပ်လွန်ပညာ တွေးခေါ်နည်းဖြင့်လည်းကောင်း၊ သမားရိုးကျ ယုတ္တိ ဆင်ခြင်နည်းဖြင့်လည်းကောင်း ရှင်းမပြနိုင်ပေ။ ထိုချဉ်းကပ်နည်းသည် ပဋိပက္ခကို ရှင်းပြနိုင်စွမ်းမရှိ။ နေ့စဉ်ဘဝ စဉ်းစားနည်းတွင် ဤကဲ့သို့ ပဋိပက္ခဖြစ်နေသော အရှိတရားမျိုး မပါဝင်။ ဒိုင်ယာလက်တစ်သည် အကြောင်းချင်းရာများကို အပြန်အလှန် ဆက်နွှယ်နေမှု၊ ရှင်းသန်ဖွံ့ဖြိုးမှု၊ လှုပ်ရှားပြောင်းလဲမှုများအရ နားလည်နိုင်ရန် ကြိုးစားသည်။ အန်းဂယ်(စ်) အလေးထား ပြောခဲ့သည့်အတိုင်း ဆိုရလျှင် “သဘာဝတရားသည် ဒိုင်ယာလက်တစ်၏ သက်သေခံ မှတ်ကျောက် ဖြစ်သည်”။
အန်းဂယ်(စ်)က များပြားလှသော ပြောင်းလဲခြင်း ဖြစ်စဉ်များကို သူ၏ သဘာဝ၏ ဒိုင်ယာလက်တစ် စာအုပ်တွင် အခုလို ဖော်ပြခဲ့ဖူးသည် –
ရုပ်သည် အဆုံးအစမဲ့ စက်ဝန်းအသွင်ဖြင့် ပြောင်းလဲရွေ့လျားနေသည်၊ ၎င်း တိုးတက်ဖြစ်ထွန်းရာ လမ်းကြောင်းသည် တမျှော်တခေါ် အပြောကျယ်လွန်းလှ၍ ၎င်းနှင့်နှိုင်းစာလျှင် ကျွန်ုပ်တို့ ကမ္ဘာမြေ နှစ်ဌာန်းကာလသည် ဘာမျှ မပြောပလောက်ပေ၊ ယင်းကဲ့သို့ ရွေ့လျားပြောင်းလဲနေသော စက်ဝန်းအတွင်း တိုးတက်ဖွံ့ဖြိုးမှု အမြင့်ဆုံးကာလ၊ နာမည်တပ်ပြောရလျှင် အော်ဂဲနစ် သက်ရှိရုပ်များ ပေါ်ထွန်းလာပြီး အောင်မြင်မှု အထွတ်အထိပ်ဟု ဆိုနိုင်သည့် အသိစိတ် ထွက်ပေါ်လာသည့် ကာလ အပိုင်းအခြားသည် သက်ရှိများနှင့် အသိစိတ် ပေါ်ထွက်လာရာ သမိုင်းကြောင်းနှင့် နှိုင်းစာသော် မိနစ်ပိုင်းမျှသာ ရှိသေးသည်၊ အဆိုပါ စက်ဝန်းအတွင်း နေဖြစ်စေ သို့တည်းမဟုတ် နက်ဗျူလာ ဖြစ်စေ၊ သက်ရှိတကောင်ကောင် သို့မဟုတ် သက်ရှိ မျိုးစိတ်ဖြစ်စေ၊ ဓာတု ပေါင်းစည်းခြင်း သို့မဟုတ် ပြိုကွဲခြင်းဖြစ်စေ၊ မည်သို့သော ဖြစ်တည်မှုပုံစံနှင့် တည်ရှိနေစေကာမူ ရုပ်အားလုံးသည် ကူးလူးပြောင်းလဲနေရတာချင်း အတူတူသာ ဖြစ်ချေသည်၊ ယင်းစက်ဝန်းတွင် တာဝရ ပြောင်းလဲနေသော၊ ထာဝရ လှုပ်ရှားနေသော ရုပ်နှင့် ၎င်း၏ ပြောင်းလဲခြင်း၊ လှုပ်ရှားခြင်းဆိုင်ရာ နိယာမတရားတို့ကလွဲ၍ ထာဝရ တည်မြဲသော အရာဟူ၍ တခုမျှ မရှိချေ။ သို့သော် ယင်းစက်ဝန်းကြီးသည် အချိန်နှင့် အာကာသအတွင်း ညှာတာထောက်ထားခြင်း ကင်းမဲ့စွာဖြင့် အဘယ်မျှပင် အဖန်တလဲလဲ ဖြစ်ပွားနေစေကာမူ၊ နေအဖွဲ့အစည်းနှင့် ကပ်ကမ္ဘာများ မရေမတွက်နိုင်အောင် အဘယ်မျှပင် ပေါ်ထွန်းလိုက်၊ ပျက်သုဉ်းလိုက် ရှိနေစေကာမူ၊ နေအဖွဲ့အစည်းများအတွင်း ဂြိုလ်တချို့ပေါ်တွင် ဇီဝရုပ် ဖြစ်ထွန်းရန် သင့်လျော်သည့် အခြေအနေများ ပေါ်ပေါက်လာသည်အထိ အဘယ်မျှပင် ကြာညောင်းအောင် စောင့်ဆိုင်းရန် လိုအပ်စေကာမူ၊ (ကာလတိုမျှသာ ရှင်သန်နိုင်ခဲ့သည် ဆိုစေဦး) ရှင်သန်နေထိုင်ရန် သင့်လျော်သော ဝန်းကျင်ကို ရှာဖွေတတ်သည့် တွေးခေါ်စဉ်းစားတတ်သော ဦးနှောက်ပိုင်ရှင် သက်ရှိများ ပေါ်ထွန်းမလာမီ ကြီးစိုးမင်းမူ၊ မျိုးတုန်းသွားခဲ့ရသော သတ္တဝါပေါင်း မရေတွက်နိုင်လောက်အောင် များပြားနေစေကာမူ၊ ကျွန်ုပ်တို့ အသေအချာ ပြောနိုင်သည်မှာ ပြောင်းလဲမှု အဖုံဖုံ ဖြစ်ပေါ်နေသော ရုပ်သည် အမြဲတစေ ရုပ်သာ ဖြစ်လျက်ရှိသည်၊ ယင်းရုပ်၏ ပင်ကိုအရည်အသွေးများ တခုမျှ ပျက်သုဉ်းမသွားနိုင်ချေ၊ ရုပ်၏ အမြင့်ဆုံး ဖူးပွင့်မှုဟု ဆိုနိုင်သော တွေးခေါ်စဉ်းစားနိုင်စွမ်းရည်ကို ပျက်သုဉ်းခြင်းဆီ အတင်းအကျပ် တွန်းပို့ခဲ့သော ယင်းသံမဏိ နိယာမတရားအရပင် အခြားသော အချိန်၊ အခြားသော အာကာသတွင် ယင်းအသိစိတ် တကျော့ပြန် မွေးဖွားရန် မဖြစ်မနေ လိုအပ်လာသည်။”
၁၈ရာစု ပြင်သစ် အတွေးအခေါ်နှင့် ခေတ်ပြိုင်၊ မရှေးမနှောင်းဟုလည်း ဆိုနိုင်သည့် ကာလတွင် ရာဒီကယ် ဂျာမန် ဒဿန အသစ်တရပ် ပေါ်ထွန်းလာခဲ့သည်။ အီမန်နျူအယ် ကန့် အလွန် ဂျော့(ဂ်ျ) ဖရက်ဒရစ် ဟေဂယ် လက်ထက်တွင် ဂျာမန် ဒဿနသည် အမြင့်ဆုံးအဆင့်သို့ ရောက်ခဲ့သည်။ ဟေဂယ်သည် ပြင်သစ်တော်လှန်ရေးကို အလွန်တရာ လေးစား အားကျခဲ့သူ ဖြစ်သည်။ ဟေဂယ်သည် စိတ်ဝါဒီတဦး ဖြစ်သော်လည်း သူ့ခေတ်တွင် စွယ်စုံ သိမြင်နှံ့စပ်သော ပညာရှင်ကြီး ဖြစ်ခဲ့သည်။ နှစ်ပေါင်း နှစ်ထောင် ဝန်းကျင်ခန့်က ခေါမခေတ် တွေးခေါ်ရှင်ကြီးများ ကနဦး ဖော်ထုတ်ခဲ့သည့် ဒိုင်ယာလက်တစ် တွေးခေါ်နည်းကို ဆယ်ယူနိုင်ခဲ့ခြင်းသည် ဟေဂယ်၏ အကြီးမားဆုံး အကျိုးပြုချက်ပေတည်း။
“ဖြစ်တည်မှုတိုင်း၏ အပြောင်းအလဲများတွင် အရေအတွက် တခုမှ တခုသို့ ကူးပြောင်းသည့် အချက်သာမက အရေအတွက်မှ အရည်အသွေးသို့ ပြောင်းလဲနိုင်သည်၊ ထို့အတူ အရည်အသွေးမှ အရေအတွက်သို့လည်း ပြောင်းလဲနိုင်သည်” ဟူ၍ ဟေဂယ်က ရေးသားခဲ့သည်။ အရည်အသွေးသဘော ကူးပြောင်းခြင်းတမျိုး ဖြစ်ပေါ်တိုင်း အဆက်ပြတ်တောက်မှု ဖြစ်သွားလေ့ရှိသည်။ ထိုအခါ သက်ဆိုင်ရာ ဖြစ်စဉ်ကို ယခင်အခြေအနေနှင့် အရည်အသွေးအားဖြင့် သိသိသာသာ ခြားနားသွားသည့် အခန်းသစ် တရပ် ဖွင့်လှစ်ပေးသည်။ သို့ဖြစ်သောကြောင့် ရေကို အအေးခံလိုက်သည့်အခါ မာကြောသွားသည်။ ဖြည်းဖြည်းချင်း ဖြစ်သွားသည် မဟုတ်၊ ရုတ်တရက် ခဲသွားခြင်း ဖြစ်သည်။ ရေခဲမှတ်အထိ အအေးခံထားလိုက်ပြီဆိုပါက ဆိတ်ငြိမ်သော အခြေအနေကို ဆက်ထိန်းနိုင်မှသာ အရည်အဖြစ် ဆက်ရှိနိုင်မည်၊ ထိုအခိုက်တွင် မဆိုစလောက် လှုပ်ခတ်မှု ဖြစ်ရုံမျှနှင့် ရုတ်တရက် အခဲ ဖြစ်သွားစေနိုင်သည်။ ကိုယ်ကျင့်စံနှုန်းများနှင့် ပတ်သက်သည့် ဖြစ်ရပ်များတွင်လည်း အလားတူပင်။ အရေအတွက်မှ အရည်အသွေးသို့ ကူးပြောင်းသည့် အပြောင်းအလဲများ ဖြစ်ပွားသည်။ အဆိုပါ ဖြစ်ရပ်များတွင်လည်း အရည်အသွေးဆိုင်ရာ ခြားနားချက်များသည် အရေအတွက် ကွာခြားချက်များအပေါ် အခြေခံထားသည်။ ထို့ကြောင့် မဆိုစလောက် အတိုး အလျှော့ လုပ်ရုံဖြင့် အပျော်အပြက်နှင့် ရာဇဝတ်မှုကြား ခြားထားသည့် စည်းကို ကျော်လွန်ပြီး အရည်အသွေးသဘော ပြောင်းလဲမှု ဖြစ်သွားနိုင်သည်။” (The Science of Logic)
ဟေဂယ့် ရေးသားချက်များတွင် ဒိုင်ယာလက်တစ် နှင့်ပတ်သက်သော ဥပမာများ၊ မှီငြမ်းကိုးကားချက်များ ပြည့်နှက်နေပါသည်။ ဟေဂယ်သည် စိတ်ဝါဒီတယောက် ဖြစ်သည့်အပြင် သူ၏ အရေးအသားမှာ အဓိပ္ပာယ် ကွယ်ဝှက်လွန်းသောကြောင့် ခဲရာခဲဆစ် တွေးယူရပေရာ သူ့လက်ရာများကို ဖတ်ရသည်မှာ အတော်ပင် အခက်ကြုံရပေသည်။ ပထမ ကမ္ဘာစစ်ကာလ ပြည်ပတွင် တိမ်းရှောင်နေရစဉ် ဟေဂယ့် လက်ရာများကို ပြန်လည်ဖတ်ရှုရင်း လီနင်က အောက်ပါအတိုင်း ရေးသားခဲ့သည်။
“ယေဘုယျအားဖြင့် ဟေဂယ် (ရဲ့ လက်ရာများ)ကို ရုပ်ဝါဒနည်းကျ ကြိုးစားဖတ်နေတယ်။ (အန်းဂယ် ပြောသလို ဆိုရရင်) ဟေဂယ် (ရဲ့ ဒဿန)ဟာ မြေပေါ် ခေါင်းစိုက်ပြီး ရပ်နေတဲ့ ရုပ်ဝါဒပဲ။ အများအားဖြင့် ပရမတ်တရား၊ အိုင်ဒီယာသက်သက်၊ ဘုရားသခင်၊ စသဖြင့်၊ အဲလိုဟာတွေ ပါလာရင် ဘေးဖယ်ပြီး ဖတ်လိုက်တာပဲ။”
လီနင်သည် ဟေဂယ်(၏ လက်ရာများ)ကို လွန်စွာသဘောကျ နှစ်ခြိုက်ခဲ့သည်။ ဟေဂယ်၏ စိတ်ဝါဒကို သိသော်လည်း လီနင်သည် ဟေဂယ်၏ လက်ရာများကို ကိုယ်တိုင်လေ့လာကြည့်ကြဖို့ လူငယ်ကွန်မြူနစ်များကို အကြံပြု တိုက်တွန်းခဲ့သည်။
လူငယ်ဘဝတွင် မာ့က်စ်နှင့် အန်းဂယ်တို့သည် ကြီးမြတ်သော ဟေဂယ်၏ တွေးခေါ်ယူဆချက်များကို လက်ခံလိုက်နာသူများ ဖြစ်ခဲ့ကြသည်။ ဆရာသမားဖြစ်သူထံမှ ပညာအမြောက်အမြား သင်ယူခွင့် ရလိုက်ကြသည်။ ဒိုင်ယာလက်တစ်နည်းဖြင့် စံကိုက်ချိန်ထိုးကာ လောကကို ရှုထောင့်အသစ်မှ ကြည့်ရှုတတ်အောင် သူက အမြင်ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။ ဒိုင်ယာလက်တစ်ကို ထွေးပွေ့ကြိုဆိုခြင်းဖြင့် ဟေဂယ်သည် သမိုင်းကို ရုပ်လွန်ပညာမှ လွတ်မြောက်စေခဲ့သည်။ ဒိုင်ယာလက်တစ်သဘောအရ
မည်သည့်အရာမျှ ဆုံးခန်းတိုင်သည် ဟူ၍မရှိ၊ အကြွင်းမဲ့ ဟူ၍မရှိ၊ ထူးကဲမြင့်မြတ်နေသည် မရှိ။ အရာရာတိုင်းသည် တဒင်္ဂမဆိုင်း အစဉ် ပြောင်းလဲနေတတ်သည့် သဘောကို ဒိုင်ယာလက်တစ်က ရှာဖွေဖော်ထုတ်သည်။ သို့သော်ငြား သူ့ခေတ် အသိပညာ၊ သူ့ကိုယ်ပိုင် အသိပညာနှင့် သူကိုင်စွဲသည့် စိတ်ဝါဒတို့က ဟေဂယ်ကို ကန့်သတ်ချုပ်နှောင်ထားသည်။ ဦးနှောက်ထဲက အတွေးများသည် အမှန်တကယ် တည်ရှိနေသော ဖြစ်စဉ်များ၊ ရုပ်အထည်များ၏ ဒြပ်မဲ့ ပုံရိပ်များအဖြစ် သူသဘောမထား၊ ထာဝရ တည်ရှိနေသော “ပရမတ်တရား”၏ ကိုယ်ထင်ပြချက်များအဖြစ် သဘောထားခဲ့သည်။ ပကတိ အရှိတရားသည် ဟေဂယ်၏ စိတ်ဝါဒကြောင့် ဦးစောက် ပြောင်းပြန်လန်သွားသည်ဟု ဆိုရပေမည်။
အရေအတွက်မှ အရည်အသွေး (တဖန် အရည်အသွေးမှ အရေအတွက်) သို့ ပြောင်းလဲခြင်း သဘော
“သဘာဝတရားမှာ ရုတ်တရက် ခုန်ကူးပြောင်းလဲတတ်တဲ့ သဘောမရှိဘူးလို့ ဆိုကြတယ်။ တစတစ တိုးပွားမှု (သို့မဟုတ်) ယုတ်လျော့မှုတွေကနေ အကြောင်းချင်းရာများ ဖြစ်တည်လာကြတယ်လို့ လူအများ လက်ခံထားကြတယ်။ ဒါတင် ဘယ်ကမလဲ။ အရေအတွက်ကနေ အရည်အသွေးကို ရုတ်တရက် ကူးပြောင်းသွားတာမျိုးလည်း ရှိသေးတယ်။ ဥပမာဆိုရရင် ရေကို အအေးခံလိုက်တဲ့အခါ ပျော့စိစိ အရင်ဖြစ်ပြီး နောက်ဆုံး ရေခဲအဖြစ် မာကျောသွားတယ် ဆိုတာမျိုး မဟုတ်ပါဘူး၊ အရည်ဘဝကနေ ချက်ချင်း အခဲ ဖြစ်သွားတာပဲ။ အပူချိန်ကို တစုံတခုသော ဒီဂရီအထိ လျှော့ချလိုက်မယ်ဆိုရင် ရေအဖြစ်ကနေ ရေခဲအဆင့်ကို ရုတ်ချည်း ပြောင်းလဲသွားတယ်။ သဘောက အပူချိန် ဒီဂရီ အပြောင်းအလဲ (အရေအတွက် ပြောင်းလဲခြင်း) ကနေ အကြောင်းချင်းရာတို့ရဲ့ သဘောသဘာဝ ပြောင်းလဲခြင်း (အရည်အသွေး ပြောင်းလဲခြင်း) ဖြစ်သွားတာပဲ။ (The Science of Logic).
ဒါဟာ အပြောင်းအလဲကို နားလည်နိုင်ရေးအတွက် တဆစ်ချိုး ဖြစ်တယ်။ အပြောင်းအလဲတရပ်၊ ဒါမှမဟုတ် ဆင့်ကဲဖြစ်စဉ်တရပ်ဟာ အထစ်အငေါ့မရှိ တဖြောင့်တည်း ဖြည်းဖြည်းချင်း ဖြစ်ပေါ်နေတာမျိုးမဟုတ်။ မာ့က်စ်ဟာ ခေတ်ပြောင်း တော်လှန်ရေးကို မြေအောက်က ပွေးသိုက်ထဲမှာ သဲကြီးမဲကြီး တူးယက်နေတဲ့ အရွယ်ရောက် ပွေးတကောင်နဲ့ ခိုင်းနှိုင်းပြတယ်။ အချိန်အတော်ကြာတဲ့အထိ ရှိလို့ရှိမှန်းတောင် သိရမှာ မဟုတ်ဘူး။ ဒါပေမဲ့ တလှုပ်လှုပ်နဲ့ အစဉ်အလာဟောင်းကြီးကို လှိုက်စားနေတယ်။ အဲဒီနောက် ရုတ်တရက် ဦးစောက်ပြောင်းပြန် ပြောင်းလဲကာ မြေပြင်ထက် ပေါ်လာသလိုပါ။ ချားလ်စ် ဒါဝင်တောင်မှ ဆင့်ကဲဖြစ်စဉ်ရဲ့ အနှစ်သာရဟာ ဖြေးဖြေးချင်းပြောင်းလဲတဲ့ သဘောတရားဖြစ်တယ်လို့ ယုံကြည်ထားခဲ့တယ်။ ရုပ်ကြွင်း မှတ်တမ်းတွေထဲက ဟာကွက်တွေဟာ ဆင့်ကဲဖြစ်စဉ်အတွင်း ခုန်ကူး ပြောင်းလဲမှုတွေ သို့မဟုတ် စဉ်ဆက်ပြတ်တောက်မှုတွေ ဖြစ်ခဲ့လို့ မဟုတ်ဘူး၊ ဒီဟာကွက်တွေကို နောက်ပိုင်း တွေ့ရှိချက်တွေနဲ့ ထပ်ဖြည့်သွားနိုင်မယ်လို့ သူ ယုံကြည်ခဲ့တယ်။ ဒီနေရာမှာတော့ ဒါဝင် မှားသွားပြီ။ ယနေ့ခေတ်အခါ ဆင့်ကဲဖြစ်စဉ် အတွင်းက ခုန်ကူးပြောင်းလဲမှုကို ရှင်းပြနိုင်တဲ့ သီအိုရီအသစ်တွေ ဖော်ထုတ်ထားတယ်၊ အနှစ်သာရအားဖြင့် ဒိုင်ယာလက်တစ်ဆန်တဲ့ သီအိုရီတွေပါပဲ။ စတီဖင် ဂျေ ဂိုး (Stephen Jay Gould)နဲ့ နိုင်း အယ် ဒရက် (Niles Eldredge) တို့က သူတို့ရဲ့ ဒိုင်ယာလက်တစ်ကျတဲ့ ဆင့်ကဲဖြစ်စဉ် သဘောတရားကို “Punctuated equilibra” လို့ ခေါ်ဆိုခဲ့တယ်။ သူတို့ ဖွင့်ဆိုရှင်းလင်းချက်အရ ဆင့်ကဲဖြစ်စဉ်အတွင်းမှာ ကာလ အတန်ကြာအောင် သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ မဖြစ်ပေါ်ဘဲ ရှိနေရာက သက်ရှိ တမျိုးမျိုး သို့မဟုတ် အမျိုးပေါင်းများစွာ ရုတ်ချည်း ထွက်ပေါ်လာခဲ့တယ်။ တနည်းပြောရရင် အရေအတွက်ပိုင်း ကွဲပြားခြားနားချက်များမှ အရည်အသွေးသဘော ပြောင်းလဲမှု ဖြစ်ပေါ်ပြီး သက်ရှိ မျိုးစိတ်သစ် ထွက်ပေါ်လာခြင်း ဖြစ်တယ်။ ဖွံ့ဖြိုးမှု ဖြစ်စဉ်တခုလုံးကို ကြည့်လိုက်ရင် စဉ်ဆက်ပြတ်တောက်မှုတွေ၊ ခုန်ကူး ပြောင်းလဲခြင်းတွေ၊ ကပ်ဘေးကြီးတွေ၊ တော်လှန်ရေးကြီးတွေ အထင်အရှား တွေ့ရလိမ့်မယ်။
လွန်ခဲ့တဲ့ နှစ်သန်းပေါင်း သုံးထောင့် ခြောက်ရာခန့်က ကမ္ဘာ့ သမုဒ္ဒရာတွေထဲ ဆဲ(လ်)တလုံးရှိ သက်ရှိ စတင် ပေါ်ပေါက်လာခြင်းဟာ ရုပ်တရားတို့ ဆင့်ကဲဖွံ့ဖြိုးမှုအတွင်း အရည်အသွေးဆိုင်ရာ ခုန်ကူး ပြောင်းလဲမှု တရပ် ဖြစ်ခဲ့တယ်။ ပိုမိုရှုပ်ထွေးတဲ့ ဆဲ(လ်)အများရှိ သတ္တဝါတွေ ထွက်ပေါ်လာတဲ့ လွန်ခဲ့သော နှစ်သန်းပေါင်း ခြောက်ရာခန့်က ကမ်ဘရီယန် ပေါက်ကွဲမှု (Cambrian Explosion) ဟာဆိုရင်လဲ ဆင့်ကဲဖွံ့ဖြိုးမှုအတွင်း အရည်အသွေးအရ နောက်ထပ် ခုန်ကူး ပြောင်းလဲခြင်းပဲ ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၄၀၀-၅၀၀) ခန့်က ပယ်လီယိုဇိုးအစ် ခေတ်ဦး (the lower Palaeozoic) မှာ ကျောရိုးရှိ ငါးတွေ ပထမဆုံးအကြိမ် ထွက်ပေါ်လာခဲ့တယ်။ တော်လှန်ရေးဆန်တဲ့ အဲဒီ (ကျောရိုးရှိ ကိုယ်ထည်) ဒီဇိုင်းဟာ တွင်ကျယ်လာပြီး ကုန်းနေရေနေ သတ္တဝါတွေ၊ တွားသွား သတ္တဝါတွေ၊ နောက်ဆုံး ငှက်နဲ့ နို့တိုက်သတ္တဝါတွေ ပါဝင်သော သွေးနွေး သတ္တဝါတွေအဖြစ် အဆင့်ဆင့် တိုးတက်သွားခဲ့တယ်။ အဲသလို တော်လှန်ရေးဆန်ဆန် ခုန်ကူး ပြောင်းလဲမှုတွေကြောင့် အဆုံးမှာ စဉ်စားတွေးခေါ်နိုင်စွမ်းရှိတဲ့ လူသားမျိုးနွယ် ထွက်ပေါ်လာခြင်း ဖြစ်တယ်။ ဆင့်ကဲဖွံ့ဖြိုးမှုဟာ ရှည်လျား ထွေပြားတဲ့ ဖြစ်စဉ်တခု ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ သက်ရှိ အတွင်းပိုင်းနဲ့ ပြင်ပဘက်က အပြောင်းအလဲတွေ တစတစ စုပြုံလာခြင်းကြောင့် ခုန်ကူးပြောင်းလဲမှု ဖြစ်ပေါ်လာပြီး အရည်အသွေးအရ ပိုမြင့်မားတဲ့ ဖွံ့ဖြိုးမှု အဆင့်တခုကို ရောက်သွားမယ်။
မြေအောက်က တွန်းကန်အားတွေ အဆမတန် များပြားလာပြီး အချိန်ကြာတဲ့အခါ ငလျင်အဖြစ် ကမ္ဘာမြေ အပေါ်လွှာကြားက ပေါက်ထွက်လာသည့်နည်းတူ အလုပ်သမားထုရဲ့ အသိစိတ် တစတစ ပြောင်းလဲရာက လူတန်းစား တိုက်ပွဲအဖြစ် ပေါက်ကွဲ ထွက်လာတတ်တယ်။ စက်ရုံတရုံမှာ အလုပ်သမားတွေ သပိတ်မှောက်ကြတာ ပြင်ပက သွေးထိုးလှုံ့ဆော်လို့ မဟုတ်ဘူး။ အဲဒီစက်ရုံအတွင်း ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေ စုပြုံလာလို့ နောက်ဆုံးမှာ လုပ်သားထုက သပိတ်မှောက်ရတဲ့ အဆင့် ရောက်သွားတာပဲ။ သပိတ်မှောက်ရတဲ့ “အကြောင်းတရား” က အသေးအဖွဲ ကိစ္စလေးတွေ၊ ရှောင်တခင် ဖြစ်ရပ်လေးတွေ ဖြစ်နေတတ်တယ်။ ဥပမာ၊ လက်ဖက်ရည်သောက် နားချိန်နဲ့ ပတ်သက်ပြီး အငြင်းပွားမှု ဖြစ်သွားတာမျိုး။ ဒါပေမယ့် ဒီအသေးအဖွဲ ကိစ္စလေးက လူသိများတဲ့ (ဒိုင်ယာလက်တစ်) စကားနဲ့ ပြောရရင် “ကုလားအုတ်ကို ခါးရိုး ကျိုးသွားစေတဲ့ နောက်ဆုံး ကောက်ရိုးတမျှင်” ဖြစ်သွားတာပဲ။ (တနည်းဆိုရရင် တလျှောက်လုံး သည်းခံလာရသမျှ ပေါက်ကွဲထွက်အောင် ဖန်တီးပေးလိုက်တဲ့ စနက်မီး ဖြစ်သွားတာပဲ။) အဲဒီ အသေးအဖွဲ ကိစ္စလေးက အရေအတွက် ပြောင်းလဲမှုတွေကနေ အရည်အသွေး ပြောင်းလဲခြင်းကို ဖြစ်သွားစေတဲ့ ဓာတ်ကူပစ္စည်းပဲ။
တော်လှန်ရေးတွေလဲ ဒီလို ဖြစ်လာကြတာပဲ။ လူ့အဖွဲ့အစည်းအတွင်း မကျေနပ်ချက်တွေ စုပုံလာရာက ရေဆူအမှတ်ကို ရောက်တဲ့အခါ တော်လှန်ရေးအဖြစ် ထွက်ပေါ်လာလေ့ရှိတယ်။ အသိစိတ်ဟာ ပုံမှန်အားဖြင့် ကွန်ဆာဗေးတစ်ဖြစ်တယ်။ လူတွေဟာ ကိုယ့်မှာ ရှိတာတွေ၊ ကိုယ်သိထားတာလေးတွေကိုသာ ဖက်တွယ်ထားလေ့ရှိတယ်။ အသိစိတ်ဟာ ပြောင်းလဲနေတဲ့ ပကတိ အခြေအနေကို အမီ မလိုက်နိုင်ဘူး၊ ပြတ်ကျန်လေ့ရှိတယ်။ အသိစိတ်ကို ကိုင်လှုပ်ပစ်ဖို့ အံ့အားသင့်စရာ အရေးအခင်းကြီးတွေ လိုအပ်တယ်။ ဒါ့ကြောင့် လူထု အသိစိတ် ပြောင်းလဲမှုဟာ တတိတိချင်း ပြောင်းလဲတဲ့ ပုံစံ မဟုတ်ဘူး၊ ရုတ်ချည်း ခုန်ကူးပြောင်းလဲသွားတတ်တယ်၊ ၂၄ နာရီမပြည့်ခင် ခုန်ကူးပြောင်းလဲသွားနိုင်တယ်။ အဲသလို လူထု အသိစိတ် ခုန်ကူးပြောင်းလဲခြင်းဟာ တော်လှန်ရေးရဲ့ ဝိသေသပဲ။
သိပ္ပံပညာရဲ့ အလုပ်က အပေါ်ယံ အသွင်ပြင်ကို သိရုံနဲ့ မလုံလောက်ဘူး၊ အောက်ခံ ပကတိ အရှိတရား၊ အနှစ်သာရနဲ့ နိယာမတရားတွေကို ရှေ့ဆက် ဖော်ထုတ်နိုင်ရမယ်လို့ မာ့က်စ်က အလေးပေး ဆိုခဲ့တယ်။ ဒီနေရာမှာ မာ့က်စ်ရဲ့ အရင်းကျမ်းက စံပြ နမူနာပဲ။
“အပေါ်ယံလောက်သာ နားလည်တဲ့ ဘောဂဗေဒ ပညာရှင်တွေက ဦးနှောက်ကို ထင်ဟပ်လာတဲ့ ကုန်လုပ် ဆက်ဆံရေးတွေရဲ့ အပြင်ပန်း သွင်ပြင်လောက်ပဲ စဉ်းစားလေ့ရှိတယ်၊ သူတို့ရဲ့ အတွင်းသား ဆက်နွှယ်မှုတွေကို မဖမ်းဆုပ်နိုင်ကြဘူး”လို့ အန်းဂယ်(လ်) ဆီပေးတဲ့စာမှာ မာ့(က်စ်) ရေးခဲ့ဖူးတယ်။ (ဇွန် ၂၇၊ ၁၈၆၇)
တချိန်က ဆိုဗီယက် ပြည်ထောင်စုကို ‘နိုင်ငံတော် အရင်းရှင်စနစ်’ ဆိုပြီး ပစ်ပစ်ခါခါ သဘောထားခဲ့ကြသူတွေကိုလဲ အပြင်ပန်း သွင်ပြင်လောက်သာ မြင်သူတွေလို့ ဆိုနိုင်မယ်။ စတာလင်ဝါဒဟာ ဆိုရှယ်လစ်စနစ်နဲ့ မဆိုင်ရေးချ မဆိုင်ပါ။ စတာလင်အစိုးရဟာ ဖိနှိပ်ညှဉ်းပမ်းရေး ယန္တရားတခု ဖြစ်တယ်၊ အလုပ်သမားထုဟာ အနောက်နိုင်ငံတွေက အလုပ်သမားတွေလောက်ကို အခွင့်အရေး မရခဲ့ကြဘူး။ သို့သော် ဆိုဗီယက် ပြည်ထောင်စုကို သိပ္ပံနည်းကျ ဆန်းစစ်လေ့လာမှု လုပ်ရမယ့်အစား ‘နိုင်ငံတော်အရင်းရှင်စနစ်’ လို့ လွယ်လင့်တကူ တံဆိပ်ကပ်ခဲ့ကြတယ်။ ထရော့စကီး ရှင်းခဲ့သလိုပဲ၊ ‘နိုင်ငံတော် အရင်းရှင်စနစ်’ သီအိုရီသမားများဟာ USSR ကို သမားရိုးကျ ယုတ္တိဗေဒအမြင်နဲ့ ရှုမြင်ကြတယ်။ သူတို့အတွက်တော့ ဒီဟာမဟုတ်ရင် ဟိုဟာ ဖြစ်ကိုဖြစ်ရမယ်။ မဖြူရင် မည်းရမယ် ဆိုသလိုပါပဲ။ USSR ဟာ စတာလင်ဝါဒီတွေပြောသလို အံ့ဩဖွယ်ရာများနဲ့ ပြည့်နှက်နေတဲ့ ဆိုရှယ်လစ် တိုင်းပြည်ကြီး ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် (နိုင်ငံတော်) အရင်းရှင်စနစ် တိုင်းပြည်တခုရင်လည်း ဖြစ်ကိုဖြစ်ရမယ်။ ဒီလို ရှုမြင်ပုံဟာ အသွင်သဏ္ဌာန် ဦးစားပေးဝါဒ (formalism) သက်သက်ပဲ။ ထရော့စကီး ရှင်းပြခဲ့သလိုပဲ၊ အလုပ်သမား နိုင်ငံတော်ဟာ ကာလကြာရှည် ယိုယွင်းပုံပျက်နေသော ပစ္စည်းမဲ့ အုပ်စိုးမှု ပုံစံတမျိုးအဖြစ် ပျက်စီးသွားနိုင်မှန်း အဲဒီလူတွေ နားမလည်နိုင်ခဲ့ဘူး။ ခေတ်နောက်ကျ တိုင်းပြည်တခုမှာပဲ တော်လှန်ရေး ထီးတည်းဖြစ်ခဲ့လို့ အလုပ်သမား နိုင်ငံတော်ဟာ ယိုယွင်းပျက်စီးသွားခဲ့ခြင်း ဖြစ်တယ်။ ဒါပေမဲ့လည်း ပြည်သူပိုင်လုပ်ထားတဲ့ စီမံကိန်း စီးပွားရေးစနစ် ရှိနေသေးတာကြောင့် တခုမကျန် ဆုတ်ယုတ် ပျက်ပြားသွားတာမျိုး မဟုတ်ဘူး။ ဗျူရိုကရေစီဟာ သမိုင်းရေး တာဝန် ထမ်းဆောင်နိုင်တဲ့ အုပ်စိုးသူ လူတန်းစား အသစ်တရပ် မဟုတ်ဘူး၊ နိုင်ငံရေးအာဏာကို လုယူပြီး နိုင်ငံတော် ကိုယ်ထည်ပေါ် ကြီးထွားလာတဲ့ ကပ်ပါး အလွှာကြီးသာ ဖြစ်တယ်။ နိုင်ငံရေးအရ အသစ်တဖန် တော်လှန်ပြောင်းလဲခြင်းဖြင့်သာ ဒီဗျူရိုကရေစီကို အပြီးတိုင် ဖယ်ရှားပစ်ပြီး အလုပ်သမား ဒီမိုကရေစီနဲ့ ဆိုဗီယက်တွေကို တကျော့ပြန် အသက်သွင်းနိုင်မယ်။
ထရော့စကီး မကွယ်လွန်ခင် ရှင်းပြခဲ့သလိုပဲ၊ “ဆိုဗီယက် ပြည်ထောင်စုက အလုပ်သမား နိုင်ငံတော် မဟုတ်သလို ဘူဇွာ နိုင်ငံတော်လည်း မဟုတ်ဘူးလို့ ရဲဘော် Burnham ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုတယ်။ ဒီဖွင့်ဆိုချက်က ငြင်းပယ်ခြင်း သက်သက် ဖြစ်နေတယ်၊ အလုပ်သမား နိုင်ငံတော်ကို သမိုင်းဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု ကွင်းဆက်ကနေ ဆွဲဖြုတ်ပြီး လေထဲမှာ တွဲလောင်းပစ်ထားတယ်။ လူမှုဗေဒ အခြေခံ မြူတမှုန်တောင် မပါဘူး။ ဒါဟာ ပဋိပက္ခဖြစ်နေတဲ့ သမိုင်း ဖြစ်စဉ်ရှေ့ မှာ လက်တွေ့အကျိုးမျှော်ဝါဒကို သဘောတရားရေးအရ လက်နက်ချလိုက်ခြင်း သက်သက်ပဲ။”
“Burnham သာ ဒိုင်ယာလက်တစ် ရုပ်ဝါဒီတဦး ဖြစ်ခဲ့ရင် အောက်ပါ မေးခွန်း သုံးခုကို စူးစမ်းကြည့်မိလိမ့်မယ်။ (၁) ဆိုဗီယက် ပြည်ထောင်စုရဲ့ သမိုင်းဆိုင်ရာ ဇစ်မြစ်က ဘာလဲ။ (၂) ဒီနိုင်ငံတော် တည်ရှိနေတဲ့ ကာလ တလျှောက် ဘယ်လို အပြောင်းအလဲတွေ ဖြစ်ခဲ့လဲ။ (၃) ဒီအပြောင်းအလဲတွေက အရည်အတွက်သဘော ပြောင်းလဲမှုကနေ အရည်အသွေးသဘော ပြောင်းလဲမှုဆီ ကူးပြောင်းသွားပြီလား။ တနည်းဆိုရရင် ဒီအပြောင်းအလဲတွေက အုပ်စိုးသူ လူတန်းစား အသစ်တရပ် ထွက်ပေါ်လာအောင် ဖန်တီးပေးနိုင်လား၊ အဲဒီ လူတန်းစားရဲ့ အုပ်စိုးမှုကရော သမိုင်းဆိုင်ရာ လိုအပ်ချက် ဟုတ်ရဲ့လား။ ဒီမေးခွန်းတွေကိုသာ ဆန်းစစ်အဖြေရှာခဲ့မယ်ဆိုရင် Burnham အနေနဲ့ ဆွဲစရာ ကောက်ချက်တခုပဲ တွေ့ရလိမ့်မယ်။ အဲဒါကတော့ ‘ဆိုဗီယက် ပြည်ထောင်စုဟာ ယိုယွင်းပျက်စီးနေတဲ့ အလုပ်သမား နိုင်ငံတော် ဖြစ်နေဆဲ’ ဆိုတဲ့ ကောက်ချက်ပဲ။” (Leon Trotsky, In Defence of Marxism)
နိုင်ငံတော် အရင်းရှင်စနစ် အယူအဆကို ထောက်ခံသူတွေဟာ သဘောတရားရေး ရှုပ်ထွေးပြီး တန်ပြန်တော်လှန်ရေးကို တော်လှန်ရေး ထင်လို့ထင်၊ တော်လှန်ရေးကို တန်ပြန်တော်လှန်ရေးနဲ့ မှားလို့မှား ဖြစ်ကုန်ကြတယ်။ အာဖဂန်နစ္စတန်က ဖောက်ပြန်သော ဘာသာရေး တယူသန်ဝါဒီ မူဂျာဟစ်တွေကို ရုရှား နယ်ချဲ့စနစ်ကို ခုခံဆန့်ကျင်တဲ့ “လွတ်လပ်ရေး တိုက်ပွဲဝင်တွေ” ဆိုပြီး သူတို့ ထောက်ခံခဲ့ကြတယ်။ ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက် ပြည်ထောင်စု ပြိုကျသွားပြီး အရင်းရှင်စနစ်ကို ပြန်အစားထိုးဖို့ လုပ်လာတယ်၊ တကယ်တမ်း အရင်းရှင် တန်ပြန် တော်လှန်ရေးကြီးနဲ့ အခုလို နဖူးတွေ့ ဒူးတွေ့ ကြုံလာချိန်ကျ သူတို့တတွေ ကြားနေရေးဝါဒကို ကျင့်သုံးခဲ့ကြတယ်။
ဆန့်ကျင်ဘက်များ ပေါင်းစည်းတည်ရှိခြင်း
“သို့သော်၊ ပဋိပက္ခဟာ ရှင်သန်ဖွံ့ဖြိုးခြင်းနဲ့ ရွေ့လျားခြင်း အားလုံးရဲ့ ရင်းမြစ် ဖြစ်တယ်၊ ဘယ်အရာမဆို ပဋိပက္ခရှိနေမှသာ ရွေ့လျားခြင်း၊ အင်အားနဲ့ အကျိုးသက်ရောက်မှုတို့ ရှိနိုင်တယ်။” (ဟေဂယ်)
“အတိုချုပ်ဆိုရရင် ဒိုင်ယာလက်တစ်ကို ဆန့်ကျင်ဘက်များ ပေါင်းစည်းတည်ရှိခြင်း သဘောတရားလို့ အဓိပ္ပါယ် ဖွင့်နိုင်တယ်။ ဒါဟာ ဒိုင်ယာလက်တစ်ရဲ့ အနှစ်အသားကို ထုတ်ဖော်ပေးတယ်…”လို့ လီနင်က ရေးခဲ့တယ်။
ကျွန်ုပ်တို့နေထိုင်တဲ့ ကမ္ဘာလောကဟာ ပဋိပက္ခတွေ (သို့မဟုတ်) ဆန့်ကျင်ဘက်တွေ ပေါင်းစည်းတည်ရှိနေခြင်း ဖြစ်တယ်။ အပူနဲ့ အအေး၊ အလင်းနဲ့ အမှောင်၊ ‘အရင်း’ နဲ့ လုပ်အား၊ မွေးဖွားခြင်းနဲ့ သေဆုံးခြင်း၊ ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်း၊ အပေါင်းနဲ့ အနှုတ်၊ ရွှေခေတ် နဲ့ စီးပွားပျက်ကပ်၊ တွေးခေါ်ခြင်းနဲ့ ဖြစ်တည်ခြင်း၊ အကန့်အသတ်ရှိခြင်းနဲ့ အကန့်အသတ်မဲ့ခြင်း၊ တွန်းအား နဲ့ ဆွဲအား၊ အထက် အောက်၊ ဘယ် ညာ၊ ဆင့်ကဲပြောင်းလဲမှုနဲ့ တော်လှန်ရေး၊ ရှောင်တခင်သဘောနဲ့ နိယာမသဘော၊ အရောင်းနဲ့ အဝယ်၊ စသဖြင့်…။
ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ ဝင်ရိုးစွန်းနှစ်ခု တပေါင်းတစည်းတည်း တည်ရှိနေခြင်းကို အများသူငါ နားလည်ထားပုံအရ ‘ဝိရောဓိသဘော’ (paradox) လို့ ဆိုလေ့ရှိတယ်။ ဝိရောဓိသဘော ဆိုတာ ဆန့်ကျင်ဖက် အဆို နှစ်ရပ်လုံး မှန်တယ်လို့ အသိအမှတ်ပြုလိုက်ခြင်းပဲ။ ဒါဟာ ရုပ်ကမ္ဘာမှာ ဖြစ်နေတဲ့ ဆန့်ကျင်ဘက်တို့ ပေါင်းစည်းတည်ရှိခြင်းက အတွေးအာရုံမှာ လာရောက်ထင်ဟပ်ပုံ တမျိုးပဲ။
ရွေ့လျားခြင်း၊ နေရာနဲ့ အချိန် ဆိုတာတွေဟာ တခြားမဟုတ်၊ ရုပ်ရဲ့ တည်ရှိပုံတွေသာ ဖြစ်တယ်။ ရွေ့လျားခြင်း ဆိုတာ နေရာ နှစ်ခုမှာ တပြိုင်နက် ဖြစ်ရှိနေခြင်းပဲ၊ ဒါ့ကြောင့် ရွေ့လျားခြင်းဟာ ပဋိပက္ခတမျိုး ဖြစ်တယ်လို့ ကျနော်တို့ ရှင်းပြခဲ့တယ်။ ဒါဟာ ဆန့်ကျင်ဖက်တို့ ပေါင်းစည်းတည်ရှိခြင်းပဲ။
“လှုပ်ရှားမှုဆိုတာ ဒီတနေရာမှာ ဖြစ်ရှိနေပြီး၊ ထို့အတူ မရှိခြင်းလဲ ဖြစ်တယ်၊ ဒါဟာ အချိန်နဲ့ နေရာတို့ရဲ့ အလျဉ်မပြတ်ခြင်း သဘောပဲ။ ဒါကပဲ ရွေ့လျားခြင်းကို ဖြစ်ပေါ်စေတယ်” (ဟေဂယ်)
အကြောင်းချင်းရာတရပ်ရဲ့ အနှစ်သာရကို နားလည်ချင်ရင် သူ့ရဲ့ အတွင်းသား ပဋိပက္ခတွေကို ရှာဖွေ ဖော်ထုတ်နိုင်ဖို့ လိုအပ်တယ်။ တချို့သော အခြေအနေတွေမှာ အလုံးစုံသဘောက အခိုင်အမာ တခုချင်း အသွင်ဆောင်ပြီး အခိုင်အမာ တခုချင်းက အလုံးစုံသဘောကို ပြန်လည်ဖော်ပြပါတယ်။ ‘အကြောင်းတရားက အကျိုးဆက် ဖြစ်သွားပြီး အကျိုးဆက်က အကြောင်းတရား ပြန်ဖြစ်သွားတဲ့ ကိစ္စ’ မှာလို အကြောင်းချင်းရာတွေက သူတို့ရဲ့ ဆန့်ကျင်ဘက်ဘဝကို ပြောင်းသွားတတ်တယ်။ အကြောင်းကတော့ သူတို့ဟာ ရုပ်ရဲ့ အဆုံးမရှိ ဖြစ်ပေါ်တိုးတက်ခြင်း ချိန်းကြိုးကြီးအတွင်းက ကွင်းဆက်တွေ ဖြစ်နေလို့ပဲ။
“ငြင်းဖျက်ခြင်းဖြစ်စဉ်ဟာ ငြင်းဖျက်ရုံသာ မဟုတ်ဘဲ တိုးတက်ဖန်တီးခြင်းလဲ ဖြစ်တယ်”လို့ ဟေဂယ်က ဆိုတယ်။ ဒိုင်ယာလက်တစ် အတွေးအခေါ်ဆိုတာ “ပဋိပက္ခတို့ ပေါင်းစည်းတည်ရှိခြင်း သဘောကို နားလည်ခြင်း” ပဲ။ ဟေဂယ်က ဆက်ပြောပါတယ် –
“ပဋိပက္ခဟာ လှုပ်ရှားပြောင်းလဲမှုနဲ့ ရှင်သန်မှု အားလုံးရဲ့ ရေသောက်မြစ် ဖြစ်တယ်။ အစုံတရာဟာ ပဋိပက္ခ ရှိနေလို့သာ ရွေ့လျားနိုင်တယ်၊ စေ့ဆော်အားနဲ့ လှုပ်ရှားမှုတွေ ရှိနေခြင်း ဖြစ်တယ်။ အရာတခု ပြောင်းလဲ ရွေ့လျားတယ်ဆိုတာ အခုချိန် ဒီနေရာမှာ ရှိပြီး နောက်တချိန်ကျ အခြား တနေရာကို ရွေ့သွားလို့ မဟုတ်ဘူး၊ ဒီတချိန်တည်းမှာကို ဒီနေရာမှာ ရှိနေပြီး ဒီနေရာမှာ မရှိဘူး ဖြစ်နေလို့ပဲ၊ ဒီနေရာမှာ ရှိခြင်းနဲ့ မရှိခြင်း နှစ်ခုလုံး တပြိုင်နက် ဖြစ်နေလို့ပဲ။ ရွေ့လျားခြင်းမှာ ပဋိပက္ခတွေ ရှိနေကြောင်း သက်သေပြခဲ့တဲ့ ရှေးခေတ် ဒိုင်ယာလက်တစ်ပညာရှင်တွေကို တလေးတစား အသိအမှတ်ပြုရမယ်။ သို့သော်၊ ပဋိပက္ခတွေ ရှိနေလို့ ရွေ့လျားခြင်း မရှိဘူးလို့ အဓိပ္ပါယ် မထွက်ဘူး။ ပဋိပက္ခ ရှိနေလို့သာ ရွေ့လျားခြင်း ရှိနေတာပဲ။” ဒီတော့ ဟေဂယ် အမြင်မှာ အရာတခုက ပဋိပက္ခ ရှိနေသရွေ့ ရှင်သန်နေတယ်။ ဒီလို ပဋိပက္ခ ရှိနေလို့ အဲဒီ အရာဟာ သူ့ဘာသာ လှုပ်ရှားနေခြင်း ဖြစ်တယ်။
ဂရိလူမျိုး အဏုမြူဝါဒီများဟာ တော်လှန်ဖောက်ထွက်တဲ့ သီအိုရီတရပ်ကို စတင် ဖော်ထုတ်ခဲ့တယ်။ ရုပ်ကမ္ဘာကို အက်တမ်တွေနဲ့ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အက်တမ်တွေဟာ ရုပ်ရဲ့ အသေးဆုံး ယူနစ်တွေလို့ ယင်းသီအိုရီက ဆိုပါတယ်။ ‘Atomos’ ဆိုတဲ့ ဂရိစကားလုံးက ‘ထပ်မံ ခွဲခြမ်းစိတ်ဖြာ၍ မရသော’ လို့ အဓိပ္ပာယ် ထွက်ပါတယ်။ ဒါဟာ စူးရှလှတဲ့ ထိုးထွင်း ကြံဆချက်တခု ဖြစ်တယ်။ အရာရာကို အက်တမ်တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ နှစ်ဆယ်ရာစု သိပ္ပံပညာက သက်သေပြခဲ့ပြီးပါပြီ။ နောက်ပိုင်းမှာ အဏုမြုထက် ပိုသေးငယ်တဲ့ ပရမာအဏုမြူဆိုတဲ့ ဒြပ်မှုန်လေးတွေ ရှိသေးတယ်ဆိုတာ လေ့လာဖော်ထုတ်နိုင်ခဲ့တာတွေ ရှိနေသေးတာက တပိုင်းပေါ့လေ။ အက်တမ်တခုရဲ့ အလယ်ဗဟိုမှာ နျူကလိယပ် ရှိတယ်၊ ယင်းနျူကလိယပ်ကို ပရိုတွန်နဲ့ နျူထရွန်လို့ခေါ်တဲ့ ဒြပ်မှုန်တွေနဲ့ ဖွဲ့စည်းထားတယ်။ နျူကလိယပ်ကို အီလက်ထရွန်လို့ခေါ်တဲ့ ဒြပ်မှုန်တွေက ပတ်နေတယ်။ ပရိုတွန်တိုင်းမှာ လျှပ်စစ် အဖိုဓာတ် ရှိတာကြောင့် တခုနဲ့တခု တွန်းကန်ကြမယ်။ ဒါပေမယ့် နျူကလိယာ ဆွဲငင်အား လို့ခေါ်တဲ့ စွမ်းအင်တမျိုးက အဲဒီ ပရိုတွန်တွေကို တစုတစည်းတည်း ထိန်းပေးထားတယ်။ ဒါဟာ တည်ရှိသမျှ အရာရာတိုင်း ဆန့်ကျင်ဘက်တို့ ပေါင်းစည်းခြင်းအပေါ် အခြေခံထားကြောင်း ပြနေတာပဲ၊ ဟေဂယ် စကားနဲ့ ပြောရရင် “စေ့ဆော်အားနဲ့ လှုပ်ရှားမှု” ဆိုတဲ့ သူ့ဘာသာ ပြောင်းလဲ လှုပ်ရှားခြင်း ရှိနေတာပဲ။
လူတွေ အသက်ရှင်ဖို့ သွေးတွင်းသကြားဓာတ် ပမာဏဟာ အလွန်အရေးကြီးတယ်။ သွေးတွင်းသကြားဓာတ် အဆမတန် မြင့်မားနေရင် သွေးချိုတက်ကာ ကိုမာဝင်သွားနိုင်သလို အင်မတန် နည်းလွန်းရင်လည်း အစားတောင် မစားနိုင်တော့ဘူး။ ကစီဓာတ်တွေ ချေဖျက်ပြီး သွေးထဲ သကြားဓာတ် ထုတ်လွှတ်ပေးတဲ့ နှုန်း၊ သိုလှောင်ထားတဲ့ အဆီ၊ ပရိုတင်းနဲ့ ဂလိုင်ကိုဂျင်တွေကို သကြားဓာတ်အဖြစ် ပြောင်းလဲပစ်တဲ့ နှုန်းနဲ့ သွေးထဲ ရောက်ပြီးသား သကြားဓာတ်တွေကို သုံးစွဲ ဖယ်ရှားပစ်တဲ့ နှုန်းတွေက သင့်တင့်မျှတတဲ့ သွေးတွင်း သကြားဓာတ် ပမာဏကို ထိန်းပေးထားတယ်။ သွေးတွင်း သကြားဓာတ် ပမာဏ များလာရင် ပန်ကရိယပ်လို့ခေါ်တဲ့ မုန့်ချိုအိတ်ကနေ အင်ဆူလင်တွေ များများထုတ်ပေးပြီး သကြားဓာတ် သုံးစွဲနှုန်းကို အရှိန်တင်ပေးလိုက်တယ်။ တကယ်လို့ သကြားဓာတ် ကျနေရင် သွေးထဲကို သကြားဓာတ်တွေ များများ ထုတ်လွှတ်ပေးလိုက်မယ်၊ ဒါမှမဟုတ် လူက ဗိုက်ဆာလာပြီး သကြားဓာတ် ရနိုင်တဲ့ အစာတမျိုးမျိုး ထစားလိုက်မယ်။ အဲဒီလို ဆန့်ကျင်ဘက် အင်အားစုတွေရဲ့ အလျှော့အတင်း တုန့်ပြန်ဆောင်ရွက်ချက်တွေနဲ့ သူ့ဘာသာ ထိန်းချုပ်မောင်းနှင်ပြီး သွေးတွင်း သကြားဓာတ် ပမာဏကို သင့်တင့်တဲ့ အနေအထား တခုမှာ ထိန်းထားတယ်။
အဲဒီလို သူ့ဘာသာ ပြောင်းလဲလှုပ်ရှားခြင်းအကြောင်း ရှင်းပြရာမှာ လီနင်က ဒီလိုဆိုတယ် –
“ဒိုင်ယာလက်တစ်ဆိုတာ ဆန့်ကျင်ဘက်တွေ ဘယ်လို တပေါင်းတစည်း တည်ရှိနိုင်ကြောင်း၊ ဘယ်လို တခုတည်း ဖြစ်လာကြောင်း သင်ကြားပေးတဲ့ သဘောတရား ဖြစ်တယ်။ ဘယ်လို အခြေအနေမှာ ဆန့်ကျင်ဘက်တွေ ပေါင်းစည်းတည်ရှိနေပြီး ဆန့်ကျင်ဖက် တခုက အခြားတခုအဖြစ် ပြောင်းလဲသွားကြောင်း ဒိုင်ယာလက်တစ်က သင်ကြားပေးတယ်။ ဒါ့ကြောင့် လူသားရဲ့ စိတ်က ဒီဆန့်ကျင်ဘက်တွေကို လှေနံဓားထစ် တရားသေ မမြင်သင့်ဘူး။ ရှင်သန်နေသော၊ အခြေအနေအရဖြစ်သော၊ လှုပ်ရှားနေသော၊ တခုကနေ ဆန့်ကျင်ဘက် အခြားတခုအဖြစ် ပြောင်းလဲသွားသော အရာတွေလို့ မြင်သင့်တယ်။”
တိုးတက်ဖြစ်ထွန်းမှုရဲ့ မောင်းနှင်အားဖြစ်သော ပဋိပက္ခရဲ့ အရေးကြီးပုံကို လီနင် အလေးထား ပြောခဲ့တယ်။
“ဘယ်လူ့အဖွဲ့အစည်းမှာမဆို လူတချို့ရဲ့ ကြိုးပမ်းချက်တွေက အခြားသူတွေရဲ့ ကြိုးပမ်းချက်တွေနဲ့ ထိပ်တိုက်တွေ့လေ့ရှိတယ်၊ လူမှုဘဝဟာ ပဋိပက္ခတွေနဲ့ ပြည့်နှက်နေတယ်၊ မတူညီတဲ့ တိုင်းပြည်တွေ လူ့အဖွဲ့အစည်းတွေကြားက တိုက်ပွဲသာမက သက်ဆိုင်ရာ နိုင်ငံတနိုင်ငံ လူ့အဖွဲ့အစည်း တခုအတွင်းမှာလဲ တိုက်ပွဲတွေ ရှိနေကြောင်း၊ ဒါ့အပြင် တော်လှန်ရေးနဲ့ ဖောက်ပြန်ရေး၊ ငြိမ်းချမ်းရေးနဲ့ စစ်ပွဲ၊ စီးပွားရေး ထိုင်းမှိုင်းပြီး တဟုန်ထိုး တိုးတက်ခြင်း ဒါမှမဟုတ် ကျဆင်းသွားခြင်းတို့ တလှည့်စီ ပြောင်းလဲ ဖြစ်ပေါ်လေ့ရှိကြောင်း သမိုင်းက လှစ်ဟပြထားတယ်။ ဒါတွေကို အများသူငါ သိပြီး ဖြစ်ပါတယ်။” (Lenin, Three Sources and Three Component Parts of Marxism)
ဒီသဘောကို အကောင်းဆုံး ရုပ်လုံးဖော်ပြနိုင်တဲ့ နမူနာက လူတန်းစား တိုက်ပွဲပဲ။ အရင်းရှင်စနစ်ဖြစ်ဖို့ အရင်းရှင် လူတန်းစားနဲ့ အလုပ်သမား လူတန်းစားတို့ကို လိုအပ်တယ်။ ပိုလျှံ တန်ဖိုးကို ဖန်တီးရတာကျ အလုပ်သမားတွေဖြစ်ပြီး အပိုင်သိမ်းတော့ကျ အရင်းရှင်တွေ ဖြစ်နေတော့ သူတို့နှစ်ဖက်ကြားက တိုက်ပွဲဟာ စေ့စပ်ညှိုနှိုင်းပြီး ပြေလည်သွားနိုင်တဲ့ တိုက်ပွဲမဟုတ်ဘူး။ နောက်ဆုံး အရင်းရှင်စနစ်ကို ဖြိုချပြီး လူတန်းစားရယ်လို့ မရှိတော့မှ ဒီပဋိပက္ခလဲ ချုပ်ငြိမ်းသွားမယ်။
ငြင်းဖျက်ခြင်းကို ငြင်းဖျက်ခြင်းသဘော
ယေဘုယျအားဖြင့် သမိုင်း ဖြစ်ပေါ်တိုးတက်မှု ပုံစံဟာ တဖြောင့်တည်း ထိုးတက်သွားတာမျိုး မဟုတ်ဘူး။ ရှေ့တလှမ်း တိုးသွားတိုင်း နောက်ကို အနည်းငယ် ပြန်ဆုတ်ပေးလိုက်ရတာတွေလည်း ရှိတတ်တဲ့ ရှုပ်ထွေးလှသော ဖြစ်စဉ်ကြီးတခုပဲ။ ဒီလို နောက်ပြန်ဆုတ်သွားတာတွေကို ဖြစ်ပေါ်တိုးတက်မှု နောက်တဆင့်တက်သွားတဲ့အခါ ပြန်ကုစားပေးတယ်။
ဖွံ့ဖြိုးမှု အဆင့်နိမ့်တုန်းက ရှိခဲ့တဲ့ တချို့ ဝိသေသတွေ၊ ဂုဏ်သတ္တိတွေက ဒီထက်ပိုမြင့်တဲ့ ဖွံ့ဖြိုးမှု အဆင့်မှာလဲ ထပ်ကျော့နေတာမျိုး၊ အတိတ်က ဝိသေသတွေ တကျော့ပြန် ပေါ်လာတယ်လို့ ထင်ရတာမျိုးကို ငြင်းဖျက်ခြင်းကို ငြင်းဖျက်ခြင်း နိယာမက ရှင်းပြပေးတယ်။ အသွင်သဏ္ဌာန်နဲ့ အကြောင်းအရာ၊ အကြောင်းအရာနဲ့ အသွင်သဏ္ဌာန်တို့ကြား အပြန်အလှန်ဖြစ်ပေါ်တဲ့ ပဋိပက္ခကတော့ မပြတ်ရှိနေတယ်။ နောက်ဆုံးမှာ အသွင်သဏ္ဌာန်ဟောင်း ပျက်စီးသွားပြီး အကြောင်းအရာက အသစ်ပြောင်းသွားတယ်။
ဒီဖြစ်စဉ်ကြီး တခုလုံးကို ကြောင်လိမ်လှေကားသဖွယ် အကောင်းဆုံး ပုံဖော်ကြည့်နိုင်တယ်။ လှုပ်ရှားမှုဟာ သူစတင်ခဲ့တဲ့ နေရာကို ပြန်ရောက်သွားပေမဲ့ အရင် အနေအထား မဟုတ်တော့ဘူး။ တနည်းပြောရရင် သမိုင်းဟာ ပဋိပက္ခတွေ တသီတတန်းကြီး ဖြတ်သန်းပြီးမှ ရှေ့ဆက် တိုးတက်လာခဲ့ခြင်း ဖြစ်တယ်။ ရှိပြီးသား အဆင့်ကို ငြင်းဖျက်လိုက်တယ်ဆိုတာ အလုံးစုံ ချေမွဖျက်စီးပစ်လိုက်ခြင်း မဟုတ်ဘူး။ အစားထိုးလိုက်တဲ့ အဆင့်ကို အပြီးတိုင် ဖယ်ရှားပစ်လိုက်တာမျိုး မဟုတ်ဘူး။
“အရင်းရှင် ကုန်ထုတ်စနစ်ကနေ ထွက်ပေါ်လာတဲ့ အရင်းရှင် သိမ်းပိုက်ခြင်း စနစ်၊ ဒီကနေ ဖြစ်ပေါ်လာတဲ့ အရင်းရှင် ပုဂ္ဂလိက ပိုင်ဆိုင်မှုစနစ်ဟာ မိမိကိုယ်ပိုင် အလုပ်အပေါ် အခြေခံထားတဲ့ တဦးချင်း ပုဂ္ဂလိက ပိုင်ဆိုင်မှုကို ငြင်းဖျက်တယ်။ ဒါက ပထမ ငြင်းဖျက်ခြင်း။ ဒါပေမဲ့ အရင်းရှင်စနစ်က သဘာဝ ဖြစ်စဉ်တခုရဲ့ မုချသဘောမျိုးနဲ့ သူ့ကိုယ်သူ ငြင်းဖျက်ခြင်းကို ဖန်တီးတယ်။ ဒါက ငြင်းဖျက်ခြင်းကို ငြင်းဖျက်ခြင်းပဲ” လို့ မာ့က်စ်က အရင်းကျမ်း အတွဲ(၁)မှာ မှတ်ချက်ပြုထားတယ်။
ငြင်းဖျက်ခြင်းကို ငြင်းဖျက်ခြင်းသဘောကို မြင်သာစေဖို့ အန်ဂယ်ကလည်း သူ့ရဲ့ ‘ဒူရင်းသို့ ချေပချက်’ စာအုပ်ထဲမှာ ဥပမာတွေ တသီတတန်းကြီးသုံးပြီး ရှင်းပြထားပါသေးတယ် –
“မုယောစပါး တစေ့ကို နမူနာ စဉ်းစားကြည့်ရအောင်။ သန်းနဲ့ ချီတဲ့ မုယောစပါးစေ့တွေကို ကြိတ်ခွဲ၊ ဘီယာချက်ပြီး သောက်စားပစ်လိုက်တာပဲ။ ဒါပေမဲ့ အဲဒီ မုယောစပါး စေ့လေးက သူ့အတွက် ပုံမှန် အခြေအနေမျိုးနဲ့ ကြုံကြိုက်ပြီး သင့်တင့် လျောက်ပတ်တဲ့ မြေဆီလွှာပေါ် ကျသွားမယ်ဆိုရင်၊ အပူနဲ့ အစိုဓာတ်တို့ရဲ့ သက်ရောက်မှုနဲ့ အပြောင်းအလဲ တမျိုး ဖြစ်သွားမယ်၊ အညှောင့်ထွက်လာမယ်။ ဒီအခါ မုယောစပါးစေ့ဆိုတာ မရှိတော့ဘူး၊ အစေ့ဘဝကို ငြင်းဖျက်လိုက်ပြီ။ သူ့နေရာမှာ အစေ့ကို ငြင်းဖျက်ပြီး ထွက်ပေါ်လာတဲ့ အပင်ပေါက်လေးကို တွေ့ရမယ်။ ဒီအပင်လေးရဲ့ ပုံမှန် ပုံမှန် ဇီဝဖြစ်စဉ်က ဘာလဲ။ ဒီအပင် ကြီးထွားမယ်။ အပွင့်ပွင့်မယ်။ မျိုးအောင်မယ်။ နောက်ဆုံး မုယောစပါးနှံတွေ အများကြီး ထွက်လာမယ်။ မုယောစပါးနှံတွေ ရင့်မှည့်ပြီး မကြာခင် ရိုးတံတွေ ညှိုးကျသွားမယ်။ ဒီတခါ မုယောစပါးပင်ကို ငြင်းဖျက်လိုက်တယ်။ ငြင်းဖျက်ခြင်းကို ငြင်းဖျက်လိုက်တဲ့ ရလဒ်အဖြစ် ကျနော်တို့ ပြန်ရလိုက်တာ မူလ မုယောစပါးစေ့ပဲ၊ ဒါပေမဲ့ တစေ့တည်း မဟုတ်ဘူး။ တဆယ်၊ နှစ်ဆယ်၊ သုံးဆယ်အထိ ပြန်ထွက်တယ်။”
မုယောစပါးစေ့ရဲ့ ဘဝရှင်သန်မှုက သူစခဲ့တဲ့ နေရာကို ပြန်ရောက်သွားပြီး ဆင့်ကဲပြောင်းလဲတယ်။ ဒါပေမဲ့ အဆင့်က ပိုမြင့်သွားတယ်။ အစေ့တစေ့ကနေ အများကြီး ပြန်ထွက်တယ်။ ဒီလိုပဲ အချိန်တွေကြာလာတဲ့အခါ အပင်တွေက အရေအတွက်သာမက အရည်အသွေးအရလည်း ပြောင်းလဲသွားကြတယ်။ မျိုးဆက် တဆက်ပြီး တဆက် အပြောင်းအလဲတွေ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်နဲ့ ပိုပြီး သဟဇာတ ဖြစ်လာတယ်။
အင်းဆက်ပိုးမွှား လောကထဲက ဥပမာတခုကိုလဲ အန်းဂယ်(စ်)က ပေးထားတယ် –
“ဥပမာ၊ လိပ်ပြာတွေဟာ ဥဘဝကို ငြင်းဖျက်ပြီး ဥကနေ ပေါက်ဖွားလာကြတယ်၊ ပြောင်းလဲမှု အမျိုးမျိုးကို ဖြတ်သန်းပြီး မိတ်လိုက်နိုင်တဲ့ အဆင့်ကို ရောက်သွားတယ်။ ဒီအခါ မိတ်ဖက်ရှာတယ်၊ မိတ်လိုက်ဖြစ်စဉ် ကုန်ဆုံးသွားတဲ့အခါ လိပ်ပြာအမက ဥတွေ အများအပြား ချပြီးတာနဲ့ လိပ်ပြာဘဝ ငြင်းဖျက်ခံရပြီး သေဆုံးသွားတယ်။”
ဟေဂယ် နဲ့ မာ့က်စ်
ဟေဂယ်ဆိုတာ အတွေးအခေါ် အယူအဆရေးရာမှာ ဆရာတဆူ။ သူဟာ အရေးပါတဲ့ ကိစ္စတော်တော်များများကို အမြင်ပွင့်အောင် လုပ်ပေးခဲ့တယ်။ ဒါကြောင့် အဲဒီ ကိစ္စတွေမှာ ဟေဂယ်ရဲ့ ကျေးဇူးတွေနဲ့ မကင်းကြောင်း မာ့က်စ်အနေနဲ့ ထပ်တလဲလဲ ထုတ်ဖော်လေ့ရှိတယ်။ “ဟေဂယ့် လက်ထဲက ဒိုင်ယာလက်တစ်ဟာ နားဝေတိမ်တောင် ဖြစ်စရာတွေ ရှိနေတယ်၊ ဒီလို ရှုပ်ထွေးမှုတွေ ရှိသော်ငြား ဟေဂယ်ဟာ ဒိုင်ယာလက်တစ်ရဲ့ ယေဘုယျ အလုပ်လုပ်ပုံကို သိစိတ်ရှိရှိ ပထမဆုံး အကျယ်တဝင့် တင်ပြခဲ့သူ ဖြစ်တယ်” လို့ မာ့က်စ်က ဆိုပါတယ်။
ဒါပေမဲ့လည်း ဟေဂယ်ရဲ့ အဘိဓမ္မာစနစ်ဟာ ဧရာမ သားလျှောမှုကြီး ဖြစ်သွားခဲ့တယ်။ အဲဒီ စနစ်မှာ ဘယ်လိုမှ ဖြေရှင်းလို့ မရနိုင်တဲ့ အတွင်းသား ပဋိပက္ခ ရှိနေတယ်။ ဟေဂယ်က သမိုင်းကို အဆုံးသတ်ဆိုတာ မရှိတဲ့၊ ထာဝရ တည်မြဲမှုဆိုတာ မရှိတဲ့ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ကြီးလို့ ယူဆတယ်။ ဒါပေမဲ့ ဟေဂယ်ရဲ့ စနစ်က အကြွင်းမဲ့ အမှန်တရားကို ရောက်သွားပြီလို့ ဆိုတယ်၊ ဒါဟာ ဒိုင်ယာလက်တစ် အတွေးအခေါ်ရဲ့ နိယာမတွေနဲ့ လုံးလုံးလျားလျား ဆန့်ကျင်နေတယ်။
ဟေဂယ်က ဂျာမနီမှာ ဘိုနေမြဲ၊ ကျားနေမြဲ အခြေအနေကို ဖက်တွယ် ခုခံခဲ့တယ်၊ ဒိုင်ယာလက်တစ်က အမြဲ ပြောင်းလဲနေခြင်း ဆိုတဲ့ တော်လှန်ရေး အမြင်ကို ထွေးပွေ့ထားတယ်။ ဟေဂယ်အတွက်တော့ အမှန်တကယ် တည်ရှိနေတဲ့ အရာအားလုံးဟာ ယထာဘူတကျတယ်။ သို့သော် ဟေဂယ်ရဲ့ ဒိုင်ယာလက်တစ်နည်းကို အသုံးပြုပြီး ပြောရရင် တည်ရှိနေတဲ့ အရာ အားလုံးဟာ ယထာဘူတ မကျတဲ့ အဖြစ်ကို ရောက်သွားလိမ့်မယ်။ တည်ရှိနေတဲ့ အရာအားလုံး တနေ့ ပျက်သုဉ်းရမှာပဲ။ အဲဒီ သဘော သက်ရောက်စေခဲ့လို့ ဟေဂယ်ရဲ့ အဘိဓမ္မာက တော်လှန်ရေးဆန်နေတာပဲ။
ဟေဂယ် အဘိဓမ္မာစနစ်အတွင်းက ပဋိပက္ခကို ဖြေရှင်းဖို့ ရုပ်ဝါဒဆီ ပြန်လှည့်သွားခဲ့ရတယ်။ သို့သော် စက်ယန္တရားဆန်တဲ့ ရုပ်ဝါဒ အဟောင်းဆီ ပြန်ရောက်သွားတာမျိုးတော့ မဟုတ်။ သိပ္ပံပညာရပ်တွေနဲ့ ရှေ့တန်းရောက် ဖွံ့ဖြိုးတိုးတက်မှု အသစ်တွေအပေါ် အခြေခံတဲ့ ရုပ်ဝါဒ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်သွားခြင်းဖြစ်တယ်။
“စိတ်ဝါဒက စုဆောင်းရရှိထားတဲ့ တွေးခေါ်ရှုမြင်နည်းတွေနဲ့ ကြွယ်ဝလာကာ ရုပ်ဝါဒဟာ တခါပြန်လည် ဦးမော့လာခဲ့တယ်။ ဒါတွေထဲက အဓိက အကျဆုံး ဟာကိုပြောရရင် အကြောင်းချင်းရာတွေကို သူတို့ရဲ့ တိုးတက်ဖြစ်ပေါ်မှု၊ မူလဇာစ်မြစ်၊ ပျောက်ဆုံး ပျက်စီးရပုံကို လိုက်ပြီး ဝေဖန်စောကြော သုံးသပ်တဲ့ ‘ဒိုင်ယာလက်တစ်နည်း’လို့ပဲ ဆိုရမှာပါ။ ဒီအတွေးအခေါ် လမ်းကြောင်းသစ်ကို ကိုယ်စားပြုတဲ့ ကဝိတဆူကတော့ ကားမာ့က်စ် ဖြစ်တယ်”လို့ ပလက်ခနော့က ရေးသားခဲ့တယ်။
၁၈၃၀-၃၁ ဥရောပမှာ တော်လှန်ရေး တိုးတက်ဖြစ်ပေါ်မှု ဂယက်တွေနဲ့အတူ ဟေဂယ်လီယန် ဂိုဏ်းဟာ လက်ဝဲ၊ လက်ယာနဲ့ အလယ်ဗဟို ဆိုပြီး ကွဲထွက်သွားခဲ့တယ်။
လဒ်ဗစ် ဖွိုက်ယာဘက်ဟာ ဟေဂယ်လီယန် လက်ဝဲဂိုဏ်းကို ကိုယ်စားပြုသူတွေထဲက အထင်ရှားဆုံး တယောက် ဖြစ်တယ်။ သူဟာ ရှေးဟောင်း အော်သိုဒေါ့ အယူအဆတွေကို စိန်ခေါ်ခဲ့တယ်။ အထူးသဖြင့် ဘာသာရေးနဲ့ ပတ်သက်တာတွေကို စိန်ခေါ်ခဲ့တယ်။ ရုပ်ဝါဒကို ဗဟိုချက်အဖြစ် နေရာ ပြန်ပေးခဲ့တယ်။ “သဘာဝတရားမှာ စမှတ်ဆိုတာ မရှိ၊ အဆုံးသတ် ဆိုတာလည်း မရှိ။ သဘာဝတရားထဲက အရာရာဟာ အပြန်အလှန် ပတ်သက် ယှက်နွှယ်နေကြတယ်။ အရာရာဟာ အကျိုးဆက်ရလဒ်တွေ ဖြစ်နေကြသလို တချိန်တည်းမှာပဲ အကြောင်းအရင်းတွေ ဖြစ်နေကြတယ်။ အဖက်ဖက်က ဆက်နွှယ်နေကြပြီး အပြန်အလှန် သက်ရောက်နေကြတယ်…”လို့ ဖွိုက်ယာဘက်က ရေးသားခဲ့တယ်။ ‘ဘုရားသခင်အတွက် နေရာမရှိဘူး’လို့လဲ ဆိုထားသေးတယ်။ “ခရစ်ယာန်တွေဟာ လူသားရဲ့ ဝိညာဉ်နာမကို သူ့ရဲ့ ရုပ်ခန္ဓာကနေ ခွဲထုတ် ဖြတ်ယူတယ်။ ဒီလို လိပ်ပြာခွဲထားတဲ့ ဝိညာဉ်ကို သူတို့ရဲ့ ဘုရားသခင်အဖြစ် ဖန်တီးလိုက်ကြတယ်။”
ဖွိုက်ယာဘက်ရဲ့ အယူအဆတွေမှာ အားနည်းချက်တွေ ရှိပေမဲ့လည်း အောင်မြင်တဲ့ အလှည့်အပြောင်း တရပ်အနေနဲ့ မာ့က်စ်နဲ့ အန်းဂယ်တို့က လှိုက်လှဲပျူငှာစွာ ကြိုဆိုခဲ့ကြတယ်။
“ဒါပေမဲ့ ဒီလိုကြိုဆိုနေကြတုန်းဆဲဆဲမှာပဲ ၁၈၄၈ တော်လှန်ရေးကြောင့် ဖွိုက်ယာဘက်ကိုယ်တိုင် နောက်တန်း ပို့ခံလိုက်ရသလို သူ့ရဲ့ အတွေးအခေါ် စနစ်ကြီး တခုလုံးကိုပါ ဘေးကို ဖယ်ထုတ်ခြင်းခံလိုက်ရပါတော့တယ်”လို့ အန်းဂယ်က ရေးခဲ့တယ်။ ဒိုင်ယာလက်တစ်ကို ရုပ်ဝါဒ အသစ်နဲ့ ရှေ့နောက်ညီညွတ်မှုရှိရှိ အသုံးချပြီး ဒိုင်ယာလက်တစ် ရုပ်ဝါဒအဖြစ် ထွက်ပေါ်လာအောင် လုပ်ရေးဟာ မာ့က်စ်နဲ့ အန်းဂယ်တို့ ပုခုံးပေါ် ကျရောက်သွားခဲ့တယ်။ မာ့က်စ်နဲ့ အန်းဂယ်တို့အတွက်တော့ အဲဒီ အဘိဓမ္မာသစ်ဟာ စိတ်ကူးသက်သက် အဘိဓမ္မာ တရပ်မဟုတ်ဘူး။ လက်တွေ့နဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ အဘိဓမ္မာ ဖြစ်တယ်။
“ဒိုင်ယာလက်တစ်ကို အရိုးရှင်း အလွယ်ကူဆုံး ပြောရရင် ရွေ့လျား ပြောင်းလဲခြင်းဆိုင်ရာ ယေဘုယျ နိယာမတွေရဲ့ သိပ္ပံပညာရပ်လို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာ ပြင်ပ ကမ္ဘာရဲ့ ပြောင်းလဲခြင်း နိယာမတွေ၊ လူ့အတွေးအခေါ်ရဲ့ ပြောင်းလဲခြင်း နိယာမတွေ အားလုံး အကျုံးဝင်တယ်၊ ဒီနိယာမ မျိုးစု နှစ်ခုဟာ အနှစ်သာရအားဖြင့် အတူတူပဲ၊ သို့သော် လူ့စိတ်က ဒီနိယာမတွေကို သိစိတ်ရှိရှိ ဖမ်းဆုပ် အသုံးချနိုင်တဲ့ အတိုင်းအတာပေါ် မူတည်ပြီး သူတို့ ဘယ်လို ထုတ်ဖော်ပြသလဲ ဆိုတာ ကွဲသွားခြင်း ဖြစ်တယ်။ သဘာဝ လောကနဲ့ ကနေ့ထိ လူ့သမိုင်းရဲ့ ကာလ အများစုမှာ အဲဒီ နိယာမတွေက လူတွေ သိရှိနားလည်ခြင်း မရှိဘဲ သူ့သဘောသူ ဆောင်ခဲ့တယ်၊ အဆုံးမရှိတဲ့ ရှောင်တခင် ဖြစ်ရပ်တွေကြားကပဲ အဲဒီ လိုအပ်ခြင်း နိယာမတွေ အလုပ်လုပ်ခဲ့တယ်။ (အန်းဂယ်)
မာ့က်စ်ရော အန်းဂယ်ရော ‘ဒိုင်ယာလက်တစ်’ ဆိုပြီး စာတစောင်ပေတဖွဲ့ အကျယ်တဝင့် ရေးခဲ့တာမျိုးတော့ မရှိပါဘူး။ မာ့က်စ်ဟာ ‘အရင်းကျမ်း’နဲ့တင် မအားလပ်နိုင်အောင် ရှိနေခဲ့သလို အန်းဂယ်ဟာလည်း အဲဒီလို စာအုပ် ရေးဖို့ ကြံရွယ်ခဲ့ဖူးပေမဲ့ မာ့က်စ် ဆုံးပါးသွားတဲ့နောက် ‘အရင်းကျမ်း’ အပြီးသတ်နိုင်ရေးကိုပဲ ဦးစားပေးခဲ့ရတယ်။ ဒါပေမဲ့လဲ အန်းဂယ်က ‘ဒူရင်းသို့ ချေပချက်’ (Anti-Duhring) ကျမ်း နဲ့ ‘သဘာဝလောက၏ ဒိုင်ယာလက်တစ်’ Dialectics of Nature ကျမ်းတွေထဲမှာ ဒိုင်ယာလက်တစ်နဲ့ ပတ်သက်လို့ အကျယ်တဝင့် ရေးသားခဲ့တယ်။
“မာ့က်စ်ဟာ ‘Logic’ ကျမ်းတစောင် ချန်မထားခဲ့ဘူး ဆိုရင်တောင် ‘အရင်း’ (Capital) ရဲ့ ယုတ္တိဗေဒကို ချန်ထားခဲ့တာ သေချာတယ်။ ဒါကို ပြည့်ပြည့်ဝဝ အသုံးချရပါမယ်။ မာ့က်စ်က ‘အရင်းကျမ်း’ထဲမှာ တွေးခေါ်ဆင်ခြင်နည်း သိပ္ပံပညာရပ်တခု၊ ဒိုင်ယာလက်တစ်နဲ့ တွေးခေါ်ရှုမြင်ရေး ရုပ်ဝါဒ သီအိုရီတို့ကို အသုံးပြုသွားခဲ့တယ် (တကယ်တော့ အခုလို စကား သုံးမျိုး ခွဲပြောဖို့တောင် မလိုဘူး၊ သူတို့ဟာ တခုတည်း အတူတူတွေပဲ)၊ ဒိုင်ယာလက်တစ် ရုပ်ဝါဒဟာ ဟေဂယ်ဆီက တန်ဖိုးရှိတာ အားလုံး ထုတ်ယူပြီး ရှေ့ဆက် တိုးတက်ဖွံ့ဖြိုးစေခဲ့ခြင်း ဖြစ်တယ်” လို့ လီနင်က မှတ်ချက်ပြုခဲ့ဖူးတယ်။
ယနေ့ခေတ်မှာ အထူးသဖြင့် သဘာဝ သိပ္ပံပညာရပ် နယ်ပယ်က သိပ္ပံပညာရှင် တချို့တလေကတော့ ဒိုင်ယာလက်တစ်ဟာ သူတို့ အထူးပြု လေ့လာနေတဲ့ ပညာရပ်နယ်ပယ်က ပြဿနာရပ်တွေကို မြင်သာလာအောင် လမ်းပြပေးနိုင်တယ်ဆိုတာ သတိပြုမိလာကြပါပြီ။ သိပ္ပံပညာနဲ့ ဒိုင်ယာလက်တစ် ရုပ်ဝါဒတို့ နှီးနွှယ်ပတ်သက်ပုံအကြောင်း ဆွေးနွေးချက် အပြည့်အစုံကို Alan Woods နဲ့ Ted Grant တို့ရဲ့ ‘Reason in Revolt’ စာအုပ်ထဲမှာ ဖတ်ရှုနိုင်တယ်။ အန်းဂယ်နဲ့ တသဘောတည်းပဲ သဘာဝတရားကြီး တခုလုံးဟာ ဒိုင်ယာလက်တစ် သဘောဆောင်တယ် ဆိုတာ သူတို့ သက်သေပြထားတယ်။ စတီဗင် ဂျေ ဂိုး (Stephen Jay Gould) နဲ့ နိုင်း အယ်ဒရက် (Niles Eldredge) တို့အပြင် Richard Levins နဲ့ Richard Lewonton တို့ဟာလည်း ဒိုင်ယာလက်တစ် ရုပ်ဝါဒီတွေလို့ သူတို့ကိုယ်သူတို့ ခံယူထားသူတွေ ဖြစ်တယ်။ သူတို့ရဲ့ ‘The Dialectical Biologist’ ဆိုတဲ့ စာအုပ်မှာ ဒိုင်ယာလက်တစ်ကို ဇီဝဗေဒ နယ်ပယ်မှာ အသုံးပြုထားကြောင်း အခုလို ရေးသားထားတယ်။
“ကျနော်တို့ ဖော်ပြခဲ့သလိုပဲ ဘက်ပေါင်းစုံ မျက်နှာစာပေါင်းစုံ ရှိတဲ့ ဒိုင်ယာလက်တစ် ကမ္ဘာကြီးကို အဓိက ဝိသေသပြုတဲ့ အချက်ကတော့ သူဟာ အမြဲတစေ လှုပ်ရှားပြောင်းလဲနေတာပဲ။ ကိန်းသေတွေက ကိန်းရှင်တွေအဖြစ် ပြောင်းသွားတယ်၊ အကြောင်းတရားတွေက အကျိုးဆက်တွေ ဖြစ်သွားတယ်၊ စနစ်တွေဟာ သူတို့ကို ထွက်ပေါ်လာစေတဲ့ အခြေအနေတွေကို ဖျက်စီးပစ်ရင်း ဖြစ်ပေါ်တိုးတက်သွားတယ်။ ငြိမ်နေတယ်လို့ ထင်ရတဲ့ ဒြပ်စင်တွေဟာ တကယ်တော့ အားတွေရဲ့ ဒိုင်နမစ် မျှခြေတခုမှာ ရှိနေခြင်းသာ ဖြစ်တယ်၊ အဲဒီ မျှခြေဟာ ရုတ်ချည်းဆိုသလို တဖက်စောင်းနင်း ဖြစ်သွားနိုင်တယ်။ နျူကလိယဓာတ် ပြိုကွဲဖို့ အနည်းဆုံး လိုအပ်တဲ့ အရွယ်အစား (Critical size) ရှိတဲ့ မွဲခြောက်ခြောက် သတ္တု တခုကနေ နေအစင်း တထောင်ထက် စူးရှတောက်ပတဲ့ မီးလုံးကြီး ဖြစ်သွားတဲ့ အခြေအနေမျိုးမှာ ဒီသဘောကို အထင်အရှား တွေ့ရလိမ့်မယ်။ ဒါပေမဲ့ ဒီလှုပ်ရှား ပြောင်းလဲခြင်းဟာ ဗရမ်းဗတာ ဖြစ်နေတာမျိုး မဟုတ်ဘူး၊ တသမတ်တည်း ဖြစ်နေတာမျိုးလဲ မဟုတ်ဘူး။ သတ္တဝါတွေဟာ သန္ဓေသား အဆင့်ကနေ ဖွံ့ဖြိုးပြီး ကွဲပြားသွားတယ်။ ဒီနောက် သေဆုံးပြီး ပျက်စီး ကြေပြုန်းသွားတယ်။ မျိုးစိတ်အသစ်တွေ ပေါ်လာတယ်၊ ဒါပေမဲ့ မလွဲမသွေ မျိုးသုဉ်း ပျောက်ကွယ်သွားရတယ်။ ရိုးစင်းလှတဲ့ ရုပ်ကမ္ဘာ လောကထဲမှာတောင်မှ တသမတ်တည်း ဖြစ်ပေါ်တဲ့ လှုပ်ရှား ပြောင်းလဲမှုမျိုး ရှိတယ်လို့ မကြားဖူး မတွေ့ဖူးပါ။ သူ့ဝင်ရိုးပေါ် သူလည်နေတဲ့ ကမ္ဘာမြေတောင် ဘူမိ အချိန်နဲ့ တိုင်းတာကြည့်ရင် လည်ပတ်နှုန်း နှေးနှေးသွားတယ်။ ဒီတော့ အချိန်နဲ့အမျှ စနစ်တွေ ဖြစ်ပေါ်တိုးတက်မှုဟာ ဆန့်ကျင်ဖက် အင်အားစုတွေ၊ ဆန့်ကျင်ဖက် လှုပ်ရှားမှုတွေရဲ့ အကျိုးဆက်လို့ ဆိုနိုင်တယ်။
‘ဆန့်ကျင်ဖက် အင်အားစုတွေ ထွက်ပေါ်လာခြင်းဟာ ဒိုင်ယာလက်တစ် အတွေးအခေါ်မှာ အငြင်းပွားရဆုံး၊ အခက်ခဲဆုံး ဖြစ်ပေမဲ့ အရေးအကြီးဆုံး အယူအဆဖြစ်တဲ့ ပဋိပက္ခ သဘောတရားကို ဖြစ်ပေါ်သွားစေတယ်။ တချို့သူတွေအတွက် ပဋိပက္ခ ဆိုတာ သိမှုဗေဒ သဘောတရား တခုသာ ဖြစ်တယ်။ သီအိုရီတွေ တခုနဲ့ တခု ဆန့်ကျင်ဖက် ဖြစ်ရင်း၊ ရှုကြည့်လေ့လာတဲ့ ဖြစ်စဉ်တွေနဲ့ ဆန့်ကျင်ဖက် ဖြစ်ရင်း သဘာဝတ္ထ အမြင်သစ်တခု ထွက်ပေါ်လာလေ့ရှိတယ်၊ ကျနော်တို့ဟာ ကမ္ဘာလောကကို အဲသလို ပဋိပက္ခဖြစ်နေတဲ့ သီအိုရီများ သမိုင်းအဖြစ် နားလည်နိုင်တယ်လို့ ဖော်ပြကြတယ်။ Kuhn (၁၉၆၂) ရဲ့ ‘သိပ္ပံ တော်လှန်ရေး’ သီအိုရီမှာ အဲဒီ သဘောတရား တချို့ တွေ့ရတယ်။ ပဋိပက္ခတွေ တခုပေါ်လာလိုက်၊ ပြေလည်အောင် ဖြေရှင်းပေးတဲ့ သီအိုရီ ပေါ်လာလိုက်၊ တခါ ပဋိပက္ခ အသစ် ထပ်ပေါ်လာလိုက် ဆိုတဲ့ သဘောမျိုး တွေ့ရတယ်။ တခြားသူတွေအတွက်ကျ ပဋိပက္ခဆိုတာ ရှိမှုဗေဒဆိုင်ရာ ဂုဏ်သတ္တိတခု ဖြစ်လာတယ်၊ အနည်းဆုံးတော့ လူ့အဖွဲ့အစည်းမှာ ပဋိပက္ခဟာ တကယ် တည်ရှိနေတယ်လို့ သူတို့ လက်ခံထားတယ်။ ကျနော်တို့အဖို့တော့ ပဋိပက္ခဆိုတာ သိမှုဗေဒနဲ့ နိုင်ငံရေး သဘောသာမက အကျယ်ပြန့်ဆုံး အနက်နဲ့ ရှိမှုဗေဒ သဘောဆောင်တယ်။ အင်အားစုတွေကြားက ပဋိပက္ခဟာ လူ့အဖွဲ့အစည်း အင်စတီကျူးရှင်းတွေမှာသာမက သဘာဝလောကရဲ့ နေရာတိုင်းမှာ ရှိတယ်။ ဒိုင်ယာလက်တစ်နဲ့ ပတ်သက်တဲ့ ဒီအစဉ်အလာဟာ အခုမှ စတာ မဟုတ်ဘူး၊ အန်းဂယ် (၁၈၈၀) လက်ထက်အထိ ပြန်သွားရမယ်၊ ‘Dialectics of Nature’ စာအုပ်ထဲမှာ အန်းဂယ်က ဒီလို ရေးခဲ့တယ် – “ကျနော့်အဖို့ သဘာဝရဲ့ ဒိုင်ယာလက်တစ် နိယာမတွေကို တည်ဆောက်ယူရမယ့် ပြဿနာ ဆိုတာ မရှိနိုင်ဘူး၊ သဘာဝအတွင်း ရှိနေတဲ့ ယင်းနိယာမတွေကို တူးဆွရှာဖွေပြီး အဆင့်ဆင့် ဖော်ထုတ်သွားဖို့ပဲ ရှိတယ်။” (The Dialectical Biologist, p- 279)
မာ့က်စ်ဝါဒီတွေက သဘောတရားနဲ့ လက်တွေ့ မကင်းကွာရေးကို အမြဲ အလေးထားပါတယ်။
“ဒဿနပညာရှင်တွေဟာ လောကကို နည်းအမျိုးမျိုးနဲ့ အဓိပ္ပါယ်ဖွင့်ဖို့သာ လုပ်ခဲ့ကြတယ်။ ဒါပေမယ့် အရေးကြီးဆုံးက လောကကို ပြောင်းလဲပစ်ဖို့ပဲ” လို့ မာ့က်စ်က သူ့ရဲ့ Feuerbach စစ်တမ်းတွေထဲမှာ ထောက်ပြခဲ့တယ်။ “အမှန်တရားဟာ ယေဘုယျသဘောပဲ ဖြစ်နေရင် အဲဒါ မမှန်ဘူး” လို့ ဟေဂယ်က ဆိုတယ်။ အမှန်တရား ဟူသမျှ အခိုင်အမာသဘော ဖြစ်တယ်။ ကျနော်တို့တတွေ အကြောင်းချင်းရာတွေကို အရှိအတိုင်း ရှုမြင်ဖို့ လိုတယ်၊ မမြင်သာသော်လဲ တကယ် ရှိနေတဲ့ ဝိရောဓိသဘော ဖြစ်ပေါ်တိုးတက်မှုကို နားလည်အောင် ကြည့်မြင်တတ်ရမယ်။ ဒီနေရာမှာ လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်ဖို့ တိုက်ပွဲဝင်နေသူတွေအတွက် အလွန် အရေးကြီးတဲ့ ကောက်ချက်တွေ ရှိနေတယ်။
စိတ်ကူးယဉ် ဆိုရှယ်လစ်ဝါဒီတွေက ဆိုရှယ်လစ်စနစ်ကို ‘ထူးထွေအံ့ရာသောတွေ လုပ်ပေးနိုင်မယ့် အယူအဆတရပ်’လို့ မြင်ကြတယ်။ မာ့က်စ်ဝါဒီတွေက သူတို့နဲ့ မတူပါဘူး၊ ဆိုရှယ်လစ် စနစ်ဆိုတာ အရင်းရှင် စနစ်ရဲ့ အတွင်းပဋိပက္ခတွေကနေ တိုးထွက်ဖွံ့ဖြိုးလာမယ်လို့ ရှုမြင်ကြတယ်။ အရင်းရှင် လူ့အဖွဲ့အစည်းမှာ အရှန်အဟုန် ကောင်းကောင်းနဲ့ ဖွံ့ဖြိုးလာတဲ့ ကုန်ထုတ် စွမ်းအားစုတွေရယ်၊ တကမ္ဘာလုံး အတိုင်းအတာနဲ့ လုပ်အား ခွဲဝေမှုတွေရယ် ဖြစ်ပေါ်လာတာက လူတန်းစားမဲ့ လူ့အဖွဲ့အစည်း ပေါ်ပေါက်စေမယ့် ရုပ်အခြေခံတွေ ပြင်ဆင်ပေးလိုက်တာပဲ ဖြစ်တယ်။ အရင်းရှင်စနစ်က အလုပ်သမား လူတန်းစားကို မွေးထုတ်ပေးခဲ့ခြင်း ဖြစ်တယ်၊ အလုပ်သမား လူတန်းစားရဲ့ ဘဝ အခြေအနေကြောင့် အရင်းရှင်စနစ်နဲ့ ပဋိပက္ခ ဖြစ်သွားရတယ်။ အလုပ်သမား လူတန်းစားဟာ အတွေ့အကြုံကို အခြေခံပြီး လူ့အဖွဲ့အစည်းအတွင်း သူတို့ရဲ့ အခန်းကဏ္ဍကို ပြည့်ပြည့်ဝဝ သိမြင်လာလိမ့်မယ်၊ မာ့က်စ် စကားအတိုင်း ပြောရရင် “class in-itself” (လူတန်းစား အသိစိတ် မနိုးကြားသေးတဲ့ အဖြစ်) ကနေ “class for-itself” (လူတန်းစား အသိစိတ် နိုးကြားလာတဲ့ လူတန်းစား) အဖြစ် ပြောင်းလဲသွားလိမ့်မယ်။
ဒိုင်ယာလက်တစ်ဟာ ကြောင်းကျိုးပြဋ္ဌာန်းဝါဒ (Determinism) အပေါ် အခြေခံတယ်၊ သို့သော် သဘာဝတရား၊ လူ့အဖွဲ့အစည်းနဲ့ အတွေးအခေါ်တို့မှာ ရှောင်တခင်သဘော တည်ရှိမှုကို ငြင်းဆန်တဲ့ ကံကြမ္မာ စီရင်ပြဌာန်းခံဝါဒ (Fatalism) နဲ့ ဘာမှ မဆိုင်ပါဘူး။ ဒိုင်ယာလက်တစ် ကြောင်းကျိုးပြဋ္ဌာန်းဝါဒက ‘ရှောင်တခင်သဘော’ နဲ့ ‘နိယာမသဘော’ တို့ရဲ့ ပေါင်းစည်းညီညွတ်မှုကို အခိုင်အမာ ပြောပါတယ်၊ နိယာမသဘောဟာ ရှောင်တခင် ဖြစ်ရပ် အသွင်နဲ့ ထွက်ပေါ်လာတတ်ကြောင်း ရှင်းပြပါတယ်။
ဖြစ်ရပ်တိုင်းမှာ အကြောင်းတရား ရှိတယ်။ ရှောင်တခင် ဖြစ်ရပ်၊ ရှောင်လွှဲမရနိုင်တဲ့ ဖြစ်ရပ်၊ အားလုံး ဒီသဘောပဲ။ သဘာဝ လောကကြီးမှာ ဘာကြောင်းကျိုး နိယာမမှ မရှိဘူး ဆိုရင် အရာရာဟာ ပရမ်းပတာနဲ့ ဖြစ်ချင်ရာ ဖြစ်နေလိမ့်မယ်။ ဒီလိုသာဆိုရင် ဘယ်အရာမှ တည်ရှိနေနိုင်မှာ မဟုတ်ဘူး။ တကယ်တော့ အလျဉ်မပြတ်တဲ့ ကြောင်းကျိုးဆက် ချိန်းကြိုးကြီးထဲ ရောက်နေသလို အရာရာဟာ အခြား အရာတွေပေါ် မှီတည်နေကြတယ်။ သီးခြား ဖြစ်ရပ်တွေမှာ ရှောင်တခင် လက္ခဏာကို အမြဲ တွေ့ရမယ်၊ သို့သော် အဲဒီ ရှောင်တခင်သဘောဟာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ နိယာမသဘောကနေ အကောင်အထည် ပေါ်လာခြင်းဖြစ်တယ်။ တကယ်တော့ နိယာမသဘောက ရှောင်တခင် ဖြစ်ရပ်တွေလို အသွင်ယူပြီး ကိုယ်ထင်ပြလေ့ရှိတယ်။ မှန်ပါတယ်၊ ရှောင်တခင် ဖြစ်ရပ်တွေကိုလဲ အသိအမှတ် ပြုရမယ်။ သို့သော် အရေးကြီးဆုံး အရာကတော့ ရှောင်ကွင်းမရတဲ့ အဖြစ်ကို ဘယ်နိယာမတွေက ပြဋ္ဌာန်းပေးလိုက်သလဲ ဆိုတာ တူးဆွရှာဖွေရေး ဖြစ်တယ်။
သာမန်ကာလျှံကာ ကြည့်မယ်ဆိုရင် အရာရာဟာ ရှောင်တခင်သဘော ဒါမှမဟုတ် တိုက်ဆိုင်မှုသက်သက်ပဲလို့ ထင်ရလိမ့်မယ်။ အထူးသဖြင့် ပြောင်းလဲခြင်းကို လွှမ်းမိုးခြယ်လှယ်နေတဲ့ နိယာမတွေနဲ့ နိယာမတွေ အချင်းချင်း ကူးလူးဆက်ဆံမှုအကြောင်း ကျနော်တို့ ဘာမှ မသိတဲ့အခါ ဒါမျိုး ထင်ရလေ့ ရှိတယ်။ “အပေါ်ယံအားဖြင့် ရှောင်တခင်သဘော ကြီးစိုး မင်းမူနေတဲ့ နေရာတွေမှာ တကယ်တော့ အတွင်းကျကျ ပုန်းအောင်းနေတဲ့ နိယာမတွေရဲ့ လွှမ်းမိုးခြယ်လှယ်မှု ရှိစမြဲ ဖြစ်တယ်။ အဆိုပါ နိယာမတရားတွေကို ရှာဖွေ ဖော်ထုတ်နိုင်ဖို့သာ အရေးကြီးတယ်”လို့ အန်းဂယ်က Ludwig Feuerbach စာအုပ်မှာ မှတ်ချက်ပြုထားတယ်။
သဘာဝထဲ ရုပ်တရားတွေရဲ့ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းဟာ သူ့ဟာနဲ့သူ သတ်သတ်မှတ်မှတ်ရှိပြီးသား။ ဘယ်အချိန်မှာ၊ ဘယ်ပုံစံနဲ့ ဘယ်လိုပြောင်းလဲမယ် ဆိုတာကတော့ ရှောင်တခင် အကြောင်းအချက်တွေပေါ် မူတည်လိမ့်မယ်။ ဥပမာအနေနဲ့ သက်ရှိတွေ ကမ္ဘာမြေပေါ်မှာ ရှင်သန် ရပ်တည်နိုင်ခြင်း၊ မရပ်တည်နိုင်ခြင်းဟာ ရေရှိ မရှိ၊ ဓာတု ဒြပ်စင် အမျိုးမျိုး၊ နေနဲ့ ကမ္ဘာကြား အကွာအဝေး၊ လေထု စတဲ့ ရှောင်တခင် အကြောင်းအချက်ပေါင်း မြောက်မြားစွာအပေါ် မှီတည်နေတယ်။
“စဉ်းစားတွေးခေါ်နိုင်တဲ့ သက်ရှိတွေအဖြစ် တိုးတက် ပြောင်းလဲသွားခြင်းဟာ ရုပ်တရားတွေရဲ့ သဘာဝပါပဲ။ ဒီလို သက်ရှိတွေ ထွက်ပေါ်လာဖို့ လိုအပ်တဲ့ အခြေအနေတွေ ရှိနေပြီဆိုရင် ဒီလို အမြဲ ဖြစ်ပေါ်လေ့ရှိတယ်၊ (အချိန်တိုင်း၊ နေရာတိုင်းမှာ လိုအပ်တဲ့ အခြေအနေချင်းတော့ ထပ်တူမကျနိုင်ဘူး)။ နိယာမသဘောလို့ ယူဆထားတာတွေကို ရှောင်တခင် ဖြစ်ရပ်တွေနဲ့ ဖွဲ့စည်းထားခြင်း ဖြစ်တယ်၊ ရှောင်တခင်လို့ ခေါ်ကြတဲ့ အရာဟာ တကယ်တော့ နိယာမသဘော ပုန်းအောင်းရာ သဏ္ဍာန် ဖြစ်နေတယ်” လို့ အန်းဂယ်က ရေးသားခဲ့တယ်။
ဆာရာယေဗိုမှာ (ဩစတြီးယား) အိမ်ရှေ့မင်းသား (ဖရန်စစ် ဖာဒီနန်) လုပ်ကြံ သတ်ဖြတ်ခံလိုက်ရလို့ ပထမ ကမ္ဘာစစ် ဖြစ်ခဲ့သယောင် ရေပေါ်ဆီ သမိုင်း ဆရာတွေက ရေးတတ်ကြတယ်။ မာ့က်စ်ဝါဒီတွေအဖို့တော့ ဩစတြီးယား အိမ်ရှေ့မင်းသား လုပ်ကြံ သတ်ဖြတ်ခံရတာဟာ ရှောင်တခင် သမိုင်း ဖြစ်ရပ် တခုသာ ဖြစ်တယ်။ သဘောက အရင်းရှင် နယ်ချဲ့စနစ်ရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေကြောင့် ကမ္ဘာစစ်ကြီးဖြစ်မယ့် အရေးကနေ ဘယ်လိုမှ ရှောင်လွှဲလို့ မရတော့ဘူး၊ ဒီအချိန် အိမ်ရှေ့မင်းသား လုပ်ကြံခံရတဲ့ ဖြစ်ရပ်ဟာ ခုတုံးလုပ်စရာ ဖြစ်သွားတယ်၊ တနည်းအားဖြင့် စနက်တံ ဖောက်ပေးလိုက်တဲ့ သဘောပဲ။ လုပ်ကြံမှု အထမမြောက်ခဲ့လဲ ဒါမှမဟုတ် အိမ်ရှေ့မင်းသား မွေးမလာလဲ ဒီစစ်ကြီးကတော့ အကြောင်းတခုခု ပြပြီး ထဖြစ်မှာပဲ။ သံတမန် ဆက်ဆံရေး ကိစ္စကို အကြောင်းပြချင် ပြမယ်၊ ဒါမှမဟုတ် တခြား ကိစ္စတခုခုကို ယိုးမယ်ဖွဲ့ချင် ဖွဲ့မယ်။ စစ်ကြီးကတော့ မလွဲမသွေ ဖြစ်မှာပါပဲ။ ဒီနိယာမသဘောက ခြားနားတဲ့ အခြား ရှောင်တခင် ဖြစ်ရပ်တခု အသွင်နဲ့ ထွက်ပေါ်လာလိမ့်မယ်။
ဟေဂယ်စကားနဲ့ ပြောရရင် တည်ရှိနေသမျှ အရာအားလုံးဟာ မလွဲမသွေ လိုအပ်လို့ တည်ရှိနေတာပဲ။ သို့သော် တည်ရှိနေတဲ့ အရာအားလုံးဟာ မလွဲမသွေ ပျက်သုဉ်းသွားရမယ်၊ အခြားတပါးသော အရာအဖြစ် မလွဲမသွေ ပြောင်းသွားရမယ်။ ဒါကြောင့် တချိန်ချိန် တနေရာရာမှာ “မလွဲမသွေ လိုအပ်တဲ့” အရာဟာ အခြားတချိန်၊ အခြား တနေရာကျတော့ “မလွဲမသွေ မလိုအပ်တော့ဘူး” ဖြစ်သွားတယ်။ အရာရာဟာ သူနဲ့ ဆန့်ကျင်ဘက်ကို ပေါက်ဖွားစေတယ်။ သူမွေးထုတ်ပေးလိုက်တဲ့ ဆန့်ကျင်ဘက် အရာကြောင့် သူဟာ ချေဖျက်ခံလိုက်ရတယ်။ ဒါဟာ ဓမ္မတာ။ ဒါဟာ သက်ရှိ၊ လူ့အဖွဲ့အစည်းနဲ့ သဘာဝတရားတို့မှာလဲ ဒီသဘောပဲ။
လူ့အဖွဲ့အစည်း အမျိုးအစား အားလုံးဟာ သူတို့ ထွက်ပေါ်လာတဲ့ ခေတ်ကာလမှာ မလွဲမသွေ လိုအပ်လို့ တည်ရှိနေခြင်း ဖြစ်တယ် –
“လူမှုစနစ်တခုဟာ ကုန်ထုတ် စွမ်းအားစုတွေ ဆက်လက် ဖွံ့ဖြိုးအောင် လုပ်ပေးနိုင်စွမ်း ရှိနေသရွေ့ အဲဒီစနစ် ပျက်သုဉ်းလေ့ မရှိဘူး။ ဒါ့အပြင် ပိုအဆင့်မြင့်တဲ့ ကုန်လုပ်ဆက်ဆံရေး အသစ်တွေ ဖြစ်ပေါ်လာဖို့ လိုအပ်တဲ့ ရုပ် အခြေအနေတွေ လူမှု စနစ်ဟောင်း သားအိမ်ထဲ မရင့်မှည့်မချင်း အဲဒီ ဆက်ဆံရေး အသစ်တွေ ထွက်ပေါ်လာလေ့ မရှိဘူး။ ဒါ့ကြောင့် လူသားမျိုးနွယ်ဟာ သူတို့ ဖြေရှင်းနိုင်တဲ့ ပြဿနာတွေကိုသာ ကိုင်တွယ်မြဲ ဖြစ်တယ်၊ အကြောင်းကတော့ သေချာစေ့ငုကြည့်ရင် ပြဿနာတခုဟာ ဖြေရှင်းဖို့ လိုအပ်တဲ့ ရုပ် အခြေအနေတွေ တည်ရှိပြီး ဖြစ်နေမှ၊ ဒါမှမဟုတ် အဲဒီလို အခြေအနေတွေ ဖွဲ့တည်လာမှသာ ထွက်ပေါ်လာစမြဲ ဖြစ်တယ် ဆိုတဲ့ အချက်ကို ကျနော်တို့ တွေ့ရလိမ့်မယ်”။ (Marx, Critique of Political Economy).
သူ့ခေတ်သူခါတုန်းကတော့ ကျေးကျွန်စနစ်ဆိုတာ ဘာဘာရစ်ဇင် အရိုင်းခေတ် (Barbarism) ကနေ ခုန်ကူးလိုက်တဲ့ ဧရာမ တိုးတက်မှုကြီး ဖြစ်ခဲ့တယ်။ လူ့အဖွဲ့အစည်း၊ ယဉ်ကျေးမှုနဲ့ ကုန်ထုတ် စွမ်းအားစုတွေ တိုးတက်ဖြစ်ပေါ်ဖို့ဆိုရင် ဒီအဆင့်ကလည်း ဖြတ်ကိုဖြတ်ကျော်ရမယ့် အဆင့် တခုပဲ။ “လူသားဟာ ကျေးကျွန်စနစ်ကို ရှောင်ကွင်းပြီး လွတ်လပ်လာတာ မဟုတ်ဘူး၊ ဖြတ်သန်းပြီး လွတ်လပ်လာခြင်း ဖြစ်တယ်” လို့ ဟေဂယ်က ပြောင်မြောက်စွာ ရှင်းပြခဲ့ဖူးတယ်။
အလားတူပဲ၊ အရင်းရှင် စနစ်ဟာလဲ အစကတော့ လူ့အဖွဲ့အစည်း သမိုင်းမှာ ဖြတ်ကျော်ဖို့ လိုအပ်တဲ့ တိုးတက်တဲ့ အဆင့်တခု ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သမိုင်းဦး ဘုံစနစ်၊ ကျေးကျွန်စနစ်နဲ့ မြေရှင် ပဒေသရာဇ်စနစ်တွေလိုပဲ အရင်းရှင်စနစ်ဟာလဲ သူ့ရဲ့ အခန်းကဏ္ဍကုန်ဆုံးပြီး အရင်လို တိုးတက်အောင် လုပ်ဆောင်မပေးနိုင်တော့တာ ကာလ အတန်ကြာပါပြီ။ အရင်းရှင်စနစ်ဟာ သူ့ကိုယ်တွင်း ပဋိပက္ခတွေကြောင့် ကျရှုံးသွားခြင်း ဖြစ်တယ်၊ စနစ်ဟောင်း ဥခွံအတွင်း ကြီးထွားလာတဲ့ လူမှုစနစ်သစ်ရဲ့ ထွန်းသစ်စ အင်အားစုတွေကြောင့် အရင်းရှင်စနစ်ဟာ မုချကျဆုံးသွားမယ်။ အဲဒီ ထွန်းသစ်စ အင်အားစု အသစ်ကို ခေတ်သစ် ပစ္စည်းမဲ့ လူတန်းစားက ကိုယ်စားပြုပါတယ်။ အရင်းရှင် လူ့အဖွဲ့အစည်းရဲ့ အခြေခံ အင်္ဂါရပ်တွေဖြစ်တဲ့ ‘ကုန်ထုတ် ပစ္စည်း ပုဂ္ဂလိက ပိုင်ဆိုင်မှု’ နဲ့ ‘အမျိုးသား နိုင်ငံတော်’ တို့ဟာ မူလက ကြီးမားတဲ့ တိုးတက်မှုကို ဖြစ်စေခဲ့တယ်။ အခုတော့ ကုန်လုပ် အင်အားစုများ တိုးတက်မှုရဲ့ အချုပ်အနှောင်တွေ ဖြစ်လာတယ်၊ ဒါ့အပြင် လူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးတက်လာတဲ့ ရာစုနှစ်တွေအတွင်း ရရှိထားတဲ့ အသီးအပွင့်တွေကို လှိုက်စားပစ်နေဖို့ ခြိမ်းခြောက်လျက် ရှိတယ်။
အခုတော့ အရင်းရှင်စနစ်ဟာ အလုံးစုံ ယိုယွင်းပျက်စီးနေတဲ့ လူမှုစနစ် ဖြစ်နေပြီ။ လူ့ယဉ်ကျေးမှုကြီး ဆက်လက်ရှင်သန်ဖို့ဆိုရင် အရင်းရှင်စနစ်ကို ဖြိုချပြီး ဆန့်ကျင်ဘက် ဆိုရှယ်လစ် စနစ်နဲ့ အစားထိုးရမယ်။ မာ့က်စ်ဝါဒဟာ ကြောင်းကျိုးပြဋ္ဌာန်းဝါဒ ဖြစ်တယ်၊ ကံကြမ္မာ စီရင်ပြဋ္ဌာန်းဝါဒ မဟုတ်ဘူး။ လူတွေက သမိုင်းကို ဖန်တီးခြင်း ဖြစ်တယ်။ မိမိတို့ လွတ်မြောက်ရေးအတွက် သိစိတ်ရှိရှိ ရုန်းကန်နေတဲ့ လူသားတွေကပဲ လူ့အဖွဲ့အစည်း ပြောင်းလဲရေးကို စွမ်းဆောင်နိုင်ပါတယ်။ အဲဒီ လူတန်းစား တိုက်ပွဲရဲ့ ရလဒ်ကို တင်ကူး ပြဋ္ဌာန်းထားခြင်း မရှိဘူး။ ဘယ်လူတန်းစားက အောင်ပွဲခံသွားမလဲဆိုတာ အကြောင်းအချက် အများကြီး အပေါ် မူတည်နေတယ်၊ ထွန်းသစ်စ တိုးတက်သော လူတန်းစားဟာ အိုမင်းဟောင်းနွမ်းနေတဲ့ ဖောက်ပြန်ရေး အင်အားစုထက် အားသာချက်တွေ အများကြီး ရှိတယ်။ သို့သော်လဲ နောက်ဆုံး ရလဒ်ကတော့ ဘယ်ဘက်က စိတ်ဓာတ် ပိုခိုင်မာသလဲ၊ စည်းရုံးစုဖွဲ့မှု ပိုအားကောင်းသလဲ၊ လုပ်ရည်ကိုင်ရည် ပြည့်ဝပြီး သန္နိဋ္ဌာန်အခိုင်မာဆုံး ခေါင်းဆောင်မှု ရှိသလဲ ဆိုတဲ့ အချက်တွေအပေါ် မူတည်ပါတယ်။
ဆိုရှယ်လစ်စနစ်သာ အောင်ပွဲခံလိုက်နိုင်ရင် လူသား သမိုင်းမှာ အရည်အသွေးအရ သူမတူတဲ့ အချိုးအကွေ့သစ်တခု ဖြစ်လာမှာ သေချာတယ်။ ပိုပြီး တိတိကျကျ ပြောရရင် လူသားမျိုးနွယ် တရပ်လုံးရဲ့ အကြိုခေတ် သမိုင်း ကုန်ဆုံးသွားပြီး တကယ့် သမိုင်း စတင်လိမ့်မယ်။
တဖက်ကကြည့်ရင် ဆိုရှယ်လစ် စနစ်ဆိုတာ အစောဆုံး လူ့အဖွဲ့အစည်း ပုံစံ သမိုင်းဦး ဘုံစနစ်ကို ပြန်လှည့်တဲ့ သဘော ဖြစ်တယ်၊ ဒါပေမဲ့ နှစ်ထောင်ချီ ကြာမြင့်တဲ့ လူတန်းစား လူ့အဖွဲ့အစည်းအတွင်း ကြိုးပမ်းရယူထားရတဲ့ အသီးအပွင့်ပေါင်း မြောက်မြားစွာအပေါ် အခြေတည်ထားတဲ့ အလွန်တရာ အဆင့်မြင့်မားတဲ့ လူနေမှုစနစ် ဖြစ်ပါတယ်။ သမိုင်းဦး ဘုံစနစ်ကို လူတန်းစား လူ့အဖွဲ့အစည်းက ငြင်းဖျက်ပစ်ခဲ့တယ်။ လူတန်းစား လူ့အဖွဲ့အစည်းကို ဆိုရှယ်လစ် စနစ်က တဖန် ပြန်ပြီး ငြင်းဖျက်လိုက်တယ်။ တကမ္ဘာလုံး အတိုင်းအတာနဲ့ အရင်းရှင် စနစ်က အခြေတည်ပေးလိုက်တဲ့ စက်မှုလုပ်ငန်း၊ သိပ္ပံနဲ့ နည်းပညာတွေကို သိစိတ်ရှိရှိ စီမံကိန်းချ ဆောင်ရွက်ခြင်းဖြင့် စီးပွားဥစ္စာ အလွန်တရာ ကြွယ်ဝ ပေါများလာလိမ့်မယ်။ ဒီအခါ လုပ်အားခွဲဝေမှု၊ ကာယနဲ့ ဉာဏ လုပ်အားတို့ကြား ကွာဟချက်၊ ကျေးလက်နဲ့ မြို့ပြ ကွာဟချက်၊ ခက်ထန် ကြမ်းတမ်းပြီး အင်အား ပြုန်းတီးစေတဲ့ လူတန်းစား တိုက်ပွဲတို့ လူ့အဖွဲ့အစည်းမှာ မလိုအပ်တော့ဘူး။ ဒီတော့ လူသား မျိုးနွယ်ဟာ သူတို့ရဲ့ ရင်းမြစ်တွေကို သဘာဝတရားအပေါ် အောင်နိုင်ရေး အတွက်ပဲ တစိုက်မတ်မတ် သုံးခွင့်ရသွားမယ်။
မြန်မာပြန်သူ – မွန်းနောင်
တည်းဖြတ် – သူရိန်မွန်
Source – What Is Dialectical Materialism? By Rob Sewell