ဖေဖော်ဝါရီ ၂၈ စနေနေ့ မနက်မှာ ယူအက်(စ်)နဲ့ အစ္စရေးက အီရန် မြို့တော်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်၊ မြို့တော် ထဲရန်း (Tehran) ဟာ ဆူညံပေါက်ကွဲမှုကြီးတွေနဲ့ တုန်ခါသွားခဲ့တယ်။ ထဲရန်း၊ ကွမ်းနဲ့ အခြား အီရန် မြို့တွေကနေ မီးခိုးလုံးကြီးတွေ တက်လာတာ မြင်ခဲ့ရတယ်။ စစ်ပွဲ စတင်ကြောင်း ကြေညာလိုက်တာပဲ။
ပကတိ အရှိတရား ဝင်လာတဲ့အခါ မဆုံးနိုင်တဲ့ အဓိပ္ပါယ်မဲ့ စေ့စပ်မှုတွေလဲ ရုတ်တရက် ပြတ်တောက်သွားတော့တယ်။
မကြာခင်မှာ အပေးအယူတခု အထမြောက်တော့မယ်၊ သဟဇာတရှိတဲ့ ငြိမ်းချမ်းရေး ရလာလိမ့်မယ် ဆိုတဲ့ ထင်ယောင်မှားမှုတခု ဖန်တီးဖို့ ရည်ရွယ်ချက်နဲ့ ဘာအဓိပ္ပါယ်မှ မရှိတဲ့ ဒီလုပ်ဇာတ်ကို သူတို့ လပေါင်းများစွာ ကလာခဲ့ကြတယ်။
ဝါရှင်တန်ရဲ့ ရည်ရွယ်ချက်တွေကို ကောင်းကောင်း သိထားသလို ယူအက်(စ်)ရဲ့ စစ်ရေး တိုက်ခိုက်မှုတွေ မကြာခင် လာတော့မယ် ဆိုတာလဲ သိထားတဲ့ အိုမန် (Oman) နိုင်ငံခြားရေး ဝန်ကြီး Badr Albusaidi က ဝါရှင်တန်ကို အပြေးအလွှားသွားပြီး စေ့စပ်ရေး စကားဝိုင်းတွေကို အတတ်နိုင်ဆုံး အပြုသဘော ပုံဖော်ဖို့ အစွမ်းကုန် ကြိုးပမ်းခဲ့တယ်။ အိုမန် နိုင်ငံက ဒီစေ့စပ်ရေးကို ကူညီပေးနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ထူးထူးခြားခြား ဆိုသလို အိုမန် နိုင်ငံခြားရေး ဝန်ကြီး CBS သတင်းဌာနကနေ ထွက်ပြောလာခဲ့တယ်။ စေ့စပ်ရေး အစီအမံကို အသေးစိတ် ထုတ်ပြောလာပြီး မကြာခင် ငြိမ်းချမ်းရေး အပေးအယူ တည့်တော့မလို ပြောသွားတယ်။
သို့သော်လဲ အိုမန် နိုင်ငံခြားရေး ဝန်ကြီးခမျာ ဒုသမ္မတ JD Vance နဲ့သာ တွေ့ခွင့်ရသွားတယ်။ ဒီလို တွေ့တဲ့အခါ စေ့စပ်ရေးတွေ အကြီးအကျယ် အောင်မြင်တော့မှာပါလို့ သူက ဆိုခဲ့တယ်။ ၂၀၁၈ ခုနှစ်မှာ ဒေါ်နယ်ထရမ့် ရုတ်သိမ်းခဲ့တဲ့ ၂၀၁၅ နျူကလီယာ အပေးအယူထက် အခုတချီ သဘောတူညီချက်က ပိုတာသွားလိမ့်မယ်လို့လဲ သူ ပြောသွားခဲ့သေးတယ်။
သန့်စင်မှုအဆင့် မြင့်မားတဲ့ ယူရေနီယံတွေ ရှင်းလင်းပစ်မယ်၊ လက်ကျန် တချို့ကိုလဲ သန့်စင်မှု အဆင့်နိမ့် ယူရေနီယံတွေအဖြစ် ပြောင်းပစ်မယ်၊ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ အနုမြူ စွမ်းအင် အေဂျင်စီ (IAEA) ရဲ့ ကြည့်ရှုစစ်ဆေးခြင်းကို အပြည့်အဝ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ အီရန်ဘက်က သဘောတူထားကြောင်း Albusaidi က ဆိုပါတယ်။ ယူအက်(စ်) အင်စပက်တာတွေကိုလဲ (IAEA) နဲ့အတူ အီရန်မှာ ကြည့်ရှုစစ်ဆေးခွင့်ပေးမယ်လို့ သူက ထပ်ပြောထားတယ်။ အခု အဆိုပြုထားတဲ့ အချက်တွေအရ အီရန်ဟာ သူ့ရဲ့ ယူရေနီယံ သန့်စင်မှုကို အရပ်ဖက်သုံး နျူကလီယာ စွမ်းအင်တွေအတွက် လိုအပ်သလောက် အဆင့်မှာပဲ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားမယ့် သဘောပဲ။
အင်မတန်မှ ကြောင်းကျိုးဆီလျော်တဲ့ အဆိုပြုချက် တစုံ ဖြစ်ပါတယ်၊ ယူအက်(စ်)ဘက်ကလဲ လက်မခံနိုင်စရာ မရှိပါဘူး၊ ယူအက်(စ်)ဘက်ကသာ ငြိမ်းချမ်းရေးကို နည်းနည်းလေးလောက် စိတ်ဝင်စားမှု ရှိခဲ့တယ်လို့ ယူဆမယ် ဆိုရင်ပေါ့လေ။
အီရန်ဘက်က ကြောင်းကျိုးဆီလျော်တဲ့ အဆိုပြုချက်တွေကို ယူအက်(စ်)ဘက်က ဗုံးတွေ၊ ဒုံးကျည်တွေနဲ့ အကြောင်းပြန်လိုက်လေပြီ။
[Also read: Trump prepares for war with Iran – down with imperialist aggression!]
ရုရှား လုံခြုံရေး ကောင်စီ ဒုဥက္ကဌ Dmitry Medvedev က အီရန်ကို တိုက်ခိုက်တဲ့အတွက် ထရမ့်ကို အပြင်းအထန် ဝေဖန်ခဲ့တယ်၊ စစ်ပွဲမှာ ဘယ်ဘက်က ကြာကြာ တောင့်ခံနိုင်စွမ်း ရှိမလဲလို့ သူက မေးခွန်းထုတ်ခဲ့တယ်၊ နှစ်ပေါင်း ၂၅၀၀ သက်တမ်းရှိတဲ့ ပါရှား ယဉ်ကျေးမှုကြီးနဲ့ နှိုင်းယှဉ်ရင် သက်တမ်း ၂၅၀ သာ ရှိသေးတဲ့ ယူအက်(စ်) သမိုင်းက ဘာမှ မပြောပလောက်သေးဘူး။
“ငြိမ်းချမ်းရေး ဗိသုကာဟာ အခုတချီလဲ သူ့ရုပ်လုံးသူ ဖော်လိုက်ပြန်ပြီ၊ အီရန်နဲ့ စေ့စပ်ရေး အားလုံးဟာ ဟန်ပြသက်သက်ပဲ၊ ဒါကို ဘယ်သူမှ ယုံမှား သံသယ မရှိဘူး၊ ဘယ်သူမှ စေ့စပ်ရေး တကယ် မလုပ်ချင်ခဲ့ဘူး” လို့ Medvedev က ပြောသွားတယ်။
အီရန် တယ်လီရမ် ချန်နယ်တခုက ရေးထားသလိုပဲ “အီရန်က သံခင်းတမန်ခင်း နည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားနေချိန် ယူအက်(စ်)က စစ်ရေး တိုက်ခိုက်မှု နောက်တကြိမ် ထပ်လုပ်လိုက်တာပဲ။ သံတမန်ရေးနည်းဟာ ယူအက်(စ်)လို အကြမ်းဖက် လုပ်ကြံရေး (terrorist) နိုင်ငံတော်နဲ့ အလုပ်မဖြစ်ကြောင်း နောက်တကြိမ် ပြသလိုက်တာပဲ”။
နောက်တချီ ထပ်ကတဲ့ လုပ်ဇာတ်
ဒီလို လုပ်ဇာတ်မျိုး ကြည့်ခဲ့ရတာ အခုမှ မဟုတ်ဘူး။ ပြီးခဲ့တဲ့ နွေတုန်းကလဲ ဒီလို သံတမန်ရေး ဂိမ်းပွဲတခုကို ကစားပြခဲ့ကြသေးတယ်။
ဇာတ်ညွှန်းလဲ အတူတူပဲ။ ဇာတ်ကောင်တွေကလဲ ဒီလူတွေပါပဲ။ ဇာတ်သိမ်းကိုလဲ အဖွင့်ကတည်းက အလားတူ ကြိုခန့်မှန်းလို့ ရနိုင်ခဲ့တယ်။
အီရန်တွေက “စိတ်ထားမှန်မှန်နဲ့” စေ့စပ်ရေး မလုပ်လို့ စေ့စပ်ရေးတွေ ပွဲပျက်သွားခဲ့ရတာလို့ အိမ်ဖြူတော်ထဲ ရောက်နေတဲ့ လူက စောဒက တက်ပြတယ်။
ဒါ လိမ်နေတာပဲ။ စိတ်ထားမှန်မှန်နဲ့ စေ့စပ်ရေး မလုပ်တာ အီရန်တွေ မဟုတ်ဘူး၊ အမေရိကန်တွေ။ အီရန်ကို တိုက်ခိုက်ပြီး အစိုးရကို ဖြုတ်ချဖို့အထိ ဆုံးဖြတ်ထားပြီးသား အမေရိကန်တွေက သူတို့ ရည်ရွယ်ချက်အမှန်ကို ဖုံးဖိထားဖို့ စေ့စပ်ရေး အတုတွေနဲ့ တမင် လှည့်ဖျားခဲ့ကြတာပဲ။
သို့သော် ဒီတချီ ဒီပလိုမေစီ ကစားပွဲမှာတော့ အရင်တခေါက်နဲ့ မတူတဲ့ အရေးကြီး ခြားနားချက်တွေ ရှိပါတယ်။
ပြီးခဲ့တဲ့ နွေတုန်းက အီရန်တွေဟာ အလစ်အငိုက် တိုက်ခိုက်ခံခဲ့ရတယ်၊ အဲဒီတုန်းက စေ့စပ်ရေးတွေ လုပ်ကောင်းနေဆဲ၊ တိုးတက်မှုတွေလဲ ရှိနေပြီ။ ဒီအချိန် အမေရိကန်တွေဘက်က ဘာတခုမှ အချက်မပြဘဲ ရုတ်တရက် ထတိုက်ခဲ့တာ။
ဒီတချီတော့ အဲသလို လုပ်လို့ မရတော့ဘူး။ အီရန်ဘက်က အမေရိကန်တွေနဲ့ စေ့စပ်ရေးကို ပစ်ယုံထားတာမျိုး မရှိတော့ဘူး။

အထူးသဖြင့် ဒေါ်နယ် ထရမ့်ကို သူတို့ မယုံဘူး၊ ဒီတချီတော့ အလစ်အငိုက် ဖမ်းပြီး တိုက်ခံရတာမျိုး မဖြစ်စေရဘူး၊ ဖြစ်လာရင်လဲ ထိထိရောက်ရောက် လက်တုံ့ပြန်သွားမယ်လို့ အီရန်ဘက်က ကြိုသတိပေးထားပြီးသား။
ဒီနေရာမှာ အရေးကြီးတဲ့ ဒုတိယ ခြားနားချက်ကို ကျနော်တို့ တွေ့ရပြီ။
ရန်လိုတဲ့ စကားတွေ တဖောင်ဖောင် ပြောနေပေမဲ့ ထရမ့်က စစ်တိုက်ရတာထက် အပေးအယူ လုပ်ရေးကို ပိုသဘောကျတဲ့သူ (အပေးအယူ လုပ်ရတာက ဈေးချိုတယ်)၊ (စစ်တိုက်ရတာက အကုန်အကျ အလွန်များတယ်)။
ပြီးခဲ့တဲ့ ဇွန်လ စစ်ပွဲတုန်းက တပတ်လောက်ကြာလာတော့ အမေရိကန်နဲ့ အစ္စရေးဘက်က အီရန် အစိုးရကို ဖြိုချမဲ့ သူတို့ရဲ့ အဓိက ရည်မှန်းချက်ကြီး မအောင်မြင်တော့မှန်း သဘောပေါက်သွားခဲ့တယ်၊ အင်အား ချိန်ခွင်လျှာကို သူတို့ ပြန်ဆန်းစစ်ကြည့်တယ်၊ ဒီထက်ကြာကြာ စစ်ဆက်တိုက်နိုင်တဲ့ အနေအထား မရှိတော့ဘူးလို့ သူတို့ ကောက်ချက်ချခဲ့ကြတယ်။
အစပိုင်းမှာ ဗုံးမိုးတွေ သည်းထန်ခဲ့ပေမဲ့ အီရန်ဘက်က တောင့်ခံပြီး ထိုးစစ်ပြန်ဆင်နိုင်ခဲ့တယ်၊ အစ္စရေးကို ဒုံးကျည်တွေနဲ့ တဖွဲဖွဲ ပြန်ထုနိုင်ခဲ့တယ်။ ယိုပေါက် လုံးဝ မရှိဘူးလို့ ယူဆထားကြတဲ့ Iron Dome ဆိုတာကြီးကို အီရန် ပစ်လိုက်တဲ့ ဒုံးကျည်တွေက စတင် ထိုးဖောက်လာခဲ့တယ်။
အီရန်ဘက်မှာ နှစ်ရှည်လများ စုဆောင်းထားတဲ့ ဒုံးတွေ တပြုံတမကြီး ရှိပေမဲ့ အစ္စရေးနဲ့ အီရန်ဘက်မှာ စစ်ပွဲ တာရှည်သွားရင် လာသမျှ ဒုံးကျည်တွေကို ပစ်ချဖို့ မဖြစ်နိုင်တော့ဘူး၊ သူတို့ဘက်မှာ လေကြောင်း ကာကွယ်ရေး ဒုံးကျည် အင်အားက များများစားစား မကျန်တော့ဘူး။
ဒါ့ကြောင့် ၂၀၂၅ ဇွန်လ စစ်ပွဲကို အဆုံးသတ်ဖို့ ဒေါ်နယ်ထရမ့် ဆုံးဖြတ်ခဲ့တာပဲ၊ အဆုံးမသတ်ဘဲ ဆက်တိုက်ရင် အန္တရာယ် အလွန်ကြီးမှန်း သူ သဘောပေါက်တယ်။ ဒါ့ကြောင့် နောင်မှာ ၁၂ ရက် စစ်ပွဲလို့ ခေါ်တဲ့ အဲဒီ တိုက်ခိုက်မှုတွေကို သူ ရပ်တန့်ခိုင်းခဲ့တာပဲ။
ဒီကနေ့ အနေအထားက ဘယ်လို ရှိသလဲ။
ယူအက်(စ်)က ဒေသတွင်းမှာ ဖြုံသွားလောက်စရာ စစ်အင်အားတွေ ချထားတယ်၊ အလွန်အားကောင်းတဲ့ ယူအက်(စ်) ရေတပ်နဲ့ ကျားကန်ပေးထားသေးတယ်။
သို့သော် မြင်သာတဲ့ ဒီအင်အားဟာ အောက်ခံ အားနည်းချက်ကို ဖုံးထားတယ်။ ဒီအားနည်းချက်က အသစ်အဆန်း မဟုတ်ပေမဲ့ စစ်ဆင်ရေးကြီး တခုလုံးအတွက် အလွန် ကြီးလေးတဲ့ အန္တရာယ် ဖြစ်ပါတယ်။
မကြာသေးခင်ကတင် အမေရိကန် သမ္မတက ယူအက်(စ်) စစ်တပ်နဲ့ စီအိုင်အေ ခေါင်းဆောင်တွေနဲ့ အစည်းအဝေး လုပ်ခဲ့တယ်။ အီရန်ကို တိုက်ရင် အောင်ပွဲ ရနိုင်ချေ များသလား၊ ဘယ်လို အန္တရယ်တွေ ရှိလာနိုင်သလဲလို့ သူတို့ကို ဒေါ်နယ် ထရမ့် မေးခဲ့တယ်။
အစည်းအဝေးကို လျှို့ဝက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမဲ့ စာနယ်ဇင်းတွေဆီ ပေါက်ကြားလာတဲ့ အချက်အလက်တွေအရ အကဲဖြတ်ရရင် သူရရှိတဲ့ အဖြေတွေနဲ့ ပတ်သက်လို့ ဒေါ်နယ်ထရမ့် မကျေနပ်ပါဘူး။ အစည်းအဝေး တက်လာတဲ့ ဘယ်အကြီးအကဲကမှ အောင်ပွဲ သေချာပေါက် ရမယ်လို့ ဒေါ်နယ် ထရမ့်ကို အာမ,မခံနိုင်ကြဘူး။ ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်က စစ်ပွဲလို မြန်မြန်ဆန်ဆန်နဲ့ လွယ်လင့်တကူ အဆုံးသတ်နိုင်လိမ့်မယ်လို့လဲ သူတို့ မပြောနိုင်ဘူး။
ဒါတင် မကသေးဘူး၊ အမေရိကန် စစ်တပ်ဘက်က ဆုံးရှုံးမှုတွေ ကြုံရနိုင်တယ်၊ ဒီလို စစ်ပွဲမျိုးမှာ အင်မတန် ပြင်းထန်တဲ့ ဆုံးရှုံးမှုတွေတောင် ရင်ဆိုင်ရနိုင်တယ်လို့ ထပ်လောင်း ပြောခဲ့ကြသေးတယ်။
သဘောထား စစ်တမ်းတွေမှာ ထောက်ခံမှု များများရဖို့ စိတ္တဇ အစွဲလွန်နေတဲ့ လူတယောက်အဖို့ သူကြားချင်တာ ဒီအဖြေတွေ မဟုတ်ဘူး။ စာနယ်ဇင်း ရီပို့တွေအရ သမ္မတဟာ အစည်းအဝေးကနေ ဒေါသတကြီး ပေါက်ကွဲ ထွက်လာသတဲ့။
ဒီအစီရင်ခံချက်တွေကြောင့် ဒေါ်နယ်ထရမ့် ခဏရပ်ပြီး စဉ်းစားသင့်တယ်။ သို့သော် မစ္စတာ ထရမ့်ဟာ လေးလေးနက်နက် စဉ်းစားတာမျိုး လုပ်လေ့မရှိသူ ဖြစ်တယ်။ ဒါနဲ့ ပြောင်းပြန်ပဲ၊ သူဟာ ရုတ်တရက် ပေါ်လာတဲ့ စေ့ဆော်အားတွေ၊ ဗီဇစိတ်တွေနဲ့ မောင်းနှင်နေတဲ့ လူတယောက်နဲ့ ပိုတူတယ်။ ဘယ်အကြောင်းအရာမဆို (အထူးသဖြင့် သူ့မှာ ထင်မြင်ချက် ခိုင်ခိုင်မာမာ ရှိပြီးသား အကြောင်းအရာတွေအပေါ်) သူနဲ့ နောက်ဆုံး စကားပြောခဲ့သူက သူ့အပေါ် ဩဇာ သက်ရောက်သွားတာပဲ။ အဲဒီလို အကြောင်းအရာတွေထဲမှာ အီရန်လဲ ပါတယ်၊ ဒီနိုင်ငံအပေါ် အရိုးစွဲနေတဲ့ ရာသက်ပန် မုန်းတီးမှုကို သူဘယ်လိုမှ မဖုံးဖိထားနိုင်ဘူး။
ဒီမနက် အီရန်ကို အမေရိကန်က တိုက်ခိုက်နေချိန် ထုတ်ပြန်လိုက်တဲ့ အံ့အားသင့်စရာ ထုတ်ပြန်ချက်ထဲမှာ မကောင်းဆိုးဝါး အီရန်တို့ အပြစ်မဲ့ ယူအက်(စ်) နိုင်ငံသားတွေအပေါ် နှစ်ပေါင်းများစွာ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေ တသီကြီး ဒေါ်နယ်ထရမ့် ထည့်ပြောထားတယ်။
“ထဲရန်းက ယူအက်(စ်) သံရုံးကို အကြမ်းဖက် စီးနင်းပြီး ဒါဇင်နဲ့ချီတဲ့ အမေရိကန်တွေကို ဓားစာခံတွေအဖြစ် ၄၄၄ ရက်ကြာ ဖမ်းစီးထားတယ်”လို့ သူ စရွတ်ပါတယ်။ သူပြောနေတဲ့ ဖြစ်ရပ်က ၁၉၇၉ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့မှာ ဖြစ်ခဲ့တာ၊ ရဲရဲတောက် အီရန် ကျောင်းသားတွေ အမေရိကန် သံရုံးကို ဝင်စီးခဲ့တဲ့ ဖြစ်စဉ်။
သဘောက လွန်ခဲ့တဲ့ ရာစုနှစ် တဝက်လောက်က ဖြစ်ရပ်တခုပဲ။ သို့သော် အိမ်ဖြူတော်ထဲက လူကတော့ မနေ့တနေ့က ဖြစ်သွားခဲ့သလိုလို ပုံဖော်နေတယ်။ သေချာပါတယ်၊ ဒီဖြစ်ရပ်က လည်ချောင်းထဲ စိုက်နေတဲ့ ငါးရိုးလို ၁၉၇၉ ကတည်းက သူ့စိတ်ထဲ ကိန်းအောင်းနေခဲ့တာ။
ဒီနောက် သူ့စာရင်းကို အဆုံးသတ်ရင်း အောင်မြင်ခံ့ညားစွာ ထပ်ပြောလိုက်တယ် – “အောက်တိုဘာ ၇ တုန်းက အစ္စရေးကို စက်ဆုပ်ဖွယ် တိုက်ခိုက်မှုတွေ လုပ်ခဲ့တာလဲ အီရန်ရဲ့ ပရောက်စီ ဟမား(စ်) အဖွဲ့ပဲ”။
စီအိုင်အေကိုယ်တိုင် ဒီတိုက်ခိုက်မှုက အီရန်နဲ့ ဘာမှ မသက်ဆိုင်ဘူး၊ အီရန်ဘက်က ကြိုသိမထားသလို ပါဝင်ခဲ့ခြင်း မရှိဘူးလို့ အတိအလင်း ဆိုထားတဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ဖူးတယ်၊ ဒေါ်နယ်ထရမ့်ကတော့ ဒီအချက်ကို ခပ်လွယ်လွယ်ပဲ လစ်လျူရှုလိုက်တယ်။
ဇာတ်လမ်းကောင်း တပုဒ်ကို အချက်အလက်တွေက ဖျက်စီးပစ်လိုက်လို့ ဘယ်ဖြစ်မလဲ။ အမေရိကန် သမ္မတရဲ့ ဂနာမငြိမ်တဲ့ ဦးနှောက်ထဲမှာတော့ အီရန်ဟာ ကမ္ဘာပေါ်က ဂြိုဟ်ဆိုးတကောင်၊ ထုတ်မပြောရဲလောက်စရာ ရာဇဝတ်မှုတွေ တသီကြီး ကျူးလွန်ထားတဲ့ အကြမ်းဖက် အစိုးရ၊ အရှေ့အလယ်ပိုင်းက ကသောင်းကနင်းတွေ ပြဿနာတွေ အားလုံးရဲ့ ဇစ်မြစ်၊ ယူအက်(စ်) လုံခြုံရေးအတွက် ခြိမ်းခြောက်မှု ဖြစ်လာတယ်။
ဒါဆို အတော်လေး ထူးခြားတဲ့ ဇာတ်ညွှန်းတခု ရပြီ။ အိမ်ဖြူတော်ထဲ ရောက်နေတဲ့လူ သိပ်ကြိုက်တဲ့ ရုပ်မြင်သံကြား ဒရမ်မာ ဇာတ်လမ်းမျိုးအတွက် အလွန် သင့်တော်တဲ့ ဇာတ်ညွှန်းတခု ဖြစ်လာလိမ့်မယ်။
သို့သော် တကယ့် လက်တွေ့မှာ ဒီလို ဒရမ်မာတွေနဲ့ အမှန်တရားကြား ဆက်ဆံရေးက သေးမျှင်လွန်းပါတယ်။ အဲဒီလို ဒရမ်မာတွေက အမှန်တရားကို ဦးစောက် ပြောင်းပြန်လှန်ထားတာက ခပ်များများ။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ကမ္ဘာတဝှမ်း စစ်ပွဲတွေ၊ ကသောင်းကနင်းဖြစ်မှုတွေ၊ သေဆုံးမှုနဲ့ ဖျက်စီးမှုတွေအတွက် အဓိကအကျဆုံး လက်သည်တရားခံ အစိုးရကို လက်ညှိုးထိုးပြပါဆိုရင် အမေရိကန် ပြည်ထောင်စုကို တည့်တည့်ကြီး ထိုးပြရလိမ့်မယ်၊ အီရန် မဟုတ်ဘူး။
ဒီလို ပြောလို့ ထဲရန်းက မူလာ အစိုးရ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို မျက်ကွယ်ပြုလိုစိတ် အလျဉ်း မရှိပါဘူး။ သို့သော် ယူအက်(စ်) နယ်ချဲ့စနစ် ကျူးလွန်ထားတဲ့ လူအမြောက်အမြား သေကြေစေသော အကြမ်းဖက်မှုတွေ၊ တရားမဲ့ စစ်ပွဲတွေနဲ့ ရန်စတိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ ဖျက်စီးမှုတွေနဲ့ နှိုင်းယှဉ်ရင် အီရန် အစိုးရရဲ့ ရာဇဝတ်မှုတွေက မထင်မရှား ဖြစ်သွားလောက်အောင် သေးကျုံ့သွားတယ်။
အရှေ့အလယ်ပိုင်း ဒေသကြီးမှာ ကသောင်းကနင်း ဖြစ်ရပ်တွေ၊ အကြမ်းဖက် လုပ်ရပ်တွေနဲ့ စစ်ပွဲ အများစုကို ဖြစ်စေခဲ့တဲ့ အဓိက လက်သည်ကို ရှာမယ်ဆိုရင် အပြစ်သား တရားခံဟာ အမေရိကရဲ့ အဓိက မဟာမိတ်လဲဖြစ်၊ ဒေသတွင်း ပရောက်စီလဲဖြစ်တဲ့ အစ္စရေးပဲ။
ဝါရှင်တန်က အစ္စရေး အစိုးရကို အရှေ့အလယ်ပိုင်း ဒေသမှာ နှစ်ပေါင်းများစွာ စိတ်ကြိုက် ကျူးကျော် နယ်ချဲ့ခွင့် အပြည့် ပေးထားခဲ့တယ်။
အစ္စရေး အစိုးရကို လက်နက်မျိုးစုံ တပ်ဆင်ပေးထားပြီး စီးပွားရေးကိုလဲ ကျားကန်ပံ့ပိုးပေးထားတယ်၊ ဒါ့ကြောင့် အစ္စရေး နိုင်ငံတော်ဟာ ကျူးကျော်ရေး ရည်မှန်းချက်တွေကို နောက်ဆံမတင်းဘဲ အပြည့်အဝ လုပ်ခွင့်ရနေခြင်း ဖြစ်တယ်။
ဂါဇာ ပြည်သူတွေအပေါ် အစ္စရေး ကျူးလွန်ထားတဲ့ ဂျန်နိုဆိုက် စစ်ပွဲနဲ့ အနောက် ကမ်းပါးက ပါလက်စတိုင်းတွေအပေါ် အစ္စရေးရဲ့ စက်ဆုပ်ဖွယ် ဖိနှိပ်မှုတွေကို ဘေးဖယ်ထားမယ်ဆိုရင်တောင် အစ္စရေးဟာ အိမ်နီးချင်း တိုင်းပြည်တွေအပေါ် တမင်ရန်စ ကျူးကျော်စစ်တွေ မပြတ်လုပ်ခဲ့တာ တွေ့ရမယ်။ အဲဒီလို အစ္စရေး ကျူးကျော်စစ် ဆင်နွှဲနေတဲ့အထဲမှာ လက်ဘနွန်၊ ဆီးရီးယား၊ ယီမင်၊ အီရတ်နဲ့ နောက်ဆုံး ဆိုပေမဲ့ အရေးသိပ်ကြီးတဲ့ အီရန်တို့ ပါဝင်တယ်။
အမေရိကန်နဲ့ လက်တွဲဖော် ရာဇဝတ်သား အစ္စရေးတို့ အီရန်ကို ကျူးကျော် တိုက်ခိုက်လိုက်တဲ့ ဒီစစ်ပွဲဟာ စစ်ဘီလူး ဘန်ဂျမင် နတန်ညာဟုရဲ့ ရန်စ ကျူးကျော်ရေး ပေါ်လစီတွေကနေ တိုက်ရိုက် ထွက်ပေါ်လာတဲ့ အဆက်ပဲ။ နတန်ညာဟုဟာ အစ္စရေး ပြည်တွင်းက ပြည်သူတွေရဲ့ ကြီးမားတဲ့ မကျေနပ်ချက်ကို ရင်ဆိုင်နေရသူ ဖြစ်တယ်၊ ဒီအခြေအနေကို ထိန်းသိမ်းဖို့ အသည်းအသန် ကြိုးစားနေရတဲ့ စစ်ဘီလူး တယောက်လဲ ဖြစ်တယ်။
အီရန်ကို စစ်ကြေညာဖို့ နတန်ညာဟုက ထရမ့်ကို ဖိအားပေးတာမျိုး သေချာပေါက် ရှိခဲ့လိမ့်မယ်။ ဒေါ်နယ်ထရမ့်အနေနဲ့ ရန်လိုတဲ့ စကားတွေ ဘယ်လိုပဲ ပြောနေပါစေ၊ အီရန်က ယူအက်(စ်)အဖို့ ဘာအန္တရာယ်မှ မရှိဘူး ဆိုတာ အများပြည်သူ သိပြီးသား ကိစ္စပဲ။
အမှန်တော့ လက်ရှိ အီရန်ဟာ အစ္စရေးအတွက်လဲ ဘာလက်ငင်း အန္တရာယ်မှ မရှိဘူး၊ အရှေ့အလယ်ပိုင်းက ဘယ်တိုင်းပြည်ကိုမှ ရန်ပြုနေခြင်း မရှိဘူး။ အီရန်ဟာ စစ်မီးမွှေးလိုတဲ့ အကြမ်းဖက် လုပ်ကြံရေး အစိုးရ ဖြစ်ဖို့ ဝေးစွ၊ စစ်ပွဲကို ရှောင်ရှားပြီး ယူအက်(စ်)နဲ့ ငြိမ်းချမ်းရေး လုပ်ဖို့သာ အစွမ်းကုန် အားထုတ်ခဲ့တယ်။ လက်ရှိ စစ်ပွဲရဲ့ အကြောင်းတရားတွေကို ထဲရန်းမှာ ရှာရမှာ မဟုတ်ဘူး၊ ဝါရှင်တန်နဲ့ ဂျေရုဆလင်မှာ ရှာရမယ်။
အမေရိကရဲ့ စစ်ပွဲ ရည်မှန်းချက်က ဘာတွေလဲ
ဘယ်စစ်ပွဲမှာမဆို စစ်တိုက်နေတဲ့ ပါဝါတွေမှာ စဉ်းစားချက် နှစ်ခု အခိုင်အမာ ရှိရမယ် – ဒီစစ်ပွဲမှာ သူတို့ရဲ့ ရည်မှန်းချက်တွေက ဘာလဲ၊ သူတို့ မျှော်မှန်းထားတဲ့ နောက်ဆုံး ရလဒ်က ဘာလဲ။
အဲဒီလို ရှင်းလင်းတဲ့ ရည်မှန်းချက်တွေ မရှိဘူးဆိုရင် အဆုံးမရှိတဲ့ နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေ၊ ပဋိပက္ခတွေနဲ့ နောက်ဆုံးမှာ အရေးနိမ့်တဲ့အထိ ဖြစ်သွားနိုင်တယ်။
ဒေါ်နယ်ထရမ့်ကတော့ လမ်းပေါ်မှာ ဦးတည်ရာမဲ့ သိုင်းကွက်နင်း လျှောက်သွားနေတဲ့ အမူးသမားတယောက်လို ဒီစစ်ပွဲထဲ ဒယိမ်းဒယိုင်နဲ့ ဝင်ရောက်လာပုံရတယ်။ သူ ဘယ်ကို သွားနေမှန်း ရှင်းရှင်းလင်းလင်း သိပုံ မရဘူး။
ဒီပုဂ္ဂိုလ်ရဲ့ လုပ်နည်းလုပ်ဟန်က စိတ်လိုက်မာန်ပါ ထလုပ်တတ်တဲ့ နည်းပဲ ဖြစ်မယ်။ သို့သော် စစ်ပွဲ ဖြစ်လာရင် ဒီလို လုပ်ဟန်က ကောင်းကျိုးမပေးဘူး။
စစ်အင်အား အလုံးအရင်း အသုံးပြုလိုက်ရင် လိုချင်တဲ့ ရလဒ်ကို အချိန်တိုအတွင်း ပြီးမြောက်နိုင်တယ်လို့ သူ ထင်နေပုံပဲ။ ရေရှည် စစ်မခင်းရအောင် နည်းမျိုးစုံသုံးပြီး သူ ရှောင်ကွင်းပါလိမ့်မယ်၊ သူ ဘာ့ကြောင့် ရှောင်ကွင်းချင်သလဲ ဆိုတဲ့ အကြောင်းတရားတွေကို နောက်ပိုင်းမှာ ကျနော်တို့ ဆွေးနွေးသွားပါမယ်။
ဒါပေမဲ့ အဓိက ရည်မှန်းချက်က ဘာဖြစ်မလဲ။ ဒီအချက်ကို ဘယ်တုန်းကမှ ရှင်းရှင်းလင်းလင်း မပြောခဲ့ဘူး။ တိတိကျကျ ပြောရရင် ရည်မှန်းချက်တွေ တခုပြီး တခု ပြောင်းနေခဲ့တယ်။
မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အီရန် အစိုးရ ဆန့်ကျင်ရေး လူထု ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိပ်ကွပ်တာတွေ လုပ်လာရင် စစ်ရေးနည်းနဲ့ အရေးယူသွားမယ်လို့ ဒေါ်နယ်ထရမ့် ခြိမ်းခြောက်ခဲ့တယ်။
ကြိုတင်ခန့်မှန်းထားသလိုပဲ အကြမ်းဖက် နှိပ်ကွပ်မှုတွေ ဖြစ်ခဲ့တယ်၊ ဆန္ဒပြ ပြည်သူတွေ အမြောက်အမြား အသတ်ခံခဲ့ရတယ်။ ဒေါ်နယ်ထရမ့် ပြောတဲ့ ကိန်းဂဏန်းတွေက ဖောင်းပွနေတာ သေချာတယ်၊ တကယ် အသတ်ခံခဲ့ရတဲ့ အရေအတွက် အမှန်ကို သူလဲ မသိသလို တခြား ဘယ်သူမှ အတိအကျ မပြောနိုင်ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် အခု အီရန်ကို ယူအက်(စ်)က စစ်ခင်းနေတာဟာ ဒီနှိပ်ကွပ်မှုတွေနဲ့ ဘာမှ မဆိုင်ဘူး၊ ဆန္ဒပြပွဲတွေ ဖြစ်နေတုန်းကရော၊ ဖြစ်ပြီးတဲ့ နောက်ရက်ပိုင်းတွေမှာပါ ဒေါ်နယ်ထရမ့်ဘက်က ဘာလှုပ်ရှားမှုမှ မရှိခဲ့ဘူး။ အခုဆို ဆန္ဒပြပြည်သူတွေ အသတ်ခံရတဲ့ ကိစ္စတခုလုံးကို သူတို့ လွှတ်ချလိုက်ပြီ၊ စကားထဲတောင် ထည့်မပြောသလောက်ပဲ။
ဆန္ဒပြ ပြည်သူတွေရဲ့ ကြမ္မာဟာ အမေရိကန် သမ္မတရဲ့ ဦးစားပေး စာရင်းမှာ မရှိဘူး ဆိုတာ ထင်ရှားပါတယ်။ အခုဆိုရင် ဆန္ဒပြ ပြည်သူတွေ လမ်းပေါ်မထွက်ဘဲ အိမ်ထဲ နေဖို့ သူပြောနေပြီ၊ မနေလို့ အပြင်ထွက်လာရင် သူတို့ အသတ်ခံရမယ်၊ အီရန် အစိုးရက သတ်မှာ မဟုတ်ဘူး၊ သူတို့ကို ကယ်ဆယ်ဖို့ လွှတ်လိုက်တဲ့ အမေရိကန် ဗုံးတွေကြောင့် သေကုန်မှာ။
သူတို့ပြောတဲ့ တခြား ရည်မှန်းချက်တွေကတော့ အီရန်ရဲ့ တာဝေးပစ် ဒုံးတွေကို ရှင်းပစ်ဖို့ပဲ။ မကြာသေးတဲ့ နှစ်အပိုင်းအခြားအတွင်း အီရန်ဟာ တာဝေးပစ် ဒုံးတွေ သိသိသာသာ စုဆောင်းထားခဲ့တယ်။
စေ့စပ်ရေး ကာလတလျှောက် ဒီလို တောင်းဆိုချက်မျိုး အီရန်ဘက်က လက်သင့်ခံစရာ အကြောင်းမရှိဘူး၊ ဒီတောင်းဆိုချက်ကိုသာ လိုက်လျောလိုက်ရင် အစ္စရေးရဲ့ ရန်လို တိုက်ခိုက်မှုတွေရှေ့ လည်စင်းခံရုံပဲ ရှိတော့မယ်။ သူတို့ တောင်းဆိုချက်က အီရန်တွေကို ဆူဆိုက်(ဒ်)လုပ်ခိုင်းတဲ့ သဘောပဲ။
ဒီအချက်ကို အီရန်ဘက်က ဘယ်တော့မှ မလိုက်လျောနိုင်သလို အမေရိကန်နဲ့ အစ္စရေးဘက်ကလဲ အီရန်ကို စစ်ရေးနည်းနဲ့ ဖျက်စီးပစ်ဖို့ ဘယ်တော့မှ မလုပ်နိုင်ဘူး။ ဒီတော့ ဒီရည်မှန်းချက်ဟာ လက်တွေ့ ဖြစ်နိုင်တဲ့ စစ်ပွဲ ရည်မှန်းချက် မဟုတ်ဘူး။
အီရန်အနေနဲ့ ဒေသတွင်း သူ့မဟာမိတ်တွေကို ထောက်ပံ့နေတာတွေ ဖြတ်တောက်ပစ်ရမယ် ဆိုတဲ့ တောင်းဆိုချက်ကလဲ ဒီသဘောပဲ။ အီရန်ရဲ့ မဟာမိတ်တွေ ဆိုတာ ဂါဇာက ဟမား(စ်)၊ လက်ဘနွန်က ဟစ်(ဇ်)ဘိုလာနဲ့ ယီမင်က ဟူသီတို့ကို ရည်ညွှန်းခြင်း ဖြစ်တယ်။ အီရန်ဘက်က ဒီမဟာမိတ်တွေရဲ့ အကူအညီကို အရေးတကြီး လိုအပ်နေချိန်မှာ ဒေသတွင်းက မဟာမိတ်တွေကို စွန့်ပစ်ဖို့ သူတို့ တောင်းဆိုနေတာပဲ။ ဒီတော့ ဒီတောင်းဆိုချက်လဲ အလိုလို ပယ်ပြီးသား ဖြစ်သွားတယ်။
အီရန်က သူ့နျူကလီယာ ပရိုဂရမ် တခုလုံးကို စွန့်ပစ်ရမယ်လို့ တောင်းဆိုနေတာလဲ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။
အချုပ်အခြာ အာဏာပိုင် ဘယ်လို နိုင်ငံက အဲဒီလို တောင်းဆိုချက်မျိုးကို လက်သင့်ခံမှာလဲ။ ဒီတောင်းဆိုချက်ဟာ နိုင်ငံတခုရဲ့ အခြေခံအကျဆုံး အခွင့်အရေးတွေကို ငြင်းပယ်ရာ ရောက်သွားပြီ။
ဒီတော့ နောက်ဆုံး သတ္တုချလိုက်ရင် တိကျပြတ်သားတဲ့ ရည်မှန်းချက် တခုပဲ ကျန်တော့တယ်။ အခုတော့ ဒီရည်မှန်းချက်ကို အမေရိကန် သမ္မတကိုယ်တိုင် ဗြောင်ဝန်ခံထားပြီး ဖြစ်ပါတယ် –
ယူအက်(စ်)ရဲ့ အဓိက (အမှန်တော့ တခုတည်းသော) စစ်ပွဲ ရည်မှန်းချက်က အီရန်မှာ မင်းပြောင်းမင်းလွှဲ လုပ်ဖို့ပဲ။
တကယ်တော့ အီရန် အစိုးရကို ဖြိုချရေးဟာ တလျှောက်လုံး သူတို့ ကိုင်စွဲလာတဲ့ ရည်ရွယ်ချက် အမှန်ပဲ။ အစ္စရေးနဲ့ အမေရိကန် နယ်ချဲ့ အာဏာပိုင် အဝန်းအဝိုင်းက ဒီလို ဖြိုချဖို့ ကြံနေတာ ကြာခဲ့ပြီ။
ပြီးခဲ့တဲ့ ၁၂ ရက်ကြာ စစ်ပွဲတုန်းက အစ္စရေးရဲ့ ကနဦး တိုက်ခိုက်မှုတွေဟာ ထဲရန်းက အစိုးရကို ခေါင်ပိုင်း ပစ်ချတဲ့ နည်းနဲ့ ဖျက်စီးပစ်ဖို့ ကြိုးပမ်းတဲ့ သဘောပဲ။ ထင်ရှားတဲ့ အီရန် စစ်တပ် အကြီးအကဲ တော်တော်များများကို သူတို့ သတ်ပစ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အစိုးရ ခေါင်ပိုင်းကို ဖြတ်ပစ်ရေး ရည်မှန်းချက်ကတော့ လုံးဝ မအောင်မြင်ခဲ့ပါဘူး။
အီရန် အစိုးရက တောင့်ခံနိုင်ခဲ့တယ်၊ ဒါ့အပြင် ဒုံးကျည် ထိုးစစ် ပြန်ဆင်ပြီး အစ္စရေးကို အကျပ်ဆိုက်သွားစေခဲ့တယ်။ ဒါ့ကြောင့်ပဲ အဲဒီအချိန်မှာ စစ်ရပ်စဲဖို့ ဒေါ်နယ် ထရမ့် ဆုံးဖြတ်ခဲ့တာပဲ။
အခုလဲ သမိုင်းတကျော့ ပြန်လည်လာပြီ ထင်ရတယ်။ ဒါပေမဲ့ ဒီတချီ အခြေအနေတွေက အရင်နဲ့ မတူဘူး၊ လုံးဝ ခြားနားသွားပြီ။ ဒီတော့ အဆုံးသတ် ရလဒ်ကလဲ အရင် တချီနဲ့ ကွဲပြားသွားနိုင်တယ်။
အီရန် ခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း
ဂြိုဟ်တု ဓာတ်ပုံ မှတ်တမ်းတွေအရ အီရန်ရဲ့ အမြင့်ဆုံး ခေါင်းဆောင် အလီ ခါမေနီ နေထိုင်တဲ့ အဆောက်အဦလဲ အလုံးစုံ ဖျက်စီးခံထားရပုံရတယ်။ ဒီစာကို ရေးနေချိန်မှာတော့ အဲဒီ ခြံဝန်းထဲ ခါမေနီ ရှိနေခဲ့သလား ဆိုတာ အတိအကျ မသိရပါဘူး။ အစ္စရေးနဲ့ အမေရိကန်တို့ဟာ အီရန် အစိုးရရဲ့ ထိပ်သီး ခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကတော့ သေချာတယ်။
(မြန်မာပြန်သူ၏ မှတ်ချက်။ ။ မူရင်းဆောင်းပါးကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က marxist.com မှာ ဖော်ပြထားခြင်း ဖြစ်ပါတယ်။ အဲဒီတုန်းက ခါမေနီ သေဆုံးကြောင်း သတင်းတွေ ထွက်မလာသေးပါဘူး)။
ဒီအတောအတွင်းမှာပဲ အစ္စရေး အစိုးရဘက်ကတော့ အီရန် IRGC တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် Mohammad Pakpour ကို ဒီမနက် လေကြောင်း တိုက်ခိုက်မှုတွေမှာ ရှင်းပစ်လိုက်နိုင်ပြီလို့ ထုတ်ပြောထားပါတယ်။ သူနဲ့အတူ အီရန် ထောက်လှမ်းရေး အကြီးအကဲနဲ့ ကာကွယ်ရေး ဝန်ကြီးတို့လဲ အသတ်ခံထားရပါတယ်။
သို့သော် ဖေဖော်ဝါရီ ၂၈ ရက် (ဒီစာကို ရေးနေချိန်မှာတော့) ဒီထုတ်ပြန်ချက်တွေကို အတည်ပြုနိုင်ခြင်း မရှိသေးဘူး။
တချိန်တည်းမှာပဲ အီရန်မှာ အရပ်သား ပြည်သူ ထိခိုက် သေဆုံးမှု စာရင်းတွေ တိုးပြီးရင်း တိုးလာနေတယ်။
အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အီရန် တောင်ပိုင်း Hormozgan ပြည်နယ် Minab မြို့က မိန်းကလေး စာသင်ကျောင်းက ကျောင်းသူ ၈၀ ကျော် သေဆုံးသွားခဲ့ရတယ်။ အခုလို ထိခိုက် သေဆုံးမှု စာရင်းတွေ များပြားလာတာနဲ့အမျှ အီရန် ပြည်သူတွေရဲ့ နာကျည်း ဒေါသစိတ်တွေ တိုးပွားလာဖို့သာ ရှိပါတယ်။
အခုလို အီရန်ဘက်မှာ ထိခိုက် သေဆုံးမှုတွေ များလာတဲ့ အချက်ကြောင့် အမေရိကန် တိုက်ခိုက်မှုက မကြာခင် မင်းပြောင်းမင်းလွှဲ ဖြစ်သွားစေလိမ့်မယ်လို့ ယူဆရင် လွဲလိမ့်မယ်။ အီရန် ပြည်သူ အများစုကြီးက အီရန် အစိုးရကို မုန်းတီးတာ အမှန်ပဲ၊ သို့သော် ယူအက်(စ်) နယ်ချဲ့နဲ့ အစ္စရေးအပေါ် သူတို့ရဲ့ မုန်းတီးမှုက အဆမတန် ပိုကြီးမားပါတယ်။
ဒီတော့ အစ္စရေး ယူအက်(စ်) နယ်ချဲ့တွေကို သူတို့ဘဝ လွတ်မြောက်စေသူတွေအဖြစ် သဘောထားနိုင်မှာ မဟုတ်ဘူး။ အဲဒီလို မြင်စရာ အကြောင်းလဲ မရှိပါဘူး။
အီရန်ဘက်က တုံ့ပြန်မှု
အီရန် လွှတ်တော်ရဲ့ အမျိုးသား လုံခြုံရေး ကော်မရှင် ဥက္ကဌ Ebrahim Azizi ကတော့ “စိစိညက်ညက် ဖြစ်သွားအောင်” (“crushing” response) အီရန်ဘက်က လက်တုံ့ပြန်သွားမယ်လို့ သတိပေးထားတယ်။ “ငါတို့ သတိပေးထားပြီးသား။ ဘယ်သောင် ဘယ်ကမ်း ဆိုက်မလဲ မရေရာတဲ့ လမ်းကြောင်းအတိုင်း မင်းတို့ လျှောဆင်းသွားကြပြီ” လို့ သူက ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့တယ်။
အမေရိကန်နဲ့ အစ္စရေးတို့ဘက်က တိုက်ခိုက်မှုတွေ စတင်ပြီး တနာရီမကြာခင်မှာပဲ အီရန်ဘက်က ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်လိုက်တယ်။ အစ္စရေး လေကြောင်း ကာကွယ်ရေး စနစ်က လာသမျှ ဒုံးတွေ ပစ်ချနေပေမဲ့ တဲလ်အဗီး၊ ဂျေရုဆလင်နဲ့ ဟိုင်ဖာတို့ အပါအဝင် အစ္စရေး နိုင်ငံတဝှမ်း ပေါက်ကွဲသံတွေ ဆူညံသွားခဲ့တယ်။
အီရန်ဘက်က ယူအက်(စ်) စစ်အခြေစိုက် စခန်းတွေကို ဒုံးတွေနဲ့ လှမ်းထုခဲ့တယ်လို့ အစီရင်ခံစာတွေ တက်လာတယ်။ ဒီဒေသကြီး တခုလုံးမှာ ယူအက်(စ်) စစ်အခြေစိုက် စခန်းတွေက နေရာ အနှံ့ပဲ။ ကာတာ နိုင်ငံမှာရှိတဲ့ Al-Udeid လေတပ်စခန်း၊ ကူဝိတ်နိုင်ငံက Al-Salem လေတပ်စခန်း၊ ယူအေအီး နိုင်ငံက Al-Dhafra လေတပ်စခန်း၊ ဘာရိန်း နိုင်ငံက US Fifth Fleet ဌာနချုပ်တို့ တိုက်ခိုက်ခံလိုက်ရတယ်။ ဆော်ဒီအာရေးဘီယ နိုင်ငံက Riyadh မှာလဲ ပေါက်ကွဲသံတွေ ကြားခဲ့ရသေးတယ်။
ယီမင်က ဟူသီ အဖွဲ့ကလဲ မကြာခင်မှာ အစ္စရေးကို ဒုံးစစ်ဆင်ရေး ပြန်စတင်ဖို့ ရှိကြောင်း ကြေညာထားတယ်။ ဒီအချိန်မှာပဲ အီရန်ဘက်က ရပ်တည်တဲ့ အီရတ် အခြေစိုက် လက်နက်ကိုင် အဖွဲ့တခုကလဲ “အမေရိကန် စစ်အခြေစိုက် စခန်းတွေကို မကြာခင်မှာ လက်တုံ့ပြန် တိုက်ခိုက်သွားမယ်” လို့ ဆိုထားပါတယ်။
အရာမဝင်တော့တဲ့ ဥရောပ
ကမ္ဘာ့ အရေးမှာ ဥရောပ အရာ မရောက်တော့ဘူးဆိုတာ ဒီဖြစ်ရပ်တွေက မီးမောင်းထိုးပြနေတယ်။ အမေရိကန်ရဲ့ စစ်ရေး စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဥရောပ ခေါင်းဆောင်တွေကို တိုင်ပင်နှီးနှောခြင်း မရှိသလို ကြိုတင် အသိပေးခြင်းလဲ လုံးဝ မရှိခဲ့ဘူး။ Von der Leyen က အခုလို ညည်းညည်းညူညူ ပြောရှာတယ် –
“အီရန်မှာ ဖြစ်ပျက်နေတာတွေက အလွန် စိုးရိမ်စရာကောင်းပါတယ်။ ဒေသတွင်းက မိတ်ဖက်တွေနဲ့ ကျနော်တို့ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံလျက် ရှိပါတယ်။ ဒေသတွင်း တည်ငြိမ်မှုနဲ့ လုံခြုံမှု ရရှိရေးကို ကျနော်တို့ ဦးလည်မသုန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း အတည်ပြု ပြောကြားလိုပါတယ်။ နျူကလီယာ ဘေးကင်း လုံခြုံရေး အာမခံချက်ရှိရေး၊ ပဋိပက္ခ အရှိန်မြှင့်တက်မသွားအောင် ကာကွယ်ရေး (သို့မဟုတ်) နျူကလီယာ လက်နက်တွေ တိုးချဲ့တပ်ဆင်ခြင်း မပြုဖို့ ကတိကဝတ်ပြုထားတဲ့ ကမ္ဘာ့စနစ် ယိုင်နဲ့မသွားအောင် ကာကွယ် တားဆီးရေးဟာ အလွန် အရေးကြီးပါတယ်။ ဘက်အသီးသီးက အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့၊ နိုင်ငံတကာ ဥပဒေကို အပြည့်အဝ လေးစားကြဖို့ ကျနော်တို့ တိုက်တွန်းပါတယ်”။
ဗလာချည် အနှစ်မဲ့ စကားတွေချည်း အံထုတ်ထားတာ သက်သက်ပဲ။ ဘာအဓိပ္ပါယ်မှ မရှိဘူး။
သို့သော်လဲ ဥရောပ ခေါင်းဆောင်တွေ နှုတ်ဆိတ်နေချိန် အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း၊ အကျပ်အတည်းကို သံတမန်ရေးနည်းနဲ့ ဖြေရှင်းသင့်ကြောင်း နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးက ထပြောလိုက်တယ်။
ဒီအရေးအခင်းကို ဘယ်လို တုံ့ပြန်ရမလဲ မသိလောက်အောင် ဥရောပ ခေါင်းဆောင်တွေ ဝါးအစည်းပြေသလို ဖြစ်နေကြောင်း လန်ဒန်က ထွက်လာတဲ့ ဝိရောဓိ ထုတ်ပြန်ချက်တွေက မီးမောင်းထိုးပြနေတယ်။
“ကျယ်ပြန့်တဲ့ ဒေသတွင်း ပဋိပက္ခကြီးအဖြစ် စစ်အရှိန်တက်သွားမှာကို ကျနော်တို့ အလို မရှိဘူး” လို့ နာမည် ထုတ်မပြောတဲ့ ဗြိတိန် အစိုးရ ပြောရေးဆိုခွင့် တဦးက ကနဦး ထုတ်ပြန်ချက်မှာ ဆိုထားတယ်။
သို့သော် နောက်ပိုင်း ထုတ်ပြန်ချက်မှာ ဝန်ကြီးချုပ် စတားမားက အရှေ့အလယ်ပိုင်း ဒေသကို စစ်လေယာဉ်တွေ လွှတ်ပေးမယ်လို့ စကားဦးသန်းထားတယ်၊ (ဘာရည်ရွယ်ချက်နဲ့ လွှတ်ပေးမှာလဲ ဆိုတာတော့ ပြောရခက်သား)။
မည်သို့ပင်ဆိုစေ၊ ဒီကနေ့ ဥရောပ ခေါင်းဆောင်တွေ ဘာပြောသလဲ ဆိုတာကို ဘယ်သူမှ အထူးတလည် အာရုံစိုက် နားထောင်မနေဘူး။
အခု ဘယ်လို ရှိသလဲ
စစ်ပွဲဆိုတာ အရှုပ်ထွေးဆုံး ပုစ္ဆာလို့ နပိုလီယံ ပြောခဲ့ဖူးတယ်။ ဘယ်စစ်ပွဲမဆို အဆုံးသတ် ရလဒ်ကို ကြိုခန့်မှန်းဖို့ ခက်ခဲပါတယ်။ အကြောင်းကတော့ စစ်ပွဲတခုမှာ မသိကိန်းတွေ အမြောက်အမြား ရှိနေလို့ပဲ။ အဲဒီ မသိကိန်းအကြောင်းအချက်တွေကို ကြိုသိဖို့ မဖြစ်နိုင်သလောက်ပဲ၊ ဒါမှမဟုတ် သိဖို့ အလွန် ခက်ပါတယ်။ 
လက်ရှိ စစ်ပွဲကလဲ ခြွင်းချက် မဟုတ်ပါဘူး။ အမှန်တကယ် ရှိနေတဲ့ အင်အား ချိန်ခွင်လျှာပေါ် မူတည်ပြီး ရလဒ် အမျိုးမျိုး ထွက်သွားနိုင်တယ်။ အင်အား ချိန်ခွင်လျှာ ဘယ်လို ရှိမလဲ ဆိုတာ စစ်ပွဲ ကာလမှာ အထင်အရှား ထွက်ပေါ်လာလိမ့်မယ်။
ဒီရလဒ်တွေဟာ စစ်ပွဲထဲ ပါဝင်နေသော အင်အားစုတွေရဲ့ အတ္တဘာဝ ရည်ရွယ်ချက်တွေနဲ့ ထပ်တူ ဖြစ်လာမှာ မဟုတ်ဘူး။ တကယ့် လက်တွေ့မှာ ဒီနှစ်ခုက ဆန့်ကျင်ဖက် ဖြစ်သွားတာက ပိုများပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ ရည်ရွယ်ချက်က အီရန်မှာ မင်းပြောင်းမင်းလွှဲ လုပ်ရေး ဖြစ်တယ်။ ဒါပေမဲ့ ဒါဟာ အပြောလွယ်ပေမဲ့ အလုပ် သိပ်ခက်ပါတယ်။ အခုဆိုရင် သူလဲ သဘောပေါက်လောက်ပါပြီ။ ဒီလို ရလဒ်မျိုး ထွက်လာဖို့ ဘာမှ မရေရာဘူး ဆိုတာ သူ့ဗိုလ်ချုပ်တွေက ထရမ့်ကို သတိပေးခဲ့ပြီးသားပဲ။
ပိုဆိုးတာက အချိန်တိုအတွင်း ဘယ်လိုမှ မဖြစ်နိုင်ကြောင်း သူ့ကို ပြောခဲ့ကြတယ်။ ဒါပေမဲ့ အမေရိကန်တွေမှာ သိပ်များများစားစား မရှိတာလဲ အချိန်ပဲ။
အမေရိကမှာ စီးပွားရေးနဲ့ စစ်ရေး အင်အားတွေ အကန့်အသတ်မဲ့ ပိုင်ဆိုင်ထားတယ်လို့ အနောက်မှာ ယုံကြည်ထားကြတယ်။ ဒါပေမဲ့ တကယ့် အချက်အလက်တွေကတော့ အဲသလို မပြောဘူး။ အဲဒီ ယုံကြည်မှုနဲ့ လုံးဝ ကွဲပြားတဲ့ ဇာတ်လမ်းကို ပြောနေတယ်။
ပြီးခဲ့တဲ့ နှစ်တွေတုန်းက စစ်ပွဲ အတော်များများမှာ တောက်လျှောက် ဝင်ပါခဲ့တဲ့ အကျိုးဆက်ကတော့ အခု အမေရိကမှာ လက်နက် ခဲယမ်းတွေ အတော် ပြုန်းတီးနေပြီ။ ရှားပါး ပြတ်လပ်နေတာတွေလဲ အတော်များသား၊ အထူးသဖြင့် Patriot လို လေကြောင်း ကာကွယ်ရေး ဒုံးတွေ အတော် ရှားပါးနေပြီ။
ယူကရိန်း စစ်ပွဲဟာ အမေရိကန်ရဲ့ ရင်းမြစ်တွေကို အတော် ခမ်းသွားစေခဲ့တယ်၊ ဘတ်ဂျတ်ရော စစ်ရေး ရင်းမြစ်တွေပါ အကြီးအကျယ် ယိုစီးသွားခဲ့တယ်။
အကျိုးဆက်ကတော့ အခုဆို ထင်ရှားနေပြီ။ တချို့သော ခန့်မှန်းချက်တွေအရ အမေရိကဟာ အီရန်နဲ့ စစ်ပွဲကို ၅ရက်ကနေ ၁၀ ရက်အထိပဲ တောင့်ခံနိုင်မယ်၊ ဒီထက် မပိုဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ Financial Times က ဆောင်းပါး တပုဒ် တင်ထားတယ်။ “Defensive munition shortages to shape attack on Iran” (ကာကွယ်ရေး လက်နက်တွေ ရှားပါးနေခြင်းက အီရန်နဲ့ စစ်ပွဲကို ပုံဖော်ပေးသွားလိမ့်မယ်) လို့ ဆောင်းပါး ခေါင်းစဉ် တပ်ထားပါတယ်။
“ယူအက်(စ်)နဲ့ အစ္စရေးတို့ဟာ ပြီးခဲ့တဲ့နှစ်က ၁၂ ရက်ကြာ စစ်ပွဲမှာ ဒုံးခွင်းဒုံးတွေကို စံချိန်တင် ဖြုန်းခဲ့ကြတယ်” လို့ ပြောရင်း ဆောင်းပါးကို ဖွင့်ထားပါတယ်။ ပြီးတော့ အခုလို ကောက်ချက်ဆွဲထားတယ် –
“အရာရှိတွေနဲ့ အကဲခတ်တွေရဲ့ သုံးသပ်ချက်အရ ယူအက်(စ်) တပ်ဖွဲ့တွေနဲ့ မဟာမိတ်တွေကို ထဲရန်းက ပစ်လွှတ်လိုက်တဲ့ ဒုံးတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးဖို့ မရှိမဖြစ် လိုအပ်တဲ့ ကာကွယ်ရေးသုံး စစ်လက်နက် ပစ္စည်းတွေ နည်းပါးနေခြင်းဟာ အီရန်အပေါ် ထိုးစစ်ကို ပုံသွင်းသွားလိမ့်မယ်”။
၁၂ ရက်ကြာ စစ်ပွဲတုန်းက အီရန်ဘက်က အစ္စရေးကို ဒုံးအစင်း ၅၀၀ ကျော် ပစ်လွှတ်ခဲ့တယ်။ ၃၅ စင်းလောက်က အစ္စရေးရဲ့ အလွှာ အထပ်ထပ် ရှိတဲ့ လေကြောင်း ကာကွယ်ရေးတွေကို ထိုးဖောက်သွားခဲ့တယ်။ ဒါဟာ Iron Dome လေကြောင်း ကာကွယ်ရေး ပရိုဂရမ်ကြီးကို စိတ်ချလက်ချ ပစ်ယုံထားဖို့ သင်ကြားခံထားရတဲ့ အစ္စရေးတွေအဖို့တော့ စိတ်ပိုင်းဆိုင်ရာ ရှော့ခ်အကြီးစားပဲ။
ပြီးတော့ အီရန်ဘက်မှာ ဒုံးတွေ ထောင်ပေါင်းများစွာ အရံသင့် ရှိနေပြီးသား။ ယူအက်(စ်)က လက်နက် ထုတ်လုပ်ရေး ကဏ္ဍမှာ ကြီးမားတဲ့ ပြဿနာတွေ ရင်ဆိုင်နေရတယ်။ ဒီတော့ အမေရိကန်နဲ့ အစ္စရေးက ပစ်ချဖို့ မတတ်နိုင်တော့အထိ အစ္စရေးကို ဒုံးမိုးရွာနိုင်လောက်အောင် သူတို့ လက်ထဲမှာ ဒုံး အများအပြား ရှိတယ်။
ဒါ့ကြောင့် ထရမ့်က ရက်တို စစ်ပွဲ ဆင်နွှဲဖို့ လောင်းကြေးထပ်နေတာပဲ။ ဒါမှ မနှစ်က လုပ်ခဲ့သလို မြန်မြန် ပွဲသိမ်းနိုင်မယ်လို့ သူ တွက်ထားတယ်။ ဒါပေမဲ့ ဒီတချီ အဲသလို လုပ်နိုင်မဲ့ အခြေအနေ သူ့ဘက်မှာ မရှိဘူး။
အခုဆိုရင် အကန့်အသတ်နဲ့ တိုက်ခိုက်ခြင်း “limited strike” လို့ သူပြောလာပြီ။ မနှစ်ကလိုပဲ အီရန်ဘက်က ထိန်းထိန်းသိမ်းသိမ်းနဲ့ တုံ့ပြန်လိမ့်မယ်လို့ သူ မျှော်လင့်နေပုံပဲ။
ဒါပေမဲ့ ဒီတချီတော့ အီရန်တွေဘက်က သတိပေးထားပြီးသား။ ထရမ့်အနေနဲ့ စစ်ပွဲကို စချင် စနိုင်တယ်၊ သို့သော် စစ်ပွဲ ဘယ်ချိန် အဆုံးသတ်မလဲ ဆိုတာတော့ သူ့ဘက်က ဆုံးဖြတ်လို့ မရဘူး။ ဒီဆုံးဖြတ်ချက်က အီရန်တွေ လက်ထဲမှာပဲ ရှိလိမ့်မယ်။ အိမ်ဖြူတော်ထဲ ထိုင်နေတဲ့ လူ ဖြစ်စေချင်သလို အီရန်တွေက မြန်မြန် ရပ်တန့်ပေးမှာ မဟုတ်ဘူး။ ဘာ့ကြောင့် အဲလို လုပ်ပေးရမှာလဲ။
အမေရိကနဲ့ အစ္စရေးဘက်မှာ ဒုံးတွေ ရှားပါးနေချိန် စစ်ပွဲ တာရှည်သွားမယ် ဆိုရင် သူတို့အဖို့ အကြီးအကျယ် အကျပ်ရိုက်ပြီ။
အနှေးနဲ့အမြန် ဆိုသလိုပဲ ထရမ့်တို့ နှာခေါင်း ကျည်ပွေ့တွေ့ပြီး မရှုမလှ နောက်ကြောင်းပြန်လှည့် သွားရလိမ့်မယ်။
ဒီလိုသာ ဖြစ်သွားရင် အမေရိကမှာ ထရမ့်ရဲ့ ဂုဏ်သိက္ခာလဲ ရစရာ မရှိတော့ဘူး။ သက်တမ်းဝက် ရွေးကောက်ပွဲတွေ နီးလာချိန် ဒီလို ရင်ဆိုင်ရမဲ့ အဖြစ်ကို ထရမ့် လေးလေးနက်နက် ထည့်စဉ်းစားရလိမ့်မယ်။
အခုဆိုရင် ထရမ့် ကျဉ်းထဲကျပ်ထဲ ရောက်နေပြီ။ သူ ဖော်ဆောင်တဲ့ စီးပွားရေး ပေါ်လစီတွေက လိုချင်တဲ့ ဘာရလဒ်မှ ထွက်မလာဘူး၊ ပြီးတော့ MAGA လှုပ်ရှားမှုအတွင်းမှာလဲ မကျေနပ်ချက်တွေ ဆူဝေလာပြီ။
ဒီလို အကျပ်ရိုက်နေလို့လဲ အရှေ့အလယ်ပိုင်း ဒေသမှာ အခုလို ကမူးရှူးထိုး စွန့်စားခန်း ဝင်လိုက်ပုံရတယ်။ ဘယ်တော့မှ သူ မလုပ်ဘူးလို့ ကတိကဝတ်ပြုထားတဲ့ အရာကို အခု ထလုပ်လိုက်တာပဲ။
လောင်းကစား ခုံမင်သူပီပီ ဒေါ်နယ်ထရမ့်က အီရန် စစ်ပွဲကို လွယ်လင့်တကူ မြန်မြန်ဆန်ဆန် အောင်ပွဲခံ ပွဲသိမ်းနိုင်လိမ့်မယ်လို့ လောင်းကြေးထပ်လိုက်ပုံပဲ။ အီရန် အစိုးရ ပြုတ်ကျပြီး ယူအက်(စ်) အလိုတော်ရိ အစိုးရ တရပ်ကို ထဲရန်း မြို့တော်မှာ တင်ထားနိုင်မယ်လို့ မျှော်လင့်ထားပုံရတယ်။
ဒါပေမဲ ချိုးကပ်နေတဲ့ လောင်းကစားသမားတွေ ကြုံရလေ့ရှိသလိုပဲ ပုံအောလောင်းတိုင်း ပြန်ရတာတော့ မဟုတ်ဘူး။ မရှုမလှ ရှုံးသွားတာက ခပ်များများ။
အရှေ့အလယ်ပိုင်းမှာ ရုပ်ပျက်ဆင်းပျက် စစ်ရှုံးသွားရင် ဒေါ်နယ်ထရမ့် ရည်မှန်းချက်တွေ အားလုံး အဆုံးသတ်သွားမယ်၊ အရှက်တကွဲ အကျိုးနည်းလောက်အောင် အရေးနိမ့်ခြင်းဆီ တဖြည်းဖြည်း ထိုးဆင်းသွားပြီး အိမ်ဖြူတော်က ဆင်းသွားရလိမ့်မယ်၊ အသရေတောင် ဆယ်လို့ ရမှာ မဟုတ်ဘူး။ ဒေါ်နယ်ထရမ့်အဖို့ အရေးကြီးတဲ့ အရာမှန်သမျှ ဆုံးရှုံးသွားလိမ့်မယ်။
ရလဒ် ဘာဖြစ်မလဲ
ဒီတော့ ဖြစ်နိုင်ချေ ဘာတွေ ရှိသလဲ။ ဒေါ်နယ်ထရမ့် တောင့်တနေတာနဲ့ စလိုက်ရအောင်။ ရက်တိုတိုနဲ့ စစ်ပွဲ အောင်ပွဲခံ၊ အီရန် အစိုးရ ပြုတ်ကျ၊ လူထု အုံကြွမှုဖြစ်ပြီး အီရန်မှာ အမေရိကန် အလိုတော်ရိ အစိုးရ တက်လာ။
ဒီလို ရလဒ်မျိုး ထွက်မလာပါဘူးလို့ သေချာပေါက် မပြောနိုင်ပေမဲ့ ဖြစ်မလာဖို့ များပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်ကတော့ အဲဒီလို ရလဒ်မျိုးကို ပယ်ထားပြီးသား။
တကယ်လို့ အမေရိကန်တွေက လက်ရှိ အစိုးရကို ဖြိုချလိုက်နိုင်ပြီဆိုရင် အကျိုးဆက်က သူတို့ လိုချင်တာ ဖြစ်လာမှာ မဟုတ်ဘူး။ မင်းပြောင်းမင်းလွှဲ လုပ်ဖို့ အမေရိကန်တွေ ကြိုးစားတိုင်း ပျက်ကပ်ဆိုက်ခဲ့တာချည်းပဲ၊ ဒါကို သတိရသင့်တယ်။ အီရတ်၊ ဆီးရီးယား နဲ့ လစ်ဗျား နမူနာတွေ စိတ်ထဲ ပေါ်လာတယ်။
အီရန်မှာ လက်ရှိ အစိုးရကို ဖြိုချလိုက်ရင် ကသောင်းကနင်း ဖြစ်သွားနိုင်ချေ အတော်များပါတယ်။ အီရန် လူ့အဖွဲ့အစည်းအတွင်း ကိန်းအောင်းနေတဲ့ ပဋိပက္ခတွေ ပေါက်ကွဲထွက်လာပြီး အကြမ်းဖက်မှုတွေ၊ အမျိုးသားရေးနဲ့ ဂိုဏ်းဂန ပဋိပက္ခတွေ ဒင်းကြမ်းပြည့်နေတဲ့ ခြောက်အိပ်မက်ကြီးကို ရင်ဆိုင်ရလိမ့်မယ်။ အမေရိကန် ဝင်မွှေလို့ တစစီ ဖြစ်ကုန်တဲ့ တိုင်းပြည်တွေမှာ ဘယ်လို အနိဋ္ဌာရုံတွေ ကြုံရမလဲဆိုတာ ကျနော်တို့ မြင်တွေ့ခဲ့ရပြီးပြီ။
ဒီတော့ အီရန်ပြင်ပ အရှေ့အလယ်ပိုင်း ဒေသကြီး တခုလုံးမှာ အလွန်ဆိုးရွားတဲ့ စစ်ပွဲတွေ၊ ကသောင်းကနင်းတွေ၊ အကျပ်အတည်းတွေ ဆက်ဖြစ်လာမယ်၊ လူထုအတွက် ဆယ်စုနှစ်ချီ ကြာမဲ့ အိပ်မက်ဆိုးကြီး ဖန်တီးပေးလိုက်မှာပဲ။
ဘယ်လိုမှ ကောင်းတဲ့ အလားအလာတော့ မဟုတ်ဘူး။
ဒုတိယ ဖြစ်နိုင်ချေကတော့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ထိခိုက်မှုတွေ၊ ဆုံးရှုံးမှုတွေ အကြီးအကျယ် ရင်ဆိုင်ရပေမဲ့ အီရန် အစိုးရက ကနဦး ထိုးစစ်ကို တောင့်ခံနိုင်သွားမယ်။ လေကြောင်း တိုက်ခိုက်မှုဟာ အလွန် အရေးပါတာ မှန်ပေမဲ့ စစ်ပွဲတခုမှာ အဆုံးအဖြတ်တော့ မဟုတ်ဘူး။
ရှင်းအောင် ပြောရရင် ယူအက်(စ်)နဲ့ အစ္စရေးဘက်က အောင်ပွဲ မြန်မြန် ရသွားမလား၊ ဒါမှမဟုတ် စစ်ပွဲ တာရှည်သွားရင် သူတို့တတွေ အကြီးအကျယ် အကျပ်ဆိုက်သွားမလား။
ဗီယက်နမ် စစ်ပွဲတုန်းက ဟင်နရီ ကစ်ဆင်းဂျား ပြောခဲ့ဖူးတာ ရှိတယ် – “ငါတို့ ရှုံးနေပြီ၊ အကြောင်းကတော့ ငါတို့ နိုင်မနေလို့ဘဲ။ သူတို့ (ဗီယက်နမ်တွေ) နိုင်နေပြီ၊ အကြောင်းကတော့ သူတို့ ရှုံးမနေလို့ဘဲ”။
ဒီငြင်းချက်က အီရန်မှာ ပိုပြီးတော့တောင် အသုံးတည့်သွားနိုင်တယ်။ အီရန် အစိုးရ လုပ်စရာဆိုလို့ ကြာကြာ တောင့်ခံပြီး အချိန်စောင့်နေရုံပဲ။ ဒီလို တောင့်ခံရင်း ယူအက်(စ်)ကို အပြင်းအထန် အထိနာစေမဲ့ ပစ်မှတ်တွေကို တောက်လျှောက် ထုနေရုံပဲ၊ အဲဒီ ပစ်မှတ်တွေကလဲ အီရန် လှမ်းထုနိုင်တဲ့ စက်ဝန်းအတွင်းမှာပဲ အကုန် ရှိနေတာ။ 
အထင်ရှားဆုံး ပစ်မှတ်ကတော့ ဟောမု(ဇ်) ရေလက်ကြားကို ပိတ်ချတာ ဖြစ်လိမ့်မယ်။ ဒီရေလက်ကြားဟာ ကမ္ဘာ့ ကုန်သွယ်ရေးမှာ အရေးကြီးဆုံး သွေးကြောတွေထဲက တခု ဖြစ်တယ်။ ဒီရေလက်ကြားကိုသာ ပိတ်ချလိုက်ရင် ကမ္ဘာ့ စီးပွားရေးလဲ အကြီးအကျယ် ထိခိုက်ပျက်စီးသွားမယ်။
နောက်ဆုံးမှာ ယူအက်(စ်)ဘက်က အရှုံးကို ဝန်ခံပြီး အပေးအယူ တခုခု လုပ်ဖို့ ကြိုးစားလာလိမ့်မယ်။
တကယ်တော့ အမေရိကန်နဲ့ အီရန်တို့ လျှို့ဝှက် ညှိနှိုင်းမှုတွေ လုပ်မနေဘူးလို့ မပြောနိုင်ဘူး။ ဒီထက် ပိုဆိုးတဲ့ အဖြစ်ကို ရောက်မသွားအောင် ကန့်လန့်ကာ နောက်ကွယ်မှာ သူတို့ချင်း စကားပြောချင် ပြောနေနိုင်တယ်။
လက်ရှိ အချိန်မှာတော့ ဒါဟာ ဖြစ်နိုင်ချေ မရှိသလောက်ပဲ။ အပြန်အလှန် စွပ်စွဲချက်တွေ၊ ပုံဖျက်မှုတွေ၊ စစ်ရေးအင်အား အလွန်အကျွံ တိုးမြှင့်ချထားမှုတွေ၊ အထူးသဖြင့် အိမ်ဖြူတော်ထဲ ထိုင်နေသူရဲ့ ခေါင်းမာမှုကြောင့် စစ်ရေးဟာ အရှိန် ပိုပြင်းထန်လာဖို့ပဲ များပါတယ်။
ဒါဟာ ဖြစ်နိုင်ချေ အများဆုံးပဲ။ သို့သော် နိုင်ငံတကာ လျှို့ဝှက် သံခင်းတမန်ခင်း အမှောင် ကမ္ဘာဆိုတာ တံခါး လော့ခ်ချပြီး လုပ်ကြစမြဲ။ တချို့သော အခြေအနေတွေကျရင် မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အပေးအယူတွေ ထွက်ချင်လဲ ထွက်လာနိုင်တယ်။
ဒီအပိုင်းကိုတော့ အဖွင့် မေးခွန်းအဖြစ် ချန်ထားခဲ့ပါမယ်၊ အကြောင်းကတော့ ရိုးရှင်းပါတယ်၊ စစ်ပွဲရဲ့ နောက်ဆုံး ရလဒ်ကို အတိအကျ ကြိုပြောဖို့ မဖြစ်နိုင်လို့ဘဲ။
စစ်ပွဲနဲ့ ပတ်သက်တဲ့ ကွန်မြူနစ်တွေရဲ့ သဘောထား
စစ်ပွဲနဲ့ ပတ်သက်တဲ့ ကွန်မြူနစ်တွေရဲ့ သဘောထားက အခိုင်အမာ ကိစ္စ ဖြစ်ပါတယ်။ ကိုယ်ကျင့်သီလရှုထောင့် ဒါမှမဟုတ် စိတ်ခံစားချက် ရှုထောင့်ကနေ စဉ်းစား ဆုံးဖြတ်တာမျိုး မလုပ်ဘူး။ ကမ္ဘာ့ အလုပ်သမား လူတန်းစား တော်လှန်ရေးရဲ့ ယေဘုယျ အကျိုးစီးပွားကပဲ စစ်ပွဲအပေါ် ကွန်မြူနစ်တွေရဲ့ သဘောထားကို အဆုံးအဖြတ်ပြုပါတယ်။
ကျနော်တို့ သဘောထားကို ဘယ်သူက စတိုက်သလဲ ဆိုတဲ့ သမားရိုးကျ မေးခွန်းတွေက အဆုံးအဖြတ် မပြုဘူး။ ခုခံစစ် တိုက်နေရတဲ့ တိုင်းပြည်တွေဟာ ထိုးစစ် စဆင်နွှဲဖို့ မလွှဲမရှောင်သာ ရွေးချယ်လိုက်ရတာတွေ ဒုနဲ့ဒေး ရှိပါတယ်။
သို့သော် ဒီတချက်ကိုတော့ ကျနော်တို့ အမြင် ရှင်းရမယ်။ ယူအက်(စ်)ဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး၊ အဖောက်ပြန်ဆုံး၊ တန်ပြန် တော်လှန်ရေး အင်အားစုကြီး ဖြစ်တယ်။
ဒီတန်ပြန် တော်လှန်ရေး ဘီလူးကြီးနဲ့ သူ့ပရောက်စီ အစ္စရေးတို့ကို ရှိသမျှ အင်အား အစွမ်းကုန်သုံးပြီး မဆုတ်မနစ် တိုက်ပွဲဆင်ရေးဟာ နိုင်ငံတကာဝါဒီတွေဖြစ်တဲ့ ကျနော်တို့ရဲ့ တာဝန်ပဲ။
တိုင်းပြည်တခုကို အကြောင်းမဲ့ ရန်လုပ် တိုက်ခိုက်တဲ့ ဥပမာ ပြပါဆိုရင် ဒီအရေးအခင်းကို သေချာပေါက် ထုတ်ပြရလိမ့်မယ်။
The Revolutionary Communist International က သူ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ဖော်ထုတ်ပြရမယ် –
ကျနော်တို့ဟာ အမေရိကန် နယ်ချဲ့နဲ့ ပရောက်စီ အစ္စရေးတို့ရဲ့ ရန်စ တိုက်ခိုက်မှုကို ဆန့်ကျင်ပြီး အီရန်ဘက်က ပြတ်ပြတ်သားသား ရပ်တည်တယ်။
ဒီလို ရပ်တည်တာဟာ ထဲရန်းက အစိုးရကို ထောက်ခံတာ မဟုတ်ဘူး။ သို့သော် ဒီအစိုးရကို ဖြုတ်ချရေးဟာ အီရန် လူထုရဲ့ အလုပ် ဖြစ်တယ်၊ အီရန် လူထုသာ စာရင်းရှင်းရမဲ့ အလုပ် ဖြစ်တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ဘယ်သောအခါမှ ယူအက်(စ်) နယ်ချဲ့ကို အားကိုးလို့ မရဘူး။
အထူးသဖြင့် ဖောက်ပြန်တဲ့ နယ်ချဲ့ စစ်ပွဲတွေကို ကျနော်တို့ ဆန့်ကျင်တယ်။ ရန်သူ အစစ်ကို ဆန့်ကျင်ပြီး သွေးစုပ်ခံ လူထု အားလုံး သွေးစည်းရေးဘက်က ကျနော်တို့ ရပ်တည်တယ်။ ရန်သူ အစစ်ဆိုတာ သရဲမရဲစီးနေတဲ့ နယ်ချဲ့စနစ်နဲ့ ယင်းနောက်ကွယ်က အရင်းရှင်စနစ်ပဲ။
မေဆန် မြန်မာပြန်သည်
Source: The war on Iran: where do communists stand? By Alan Woods, 28 February 2026
