ယူအက်(စ်)-အစ္စရေး နယ်ချဲ့စစ်ကို ဘာ့ကြောင့် ဆန့်ကျင်ရသလဲ

          “အမျိုးသမီးတွေက သူတို့ ဆံပင်တွေကို သေချာ ဖုံးမထားလို့ အမျိုးသမီးတွေကို သူတို့ ပစ်သတ်ကြတယ်။ ကျောင်းသား ကျောင်းသူတွေကို သူတို့ ပစ်သတ်ကြတယ်။ သူတို့ဟာ အရည်အချင်းရှိပြီး သတ္တိကောင်းတဲ့ အီရန် ပြည်သူတွေကို အသက်ဝဝ ရှူခွင့်မရအောင် လည်မြိုညှစ်ထားကြတယ်။ ဒီတချီ အုံကြွ လှုပ်ရှားဖို့ ဆုံးဖြတ်ချက်ဟာ အီရန် ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ပဲ”။ 

ဒီစကားလုံးတွေကို ဘယ်သူ ပြောခဲ့တယ်လို့ ထင်ပါသလဲ။ တချို့လဲ မှတ်မိချင် မှတ်မိကြလိမ့်မယ်။ အီရန်ကို အမြစ်ဖြတ် ချေမှုန်းရေး စစ်ဆင်နေတဲ့ နေတန်ညာဟုက ဒီစကားတွေ ပြောခဲ့တာလို့ သိရင် စာဖတ်သူများ အံ့ဩသွားမလား။ ၂၀၂၅ ဇွန်လ၊ ၁၂ ရက်ကြာ စစ်ပွဲအတွင်း နတန်ညာဟု ပြောခဲ့တာ ဖြစ်ပါတယ်။ ဂါဇာ ပြည်သူတွေကို မျိုးတုန်းသတ်ဖြတ်နေတဲ့ နတန်ညာဟုလို လူက လူ့အခွင့်အရေး ချန်ပီယံတယောက်လို ပြောလာတော့ လူတော်တော်များများ စက်ဆုပ်မိကြမှာ အမှန်ပဲ။

နတန်ညာဟုလို ဂျန်နိုဆိုက်(ဒ်) ကျူးလွန်နေတဲ့ အစိုးရအဖွဲ့ ခေါင်းဆောင်ရဲ့ စကားကို ဘယ်အီရန် ပြည်သူက နားယောင်မှာလဲ။ သူတို့ဟာ အီရန် ပြည်သူတွေကို အထင်သေးလွန်းတယ်။ အီရန်မှာ regime change လုပ်လိုတဲ့ ဒင်းတို့အကြံ အထမြောက်အောင် ဒီလို စက်ဆုပ်ဖွယ် ကြောင်သူတော် စကားတွေ ပြောမှန်း အီရန် ပြည်သူတွေ ကောင်းကောင်း သိတာပေါ့။ ဒါ့ကြောင့်လဲ သူဆော်ဩသလို ဘယ်သူမှ ထကြွ လှုပ်ရှားတာမျိုး မလုပ်ခဲ့ဘူး။ 

ဒီနေရာမှာ အရေးကြီးတဲ့ အချက်တခုကို အရင် ထောက်ပြပါရစေ။ လက်ရှိ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို နယ်ချဲ့စစ် ဆင်နွှဲနေတယ်။ ဒါနဲ့ ပတ်သက်လို့ အမေရိကန်-အစ္စရေး နယ်ချဲ့စစ်ကို ဆန့်ကျင်ကြောင်း ထုတ်ပြောလာရင် အတွေ့ရများတဲ့ ဆင်ခြေတခု ရှိတယ်။ “အီရန် အစိုးရက မကောင်းဆိုးဝါး အာဏာရှင်ကြီး၊ ဆန္ဒပြ ပြည်သူတွေကို သတ်ထားတာတင် ၃၀၀၀၀ လောက်ရှိတယ်။ ဒီလို အစိုးရ ပြုတ်ကျသွားရင် မကောင်းဘူးလား။ ဘယ်သူ ဝင်တိုက်တိုက် အီရန် ပြည်သူတွေကို ဒုက္ခပေးနေတဲ့ မကောင်းဆိုးဝါးကြီး သေသွားတာ မကောင်းဘူးလား”လို့ စောဒကတက်ကြတယ်။ 

အီရန် အစိုးရက မကောင်းဆိုးဝါး အာဏာရှင် ဆိုတာ ငြင်းစရာ မရှိပါဘူး။ အဲလိုပဲ ဆန္ဒပြ ပြည်သူတွေကို သတ်ဖြတ်ခဲ့တာလဲ အမှန်ပဲ။ သူတို့ ပြောသလို ၃၀၀၀၀ အထိ ရှိမရှိတော့ ပြောတဲ့သူတွေကိုယ်တိုင်လဲ verify မလုပ်နိုင်ပါဘူး။ ဒီကိန်းဂဏန်းနဲ့ ပတ်သက်လို့ မှတ်ချက်မပြုလိုသေးဘူး။ သူတို့ ပြောသလို လူ သုံးသောင်း သတ်ထားတယ်ပဲ ထားပါတော့။ အဲဒီလို အရပ်သား ပြည်သူတွေကို သတ်ထားလို့ အမေရိကန်က အီရန်ကို ဝင်တိုက်ရပါတယ် ဆိုရင် ဂါဇာ ပြည်သူတွေ သိန်းချီ သတ်ထားတဲ့ ဇိုင်ယင်နစ် အစ္စရေးကို အမေရိကန်က ဘာ့ကြောင့် စစ်မခင်းသလဲ။ 

အမေရိကန်က အစ္စရေးကို ဝင်မတိုက်ရုံသာမက အဲသလို ဂျန်နိုဆိုက်(ဒ်) စစ်ဆင်ရေးတွေ လုပ်နိုင်အောင် ဇိုင်ယင်နစ် နိုင်ငံတော်ကို နှစ်စဉ် ဘီလျံများစွာ ထုတ်ပေးတယ်၊ စစ်လက်နက်တွေ တပ်ဆင်ပေးထားတယ်၊ အစ္စရေးနဲ့အတူ အမေရိကန်က အီရန်ကို ဝင်တိုက်ပေးတယ်။ 

အဲလိုပဲ ဆူဒန်မှာ အရပ်သား ပြည်သူတွေ သိန်းချီ သတ်ဖြတ်ထားပြီး ဂျန်နိုဆိုက် လုပ်နေတဲ့ RSF ကို ဘယ်သူ ငွေကြေးထောက်ပံ့ခဲ့သလဲ၊ လက်နက်တပ်ဆင်ပေးထားသလဲ။ ယူကေ၊ ဥရောပ၊ ယူအေအီး၊ အစရှိတဲ့ နယ်ချဲ့ ပါဝါတွေ အကုန်ပါတယ်။ ဒီတော့ သူတို့ ပြောတဲ့ လော့ဂျစ်အရဆိုရင် အစ္စရေးနဲ့ ယူအေအီးတို့ကို ယူအက်(စ်)က ဘာ့ကြောင့် ဝင်မတိုက်သလဲလို့ မေးရလိမ့်မယ်။ 

အဖြေက ရှင်းပါတယ်။ အရပ်သား ပြည်သူတွေ အသတ်ခံရတာတွေ၊​ ဖိနှိပ်ခံရတာတွေကို ဘယ်နယ်ချဲ့ ပါဝါကမှ တကယ် စာနာခြင်း မရှိပါဘူး။ သူတို့ကိုယ်တိုင် အဲသလို သတ်ဖြတ်ခဲ့တဲ့၊ သတ်ဖြတ်နေတဲ့ နယ်ချဲ့ ပါဝါတွေက အဖိနှိပ်ခံ လူထုကြီးကို စာနာတယ်ဆိုရင် ရယ်စရာ မကောင်းဘူးလား။ တကယ် စာနာတယ် ဆိုရင် အများကြီး လုပ်စရာ မလိုပါဘူး၊​ ဂျန်နိုဆိုက် စစ်ဆင်ရေးတွေ ကိုယ်ထိလက်ရောက် လုပ်နေတဲ့ ဇိုင်ယင်နစ် အစ္စရေးဆီ တင်ပို့နေတဲ့ စစ်လက်နက်တွေ၊​ ငွေကြေး အထောက်အပံ့တွေပဲ ချက်ချင်း ဖြတ်တောက်လိုက်ပါ။ 

အဲ့တော့ အီရန် ပြည်သူတွေကို အီရန် အစိုးရက သတ်ဖြတ်နေလို့ အမေရိကန်နဲ့ အစ္စရေးတို့က ဝင်တိုက်ရပါတယ် ဆိုတဲ့ ဆင်ခြေဟာ အလိမ်အညာ သက်သက်ပဲ။ သူတို့ရဲ့ နယ်ချဲ့စစ်ပွဲကို တရားထူထောင်ဖို့ အသတ်ခံလိုက်ရတဲ့ အပြစ်မဲ့ ပြည်သူတွေကို ခုတုံးလုပ်တာလောက် ရွံစရာကောင်းတာ ကြောင်သူတော်ဆန်တာ ရှိဦးမလား။ 

အီရန်က အရပ်သား ပြည်သူတွေ အသတ်ခံနေရတာ စာနာသနားပြီး အမေရိကန်နဲ့ အစ္စရေးက ဗုံးတွေ၊ ဒုံးတွေနဲ့ ကယ်တင်လိုက်တာ ရက်ပိုင်းအတွင်းမှာတင် အီရန် ကျောင်းသူ ၁၆၀ ကျော်အပါအဝင် အရပ်သား ပြည်သူ ၁၀၀၀ ကျော် အသတ်ခံထားရပြီ။ ကလေးတွေ စာသင်နေတဲ့ ကျောင်းပါမချန် ဗုံးကြဲ ကယ်တင်ပေးတဲ့ သူတော်ကောင်းတွေလဲ ဒီကမ္ဘာမှာ ရှိသေးသကိုး။ စုံလုံးကန်းနေသူတွေပဲ ဒီလို နယ်ချဲ့ စစ်ဘီလူးတွေကို ထောက်ခံကြမယ် ထင်ပါတယ်။ ဒီလို စုံလုံးကန်းနေသူတွေအတွက်တော့ ဒီလောက်ပါပဲ။ 

ဆက်လိုက်ရအောင်။  

ပက်တီးဘူဇွာ pacifist တွေကြားမှာ အတွေ့ရများတဲ့ ရပ်တည်ချက်က ဒီလို။ သူတို့ အမြင်မှာ အမေရိကန်နဲ့ အစ္စရေးတို့က သွေးဆာနေတဲ့ နယ်ချဲ့ စစ်ဘီလူးတွေ၊ အဲသလိုပဲ တဖက်က အီရန်ကို ကြည့်လိုက်တော့ အမျိုးသမီးတွေကို ဖိနှိပ်ပြီး အရပ်သား ပြည်သူတွေကို သတ်ဖြတ်နေတဲ့ မူလာ အာဏာရှင်စနစ်။ ဒီတော့ နှစ်ဖက်လုံးက reactionary တွေ၊ evil နှစ်ကောင် ချကြတဲ့ စစ်ပွဲလို့ သူတို့ သဘောထားတယ်။ 

ဒီတော့ သူတို့ဆီက pessimistic conclusion တွေ ထွက်လာမယ်။ တချို့ကတော့ evil နှစ်ကောင် ချကြတဲ့ စစ်ပွဲကြောင့် ကြားက မြေစာပင်တွေ သေကုန်ပါပြီလို့ ညည်းပြလိမ့်မယ်။ တချို့ကတော့ နှစ်ဖက်လုံးက evil တွေ၊ ချကြစမ်း၊ အကုန် သေကုန်လဲ နားအေးတာပဲလို့ စိတ်ပျက်လက်ပျက် ဆိုလိမ့်မယ်။ 

စစ်ပွဲတခုရဲ့ character ကို ဘယ်သူက လူကောင်း၊ ဘယ်သူက လူယုတ်မာ ဆိုတဲ့ အချက်တွေက ပြဌာန်းတာ မဟုတ်ဘူး ဆိုတာလောက်ကို သူတို့ နားမလည်တော့ လက်တွေ့မှာ အဲသလို စိတ်ပျက်လက်ပျက် ညည်းညူတာလောက်ပဲ တတ်နိုင်တယ်။

ယူအက်(စ်)၊ အစ္စရေးတို့ရဲ့ နယ်ချဲ့ ကျူးကျော်စစ် ဘာ့ကြောင့် ဖြစ်နေသလဲ နားမလည်ဘူး။ ဒီတော့ moralistic ရှုထောင့်ကနေ နှစ်ဖက်လုံးကို ရှုတ်ချတာကလွဲပြီး တခြား ဘာမှ မလုပ်နိုင်တော့ဘူး။ အဲလိုနဲ့ စစ်ပွဲတွေ ရပ်ကြပါ၊ အရပ်သား ပြည်သူတွေကို စာနာပါ၊ လက်နက်နဲ့ မဖြေရှင်းကြပါနဲ့ ဆိုတဲ့ pacifist ရပ်တည်ချက်ကို ရောက်သွားမယ်။ 

imperialist aggression ဗြောင်ကျကျ လုပ်နေတဲ့ နယ်ချဲ့ ပါဝါတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်တာမျိုး မလုပ်နိုင်ဘူး။ imperialist aggression စစ်ပွဲကို ဆန့်ကျင်တဲ့ လူထု လှုပ်ရှားမှုတွေ ဖော်ဆောင်တာမျိုး လုပ်ဖို့ကတော့ ပိုဝေးသွားပြီ။ ဒါ့ကြောင့် နှစ်ဖက်လုံးက evil တွေလို့ ယူဆပြီး ပက်တီးဘူဇွာ pacifist အမြင်ကို ကိုင်စွဲသူတွေဟာ တကယ့် လက်တွေ့မှာ reactionary impotent တွေ ဖြစ်ကုန်တယ်။ 

လက်ရှိ အီရန် စစ်ပွဲကို ဘယ်လိုပဲ သဘောထားပါစေ၊ မင်းတို့ ငါတို့ ဘာမှ တတ်နိုင်တာ မဟုတ်ဘူး၊ ဒါ့ကြောင့် ဒီစစ်ပွဲကို ထောက်ခံသည်ဖြစ်စေ၊ ဆန့်ကျင်သည်ဖြစ်စေ ဘာမှ အရေးမပါဘူးလို့ ပြောနိုင်ပါတယ်။ အဲဒီလို ပြောလာမယ် ဆိုရင်တော့ “သူတို့ ရပ်တည်ချက်က လက်တွေ့မှာ reactionary impotent ဖြစ်သွားစေတယ်” ဆိုတဲ့ မှတ်ချက်ကို သူတို့ကိုယ်တိုင် ဝန်ခံ အတည်ပြုပေးလိုက်တာပဲ။ 

အရင်းရှင် အစိုးရတွေက ပြည်သူ့ ဆန္ဒကို ဆန့်ကျင်ပြီး နယ်ချဲ့စစ်ဆင်နွှဲနေတာကို ပြည်သူတွေက ဘာမှ မတတ်နိုင်ဘူး ဆိုတာ reactionary impotent ဖြစ်နေတဲ့ ပက်တီးဘူဇွာတွေရဲ့ အမြင်သက်သက်သာ ဖြစ်တယ်။ တကယ့် လက်တွေ့မှာ သာမန် ပြည်သူတွေက နယ်ချဲ့စစ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့လို့ အမေရိကန် နယ်ချဲ့သမားတွေ မရှုမလှ ထွက်ပြေးခဲ့ရတဲ့ သာဓကတွေ အထင်အရှား ရှိပါတယ်။ ဟုတ်ပါတယ်၊ သမိုင်းဝင် ဗီယက်နမ် စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးကို စာဖတ်သူတချို့ အမှတ်ရဦးမယ် ထင်ပါတယ်။ 

အမေရိကန်နဲ့ အစ္စရေးတို့ဖက်က ရန်လိုပြီး မိုက်မိုက်ကန်းကန်း ဆင်နွှဲနေတဲ့ ဗိုလ်ကျစိုးမိုးရေး နယ်ချဲ့ စစ်လို့ သဘောထားသည်ဖြစ်စေ၊ သို့မဟုတ် နှစ်ဖက်လုံးက evil တွေပဲ၊ ဒါ့ကြောင့် ဘာမှ လုပ်နေစရာ မလိုဘူး၊ လုပ်နေလဲ အပိုပဲလို့ သဘောထားသည်ဖြစ်စေ၊ လက်တွေ့မှာ ငါတို့ ဘာမှ မတတ်နိုင်ဘူးလို့ ယူဆထားမယ်ဆိုရင် လက်တွေ့မှာ ဘယ်သူတွေ အကျိုးရှိမလဲ။ သိပ်စဉ်းစားနေစရာ မလိုပါဘူး။ သွေးဆာနေတဲ့ အမေရိကန် အုပ်စိုးသူ လူတန်းစားနဲ့ ဇိုင်ယင်နစ် အစ္စရေးတို့ စိတ်ကြိုက် စစ်ခင်းခွင့် ရသွားမယ်။ 

စစ်ပွဲတွေဟာ အကောင်းဆုံး မှတ်ကျောက်ပဲ။ အင်အားစု အသီးသီး ကိုင်စွဲထားတဲ့ အတွေးအခေါ် အယူအဆတွေကို စစ်ပွဲကာလမှာ မထောက်မညှာ မှတ်ကျောက်တင် စစ်ဆေးလေ့ရှိတယ်။ တချို့က အုပ်စိုးသူ လူတန်းစား ဘက်က ရပ်လို့ ရပ်မိမှန်း မသိ ဖြစ်ကုန်တယ်။ တချို့က တွေဝေ စိတ်ပျက်သွားတယ်။ ဒါ့ကြောင့် စစ်နဲ့ ပတ်သက်တဲ့ သဘောထား၊ ရပ်တည်ချက်တွေဟာ သိပ်ကို အရေးကြီးတယ်။ ဝါးတားတား လုပ်လို့ မရဘူး၊ moralist ဆန်ဆန် ချည်းကပ်လို့ မရဘူး။ 

ရပ်တည်ချက် ဝေဝါးရင် လက်တွေ့မှာ သေလောက်တဲ့ အမှားတွေ ကျူးလွန်မိတတ်တယ်။ ငါတို့က ဘယ်ဘက်မှ မထောက်ခံဘူး၊ သူတို့ဘာသာ မကောင်းဆိုးဝါးကောင်တွေ ချနေကြတာ ငါတို့နဲ့ အနေသာကြီး၊ ကိုယ့်အလုပ်ကိုယ် သွားနေရုံပဲလို့ စကားမှ ပြောမဆုံးသေးခင် ထိုလူတွေ ဆီတိုးဖို့ ထပြေးရလေပြီ။ ဟုတ်ကဲ့၊ မိတ်ဆွေက ဘေးထွက်ရပ်ပြီး အသာနေချင်ပေမဲ့ စစ်ပွဲရဲ့ reality က နေခွင့် မပေးဘူး မဟုတ်ပါလား။ ဘေးထွက်ရပ်ပြီး နှစ်ဖက်လုံး evil တွေပါကွာလို့ သဘောထားတာကိုက မိတ်ဆွေရဲ့ ရပ်တည်ချက်ပါပဲ။ တော်လှန်ရေးမဆန်ဘဲ reactionary impotent ဖြစ်နေတဲ့ ရပ်တည်ချက်တမျိုးလို့ တိတိကျကျ ပြောနိုင်တယ်။ 

ရပ်တည်ချက် ဝေဝါးရင် လက်တွေ့မှာ သေလောက်တဲ့ အမှားတွေ ကျူးလွန်မိတတ်တယ်။ ဒီကောက်ချက်ကို နည်းနည်း ဆွေးနွေးကြည့်ရအောင်။

ဒုတိယ ကမ္ဘာစစ်မှာ နာဇီ ဂျာမနီနဲ့ ဆိုဗီယက် ယူနီယံတို့ တိုက်ကြတယ်။ ဆိုဗီယက် ယူနီယံမှာ အလွန် ရက်စက် ကြမ်းကြုတ်တဲ့ စတာလင် အာဏာရှင်က ခေါင်းဆောင်နေတယ်။ နာဇီ ဂျာမနီဆိုတာကတော့ ထွေထူး ပြောစရာ မလို၊ ဖက်ဆစ် အာဏာရှင် ဟစ်တလာ ခေါင်းဆောင်နေတာပဲ။ အာဏာရှင် တိုင်းပြည် နှစ်ခု စစ်ခင်းကြတာပဲ၊ နှစ်ဖက်လုံးက evil တွေလို့ သဘောထားမယ်ဆိုရင် ဘာဖြစ်ကုန်မလဲ။ 

ဘာဖြစ်ကုန်မလဲ မပြောခင် အဲဒီ သဘောထား၊ အဲဒီ ရပ်တည်ချက်က ဗြိတိန် နဲ့ ယူအက်(စ်) နယ်ချဲ့ ခေါင်းဆောင်တွေ ဖြစ်တဲ့ ချာချီတို့ ရုစဗဲ့တို့ သဘောထားနဲ့ ထပ်တူ ဖြစ်နေတယ် ဆိုတာ အရင် အမှတ်ရစေချင်တယ်။ နှစ်ဖက်လုံးက reactionary ဖြစ်တယ်၊ ဒါ့ကြောင့် ဒီစစ်ပွဲမှာ ငါတို့က ဘယ်သူ့မှ မထောက်ခံဘူး၊ အသာ ရပ်ကြည့်နေရုံပဲလို့ ပြောသူတွေ ဒီကနေ့ ကာလမှာလဲ တွေ့နေရတယ်။ ရယ်စရာကောင်းတာတခုက အဲသလို သဘောထားသူတွေက သူတို့ကိုယ်သူတို့ သူများထက် ခေါင်းတလုံး ပိုမြင့်နေသလိုလို၊ ပိုပြီး cool ဖြစ်သလိုလို အထာဖမ်းနေတာပဲ။ သမိုင်းမသိတဲ့ ငအလေးတွေလို့သာ သက်သက်ညှာညှာ သဘောထားလိုက်ပါ့မယ်။

ဒုတိယ ကမ္ဘာစစ်မှာ အဲသလို ရပ်တည်ခဲ့သူတွေဟာ အလွန် ဖောက်ပြန်တဲ့ နယ်ချဲ့ ခေါင်းဆောင် ချာချီတို့၊ ရုစဗဲ့တို့ကို ထောက်ခံမိရက်သား ဖြစ်နေသလို ဒီကနေ့ ကာလမှာလဲ အလွန် ဖောက်ပြန်တဲ့ စစ်မိစ္ဆာ နတန်ညာဟုနဲ့ ဒေါ်နယ်ထရမ့်တို့ကို ထောက်ခံမိရက်သား ဖြစ်နေတယ် ဆိုတာ သတိရစေချင်တယ်။ သူတို့ ပါးစပ်ကတော့ အဲဒီ နယ်ချဲ့ ခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန် ဆဲချင် ဆဲကြလိမ့်မယ်၊ လက်တွေ့မှာ သူတို့ ရပ်တည်ချက်က ဖက်ဆစ်နဲ့ ကွန်မြူနစ်တွေ အရင် ချကြပါစေ၊ နှစ်ကောင်လုံး ပမ်းမှ ငါတို့ ကောက်စားမယ် ဆိုတဲ့ နယ်ချဲ့သမားနဲ့ ကတုတ်ကျင်း တဖက်တည်းမှာ ရောက်သွားပြီ။ 

တော်လှန်ရေးသမားစစ်စစ် ကွန်မြူနစ်တွေက ဒီပြဿနာကို ဘယ်လို သဘောထားခဲ့သလဲ။ ထရော့စကီး ဘယ်လို သဘောထားခဲ့သလဲ ဆန်းစစ်ကြည့်ရင် ပိုရှင်းသွားလိမ့်မယ်။ ဘာ့ကြောင့်လဲ။ ထရော့စကီးက ဆိုဗီယက် ယူနီယံရဲ့ အာဏာရှင်ကြီး စတာလင်ရဲ့ ကမ္ဘာ့ရန် ဖြစ်တယ်။ ထရော့စကီးကို စတာလင် ဗျူရိုကရေစီက ဆိုဗီယက်ကနေ မောင်းထုတ်ထားသလို ကမ္ဘာ့ နိုင်ငံ အတော်တော်များများမှာလဲ နိုင်ငံရေး ခိုလှုံခွင့် မရအောင် ပိတ်ဆို့ထားခဲ့တယ်။ ဒါတင် မကသေး၊​ ထရော့စကီးရဲ့ ရဲဘော်ရဲဘက် ဘော်ရှီဗစ် ခေါင်းဆောင်တွေ အားလုံးကို သတ်ပစ်ထားတယ်၊ ထရော့စကီးရဲ့ သားသမီးတွေ၊ မြေးတွေ၊ ဆွေမျိုးသားချင်းတွေပါမချန် စတာလင် သတ်ပစ်ခဲ့တယ်၊ ပြင်သစ် ရောက်နေတဲ့ သားအကြီးကိုပါ လိုက်ပြီး လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ နောက်ဆုံး ထရော့စကီးကိုပါ စတာလင်ရဲ့ အေးဂျန့်တွေက နှစ်ကြိမ်တိုင်တိုင် လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ 

အဲဒီလို ရက်စက် ယုတ်မာတဲ့ အာဏာရှင် စတာလင် ခေါင်းဆောင်တဲ့ ဗျူရိုကရေစီက ဆိုဗီယက်မှာ အာဏာရထားတယ်။ တကယ်လို့ ဒုတိယ ကမ္ဘာစစ် ဖြစ်လာခဲ့ရင် ဆိုဗီယက် ယူနီယံနဲ့ ပတ်သက်လို့ ထရော့စကီးတို့ ဘယ်လို သဘောထားမလဲ။ ဒီပြဿနာကို ဒုတိယ ကမ္ဘာစစ် မဖြစ်ခင်ကတည်းက ထရော့စကီး ဖော်ထုတ်ခဲ့တယ်။ 

ထရော့စကီး ရပ်တည်ချက်ကတော့ ရှင်းလင်း ပြတ်သားပါတယ်။ စစ်ကြီး ဖြစ်လာလို့ နယ်ချဲ့ပါဝါတွေက ဆိုဗီယက် ယူနီယံကို တိုက်ခိုက်လာရင် ဆိုဗီယက် ယူနီယံဘက်က ခြွင်းချက်မရှိ ရပ်တည် ကာကွယ်ရမယ် (unconditional defence) လို့ ထရော့စကီး ရှင်းပြခဲ့တယ်။ စတာလင် အာဏာရှင်ဆန်သလား မဆန်ဘူးလား ဆိုတာ ထရော့စကီးက ခင်ဗျားတို့ ကျနော်တို့ထက် ပိုသိတာပေါ့။ အဲသလိုပဲ ဖက်ဆစ်တွေ ဘယ့်လောက် အာဏာရှင်ဆန်သလဲ ဆိုတာလဲ သူကောင်းကောင်း သိတာပေါ့။ ဒီတော့ ဖောက်ပြန်တဲ့ အာဏာရှင်တွေ စစ်ခင်းကြတဲ့ အခြေအနေမှာ ထရော့စကီးက ဘာ့ကြောင့် သူ့ကို ဖိနှိပ်တဲ့ ဆိုဗီယက်ဘက်က ရပ်တည် ကာကွယ်ဖို့ ပြောခဲ့သလဲ။ 

ဆိုဗီယက် ယူနီယံမှာ စတာလင် ဗျူရိုကရေစီက အလုပ်သမားထု လက်ထဲက အာဏာကို မောင်ပိုင်စီးထားတာ မှန်တယ်။ သို့သော် ဆိုဗီယက် ယူနီယံမှာ အောက်တိုဘာ တော်လှန်ရေးရဲ့ အောင်သီးအောင်ပွင့်တွေ အခိုင်အမာ ရှိနေသေးတယ်။ အဲဒါက nationalization of means of production နဲ့ planned economy ပဲ။ ဒီစီးပွားရေး အခြေခံပေါ်ကနေ ထွက်ပေါ်လာတဲ့ social reforms တွေလဲ အများကြီး ရှိတယ်။ ဒီတော့ နာဇီ ဖက်ဆစ်တွေ အပါအဝင် နယ်ချဲ့ ပါဝါတွေသာ ဆိုဗီယက် ယူနီယံကို အနိုင်ရသွားရင် အောက်တိုဘာ တော်လှန်ရေးရဲ့ အသီးအပွင့်တွေအားလုံး ချေမွဖျက်စီးခံရမယ်။ ဒါ့ကြောင့် ထရော့စကီးက ဆိုဗီယက် ယူနီယံဘက်က ပြတ်ပြတ်သားသား ရပ်တည် တိုက်ပွဲဝင်ဖို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တာပဲ။

ထ​ရော့စကီးမှ မဟုတ်ဘူး၊ ဆိုဗီယက် ပြည်ထောင်စုက အလုပ်သမားထုနဲ့ တပ်နီတော်ကလဲ ဒီအချက်ကို ကောင်းကောင်း သဘောပေါက်တယ်။ သူတို့မှာ အသက်နဲ့ရင်း တိုက်ပွဲဝင်ပြီး ခုခံကာကွယ်စရာ အကြောင်းတရား လုံလုံလောက်လောက် ရှိတယ်။ သူတို့ အသက်ပေးပြီး နာဇီ ဖက်ဆစ်တွေကို တိုက်နေတာဟာ စတာလင် ဗျူရိုကရေစီကို ကာကွယ်ဖို့ မဟုတ်ဘူး။ အောက်တိုဘာ တော်လှန်ရေးရဲ့ အသီးအပွင့်တွေကို ကာကွယ်ဖို့ ဖြစ်တယ်။ သန်းနဲ့ချီတဲ့ ဆိုဗီယက် အလုပ်သမားတွေ၊​ တပ်နီတော်က ရဲဘော်တွေ အသက်ပေးပြီး နာဇီဖက်ဆစ်တွေကို တိုက်ခဲ့ကြတယ်။ နောက်ဆုံးမှာ ဖက်ဆစ်တွေကို အလဲထိုးနိုင်ခဲ့တယ်။ 

ဒုတိယ ကမ္ဘာစစ်မှာ ဆိုဗီယက် တပ်နီတော်က နာဇီ ဖက်ဆစ်တွေကို အလဲထိုးနိုင်ခဲ့တဲ့ အကြောင်း နှစ်ချက် ရှိပါတယ်။ နံပါတ်တစ်ကတော့ ဆိုဗီယက် စီးပွားရေး nationalized planned economy က နာဇီ ဂျာမနီနဲ့ အနောက် ဥရောပက အရင်းရှင်စနစ်ထက် အဆမတန် သာလွန်လို့ပဲ။ စစ်အတွင်းမှာ စီးပွားရေး အခြေခံ အားကောင်းတဲ့ဘက်က ရေရှည်မှာ အနိုင်ရတာပဲ။ ဒီအချက်ကို နားလည်ဖို့ မခက်ဘူး ထင်ပါတယ်။ အရင်းရှင်စနစ်နဲ့ nationalized planned economy ဘယ်ဟာက ပိုပြီး အားကောင်းသလဲ ဆိုတာ ဒုတိယ ကမ္ဘာစစ်မှာ လက်တွေ့ စမ်းသပ်ပြီး အဆုံးအဖြတ်ပြုပြီးသွားပြီ။ ဒုတိယ အချက်ကတော့ နာဇီ စစ်သားတွေမှာ အသေခံ တိုက်စရာ အရေးတော်ပုံ မရှိဘူး၊ ဆိုဗီယက် တပ်နီတော်မှာ အသေခံ တိုက်စရာ ခိုင်လုံတဲ့ အရေးတော်ပုံ ရှိတယ်။ ဒါ့ကြောင့် ဖက်ဆစ်တွေ ရှုံးခဲ့တာပဲ။ ဒါ့ကြောင့် တပ်နီတော် အောင်ပွဲရသွားတာပဲ။ 

ချာချီတို့ ရုစဗဲ့တို့ နယ်ချဲ့ဘက်က ဝါဒဖြန့်တာတွေ ယုံစားမိရင်တော့ ဒီဒေးကြောင့် ဖက်ဆစ်တွေ အလဲထိုးခံလိုက်ရသလို ထင်ကြမှာပဲ။ တကယ်တော့ ဆိုဗီယက် တပ်နီတော်က နာဇီတွေကို နိုင်နေမှန်း သိမှ နယ်ချဲ့ ပါဝါတွေ ဝင်ပါလာတာပဲ။ အစက နာဇီနဲ့ ဆိုဗီယက် ချနေတာကို သူတို့ လက်ပိုက်ကြည့်နေတာပါ။ ဖက်ဆစ်တွေကို အနောက် နယ်ချဲ့ပါဝါတွေက တကယ် မတိုက်ခဲ့ပါဘူး။ ပွဲသိမ်းခါနီးမှ ဖျာဝင်ခင်းရုံ လုပ်သွားတာ။ ဒီအကြောင်းအရာတွေက အခု ဆောင်းပါးရဲ့ scope အပြင်ဖက်ကို ရောက်သွားပါပြီ။ 

အဲ့တော့ အစကို ပြန်ကောက်ရရင် ဆိုဗီယက် အလုပ်သမားတွေကသာ နာဇီအာဏာရှင်နဲ့ ငါတို့ကို ဖိနှိပ်နေတဲ့ စတာလင် ဗျူရိုကရေစီ ချကြတဲ့ စစ်ပွဲ၊​ မိစ္ဆာကောင်တွေ အချင်းချင်း ဆော်ကြစမ်းလို့ သဘောထားခဲ့ရင် ဘာဖြစ်မလဲ။ နာဇီတွေ အောင်ပွဲခံပြီး ဆိုဗီယက် ပြည်သူတွေလဲ တစစီ ချေမှုန်းခံရမယ်။ ဖက်ဆစ်တွေသာ ဆိုဗီယက်ကို နိုင်သွားခဲ့ရင် ဥရောပတို့ အမေရိကတို့၊ အာရှတို့လဲ သက်သာရာ ရမယ် မထင်လေနဲ့။ 

ဒါဆိုရင် ရက်စက်ကြမ်းကြုတ်တဲ့ စတာလင် ဗျူရိုကရေစီကို ဘယ်လို လုပ်မလဲ။ ထရော့စကီး ပြောတာ ရှင်းပါတယ်။ စတာလင် ဗျူရိုကရေစီကို ဟစ်တလာက ဖယ်ရှားပစ်တာ လက်မခံနိုင်ဘူး၊ ဆိုဗီယက် အလုပ်သမားထုက သူတို့ကိုယ်တိုင် ဖယ်ရှားလိမ့်မယ်။ အလုပ်သမားထုက နာဇီတွေနဲ့ စာရင်းရှင်းပြီးရင် စတာလင် ဗျူရိုကရေစီကို ဆက်ကိုင်ပါလိမ့်မယ်လို့ ထရော့စကီး ရှင်းပြခဲ့တယ်။ 

စစ်ပွဲနဲ့ ပတ်သက်တဲ့ ကွန်မြူနစ်တွေရဲ့ သဘောထားက concrete question ဖြစ်တယ်။ အာဏာရှင် နှစ်ကောင် ချကြတဲ့ စစ်ပွဲ၊ နှစ်ဖက်လုံးက evil တွေဆိုပြီး ပြောနေတာက abstract ဆန်လွန်းပြီး လက်တွေ့မှာ ဖက်ဆစ်တွေရှေ့၊ နယ်ချဲ့တွေရှေ့ လည်စင်းခံရေး ဖြစ်နေတတ်တယ်။ ဘာမှ သုံးစားမရဘူး။ ဒါ့ကြောင့် reactionary ဖြစ်တယ်၊​ impotent ဖြစ်တယ်လို့ ပြောတာပဲ။ 

ဒီနေရာမှာ စောဒက တက်စရာ ရှိလာတာက ဆိုဗီယက် Vs နာဇီ ဂျာမနီကတော့ ရှင်းတယ်။ စနစ် အခြေခံချင်း မတူဘူး၊ ဆိုဗီယက်မှာ ကာကွယ်စရာ တော်လှန်ရေး အသီးအပွင့်တွေလဲ ရှိတယ်။ အဲသလို မဟုတ်တဲ့ တခြား အခြေအနေမှာဆိုရင် ဘယ်လို သဘောထားမလဲ။

ဒီကနေ့ ယူအက်(စ်)-အစ္စရေး Vs အီရန် စစ်ပွဲနဲ့ အတော်လေး ဆင်တူတဲ့ သမိုင်း နမူနာတခုကို ဆွဲထုတ်ပြပါမယ်။ ၁၉၃၅ ခုနှစ်လောက်က ဖက်ဆစ် အီတလီက အဘစ်ဆီးနီးယား (အီသီယိုးပီးယား) ကို ဝင်တိုက်တယ်။ တိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ ရှင်းတယ်။ အာဖရိကတိုက်မှာ သီးခြားလွတ်လပ်နေသေးတဲ့ လက်ကျန် နိုင်ငံကို ကိုလိုနီပြုဖို့ တိုက်တာပဲ။ ဒါပေမဲ့ နယ်ချဲ့စစ်ပွဲတွေ ထုံးစံအတိုင်း ကျွန်စနစ် ဖျက်သိမ်းရေး အလံထူပြီး civilizing mission လို့ ခေါင်းစဉ်တပ်ပါတယ်။ ဒီကနေ့ခေတ်မှာ ဂျန်နိုဆိုက် တရားခံ နတန်ညာဟုက အီရန်က အမျိုးသမီးထု အခွင့်အရေး ကာကွယ်ပေးဖို့ အီရန်ကို ဝင်တိုက်ရပါတယ် ပြောနေသေးတာပဲ။ ဗမာပြည်ကို အင်္ဂလိပ်တွေ ဝင်တိုက်တုန်းကရော ဘာထူးလဲ။ အရှေ့တိုင်း အာရှ ဘုရင်တွေက သွေးသားချင်းတောင် သတ်ဖြတ်နေကြတဲ့ အရိုင်းအစိုင်းတွေ၊ civilize လုပ်ပေးရမယ် ဆိုပြီး ကိုလိုနီပြုသွားတာပဲ။ ဘယ်နယ်ချဲ့ကမှ ငါတို့တော့ မင်းတို့ကို သွေးစုပ်ခြယ်လှယ်ဖို့၊​ မင်းတို့ဆီက မြေပေါ် မြေအောက် ရေပေါ် ရေအောက် သယံဇာတတွေ သိမ်းချင်လို့ နယ်ချဲ့တာဟေ့လို့ ဗြောင်မပြောဘူး။ အီရန်ရဲ့ နျူကလီယာ အန္တရာယ်ကို တဖွဖွ ပြောနေတာလဲ ဒီသဘောပဲ။  

အဲဒီတုန်းက အီသီယိုးပီးယား အင်ပိုင်ယာကို အင်ပါယာ Haile Selassie အုပ်စိုးနေချိန် ဖြစ်တယ်။ ဒီမိုကရက်တစ် အစိုးရ မဟုတ်ဘူးပေါ့လေ။ ဒီတော့ တချို့ လက်ဝဲတွေက အာဏာရှင်တွေကြားက စစ်ပွဲသာ ဖြစ်တယ်၊​ အလုပ်သမား လှုပ်ရှားမှုအနေနဲ့ ဘာရပ်တည်ချက်မှ ဖော်ထုတ်စရာ မလိုဘူး။ ထရော့စကီးက On dictators and the heights of Oslo ဆောင်းပါးထဲမှာ အဲဒီလို moralisitic ရပ်တည်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတယ်။ 

သဘောက သူတို့ဟာ စစ်ပွဲရဲ့ လက္ခဏာကို နိုင်ငံတော်ရဲ့ the political form ကို အခြေခံပြီး အကဲဖြတ်နေကြတယ်။ အာဏာရှင် အစိုးရလား၊​ ဖက်ဆစ် အစိုးရလား၊ ဒီမိုကရေစီ အစိုးရလား ဆိုတဲ့ purely descriptive manner နဲ့ အပေါ်ယံဆန်ဆန် သတ်မှတ်ပြီး စစ်ပွဲကို အကဲဖြတ်နေကြတာ။ ‘အာဏာရှင်စနစ်’ နှစ်ခုရဲ့ social foundations ကို ထည့်သွင်း စဉ်းစားခြင်း အလျဉ်းမရှိဘူး။ 

“အာဏာရှင်တယောက်က အိန္ဒိယ လူထုကို ဦးဆောင်ပြီး ဗြိတိန် (ကိုလိုနီ) ထမ်းပိုးကို ရိုက်ချိုးဖို့ သူပုန်ထ အုံကြွလာရင် Maxton အနေနဲ့ အဲဒီ အာဏာရှင်ကို မထောက်ခံဘဲ နေမလား။ ထောက်ခံမယ် သို့မဟုတ် ဆန့်ကျင်မယ် ဆိုတာ အတိအကျ ဖြေပါ။ ထောက်ခံမယ်ဆိုရင် အီတာလျံ (ကိုလိုနီ)​ ထမ်းပိုးကို ရိုက်ချိုးဖို့ ကြိုးပမ်းနေတဲ့ အီသီယိုးပီးယန်း ‘အာဏာရှင်’ ကိုရော ဘာ့ကြောင့် မထောက်ခံရမှာလဲ။”

ထရော့စကီး ဒီပြဿနာကို အခိုင်အမာ ကိစ္စအနေနဲ့ ချဉ်းကပ်ပါတယ်။ ဒီနေရာမှာ အီသီယိုးပီးယားဘက်က ရပ်တည်တာ၊ အီတလီကို ဆန့်ကျင်တာဟာ အီတလီက ဖက်ဆစ် အာဏာရှင် ဖြစ်နေလို့ မဟုတ်ဘူး။ တချို့ ရွှေဉာဏ်တော် စူးရောက်တဲ့ ပညာတတ်ပေါက်စလေးတွေက အီသီယိုးပီးယား အာဏာရှင်က အာဏာရှင် ဆိုပေမဲ့ မူဆိုလီနီလို ဖက်ဆစ် အာဏာရှင် မဟုတ်လို့ ထရော့စကီးက အီသီယိုးပီးယားဘက်က ထောက်ခံခဲ့တာလို့ စွပ်စွဲနိုင်သေးတယ်။ 

အဲဒီလို စွပ်စွဲလို့ မရအောင် ထရော့စကီးက concretely ရှင်းပြပါတယ် – 

“မူဆိုလီနီသာ အောင်ပွဲခံသွားရင် ဖက်ဆစ်စနစ် ပိုခိုင်မာသွားမယ်၊ နယ်ချဲ့စနစ် ပိုအားကောင်းသွားမယ်၊ ဒါ့အပြင် အာဖရိကနဲ့ အခြား တိုင်းပြည်တွေက ကိုလိုနီ ပြည်သူတွေ ခေါင်းမထောင်ရဲအောင် ဦးချိုးပေးရာ ရောက်သွားမယ်။ သို့သော် Negus [ဘုရင်] အောင်ပွဲရသွားရင် အီတာလျံ နယ်ချဲ့စနစ်ကို အပြင်းအထန် ထိုးနှက်နိုင်ရုံသာမက နယ်ချဲ့စနစ် တစုံလုံးကို အရှိုက်ထိုးရာ ရောက်သွားမယ်၊ အုံကြွနေတဲ့ အဖိနှိပ်ခံ ပြည်သူတွေအတွက်လဲ အားတက်စရာ ဖြစ်သွားမယ်။ ဒါကို မမြင်ရင်တော့ စုံလုံးကန်းနေလို့ပဲ။”

အခု ကျနော်တို့ မြင်တဲ့အတိုင်းပဲ ဒီစစ်ပွဲဟာ အရင်းရှင် နယ်ချဲ့ နိုင်ငံ (အီတလီ) က ခေတ်နောက်ကျ တိုင်းပြည် (အီသီယိုးပီးယား) ကို တိုက်ရိုက် ကိုလိုနီပြုဖို့ ရည်ရွယ်တဲ့ စစ်ပွဲ ဖြစ်တယ်၊ ဒီလို နားလည်ထားတဲ့အတွက်ကြောင့် ထရော့စကီးက အီတလီကို ဆန့်ကျင်ပြီး အီသီယိုးပီးယားဘက်က ရပ်တည်ခဲ့တာပဲ။  

နောက်တနှစ်အကြာ letter to the International Secretariat မှာ ထရော့စကီးက အခုလို ထောက်ပြထားတယ် –

“မှန်တယ်၊ ငါတို့က အီတလီ ကျရှုံးပြီး အီသီယိုးပီးယားကို အနိုင်ရစေချင်တယ်။ ဒါ့ကြောင့် အီတာလျံ နယ်ချဲ့ကို တခြား နယ်ချဲ့ပါဝါတွေက ထောက်ပံ့ပေးတာတွေ ရောက်မလာအောင် ငါတို့မှာ ရှိသမျှ နည်းပေါင်းစုံသုံးပြီး တားဆီး ပိတ်ပင်ရမယ်။ တချိန်တည်းမှာပဲ အီသီယိုးပီးယားကို ခဲယမ်းလက်နက်တွေ ရောက်ရှိသွားအောင် ငါတို့ တတ်နိုင်သမျှ အစွမ်းကုန် ကူညီပေးရမယ်။

“သို့သော် ဒီတိုက်ပွဲဟာ အရင်းရှင် နယ်ချဲ့စနစ်ကို ဆန့်ကျင်တဲ့ တိုက်ပွဲ ဖြစ်တယ်၊​ ဖက်ဆစ်ဝါဒကို ဦးတည် တိုက်တဲ့ တိုက်ပွဲ မဟုတ်ဘူး ဆိုတာလဲ အလေးထား ပြောချင်တယ်။ စစ်ဖြစ်လာပြီဆိုရင် Negus or Mussolini ဘယ်သူ ‘ပိုကောင်းတယ်’ ဆိုတဲ့ မေးခွန်းကို ငါတို့ စိတ်မဝင်စားဘူး၊ လူတန်းစားတွေကြား ဆက်နွှယ်ချက်နဲ့ ဖွံ့ဖြိုးမှု နောက်ကောက်ကျတဲ့ တိုင်းပြည်တခုက အရင်းရှင် နယ်ချဲ့စနစ်ကို ဆန့်ကျင်ပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အချက်ကသာ တကယ် အရေးကြီးတယ်။”

၁၉၄၀ ရောက်တော့ ဆိုဗီယက် ယူနီယံနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားကြမလဲ ငြင်းခုန်ကြတဲ့ ဆွေးနွေးချက်တွေထဲမှာ ထရော့စကီးက အခုလို ပြောခဲ့ဖူးတယ် –

“အဘစ်ဆီးနီးယားကို ငါတို့ ထောက်ခံခဲ့တာ နီးဂပ်(စ်)က နိုင်ငံရေးအရ သို့မဟုတ် ကိုယ်ကျင့်သီလအရ မူဆိုလီနီထက် သာလွန်မြင့်မြတ်နေလို့ မဟုတ်ဘူး။ ကိုလိုနီ ဖိနှိပ်မှုကို ဆန့်ကျင်တိုက်ပွဲဝင်တဲ့ ခေတ်နောက်ကျ တိုင်းပြည်တခုကို ခုခံကာကွယ်ခြင်းဟာ ကမ္ဘာ့ အလုပ်သမား လူတန်းစားရဲ့ အဓိက ရန်သူတော် အရင်းရှင် နယ်ချဲ့စနစ်ကို အရှိုက်ထိုးရာရောက်လို့ပဲ။” (Balance sheet of the Finnish events)

Historical analogy တွေမှာ အကန့်အသတ် ရှိတာကို ကောင်းကောင်း သဘောပေါက်ပါတယ်။ သို့သော် သေချာတာကတော့ စစ်ပွဲနဲ့ ပတ်သက်လာရင် ကမ္ဘာ့ အလုပ်သမား လူတန်းစားရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး စဉ်းစားရင် ရပ်တည်ချက် မမှားနိုင်ဘူး။ အဲသလို မဟုတ်ဘဲ ဘယ်အစိုးရက အာဏာရှင်၊ ဘယ်အစိုးရက ဒီမိုကရေစီမို့၊ ဒါမှမဟုတ် အာဏာရှင်အချင်းချင်းမို့ ဆိုပြီး political form ကို အခြေခံ စဉ်းစားရင် ရပ်တည်ချက် မှားမှာ သေချာတယ်။ 

ယူအက်(စ်)-အစ္စရေးတို့က အီရန်ကို တိုက်နေတာဟာ ဒီမိုကရေစီတွေ၊ လူ့အခွင့်အရေးတွေနဲ့ လားလားမှ မဆိုင်ဘူး။ အရှေ့အလယ်ပိုင်း ဒေသကြီးမှာ သူတို့ ထင်သလို ဗိုလ်ကျမင်းမူခွင့် ရဖို့ တိုက်နေတာပဲ။ ဒီလို complete domination ရရှိရေး နယ်ချဲ့နေတဲ့ လမ်းခုလတ်မှာ သူတို့ကို အံတုနေတဲ့ ဒေသတွင်း ပါဝါက အီရန်ပဲ။ ဒါ့ကြောင့် အီရန်ကို သူတို့ အပြတ်ရှင်းချင်နေကြတာ။ တကယ်လို့သာ ယူအက်(စ်) နယ်ချဲ့နဲ့ ဇိုင်ယင်နစ် အစ္စရေးတို့ အောင်ပွဲရသွားရင် အီသီယိုးပီးယားမှာ ဖက်ဆစ် အီတလီ အောင်ပွဲရသွားတာထက် ပိုဆိုးမှာ သေချာတယ်။ 

ဒီတော့ ယူအက်(စ်)-အစ္စရေး နယ်ချဲ့စစ်ပွဲကို ဆန့်ကျင်ပြီး အီရန်ဘက်က ကျနော်တို့ ကွန်မြူနစ်တွေ ပြတ်ပြတ်သားသား ရပ်တည်တယ်။ အီရန်ဘက်က ပြတ်ပြတ်သားသား ရပ်တည်တာဟာ အီရန် အစိုးရကို ထောက်ခံခြင်းနဲ့ လားလားမှ မသက်ဆိုင်ဘူး ဆိုတာလဲ ထပ်ရှင်းဖို့ မလိုဘူး ထင်ပါတယ်။ အာဏာရှင် အချင်းချင်း ဘယ်သူက ပိုယုတ်သလဲ၊ ဘယ်သူက ပိုကောင်းသလဲ ကျနော်တို့ စဉ်းစားစရာ မလိုဘူး။ 

အီရန်လို့ ကြားလိုက်တာနဲ့၊ ကွန်မြူနစ်လို့ ကြားလိုက်တာနဲ့ triggered ဖြစ်ပြီး စိတ်ထဲ ကိန်းအောင်းနေတဲ့ ရန်လိုမုန်းတီးမှုတွေ ပွင့်ထွက်လာလေ့ရှိကြတယ်။ အဲသလို ဖြစ်အောင်လဲ အမေရိကန် ခေါင်းဆောင်တဲ့ အနောက် နယ်ချဲ့ဂိုဏ်းက နှစ်ရှည်လများ ဂျင်းထည့်လာတာပဲ။ အဲ့တော့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ရေးသူ – မေဆန်

“Hands off Iran! Down with US-Israel imperialism!”

 

Reference: Israel’s war on Iran – how would Trotsky have posed the question?

Jorge Martín 02 March 2026