ပထမကမ္ဘာစစ် စတင်ချိန်မှာ ဒုတိယ အင်တာနေရှင်နယ် (Second International) ပြိုကွဲသွားခဲ့ပြီး စစ်ပြီးခါနီးမှာတော့ တော်လှန်ရေး လှိုင်းလုံးတွေ ပေါ်ပေါက်လာတယ်။ ဒီလို အခင်းအကျင်းမှာပဲ လီနင်ဟာ ကမ္ဘာ့တော်လှန်ရေး အောင်မြင်ဖို့ မဖြစ်မနေ လိုအပ်တဲ့ ဦးဆောင်မှု ပေးဖို့ရာ ရည်ရွယ်ပြီး နိုင်ငံအတော်များများမှာ အင်အားတောင့်တင်းတဲ့ အဖွဲ့ခွဲတွေ ရှိတဲ့ တတိယ (ကွန်မြူနစ်) အင်တာနေရှင်နယ်ကို အောင်မြင်စွာ တည်ဆောက်ခဲ့တယ်။
အရင်းရှင်စနစ်ဟာ နိုင်ငံတကာလက္ခဏာဆောင်တဲ့ စနစ်တရပ် ဖြစ်တယ်။ ဒါကြောင့် အရင်းရှင်စနစ်ကို ဖြိုလှဲမယ့် တိုက်ပွဲဟာလဲ နိုင်ငံတကာ လက္ခဏာဆောင်ဖို့ လိုလာတယ်။ ဒါ့ကြောင့် မာ့က်စ်နဲ့ အန်းဂယ်လ်စ်တို့ ခေတ် ပထမ အင်တာနေရှင်နယ်ကစလို့၊ ဒုတိယ အင်တာနေရှင်နယ်၊ တတိယနဲ့ စတုတ္ထ အင်တာနေရှင်နယ်အထိ တော်လှန်သော မာ့က်စ်ဝါဒီ ကွန်မြူနစ်တွေဟာ နိုင်ငံတကာ အတိုင်းအတာနဲ့ စုဖွဲ့ခဲ့ကြတာ ဖြစ်တယ်။
ဒီနေ့ခေတ်မှာလဲ ကမ္ဘာနဲ့ချီပြီး နက်ရှိုင်းစွာ အကျပ်အတည်း ဆိုက်နေတဲ့ အရင်းရှင်စနစ်နဲ့ ကျနော်တို့ တကျော့ပြန် ရင်ဆိုင်နေရပြန်တယ်။ ဘယ်နေရာကြည့်ကြည့် စစ်ပွဲတွေ၊ ပြည်တွင်းစစ်တွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေ၊ ရာသီဥတု ပြောင်းလဲမှုတွေ၊ ကုန်ဈေးနှုန်း မြင့်တက်လာတာတွေ၊ မကြုံစဖူး များပြားလာတဲ့ ကြွေးမြီတွေနဲ့ တနိုင်ငံပြီးတနိုင်ငံ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေနဲ့ လက်ဝဲ၊ လက်ယာ ယိမ်းထိုးရင်း နိုင်ငံရေး အကျပ်အတည်း ဆိုက်လာတာတွေကို တွေ့နေရတယ်။
ရလဒ်အနေနဲ့ လူထု တော်လှန်ရေးတွေ ပေါက်ကွဲထွက်လာတာကို ကမ္ဘာတဝှမ်းမှာ မြင်နေရတယ်။ ပြီးခဲ့တဲ့နှစ် သီရိလင်္ကာမှာ အဲဒီလို ပေါက်ကွဲထွက်လာခဲ့တယ်။ ဒီနှစ်အတွင်း ကင်ညာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာလဲ လူထုတော်လှန်ရေးတွေ ဖြစ်ခဲ့တယ်။ ကမ္ဘာကြီးက နေရာတိုင်းမှာ ခေတ်ပြောင်း တော်လှန်ရေးတရပ်ဆီ အရှိန်အဟုန်နဲ့ ဦးတည်နေတယ်။
ဒီအခြေအနေဟာ လီနင့် ခေတ်တုန်းကလိုပဲ နိုင်ငံပေါင်းစုံက တော်လှန်သော ကွန်မြူနစ်တွေကို စုစည်းပေးထားမယ့် နိုင်ငံတကာ အဖွဲ့အစည်းတရပ် ထပ်မံ လိုအပ်လာပြီလို့ တောင်းဆိုနေတယ်။ ဒါကြောင့်ပဲ တော်လှန်ရေး တရပ် လိုအပ်ကြောင်း နားလည်နေကြပြီဖြစ်တဲ့ လေးနက်သော အလုပ်သမားတွေနဲ့ လူငယ်ထုအတွက် လမ်းပြ မီးရှူးတန်ဆောင်အဖြစ် တော်လှန်သော ကွန်မြူနစ် အင်တာနေရှင်နယ် (Revolutionary Communist International- RCI) ကို ကျနော်တို့ ဖွဲ့စည်းလိုက်တာ ဖြစ်တယ်။
ရှေ့လာမယ့် တော်လှန်ရေး လှိုင်းလုံးတွေမှာ အရင်းရှင်စနစ်ကို အပြီးတိုင် အဆုံးသတ်နိုင်ဖို့ လိုအပ်တဲ့ တော်လှန်ရေး ခေါင်းဆောင်မှုတရပ် ပေးနိုင်ဖို့ လိုတယ်။ ဒီလို တော်လှန်ရေး ခေါင်းဆောင်မှု ရှိထားမှ အရင်တုန်းကလို အလုပ်သမား လူတန်းစား ရှုံးပွဲနဲ့ လမ်းဆုံး မသွားဖို့ အာမခံချက်ရှိမယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်က အဲဒီလို ဦးဆောင်မှု ပေးနိုင်မယ့် တောင့်တင်းခိုင်မာတဲ့ တော်လှန်သော အင်တာနေရှင်နယ်တရပ် တည်ဆောက်ဖို့ပဲ။
ကွန်မင်တန် (Comintern) လို့ လူသိများတဲ့ တတိယ (ကွန်မြူနစ်) အင်တာနေရှင်နယ်ရဲ့ အစောပိုင်း နှစ်ကာလတွေဟာ ဒီကနေ့ခေတ် တော်လှန်သော ကွန်မြူနစ် အင်တာနေရှင်နယ် (RCI) ရဲ့ နိုင်ငံအလိုက် ဋ္ဌာနခွဲ (sections) တွေ တည်ဆောက်နေတဲ့ ကျနော်တို့အတွက် တန်ဖိုးဖြတ်မရတဲ့ သမိုင်းရေး အတွေ့အကြုံတွေ ဖြစ်တယ်။ လတ်တလော ကာလမှာတော့ ကျနော်တို့ အင်အားစုတွေဟာ နှိုင်းယှဉ်ချက်အရ အင်အားနည်းနေသေးတယ်။ ဒီ အင်အားစုတွေဟာ အားကောင်းပြီး ခိုင်ခံ့တဲ့ တော်လှန်သော ကွန်မြူနစ် ပါတီတွေအဖြစ် ဘယ်ပုံဘယ်နည်း ကူးပြောင်းသွားနိုင်မလဲ။
အင်တာနေရှင်နယ် အသစ်တရပ် လိုအပ်လာခြင်း
၁၉၁၄ ဇူလိုင်လမှာ ပထမကမ္ဘာစစ် စတင်ဖြစ်ပွားခဲ့တာဟာ ကမ္ဘာ့သမိုင်းမှာ ပြတ်သားတဲ့ အလှည့်အပြောင်းတခု ဖြစ်ခဲ့တယ်။ ဥရောပက နယ်ချဲ့ အင်အားကြီး နိုင်ငံတွေဟာ သူတို့ရဲ့ လုယက်ဖျက်ဆီးလိုတဲ့ စစ်ပွဲ ရည်မှန်းချက်တွေအတွက် သက်ဆိုင်ရာ အလုပ်သမား လူတန်းစားတွေကို တယောက်နဲ့တယောက် သတ်ဖြတ်ဖို့ စည်းရုံး လှုံ့ဆော်ခဲ့ကြတယ်။ အဲဒီအချိန်ဟာ ရှင်းလင်းပြတ်သားတဲ့ နိုင်ငံတကာဝါဒီ ဦးဆောင်မှုမျိုး အရင်ကထက်ပိုပြီး လိုအပ်နေခဲ့တဲ့ အချိန်ပဲ။ ဒီလို နိုင်ငံတကာ ခေါင်းဆောင်မှုတရပ်သာ ရှိခဲ့ရင် စစ်သွေးကြွ ရောဂါကို အမြစ်ဖြတ်ပြီး နယ်ချဲ့ စစ်ပွဲကနေ လူတန်းစား စစ်ပွဲအဖြစ် ပြောင်းလဲပစ်နိုင်ခဲ့မယ်။ ဒါပေမဲ့ ဒုတိယ အင်တာနေရှင်နယ်မှာရှိတဲ့ ပါတီ ခေါင်းဆောင် အားလုံးနီးပါးဟာ ဖိအားတွေအောက် ဒူးထောက်ခဲ့ကြပြီး ‘သူတို့’ ရဲ့ သက်ဆိုင်ရာ အရင်းရှင်တွေကို ထောက်ခံခဲ့ကြတယ်။
၁၈၈၉ ခုနှစ်မှာ စတင် ထူထောင်ခဲ့တဲ့ ဒုတိယ အင်တာနေရှင်နယ်ဟာ အရင်းရှင်စနစ် ဒီရေမြင့်ကာလ (upswing period) အတွင်း ကြီးထွားလာခဲ့တာ ဖြစ်တယ်။ ရှေ့မှာ ပြောခဲ့တဲ့ သစ္စာဖောက်လုပ်ရပ်ဟာ ဒီအချက်မှာ မြစ်ဖျားခံတယ်။ အရင်းရှင် စနစ် ဒီရေမြင့် ကာလအတွင်း အလုပ်သမား လူတန်းစားဟာ လူတန်းစား တိုက်ပွဲကတဆင့် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နိုင်ခဲ့တယ်။ ဒီအချက်ဟာ ပါတီအသီးသီးက ခေါင်းဆောင်တွေရဲ့ အမြင်ပေါ် ရိုက်ခတ်မှု ရှိခဲ့တယ်။ ပါတီ ခေါင်းဆောင်တွေဟာ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲခြင်း နည်းနဲ့ ဆိုရှယ်လစ် စနစ်ဆီ ချီတက်သွားနိုင်တယ်ဆိုတဲ့ အမြင်ကို ကိုင်စွဲလာကြတယ်။ ဒီလိုနဲ့ အချိန်ကြာလာတာနဲ့အမျှ ဆိုရှယ်လစ် တော်လှန်ရေး လုပ်ငန်းစဉ်ဟာ လူတန်းစား ရင်ကြားစေ့ရေးနဲ့ ပြုပြင်ပြောင်းလဲရေးဝါဒအောက်မှာ သင်းသတ်ခံလိုက်ရတယ်။
ဒီ အချောင်သမား လမ်းစဉ်ကို ဝေဖန်တိုက်ခိုက်မှုတွေ တသီကြီး ဆင်နွှဲခဲ့ပေမဲ့လဲ တကယ်တမ်း ယိုယွင်းပျက်ဆီးမှုက အဖတ်ဆယ်လို့ မရတော့ဘူး။ ဒေသန္တရ ကိုယ်စားလှယ်တွေက နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ လူတန်းစား ရင်ကြားစေ့ရေး နည်းနာတွေကို လက်တွေ့ ကျင့်သုံးစ ပြုနေကြပြီ။ ဒါပေမဲ့ ဂျာမန် ဆိုရှယ် ဒီမိုကရက်တစ် ပါတီ (SPD) ရဲ့ တရားဝင် ရပ်တည်ချက်ကတော့ မာ့က်စ်ဝါဒကို ဆုပ်ကိုင်ထားဆဲ ဖြစ်တယ်။ ဒါကြောင့်ပဲ စစ်စဖြစ်တဲ့အချိန်မှာ ဂျာမန် ပါတီ ခေါင်းဆောင်တွေ အညံ့ခံလိုက်တဲ့ သတင်းကို သိလိုက်ရတဲ့အချိန် လီနင် အတော်လေး တုန်လှုပ်သွားတာ ဖြစ်တယ်။ ဂျာမန် ပါတီက စစ်ပွဲကို ထောက်ခံကြောင်း ကြေညာထားတဲ့ သတင်းစာကို ဂျာမန် စစ်ရုံးချုပ်က လုပ်ကြံဖန်တီးထားတာလို့တောင် ထင်ခဲ့တယ်။
သစ္စာဖောက်မှုရဲ့ အတိုင်းအတာကို လီနင် ရှင်းရှင်းလင်းလင်း သိမြင်သွားတဲ့အခါမှာတော့ ကမ္ဘာ့ ဆိုရှယ်လစ် တော်လှန်ရေးကို အောင်ပွဲဆီ ဦးဆောင်ဖို့ ဖွဲ့ထားတဲ့ ဒုတိယ အင်တာနေရှင်နယ်ဟာ သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း လီနင် မှန်မှန်ကန်ကန် သုံးသပ်နိုင်ခဲ့တယ်။ ဒါကြောင့်လဲ ၁၉၁၄ နိုဝင်ဘာလမှာတင် တတိယ အင်တာနေရှင်နယ် တရပ် လိုအပ်လာပြီ ဖြစ်ကြောင်း လီနင် ကြေညာခဲ့တယ်။
ဒါပေမဲ့ အလုပ်သမား အဖွဲ့အစည်းတွေ မရှိတော့သလောက် ဖြစ်နေတယ်၊ နယ်ချဲ့စစ်ပွဲ အခြေအနေတွေအပြင် “ဆိုရှယ်လစ်” ခေါင်းဆောင်တွေရဲ့ သစ္စာဖောက်မှုကလဲ ထပ်လောင်း ရှိနေသေးတယ်၊ ဒီလို အခြေအနေအောက်မှာ အဲဒီလို အင်တာနေရှင်နယ်မျိုး တည်ထောင်ဖို့ ရေခံမြေခံ မရှိသေးဘူး။ တကယ်တမ်းပြောရရင် ၁၉၁၅ ဇင်မာဝေါလ်မှာလုပ်တဲ့ စစ်ဆန့်ကျင်ရေး ကွန်ဖရင့်မှာ လီနင်က တကမ္ဘာလုံးက စစ်မှန်တဲ့ နိုင်ငံတကာဝါဒီတွေကို ရထားလုံး အနည်းငယ်နဲ့တောင် စုပြုံထည့်လိုက်လို့ရတယ်လို့ မှတ်ချက်ပေးခဲ့သေးတယ်။ အင်တာနေရှင်နယ် အသစ်တရပ် တည်ဆောက်မယ့် အင်အားစုတွေ ပေါ်ထွက်လာဖို့ဆိုရင် ဖြစ်ရပ်တွေရဲ့ တိုးတက်ပြောင်းလဲဖို့ လိုအပ်ခဲ့တယ်။ အဲဒီထဲမှာ အရေးအကြီးဆုံး ဖြစ်ရပ်ကတော့ ၁၉၁၇ ရပ်ရှားတော်လှန်ရေးပဲ။
သီအိုရီရဲ့ အရေးပါမှု
ဒီအတွက်ကြောင့်ပဲ တော်လှန်သော အင်တာနေရှင်နယ်တရပ် ပြန်လည်တည်ထောင်ရာမှာ လီနင့်အဖို့ အရေးကြီးဆုံး လုပ်ငန်းတာဝန်က အချောင်သမားတွေရဲ့ ပုံဖျက် ဖျက်ဆီးခြင်းခံနေရတဲ့ စစ်မှန်သော မာ့က်စ်ဝါဒရဲ့ နည်းနာနဲ့ လုပ်ငန်းစဉ်တွေကို ပြန်ကယ်တင်ဖို့ပဲ။
၁၉၁၄ ခုနှစ် ပထမ ကမ္ဘာစစ် စတင်ဖြစ်ပွားလာတဲ့နောက် လီနင်တယောက် ဟေဂယ်ရဲ့ လက်ရာတွေကို နှံ့နှံ့စပ်စပ် အချိန်ပေး လေ့လာခဲ့တာဟာ တိုက်ဆိုင်မှု တခု မဟုတ်ဘူး။ လီနင် ဘာကြောင့် ဒီလို လေ့လာခဲ့သလဲ။ အကြောင်းကတော့ ဟေဂယ်ရဲ့ ဒိုင်ယာလက်တစ် နည်းနာကို နားလည်မထားရင် မာ့က်စ်ရဲ့ နည်းနာကို အပြည့်အဝ နားလည်ဖို့ မဖြစ်နိုင်လို့ပဲ။
‘မာ့က်စ်ဝါဒီ ဆိုသူတွေ’ဟာ စစ်ပွဲအတွင်း ‘သူတို့နိုင်ငံက’က အုပ်စိုးသူ လူတန်းစားကို ထောက်ခံခဲ့ကြတယ်၊ ဒီလို ထောက်ခံတာကို တရားထူထောင်ဖို့အတွက် မာ့က်စ်ရဲ့ ရေးသားချက် အတိုအထွာတွေကို လိုသလို ဆွဲပြီး တလွဲ ကိုးကားကြတယ်။ လီနင်က ဒိုင်ယာလက်တစ် နည်းနာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချပြီး အဲဒီ မာ့က်စ်ဝါဒီ ဆိုသူတွေကို တိုက်ခိုက်ခဲ့တယ်။ ဒါကြောင့် ပထမ ကမ္ဘာစစ် ကာလအတွင်း လီနင့် ရေးသားချက်တွေဟာ မာ့က်စ်ဝါဒ သဘောတရားရေး ဘဏ္ဍာတိုက်ကြီး ဖြစ်လာတယ်။ အဲဒီထဲမှာ ‘ဒုတိယ အင်တာနေရှင်နယ် ပျက်သုဉ်းခြင်း’ (၁၉၁၅)၊ ‘ဆိုရှယ်လစ် စနစ်နဲ့ စစ်ပွဲ’ စာအုပ်ငယ် (၁၉၁၅)၊ နောက် အင်မတန် ကျော်ကြားလှတဲ့ အရင်းရှင်စနစ်ရဲ့ အမြင့်ဆုံး အဆင့်ဖြစ်သော နယ်ချဲ့စနစ် (၁၉၁၆ ဇန်နဝါရီမှ ဇွန်လအတွင်း ရေးသား) စာအုပ်တွေ ပါဝင်တယ်။
မာ့က်စ်ဝါဒအပေါ် လီနင်ရဲ့ ရှင်းလင်းချက်တွေနဲ့ ကာကွယ်မှုတွေဟာ ဘော်ရှီဗစ်တွေဖို့ ရုရှား တော်လှန်ရေးကို အောင်ပွဲဆီ ဦးဆောင်နိုင်ဖို့အတွက် အသက်တမျှ အရေးကြီးခဲ့တယ်။ ဒီအချက်ကို ၁၉၁၇ မတ်လမှာ ရေးခဲ့တဲ့ ‘အဝေးရောက် ပေးစာများ’၊ အဲဒီနောက် ဆက်ရေးတဲ့ ‘ဧပြီ စစ်တမ်းများ’ နဲ့ ၁၉၁၇ သြဂုတ်ကနေ စက်တင်ဘာအတွင်း ရေးသားခဲ့ပြီး လီနင်ရဲ့ အထင်ကရ လက်ရာ ဖြစ်သော ‘နိုင်ငံတော်နဲ့ တော်လှန်ရေး’ စာအုပ်တွေမှာ အထင်အရှား မြင်နိုင်တယ်။ ဒီလက်ရာတွေ အားလုံးဟာ တော်လှန်ရေး ဖြစ်စဉ်အတွင်း ဘော်ရှီဗစ် ခေါင်းဆောင်ပိုင်းရဲ့ တုံ့ဆိုင်းမှုတွေကို တိုက်ဖျက်ရာမှာ အင်မတန် အရေးပါခဲ့တယ်။
ဘော်ရှီဗစ်ပါတီ သမိုင်းဟာ တော်လှန်ရေး ပါတီတရပ်ကို ဘယ်လို တည်ဆောက်ရမလဲ ဆိုတဲ့ သင်ခန်းစာတွေ အင်မတန် ကြွယ်ဝပြည့်စုံတဲ့ သမိုင်းပဲ။ ပါတီ သက်တမ်းတလျှောက် လျှို့ဝှက် လှုပ်ရှားရတဲ့ ကာလတွေ ရှိခဲ့သလို၊ အင်မတန် ခက်ခဲလှတဲ့ အခြေအနေတွေအောက် ကလာပ်စည်း အသေးလေးတွေနဲ့ အလုပ်လုပ်ခဲ့ရတဲ့ ကာလတွေလဲ ဖြတ်သန်းခဲ့ရတယ်။ ဒါပေမဲ့ ၁၉၀၅ ခုနှစ် ပထမအကြိမ် ရပ်ရှား တော်လှန်ရေး ပေါ်ပေါက်လာတဲ့ အချိန်လို လူထုကြား ပေါ်ပေါ်ထင်ထင် လှုပ်ရှားခဲ့တဲ့ ကာလတွေလဲ ရှိခဲ့တယ်။
ဘော်ရှီဗစ်ပါတီရဲ့ ဒီလို ကြွယ်ဝတဲ့ အတွေ့အကြုံတွေဟာ ၁၉၁၉ ခုနှစ်ကနေ ၁၉၂၂ ခုနှစ်အတွင်း ကျင်းပခဲ့တဲ့ ကွန်မြူနစ် အင်တာနေရှင်နယ်ရဲ့ ပထမ အကြိမ်ကနေ စတုတ္ထ အကြိမ်မြောက် ကွန်ဂရက်အထိ ကာလအတွင်း သီအိုရီဆိုင်ရာ အခြေခံ အုတ်မြစ် ဖြစ်လာခဲ့တယ်။ ဒါတွေအားလုံးဟာ ကွန်ဂရက် ဆွေးနွေးပွဲတွေကနေ ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာခဲ့တယ်။
ပထမဆုံး ကွန်ဂရက် လေးခုရဲ့ ဆုံးဖြတ်ချက်တွေ၊ စာတမ်းတွေနဲ့ ကွန်ဂရက် မိန့်ခွန်းတွေကို လေ့လာကြည့်မယ်ဆိုရင် မာ့က်စ်ဝါဒ သီအိုရီရေးရာ အထင်ကရ ပုဂ္ဂိုလ်ကြီး နှစ်ယောက်ဖြစ်တဲ့ လီနင်နဲ့ ထရော့စကီးတို့ရဲ့ ပညာပေး အခန်းကဏ္ဍကို အင်မတန် ထင်ရှားစွာ တွေ့မြင်ရမယ်။ လီနင်နဲ့ ထရော့စကီးဟာ သူတို့ စုဆောင်းခဲ့တဲ့ အတွေ့အကြုံတွေနဲ့ အတွေးအခေါ်တွေကို ရှေ့တန်းရောက်လာတဲ့ တော်လှန်ရေး ခေါင်းဆောင် မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းပေးဖို့က သူတို့ရဲ့ တာဝန်ပဲလို့ သေချာ နားလည်ခဲ့ကြတယ်။ အဲဒီလိုနည်းနဲ့ သူတို့ဟာ ကမ္ဘာတဝှမ်း အသစ် ပေါ်ပေါက်လာနေတဲ့ ကွန်မြူနစ် ပါတီတွေကို အောင်ပွဲရရှိရေး မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ဗျူဟာတွေ တပ်ဆင်ပေးနိုင်ခဲ့တယ်။
တိုက်ပွဲခေါ်သံ ပေးလိုက်တဲ့ ပထမအကြိမ် ကွန်ဂရက်
ကြီးမားတဲ့ ဖြစ်ရပ်တွေက တော်လှန်ရေးအတွက် ရေခံမြေခံတွေ ပြင်ဆင်ပေးတယ်၊ တဖန် အဲဒီအဖြစ်အပျက်တွေ ထွက်ပေါ်လာအောင် ပြင်ဆင်ပေးလိုက်တာကတော့ အရင်းရှင်စနစ်ရဲ့ အကျပ်အတည်းပဲ။ ၁၉၁၇ ရပ်ရှား တော်လှန်ရေးဟာ ပထမ ကမ္ဘာစစ်ကြီးအပြီး ဥရောပတလွှား တော်လှန်ရေး လှိုင်းလုံးကြီး ရိုက်ခတ်သွားတဲ့ ကာလကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးလိုက်တယ်။ တော်လှန်ရေး ဖြစ်ဖို့ လိုအပ်တဲ့ ပကတိဘာဝ အခြေအနေတွေဟာ တနိုင်ငံပြီး တနိုင်ငံ ရင့်မှည့်နေခဲ့ပြီးပြီ၊ ဒါမှမဟုတ် ရင့်မှည့်လာနေပြီ။
၁၉၁၈ ဇန်နဝါရီလ၊ သြစတြီးယား-ဟန်ဂေရီမှာ တော်လှန်ရေး အသွင်ဆောင်တဲ့ အထွေထွေ သပိတ်ကြီး ဖြစ်ခဲ့တယ်။ အဲဒီနှစ် နိုဝင်ဘာလမှာ ဂျာမန် တော်လှန်ရေး စဖြစ်တယ်။ တော်လှန်ရေးကြောင့် ဂျာမန် အင်ပါယာရှင် နန်းကျတယ်။ တော်လှန်ရေးက စစ်ကြီးကို အဆုံးသတ်ပေးလိုက်တယ်။ ဂျာမန် ဆိုရှယ် ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင်တွေ အစိုးရထဲ ရောက်သွားပြီး အရင်းရှင်တွေ လက်ထဲ အာဏာပြန်အပ်ဖို့ တတ်နိုင်သမျှ အကုန် လုပ်ခဲ့ကြတယ်။ သြစတြီးယားမှာ တော်လှန်ရေး ပြန်ဖြစ်တော့လည်း သြစတြီးယား ဆိုရှယ် ဒီမိုကရက်တွေက ဂျာမန် ပါတီနည်းတူ အလုပ်သမားထုကို သစ္စာဖောက်ခဲ့ကြပြန်တယ်။
အဲဒီအချိန် ဒုတိယ အင်တာနေရှင်နယ်မှာ အုပ်စုကြီး သုံးခု ကွဲသွားတယ်။ ပထမ အုပ်စုကတော့ စစ်အတွင်း ဗြောင်ကျကျ သစ္စာဖောက်ခဲ့တဲ့ ရှော်ဗင်ဝါဒီတွေပဲ။ ဒုတိယ အုပ်စုကတော့ သူတို့ရဲ့ အချောင်သမား လုပ်ရပ်တွေကို တော်လှန်ရေး သကာရည် စကားအလှနဲ့ ဖုံးကွယ်ထားတဲ့ အုပ်စု၊ ဒီအုပ်စုကို လီနင်က ‘ဗဟိုဝါဒီတွေ’ လို့ ခေါ်တယ်။ ကားလ်ကောက်စကီးက ဒီ ဒုတိယ အုပ်စုရဲ့ ခေါင်းဆောင်ပဲ။ တတိယ အုပ်စုကတော့ တဖြည်းဖြည်း ကြီးထွားလာနေတဲ့ တော်လှန်ရေး အင်အားစုပဲ၊ အဲဒီအထဲက အများစုဟာ ဒုတိယ အင်တာနေရှင်နယ်ကနေ ခွဲထွက်ပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီးမှာ ကွန်မြူနစ်ပါတီတွေ တည်ထောင်ခဲ့ကြတယ်။
ကွန်မြူနစ် အင်တာနေရှင်နယ်ရဲ့ ပထမအကြိမ် ကွန်ဂရက်ကို ၁၉၁၉ မတ်လ ၂ ရက်ကနေ ၆ ရက်အထိ မော်စကိုမှာ ကျင်းပခဲ့တယ်။ ကမ္ဘာတလွှားက တော်လှန်ရေး အင်အားစုတွေကို တစုတစည်းတည်း ဖြစ်အောင် စုစည်းဖို့ ရည်ရွယ် ကျင်းပခဲ့တာ ဖြစ်တယ်။ ပြည်တွင်းစစ် အရှိန်တက်နေချိန် မော်စကိုအထိ ခရီးသွားလာဖို့ အလွန်ခက်ခဲသလို ရယ်ဒီကယ် လှိုင်းရဲ့ ကနဦး အဆင့်ပဲ ရှိသေးတယ်။ ဒါကြောင့်လည်း ကွန်ဂရက်ကို တက်ရောက်တဲ့ ကိုယ်စားလှယ်က ၅၂ ယောက်ပဲ ရှိခဲ့တယ်။ အဲသလို အနေအထားမျိုးမှာ ကွန်ဂရက် ကျင်းပခြင်းဟာ တိုက်ပွဲ ခေါ်သံ ပေးလိုက်တဲ့ သဘော ပိုသက်ရောက်တယ်။ ကမ္ဘာ့ တော်လှန်ရေး ဖြစ်စဉ် ရင့်ကျက်လာတာနဲ့အမျှ ကမ္ဘာတလွှား အင်အားကောင်းလာတဲ့ တော်လှန်သော လက်ဝဲ အင်အားစုတွေ အားကိုးအားထားပြုစရာ ဆုံချက်အဖြစ် တတိယ အင်တာနေရှင်နယ် ပေါ်ထွက်လာခြင်း ဖြစ်တယ်။
ဒီကွန်ဂရက်က လီယွန် ထရော့စကီး မူကြမ်းရေးထားတဲ့ ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့တယ်။ ယင်း ကြေညာစာတမ်းမှာ အခုလို ရဲရဲဝံ့ဝံ့ ကြေညာထားတယ်။
“တကယ် စစ်မှန်တဲ့ စနစ်တရပ်ဖြစ်တဲ့ ကွန်မြူနစ် စနစ်ကို ပစ္စည်းမဲ့ လူတန်းစားက တည်ဆောက်ရလိမ့်မယ်။ ပစ္စည်းမဲ့ လူတန်းစားက အရင်း အုပ်စိုးမှုကို အဆုံးသတ်ပေးရမယ်၊ စစ်ပွဲတွေ ဖြစ်မလာအောင် လုပ်ရမယ်၊ နိုင်ငံတော် အကန့်အသတ်တွေကို ဖြိုလှဲပစ်ရမယ်၊ တကမ္ဘာလုံးကို သမဝါယမကျကျ စုစည်းလုပ်ဆောင်တဲ့ ဓနသဟာယ လောကတရပ် ဖြစ်လာအောင် ပြောင်းလဲရမယ်၊ စစ်မှန်ပြီး လူသားဆန်တဲ့ သွေးချင်းသဖွယ် ချစ်ခင်မှုနဲ့ လွတ်လပ်မှုတို့ကို ဆောင်ကျဉ်းလာရမယ်။” [L Trotsky, ‘Manifesto of the First Congress of the Comintern’, The New International, Vol. 9, No. 6, 1943, pg 191]
ကွန်ဂရက် ကျင်းပရခြင်းရဲ့ အဓိက ရည်ရွယ်ချက်တွေထဲက တခုက ကောက်စကီရဲ့ ဗဟိုဝါဒီအုပ်စု အပါအဝင် ဒုတိယ အင်တာနေရှင်နယ်ရဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီတွေနဲ့ ကွန်မြူနစ် အင်တာနေရှင်နယ်အကြား ပြတ်ပြတ်သားသား နယ်စည်းခြားလိုက်ဖို့ပဲ ဖြစ်တယ်။ ဒါကြောင့် ကွန်ဂရက်ရဲ့ ဆွေးနွေးချက် အများစုဟာ ပြုပြင်ရေးဝါဒီတွေ ဆန့်ကျင်ကြတဲ့ ‘ပစ္စည်းမဲ့ အာဏာရှင်စနစ်’နဲ့ ဆိုဗီယက် ဒီမိုကရေစီ (ဆိုလိုတာက အလုပ်သမား အာဏာ) ကို အသိအမှတ်ပြုရေးအပေါ် အဓိက အာရုံစိုက်ခဲ့ကြတယ်။
ဒီအတွက်ပဲ ပထမအကြိမ် ကွန်ဂရက်ဟာ ကမ္ဘာ့ တော်လှန်ရေး အလံတော်ကို ကမ္ဘာတလွှားက အလုပ်သမားထု မြင်တွေ့နိုင်အောင် ခိုင်ခိုင်မာမာ လွှင့်ထူခဲ့တယ်။ နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မုန်တိုင်းထန်သော တိုက်ပွဲ ကာလမှာ ကွန်မြူနစ် အင်တာနေရှင်နယ် အသစ်က လူသန်းပေါင်း များစွာအတွက် အားကိုးအားထားပြုရာ ဖြစ်လာခဲ့တယ်။
ရယ်ဒီကယ်လှိုင်း ဒီရေမြင့်သစ်
လူတန်းစား တိုက်ပွဲဟာ ဆယ်စုနှစ်များစွာ အချိန်ယူ တည်ဆောက်ရတာ ဖြစ်တယ်။ ဒါပေမဲ့ အလုပ်သမားထုရဲ့ လူတန်းစား အသိစိတ် တရှိန်ထိုး တိုးတက်လာတာကို မြင်ရတဲ့ ကာလတွေလဲ ရှိတယ်။ ဗြိတိန်မှာ သပိတ် လှုပ်ရှားမှုကြောင့် ဆုံးရှုံးခဲ့ရတဲ့ အလုပ်ရက်ပေါင်းက ၁၉၁၉ မှာ ၃၅ သန်း၊ ၁၉၂၁ မှာ ၈၆ သန်း ရှိခဲ့တယ်။ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင် အရေအတွက်က ၁၉၁၄ ခုနှစ်မှာ ၄၁ သိန်း ရှိရာကနေ ၁၉၂၀ အရောက်မှာ ၈၃ သိန်းအထိ တိုးတက်လာတယ်။ လေဘာ ပါတီအပေါ် ထောက်ခံမှုပါ တိုးတက်လာခဲ့တယ်။ ဒါ့အပြင် လေဘာပါတီ (Labour Party) အပေါ် ထောက်ခံမှုလဲ အရှိန်အဟုန်နဲ့ မြင့်တက်လာတယ်။

ဂျာမနီ နိုင်ငံမှာတော့ ၁၉၁၉ ခုနှစ်မှာ သပိတ်မှောက်မှု အကြိမ်ရေ ၃,၆၈၂ ကြိမ် ရှိခဲ့ရာကနေ ၁၉၂၂ ခုနှစ်မှာ ၄,၃၄၈ ကြိမ်အထိ တိုးလာခဲ့တယ်။ ဆိုရှယ်လစ် အလုပ်သမား သမဂ္ဂတွေရဲ့ အဖွဲ့ဝင် အရေအတွက်ဟာ ၁၉၁၈ ခုနှစ်မှာ ၁.၈ သန်း ရှိခဲ့ရာကနေ ၁၉၁၉ ခုနှစ်မှာ ၅.၅ သန်းအထိ ဖြစ်လာခဲ့တယ်။ တနှစ်အတွင်းမှာတင် အလုပ်သမား ၄ သန်းနီးပါးလောက် အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ ၁၉၂၀ ပြည့်နှစ်အရောက်မှာတော့ ဆိုရှယ်လစ် သမဂ္ဂတွေတင်မကဘဲ သမဂ္ဂ အားလုံးရဲ့ အဖွဲ့ဝင် စုစုပေါင်းဟာ ၁၀ သန်းအထိ ရှိလာခဲ့တယ်။ ဒါဟာ ၁၉၁၈ ခုနှစ်မှာ စတင်ခဲ့တဲ့ တော်လှန်ရေးကို ကိန်းဂဏန်းတွေနဲ့ ဖော်ပြလိုက်တာပဲ ဖြစ်တယ်။
အီတလီမှာလည်း ဆိုရှယ်လစ်တွေ ဦးဆောင်တဲ့ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် (CGL) ဟာ ၁၉၁၈ ခုနှစ်မှာ အဖွဲ့ဝင် ၂ သိန်းခွဲပဲ ရှိခဲ့ရာကနေ ၁၉၂၀ ပြည့်နှစ်မှာ ၂.၁ သန်းအထိ ဖြစ်လာခဲ့တယ်။ တချိန်တည်းမှာပဲ အီတလီ ဆိုရှယ်လစ် ပါတီ (PSI) ရဲ့ ပါတီဝင် အရေအတွက်ဟာလဲ အဲဒီ ကာလအတွင်း ၃ ဆကျော် တိုးတက်လာခဲ့တယ်၊ ၁၉၁၈ ခုနှစ်မှာ ပါတီဝင် ၆ သောင်း ရှိခဲ့ရာကနေ ၁၉၂၀ ပြည့်နှစ်မှာ ၂ သိန်း ၁ သောင်းအထိ ရှိလာခဲ့တယ်။ ဒီ (၂)နှစ်အတွင်း သပိတ် တိုက်ပွဲ လှိုင်းကြီး အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပြီး ၁၉၂၀ စက်တင်ဘာလမှာတော့ စက်ရုံတွေကို သိမ်းပိုက်တဲ့အထိ အရှိန်အဟုန် မြင့်တက်သွားခဲ့တယ်။
အခြား နိုင်ငံ အတော်များများမှာလည်း အလားတူ ကိန်းဂဏန်းတွေကို တွေ့နိုင်တယ်။ အတိုချုံး ပြောရရင် နေရာတိုင်းမှာ အလုပ်သမား သမဂ္ဂတွေဟာ အဆမတန် ကြီးထွားလာခဲ့သလို၊ ပစ္စည်းမဲ့ လူတန်းစားရဲ့ ပါတီတွေလဲ သိသိသာသာ အားကောင်းလာခဲ့တယ်။
တချိန်တည်းမှာပဲ နေရာတိုင်းက အလုပ်သမား သမဂ္ဂ ခေါင်းဆောင်တွေဟာ ကွန်ဆာဗေးတစ်ဆန်ဆန် ပြုမူခဲ့ကြတယ်။ အလုပ်သမားထုကို ရှေ့ဆက် မတိုးနိုင်အောင် ဟန့်တားထားခဲ့ကြတယ်။ အဲသလိုပဲ အလုပ်သမား လူတန်းစားရဲ့ နိုင်ငံရေး ခေါင်းဆောင်ပိုင်းကလဲ ဗြောင် သစ္စာဖောက်နေခဲ့ကြတယ်။
ဒီလို အတွေ့အကြုံတွေကြောင့်ပဲ ဆိုရှယ်လစ် ပါတီတွေအတွင်း အားကောင်းတဲ့ လက်ဝဲ အင်အားစုတွေ ပေါ်ထွက်လာခဲ့တယ်။ ဂျာမနီ၊ ပြင်သစ်နဲ့ အီတလီလို နိုင်ငံတွေက ကွန်မြူနစ် ပါတီကြီး တချို့ဟာ အဲဒီလို လက်ဝဲ အင်အားစုတွေကနေ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်တယ်။
ဒီဖြစ်စဉ် ဘယ်လို ဖြစ်ပေါ် ပြောင်းလဲသွားသလဲ ဆိုတာနဲ့ ပတ်သက်လို့ နေရာတိုင်းနဲ့ ကိုက်ညီတဲ့ ပုံသေနည်းရယ်လို့ မရှိပါဘူး။ ပြင်သစ်၊ အီတလီနဲ့ ဂျာမနီတို့မှာ ကွန်မြူနစ် ပါတီတွေရဲ့ အဓိက အင်အားစုဟာ ဆိုရှယ် ဒီမိုကရေစီ အင်အားစု အဟောင်းထဲက ပေါ်ထွက်လာခဲ့ခြင်း ဖြစ်တယ်။
ဗြိတိန်လို တခြား တိုင်းပြည်တွေမှာကျ တော်လှန်ရေး အဖွဲ့ငယ်လေးတွေ စုပေါင်းပြီး ကွန်မြူနစ် အင်တာနေရှင်နယ်ရဲ့ နိုင်ငံအဆင့် အဖွဲ့ခွဲတွေ ဖြစ်လာကြတယ်။ အာရှ၊ အာဖရိကနဲ့ လက်တင် အမေရိက တခွင်က တခြား နေရာတွေမှာတော့ ကွန်မြူနစ် ပါတီတွေကို လက်တဆုပ်စာ ကေဒါ အနည်းငယ်နဲ့ စတင် တည်ဆောက်ခဲ့ကြတာ ဖြစ်ပြီး တရုတ် နိုင်ငံဟာ အဲဒီအတွက် အထင်ရှားဆုံး ဥပမာတခုပဲ။
ပြင်သစ်
ပြင်သစ် ဆိုရှယ်လစ်ပါတီ (French Section of the Workers’ International – SFIO) ရဲ့ အဖွဲ့ဝင်ထုဟာ ပြင်သစ်နိုင်ငံတွင်း အကျပ်အတည်းရဲ့ ရိုက်ခတ်မှုနဲ့ ရပ်ရှား တော်လှန်ရေးရဲ့ သက်ရောက်မှုကို ခံစားခဲ့ရတယ်။ ၁၉၂၀ ပြည့်နှစ်မှာ ပါတီ ကွန်ဂရက် နှစ်ခု ကျင်းပခဲ့တယ်။ ဧပြီလထဲမှာ ကျင်းပတဲ့ ကွန်ဂရက်မှာ ဆိုဗီယက် ရပ်ရှားကို သွားရောက်ဖို့ ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ကို အမည်စာရင်း တင်သွင်းခဲ့တယ်။ အဲဒီနှစ် ဒီဇင်ဘာလကုန်မှာတော့ တိုးစ် (Tours) မြို့မှာ ဒုတိယမြောက် ကွန်ဂရက်ကို ကျင်းပခဲ့တယ်။
SFIO ရဲ့ အထွေထွေ အတွင်းရေးမှူး လျုဒိုဗစ်ခ်-အော်စကာ ဖော့ဆာ့ခ်နဲ့ ပါတီစာစောင် L’Humanité ရဲ့ အယ်ဒီတာ အသစ် မာ့ခ်ဆဲလ်ကာ့ချင်းန်တို့ဟာ ကွန်မြူနစ် အင်တာနေရှင်နယ်ထဲကို ဘာကန့်သတ်ချက်မှ မထားဘဲ တင်းပြည့် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ဖို့ ဆော်ဩခဲ့တယ်။ ဒီအဆိုကို ဆန့်ကျင်တာကတော့ နာမည်ကြီး လွှတ်တော်အမတ် လီယွန်ဘလွန်းမ် ဦးဆောင်တဲ့ လက်ယာဂိုဏ်း။ ယန်းန် လွန်းဂေ ကတော့ တတိယ အဆိုတခု တင်ပြတယ်။ ကွန်မြူနစ် အင်တာနေရှင်နယ်ထဲကို ဝင်တော့ ဝင်မယ်၊ ‘အကန့်အသတ်တချို့’ ထားရမယ်လို့ ဆိုတယ်။ ကွန်မြူနစ် အင်တာနေရှင်နယ်ရဲ့ လုပ်ငန်းစဉ်နဲ့ အခြေခံ မူတွေကို အပြည့်အဝ မလိုက်နာဘူးဆိုတဲ့ သဘော။
ကွန်ဂရက်ထဲ တင်ပြလာတဲ့ အမျိုးမျိုးသော အဆိုတွေကို ကြားနာပြီး နောက်မှာတော့ ကွန်ဂရက်ကိုယ်စားလှယ် အများစုကြီးက ကွန်မြူနစ် အင်တာနေရှင်နယ်ထဲကို အဖွဲ့ဝင်အဖြစ် ဝင်ရောက်ဖို့ မဲပေးခဲ့ကြတယ်။ ထောက်ခံမဲ ၃,၂၅၂ မဲ၊ ကန့်ကွက်မဲ ၁,၀၂၂ မဲ ရှိခဲ့တယ်။ ပါတီရဲ့ လူငယ် အဖွဲ့ကတော့ ပြီးခဲ့တဲ့ လတချို့ကတည်းက ကွန်မြူနစ် လူငယ် အင်တာနေရှင်နယ်ကို ဝင်ရောက်ဖို့ ဆုံးဖြတ်ချက် ကျခဲ့ပြီးသား ဖြစ်တယ်။
နောက် လတချို့ အကြာမှာတော့ ပါတီအမည်ကို ကွန်မြူနစ် ပါတီ – ကွန်မြူနစ် အင်တာနေရှင်နယ်၏ ပြင်သစ် ဌာနခွဲ (Communist Party -French Section of the Communist International / PC-SFIC) လို့ ပြောင်းလဲလိုက်တယ်။ ပါတီဝင် ၁၁၀,၀၀၀ ရှိခဲ့တယ်။ လီယွန် ဘလွန်းမ် ကတော့ ပါတီဝင် လေးသောင်းနဲ့အတူ SFIO ကနေ ခွဲထွက်သွားခဲ့တယ်။
အီတလီ
အီတလီမှာ PSI က ၁၉၁၉ မတ်လမှာ ကွန်မြူနစ် အင်တာနေရှင်နယ်ထဲ တရားဝင် ဝင်ရောက်ခဲ့တယ်။ ၁၉၁၉ အောက်တိုဘာလက ဘိုလော့ဂ်နာမှာ ကျင်းပတဲ့ ကွန်ဂရက်မှာဆိုရင် အီတလီမှာ ဆိုဗီယက်တွေ တည်ထောင်ဖို့နဲ့ အရင်းရှင် ဒီမိုကရေစီကို ဖြုတ်ချဖို့အထိ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ဒါဟာ စကားလုံးသက်သက်ပဲ ဖြစ်တယ်၊ လက်တွေ့မှာတော့ ဒီဆုံးဖြတ်ချက်တွေအတိုင်း တစိုက်မတ်မတ် အကောင်အထည်ဖော်ဖို့ ဘာမှ မယ်မယ်ရရ မလုပ်ခဲ့ဘူး။
ဘိုလော့ဂ်နာ ကွန်ဂရက်ဟာ ပါတီ အောက်ခြေ အဖွဲ့ဝင်တွေရဲ့ တကယ့် ဆန္ဒကို ဖော်ပြရုံပဲ ရှိခဲ့တယ်၊ ဒါပေမဲ့ အဲဒီဆန္ဒတွေကို ပြုပြင်ပြောင်းလဲရေးဝါဒီတွေနဲ့ ဗဟိုဝါဒီ ခေါင်းဆောင်တွေက ပိတ်ဆို့ ဟန့်တားခဲ့ကြတယ်။
၁၉၂၀ စက်တင်ဘာလ စက်ရုံတွေ သိမ်းပိုက်ထားစဉ် ပြုပြင်ပြောင်းလဲရေးဝါဒီတွေရဲ့ သစ္စာဖောက် လုပ်ရပ်ဟာ ပါတီတွင်း စစ်မှန်တဲ့ တော်လှန်ရေး ဂိုဏ်းနဲ့ တွေဝေယိမ်းယိုင်သော ဗဟိုဝါဒီ၊ ပြုပြင်ပြောင်းလဲရေးဝါဒီတို့ကြား ကွဲပြားမှုကို ပိုမြန်သွားစေခဲ့တယ်။

ကွန်မင်တန် (Comintern) ဒုတိယအကြိမ် ကွန်ဂရက်က ‘ကွန်မြူနစ် အင်တာနေရှင်နယ် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် စည်းကမ်းချက်များ’ကို ချမှတ်ထားတယ်။ ‘စည်းကမ်း ၂၁ ချက်’လို့ ခေါ်လေ့ရှိတယ်။ ဒီစည်းကမ်းချက်တွေက ကွန်မြူနစ် အင်တာနေရှင်နယ်နဲ့ အချောင်သမား လမ်းစဉ်အကြား စည်းခြားထားဖို့ ချမှတ်ခဲ့ခြင်း ဖြစ်တယ်။ ၁၉၂၁ ဇန်နဝါရီလ၊ လဗော်ရ်နိုမှာ အီတလီ ပါတီကွန်ဂရက် ကျင်းပတော့ ကွန်မင်တန်ရဲ့ စည်းကမ်း ၂၁ ချက်ကို အကြိတ်အနယ် ဆွေးနွေးခဲ့ကြတယ်။ ပါတီရဲ့ ပြုပြင်ရေးဝါဒီ ဂိုဏ်းနဲ့ ပြုပြင်ရေးဝါဒီခေါင်းဆောင်တွေကို ထုတ်ပစ်ဖို့၊ အထူးသဖြင့် ဖိလစ်ပို တုရာတီနဲ့ ဂွီဆက်ပ်ပီ မိုဒီဂလျာနီကို ပါတီကနေ ထုတ်ပယ်ပစ်ရေး ပြဿနာကို အတိအလင်း တင်ပြလာတာ ဖြစ်တယ်။
နောင်မှာ အီတလီ ကွန်မြူနစ် ပါတီ ခေါင်းဆောင် ဖြစ်လာမယ့် အာမေဒီယို ဘော်ဒီဂါက စည်းကမ်းချက် ၂၁ ချက်လုံး အပြည့်အဝ လက်ခံ လိုက်နာရေး အဆိုကို ထောက်ခံ ဆွေးနွေးခဲ့တယ်။ ပါတီတွင်း ဗဟိုဝါဒီ အများစုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဂျီယာဆင်တို ဆာရက်တီကတော့ စည်းကမ်းချက် ၂၁ ချက်လုံး အပြည့်အဝ လိုက်နာရေး အဆိုကို ငြင်းပယ် ကန့်ကွက်ခဲ့တယ်။
ကွန်ဂရက်ကို တင်သွင်းတဲ့ ဆုံးဖြတ်ချက် သုံးရပ်မှာ ဆာရက်တီက ပါတီဝင် ၁၀၀,၀၀၀ ရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီး၊ လက်ယာဂိုဏ်းက ပါတီဝင် ၁၅,၀၀၀ ရဲ့ ထောက်ခံမှုကို ရရှိခဲ့တယ်။ ကွန်မြူနစ်တွေကို ထောက်ခံတဲ့ ပါတီဝင် ၅၈,၀၀၀ ရှိခဲ့တယ်။
အဲဒီနောက်မှာတော့ ကွန်မြူနစ်တွေဟာ အင်တာနေရှင်နယ် သီချင်းကို ကြူးရင့်ပြီး ကွန်ဂရက်ကနေ ထွက်လာခဲ့ကြတယ်။ ဆန်မာကို ပြဇာတ်ရုံမှာ စုရုံးပြီး ကွန်မြူနစ် အင်တာနေရှင်နယ်ရဲ့ အီတလီ ဌာနခွဲဖြစ်တဲ့ အီတလီ ကွန်မြူနစ် ပါတီ (PCd’I) ကို တည်ထောင်လိုက်တယ်။
ဂျာမနီ
ဂျာမနီမှာတော့ အဖြစ်အပျက်တွေက ပြင်သစ်တို့၊ အီတလီတို့လောက် မရိုးရှင်းဘူး။ သို့ပေမဲ့လည်း ဖြစ်ပေါ် တိုးတက်မှုကတော့ မနီးယိုးစွဲ ရှိတယ်။ နောင်မှာ ဂျာမနီ ကွန်မြူနစ် ပါတီဝင်တွေ ဖြစ်လာမယ့် ပါတီဝင် အများစုကြီးဟာ စစ်ကြီးအပြီး နောက်ဆက်တွဲ တော်လှန်ရေး ဖြစ်ရပ်တွေကြောင့် အဆမတန် အင်အားကြီးထွားလာတဲ့ ဂျာမန် ဆိုရှယ် ဒီမိုကရက်တစ် ပါတီ (SPD) ပါတီဝင်ထုကနေပဲ ဆင်းသက်လာတာ ဖြစ်တယ်။
အစောပိုင်းမှာတော့ စစ်မှန်တဲ့ တော်လှန်ရေးသမားတွေဟာ ဂျာမန် ပါတီအတွင်းက နိုင်ငံတကာဝါဒီ အုပ်စုကို အခြေခံပြီး စုရုံးမိခဲ့ကြတယ်။ ဒီအုပ်စုဟာ နောင်မှာ စပါတာဆစ်တ် (Spartacists) ရယ်လို့ လူသိများလာမယ့် အစုပဲ။ ၁၉၁၇ ဧပြီမှာ USPD လို့ခေါ်တဲ့ ‘သီးခြား ရပ်တည်သူများ’ ပေါ်ထွက်လာမှုနဲ့အတူ ဂျာမန် ပါတီတွင်း ကြီးမားတဲ့ အကွဲအပြဲတခု ပေါ်ပေါက်ခဲ့တယ်။ စပါတာဆစ်တ်တွေဟာ USDP နဲ့အတူ ရပ်တည်ခဲ့ပေမဲ့ ၁၉၁၈ နိုဝင်ဘာလ ဂျာမန် တော်လှန်ရေး ပေါက်ကွဲထွက်လာတဲ့ နောက်မှာတော့ USPD နဲ့ လမ်းခွဲပြီး ၁၉၁၈ နှစ်ကုန်ပိုင်းမှာ ကွန်မြူနစ် ပါတီကို တည်ထောင်ခဲ့ကြတယ်။
SPD ရဲ့ ပြုပြင်ရေးဝါဒ၊ ကောက်စကီး အပါအဝင် USPD ခေါင်းဆောင် အများစုရဲ့ အချောင်သမားဝါဒတွေကို ဆန့်ကျင်ခဲ့ရခြင်းဟာ ကွန်မြူနစ် ပါတီအပေါ် သက်ရောက်မှု ကြီးမားခဲ့တယ်။ ဒီ အကျိုးဆက်ကြောင့် ကွန်မြူနစ် ပါတီဟာ မွေးဖွားလာကတည်းက လက်ဝဲစွန်း အတွေးအခေါ် ကူးစက်ခံထားရပြီး ဖြစ်တယ်။ ဥပမာထုတ်ပြရရင် ကွန်မြူနစ် ပါတီဟာ အလုပ်သမား သမဂ္ဂတွေကို သပိတ်မှောက်ခဲ့သလို ၁၉၁၉ ဇန်နဝါရီမှာ ကျင်းပတဲ့ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲမှာ ပါဝင်ဖို့လဲ ငြင်းဆန်ခဲ့တယ်။ ၁၉၁၉ ဇန်နဝါရီမှာ အခြေအနေတွေ မရင့်မှည့်သေးဘဲ အချိန်မတိုင်ခင် လှုပ်ရှားထကြွခဲ့တဲ့ ‘စပါတာဆစ်တ် ပုန်ကန်မှု’လို ကမူးရှူးထိုး စွန့်စားရေးဝါဒ (adventurism) ဆန်ဆန်လဲ လုပ်လေ့ရှိတယ်။ ပုန်ကန်မှုဖြစ်ပြီး မကြာခင်မှာပဲ ပါတီရဲ့ ရှေ့တန်းအရောက်ဆုံး ခေါင်းဆောင်နှစ်ဦး ဖြစ်တဲ့ ရိုဆာ လူဇင်ဘက်နဲ့ ကားလ်လိုက်ဘညက်တို့ ကွပ်မျက်ခံခဲ့ရတယ်။ အဲဒီနောက်မှာတော့ ပါတီရဲ့ လက်ဝဲစွန်း ယိမ်းယိုင်မှုကို ထိန်းချုပ် ပဲ့ကိုင်ပေးနိုင်လောက်အောင် အတွေ့အကြုံ ရင့်ကျက်တဲ့ ခေါင်းဆောင်တွေ နည်းသထက် နည်းသွားခဲ့တယ်။
‘သီးခြားလွတ်လပ်စွာ ရပ်တည်သော ဂျာမန် ဆိုရှယ်ဒီမိုကရက်တစ် ပါတီ’ (USPD) ကပဲ အင်အားကြီး အဖွဲ့အစည်းအဖြစ် ပေါ်ထွက်လာခဲ့တယ်။ ၁၉၁၉ မတ်လမှာ ပါတီဝင် အင်အား သုံးသိန်း ရှိခဲ့ပြီး ၁၉၂၀ ဧပြီလမှာ ပါတီဝင် ရှစ်သိန်းအထိ မြန်မြန်ဆန်ဆန် တိုးတက်သွားခဲ့တယ်။
အလုပ်သမား လူတန်းစား တရပ်လုံး ထုနဲ့ထည်နဲ့ ရယ်ဒီကယ် လှိုင်း ဒီရေတက်လာတဲ့အခါ USPD ဟာ လမ်းကြောင်း တခုသဖွယ် ဖြစ်လာခဲ့တယ်။ ရလဒ်အနေနဲ့ USPD ပါတီဝင်ထု အများစုဟာ စည်ကမ်းချက် ၂၁ ရပ်ကို လက်ခံပြီး ၁၉၂၀ အောက်တိုဘာ ကွန်ဂရက်မှာတော့ ကွန်မြူနစ် အင်တာနေရှင်နယ်ကို အပြည့်အဝ နာခံဖို့ ဆုံးဖြတ်မဲ ပေးခဲ့ကြတယ်။ ဂျာမနီ ကွန်မြူနစ် ပါတီ (KPD) နဲ့လဲ ပေါင်းစည်းလိုက်တယ်။ ဒီဖြစ်စဉ်အတွင်း ပါတီ နှစ်ခြမ်း ကွဲခဲ့ပြီး လက်ယာဂိုဏ်းက ပါတီကို စွန့်ခွာသွားခဲ့တယ်။ ဒီလိုနည်းနဲ့ ပါတီဝင် အင်အား ငါးသိန်း ပါဝင်ပြီး ဆိုဗီယက် ရပ်ရှား ပြင်ပမှာ အကြီးမားဆုံး ကွန်မြူနစ် ပါတီကြီး ပေါ်ထွက်လာခဲ့တယ်။
ဗြိတိန်
ပြင်သစ်၊ အီတလီနဲ့ ဂျာမနီတို့မှာ ဆိုရှယ် ဒီမိုကရက်တစ် ပါတီဟောင်းတွေရဲ့ လက်ဝဲ အင်အားစုထဲကနေ အားကောင်းသော ကွန်မြူနစ် ပါတီတွေ ထွက်ပေါ်လာတဲ့ အခိုင်အမာ ဥပမာ ဖြစ်ရပ်တွေကို တွေ့ခဲ့ရတယ်။ သို့ပေမဲ့ ဗြိတိန်မှာတော့ သေးငယ်တဲ့ မာ့က်စ်ဝါဒီ အစုအဖွဲ့လေးတွေ စုစည်း ပေါင်းစပ်ပြီး ကွန်မြူနစ် ပါတီကို ၁၉၂၀ ပြည့်နှစ်မှာ ထူထောင်ခဲ့တာ ဖြစ်တယ်။ ဒီအစုအဖွဲ့တွေထဲမှာ ဗြိတိန် ဆိုရှယ်လစ် ပါတီ (British Socialist Party)၊ ဆိုရှယ်လစ် လေဘာ ပါတီရဲ့ ကွန်မြူနစ် ညီညွတ်ရေး အုပ်စု (Communist Unity Group of the Socialist Labour Party) ၊ တောင်ပိုင်း ဝေးလ်စ် ဆိုရှယ်လစ် အသင်း (South Wales Socialist Society) တို့ ပါဝင်ခဲ့တယ်။ နောက်တနှစ် အကြာမှာ စကော့တလန် ကွန်မြူနစ် အလုပ်သမား ပါတီ (Scottish Communist Labour Party) လဲ ပါဝင်လာခဲ့တယ်။
ဂျာမနီနဲ့ အီတလီမှာလိုပဲ ဗြိတိန် ပါတီဟာလဲ အစပိုင်းမှာ အစွန်းရောက် လက်ဝဲယိမ်းတဲ့ အယူအဆတွေ ကူးစက်ခံခဲ့ရတယ်။ တချို့က ပါလီမန် လုပ်ငန်းတွေကို ငြင်းပယ်သင့်တယ်လို့ ယူဆကြသလို၊ ပါတီအနေနဲ့ လေဘာပါတီ (Labour Party) နဲ့ ကင်းကင်းရှင်းရှင်း ရှိသင့်တယ်လို့လဲ ယူဆခဲ့ကြတယ်။
ဒါပေမဲ့ ဗြိတိန်က အလုပ်သမားထု အများစုဟာ လေဘာ ပါတီကိုပဲ ခိုကိုးရာအဖြစ် မြင်နေကြဆဲ ဖြစ်တယ်ဆိုတဲ့ ပြဿနာကို ရှောင်လွှဲလို့ မရဘူး။ ဒါကြောင့် ဗြိတိသျှ ကွန်မြူနစ်တွေကို လေဘာပါတီ အတွင်းနဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်တတ်အောင် ပညာပေးဖို့၊ လမ်းကြောင်းမှန်ပေါ် ရောက်အောင် တည့်မတ်ပေးဖို့ ‘လက်ဝဲဂိုဏ်း’ ကွန်မြူနစ် သူငယ်နာ စာအုပ်ထဲမှာ လီနင်က အခန်းတခန်း သီးသန့်ပေးပြီး ရေးသားခဲ့တာ ဖြစ်တယ်။ ကွန်မြူနစ် အင်တာနေရှင်နယ်ရဲ့ ဒုတိယအကြိမ် ကွန်ဂရက်မှာလဲ ဒီကိစ္စကို အသေးစိတ် ဆွေးနွေးဖို့အတွက် ကဏ္ဍ တခုစာ သီးခြား အချိန်ပေးခဲ့တယ်။
ဒုတိယအကြိမ် ကွန်ဂရက်
၁၉၂၀ခုနှစ် ဇူလိုင် ၁၉ရက်ကနေ ဩဂုတ် ၇ရက် အတွင်း ကျင်းပခဲ့တဲ့ ကွန်မင်တန် ဒုတိယအကြိမ် ကွန်ဂရက် အခင်းအကျင်းနဲ့ လုပ်ငန်း တာဝန်တွေကို ကြည့်ရင် ကမ္ဘာတလွှားက အလုပ်သမား လူတန်းစား အလွှာတရပ် တော်လှန်ရေး စိတ်ဓါတ် ဒီရေ မြင့်တက်လာတယ်ဆိုတာ တွေ့ရမယ်။ ပထမအကြိမ် ကွန်ဂရက်ဟာ ကွန်မြူနစ် အစုအဖွဲ့ငယ်လေးတွေကို စုစည်းကြဖို့ ဆော်ဩနှိုးဆော်တဲ့ သဘောသာဆောင်ခဲ့ပေမဲ့လဲ ဒုတိယအကြိမ် ကွန်ဂရက်မှာတော့ အင်တာနေရှင်နယ် အသစ်ရဲ့ လုပ်ငန်းစဉ်နဲ့ နည်းနာတွေကို ရှင်းရှင်းလင်းလင်း ကျေလည်စေဖို့အတွက် ကမ္ဘာတဝန်းက ပါတီနဲ့ အဖွဲ့အစည်းပေါင်း ၅၄ ခုက ကိုယ်စားလှယ် ၂၁၈ဦး စေလွှတ်ခဲ့ကြတယ်။
ဆိုရှယ်လစ်ပါတီ အတော်များများရဲ့ ပါတီဝင်ထု အများစုကြီးဟာ ကွန်မြူနစ် အင်တာနေရှင်နယ်နဲ့ ချိတ်ဆက်ချင်ကြတယ်။ ဒီတော့ ပြုပြင်ရေးဝါဒီ ခေါင်းဆောင်ဟောင်းတွေ၊ ပါတီ အရာရှိတွေက သူတို့ရဲ့ အရေးပါ အရာရောက်မှုကို ဆက်ထိန်းဖို့ ကြိုးစားတဲ့ အနေနဲ့ ကွန်မြူနစ် အင်တာနေရှင်နယ်ထဲ ခုန်ကူး ပါလာနိုင်တဲ့ အန္တရာယ်ရှိတယ်။

အီတလီ ဆိုရှယ်လစ်ပါတီ (PSI) ကို ဥပမာအနေနဲ့ ပြလို့ရတယ်။ ၁၉၁၈-၂၀ ကာလအတွင်း အီတလီမှာ လူတန်းစား တိုက်ပွဲ ပြင်းထန်ခဲ့တယ်။ ဒါဟာ အီတလီ ဆိုရှယ်လစ် ပါတီဝင်ထု အလွှာအသီးသီးကို တော်လှန်ရေး စိတ်ဓါတ် မြင့်မားလာစေခဲ့တယ်။ ဒီပါတီဝင်ထုရဲ့ ဖိအားကြောင့်ပဲ အီတလီ ပါတီဟာ ကွန်မြူနစ် အင်တာနေရှင်နယ်ထဲ အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့တယ်။ ဒါပေမဲ့လည်း တူရာတီနဲ့ မိုဒီဂလျာနီတို့ ဦးဆောင်တဲ့ ပြုပြင်ရေးဝါဒီ ဂိုဏ်းက ပါတီထဲမှာ ရှိနေဆဲ ဖြစ်တယ်၊ အင်တာနေရှင်နယ်ရဲ့ တော်လှန်ရေး အတွေးအခေါ်တွေကို အတိုက်အခံပြု ဆန့်ကျင်နေဆဲ ဖြစ်တယ်။
ဒီအန္တရာယ်ကို ဒုတိယအကြိမ် ကွန်ဂရက် စတင်ချိန်ကတည်းက သတိထားမိခဲ့ကြတယ်။ ကွန်မြူနစ်တွေရဲ့ လုပ်ငန်းစဉ်နဲ့ ပြုပြင်ရေးဝါဒီတွေရဲ့ လုပ်ငန်းစဉ်ကြား ပြတ်ပြတ်သားသား စည်းခြားနိုင်ဖို့အတွက် ဆွေးနွေးပွဲ တသီကြီး ပြုလုပ်ခဲ့ရတယ်။ ကွန်မြူနစ် ပါတီတွေနဲ့ ဆိုဗီယက်တွေရဲ့ အခန်းကဏ္ဍ၊ လှုပ်ရှားမှု နည်းနာတွေကို ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်။ ဒါတွေကို လီနင်ကိုယ်တိုင် မူကြမ်းရေးဆွဲခဲ့တဲ့ စည်းကမ်းချက် ၂၁ ချက်ထဲမှာ အခုလို အနှစ်ချုပ် ဖော်ပြထားတယ် –
“မကြာသေးခင်ကအထိ ဒုတိယ အင်တာနေရှင်နယ်နဲ့ ဆက်နွှယ်ခဲ့တဲ့ ပါတီတွေနဲ့ အဖွဲ့အစည်းတွေဟာ ကွန်မြူနစ် စစ်စစ်တွေ မဖြစ်သေးပေမဲ့လည်း တတိယ အင်တာနေရှင်နယ်ထဲကို ဝင်ဖို့ လျှောက်ထားတာတွေ တနေ့တခြား ပိုများလာတယ်။ ဒုတိယ အင်တာနေရှင်နယ်ကတော့ လုံးဝ ကျရှုံးသွားပြီ။ ဒုတိယ အင်တာနေရှင်နယ်မှာ မျှော်လင့်စရာ မရှိတော့ဘူး ဆိုတာကို သိတော့ ‘ဗဟိုဝါဒီ’ အင်အားစု၊ ကြားနေပါတီနဲ့ အုပ်စုတွေက တဖြည်းဖြည်း အင်အားကောင်းလာနေတဲ့ ကွန်မြူနစ် အင်တာနေရှင်နယ်ကို ဆင်ဖြူတော်မှီပြီး ကြံစုပ်ဖို့ စဉ်းစားနေကြတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ သူတို့ဟာ အရင်တုန်းက လုပ်ခဲ့တဲ့ အချောင်သမားဝါဒီ ဒါမှမဟုတ် ‘ဗဟိုဝါဒီ’ ပေါ်လစီတွေကို ဆက်လုပ်နိုင်ဖို့ ‘ကိုယ့်သဘောနဲ့ကိုယ် လုပ်ပိုင်ခွင့်’ကို ဆက်လက် ထိန်းသိမ်းထားချင်ကြတယ်။ ကွန်မြူနစ် အင်တာနေရှင်နယ်ဟာ အတိုင်းအတာတခုအထိ ခေတ်စားလာနေတယ်။
“တတိယ အင်တာနေရှင်တယ်ဟာ ကမ္ဘာတဝှမ်းက လူတန်းစား အသိရှိတဲ့ အလုပ်သမား အမြောက်အမြားရဲ့ ထောက်ခံမှုကို ရရှိထားပြီး နေ့စဉ်နဲ့အမျှ ပိုပြီး အင်အားတောင့်တင်းတဲ့ အဖွဲ့အစည်း ဖြစ်လာနေတယ်။ ’ဗဟိုဝါဒီ’ ဦးဆောင်အုပ်စု တချို့ တတိယ အင်တာနေရှင်နယ်ကို ဝင်ရောက်ချင်နေကြတာဟာ ဒီအချက်ကို သွယ်ဝိုက်ပြီး အတည်ပြုပေးနေတာပဲ ဖြစ်တယ်။
“တချို့သော အခြေအနေတွေကျရင် ဒုတိယ အင်တာနေရှင်နယ်ရဲ့ အတွေးအခေါ်တွေနဲ့ ပြတ်ပြတ်သားသား လမ်းခွဲမထားတဲ့ ဇဝေဇဝါ ယောင်ဝါးဝါး အုပ်စုတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမှုကြောင့် ကွန်မြူနစ် အင်တာနေရှင်နယ်ပါ အရည်အသွေး လျော့ကျ အားနည်းသွားနိုင်တဲ့ အန္တရာယ်ကို ရင်ဆိုင်ရနိုင်တယ်” [V I Lenin, ‘Terms of Admission into Communist International’, Lenin Collected Works, Vol. 31, Progress Publishers, 1966, pg 206-207, emphasis added]
အဲသလို ဂယောင်ခြောက်ခြား ရောဂါစွဲကပ်မှုမျိုး အင်တာနေရှင်နယ်အသစ်မှာ ရှိမလာစေဖို့အတွက် စည်းကမ်းချက် အမှတ်(၇)မှာ အခုလို တိတိကျကျ ပြဋ္ဌာန်းထားတယ် –
“တူရာတီ၊ မိုဒီဂလျာနီနဲ့ တခြားသူတွေလို ပြုပြင်ရေးဝါဒီတွေအဖြစ် အတိအလင်း ဝန်ခံထားသူတွေက သူတို့ကိုယ်သူတို့ တတိယ အင်တာနေရှင်နယ်ရဲ့ အဖွဲ့ဝင်တွေပါလို့ ပြောခွင့်ရသွားမဲ့ အခြေအနေမျိုးကို ကွန်မြူနစ် အင်တာနေရှင်နယ်အနေနဲ့ လုံးဝ ခွင့်ပြုသွားမှာ မဟုတ်ဘူး”။ [3]
ဒါဟာ ကွန်မြူနစ် အင်တာနေရှင်နယ်ရဲ့ ဌာနခွဲ တချို့မှာ အဖွဲ့ဝင် ဖြစ်နေကြတဲ့ ပြုပြင်မရတော့သော လူတန်းစား သစ္စာဖောက်တွေ၊ ပြုပြင်ရေးဝါဒီ လူတန်းစား ပေါင်းစည်းရေးသမားတွေကို အတိအကျ ပစ်မှတ်ထားပြီး လုပ်ဆောင်ခဲ့တဲ့ အစီအမံ တခု ဖြစ်တယ်။
လုပ်ငန်းစဉ်နဲ့ နည်းနာများ
ဒုတိယအကြိမ် ကွန်ဂရက်မှာ အရေးကြီး ပြဿနာ အတော်များများကို အသေးစိတ် ဆွေးနွေးငြင်းခုံခဲ့ကြတယ်။
ဥပမာအားဖြင့် “အရင်းရှင်စနစ် မကြာခင် ပြိုလဲတော့မယ်” ဆိုတဲ့ အယူအဆဟာ ပြင်ဆင်ရမယ့် လက်ဝဲစွန်း အမှားတခု ဖြစ်တယ်လို့ လီနင် သတိပေးခဲ့တယ်။ နိုင်ငံ အတော်များများမှာ တော်လှန်ရေး အကျပ်အတည်းတွေ သိသိသာသာ ရှိနေတာတော့ အမှန်ပဲ။ ဒါပေမဲ့ အရင်းရှင်တွေဟာ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်သရွေ့ ဒီအခြေအနေကနေ ရုန်းထွက်နိုင်မယ့် လမ်းစကို ရှာဖွေနိုင်စွမ်း ရှိနေသေးတယ်လို့ ကွန်ဂရက် တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို လီနင် သတိပေးခဲ့တယ်။ တော်လှန်ရေး အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဟာ နိုင်ငံ အသီးသီးက တော်လှန်ရေး ပါတီတွေအပေါ် မူတည်နေတယ်။ တော်လှန်ရေးတရပ် အောင်ကို အောင်မြင်ရမယ်လို့ ဗျာဒိတ်ရ အာမခံချက်မျိုး မရှိဘူး။
တခြား အဓိကကျတဲ့ သီအိုရီ ပြဿနာတွေကိုလဲ လီနင် အထူး အာရုံစိုက်ခဲ့တယ်။ ဒုတိယအကြိမ် ကွန်ဂရက်အတွက် လူမျိုးများ ပြဿနာနဲ့ ကိုလိုနီ ပြဿနာဆိုင်ရာ စစ်တမ်း မူကြမ်းကို လီနင် ရေးသားပြီး (ပြင်ဆင် ဖြည့်စွက်ခဲ့တယ်)။ ဒီစာတမ်းဟာ ဒုတိယ အင်တာနေရှင်နယ်က ပါတီတွေ ကျင့်သုံးလေ့ရှိတဲ့ ဝေဝါးတဲ့ ရပ်တည်ချက်တွေနဲ့ ပြတ်ပြတ်သားသား လမ်းခွဲလိုက်တာပဲ ဖြစ်တယ်။ ဒုတိယ အင်တာနေရှင်နယ်ထဲက လက်ယာယိမ်း ပြုပြင်ရေးဝါဒီတွေဟာ ကိုလိုနီပြုခြင်းကို “ဥရောပ လူ့ယဉ်ကျေးမှု ဖြန့်ကျက်ခြင်း မစ်ရှင်”တခု အဖြစ် မြင်ကြပြီး သူတို့ နိုင်ငံတွေက ဘူဇွှာ လူတန်းစားရဲ့ နယ်ချဲ့ ရည်မှန်းချက်တွေကို ထောက်ခံပေးခဲ့ကြတယ်။
ကွန်မြူနစ် အင်တာနေရှင်နယ်ကတော့ ကိုလိုနီ တိုင်းပြည်တွေက ဖိနှိပ်ခံ ပြည်သူတွေဘက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ပြီး ဖွံ့ဖြိုးပြီး နိုင်ငံတွေက အလုပ်သမား လူတန်းစားတွေကိုလဲ ဒီပြည်သူတွေရဲ့ နယ်ချဲ့ ဆန့်ကျင်ရေး တိုက်ပွဲတွေကို ကူညီကြဖို့ ဆော်ဩခဲ့တယ်။ ဖိနှိပ်ခံ တိုင်းပြည်နဲ့ ဖိနှိပ်သူ တိုင်းပြည် ဆိုပြီး ရှင်းရှင်းလင်းလင်း ပိုင်းခြားပြခဲ့တယ်။ ကိုလိုနီစနစ်နဲ့ ပတ်သက်လို့ ဒီလို မူခိုင်မာတဲ့ ရပ်တည်ချက်သာ မရှိခဲ့ရင် ကိုလိုနီ နိုင်ငံတွေမှာ အင်တာနေရှင်နယ်ရဲ့ ဌာနခွဲတွေကို တည်ဆောက်နိုင်ခဲ့မှာ မဟုတ်ဘူး။ အဖွဲ့အစည်း တခု တည်ဆောက်ဖို့အတွက် အတွေးအခေါ်တွေ ဘယ့်လောက် အရေးကြီးလဲ ဆိုတာ ကျနော်တို့ ထပ်တွေ့ရပြန်ပြီ။
ဥပမာအားဖြင့် အဲဒီအချိန်က ကိုလိုနီတပိုင်း နိုင်ငံဖြစ်တဲ့ တရုတ်ပြည်မှာ ဒီအတွေးအခေါ်တွေဟာ ကွန်မြူနစ် ပါတီကို စတင် တည်ထောင်မယ့် အင်အားစုတွေကို စုစည်းပေးရာမှာ နက်နက်ရှိုင်းရှိုင်း သက်ရောက်မှုရှိခဲ့တယ်။ ပါတီရဲ့ အစောပိုင်း ကေဒါတွေဟာ ပေကျင်း တက္ကသိုလ်က မာ့က်စ်ဝါဒ လေ့လာရေး အုပ်စုတခုအဖြစ် စတင်ခဲ့တာ ဖြစ်ပြီး ပရော်ဖက်ဆာ ချန်တူရှူးက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်။
အစပိုင်းမှာ ဒီအုပ်စုကို ပညာတတ်တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ နောက်ပိုင်း ၁၉၂၁ ခုနှစ် ဇူလိုင်မှာ တရုတ် ကွန်မြူနစ် ပါတီကို တည်ထောင်လိုက်တယ်။ ပါတီ တည်ထောင်ခြင်း ကွန်ဂရက်ကို ကိုယ်စားလှယ် ၁၂ ဦး တက်ရောက်ခဲ့ပြီး စုစုပေါင်း အဖွဲ့ဝင် ၅၉ ဦးကို ကိုယ်စားပြုခဲ့တယ်။
သူတို့မှာရှိတဲ့ အင်အားဟာ အင်မတန် နည်းပါးသလို ဘာမှမရှိတဲ့ အခြေအနေကနေ စတင် တည်ထောင်ခဲ့ကြရတယ်။ ဒါပေမဲ့ သူတို့ရဲ့ အဖွဲ့အစည်းကို “ပါတီ” လို့ ခေါ်ဆိုဖို့အတွက် နည်းနည်းမှ နောက်မတွန့်ခဲ့ဘူး။ အစောပိုင်းမှာ လူနည်းစုလေးသာ ရှိခဲ့တဲ့ ဒီအုပ်စုဟာ ၁၉၂၅ မေလ အရောက်မှာတော့ အဖွဲ့ဝင် ၁,၀၀၀ အထိ ရောက်ရှိလာခဲ့တယ်။ ပါတီဝင် အများစုက တက္ကသိုလ် ကျောင်းသားတွေနဲ့ ပညာတတ်တွေ ဖြစ်တယ်။
ဒီနောက်မှာတော့ ၁၉၂၅-၂၇ တရုတ်တော်လှန်ရေး ဆိုတဲ့ သမိုင်းဝင် အရေးအခင်းကြီး ပေါ်ပေါက်လာခဲ့တယ်၊ အလုပ်သမား သောင်းနဲ့ချီပြီး ပါတီထဲကို ဝင်ရောက်လာတဲ့အတွက် ပါတီအတွက် အခွင့်အလမ်းကြီးတွေ လမ်းပွင့်လာခဲ့တယ်။ နှစ်နှစ်အတွင်းမှာတင် ပါတီဝင် အင်အား ၆၀,၀၀၀ နီးပါးအထိ ထိုးတက်သွားခဲ့တယ်။
ရပ်ရှား တော်လှန်ရေးဟာ ကမ္ဘာတလွှား အကြီးအကျယ် သက်ရောက်မှု ရှိခဲ့တယ်။ ဥပမာအားဖြင့် အရှေ့အလယ်ပိုင်း ဒါမှမဟုတ် လက်တင် အမေရိကလို ကမ္ဘာ့နေရာ အနှံ့အပြားမှာ ကွန်မြူနစ် ပါတီတွေနဲ့ အစုအဖွဲ့တွေ စတင် ပေါ်ထွက်လာခဲ့ပြီး၊ အဲဒီအဖွဲ့တွေဟာ အစပိုင်းမှာ ပညာတတ် အသိုင်းအဝိုင်းလေးတွေအဖြစ် စတင်ခဲ့ကြရာကနေ နောက်ပိုင်းမှာတော့ ပိုမိုကျယ်ပြန့်တဲ့ အလုပ်သမား လူတန်းစားတွေနဲ့ ချိတ်ဆက်မိသွားခဲ့တယ်။
လက်ဝဲစွန်း အတွေးအခေါ်ကို တိုက်ပွဲဝင်ခြင်း
ကွန်မြူနစ် အင်တာနေရှင်နယ်ဟာ ရဲရဲတောက် အလုပ်သမားတွေနဲ့ လူငယ် အမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့တယ်။ ဒီအလုပ်သမားနဲ့ လူငယ်ထုဟာ မကြာခင်က ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် တော်လှန်ရေး စိတ်ဓာတ် နိုးကြားလာသူတွေ ဖြစ်တယ်။ ဒါပေမဲ့ သူတို့ထဲက အများစု (ပေါ်ထွန်းစ ကွန်မြူနစ် ပါတီတွေရဲ့ ခေါင်းဆောင်တွေ အပါအဝင်) ဟာ မာ့က်စ်ဝါဒ နည်းလမ်းနဲ့ နည်းဗျူဟာတွေကို အကျေအလည် သဘောပေါက် နားလည်နိုင်အောင် အတွေ့အကြုံ မရှိသေးဘူး။
ဒီကွန်မြူနစ် လူသစ် အတော်များများဟာ ပါလီမန် နိုင်ငံရေးထဲ နစ်ဝင်သွားတဲ့ ဒုတိယ အင်တာနေရှင်နယ်ရဲ့ အချောင်သမားဝါဒကို အားကောင်းမောင်းသန် ငြင်းပယ်ခဲ့ကြတယ်။ အလားတူပဲ အလုပ်သမား သမဂ္ဂတွေက ပြုပြင်ရေးဝါဒီ ခေါင်းဆောင်တွေကိုလဲ စိတ်ပျက်နေခဲ့ကြတယ်။ ဒီ ပြုပြင်ရေးဝါဒီတွေဟာ လှုပ်ရှားမှုကို တားဆီး ပိတ်ပင်နေသူတွေ ဖြစ်တယ်။ ဒီလိုနဲ့ အလွှာတခုက “ဘော်ရှီဗစ်ဝါဒ” ဆိုတာ တော်လှန်ရေးအတွက် အလျှော့မပေးဘဲ တင်းခံနေဖို့နဲ့ အပေးအယူ အားလုံးကို ငြင်းပယ်ခြင်းပဲလို့ ကောက်ချက် အမှားတွေ ချလာကြတယ်။ ဘူဇွှာ ဒီမိုကရေစီကို ရှုတ်ချပြီး “တော်လှန်တဲ့” အလုပ်သမား သမဂ္ဂတွေ သီးသန့် တည်ထောင်လိုက်ရုံနဲ့ ကွန်မြူနစ် ပါတီတွေ တည်ဆောက်ဖို့ လုံလောက်ပြီလို့ သူတို့ ထင်ခဲ့ကြတယ်။ ဒတ်ချ် ကွန်မြူနစ် တယောက်ဖြစ်တဲ့ ဟာမန် ဂေါ်တာက လွှတ်တော်နဲ့ သမဂ္ဂတွေထဲ အလုပ်လုပ်ဖို့ တိုက်တွန်းတဲ့အတွက် လီနင်ကိုတောင် ‘အချောင်သမား’ လို့ စွပ်စွဲ တိုက်ခိုက်ခဲ့တယ်။
လီနင်က ဒီလို သဘောထားမျိုးကို ‘လက်ဝဲစွန်း’ ဒါမှမဟုတ် ‘လက်ဝဲဂိုဏ်း ကွန်မြူနစ်ဝါဒ’ လို့ သရုပ်ခွဲပြခဲ့တယ်။ အရင်းရှင် စနစ်ကို ရှုတ်ချနေရုံ၊ လူထုက တော်လှန်ရေး ပါတီထဲ ဝင်လာအောင် စောင့်နေရုံနဲ့ မလုံလောက်ဘူးလို့ လီနင်က ဖိဖိစီးစီး ပြောခဲ့တယ်။ လူထုကို စည်းရုံး သိမ်းသွင်းနိုင်ရမယ်၊ အဲဒီလို လုပ်ဖို့အတွက် နည်းဗျူဟာပိုင်း ပျော့ပြောင်းမှု ရှိဖို့ အမြင့်ဆုံးအထိ လိုအပ်တယ်။ ဒါဟာ ဘော်ရှီဗစ် ပါတီ သမိုင်း တခုလုံးကနေ ရလာတဲ့ အဓိက သင်ခန်းစာပဲ ဖြစ်တယ်။
ဒီလို ဂိုဏ်းဂဏစွဲ အတွေးအခေါ်တွေကို အမြန်ဆုံး မပြင်ဆင်နိုင်ဘူးဆိုရင် ကွန်မြူနစ် အင်တာနေရှင်နယ်ရဲ့ ဌာနခွဲတွေဟာ တော်လှန်ရေး ခရီးကြမ်းမှာ ပျက်စီးသွားနိုင်ကြောင်း လီနင် နားလည်ခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လီနင်က ဒီအမှားကို ‘ကလေးဆန်တယ်’ လို့ပဲ ဆိုခဲ့တယ်။ သဘောကတော့ မရင့်ကျက်သေးလို့ ပေါ်ပေါက်လာတဲ့ အမှားဖြစ်ပြီး စိတ်ရှည်လက်ရှည် ရှင်းပြပြီး ဆွေးနွေးတဲ့ နည်းနဲ့ ပြင်ဆင်လို့ ရနိုင်သေးတယ်။
ဒါကြောင့်လဲ လီနင်ဟာ ကွန်မင်တန် ဒုတိယအကြိမ် ကွန်ဂရက်မှာ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ၁၉၂၀ ဧပြီကနေ မေလအတွင်း ‘လက်ဝဲဂိုဏ်း’ ကွန်မြူနစ် သူငယ်နာ စာအုပ်ကို ရေးခဲ့တယ်။ ၁၉၀၅ ကနေ ၁၉၁၇ ခုနှစ်ကြား တော်လှန်ရေး သုံးခုမှာ ပါဝင်ခဲ့ရာက ဘော်ရှီဗစ် ပါတီ ရရှိခဲ့တဲ့ သင်ခန်းစာတွေနဲ့ အာဏာရပြီးနောက်ပိုင်း ရခဲ့တဲ့ သင်ခန်းစာတွေကို ဒီစာအုပ်မှာ အနှစ်ချုပ်ပြထားတယ်။ အချောင်သမားဝါဒနဲ့ လက်ဝဲစွန်းဝါဒ နှစ်ခုစလုံးရဲ့ အန္တရာယ်တွေကို လီနင် သတိပေးခဲ့တယ်။
ဒုတိယအကြိမ် ကွန်ဂရက်ကို တက်ရောက်လာတဲ့ ကိုယ်စားလှယ် အားလုံး ဖတ်နိုင်အောင် ဒီစာအုပ်ကို ဂျာမန်၊ အင်္ဂလိပ်၊ ပြင်သစ် ဘာသာစကားတွေနဲ့ ထုတ်ဝေခဲ့တယ်။ စာအုပ်ရဲ့ စာစီစာရိုက်နဲ့ ပုံနှိပ်ခြင်း လုပ်ငန်းတွေမှာ လီနင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တာကို ကြည့်ရင် ဒီစာအုပ်အပေါ် လီနင် ဘယ်လောက် အလေးထားသလဲ သိနိုင်တယ်။ လီနင်က ဒီစာအုပ်ကို ကွန်ဂရက် မစခင် သေချာပေါက် ထွက်လာစေချင်ခဲ့တယ်။
လီနင်နဲ့ ထရော့စကီး နှစ်ယောက်စလုံးဟာ ကွန်မြူနစ် အင်တာနေရှင်နယ် ကွန်ဂရက် ခန်းမတွင်းမှာသာမက၊ ကွန်ဂရက် ပြင်ပမှာလဲ စိတ်ရှည်လက်ရှည် ရှင်းပြတာ၊ ငြင်းခုံ ဆွေးနွေးတာတွေ လုပ်ရင်း စစ်မှန်တဲ့ ကွန်မြူနစ် အတွေးအခေါ်တွေ၊ နည်းဗျူဟာတွေ ရှင်းရှင်းလင်းလင်း ဖြစ်လာအောင် ကြိုးစားခဲ့ကြတယ်။ သူတို့ဟာ အရေးကြီး ပြဿနာတွေနဲ့ ပတ်သက်လို့ ရှည်လျားလှတဲ့ စာမူတွေ ရေးသားခဲ့သလို မိန့်ခွန်းတွေလဲ ပြောကြားခဲ့ကြတယ်။
ဒီဥပမာကို ကြည့်ရင် လီနင်ဟာ အခြေအနေ အတော်များများမှာ နိုင်ငံရေး ပြဿနာတွေကို အဖွဲ့အစည်း စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုင်တွယ်ဘဲ နိုင်ငံရေး နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့တာကို တွေ့နိုင်တယ်။
လီနင်ဟာ ဒီလို နိုင်ငံရေး နည်းနဲ့ ဖြေရှင်းဖို့ အချိန်အများကြီး အားထုတ်ခဲ့တယ်။ စဉ်းစားတွေးခေါ်တတ်တဲ့ တော်လှန်ရေးသမား ကွန်မြူနစ် စစ်စစ်တွေကို အမိန့်ပေး စေခိုင်းတဲ့ နည်းလမ်းတွေသုံးပြီး စည်းရုံး၊ ပညာပေးလို့ မရဘူး ဆိုတာ သူ နားလည်ခဲ့တယ်။ အဲဒီလို အမိန့်ပေး စေခိုင်းတဲ့ နည်းနဲ့ဆိုရင် ‘အမိန့်နာခံတတ်သော လူအတွေ’ ပဲ ရနိုင်တယ်။ ဒီလို လူတွေဟာ လူတန်းစား တိုက်ပွဲနဲ့ တော်လှန်ရေးလို ဝရုန်းသုန်းကား အခြေအနေတွေကျရင် ကိုယ်အားကိုယ်ကိုးပြီး လမ်းကြောင်း ရှာနိုင်စွမ်း မရှိဘူး။
အလုပ်သမား သမဂ္ဂများ
ဒုတိယအကြိမ်နဲ့ တတိယအကြိမ် ကွန်ဂရက်တွေမှာ အလုပ်သမား သမဂ္ဂ ပြဿနာကိုလဲ အကျယ်တဝင့် ဆွေးနွေးခဲ့ကြတယ်။ ဒုတိယအကြိမ် ကွန်ဂရက်မှာ ဆွေးနွေးခဲ့တဲ့ ‘အလုပ်သမား သမဂ္ဂ လှုပ်ရှားမှု၊ စက်ရုံ ကော်မတီများနှင့် တတိယ အင်တာနေရှင်နယ် ဆိုင်ရာ စစ်တမ်းများ’ ထဲမှာ အခုလို ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ် –
“… စစ်ပွဲအတွင်းကာလ အခြေအနေ အတော်များများမှာ အလုပ်သမား သမဂ္ဂတွေဟာ အရင်းရှင် လူတန်းစား စစ် ယန္တရားကြီးရဲ့ ခွေးသွားစိပ် တခု ဖြစ်နေခဲ့ပြီး၊ အမြတ်အစွန်းရရေး အပြင်းအထန် ဆင်နွှဲတဲ့ တိုက်ပွဲမှာ အလုပ်သမား လူတန်းစားကို သွေးစုပ်ခြယ်လှယ်မှု အစွမ်းကုန် လုပ်နိုင်အောင် အရင်းရှင် လူတန်းစားဘက်က ကူညီပေးလေ့ရှိတယ်။ ဒီအလုပ်သမား သမဂ္ဂတွေမှာ လစာ ကောင်းကောင်းရတဲ့ ကျွမ်းကျင် အလုပ်သမားတွေပဲ အဓိက ပါဝင်တယ်၊ ကိုယ့်ကျွမ်းကျင်မှု နယ်ပယ်လေးထဲမှာပဲ ပိတ်မိနေတဲ့ အမြင်ကျဉ်းမြောင်းမှုတွေ ရှိတယ်၊ လူထုနဲ့ ကင်းကွာနေတဲ့ ဗျူရိုကရေစီ ယန္တရားကြောင့် ခြေချုပ်မိနေတယ်၊ သမဂ္ဂ ခေါင်းဆောင်တွေရဲ့ အချောင်သမားဝါဒကြောင့် စိတ်ဓာတ်ပျက်ပြားနေကြတယ်။ အဲဒီလို သမဂ္ဂတွေဟာ ခေတ်ပြောင်း တော်လှန်ရေး အရေးတော်ပုံကိုပဲ သစ္စာဖောက်ခဲ့ကြတာ မဟုတ်ဘူး၊ သူတို့ကိုယ်တိုင် စုစည်းထားတဲ့ အလုပ်သမားတွေရဲ့ နေထိုင်မှုဘဝ အခြေအနေ တိုးတက် ကောင်းမွန်ရေး တိုက်ပွဲကိုတောင် သစ္စာဖောက်ခဲ့ကြတာ ဖြစ်တယ်။” [R A Archer (trans.), Second Congress of the Communist International: Minutes and Proceedings, Vol. 2, New Park, 1977, pg 277]

ဒီအချက်ကို ပွင့်ပွင့်လင်းလင်းနဲ့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့ ဒီစစ်တမ်းထဲမှာပဲ အခုလို အသိအမှတ်ပြု ဖော်ပြထားတယ် –
“… ဒီမတိုင်ခင်အထိ အလုပ်သမား သမဂ္ဂတွေနဲ့ ကင်းကွာနေခဲ့တဲ့ ကျယ်ပြန့်တဲ့ အလုပ်သမားထုကြီးဟာ အခုဆိုရင် အင်အားကောင်းတဲ့ ရေစီးကြောင်းကြီးလို သမဂ္ဂဝင်တွေအဖြစ် စီးဝင်လာနေကြပြီ။ အရင်းရှင် နိုင်ငံ အားလုံးမှာ အလုပ်သမား သမဂ္ဂတွေ အင်အား အလုံးအရင်း တိုးပွားလာတာကို ထင်ထင်ရှားရှား မြင်နိုင်တယ်။ အဲဒီ သမဂ္ဂတွေဟာ အခုဆိုရင် တိုးတက်တဲ့ ရှေ့တန်းရောက် အစိတ်အပိုင်း တချို့ပဲ ပါဝင်တဲ့ အဖွဲ့အစည်းတွေ မဟုတ်တော့ဘူး၊ ပစ္စည်းမဲ့ လူတန်းစား အများစုကြီးရဲ့ အဖွဲ့အစည်းတွေ ဖြစ်လာပြီ။ ဒီလူထုကြီးဟာ သမဂ္ဂတွေထဲ စီးဝင်လာရင်း သမဂ္ဂတွေကို သူတို့ရဲ့ တိုက်ပွဲဝင် လက်နက်တွေ ဖြစ်လာအောင် ကြိုးပမ်းနေကြတယ်။
“လူတန်းစား ရန်ဘက် ပဋိပက္ခတွေ ပြင်းထန်လာခြင်းဟာ အလုပ်သမား သမဂ္ဂတွေကို သပိတ်တိုက်ပွဲ ဦးဆောင်ဖို့ ဖိအားပေးလိုက်တယ်။ အဲဒီသပိတ်တွေဟာ အရင်းရှင် ကမ္ဘာတခုလုံးမှာ လှိုင်းတံပိုးကြီးလို ပျံ့နှံ့သွားပြီး အရင်းရှင် ကုန်ထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေး ဖြစ်စဉ်ကို အဆက်မပြတ် နှောင့်ယှက်နေတယ်။ ကုန်ဈေးနှုန်း တက်လာပြီး အလုပ်သမားထုကိုယ်တိုင် ပင်ပန်း နွမ်းနယ်လာတာနဲ့အမျှ တောင်းဆိုချက်တွေပါ တိုးမြှင့်လာခဲ့တယ်။
ဒီလိုနဲ့ အလုပ်သမား လူတန်းစားဟာ အရင်းရှင်တွေရဲ့ တွက်ချက်မှု အခြေခံ အားလုံးနဲ့ စနစ်ကျတဲ့ စီးပွားရေး စီမံခန့်ခွဲမှုရဲ့ အခြေခံ အချက်အလက်တွေကိုပါ လှိုက်စားပစ်တယ်။ စစ်ပွဲအတွင်း အလုပ်သမားထုကို ဖိအားပေး စေခိုင်းသော လက်နက်တွေ ဖြစ်ခဲ့တဲ့ သမဂ္ဂတွေဟာ ဒီလိုနည်းနဲ့ အရင်းရှင် စနစ်ကို ဖျက်ဆီးမယ့် လက်နက်တွေ ဖြစ်လာတယ်” [ibid., pg 279, emphasis added]
ဒီနေရာမှာ လီနင်ရဲ့ ဒိုင်ယာလက်တစ် နည်းနာ လက်တွေ့ အလုပ်လုပ်ပုံကို တွေ့ရတာ ဖြစ်တယ်။ အချင်းအရာတွေဟာ ဖွံ့ဖြိုးတိုးတက်ပြီး ပြောင်းလဲလာတာနဲ့အမျှ သူတို့ရဲ့ ဆန့်ကျင်ဘက် အခြေအနေဆီ ဘယ်လို ပြောင်းလဲသွားနိုင်သလဲ ဆိုတာကို ကွန်မြူနစ်တွေ မြင်နိုင်အောင် ဒိုင်ယာလက်တစ်က ကူညီပေးတယ်။ အလုပ်သမား သမဂ္ဂတွေဟာ လုံးဝ ဆန့်ကျင်ဘက်ဖြစ်တဲ့ လူတန်းစား အကျိုးစီးပွား နှစ်ခုရဲ့ ဖိအားပေးခြင်းကို ခံနေရတာ ဖြစ်တယ်။
တဖက်မှာ အရင်းရှင်တွေက အလုပ်သမား လူတန်းစားကို ထိန်းကျောင်းဖို့အတွက် သမဂ္ဂ ခေါင်းဆောင်တွေကို လာဘ်ထိုး၊ ဖျက်ဆီးဖို့ သိစိတ်ရှိရှိ လုပ်ဆောင်ခဲ့တယ်။ အခြား တဖက်မှာတော့ ငွေကြေးဖောင်းပွမှု ဖိအားနဲ့ အလုပ်ခွင် အခြေအနေတွေ ပိုပိုဆိုးလာတဲ့ ဒဏ် ခံစားနေရတဲ့ အလုပ်သမားထုကြီးက အလုပ်သမား သမဂ္ဂတွေထဲ တိုးဝင်လာပြီး သမဂ္ဂ ခေါင်းဆောင်တွေကို အလုပ်သမားထု အကျိုးစီးပွားဘက်က ရပ်တည်ပေးဖို့ ဖိအားပေးခဲ့ကြတယ်။
ဒါကြောင့်ပဲ “နိုင်ငံ အားလုံးက ဒီလို သမဂ္ဂတွေထဲ ကွန်မြူနစ်တွေ ဝင်ရမယ်” လို့ စစ်တမ်းထဲ ဖော်ပြထားခြင်း ဖြစ်တယ်။ သမဂ္ဂတွေထဲကနေ ထွက်ခွာဖို့ ဒါမှမဟုတ် စင်ပြိုင် သမဂ္ဂတွေ ဖွဲ့စည်းဖို့ ကြိုးစားမှု အားလုံးဟာ “ကွန်မြူနစ် လှုပ်ရှားမှုအတွက် ကြီးမားတဲ့ အန္တရာယ်” ဖြစ်တယ်လို့ ဆိုတယ်။ အဲဒီလို လုပ်တာဟာ “အတိုးတက်ဆုံး၊ လူတန်းစား အသိစိတ် အရှိဆုံး အလုပ်သမားတွေကို အချောင်သမား ခေါင်းဆောင်တွေလက်ထဲ ထိုးအပ်လိုက်တာ ဖြစ်ပြီး ဘူဇွှာ လူတန်းစား အလိုကျ ဖြစ်သွားစေတယ်”။ [ibid.]
ဒီလို ဖော်ပြချက်တွေမှာ လှေနံဓားထစ် တဖက်သတ် အဓိပ္ပာယ် ကောက်ယူနိုင်တဲ့ အန္တရာယ်က အမြဲလိုလို ရှိနေတတ်တယ်။ ကွန်မြူနစ်တွေ သမဂ္ဂတွေထဲ ဝင်ရမယ် ဆိုတဲ့ မူက ဘယ်နေရာမှာမဆို၊ ဘယ်အချိန်မှာမဆို သမဂ္ဂတွေကနေ ခွဲထွက်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုလိုသလား။
လီနင်ရဲ့ နည်းနာက ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ နည်းနာဖြစ်ပြီး ကွန်မြူနစ်တွေ ရင်ဆိုင်နေရတဲ့ အခိုင်အမာ လက်တွေ့ အခြေအနေတွေကို အမြဲတမ်း ထည့်သွင်းစဉ်းစားတယ်။ ဒါကြောင့်လဲ အဲဒီစစ်တမ်းမှာပဲ နောက်စာပိုဒ် အနည်းငယ် အလွန်မှာ “အကယ်၍ ခွဲမထွက်ဘဲ ဆက်နေလို့ အလုပ်သမား သမဂ္ဂတွေထဲ တော်လှန်ရေး အလုပ်တွေ မလုပ်နိုင်တော့တဲ့ အခြေအနေ ဖြစ်လာပြီဆိုရင် ကွန်မြူနစ်တွေဟာ ဒီလို အဖွဲ့အစည်းတွေကနေ ခွဲထွက်ဖို့ ဝန်မလေးသင့်ဘူး” လို့ ဖော်ပြထားသလို တပြိုင်နက်ထဲမှာပဲ အခုလို ဆိုထားတယ် –
“ခွဲထွက်ဖို့ မဖြစ်မနေ လိုအပ်တဲ့ အခြေအနေမျိုး ပေါ်ပေါက်လာရင် ကွန်မြူနစ်တွေအနေနဲ့ ဒီလို ခွဲထွက်လိုက်လို့ အလုပ်သမားထုနဲ့ ကင်းကွာသွားနိုင်မလား ဆိုတဲ့ ပြဿနာကို အဆက်မပြတ် အထူးအာရုံစိုက် ဆွေးနွေးရမယ်။” [ibid., pg 280]
အမျိုးသမီးထုအတွင်း ကွန်မြူနစ် ပါတီရဲ့ အလုပ်တွေ တိုးတက်လာအောင် လုပ်ဆောင်ရမယ့် အထူး အစီအမံတွေကို အကြမ်းဖျင်း ဖော်ပြထားတဲ့ “အမျိုးသမီးထုကြား ကွန်မြူနစ် ပါတီများ၏ လုပ်ငန်း သဏ္ဍာန်နှင့် နည်းနာဆိုင်ရာ စစ်တမ်းများ” ကိုလဲ တတိယအကြိမ် ကွန်ဂရက်မှာ ဆွေးနွေးခဲ့ကြတယ်။
ဒါ့အပြင် လူငယ်တွေကြား ပိုမိုပြင်းထန်လာတဲ့ တော်လှန်ရေး အသိစိတ် နိုးကြားမှုတွေကိုလဲ အလေးပေး ဖော်ပြခဲ့ပြီး ကွန်မြူနစ် လူငယ် အင်တာနေရှင်နယ်ကို သီးခြားရပ်တည်တဲ့ အဖွဲ့အစည်း တခုအဖြစ် မသတ်မှတ်ဘဲ ကွန်မြူနစ် အင်တာနေရှင်နယ်ရဲ့ အစိတ်အပိုင်း တခုအဖြစ် အင်တာနေရှင်နယ် ခေါင်းဆောင်မှုအောက် ထားရှိဖို့ တတိယ အကြိမ် ကွန်ဂရက်က တိုက်တွန်းခဲ့တယ်။
အကျပ်အတည်းနဲ့ လူတန်းစား အသိစိတ်
နိုင်ငံတကာ လူတန်းစား တိုက်ပွဲရဲ့ အနိမ့်အမြင့် အတက်အကျတွေနဲ့ ပတ်သက်လို့လဲ ကွန်မြူနစ် အင်တာနေရှင်နယ် ကွန်ဂရက်တွေမှာ ဆွေးနွေး ငြင်းခုန်ခဲ့ကြတယ်။ ဒီထဲက အရေးကြီးတဲ့ ပြဿနာတရပ်ကတော့ စီးပွားရေး သံသရာ နဲ့ လူတန်းစား တိုက်ပွဲကြားက ဆက်နွှယ်မှုပဲ ဖြစ်တယ်။
ဒီဆက်နွှယ်မှုကို အလွန် ရိုးရှင်းစွာ ပုံသေကားကျ အဓိပ္ပာယ်ကောက်မယ်ဆိုရင် စီးပွားရေး ကျဆင်းမှုက အမြဲတမ်းလိုလို လူတန်းစား တိုက်ပွဲကို အားကောင်းလာစေမယ်၊ စီးပွားရေး ပြန်တက်ရင် စနစ်က တည်ငြိမ်သွားမယ်ဆိုတဲ့ ကောက်ချက်ဆီ ရောက်သွားစေနိုင်တယ်။ အင်တာနေရှင်နယ်ရဲ့ ခေါင်းဆောင်တွေက ဌာနခွဲတွေအနေနဲ့ ဒီလို ယူဆချက်မျိုးကို ဆန့်ကျင်ဖို့ သတိပေးခဲ့တယ်။ ဒီလိုကောက်ချက်တွေကနေ အကဲဖြတ်ချက် အမှားတွေ ကြီးကြီးမားမား ဖြစ်လာနိုင်တဲ့အတွက် အင်တာနေရှင်နယ် ခေါင်းဆောင်ပိုင်းက သူတို့ရဲ့ သဘောတရားရေး နားလည်မှုကို ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေနဲ့ အောက်ခြေ အဖွဲ့ဝင်တွေဆီ လက်ဆင့်ကမ်းဖို့ ကြိုးစားခဲ့တယ်။
ဒီပြဿနာဟာ ၁၉၂၁ ဇွန် ၂၂ ကနေ ဇူလိုင် ၁၂ အထိ ကျင်းပခဲ့တဲ့ ကွန်မင်တန် တတိယအကြိမ် ကွန်ဂရက်မှာ အင်မတန် အရေးကြီးတဲ့ အကြောင်းအရာ ဖြစ်ခဲ့တယ်။ စစ်ပြီးခေတ် အစောပိုင်း နှစ်တွေမှာ အရင်းရှင်စနစ် အကျပ်အတည်းနဲ့အတူ ဥရောပတလွှား တော်လှန်ရေး လှိုင်းလုံးတွေ ပေါ်ပေါက်ခဲ့တယ်။ ဒါပေမဲ့ ၁၉၂၁ ရောက်တဲ့အခါ ပြုပြင်ရေးဝါဒီတွေရဲ့ သစ္စာဖောက်မှုတွေကြောင့် စနစ်က တည်ငြိမ်မှု ရလာပြီ။ စီးပွားရေး ဦးမော့လာခြင်းဟာ လူတန်းစား တိုက်ပွဲ ပြောင်းလဲလှုပ်ရှားပုံအကြောင်း ယန္တယားဆန်ဆန် နားလည်ထားတဲ့ ကွန်မြူနစ် ခေါင်းဆောင်များကို လမ်းပျောက်သွားစေခဲ့တယ်။
‘ကမ္ဘာ့ စီးပွားရေး အကျပ်အတည်းနဲ့ ကွန်မြူနစ် အင်တာနေရှင်နယ်ရဲ့ တာဝန်သစ်များဆိုင်ရာ အစီရင်ခံစာ’ မှာ ထရော့စကီးက အခုလို ရှင်းပြခဲ့တယ် –
“အကျပ်အတည်းဆိုက်တိုင်း မလွဲမသွေ တော်လှန်ရေး ထဖြစ်မယ်၊ အပြန်အလှန်အားဖြင့် စီးပွားရေး တိုးတက်မှုက အလုပ်သမား လူတန်းစားကို ငြိမ်သက်သွားစေမယ်လို့ ယူဆရင် တဖက်သတ်ဆန်လွန်းပြီး လုံးဝ မှားပါတယ်”။ [L Trotsky, ‘Report on the World Economic Crisis and the New Tasks of the Communist International’, The First Five Years of the Comintern, Wellred Books, 2020, pg 275]
ထရော့စကီးက သူ့ အစီရင်ခံစာကို ၂၀ ရာစု အစောပိုင်းကာလ ရပ်ရှားပြည် လူတန်းစား တိုက်ပွဲ ဒီရေ အတက်အကျ အတွေ့အကြုံတွေပေါ် အခြေခံပြီး ရေးသားခဲ့တာ ဖြစ်တယ်။ ပေါ့ပြက်လွန်းတဲ့ ဒီယူဆချက်တွေကို ထရော့စကီးက အခုလို တုန့်ပြန် ဖြေဆိုခဲ့တယ် –
“ဒီခေတ်မှာ (စီးပွားရေး) တိုးတက်မှု ဖြစ်လာရင် ကျနော်တို့ တော်လှန်ရေးအတွက် သေလောက်တဲ့ ထိုးနှက်ချက် ဖြစ်သွားလိမ့်မယ်လို့ ရဲဘော် အတော်များများက ပြောကြတယ်။ မဟုတ်ဘူး၊ ဘယ်လို အခြေအနေမျိုးမှာမှ အဲဒီလို မဖြစ်နိုင်ဘူး။ ယေဘုယျ ဆိုရရင် အလုပ်သမား လူတန်းစားရဲ့ တော်လှန်ရေး လှုပ်ရှားမှုက အကျပ်အတည်းပေါ် အလိုအလျောက်ဆန်ဆန် မှီခိုနေတာမျိုး မရှိဘူး။ သူတို့ကြား ဒိုင်ယာလက်တစ်ဆန်တဲ့ အပြန်အလှန် ဆက်နွှယ်မှုသာ ရှိတယ်” [ibid., pg 277, emphasis added]
စီးပွားရေး အကြီးအကျယ် ကျဆင်းမှုက (အလုပ်သမား) လူတန်းစားရဲ့ တိုက်ပွဲဝင်စွမ်းအားကို ကျဆင်းသွားစေနိုင်တဲ့ အခိုက်အတန့်တွေ လူတန်းစား တိုက်ပွဲ သမိုင်းမှာ ရှိတယ်လို့ ထရော့စကီး ထောက်ပြခဲ့တယ်။ စီးပွားရေး နလန်ပြန်ထူလာတော့မှသာ အလုပ်သမားတွေက မိမိတို့ အင်အား ပြန်ကောင်းလာမှန်း ခံစားရတယ်၊ အဲဒီအခါကျမှပဲ (ရှေ့နောက်မညီသလို ထင်ရပေမဲ့) အလုပ်သမား လူတန်းစားဟာ ပြင်းထန်တဲ့ တိုက်ပွဲတွေကို စတင်နိုင်ကြတာ ဖြစ်တယ်။ စီးပွားရေး ကျဆင်းမှု ဒါမှမဟုတ် တိုးတက်မှုရဲ့ လူတန်းစား တိုက်ပွဲအပေါ် သက်ရောက်မှုဟာ နေ့ချင်းညချင်း ဖြစ်လာတာ မဟုတ်ဘူး၊ စက်ယန္တရားဆန်ဆန် ဖြစ်လာတာမျိုး မဟုတ်ဘူး။ နှောင့်နှေးတာမျိုး ရှိနိုင်သလို၊ နောက်ခံ အခင်းအကျင်းနဲ့ အရင်က ဘာဖြစ်ခဲ့သလဲ ဆိုတဲ့ အချက်တွေအပေါ် မူတည်နေတယ်။
အရင်းရှင်တွေဟာ စီးပွားရေး မျှခြေ အသစ်တခု ရလာအောင် ကြိုးစားနေကြပေမဲ့၊ ဒီကြိုးပမ်းမှုတွေဟာ နောက်ဆုံးမှာ လူမှုရေးနဲ့ နိုင်ငံရေး မျှခြေတွေကို ပျက်ပြားသွားစေလိမ့်မယ်လို့ ထရော့စကီးက ကောက်ချက်ဆွဲပြခဲ့တယ်။ လူတန်းစား တိုက်ပွဲ ဒီရေအကျဟာ တချိန်ကျရင် ကမ္ဘာ့ တော်လှန်ရေးဆီ မုချ ဦးတည်သွားလိမ့်မယ်။ ဒါကြောင့် ကွန်မင်တန်ရဲ့ တာဝန်က လူထုကို နည်းဗျူဟာကျကျ စည်းရုံး သိမ်းသွင်းနိုင်တဲ့ အင်အား တောင့်တင်းသော ကွန်မြူနစ် ပါတီတွေ တည်ဆောက်ပြီး နောက်ထပ်လာမယ့် တော်လှန်ရေး လှိုင်းကြီးအတွက် ပြင်ဆင်ထားရေး ဖြစ်တယ်။
ထိုးစစ်ဆင်ရေး သီအိုရီ
ဒီဆွေးနွေးချက်ဟာ အဲဒီနှစ် အစောပိုင်းက ဂျာမန် ကွန်မြူနစ်တွေရဲ့ “မတ်လ လှုပ်ရှားမှု” နဲ့ ဆက်စပ်ပြီး အင်မတန် အရေးပါခဲ့တယ်။
ဂျာမနီ နိုင်ငံဟာ ၁၉၁၈ ကတည်းက တော်လှန်ရေးနဲ့ တန်ပြန် တော်လှန်ရေး လှိုင်းတံပိုးတွေကို ဖြတ်သန်းနေခဲ့ရတာ ဖြစ်တယ်။ ဒီအချိန်မှာ ဂျာမနီ ကွန်မြူနစ် ပါတီ (KPD) ဟာ အဖွဲ့ဝင် ၅၀၀,၀၀၀ ကျော်နဲ့ ရုရှား ပြင်ပမှာ အင်အား အကြီးဆုံး ကွန်မြူနစ် ပါတီ ဖြစ်နေခဲ့ပြီ။
သို့သော် ၁၉၂၁ မတ်လမှာ တော်လှန်ရေးလှိုင်း ငြိမ်သက်သွားပြီ ဖြစ်ပေမဲ့ KPD ခေါင်းဆောင်ပိုင်းက ပါတီရဲ့ လုပ်ဆောင်ချက်သက်သက်နဲ့ တော်လှန်ရေး လှိုင်းသစ်တခု artificially လုပ်ယူဖို့ ကြိုးစားခဲ့ကြတယ်။ တချို့ဆိုရင် အလုပ်သမား သမဝါယမ အသင်း ဌာနချုပ်ကို ဖောက်ခွဲပြီး ရဲတွေလက်ချက်လို့ အပြစ်ပုံချပြီး လူထု အုံကြွမှုကို ဖန်တီးယူဖို့ ကြိုးပမ်းခဲ့သေးတယ်။

ဒီလှုပ်ရှားမှုဟာ “ထိုးစစ်ဆင်ရေး သီအိုရီ”ဆိုတဲ့ သဘောတရားအတိုင်း လိုက်လုပ်တာ ဖြစ်တယ်။ လက်တွေ့ အခြေအနေက ဘယ်လိုပဲ ဖြစ်နေပါစေ ကွန်မြူနစ် ပါတီတွေအနေနဲ့ အလုပ်သမားတွေ တော်လှန်ရေး ဆင်နွှဲအောင် သွေးထိုးပေးဖို့ ‘ထိုးစစ်ဆင်တဲ့ နည်းဗျူဟာတွေ’ ကို ကျင့်သုံးရမယ်လို့ ပါတီတွင်း လက်ဝဲစွန်း အလွှာတခုက ဆိုခဲ့ကြတယ်။
အလုပ်သမား လူတန်းစားရဲ့ တကယ့် လှုပ်ရှားမှု အခြေအနေကို ထည့်မစဉ်းစားခဲ့ဘူး၊ ဒါ့ကြောင့် ဒီ ‘လှုပ်ရှားမှု’ဟာ ရုတ်တရက် ပြိုကွဲပျက်စီးသွားခဲ့တယ်။ လူပေါင်း သောင်းနဲ့ချီ ဖမ်းဆီးခံရတယ်၊ KPD ပါတီ မတရားသင်း ကြေညာခံလိုက်ရတယ်၊ ပါတီဝင် ၂၀၀,၀၀၀ ကျော်ဟာလဲ နှုတ်ထွက်သွားကြတယ် ဒါမှမဟုတ် လှုပ်ရှားမှုကို စွန့်ခွာသွားကြတယ်။
ဒါတောင်မှ KPD ပါတီအတွင်းက လက်ဝဲစွန်း အစုကတော့ သူတို့ရဲ့ နည်းဗျူဟာတွေဟာ မှန်ကန်ကြောင်း ခုခံပြောဆိုခဲ့ကြတယ်။ ရာဒက်ခ်၊ ဘူခါရင်နဲ့ ဇီနိုဗီးယက်ဗ်တို့လို ကွန်မင်တန် ခေါင်းဆောင်တွေကပါ ‘ထိုးစစ်ဆင်ရေး သီအိုရီ’ ကို ကြိုဆိုခဲ့ကြပြီး ဒီလက်ဝဲစွန်း အစုနဲ့ ပေါင်းမိသွားခဲ့တယ်။ ဟန်ဂေရီ၊ ချက်ကိုစလိုဗက်ကီးယား၊ အီတလီ၊ သြစတြီးယားနဲ့ ပြင်သစ် နိုင်ငံတွေက ‘လက်ဝဲ ကွန်မြူနစ်’ အားလုံးကလဲ ဒီ ‘မတ်လ လှုပ်ရှားမှု’ ကို ချီးကျူးခဲ့ကြပြီး အတုယူစရာ သူရဲကောင်းဆန်တဲ့ စံနမူနာ တခုအဖြစ် ရှုမြင်ခဲ့ကြတယ်။
ဒီအတွက်ပဲ ကွန်မင်တန် တတိယ အကြိမ် ကွန်ဂရက်မှာ ဒီလက်ဝဲစွန်း ယိမ်းယိုင်မှုကို ပြင်ဆင်ဖို့ တာဝန်ဟာ လီနင်နဲ့ ထရော့စကီးတို့ ပုခုံးပေါ် ကျရောက်လာခဲ့တယ်။ ကွန်မြူနစ်တွေမှာ သတ္တိနဲ့ သူရဲကောင်းဆန်မှု ရှိနေရုံနဲ့ တော်လှန်ရေးကို ဦးဆောင်ဖို့ မလုံလောက်ဘူးလို့ လီနင်နဲ့ ထရော့စကီးတို့ ရှင်းပြခဲ့တယ်။ တော်လှန်ရေး အောင်မြင်ဖို့ဆိုရင် လူထု တရပ်လုံးကို စည်းရုံး သိမ်းသွင်းနိုင်ဖို့ မဖြစ်မနေ လိုအပ်တယ်။
ဒီလို လုပ်ဆောင်ဖို့အတွက် ကွန်မြူနစ် ပါတီတွေမှာ လက်တွေ့ အခြေအနေကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ခေါင်းဆောင်တွေ ရှိဖို့ လိုအပ်သလို၊ တော်လှန်ရေး ဖြစ်စဉ်ရဲ့ ဘယ်အဆင့်ကို ဖြတ်သန်းနေလဲ ဆိုတာ အကဲဖြတ်နိုင်ဖို့လဲ လိုအပ်တယ်။ ဒါကြောင့် လူတန်းစား တိုက်ပွဲကို ဒိုင်ယာလက်တစ်နည်းကျ နားလည်ဖို့၊ အခြေအနေ တရပ်မှာ ရှိနေတဲ့ လူထုရဲ့ အသိစိတ်ကို ဖတ်ရှု မြင်နိုင်စွမ်း ရှိဖို့ အရေးကြီးတယ်။
တော်လှန်ရေး အခြေအနေတွေကို စိတ်အလိုကျ ဖန်တီးယူလို့ မရဘူး။ အလုပ်သမား လူတန်းစားကို လှုပ်ရှားလာအောင် အမိန့်ပေးဖို့ ကြိုးစားမယ့်အစား ကွန်မြူနစ် ပါတီတွေဟာ လူထုနဲ့ စစ်မှန်တဲ့ ဒိုင်ယာလော့(ဂ်)တွေ ဘယ်လို လုပ်ရမလဲ ဆိုတာ သိထားရမယ်။ ဆိုလိုတဲ့သဘောက လူထုရဲ့ လက်ရှိ အသိစိတ် ရေချိန်ကို အခြေခံပြီး လူထုနဲ့ ချိတ်ဆက်နိုင်စွမ်း ရှိရမယ်၊ ဒီကနေ အာဏာသိမ်းယူဖို့ လိုအပ်တယ် ဆိုတဲ့ အသိအမြင်အထိ မြှင့်တင်ပေးနိုင်စွမ်း ရှိရမယ်။ တော်လှန်ရေး အခြေအနေလဲ လုံးဝ ရင့်မှည့်နေပြီ၊ ကွန်မြူနစ်တွေကလဲ အလုပ်သမား လူတန်းစား အများစုကြီးကို စည်းရုံး သိမ်းသွင်းထားနိုင်ပြီ ဆိုတဲ့ အချိန်ကျမှ အောင်မြင်တဲ့ ပုန်ကန် အုံကြွမှုတရပ်ကို ဦးဆောင်နိုင်မှာ ဖြစ်တယ်။
ဆွေးနွေးချက်ကို အနှစ်ချုပ်တဲ့အနေနဲ့ ထရော့စကီးက “လူအ တယောက်ကသာ တော်လှန်ရေး ဗျူဟာ အားလုံးကို ထိုးစစ်တခုအဖြစ် လျှော့ချပစ်လိမ့်မယ်” လို့ မှတ်ချက်ပေးခဲ့တယ်။ [ L Trotsky, ‘A School of Revolutionary Strategy’, The First Five Years of the Comintern, Wellred Books, 2020, pg 410]
ခေါင်းဆောင်မှု အတတ်ပညာဆိုတာ အင်အားစုတွေကို ရှေ့တိုးဖို့ ညွှန်ကြားရုံလောက် မဟုတ်ဘူး၊ ဘယ်အချိန် နောက်ဆုတ်ရမယ် ဆိုတာလဲ သိဖို့ လိုအပ်တယ်။ ဒါဟာ စနစ်တကျ ဆုတ်ခွာခြင်း (နောင်တိုက်ပွဲတွေအတွက် ကိုယ့်အင်အားကို ထိန်းသိမ်းခြင်း) နဲ့ လုံးဝဥဿုံ ပြိုလဲ ပျက်ဆီးခြင်းကြားက ခြားနားချက် ဖြစ်သွားနိုင်တယ်။
နောက်ဆုံးမှာတော့ လီနင်နဲ့ ထရော့စကီးရဲ့ ရပ်တည်ချက်ကို တတိယအကြိမ် ကွန်ဂရက်က လက်ခံခဲ့တယ်၊ “လူထုဆီသို့” ကြွေးကြော်သံက ကွန်ဂရက်ရဲ့ ဆောင်ပုဒ် ဖြစ်သွားခဲ့တယ်။
ညီညွတ်ရေး တပ်ဦး
နိုင်ငံအလိုက် ဌာနခွဲ ခေါင်းဆောင်တွေကနေစလို့ ကွန်မြူနစ် အင်တာနေရှင်နယ် အဖွဲ့ဝင် အားလုံးရဲ့ သဘောတရားရေး ကျေလည်မှု အဆင့်အတန်းကို မြှင့်တင်ပေးဖို့ လီနင်နဲ့ ထရော့စကီးတို့ ကြိုးစားခဲ့ကြတယ်။ အလုပ်သမား လူတန်းစားရဲ့ တပ်ဦးဖြစ်တဲ့ ရှေ့တန်းရောက် အလွှာတွေကို စည်းရုံးပြီးသား တော်လှန်ရေး ပါတီ တရပ်အနေနဲ့ လှုပ်ရှားမှုအတွင်း ပြုပြင်ရေးဝါဒီ ခေါင်းဆောင်တွေရဲ့ လွှမ်းမိုးမှုအောက် ရှိနေဆဲ လူထုကြီးကို ဘယ်လို စည်းရုံး သိမ်းသွင်းမလဲ ဆိုတဲ့ ပြဿနာဟာ အင်တာနေရှင်နယ် အဖွဲ့ဝင်ထု စွဲမှတ်သွားအောင် သွန်သင်ဖို့ လီနင်၊ ထရော့စကီးတို့ ကြိုးစားခဲ့တဲ့ အရေးကြီး ပြဿနာတရပ် ဖြစ်ပါတယ်။
သမိုင်းဝင် ဖြစ်ရပ်ကြီးတွေ ပေါ်ပေါက်လာတဲ့အခါ လူထု အလွှာ အသီးသီးဟာ တိုက်ပွဲဝင် စင်မြင့်ပေါ် စတင် ရောက်ရှိလာကြတယ်။ အဲဒီဖြစ်စဉ်အတွင်း လူထုက ခေါင်းဆောင်တွေကို မှတ်ကျောက်တင် စစ်ဆေးတယ်။ တိုက်ပွဲဝင်ဖို့ ငြင်းဆန်တဲ့၊ ဒါမှမဟုတ် မိမိတို့ရဲ့ ရာထူးနေရာကို သုံးပြီး အလုပ်သမားထုကို ဟန့်တားနေတဲ့ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်တွေ နောက်ဆုံးမှာ ဘေးဖယ်ထုတ်ခံရလိမ့်မယ်။ သူတို့နေရာမှာ ပိုရဲရင့်တဲ့ ခေါင်းဆောင်သစ်တွေနဲ့ အစားထိုးသွားလိမ့်မယ်။ နိုင်ငံရေး မျက်နှာစာမှာလဲ အလုပ်သမားထုဟာ စနစ်ရဲ့ အကျပ်အတည်းကနေ ထွက်ရပ်လမ်းကို ပြနိုင်တဲ့ ဒါမှမဟုတ် အနည်းဆုံးတော့ အဖြေရှိပုံရတဲ့ ခေါင်းဆောင်တွေကို ရှာဖွေလာကြတယ်။ စနစ်ကို ဆန့်ကျင် တိုက်ခိုက်ဖို့ အသင့် ပြင်ထားဆိုတဲ့ ခေါင်းဆောင်တွေကို ရှာဖွေလာကြတယ်။
သို့ပေမဲ့ တော်လှန်ရေး အသိစိတ် ဖြစ်ပေါ် တိုးတက်လာတဲ့ ဖြစ်စဉ်မှာ ‘ဝုန်းကနဲ ပေါက်ကွဲထွက်လာတဲ့’ (big-bang) အခိုက်အတန့် ဆိုတာမျိုး မရှိဘူး။ အသိစိတ် ခုန်ကူး ပြောင်းလဲမှုတွေဟာ ဖြစ်ရပ် တခုတည်းကြောင့် ထွက်ပေါ်လာတာမျိုး မဟုတ်ဘူး၊ မတည်ငြိမ်တဲ့ ကာလတလျှောက် အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ ဖြစ်ပျက်လာတဲ့ ဖြစ်စဉ် တသီကြီးကြောင့် ထွက်ပေါ်လာတာ ဖြစ်တယ်။ ပြင်းထန်တဲ့ လူတန်းစား တိုက်ပွဲတွေ ပေါက်ကွဲထွက်လာလိုက်၊ အဲဒီနောက် ဆုတ်ခွာရတဲ့ ကာလတွေ ရောက်သွားလိုက်နဲ့ နောက်ဆုံးမှာတော့ အသိစိတ်ဟာ အရှိန်အဟုန်နဲ့ ခုန်ကူး တိုးတက်မှုတွေ ဖြစ်သွားတယ်။
အလုပ်သမား လူတန်းစားရဲ့ အလွှာ အသီးသီးဟာ လှုပ်ရှားမှု အရှိန် မတူကြဘူး။ တခြား အလွှာတွေထက် အရင်ဦးအောင် ကောက်ချက်ဆွဲနိုင်တဲ့ ရှေ့တန်းရောက် အလွှာတွေ ရှိတယ်။ ဒီအလွှာကို တော်လှန်ရေး ပါတီထဲ ဝင်လာအောင် စည်းရုံးရမယ်၊ စနစ်တကျ ဖွဲ့စည်းရမယ်၊ ပညာပေးရမယ်၊ အလုပ်သမားထုဆီ မျက်နှာမူစေရမယ်။
အရင်းရှင်စနစ် ကာလရှည်ကြာ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ အချိန်၊ တနည်းအားဖြင့် စနစ်က အလုပ်သမား လူတန်းစားကို လိုက်လျောချက်တွေ ပေးနိုင်တဲ့ အခြေအနေမျိုးမှာ လူထုကို တော်လှန်ရေး ပါတီက သိမ်းသွင်းထားနိုင်တယ် ဆိုတဲ့ အယူအဆကို ဖယ်ထုတ်ပစ်ဖို့ လိုပါတယ်။ ၁၉ ရာစု နှောင်းပိုင်းနဲ့ ၂၀ ရာစု အစောပိုင်း ကာလတွေမှာ ဖြစ်ခဲ့သလိုပဲ၊ အဲဒီလို အချိန်မျိုးမှာ ပြုပြင်ရေးဝါဒကသာ လွှမ်းမိုးထားတတ်တယ်။ အရင်းရှင် စနစ်က လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ပုံရရင် အဲဒီစနစ်ကို ဖြုတ်ချဖို့ ဘာကြောင့် လိုအပ်မှာလဲ။
ဒီလို ကာလတွေမှာ စစ်မှန်တဲ့ မာ့က်စ်ဝါဒီတွေဟာ ရေစီးကို ဆန်တက်နေရတဲ့ လူနည်းစုလေးတွေ ဖြစ်သွားလေ့ရှိတယ်။ ဒီအခြေအနေမှာ ကိုယ့်အင်အားကိုယ် စုစည်းထားရင်း တော်လှန်သော မာ့က်စ်ဝါဒ အယူအဆတွေကို ထိန်းသိမ်းထားရတယ်။ ဒီလို ရှည်လျားတဲ့ ကာလတခု ဖြတ်သန်းပြီး စနစ်က အကျပ်အတည်း စတင် ကြုံတွေ့လာရရင်တောင် လူတွေဟာ မလွဲမသွေ ဖြစ်လာမဲ့ တော်လှန်ရေးကို ရှေးရှုရမယ့်အစား “အတိတ်က ရွှေထီးဆောင်းခဲ့တဲ့ နေ့ရက်တွေ”ကိုပဲ လည်ပြန် ကြည့်တတ်ကြတယ်။ အဲဒီ အခြေအနေဆီ ပြန်ရောက်နိုင်မယ့် နည်းလမ်းတွေကိုပဲ အရင် ရှာဖွေတတ်ကြတယ်။ လူသားတွေရဲ့ အသိစိတ်ဟာ ကွန်ဆာ့ဗတစ် သဘော ရှိတယ်။ ဒါကြောင့် လက်တွေ့ အခြေအနေမှန်ကို လိုက်မီဖို့ အချိန် ယူရလေ့ ရှိတယ်။
ဘာကြောင့် အစောပိုင်း အဆင့်တွေမှာ လှုပ်ရှားမှုရဲ့ တော်လှန်ရေး တောင်ပံဟာ လူနည်းစု ဖြစ်နေရသလဲ၊ ဒီအချိန် အလုပ်သမား လူတန်းစား အများစုက ပိုပြီး “လက်တွေ့ကျတယ်”၊ ပိုလွယ်ကူတယ်လို့ ထင်ရတဲ့ လမ်းတွေကို ဘာကြောင့် ရှာဖွေကြသလဲ ဆိုတာကို ဒီအချက်က ရှင်းပြနေတယ်။ ဒါ့အပြင် အစပိုင်းမှာ လူထုအပေါ် ပြုပြင်ရေးဝါဒီ ခေါင်းဆောင်တွေက ဘာကြောင့် ဩဇာ ပိုရှိနေသလဲ ဆိုတာကိုလဲ ဒီအချက်က ရှင်းပြပေးတယ်။
ဒါကြောင့်လဲ ၁၉၂၂ နိုဝင်ဘာ ၅ ကနေ ဒီဇင်ဘာ ၅ အထိ ကျင်းပခဲ့တဲ့ စတုတ္ထ အကြိမ် ကွန်ဂရက်မှာ “ညီညွတ်ရေး တပ်ဦးဆိုင်ရာ စစ်တမ်းများ” ကို အတည်ပြုဖို့ တိုက်တွန်းခဲ့တာ ဖြစ်တယ်။ အလုပ်သမား လူတန်းစားအတွင်း “ပြုပြင်ရေးဝါဒရဲ့ ထင်ယောင်ထင်မှား ဖြစ်မှုများ ပြန်လည်နိုးထလာခြင်း” နဲ့ “ညီညွတ်ရေးဆီသို့ အလိုအလျောက် ဦးတည် ကြိုးပမ်းလာခြင်း” တို့ကို ဒီစစ်တမ်းထဲမှာ သတိပေး ဖော်ပြခဲ့တယ်။ [Published in Resolutions and Theses of the Fourth Congress of the Communist International, Centropress, 1922, pg 36]
လက်တွေ့ အခြေအနေမှာ အင်မတန် အရေးကြီးတဲ့ အပြောင်းအလဲတခု ဖြစ်ပေါ်လာခဲ့တယ်။ ပြီးခဲ့တဲ့ ကွန်ဂရက်မှာ မှတ်ချက်ပြုခဲ့သလိုပဲ တော်လှန်ရေး ဒီရေ ကျသွားခဲ့ပြီး စနစ်ဟာ ယာယီအားဖြင့် ပြန်လည် တည်ငြိမ်မှု ရလာပြီ။ စစ်တမ်းထဲမှာ အခုလို ဖော်ပြထားတယ် –
“… မစေ့စပ်စတမ်း နောက်မဆုတ်တမ်း တိုက်ပွဲဝင်လိုစိတ် အရှိဆုံးသူတွေ၊ အလုပ်သမား လူတန်းစားထဲက ကွန်မြူနစ် အစိတ်အပိုင်းတွေအပေါ် ယုံကြည်မှု တဖြည်းဖြည်း မြင့်တက်လာတာနဲ့အမျှ အလုပ်သမားထုကြီး တရပ်လုံးဟာ အရင်ကနဲ့မတူအောင် ညီညွတ်ရေးကို တောင့်တလာကြတယ်။ နိုင်ငံရေး အတွေ့အကြုံ မရှိသေးဘဲ လှုပ်ရှားမှုထဲ အခုမှ စဝင်လာတဲ့ အလုပ်သမား အလွှာသစ်တွေဟာ အလုပ်သမား ပါတီ အားလုံး၊ အလုပ်သမား အဖွဲ့အစည်း အားလုံး ပေါင်းစည်း ညီညွတ်ဖို့ တောင့်တလာကြတယ်။ ဒီလိုနည်းနဲ့ အရင်းရှင်တွေရဲ့ ထိုးစစ်ကို ပိုပြီး ကြံ့ကြံ့ခံ တွန်းလှန်နိုင်မယ်လို့ မျှော်လင့်နေကြတာ ဖြစ်တယ်။” [ibid.]
အဲဒီ အချိန်တုန်းက ဗြိတိန်က လေဘာ ပါတီ၊ ဂျာမနီက SPD နဲ့ အီတလီက PSI တို့လို ပြုပြင်ရေးဝါဒီ ပါတီတွေဟာ အလုပ်သမား လူတန်းစားရဲ့ ကျယ်ပြန့်တဲ့ အလွှာတွေအပေါ် လွှမ်းမိုးမှု ရှိနေဆဲ ဖြစ်တယ်။ ဒါကြောင့် ဒီအလွှာတွေကို တော်လှန်သော ကွန်မြူနစ်ဝါဒ အတွေးအခေါ်တွေဘက် ဘယ်လို စည်းရုံး သိမ်းသွင်းမလဲ ဆိုတဲ့ ပြဿနာ ထွက်ပေါ်လာတယ်။ ဂိုဏ်းဂဏဆန်တဲ့ ဟန်ပန်တွေ၊ ရှုတ်ချမှုတွေနဲ့တော့ ဒီပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ အလုပ်သမား ညီညွတ်ရေး တပ်ဦး နည်းဗျူဟာကို ကျင့်သုံးရာမှာ ကျွမ်းကျင် ပါးနပ်မှု ရှိဖို့ လိုအပ်တယ်။
ပြုပြင်ရေးဝါဒီ အဖွဲ့အစည်းတွေ၊ အလုပ်သမား သမဂ္ဂတွေက အောက်ခြေ အဖွဲ့ဝင်ထုရဲ့ ယုံကြည်မှု ရဖို့ဆိုရင် ကွန်မြူနစ်တွေဘက်က အလုပ်သမား လူတန်းစား ညီညွတ်ရေး တပ်ဦး တခုအဖြစ် စုစည်း တိုက်ပွဲဝင်ဖို့ အသင့်ရှိကြောင်း ပြသဖို့ လိုအပ်တယ်။ ဒါက ညီညွတ်ရေး တပ်ဦးရဲ့ အခြေခံ သဘောပဲ။ ဒီ ညီညွတ်ရေး တပ်ဦးဟာ အလုပ်သမား လူတန်းစားရဲ့ လက်ငင်း အကျိုးစီးပွားတွေအတွက် တိုက်ပွဲဝင်သွားမှာ ဖြစ်သလို၊ တဖက်မှာလဲ ပြုပြင်ရေးဝါဒီ ခေါင်းဆောင်တွေအပေါ် အရေးဆိုချက်တွေ တင်ပေးမယ်၊ လူတန်းစား တရပ်လုံးရဲ့ ယေဘုယျ အကျိုးစီးပွားတွေကို ပိုပြီး မြှင့်တင်ပေးသွားမယ်။
ဒီလိုနည်းနဲ့ပဲ နိစ္စဓူဝ တိုက်ပွဲတွေမှာ ဘယ်သူတွေက တစိုက်မတ်မတ် တိုက်ပွဲဝင်သူတွေ ဖြစ်သလဲ ဆိုတာကို လက်တွေ့ ပြသနိုင်လာမယ်။ လူတန်းစား ရင်ကြားစေ့ရေးဝါဒီ (class-collaborationist) ခေါင်းဆောင်တွေကို မှတ်ကျောက်တင် စမ်းသပ်ကြည့်မယ်။ ဒီနည်းနဲ့ အောက်ခြေ အဖွဲ့ဝင်ထုကို ကွန်မြူနစ်တွေရဲ့ တော်လှန်ရေး လုပ်ငန်းစဉ် ဖြစ်တဲ့ ဆိုရှယ်လစ် တော်လှန်ရေး လုပ်ငန်းစဉ်ဆီ စည်းရုံး သိမ်းသွင်းနိုင်လိမ့်မယ်။
ညီညွတ်ရေး တပ်ဦး နည်းဗျူဟာကို ကျင့်သုံးပုံဟာ တိုင်းပြည် တခုနဲ့တခု တူညီမှာ မဟုတ်ဘူး။ ဒေသန္တရ အခြေအနေတွေအပေါ် မူတည်သလို ပြုပြင်ရေးဝါဒီ အဖွဲ့အစည်းကြီးတွေနဲ့ ယှဉ်ရသော ကွန်မြူနစ် ပါတီတွေရဲ့ အားသာချက်၊ အားနည်းချက်တွေ အပေါ်လဲ မူတည်တယ်။ ဒါပေမဲ့ အခြေခံ အယူအဆကတော့ အတူတူပဲ။
အီတလီ နိုင်ငံမှာဆိုရင် ဒီနည်းဗျူဟာဟာ ကြီးထွားလာနေတဲ့ ဖောက်ပြန်ရေး အန္တရာယ်ကို ခုခံကာကွယ်ရေးဟာ အခိုင်အမာ လက်တွေ့ လိုအပ်ချက် ဖြစ်လာခဲ့တယ်။ ၁၉၂၂ အောက်တိုဘာမှာ မူဆိုလိုနီကို ဘုရင်က နန်းရင်းဝန် အဖြစ် ခန့်အပ်လိုက်တယ်။ ဒါကြောင့် ညီညွတ်ရေး တပ်ဦး တည်ဆောက်မယ်ဆိုရင် တရှိန်ထိုး တက်လာတဲ့ ဖက်ဆစ် အကြမ်းဖက်မှုတွေကို ဆန့်ကျင်ဖို့ အီတလီ ကွန်မြူနစ် ပါတီ (PCd’I) က ဆိုရှယ်လစ် ပါတီနဲ့ အလုပ်သမား သမဂ္ဂတွေကို တညီတညွတ်တည်း တိုက်ပွဲဝင်ရေး ကမ်းလှမ်းတာမျိုး လုပ်ရလိမ့်မယ်။
ဗြိတိန် နိုင်ငံမှာတော့ ဗြိတိန် ကွန်မြူနစ် ပါတီရဲ့ အင်အားစုတွေက နှိုင်းယှဉ်ချက်အရ အားနည်းနေတဲ့အတွက် စစ်တမ်းမှာ အခုလို ဖော်ပြခဲ့တယ် –
“ဗြိတိန် ကွန်မြူနစ်တွေဟာ လေဘာ ပါတီထဲ ဝင်ခွင့်ရဖို့အတွက် ပြင်းပြင်းထန်ထန် လှုပ်ရှားရမယ်။ […] ဗြိတိန် ကွန်မြူနစ်တွေဟာ အရင်းရှင်တွေကို ဆန့်ကျင်တဲ့ တော်လှန်သော ညီညွတ်ရေး တပ်ဦး ကြွေးကြော်သံကို အသုံးပြုပြီး အလုပ်သမားထုရဲ့ အလွှာ အသီးသီးအပေါ် ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးနိုင်လာအောင် နည်းပေါင်းစုံသုံးပြီး အစွမ်းကုန် ကြိုးစားရမယ်။” [ibid. pg 39-40]
ဒါပေမဲ့ ဒီနည်းဗျူဟာ အောင်မြင်ဖို့ဆိုရင် “ဒါကို အကောင်အထည်ဖော်မယ့် ကွန်မြူနစ် ပါတီတွေဟာ အင်အား တောင့်တင်းရမယ်၊ ညီညွတ်ရမယ်၊ ဒါ့အပြင် သဘောတရားရေး ရှင်းလင်းပြတ်သားတဲ့ ခေါင်းဆောင်မှု ရှိနေဖို့” လိုအပ်တယ်။ [ibid. pg 40] ဒီလိုအပ်ချက်ကို ဖြည့်ဆည်းရေးဟာ အင်တာနေရှင်နယ် ကွန်ဂရက်တွေမှာ လီနင်နဲ့ ထရော့စကီးတို့ ပုခုံးထမ်း ယူခဲ့ကြတဲ့ အဓိက တာဝန် ဖြစ်တယ်။
အကြောင်းအပေါင်း မသင့်လေတော့ လီနင်နဲ့ ထရော့စကီးတို့ အမြဲတမ်း မအောင်မြင်ခဲ့ပါဘူး။ နုနယ်တဲ့ ကွန်မြူနစ် ပါတီတွေက ခေါင်းဆောင် အတော်များများရဲ့ အရည်အသွေး၊ နိုင်ငံရေး အတွေ့အကြုံနဲ့ နားလည်နိုင်စွမ်းဟာ ခေတ်က တောင်းဆိုနေတဲ့ တာဝန်တွေ ထမ်းဆောင်နိုင်လောက်တဲ့အထိ မပြည့်မီခဲ့ဘူး။
အီတလီ ကွန်မြူနစ် ပါတီ ခေါင်းဆောင်ပိုင်းမှာဆိုရင် ဘော်ဒီဂါလို ပုဂ္ဂိုလ်မျိုးတွေ ရှိခဲ့တယ်။ သူတို့ဟာ လီနင်နဲ့ ထရော့စကီးတို့ရဲ့ အကြံပေးချက်တွေကို ဘယ်တုန်းကမှ လက်မခံခဲ့ဘူး။ အရင်းရှင် လူတန်းစားက တန်ပြန် ထိုးစစ်ဆင်နေချိန် ဘော်ဒီဂါရဲ့ လုပ်ရပ်တွေကြောင့် အလုပ်သမား လူတန်းစား အင်အားစုတွေ တကွဲတပြား ဖြစ်ကုန်တယ်။ ရင်နာစရာ အဖြစ်ပဲ။ အုပ်စိုးသူ လူတန်းစားက အလုပ်သမား လှုပ်ရှားမှုကို အမြစ်ပြတ် ချေမှုန်းဖို့ ဦးတည် လုပ်ဆောင်လာခဲ့တယ်၊ အလုပ်သမားထုကို အကွဲကွဲအပြားပြား ဖြစ်အောင် လုပ်ခဲ့တယ်၊ ဒေသန္တရ ခေါင်းဆောင် ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်၊ အများအပြားကို ဖမ်းဆီးတယ်၊ ဒီလိုနည်းနဲ့ နောက်ဆုံးမှာ အကြမ်းကြုတ်ဆုံး အရင်းရှင် အာဏာရှင် စနစ်ဖြစ်တဲ့ ‘ဖက်ဆစ်စနစ်’ ကို တည်ဆောက်သွားခဲ့တယ်။
ခေါင်းဆောင်မှု အရေးကြီးပုံ
အဲဒီကာလကို ပြန်ကြည့်ရင် ပကတိဘာဝ အခြေအနေတွေ မြန်မြန်ဆန်ဆန် ပြောင်းလဲနေခြင်းကြောင့် သေးငယ်တဲ့ တော်လှန်ရေး အင်အားစုလေးတွေကနေ အင်အား တောင့်တင်းတဲ့ တော်လှန်ရေး ပါတီကြီးတွေအဖြစ် တဟုန်ထိုး ပြောင်းသွားခဲ့တယ် ဆိုတဲ့ အချက်ကို ထင်းထင်းကြီး မြင်ရတယ်။ ပထမ ကမ္ဘာစစ်ကြီး ပေါက်ကွဲထွက်လာခဲ့တယ်၊ အဲဒီနောက် ဆိုးဝါးလှတဲ့ စီးပွားရေး အကျပ်အတည်းတွေ ဆိုက်လာတယ်၊ အလုပ်လက်မဲ့ ဦးရေ ဆထက်ထမ်းပိုး တက်လာသလို၊ ငွေကြေးဖောင်းပွမှုကလဲ အင်မတန် မြင့်မားလာခဲ့တယ်။ ဒီအခြေအနေတွေဟာ တော်လှန်ရေး ဖြစ်စဉ်တွေ ပေါ်ပေါက်လာဖို့ လမ်းခင်းပေးခဲ့တယ်။
သို့ပေမဲ့ ပြည့်ပြည့်စုံစုံ ဖော်ထုတ်ထားတဲ့ တော်လှန်ရေး သီအိုရီတရပ် မရှိရင် တော်လှန်ရေး ပါတီတရပ် တည်ဆောက်နိုင်မယ့် အလားအလာတွေ ဆုံးရှုံးသွားနိုင်တယ်။
တော်လှန်ရေး ဖြစ်ရပ်တွေ မပေါ်ပေါက်ခင်ကတည်းက အနာဂတ် တော်လှန်ရေး ပါတီရဲ့ ကေဒါတွေ ကြိုတင် တည်ဆောက်ထားဖို့ ဘယ့်လောက် အရေးကြီးကြောင်း၊ တော်လှန်ရေး ပါတီအတွင်း ခေါင်းဆောင်မှုဟာလဲ အရေးကြီကြောင်း ကွန်မြူနစ် အင်တာနေရှင်နယ်ရဲ့ အစောပိုင်း နှစ်တွေက သက်သေပြနေတယ်။ ရုရှားမှာ ၁၉၁၇ ဖေဖော်ဝါရီ တော်လှန်ရေး ပေါက်ကွဲပြီး ချက်ချင်းဆိုသလို တော်လှန်ရေး ခေါင်းဆောင်မှု အရေးကြီးကြောင်း ပေါ်လွင် ထင်ရှားလာခဲ့တယ်။ ဒီကာလမှာ ပြုပြင်ရေးဝါဒရဲ့ ဖိအားတွေ အလွန်အမင်း ပြင်းထန်ခဲ့တယ်။
တော်လှန်ရေး ဖြစ်ရပ်တွေ ပေါ်ပေါက်မလာခင်တည်းက အနာဂတ် တော်လှန်ရေး ပါတီရဲ့ ကေဒါအင်အားစုတွေကို ကြိုတင် တည်ဆောက်ထားဖို့လိုတယ်ဆိုတဲ့ အချက်ကို ကွန်မြူနစ်အင်တာနေရှင်နယ်ရဲ့ အစောပိုင်း နှစ်တွေက အလေးပေး ညွှန်ပြသွားခဲ့တယ်။ တော်လှန်ရေးပါတီကိုယ်နှိုက်ထဲက ခေါင်းဆောင်မှုကလဲ အရေးပါကြောင်း လက်တွေ့ပြသွားတယ်။ ၁၉၁၇ ရပ်ရှား ဖေဖော်ဝါရီ တော်လှန်ရေး ပေါက်ကွဲထွက်လာပြီးပြီးချင်မှာပဲ ပြုပြင်ပြောင်းလဲရေးဝါဒဘက်က ဖိအားအကြီးအကျယ်ပေးခဲ့တာကို ကြည့်ရင်ပဲ သိသာထင်ရှားပါတယ်။
ကျနော်တို့ အပေါ်မှာ ပြောခဲ့သလိုပဲ၊ တော်လှန်ရေးရဲ့ အစောပိုင်း အဆင့်တွေမှာ အလုပ်သမား လူတန်းစားထုက ပိုပြီး လက်တွေ့ကျပုံရတဲ့၊ ပိုပြီး လွယ်ကူပုံရတဲ့ ပြုပြင်ရေးဝါဒ လမ်းကိုပဲ ရှာဖွေတတ်ကြတယ်။ ဒါကြောင့်လဲ ၁၉၁၇ အစောပိုင်းမှာ မင်ရှီဗစ်တွေနဲ့ ဆိုရှယ်လစ် ရက်ဗလူရှင်နရီ (SRs) တွေက လှုပ်ရှားမှု တခုလုံးကို လွှမ်းမိုးထားနိုင်ခဲ့တယ်။ ဒီအချက်ဟာ ကာမေးညက်ဖ်နဲ့ စတာလင်တို့လို ရုရှား ပြည်တွင်းက ဘော်ရှီဗစ် ပါတီ ခေါင်းဆောင်တွေအပေါ် သက်ရောက်မှု ရှိခဲ့တယ်၊ သူတို့ဟာ ဖိအားတွေအောက် ဦးညွှတ်သွားခဲ့ကြတယ်၊ ယာယီ အစိုးရနဲ့ အပေးအယူလုပ်ဖို့၊ ယာယီအစိုးရကို ထောက်ခံဖို့အထိ ယိမ်းယိုင်ကုန်တယ်။
ပါတီကို လမ်းကြောင်းမှန်ပေါ် ပြန်တည့်မတ်ပေးဖို့ လီနင်လို အရည်အချင်းရှိတဲ့ ခေါင်းဆောင်တယောက် လိုအပ်ခဲ့တယ်။ ဆိုလိုတာက မာ့က်စ်ဝါဒ နည်းလမ်းကို ကောင်းကောင်း နားလည်ပြီး ဒိုင်ယာလက်တစ် တွေးခေါ်နည်းကို လက်တွေ့ အသုံးချနိုင်တဲ့၊ နှံ့နှံ့စပ်စပ် ဆည်းပူး လေ့လာထားတဲ့ မာ့က်ဝါဒီတယောက် လိုအပ်တယ်။ ရေစီးကို ဆန်တက်နေရချိန်မှာတောင် ပါတီကို တော်လှန်ရေး ရပ်တည်ချက်ပေါ် မယိုင်မလဲ ခိုင်ခိုင်မာမာ ရှိနေအောင် ဦးဆောင်မှု ပေးနိုင်တဲ့ လီနင်လို ခေါင်းဆောင်မျိုး လိုအပ်ခဲ့တယ်။
၁၉၁၇ ဖေဖော်ဝါရီ တော်လှန်ရေး နောက်ပိုင်း ကြုံလာရတဲ့ ဖိအားတွေကို တွန်းလှန်ပြီး ခိုင်မာတဲ့ ရပ်တည်ချက်ကို ထိန်းထားနိုင်ခဲ့သူ ဒိုင်ယာလက်တစ် တွေးခါ်ရှင် လီနင်ပဲ။ သူဟာ ပြည်တွင်းက ဘော်ရှီဗစ် ခေါင်းဆောင်တွေထက် အမြော်အမြင် ပိုရှိခဲ့တယ်။ မင်ရှီဗစ် ခေါင်းဆောင်တွေ သစ္စာဖောက် လုပ်ရပ်တွေ မလွဲမသွေ လုပ်လိမ့်မယ်၊ ဒီအချက်ကြောင့်ပဲ မင်ရှီဗစ်တွေဟာ အလုပ်သမားထုရဲ့ ထောက်ခံမှုကို သေချာပေါက် ဆုံးရှုံးသွားလိမ့်မယ်လို့ လီနင် ကြိုမြင်နိုင်ခဲ့တယ်။ ဒီအခါ အလုပ်သမားထုက ဘော်ရှီဗစ်တွေရဲ့ တော်လှန်ရေး ရပ်တည်ချက်ကို ပိုပြီး လက်ခံလာကြလိမ့်မယ်။ လီနင်သာ ပါတီရဲ့ ဦးဆောင်မှုနေရာမှာ မရှိခဲ့ရင် ဘော်ရှီဗစ်တွေဟာ အောက်တိုဘာမှာ ပေါ်ပေါက်လာမယ့် အခွင့်အလမ်းကို လက်လွှတ် ဆုံးရှုံးသွားနိုင်တယ်။
ဩစတြီးယား၊ ဟန်ဂေရီ၊ ဂျာမနီ၊ အီတလီနဲ့ တခြား နိုင်ငံတွေက တော်လှန်ရေး လှုပ်ရှားမှုတွေရဲ့ အရေးနိမ့်မှုများဟာ တော်လှန်ရေး ခေါင်းဆောင်မှု အရေးပါပုံကို အဆိုးဘက်က သက်သေပြသွားခြင်း ဖြစ်တယ်။ ကံမကောင်းစွာပဲ၊ အဲဒီကာလအတွင်း ပေါ်ထွက်လာတဲ့ ဘယ်ကွန်မြူနစ် ပါတီမှာမှ လီနင်နဲ့ ထရော့စကီးတို့လို အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေ မရှိခဲ့ဘူး။ ဒါကြောင့်ပဲ တော်လှန်ရေး ဖြစ်စဉ်တွေ ဖူးပွင့်လာတာနဲ့အမျှ ဒီလို ခေါင်းဆောင်မှုတွေ ပေါ်ထွက်လာအောင် ကူညီပေးရေး၊ တချိန်တည်းမှာပဲ ကွန်မြူနစ် ပါတီတွေ ကျူးလွန်နေတဲ့ အမှား အမျိုးမျိုးကို ပြင်ဆင်ပေးရေးဟာ ကွန်မင်တန်အတွက် အရေးကြီး တာဝန် တရပ် ဖြစ်လာတယ်။
အီတလီ၊ တခြားနိုင်ငံတွေ၊ အထူးသဖြင့် ဂျာမနီမှာ တော်လှန်ရေး ရှုံးနိမ့်သွားခြင်းဟာ ဆိုဗီယက် ရပ်ရှားအပေါ် သက်ရောက်မှု ကြီးမားခဲ့တယ်။ နိုင်ငံ တနိုင်ငံတည်းမှာ တော်လှန်ရေး ထီးတည်း ဖြစ်သွားတဲ့ အခြေအနေ ရောက်သွားခဲ့တယ်။ ဒါဟာ ဘော်ရှီဗစ် ပါတီ ဗျူရိုကရက်တစ် ယိုယွင်းပျက်ဆီးမှု ဖြစ်စဉ်ရဲ့ အရေးအကြီးဆုံး ပကတိဘာဝ အကြောင်းအချက် ဖြစ်ခဲ့တယ်။ ဗျူရိုကရက်တစ် ယိုယွင်းပျက်စီးခြင်း ဖြစ်စဉ်ဟာ အဲဒီခေတ် ဆိုဗီယက် ယူနီယံရဲ့ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ခေတ်နောက်ကျ ကျန်ရစ်မှုတွေရဲ့ ရလဒ်လဲ ဖြစ်တယ်။
ဒီ ယိုယွင်းပျက်ဆီးမှုဟာ ကွန်မြူနစ် အင်တာနေရှင်နယ်ရဲ့ ခေါင်းဆောင်မှု အပိုင်းမှာပါ ထင်ဟပ်လာခဲ့တယ်။ အထူးသဖြင့် ၁၉၂၃ မတ်လမှာ လီနင် နာမကျန်းမှုကြောင့် လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်တော့တဲ့ နောက်ပိုင်း ဇီနိုဗီးယက်ဗ် ဦးဆောင်တဲ့ ကွန်မင်တန် အမှုဆောင် အဖွဲ့က နိုင်ငံအလိုက် ဌာနခွဲ ခေါင်းဆောင်တွေကို ဗျူရိုကရေစီဆန်ဆန် အမိန့်ပေး စေခိုင်းတာတွေ ပိုလုပ်လာခဲ့တယ်။ နောက်ဆုံးမှာတော့ ၁၉၃၀ ပြည့်လွန်နှစ်တွေ ရောက်တဲ့အခါ ကွန်မြူနစ် အင်တာနေရှင်နယ်ဟာ ကမ္ဘာ့ တော်လှန်ရေးအတွက် မောင်းနှင်အားတခု အဖြစ်ကနေ စတာလင် ဗျူရိုကရေစီရဲ့ နိုင်ငံခြားရေး မူဝါဒကို အကောင်အထည် ဖော်ပေးရတဲ့ ကိရိယာတခု ဖြစ်သွားခဲ့တယ်။
သင်ခန်းစာများ
လီနင့်ခေတ် ကွန်မြူနစ် အင်တာနေရှင်နယ်ရဲ့ အတွေ့အကြုံတွေကနေ ကျနော်တို့ ရရှိနိုင်တဲ့ သင်ခန်းစာ နှစ်ရပ် ရှိတယ်။ ပထမ တချက်ကတော့ သီအိုရီပိုင်း အယူအဆတွေမှာ အကြွင်းမဲ့ ရှင်းလင်းပြတ်သားမှု ရှိဖို့ အလွန် အရေးကြီးတယ်။ အချောင်သမားဆန်တဲ့ အမှားမျိုးဖြစ်စေ၊ ဂိုဏ်းဂဏဆန်တဲ့ အမှားမျိုးဖြစ်စေ၊ ခွဲခြမ်းစိတ်ဖြာမှုမှာ ကြီးလေးတဲ့ အမှားတခု လုပ်မိပြီး ပြန်လဲ မပြင်နိုင်ဘူးဆိုရင် ကိုယ့်ရဲ့ အင်အားစုတွေကို ကိုယ်တိုင် ဖျက်ဆီးပစ်သလို ဖြစ်သွားနိုင်တယ်။ ဒီအတွက်ပဲ အဖွဲ့ဝင်တွေကို ပညာပေးတဲ့ နေရာမှာ ကျနော်တို့ အချိန်နဲ့ အင်အား အမြောက်အမြား ပေးထားတာ ဖြစ်တယ်။
သီအိုရီပိုင်း အမှားတွေဟာ ကြီးလေးတဲ့ လက်တွေ့ပိုင်း အမှားတွေဆီ ဦးတည်သွားနိုင်တယ်။ ဥပမာပြောရရင် ၁၉၂၁-၂၄ ကာလအတွင်း အီတလီ ကွန်မြူနစ် ပါတီ ခေါင်းဆောင်တွေရဲ့ လက်ဝဲစွန်းဝါဒကြောင့် သက်တမ်းနုနု ကွန်မြူနစ် ပါတီဟာ PSI ပါတီက ပြုပြင်ရေးဝါဒီတွေ ဩဇာညောင်းနေဆဲ လူထုနဲ့ ကင်းကွာသွားခဲ့ဖူးတယ်။ ဂျာမနီမှာလဲ ကြီးလေးတဲ့ အမှားတွေ ကျူးလွန်ခဲ့ကြတယ်။ ဒါကြောင့် လီနင်ရဲ့ ဂန္ထဝင်မြောက် လက်ရာတွေနဲ့အတူ ဒီကာလကို လေ့လာရေးဟာ ဒီကနေ့ခေတ် ကျနော်တို့ အင်အားစုတွေကို တည်ဆောက်ရာမှာ မရှိမဖြစ် လိုအပ်ချက် တရပ် ဖြစ်ပါတယ်။
ဒုတိယမြောက် အဓိက သင်ခန်းစာက သီအိုရီပိုင်း တင်းကျပ် ခိုင်မာမှု ရှိခြင်းဟာ နည်းဗျူဟာပိုင်း ပျော့ပျောင်းမှုနဲ့ ဒွန်တွဲနေရမယ်။ ဒါဟာ လီနင် ဦးဆောင်တဲ့ ဘော်ရှီဗစ် ပါတီရဲ့ အတွင်းသား အင်္ဂါရပ်တခု ဖြစ်တယ်။ ထရော့စကီးက “တော်လှန်ရေး သေနင်္ဂဗျူဟာ ကျောင်းတော်ကြီး” လို့ တင်စားခဲ့တဲ့ ကွန်မြူနစ် အင်တာနေရှင်နယ်ရဲ့ ပထမဆုံး ကွန်ဂရက် လေးခုမှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေ၊ စစ်တမ်းတွေနဲ့ ဆွေးနွေးချက်တွေမှာ ဒီအချက်ကို ရှင်းလင်းပြတ်သားစွာ တွေ့နိုင်တယ်။
ကွန်မြူနစ် အင်တာနေရှင်နယ်ရဲ့ အစောပိုင်း ကာလတွေမှာ နိုင်ငံအလိုက် ဌာနခွဲတွေကို တည်ဆောက်တဲ့ ပုံစံက သက်ဆိုင်ရာ နိုင်ငံရဲ့ ပကတိဘာဝ လက်တွေ့ အခြေအနေတွေအပေါ် မူတည်ပြီး ကွဲပြားတယ်။ ဒီကနေ့ခေတ် ကျနော်တို့ရဲ့ အနာဂတ် မြော်မြင်ချက်တွေမှာလဲ လှေနံဓားထစ် မဆန်တဲ့ အလားတူ ချဉ်းကပ်မှုမျိုး ရှိရမယ်။ အဲဒီလို မလုပ်ဆောင်ဘူး ဆိုရင်တော့ ပေါ်ပေါက်လာမဲ့ အခွင့်အလမ်းတွေကို လက်လွှတ် ဆုံးရှုံးရလိမ့်မယ်။
အရင်းရှင်စနစ် အကျပ်အတည်းနဲ့ အဲဒီကနေ မြစ်ဖျားခံလာမယ့် ပြင်းထန်တဲ့ လူတန်းစား တိုက်ပွဲတို့ရဲ့ ရိုက်ခတ်မှုကြောင့် ပကတိဘာဝ အခြေအနေတွေ ပြောင်းလဲလာတာနဲ့အမျှ ကျနော်တို့ရဲ့ အင်အားစုတွေကို သိသိသာသာ တိုးချဲ့နိုင်မယ့် အခွင့်အရေးများစွာ ပေါ်ထွက်လာလိမ့်မယ်။ ဒါပေမဲ့ မှန်မှန်ကန်ကန်နဲ့ ရပ်တည် လှုပ်ရှားနိုင်ဖို့ဆိုရင်တော့ လေ့ကျင့်သင်ကြားထားတဲ့ ပါတီတရပ် လိုအပ်လိမ့်မယ်၊ ပါတီဟာ သမိုင်းကြောင်းကို ကျေလည်ရမယ်၊ မာ့က်စ်ဝါဒ သီအိုရီကို ကျွမ်းကျင်ပိုင်နိုင်ရမယ်၊ လက်ရှိ အခြေအနေက တောင်းဆိုနေတဲ့အတိုင်း ရဲစွမ်းသတ္တိ ရှိပြီး ပျော့ပျောင်းမှု ရှိဖို့လဲ လိုအပ်တယ်။
ကျနော်တို့ရဲ့ စည်းရုံးရေး ကြွေးကြော်သံက ဒီလို –
- လီနင်ကို လေ့လာကြ
- တော်လှန်သော ကွန်မြူနစ် ပါတီတွေကို လက်ငင်း တည်ဆောက်ကြ
- ကမ္ဘာ့ ဆိုရှယ်လစ် တော်လှန်ရေးဆီ ချီတက်ကြ
Source – HOW THE COMMUNIST INTERNATIONAL WAS BUILT by Fred Weston, IN DEFENCE OF MARXISM magazine issue 47
ဘာသာပြန် – ရှင်မင်းဟန်