အမေရိကန် ပြည်ထောင်စု၊ ၂၀၂၆ မင်နီဆိုးတား အထွေထွေသပိတ်ဆိုင်ရာ စစ်တမ်း ဆယ်ချက် 

၂၀၂၆ ဇန်နဝါရီမှာ အနီးခေတ် အမေရိကန် လူတန်းစား တိုက်ပွဲ သမိုင်းအတွင်း ထူးခြားလေးနက်မှု အရှိဆုံး ဖြစ်ပေါ်ပြောင်းလဲမှု တချို့ကို မြင်တွေ့ခဲ့ရတယ်။ ရနေးဂွတ်(ဒ်) ကို ICE က သတ်ဖြတ်လိုက်ခြင်းကြောင့် ICE ဆန့်ကျင်ရေး လှုပ်ရှားမှုကြီး ပေါက်ကွဲထွက်လာစေခဲ့ပြီး၊ လက်တွေ့အားဖြင့် နိုင်ငံရေး အထွေထွေ သပိတ်ကြီး ပေါ်ထွက်လာခဲ့တယ်။ ဒီနောက် အဲလက်စ် ပရက်တီ သတ်ဖြတ်ခံလိုက်ရတဲ့အခါ လှုပ်ရှားမှုက တနိုင်ငံလုံး ပြန့်သွားတော့မလို ဖြစ်ခဲ့တယ်။ ထရမ့်ကို (အနည်းဆုံးတော့ ယာယီအားဖြင့်) နောက်တလှမ်း ဆုတ်သွားစေခဲ့တယ်။ ဒီအတွေ့အကြုံကနေ ဘယ်လို ကောက်ချက်တွေ ဆွဲလို့ ရနိုင်မလဲ။

[မူရင်းကို communistusa.org မှာ ဖော်ပြထားပါတယ်]

၁။ လူတန်းစား တိုက်ပွဲအတွင်း ရုတ်တရက် အားကောင်းကောင်းနဲ့ ပေါက်ကွဲ အုံကြွလာတဲ့ ဖြစ်ရပ်တွေဟာ အတိတ်သမိုင်းရဲ့ အချင်းအရာတွေ မဟုတ်တော့ဘူး။ ဒီလို အုံကြွမှုတွေဟာ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်မလာနိုင်တဲ့ ကိစ္စမျိုးတွေ မဟုတ်ဘူး။ အမှန်တော့၊ မြေကြီးလက်ခတ်မလွဲ ပေါ်ပေါက်လာမယ့် ကိစ္စတွေသာ ဖြစ်တယ်။ မင်နီဆိုးတားမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ လူ့အဖွဲ့အစည်းရဲ့ အလွှာအသီးသီးကို နိုင်ငံရေးအရ နိုးကြားလာစေတဲ့ အဖြစ်အပျက်တွေကြောင့် လူထု လှုပ်ရှားမှုတခု ဘယ်ပုံဘယ်နည်း နေ့ချင်းညချင်း ပေါက်ကွဲထွက်လာနိုင်သလဲဆိုတာ ပြသနေတဲ့ စံတော်ဝင် ဥပမာတရပ်ပဲ။ မင်နီဆိုးတားက ICE ဆန့်ကျင်ရေး ဒေါသတွေ စုပြုံလာပြီး ရေဆူမှတ်ကို ရောက်သွားတဲ့အခါ အရေအတွက်ကနေ အရည်‌အသွေး ပြောင်းလဲခြင်း ဖြစ်ပြီး ဇန်နဝါရီ (၂၃) ရက်မှာ ပြင်းထန်တဲ့ နိုင်ငံရေး ပေါက်ကွဲမှုအဖြစ် အထွဋ်အထိပ်ကို ရောက်သွားခဲ့တယ်။

၂။ အဖြစ်အပျက်တွေ၊ အဖြစ်အပျက်တွေ၊ နောက်ပြီး အဖြစ်အပျက်တွေကပဲ လူထုရဲ့ အသိစိတ် ပြောင်းလဲမှုများကို ဖြစ်ပေါ်စေတယ်။ ထရမ့်အစိုးရကို ဆန့်ကျင်တာတွေဟာ မင်နီဆိုးတားမှာ အရင်ကတည်းက ရှိနေခဲ့တယ်၊ ဒါပေမဲ့ ရနေးဂွတ်(ဒ်)ကို တရားလက်လွတ် ဗြောင်ကျကျ သတ်ဖြတ်လိုက်တဲ့ အဖြစ်အပျက်က သိန်းချီတဲ့ သာမန် ပြည်သူတွေကို နိုင်ငံရေး လှုပ်ရှားမှုထဲ တွန်းပို့ပေးလိုက်တယ်။ အလုပ်သမား လူတန်းစားထဲက ရှေ့တန်းရောက် အလွှာတွေဟာ စာအုပ်တွေနဲ့ သီအိုရီပိုင်းဆိုင်ရာ ငြင်းခုန်မှုတွေကနေ သင်ယူနိုင်ပေမဲ့ အလုပ်သမား လူထုကြီးကတော့ လက်တွေ့ အဖြစ်အပျက်တွေပေါ် အခြေခံပြီး နိုင်ငံရေး ကောက်ချက်တွေ ချလေ့ရှိတယ်။ မင်နီဆိုးတားက အလုပ်သမားတွေဟာ အလွန် လေးနက်တဲ့ ကောက်ချက်တွေ ချလာကြပြီ။ ကိုယ်ထူကိုယ်ထ စုစည်းဖို့ လိုအပ်ကြောင်း၊​ အရင်းရှင် နိုင်ငံတော် (အနည်းဆုံးတော့ နိုင်ငံတော်ရဲ့ အစိတ်အပိုင်း တချို့) ကို ဘယ်လိုမှ ယုံကြည်လို့ မရနိုင်ကြောင်း သူတို့ သဘောပေါက်လာကြတယ်၊ ဒါ့အပြင် အလုပ်သမားထုက စုပေါင်းအားနဲ့ စီးပွားရေး စနစ်ကို ထိန်းချုပ်နိုင်စွမ်း ရှိကြောင်း ပိုပြီး နားလည်လာကြတယ်။ အလုပ်သမားထုက ၂၀၂၀ ဂျော့ဖလွိုက် လှုပ်ရှားမှု အတွေ့အကြုံအပေါ် အခြေခံပြီး တည်ဆောက်ထားသလို ပြီးခဲ့တဲ့ ဇွန်လက လော့စ်အိန်ဂျလိစ်မှာ ဖြစ်ခဲ့တဲ့ ICE ဆန့်ကျင်ရေး လှုပ်ရှားမှု၊ ၂၀၂၅ ဆောင်းဦးက ရှီကာဂိုမှာ ဖြစ်ခဲ့တဲ့ ICE ဆန့်ကျင်ရေး လှုပ်ရှားမှုကနေ သင်ခန်းစာတွေ ယူထားတယ်။

၃။ အမေရိကန်မှာ လက်ဝဲ ရက်ဒီကယ်လှိုင်းဟာ လူအများစု ထင်ထားတာထက် အများကြီး ပိုနက်ရှိုင်းတယ်။ လစ်ဘရယ် မီဒီယာတွေ ပြောနေသလို အမေရိကန် အလုပ်သမားတွေကြားမှာ အခြေခံအားဖြင့် “လက်ယာဘက်ကို ယိမ်းသွားတာမျိုး” မရှိဘူး။ အလုပ်သမား လူတန်းစား အလွှာတချို့က ထရမ့်ရဲ့ လမ်းစဉ်ကို စမ်းသပ်ကြည့်နေတုန်း ဖြစ်ပေမဲ့ အင်မတန် များပြားတဲ့ အလွှာတရပ်ကတော့ ထရမ့်ပ်ကို လုံးဝ ဆန့်ကျင်ပြီး လက်ဝဲဘက်ကို ကူးပြောင်းသွားကြပြီ။ ဇိုရန်မမ်ဒါနီ ရွေးကောက် တင်မြှောက်ခံရခြင်းလို လက်ဝဲယိမ်း လက္ခဏာပြတဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေဟာ မြင်သာထင်သာ အရေပြား တထောက်စာပဲ ရှိသေးတယ်။ မင်နီဆိုးတားမှာ သာမန် ပြည်သူတွေက အရင်းရှင် နိုင်ငံတော်ရဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို အင်နဲ့အားနဲ့ ပြန်လှန် ဆန့်ကျင်နေကြတာကို ငါတို့ မြင်ခဲ့ရတယ်။ အလုပ်သမား လူတန်းစား ကိုယ်တိုင် စည်းရုံးစုဖွဲ့မှုရဲ့ ကနဦးအဆင့် ယန္တရားတွေဟာ ရပ်ကွက်အလိုက် လူထု အစည်းအဝေးပွဲတွေ၊ Signal chat တွေအသွင်နဲ့ ထွက်ပေါ်လာတယ်။ တချို့ အလုပ်သမား အလွှာတွေကြားမှာ လက်နက်စွဲကိုင် ခုခံကာကွယ်ဖို့ လိုအပ်တဲ့အကြောင်း ဆွေးနွေးမှုတွေ ရှိလာတယ်။ အထွေထွေ သပိတ် အတွေးအခေါ်ဟာ တက်ကြွ လှုပ်ရှားသူတွေကြားတင်မကဘဲ လူ့အဖွဲ့အစည်းရဲ့  ပိုကျယ်ပြန့်တဲ့ လူထု အလွှာတွေထဲအထိ စိမ့်ဝင် ပျံ့နှံ့သွားခဲ့တယ်။ ဒါဟာ ဒီနိုင်ငံက လူတန်းစား တိုက်ပွဲအတွက် အလှည့်အပြောင်း တခုပဲ။

၄။ ထရမ့် အစိုးရကို ဖက်ဆစ် အစိုးရတရပ် ဒါမှမဟုတ် မြန်မြန်ဆန်ဆန် ကြီးထွားလာတဲ့ စစ်အာဏာရှင် စနစ်အဖြစ် မြင်တဲ့ အယူအဆဟာ လုံးဝ မှားတယ်။ ထရမ့်ရဲ့ ပုဂ္ဂိုလ်ရေး တိမ်းညွှတ်မှုတွေ ဘယ်လိုပဲ ရှိပါစေ၊ အင်အားကြီးတဲ့ ဘိုနာပတ်တစ် အစိုးရတရပ် ဒါမှမဟုတ် ဖက်ဆစ် အစိုးရတရပ် တည်ဆောက်နိုင်တဲ့ အနေအထား မရှိဘူး။ မင်နီဆိုးတား လှုပ်ရှားမှုဟာ ထရမ့်အစိုးရရဲ့  အားနည်းချက်ကို လှစ်ဟ ဖော်ထုတ်ပေးသွားတယ်။ စုစည်းမှုအားကောင်းတဲ့ လူထု လှုပ်ရှားမှုကို ထရမ့် ရင်ဆိုင်ခဲ့ရတယ်။ အဲလက်စ်ပရက်တီ အသတ်ခံရမှုကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြီးမားကျယ်ပြန့်တဲ့ လူထု အုံကြွမှုကြီး ထွက်ပေါ်လာနိုင်ချေကို ရှင်းရှင်းလင်းလင်း မြင်နေရပြီ။ ဒါ့ကြောင့် ထရမ့် နောက်ဆုတ်ပေးခဲ့ရပြီး ဂရက်ဘိုဗီနိုကို ရာထူးက ဖြုတ်လိုက်ရတယ်။ “ကျနော်တို့ အခြေအနေကို နည်းနည်း ဖြေလျှော့ပေးသွားမယ်” လို့လဲ လူသိရှင်ကြား ကြေညာခဲ့ရတယ်။ ဒါဟာ အမြွှာဆက် မြို့ လမ်းမတွေပေါ်မှာ တွေ့ခဲ့ရတဲ့ လူထုရဲ့ စုပေါင်း တိုက်ပွဲဝင် နည်းလမ်းတွေ မှန်ကန်တယ်ဆိုတာကို အပြည့်အဝ သက်သေပြနေတာပဲ ဖြစ်တယ်။ အမေရိကန် လူတန်းစား အင်အား အချိုးအစားဟာ အလုပ်သမား လူတန်းစားဘက်ကို အပြတ်အသတ် အလေးသာနေကြောင်း ပြသလိုက်တာပဲ။ ထရမ့်က အာရုံလွှဲတဲ့ နေရာမှာ ကျွမ်းကျင်တယ်၊​ အခွင့်အရေးရတိုင်း နှစ်ဆတိုးပြီး ထိုးစစ်ဆင်ဖို့ ကြိုးစားတတ်တယ်။ ဒါပေမဲ့ သူ ဘယ့်လောက်ထိ လုပ်နိုင်မလဲ ဆိုရာမှာ ကန့်သတ်ချက်တွေ အထင်အရှား ရှိနေတယ်။

၅။ အကျပ်အတည်းနဲ့ မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့ လက်ရှိ ကာလဟာ ဘူဇွှာ “ဒီမိုကရေစီ”ရဲ့ သရုပ်မှန်ကို လှစ်ပြနေတယ်။ ဘူဇွှာ ဒီမိုကရေစီဆိုတာ သွေးစုပ်ခံ လူများစုကြီးအပေါ် အုပ်စိုးတဲ့ အရင်းရှင် လူတန်းစား အာဏာရှင်စနစ်ပဲ ဖြစ်ခဲ့တယ်။ အထူးသဖြင့် အမေရိကမှာ အရင်းရှင် အုပ်စိုးမှုကို ထိန်းသိမ်းဖို့ ဖိနှိပ်မှုတွေနဲ့ နိုင်ငံတော်ရဲ့ အကြမ်းဖက်မှုတွေကိုပဲ အမြဲ အားကိုးအားထား ပြုခဲ့တယ်။ ရနေးဂွတ်(ဒ်)နဲ့ အဲလက်(စ်)ပရက်တီတို့ အသတ်ခံရတဲ့ အဖြစ်အပျက်တွေဟာ လူတွေရဲ့ ထင်ယောင်မှားမှုတွေကို တိုက်စားပစ်လိုက်ပြီး အရင်းရှင် နိုင်ငံတော်ရဲ့ တကယ့် အခန်းကဏ္ဍက ဘာလဲ ဆိုတာကို သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ စိတ်ထဲ ရှင်းရှင်းလင်းလင်း သိမြင်လာစေတယ်။ အရင်းရှင် စနစ်နဲ့ အရင်းရှင် အင်စတီကျူးရှင်းတွေအပေါ် တခါက အလွန်အမင်း ယုံကြည်ကိုးစားခဲ့ကြတဲ့ နိုင်ငံတခုအဖို့တော့ ဒါတွေဟာ သိသိသာသာ ပြောင်းလဲလာတဲ့ အချက်တွေပဲ။

၆။ တော်လှန်ရေး ဦးဆောင်မှုသာ ရှိခဲ့ရင် ဒီလှုပ်ရှားမှုဟာ အခုထက် အများကြီး ပိုပြီး ခရီးပေါက်နိုင်ခဲ့လိမ့်မယ်။ မီးကုန်ယမ်းကုန် ဆင်နွှဲမဲ့ အထွေထွေ သပိတ်ကြီး ပေါက်ကွဲထွက်လာဖို့ လိုအပ်တဲ့ စိတ်ဓာတ်နဲ့ အလားအလာက ရာနှုန်းပြည့် ရှိနေပြီးသား။ အထွေထွေ သပိတ်ဟာ အသေးစား စီးပွားရေး လုပ်ငန်းတွေ၊ ကျောင်းတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာ အင်စတီကျူးရှင်းတွေတင်မကဘဲ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ ထောက်ပို့နဲ့ ကုန်ထုတ်လုပ်ငန်းတွေလို စီးပွားရေးရဲ့ အဓိက မောင်းနှင်အားတွေကိုပါ ရပ်တန့်ပစ်နိုင်စွမ်း ရှိတယ်။ အဲလက်(စ်)ပရက်တီ အသတ်ခံရပြီး နောက်ပိုင်း ဒီလှုပ်ရှားမှုဟာ တနိုင်ငံလုံးကို ပျံ့နှံ့သွားနိုင်စရာ ရှိခဲ့တယ်။ ဒါပေမဲ့ အလုပ်သမား သမဂ္ဂ ဗျူရိုကရက်တွေက လူထုရဲ့ အားမာန်တွေကို အေးအေးလူလူ လမ်းကြောင်းထဲ ရောက်သွားအောင် အစွမ်းကုန် လုပ်ခဲ့ကြတယ်။ အောက်ခြေက ဖိအားတွေကြောင့် တရက်တာ “လှုပ်ရှားမှု နေ့” သတ်မှတ်ပေးခဲ့ရပေမဲ့ အဲဒီထက်ပိုပြီး ဘာမှ မလုပ်မိအောင် သိသိသာသာ ရှောင်လွှဲခဲ့ကြတယ်။ လိုအပ်ခဲ့တာတွေ ပြောရရင် ရပ်ကွက်အလိုက် ကော်မတီတွေကို လုပ်ငန်းခွင်တွေအထိ ကျယ်ပြန့်သွားအောင် လုပ်ပြီး ရွေးကောက်ခံ ကိုယ်စားလှယ်တွေကတဆင့် မြို့လုံးကျွတ် ကိုယ်စားပြု အဖွဲ့ ထွက်ပေါ်လာအောင် အဲဒီကော်မတီတွေကို ချိတ်ဆက်ပေးရမယ်။ အဲဒီ မြို့လုံးကျွတ် ကိုယ်စားပြု အဖွဲ့ဟာ လူထု အစည်းအဝေးတွေကို တာဝန်ခံရမှာဖြစ်သလို လှုပ်ရှားမှု တခုလုံးကိုလဲ ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရမယ်။ ဒီလို လုပ်ငန်းစဉ် တပ်ဆင်ထားတဲ့ မာ့(က်စ်)ဝါဒီ ကေဒါ အဖွဲ့အစည်းတခု (အင်အား ၅၀၀၊ ၁၀၀၀ လောက်ပဲဆိုရင်တောင်) သာ မင်နီယာပိုလစ်-စိန့်ပေါလ်က အဓိကကျတဲ့ စက်မှု လုပ်ငန်းခွင်တွေမှာ အမြစ်တွယ်ထားနိုင်မယ်ဆိုရင် အခြေအနေ အရပ်ရပ်ကို လုံးဝ ပြောင်းလဲပစ်နိုင်ခဲ့လိမ့်မယ်။

၇။ ပြုပြင်ရေးဝါဒီတွေဟာ ဘာကိုမှ နားမလည်ကြဘူး။ DSA ဦးဆောင်မှုပိုင်း၊ Jacobin အယ်ဒီတာအဖွဲ့နဲ့ အလုပ်သမား သမဂ္ဂ ဗျူရိုကရက် အလွှာတချို့မှာ ရှိတဲ့ လစ်ဘရယ်-ပြုပြင်ရေးဝါဒီ ဆိုရှယ်လစ်တွေဟာ လူတန်းစား တိုက်ပွဲကို ပါးစပ်ပြောသာရှိတယ်၊ လက်တွေ့မှာတော့ ဒီမိုကရက်တစ် ပါတီနဲ့ အုပ်စိုးသူ လူတန်းစားရဲ့ အင်စတီကျူးရှင်းတွေကိုပဲ ကျားကန်ပေးနေကြတယ်။ ဒီလူတွေဟာ အမေရိကန် လူတန်းစား တိုက်ပွဲ သမိုင်းကြောင်းကို အမွှမ်းတင်တတ်ကြပေမဲ့ အခုလို အဖြစ်အပျက်မျိုးတွေ နောက်တကြိမ် ပြန်ဖြစ်လာလိမ့်မယ်လို့ တကယ် မယုံခဲ့ကြဘူး။ သူတို့ဟာ တော်လှန်သော ဆိုရှယ်လစ်တွေကို “ဖြစ်ရပ်တွေကို ထိုင်စောင့်နေသူများ” လို့ တံဆိပ်ကပ် စွပ်စွဲခဲ့ကြပေမဲ့ သူတို့ကိုယ်တိုင်ကတော့ အကျပ်အတည်းရဲ့ နက်ရှိုင်းမှုနဲ့ မလွဲမသွေ ဖြစ်လာမယ့် အရေးအခင်းတွေကို နားမလည်ခဲ့ကြဘူး။ အခု အရေးအခင်း တကယ် ဖြစ်လာတော့မှ “ထောက်ခံပါတယ်” ထအော်နေကြပေမဲ့၊ ဒီဖြစ်ရပ်တွေက တကယ်တမ်း ဘာကို ထင်ဟပ်ပြသနေသလဲ ဆိုတာ သူတို့ အခုထိ နားမလည်ကြသေးဘူး။

၈။ အမေရိကန် ပြည်ထောင်စုရဲ့ လူတန်းစား တိုက်ပွဲ ခေတ်သစ်တခုဆီ ငါတို့ ချဉ်းနင်း ဝင်ရောက်လာခဲ့ပြီ။ ဇန်နဝါရီ ၂၃ ရက်ဟာ နိဒါန်းပျိုးတာပဲ ရှိသေးတယ်။ ဝတ်စုံပြည့် အစမ်းလေ့ကျင့်တာပဲ ရှိသေးတယ်။ ရှေ့မှာ ပိုကြီးမားတဲ့ အပြောင်းအလဲတွေ လာတော့မယ် ဆိုတဲ့ အရိပ်အယောင်လဲ ဖြစ်တယ်။ ၂၁ ရာစုရဲ့ ဒုတိယ ၂၅ နှစ်ကာလဟာ ပထမ ၂၅ နှစ်နဲ့ သိသိသာသာ ကွဲပြားလိမ့်မယ်။ လူထုလှုပ်ရှားမှုတွေ၊ အကြိတ်အနယ် သပိတ်တိုက်ပွဲတွေ၊ အထွေထွေ သပိတ်တွေနဲ့ နောက်ဆုံး အင်အားအပြည့် ပေါက်ကွဲထွက်လာမယ့် တော်လှန်ရေး အခြေအနေတရပ်ဟာ ငါတို့ ကြုံရမဲ့ အနာဂတ်ပဲ။

၉။ အမေရိကန် အလုပ်သမား လူတန်းစားရဲ့ တခုတည်းသော အားနည်းချက် အစစ်အမှန်က တော်လှန်ရေး ပါတီတရပ် မရှိသေးတာပဲ။ အမေရိကန်မှာရှိတဲ့ အခစားနဲ့ လစာစား အလုပ်သမား သန်း ၁၆၀ နီးပါးဟာ ဘယ်သူမှ တားဆီးနိုင်စွမ်း မရှိတဲ့ အင်အားစု တခု ဖြစ်လာနိုင်တယ်၊ ဒါပေမဲ့ စစ်မှန်တဲ့ ဦးဆောင်မှုကောင်း မရှိသရွေ့ ဒီအလားအလာဟာ အပြည့်အဝ အကောင်အထည် ပေါ်လာမှာ မဟုတ်ဘူး။ အလုပ်သမား လူတန်းစား တကယ် လှုပ်ရှားလာတဲ့အခါ သူတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်း ဘယ့်လောက် ကြီးမားသလဲ ဆိုတာကို မင်နီဆိုးတားမှာ ငါတို့ တွေ့ခဲ့ရတယ်။ ဒါ့အပြင် အလိုအလျောက် လှုပ်ရှားမှုရဲ့ အကန့်အသတ်တွေကိုလဲ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတယ်။ ဒီထက်ပိုပြီး ခရီးပေါက်ဖို့၊ နောက်ဆုံးမှာ နိုင်ငံရေး၊ စီးပွားရေး အာဏာကို အရယူနိုင်ဖို့ဆိုရင် အလုပ်သမား လူတန်းစားမှာ မာ့က်စ်ဝါဒ ခေါင်းဆောင်မှု ရှိဖို့ လိုတယ်။ အင်အားကြီး တော်လှန်ရေး ပါတီတရပ်ကသာ အလုပ်သမား လူတန်းစားရဲ့ အင်အားကို အသုံးချပြီး လူ့အဖွဲ့အစည်းကို ဆိုရှယ်လစ် လမ်းကြောင်းအတိုင်း ပြောင်းလဲပစ်နိုင်လိမ့်မယ်။

၁၀။ ဒီလိုပါတီမျိုးဟာ သူ့အလိုလို ပေါ်ပေါက်လာမှာတော့ မဟုတ်ဘူး။ အနာဂတ် လှုပ်ရှားမှုတွေနဲ့ တော်လှန်ရေး အလှည့်အပြောင်းတွေ မတိုင်ခင်ကတည်းက သိစိတ်ရှိရှိ ကြိုတင် တည်ဆောက်ထားရမယ်၊ တော်လှန်ရေး ပါတီတခုဟာ အချိန်မီ အသင့်ရှိနေရမယ်။ အုပ်စိုးသူ လူတန်းစားက သူတို့ နိုင်ငံတော်ကို ကွပ်ကဲမယ့် စစ်ဦးစီးချုပ်တွေကို လေ့ကျင့် ပညာပေးဖို့ အချိန်နဲ့ အရင်းအမြစ်တွေ မြှုပ်နှံထားသလိုပဲ၊ အလုပ်သမား လူတန်းစားရဲ့ ခေါင်းဆောင်မှုအပိုင်းကလဲ လေးနက်တဲ့ ကိုယ်ပိုင် လေ့ကျင့်ရေးကွင်း ရှိထားရမယ်။ အလုပ်သမား လူတန်းစားမှာ ပရော်ဖက်ရှင်နယ် တော်လှန်ရေးသမားတွေနဲ့ ဖွဲ့စည်းထားသော ပါတီတရပ် လိုအပ်တယ်။ ပရော်ဖက်ရှင်နယ် တော်လှန်ရေးသမား ဆိုတာ မာ့က်စ်ဝါဒ သီအိုရီနဲ့ လူတန်းစား တိုက်ပွဲ သင်ခန်းစာတွေကို နှံ့နှံ့စပ်စပ် လေ့လာထားသူတွေ ဖြစ်တယ်။ လူတန်းစား တိုက်ပွဲမှာ လေးနက်စွာ တိုက်ပွဲဝင်ကြမယ့်သူ မှန်သမျှ RCA ကို ဝင်ရောက်သင့်တယ်။ ရှေ့လာမယ့် အမေရိကန် ဆိုရှယ်လစ် တော်လှန်ရေးအတွက် ပါတီတရပ် ဝိုင်းဝန်း တည်ဆောက်ကြဖို့ လိုအပ်တယ်။

မြန်မာပြန်သူ – ရှင်မင်းဟန်