စစ်ပွဲတပွဲမှာ ပထမဆုံး ကျဆုံးသူဟာ အမှန်တရားလို့ ဆိုရိုး ရှိတယ်။ ယူအက်(စ်)နဲ့ အစ္စရေးတို့က အီရန်ကို ရန်စ တိုက်ခိုက်တဲ့ နယ်ချဲ့စစ်ပွဲ ဆင်နွှဲနေတာ အခုဆိုရင် ၃ ပတ်ကြာသွားပြီ။ သို့သော် ယူအက်(စ်)-အစ္စရေးတို့ကို ရန်စ ကျူးကျော်သူတွေအဖြစ် တိတိကျကျ ရေးသားတင်ပြတဲ့ မြန်မာ သတင်း မီဒီယာ ဘယ်နှခု တွေ့ရပါသလဲ။
အခုတော့ imperialist aggressor တွေကို အရှေ့အလယ်ပိုင်းက အကြမ်းဖက် မိစ္ဆာကောင်ကြီး ရှင်းထုတ်ပေးတဲ့ ကယ်တင်ရှင်လိုလို ပုံဖော်နေကြတာက ခပ်များများ။ အီရန်က လက်တုံ့ပြန်တဲ့အခါ မဆိုင်တဲ့ နိုင်ငံတွေကို ပတ်ရမ်းတယ်၊ စစ်မီးကို ကျယ်ပြန့်အောင် လုပ်နေတယ်လို့ ထအော်ကြတာလဲ သူတို့ပဲ။
၂၀၂၃ အောက်တိုဘာ ၇ မှာ ဟမားစ်အဖွဲ့က အစ္စရေးကို ဝင်တိုက်တော့ သူတို့ ဒီလေသံ မဟုတ်ဘူး။ အစ္စရေး နိုင်ငံတော်မှာ မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့် အပြည့် ရှိတယ်လို့ သူတို့ ပြောခဲ့ကြတယ်။ နတန်ယာဟု အစိုးရက “မျက်လုံး တလုံးအတွက် မျက်လုံး တလုံး” ဆိုတဲ့ တောရိုင်း ဥပဒေထက် အဆမတန် ပိုဆိုးဝါးတဲ့ ဂျီနိုဆိုက် စစ်ဆင်ရေးကြီး လုပ်နေချိန်မှာလဲ အစ္စရေးတို့ရဲ့ မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့် ဆိုတာက တပြားသားမှ သူတို့ မလျှော့ခဲ့။
အခု ယူအက်(စ်)-အစ္စရေးက ရန်လို တိုက်ခိုက်လာချိန်မှာ အီရန်က ပြန်လည် ခုခံတော့ မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့် ဆိုတဲ့ အသံတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ်။ ဘာ့ကြောင့်လဲ။
ယူအက်(စ်)-အစ္စရေးရဲ့ စစ်ပွဲ ရည်မှန်းချက် မအောင်မြင်
တကယ်တော့ အီရန်ကို စစ်ခင်းဖို့ နတန်ယာဟု ကြံရွယ်ခဲ့တာ အနှစ် (၄၀) ကြာခဲ့ပြီ။ စာရေးသူရဲ့ ထင်မြင်ချက် မဟုတ်ပါဘူး၊ နတန်ယာဟုကိုယ်တိုင် ဝန်ခံပြောကြားထားတဲ့ အချက် ဖြစ်ပါတယ်။ ဘာ့ကြောင့် အခုချိန်မှာ နတန်ယာဟုက သူ့စီမံကိန်းကို ထအကောင်အထည် ဖော်တာလဲ။ ဗင်နီဇွဲလားမှာ အကုန်အကျ သိပ်မများဘဲ အချိန်တိုတိုနဲ့ ကျူးကျော်စစ် အောင်မြင်ထားတဲ့ ဒေါ်နယ်ထရမ့်က အောင်မြင်မှုနဲ့ ယစ်မူးနေချိန် ဖြစ်တယ်။ ဒီတော့ အင်အားချိနဲ့နေပြီလို့ သူတို့ ယူဆထားတဲ့ အီရန် အစိုးရကို အခုနေ ဝင်တိုက်လိုက်ရင် မြန်မြန် ပွဲသိမ်းနိုင်လိမ့်မယ်လို့ နတန်ယာဟုက ဒေါ်နယ်ထရမ့်ကို သိမ်းသွင်းတာမျိုး ရှိခဲ့လိမ့်မယ်။ အောင်မြင်မှုနဲ့ မူးယစ်နေရင် ရူးမိုက်တဲ့ အမှားတွေ ကျူးလွန်တော့တာပဲ။
နတန်ယာဟုရဲ့ နှစ်လေးဆယ် စီမံကိန်းက ယူအက်(စ်) ထောက်ခံမှုနဲ့ စစ်ဝင်တိုက်လိုက်ရင် အီရန် အစိုးရ ပြုတ်ကျသွားမယ်လို့ ယူဆတယ်၊ ပြုတ်ကျသွားအောင်လဲ ခေါင်တွေကို ရှင်းပစ်တဲ့ နည်းကို သုံးပါတယ်။ ယူအက်(စ်)-အစ္စရေးတို့ရဲ့ decapitation ဟာ စစ်ဆင်ရေး အနေနဲ့ အောင်မြင်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ ထောက်ပြစရာ ရှိပါတယ်။ ယူအက်(စ်)-အစ္စရေးတို့က အီရန်ကို terrorist regime လို့ ထပ်တလဲလဲ စွပ်စွဲပါတယ်။ သို့သော် သူတို့ လုပ်နေတဲ့ decapitation ဆိုတာ terrorism ပါပဲ၊ ဒီတော့ real terrorists က ဘယ်သူတွေလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မြင်နေရပြီ။
အဲဒီ decapitation ဟာ စစ်ဆင်ရေး အနေနဲ့ အောင်မြင်ပေမဲ့ ဒီစစ်ပွဲရဲ့ အဓိက ရည်မှန်းချက်တွေ တခုမှ မအောင်မြင်ပါဘူး။ အယာတိုလာ ခါမေနီ အသတ်ခံလိုက်ရပေမဲ့ငယ်ရွယ်တဲ့ ခါမေနီ အသစ် တက်လာတယ်။ အခုဆိုရင် အီရန်ကို သူတို့ တရစပ် တိုက်ခိုက်နေတာ အချိန် သုံးပတ် ကြာသွားပြီ။ နတန်ယာဟုတို့ မျှော်မှန်းသလို အီရန်မှာ regime change လဲ ဖြစ်မလာပါဘူး။ ဒါဆို နောက်တပတ်ကြာရင် ဖြစ်လာနိုင်သလား မေးရင် မဖြစ်နိုင်ဘူးလို့ ယတိပြတ် ပြောရဲပါတယ်။
အီရန်မှာ regime change မဖြစ်နိုင်ရုံသာမက အမေရိကန်အနေနဲ့ စစ်ပွဲနွံထဲ နစ်သွားနိုင်တယ်လို့ ဘူဇွာ အကဲခတ်တွေကိုယ်တိုင် စိုးရိမ်တကြီး သတိပေးနေရပြီ။ ယူအက်(စ်)က မလိုအပ်ဘဲ ထတိုက်တဲ့ ဒီစစ်ပွဲကြောင့် တရက်ကို ဒေါ်လာ တစ်ဘီလျံ ကုန်ကျနေပြီလို့ ထောက်ပြကြတယ်။
ယူအက်(စ်)ဟာ ကမ္ဘာပေါ်မှာ စစ်အသုံးစရိတ် အကြီးဆုံး တိုင်းပြည် ဖြစ်ပါတယ်။ သူ့နောက်ကလိုက်တဲ့ ဆယ်နိုင်ငံ ပေါင်းရင်တောင် ယူအက်(စ်) စစ်အသုံးစရိတ်ကို မမီသေးဘူး။ သို့သော် လူထု ကျန်းမာရေး၊ ပညာရေးလို social spending တွေနဲ့ ပတ်သက်လာရင် အစိုးရက ဘာမှ မယ်မယ်ရရ အကုန်အကျ မခံဘူး၊ တိုင်းသူပြည်သားက ကိုယ့်ဘာသာ အိတ်စိုက်ဖြေရှင်းရတဲ့ စနစ်ကို ကျင့်သုံးနေတဲ့ နိုင်ငံ ဖြစ်တယ်။ အဲသလို အများပြည်သူ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်လာရင် အမြဲတမ်း လိုငွေပြနေတဲ့ အမေရိကန် အစိုးရက နယ်ချဲ့စစ်အတွက် နေ့စဉ် ဘီလျံနဲ့ချီ ဖြုန်းပစ်နေတယ်။

ဒါ့ကြောင့်လဲ ယူအက်(စ်) အစိုးရအဆက်ဆက် ဆင်နွှဲလာတဲ့ နယ်ချဲ့ စစ်တွေထဲမှာ အခု အီရန် စစ်ပွဲလောက် လူထု ထောက်ခံမှု နည်းတာ မရှိဖူးသေးဘူး။ စစ်ပွဲသာ တာရှည်သွားရင် ဗီယက်နမ် စစ်တုန်းကလို လူထု ဆန့်ကျင်မှုမျိုး ကြုံရလိမ့်မယ်။ ဒေါ်နယ်ထရမ့်က သူ့ရှေ့က အစိုးရတွေဟာ forever war တွေ ဆင်နွှဲနေကြတယ်၊ သူ့လက်ထက်မှာ အဲသလို လုံးဝ မဖြစ်စေရဘူး၊ လက်ရှိ တိုက်နေတဲ့ ယူကရိန်း စစ်ပွဲကနေတောင် ယူအက်(စ်)က အမြန်ဆုံး (သူ့စကားအရဆို ၂၄ နာရီအတွင်း) ပြန်ထွက်မယ်လို့ ကတိပေးပြီး မဲအနိုင်ရလာတဲ့ သမ္မတ ဖြစ်တယ်။
သို့သော် တကယ့် လက်တွေ့မှာ ယူကရိန်း စစ်ပွဲကနေ ယူအက်(စ်)က တကယ် မထွက်နိုင်သေးဘူး၊ အခု အရှေ့အလယ်ပိုင်းမှာပါ forever war အသစ် ထပ်ဖန်တီးလိုက်ပြန်ပြီ။ အဲ့အတွက် backlash အပြင်းအထန် လာပါလိမ့်မယ်။ အထူးသဖြင့် သက်ငယ်မုဒိမ်းကို ထမင်းစားရေသောက် ကျူးလွန်နေတဲ့ ဒေါ်နယ်ထရမ့်တို့လို အက်(ပ်)စတိန်း လူတန်းစားကို အလုပ်သမားထုကြီးက ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ အဲဒီလို လူထု ဒေါသ ပြင်းထန်နေချိန်၊ opinion poll တွေမှာ ထောက်ခံနှုန်း ကျဆင်းပြီးရင်း ကျဆင်းနေချိန် စစ်ပွဲအသစ် ဖန်တီးပြီး ကြွေးကြော်ထားသမျှ ဘာတခုမှ ဖြစ်မလာတဲ့အခါ ဒေါ်နယ်ထရမ့် အစိုးရ ဘာဖြစ်သွားမလဲ။ အဖြေက ရှင်းနေပါပြီ။
လက်ရှိ ယူအက်(စ်) အစိုးရ တင်နေတဲ့ ကြွေးမြီက ဒေါ်လာ ၃၈ ထရီလီယံကျော်ပါတယ်။ ယူအက်(စ်) ဂျီဒီပီ ၁၀၀% အထက်မှာ ရှိတဲ့ အကြွေး ပမာဏ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ တရက်ကို တစ် ဘီလျံ ဖြုန်းနေတဲ့ ယူအက်(စ်) အစိုးရအနေနဲ့ ဘယ်လိုမှ ရေရှည်စစ် တိုက်ဖို့ မဖြစ်နိုင်ဘူး။ စတိုက်ကတည်းက ရေရှည်စစ် တိုက်ဖို့ ရည်ရွယ်တာတော့ မဟုတ်ဘူး။ အထက်မှာ ဆိုခဲ့သလိုပဲ ဗင်နီဇွဲလားမှာလို မြန်မြန် ပွဲသိမ်းမယ် ထင်ပြီး ဒီစစ်ကို ထတိုက်တာပဲ။
ယူအက်(စ်) အစိုးရရဲ့ တွက်ကိန်းက ဗင်နီဇွဲလားက Delcy လို သူတို့ ကြိုးဆွဲရာကမဲ့ ရုပ်သေး ခေါင်းဆောင်တွေ အီရန် အစိုးရ အဖွဲ့ထဲမှာ ရှိလိမ့်မယ်၊ အဲလို ရုပ်သေး အစိုးရ သို့မဟုတ် ဝါရှင်တန်နဲ့ ပရောပရည် လုပ်မဲ့ အစိုးရ တက်လာရင် သူတို့ ရည်မှန်းချက် အထမြောက်ပြီ။
နတန်ယာဟုကတော့ အဲ့လောက်နဲ့ မကျေနပ်နိုင်ဘူး။ အခု နတန်ယာဟု မျှော်မှန်းသလို အီရန်မှာ မင်းပြောင်းမင်းလွှဲ မအောင်မြင်ဘူး။ သဘောက နတန်ယာဟုရဲ့ အရေးကြီးဆုံး စစ်ပွဲ ရည်မှန်းချက်ကြီး မအောင်မြင်တာပဲ။ အောင်မြင်မဲ့ အလားအလာလဲ မရှိပါဘူး၊ သို့သော် နတန်ယာဟုမှာ အကြံကုန် ဂဠုန်ဆားချက် ဆိုတာထက် ပိုပြီး ကောက်ကျစ်တဲ့ စီမံကိန်း ရှိပါတယ်။
ဇိုင်ယင်နစ်တွေရဲ့ အမြင်မှာ မင်းပြောင်းမင်းလွှဲ မဖြစ်နိုင်ဘူးဆိုရင် အီရန်နဲ့ အာရပ် ပင်လယ်ကွေ့ နိုင်ငံတွေ နှစ်ပေါင်း ဆယ်ချီ စစ်ဖြစ်သွားရင်လဲ မဆိုးဘူး။ ဒါ့ကြောင့် ပင်လယ်ကွေ့ နိုင်ငံတွေကို ယူအက်(စ်)-အစ္စရေးဘက်က ဝင်တိုက်ဖို့ နတန်ယာဟု တောင့်တနေတာပဲ။ နတန်ယာဟုအနေနဲ့ မင်းပြောင်းမင်းလွှဲ မလုပ်နိုင်ရင် အဖိနှိပ်ခံ လူမျိုးစုများ ပြဿနာကို အသုံးချပြီး အီရန်မှာ ပြည်တွင်းစစ် ပြင်းထန်လာအောင် လုပ်မယ်။ တနည်းအားဖြင့် အီရန်ကို ဘော်လ်ကန်နိုက်ဇေးရှင်း လုပ်ချင်တယ်။ အဲဒါ နတန်ယာဟုရဲ့ ဒုတိယ စီမံကိန်းပဲ။
အမေရိကန် နယ်ချဲ့ဟာ အဖိနှိပ်ခံ ကာ့(ဒ်)လူမျိုးများကို သူတို့ နိုင်ငံရေး အဂျန်ဒါအတွက် အကြိမ်ကြိမ် အသုံးချခဲ့ကြတယ်။ အခု တချီမှာလဲ ယူအက်(စ်)-အစ္စရေးတို့က ထပ်သုံးဖို့ လုပ်နေကြပြန်ပြီ။ ကာ့(ဒ်) လူမျိုးတွေ သမိုင်း သင်ခန်းစား ယူတတ်မလား၊ သို့မဟုတ် နယ်ချဲ့ ပါဝါတွေ စက်ပုန်းခုတ်ရာမှာ အကြွေစေ့အဖြစ် အသုံးချခံရဦးမလား ဆိုတာ မကြာခင် တွေ့ရပါလိမ့်မယ်။ သေချာတာကတော့ ယူအက်(စ်)-အစ္စရေး နယ်ချဲ့ ပါဝါကို အားကိုးပြီး ကာ့(ဒ်) လူမျိုးတွေရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဘယ်တော့မှ မရနိုင်ဘူး။ နောက်တကြိမ် သစ္စာဖောက်ခံရတာပဲ ရှိလိမ့်မယ်။ ဝေးဝေးကြည့်စရာမလို၊ ပူပူနွေးနွေး သစ္စာဖောက်ခံထားရတဲ့ Rojava က ကာ့(ဒ်)တွေကိုသာ ကြည့်ရုံပဲ။
ဒီတော့ နတန်ယာဟုတို့ရဲ့ စစ်ပွဲ ရည်မှန်းချက်က အီရန်ကို independent existence ဆိုတာ မရှိတော့အောင် ဖျက်စီးပစ်ဖို့အထိ ကြံရွယ်ထားခြင်း ဖြစ်တယ်။ ဒါ့ကြောင့် အီရန် အစိုးရကလဲ အခုတချီ ယူအက်(စ်)-အစ္စရေးတို့ရဲ့ နယ်ချဲ့စစ်ပွဲကို existential threat သတ်မှတ်ပြီး ရှင်သန်ရေး တိုက်ပွဲဝင်နေတာပဲ။ အဲဒီအတွက်လဲ သူတို့ ကြိုပြင်ထားတာ တွေ့ရတယ်။
၂၀၂၀ ဇန်နဝါရီမှာ ထရမ့်အစိုးရက အီရန် IRGC ဗိုလ်ချုပ် Qassem Soleimani ကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ ဒီနောက်ပိုင်း အီရန်ဘက်က တတ်နိုင်သမျှ ထိပ်တိုက်မတွေ့ရေး ဗျူဟာကို ကျင့်သုံးလာခဲ့တယ်။ ၂၀၂၅ တုန်းကလဲ ယူအက်(စ်)နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ လုပ်နေရင်း ယူအက်(စ်)ဘက်က ထတိုက်ခဲ့တယ်။ အခုလဲ အီရန်ဘက်က အဆုံးစွန်ထိ လိုက်လျောမှုတွေ ပေးရင်း ညှိနှိုင်းမှုတွေ လုပ်နေရင်း ယူအက်(စ်)-အစ္စရေးတို့ဘက်က တဖက်သတ် စစ်ထတိုက်ခြင်း ဖြစ်တယ်။
ဒီတော့ ဘာဖြစ်နေသလဲ။ အီရန်ဘက်က ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ ကြိုးစားလေ ယူအက်(စ်)-အစ္စရေးဘက်က ကြောက်လို့ အလျှော့ပေးတယ် ထင်လေ ဖြစ်လာတယ်။ ထဲရန်းက ပေးတဲ့ မက်ဆေ့ဂ်ျကို လွဲမှားစွာ အဓိပ္ပါယ်ကောက်ပြီး အီရန်တော့ ချိနဲ့နေပြီ ထင်သွားကြတယ်။ ဒီတော့ weakness invites aggression ဆိုတဲ့အတိုင်း ယူအက်(စ်)-အစ္စရေးတို့ဘက်က ရန်စ တိုက်ခိုက်တော့တာပဲ။
သို့သော် အီရန်က သူတို့ ထင်သလို ချိနဲ့ နေတာမျိုး မဟုတ်ဘူး။ အဲဒီ အချက်ကို ဒေါ်နယ်ထရမ့်နဲ့ နတန်ယာဟုတို့လဲ အခုလောက်ဆို သဘောပေါက်လောက်ပြီ။ ဒေါ်နယ်ထရမ့်ဆိုရင် ပွဲသိမ်းပြီ၊ မကြာခင် အဆုံးသတ်ပြီ ပြောလိုက်၊ တခါ won enough မဖြစ်သေးဘူးလို့ ပြောလိုက်နဲ့ သွေးရူးသွေးတန်း ဖြစ်နေပြီ။ ဘာ့ကြောင့် ဒေါ်နယ်ထရမ့် အဲသလို ဖြစ်နေသလဲ။
အီရန်ဘက်က war of attrition အတွက် ပြင်ဆင်ထားပြီးသား။ မှန်ပါတယ်၊ ယူအက်(စ်)က ကမ္ဘာပေါ်မှာ စစ်အင်အား အကြီးဆုံး တိုင်းပြည်ဖြစ်တယ်။ အစ္စရေးနဲ့ ယူအက်(စ်) ပူးပေါင်း စစ်အင်အားက အီရန်ထက် အဆမတန် သာလွန်တာလဲ လူတိုင်း အသိပဲ။ ဒါ့ကြောင့်လဲ ဒေါ်နယ်ထရမ့်တို့ဘက်က တရစပ် ထိုးစစ်ဆင်လိုက်ရင် အီရန် မြန်မြန် လက်နက်ချမယ်လို့ တွက်ခဲ့ကြတာ။ အခု တွက်သလို ဖြစ်မလာဘူး။
ဒီထက် ကြာလာရင် war of attrition ဖြစ်တော့မယ်။ အီရန်ဘက်က မစ်ဆိုင်းတွေ၊ ဒရုန်းတွေ အခုထိ ဒလဟော ပစ်နေနိုင်တုန်းပဲ။ အစ္စရေးနဲ့ ယူအက်(စ်)ဘက်က အဲဒီ ဒရုန်းတွေ၊ မစ်ဆိုင်းတွေကို ပစ်ချနိုင်တာ မှန်တယ်။ ဒါတောင် အကုန် ပစ်ချနိုင်တာတော့ မဟုတ်ဘူး။
အစပိုင်းမှာ အီရန်ရဲ့ ဗျူဟာက နည်းပညာနိမ့် မစ်ဆိုင်းတွေ၊ ဒရုန်းတွေပဲ အရင် ပစ်တယ်။ အဆင့်မြင့် ဒရုန်းတွေ၊ မစ်ဆိုင်းတွေကို ချွေတာထားတယ်။ အီရန်ဘက်မှာ ဒရုန်းတွေ၊ မစ်ဆိုင်းတွေ အမြောက်အမြား စုဆောင်းထားပြီး ဖြစ်တယ်၊ အစ္စရေးဘက်က Patriot တို့ THAAD တို့ ဒုံးခွင်းဒုံးတွေနဲ့ နှိုင်းစာရင် ထုတ်လုပ်ရေး ကုန်ကျစရိတ် အလွန် သက်သာတယ်။ ထုတ်လုပ်ဖို့ ကြာချိန်က မြန်တယ်။ သို့သော် ယူအက်(စ်)-အစ္စရေးဘက်မှာ ဒုံးခွင်းဒုံးတွေ များများစားစား မရှိဘူး။ ဒေါ်နယ်ထရမ့်က အလျှံပယ် ရှိကြောင်း ထထအော်နေရတာ ထောက်ရင် သူ အတော်လေး ခြောက်ခြားနေပုံရတယ်။
ဒါကတော့ ခင်ဗျား ထင်ကြေးပဲလို့ ပြောချင် ပြောနိုင်တယ်။ ပြောလို့ ရပါတယ်၊ သို့သော် ငြင်းလို့မရတဲ့ အချက်ကတော့ ယူအက်(စ်)က သူ့မဟာမိတ်လို့ ဆိုတဲ့ ပင်လယ်ကွေ့ နိုင်ငံတွေကို ဘာအကာအကွယ်မှ မပေးဘူး၊ အလျှံပယ် ရှိပါတယ်လို့ ကြွေးကြော်ထားတဲ့ ဒုံးခွင်းဒုံးတွေကို အစ္စရေးကို ကာကွယ်ဖို့အတွက်ပဲ ပုံအော အသုံးပြုနေရတယ်။ အဲ့တော့ အကျိုးဆက်က ဘာဖြစ်မလဲ။ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးအရ တသီကြီးပဲ။ ဒေါ်နယ်ထရမ့်တို့အဖို့ ကောင်းတဲ့ အကျိုးဆက်တော့ မဟုတ်ဘူး။ ယူအက်(စ်) စစ်အခြေစိုက် စခန်းတွေ လက်ခံထားတဲ့ ပင်လယ်ကွေ့ နိုင်ငံတွေအနေနဲ့ ဘယ်လို စဉ်းစားမလဲ။ ယူအက်(စ်) စစ်အခြေစိုက် စခန်းတွေကို လက်ခံထားတာဟာ သူတို့အတွက် တွက်ခြေကိုက်သေးရဲ့လား။ အကာအကွယ် မရတဲ့အပြင် စစ်ပွဲထဲ ဆွဲသွင်းခံနေရတယ်။
ဒီနိုင်ငံတွေက အရှေ့အလယ်ပိုင်းရဲ့ အိုအေစစ်တွေ ဆိုတဲ့ ပုံရိပ်နဲ့ လုပ်စားနေရတာ။ တည်ငြိမ်မှု ရှိတယ်၊ အခွန် ရှောင်လို့ ရတယ်၊ ရင်းနှီးမြှုပ်နှံလို့ ရတယ်၊ ဒီပုံရိပ်ကို အသုံးချပြီး စီးပွားဖြစ်နေတာ။ အခု အဲဒီ အခြေအနေ လုံးဝ ပျက်စီးသွားပြီ။
ဒီနေရာမှာ အီရန်က ဘာ့ကြောင့် မဆိုင်တဲ့ အဲဒီ အာရပ် တိုင်းပြည်တွေကို တိုက်ခိုက်ရတာလဲလို့ မေးခွန်းထုတ်တာ ခဏခဏ တွေ့ရတယ်။ ထူးဆန်းတာက အဲသလို မေးသူတွေဟာ ယူအက်(စ်)နဲ့ အစ္စရေးက အီရန်နဲ့ လက်ဘနွန်ကို ဘာ့ကြောင့် နယ်ချဲ့စစ် ထတိုက်တာလဲလို့ အရင် မေးဖို့ရာ မေ့နေကြတယ်။ ယူအက်(စ်)နဲ့ အစ္စရေးတို့ကသာ နယ်ချဲ့စစ်ပွဲ မဖန်တီးခဲ့ရင် အီရန်ဘက်က အခုလို တိုက်ခိုက်တာမျိုး ရှိလာမှာ မဟုတ်ဘူး။ ဒါက အလွန် ရှင်းတဲ့ အချက်ပါ။ သို့သော်၊ သူတို့ စိတ်ထဲမှာ ယူအက်(စ်)-အစ္စရေးကို တကမ္ဘာလုံး နယ်ချဲ့ဗိုလ်ကျခွင့် လိုင်စင်ရထားသူများလို့ မြင်လေသလား မပြောတတ်။ ရိုးရှင်းတဲ့ အခြေခံ မေးခွန်းကို အရင် မမေးဘဲ အီရန်ဘက်က တမင် ရန်စ တိုက်ခိုက်နေသလို မေးခွန်းထုတ်လာကြတယ်။

နောက်တခုက အခု မဆိုင်တဲ့ တိုင်းပြည်တွေလို့ သူတို့ ပြောနေတဲ့ ပင်လယ်ကွေ့ နိုင်ငံတွေက neutral states မဟုတ်ဘူး။ အီရန်ကို စစ်တိုက်နေတဲ့ ယူအက်(စ်) နယ်ချဲ့ရဲ့ စစ်အခြေစိုက်စခန်းတွေ တည်ရှိတဲ့ နိုင်ငံတွေ။ ယူအက်(စ်)က အဲဒီ နိုင်ငံတွေမှာ စစ်အခြေစိုက် စခန်းတွေ တည်ဆောက်ထားတယ် ဆိုတာ အပန်းဖြေစခန်း လာဖွင့်ထားတာ မဟုတ်ဘူး ဆိုတာလောက်တော့ သဘောပေါက်မယ် ထင်ပါတယ်။
ဒါ့ကြောင့် အမြော်အမြင် ရှိကြမယ် ဆိုရင် ကိုယ့်တိုင်းပြည်ကို နယ်ချဲ့ပါဝါတွေရဲ့ စစ်အခြေစိုက်စခန်း အဖြစ်ခံလို့ မရဘူး။ အမြော်အမြင် နည်းပါးလွန်းတဲ့ လစ်ဘရယ် ကြောင်သူတော်တွေက ယူအက်(စ်)ကို အားကိုးရင် လုံခြုံပြီလို့ တွက်တယ်၊ သို့မဟုတ် ယူအက်(စ်)နဲ့ ပေါင်းစားရင် အမြတ်ထွက်မယ်လို့ ထင်ကြတယ်၊ ယူအက်(စ်)က ဗမာပြည်မှာ စစ်အခြေစိုက်စခန်း လာဖွင့်ရင်လဲ အိုးစည်ဗုံမောင်းတီးပြီး ကြိုကြမဲ့သူတွေ။
အဲသလို နယ်ချဲ့ အလိုတော်ရိ လုပ်ပြီး နယ်ချဲ့ စစ်အခြေစိုက်စခန်းတွေ လက်ခံထားပြီးမှ innocent victim လိုလို၊ ကြားနေလိုလို ဟန်ဆောင်လို့တော့ မရဘူး။
ဗမာပြည်အတွက် အလားအလာကို ပြောရရင်တော့ ယူအက်(စ်)က စစ်အခြေစိုက် စခန်း လာဖွင့်မဲ့ အခြေအနေ မရှိပါဘူး။ တရုတ်၊ ရုရှား နယ်ချဲ့ ပါဝါတွေရဲ့ စစ်အခြေစိုက် စခန်း ဖြစ်သွားနိုင်တဲ့ အန္တရာယ်က ပိုများပါတယ်။ ကျနော်တို့ ကွန်မြူနစ်တွေရဲ့ သဘောထားကတော့ ရှင်းပါတယ်။ ဘယ်နယ်ချဲ့ ပါဝါကိုမှ အားကိုးလို့ မရဘူး၊ နယ်ချဲ့ ပါဝါ တခုခုရဲ့ စစ်အခြေစိုက် စခန်း အဖြစ်ခံလို့ မရဘူး။ ဒါကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ အရေးကြီးတယ်။ ယူအက်(စ်)-အစ္စရေး နယ်ချဲ့စစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်၊ နယ်ချဲ့စစ်တွေ ဖန်တီးပေးတဲ့ ကမ္ဘာ့အရင်းရှင်စနစ်ကို ကမ္ဘာ့ အလုပ်သမား လူတန်းစား သွေးစည်း ညီညွတ်မှုနဲ့ ဖြိုချရမယ်။
မနိုင်လို့ ရှူံးပါတယ်
နိဂုံးချုပ်အနေနဲ့ အီရန် စစ်ပွဲ ဘယ်အခြေဆိုက်နေသလဲ ဆိုတဲ့ မေးခွန်းကို ဗီယက်နမ် စစ်ပွဲတုန်းက ဟင်နရီ ကစ်ဆင်းဂျား ပြောခဲ့တဲ့ စကားနဲ့ ဖြေရမှာပဲ။ “ငါတို့ ရှုံးနေပြီ၊ အကြောင်းကတော့ ငါတို့ မနိုင်လို့ဘဲ”။
အီရန်နဲ့ လက်ဘနွန်မှာ ယူအက်စ်-အစ္စရေးကြောင့် ထိခိုက် သေကြေရသူတွေ ထောင်ချီ ရှိနေပြီ။ ယူအက်(စ်)နဲ့ အစ္စရေးဘက်မှာ အီရန်ကြောင့် ထိခိုက် သေကြေသူ စာရင်းက နှိုင်းယှဉ်ချက်အားဖြင့် နည်းပါတယ်။ ဒီအချက်ကို ကြည့်ပြီး ယူအက်(စ်)-အစ္စရေးဘက်က အနိုင်ရနေပြီလို့ ထင်တတ်ကြတယ်။
တကယ်တော့ ယူအက်(စ်)-အစ္စရေး ရှုံးနေတာပါ၊ ဘာ့ကြောင့်လဲ၊ သူတို့ စစ်တိုက်ရတဲ့ ရည်မှန်းချက်တွေ တခုမှ ဖြစ်မလာတဲ့အတွက် ရှုံးပါတယ်။ ရှေ့ဆက် စစ်နွံနစ်ရင် ပိုရှုံးမယ်၊ ရည်မှန်းချက်တွေ လက်ဆုပ်လက်ကိုင် မပြနိုင်ဘဲ အခုနေ နောက်ပြန်ဆုတ်ရရင် အရှက်ကွဲရမယ်။ အဲဒါကြောင့် ယူအက်(စ်)-အစ္စရေး ရှုံးနေပြီလို့ ပြောခြင်း ဖြစ်ပါတယ်။
ယူအက်(စ်)နဲ့ အစ္စရေးရဲ့ နယ်ချဲ့စစ်ကို survive ဖြစ်သွားတဲ့ အီရန် အစိုးရဟာ အရင်ကထက် အာဏာကို ပိုပြီး consolidate လုပ်သွားနိုင်မယ်။ ဒါ့ကြောင့် အီရန် ပြည်သူတွေဟာ နှစ်ခါပြန် ရှုံးပါတယ်။
ယူအက်(စ်)-အစ္စရေးတို့ရဲ့ နယ်ချဲ့စစ်ပွဲကြောင့် အသက်တွေ၊ ဘဝတွေ အမြောက်အမြား သေဆုံးရသလို အီရန် အစိုးရကို ဆန့်ကျင် တော်လှန်ဖို့လဲ ပိုပြီး ခက်ခဲသွားတယ်။ ယူအက်(စ်)-အစ္စရေးတို့ရဲ့ နယ်ချဲ့စစ်ပွဲဟာ အီရန် လူထုရဲ့ တော်လှန်ရေး လှိုင်းကို ဖြတ်တောက်ပစ်လိုက်တာပဲ။
ဘယ်နယ်ချဲ့ကပဲ ဝင်တိုက်တိုက် လောလောဆယ် စစ်အာဏာရှင်ကြီး ပြုတ်ကျသွားရင် ပြီးရောလို့ ခပ်ပေါ့ပေါ့ သဘောထားသူတွေ အီရန် လူထုရဲ့ အဖြစ်ကိုသာ ကြည့်ပေတော့။
မေဆန် ရေးသည်