ထရော့စကီးဝါဒ ဆိုတာ ဘာလဲ

စဉ်ဆက်မပြတ် တော်လှန်ရေး သီအိုရီဟာ လီနင်ရဲ့ နယ်ချဲ့စနစ် သီအိုရီလိုပဲ မာ့(က်စ်)နဲ့ အန်းဂယ်(လ်စ်)တို့ မရှိတော့တဲ့ နောက်ပိုင်း မာ့(က်စ်)ဝါဒကို အရေးကြီးဆုံး အကျိုးပြုချက်တွေထဲက တခု ဖြစ်တယ်။ ဒါ့ကြောင့် In Defence of Marxism မဂ္ဂဇင်း အမှတ် ၅၁ မှာ ဒီသဘောတရားကို နက်နက်နဲနဲ တူးဆွဲထားတဲ့ ဆောင်းပါးများကို ဂုဏ်ယူစွာ ဖော်ပြလိုက်ပါတယ်။

၁၈၅၀ ခုနှစ်မှာ မာ့(က်စ်) ပထမဆုံး အသုံးပြုခဲ့တဲ့ ‘permanent revolution’ (စဉ်ဆက်မပြတ် တော်လှန်ရေး) ဆိုတဲ့ ဝေါဟာရနဲ့ လီယွန် ထရော့စကီး နာမည်ဟာ ခွဲမရတော့ဘူး။ ထရော့စကီးက စဉ်ဆက်မပြတ် တော်လှန်ရေး သဘောတရားတွေကို ၁၉၀၅ ရုရှား တော်လှန်ရေး ကာလမှာ ဖော်ထုတ်ခဲ့ခြင်း ဖြစ်တယ်။

ဒါ့ကြောင့် စဉ်ဆက်မပြတ် တော်လှန်ရေးအကြောင်း ပြောတိုင်း ‘ထရော့စကီးဝါဒ’ လို့ ခေါ်တဲ့ ပြဿနာ မလွဲမသွေ ထွက်ပေါ်လာတယ်။ ဒါပေမဲ့ ထရော့စကီးဝါဒဆိုတာ ဘာကို ပြောတာလဲ။ ထရော့စကီး လုပ်ကြံခံရပြီး ၈၅ နှစ်အကြာ ဒီကနေ့ခေတ်မှာ အဓိပ္ပါယ် ရှိသေးရဲ့လား။

အမှန်တရားဟာ အခိုင်အမာ လက်တွေ့ ဖြစ်တယ်

စတာလင်နစ်ဝါဒကို ဆန့်ကျင်တာ ထရော့စကီးဝါဒပဲလို့ မကြာခဏ ပုံဖော်လေ့ရှိတယ်။ ဒါပေမဲ့ စတာလင်ဝါဒကို ဆန့်ကျင်တဲ့ အင်အားစု မျိုးစုံ ရှိနိုင်တယ်၊ သူတို့အများစုက ထရော့စကီး အယူအဆတွေနဲ့ ဘာဆို ဘာမှ မသက်ဆိုင်ဘူး။

ထရော့စကီးဝါဒရဲ့ တကယ့် အနှစ်သာရက ဘာကို ဆန့်ကျင်သလဲ ဆိုတာနဲ့ မသက်ဆိုင်ဘူး၊ ဘာတွေ အဆိုပြု ဖော်ထုတ်ထားသလဲ ဆိုတာနဲ့ပဲ သက်ဆိုင်တယ်။ ဒါ့ကြောင့် ထရော့စကီးဝါဒအကြောင်း ဆွေးနွေးမယ်ဆိုရင် ထရော့စကီးရဲ့ ဘဝကို တော်လှန်ရေးသမား တယောက်အဖြစ် သတ်မှတ်ပေးထားတဲ့ အခြေခံ သဘောတရားတွေကနေ အစပြုရမယ်။

အဲဒီ သဘောတရားတွေထဲမှာ အခြေခံအကျဆုံး ပထမအချက်က မာ့(က်စ်)ဝါဒရဲ့ ဒဿနိက နည်းနာ (ဒိုင်ယာလက်တစ်) နဲ့ ပတ်သက်တဲ့ ထရော့စကီးရဲ့ သဘောထားပဲ။ ၁၉၃၉ မှာ ထရော့စကီး ရေးခဲ့သလိုပဲ –

“ပီယာနိုသမားတယောက်က လက်ချောင်း လေ့ကျင့်ခန်းတွေ လုပ်နေဖို့ လိုအပ်သလို တော်လှန်ရေးသမား တယောက်ကလဲ သူ့စိတ်ကို ဒိုင်ယာလက်တစ်နည်းကျ လေ့ကျင်ထားဖို့ လိုအပ်တယ်၊​ ဒိုင်ယာလက်တစ်က ပြဿနာ အားလုံးကို ပြောင်းလဲခြင်း မရှိတဲ့ အရာတွေလို့ မမြင်ဘဲ ဖြစ်စဉ်တွေအဖြစ် သဘောထား ချဉ်းကပ်ဖို့ တောင်းဆိုတယ်။” [1] သက်ရှိ ဘဝမှာလိုပဲ နိုင်ငံရေးမှာလဲ ‘ဒီမိုကရေစီ’၊ ‘အာဏာရှင်စနစ်’၊ ‘အရင်းရှင်စနစ်’၊ ‘ဆိုရှယ်လစ်စနစ်’၊ အစရှိတဲ့ အယူအဆတချို့ကို ကျနော်တို့ နားရည်ဝပြီး သုံးစွဲနေကြတယ်။ ဒါ့အပြင် မာ့(က်စ်)ဝါဒ သီအိုရီကလဲ ပိုပြီး တိကျတဲ့ သဘောတရားတွေကို ရှင်းပြနိုင်အောင် သူ့ကိုယ်ပိုင် သိပ္ပံနည်းကျ ဝေါဟာရတွေ ဖော်ထုတ်ထားတယ်။ ဥပမာ၊ ‘ဘူဇွာ တော်လှန်ရေး’၊ ‘အလုပ်သမား နိုင်ငံတော်’၊ ‘ဘိုနာပတ်တစ်ဇင်’၊ စသဖြင့်။

မျိုးတူစု ခွဲထားတဲ့ ဒီအယူအဆ အားလုံးကို အရှိတရားကနေ ထုတ်ယူထားခြင်း ဖြစ်တယ်။ သူတို့ဟာ ပြောင်းလဲ ဖြစ်ပေါ်နေတဲ့ လူ့အဖွဲ့အစည်းကို နားလည်ဖို့အတွက် အလွန်တန်ဖိုးရှိတဲ့ လက်နက်တွေ ဖြစ်တယ်။ ဒါပေမဲ့ ဖြစ်စဉ် ဖြစ်ရပ်တွေရဲ့ သီးခြား မျက်နှာစာ တခုခုကနေ ထုတ်ယူထားခြင်းကြောင့် ဒီအယူအဆတွေမှာ ယေဘုယျဆန်တဲ့ သဘောမျိုး မလွဲမသွေ ရှိနေတတ်တယ်။ အထူးသဖြင့် ရှင်သန်နေတဲ့ အရှိတရားနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် ဒီသဘောမျိုး တွေ့ရတယ်။ ရှင်သန်နေတဲ့ အရှိတရားဟာ အင်မတန် ရှုပ်ထွေးပြီး ဘက်ပေါင်းစုံ ရှိတယ်။

ဥပမာအားဖြင့် ‘အရင်းရှင်စနစ်’ ဆိုတဲ့ မျိုးတူစု အယူအဆကို လူအများစု ရင်းနှီးကြလိမ့်မယ်၊ ဒီကနေ့ ကမ္ဘာပေါ်က စီးပွားရေး အားလုံးနီးပါးကို အရင်းရှင်စနစ်လို့ မျိုးတူစု သတ်မှတ်နိုင်တယ်။ ဒါ့အပြင် အရင်းရှင်စနစ် ဖြစ်နေတဲ့အတွက် အဲဒီ နိုင်ငံ အားလုံးမှာ ဘုံတူညီတဲ့ ဝိသေသတွေ ရှိပြီး ဘုံတူညီတဲ့ နိယာမတွေရဲ့ ပြဋ္ဌာန်းမှုကို ခံရမယ်လို့ ပြောလာရင် လူအများစု သဘောတူကြမှာပဲ။

ဒါပေမဲ့ အရင်းရှင် စီးပွားရေး အားလုံး အတူတူပဲလို့ ကောက်ချက်ချနိုင်လား၊ အားလုံးက တပုံစံတည်း တရှိန်တည်း ဖွံ့ဖြိုးသွားတယ်လို့ ပြောနိုင်လား။ လူ့အဖွဲ့အစည်းတခုက သဘောတရားရေးအရ ပုံဖော်ထားတဲ့ ယေဘုယျ အရင်းရှင် ပုံစံနဲ့ အံဝင်ခွင်ကျ မဖြစ်တာနဲ့ အဲဒီ လူ့အဖွဲ့အစည်းကို အရင်းရှင်စနစ် မဟုတ်ဘူးလို့ ဆိုနိုင်လား။

အဲဒီလို တွေးခေါ်လိုက်မယ်ဆိုရင် formalism (သဏ္ဌာန်အဓိက ယုတ္တိဗေဒ) ထောင်ချောက်ထဲ ကျသွားလိမ့်မယ်၊ သဏ္ဌာန်အဓိက ယုတ္တိဗေဒဟာ ယေဘုယျ မျိုးတူစုတွေ၊ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို စမှတ်အဖြစ် သတ်မှတ်ပြီး အဲဒီကနေ သီးခြား ဖြစ်ရပ်တွေကို ကောက်ချက်ချတယ်၊​ လက်တွေ့ အချက်အလက်တွေအပေါ် ယေဘုယျ အယူအဆတွေ သွင်သွင်းဖို့ ကြိုးစားတယ်။ ဒီနည်းလမ်းကို နိုင်ငံရေးမှာလဲ ခဏခဏ တွေ့ရတယ်၊ ဒီနည်းလမ်းကို သုံးတိုင်း ကြီးလေးတဲ့ အမှားတွေ ဖြစ်ကုန်တာလဲ ခဏခဏပဲ။

အမှန်တော့ အတွေးအခေါ် အယူအဆတွေနဲ့ မတူတာက ဘယ်အရာမှ အမြဲတမ်း ငြိမ်နေတာ မရှိဘူး၊ သီးခြား ဖြစ်နေတာ မရှိဘူး။ အရာ အားလုံးဟာ အပြန်အလှန် ယှက်နွှယ်နေကြတယ်၊ အရာအားလုံးဟာ ဖြစ်တည်လာကြတယ်၊ ပြီးတော့ ပျက်သုဉ်းသွားကြတယ် ဆိုတဲ့ အဆက်မပြတ် ဖြစ်စဉ်အတွင်း ရှိနေတယ်။ အရာအားလုံးဟာ ဆန့်ကျင်ဖက် အဖြစ်ကို ပြောင်းလဲသွားကြတယ် – အသက်မဲ့ခြင်းကနေ သက်ရှိ ရုပ်၊ တည်ငြိမ်မှုနဲ့ တိုးတက်ခြင်းကနေ အကျပ်အတည်းနဲ့ ကျဆင်းမှု၊ အပြန်အလှန်အားဖြင့်လဲ ဒီသဘောပဲ။

ဒိုင်ယာလက်တစ် လော့ဂျစ်ဟာ ဒီအရှိတရားကို အတွေးအခေါ်အားဖြင့် ဖမ်းဆုပ်နိုင်အောင် လူသားတွေ ဖော်ထုတ်ထားတဲ့ အစွမ်းထက်ဆုံး လက်နက်ပဲ။ ဒီလက်နက်ကြောင့် ကျနော်တို့ရဲ့ အယူအဆတွေ၊ သဘောတရားတွေဟာ တရားသေမဆန်ဘဲ အခိုင်အမာသဘောတွေနဲ့ ကြွယ်ဝလာတယ်၊ ဒါ့ကြောင့်လဲ အလုပ် လမ်းညွှန်အဖြစ် ထမ်းဆောင်နိုင်ခြင်း ဖြစ်တယ်။ ထရော့စကီး ပြောခဲ့သလိုပဲ –

“ဒိုင်ယာလက်တစ် အတွေးအခေါ်နဲ့ သမားရိုးကျ အတွေးအခေါ်ကြား ဆက်နွှယ်မှုဟာ ရုပ်ရှင်နဲ့ ရုပ်သေ ဓာတ်ပုံကြားက ဆက်နွှယ်မှုအတိုင်းပဲ။ ရုပ်ရှင်က ရုပ်သေ ဓာတ်ပုံကို ပစ်ပယ်လိုက်တာမျိုး မလုပ်ဘူး၊ ရုပ်သေတွေကို ရွေ့လျားပြောင်းလဲမှု နိယာမတွေအတိုင်း ပေါင်းစပ်ပေးလိုက်ခြင်းသာ ဖြစ်တယ်။”[2]

ထရော့စကီးရဲ့ မိန့်ခွန်းနဲ့ အရေးအသား အားလုံးမှာ မစဉ်းစား မတွေးခေါ်ဘဲ ကြက်တူရွေးလို စာအံပြခြင်း၊ သဏ္ဍာန်အဓိက ယုတ္တိဗေဒနဲ့ ပုံသေကားကျဝါဒ အမျိုးအစား အားလုံးကို အမြဲ ဆန့်ကျင် ဝေဖန်ခဲ့တာ တွေ့ရမယ်။

ဒိုင်ယာလက်တစ်နည်းကျ စိတ်ဖြာလေ့လာခြင်း

စတာလင်နဲ့ ဒီဘိတ်တွေ မတိုင်ခင် အနှစ် ၂၀ လောက်ကတည်းက ထရော့စကီးဟာ ရုရှား ဆိုရှယ်ဒီမိုကရေစီရဲ့ မင်ရှီဗစ် တောင်ပံကို ၁၉၀၆ ခုနှစ်မှာ သဘောတရားရေး တိုက်ပွဲ ဆင်နွှဲခဲ့တယ်။ မင်ရှီဗစ်တွေဟာ မာ့(က်စ်)ဝါဒ သဘောတရားတွေကို ‘အဆင့်တွေ’ အသေချထားတဲ့ ဖော်မြူလာတခုအဖြစ် ပြောင်းလဲပစ်ခဲ့တယ်။

မင်ရှီဗစ်တွေဟာ အဲဒီခေတ် မာ့(က်စ်)ဝါဒီတိုင်း လက်ခံထားပြီးသား အခြေခံ သဘောတရားကနေ အစပြုခဲ့တယ်၊ အဲဒါကတော့ ရုရှားပြည်ဟာ ‘ဘူဇွာ တော်လှန်ရေး’ ကို မျက်မှောက်ပြုနေတယ် ဆိုတဲ့ အချက်ပဲ။ သို့သော် မင်ရှီဗစ်တွေက ဒီယေဘုယျ သဘောကို အခြေခံပြီး ဘူဇွာ လူတန်းစားက အနောက် နိုင်ငံတွေနဲ့ အလားတူတဲ့ အရင်းရှင် ဒီမိုကရေစီကို ပထမဆုံး ထူထောင်ရမယ်လို့ အဆိုပြုတယ်။ အရင်းရှင် စနစ် ဖွံ့ဖြိုးမှုကို အတိအကျ ပြောမထားတဲ့ ကာလရှည်တခု ဖြတ်သန်းပြီးမှ ရုရှားဟာ ဆိုရှယ်လစ် တော်လှန်ရေး ဆင်နွှဲဖို့ အခြေအနေ ရင့်မှည့်သွားလိမ့်မယ်လို့ မင်ရှီဗစ်တွေက ဆိုတယ်။

ထရော့စကီး ဝေဖန်ခဲ့သလိုပဲ ဒီအယူအဆဟာ မာ့(က်စ်)နဲ့ အန်းဂယ်(လ်စ်)တို့ရဲ့ နည်းနာ အစစ်နဲ့ လုံးဝ ကွဲလွဲနေတယ်။ တကယ်တော့ အဲဒီခေတ် ရုရှား နိုင်ငံတွင်း အမှန်တကယ် ရှင်သန် လှုပ်ရှားနေတဲ့ လူတန်းစား အသီးသီးရဲ့ အကျိုးစီးပွားတွေ၊ အင်အားတွေကို အခိုင်အမာ ခွဲခြမ်းလေ့လာကြည့်ဖို့ လိုအပ်နေခြင်း ဖြစ်တယ်။ ထရော့စကီးရဲ့ ဒိုင်ယာလက်တစ်နည်းကျ ခွဲခြမ်းလေ့လာမှုရဲ့ ရလဒ်အဖြစ် စဉ်ဆက်မပြတ် တော်လှန်ရေး သီအိုရီ ထွက်ပေါ်လာခဲ့တယ်။

လက်တွေ့တည်ရှိနေတဲ့ ရုရှား ဘူဇွာ လူတန်းစားက ဇာဘုရင်စနစ်နဲ့ မြေရှင်ကြီးစနစ်ကို ဖြိုချပစ်ဖို့ စိတ်မဝင်စားဘူးလို့ ထရော့စကီး ရှင်းပြခဲ့တယ်။ ဒါ့ကြောင့် လယ်သမားထုနဲ့ မဟာမိတ်ပြုထားတဲ့ အခြေခံပေါ်မှာ အလုပ်သမား လူတန်းစားက ဦးဆောင်ပြီး အာဏာ အရယူနိုင်မှသာ ဘူဇွာ ဒီမိုကရေစီ တော်လှန်ရေးကို အဆုံးသတ်နိုင်မယ်။ ဒါပေမဲ့ အလုပ်သမား လူတန်းစားက ဘူဇွာ သမ္မတနိုင်ငံ ထူထောင်ပြီးရုံနဲ့ ရပ်သွားမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ဘူဇွာ တော်လှန်ရေးကနေ ဆိုရှယ်လစ် တော်လှန်ရေးအဖြစ် ဆက်ပြီး ကြီးထွားသွားလိမ့်မယ် (‘grow over’ လို့ သုံးပါတယ်)။

၁၉၁၇ အောက်တိုဘာမှာ ဆိုဗီယက်တွေ အာဏာသိမ်းနိုင်ခဲ့တဲ့ ရုရှား တော်လှန်ရေး အတွေ့အကြုံက ထရော့စကီးရဲ့ သီအိုရီကို အပြည့်အဝ သက်သေထူခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီနောက် ဖြစ်ခဲ့တဲ့ ကမ္ဘာတလွှားက တော်လှန်ရေးတွေမှာလဲ စဉ်ဆက်မပြတ် တော်လှန်ရေး လော့ဂျစ်ကို တွေ့နိုင်တယ် – ဗီယက်နမ်ကနေ ဗင်နီဇွဲလားအထိ၊​ ဆီးရီးယားကနေ ဆူဒန်အထိ၊​ စသဖြင့်။

မာ့(က်စ်)ဝါဒကို ခုခံကာကွယ်ခြင်း

ထရော့စကီးဟာ သူတို့ကိုယ်သူတို့ လီနင် အမွေဆက်ခံသူတွေအဖြစ် ကြွေးကြော်ထားကြတဲ့ စတာလင်နဲ့ ဘူခါရင်တို့ကိုလဲ အလားတူ ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ရတယ်။ စတာလင်နဲ့ ဘူခါရင်တို့ဟာ ကာလတခုရဲ့ ‘accomplished facts’ ‌တွေကိုသာ မျက်တောင်မွေးတဆုံးစာပဲ မြင်နိုင်ပြီး မာ့က်စ်ဝါဒ သီအိုရီကို အလယ်ခေတ် ကျောင်းတော်ဝါဒီဆန်ဆန် သဏ္ဌာန်အဓိကထား ချဉ်းကပ်ခဲ့သူတွေ ဖြစ်တယ်။

“သီအိုရီ နယ်ပယ်မှာ ယေဘုယျ စိတ်ကူးထည်တွေနဲ့ အလုပ် လုပ်သူဟာ အချက်အလက်တွေကို မျက်ကန်း ကိုးကွယ်ရတဲ့ ဘဝ ရောက်သွားမယ်” လို့ ထရော့စကီး သတိပေးခဲ့ဖူးတယ်။ [3]

ဒါ့ကြောင့် ပထမ ကမ္ဘာစစ်အပြီး ထွက်ပေါ်လာတဲ့ တော်လှန်ရေး လှိုင်းကြီး ငြိမ်ကျသွားတဲ့အခါ စတာလင်က ‘ဆိုရှယ်လစ် စနစ်ကို တိုင်းပြည်တခုထဲ တည်ဆောက်ခြင်း’ ဆိုတဲ့ အသစ်စက်စက် သဘောတရားတခုကို ၁၉၂၄ ခုနှစ် ဆောင်းဦးကာလမှာ ထကြေညာခဲ့တယ်။ ဆိုဗီယက် ပြည်ထောင်စုအနေနဲ့ ဆိုရှယ်လစ် စနစ်သစ်ကို ရုရှား နယ်နိမိတ်အတွင်းမှာပဲ တည်ဆောက်နိုင်တယ်၊ ရှေ့တန်းရောက် အရင်းရှင် တိုင်းပြည်တွေမှာ အလုပ်သမား လူတန်းစားက အာဏာ သိမ်းနိုင်ဖို့ မလိုအပ်ဘူးလို့ အဲဒီ သီအိုရီက ဆိုပါတယ်။

မာ့(က်စ်)ဝါဒရဲ့  အခြေခံ သဘောတရားတခုကို အဲဒီလို ပြန်လည်ပြင်ဆင်လိုက်ခြင်းကို ဆန့်ကျင်ခဲ့တဲ့ ထရော့စကီးကို “အဆိုးမြင်ဝါဒ”​ ကိုင်စွဲသူ၊ တော်လှန်ရေးကို “သေချာပေါက် ရှူံးနိမ့်မယ်”လို့ ယုံကြည်ထားသူ အဖြစ် သူတို့ စွပ်စွဲခဲ့ကြတယ်။ ဘာ့ကြောင့်လဲ၊​ ဆိုရှယ်လစ် စနစ်ကို ရုရှားပြည်မှာ မတည်ဆောက်နိုင်ဘူးဆိုရင်၁၉၁၇ အောက်တိုဘာမှာ ငါတို့ အာဏာ မသိမ်းခဲ့သင့်ဘူး လို့ စတာလင်က စောဒကတက်ခဲ့တယ်။ [emphasis in original][4]

ဒီနေရာမှာ စတာလင်နဲ့ အပေါင်းအပါတွေက မင်ရှီဗစ်တွေ ငြင်းခုံတဲ့အတိုင်း တထရာတည်း အကြောင်းပြခဲ့တာပဲ။ မင်ရှီဗစ်တွေက သဏ္ဌာန်အဓိက ဆင်ခြင်နည်းကို သုံးပြီး အလုပ်သမားတွေ အာဏာ မသိမ်းသင့်ဘူးလို့ ကောက်ချက်ချခဲ့သလို စတာလင်နစ်တွေက ဒီလော့ဂျစ်ကို ပြောင်းပြန်လှန်ပြီး အသုံးပြုခဲ့တယ် – အလုပ်သမားတွေက အာဏာ သိမ်းထားတဲ့အတွက် ဆိုရှယ်လစ် စနစ်ကို သေချာပေါက် တည်ဆောက်နိုင်ရမယ်။

အဲဒီ မင်ရှီဗစ် နည်းနာကြောင့် မင်ရှီဗစ် နိုင်ငံရေး ထွက်ပေါ်လာခဲ့တယ်။ ဒါ့ကြောင့် တရုတ်ပြည်ဟာ ‘နေရှင်နယ်-ဘူဇွာ တော်လှန်ရေး’ ကို မျက်မှောက်ပြုနေရတယ် ဆိုတဲ့ အချက်ကို အကြောင်းပြပြီး တရုတ် ကွန်မြူနစ်တွေကို ဘူဇွာ အမျိုးသားရေး ပါတီ ကူမင်တန်အောက် ခေါင်းလျှိူဝင်ဖို့ အမိန့်ပေးခဲ့ခြင်း ဖြစ်တယ်။

ဒီနည်းလမ်းကြောင့် ပြည်တွင်းရော ပြည်ပမှာပါ အကျပ်အတည်းနဲ့ အရှူံးတွေ တသီကြီး ဖြစ်ပေါ်စေခဲ့တယ်။ ဒါပေမဲ့ ဆိုဗီယက် အစိုးရက ၁၉၂၈ မှာ လမ်းကြောင်း တဆစ်ချိုး ပြောင်းလိုက်တာတောင် သူ့ရဲ့ သဏ္ဌာန်အဓိကဝါဒက ဆက်ရှိနေတုန်းပဲ။

ဒါနဲ့ ပတ်သက်လို့ အထင်ရှားဆုံး သက်သေကို နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ‘ဆိုရှယ်-ဖက်ဆစ်ဝါဒ’ သီအိုရီမှာ တွေ့နိုင်တယ်။ ဖက်ဆစ်နဲ့ ဆိုရှယ်ဒီမိုကရက် နှစ်ခုလုံးက အရင်းရှင် စနစ်ကို ကျားကန်ပေးထားတယ်၊ ဒါ့ကြောင့် ဆိုရှယ်ဒီမိုကရေစီ ဆိုတာ ဖက်ဆစ်ဝါဒရဲ့ ‘အလယ် တောင်ပံ’ ဖြစ်တယ်လို့ ‘ဆိုရှယ်-ဖက်ဆစ်ဝါဒ’ သီအိုရီက ဆိုတယ်။ ဒါတင် မကသေး၊ ဆိုရှယ်ဒီမိုကရေစီကို “အရင်းရှင် အာဏာရှင်စနစ်ရဲ့ အဓိက ထောက်တိုင်ကြီး” အဖြစ် ကြေညာခဲ့တယ်။ [5]

အဲဒီ ‘သီအိုရီ’ ဆိုတာရဲ့ လက်တွေ့ ရလဒ်ကတော့ အလုပ်သမား လူတန်းစားဟာ အချင်းချင်း သွေးကွဲပြီး သွက်ချာပါဒလိုက်သွားခဲ့တယ်၊ ဒါ့ကြောင့် ဟစ်တလာ အောင်ပွဲခံသွားခဲ့ခြင်း ဖြစ်တယ်။

ကွန်မြူနစ် အင်တာနေရှင်နယ်ဟာ နောက်တချီ လမ်းကြောင်း ပြောင်းရပြန်တယ်။ ဒါပေမဲ့ ပေါ်လစီ တခါ ပြောင်းတိုင်း မာ့(က်စ်)ဝါဒကို ပြန်လည်ပြင်ဆင်မှု အသစ် တခါ ထပ်လုပ်ရတယ်၊ ထုံးစံအတိုင်း အဆက်အစပ်မဲ့ နှုတ်ယူထားတဲ့ လီနင်ရဲ့ ‘ကောက်စာတွေ’ ဒင်းကြမ်း အပြည့်ပေါ့။ အဲဒီနည်းနဲ့ ခေါင်းဆောင်ပိုင်းဟာ ‘ယေဘုယျအားဖြင့်’ ပေါ်လစီ မပြောင်းခင်ကလဲ​ မှန်တယ်၊ ပြောင်းပြီးတော့လဲ မှန်နေဆဲ ဖြစ်ကြောင်း သက်သေထူပြခဲ့ကြတယ်။

လမ်းကြောင်း တဆစ်ချိုး ပြောင်းတိုင်း ပါတီဝင်ထုကို ‘ပညာပြန်ပေးတဲ့အခါ’ အသရေဖျက်ပစ်၊ ပါတီက ထုတ်ပစ်၊​ နောက်ဆုံး သတ်တောင် သတ်ပစ်တဲ့ နည်းတွေ သုံးပြီး အကောင်အထည်ဖော်ခဲ့တယ်။ ဒီလုပ်ရပ်တွေရဲ့ ရလဒ်ကတော့ ကွန်မြူနစ် အင်တာနေရှင်နယ် အဖွဲ့ဝင်တွေကြား မာ့(က်စ်)ဝါဒ အတွေးအခေါ် အားလုံး ရှင်းပစ်ရုံ မကဘူး၊ ဘယ်လို တွေးခေါ်စဉ်းစားမှုမျိုးကိုမှ လက်မခံနိုင်ဘူး၊ ‘ပါတီ လိုင်း’ ကို ကျိုးကျိုးနွံနွံ နာခံဖို့သာ သူတို့ အလိုရှိတယ်။

ဒီအတွေးအခေါ်တွေကို ထရော့စကီး ဆန့်ကျင်တယ် ဆိုတာ ဆိုဗီယက် အစိုးရ ပေါ်လစီကို သဘောမတူရုံ သက်သက်ကြောင့် ဆန့်ကျင်ခဲ့တာ မဟုတ်ဘူး၊ ထရော့စကီးရဲ့ ဆန့်ကျင်မှုက ပုဂ္ဂိုလ်ရေး အာဏာ လွန်ဆွဲပွဲနဲ့ ခြေပုန်းခုတ် တိုက်ပွဲတွေကနေ ထွက်ပေါ်လာတယ်လို့ ပြောရင် ပိုတောင် မှားသေးတယ်။ ဒါဟာ မာ့(က်စ်)ဝါဒရဲ့ ရှင်သန်နေသော အနှစ်သာရကို ခုခံကာကွယ်ရေး တိုက်ပွဲ တခုပဲ။

ဒါပေမဲ့ ထရော့စကီးရဲ့ တိုက်ပွဲဟာ မာ့(က်စ်)ဝါဒကို စတာလင်ဝါဒီတွေရဲ့ ရန်ကနေ ခုခံကာကွယ်ရုံပဲ လုပ်ခဲ့တာ မဟုတ်ဘူး။ မာ့(က်စ်)ဝါဒရဲ့ အတွေးအခေါ်နဲ့ နည်းနာတွေကို အမှန်တကယ် ဖမ်းဆုပ်နိုင်ခြင်း မရှိဘဲ စတာလင်ဝါဒကို ဆန့်ကျင်ရုံသက်သက်နဲ့ အင်တာနေရှင်နယ် လက်ဝဲ အတိုက်အခံ အင်အားစုဘက် စုရုံးလာသူတွေကိုလဲ ထရော့စကီး တိုက်ပွဲဝင်ခဲ့ရသေးတယ်။

ဘူဇွာ အတွေးအမြင်တွေရဲ့ ကြီးမားလှတဲ့ ဖိအားကို ရင်ဆိုင်ရတဲ့အခါ အနောက်က ထရော့စကီးဝါဒီ တချို့က ဒုတိယ ကမ္ဘာစစ်အတွင်း ဆိုဗီယက် ပြည်ထောင်စုကို ခြွင်းချက်မရှိ ခုခံကာကွယ်ရမယ် ဆိုတဲ့ ထရော့စကီးရဲ့ ရပ်တည်ချက်ကို ဆန့်ကျင်ခဲ့ကြတယ်။ ဆိုဗီယက် ပြည်ထောင်စုဟာ စတာလင်နစ် ဗျူရိုကရေစီရဲ့ ဖောက်ပြန်သော ပေါ်လစီတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်စနစ်ကြောင့် အရင်းရှင် စနစ်ကနေ ဆိုရှယ်လစ် စနစ်ဆီ ကူးပြောင်းနေတဲ့ အလုပ်သမား နိုင်ငံတော်တခု မဟုတ်တော့ဘူးလို့ သူတို့ဘက်က ဆိုတယ်။

ထရော့စကီး ဘဝရဲ့ နောက်ဆုံး နှစ်များမှာ အင်မတန် အနှစ်သာရ ပြည့်ဝတဲ့ အရေးသားတွေ ထုတ်ခဲ့တယ်၊ ဒီအရေးအသား အတော်များများက မာ့(က်စ်)ဝါဒကနေ အနှစ်သာရအားဖြင့် ပက်တီးဘူဇွာ အတွေးအခေါ်ဘက် နောက်ပြန်ခေါက်သွားသူတွေကို နိုင်ငံရေးအရ ပြန်လည်ချေပခဲ့ရုံသာမက မာ့(က်စ်)ဝါဒရဲ့ ဒဿနိက အခြေခံကိုပါ ရဲရင့်ပြတ်သားစွာ ခုခံကာကွယ်ခဲ့ခြင်း ဖြစ်တယ်။ အဲဒီလို ဒီဘိတ်တွေ လုပ်ရင်း ဒိုင်ယာလက်တစ်နဲ့ ပတ်သက်လို့ အဆင့်မြင့် သင်ခန်းစာတခု ထရော့စကီး ပေးခဲ့တယ် –

“လူ့အဖွဲ့အစည်းဆိုင်ရာ ဖြစ်စဉ်တွေက အမြဲတမ်း ပြီးမြောက်ပြည့်စုံတဲ့ လက္ခဏာ ရှိနေရင် လူမှုဗေဒ ပြဿနာတွေဟာ သေချာပေါက် ရိုးရှင်းနေမှာပဲ။ သို့သော် ယုတ္တိဗေဒ ပြီးပြည့်စုံမှုအတွက် ဒီကနေ့ ခင်ဗျား ကိုင်စွဲထားတဲ့ ပုံစံခွက်နဲ့ အံမဝင်ဖြစ်နေပြီး မနက်ဖန်ကျရင် အဲဒီ ပုံစံခွက်ကို လုံးလုံးလျားလျား မှောက်လှန်ပစ်နိုင်တဲ့ အစိတ်အပိုင်းတွေကို အရှိတရားကနေ ဖယ်ထုတ်ပစ်တာလောက် အန္တရာယ်ကြီးတာ မရှိဘူး။ […] သိပ္ပံပညာရဲ့ အလုပ် နဲ့ နိုင်ငံရေး အလုပ် ဆိုတာ ပြီးမြောက်ခြင်း မရှိသေးတဲ့ ဖြစ်စဉ်တခုကို ပြီးမြောက်တဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် ထုတ်ပေးဖို့ မဟုတ်ဘူး၊ အဲဒီ ဖြစ်စဉ်ရဲ့ အဆင့် အားလုံးကို ထပ်ကြပ်မကွာ လိုက်စူးစမ်းပြီး တိုးတက်တဲ့ အင်အားစုနဲ့ ဖောက်ပြန်တဲ့ အင်အားစုကို ခွဲခြားပေးဖို့၊ သူတို့အချင်းချင်း အပြန်အလှန် ဆက်ဆံရေးတွေကို ဖော်ထုတ်ပေးဖို့၊ ဖြစ်နိုင်ခြေရှိသော တိုးတက်ဖြစ်ပေါ်မှု လမ်းကြောင်း မူကွဲတွေကို ကြိုမြင်ဖို့၊ အဲဒီ မြော်မြင်ချက်မှာ အလုပ် လမ်းညွှန်ကို ရှာဖွေဖို့ ဖြစ်တယ်။”[6]

ဒီနည်းလမ်းက ထရော့စကီးကို သူ့ဘဝ တခုလုံး မာ့(က်စ်)ဝါဒီ တော်လှန်ရေးသမားအဖြစ် တန်းတန်းမတ်မတ် လျှောက်လှမ်းနိုင်အောင် လမ်းညွှန်ပေးခဲ့တယ်။

ဘော်ရှီဗစ်ဇင်ရဲ့ အခြေခံ သဘောတရားများ

မာ့(က်စ်)ဝါဒ နည်းလမ်းကနေ တိုက်ရိုက် စီးဆင်းလာတဲ့ ထရော့စကီးရဲ့ အရေးအသားများနဲ့ နိုင်ငံရေး လှုပ်ရှားမှု အားလုံးမှာ အမြဲတွေ့ရတဲ့ နောက်တချက်က အလုပ်သမား လူတန်းစားရဲ့ အမှီအခိုကင်း လွတ်လပ်မှု၊ လူတန်းစား အသိစိတ်နဲ့ အင်တာနေရှင်နယ်ဝါဒတို့ကို ခိုင်မာအားကောင်းစေခြင်းပဲ။

အဆုံးမှာတော့ စဉ်ဆက်မပြတ် တော်လှန်ရေးရဲ့ လက်တွေ့ နိုင်ငံရေး ကောက်ချက်က ဘာလဲ။ သက်ဆိုင်ရာ တိုင်းပြည်တခုရဲ့ ပကတိ ထူးခြားတဲ့  အခြေအနေတွေကို အလေးအနက် ထည့်သွင်းစဉ်းစားရင်း ကွန်မြူနစ် အားလုံးဟာ အလုပ်သမား လူတန်းစားရဲ့ နိုင်ငံရေးအရ လွတ်လပ် အမှီအခိုကင်းမှုကို ရပ်တည်ကာကွယ်ဖို့ ကြိုးပမ်းရမယ်၊ အလုပ်သမား လူတန်းစားကိုယ်တိုင် အဖိနှိပ်ခံ လူထုတရပ်လုံးကို ခေါင်းဆောင်ပြီး အာဏာ သိမ်းနိုင်အောင် အလုပ်သမား လူတန်းစားရဲ့ အသိစိတ်နဲ့ စည်းရုံးစုဖွဲ့မှုကို မြှင့်တင်ပေးဖို့ ကွန်မြူနစ် အားလုံး အားထုတ်သင့်တယ်။

ဒါဟာ မာ့(က်စ်)ကိုယ်တိုင် စဉ်ဆက်မပြတ် တော်လှန်ရေး ဆိုတဲ့ ဝေါဟာရကို သုံးစွဲခဲ့ခြင်းရဲ့ ဆိုလိုရင်းလဲ ဖြစ်တယ်။ ဒါ့အပြင် ‘ထရော့စကီးဝါဒ’ ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ထိုးနှက်တိုက်ခိုက်နေကြတဲ့ “တော်လှန်ရေး အတွေးမှားတွေ” ဆိုတာ အဲဒါတွေပဲ။ တကယ်တော့ ‘ထရော့စကီးဝါဒ’ ဆိုတဲ့ ဝေါဟာရကို ၁၉၀၇ ခုနှစ်မှာ ရုရှား လစ်ဘရယ် Pavel Miliukov က စထွင်ခဲ့ခြင်း ဖြစ်တယ်။[7]

ဒါဟာ လီနင် ကွယ်လွန်သွားတဲ့နောက် ထရော့စကီးရဲ့ ဘော်ရှီဗစ် အစဉ်အလာတွေ ခုခံကာကွယ်ရေး တိုက်ပွဲရဲ့ အခြေခံ နိုင်ငံရေး အနှစ်သာရတွေလဲ ဖြစ်တယ်။

၁၉၂၄ မှာ လီနင် သေဆုံးသွားတဲ့နောက် ‘ထရော့စကီးဝါဒ’ ဆိုတဲ့ ဝေါဟာရ လူထုကြား တွင်ကျယ်သွားခဲ့တာ တိုက်ဆိုင်မှု တခု မဟုတ်ဘူး။ အဲဒီကာလ ဆိုဗီယက် ပြည်ထောင်စုရဲ့ တက်သစ်စ ဗျူရိုကရေစီက ကမ္ဘာ့ တော်လှန်ရေးကို ကျောခိုင်းသွားပြီး ပြည်တွင်းက ချမ်းသာ လယ်သမား အလွှာနဲ့ ပြည်ပက အရင်းရှင် လူတန်းစားဆီ မျက်နှာမူနေချိန် ဖြစ်တယ်။

ထရော့စကီးက ဒီရေစီးကို ဆန့်ကျင်ပြီး ဆိုဗီယက် ပြည်ထောင်စုအတွင်း အလုပ်သမား လူတန်းစားကို စီးပွားရေး အင်အား တောင့်တင်းအောင် တိုက်ပွဲဝင်ခဲ့တယ်၊ ဆိုဗီယက်နဲ့ ကွန်မြူနစ် ပါတီအတွင်း အလုပ်သမားထုရဲ့ အနေအထားကို ခိုင်မာအားကောင်းအောင် ထရော့စကီး တိုက်ပွဲဝင်ခဲ့တယ်၊​ ဒါ့အပြင် တော်လှန်ရေးကို နိုင်ငံတကာအထိ ပျံ့နှံ့သွားရေး သေနင်္ဂဗျူဟာ ရည်မှန်းချက်အတိုင်း တိုက်ပွဲဝင်ခဲ့တယ်။ ဒါဟာ ၁၉၁၇ ခုနှစ် ဘော်ရှီဗစ် ပါတီရဲ့ အခြေခံ ပရိုဂရမ်နဲ့ ဆိုဗီယက် ပြည်ထောင်စုရဲ့ အခြေခံ သဘောတရားတွေကို ခုခံကာကွယ်တဲ့ သဘောပဲ။

ဒီအခြေအနေမှာ စတာလင်၊ ဇီနိုးဗီးယက်နဲ့ ကာမေးညက်(ဗ်)တို့ ‘သုံးဦးဂိုဏ်း’ က ‘ထရော့စကီးဝါဒ’ ဆိုတဲ့ ဝေါဟာရကို အမိအရ အသုံးချပြီး ထရော့စကီးနဲ့ လီနင်ရဲ့ အတွေးအခေါ်တွေကို ခွဲခြားပိုင်းကန့်ပစ်ဖို့ တမင် လုပ်ခဲ့ကြတယ်။ နေ့ချင်းညချင်း ဆိုသလို ၁၉၂၄ နှောင်းပိုင်း ဆိုဗီယက် သတင်းစာတွေမှာ ‘ထရော့စကီးဝါဒ’ကို ဆန့်ကျင်ပြီး ‘လီနင်ဝါဒ’ကို ခုခံကာကွယ်တဲ့ ဆောင်းပါးတွေ တပြုံကြီး ပါလာခဲ့တယ်။

တကယ်တော့ လီနင်နဲ့ ထရော့စကီးကြား အဲသလို ကွဲလွဲမှုမျိုး မရှိခဲ့ဘူး။ မင်ရှီဗစ်တွေနဲ့ ရင်ကြားစေ့ရေးကို ငြင်းပယ်လိုက်ချိန်ကစပြီး ထရော့စကီးလောက် “ထူးချွန်ထက်မြက်တဲ့ ဘော်ရှီဗစ် မရှိတော့ဘူး”လို့ လီနင်ကိုယ်တိုင် ပြောခဲ့တယ်။[8]

ထရော့စကီးဟာ ‘ထရော့စကီးဝါဒ’ ဆိုတဲ့ ဝေါဟာရကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး။ ‘ထရော့စကီးဝါဒ’ ဆန့်ကျင်ရေး ကမ်ပိန်းကို “လီနင်ရဲ့ အတွေးအခေါ် အမွေကို ဆန့်ကျင်တဲ့ တိုက်ပွဲ” [9]လို့ ထရော့စကီး ပြောခဲ့တာ အလကား မဟုတ်ဘူး။ ဒါ့ကြောင့် အဲဒီ ဆက်နွှယ်မှုကို ပေါ်လွင်ထင်ရှားအောင် ထရော့စကီးနဲ့ သူ့နောက်လိုက်တွေက သူတို့ကိုယ်သူတို့ ထရော့စကီးဝါဒီတွေလို့ မသုံးဘဲ ‘ဘော်ရှီဗစ်-လီနင်ဝါဒီတွေ’ လို့ပဲ  ရည်ညွှန်း သုံးစွဲခဲ့တယ်။

အခက်အခဲအားလုံးကို ရိုက်ချိုးပစ်

ဒါဟာ သဘောတရားရေး တိုက်ပွဲသက်သက် မဟုတ်ခဲ့ဘူးဆိုတာ သတိချပ်ဖို့ အရေးကြီးတယ်။ ထရော့စကီးရဲ့ သီအိုရီနဲ့ နိုင်ငံရေး သဘောတရားတွေဟာ အနိုင်မခံ အရှုံးမပေးတဲ့ တော်လှန်ရေး သန္နိဋ္ဌာန်နဲ့ တသားတည်း ပေါင်းစပ်နေတယ်၊ ဒါဟာ မာ့(က်စ်)ဝါဒရဲ့ အနှစ်သာရပဲ။ ထရော့စကီးကိုယ်တိုင် မှတ်ချက်ချခဲ့သလိုပဲ –

“တော်လှန်ရေးသမားတွေထဲ ပညာဉာဏ်ကြီးသူလဲ ပါမယ်၊ ပညာမဲ့တွေလဲ ပါမယ်။ ဒါပေမဲ့ အခက်အခဲ အတားအဆီးတွေကို ရိုက်ချိုးပစ်ဖို့ စိတ်ဓာတ်ပြင်းပြမှု မရှိရင်တော့ တော်လှန်ရေးသမား မဖြစ်နိုင်ဘူး”[10]

ကွန်မြူနစ်တွေဟာ လီနင် ပြောခဲ့တဲ့ “မာ့(က်စ်)ဝါဒဟာ မှန်ကန်သောကြောင့် အလွန် အစွမ်းထက်တယ်” ဆိုတဲ့ အင်မတန် လေးနက်တဲ့ အဆိုအမိန့်ကို မကြာခဏ ကိုးကားလေ့ရှိတယ်။ ဒါပေမဲ့ ဒီအဆိုအမိန့်ကနေ လိုအပ်တဲ့ လက်တွေ့ ကောက်ချက်တွေ ထုတ်ယူဖို့လဲ လိုအပ်တယ်။ မာ့(က်စ်)ဝါဒက အမှန်တရားကို ရှာဖွေပြီး ထုတ်ပြောရုံ တောင်းဆိုတာ မဟုတ်ဘူး၊ အခက်အခဲတွေ ဒုက္ခတွေ ဘယ်လိုပင် ကြုံရပါစေ အမှန်တရားကို ဖော်ဆောင်ဖို့ လိုအပ်တာ အားလုံး လက်တွေ့  လုပ်ဖို့လဲ မာ့(က်စ်)ဝါဒက တောင်းဆိုတယ်။ တော်လှန်ရေးသမားတွေကို အဲဒီလို ထုဆစ်ထားတာပဲ။

ထရော့စကီး ဘဝရဲ့ အချိန် အများစုဟာ ပထမ ဇာဘုရင် အာဏာပိုင်တွေကြောင့်၊ ဒီနောက် စတာလင်ဝါဒီတွေကြောင့် ပြည်ပြေးဘဝနဲ့ ကုန်ဆုံးခဲ့ရတယ်။ နားလည်မှု အားကြီးတဲ့ ‘ဒီမိုကရေစီ နိုင်ငံတွေ’ ဟာ ထရော့စကီးကို နေထိုင်ခွင့် ငြင်းပယ်ခဲ့ကြတယ်၊ ဒါ့ကြောင့် ထရော့စကီးဟာ ကမ္ဘာ့ အခြားတဖက်ကို ရောက်သွားခဲ့တယ်။ သူ့မိသားစုလဲ အမဲလိုက်ခံရ၊ အသတ်ခံခဲ့ရတယ်။ ထရော့စကီးဟာ လုပ်ကြံသတ်ဖြတ်မှု အန္တရာယ်ကို အမြဲ ရင်ဆိုင်ခဲ့ရတယ်။

ဖိအားတွေ ဘယ့်လောက်ပဲ ကြီးမားနေပါစေ ထရော့စကီးဟာ နောက်တွန့်သွားခြင်း လုံးဝ မရှိခဲ့ဘူး။

မာ့(က်စ်)နဲ့ အခြားသော တော်လှန်ရေးသမား အတော်များများရဲ့ ဘဝမှာလဲ အဲဒီလို စိတ်ဓာတ်ခိုင်မာမှုမျိုး တွေ့နိုင်တယ်။ ဆိုဗီယက် ပြည်ထောင်စုအတွင်းက လက်ဝဲ အတိုက်အခံတွေရဲ့ ဂုဏ်ရောင်ပြောင်တဲ့ တိုက်ပွဲမှာလဲ အဲဒီလို စိတ်ဓာတ်မျိုး တွေ့ရတယ်။ သူတို့ဟာ စတာလင်ရဲ့ the Great Purge စစ်ဆင်ရေး ကာလမှာ အင်တာနေရှင်နယ် သီချင်းကို ကျူးရင့်ရင်း စက်တိုင်တက်သွားခဲ့သူတွေ ဖြစ်တယ်။ ဖိနှိပ်မှု အလွန် ပြင်းထန်တဲ့ အခြေအနေမှာ စစ်မှန်သော မာ့(က်စ်)ဝါဒ အင်အားစုတွေကို တည်ဆောက်ဖို့ သူတို့ ဘဝတွေကို မြှုပ်နှံထားတဲ့ ကမ္ဘာတလွှားက ထောင်ပေါင်းများစွာသော ဘော်ရှီဗစ်-လီနင်ဝါဒီတွေမှာလဲ အဲဒီလို စိတ်ပိုင်းဖြတ်မှုမျိုး တွေ့နိုင်တယ်။

ဂိုဏ်းဂဏဝါဒကို ဆန့်ကျင်ခြင်း

ဘော်ရှီဗစ် အခြေခံ သဘောတရားတွေကို မဆုတ်မနစ် ခုခံကာကွယ်ခဲ့တဲ့ ထရော့စကီးရဲ့ တိုက်ပွဲဟာ ဂိုဏ်းဂဏဝါဒအဖြစ် ယိုယွင်းပျက်စီးသွားခြင်း မရှိခဲ့ဘူး။ ဆိုရှယ်လစ် တော်လှန်ရေး ပရိုဂရမ်ကို လူထုရဲ့ ရှင်သန်နေသော တိုက်ပွဲနဲ့ ပေါင်းစပ်ပေးဖို့ လိုအပ်ချက်ကို ထရော့စကီး ကောင်းကောင်း နားလည်ခဲ့တယ်။

သီအိုရီပိုင်းမှာ သဏ္ဌာန်အဓိကဝါဒ ဆန့်ကျင်ရေး တိုက်ပွဲနဲ့ လက်တွေ့ပိုင်းမှာ ဂိုဏ်းဂဏဝါဒ ဆန့်ကျင်ရေး တိုက်ပွဲတို့ ဆက်စပ်နေပုံကို ထရော့စကီးက ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပြခဲ့တယ် –

“အကြင်သူဟာ စာကြောင်းတိုင်းမှာ မာ့(က်စ်)ဝါဒကို တိုင်တည်ပြီး ပြောနေပေမဲ့ ဂိုဏ်းဂဏဝါဒီဟာ ဒိုင်ယာလက်တစ် ရုပ်ဝါဒကို တိုက်ရိုက် ချေဖျက်ပစ်နေတယ်။ ဒိုင်ယာလက်တစ် ရုပ်ဝါဒက အတွေ့အကြုံကို စမှတ်အဖြစ် ယူပြီး အတွေ့အကြုံဆီကို အမြဲ ပြန်သွားတယ်။[12]

ထရော့စကီးဟာ စတုတ္ထ အင်တာနေရှင်နယ်ကို မှန်ကန်တဲ့ နည်းနာ လက်ဆင့်ကမ်းပေးဖို့ အားထုတ်ခဲ့တယ်၊ စတုတ္ထ အင်တာနေရှင်နယ်ရဲ့ အုတ်မြစ်ချ ထူထောင်ခြင်း ပရိုဂရမ်ထဲမှာ ဂိုဏ်းဂဏဝါဒကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတာ တွေ့ရလိမ့်မယ် –

“မြုံနေတဲ့ အဲဒီ နိုင်ငံရေးသမားတွေမှာ ယေဘုယျအားဖြင့် အကူးအပြောင်းသဘော တောင်းဆိုချက်တွေ အသွင်နဲ့ တံတား ထိုးပေးဖို့ လိုအပ်ချက် မရှိဘူး၊ အကြောင်းကတော့ သူတို့က ဟိုဘက်ကမ်းကို ကူးသွားချင်သူတွေ မဟုတ်လို့ဘဲ။ သူတို့က နေရာတခုမှာ အထိုင်ချပြီး နုံချာတဲ့ ယေဘုယျ အဆိုလေးတွေ ထပ်ကျော့ရွတ်ရင်း ကျေနပ်နေသူတွေ ဖြစ်တယ်။ သူတို့အတွက် နိုင်ငံရေး ဖြစ်ရပ်တွေဆိုတာ မှတ်ချက်ပြုဖို့ အခွင့်အလမ်း သက်သက်ပဲ၊ လှုပ်ရှားမှု ဖော်ဆောင်ဖို့ မဟုတ်ဘူး။ ယေဘုယျအားဖြင့် စမ်းတဝါးဝါးနဲ့ လျှောက်လုပ်သူတိုင်း ကြုံရလေ့ရှိသလိုပဲ ဂိုဏ်းဂဏသမားတွေကို ခြေလှမ်းတိုင်းမှာ တကယ့် အရှိတရားက ဖြိုလဲပစ်လေ့ရှိတယ်၊ ဂိုဏ်းဂဏသမားတွေဟာ အမြဲတစေ စိတ်ကုန်နေကြတယ်၊ ‘အုပ်ချုပ်ပုံ စနစ်’ နဲ့ ‘လုပ်နည်းလုပ်ဟန်တွေ’ အကြောင်း အမြဲတမ်း ညည်းတွားရင်း ခြေပုန်းခုတ်မှုလေးတွေမှာ ပျော်ပျော်ကြီး ရွှံလူးနေတတ်တယ်။ သူတို့ ကိုယ်ပိုင် အစုလေးတွေမှာတော့ သူတို့ဟာ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်ပုံစနစ်ကို ထုံးစံတခုလို ကျင့်သုံးကြတယ်။”[13]

ထရော့စကီးက အခုလို ပြတ်ပြတ်သားသား သတိပေးရင်း အဆုံးသတ်ထားတယ် –

“လူထုဆီ ရောက်အောင်သွားဖို့ အားမထုတ်သူဟာ တိုက်ခိုက်ရေးသမား တယောက် မဟုတ်ဘူး၊ ပါတီအတွက် ဝန်ထုပ် ဝန်ပိုးသာ ဖြစ်စေတယ်။ ပရိုဂရမ်ဆိုတာ အယ်ဒီတာအဖွဲ့အတွက် ဒါမှမဟုတ် ဆွေးနွေးဝိုင်း ခေါင်းဆောင်တွေအတွက် ဖော်ထုတ်ထားတာ မဟုတ်ဘူး၊ သန်းပေါင်းများစွာသော လူထုရဲ့ တော်လှန်ရေး လှုပ်ရှားမှုအတွက် ဖော်ထုတ်ထားခြင်း ဖြစ်တယ်။ စတုတ္ထ အင်တာနေရှင်နယ်ရဲ့ အဖွဲ့ဝင်ထုကြား ဂိုဏ်းဂဏဝါဒနဲ့ အရိုးစွဲနေသော ဂိုဏ်းဂဏသမားတွေ တွယ်ကပ်မနေအောင် ရှင်းထုတ်ပစ်ရေးဟာ တော်လှန်ရေး အောင်မြင်မှုအတွက် အခြေခံ လိုအပ်ချက် ဖြစ်တယ်။”[14]

စိတ်မကောင်းစရာပဲ၊ ထရော့စကီးဟာ နောက်ဆုံး တိုက်ပွဲကို အဆုံးသတ်ခွင့် မရခဲ့ဘူး။ ၁၉၄၀ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့မှာ စတာလင်နစ် အေးဂျန့် တယောက်က ထရော့စကီးကို နောက်ကျောကနေ သူရဲဘောကြောင်စွာ ချောင်းမြောင်းလုပ်ကြံခဲ့တယ်။ ဒီလိုနဲ့ စတုတ္ထ အင်တာနေရှင်နယ်ဟာ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်ကို လက်လွှတ် ဆုံးရှူံးခဲ့ရတယ်။

အင်တာနေရှင်နယ်ကို အမွေဆက်ခံတဲ့ ခေါင်းဆောင်တွေဟာ လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး ပရမ်းပတာ ဖြစ်နေတဲ့ စစ်ကြီးကနေ အကြီးအကျယ် ပြောင်းလဲသွားတဲ့ ကမ္ဘာကြီးကို ရင်ဆိုင်ခဲ့ရတယ်။ ‘အဘိုးကြီး’ ရဲ့ ခိုင်မာတဲ့ သဘောတရားရေး လမ်းညွှန်မှု မရှိတော့တဲ့အခါ သူတို့ထဲက တယောက်မှ အရင် ကာလနဲ့ အသစ် ဖြစ်ပေါ်လာတဲ့ အခြေအနေကြားက သတ်မှတ်အဆင့်ကို ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့ဘူး၊ ကျန်ရစ်တဲ့ ခေါင်းဆောင်တွေဟာ အတွေးအခေါ်အရလဲ အဆင့် မမီသလို လက်တွေ့အားဖြင့်လဲ အသုံးမကျခဲ့ဘူး။

ထရော့စကီး သတိပေးခဲ့သလိုပဲ ရလဒ်ကတော့ စတုတ္ထ အင်တာနေရှင်နယ်ဟာ အရေးမပါတဲ့ အသေးအဖွဲ ကိစ္စလေးတွေနဲ့ တကျက်ကျက် စကားများနေသော သင်းကွဲဂိုဏ်းလေးတွေအဖြစ် ယိုယွင်းပျက်စီးသွားခဲ့တယ်။ ဒီနေရာမှာ ဘယ်ဟာက ထရော့စကီးဝါဒ မဟုတ်ဘူး ဆိုတာ ပြောဖို့ လိုအပ်လာတယ်။

ဒီကနေ့ စတုတ္ထ အင်တာနေရှင်နယ် နာမည်တပ်ထားတဲ့ ဘယ်အဖွဲ့အစည်းမှ ထရော့စကီးရဲ့ အတွေးအခေါ် အစစ်အမှန်နဲ့ နည်းနာတွေကို ကိုယ်စားမပြုဘူး။ အဲဒီ အဖွဲ့လေးတွေဟာ ထရော့စကီးရဲ့ အယူအဆတွေကို အဆိုးရွားဆုံး ပုံဖျက်ပစ်တာပဲ လုပ်နိုင်တယ်။ လှုပ်ရှားမှုအပေါ် သူတို့ရဲ့ တခုတည်းသော အကျိုးပြုချက်က ကျယ်ပြန့်သော အလုပ်သမားထုကြား ထရော့စကီးဝါဒကို နာမည်ဖျက်ပစ်တာပဲ ရှိတယ်။

ထရော့စကီးရဲ့ အမွေအနှစ်

စတုတ္ထ အင်တာနေရှင်နယ်ကို ဖျက်စီးပစ်လိုက်ကြပြီ၊ ဒါပေမဲ့ ထရော့စကီးဝါဒရဲ့ အနှစ်သာရကတော့ ဆက်လက် ရှင်သန်နေဆဲ ဖြစ်တယ်။ စစ်မှန်သော မာ့(က်စ်)ဝါဒ အတွေးအခေါ်တွေနဲ့ လီနင် ခေါင်းဆောင်ခဲ့သော ဘော်ရှီဗစ် ပါတီရဲ့ အစဉ်အလာတွေကို ဆက်လက်သယ်ဆောင်ရင်း ရှင်သန်နေတယ်။ ထရော့စကီးဝါဒရဲ့ ဒီအနှစ်သာရဟာ ၁၉၃၈ ခုနှစ် စတုတ္ထ အင်တာနေရှင်နယ် ထူထောင်စဉ်ကလိုပဲ ဒီကနေ့ ကာလမှာလဲ ခေတ်မီနေဆဲ၊ လိုအပ်နေဆဲ ဖြစ်ပါတယ်။

အဲဒီကာလက ထရော့စကီး ရေးခဲ့သလိုပဲ – “လူသားမျိုးနွယ်ရဲ့ သမိုင်းဆိုင်ရာ အကျပ်အတည်းကို တော်လှန်ရေး ခေါင်းဆောင်မှု အကျပ်အတည်းအဖြစ် ကောက်ချက်ချနိုင်တယ်။”[15] ဒီစကားတွေဟာ ထရော့စကီး ရေးခဲ့တဲ့ ကာလတုန်းကလိုပဲ အခုလဲ မှန်နေဆဲ ဖြစ်တယ်။

အင်တာနေရှင်နယ် ကွန်မြူနစ် လှုပ်ရှားမှုဟာ လုံးဝ ကစဉ့်ကလျား ဖြစ်သွားခဲ့တယ်။ ‘မာ့(က်စ်)ဝါဒီ’ နာမည်ခံ ပါတီ အတော်များများဟာ ပြုပြင်ရေးဝါဒ ပါတီတွေ၊ အရေးမပါတဲ့ ဂိုဏ်းလေးတွေအဖြစ် ယိုယွင်းပျက်စီးသွားခဲ့တယ်၊ ဒါမှမဟုတ် လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့တယ်။ အဲဒီအချိန်မှာပဲ ကမ္ဘာ တဝှမ်းက သန်းပေါင်းများစွာသော လူထုကြီးဟာ အကျပ်အတည်းရဲ့ ထွက်ပေါက်ကို ရှာဖွေလာကြတယ်။ ဒါတင်မကသေး၊ စည်းရုံးစုစည်းဖို့ လှုပ်ရှားမှုတခု၊ အလံတခုကို ရှာဖွေလာကြတယ်။

ထရော့စကီးရဲ့ အကြီးမားဆုံး အောင်မြင်မှုက သူဟာ သန့်ရှင်းစင်ကြယ်တဲ့ မာ့(က်စ်)ဝါဒ အလံတော်ကို ဆက်လက် ထိန်းသိမ်းခဲ့တယ်၊ သူ့ရှေ့မှာ ဖောက်ပြန်ရေးသမားတွေ အနိဋ္ဌာရုံတွေ ဒင်းကြမ်းပြည့်နေပေမဲ့ မာ့(က်စ်)ဝါဒ အောင်လံတော်ကို မြင့်မြင့်မားမား လွှင့်ထူနိုင်ခဲ့တယ်။ အဲဒီ အောင်လံတော် ဆက်သယ်ပြီး အလုပ်သမား လူတန်းစားကို အောင်ပွဲဆီ ခေါ်ဆောင်သွားမဲ့ ဆိုရှယ်လစ် တော်လှန်ရေးအတွက် ကမ္ဘာ့ ပါတီကြီး တည်ဆောက်ကြပါစို့။

Source: What is Trotskyism? Editorial of the Issue 51 of ‘In Defence of Marxism’ magazine

မြန်မာပြန်သူ – သူရိန်မွန်

၂၀၂၆ မေလ (၅)ရက်နေ့မှာ ကျရောက်သော Karl Marx ရဲ့ (၂၀၈) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဒီဆောင်းပါးကို ဘာသာပြန် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။

References

[1] L Trotsky, ‘A Petty-Bourgeois Opposition in the Socialist Workers Party’, In Defence of Marxism, Wellred Books, 2019, pg 73

[2] ibid. pg 70-71

[3] L Trotsky, ‘Bonapartism and Fascism’, Democracy, Bonapartism and Fascism, Wellred Books, 2025, pg 148

[4] J Stalin, Problems of Leninism, Foreign Languages Press, 1976, pg 217

[5] Resolution of the Central Committee of the Communist Party of Germany, quoted in J Braunthal, Geschichte der Internationale: 1914–1943, Vol. 2, Dietz Verlag, 1963, pg 414, our translation

[6] L Trotsky, Revolution Betrayed, Wellred Books, 2022, pg 183

[7] P Miliukov, ‘The Elections to the Second State Duma’, quoted in L Trotsky, 1905, Penguin Books, 1971, pg 295

[8] L Trotsky, The Stalin School of Falsification, Pathfinder, 1972, pg 17

[9] L Trotsky, My Life, Wellred Books, 2018, pg 432

[10] L Trotsky, ‘How Revolutionaries are Formed’, Writings of Leon Trotsky [1929], Pathfinder, 1975, pg 192

[11] V I Lenin, ‘The Three Sources and Three Component Parts of Marxism’, Lenin Collected Works, Vol. 19, Progress Publishers, pg 21

[12] L Trotsky, ‘Sectarianism, Centrism and the Fourth International’, Writings of Leon Trotsky [1935-36], Pathfinder, 1977, pg 153

[13] L Trotsky, ‘The Transitional Programme’, Classics of Marxism, Vol. 1, Wellred Books, 2025, pg 269-270

[14] ibid. pg 270

[15] ibid. pg 224