သပိတ်တိုက်ပွဲ အနိုင်ရရှိရေး

ရေးသူ – လန်းနာ့(ဒ်)

 

ချန်းရိ Adidas ဖိနပ်စက်ရုံ အလုပ်သမား သပိတ်ကို စစ်ကောင်စီရဲ့ အလုပ်သမားရေးရာ ဒုဝန်ကြီး ဦးဝင်းရှိန် မနေ့က (မေ ၁၉ ရက်) လာသွားတယ်။ စစ်ကောင်စီရဲ့ ဒုဝန်ကြီး ဆိုသူက သပိတ်မှောက် အလုပ်သမားတွေရှေ့လာပြီး သောက်ခွက်ပြောင်နေသလိုပဲ။ သူနဲ့ပါလာသူတွေရဲ့ ရာထူးတွေ၊ နာမည်တွေ မိတ်ဆက်ပြတယ်။ စည်းမျဉ်းစည်းကမ်းတွေ ရွတ်ပြတယ်။ အရင်းရှင်ဘက်က အမြဲရပ်တည်တဲ့ အလုပ်ရှင်-အလုပ်သမား ပဋိပက္ခ ဖြေရှင်းရေး ယန္တယားတွေအကြောင်း အာချောင်တယ်။ နှစ်ပေါင်းများစွာ သွေးစုပ်ခံလာရတဲ့ အလုပ်သမားတွေရဲ့ နစ်နာချက်တွေကို ဘယ်သူကမှ အဖက်လုပ် ဖြေရှင်းမပေးခဲ့လို့ အခုလို သပိတ်တိုက်ပွဲအဆင့် ရောက်လာမှန်း ဒုဝန်ကြီးဆိုသူ နားလည်ပုံမရဘူး။

 

ဒုဝန်ကြီးဆိုသူက အလုပ်သမားတွေရဲ့ လိုလားချက်ကို ဘာတခုမှ အလေးပြု မစဉ်းစားတဲ့အပြင် သူတို့ အစိုးရနဲ့ မဆိုင်ဘူးလို့ မျက်နှာလွှဲခဲပစ် ဆိုသွားတယ်။ ဒါပေမယ့် အလုပ်သမားတွေ အလုပ်မဆင်းဘဲ သပိတ်မှောက်နေလို့ အရင်းရှင် အမြတ်လျော့သွားမှာကိုတော့ သူတို့ စိုးရိမ်ပုံရတယ်။ ဒုဝန်ကြီးဆိုသူ ပြောသွားတာကို အရပ်စကားနဲ့ ပြန်ပြောရရင် ‘မင်းတို့ လိုချင်တာ တောင်းပြီးပြီ မဟုတ်လား၊ ပြီးရင် အလုပ်ပြန်လုပ်ကြ၊ မင်းတို့ တောင်းဆိုချက်တွေ ဘယ်နေ့ ဖြေရှင်းပေးမလဲ ငါမပြောနိုင်ဘူး၊​ ဒါပဲ’။

 

အရင်းရှင်တွေ အမြတ်လျော့မယ့် ကိစ္စသာ အလုပ်သမား ဝန်ကြီးဌာနနဲ့ သက်ဆိုင်ပြီး အဲဒီ အမြတ်တွေ ထွက်လာအောင် ကုန်ထုတ်ပေးနေရတဲ့ အလုပ်သမားထု ထမင်းနပ်မှန်ရေးကျ သူတို့နဲ့ မဆိုင်ဘူးတဲ့။

 

လူ့အဖွဲ့အစည်းတခု ရှင်သန်တည်မြဲရေး ကုန်းရုန်းလုပ်ပေးနေရသူတွေရဲ့ လုပ်ခလစာ ပြဿနာဟာ တိုင်းပြည် အာဏာရယူထားတဲ့ အစိုးရ အဖွဲ့အစည်းနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ အလုပ်သမားထု လူတန်းစေ့ နေနိုင်မယ့် လုပ်ခလစာ ရရှိအောင် လုပ်ပေးဖို့ သူတို့ အစိုးရမှာ တာဝန် အပြည့်ရှိတယ်။ မဆိုင်ဘူးလို့ ပြောတာဟာ အရင်းရှင် လူတန်းစား ဖိနပ်ကို လျှာနဲ့ယက်တဲ့ စကားပဲ။

 

ဒုဝန်ကြီးဆိုသူက သူ့ကိုယ်သူ အဘလို့ ရည်ညွှန်းသုံးစွဲပေမယ့် အလုပ်သမားထုကိုတော့ ကလေးတွေလို့ ခေါ်သွားတယ်။ ဒါကလဲ စစ်အစိုးရ အဆက်ဆက် ဗျူရိုကရက်တွေရဲ့ သောက်ကျင့်ပဲ။ လုပ်သားပြည်သူကို လူလိုသူလို တလေးတစား မဆက်ဆံတတ်ဘူး။ သူတို့ထက် နိမ့်ကျသူတွေလို့ မြင်ကြတယ်။ သပိတ်မှောက် အလုပ်သမားထုက သူငယ်နှပ်စား ကလေးတွေ မဟုတ်ဘူး။ သူတို့ လုပ်အားနဲ့ ကမ္ဘာကျော် လူသုံးကုန်တွေ ထုတ်လုပ်ပေးနေတဲ့ တန်ဖိုးရှိ လူသားတွေ။ သူများ လုပ်အားကို သွေးစုပ်ပြီး အသက်ဆက်နေတဲ့ ကပ်ပါး လူတန်းစားထက် လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုး အဆပေါင်းများစွာ သာလွန်မြင့်မားသူတွေ ဖြစ်တယ်။ ဒါကို စစ်ဗျူရိုကရက်တွေ ဘယ်တော့မှ နားလည်မယ် မထင်ဘူး။

 

စစ်အစိုးရနဲ့ အရင်းရှင်ပေါင်းပြီး လူလည်ကျတဲ့ အကွက်တွေ

 

အရင် ဆောင်းပါးမှာ ရေးခဲ့တာတွေ ဒီမှာ ထပ်မရေးတော့ပါဘူး။ ကျန်ခဲ့တဲ့ အချက်တချို့လောက်ပဲ ရေးပြပါရစေ။ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပြဋ္ဌာန်းထားတယ် ဆိုတာ သတ်မှတ်ထားတဲ့ ပမာဏကို အနိမ့်ဆုံးထားပြီး ပေးရမယ်၊ အဲဒီ ပမာဏထက် လျော့ပြီး ပေးလို့မရဘူး ဆိုတဲ့ အဓိပ္ပါယ်ပဲ ထွက်တယ်။ အနိမ့်ဆုံးလို့ သတ်မှတ်ထားတဲ့ ပမာဏထက် ကျော်ပြီး ပေးလို့မရဘူးဆိုတာ (လုံးဝ) မရှိဘူး။

 

အခုလို အလုပ်သမားတွေက အခြေခံ လုပ်ခလစာ တိုးမြှင့်ပေးဖို့ ပမာဏတခု သတ်မှတ်ပြီး တောင်းဆိုပြီဆိုရင် အရင်းရှင်နဲ့ အစိုးရဘက်က ဘာအသံထွက်လာသလဲ။ အလုပ်သမားတွေ တောင်းဆိုတဲ့ ပမာဏဟာ “နိုင်ငံတော်က သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်ထက် ကျော်လွန်နေပါသဖြင့်” ဆိုပြီး စကားလုံး အကြီးကြီးတွေနဲ့ လှည့်ဖျားလေ့ရှိတယ်။ ဘယ့်လောက် အဆီအငေါ် မတည့်တဲ့ လိမ်ဆင်ကြီးလဲ။

 

နောက်တခုက ထောက်ပံ့ကြေးဆိုတဲ့ ကိစ္စ။ မင်းအောင်လှိုင်တို့ အာဏာသိမ်း စစ်အစိုးရက အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်ကို တိုးပေးရမှန်း သိတယ်၊ ဒါပေမယ့် တိုးမပေးဘူး။ မသဒ္ဓါရေစာ ထောက်ပံ့ကြေး ဆိုပြီး လုပ်တယ်။ ၂၀၁၈ က သတ်မှတ်ခဲ့တဲ့ အနိမ့်ဆုံး လုပ်ခလစာ ၄၈၀၀ ကျပ်အပြင် ထောက်ပံ့ကြေး ၁၀၀၀ နှစ်ကြိမ် (ပေါင်း ၂၀၀၀ ကျပ်) ပေးဖို့ လုပ်ခဲ့တယ်။ မေးစရာရှိတာက ထောက်ပံ့ကြေးဆိုပြီး ပေးမယ့်အစား အနိမ့်ဆုံး လုပ်ခလစာ ၆၈၀၀ ကျပ် ပေးရမယ်လို့ ဘာ့ကြောင့် မပြဋ္ဌာန်းသလဲ။

 

(၁) အလုပ်သမားထုကို စော်ကားတာ။ မိမိလုပ်အားနဲ့ ထိုက်တန်တဲ့ လုပ်အားခအဖြစ် ပေးချေခြင်း မခံရဘူး။ အရင်းရှင်တို့၊ အစိုးရတို့က အလုပ်သမားထုကို သနားစရာ အငတ်ဘေး ဒုက္ခသည်လေးတွေအဖြစ် သဘောထားပြီး ထောက်ပံ့ကြေးအဖြစ် စွန့်ကြဲသလောက်ပဲ ရမယ် ဆိုတဲ့ အဓိပ္ပါယ်။ ဒါ့ကြောင့် အလုပ်သမားထုကို စော်ကားတဲ့ လုပ်ရပ်လို့ ပြောရခြင်းဖြစ်တယ်။ တကယ်တော့ အလုပ်သမားတယောက်ရဲ့ လုပ်အား တန်ဖိုးက ၆၈၀၀ လဲ မကဘူး၊ ၁၂၀၀၀ လဲ မကဘူး။

 

(၂) နားလှည့်ပါးလှည့် လုပ်တာ။ အဲဒီ ၂၀၀၀ ကျပ်က အပိုစောင်း ထောက်ပံ့ကြေး မဟုတ်ဘဲ အနိမ့်ဆုံး လုပ်အားခ အဖြစ် ဝင်သွားမယ်ဆိုရင် အိုတီကြေး တွက်တဲ့အခါ ၄၈၀၀ ကို အခြေခံ တွက်ရမှာ မဟုတ်ဘဲ ၆၈၀၀ ကို အခြေခံပြီး တွက်ရမယ်။ ဒါ့အပြင် စီးပွားပျက်ကပ် အကြောင်းပြပြီး ထောက်ပံ့ကြေးကို မပေးနိုင်တော့ဘူး ဆိုတာမျိုးလဲ လုပ်လို့ ရသေးတယ်။

 

 

အခုလဲ ကြည့်လေ။ ချန်းရိ စက်ရုံ အလုပ်သမား သပိတ်တိုက်ပွဲမှာ ဒေးကြေး ၁၂၀၀၀ ကျပ် တိုးပေးဖို့ အလုပ်သမားတွေက တောင်းဆိုတယ်။ ဒါပေမယ့် ချန်းရိ စက်ရုံပိုင်ရှင်ဘက်က ၉၀၀ ကျပ်ပဲ တိုးပေးတယ်။ ၉၀၀ ကျပ်ပဲ တိုးပေးတယ် ဆိုတော့ လူကြားလို့မှ မကောင်း။ ဒီထက် ပိုဆိုးတဲ့ အချက်က အလုပ်သမားတွေရဲ့ လုပ်အားခအနေနဲ့ ၉၀၀ ကျပ် တိုးပေးတာ မဟုတ်ဘူး၊ ထောက်ပံ့ကြေးအနေနဲ့ ၉၀၀ ကျပ် တိုးပေးတာလို့ ဆိုထားတယ်။ ဘယ့်လောက် စော်ကားလိုက်သလဲ။

 

အလုပ်သမား ကိုယ်စားလှယ်တွေက အရင်းရှင် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံညှိနှိုင်းတဲ့အခါ သူတို့ တောင်းဆိုချက် မှန်ကန်ကြောင်း တခြား စက်ရုံက ပေးတဲ့ လုပ်ခနှုန်းထားကို ကိုးကားပြီး ပြောပုံရပါတယ်။ အဲလို ပြောတော့ အရင်းရှင်ဘက်က တခြားစက်ရုံတွေမှာ ရနေတဲ့ လုပ်အားခက ဒေးကြေးသက်သက်နဲ့ အဲ့လောက် မရဘူး၊ ပလက် ပလက်တွေ ထည့်တွက်မှ အဲ့လောက် ရတာလို့ ပြန်ပြောသတဲ့။

 

တကယ်တော့ ထောက်ပံ့ကြေး၊ ရက်မှန်ကြေး၊ ဘွန်းနပ်(စ်) စသဖြင့် ခေါင်းစဉ်အမျိုးမျိုး ခွဲထားတာတွေက အလုပ်သမားထုရဲ့ အခြေခံ လစာကို အပြည့်မပေးချင်လို့ လုပ်ထားတဲ့ လှည့်ဖျားနည်းတွေပဲ။ တနည်းအားဖြင့် နေ့စဉ် အလုပ် မဆင်းဘဲ နေလို့ မရအောင် ချုပ်နှောင်ထားတဲ့ နှောင်ကြိုးတွေလဲ ဖြစ်တယ်။ ဒါ့ကြောင့် လုပ်ခလစာ တိုးပေးရေး သပိတ် တိုက်ပွဲဝင်တဲ့အခါ အဲသလို ခေါင်းစဉ်အမျိုးမျိုးခွဲပေးတဲ့ နည်းကို ဆန့်ကျင်မှ ရမယ်။

 

အခုလဲ ကြည့်လေ။ ရက်မှန်ကြေး ၄၀၀၀၀ တော့ တိုးပေးပါရဲ့၊ ပထမ လတဝက်မှာ တရက်လောက် ပျက်ရုံနဲ့ ရက်မှန်ကြေး တဝက်ဖြတ်ခံရမယ် ဆိုတော့ ဘာအဓိပ္ပါယ်ရှိမလဲ။ အရင်လို %တွက်ပြီး ဖြတ်ဖို့ ထပ်ပြောနေရပြီ။ ဒါ့ကြောင့် အလုပ်သမား မိသားစု လူချင်းတူတူ သူချင်းမျှမျှ နေနိုင်မယ့် ပမာဏကို အခြေခံ လစာအဖြစ် ပေးချေဖို့ အရေးဆို တိုက်ပွဲဝင်ရလိမ့်မယ်။ ဟိုခေါင်းစဉ်၊ ဒီခေါင်းစဉ်တွေ လျှောက်ခွဲထားတော့ အရင်းရှင်ဘက်က လိုသလို ထိန်းချုပ်ပိုင်ခွင့် ရသွားတယ်။

 

အလုပ်သမားထု လက်ခံမှ အလုပ်သမား ကိုယ်စားလှယ်

 

ချန်းရိစက်ရုံ ပိုင်ရှင် အလိုကျ လက်မှတ်ထိုးပေးခဲ့တဲ့ အလုပ်သမား ကိုယ်စားလှယ်တွေကို သပိတ်မှောက် အလုပ်သမားထုက လက်မခံဘူး။ ပြတ်ပြတ်သားသား ဆန့်ကျင်ထားကြတယ်။ ဒါ့ကြောင့် နောက်ထပ် အလုပ်သမား ကိုယ်စားလှယ်တွေ ရွေးချယ်လိုက်တော့ ချန်းရိ စက်ရုံပိုင်ရှင်ဘက်က လက်မခံနိုင်ဘူး၊ အရင် ကိုယ်စားလှယ်တွေကိုပဲ သူတို့ အသိအမှတ်ပြုတယ်လို့ အကြောင်းပြန်လာသတဲ့။

 

အလုပ်သမားထုကို သစ္စာဖောက်သွားတဲ့ ကိုယ်စားလှယ်တွေက အစပိုင်းမှာ ရှောင်ပြေးနေတယ်။ အလုပ်သမားထုဆီ ပေါ်မလာရဲဘူး။ အခုကျ လေသံ တမျိုးပြောင်းသွားတယ်။ ချန်းရိ စက်ရုံဘက်က ပေးနေတဲ့ ထောက်ပံ့ကြေး ၄၀၀ ကျပ်အစား ထောက်ပံ့ကြေး ၃၀၀၀ ကျပ် ရအောင် သူတို့ ပြောပေးမယ်လို့ ဆိုလာတယ်။ ဒေးကြေး ၃၀၀၀ ကျပ် တိုးပေးဖို့ သူတို့ မပြောရဲဘူး။

 

အရင်းရှင်ဘက်တော်သားတွေက ပြောလေ့ရှိတယ်။ နှစ်ဖက် ညှိနှိုင်းတဲ့အခါ အလျှော့အတင်းတော့ ရှိမှာပေါ့တဲ့။ အခု အလုပ်သမားထုဘက်ကချည်း လျှော့နေရပါလား။

 

ဒါ့အပြင် သပိတ်မှောက် အလုပ်သမားထု အရေအတွက်နဲ့ နှိုင်းစာရင် အလုပ်သမား ကိုယ်စားလှယ် ဦးရေ လေးငါးဦးဆိုတာ အလွန်နည်းပါတယ်။ အလုပ်သမား တထောင်မှာ ကိုယ်စားလှယ် ၅ ဦးလို့ လျာထားရင်တောင် သပိတ်မှောက် အလုပ်သမား ၆၀၀၀ ကျော် ရှိတဲ့ စက်ရုံမှာ အလုပ်သမား ကိုယ်စားလှယ် ၃၀ ထက်မနည်း စေလွှတ်ဖို့ လိုလိမ့်မယ်။

 

အရင်းရှင် ကိုယ်စားလှယ်တွေက သပိတ်မှောက် အလုပ်သမားထုရှေ့ လာပြီး မဆွေးနွေးရဲဘူး၊ အလုပ်သမားထု မျက်ကွယ် သူတို့ရုံးခန်းမှာသာ စကားပြောရဲတယ်လို့ အရင် ဆောင်းပါးမှာ ထောက်ပြခဲ့တယ်။ ဒါ့အပြင် အလုပ်သမား ကိုယ်စားလှယ် အရေအတွက်ကို ဖြစ်နိုင်သမျှ အနည်းဆုံးပဲ ခေါ်တွေ့တာဟာ သူတို့သုံးတဲ့ နည်းဗျူဟာတရပ်ပဲ။

 

စဉ်းစားကြည့်ပါ။ ချန်းရိ စက်ရုံမှာ အလုပ်သမားက ခြောက်ထောင်ကျော်၊​ အရင်းရှင်က တယောက်တည်း။ ဒါပေမယ့် စားပွဲဝိုင်းထိုင် စကားပြောတော့ အရင်းရှင်ဘက်မှာ အစိုးရ ဗျူရိုကရက်တွေလဲ တလှေကြီး၊ အရင်းရှင် လက်ကိုင်တုတ် အေးဂျန့်တွေလဲ တပုံကြီး၊ အလုပ်သမားဘက်က ကိုယ်စားလှယ်ကျ လေးငါးယောက်ပဲ ထိုင်ခွင့်ရတယ်။ ရန်ဖက် လူတန်းစား ကိုယ်စားလှယ်တွေ မျက်နှာချင်းဆိုင် စကားပြောကြတဲ့အခါ ဒီအရေအတွက် ကွာခြားမှု တခုတည်းနဲ့တင် အလုပ်သမား ကိုယ်စားလှယ်တွေအပေါ် ရှိနေမယ့် ဖိအားကို မှန်းဆကြည့်လို့ ရနိုင်တယ်။

 

ဒါ့ကြောင့် အထက်မှာ ပြောခဲ့တဲ့ အလုပ်သမား ၁၀၀၀ မှာ ကိုယ်စားလှယ် ငါးဦးနှုန်းနဲ့ အလုပ်သမား ၆၀၀၀ အတွက် ကိုယ်စားလှယ် ၃၀ ရွေးချယ်သင့်တယ် ဆိုတာ နမူနာ တင်ပြခြင်း ဖြစ်ပါတယ်။ အရင်းရှင်နဲ့ အစိုးရ ကိုယ်စားလှယ်တင် ဦး ၃၀ ကျော်နေရင် အလုပ်သမားဘက်က အဲဒီအရေအတွက်ထက် ကိုယ်စားလှယ် ပိုများဖို့ လိုပါတယ်။

 

အရင်းရှင်ဘက်မှာ အားကိုးစရာ လှည့်ဖျားနည်းအဖုံဖုံ၊ အစိုးရ ဗျူရိုကရက် တပုံတပင်အပြင် ညစ်စရာ ဥပဒေ လုပ်ထုံးလုပ်နည်းအသွယ်သွယ်လဲ ရှိသေးတယ်။ အလုပ်သမားထုဘက်မှာ သွေးစည်းညီညွတ်မှု အင်အားပဲ ရှိပါတယ်။ ချန်းရိ သပိတ်ဟာ ချန်းရိ စက်ရုံက အလုပ်သမားတွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ ဘဝတူ အလုပ်သမားအားလုံး၊​ ဖိနှိပ်ခံ လူထုတရပ်လုံးနဲ့ သက်ဆိုင်နေတယ်။ ဒီအလုပ်သမား သပိတ်တိုက်ပွဲသာ အောင်မြင်သွားရင် နောက်ထပ် သပိတ် လှိုင်းကြီး ပေါ်လာဖို့ အလွန်တရာ အားကောင်းတဲ့ စေ့ဆော်မှု ဖြစ်သွားလိမ့်မယ်။

 

နိဂုံးချုပ်အနေနဲ့ ပြောရရင် သပိတ်တိုက်ပွဲရဲ့ အရေးပါမှုကို တောင်းဆိုချက်တွေလောက်ကြည့်ပြီး အကဲခတ်လို့ မရဘူး။ ဒီအချက်ကို နားလည်ရင် အလုပ်သမား သပိတ်တွေရဲ့ political implication ကို မြင်လာလိမ့်မယ်။

 

ရေးသူ – လန်းနာ့(ဒ်)

Leave a Reply

Your email address will not be published. Required fields are marked *