သမိုင်းကို ဘယ်လို ကြည့်မလဲ

သူရိန်မွန်

 

တလောက ဆောင်းပါးတပုဒ်မှာ “ဘင်္ဂလားဒေ့ရှ့်လူထုအုံကြွမှုကြောင့် ဝန်ကြီးချုပ် ရှိတ်(ခ်)ဟာဆီနာ ပြုတ်ကျခဲ့ခြင်း ဖြစ်တယ်၊ ယူအက်(စ်) ကျောထောက်နောက်ခံပြုတဲ့ မင်းပြောင်းမင်းလွှဲ အရောင် တော်လှန်ရေး မဟုတ်ဘူး” လို့ ကျနော် ရေးခဲ့တယ်။ ဒီတော့ လစ်ဘရယ်အမြင် လွှမ်းမိုးခံထားရတဲ့ လူတချို့က လက်မခံချင်ဘူး။ ငါတို့ ဗမာပြည်မှာလဲ လူထု အုံကြွခဲ့တာပဲ၊ မင်းအောင်လှိုင် ဘာ့ကြောင့် ပြုတ်မကျသေးတာလဲ ဆိုပြီး စောဒက တက်တယ်။ ဒါကို လက်ညှိုးထိုးပြီး ရှိတ်(ခ်)ဟာဆီနာ ပြုတ်ကျတာ သွေးရိုးသားရိုး မဖြစ်နိုင်ဘူးလို့ ထင်လာတယ်။

 

ဒီလို ထင်လာတဲ့အခါ အမေရိကန် ကြိုးကိုင်တဲ့ အရောင် တော်လှန်ရေးမို့ ရက်ပိုင်း လပိုင်းအတွင်း အစိုးရ ခေါင်းဆောင် ပြုတ်ကျသွားတာ ဆိုတဲ့ conspiracy theory မျိုးကို လက်ခံဖို့ အသင့်ဖြစ်သွားတယ်။ ဒါပေမယ့် အမေရိကန် အစိုးရက ဘယ်နည်းဘယ်ပုံ ကြိုးကိုင်လိုက်လို့ သန်းနဲ့ချီတဲ့ လူထုကြီး အုံကြွသွားခဲ့တယ် ဆိုတာတော့ သူတို့လဲ ရှင်းမပြနိုင်ဘူး။ သန်းပေါင်းများစွာသော အဲဒီ လူထုကြီးက သူများ ကြိုးဆွဲတိုင်း ထကတတ်တဲ့ ရုပ်သေးလေးတွေ ဖြစ်သွားရော။

 

စစ်မှန်တဲ့ လူထု တော်လှန်ရေးကြီးတွေကို လူတစုရဲ့ အာဏာသိမ်းပွဲလို့ ပုံဖော်တာမျိုး၊ ဒါမှမဟုတ် အင်အားကြီး နိုင်ငံတခုခုရဲ့ ဝင်ရောက် စွက်ဖက်မှုလို့ ပုံဖော်တာမျိုး ခေတ်အဆက်ဆက်မှာ ရှိခဲ့ပါတယ်။ ဒီလို ပုံဖော်တာမျိုးကို လစ်ဘရယ်တွေပဲ လုပ်ခဲ့တာတော့ မဟုတ်ဘူး။ အောက်တိုဘာ တော်လှန်ရေးကြီးကို ဘော်ရှီဗစ် ပါတီဆိုတဲ့ လူနည်းစုလေးက conspiracy ဆန်ဆန် လုပ်ခဲ့တဲ့ ‘အာဏာသိမ်းပွဲ’ လို့ ပုံဖျက်ကြသူတွေ မနည်းဘူး။

 

ဒီလို ပုံဖျက်တဲ့ နေရာမှာ လက်ဝဲဘက်က ဆယ်လီတွေဖြစ်တဲ့ Zizek တို့ Chomsky တို့တောင် ထိပ်ဆုံးက ပါတယ်။ အလွန်အင်အားကြီးလှပါတယ်ဆိုတဲ့ အင်ပိုင်ယာ စစ်တပ်ကြီး ရှိတဲ့ နယ်ချဲ့ အစိုးရတရပ်ကို လူတစုက ဘယ်လို နည်းတွေသုံးပြီး အာဏာသိမ်းနိုင်ခဲ့သလဲ၊ နည်းလမ်းကောင်းလေးများ ရှိရင် ချပြစမ်းပါ ဆိုတော့ သူတို့ ရှင်းမပြနိုင်။ ဒီတော့ ဘော်ရှီဗစ် ပါတီ ခေါင်းဆောင် လီနင်၊ ထရော့စကီးတို့မှာ magical power တွေ ရှိနေလို့သာ သူတို့ ပြောသလို အာဏာသိမ်းနိုင်ခဲ့တာ ဖြစ်လိမ့်မယ် ဆိုပြီး ကိုယ့်ဘာသာ ဖြည့်တွေးရတယ်။

 

နောက်ဇာတ်လမ်းတပုဒ်ကျ လီနင်ဟာ ဂျာမနီ အစိုးရရဲ့ အေးဂျန့်လို့ စွပ်စွဲပြန်တယ်။ နောက်ခံကို ခပ်တိုတို ပြောရရင် ၁၉၁၇ ဖေဖော်ဝါရီ တော်လှန်ရေးဖြစ်တော့ ဆွစ်ဇာလန်မှာ ခိုလှုံနေရတဲ့ လီနင် ရုရှားကို ပြန်ဖို့ နည်းလမ်းရှာရတယ်။ ပြင်သစ်၊ ဗြိတိန် နယ်ချဲ့တွေက သူတို့ ပိုင်နက်ကို ဖြတ်ပြီး လီနင် ရုရှား ပြန်မှာကို လုံးဝ သဘောမတူဘူး။ ပထမ ကမ္ဘာစစ်မှာ ရုရှား အင်ပိုင်ယာ စစ်တပ်က သူတို့နဲ့ တဖက်တည်း စစ်တိုက်ပေးနေချိန်။ မတတ်သာတဲ့အဆုံး ဂျာမနီကို ဖြတ်ပြီး ပြန်ဖို့ စီစဉ်ရတယ်။ ပြဿနာက ဂျာမနီနဲ့ ရုရှားက စစ်ခင်းနေတာ။ ဒီတော့ ရုရှား တော်လှန်ရေး ခေါင်းဆောင်တယောက်ကို ဂျာမနီဘက်က ဖြတ်သန်းသွားလာခွင့် ပေးလိုက်တယ် ဆိုရင် အုပ်စိုးသူ နှစ်ဖက်လုံးက ပုံဖျက်ကြမှာကို လီနင်တို့ ကြိုစဉ်းစားမိတယ်။ ဒါ့ကြောင့်လဲ သူတို့ ငှားလာတဲ့ ရထားကို လမ်းတလျှောက် ဘယ်သူမှ အတက်အဆင်း မရှိစေရ ဆိုတဲ့ သဘောတူညီချက် အရင်ယူပြီးမှ ပြန်လာခဲ့တယ်။ ‘sealed train’ လို့ သမိုင်းတွင်ပါတယ်။

 

ဒီလို စေ့စေ့စပ်စပ် ပြင်ဆင်ထားပေမယ့် နှစ်ဖက်လုံးက ပုံဖျက်ပါတယ်။ လီနင်က ဂျာမန်ဘက်က လွှတ်လိုက်တဲ့ အေးဂျန့်၊ ဘော်ရှီဗစ်တွေကို ဂျာမန် စစ်တပ်ဘက်က ရွှေတွေ ပုံအော ပေးထားတာ၊ စသဖြင့် မျိုးစုံပါပဲ။ ရုရှား စစ်ရှုံးအောင်လို့ ဂျာမန် သူလျှိူ ဘော်ရှီဗစ်တွေက အစိုးရကို သူပုန်ထကြသလိုလို စွပ်စွဲကြတယ်။

 

စစ်မှန်တဲ့ လူထု တော်လှန်ရေးနဲ့ ဘော်ရှီဗစ် ခေါင်းဆောင်ကြီးတွေတောင် အဲသလို ပုံဖျက်ခံခဲ့ရတယ်ဆိုရင် အစိုးရ အပြောင်းအလဲ ဖြစ်ရုံလောက်ပဲ အောင်ပွဲရခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် လူထု အုံကြွမှုကြီး အရောင် တော်လှန်ရေးလို့ စွပ်စွဲခံရတာ မထူးဆန်းပါဘူး။

 

လူထု အုံကြွမှုဖြစ်ရုံနဲ့ မင်းအောင်လှိုင်တောင် ပြုတ်မကျတာ ဟာဆီနာ ပြုတ်ကျတာ မဖြစ်နိုင်ဘူး ဆိုသူတွေ လီနင်တို့ ဘော်ရှီဗစ်တွေ ဦးဆောင်ခဲ့တဲ့ ဆိုရှယ်လစ် တော်လှန်ရေးကိုကျ ဘယ်လို ရှင်းပြကြမလဲ။ ၁၉၁၇ ဖေဖော်ဝါရီ တော်လှန်ရေးဖြစ်တော့ ဘော်ရှီဗစ် ပါတီမှာ ကေဒါ တသောင်း မပြည့်ဘူး။ ဘော်ရှီဗစ်တွေမှာ MNDAA လောက် မပြောနဲ့၊ ဗိုလ်နဂါးတပ်လောက်တောင် လက်နက်ကိုင် အင်အား မရှိခဲ့ဘူး။ ဒါနဲ့တောင် နောက်ရှစ်လအကြာမှာ ကမ္ဘာ့ ပထမဆုံး ဆိုရှယ်လစ် တော်လှန်ရေးကြီးကို အောင်အောင်မြင်မြင် ဆင်နွှဲနိုင်ခဲ့တယ်။ ဒါကိုရော ဘယ်လို နားလည်ကြမလဲ။ ကိုယ်နားမလည်တာနဲ့ပဲ ပြည်ပ အင်အားကြီး နိုင်ငံရဲ့ အကူအညီကြောင့်လို့ ရမ်းတုပ်ကြမှာလား။

 

ဘော်ရှီဗစ်တွေမှာ အကူအညီမရတဲ့အပြင် ဂျာမနီ၊ အမေရိကန်၊ ဗြိတိန် အစရှိတဲ့ နယ်ချဲ့ ထိပ်သီး နိုင်ငံတွေက စစ်တပ်တွေ အပါအဝင် ပြည်ပ စစ်တပ် ၂၁ တပ်နဲ့ ဝိုင်းတိုက်တာ ခံခဲ့ရသေးတယ်။ ဒီကြားထဲ ဇာဘုရင် စစ်တပ်က သုံးစားမရအောင် ပြိုကွဲနေပြီမို့ ပြည်တွင်းစစ် ကာလရောက်မှ တပ်နီတော်ကို ပြာပုံထဲကနေ စထူထောင်ရတယ်။ ရှိပြီးသား စစ်တပ်နဲ့ အဆင်သင့် ခုခံရတာ မဟုတ်ဘူး။ ကိုင်း ဘယ်လို ရှင်းပြကြမလဲ။ စစ်တပ် လက်ကိုင်ရှိမှ တော်လှန်ရေး လုပ်လို့ ရမှာ ဆိုသူတွေ ဘာ ပြောဦးမလဲ။

 

လူတန်းစား၊ ပါတီနဲ့ ခေါင်းဆောင်မှုကြားက ဒိုင်ယာလက်တစ် ဆက်နွှယ်မှု

 

ဒီနေရာမှာ နားလည်မှု မလွဲအောင် ပြောထားချင်ပါတယ်။ လူထု အုံကြွမှုဖြစ်ရုံနဲ့ တော်လှန်ရေး အောင်မြင်မယ်လို့ ကျနော်တို့ မပြောဘူး။ ဒီလိုသာ လူထု အုံကြွမှုဖြစ်ရုံနဲ့ အောင်ပွဲခံနိုင်မယ်ဆို လီနင်လဲ ဆွစ်ဇာလန်မှာ ဆက်နေရုံပဲ။ ရန်သူ့ နယ်မြေဖြတ်ပြီး ရုရှားကို အသက်စွန့် ပြန်စရာ မလိုဘူး။ ဆယ်စုနှစ်နဲ့ချီအောင် ဘော်ရှီဗစ်ပါတီ တည်ဆောက်ရေးကို ဘာ့ကြောင့် လုပ်နေမှာလဲ။ ဒါ့ကြောင့် spontaneous ဆန်ဆန် လူထု ပုန်ကန်မှုတွေ ထဖြစ်ရုံနဲ့ တော်လှန်ရေးကြီး အောင်မြင်မယ်လို့ မာ့(က်စ်)ဝါဒီတွေ ဘယ်တုန်းကမှ မပြောပါဘူး။ ဒါပေမယ့် လူထုကိုယ်တိုင် အုံကြွပုန်ကန်ခြင်း မရှိရင်လဲ တော်လှန်ရေး မအောင်နိုင်ဘူး။

 

ဘယ်လိုလဲ ရှုပ်သွားပြီလား။ ‘ဗမာပြည်မှာ လူထု အုံကြွမှုဖြစ်တယ်၊ မင်းအောင်လှိုင် ပြုတ်မကျဘူး၊ ဘင်္ဂလားဒေ့ရ်ှမှာ လူထု အုံကြွမှု ဖြစ်တယ်၊​ ဟာဆီနာ ပြုတ်ကျတယ်၊ ဒါ့ကြောင့် ဟာဆီနာ ပြုတ်ကျတာ လူထု အုံကြွမှုကြောင့် မဖြစ်နိုင်ဘူး’ လို့ တွေးခေါ်ယူဆပုံမျိုးကို အဘိဓမ္မာ စကားနဲ့ဆိုရင် ‘metaphysical mode of thinking’ လို့ ပြောပါတယ်။ ဒီလို တွေးခေါ်ပုံမျိုးနဲ့ဆိုရင် အပေါ်က စာပိုဒ်ကို နားလည်မှာ မဟုတ်ဘူး။ ဒိုင်ယာလက်တစ် တွေးခေါ်နည်းနဲ့သာ နားလည်နိုင်မယ်။

 

လူထုကိုယ်တိုင် အုံကြွပုန်ကန်ခြင်း မရှိရင် တော်လှန်ရေး မမည်ဘူး၊ တော်လှန်ရေး မအောင်မြင်နိုင်ဘူး၊ သို့သော် လူထု အုံကြွမှုဖြစ်ရုံနဲ့ တော်လှန်ရေး မအောင်မြင်နိုင်ဘူးလို့လဲ ဆိုခဲ့တယ်။ ဘယ်လိုလဲ။ မအောင်မြင်ခဲ့တဲ့ တော်လှန်ရေးတွေကို ကြည့်ရင် ဒုတိယ အဆိုဟာ ထင်ရှားပါတယ်။ လူထု အုံကြွမှုဖြစ်ပေမယ့် မအောင်မြင်ခဲ့တဲ့ တော်လှန်ရေးတွေ လူ့သမိုင်းမှာ မနည်းလှဘူး။ အနီးခေတ်သမိုင်းမှာကို ဒုနဲ့ဒေး ရှိနေတာပဲ။ သို့သော် မအောင်မြင်တဲ့ တော်လှန်ရေးတွေကိုချည်း ကြည့်ရုံနဲ့ မလုံလောက်ဘူး။ အထက်မှာ နမူနာပေးခဲ့တဲ့ ‘အောက်တိုဘာ’ လို အောင်မြင်ခဲ့တဲ့ တော်လှန်ရေးကို ကြည့်မယ်ဆိုရင် ပထမ အဆိုဟာ ထင်ရှားလာလိမ့်မယ်။ မက်တာဖစ်ဆစ်ကယ် စဉ်းစားနည်းက မအောင်မြင်ခဲ့တဲ့ တော်လှန်ရေးကိုပဲ တဖက်သတ်ကြည့်လို့ ဒီသဘောကို နားမလည်နိုင်တာ။

 

နောက်တချက်က သမိုင်းထဲက အရေးတော်ပုံကြီးတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ အပေါ်ယံ အချက်တွေကိုပဲ လိုသလို ဆွဲယူမကြည့်မိဖို့ အလွန် အရေးကြီးတယ်။ အဲသလို သွားလုပ်မိရင် false analogy ဖြစ်ကုန်မှာပဲ။

 

တချို့ သဘောတရားတွေကို analogy နဲ့ ပြောရင် မျက်စိထဲ ပိုမြင်သာတယ်။ ထရော့စကီး သုံးခဲ့တဲ့ analogy ကိုပဲ ကိုးကားပြီး ပြောပါမယ်။ မီးရထားတစင်းကို ရွေ့လျားအောင် မောင်းနှင်တဲ့ အင်အားက ရေနွေးငွေ့ စွမ်းအင် ဖြစ်တယ်။ သို့သော် piston box သာ မရှိခဲ့ရင် အဲဒီ ရေနွေးငွေ့ စွမ်းအင်ဟာ လွင့်ပြယ်ပြီး အလဟဿ ဖြစ်သွားမှာပဲ။ ဒါပေမယ့် piston box ချည်း ရှိရုံနဲ့လဲ မီးရထားကြီး ရှေ့ကို တလက်မမှ ရွေ့မှာ မဟုတ်ဘူး။ ရေနွေးငွေ့ စွမ်းအင် ရှိမှသာ ရွေ့နိုင်မယ်။ ဒါ့ကြောင့် piston box အရေးကြီးတာ မှန်ပေမယ့် တကယ့် driving force က ရေနွေးငွေ့ စွမ်းအင်သာ ဖြစ်တယ်။ ဒါဟာ သူတို့ကြားက ဒိုင်ယာလက်တစ် ဆက်နွှယ်ချက်ကို ပြောနေတာပဲ။

 

လူထုကိုယ်တိုင် အုံကြွပုန်ကန်မှုက တော်လှန်ရေးကို မောင်းနှင်တဲ့ ရေနွေးငွေ့ စွမ်းအင်နဲ့တူတယ် ဆိုရင် တော်လှန်ရေး ပါတီ တော်လှန်ရေး ခေါင်းဆောင်မှုက piston box နဲ့ အလားတူတယ်။ piston box နဲ့ တူတဲ့ တော်လှန်ရေး ဦးဆောင် ပါတီ မရှိခဲ့ရင် လူထုအုံကြွမှု စွမ်းအင်တွေဟာ လိုရောက် မရောက်ဘဲ လွင့်ပြယ် ဆုံးရှုံးသွားတာမျိုး ကြုံရလေ့ရှိတယ်။ သို့သော် တော်လှန်ရေး ပါတီ ရှိရုံနဲ့ တော်လှန်ရေး မဖြစ်နိုင်ဘူး။ တော်လှန်ရေး ပါတီက တော်လှန်ရေးကို မဖန်တီးနိုင်ဘူး။ လူထုအုံကြွမှုကသာ တော်လှန်ရေးရဲ့ မောင်းနှင်အား ဖြစ်တယ်။ ဒါဟာ လူတန်းစား၊ ပါတီနဲ့ ခေါင်းဆောင်မှုကြားက ဒိုင်ယာလက်တစ် ဆက်နွှယ်ချက်တွေကို မြင်အောင်ကြည့်ဖို့ အရေးကြီးကြောင်း ပြောလိုရင်း ဖြစ်တယ်။ ဒီဆက်နွှယ်ချက်တွေကို မြင်အောင် မကြည့်ဘဲ ကိုယ်သန်ရာ မျက်နှာစာ တဖက်လောက် ကြည့်ပြီး ကောက်ချက်ဆွဲရင် လွဲမှားတဲ့ နိဂုံးကိုသာ ရလိမ့်မယ်။

 

ရှစ်လေးလုံး တော်လှန်ရေးနဲ့ ဘင်္ဂလားဒေ့ရ်ှ တော်လှန်ရေးကို historical analogy အဖြစ် ယူကြည့်မယ်ဆိုရင် နီးစပ်ပါလိမ့်မယ်။ ဗမာပြည်မှာ လူထု အုံကြွမှု ဖြစ်ပေမယ့် အစိုးရ ပြုတ်မကျခဲ့ဘူးလို့ ရမ်းမပြောသင့်ဘူး။ ရှစ်လေးလုံး တော်လှန်ရေးမှာ လူထု အုံကြွမှုဖြစ်ပြီး ၂၆ နှစ်ကျော် အုပ်စိုးခဲ့တဲ့ မဆလ ပါတီ ပြိုကွဲသွားခဲ့တယ်။ မဆလ ပါတီခေါင်းဆောင် ဗိုလ်နေဝင်း ပြုတ်ကျခဲ့တယ်။ သားသတ်သမား လက်မရွံ့ စိန်လွင် ပြုတ်ကျခဲ့တယ်။ ဒေါက်တာမောင်မောင် ပြုတ်ကျခဲ့တယ်။ လမ်းမထက်မှာ လူထု အာဏာ ပေါ်နေပြီ။ မာ့(က်စ်)ဝါဒစကားနဲ့ ပြောရရင် dual power ဖြစ်ပေါ်နေတဲ့ အခြေအနေ။ လူထု အုံကြွမှုရဲ့ အခန်းကဏ္ဍကို လျှော့တွက်မယ်ကြံရင် အဲဒီ သမိုင်း အတွေ့အကြုံတွေကို ပြန်သတိရလိုက်ပါ။

 

 

ဘင်္ဂလားဒေ့ရှ့် လူထု အုံကြွမှုက ဟာဆီနာ တယောက်ကို ဆွဲချနိုင်ခဲ့တယ် ဆိုရင် ရှစ်လေးလုံး တော်လှန်ရေးက ဟာဆီနာ သုံးယောက်တောင် ဖြုတ်ချနိုင်ခဲ့တာလို့ ပြောရလိမ့်မယ်။ ဒါဖြင့် ရှစ်လေးလုံး တော်လှန်ရေးက ဘာ့ကြောင့် အဆုံးထိ အောင်ပွဲ မခံနိုင်ခဲ့တာလဲလို့ မေးချင်မေးနိုင်ပါတယ်။ တကယ်တော့ ဒီမေးခွန်းရဲ့ အဖြေက အထက်မှာ ပါခဲ့ပြီးသားပါ။ လူထုအုံကြွမှု ဖြစ်ရုံနဲ့တင် မလုံလောက်သေးဘူး။ piston box နဲ့တူသော တော်လှန်ရေး ပါတီ၊ တော်လှန်ရေး ခေါင်းဆောင်မှု ဆိုတဲ့ subjective factor က အဲသလို dual power ဖြစ်နေချိန်မှာ အလွန် အရေးကြီးပါတယ်။ decisive factor တောင် ဖြစ်သွားနိုင်တယ်။

 

ရှစ်လေးလုံး လူထု အုံကြွမှုကြီးကြောင့် လမ်းမထက် လူထု အာဏာတည်နေချိန် (dual power ဖြစ်နေချိန်) တော်လှန်ရေး ခေါင်းဆောင်မှု​ နေရာ ဘယ်သူတွေ ရထားသလဲ။ လစ်ဘရယ် ခေါင်းဆောင်မှု နေရာရထားတယ်လို့ ပြောနိုင်တယ်။ သေချာတာကတော့ ရှစ်လေးလုံး လူထု တော်လှန်ရေးကြီး အဆုံးထိ အောင်ပွဲ မခံနိုင်ခဲ့တာ လူထု ညံ့လို့ မဟုတ်ဘူး။ တော်လှန်ရေး ခေါင်းဆောင်မှု ပြဿနာကြောင့်ဆိုတာ ထင်ရှားတယ်။ နေဝင်း-စိန်လွင်-မောင်မောင် အပါအဝင် မဆလ ပါတီ ယန္တယားတခုလုံး ဖျက်သိမ်းနိုင်ခဲ့တဲ့ လူထု အုံကြွမှုကို ဘာမှ အသုံးမကျဘူးလို့ ဘယ်သူ ပြောရဲသလဲ။

 

ဒီ historical analogy မှာ နောက်ထပ် တူတဲ့ အချက်ကို ပြောရရင် ရှစ်လေးလုံး အရေးတော်ပုံမှာ အနောက်အုပ်စု လိုလားတဲ့ လစ်ဘရယ် ခေါင်းဆောင် ဒေါ်စု နေရာရလာတယ်။ ဘင်္ဂလားဒေ့ရ်ှ တော်လှန်ရေးမှာ အနောက်အုပ်စု လိုလားတဲ့ ယူနု(စ်) ခေါင်းဆောင် နေရာ ရလာတယ်။ နိုဘယ်ဆုရှင် ဖြစ်တာချင်းတောင် တူလိုက်သေး။

 

တရုတ်နဲ့ အစေးကပ်သူ ပြုတ်ကျပြီး အနောက်အုပ်စု လိုလားသူ တက်လာတိုင်းသာ အမေရိကန် လက်ချက်လို့ ပြောကြစတမ်းဆိုရင် ဗမာပြည် ရှစ်လေးလုံး အရေးတော်ပုံ ဘာဖြစ်သွားမလဲ။ အမေရိကန် ဝင်မွှေတဲ့ အရောင် တော်လှန်ရေးလို့ စွပ်စွဲကြမလား။ တရုတ် အစိုးရကတော့ အဲသလို မြင်ချင် မြင်လိမ့်မယ်။ ရှစ်လေးလုံးနောက် တက်လာတဲ့ စစ်အစိုးရ အဆက်ဆက်ကို ကျားကန်ပေးထားခဲ့တာ အခုထိပဲ။

 

ဗမာပြည် ၂၁ တော်လှန်ရေးမှာလဲ အမေရိကန် သံရုံးရှေ့ အကူအညီတောင်းတဲ့ placard တွေကိုင်ပြီး ဆန္ဒပြခဲ့ကြတာပဲ။ ယူအန် ဝင်ကယ်ဖို့ အော်ခဲ့ကြသူတွေလဲ မနည်းဘူး။ အာတူးပီ မျှော်သူကမျှော်။ ဒီနောက် ပေါ်လာတဲ့ နုဂျီက အမေရိကန်ကို ပလူးပလဲလုပ်တာ ရှိသေးတယ်။ စစ်အာဏာသိမ်း အစိုးရကို ရုရှားနဲ့ တရုတ် အစိုးရတွေက ကျားကန်ပေးထားတယ်။ ဒါတွေ လက်ညှိုးထိုးပြပြီး ဗမာပြည် တော်လှန်ရေးကို အမေရိကန် ကြိုးကိုင်တဲ့ လှုပ်ရှားမှုလို့ ပြောရင် မှန်ပါ့မလား။

 

ဒါ့ကြောင့် သမိုင်း ဖြစ်စဉ်တွေကို သုံးသပ်တဲ့အခါ conspiracy တွေ၊ analogy အမှားတွေ ကို ရှောင်နိုင်ဖို့ အရေးကြီးကြောင်း ထပ်လောင်း ပြောလိုက်ပါရစေ။

 

သူရိန်မွန်

 

၂၄ ဧပြီ၊ ၂၀၂၅

Leave a Reply

Your email address will not be published. Required fields are marked *