[ရှစ်လေးလုံး ၃၃ နှစ်ပြည့်မှာ ဖော်ပြခဲ့သော ဆောင်းပါးကို ဒီကနေ့ကျရောက်တဲ့ ရှစ်လေးလုံး ၃၇ နှစ်မြောက် အထိမ်းအမှတ် ပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆောင်းပါးထဲက “ဒီကနေ့ အချက်အလက်တွေ”ဟာ လွန်ခဲ့တဲ့ ၄နှစ်က အချက်အလက်တွေဆိုတာ သတိပြုစေလိုပါတယ်။]
အယ်ဒီတာ့မှတ်ချက်
——
တော်လှန်ရေးအားလုံး အထူးသဖြင့် နှစ်ဆယ်ရာစုမှာဖြစ်ပွားခဲ့တဲ့ ရပ်ရှားတော်လှန်ရေး သုံးခုစလုံးက အတည်ပြုပေးခဲ့သော တော်လှန်ရေးရဲ့ အခြေခံနိယာမကို အခုလို ဖော်ထုတ်နိုင်တယ် – “တော်လှန်ရေးတခုဖြစ်ဖို့ သွေးစုပ်ခံ၊ ဖိနှိပ်ခံ လူထုက နဂိုပုံစံအတိုင်း ဆက်သွားဖို့ မဖြစ်နိုင်တော့ဘူးလို့ သဘောပေါက်ပြီး၊ အပြောင်းအလဲကို တောင်းဆိုလာရုံနဲ့ မလုံလောက်သေးဘူး။ သွေးစုပ်သူတွေဘက်ကလည်း နဂိုပုံစံအတိုင်း ဆက်သွားလို့မရမှ၊ အရင် နည်းဟောင်းအတိုင်း ဆက်အုပ်စိုးလို့ မရမှ တော်လှန်ရေးတရပ် ဖြစ်နိုင်တယ်။” “အုပ်စိုးခံ လူတန်းစားတွေ” က နဂိုပုံစံအတိုင်း ဆက်မသွားလိုတဲ့အခါ၊ “အုပ်စိုးသူ လူတန်းစားတွေ” က နဂိုပုံစံအတိုင်း ဆက်မသွားနိုင်တော့တဲ့ အခါမှသာ တော်လှန်ရေး အောင်ပွဲခံနိုင်တယ်။ ဒီအမှန်တရားကို တခြားစကားလုံးတွေနဲ့ ဖော်ပြရရင် (သွေးစုပ်ခံတွေသာမက သွေးစုပ်သူတွေကိုပါ သက်ရောက်မှုရှိတဲ့) ‘တပြည်လုံးအတိုင်းအတာအကြပ်အတည်း’ မဆိုက်ဘဲတော်လှန်ရေးမဖြစ်နိုင်ဘူး။တော်လှန်ရေးတရပ် ဖြစ်ဖို့ဆိုရင် (၁) လုပ်သားထု (အနည်းဆုံးတော့ လူတန်းစား အသိနိုးကြားတဲ့၊ နိုင်ငံရေးအရ နိုးကြားတက်ကြွတဲ့ အလုပ်သမားအများစု)က တော်လှန်ရေးတရပ် လိုအပ်နေပြီလို့ ကောင်းကောင်းသဘောပေါက်ထားပြီး အသေခံတိုက်ဖို့အထိ ပြင်ဆင်ထားသင့်တယ်။ (၂) အုပ်စိုးသူ လူတန်းစားဟာ အုပ်ချုပ်ရေးဆိုင်ရာ အကြပ်အတည်းတခုကို ရင်ဆိုင်နေရလိမ့်မယ်၊ ဒီအကြပ်အတည်းကြောင့် နောက်ကျကျန်နေသေးတဲ့ အများစုသော လူထုကြီးကိုတောင် နိုင်ငံရေးထဲ ပါလာစေတယ်။ (စစ်မှန်တဲ့ တော်လှန်ရေးတိုင်းမှာ နိုင်ငံရေး တိုက်ပွဲ ဆင်နွှဲနိုင်တဲ့ အဖိနှိပ်ခံ၊ လုပ်သားထု အရွယ်အစား တဟုန်ထိုး ကြီးထွားလာတာပဲ၊ ဆယ်ဆမက အဆတရာအထိ တိုးပွားလာတတ်တယ်)။ ဒီအခါ အစိုးရကို ချိနဲ့စေတယ်၊ တော်လှန်ရေးသမားတွေအဖို့ အစိုးရကို မြန်မြန်ဆန်ဆန် ဖြိုချပစ်နိုင်မယ့် အခြေအနေ ပေးလာတယ်။
လီနင်ရေးတဲ့ “LEFT-WING” COMMUNISM—AN INFANTILE DISORDER အခန်း(၉) “Left-Wing Communism in Great Britain” က စာပိုဒ်တပိုဒ်ကို ဘာသာပြန်ဖော်ပြထားခြင်း ဖြစ်ပါတယ်။ အခုဖြစ်ပွားနေတဲ့ နွေဦး တော်လှန်ရေးကို ဆန်းစစ်ပြီး ရေးထားသလား အောက်မေ့ရတယ်။ [လွန်ခဲ့တဲ့ (၁၀၁)နှစ်က ရေးခဲ့တဲ့ စာအုပ် ဖြစ်ပါတယ်။] တော်လှန်ရေးတရပ် ဖြစ်ပွားဖို့ မရှိမဖြစ် လိုအပ်တဲ့ သမိုင်းရေး အခြေအနေ နှစ်ရပ်ကို ဆန်းစစ် တင်ပြခဲ့ခြင်း ဖြစ်တယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ တော်လှန်ရေးကို ဆန်းစစ်ကြည့်မယ်ဆိုရင် ဒီသမိုင်းရေး အခြေအနေ နှစ်ရပ်လုံး ပြည့်စုံနေခဲ့တာ တွေ့ရလိမ့်မယ်။ အုပ်စိုးခံ လူတန်းစားတွေဘက်က နဂိုသွေးစုပ်ခံ၊ ဖိနှိပ်ခံ ဘဝအခြေအနေအတိုင်း ဆက်မနေနိုင်ဘူး၊ ဒါကို လယ်သမားတွေရဲ့ တိုက်ပွဲ၊ အလုပ်သမားတွေရဲ့ သပိတ်တိုက်ပွဲ၊ ကျောင်းသားတွေရဲ့ ပညာရေး လွတ်လပ်ခွင့်တိုက်ပွဲ စတဲ့စတဲ့ တိုက်ပွဲငယ်ပေါင်းစုံနဲ့ ဖော်ထုတ်ပြခဲ့တယ်။ အပြောင်းအလဲကို လိုလားလွန်းလို့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီကို မဲတွေ ထည့်ခဲ့ကြတယ်။ ဒါပေမယ့် အုပ်စိုးခံတို့ရဲ့ဘဝဟာ ဘာမှ ထူးပြီး မပြောင်းလဲခဲ့၊ သွေးစုပ်ခံရမြဲ၊ ထောင်ချခံရမြဲ။ ဒါပေမယ့် ဒီအဆင့်မှာ အပြောင်းအလဲကို နိုင်ငံရေးသမားဆိုသူတွေ၊ နိုင်ငံရေးပါတီတွေ (အထူးသဖြင့် NLD ပါတီ) က ဆောင်ကျဉ်းပေးနိုင်မယ်လို့ ထင်နေသူတွေ၊ လွှတ်တော်တွင်း လမ်းကြောင်းကနေ အပြောင်းအလဲကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ constitutional illsuions ရှိနေသူတွေ အများကြီး ရှိခဲ့တယ်။ လူတန်းစား အသိနိုးကြားတဲ့ အလုပ်သမားတွေ၊ နိုင်ငံရေးအသိ နိုးကြားတဲ့ လူငယ်တွေက ဒီနည်းနဲ့ အပြောင်းအလဲကို မရနိုင်ဘူး၊ လူထုကိုယ်တိုင် တိုက်ယူမှရမယ် ပြောရင် အဆဲခံခဲ့ရတယ် မဟုတ်လား။
တော်လှန်ရေးတရပ် ဖြစ်ဖို့ မရှိမဖြစ် လိုအပ်တဲ့ ဒုတိယ သမိုင်းရေး အခြေအနေဟာလည်း ပြည့်စုံလာခဲ့တယ်။ အုပ်စိုးသူတွေဘက်မှာလည်း နဂိုပုံစံအတိုင်း ဆက်သွားဖို့ မဖြစ်နိုင်တော့ဘူး။ ဒါကို နားလည်ဖို့ဆိုရင် ဗမာ့ လူ့အဖွဲ့အစည်းကို သီးခြားခွဲကြည့်လို့ မရဘူး။ အရင်းရှင်စနစ်ဟာ ကမ္ဘာ့စနစ်ဖြစ်တယ်။ ဗိုလ်သန်းရွှေ၊ ဗိုလ်မင်းအောင်လှိုင်တို့ စစ်အုပ်စုဆိုတာ ပြည်တွင်းက အရင်းရှင်လူတန်းစား အဖွဲ့ဝင်တွေ ဖြစ်ကြတယ်။ ပြည်တွင်းက အရင်းရှင် လူတန်းစားဟာ သူ့ချည်း ရပ်တည်နေနိုင်တာ မဟုတ်ဘူး၊ ကမ္ဘာ့အရင်းရှင် နယ်ချဲ့လူတန်းစားကို မှီခိုနေရတာ။ ၂၀၀၈ စီးပွားပျက်ကပ် ပြီးကတည်းက ကမ္ဘာ့အရင်းရှင်စနစ်ဟာ ကောင်းကောင်းနားလန် ပြန်ထူမလာတော့ဘူး။ ၂၀၁၉ ကိုဗစ် ကပ်ဘေးက မီးမွှေးလိုက်ရာက ၁၉၃၀ နောက်ပိုင်း အကြီးမားဆုံး စီးပွားပျက်ကပ် ဆိုက်လာတယ်။ ကမ္ဘာ့အရင်းရှင် လူတန်းစား အကြပ်ဆိုက်တယ်။ ကမ္ဘာ့ သွေးစုပ်ခံ လူထုကြီးလည်း မရှုမလှ ခံကြရတယ်။
ဒါ့အပြင် မအလတို့ စစ်အုပ်စုဟာ အဖိနှိပ်ခံ လူနည်းစု ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်ခဲ့လို့ နိုင်ငံတကာ တရားရုံးမှာ စွဲချက်တင် ခံထားရတယ်။ စီးပွားရေး အကြပ်အတည်းသာမက၊ နိုင်ငံရေးအရပါ လူညွှန့်တုံးမယ့် အကြပ်အတည်း ဆိုက်နေတယ်။ အုပ်စိုးသူ လူတန်းစားရဲ့ အုပ်ချုပ်ရေးဆိုင်ရာ အကြပ်အတည်းကို ဘယ်မှာ အထင်အရှား တွေ့ရသလဲဆိုရင် အာဏာမသိမ်းခင်ကတည်းက မဲရလဒ်ကို ပြဿနာရှာနေတဲ့ ကိစ္စ၊ ဒီနောက် ပေါ်ပေါ်ထင်ထင် စစ်အာဏာသိမ်းလိုက်တဲ့ ကိစ္စ။ ဒီအခါ (လီနင် စကားနဲ့ ပြောရရင်) “နောက်ကျကျန်နေသေးတဲ့ အများစုသော လူထု ကိုတောင် နိုင်ငံရေးထဲ ပါလာစေတယ်။ (စစ်မှန်တဲ့ တော်လှန်ရေးတိုင်းမှာ နိုင်ငံရေး တိုက်ပွဲ ဆင်နွှဲနိုင်တဲ့ အဖိနှိပ်ခံ၊ လုပ်သားထုအရွယ်အစား တဟုန်ထိုး ကြီးထွားလာတာပဲ၊ ဆယ်ဆမက အဆတရာအထိ တိုးပွားလာတတ်တယ်)။”
နိုင်ငံရေးဆိုတာ ငါတို့နဲ့မဆိုင်ဘူးလို့ ထင်နေခဲ့တဲ့ ပညာတတ် အစိုးရ ဝန်ထမ်းတွေ ကိုယ်တိုင် CDM ကို စတင်ခဲ့ကြတယ်။ အပြောင်းအလဲကို ကိုယ်တိုင်တိုက်ယူမှ ရမယ်လို့ ပြတ်ပြတ်သားသား ကောက်ချက်မဆွဲနိုင်သေးလို့ ကိုယ်လိုလားတဲ့ အပြောင်းအလဲကို “အမေစု”က ဆောင်ကျဉ်းပေးမယ် ထင်နေသေးတဲ့၊ ရွေးကောက်ပွဲဝင် လွှတ်တော်တွင်းက နိုင်ငံရေးသမားတွေက ဖော်ဆောင်ပေးမယ် ထင်နေသေးတဲ့ သူတွေကိုယ်တိုင် လမ်းပေါ်ထွက် တိုက်လာကြတယ်။ အပြောင်းအလဲကို ဖော်ဆောင်ပေးမယ့်သူလို့ သူတို့ ထင်နေသေးသူကိုယ်တိုင် အုပ်စိုးသူ လူတန်းစား လက်ခုပ်ထဲက ‘ရေ’ ဖြစ်နေတာကို မြင်သွားစေတဲ့ အကြပ်အတည်း ဖြစ်တယ်။
ဒီလို သမိုင်းရေး အခြေအနေ နှစ်ရပ်လုံး ပြည့်မီလို့ ဒီတော်လှန်ရေး ဖြစ်ခဲ့တာပဲ။ မအလ က အရူးထပြီး အာဏာထသိမ်းတဲ့ ဖြစ်ရပ် သက်သက်ကြောင့် လူတွေက အသေခံ တိုက်နေတာ မဟုတ်ဘူး။ အလားတူပဲ၊ လူတွေ လမ်းပေါ်ထွက် အသေခံတိုက်နေတာက ဒီမတိုင်ခင်ကလို “အပြောင်းအလဲကို ခေါင်းဆောင်ကြီးက ဖော်ဆောင်ပေးမယ်၊ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီကြီးကို မဲထည့်လိုက်ရင် လွှတ်တော်တွင်းကနေ အပြောင်းအလဲ လုပ်ပေးနိုင်မယ်” ဆိုတဲ့ constitutional illusions/ parliamentarism ကို ပယ်ဖျက်နိုင်လို့ ဖြစ်တယ်။ ဒါဆိုရင် “ရွေးကောက်ပွဲ” အနိုင်ရထားလို့ “ဒီတော်လှန်ရေး”ရဲ့ ‘mandate’ ရ ပုဂ္ဂိုလ်ကြီးတွေလို့ ကိုယ့်ဘာသာ ပြောနေခြင်းဟာ ဘယ့်လောက် လူလည်ကျတဲ့ အကွက်လဲ။ “အခုဖြစ်နေတာတော်လှန်ရေး၊ ရွေးကောက်ပွဲ မဟုတ်ဘူး” ဆိုတာ ရှင်းဖို့လိုတယ်။ လူထုက ရွေးကောက်ပွဲနည်းနဲ့ [အပြောင်းအလဲ]*ကိုဖော်ဆောင်နိုင်မယ် ထင်ခဲ့တုန်းက နှစ်ကြိမ်ဆက်တိုက် မဲပေးခဲ့ပြီးပြီ။ မဲနိုင်ပုဂ္ဂိုလ်တွေဘာလုပ်နိုင်ခဲ့သလဲ။ ဘာမှမလုပ်နိုင်ခဲ့တဲ့အပြင် သူတို့ကိုယ်တိုင် အုပ်စိုးသူလူတန်းစား ပြုသမျှ နုရတဲ့ဘဝမှာ ထောင်ကျသူကျ၊ ပြေးသူပြေးနေရပြီ။ ဒါ့ကြောင့် အုပ်စိုးခံ လူထုကိုယ်တိုင် နိုင်ငံရေးထဲဝင်ပါပြီး သမိုင်းကို ကိုယ်တိုင်ဖန်တီးနေကြတာပဲ။ အဲဒါ တော်လှန်ရေးပဲ။
[*ဒီနေရာမှာ အပြောင်းအလဲဆိုတာ အလုပ်သမားတွေက လုပ်ခစားကျွန်ဘဝကနေ လွတ်မြောက်လိုတာ၊ လယ်သမားတွေက မြေဓားမြ တိုက်ခံရတဲ့ဘဝ၊ ကြွေးနွံနစ်နေတဲ့ ဘဝကနေ လွတ်မြောက်လိုတာကို ဆိုလိုခြင်း ဖြစ်တယ်။ လူမှုစီးပွားဘဝတခုလုံးအမြစ်ကနေ ပြောင်းလဲပစ်ရေး လိုလားချက်ကို နိုင်ငံရေးသမားဆိုသူတွေက ဥပဒေရေးရာ အပြောင်းအလဲအဖြစ် လျှော့ချပစ်ပြီး ခြေဥပြင်ရေး/ဖျက်ရေးကိစ္စအဖြစ် ပုံဖော်ပစ်လိုက်တယ်။ အခုခြေဥကို ဖျက်လိုက်ပြီ။ လူထုဘဝ ဘာထူးသွားလဲ။ “စစ်ခြေဥကြီး” မရှိတော့ဘူး။ ဒီမိုကရေစီရပြီလား။ – စကားချပ်]
ဒါဖြင့်ရင် လမ်းပေါ်က လူထုတိုက်ပွဲတွေမှာ “We Support CRPH” စာတန်းတွေ ဘာလို့ တွေ့နေရသလဲ မေးစရာရှိတယ်။ ဒီမေးခွန်းကို မဖြေခင် လမ်းပေါ်က လူထုတိုက်ပွဲတွေမှာ “R2P” ကို ဝင်ကယ်ပါ စာတန်းတွေ ပလူပျံနေတာကို ဘယ်လို ပြန်ရှင်းမလဲ မေးချင်တယ်။ ဖက်ဆစ် တော်လှန်ရေး မတိုင်ခင်ကဆိုလည်း ဗမာပြည်မှာ ဖက်ဆစ်ဂျပန်တွေကို ကယ်တင်ရှင်ထင်ခဲ့ဖူးတာပဲ။ ဂျပန်တပ်ဝင်လာတာကို ဝမ်းပန်းတသာ ကြိုခဲ့ကြဖူးတာပဲ။ အခုလည်း ဒီသဘောပဲ။ ဒါ့ကြောင့် လမ်းပေါ်က Placard တွေလောက်ကြည့်ပြီး လူထုရဲ့ နိုင်ငံရေး အသိ၊ တကယ့် လိုလားချက်ကို လွယ်လွယ်လေး အကဲမဖြတ်ဖို့ အရေးကြီးတယ်။
အရေးကြီးဆုံးတချက်က လူထုတိုက်ပွဲတွေဟာ “semi-spontaneous” လက္ခဏာဆောင်နေတယ်။ ဖိနှိပ်ခံ လူထုရဲ့ တကယ့် လိုလားချက် အစစ်အမှန်ကို ဖော်ထုတ်ပေးနိုင်တဲ့ တောင်းဆိုချက်တွေ၊ ကြွေးကြော်သံတွေအစား စစ်အုပ်စုနဲ့ ရင်ကြားစေ့ခဲ့သူတွေကို ထောက်ခံတဲ့ တောင်းဆိုချက်တွေ၊ ကြွေးကြော်သံတွေ ပါနေတာပဲ။
တော်လှန်ရေး ပါတီကြီး တရပ်သာရှိခဲ့ရင် လူထုတိုက်ပွဲတွေကို organize လုပ်နိုင်မယ်၊ အဖိနှိပ်ခံလူထုရဲ့ လိုလားချက် အစစ်အမှန်တွေကို “conscious expression” လုပ်ပေးနိုင်မယ်။ အခုအနေအထားနဲ့ အတော်ကွာခြားလိမ့်မယ်။ အခုလို စစ်အုပ်စုက မီးကုန်ယမ်းကုန် သတ်ဖြတ်လာတဲ့ အနေအထားမှာ လူထုအုံကြွမှုကို စနစ်တကျ ဦးဆောင်တိုက်နိုင်လိမ့်မယ်။ [Armed Uprising ကို စနစ်တကျ စုစည်းပြင်ဆင်ပြီး ဦးဆောင်မှု ပေးနိုင်လိမ့်မယ်။ ဒီတော်လှန်ရေး တာဝန်တွေကို ကေဒါ အခြေခံ တည်ဆောက်ထားတဲ့ ပါတီအဖွဲ့အစည်းမျိုးမှ အကောင်အထည် ဖော်နိုင်မှာပဲ။] ဒါပေမယ့် လုပ်သားထု တရပ်လုံးကို ဦးဆောင်မှုပေးနိုင်တဲ့ တော်လှန်ရေး ပါတီကြီးတခု ကင်းမဲ့နေတယ်။
သမိုင်းရေးအခြေအနေ နှစ်ရပ်လုံး ပြည့်စုံလို့ တော်လှန်ရေး ပေါ်ပေါက်ခဲ့တယ်၊ ဒါပေမယ့် တော်လှန်ရေးပါတီဆိုတဲ့ subjective factor ကင်းမဲ့နေခဲ့တယ်။ ရှစ်လေးလုံး အရေးတော်ပုံကို ပြန်ကြည့်ရင်လည်း ဒီသဘောပဲ။ သမိုင်းရေး အခြေအနေ အချက်အလက် ပြည့်စုံလို့ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး ဖြစ်ပွားခဲ့တယ်။ ဒါပေမယ့် ဒီလူထု အရေးတော်ပုံကြီးမှာ အရေးအကြီးဆုံး subjective factor ချို့တဲ့ခဲ့တယ်။ ဒါ့ကြောင့် လစ်ဘရယ် ခေါင်းဆောင်ကို လူထုခေါင်းဆောင် တင်ခဲ့ရတယ်။ ဒါ့ကြောင့် ရှစ်လေးလုံး အရေးတော်ပုံ အရေးနိမ့်ခဲ့ခြင်း ဖြစ်တယ်။
ဂျန်ဇီးတွေ ပြောနေသလို ရှစ်လေးလုံး အရေးတော်ပုံ တပ်သားတွေက အရှုံးပေးလို့ ရှုံးသွားခဲ့တာ မဟုတ်ဘူး။ တိုက်ပွဲကို စိတ်ဓာတ်ရေးရာ သက်သက်က အဆုံးအဖြတ်ပေးတာ မဟုတ်ဘူး။
ဒီသမိုင်း သင်ခန်းစာကို မယူနိုင်ခဲ့တာ အများကြီး နစ်နာခဲ့တယ်။ ရှစ်လေးလုံး အရေးတော်ပုံပြီးခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ခဲ့ပေမယ့် subjective factor ပိုင်းကို ပြင်မထားနိုင်ခဲ့ဘူး။ သမိုင်းရေး ရုပ်အခြေအနေက ပြည့်စုံလာတဲ့အခါ ဘယ်နိုင်ငံရေးသမားမှ ကြိုမှန်းမထားနိုင်အောင် တော်လှန်ရေးက ဟုန်းခနဲ ထဖြစ်တယ်။ ဒါပေမယ့် subjective factor (အတ္တဘာဝ အကြောင်းအချက်)ပိုင်းမှာ အင်မတန် အားနည်းခဲ့တယ်။ ဒါ့ကြောင့် လူထု တိုက်ပွဲမှာ အခုလို အထိအခိုက် အကျအဆုံး များနေရတာပဲ။
မှန်ပါတယ်။ တော်လှန်ရေး ပါတီတရပ်ဆိုတာ နေ့ချင်းညချင်း တည်ဆောက်လို့ မရနိုင်ဘူး။ အင်မတန်တော်တဲ့ ရိုဆာ လက်(ခ်)စင်ဘတ်(ဂ်) တောင် ဘော်ရှီဗစ်ပါတီမျိုး တည်ဆောက်မထားနိုင်တဲ့အခါ၊ တော်လှန်ရေးဖြစ်မယ့် နှစ်မတိုင်ခင် (၂နှစ်အလိုမှ) ပါတီစထောင်ရတယ်၊ ရန်သူ့လက်ချက်နဲ့ ကျဆုံးခဲ့ရတယ်။ ရိုဆာတို့၊ လိ(ဘ်)နက်(ခ်)တို့ အသတ်ခံရပြီးတဲ့နောက်မှာ ပေါက်ဖွားစ ပါတီရဲ့ “လက်ဝဲစွန်း သူငယ်နာ” အမှားတွေကြောင့် ဂျာမနီ တော်လှန်ရေး ဆက်တိုက် အရေးနိမ့်ခဲ့ရတယ်။ ဒါပေမယ့် ကျနော်တို့မှာ (၃၂)နှစ် အချိန်ရခဲ့တယ်။ (ရှစ်လေးလုံး အရေးတော်ပုံ အပြီးကနေ အခုတော်လှန်ရေး မဖြစ်ခင်အထိ ကြားကာလကိုပဲ တွက်ရင်တောင် ၃၂နှစ် အချိန် ရခဲ့တယ်။)
ဒါပေမယ့် စစ်တပ်နဲ့ ရင်ကြားစေ့တဲ့ ပါတီကလွဲလို့ လူထုတရပ်လုံးကို ဦးဆောင်မှုပေးနိုင်တဲ့ တော်လှန်ရေး ပါတီတရပ် ရှိမနေခဲ့ဘူး။ မတည်ဆောက်နိုင်ခဲ့ကြဘူး။ တော်လှန်ရေးကို ထိုင်စောင့်နေလို့ မရဘူးဆိုတာ ဒါကို ဆိုလိုတာပဲ။
တော်လှန်ရေးကို လူလက်တဆုပ်စာက ဇွတ်အတင်း အကောင်အထည်ဖော်ဖို့ ဆိုလိုတာ မဟုတ်ဘူး၊ သမိုင်းရေး အကြောင်းအချက် ပြည့်စုံလို့ ဖြစ်လာတဲ့အခါ subjective factor ပိုင်းကလည်း ပြင်ဆင်ထားနိုင်တဲ့ အနေအထား ရှိနေရမယ် ဆိုလိုခြင်း ဖြစ်တယ်။
သမိုင်းကို လေ့လာတာ မအ,အောင်လို့ ဆိုတာထက် အတိတ်က မှားခဲ့တာမျိုး ထပ်မမှားစေဖို့၊ သင်ခန်းစာယူပြီး ပြင်ဆင်ထားနိုင်ဖို့ပဲ။
၈၈ လူထုအရေးတော်ပုံ ဘာ့ကြောင့် အရေးနိမ့်ခဲ့သလဲ
၂၁ တော်လှန်ရေးအစမှာ ၈၈ လူထု အရေးတော်ပုံက ပြည်သူတွေ အရှုံးပေးလို့ ရှုံးခဲ့ရတာလို့ ပြောကြ၊ ရေးကြတာတွေ ရှိခဲ့တယ်။ အခုလို ၆လတာ ၂၁ တော်လှန်ရေးကို ဖြတ်သန်းပြီးချိန်မှာတော့ ဘယ်သူမှ ဒါမျိုး မပြောရဲတော့ဘူး ထင်ပါတယ်။ ၈၈ တော်လှန်ရေးဟာ မအောင်မြင်ခဲ့ဘူး၊ အရေး နိမ့်ခဲ့ရတယ်။ ဘာ့ကြောင့် အရေးနိမ့်ခဲ့ရသလဲ။ ဒါကို လေးလေးနက်နက် ဆန်းစစ်သုံးသပ်ပြီး သမိုင်း သင်ခန်းစာတွေ ထုတ်ယူနိုင်ရမယ်။ မှန်ကန်တဲ့ နိဂုံးချုပ်ချက်တွေ လုပ်နိုင်ရမယ်။
၈၈ အရေးတော်ပုံ ရှုံးခဲ့တယ်ဆိုလို့ အချည်းနှီး ဖြစ်သွားတာ မဟုတ်ဘူး။ ၈၈ လူထု အရေးတော်ပုံကြီးကနေ အောင်သီးအောင်ပွင့်တွေ ရရှိခဲ့တာကို အလေးအနက်ထားရမယ်။ ၈၈ အရေးတော်ပုံမှာ တောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့ ‘မဆလ တပါတီ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး’ အောင်မြင်ခဲ့ပါတယ်။
မဆလ တပါတီ စစ်အာဏာရှင်စနစ်ကို ဥပဒေဘောင်ကွပ်ပေးထားတဲ့ ‘၇၄ အခြေခံဥပဒေ’ ပျက်ပြယ်သွားပါတယ်။ အဆစ်အနေနဲ့ မဆလ ပါတီတောင် ပျက်သွားခဲ့တယ်။ လူထု အရေးတော်ပုံ တောင်းဆိုချက်ထဲမှာ မဆလ ပါတီဖျက်သိမ်းရေး မပါပါဘူး။ ပါတီစုံ ဒီမိုကရေစီ ကြွေးကြော်သံထဲမှာ မဆလကိုလည်း ပါတီတခုအနေနဲ့ ငြိမ်းချမ်းစွာ ဝင်ပြိုင်ဖို့ပဲ လူထု လိုလားပါတယ်။
၂၁ တော်လှန်ရေးမှာ မအလ စစ်အာဏာသိမ်းအစိုးရ ပြုတ်ကျမသွားသေးဘူး။ လူထု တိုက်ပွဲတွေကြောင့်၂၀၀၈ ခြေဥကို အန်ယူဂျီက ဖျက်လိုက်ပြီလို့ ကြေညာထားပေမယ့် သူကိုယ်တိုင် ၂၀၀၈ ဘောင် ထဲက mandate ကို စွဲကိုင်ပြီး တတိယအကြိမ် လွှတ်တော်အစည်းအဝေး ခေါ်နေဆဲ၊ မအလ စစ်အာဏာသိမ်း အစိုးရကလည်း သူတို့ကိုယ်တိုင် ပြဌာန်းခဲ့တဲ့ ခြေဥကို ကိုယ်တိုင် အကြိမ်ကြိမ် ချိုးဖောက်ရင်း ၂၀၀၈ ခြေဥကို ဗန်းပြသုံးစွဲနေဆဲ။ ကြံ့ဖွတ်ပါတီ မပျက်သေးတဲ့အပြင် သတင်းပေး၊ ဒလံ အလုပ်၊ ကြေးစား ဖက်ဆစ် လူမိုက်ဂိုဏ်း ပျူစောထီးတွေ ထူထောင်ပေးတဲ့ အလုပ်တွေ တွင်တွင်လုပ်နေနိုင်သေးတယ်။
ဒါ့ကြောင့် ၈၈ အရေးတော်ပုံဟာ အရေးနိမ့်ခဲ့ရပေမယ့် မနည်းလှတဲ့ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့တာ တွေ့ရမယ်။
ဗိုလ်နေဝင်း ခေါင်းဆောင်တဲ့ မဆလ တပါတီ စစ်အာဏာရှင်စနစ်ကိုပဲ ဖြိုချနိုင်ခဲ့တာ မဟုတ်ဘူး၊ ဗိုလ်စိန်လွင်လို လက်မရွံ့ လူသတ်သမားတောင် ရက်ပိုင်းအတွင်း ဆင်းပေးခဲ့ရတယ်။ လက်မရွံ့ လူသတ်သမား အမိန့်ပေးသမျှ လူထုကို ပစ်သတ်နေခဲ့တဲ့ လမ်းပေါ်က စစ်သားတွေ စစ်တန်းလျားကို ပြန်သွားခဲ့ရတယ်။ လမ်းမထက်က လူထု တိုက်ပွဲတွေ၊ ဝန်ထမ်းပေါင်းစုံ သပိတ်တွေ အပါအဝင် တပြည်လုံး အတိုင်းအတာနဲ့ အထွေထွေသပိတ်ကြီးရဲ့ စွမ်းအားကို ဒီမှာ အထင်အရှား တွေ့ရမယ်။
ဒီလူထု တိုက်ပွဲကြီးရဲ့ စွမ်းအားကို လျှော့တွက်မိတတ်ကြလို့ အခုလို ပြောရခြင်း ဖြစ်ပါတယ်။ ဒီကနေ့ကာလမှာ လမ်းမထက်က လူထုတိုက်ပွဲတွေ၊ ဝန်ထမ်းပြည်သူနဲ့ ကဏ္ဍပေါင်းစုံက အလုပ်သမား အထွေထွေ သပိတ်ကြီး အားကောင်းခဲ့တဲ့ အစောပိုင်းလတွေ (ဖေဖော်ဝါရီ၊ မတ်) ကို တော်လှန်ရေးရဲ့ ပျားရည်ဆမ်းကာလတခုအဖြစ် ခပ်ပေါ့ပေါ့ ပြောလာကြတယ်။
စစ်သင်တန်းတက်၊ ဗုံးခွဲ၊ အာဏာပိုင်တဦးချင်းစီကို လုပ်ကြံ၊ ပျောက်ကြားတိုက်ပွဲဆင်နွှဲမှ တကယ့် တော်လှန်ရေး ထင်နေကြတယ်။
အထွေထွေ သပိတ်တိုက်ပွဲ၊ လူထုတိုက်ပွဲကာလကို လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုအဖြစ် reduced လုပ်ပစ်လိုက်ကြတယ်။ ဒီအခါ တော်လှန်ရေး မဟာဗျူဟာကို အကြမ်းမဖက်နည်း Vs လက်နက်ကိုင် တိုက်ပွဲအဖြစ်ပဲ မြင်လာကြတယ်။
ဒီလိုဝေဖန်လို့ မာ့(က်စ်)ဝါဒီတွေကို pacifist (ရွှေပြည်အေးသမား)တွေလို့ ထင်နေရင် မှားမယ်။ တဖက်မှာ အုပ်စိုးသူတွေ ပုံဖျက်သလို မာ့(က်စ်)ဝါဒီတွေက သွားဆာနေတဲ့ အကြမ်းဖက်သမားတွေလည်း မဟုတ်ဘူး။ တော်လှန်ရေးတရပ်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်မြင်နိုင်ရင် အကောင်းဆုံးပဲ၊ လိုအပ်လာရင် အကြမ်းနည်း တော်လှန်ရေးကို ဆင်နွှဲဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။ ဒါ့ကြောင့် non-violence Vs AS ဆိုပြီး ပုံဖော်ထားခြင်းဟာ reductionist ဆန်လွန်းတဲ့ အမြင်တခုပဲ။
၈၈ အရေးတော်ပုံ မဖြစ်ခင်ကတည်းက မဆလ တပါတီ စစ်အာဏာရှင်စနစ်ကို ဆယ်စုနှစ် သုံးခုနီးပါး လက်နက်ဆွဲကိုင် တိုက်ပွဲဝင်ခဲ့ကြတာပဲ။ ‘ကျေးလက်အခြေခံ မြို့ကိုဝိုင်း’ဆိုတဲ့ သေနင်္ဂဗျူဟာအတိုင်း AS လုပ်ခဲ့တာ တဖွဲ့တည်း မဟုတ်ဘူး။ ဒါပေမယ့် ၈၈ လူထု အရေးတော်ပုံကြီးဖြစ်မှပဲ ဗိုလ်နေဝင်း မဆလ တပါတီ စစ်အာဏာရှင်စနစ် ပြုတ်ကျသွားပါတယ်။ ဒီလို ဆိုလိုက်လို့ ကျေးလက် ပျောက်ကြားတိုက်ပွဲတွေရဲ့ အခန်းကဏ္ဍကို ငြင်းပယ်တာ မဟုတ်ဘူး၊ အသုံးဝင်နိုင်ပါတယ်၊ ဒါပေမယ့် mass struggle နဲ့ ကင်းကွာနေရင် မထိရောက်ဘူး။ organized အလုပ်သမား လူတန်းစား တိုက်ပွဲရဲ့ လက်အောက်ခံသာ ဖြစ်ရမယ်၊ သူ့နေရာမှာ အစားထိုးလို့ မရနိုင်ဘူး။ အစားထိုးဖို့ ကြိုးစားရင် ရော်ဘင်ဟု(ဒ်) ဆင်ဒရုမ်း စွဲကပ်နေတာပဲ ဖြစ်ရမယ်။
၈၈ အရေးတော်ပုံက ဒီလောက် အားကောင်းခဲ့ရက်နဲ့၊ အောင်မြင်မှုတွေ ရခဲ့ရက်နဲ့ ဘာ့ကြောင့် အရေးနိမ့်ခဲ့ရတာလဲ။ ၂၁ တော်လှန်ရေးမှာ အားကောင်းတဲ့အချက်တွေ ရှိသလို ၈၈ တော်လှန်ရေးမှာလည်း အားကောင်းတဲ့ အချက်တွေ ရှိခဲ့တယ်။ အလားတူပဲ၊ ဒီတော်လှန်ရေး နှစ်ခုလုံးမှာ အားနည်းချို့ယွင်းချက်တွေ ရှိခဲ့တယ်။ ဒီအရေးတော်ပုံကြီးနှစ်ခုကို နှိုင်းယှဉ်ဆန်းစစ်ပြဖို့ မရည်ရွယ်ပါဘူး။ ၈၈ အရေးတော်ပုံကိုပဲ ဇောင်းပေး ဆန်းစစ်သွားပါမယ်။
ဒီဆောင်းပါး အစမှာ ဆိုခဲ့သလိုပဲ သမိုင်းရေး လိုအပ်ချက် နှစ်ခုလုံး ပြည့်စုံလို့ ၈၈ အရေးတော်ပုံကြီး ဖြစ်ခဲ့တာပါ။ ၁၉၆၂ မှာ ကျောင်းသားတွေကို အလုံးအရင်း သတ်ဖြတ်တုန်းကလည်း လူထုအုံကြွမှု မဖြစ်ခဲ့ဘူး၊ ၇၄-၇၅-၇၆ မှာလည်း တခွင်တပြင်လုံး လူထု အုံကြွမှု မဖြစ်ခဲ့ဘူး။ ၁၉၈၇မှာ ငွေစက္ကူ တရားမဝင်ကြေညာတော့တောင် လူထုအုံကြွမှု မဖြစ်ခဲ့ဘူး။
ဒီလို အခြေအနေမှာ မြင်တွေ့နေရတဲ့ အချက်အလက်ကိုပဲ အခြေခံကြည့်တတ် တဲ့ empiricism သမားတွေဆိုရင် ဗမာလူထုဟာ ဒီလောက် မတရားမှုတွေ၊ ဖိနှိပ်မှုတွေ ဒင်းကြမ်းကျူးလွန်နေတဲ့ တပါတီ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပုန်ကန်ခြင်း မပြုကြဘူး။ မတရားမှုကို လက်ပိုက်ကြည့်နေတဲ့ လူတွေ၊ false consciousness ရနေတဲ့ လူတွေ၊ ဘာသာရေးကို ဖက်တွယ်လွန်းတဲ့ ပြည်သူတွေလို့ ဆိုကြလိမ့်မယ်။
လစ်ဘရယ်တွေကဆိုရင် ဆီသည်မ လက်သုတ်လိုဖြစ်နေတဲ့ လက်သုံးစကားကို ထုတ်ကိုးကားကြလိမ့်မယ်၊ ပြည်သူဆိုတာ သူနဲ့ ထိုက်တန်တဲ့ အစိုးရကိုပဲ ရရှိတယ် ဘာညာ။ အဲဒီလူထုကပဲ ၃၂ နှစ်တာကာလအတွင်း အရေးတော်ပုံကြီး နှစ်ရပ်ကို ဆင်နွှဲခဲ့တာကို သူတို့ နားမလည်နိုင်ဘူး။ မတရားမှုကို ငုံ့မခံချင်လို့ ထအုံကြွတယ်လို့ moralistic ရှုထောင့်က ချဉ်းကပ်သူတွေလည်း ရှင်းမပြနိုင်ဘူး။
တော်လှန်ရေး တရပ်ဖြစ်ပွားဖို့ လိုအပ်တဲ့ အကြောင်းအချက် နှစ်ရပ်လုံး ပြည့်စုံလာလို့ ၁၉၈၈ ကျမှ လူထု အရေးတော်ပုံကြီး ဖြစ်လာခဲ့တယ်။ တခွင်လုံး အတိုင်းအတာနဲ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အုံကြွခဲ့တဲ့ လူထု အရေးတော်ပုံ တရပ်ဖြစ်ခဲ့တယ်။ တခွင်လုံးအတိုင်းအတာနဲ့ ကြည့်ရင် အလိုအလျောက်သဘော ‘spontaneous’ ဆောင်ခဲ့တယ်။ ဒါပေမယ့် ‘spontaneous’ သက်သက်တော့ မဟုတ်ပါဘူး။ ဆဲဗင်းဂျူလိုင် ကျောင်းသားတိုက်ပွဲ၊ ၇၄-၇၅-၇၆ လှုပ်ရှားမှုတွေလို ရှေ့ပြေး တိုက်ပွဲတွေမရှိဘဲ ၈၈ လူထုအုံကြွမှု ဖြစ်မလာနိုင်ဘူး။
ဒီလိုပဲ လက်နက်ကိုင် တိုက်ပွဲ သေနင်္ဂဗျူဟာ ကျင့်သုံးနေတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီက ၁၉၈၀ ခုနှစ်များကစလို့ မဆလ တပါတီ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ပါတီစုံ ဒီမိုကရေစီ ရရှိရေး လိုင်းဖော်ခဲ့တယ်။ ၁၉၈၅ ဗကပ တတိယ ကွန်းဂရက်(စ်)ကနေ အတည်ပြုနိုင်ခဲ့တယ်။ မြို့ပေါ်က မျိုးဆက်ဟောင်း နိုင်ငံရေး သမားကြီးတွေဆီ ဒီသဘောထား ပေးပို့ပြီး ဆော်ဩနိုင်ခဲ့တယ်။ ၄၈၂၈ လို မြို့ပြမြေအောက် ပါတီကော်မတီ ဖွဲ့စည်းပြီး လူထု လှုပ်ရှားမှုအတွင်း ဦးဆောင်မှုပေးခဲ့တယ်။
ဒီတော့ ၈၈ အရေးတော်ပုံဟာ တခွင်လုံး အတိုင်းအတာနဲ့ အလိုအလျောက်သဘော ဆောင်နေပေမယ့် ‘spontaneous’ လို့တော့ မဆိုနိုင်ဘူး။ ဒီလူထုအုံကြွမှုကြီး ဖြစ်လာအောင် ပြင်ဆင်ခဲ့ကြ၊ လှုံ့ဆော်စည်းရုံးခဲ့ကြတဲ့ မျိုးဆက်ဟောင်း ရဲဘော်ကြီးများကို တလေးတစား အသိအမှတ်ပြုရမယ်။ ဒါပေမယ့် ပြင်ဆင်မှုဟာ မလုံလောက်ခဲ့ဘူး၊ ဒါ့ကြောင့် ‘semi-spontaneous’ ပုံစံဖြစ်ခဲ့တယ်။
မလုံလောက်ပေမယ့် ဒီလို ပြင်ဆင်ထားခဲ့ခြင်းရဲ့ အသီးအပွင့်လို့ ဆိုရမယ်၊ တိုက်ပွဲဝင် လူထုရဲ့ creative power ကြောင့်လည်း ဖြစ်မယ်၊ ၂၁ တော်လှန်ရေးနဲ့ မတူတာက ၈၈ တော်လှန်ရေးမှာ မြို့နယ် သပိတ်ကော်မတီတွေ အားကောင်းခဲ့တယ်။ စစ်အာဏာရှင် အစိုးရတွေက ၈၈ အရေးတော်ပုံကြီးကို ခေါင်းဖြတ်လူသတ်ပွဲကြီးလို့ ဘယ်လိုပဲ ပုံဖျက်ကြပေမယ့် ၈၈ အရေးတော်ပုံဟာ စည်းစနစ်ရှိရှိ ငြိမ်းငြိမ်းချမ်းချမ်း ဆင်နွှဲခဲ့တဲ့ လူထုတိုက်ပွဲ ဖြစ်ခဲ့တယ်။
စစ်အာဏာရှင် အစိုးရပြုတ်ကျသွားတဲ့ မင်းမဲ့ကာလမှာ ဖရိုဖရဲနဲ့ ဗရမ်းဗတာ မဖြစ်ခဲ့ဘူး။ လမ်းမထက်မှာ ‘လူထု အာဏာ’ တည်နိုင်ခဲ့တယ်။ ဒီလို လမ်းမထက်က လူထုအာဏာ တည်ဆောက်နိုင်ခြင်းဟာ မြို့နယ်အသီးသီးမှာ ဦးဆောင် သပိတ် ကော်မတီတွေ အားကောင်းခဲ့လို့ ဖြစ် တယ်။ တွဲတိုင်းမှာ စက်ခေါင်းပါတယ်ဆိုတဲ့ အယူအဆတွေ အားကောင်းခဲ့ရင် ဒီလို စုစည်းနိုင်မှာ မဟုတ်ဘူး။
မြို့နယ်အလိုက် ဦးဆောင် သပိတ်ကော်မတီတွေ အားကောင်းခဲ့တာကို ရပ်ရှား ဖေဖော်ဝါရီ တော်လှန်ရေးအပြီး အလုပ်သမား ကိုယ်စားလှယ်များ ဆိုဗီယက်၊ စစ်သား ကိုယ်စားလှယ်များ ဆိုဗီယက်တွေ အားကောင်းခဲ့တာနဲ့ တူနေတယ်။ (သပိတ်ကော်မတီဟာ ဆိုဗီယက်တော့ မဟုတ်သေးဘူး) ဒါတွေဟာ လူထုကိုယ်တိုင် ထူထောင်ထားတဲ့ ဒီမိုကရက်တစ် organ တွေ၊ တိုက်ပွဲဝင် လက်နက်တွေ ဖြစ်သလို တော်လှန်ရေး အစိုးရတရပ်ရဲ့ organs of power လည်း ဖြစ်တယ်။ ဒီလိုနားမလည်တဲ့အခါ ခြေဥကြီးပြဌာန်း၊ ရွေးကောက်ပွဲကျင်းပ၊ လွှတ်တော်ခေါ်မှ ဒီမိုကရေစီ ထင်နေကြတယ်။ လစ်ဘရယ် အယူအဆတွေ ဝင်လာခြင်းရဲ့ ဆိုးကျိုးပဲ။

တော်လှန်ရေးတရပ်ကနေ လူထုအာဏာ ဘယ်လို ထူထောင်ရမလဲ အမြင်ရှင်းနေဖို့ လိုပါတယ်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူထုကြီးက တော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေပေမယ့် သူတို့ကို ဒီသဘောတရားတွေ ကျေညက်သိရှိနေရမယ်လို့ မမျှော်လင့်ကောင်းဘူး။
ဒီလိုသာ ဖြစ်နေရင် တော်လှန်ရေး ခေါင်းဆောင်မှုဆိုတာလည်း မလိုအပ်ဘူး။ တော်လှန်ရေး ပါတီ ဆိုတာလည်း တည်ဆောက်နေဖို့ မလိုအပ်ဘူး။ ဒါပေမယ့် တော်လှန်ရေး ခေါင်းဆောင်မှုနေရာရထားတဲ့ အင်အားစုက အမြင်မရှင်းရင်၊ ဦးမဆောင်နိုင်ရင် ငါးပါးမှောက်မှာပဲ။
‘semi-spontaneous’ ပုံစံဖြစ်ပေါ်လာတဲ့ ၈၈ လူထု အုံကြွမှုကြီးမှာ မြို့နယ် သပိတ်ကော်မတီတွေလည်း အားကောင်းတယ်၊ တပါတီ စစ်အာဏာရှင်စနစ်ကိုလည်း ဖြုတ်ချနိုင်ခဲ့တယ်၊ စစ်သားတွေ စစ်တန်းလျားကို ပြန်သွားရပြီ၊ လမ်းမထက်က လူထုအာဏာကိုလည်း ထူထောင်ထားနိုင်ပြီ၊ ဒါဖြင့် ဘာ့ကြောင့် တော်လှန်ရေး အစိုးရတရပ် ထူထောင်ပြီး အာဏာမသိမ်းနိုင်ခဲ့သလဲ။
အဲဒီမှာ အရေးကြီးဆုံးအချက် လစ်ဟင်းနေတာကို ထင်းခနဲ တွေ့ရမယ်။ တော်လှန်ရေး ခေါင်းဆောင်မှု မရှိခဲ့ဘူး။ ခေါင်းဆောင်မှု လုံးဝ မရှိတာ မဟုတ်ဘူး၊ ခေါင်းဆောင်အစုတွေ များလွန်းနေခဲ့တာ။ ဘာ့ကြောင့် ဒီလိုဖြစ်ရသလဲ။
အထက်မှာ ဆိုခဲ့သလိုပဲ တောတွင်းက ဗကပဟာ မြို့ပေါ် လူထုအုံကြွမှုကြီး ဖြစ်တော့မယ်လို့ သုံးသပ်နိုင်ခဲ့တယ်။ သူတို့ ပြင်နိုင်သလောက် ပြင်ခဲ့တယ်။ ဒါပေမယ့် မလုံလောက်ခဲ့ဘူး၊ အဆင်သင့် မဖြစ်သေးချိန်မှာ လူထု အုံကြွမှု ဖြစ်ခဲ့တယ်။
ဒီလို လုံလောက်တဲ့ ပြင်ဆင်မှု မလုပ်နိုင်ခဲ့တာ အကြောင်းရှိပါတယ်။ ဗကပ ကိုယ်တိုင်က စတာလင်နစ်ဇင်-မော်အတွေးအခေါ် ကိုင်စွဲပြီး ‘ကျေးလက်အခြေခံ မြို့ကိုဝိုင်း’ သေနင်္ဂဗျူဟာနဲ့ AS အဓိကထား၊ ကျန်တိုက်ပွဲပုံစံ အရံသတ်မှတ်ခဲ့တာပါ။ ဒီလမ်းအတိုင်း ဆယ်စုနှစ်ပေါင်းများစွာ လျှောက်လာတဲ့အခါ တောတွင်းမှာ အများကြီး ဆုံးရှုံးခဲ့ရသလို မြို့ပေါ်က ရယ်ဒီကယ် လူငယ်တွေ၊ ကျောင်းသားတွေ အတော်များများလည်း တောခိုသွားခဲ့ကြတယ်။ ဗိုလ်နေဝင်း စစ်အစိုးရကလည်း ဖိနှိပ်မှုတွေ ဒလကြမ်းလုပ်ပြီး ဒီလမ်းကို တွန်းပို့ခဲ့တယ်။
ဒီအနေအထားမှာ လီနင်တို့ ဘော်ရှီဗစ်တွေလို မြို့ပေါ်က တော်လှန်သော လူငယ်တွေ၊ ကျောင်းသားတွေနဲ့ ရှေ့တန်းအရောက်ဆုံး အလုပ်သမားအလွှာကို ကေဒါတွေအဖြစ် တည်ဆောက်မထားနိုင်ခဲ့ဘူး။ steeled cadres တွေ လုံလောက်အောင် မတည်ဆောက်နိုင်ခဲ့ဘူး။
ကျေးလက်အခြေခံ မြို့ကိုဝိုင်း သေနင်္ဂဗျူဟာကို ကျင့်သုံးနေတဲ့ ဘယ်အဖွဲ့အစည်းမဆို ဒီလို လက်တွေ့ တည်ဆောက်ဖို့ မဖြစ်နိုင်ဘူး။ ဆယ်စုနှစ်ချီအောင် တည်ဆောက်ရ၊ မြှုပ်နှံရတဲ့ အလုပ်ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် မလုံလောက်ခဲ့ဘူးလို့ နောင်မှာ သင်ခန်းစာ ထုတ်ခဲ့တာပါ။
၂၁တော်လှန်ရေး မျိုးဆက်တွေလည်း သင်ခန်းစာ ယူဖို့ အရေးကြီးပါတယ်။ အရေးပေါ် အခြေအနေ ဖိအားတွေအောက်မှာ ‘တခုခု ထလုပ်မှဖြစ်မယ်’ ဆိုတဲ့ လက်ဝဲစွန်းအမှားတွေ ရှောင်နိုင်ဖို့ အရေးကြီးလှတယ် (ငါတို့ ဘာလုပ်ကြမလဲ ကျမ်းထဲက လီနင်စကားအတိုင်း ဆိုရရင် ‘infatuation for the narrowest forms of practical activity’ အသေးဆုံး လှုပ်ရှားမှုပုံစံတွေကို မွှန်ထူ ဖက်တွယ်ထားခြင်း)။
ဒါ့ကြောင့် ‘အရည်အသွေးပြည့်ဝတဲ့’ အမာခံ သံမဏိ ကေဒါတွေ ‘အရေအတွက်လုံလုံလောက်လောက်’ ရှိနေတဲ့ တော်လှန်ရေး တပ်ဦးပါတီကြီးတခု ကင်းမဲ့နေတဲ့အခါ တခွင်တပြင်လုံး အတိုင်းအတာနဲ့ လူထု အရေးတော်ပုံကြီးမှာ တော်လှန်ရေး ဗဟိုကင်းမဲ့နေတယ်။
(ဒေသအလိုက် သပိတ်ကော်မတီတွေက ဦးဆောင်ထားနိုင်ပေမယ့် တခွင်လုံးအတိုင်းအတာနဲ့ ဗဟိုချက်မ မရှိဘူး ဖြစ်နေတယ်)။ ကျောင်းသား အင်အားစုက ဗကသ ကိုပြန်ဖွဲ့ပြီး စုစည်းနိုင်ခဲ့သလို မျိုးချစ်ရဲဘော်ဟောင်းကြီးများအဖွဲ့၊ ဟံသာဝတီ ဦးဝင်တင် အပါအဝင် သတင်းစာ စာပေနယ်က တတ်သိပညာရှင် အင်အားစုလို တခြားတခြားသော စုဖွဲ့မှုတွေ မျိုးစုံပေါ်လာပေမယ့် မလုံလောက်ပါဘူး။ ဒီလိုဖြစ်အောင်လည်း မဆလ တပါတီ စစ်အာဏာရှင်စနစ် အောက်မှာ လူထု လူတန်းစား အဖွဲ့အစည်းတွေအားလုံး ဖျက်စီးခံခဲ့ရတယ်။ ကိုလိုနီခေတ်မှာ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ လူထုအဖွဲ့အစည်းတွေ စုရုံးလှုပ်ရှားလို့ ရခဲ့သေးတယ်။ မဆလ ခေတ်မှာ ဒီလို စုစည်းမှုအားလုံး သင်းကွပ်ခံခဲ့ရတယ်။
အဲဒီအခြေအနေမှာ လူထုက တိုက်ပွဲကြားကနေ စုစည်းနေရတယ်၊ တိုက်ပွဲမီးလျှံကြားကနေ ခေါင်းဆောင်မှုကို ရှာဖွေနေရတယ်။ ဗိုလ်အောင်ကြီးလို နေဝင်း ကျွန်ယုံတော်ကစ ခေါင်းဆောင်မှုနေရာ လိုချင်ခဲ့တာ။ လူထုက လက်မခံပါဘူး။ ဗိုလ်အောင်ကြီးလို သိသာထင်ရှားတဲ့ ဖောက်ပြန်ရေးသမားစစ်စစ်ကို ဖယ်ရှားနိုင်ပေမယ့် တိုက်ပွဲမီးလျှံ ကြားကနေ တော်လှန်ရေး ခေါင်းဆောင်မှု ဖန်တီးဖို့ဆိုတာ အဲလောက် မလွယ်လှဘူး။
ဒီအခါ ကြံဆချက်တွေ မျိုးစုံထွက်လာတယ်။ လူထု လက်ခံနိုင်မယ့် ဩဇာတိက္ကမ ကြီးမားသော လူပုဂ္ဂိုလ်တဦးဦးကို လူထု ခေါင်းဆောင်အဖြစ် ထမ်းတင်ဖို့ စဉ်းစားကြတယ်။ ပထမ ဗိုလ်အောင်ဆန်းဇနီး ဒေါ်ခင်ကြည်ကို လူထု ခေါင်းဆောင်တင်ဖို့ စဉ်းစားကြတယ်။ (၄၈၂၈ ပါတီကော်မတီ ခေါင်းဆောင်တဦးဖြစ်တဲ့ (ဦး)ခမ်းဝင်း ကိုယ်တိုင်ရေး ‘မပြယ်လေသည့် ချည်နှောင်ထုံး’ ကို ဖတ်ကြည့်ပါ)။
ဒေါ်ခင်ကြည် ဆုံးပါးသွားတဲ့အခါ မနေ့တနေ့ကမှ ဗမာပြည် ပြန်ရောက်လာတဲ့ သူ့သမီးက နေ့ချင်းညချင်း စင်ပေါ်ရောက်သွားတယ်၊ လစ်ဘရယ် အောင်ဆန်းစုကြည်ကို လူထု ခေါင်းဆောင်ဆိုပြီး ထမ်းတင်ပေးလိုက်ကြတယ်။ အပြစ်ဆိုခြင်း မဟုတ်ပါ။ သမိုင်းကို နောက်ပြန်ရစ်ကြည့်ပြီး အပြစ်ပြောရတာ လွယ်ပါတယ်။ ဒါပေမယ့် ဘာတွေ ဘယ်လို ဖြစ်ခဲ့သလဲ ဆန်းစစ်နိုင်မှ မှန်ကန်တဲ့ နိဂုံးချုပ်ချက် လုပ်နိုင်မယ်။

ထရော့စကီးက စပိန် တော်လှန်ရေး ကျရှုံးရခြင်းကို သုံးသပ်ပြရင်း တိုက်ပွဲ မီးလျှံကြားထဲ ရောက်နေချိန်မှ တော်လှန်ရေး ခေါင်းဆောင်မှုအသစ် ဖန်တီးရတာနဲ့ ပတ်သက်လို့ ‘လူတန်းစား၊ ပါတီနဲ့ ခေါင်းဆောင်မှု’ အက်ဆေးထဲမှာ အခုလို ရှင်းပြခဲ့ဖူးတယ် –
“ခေါင်းဆောင်မှုအဟောင်းက အတွင်းလှိုက် ပျက်စီးနေတဲ့အချက်ကို ပေါ်ပေါ်ထင်ထင် ဖွင့်ပြခဲ့ရင်တောင် လူတန်းစားတရပ်အနေနဲ့ ခေါင်းဆောင်မှုအသစ်ကို နေ့ချင်းညချင်း ကောက်မထွင်နိုင်ဘူး။ အထူးသဖြင့် ခေါင်းဆောင် ပါတီဟောင်း ပြိုကျသွားတဲ့ အခြေအနေကို အသုံးချနိုင်စွမ်းရှိသော အားကောင်းလှတဲ့ တော်လှန်ရေး ကေဒါတွေ အရင်ကတည်းက ရှိမနေခဲ့ရင် ခေါင်းဆောင်သစ်တခု ပေါ်ပေါက်ဖို့ မဖြစ်နိုင်ဘူး။”
အပေါ်မှာ ဆိုခဲ့သလိုပဲ ၈၈ တော်လှန်ရေးမှာ (အခု ၂၁ တော်လှန်ရေးမှာ) အဲလို အားကောင်းလှတဲ့ တော်လှန်ရေး ကေဒါတွေ အရင်ကတည်းက (လုံလုံလောက်လောက်) ရှိမနေခဲ့လို့ အခုလို နေ့ချင်းညချင်း ပေါ်လာတဲ့ လစ်ဘရယ် ခေါင်းဆောင်တယောက် လူထု ခေါင်းဆောင် ဖြစ်လာခြင်း ဖြစ်တယ်။ တိုက်ပွဲကြားရောက်နေမှ လူထုက ဘော်ရှီဗစ် ခေါင်းဆောင်မျိုး တည်ဆောက်မနေနိုင်ဘူး။ မဖြစ်နိုင်တော့ဘူး။ အဲဒီအခါ လစ်လပ်နေတဲ့ တော်လှန်ရေး ခေါင်းဆောင်မှုနေရာ public figure ဝင်လာမှာပဲ။ ရလဒ်က ဘာဖြစ်ခဲ့လဲ။
အရင်းရှင် နယ်ချဲ့စနစ်အောက်က ခေတ်နောက်ကျ တိုင်းပြည်တွေက ဘူဇွာ (လစ်ဘရယ်တွေ)ဟာ တော်လှန်ရေးကို ဦးဆောင် ဆင်နွှဲနိုင်ခြင်း မရှိဘူး၊ ဒီအချက်ကို လွန်ခဲ့တဲ့ နှစ် ၁၂၀ ဝန်းကျင် ၁၉၀၅ ရပ်ရှား တော်လှန်ရေး မဖြစ်ခင်ကတည်းက မာ့(က်စ်)ဝါဒီတွေ အပြင်းအထန် ဆန်းစစ်ဝေဖန်ခဲ့ကြပြီးပြီ။ ဗမာပြည် တော်လှန်ရေး နှစ်ခု အတွေ့အကြုံကို ကြည့်ရင်လည်း ထင်ရှားပါလိမ့်မယ်။
၈၈ တော်လှန်ရေး၊ ၂၁ တော်လှန်ရေး နှစ်ခုလုံးမှာ ဘူဇွာ လစ်ဘရယ်တွေ ခေါင်းဆောင်မှုနေရာ ယူထားခဲ့ပေမယ့် ဘူဇွာ ဒီမိုကရေစီ တော်လှန်ရေးကိုတောင် ဆုံးခန်းတိုင် မဆင်နွှဲနိုင်ခဲ့ဘူး။
ဒီလို အမြင်မရှင်းရင် ၈၈ အရေးတော်ပုံမှာ ‘အမျိုးသားညီညွတ်ရေး မတည်ဆောက်နိုင်ခဲ့လို့’ တခုတည်းသော တော်လှန်ရေး ဗဟို မတည်ဆောက်နိုင်ခဲ့ဘူး၊ ဒါ့ကြောင့် လမ်းမထက်က လူထုအာဏာကို ကြားဖြတ် အစိုးရ၊ တော်လှန်ရေးအစိုးရ၊ လူထုအစိုးရ (ကြိုက်သလိုခေါ်ပါ) အဖြစ် မထူထောင်နိုင်ခဲ့ဘူးလို့ နိဂုံးချုပ်မိမယ်။
ဒေသအားလုံးက လူထုအင်အား၊ တော်လှန်ရေးအင်အားကို ကျစ်လစ်ခိုင်မာအောင် coordinated ဖြစ်အောင် လုပ်နိုင်မယ့် တော်လှန်ရေး ဗဟိုတခု လိုအပ်တယ်ဆိုတာ မှန်ပါတယ်။ ခေါင်းဆောင်အစုတွေ အမျိုးမျိုးကွဲပြီး ဦးနုက သူသာ တရားဝင် ဝန်ကြီးချုပ် လုပ်ချင်တယ်၊ လစ်ဘရယ် အောင်ဆန်းစုကြည်တို့ ‘အောင်စုတင်’ အုပ်စုက ပြိုကျပြီးသား စစ်အစိုးရဆီကနေ ကြားဖြတ်အစိုးရ ဖွဲ့ပေးပါ တောင်းဆိုနေတယ်။ ဒီလိုမျိုး ခေါင်းဆောင်အစုတွေ အကွဲကွဲပြဲပြဲ ဖြစ်နေခဲ့လို့ လမ်းမထက် ထူထောင်ထားတဲ့ လူထုအာဏာကို လူထုအစိုးရအဖြစ် မစုစည်းနိုင်ခဲ့ဘူးဆိုတဲ့ ကောက်ချက်ကို ငြင်းစရာမရှိပါ။
လက်မရွံ့ လူသတ်သမား ဗိုလ်စိန်လွင် ပြုတ်ကျအပြီး စစ်သားတွေလည်း စစ်တန်းလျား ပြန်ပို့ထားရချိန်။ လူထုဘက်က အပျော်ဆုံး ဖြစ်နေချိန်။ မျိုးချစ်ရဲဘော်ဟောင်းကြီးများရဲ့ ကြေညာချက်ကလည်း အောက်ခြေ စစ်သားတွေကြား ရိုက်ခတ်မှု ရှိနေတယ်။
စစ်အုပ်စုက သူ့တလက်ကိုင် စစ်တပ် သူ့လက်ခုပ်ထဲက လွတ်ထွက်သွားမှာ ကြောက်သွားတယ်၊ ဒါ့ကြောင့် စစ်တပ်ကို လူထုနဲ့ ဝေးရာကို ပြန်ပို့ပြီး မနာခံသူတွေ အပြတ်ရှင်း၊ စစ်အုပ်စု တလက်ကိုင်အဖြစ် အခိုင်အမာ စုစည်းနေခဲ့တယ်။ ခိုင်မာပြတ်သားတဲ့ တော်လှန်ရေး ခေါင်းဆောင်မှုသာ ရှိနေခဲ့ရင် ရန်သူ စစ်အုပ်စု လက်ထဲက စစ်တပ်အတွင်း ကွဲအက်လာအောင် ဒီအခြေအနေကို အသုံးချနိုင်လိမ့်မယ်။ တချိန်က စစ်တပ်ထိပ်သီး အငြိမ်းစားတွေကိုယ်တိုင် (ဗိုလ်နေဝင်း ကန်ထုတ်လို့ပဲဖြစ်ဖြစ်) အရေးတော်ပုံဘက် ရောက်လာတဲ့ အခြေအနေကို ကောင်းကောင်း အသုံးချနိုင်ရမယ်။
လမ်းမထက်က လူထုအာဏာကို ခိုင်မာအောင် လူထုအစိုးရ ဖွဲ့စည်းနိုင်ရေး အခွင့်အလမ်းပေးခဲ့တဲ့ ပကတိ အခြေအနေကို ဗကပ အထွေထွေ အတွင်းရေးမှူး ရဲဘော်ကြင်မောင်ရဲ့ (၁၉၉၄) နိုင်ငံရေး အစီရင်ခံစာမှာ အခုလို ဖော်ပြထားတယ် –
“စစ်အုပ်စုရဲ့ လက်မရွံ့ လူသတ်သမား စိန်လွင်ဟာ ၁၉၈၈ ဩဂုတ်လ(၁၂)ရက်နေ့မှာ နှုတ်ထွက်သွားခဲ့ရပါတယ်။ သမ္မတသစ် ဒေါက်တာမောင်မောင်က ဩဂုတ်လ၂၄ရက် ည(၈)နာရီမှာ အဲဒီနေ့မွန်းလွဲတနာရီကစပြီး စစ်အုပ်ချုပ်ရေး ရုတ်သိမ်းလိုက်ပါပြီလို့ ကြေညာလာရတယ်။ တခြားအရေးကြီးတဲ့ အလျှော့ပေးမှုတွေလည်း လုပ်လာပါတယ်။
” …. စိန်လွင်နှုတ်ထွက်ရတဲ့ ဩဂုတ် (၁၂)ရက်နေ့ကစပြီး လူထုကြီးဟာ အောင်ပွဲခံ စိတ်ဓာတ်တွေ လွှမ်းနေပါတယ်။ စိန်လွင် နှုတ်မထွက်ခင်က လူထုတိုက်ပွဲကို အထက်အမိန့်အရ မတတ်သာဘဲ ပစ်သတ်နေရတဲ့ အစိုးရတပ်မှူး တပ်သားတွေကလဲ စိတ်လက်ရွှင်ကြည် ပေါ့ပါးလာကြတယ်။ တဖက်နဲ့တဖက် တင်းမာနေမှုတွေ ပြေငြိမ်းစပြုလာတယ်။ ပြည်သူနဲ့တပ်ဟာ ဗိုလ်ချုပ်အောင်ဆန်း တပ်မတော်ကို ဦးစီး ရှေ့ဆောင်စဉ်ကလို ကြည်ကြည်ဖြူဖြူဖြစ်ဖို့ လမ်းစတွေ ပွင့်လာပါတယ်။ နေဝင်းစစ်အုပ်စုရဲ့ တလက်ကိုင် ဘဝ ချုပ်ငြိမ်းတော့မလို ဖြစ်လာပါတယ်။
မျိုးချစ်တပ်မှူးကြီးဟောင်း (၁၅)ဦးကြေညာချက်
ဗမာ့တပ်မတော် တပ်မှူးဟောင်းများ၏ ကြေညာချက်ဟာ အခြေခံအားဖြင့် ကောင်းမွန်ထိရောက်တဲ့ ကြေညာချက်တွေ ဖြစ်ပါတယ်။ အချိန်လဲ မီပါတယ်။”
ဒါပေမယ့် ဘူဇွာ လစ်ဘရယ် ခေါင်းဆောင်မှုအောက်မှာ အခွင့်အရေးအားလုံး ဆုံးရှုံးခဲ့ရတယ်။ ၄၈၂၈ ပါတီကော်မတီ ခေါင်းဆောင်တဲ့ လက်ဝဲ အင်အားစုက တပ်ပေါင်းစု တည်ဆောက်ရေး လုံးပမ်းခဲ့ပါတယ်။
ဒါပေမယ့် အထမမြောက်ခဲ့ပါဘူး။ လစ်ဘရယ်တွေ၊ အမျိုးသား ဓနရှင်တွေ အပါအဝင် အုတ်အရောရော ကျောက်အရောရော တပ်ပေါင်းစု တည်ဆောက်ရေးနည်းနဲ့ ဘယ်တော့မှ အမျိုးသား ညီညွတ်ရေး မရှိနိုင်ဘူး။
အလုပ်သမား လူတန်းစား တပ်ဦးပါတီ ဖြစ်ဖို့ဆိုရင် class independence ဖြစ်ရမယ်။ ဘူဇွာ လစ်ဘရယ်ကို ထမ်းတင်လို့ မရဘူး။ class collaborationist လုပ်လို့မရဘူး ဆိုတဲ့ သင်ခန်းစာတွေ ယူနိုင်တယ်။ အရင်းရှင်နယ်ချဲ့ခေတ်မှာ တိုးတက်သော အမျိုးသား ဓနရှင်လူတန်းစားလည်း မရှိသလို တော်လှန်သော ဘူဇွာ လစ်ဘရယ်ဆိုတာလည်း မရှိဘူး။ ဘူဇွာတွေရဲ့ သစ္စာဖောက်မှုပဲ ရှိမယ်။
ဒါ့ကြောင့် အမျိုးသား ညီညွတ်ရေး မရှိခဲ့လို့ လမ်းမပေါ်က လူထုအာဏာကို တော်လှန်ရေး အစိုးရအဖြစ် မတည်ဆောက်နိုင်ခဲ့တာ မဟုတ်ဘူး၊ အားကောင်းလှတဲ့ တော်လှန်ရေး ကေဒါတွေ အလုံအလောက်ရှိသော တော်လှန်ရေး တပ်ဦးပါတီကြီး ကင်းမဲ့နေလို့ ရှုံးနိမ့်ခဲ့ရတာ။
AS လမ်း မလိုက်ခဲ့လို့လည်း မဟုတ်ဘူး။ ၈၈ အရေးတော်ပုံ မတိုင်ခင်ကတည်းက AS သွားနေတဲ့ အဖွဲ့အစည်းတွေ ရှိခဲ့သလို ၈၈အရေးတော်ပုံ အပြီးမှာလည်း AS သွားကြတဲ့ အင်အားစုတွေ အများကြီး ရှိခဲ့တာပဲ။
အလုပ်သမား လူတန်းစား တော်လှန်ရေး ပါတီကြီး တည်ဆောက်မထားနိုင်သေးသရွေ့ အောင်ပွဲဟာ လက်တကမ်းအလိုမှ ပုတ်ချခံနေရဦးမယ်။ ဒါ့ကြောင့် အလုပ်သမား လူတန်းစားရဲ့ တော်လှန်ရေး တပ်ဦး ပါတီပေါ်ထွန်းနိုင်အောင် ကေဒါတွေ စုဆောင်း၊ တည်ဆောက်ထားရေးဟာ ၂၁ တော်လှန်ရေးမျိုးဆက်ရဲ့ သမိုင်းပေး တာဝန်ဖြစ်လာပြီ။
သူရိန်မွန် (၇.၈.၂၀၂၁)
ရည်ညွှန်း။ ။ “LEFT-WING” COMMUNISM—AN INFANTILE DISORDER by Lenin
ပြည်တွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးမှ တတိုင်းပြည်လုံး ဖွံ့ဖြိုးရေးသို့။ အထွေထွေအတွင်းရေးမှူး (ယာယီ)၏ နိုင်ငံရေး အစီရင်ခံ စာ (၁၉၉၄၊ ဩဂုတ်လ-၁၅ရက်)
မပြယ်လေသည့် ချည်နှောင်ထုံး – ခမ်းဝင်း
The Class, the party and the leadership by Leon Trotsky
Photo – AFP