လင်းလက် | RM | ၄ ဇွန်လ၊ ၂၀၂၁ |
မနေ့က NUG ရဲ့ ရိုဟင်ဂျာ အရေး ထုတ်ပြန်ချက်ကို ကျနော် ဝေဖန်ခဲ့တယ်။ ဒီလို ဝေဖန်ခြင်းဟာ အန်ယူဂျီရဲ့ ကြောင်သူတော်ဆန်မှု၊ လက်တွေ့ အခိုင်အမာ လုပ်ငန်းစဉ်မပါဘဲ လေနဲ့ စာနာကြောင်းပြပြီး အနောက် အရင်းရှင် နယ်ချဲ့အုပ်စု ထောက်ခံမှု ရရုံသက်သက် ရိုဟင်ဂျာတွေကို နယ်ရုပ်လေးလို ထုတ်သုံးလာလို့ ဝေဖန်ခြင်း ဖြစ်တယ်။ တဖက်မှာကျ ရခိုင်တချို့က အန်ယူဂျီရဲ့ ကြေညာချက်ကို ဝေဖန်နေကြတာ ရှိတယ်။ တိတိကျကျ ဆိုရရင် အလုပ်သမား၊ လယ်သမား၊ ရေလုပ်သား အစရှိတဲ့ သာမန် ရခိုင်လူထုက ဝေဖန်တာမျိုး မဟုတ်ဘဲ လူလတ်တန်းစား ပညာတတ်အလွှာ ရခိုင်အမျိုးသားရေးဝါဒီတွေက ဝေဖန်ခြင်း ဖြစ်တယ်။ သူတို့ ဘာပြောသလဲ။
[နောက်ပိုင်း NUG အာဏာရရှိလာပြီး၊ ဒီအစီအစဉ်အတိုင်းသာ အကောင်အထည်ဖော်လာရင် ရခိုင်ပြည် ၂ ပိုင်း ပိုင်းသွားမှာလားတော့ ရိုးရိုးသားသားစိုးရိမ်မိပါတယ်။]
ဘာ့ကြောင့် ဒီလို စိုးရိမ်သလဲ။ အခုလို ငြင်းချက်ထုတ်တယ်။
[ပထမဆုံး ‘ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာပြည်သူများ’ ဆိုတဲ့ အသုံးအနုန်းဟာ ‘ရိုဟင်ဂျာအားလုံးသည် ရခိုင်ပြည်မှ ဖြစ်သည်’ ဆိုတဲ့ သဘောသက်ရောက်နေတယ်။]
ရခိုင်ပြည်နယ်မှာ အများစု နေထိုင်ကြလို့ ‘ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ပြည်သူများ’လို့ သုံးတာ ဘာဖြစ်လဲ။ ရခိုင်ပြည်က ဖြစ်သည်လို့ အနက်ထွက်ရုံနဲ့ သူတို့ဟာ ရခိုင်ပြည်နယ်မှာပဲ နေခွင့် ရှိရမယ်လို့ ဘယ်သူက ပြဌာန်းပိုင်ခွင့် ရှိသလဲ။ လူချင်းတူတူ သူချင်းမျှမျှ လွတ်လပ်စွာ သွားလာနေထိုင် ရှင်သန်နိုင်ရမယ်၊ ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းနေထိုင်နိုင်ရမယ်၊ ဘယ်သူကမှ တားဆီးချုပ်ခြယ်ပိုင်ခွင့် မရှိစေရ။
ရခိုင်ပြည်နယ်ကဖြစ်သည် ဆိုတဲ့ သဘောသက်ရောက်နေတယ်လို့ ထောက်ခြင်းဟာ အနှီ ရခိုင် အမျိုးသားရေးဝါဒီက ‘ရိုဟင်ဂျာတွေသည် ရခိုင်ပြည်နယ်မှ မဟုတ်၊ ခိုးဝင် ဘင်္ဂါလီတွေသာ ဖြစ်သည်’ လို့ ဆိုလိုချင်တာ ဖြစ်တယ်။ ရိုဟင်ဂျာတွေဆိုတာ မရှိဘူး၊ ခိုးဝင်ဘင်္ဂါလီတွေပဲလို့ ဆိုခဲ့တာ စစ်အုပ်စု၊ စစ်အစိုးရနဲ့ အန်အယ်လ်ဒီ အစိုးရတို့ပဲ။ ဒါဟာ အုပ်စိုးသူ လူတန်းစားနဲ့ ဒင်းတို့ လက်ကိုင်တုတ် မီဒီယာတွေက တွင်တွင်ဖြန့်ခဲ့တဲ့ myth တခုသာ ဖြစ်တယ်။ မဘသတွေ၊ မျိုးညစ်တွေက ဒီ myth ကို အားတက်သရော မီးထိုးပေးခဲ့ကြတယ်။
လူသားမျိုးနွယ်တွေဆိုတာ လူရယ်လို့ evolve ဖြစ်လာကတည်းက ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းနေထိုင်လာကြတာပဲ။ အခု ကမ္ဘာ အနှံ့အပြား ရောက်ရှိနေကြတဲ့ လူတွေဆိုတာ အာဖရိကတိုက်ကနေ ပြောင်းရွှေ့လာကြသူတွေချည်း။ အရင်းစစ်လိုက်ရင် human race ဆိုတဲ့ တမျိုးတစားတည်းပဲရှိတယ်။ လူမျိုးတွေ ခွဲခြားသတ်မှတ်တယ်ဆိုတဲ့ ဒီလို ပြောင်းရွှေ့ အခြေချ နေထိုင်ခြင်းဆိုတာ လူသားမျိုးနွယ်ရဲ့ အသက်နဲ့အမျှ အိုမင်းနေတဲ့ ဖြစ်စဉ်ကြီးပဲ။ မြန်မာဆိုတာ ရွှေ့ပြောင်း နေထိုင်လာတဲ့ လူမျိုး ဖြစ်သလို အခုလည်း ကမ္ဘာ့ နေရာဒေသအသီးသီးကို ရေကြည်ရာ မြက်နုရာ အခြေချ နေထိုင်နေကြတာပဲ။ အလားတူပဲ မွန်တွေ ရခိုင်တွေ ချင်းတွေ ကချင်တွေလည်း ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်း အခြေချလာတဲ့ လူမျိုးတွေပဲ၊ အခုလည်း ကမ္ဘာအနှံ့ကို ရွှေ့ပြောင်း နေထိုင်နေကြတယ် မဟုတ်လား။
Nation state တွေကို သောက်ဂရုမစိုက်တော့လို့ ကမ္ဘာပတ်လာတဲ့ ဂလိုဘယ် အရင်းရှင်စနစ်ခေတ်မှာ ရွှေ့ပြောင်း နေထိုင်မှုဟာ အဆမတန် မြန်ဆန် ကြီးထွားလာတယ်။ နှစ်စဉ် သန်းပေါင်းများစွာ ရွှေ့ပြောင်း နေထိုင်မှုတွေ ဖြစ်ပေါ်နေတယ်။ ဒါဟာ ကမ္ဘာ့ အရင်းရှင်စနစ်ရဲ့ ဝိသေသတခုပဲ။ ဒီလို ဖြစ်စဉ်အတွင်းမှာ ရိုဟင်ဂျာလူမျိုးစုကျမှ ရွှေ့ပြောင်းနေထိုင်သူတွေမို့ ဘာညာပြောရင် အတော် ကြောင်သူတော် ဆန်တာပဲ။ ခိုးဝင်ဘင်္ဂါလီတွေလို့ ရိုးစွပ်တာ အဆိုးဆုံးပဲ။ ဗမာပြည်ကြီးက အင်မတန် ခိုးဝင်ချင်စရာ ရေကြည်ရာ မြက်နုရာ ဖြစ်နေတာကိုး။
ဒါ့ကြောင့် လူမျိုးစုတခုကို ဌာနေတိုင်းရင်းသား ဖြစ်ခြင်း မဖြစ်ခြင်း အခြေခံပြီး ခွဲခြား သတ်မှတ်နေတာ အဓိပ္ပါယ် လုံးဝမရှိဘူး။ အလားတူပဲ ရိုဟင်ဂျာတွေ ဖိနှိပ်ခံရတဲ့ ဘဝကနေ လွတ်မြောက်ဖို့၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရဖို့ ရိုဟင်ဂျာတွေဟာ တိုင်းရင်းသား လူမျိုးစု ဖြစ်ပါတယ်လို့ သက်သေထူပြစရာ လိုကိုမလိုဘူး။ တိုင်းရင်းသားဖြစ်မှ အခွင့်အရေး တန်းတူရရမယ်ဆိုတဲ့ ဂျင်းအတောင့်ကြီးကိုပါ ရိုက်ချိုးပစ်ရမယ်။ ဘာလဲ တိုင်းရင်းသား။ လူသားဆိုတာ အားလုံး ရွှေ့ပြောင်းနေထိုင်ကြတဲ့ ဖြစ်စဉ်အတွင်းက သက်ရှိသာ ဖြစ်တယ်။ ဒီကမ္ဘာမြေကို အမေရိကန်လည်း မပိုင်သလို တရုတ်လည်း မပိုင်ဘူး၊ အစ်ဇ်ရေးလည်း မပိုင်ဘူး၊ ဗမာလည်း မပိုင်ဘူး၊ ရခိုင်လည်း မပိုင်ဘူး၊ ရိုဟင်ဂျာလည်း မပိုင်ဘူး၊ ကချင်လည်း မပိုင်ဘူး၊ စသဖြင့်။
[ဆိုတော့ ကမ္ဘာတစ်ဝှမ်းလုံးမှာ ရှိတဲ့ ရိုဟင်ဂျာ ဆိုတဲ့ လူဦးရေဟာ ၃ သန်းနီးပါးရှိတယ် လို့ အကြမ်းအားဖြင့် သိရတယ်။
လက်ရှိ ရခိုင်ပြည်အတွင်းမှာ ရခိုင်လူဦးရေဟာ ၂ သန်း ဝန်းကျင်ပဲရှိပါတယ်။]
စစ်အုပ်စု၊ အန်အယ်လ်ဒီ အစိုးရကစလို့ ရခိုင် အမျိုးသားရေးဝါဒီတွေအဆုံး national chauvinist အားလုံးဟာ ရိုဟင်ဂျာတွေကို ရိုဟင်ဂျာလို့တောင် အသိအမှတ် မပြုနိုင်ဘူး။ လူမျိုးစုတခုဟာ သူတို့ လူမျိုးစုနာမည်ကို သူတို့ကိုယ်တိုင် ကြိုက်သလို ခေါ်ဆိုပိုင်ခွင့် ရှိရမယ်၊ ဒီလို အမည်နာမ ခေါ်ဆိုတာတောင် ဒဏ္ဍာရီ ပုံပြင်တွေ၊ သမိုင်းစာရွက်တွေ ကောက်လှန်ပြီး ငြင်းဆန်ပိုင်ခွင့် ဘယ်သူမှာမှ ရှိမနေဘူး။ အလားတူပဲ လူမျိုးစုတခုကို သူတို့မလိုလားတဲ့ နာမည်တခုကို အာဏာပိုင်တွေ၊ အစိုးရတွေ၊ တခြား လူအုပ်စုတွေက အတင်းအကြပ် ပြဌာန်းပိုင်ခွင့် မရှိဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေကြတာပါလို့ အဖွဲ့မျိုးစုံက ကြွေးကြော်နေကြတဲ့ ဒီတိုင်းပြည်မှာ ရိုဟင်ဂျာကို ရိုဟင်ဂျာလို့တောင် မခေါ်ရဲတာ အတော်တော့ ရှေ့နောက်မညီတဲ့ ကိစ္စ။
အပေါ်မှာ ကူးယူ ဖော်ပြထားတဲ့ ကောက်စာကိုပဲ ကြည့်ရအောင်။ အန်ယူဂျီရဲ့ အစီအစဉ်သာ အကောင်အထည် ဖော်ခဲ့ရင် ရခိုင်ပြည် နှစ်ခြမ်းကွဲနိုင်သတဲ့။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရရှိရေး တိုက်ပွဲဝင်နေတဲ့လူမျိုးစုတွေကိုသာ လိုက်လျောခဲ့ရင် ဗမာပြည်ကြီး အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားမယ်လို့ ခေတ်အဆက်ဆက်က စစ်အုပ်စု ခြောက်ခဲ့တာနဲ့ ဘာကွာလဲ။ ဒါဟာ အခြေအမြစ် မရှိတဲ့ စကားတွေပဲ။
လူဦးရေ ကိန်းဂဏန်းတွေ ရွတ်ပြသေးတယ်။ ရခိုင်လူမျိုးက ၂သန်းပဲ ရှိတယ်၊ တကမ္ဘာလုံးက ရိုဟင်ဂျာ ၃ သန်းရှိသတဲ့။ ဒါ့ကြောင့် ရခိုင်တွေက ရခိုင်ပြည်နယ်မှာ လူနည်းစု ဖြစ်သွားမယ့် အန္တရာယ် ရှိနေတယ်လို့ ဆိုတယ်။ သိတဂူ၊ ဆေကိန္ဒ၊ ဝီရသူ အစရှိတဲ့ မဘသ တွေ အတွေးအခေါ်အတိုင်းပါလား။ မြေမြိုလို့ လူမျိုးမပြောက်၊ လူမြိုလို့ လူမျိုးပျောက်တယ်ဆိုတဲ့ အမျိုးသားရေး ဝါဒီတွေရဲ့ လက်သုံးစကားကို လူလတ်တန်းစား ပညာတတ်အလွှာကပီပီ ကိန်းဂဏန်းတွေနဲ့ ချိန်ထိုး ခြောက်ပြတယ်။ လူမျိုးတုန်း သတ်ဖြတ်နေတဲ့ စစ်အုပ်စု၊ စစ်တပ်ကို သူပြောတဲ့ သုံးသန်းသော ရိုဟင်ဂျာတွေ၊ ၂သန်းသော ရခိုင်တွေ အဖိနှိပ်ခံ လူတန်းစားချင်း ပေါင်းစည်းပြီး တိုက်ပွဲဝင်ဖို့ ဘာ့ကြောင့် မပြောသလဲ။
လူမျိုးဆိုတဲ့ မျိုးတူစုပြု ခွဲခြားမှုကို ဘယ်အပေါ် အခြေခံ သတ်မှတ်သလဲ။ ကြိုက်တဲ့ criteria ပြောကြည့်ပါ။ သေချာတာက လူမျိုး တခုနဲ့ တခုကြား စည်းခြားထားစေတဲ့ အရာမှန်သမျှမှာ material basis မရှိဘူး။ ဒါ့ကြောင့် လူမျိုးဆိုတဲ့ အုပ်စုခွဲခြားမှုဟာ subjective ဆန်တယ်၊ social construction သာဖြစ်တယ်။ ဘာသာရေးဆိုလည်း ဒီသဘောပဲ။ ဒါ့ကြောင့် လူမျိုးတွေ၊ ဘာသာတွေဆိုတဲ့ စည်းခြားထားမှုတွေကို ဖြတ်ကျော်လို့ ရတယ်။ လူတန်းစားဆိုတဲ့ dividing line ကကျ အဲသလို မဟုတ်ဘူး။ သွေးစုပ်သူနဲ့ သွေးစုပ်ခံ၊ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံ လူတန်းစားတွေကြား ပိုင်းခြားထားတဲ့ စည်းမှာ material basis ရှိတယ်။ ဒါ့ကြောင့် လူတန်းစား အခြေခံခြင်းဟာ objective ဆန်တယ်။ ဘာသာတွေ၊ လူမျိုးတွေ၊ အသားရောင်တွေ၊ ဂျန်ဒါတွေ၊ တောင်တန်းတွေ၊ ပြည်မတေွ၊ ဌာနေတိုင်းရင်းသားတွေ ရွှေ့ပြောင်းနေထိုင်သူတွေ စသဖြင့် ပိုင်းခြားထားမှုကို ဖြတ်ကျော်ပြီး အဖိနှိပ်ခံ၊ သွေးစုပ်ခံ လူတန်းစားချင်း သွေးစည်းလို့ ရတယ်။ ဒါ့ကြောင့် ဘယ်လူမျိုးက ဘယ်နှသန်းရှိတယ်ဆိုတဲ့ ကိန်းဂဏန်းတွေဟာ ဘောင်မဝင်ဘူး။
[တကယ်တော့ ဘဂ်လားဒေ့ရှ်က လှေစီးပြေးပြီး တတိယနိုင်ငံတစ်ခုကိုရောက်မှ ရိုဟင်ဂျာ ခံယူကြတဲ့ သူတွေလည်း အများကြီးရှိပါတယ်။]
ဘင်္ဂလားဒေ့ရှ်ကနေ ပြေးပြေး၊ ဗမာပြည်ကနေ ပြေးပြေး ပျော်လို့ ပျော်ပွဲစား ထွက်နေကြတာ မဟုတ်ဘူး။ ငတ်မသေချင်လို့၊ စစ်တပ်ရဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေ မခံရအောင်လို့ လွတ်လေမလားဆိုပြီး ထွက်ပြေးကြရတာပဲ။ ဒီလို ဘဝရှင်သန်ရေး ရုန်းကန်ရသူ အဖိနှိပ်ခံ လူတန်းစားချင်း သွေးစည်းရမယ့်အစား ဘာလူမျိုး နာမည်ခံတယ်၊ ညာလူမျိုး နာမည်ပေးတယ်တွေ ဘာ့ကြောင့် ပြောနေသလဲ။ ဒီလို လုပ်ခြင်းဟာ သွေးစုပ်ကောင် အုပ်စိုးသူ လူတန်းစား အလိုကျသာ ဖြစ်စေတယ်။ ရခိုင်အဖိနှိပ်ခံတွေနဲ့ ရိုဟင်ဂျာ အဖိနှိပ်ခံတွေကြား မလိုမုန်းထားမှုတွေသာ ပိုများစေတယ်။ ဒီလို အဖိနှိပ်ခံ လူတန်းစား အချင်းချင်း လူမျိုး အခြေခံ မလိုမုန်းထား သွေးကွဲနေကြရင် ဘယ်လူတန်းစား အကျိုးဖြစ်မလဲ စဉ်းစားဖူးလား။ လက်တဆုပ်စာ သွေးစုပ်သူ လူတန်းစားက အများစုသော လုပ်သားထုကြီးကို ဖိနှိပ်နေသရွေ့ ဘယ်လူမျိုးမှ မလွတ်မြောက်နိုင်ဘူးဆိုတာ သတိရစေချင်တယ်။
[နောက် လူဝင်မူပြဿနာတိုင်းကို ဖြစ်စေခဲ့တာဟာ အင်္ဂလိပ်အစိုးရနဲ့ ခေတ်အဆက်ဆက် ဗမာလွမ်းမိုးတဲ့ ဗဟိုအစိုးရတွေကြောင့်သာ ဖြစ်တယ်။
ရခိုင်ခေါင်းဆောင်၊ လူထုမှာ ဘာဆုံးဖြတ်ပိုင်ခွင့် အာဏာမှ မရှိခဲ့ဘူး။
ဒီလူတွေအကုန်လုံးကို NUG Plan အတိုင်း ပြန်ခေါ်မယ်၊ (ဒါမှ မဟုတ်) သူ့သဘောအတိုင်း ရခိုင်ပြည်ကိုသာ လာကြမယ်ဆိုရင် ရခိုင်တွေက ရခိုင်ပြည်မှာ လူနည်းစု ဖြစ်သွားနိုင်တယ်။
ကမ္ဘာမှာ ဘယ်လူမျိုးက သူ့မူရင်းပြည်ထဲမှာ လူနည်းစု အဖြစ်ခံမှာလဲ?]
အစိုးရအဆက်ဆက် ဗျူရိုကရေစီ ယန္တယား အသုံးချပြီး ဖိနှိပ်ခဲ့တာ အားလုံးအသိပဲ။ ရခိုင်ခေါင်းဆောင်၊ ရခိုင် လူထုမှာ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးဆိုတာ ဟုတ်ပါတယ်။ ဒါဖြင့် ကရင်လူထုမှာကော ဆုံးဖြတ်ပိုင်ခွင့် ရှိခဲ့လား၊ ရိုဟင်ဂျာ လူထုမှာကော ရှိခဲ့လား။ မြန်မာ လူထုမှာကော ရှိခဲ့လား။ ဘယ်အဖိနှိပ်ခံ လူထုမှာမှ မရှိခဲ့ဘူး။ ဒါပေမယ့် ရိုဟင်ဂျာတွေ အဖိနှိပ်ခံရတဲ့ ပြဿနာဟာ အစိုးရတွေ၊ မီဒီယာတွေ၊ လက်ယာဂိုဏ်းသားတွေ ပုံဖော်သလို လူဝင်မှုပြဿနာ မဟုတ်ဘူး။ လူဝင်မှု ပြဿနာလို့ ပုံဖော်ခြင်းဟာ ခိုးဝင် ဘင်္ဂါလီဆိုတဲ့ ယုံတမ်းအပေါ် အခြေခံထားခြင်း ဖြစ်တယ်။ ဒီလို ပြောလို့ လူဝင်မှု ကြီးကြပ်ရေး ဗျူရိုကရေစီက corrupt မဖြစ်ဘူးလို့ မဆိုလိုဘူး။ ဖြစ်တာပေါ့၊ ရိုဟင်ဂျာတွေမှာ မှတ်ပုံတင်မရှိလို့ ဒုက္ခမျိုးစုံ ကြုံရတယ်။
[ဒီတော့ ရခိုင်တွေက အတိုင်းအဆ တစ်ခုအထိသာလက်ခံပြီး၊ ပိုလျှံတဲ့ သူတွေကို ဗမာပြည်ထဲကို ခေါ်သွားမှာလား?]
ရိုဟင်ဂျာတွေကို လူသားလို့ကို မမြင်ဘဲ နယ်ရုပ်လေးတွေလို သဘောထားရာမှာ အခုမင်းဝေဖန်နေတဲ့ အန်ယူဂျီနဲ့ မင်းနဲ့ အတူတူပဲ။ လွတ်လပ်တဲ့ လူသားတွေ၊ နိုင်ငံသားတွေကို ဘယ်မှာ ဘယ့်နှယောက်နေဆိုပြီး ဘယ်အစိုးရ အာဏာပိုင်၊ ဘယ်လူ/အဖွဲ့ကမှ သတ်မှတ်ပိုင်ခွင့် မရှိဘူး။ လူသားတွေအားလုံး တကမ္ဘာလုံး လွတ်လပ်စွာ သွားလာနေထိုင် အခြေချ လုပ်ကိုင်စားသောက်ခွင့် ရှိရမယ်။ ငါတို့ မာ့က်စ်ဝါဒီတွေကတော့ အင်တာနေရှင်နယ်ဝါဒီတွေပီပီ နယ်စည်းတွေ ပိုင်းခြားထားခြင်းကို လုံးဝလက်မခံဘူး။ open border အတွက် တိုက်ပွဲဝင်ရမယ်။ ဒါဟာ ငါတို့ရဲ့ သဘောထားပဲ။ ဒါ့ကြောင့် ရိုဟင်ဂျာတွေ ရန်ကုန်ပဲနေနေ မန်းလေးပဲနေနေ ရခိုင်ပဲနေနေ ချင်းမှာပဲနေနေ လွတ်လပ်စွာ နေထိုင်နိုင်ခွင့်ကို ငါတို့ အတူလက်တွဲတိုက်ရမယ်။ ဒါဟာ ဘာပြဿနာမှ မဟုတ်ဘူး။
[နောက် ရိုဟင်တွေရဲ့ စုပေါင်းအခွင့်အရေး (collective right) ကိုလည်း ပေးမယ်လို့ပြောထားတယ်။ ဒါဟာ နိုင်ငံသားဖြစ်ပိုင်ခွင့် တစ်ဦးချင်းအခွင့်အရေး (individual right) ထက် ပိုမြင့်တယ်လို့ ပြောရပါမယ်။
ဒီတော့ စုပေါင်းအခွင့်အရေးအတွက် ယဉ်ကျေးမူဆိုင်ရာတစ်ခုတည်းမဟုတ်ဘဲ နယ်မြေပိုင်ဆိုင်မူတွေပါ ပါလာမှာလား?
ဥပမာ- ရှမ်းပြည်ထဲက ‘ဝ’ ဒေသလိုပေါ့။
ဒီလိုဆိုရင် ရိုဟင်ဂျာ လို့ သုံးနုန်းမူဟာ တိုင်းရင်းသားဖြစ်ပိုင်ခွင့်ကို ပါ တစ်ခါတည်းပေးပြီး ဖက်ဒရယ်အခွင့်အရေးဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေပါ ပေးထားတာလား?
အဂ်လိပ်ကိုလိုနီခေတ်မှာ အစုံလိုက်၊ အပြုံလိုက်ဝင်လာတဲ့ လူတွေကို နိုင်ငံသားအခွင့်အရေးပေးတာ ကြားဖူးပေမယ့်၊ လူအုပ်စုအခွင့်အရေးကြီး ပေးတာတော့ သိပ်မကြားဖူးပါဘူး။
ဒီလိုဆိုရင် NUG ရဲ့ မူဝါဒသဘောထားဟာ ရခိုင်ပြည်ရဲ့ တည်ရှိမူ (existence)၊ ရှင်သန်မူ (survival) ကို ခြိမ်းခြောက်လာပြီလား။]
တိုင်းရင်းသား ဆိုတဲ့ ဂျင်းကို အပေါ်မှာ တဆက်တည်း ရှင်းခဲ့ပြီးပါပြီ။ တိုင်းရင်းသားမို့ ဗမာမို့ အခွင့်အရေး သီးခြားရှိရမယ်၊ ရိုဟင်ဂျာတွေမို့ တိုင်းရင်းသားတွေ ရသလို မရရဘူး ဆိုတဲ့ အယူအဆဟာ အခြေအမြစ် လုံးဝမရှိဘူး။ တိုင်းရင်းသားဆိုတာကိုက ဂျင်းတောင့်ကြီး ဖြစ်နေတာ သတိရပါ မိတ်ဆွေ။
National Chauvinist တွေရဲ့ အရေးအသားတွေမှာ အတွေ့ရ အများဆုံးက scapegoating လုပ်တာပဲ။ အခုလည်း ရိုဟင်ဂျာတွေကို scapegoating လုပ်တာ တောက်လျှောက် တွေ့ခဲ့ရတယ်။ ရခိုင်ပြည်နယ်ဟာ အဆင်းရဲဆုံး ပြည်နယ်ထဲက တခုဖြစ်တယ်။ ရခိုင်လူထုဟာ ရခိုင်ပြည်နယ်က ထွက်တဲ့ သယံဇာတတွေကို ထိန်းချုပ် စီမံပိုင်ခွင့် မရှိဘူး။ ဒါအမှန်ပဲ။ ဒါပေမယ့် အဲဒီအသီးအပွင့်တွေကို စားသုံးနေရတာ ရိုဟင်ဂျာတွေလား။
ထစ်ခနဲရှိ ခိုးဝင် ဘင်္ဂါလီတွေကြောင့်၊ အနောက်တံခါး မလုံတဲ့ ပြဿနာကြောင့်၊ လူဦးရေ အဆမတန် ပေါက်ဖွားလာတဲ့ အတွက်ကြောင့် စသဖြင့် အဖိနှိပ်ခံ အလွှာတခုဖြစ်တဲ့ ရိုဟင်ဂျာတွေကိုသာ လက်ညှိုးထိုး တရားခံရှာလေ့ရှိတယ်။ တကယ့် တရားခံက CITIC, Posco, အစရှိတဲ့ ကမ္ဘာ့အရင်းရှင်လူတန်းစားနဲ့ ပြည်တွင်းက စစ်အုပ်စုခေါင်းဆောင်တဲ့ အရင်းရှင် လူတန်းစားပေါင်းပြီး ရခိုင်ပြည်နယ်ရဲ့ အဆီအနှစ်တွေကို ထုတ်ယူ သွေးစုပ်နေတာပဲ။
အဲဒီ လက်သည်တရားခံ လူတန်းစားက သူတို့ လူတန်းစား အကျိုးစီးပွား ကာကွယ်တဲ့နေရာမှာ national border တွေ ဂရုမစိုက်ဘူး၊ သွေးစည်းကြတယ်။ ဒီပြည်တွင်း ပြည်ပက ကမ္ဘာ့ အရင်းရှင် လူတန်းစားကို မဖြိုချနိုင်ဘဲ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးဘဝကို အဖိနှိပ်ခံ လုပ်သားထုက ဘယ်လို ထိန်းချုပ်နိုင်မလဲ။ ဒီတာဝန်ကိုကော ရခိုင်သီးသန့် လုပ်လို့ရမယ် ထင်လား။ ရိုဟင်ဂျာ သီးသန့် လုပ်လို့ရမယ်ထင်လား။ မရတဲ့အပြင် အခုလိုမျိုး ဖြစ်သမျှ ပြဿနာအားလုံး ခိုးဝင် ဘင်္ဂါလီတွေကြောင့်လို့ ရိုဟင်ဂျာတွေကို scapegoating လုပ်နေရင် အုပ်စိုးသူ သွေးစုပ်ကောင် လူတန်းစား အလိုကျ ဖြစ်နေမှာပဲ။
ဗြိတိသျှ သခင်ကြီးတွေကို ထည့်ကိုးကားနေလို့ လမ်းကြုံပြောရဦးမယ်။ ကမ္ဘာ့ဈေးကွက်ကို လက်လှမ်းမှီလာကတည်းက ဗြိတိသျှ အရင်းရှင် လူတန်းစားဟာ အင်္ဂလန်မှာ အလုပ်သမားတွေ သပိတ်မှောက်ရင် တခြားတိုင်းပြည်က အလုပ်သမားတွေ ခေါ်သွင်းလာပြီး သပိတ်ကို ဖြိုခွဲပစ်တာပဲ။ ဒီအခါ အင်္ဂလန် အလုပ်သမားတွေက ဗြိတိန် အရင်းရှင်တွေ တင်သွင်းလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို strikebreaker တွေလို မြင်ကုန်တယ်။ ဒီလို ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ cheap labor ဝင်လာတဲ့အတွက် အင်္ဂလန် အလုပ်သမား လူတန်းစားရဲ့ average wage လည်း ကျသွားရတယ်။ ဒီအခါ အလုပ်သမား လူတန်းစားကြား ရွှေ့ပြောင်း အလုပ်သမားနဲ့ ပြည်တွင်း အလုပ်သမားကြား သွေးကွဲရန်လိုကုန်တယ်။ ကြားထဲက အမြတ်ထွက်သွားတာ အရင်းရှင်လူတန်းစား။
ကိုလိုနီခေတ် ဗမာပြည် ကုလား ဗမာ အဓိကရုဏ်းဖြစ်ခဲ့တာလည်း ဒီသဘောပဲ။ ဗြိတိသျှ အရင်းရှင်ကြီးတွေက အိန္ဒိယကနေ ကုလား အလုပ်သမားတွေ ဗမာပြည်ထဲ တင်သွင်းခဲ့တယ်။ လုပ်အားခ ဈေးပေါလို့ ခေါ်လာတာပဲ။ ကုလား အလုပ်သမားတွေက လုပ်ခလစာ တိုးပေးဖို့ သပိတ်မှောက်တော့ ဗြိတိသျှ အရင်းရှင်ကြီးတွေက ဗမာအလုပ်သမားတွေ ခေါ်ခိုင်းတယ်။ နဂိုက လယ်ယာလုပ်ငန်းပဲ အဓိက အားပြုလုပ်တဲ့ ဗမာလယ်သမားတွေဟာ ၁၉၃၀ စီးပွားပျက်ကပ်မှာ လယ်သမားဘဝပျက်ပြီး မြို့တက် အလုပ်သမား လုပ်ကြတယ်။ ဒီမှာတင် အရင်းရှင်ကြီးတွေရဲ့ သပိတ်ဖြိုခွဲရေး အစီအမံကို အကောင်အထည် ဖော်ပေးသလို ဖြစ်ကုန်တယ်။ ဒီမှာ ကုလား ဗမာ အဓိကရုဏ်း ဖြစ်တော့တာပဲ။ ကြားထဲက အမြတ်ထွက်သွားတာ သူတို့နှစ်ဖက်လုံးကို ဂုတ်ခွစီးထားတဲ့ ဗြိတိသျှ အရင်းရှင် လူတန်းစားပဲ။
ဒီလို နားမလည်ဘဲ ဗြိတိသျှ အရှင်ကြီးတွေ ပြန်တမ်းတနေရင် ရိုဟင်ဂျာတွေကို scapegoating လုပ်ပြီး လက်သည်တရားခံကို မြင်မိမှာ မဟုတ်ဘူး။
လင်းလက်
ရိုဟင်ဂျာတွေကို scapegoating လုပ်ကြတဲ့ ပြဿနာ