ယူအက်(စ်)-အစ္စရေးတို့ ရန်စတိုက်ခိုက်ခဲ့တဲ့ အီရန် စစ်ပွဲဟာ လေးပတ်ကြာသွားခဲ့ပြီ။ သို့သော် ယူအက်(စ်) နယ်ချဲ့ရဲ့ စစ်ပွဲ ရည်မှန်းချက်တွေ မအောင်မြင်သေးရုံသာမက အရင်ကထက်တောင် ပိုဝေးသွားပုံရတယ်။ ထရမ့်ဟာ မဖြစ်နိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေရပြီ။ သူ့ဘက်က ဆုံးရှုံးမှုတွေ ဆက်မဖြစ်အောင် အောင်ပွဲရပြီလို့ ထကြေညာပြီး လှည့်ထွက်သွားမယ်ဆိုရင် ယူအက်(စ်) နယ်ချဲ့စနစ်အဖို့ အကြီးအကျယ် အရှက်ကွဲရပြီ၊ ထရမ့်အနေနဲ့လဲ မျက်နှာမဖော်ဝံ့အောင် အရှက်ကွဲရမဲ့ အဖြစ်ပဲ။ ဒါ့ကြောင့် စစ်အရှိန် ထပ်တင်ဖို့ ကြိုးစားမယ် ဆိုရင်လဲ အန္တရာယ်တွေ ဒင်းကြမ်းပြည့်နေတယ်၊ နိုင်ဖို့ အခွင့်အလမ်းက မဆိုစလောက်သာ ရှိတယ်။ အခုတွေ့နေရတာကတော့ ထရမ့်က ရွေးလမ်း နှစ်ခုလုံးကို တပြိုင်တည်း လှမ်းနေပုံရတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထရမ့်ဘက်က ထုတ်ပြန်ချက်တွေ တသီကြီး ထုတ်လာတယ်၊ ရှေ့နောက် ညီညွတ်မှု မရှိဘဲ တခုကို တခု ဆန့်ကျင်နေကြတယ်။ ယူအက်(စ်)က စစ်ပွဲကို အနိုင်ရထားပြီးသား၊ “တဖြည်းဖြည်း အရှိန်လျှော့ပြီး အဆုံးသတ်ဖို့” စီစဉ်နေပြီလို့ ဒီနေ့ ထကြေညာတယ်၊ နောက်တရက်ကျ အီရန်ဘက်က အကြွင်းမဲ့ လက်နက်မချရင် အမြစ်ပြတ် ချေမှုန်းသွားမယ်လို့ ထခြိမ်းခြောက်ပြန်တယ်။ တခါ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်နေပြီ၊ အလားအလာလဲ အတော်ကောင်းတယ်၊ မကြာခင် အဆင်ပြေတော့မှာလို့ ထအော်ပြန်တယ်။
အကဲခတ်တဦးကတော့ ဒေါ်နယ်ထရမ့်က ပရိသတ် အမျိုးမျိုးကို တပြိုင်တည်း စကားပြောနေခြင်း ဖြစ်တယ်၊ ပြီးတော့ ပရိသတ် တမျိုးစီ သူတို့ ကြားချင်တာတွေ ပြောပေးဖို့ လိုအပ်တယ် ဆိုတာ နားလည်ထားမှ ဒေါ်နယ်ထရမ့်ရဲ့ သတင်းစကားတွေ တောက်လျှောက် ပြောင်းလဲနေတဲ့ အချက်ကို သဘောပေါက်နိုင်မယ်လို့ မှတ်ချက်ချထားတယ်။
အဲဒီ ပရိသတ်တွေထဲက တခုကတော့ ‘ဈေးကွက်’ ဆိုတာတွေပဲ။ အရင်းရှင် လူတန်းစားကို ဆိုလိုရင်း ဖြစ်ပါတယ်။ စတော့(ခ်) အိတ်ချိန်းမှာ ရင်းနှီးမြှုပ်နှံထားသူတွေ၊ ဈေးကစားသူတွေ၊ အစိုးရ ငွေတိုက်စာချုပ် ကိုင်ထားသူတွေ ပါဝင်တယ်။ စွမ်းအင်နဲ့ လောင်စာဆီ ဈေးတွေ ထောင်တက်သွားခြင်းကြောင့် ကမ္ဘာ့ စီးပွားရေးအပေါ် အကြီးအကျယ် သက်ရောက်လာမှာကို သူတို့ စိုးရိမ်နေကြတယ်။ ဒီတော့ ထရမ့်က အားလုံး အဆင်ပြေသွားမှာပါ ဆိုပြီး အဲဒီ လူတန်းစားကို နားချဖို့ ကြိုးစားလာခြင်း ဖြစ်တယ်။
မကြာသေခင်းက Houston USA မှာ ပြုလုပ်တဲ့ ထိပ်သီး စွမ်းအင် လုပ်ငန်းရှင်ကြီးများ ကွန်ဖရင့်မှာ လောင်စာဆီ ကုမ္ပဏီကြီးတွေရဲ့ ပူပန်သောကကို ထုတ်ပြသွားခဲ့ကြတယ်။ စစ်ပွဲအကြောင်း ပြောနေရင်း BP က တက်ရောက်လာသူ တဦး ပြောသွားတာက –
“ကျနော်တို့ ဒါမျိုး တခါမှ မမြင်ဖူးဘူး။ အရင်က ဒီလောက် ကြီးမားတဲ့ နှောင့်ယှက်မှုမျိုး မဖြစ်ခဲ့ဘူး၊ အခုဟာက လောင်စာဆီ အကဲခတ်သမားတိုင်း လေ့လာစရာ ဖြစ်နေပြီ၊ ဒါမှမဟုတ် အလွန်ဆိုးရွားတဲ့ အိပ်မက်ဆိုးကြီး ဖြစ်နေပြီ။ ဒါမျိုး ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ တခါမှ မတွေးဖူးဘူး။”
ဒီလို ပြောလိုက်တော့ အိမ်ဖြူတော် တာဝန်ရှိသူတယောက်က ခန်းမထဲ ရောက်နေသူများကို နားချဖို့ ကြိုးစားရတော့တယ် – “သမ္မတ ထရမ့်က သူဘာလုပ်နေသလဲ ဆိုတာ ကောင်းကောင်း သိပါတယ်”၊ ရက်သတ္တပတ် အနည်းငယ်အတွင်း စစ်ကြီး ပြီးသွားမှာပါလို့ အလေးတင်း ပြောကြားရင်း “စစ်ရေး ရည်မှန်းချက်တွေ ပြည့်ဝပြီး အီရန် အကြမ်းဖက် အစိုးရကို နှိမ်နင်းလိုက်ပြီ ဆိုတာနဲ့ ရေနံနဲ့ ဓာတ်ငွေ့တွေ အရင်ကထက် အလျှံပယ် စီးဆင်းသွားပါလိမ့်မယ်၊ ဈေးတွေလဲ ထိုးကျသွားလိမ့်မယ်”။ ဒါဟာ သူတို့ ဖြစ်ချင်တဲ့ စိတ်ကူးသက်သက်ပဲ။
မတ်လ ၂၃ ရက်၊ တနင်္လာနေ့မှာ စတော့ခ် ဈေးကွက် ဖွင့်ပြီး နာရီဝက် အတွင်းမှာပဲ စတော့ခ် ဈေးတွေ ကျပြီး ရေနံဈေးတွေ ထောင်တက်သွားခဲ့တယ်။ ဒီမတိုင်ခင် စနေနေ့မှာ ဒေါ်နယ်ထရမ့်က အီရန်အနေနဲ့ ဟော်မု(ဇ်) ရေလက်ကြားကို ၄၈ နာရီအတွင်း ဖွင့်ပေးရမယ်၊ အီရန်ဘက်က မလိုက်နာဘူးဆိုရင် အီရန်ကို မီးလောင်တိုက်သွင်းပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ “ယူအက်(စ်)က သူတို့ရဲ့ ဓာတ်အားပေး စက်ရုံကြီးတွေကို တိုက်ခိုက် ချေမှုန်းပစ်မယ်၊ အကြီးဆုံး စက်ရုံကို အရင် စပစ်မယ်” လို့ Truth Social ပေါ်ကနေ ဒေါ်နယ်ထရမ့် ကြုံးဝါးခဲ့တယ်။
ရာဇသံပေးထားတဲ့ အချိန် ပြည့်ကာနီးလာတော့ ထရမ့် လေသံက လုံးလုံး ပြောင်းသွားတယ်။ အောင်ပွဲ ရပြီးသားလို့ ကြွေးကြော်တယ်။ အီရန်နဲ့ “အလွန်ကောင်းတဲ့၊ တော်တော် အလုပ်ဖြစ်တဲ့ ပြောဆိုမှုတွေ” ရှိနေပြီ၊ “အရေးကြီးတဲ့ အချက်တွေလဲ သဘောတူညီမှု ရနေပြီ၊ အချက် အားလုံးနီးပါးလို့တောင် ကျနော် ပြောချင်တယ်”၊ ဒါ့ကြောင့် မကြာခင် အပေးအယူ တည့်သွားနိုင်တဲ့ သဘော ထရမ့် စပြောလာတယ်။
မယုံနိုင်လောက်အောင်ပဲ၊ ဈေးကွက်က ထရမ့် စကားကို နားယောင်သွားပုံရတယ် – ရေနံဈေးတွေ ကျသွားတယ်၊ စတော့(ခ်) အိတ်ချိန်းက အတန်အသင့် နာလန်ထူသွားတယ်။ ထရမ့် ပြောစကားကို သူတို့ တကယ် ယုံတာလား ဒါမှမဟုတ် သူများနောက် ကျန်ခဲ့မှာ ကြောက်လို့ပဲလား ဆိုတာတော့ စောင့်ကြည့်ရုံပဲ။
ထရမ့် မိန့်ခွန်း ထွက်မပြောခင် ၁၅ မိနစ် အလိုမှာပဲ ရေနံဈေး အကျဖက် သွားလိမ့်မယ်လို့ ဒေါ်လာ သန်း ၇၆၀ ဖိုး လောင်းကြေးထပ်သွားသူ ရှိခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြကြတယ်။ ထရမ့် အစိုးရအဖွဲ့ထဲက တယောက်ယောက် ဒါမှမဟုတ် အမျိုးတယောက်ယောက်ဆီက ပေါက်ကြားလာတဲ့ သတင်းကို အခြေခံပြီး အဲသလို လောင်းကြေးထပ်ကြတာ ဒါ ပထမဆုံးတော့ မဟုတ်ဘူး။
ထရမ့်က မတူညီတဲ့ လူတွေကို မတူညီတဲ့ သတင်းစကားတွေ ပါးနေခြင်း ဖြစ်တယ်။ ဈေးကွက်အပြင် အီရန်၊ အစ္စရေးနဲ့ သူ့ထောက်ခံသူတွေကိုပါ စကားပြောနေခြင်း ဖြစ်တယ်။
နိုင်ငံရေးသမားတိုင်း လိမ်ပြောစမြဲ ဖြစ်တယ်။ သူတို့ရဲ့ JD မှာကို လိမ်ရမဲ့ တာဝန် ပါလာပြီးသား။ သို့သော် ထရမ့်ကတော့ လိမ်လည်ခြင်းကို အနုပညာအဆင့်ထိ မြှင့်တင်ထားသူလို့ ဆိုရလိမ့်မယ်။
ထရမ့်ရဲ့ လောင်းကစားပွဲ ရှူံးသွားပြီ
သို့သော် ဒေါ်နယ်ထရမ့် ခုတမျိုး တော်ကြာတမျိုး လုပ်နေရတဲ့ အဓိက အကြောင်းက သူ ပုံအောပြီး လောင်းထားသမျှ စုံးစုံးမြုပ်သွားလို့ပဲ။ စစ်ပွဲ အစပိုင်းမှာ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလား တိုက်ခိုက်မှုအပြီး အောင်မြင်မှုနဲ့ ယစ်မူးနေတယ်၊ ဒီတော့ အီရန် စစ်ပွဲကို သုံးရက်အတွင်း ပြီးသွားလိမ့်မယ်၊ ဒါမှမဟုတ် ကြာလှ တပတ် နှစ်ပတ်ပေါ့လို့ သူ တွက်ခဲ့လိမ့်မယ်။ ထုတ်ပြောထားတဲ့ စစ်ပွဲ ရည်မှန်းချက်တွေက ရှင်းပါတယ်၊ အီရန်မှာ မင်းပြောင်းမင်းလွှဲ လုပ်ဖို့အထိ ရည်ရွယ်ခဲ့တယ်။ အီရန် စစ်တပ်အနေနဲ့ လက်တုံ့ပြန် တိုက်ခိုက်နိုင်စွမ်း မရှိနိုင်အောင် ချေမှုန်း ဖျက်စီးပစ်ဖို့ သာလွန် စစ်အင်အားတွေ အလုံးအရင်း ထုတ်သုံးခဲ့တယ်။ ဒီလို ဖျက်စီးလိုက်ရင် ယူအက်(စ်) နယ်ချဲ့ ခိုင်းသမျှ နာခံမဲ့ အစိုးရတရပ် ထဲရန်းမှာ အာဏာရလိမ့်မယ်လို့ သူတို့ တွက်ခဲ့တယ်။ တကယ့် လက်တွေ့မှာတော့ သူတို့ လိုချင်တာနဲ့ ဆန့်ကျင်ဖက်တွေသာ ဖြစ်လာခဲ့တယ်။
အီရန် အစိုးရဟာ ယုံကြည်မှုရှိရှိ အာခံနေတယ်။ အီရန်ဘက်မှာ ကဒ် အားလုံး ကိုင်ထားတဲ့ အခြေအနေ။ ဒါကိုလဲ သူတို့ အားလုံး သိတယ်။ အရေးအကြီးဆုံးကတော့ အီရန်က ဟော်မု(ဇ်) ရေလက်ကြားကို ထိန်းချုပ်ထားတာပဲ။ ဒီလို ထိန်းချုပ်ထားလိုက်တော့ ကမ္ဘာ့ စီးပွားရေး အကြီးအကျယ် ထိခိုက်သွားစေတယ်၊ ပင်လယ်ကွေ့ နိုင်ငံတွေ့ကို တိုက်ရိုက် ထိုးနှက်ရာ ရောက်သွားတယ်။ ဒီလို ဖြစ်လာရင် ဈေးကွက်က ထရမ့်ကို စစ်ပွဲ ရပ်ဖို့ ဖိအားပေးလာလိမ့်မယ်၊ သက်တမ်းဝက် ရွေးကောက်ပွဲတွေ နီးလာတာနဲ့အမျှ ငွေကြေးဖောင်းပွမှု အန္တရာယ်က ထရမ့်ရဲ့ လူကြိုက်များနှုန်းကို လှိုက်စားပစ်လိမ့်မယ်လို့ အီရန်ဘက်က တွက်ထားတယ်။ သူတို့ တွက်ကိန်း မှန်တယ်။

တဖက်မှာလဲ စစ်ပွဲ လေးပတ်ကြာလာပြီ ဖြစ်ပေမဲ့ အီရန်ဟာ အစ္စရေးနဲ့ ပင်လယ်ကွေ့က သူတို့ ပစ်မှတ်တွေကို အတိအကျ မှန်အောင် မစ်ဆိုင်းတွေ၊ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ထိထိရောက်ရောက် လှမ်းထုနေဆဲ ဖြစ်တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတင် အီရန်က အစ္စရေး တောင်ပိုင်းက ဒီမိုနာ၊ အာရက်(ဒ်)နဲ့ ဘီယာရှီဘာ မြို့တွေကို ပယ်ပယ်နယ်နယ် လှမ်းထုခဲ့သေးတယ်။ အစ္စရေးရဲ့ ဗဟိုချက်ကို တိုက်ရိုက် လှမ်းထုခဲ့တာ တောက်လျှောက်ပဲ၊ ဒီတိုက်ခိုက်မှုတွေကို အစ္စရေး လေကြောင်း ကာကွယ်ရေး စနစ်က ကြားဖြတ် တိုက်ထုတ်နိုင်ခြင်း မရှိခဲ့ဘူး။
အီရန်ရဲ့ တိုက်ခိုက်မှုတွေကို အစ္စရေးဘက်က ထိထိရောက်ရောက် ပစ်ချနိုင်စွမ်း မရှိတော့ဘူး။ အစ္စရေးရဲ့ လေကြောင်း ကာကွယ်ရေး လက်နက်တွေ အတော် ပြုန်းတီးနေပြီ။ ဒီတော့ အစ္စရေးအနေနဲ့ တနိုင်ငံလုံး ကာကွယ်နိုင်တဲ့ အခြေအနေ မရှိတော့ဘူး။
အစ္စရေး အစိုးရက တဲ(လ်)အဗီးနဲ့ ဂျေရုဆလင်တို့လို အဓိက မြို့ကြီးတွေကလွဲရင် ကျန်တဲ့ မြို့ငယ်လေးတွေကို အကာအကွယ်မဲ့ ပစ်ထားတယ်။ အစ္စရေး တနံတလျားက စာသင်ကျောင်းတွေ ရက်ရှည် ပိတ်လိုက်ရပြီ။ အီရန်က အစ္စရေးရဲ့ အကြီးဆုံး ရေနံချက်စက်ရုံ Haifa လို အရေးကြီး အခြေခံ အဆောက်အအုံတွေကို အောင်အောင်မြင်မြင် တိုက်ခိုက်ထားနိုင်တယ်။ ဒီအချက်တွေဟာ အစ္စရေး ပြည်သူတွေရဲ့ သဘောထားအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိလာတယ်။ အစ္စရေးမှာ အုပ်စိုးသူ လူတန်းစားက ဂျူးတွေကို ပြည်ပ အန္တရာယ်ကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ် ဆိုတဲ့ အယူအဆပေါ် အခြေခံပြီး သူတို့ အာဏာကို တည်ဆောက်ထားခြင်း ဖြစ်တယ်။
ယူအက်(စ်)နဲ့ အစ္စရေးဘက်က တိုက်ခိုက်လာရင် သူတို့ လုပ်သလို လက်တုံ့ပြန်နိုင်စွမ်း ရှိကြောင်း အီရန်ဘက်က အစောပိုင်းကတည်းက ရှင်းရှင်းလင်းလင်း ပြောထားပြီး ဖြစ်တယ်။ ထရမ့်ဘက်က ခြိမ်းခြောက်လိုက်တိုင်း၊ သို့မဟုတ် အစ္စရေးဘက်က တိုက်ခိုက်လာတိုင်း အီရန်ဘက်က လက်ရည်တူ တုံ့ပြန်နိုင်ခဲ့တယ်။
ထရမ့်က အီရန်ပိုင် ရေနံ အဆောက်အအုံတွေကို ဖျက်စီးပစ်မယ်လို့ ခြိမ်းခြောက်လာတဲ့အခါ အီရန်က ပင်လယ်ကွေ့ တကြောက ရေနံ အဆောက်အအုံတွေကို လက်တုံ့ပြန်သွားမယ်လို့ ခြိမ်းခြောက်လိုက်တယ်။ အီရန်ရဲ့ လျှပ်စစ်စွမ်းအင် အခြေခံ အဆောက်အအုံတွေ၊ ရေငံကို ရေချိုပြောင်းတဲ့ စက်ရုံတွေကို ဖျက်စီးပစ်မယ်လို့ ထရမ့်က ခြိမ်းခြောက်လာတော့ အီရန်ဘက်ကလဲ ပင်လယ်ကွေ့ တိုင်းပြည်တွေက အလားတူ အဆောက်အအုံတွေကို တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
လတ်တလောမှာပဲ အီရန်က ယူအက်(စ်)၊ အစ္စရေးတို့ကို နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့တယ်။ အစ္စရေးက ဆောက်(သ်)ပါး(စ်) ဓာတ်ငွေ့သိုက်ရဲ့ အီရန်ဘက်အခြမ်းကို မစ်ဆိုင်းနဲ့ လှမ်းထုခဲ့တယ်။ (ဆောက်(သ်)ပါး(စ်) ဓာတ်ငွေ့သိုက်ဟာ အီရန်နဲ့ ကာတာ ပူးတွဲပိုင်ထားတဲ့ ကမ္ဘာ့ အကြီးဆုံး ဓာတ်ငွေ့သိုက်ကြီး ဖြစ်ပါတယ်)။ အစ္စရေးက အဲသလို တိုက်ခိုက်လာတော့ အီရန်က ကာတာဘက်ခြမ်းက ဓာတ်ငွေ့ အဆောက်အအုံတွေကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့တယ်။ နဂိုကတည်းက အထိနာနေပြီးသား ကမ္ဘာ့ စီးပွားရေးအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိလာမဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါ့ကြောင့် သမ္မတ ထရမ့်က အစ္စရေးအနေနဲ့ ဒီလို တိုက်ခိုက်မှုတွေ ထပ်မလုပ်ဖို့ တားမြစ်ခဲ့ရတယ်။
ထရမ့်က စစ်ပွဲကို အရှိန်တင်မှာလား
လက်ရှိ စစ်ပွဲရဲ့ အခြေအနေမှန်က ဒါပဲ။ ထရမ့်ရဲ့ လောင်းကစားပွဲ မရှုမလှ ရှူံးနိမ့်သွားပြီ ဆိုတာ နားလည်ထားမှ အခု ဖြစ်နေတာတွေကို ကျနော်တို့ နားလည်နိုင်မယ်။
ထရမ့်ကတော့ စစ်ပွဲ အနိုင်ရထားပြီ ဆိုတဲ့ ဇာတ်လမ်းတမျိုး ထွင်ပြီး သူ့ဘက်က အဆုံးအရှူံးတွေ လျှော့ချဖို့၊ စစ်ပွဲကနေ တပ်ခေါက်ပြန်ဖို့ လမ်းစပြင်နေပြီ။ ဒါ့ကြောင့် အီရန်နဲ့ “အလွန် ရင်းနှီးတဲ့” ညှိနှိုင်းမှုတွေ လုပ်နေပြီလို့ ထရမ့် ပြောနေခြင်း ဖြစ်တယ်။ အီရန်ဘက်ကတော့ ဒီအချက်ကို အပြင်းအထန် ငြင်းဆိုပါတယ်။ ဒေါ်နယ်ထရမ့်က မင်းပြောင်းမင်းလွှဲ ရည်မှန်းချက် အောင်မြင်သွားပြီလို့ ကြွေးကြော်လာတယ်။ အခု လက်ရှိ အီရန် အစိုးရ ခေါင်းဆောင်တွေက စစ်ပွဲ စဖြစ်ချိန်က ခေါင်းဆောင်တွေ မဟုတ်တော့ဘူးလို့ သူပြောတတ်တယ်။ 
အောင်ပွဲရပြီးသားလို့ ကြွေးကြော်နေချိန်မှာပဲ ထရမ့်က အရှေ့အလယ်ပိုင်း ဒေသကို စစ်သားတွေ ထပ်ပို့နေတယ်။ ပင်တဂွန်ကတော့ ဌာနချုပ်နဲ့ အထူး တိုက်ခိုက်ရေး အဖွဲ့တခု အပါအဝင် 82nd Airborne တပ်မကြီးရဲ့ အစိတ်အပိုင်းတွေကို အရှေ့အလယ်ပိုင်း ဒေသဆီ ထပ်ပို့လိုက်ပြီ ဖြစ်ကြောင်း အတည်ပြုပါတယ်။ ဒါ့အပြင် တိုက်လေယာဉ်တွေ၊ ကုန်း-ရေ နှစ်သွယ် တိုက်ခိုက်ရေး သင်္ဘောကြီးတွေလဲ ထပ်ပို့လိုက်သေးတယ်။ ဒေသတွင်း ရှိနေပြီးသား ယူအက်(စ်) တပ်သား ငါးသောင်း ဝန်းကျင် ရှိပါတယ်။ ဒါ့အပြင် USS Boxer နဲ့ USS Tripoli တို့ ကုန်း-ရေ နှစ်သွယ် တိုက်ခိုက်ရေး သင်္ဘောကြီးတွေနဲ့ ရွှေ့ပြောင်းနေဆဲ ရေတပ်သား ထောင်ချီ ရှိသေးတယ်။ ဒီစစ်အင်အား အကုန်ပေါင်းရင်တောင် အီရန်ကို တင်းပြည့် ထိုးစစ်ဆင်ဖို့ မလုံလောက်သေးဘူး ဆိုပေမဲ့ အကန့်အသတ်နဲ့ မြေပြင် ထိုးစစ်ဆင်ဖို့တော့ လုံလောက်မှု ရှိနေပြီ။ အမေရိကန် တပ်တွေဟာ အီရတ်ကို ဖြတ်ပြီး ကူဝိတ်ကနေ ကျူးကျော် ဝင်ရောက်လာနိုင်ကြောင်း၊ ဒါမှမဟုတ် ပင်လယ်ဘက်ကနေ Kharg ကျွန်းကို တိုက်ရိုက် ဝင်သိမ်းတာမျိုး ဖြစ်နိုင်ကြောင်း အီရန်ဘက်က မကြာသေးခင်ကပဲ ပြင်းပြင်းထန်ထန် သတိပေးထားတယ်။
ထရမ့်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အကြောင်းပြပြီး နောက်ထပ် စစ်ဆင်ရေး အသစ် လုပ်နိုင်အောင် အချိန် ယူနေတာလို့ အီရန်ဘက်က ပြောထားတယ်။ အမေရိကန်တွေက အဲသလို လုပ်လေ့ရှိတယ်။ အမေရိကန်တွေက နောက်ထပ် စစ်ဆင်ရေး လုပ်ဖို့ စေ့စပ်ညှိနှိုင်းရေးကို ဟန်ရေးပြ အသုံးချတာ ပထမဆုံး အကြိမ် မဟုတ်ဘူး။ ထရမ့်အနေနဲ့ တပ်ပြန်မခေါက်ခင် မြေပြင် ထိုးစစ် တမျိုးမျိုး ထမလုပ်ဘူးလို့ မပြောနိုင်ဘူး၊ ဒီနည်းနဲ့ သူ့ဘက်က အင်အားကြီးကြောင်း ပြသဖို့ ကြိုးပမ်းတာမျိုး ရှိနိုင်တယ်။
ထရမ့်အနေနဲ့ ဘယ်လို စစ်ဆင်ရေးပဲ လုပ်လုပ် အခြေအနေ မဟန်ဘူး၊ အလွန် အန္တရာယ်များတယ်လို့ စစ်ရေး သေနင်္ဂဗျူဟာသမားတွေက ဒေါ်နယ်ထရမ့်ကို သတိပေးထားကြောင်း ယူအက်(စ်) ဘူဇွာ မီဒီယာတွေက ရီပို့လုပ်ပါတယ်။ အီရန်ရဲ့ ဟော်မု(ဇ်) ရေလက်ကြား ထိန်းချုပ်ထားမှု အားပျော့သွားအောင် ဒေသတွင်း အဆောက်အအုံတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပေမဲ့ သူတို့ ထင်သလို အလုပ် မဖြစ်ခဲ့ဘူး။ ခါ့(ဂ်) ကျွန်းကို သိမ်းယူဖို့ ကြိုးစားမယ် ဆိုရင်လဲ သူတို့ တွက်ထားသလို အီရန်ရဲ့ ရေနံ ထုတ်လုပ်ရေး အားပျော့သွားမှာ မဟုတ်ဘူး။ ဒီလို လုပ်မယ်ဆိုရင် ယူအက်(စ်)အဖို့ အလွန် အန္တရာယ်များပါတယ်။
ဟော်မု(ဇ်) ရေလက်ကြား မြောက်ဘက်ခြမ်းက ကျွန်းပေါက်စလေးတွေကို ဝင်သိမ်းတာမျိုးလဲ ဖြစ်နိုင်ချေ ရှိတယ်။ ယူအက်(စ်)အနေနဲ့ အဲဒီ ကျွန်းလေးတွေကို ဝင်သိမ်းနိုင်တယ် ဆိုတာ ဘယ်သူမှ ယုံမှားသံသယ မရှိပါဘူး။ သို့သော် အဲဒီကျွန်းလေးတွေပေါ် တပ်စွဲလိုက်ပြီ ဆိုတာနဲ့ အီရန်ဘက်က ဒရုန်းတွေ၊ တခြား လက်နက်တွေနဲ့ အသာလေး လှမ်းထုလို့ ရသွားပြီ။ ဒါ့ကြောင့် အဲဒီ ကျွန်းလေးတွေကို ဝင်သိမ်းထားရုံနဲ့ ရေလက်ကြားကို ပြန်ဖွင့်ပေးနိုင်ဖို့ မသေချာဘူး။
ဒီထက် ကိုးရိုးကားရားနိုင်တဲ့ အဆိုပြုချက် တခု ရှိသေးတယ်။ ယူအက်(စ်)က အစ်(စ်)ဖာဟန် မြို့ထဲ အထူးတပ်ဖွဲ့တွေ လွှတ်ပြီး မြေအောက် အဆောက်အအုံတခုမှာ သိုလှောင်ထားတဲ့ သန့်စင်ပြီးသား ယူရေနီယံတွေကို ထုတ်ယူဖို့ ကြိုးစားမတဲ့။ ဒီအဆိုပြုချက်ကို သူတို့ ပေါ်ပေါ်ထင်ထင် ဆွေးနွေးနေကြလေရဲ့။
ဒီလို စီမံကိန်းတွေက အင်မတန် အန္တရာယ်များတယ်၊ ယူအက်(စ်)အတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေ ပြည့်နှက်နေတယ် ဆိုပေမဲ့ ဒေါ်နယ်ထရမ့်က တနည်းမဟုတ် တနည်း ထမလုပ်ဘူးလို့ မပြောနိုင်ဘူး။ ဒေါ်နယ်ထရမ့်အနေနဲ့ အောင်ပွဲကြီးကြီး အရယူနိုင်ဖို့ လိုအပ်နေတယ်။ ဒါမှသာ လက်ရှိ အခြေအနေက အဖတ်ဆယ်နိုင်မယ်လို့ သူတွက်ထားလိမ့်မယ်။
သို့သော် အီရန်ဘက်က ထရမ့်ကို ပြောထားသလိုပဲ စစ်ပွဲဆိုတာ ဘက်နှစ်ဘက် တိုက်ရတာ ဖြစ်တယ်။ တဘက်က အဆုံးမသတ်ချင်သေးဘူးဆိုရင် အဲဒီ စစ်ပွဲ ရပ်မသွားဘူး။ အီရန်ဘက်က သူတို့ကိုယ်ပိုင် စစ်ပွဲ ရည်မှန်းချက်တွေ အထမမြောက်သေးဘဲ ဒီစစ်ပွဲကို အပြီးသတ်ဖို့ စိတ်ကူးမရှိဘူး။ အခု အသက်သွေးကြော ဟော်မု(ဇ်) ရေလက်ကြားကို သူတို့ ထိန်းချုပ်ထားတယ်။
ကဒ်အားလုံး အီရန် ကိုင်ထားတယ်
အီရန်တွေကို ကမ်းလှမ်းထားတဲ့ ထရမ့်ရဲ့ ‘အချက် ၁၅ ချက်ပါ ငြိမ်းချမ်းရေး အစီအမံ’ ဟာ အနှစ်သာရအားဖြင့် အကြွင်းမဲ့ အညံ့ခံရေး တောင်းဆိုထားတာပဲ။ စစ်တလင်းမှာ အရေးနိမ့်နေတဲ့ ယူအက်(စ်)က တောင်းဆိုနေခြင်း ဖြစ်တယ်။ ‘အီရန်က နျူကလိယာ သန့်စင်ရေး အဆောက်အအုံတွေ ဖျက်သိမ်းပစ်ရမယ်၊ နျူကလိယာ လက်နက် ရရှိရေး ဘာမှ မလုပ်ရဘူး၊ သန့်စင်ပြီးသား ယူရေနီယံ ၄၀၀ ကီလိုဂရမ်ကို အပြည်ပြည်ဆိုင်ရာ နျူကလိယာ စွမ်းအင် အေဂျင်စီကို လွှဲပြောင်းပေးရမယ်၊ အဲဒီ အေဂျင်စီက အီရန်ရဲ့ အဆောက်အအုံတွေကို အပြည့်အဝ ကိုယ်တွယ်ခွင့် ရသွားမယ်၊ ဖော်ဒိုး၊ အစ်(စ်)ဖာဟန်နဲ့ နတန့်(ဇ်)တို့မှာ ရှိတဲ့ နျူကလိယာ အဆောက်အအုံတွေကို အကုန် ရပ်ပစ်ရမယ်’ လို့ ယူအက်(စ်)ဘက်က တောင်းဆိုတယ်။ အီရန်က ဒေသတွင်း ပရောက်စီတွေကို စွန့်ပစ်ရမယ်၊ သူတို့ကို လက်နက်၊ ငွေကြေး ထောက်ပံ့တာတွေ ဖြတ်တောက်ပစ်ရမယ်၊ ဟော်မု(ဇ်) ရေလက်ကြားကို ပြန်ဖွင့်ပေးရမယ်၊ ဒါ့အပြင် မစ်ဆိုင်း ပရိုဂရမ်ကိုလဲ အရည်အသွေးရော အတိုင်းအဆပါ ကန့်သတ်ထားရမယ်လို့ ယူအက်(စ်)က တောင်းဆိုထားသေးတယ်။
တနည်းအားဖြင့် ထရမ့်က စစ်ပွဲကနေ အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ ရည်မှန်းချက် အားလုံးကို စက္ကူ တရွက်နဲ့ အရယူဖို့ ကြိုးပမ်းနေတာပဲ။
ဒီတော့ အီရန်ဘက်က အဲဒီ တောင်းဆိုချက်တွေကို ချက်ချင်း ပယ်ချပစ်လိုက်တာ မထူးဆန်းဘူး။ နောင် စေ့စပ်ညှိနှိုင်းမှုတွေ လုပ်တဲ့အခါ အီရန်က အတော် အားကောင်းတဲ့ အနေအထားကို ပိုင်ဆိုင်ထားတယ်။ အီရန်ဘက်က သူတို့ကိုယ်ပိုင် တောင်းဆိုချက်တွေနဲ့ တုံ့ပြန်ထားတယ် – ‘ရန်သူဘက်က “ရန်လိုတိုက်ခိုက်ခြင်းနဲ့ လုပ်ကြံသတ်ဖြတ်ခြင်းတွေ” အားလုံး အဆုံးသတ်ပစ်ရမယ်၊ အီရန်ကို နောက်ထပ် စစ်မက်ပြုခြင်း မရှိအောင် တားဆီးကာကွယ်ပေးမဲ့ အခိုင်အမာ ယန္တရားတွေ ထူထောင်ပေးရမယ်၊ စစ်ကြောင့် ထိခိုက်ပျက်စီးမှုတွေအတွက် လျော်ကြေးပေးရမယ်၊ ဒေသတွင်းက ခုခံရေး အင်အားစု အားလုံးနဲ့ စစ်မျက်နှာ အားလုံးမှာ စစ်ပွဲကို အဆုံးသတ်ရမယ်၊ ဟော်မု(ဇ်) ရေလက်ကြားအပေါ် အီရန်ရဲ့ အချုပ်အခြာ အာဏာ ပိုင်စိုးမှုကို အီရန်ရဲ့ သဘာဝ အခွင့်အရေး၊ ဥပဒေဆိုင်ရာ အခွင့်အရေးအဖြစ် အသိအမှတ်ပြုရမယ်၊ ဒီလို အသိအမှတ်ပြုခြင်းဟာ တဖက် အင်အားစုရဲ့ ကတိကဝတ်တွေကို အာမခံချက် ပေးထားခြင်း ဖြစ်တယ်’။
အီရန်က နိုင်ငံ တော်တော်များများနဲ့ အပေးအယူ တည့်လုနီးပါး ဖြစ်နေပြီ ဆိုတဲ့ သတင်းတွေ တက်လာတယ်။ ရေနံတင် သင်္ဘောကြီး တချို့ ရေလက်ကြားကို ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားနေပြီ။ တချို့လဲ ဒီလို ဖြတ်သန်းခွင့် ရဖို့ အီရန်ကို ငွေပေးရတယ်လို့ ပြောကြတယ်။ စစ်မဖြစ်တဲ့ ကာလဆိုရင် တရက်ကို သင်္ဘော တရာကျော် နေ့စဉ် ဖြတ်သန်းသွားတဲ့ ရေလက်ကြား ဖြစ်ပါတယ်။ ဒီတော့ ဖြတ်သန်းခွင့် ဂိတ်ကြေးသာ ကောက်ခွင့်ရသွားမယ်ဆိုရင် အီရန်ကတော့ ငွေတွေ သဲ့ယူရုံပဲ။
ဒါ့ကြောင့် ပြဿနာ မဖြေရှင်းနိုင်ချိန် အီရန်က သူ့လက်ထဲမှာ အားကောင်းတဲ့ ကဒ်တွေ ကိုင်ထားပြီ။ ရေလက်ကြားကို သူတို့ အပြည့်အဝ ထိန်းချုပ်ထားတယ်၊ ဒီတော့ စေ့စပ်ရေး လုပ်ဖို့ တောင်းထားတဲ့ အချက်တွေက တကယ် လက်တွေ့မှာ သူတို့ ပိုင်ထားပြီးသား အရာတွေ။
ယူအက်(စ်) စစ်အခြေစိုက်စခန်း အားလုံး ရုတ်သိမ်းရေးနဲ့ ပတ်သက်လို့ ပြောရရင် ဒီအချက်က အီရတ်မှာ တစိတ်တပိုင်း အထမြောက်ပြီးသား ဖြစ်နေပြီ။ နေတိုးက လက်ကျန် တပ်အင်အားတွေကို Camp Victory ကနေ ပြန်ရုပ်သွားပြီ၊ (အီရတ် ကာဒစ်စတန် ဒေသ) Erbil နဲ့ ဆီးရီးယား နယ်စပ် ဒေသမှာပဲ ယူအက်(စ်) တပ် အင်အား နည်းနည်းပါးပါး ကျန်ခဲ့တယ်။
နျူးယော့(ခ်)တိုင်း(စ်)ရဲ့ စုံစမ်းဖော်ထုတ်ချက်အရ အီရန် တိုက်ခိုက်မှုတွေကြောင့် “အမေရိကန် တပ်တွေ အသုံးပြုခဲ့တဲ့ ဒေသတွင်း စစ်အခြေစိုက် စခန်း ၁၃ ခုဟာ လူနေလို့ မရတော့ဘူး။ စစ်သားတွေကို ဟိုတယ် ပို့လိုက်ရတယ်၊ ယူအက်(စ်)အနေနဲ့ ရေတပ် သင်္ဘောတွေနဲ့ ဥရောပ အခြေစိုက်စခန်းတွေကနေ အဝေးပစ် တိုက်ခိုက်မှုတွေသာ လုပ်နိုင်တော့တယ်။
ပင်လယ်ကွေ့ နိုင်ငံတွေအနေနဲ့ သူတို့ မြေပေါ်မှာ ယူအက်(စ်) စစ်တပ်ကို အခြေချခွင့် ပေးတာ သူတို့အတွက် အကျိုးရှိရဲ့လား ဆိုတာ စဉ်းစားရတော့မယ်။ အခုဆိုရင် ယူအက်(စ်) စလိုက်တဲ့ စစ်ပွဲကြောင့် သူတို့ရဲ့ အခြေခံ အဆောက်အအုံတွေဟာ အီရန်ရဲ့ လက်တုံ့ပြန် တိုက်ခိုက်တာတွေ ခံနေရပြီ။
စေ့စပ်ညှိနှိုင်းရေးတွေ လုပ်ရင် သူတို့ဘက်က အလေးသာမှန်း အီရန်တွေက ကောင်းကောင်း သိတယ်။ အလွန် ရင်းနှီးတဲ့ စေ့စပ်ရေးတွေ လုပ်နေပြီလို့ ဒေါ်နယ်ထရမ့် ပြောလာတော့ ဘာစေ့စပ်ရေးမှ လုပ်မနေဘူးလို့ အီရန်ဘက်က ပြောထားတယ်။ အီရန်က အမှန်တရားဘက်မှာ ရှိတယ်၊ ယူအက်(စ်)က အလိမ်အညာတွေဘက်မှာ ရှိနေတယ်၊ ယူအက်(စ်) မီဒီယာတွေက မုသားတွေဟာ ဘယ်သူ့ကိုမှ အယုံမသွင်းနိုင်ဘူးလို့ IRGC ကိုယ်စားလှယ် တယောက်က ညီလာခံတခုမှာ ထပြောခဲ့တယ်။
ယူအက်(စ်)ဘက်က စေ့စပ်ရေး ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ နောက်ထပ် တုံ့ပြန်ရာမှာ အီရန်ဘက်က အခုလို ဆိုပါတယ် –
“မင်းတို့ရဲ့ ကိုယ်တွင်း လွန်ဆွဲပွဲက ကိုယ့်ဘာသာ စေ့စပ်ရေး လုပ်နေရတဲ့ အဆင့်ကို ရောက်သွားပြီလား။ မင်းတို့ရဲ့ ကျဆုံးမှုကို သဘောတူညီမှုလို့ မပြောပါနဲ့”။
အမေရိကန်တွေက သူတို့ဘာသာ စေ့စပ်ရေး လုပ်နေကြတယ်လို့ အီရန်ဘက်က ပြောလိုက်တာပဲ။ စေ့စပ်ရေးတွေ ဖြစ်နေပြီလို့ ထရမ့်က ပြောတယ်၊ စေ့စပ်ရေး မရှိသေးဘူးလို့ အီရန်တွေက ပြောတယ်။ ယူအက်(စ်)က အီရန် အဆောက်အအုံတွေကို ရာနှုန်းပြည့် ဖျက်စီးလိုက်ပြီလို့ ထရမ့်က ပြောတယ်၊ အစ္စရေးနဲ့ အခြား တိုင်းပြည်တွေက ပစ်မှတ်တွေကို တည့်တည့်မှန်အောင် ထုပြီး အီရန်က တုံ့ပြန်ပြလိုက်တယ်။
ဒီအခြေအနေဟာ နေရာတိုင်းမှာ နိုင်ငံရေး သက်ရောက်မှုတွေ ကြီးကြီးမားမား ရှိနေပြီ။ အထူးသဖြင့် နယ်ချဲ့စနစ် ဗိုလ်ကျခံနေရတဲ့ တိုင်းပြည်တွေနဲ့ အာရပ် မွတ်စလင် ကမ္ဘာမှာ သက်ရောက်မှု ပိုကြီးတယ်။ သုံးရက်အတွင်း အမြစ်ဖြုတ်ခံရမယ် ဆိုတဲ့ တိုင်းပြည်တခုက ပြန်တွယ်လိုက်လို့ ယူအက်(စ်) အရှက်တကွဲ အကျိုးနည်း ဖြစ်နေတာကို လူတွေ မြင်နေကြပြီ။ ဒီအခြေအနေမှာ အနာဂတ်အတွက် အလွန် ကြီးမားတဲ့ နိုင်ငံရေး သက်ရောက်ချက်တွေ ရှိနေတယ်။
လက်ဘနွန် ပြဿနာလဲ ရှိသေးတယ်။ ဟစ်(ဇ်)ဘိုလာက အီရန်ကို အတုယူပြီး အလားတူ တည်ဆောက်ထားနိုင်လို့ တော်တော်များများ အံ့အားသင့်နေကြတယ်။ အီရန်တွေဟာ အစ္စရေး ထောက်လှမ်းရေးရဲ့ အလစ်အငိုက် ဖမ်းတာကို နှစ်ကြိမ် သုံးကြိမ် ခံခဲ့ရတယ်။ အခု ကြည့်ရတာ လက်ဘနွန်က ဒီအဖြစ်ကနေ သင်ခန်းစာ ယူထားပုံပဲ။
ဥပမာ တခုပြရရင် ဒစ်ဂျစ်တယ် ဆက်သွယ်ရေး ကိရိယာတွေ သူတို့ မသုံးတော့ဘူး။ တယောက်နဲ့ တယောက် ပြောဆို ဆက်ဆံရာမှာ ဒစ်ဂျစ်တယ် နည်းတွေ သူတို့ မသုံးတော့ဘူး။ အီရန်လိုပဲ ဗဟိုချုပ်ကိုင်မှု လျှော့ချထားတဲ့ ‘mosaic’ ကာကွယ်ရေး စနစ်ကို ဟစ်(ဇ်)ဘိုလာတွေ သုံးလာကြတယ်။ သူတို့ စွမ်းဆောင်ရည်ကို အချိန်ယူပြီး ပြန်တည်ဆောက်ထားတယ်။ အခုဆိုရင် အစ္စရေးဘက်က မြေပြင် ထိုးစစ်ဆင်ဖို့ ကြိုးပမ်းတဲ့အခါ ဇိုင်ယင်နစ်တွေ အခြေမလှ ဖြစ်ပြီး အရှိန်လျှော့ချလိုက်ရတယ်။ ဇိုင်ယင်နစ်တွေက လမ်းတံတားတွေနဲ့ အခြေခံ အဆောက်အအုံတွေကို ဗုံးကြဲ တိုက်ခိုက်လာတယ်။ သူတို့ ရည်မှန်းချက်က လစ်တနီ မြစ်အထိ ရှည်လျားတဲ့ ကြားခံ ဇုန်ကို အမြဲတမ်း ကျူးကျော်ဖို့ ဖြစ်ကြောင်း အစ္စရေးဘက်က ထုတ်ပြောထားတယ်။ ဒါပေမဲ့ အစ္စရေးတွေအဖို့ မလွယ်ပါဘူး။
စီးပွားရေး ရိုက်ခတ်မှုများ
ဒီစစ်ပွဲကြောင့် စီးပွားရေးအပေါ် ကြီးကြီးမားမား သက်ရောက်မှုတွေ ရှိနေပြီ။ ရေနံဈေးက ၁ စည်ပိုင်းကို ဒေါ်လာ ၁၂၀ ကနေ ၈၇ ဒေါ်လာအထိ ခဏ ပြန်ကျသွားပေမဲ့ မကြာခင် ပြန်တက်သွားတယ်၊ ယေဘုယျအားဖြင့် ဒေါ်လာ ၁၀၀ အထက်မှာပဲ ရှိနေတယ်။ ဧပြီအထိသာ စစ်ပွဲ တာရှည်သွားရင် အခုထက် အများကြီး ပိုဆိုးသွားမယ်။ တကယ်တော့ အခုကို ဆိုးကျိုး သက်ရောက်မှု ရှိနေပြီ၊ ငွေကြေးဖောင်းပွမှု မြင့်လာပြီ။ နိုင်ငံ အတော်များများက ဓာတ်ဆီ ဆိုင်တွေမှာ ဈေးတွေ ထောင်တက်သွားပြီ။ တကယ်တော့ ဒါ အစပဲ ရှိသေးတယ်။
လက်ရှိ အီရန် စစ်ပွဲက ကမ္ဘာ့ အကြီးဆုံး အဆင့်မြင့် မိုက်ခရိုချစ်(ပ်) ထုတ်လုပ်သူ ထိုင်ဝမ်အပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှုတွေ ရှိနေပြီ။ ထိုင်ဝမ်ရဲ့ စွမ်းအင် လိုအပ်ချက် ၄၀%ဟာ ဓာတ်ငွေ့ရည် (LNG) ကို မှီခိုထားခြင်း ဖြစ်တယ်၊ အဲဒီ ဓာတ်ငွေ့ရည် လိုအပ်ချက် သုံးပုံ တပုံကို ကာတာ နိုင်ငံကနေ တင်သွင်းရခြင်း ဖြစ်တယ်။ အခု ကာတာက ဓာတ်ငွေ့ရည် ထုတ်လုပ်မှု ရပ်ဆိုင်းထားတယ်။ ထိုင်ဝမ်အနေနဲ့ အရေးပေါ် အခြေအနေအတွက် သိုလှောင်ထားတာတွေ ထုတ်သုံးရနိုင်တယ်။ ဒါကလဲ ၁၁ ရက်စာပဲ ရှိတယ်။
ဒါ့အပြင် ဟီလီယံ ကိစ္စ ရှိသေးတယ်။ သူက အဆင့်မြင့် မိုက်ခရို ချစ်(ပ်)တွေ ထုတ်လုပ်ရာမှာ အလွန် အရေးကြီးတဲ့ အစိတ်အပိုင်း တမျိုး ဖြစ်ပါတယ်။ ဟီလီယံကို သဘာဝ ဓာတ်ငွေ့ ထုတ်ယူတဲ့ ဖြစ်စဉ်ကနေ byproduct အနေနဲ့ ရရှိပါတယ်၊ ဟီလီယံ အများစုက ကာတာက ထွက်ပြီး ကာတာကနေပဲ တင်ပို့တယ်။ ထိုင်ဝမ်ဆိုရင် ဟီလီယံ လိုအပ်ချက် ၆၉% ကို ကာတာကနေ တင်သွင်းရခြင်း ဖြစ်တယ်။
ဖိလစ်ပိုင်မှာ စီးပွားရေး အရေးပေါ် အခြေအနေ တနှစ် ကြေညာထားတယ်၊ ရေနံနဲ့ ဓာတ်ငွေ့ ဖြည့်တင်းရေး ပြဿနာတွေ၊ ကုန်ဈေးနှုန်း တက်တဲ့ ကိစ္စတွေ ကိုင်တွယ် ဖြေရှင်းရေး အစီအမံတွေ အကောင်အထည် ဖော်နေရပြီ။ စပိန်မှာ အစိုးရက စွမ်းအင် ဘေလ်အတွက် ထောက်ပံ့ကြေး ပေးဖို့ အရေးပေါ် ရန်ပုံငွေ ယူရို ၅ ဘီလျံ ထူထောင်ထားတယ်။ စပိန်က ယေဘုယျအားဖြင့် လောင်စာဆီ ဈေး တက်တဲ့ဒဏ် သိပ်ခံရလေ့ မရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။
ဟော်မု(ဇ်) ရေလက်ကြားဟာ ရေနံနဲ့ ဓာတ်ငွေ့အပြင် ကမ္ဘာ့ ဓာတ်မြေဩဇာ (ယူရီးယားနဲ့ အမိုးနီးယား အပါအဝင်) တင်ပို့မှုအတွက်လဲ အလွန် အရေးကြီးတဲ့ အသက် သွေးကြော ဖြစ်ပါတယ်။ ဒီဒေသဟာ ကမ္ဘာ့ အမိုးနီးယား ကုန်သွယ်ရေးရဲ့ ၂၅-၃၀% ၊ ယူရီးယား ၄၆% ၊ ကမ္ဘာ့ ဆာလ်ဖာ ကုန်သွယ်ရေးရဲ့ ၄၄% ဝန်းကျင် ရှိတယ်။ ကာတာ ဓာတ်မြေဩဇာ ကုမ္ပဏီ (QAFCO) ဟာ ကမ္ဘာ့ အကြီးဆုံး ယူရီးယား တင်ပို့သူ ဖြစ်ပါတယ်၊ သူတခုတည်းကတင် ကမ္ဘာ့ ယူရီးယား ၁၄% ကို ဖြန့်ဖြူးနေခြင်း ဖြစ်တယ်။
ရေလက်ကြား ပိတ်လိုက်တော့ သီတင်းပတ် အနည်းငယ် အတွင်းမှာပဲ ယူရီးယား ဈေးတွေ ၃၅-၄၀% လောက် တက်သွားတယ်။ ဓာတ်မြေဩဇာ တင်ပို့တဲ့ လမ်းကြောင်း ရပ်ဆိုင်းသွားပြီ။ ကမ္ဘာ့ မြောက်ခြမ်းက စိုက်ရေးပျိုးရေး ရာသီနဲ့ ချိန်သားကိုက် ဖြစ်နေတယ်။ ဓာတ်မြေဩဇာ လိုအပ်တဲ့ အရေးကြီး အချိန်မှာ အခုလို ပြတ်တောက်ကုန်တာ။ အိန္ဒိယ၊ ဘင်္ဂလားဒေ့(ရ်ှ)၊ ပါကစ္စတန်တို့လို တိုင်းပြည်တွေမှာသာမက ယူအက်(စ်)မှာပါ သီးနှံ အထွက်နှုန်း ကျဆင်းသွားစေနိုင်တယ်။ ယူအက်(စ်)က တင်သွင်းနေတဲ့ ဓာတ်မြေဩဇာ ၂၀%ဟာ ကာတာက လာခြင်း ဖြစ်တယ်။
Goldman Sachs က အကဲခတ်တွေကတော့ ဓာတ်မြေဩဇာ ဈေးနှုန်း တက်သွားခြင်း၊ ထောက်ပို့မှု ပြတ်တောက်သွားခြင်းရဲ့ နောက်ဆက်တွဲ သက်ရောက်မှုကို ၆လ တနှစ်လောက် ကြာမှ ပီပီပြင်ပြင် မြင်ရလိမ့်မယ်လို့ သတိပေးထားတယ်။ လတ်တလော ဓာတ်မြေဩဇာ ပြတ်လပ်မှုဟာ ၂၀၂၆ နှောင်းပိုင်းကျရင် “သီးနှံ ထုတ်လုပ်ရေး ဆုံးရှုံးမှု” အသွင်နဲ့ ထွက်ပေါ်လာလိမ့်မယ်၊ ၂၀၂၇ အစောပိုင်းကျရင် အဆိုးရွားဆုံး အငတ်ဘေးနဲ့ ဈေးနှုန်း ကြိးလေးတဲ့ ဒုက္ခတွေကို ကြုံရလိမ့်မယ်။
အီရန် စစ်ပွဲကြောင့် ဖြစ်ပေါ်လာမဲ့ စီးပွားရေး ဆိုးကျိုးတွေထဲမှာ ငွေကြေးဖောင်းပွမှု မြင့်မားခြင်းနဲ့ စတော့(ခ်) ဈေးကွက် မတည်ငြိမ်တာတွေအပြင် အကြွေးယူရတဲ့ အဖိုးအခ ကြီးမားလာခြင်း၊ ရှေ့တန်းရောက် အရင်းရှင် တိုင်းပြည်တွေမှာ ကြွေးမြီ ဝန်ထုပ် ပိုလေးလာခြင်းတွေလဲ ရှိသေးတယ်။
နဂိုကတည်းက မကျန်းမာတဲ့ ကမ္ဘာ့ စီးပွားရေးဟာ အီရန် စစ်ပွဲဆိုတဲ့ ရှော့ခ်ကြောင့် အလွယ်တကူ စီးပွားရေး ထိုးကျသွားနိုင်တယ်။ (စီးပွားရေး ထိုင်းမှိုင်းခြင်း stagnation နဲ့ ငွေကြေးဖောင်းပွမှု inflation တပြိုင်တည်း ဖြစ်တဲ့) stagflation မျိုး ဖြစ်လိမ့်မယ်လို့ တော်တော်များများ ပြောနေကြတယ်။ စီးပွားရေး ကျဆင်းမှုသာ ဖြစ်လာရင် အဲ့ထက် ပိုဆိုးတဲ့ slumpflation အကြောင်း ကျနော်တို့ ပြောနေရလိမ့်မယ်။
ငွေကြေးဖောင်းပွမှု မြင့်မားပြီး အတိုးနှုန်း များလာတော့ အကြွေးဝန် ပိလာတဲ့ အစိုးရတွေက အများပြည်သူအတွက် အသုံးစရိတ်တွေ ဖြတ်တောက်ပြီးရင်း ဖြတ်တောက်လာကြမယ်။ ဒီအခြေအနေဟာ လူတန်းစား တိုက်ပွဲ ပေါက်ကွဲစေမဲ့ recipe ပဲ။
တရုတ်နဲ့ ရုရှား
ဒီအချိန်မှာပဲ ယူအက်(စ်)ရဲ့ အဓိက ပြိုင်ဖက်တွေဟာ အကျိုးဖြစ်ထွန်းနေတယ်။ မကြာသေးခင်ကပဲ တရုတ်က ထုတ်ပြောထားတယ်၊ သူတို့လဲ ထိုင်ဝမ်ကို စစ်ရေးအရ ဝင်မစွက်ဖက်ပါဘူးလို့ မပြောနိုင်ကြောင်း ဆိုပါတယ်။ ဒီလို ပြောလို့ မကြာခင် ထိုင်ဝမ်ကို ထသိမ်းတော့မယ်လို့ မဆိုလိုဘူး။ ဒါပေမဲ့ တရုတ် ပြောတဲ့ သတင်းစကားက ရှင်းပါတယ် – ‘အီရန် စစ်ပွဲက ယူအက်(စ်) ပါဝါရဲ့ အကန့်အသတ်တွေကို ဖွင့်ထုတ်ပြလိုက်ပြီ၊ ယူအက်(စ်)အနေနဲ့ အီရန်မှာ စစ်ပွဲ ရည်မှန်းချက်တွေ အောင်မြင်အောင် မလုပ်နိုင်ဘူး၊ ဒီတော့ တရုတ်နဲ့ ထိပ်တိုက် မတွေ့သင့်ဘူး’။
ထရမ့်ရဲ့ လောင်းကစားပွဲကြီး အီရန်မှာ မရှုမလှ ရှုံးနိမ့်သွားတော့ အမြတ်အထွက်ဆုံးက ရုရှား ဖြစ်လိမ့်မယ်။ လွန်ခဲ့တဲ့ သုံးလလောက်ကဆိုရင် ရုရှားက သူ့ရေနံတွေ ရောင်းထွက်အောင် အိန္ဒိယလို နိုင်ငံတွေကို အလွန်အမင်း ဈေးလျှော့ပြီး ရောင်းခဲ့ရတယ်။ ရေနံ တစည်ကို ၂၂ ဒေါ်လာနဲ့ ရောင်းခဲ့ရတာမျိုးတောင် ရှိခဲ့တယ်။ အခုဆို ရုရှားက ဒေါ်လာ တရာ ဝန်းကျင်နဲ့ ရောင်းနေပြီ။ ရေနံဈေးတွေ တက်သွားတော့ ရုရှားက တရက် ဝင်ငွေ ဒေါ်လာ သန်း ၁၅၀ တိုးလာတယ်လို့ Financial Times က တွက်ပြတယ်။ ဒါ့အပြင် ရုရှားက ဓာတ်မြေဩဇာ အဓိက တင်ပို့တဲ့ နိုင်ငံလဲ ဖြစ်နေသေးတယ်။
ယူအက်(စ်)က ရုရှားကို ဆန့်ရှင် ကင်းလွတ်ခွင့် ရက် ၃၀ ပေးထားတယ်။ ကုန်ဈေးနှုန်းတွေ ဘယ့်လောက်ကြာကြာ မြင့်တက်နေမလဲ ဘယ်သူမှ မသိဘူး။ ယူအက်(စ်)ကတော့ ရုရှားကို စီးပွားရေး အားကောင်းသွားအောင် လုပ်ပေးလိုက်ပြီ။ ရုရှား စီးပွားရေး ထိုင်းမှိုင်းနေချိန် အခုလို လုပ်ပေးလိုက်ခြင်း ဖြစ်တယ်။

ရုရှားကို နောက်ထပ် အားဖြည့်ပေးလိုက်တာ ရှိသေးတယ်။ အခုဆိုရင် ယူအက်(စ်)ဟာ ကမ္ဘာတလွှားက Patriot မစ်ဆိုင်းတွေ၊ THAAD မစ်ဆိုင်းတွေ၊ ဒုံးခွင်းဒုံးတွေကို အသည်းအသန် ယူသုံးနေရတယ်။ ယူအက်(စ်)က အဲဒါတွေ သုံးပစ်လိုက်တော့ ယူကရန်းအတွက် သုံးစရာ မရှိတော့ဘူး။ ဒီတော့ ယူကရိန်း စစ်မြေပြင်မှာလဲ ယူအက်(စ်)က ရုရှားကို အားဖြည့်ပေးလိုက်သလို ဖြစ်သွားတယ်။
Washington Post အလိုအရ “ပင်တဂွန်ဟာ တနင်္လာနေ့တုန်းက ကွန်ဂရက်ကို အကြောင်းကြားထားတယ်၊ PURL ပရိုဂရမ်ကနေ နေတိုး အဖွဲ့ဝင် နိုင်ငံတွေ ထုတ်ပေးထားတဲ့ ရန်ပုံငွေ သန်း ၇၅၀ ကို ယူအက်(စ်) စစ်တပ်အတွက် ခဲယမ်း လက်နက် ဖြည့်တင်းဖို့ အသုံးပြုသွားမယ်၊ ယူကရိန်းကို နောက်ထပ် အကူအညီ ထပ်မပေးနိုင်တော့ဘူး”။ သဘောက နေတိုး အဖွဲ့ဝင် ဥရောပ နိုင်ငံတွေက ယူကရိန်းကို ထောက်ပံ့ပေးဖို့ ယူအက်(စ်) ကို ငွေတွေ ပေးထားတယ်၊ သို့သော် အခု ယူအက်(စ်)က အဲဒီငွေတွေကို သူ့ဘာသာ သုံးပစ်တော့မယ်။
အရူးထပြီး ယူအက်(စ်)က အီရန် ရေနံတွေကို ဆန့်ရှင် ရုတ်သိမ်းပေးလိုက်သေးတယ်။ ဒီလို ရုတ်သိမ်းပေးရတဲ့ အကြောင်းကို ရှင်းပြရင်း Treasury Secretary Scott Bessent က အခုလို ပြောသွားတယ် –
“ငါတို့က အီရန်တွေနဲ့ ဂျူဂျစ်ဆူး ကစားနေတာ၊ သူတို့ ရေနံကို သုံးပြီး သူတို့ကို ပြန်တိုက်နေတာ”။ ဒီတော့ သူပြောချင်တဲ့ လော့ဂျစ်က အီရန်တွေက ရေနံဈေး တက်စေချင်တယ်၊ ဒါ့ကြောင့် အမေရိကန်တွေက ရေနံဈေး မတက်အောင် သူတို့ ရေနံတွေကို တစည်ကို ဒေါ်လာ ၁၀၀ နှုန်းနဲ့ ဝယ်ပေးလိုက်တယ်။ Bessent ရဲ့ သိုင်းပညာ အရည်အချင်းကို ကျနော် အကဲမဖြတ်တတ်ပါဘူး၊ သို့သော် လောလောဆယ် ရေနံတွေ ဈေးကောင်းကောင်းနဲ့ ရောင်းနေတဲ့ အီရန်က Bessent ကို ဟားတိုက် ရယ်ကြလိမ့်မယ်။
Trump’s popularity
နောက်ဆုံးအနေနဲ့ ဒေါ်နယ်ထရမ့်ရဲ့ လူထု ထောက်ခံမှု နှုန်းထားကိုလဲ ပြောရဦးမယ်။ ထရမ့်က ဥရောပ ခေါင်းဆောင်တွေထက် ထောက်ခံမှု နှုန်းထား ပိုမြင့်နေတုန်းပဲလို့ မှတ်ချက်ပြုတာ ရှိနိုင်တယ်။ ဒါပေမဲ့ တိုင်းတဲ့ ပေတံက အတော် နိမ့်တာပဲ။ ထရမ့်ရဲ့ လူကြိုက်များနှုန်းဟာ ကျဆင်းနေတယ်၊ အချိန်နဲ့အမျှ တအိအိ ကျလာခြင်း ဖြစ်တယ်။ သို့သော် ပြီးခဲ့တဲ့ တပတ်ကတော့ ၄% အထိ ပြုတ်ကျသွားတယ်၊ သိသိသာသာ ကျသွားတဲ့ သဘော။ ထရမ့်ရဲ့ သမ္မတအဖြစ် စွမ်းဆောင်မှုတွေကို ထောက်ခံနှုန်း ၃၆% နဲ့ ဆန့်ကျင်နှုန်း ၆၂% ရှိပါတယ်။ IPSOS Consumer Tracker poll ရဲ့ တွေ့ရှိချက်အရ ယူအက်(စ်) ပြည်သူ ၉၂%ဟာ သူတို့ ဒေသမှာ ဓာတ်ဆီဈေးတွေ တက်သွားတာ သတိပြုမိတယ်၊ ၈၇%က ဒီထက် အခြေအနေ ဆိုးသွားမယ်လို့ တွက်ထားကြောင်း ပြောပါတယ်။
ထရမ့်က မတူညီတဲ့ နယ်ပယ် တော်တော်များများမှာ စစ်တမ်း ရလဒ်တွေ မကောင်းလှဘူး။ ၂၀၂၆ မတ်လမှာ ပြုလုပ်တဲ့ YouGov စစ်တမ်းအရ ယူအက်(စ်) နိုင်ငံသား ၆၁%က ကျူးဘားကို စစ်အင်အားသုံးပြီး တိုက်ခိုက်တာ ဆန့်ကျင်တယ်၊ ၁၃%ကပဲ ထောက်ခံတယ်။ အဲဒီစစ်တမ်းမှာပဲ ယူအက်(စ်)ရဲ့ ကုန်သွယ်ရေး ပိတ်ဆို့မှုကို မထောက်ခံသူ ပိုများကြောင်း တွေ့ရတယ်။ အထူးသဖြင့် ၂၀၂၆ နှစ်ဆန်းမှာ စတင်ခဲ့တဲ့ ရေနံ ပိတ်ဆို့မှုကို ဆန့်ကျင်ကြတယ်။ ရေနံ တင်ပို့မှု ပိတ်ပင်ထားခြင်းကို ထောက်ခံသူ ၂၈%သာ ရှိပြီး ဆန့်ကျင်သူ ၄၆% ဝန်းကျင် ရှိပါတယ်။
အီရန် စစ်ပွဲနဲ့ ပတ်သက်ပြီး မတ်လ ၁၆-၂၂ သီတင်းပတ်မှာ ပြုလုပ်ထားတဲ့ Pew Research Center ရဲ့ စစ်တမ်းတခုမှာ အီရန် ပဋိပက္ခကို ထရမ့် ကိုင်တွယ်ပုံ မထောက်ခံသူ အမေရိကန် နိုင်ငံသား ၆၁% ရှိပြီး ၅၉%ကတော့ စစ်အင်အား အသုံးပြုခြင်းကို မှားတယ်လို့ မြင်ကြတယ်။
အီရန် စစ်ပွဲက ထင်သလို ဖြစ်မလာတဲ့အပြင် စီးပွားရေး ရိုက်ခတ်မှုဒဏ်ကိုပါ ခံနေရသေးတယ်။ ဒီတော့ ထရမ့် ထောက်ခံတဲ့ MAGA လှုပ်ရှားမှုအတွင်း ကွဲအက်မှုတွေ ပြင်းထန်လာတယ်။ ဒီတော့ ထရမ့် အစိုးရ အဖွဲ့အတွင်းမှာကို ကွဲအက်မှု တချို့ ထွက်ပေါ်သွားစေတယ်။ National Counterterrorism Center ရဲ့ ဒါရိုက်တာ Joe Kent ဟာ မကြာသေးခင်ကပဲ ရာထူးက နှုတ်ထွက်သွားတယ်။ အခုဆိုရင် MAGA ထောက်ခံတဲ့ ယူကျု ချန်နယ်တွေနဲ့ ပေါ့ကဒ်တွေကနေ ထရမ့်ကို တိုက်ခိုက်နေပြီ။
အီရန်ဘက်က ဒီအက်ကြောင်းတွေကို ပါးပါးနပ်နပ် အသုံးချပြီး ထရမ့် အစိုးရ အဖွဲ့အတွင်း တင်းမာမှုတွေ ဖြစ်ပေါ်လာအောင် လုပ်နေပြီ။ Steve Witkoff ဒါမှမဟုတ် Jared Kushner တို့နဲ့ ဆိုရင် စေ့စပ်ရေး မလုပ်ချင်ဘူးလို့ အီရန်ဘက်က ထုတ်ပြောလာတယ်၊ (အီရန်ဘက်က သူတို့ကို လူအတွေလို့ ပုံဖော်ထားတယ်)။ ဒီစစ်ပွဲကို သိပ်မလိုလားဘူးလို့ လူသိများတဲ့ ဒုသမ္မတ J.D.Vance နဲ့ပဲ စေ့စပ်ရေး လုပ်ချင်တယ်လို့ အီရန်တွေက ထုတ်ပြောထားတယ်။
သီတင်းပတ် ကုန်ဆုံးလို့ ၄၈ နာရီ deadline ပြည့်သွားတဲ့အခါ ထရမ့်က သူ့ခြိမ်းခြောက်မှုတွေကို နောက်ထပ် ၅ ရက် နောက်ထပ်ဆုတ်ပေးလိုက်တယ်။ တအောင့်လောက် နားပြီးတာနဲ့ ယူအက်(စ်) စတော့(ခ်) အိတ်ချိန်းဟာ တခါ ထပ်နီသွားပြီ၊ မတ်လ ၂၆ ရက် တရက်တည်းမှာတင် ဒေါ်လာ ၁ ထရီလီယံ အရှုံးပြသွားတယ်။ ရလဒ်ကတော့ အီရန်ကို သူ့တောင်းဆိုချက်တွေ လိုက်လျောဖို့ အချိန် ဆယ်ရက် ထပ်ပေးမယ်လို့ ဒေါ်နယ်ထရမ့် ထပြောလိုက်ရတာပဲ။
မြေပြင် ထိုးစစ်ဆင်ဖို့ ပြင်ဆင်ချိန် ထပ်ရအောင် ဒေါ်နယ်ထရမ့်ဘက်က ဥပါယ်တံမျဉ် တမျိုး ထပ်သုံးတာလဲ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဆိုဆို အီရန်တွေကိုတော့ အရူးလုပ်မရဘူး၊ ထရမ့်က ရန်စတိုက်ခိုက်မှုတွေ လုပ်ဖို့ စေ့စပ်ရေးကို ဟန်ပြ လုပ်ခဲ့ကြောင်း သူတို့ ကောင်းကောင်း သိပြီးသား။
ကောင်းတဲ့ ရွေးလမ်း တခုမှ မရှိ

ဘယ်လိုပဲဖြစ်ဖြစ် ယူအက်(စ်) နယ်ချဲ့အဖို့ ဘာကိုပဲ ရွေးရွေး ကောင်းစရာ မရှိဘူး။ စစ်ပွဲ ရည်မှန်းချက်တွေ မအောင်မြင်ဘဲ အခုနေ နောက်ပြန်ဆုတ်လိုက်ရရင် အကြီးအကျယ် အရှက်ကွဲပြီ။ စစ်ဆင်ရေးကို ဆွဲဆန့်မယ်ဆိုလဲ ဘာမှ မဖြေရှင်းနိုင်ဘူး၊ သို့သော် စီးပွားရေး သက်ရောက်မှုတွေကိုသာ ပိုဆိုးသွားစေမယ်။ ယူအက်(စ်)ဘက်က စစ်ကို အရှိန်ထပ်တင်ရင် ယူအက်(စ်) စစ်တပ်အဖို့ အဆုံးအရှုံး များသွားမယ်၊ အီရန်ဘက်က လိုက်လျောချက်တွေ ရဖို့ကတော့ မသေချာဘူး၊ အဲ့တော့ အခြေအနေ ပိုဆိုးသွားစေတာပဲ အဖတ်တင်လိမ့်မယ်။
ပါကစ္စတန် ကာကွယ်ရေး ဝန်ကြီးက X ပေါ်မှာ သရော်တော်တော် မှတ်ချက်ပြုထားသလိုပဲ “စစ်မဖြစ်ခင်က ပွင့်နေပြီးသား ဟော်မု(ဇ်) ရေလက်ကြား ပြန်ဖွင့်ရေးက စစ်ပွဲရဲ့ ရည်မှန်းချက် ဖြစ်သွားပြီ ထင်တယ်”။
ထရမ့်ရဲ့ အီရန် လောင်းကစားပွဲ အရေးနိမ့်သွားခြင်းဟာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးဆိုင်ရာ သက်ရောက်မှုတွေ အများကြီး ရှိလာလိမ့်မယ်။
မြန်မာပြန်သူ – မေဆန်
Trump faces impossible dilemma as Iran gets the upper hand by Jorge Martín 27 March 2026