Jorge Martín (24 March 2026)
ဇန်နဝါရီ ၂၉ မှာ ထရမ့်ပ် ချမှတ်ခဲ့တဲ့ ရေနံ ပိတ်ဆို့မှုဟာ ကျူးဘားကို တဖြည်းဖြည်းနဲ့ အသက်ရှူကျပ်အောင် လုပ်နေတယ်။ ကျူးဘားရဲ့ စွမ်းအင် ထုတ်လုပ်မှု ၆၀ ရာခိုင်နှုန်းဟာ ပြည်ပက တင်သွင်းလာတဲ့ လောင်စာဆီပေါ်မှာပဲ မှီခိုနေရတာ ဖြစ်တယ်။ ကျူးဘား အစိုးရဘက်က အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ရှိနေကြောင်း ဝန်ခံထားတယ်၊ ဒါပေမဲ့ နယ်ချဲ့စနစ်ရဲ့ အပြင်းထန်ဆုံး ခြိမ်းခြောက်မှုတွေအောက်မှာ ဆွေးနွေးနေရတာ ဖြစ်တယ်။ ကျူးဘား တော်လှန်ရေးကို ဘယ်လို ကာကွယ်ကြမလဲ။
ရေနံ အလုံးစုံ ပိတ်ဆို့မှု
ဇန်နဝါရီ ၉ ရက်နေ့က မက္ကဆီကိုကနေ PEMEX ရေနံတင်သင်္ဘော တစင်း ကျူးဘားကျွန်းကို ဆိုက်ရောက်ခဲ့ပြီးတဲ့ နောက်ပိုင်းတည်းက ကျူးဘားဟာ ရေနံနဲ့ လောင်စာဆီ တခုမှ မရတော့ဘူး။ ကျူးဘားကို ရေနံရောင်းတဲ့ ဘယ်နိုင်ငံကိုမဆို အခွန်တိုးကောက်မယ်လို့ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့တဲ့အတွက် မက္ကဆီကို အစိုးရက ရေနံတင်ပို့မှု အားလုံးကို ရပ်ဆိုင်းလိုက်တယ်။ ထရမ့်ပ်ရဲ့ အမိန့်စာမှာ သုံးထားတဲ့ ဥပဒေကြောင်းအရ စွဲချက်ဟာ တရားမဝင်ကြောင်း အမေရိကန် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပေမဲ့လဲ မက္ကဆီကိုဘက်ကတော့ ရေနံတင်ပို့မှုကို ပြန်မစသေးဘူး။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး မေးတဲ့အခါ မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်းဘောင်း (Claudia Sheinbaum) က “ကျနော်တို့ နည်းလမ်းပေါင်းစုံ စဉ်းစား ရှာဖွေနေပါတယ်၊ နောက်မှ ပြန်စီရင်ခံပါ့မယ်” လို့ ပြောခဲ့တယ်။ တကယ်တမ်းမှာတော့ ကျူးဘားရဲ့ အဓိက ရေနံ အရင်းအမြစ် ဖြစ်လာတဲ့ မက္ကဆီကိုဟာ အမေရိကန်ရဲ့ ခြိမ်းခြောက်မှုကို အလျော့ပေးလိုက်ပြီး ရေနံ တင်ပို့မှုတွေကို အလုံးစုံ ဖြတ်တောက်လိုက်တာ ဖြစ်တယ်။ မက္ကဆီကို အစိုးရဟာ ကျူးဘားဘက်က တကယ်လိုအပ်နေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးပို့ခဲ့တာ မှန်ပေမဲ့ အရေးကြီးဆုံးဖြစ်တဲ့ ရေနံကိစ္စမှာတော့ ထရမ့်ပ်ရဲ့ တောင်းဆိုချက်တွေကို လိုက်နာဖို့ပဲ ရွေးချယ်ခဲ့တယ်။
ဇန်နဝါရီ ၃ ရက်နေ့မှာ ဗင်နီဇွဲလားအပေါ် အမေရိကန်န ယ်ချဲ့သမားရဲ့ တိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့နောက် ကျူးဘားရဲ့ ဒုတိယ အကြီးဆုံး ရေနံတင်ပို့သူဖြစ်တဲ့ ဗင်နီဇွဲလားကလဲ ရေနံတင်ပို့တာတွေကို ဖြတ်တောက်လိုက်တယ်။ အဲဒီတော့ ရုရှား တနိုင်ငံပဲ ကျန်တော့တယ်။ ရုရှား အစိုးရဟာ ကျူးဘားကို ထောက်ခံကြောင်းနဲ့ အမေရိကန်ရဲ့ ရေနံပိတ်ဆို့မှုကို လက်မခံကြောင်း လူသိရှင်ကြား ပြင်းပြင်းထန်ထန် ပြောဆိုထားပေမဲ့လဲ အခုထိတော့ ရုရှားက ရေနံတွေ ကျူးဘားကို မရောက်သေးဘူး။
ဖေဖော်ဝါရီလအစမှာ Sea Horse ရေနံတင်သင်္ဘောဟာ ဆိုက်ပရပ်စ်ကမ်းလွန်မှာ ရုရှား လောင်စာဆီ စည်ပေါင်း ၂ သိန်းကို တင်ဆောင်ပြီး ကျူးဘားဘက်ကို ဦးတည်မောင်းနှင်ခဲ့တယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ ၂၄ မှာတော့ အဲဒီသင်္ဘောဟာ ကျူးဘားနဲ့ မိုင်ပေါင်း ၁၃၀၀ အကွာမှာ ရပ်တန့်သွားပြီး အတ္တလန္တိတ် သမုဒ္ဒရာ မြောက်ပိုင်းမှာပဲ လားရာ အတိအကျ မရှိဘဲ မျောနေခဲ့တယ်။ ရက်အနည်းငယ်အကြာ မတ်လ ၁၇ မှာတော့ ကျူးဘားဘက်ကို ပြန်ပြီး ဦးတည်မောင်းနှင်နေပြီဖြစ်ကြောင်းနဲ့ မတ်လ ၂၄ မှာ ဆိုက်ရောက်ဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာတယ်။
အီရန်အပေါ် ထရမ့်ပ်ရဲ့ စစ်မက်ပြုမှုကြောင့် ရေနံဈေးနှုန်းတွေ အလျင်အမြန် မြင့်တက်လာတာကို ထိန်းချုပ်ဖို့အတွက် ရုရှား ရေနံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို အမေရိကန်က ပြန်ရုပ်သိမ်းပေးခဲ့တဲ့ အခြေအနေမှာ ဒီကိစ္စတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့လဲ မတ်လ ၂၀ ရက်နေ့မှာတော့ Sea Horse သင်္ဘောဟာ လမ်းကြောင်းပြောင်းသွားပြီး အခုတော့ ထရီနီဒတ်နဲ့ တိုဘက်ဂို (Trinidad and Tobago) ကို ဦးတည်နေတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့တယ်။ ဒါဟာ ပိတ်ဆို့မှုကို ရှောင်ရှားဖို့အတွက် လှည့်ကွက်တခုလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးဘူး။
သီးခြားအနေနဲ့ မတ်လ ၁၈ ရက်နေ့မှာတော့ ရုရှား ရေနံတင်သင်္ဘော Anatoly Klodniko ဟာ အူရယ်(လ်) (Urals) ရေနံစိမ်း စည်ပေါင်း ၇ သိန်း ၃ သောင်းကို တင်ဆောင်ပြီး ကျူးဘားရဲ့ မာတန်ဇတ်စ် (Matanzas) ဆိပ်ကမ်းကို ဦးတည် မောင်းနှင်နေတယ်လို့ သတင်း ထွက်ပေါ်လာတယ်။ ဒီရေနံတင်သင်္ဘောဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုစာရင်းထဲမှာ ပါနေတဲ့အတွက် ကာရစ်ဘီယံ ပင်လယ်ထဲမှာ ကင်းလှည့်နေတဲ့ အမေရိကန် ရေတပ်နဲ့ ကမ်းခြေစောင့်တပ်တွေက ကြားဖြတ် ဖမ်းဆီးမလား ဆိုတာကတော့ မသေချာဘူး။ ဗင်နီဇွဲလားအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ရှောင်ရှားဖို့ ကြိုးစားနေတဲ့ ရေနံတင်သင်္ဘော အတော်များများကိုလဲ ဒီတပ်ဖွဲ့တွေက ဖမ်းဆီးထားတာတွေ ရှိနေတယ်။
ဒါ့အပြင် မတ်လ ၁၉ ရက်နေ့မှာတော့ အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုဆိုင်ရာ အေဂျင်စီဖြစ်တဲ့ OFAC က မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အထွေထွေလိုင်စင် ၁၃၄ ကို ပြင်ဆင်ချက်တခု ထုတ်ပြန်ခဲ့တယ်။ ဆန့်ရှင်တွေ ရုပ်သိမ်းထားပေမဲ့ ကျူးဘားအနေနဲ့ ရုရှား ရေနံကို ဝယ်ယူခွင့်မရှိအောင် ဖယ်ထုတ်လိုက်တာ ဖြစ်တယ်။ သေချာတာကတော့ အိမ်ဖြူတော်ထဲ ရောက်နေသူက ကျူးဘားအပေါ် တရားမဲ့ ချမှတ်ထားတဲ့ ရေနံပိတ်ဆို့မှုကို အတင်းအကျပ် အကောင်အထည်ဖော်ဖို့ တစိုက်မတ်မတ် အားထုတ်နေတယ်။
ထရမ့်ပ်နဲ့ ရူဘီယိုတို့ ဘာကြံနေကြသလဲ
ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ကျူးဘားအပေါ် အမေရိကန်ဘက်က ရန်စပြောဆိုမှုတွေ ပိုပြီး ပြင်းထန်လာတယ်။ ဒေါ်နယ်ထရမ့်ပ်က “တနည်းမဟုတ် တနည်းနဲ့ သိမ်းပိုက်မယ်” လို့ ထပ်ခါတလဲလဲ ပြောနေတယ်။ ထရမ့်ပ်ဘက်က “ငြိမ်းချမ်းစွာ သိမ်းပိုက်ရေး” ကို အရိပ်အမြွက် ပြောခဲ့ပေမဲ့လဲ တခြား နည်းလမ်းတွေကိုလဲ ချန်လှပ်ထားတာမျိုး မရှိဘူး။ မာကို ရူဘီယို (Marco Rubio) ကတော့ ကျူးဘားရဲ့ စီးပွားရေးဟာ အတော်လေး ဆိုးရွားတဲ့ အခြေအနေမှာ ရှိနေတယ်လို့ အလေးပေး ပြောကြားခဲ့တယ်။ အဲဒီလို ပျက်စီးသွားအောင် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေက ဘယ်လောက်အထိ ဖျက်စီးခဲ့သလဲ ဆိုတာကိုတော့ ရူဘီယို တမင်တကာ မေ့ထားလိုက်ပုံပဲ။ ဒါ့အပြင် ကျူးဘား ခေါင်းဆောင်ပိုင်းဟာ ဒီပြဿနာတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ ဆိုတာ မသိကြဘူး၊ သူတို့ ရာထူးကနေ ဆင်းပေးဖို့ လိုတယ်လို့လဲ ထပ်ပြောခဲ့သေးတယ်။
ရက်လဲ ရက်စက်၊ အသိပညာလဲကင်းမဲ့ မာန်မာနကလဲ ဖုံးနေ၊ အိမ်ခြံမြေ ဝယ်ရောင်းသမား တယောက်လို သံတမန်ရေးရာကို ဂရုမစိုက်တဲ့ ပုံစံက ထရမ့်ပ်ရဲ့ ထူးခြားတဲ့ ပုံစံပဲ။ ဒီစရိုက်အတိုင်း ထရမ့်က အခုလို ကြေညာခဲ့တယ် – “ဆိုလိုတာက ကျူးဘားကို လွတ်လပ်ခွင့်ပေးမလား၊ သိမ်းပိုက်မလား၊ အမှန်အတိုင်း ပြောရရင် ငါ လုပ်ချင်တာ အကုန်လုပ်နိုင်တယ်လို့ ထင်တယ်။ အခုအချိန်မှာ သူတို့ဟာ အင်မတန် အားနည်းနေတဲ့ နိုင်ငံ တခုပဲ။”
အမေရိကန် မီဒီယာ တော်တော်များများရဲ့ ဖော်ပြချက်အရ ကျူးဘားအပေါ် တောင်းဆိုနေတဲ့ အဓိက အချက်နှစ်ချက် ရှိတယ်။ အဲဒါတွေကတော့ ကျယ်ပြန့်တဲ့ “စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ရေး” (အရင်းရှင်စနစ်နဲ့ အစားထိုးရေးလို့ ဖတ်ပါ) နဲ့ ကျူးဘား သမ္မတ မီဂေးလ် ဒီယက်ဇ်-ကာနယ် (Miguel Díaz-Canel) ကို ရာထူးက ဖယ်ရှားရေး ဖြစ်တယ်၊ (သဘောက ကျူးဘားဘက်က သမ္မတကို ဖြုတ်ချပြီး လက်နက်ချ အညံ့ခံကြောင်း ပြသခိုင်းတာပဲ)။ ဒီပုံစံက ဗင်နီဇွဲလားမှာ အမေရိကန် လုပ်ခဲ့တဲ့ ပုံစံမျိုးပဲ။ ဗင်နီဇွဲလားရဲ့ ရေနံနဲ့ သယံဇာတတွေကို အမေရိကန်က ထိန်းချုပ်ပြီး စစ်ရေးအရ ကြားဝင် စွက်ဖက်မှုကတဆင့် သမ္မတ မာဒူရိုကို ဖယ်ရှားပစ်ခဲ့တာနဲ့ အတူတူပဲ ဖြစ်တယ်။
ဒီယက်ဇ်-ကာနယ်ကို ရာထူးက ဖယ်ရှားပစ်ခြင်းဟာ ထရမ့်ပ်အတွက်တော့ အောင်ပွဲရလိုက်ပြီ ဆိုတာကို ပြသဖို့ အကောင်းဆုံး သက်သေတခု ဖြစ်လာလိမ့်မယ်။ ဒီလုပ်ရပ်ရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကတော့ တရုတ်နဲ့ ရုရှားရဲ့ သြဇာလွှမ်းမိုးမှု မှန်သမျှ ဖယ်ရှားပြီး အမေရိကန် စီးပွားရေး လုပ်ငန်းတွေအတွက် လမ်းဖွင့်ပေးဖို့နဲ့ ကျူးဘားကို အမေရိကန်ရဲ့ လက်အောက်ခံ ကိုလိုနီတပိုင်း တိုင်းပြည် ဖြစ်အောင် လုပ်ဖို့ပဲ။
(အကျဉ်းသားတွေကို လွှတ်ပေးရေး၊ နောက်ပိုင်းမှာ ဘူဇွှာ ရွေးကောက်ပွဲတွေ ကျင်းပရေး၊ အစရှိတဲ့) တခြား လိုက်လျောချက်တွေလဲ ယူအက်စ်က ထပ်တောင်းဆိုလာလိမ့်မယ်။ ဒါပေမဲ့ ယူအက်စ်ရဲ့ အဓိက ရည်မှန်းချက်က အရင်းရှင်စနစ် ပြန်အသက်သွင်းရေးသာ ဖြစ်တယ်။ ဖြစ်နိုင်ရင် တိုင်းပြည် ဝရုန်းသုန်းကား မဖြစ်ဘဲ အရင်းရှင်စနစ်ကို ပြန်အစားထိုးချင်တယ်။ ဒါမှ အမေရိကကို ရွှေ့ပြောင်းအခြေချသူတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတာမျိုး မရှိမှာ။
အတ္တလန္တိတ် (The Atlantic) မဂ္ဂဇင်းက မေးမြန်းခဲ့တဲ့ အရာရှိတွေက လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး အခုလို ပြောထားတယ် – “အဲဒီမှာ ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှာလို့ရနိုင်တဲ့ အခွင့်အရေးတွေ ရှိနေတယ်”။ သူတို့ ပြောပြချက်အရ ထရမ့်ရဲ့ ချဉ်းကပ်ပုံက “ငါတို့ရဲ့ ကမ္ဘာခြမ်းကို ငါတို့ ထိန်းချုပ်ထားတယ်၊ ထိန်းချုပ်နိုင်စွမ်းလဲ ငါတို့မှာ ရှိတယ်။ ရန်လိုတဲ့ ဒီအစိုးရတွေကို ငါတို့ ကမ္ဘာခြမ်းကနေ ဖယ်ရှားပစ်ချင်တယ်။ သံတမန်ရေးရာတွေကို ငါတို့ မယုံကြည်ဘူး၊ ဒီအတွက် စီးပွားရေး အသိုက်အဝန်းကိုပဲ တည်ဆောက်သွားမယ်”။
ဒါပေမဲ့လဲ ထရမ့်ပ် အစိုးရဟာ ဖလော်ရီဒါက ဖောက်ပြန်တဲ့ ကျူးဘား-အမေရိကန် အသိုက်အဝန်းကို ရင်ဆိုင်ရဦးမယ်။ ဒီယက်ဇ်-ကာနယ်ကို ဖယ်ရှားရုံလောက်နဲ့ သူတို့ ကျေနပ်ကြမှာ မဟုတ်ဘူး။ သူတို့ မိဘတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းခဲ့တဲ့ ကျူးဘား တော်လှန်ရေးကို လက်စားချေချင်နေသူတွေ ဖြစ်တယ်။ ကွန်မြူနစ် ဆန့်ကျင်ရေး အလွန်ပြင်းထန်တဲ့ ဒီအုပ်စုက တော်လှန်ရေး တခုလုံး ဖြိုချပြီး နိုင်ငံတော်ကို ဖျက်စီးပစ်ချင်တယ်၊ သူတို့ အမြင်မှာ ‘ကွန်မြူနစ်စနစ်’ လို့ ထင်နေတာကြီး အဆုံးသတ်သွားတာ မြင်ချင်ကြတယ်။
ဗင်နီဇွဲလားက မာရီယာ ကိုရီနာ မာချာဒိုကို ထောက်ခံသူတွေလိုပဲ၊ ထရမ့်ပ်ကသာ ခေါင်းဆောင်ပိုင်း တချို့နဲ့ အပေးအယူ လုပ်လိုက်ရင် သူတို့ ကျေနပ်မှာ မဟုတ်ဘူး။ ဖောက်ပြန်တဲ့ ကျူးဘား-အမေရိကန်တွေက အမေရိကန် နိုင်ငံရေးမှာ ဗင်နီဇွဲလား အုပ်စုထက် အာဏာ ပိုရှိတယ်။
မတ်လ ၁၆ ရက်နေ့၊ New York Times ဆောင်းပါးတပုဒ်က “ထရမ့် အစိုးရဟာ သမ္မတ မီဂေးလ် ဒီယက်ဇ်-ကာနယ်ကို အာဏာကနေ ဖယ်ရှားဖို့ ကြိုးစားနေတယ်”၊ ဒါပေမဲ့ နိုင်ငံရဲ့ ထိပ်သီး အာဏာပိုင် အဝန်းအဝိုင်းထဲ ဆက်ရှိနေဆဲ “ကက်စထရို မိသားစုဝင်တွေကို အရေးယူမှာ မဟုတ်ဘူး” လို့ ဆိုထားတယ်။ ဒီသတင်းဖော်ပြချက်အရ အမေရိကန်ဟာ “ကျူးဘားရဲ့ စီးပွားရေးကို အမေရိကန် စီးပွားရေးသမားတွေနဲ့ ကုမ္ပဏီတွေအတွက် တဖြည်းဖြည်းချင်း ဖွင့်ပေးဖို့ (ဆိုလိုတာက လက်ဝေခံ နိုင်ငံတခု ဖြစ်လာအောင် ရေခံမြေခံ ဖန်တီးပေးဖို့) အာရုံစိုက်နေတယ်” လို့ သိရတယ်။ “တချိန်တည်းမှာ ထရမ့်ပ်အနေနဲ့ လက်ညှိုးထိုးပြစရာ နိုင်ငံရေး အောင်မြင်မှုတချို့လဲ ရချင်တယ်။”
ဒီသတင်းဟာ သွေးဆာနေတဲ့ ဖလော်ရီဒါက gusanos (ကျူးဘား ပြည်ပြေး) အတော်များများကို ဒေါသထွက်စေခဲ့တယ်။ ဒီလို ပြင်းပြင်းထန်ထန် တုံ့ပြန်မှုတွေကြောင့်ပဲ မာကို ရူဘီယိုအနေနဲ့ New York Times ရဲ့ သတင်းရင်းမြစ်တွေက “တတ်ယောင်ကားတွေ၊ လူလိမ်တွေ” လို့ ပြောပြီး လူသိရှင်ကြား ငြင်းဆိုခဲ့ရတာ ဖြစ်နိုင်တယ်။
ဒီမတိုင်ခင် ရက်အနည်းငယ်ကလဲ USA Today သတင်းစာမှာ အလားတူ သတင်းတပုဒ် ထွက်ခဲ့သေးတယ်။ အဲဒီဆောင်းပါးမှာ “အမေရိကန်တွေ ဟာဗားနားကို အလွယ်တကူ သွားရောက်နိုင်ရေး အချက်လဲ သဘောတူညီချက်ထဲ ပါဝင်နိုင်တယ်” လို့ ဖော်ပြထားတယ်။ ဒါ့အပြင် “သမ္မတ မီဂေးလ် ဒီယက်ဇ်-ကာနယ် အသာလေး နုတ်ထွက်သွားနိုင်မယ့် လမ်းကြောင်း၊ ကက်စထရို မိသားစု ကျူးဘား ကျွန်းပေါ် ဆက်နေခွင့်ရှိဖို့၊ ဆိပ်ကမ်း၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း ကဏ္ဍတွေမှာ အပေးအယူလုပ်ဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်” လို့ ရေးထားတယ်။
ကျူးဘားဘက်က ဘယ်လိုတုန့်ပြန်သလဲ
ဆွေးနွေးမှုတွေ ရှိနေတယ်ဆိုတာကို ရက်သတ္တပတ်ပေါင်းများစွာ ငြင်းဆိုခဲ့ပေမဲ့ မတ်လ ၁၃ ရက်နေ့ မနက်စောစောမှာ ကျူးဘားသမ္မတ ဒီယက်ဇ်-ကာနယ်က ဆွေးနွေးပွဲတွေ တကယ်ရှိနေကြောင်း ဝန်ခံလိုက်တယ်။ အဲဒီ သတင်းစာ ရှင်းလင်းပွဲကို ကွန်မြူနစ် ပါတီနဲ့ နိုင်ငံတော်ရဲ့ ထိပ်သီး ခေါင်းဆောင်တွေ အကုန်တက်ခဲ့တယ် (နိုင်ငံရေး ဦးဆောင်အဖွဲ့၊ ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့နဲ့ ဝန်ကြီးများကောင်စီရဲ့ အမှုဆောင် ကော်မတီတို့ ပါဝင်တယ်)။
ဒီသတင်း ရှင်းလင်းပွဲမှာ ရာအူးလ် ကက်စထရိုရဲ့ မြေးဖြစ်သူ ရာအူးလ် ဂီလာမို ရိုဒရီဂွက်ဇ် ကက်စထရို ရှိနေတာ ထူးခြားပါတယ်။ သူဟာ ကျူးဘားအစိုးရ ဒါမှမဟုတ် ကွန်မြူနစ်ပါတီမှာ ဘာရာထူးမှ တရားဝင် ရယူထားတာ မရှိပေမဲ့လဲ အမေရိကန် အရာရှိတွေနဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်နေတယ် ဆိုပြီး ရက်သတ္တပတ်ပေါင်းများစွာ သတင်းထွက်နေခဲ့သူ ဖြစ်တယ်။
ဒီယက်ဇ်-ကာနယ်က သူ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ “နှစ်နိုင်ငံကြား ပြဿနာတွေထဲက ဘယ်အချက်တွေကို ဖြေရှင်းဖို့ လိုအပ်သလဲဆိုတာ ဖော်ထုတ်နေတယ်” လို့ ပြောသွားတယ်။ ဒါ့အပြင် “နှစ်နိုင်ငံ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် လုပ်ဆောင်ချက်တွေကို အကောင်အထည်ဖော်ဖို့ နှစ်ဖက်စလုံးရဲ့ ဆန္ဒ” ကို ဆုံးဖြတ်တာနဲ့ “နှစ်နိုင်ငံလုံးရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို အာမခံနိုင်ဖို့၊ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖို့ ပူးပေါင်းဆောင်ရွက်ရမယ့် နယ်ပယ်တွေ” ကို ရှာဖွေဖော်ထုတ်နေတယ်လို့လဲ ပြောခဲ့တယ်။

ဆွေးနွေးပွဲတွေမှာ ကျူးဘားဘက်က “နှစ်ဖက် တိုင်းပြည်တွေရဲ့ နိုင်ငံရေး စနစ်များကို လေးစားပြီး ဒီလုပ်ငန်းစဉ်ကို တန်းတူရေး အခြေခံပေါ်ကနေ အကောင်အထည်ဖော်သွားဖို့ ဆန္ဒရှိကြောင်း၊ ဒါ့အပြင် ကျနော်တို့ အစိုးရရဲ့ အချုပ်အခြာအာဏာနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လေးစားဖို့ လိုအပ်ကြောင်း” သူက အခိုင်အမာ ပြောခဲ့တယ်။
ဒါတွေက နားထောင်လို့ကောင်းတဲ့ စကားလုံးတွေပဲ။ ဒါပေမဲ့ လက်တွေ့မှာတော့ အမေရိကန် နယ်ချဲ့သမားက ကျူးဘား တော်လှန်ရေးရဲ့ ခေါင်းကို သေနတ်နဲ့ ထောက်ထားတဲ့အချိန်၊ ဒါမှမဟုတ် ပိုပြီး တိတိကျကျ ပြောရရင် ကျူးဘားရဲ့ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး တရက်ထက်တရက် ပိုတင်းကျပ်အောင် ဆွဲညှစ်နေတဲ့အချိန်မှာ နှစ်ဦးနှစ်ဖက် အကျိုးစီးပွား၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ လေးစားမှုဆိုတာတွေအပေါ် အခြေခံတဲ့ ဆွေးနွေးပွဲမျိုး ဘယ်နည်းနဲ့မှ မရှိနိုင်ဘူး။
ဒီယက်ဇ်-ကာနယ်ရဲ့ သတင်းစာ ရှင်းလင်းပွဲအပြီး မကြာခင်မှာပဲ နိုင်ငံခြား ကုန်သွယ်ရေး ဝန်ကြီးဌာနက စီးပွားရေးဆိုင်ရာ အစီအမံတွေကို ကြေညာခဲ့တယ်။ အဲဒါကတော့ ကျူးဘား-အမေရိကန်တွေနဲ့ တခြားအမေရိကန် နိုင်ငံသားတွေကို ကျူးဘားမှာ တိုက်ရိုက် ရင်းနှီးမြှုပ်နှံခွင့် ပြုလိုက်တာပဲ (အရင်က ကျူးဘားမှာ အခြေစိုက်တဲ့ ကုမ္ပဏီတွေကတဆင့်ပဲ စီးပွားရေး လုပ်ခွင့်ရှိတယ်)။ အခုဆိုရင် အမေရိကန် နိုင်ငံသားတွေက အသေးစား စီးပွားရေး လုပ်ငန်းတွေတင်မကဘဲ အခြေခံအဆောက်အအုံ ကဏ္ဍတွေမှာပါ ရင်းနှီးမြှုပ်နှံနိုင်လာမှာ ဖြစ်သလို ကျူးဘားရဲ့ ဘဏ်စနစ်ကိုလဲ အသုံးပြုခွင့် ရသွားပြီ။ ဒီကိစ္စကို တာဝန်ယူရတဲ့ ဝန်ကြီးကတော့ ဒုတိယ ဝန်ကြီးချုပ်ဖြစ်သူ အော်စကာ ပီရက်ဇ်-အိုလီဗာ ဖရာဂါ ပဲ။ သူဟာ အမေရိကန် အရင်းရှင် သတင်းစာတွေရဲ့ ကောလာဟလတွေထဲမှာ ‘ကျူးဘားရဲ့ ဒယ်လ်စီ’ လို့ တင်စားခံနေရသူ ဖြစ်တယ်။ ထိပ်သီးခေါင်းဆောင်ကို ဖယ်ရှားလိုက်တာနဲ့ အမေရိကန် နယ်ချဲ့စနစ်ကို အလိုတော်ရိ လုပ်မဲ့သူလို့ ဆိုလိုရင်း ဖြစ်တယ်။
မာကို ရူဘီယိုကတော့ ဒီကြေညာချက်ကို “မလုံလောက်ဘူး” ဆိုပြီး ချက်ချင်းပဲ ပယ်ချလိုက်တယ်။
“ကျူးဘားရဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးစနစ်က အလုပ်မဖြစ်ဘူး၊ ဒါကို သူတို့ ပြင်ဆင်နိုင်စွမ်း မရှိဘူး။ ဒါကြောင့် ပြင်းထန်တဲ့ အပြောင်းအလဲတွေ သူတို့ မဖြစ်မနေ လုပ်ရမယ်။ မနေ့က သူတို့ ကြေညာခဲ့တာတွေက မပြင်းထန်သေးဘူး။ ဒါက ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ သူတို့အနေနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရလိမ့်မယ်” လို့ ရူဘီယိုက ဆိုတယ်။
အမေရိကန် နယ်ချဲ့သမားက ကျူးဘားကို ဝါရှင်တန်ရဲ့ လက်အောက်ခံအဖြစ် သွတ်သွင်းပြီး အရင်းရှင်စနစ်ဆီ အလုံးစုံ ကူးပြောင်းဖို့အတွက် အင်တိုက်အားတိုက် တောင်းဆိုနိုင်မယ့် အခွင့်အရေး ရပြီလို့ ယူဆထားတာ ရှင်းနေပြီ။ အပေါ်ယံကြည့်ရင်တော့ အင်အားချင်း မျှခြေအရ ကျူးဘား တော်လှန်ရေးဘက်က အတော်လေး အခြေအနေ မကောင်းဘူးလို့ ဆိုရမယ်။
အခုအချိန်မှာ ရေနံပိတ်ဆို့မှုက နယ်ချဲ့သမားဘက်က ခြိမ်းခြောက်အကျပ်ကိုင်တဲ့ အဓိက လက်နက် ဖြစ်ပေမဲ့ တဖက်မှာလဲ အမေရိကန်က အသက် ၉၅ နှစ်ရှိပြီဖြစ်တဲ့ ရာအူးလ် ကက်စထရို အပါအဝင် ကျူးဘားရဲ့ နိုင်ငံရေး၊ စစ်ရေး ခေါင်းဆောင်တွေကို တရားစွဲဖို့ ပြင်ဆင်နေတယ်။ ကျူးဘားကို ယူအက်(စ်)က တိုက်ခိုက်ရင် ဥပဒေကြောင်းအရ တရားထူထောင်ပေးဖို့ ဖလော်ရီဒါတောင်ပိုင်း ပြည်နယ် ရှေ့နေက အေဂျင်စီတွေ စုပေါင်း လုပ်ဆောင်ဖို့ ချိတ်ဆက်လှုပ်ရှားနေပြီ။ ဒါဟာ ဗင်နီဇွဲလားမှာ သုံးခဲ့တဲ့ နည်းလမ်းအတိုင်းပဲ။ မာဒူရိုကို တကယ် မရှိတဲ့ Cartel de los Soles မူးယစ်ဂိုဏ်း ခေါင်းဆောင်အဖြစ် စွပ်စွဲခဲ့ကြတယ်၊ သို့သော် မာဒူရိုကို ယူအက်(စ်)မှာ အကျဉ်းချပြီးတာနဲ့ အဲဒီ လံကြုတ် ဖန်တီးထားတဲ့ စွပ်စွဲချက်ကို ရုတ်သိမ်းပစ်လိုက်တယ်။
ကျူးဘား တော်လှန်ရေးကို ဘယ်လို ကာကွယ်ကြမလဲ
ဇန်နဝါရီ ၃ ရက်နေ့က ဗင်နီဇွဲလားကို တိုက်ခိုက်ခဲ့တာဟာ ကျူးဘား ခေါင်းဆောင်ပိုင်းနဲ့ ပြည်သူတွေအတွက်တော့ အကြီးအကျယ် တုန်လှုပ်စရာ ဖြစ်ခဲ့တယ်။ တုန်လှုပ်လောက်စရာ အကြောင်းအရင်းကလဲ မနည်းမနော ရှိတယ်။ ပထမအချက်ကတော့ အမေရိကန်ဟာ စီးပွားရေးနဲ့ သံတမန်ရေးအရ အနိုင်ကျင့်ရုံတင် မဟုတ်ဘဲ တိုက်ရိုက် စစ်ရေး ကျူးကျော်မှုအထိ လုပ်ဖို့ ဝန်မလေးဘူးဆိုတာ ဗင်နီဇွဲလား ဖြစ်ရပ်က သက်သေပြသွားတယ်။ စစ်ရေး ကျူးကျော်မှု လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် လက်တွေ့ အကောင်အထည်ဖော်ဖို့ စစ်အင်အား၊ နည်းပညာ အင်အား အလုံးအရင်း ပိုင်ဆိုင်ထားကြောင်း သက်သေပြသွားခဲ့တယ်။
ဒုတိယအချက်ကတော့ ကျူးဘားနဲ့ အတော်လေး ရင်းနှီးတဲ့ ဗင်နီဇွဲလား နိုင်ငံရေးနဲ့ စစ်ရေး ခေါင်းဆောင်တွေဟာ အမေရိကန် တိုက်ခိုက်မှုအပြီး ခုခံမှု သိပ်မလုပ်ဘဲ အမေရိကန် နယ်ချဲ့ကို လိုလိုလားလား အညံ့ခံသွားခဲ့တယ်။
တတိယအချက်ကတော့ ဒီတိုက်ခိုက်မှုမှာ ကျူးဘားစစ်သည်တွေဟာ အချိုးအစားမမျှအောင် အထိနာခဲ့တယ်။ အမေရိကန်တပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲမှာ မာဒူရိုကို ကာကွယ်ရင်း ကျူးဘားစစ်သည် ၃၂ ယောက် ကျဆုံးခဲ့ရတယ်။ အဲဒီ စစ်သည် ၃၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို ကျူးဘားကျွန်းကို ပြန်သယ်ဆောင်လာတဲ့အခါ နိုင်ငံတဝန်း သုံးရက်ကြာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ခဲ့ပြီး ပြည်သူတွေကလဲ စိတ်မကောင်းခြင်းများစွာနဲ့ အလုံးအရင်း လိုက်ပါပို့ဆောင်ခဲ့ကြတယ်။
နောက်ဆုံးအချက်ကတော့ အမေရိကန်က ဗင်နီဇွဲလားကို လက်အောက်ခံအဖြစ် ထိန်းချုပ်လိုက်တာ အလွန်မြန်ပါတယ်။ ဒီအချက်ကြောင့် ရုရှားဖြစ်ဖြစ်၊ တရုတ်ဖြစ်ဖြစ်၊ လက်တင် အမေရိကက ‘တိုးတက်သော အစိုးရ’ ဆိုတာတွေပဲဖြစ်ဖြစ် တကယ် အရေးကြုံချိန် ကရာကတ်စ်ကို ကာကွယ်ပေးဖို့ သူတို့မှာ အစီအစဉ် မရှိကြောင်း၊ ဒါမှမဟုတ် ကာကွယ်ပေးနိုင်စွမ်း မရှိကြောင်း ပေါ်လွင်သွားစေတယ်။ ကရာကတ်(စ်)ကို ကာကွယ်ပေးမဲ့အစား ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ကြေညာချက်လောက်ပဲ သူတို့ ထုတ်ခဲ့ကြတယ်။
ပြီးခဲ့တဲ့ အပတ်တွေတုန်းက ကျနော် ကျူးဘားရဲဘော် အတော်များများနဲ့ စကားပြောဖြစ်ခဲ့တယ်။ သူတို့အတော်များများဆီက ကြားရတဲ့ အမြင်ကတော့ – “တကယ်လို့ စစ်ရေးအရ ကျူးကျော်လာမယ်ဆိုရင် ကျနော်တို့မှာ ရှိတဲ့ နည်းပညာအရင်းအမြစ်တွေက ဘယ်လောက်ပဲ နိမ့်ပါးနေပါစေ၊ ကျနော်တို့ ပြန်ခုခံမှာပဲ။ ဗင်နီဇွဲလားလိုတော့ အဖြစ်ခံမှာ မဟုတ်ဘူး”။
ကျူးဘားရဲ့ နာမည်ကြီး အဆိုတော်၊ တေးရေးဆရာ ဆေးလ်ဗီယိုး ရိုဒရီဂွက်ဇ်ကလဲ “သူတို့သာ တိုက်ခိုက်လာမယ်ဆိုရင် ကျနော့်ကို AKM [တိုက်ခိုက်ရေး ရိုင်ဖယ်] တလက် ပေးစမ်းပါ။ ကျနော် ဒါကို အတည်ပြောနေမှန်း လူတွေ သိပါစေ” လို့ ထုတ်ဖော်ပြောကြားခဲ့တယ်။ နောက်တရက်ကျ ကျူးဘား လက်နက်ကိုင်တပ်ဖွဲ့က ဆေးလ်ဗီယိုးကို လူအများရှေ့မှာပဲ အခမ်းအနားနဲ့ တိုက်ခိုက်ရေး ရိုင်ဖယ် တလက် ပေးအပ်ခဲ့တယ်။ ကျူးဘား ပြည်သူတွေကြား နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ဂုဏ်ယူစရာ နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်ကို ဆေးလ်ဗီယိုးရဲ့ လုပ်ရပ်က သာဓကဆောင်ပြလိုက်တာပဲ။ ဗျူရိုကရေစီနဲ့ သူတို့ရဲ့ လုပ်ဟန်ကို ဝေဖန်သူတွေ၊ တဖြည်းဖြည်း အားကောင်းလာတဲ့ အရင်းရှင်စနစ် ပြန်အသက်သွင်းခြင်း ဖြစ်စဉ်ကို ဝေဖန်သူတွေ ကြားမှာလဲ နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ် ရှိနေတယ်။
ဒါပေမဲ့ ကျနော် စကားပြောခဲ့တဲ့ ရဲဘော်တွေကပဲ အခုလို ထပ်ပြောခဲ့တယ် – “ဒါပေမဲ့ ‘ငါတို့က စီးပွားရေး ပိတ်ဆို့မှုတွေ ဖယ်ရှားပေးမယ်၊ မင်းတို့က စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပါ’ ဆိုတဲ့ အဆိုပြုချက်မျိုးနဲ့ လာမယ်ဆိုရင်တော့ ခေါင်းဆောင်ပိုင်းက သဘောတူလိမ့်မယ်၊ အဲဒါက အရင်းရှင်စနစ်ကို ပြန်အသက်သွင်းတာ ဖြစ်နေဦးတော့၊ ပြည်သူအများစုကလဲ ဒါကို ထောက်ခံကြလိမ့်မယ်” လို့ ဖြည့်စွက်ပြောကြားခဲ့ကြတယ်။
သူတို့ ကျနော့်ကို ရှင်းပြပုံအရဆိုရင် “လူတွေက ခြေကုန်လက်ပန်းကျပြီး အားအင် ကုန်ခမ်းနေကြပြီ၊ လက်ရှိ အခြေအနေအတိုင်း ဆက်သွားလို့ မရတော့ဘူး။ မီးသွေးနဲ့ ချက်ပြုတ်နေရတာ၊ ၄၈ နာရီမှာ လျှပ်စစ်မီးက ၄ နာရီပဲ လာတာ…။ ဒီတော့ ကျနော်တို့က ဘယ်လို ခုခံရမှာလဲ။ တခြား ရွေးချယ်စရာ ဘာရှိသေးလို့လဲ”။ သူတို့က ဆက်ပြောတယ် – “လူအတော်များများက ‘အခု ရှိနေတဲ့ အခြေအနေထက်စာရင် ဘာဖြစ်ဖြစ် ပိုကောင်းမှာပဲ’ လို့ တွေးလာကြပြီ”။
ဒါဟာ ထည့်သွင်းစဉ်းစားရမယ့် အရေးကြီး အချက်ပဲ။ ပြည်သူ အတော်များများက ခေါင်းဆောင်ပိုင်းအပေါ် ယုံကြည်မှု အားလုံး ဆုံးရှုံးသွားကြပြီ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီခေါင်းဆောင်ပိုင်း လုပ်ခဲ့သမျှ အရာအားလုံးက လွဲချော်နေခဲ့လို့ပဲ။
အရင်းရှင်လက္ခဏာဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေရဲ့ အကျိုးဆက်
ဒါကို သက်သေပြဖို့ဆိုရင် အရင်က အကြီးအကျယ် ငြင်းခုံဆွေးနွေးခဲ့ကြတဲ့ ၂၀၁၁ ခုနှစ် စီးပွားရေး လမ်းညွှန်ချက် တွေဆီ ပြန်သွားကြည့်လို့ရတယ်။ ‘ကုန်ထုတ် စွမ်းအားစုတွေကို ဇက်ကြိုး လွှတ်ပေးဖို့’ ဈေးကွက်ကို လိုက်လျောမှုတွေ လုပ်ပေးရမယ်လို့ အဆိုပြုထားတယ်။ ဘာမှ အခြေခံကျကျ ပြောင်းလဲမသွားခဲ့ဘူး။
၂၀၁၄ ခုနှစ်မှာ အိုဘားမားက သံတမန်ဆက်ဆံရေးတွေ ပြန်ဖွင့်ပေးခဲ့တဲ့အတွက် အခြေအနေတွေ ကောင်းလာတော့မယ်ဆိုတဲ့ မျှော်လင့်ချက် ရောင်ခြည်သန်းလာစေခဲ့တယ်။ ဒါပေမဲ့ ထရမ့်ပ် တက်လာတဲ့အခါမှာတော့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရက်ရက်စက်စက် ပြန်ကျပ်လိုက်ပြန်တယ်။ အဲဒီနောက်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ပြင်းထန်တဲ့ ရိုက်ခတ်မှုက လိုက်လာခဲ့တယ်။ ဒီရိုက်ခတ်မှုက နိုင်ငံရဲ့ အမာခံ ငွေကြေး အဓိက ဝင်လမ်းဖြစ်တဲ့ ခရီးသွားလုပ်ငန်းကို ဖြတ်တောက်လိုက်သလို တဖက်မှာလဲ အသုံးစရိတ်တွေကို တက်လာစေခဲ့ပြီး နိုင်ငံ့ စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်။
ဒီနောက်မှာတော့ ၂၀၂၀ ခုနှစ် currency unification လိုက်လာတယ်။ ငွေကြေးစနစ် အပြောင်းအလဲကြောင့် ဝယ်ယူ စားသုံးနိုင်စွမ်း ပိုကျသွားပြီး လူတန်းစား မညီမျှမှုတွေ ပိုတိုသွားခဲ့တယ်။
ဒီယက်ဇ်-ကာနယ် အာဏာရလာစတုန်းက သူ့မှာ နိုင်ငံရေးအရ အားသာချက် အတိုင်းအတာတခုအထိ ရှိခဲ့တယ်။ သူ့ကို ပြည်သူနဲ့ နီးစပ်သူ၊ ရိုးရိုးအေးအေး နေတတ်သူတယောက်အဖြစ် မြင်ခဲ့ကြတယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာတခု ကြာလာတဲ့အခါမှာတော့ ဒီယက်ဇ်-ကာနယ်အနေနဲ့ ဒါတွေ အားလုံးကို ဆုံးရှုံးသွားခဲ့ရပြီ။
ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း ကျူးဘား ခေါင်းဆောင်ပိုင်းဟာ ‘ကုန်ထုတ် စွမ်းအားစုတွေကို လွတ်လပ်ခွင့်ပေးခြင်း’ လို့ ဆိုကြတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေအပေါ် အကုန်ပုံအောပြီး လောင်းကြေးထပ်ခဲ့တယ်။ တနည်းပြောရရင် တရုတ် (ဒါမှမဟုတ် ဗီယက်နမ်) မော်ဒယ်အတိုင်း အရင်းရှင်စနစ်ဆီ ဖြည်းဖြည်းချင်း ကူးပြောင်းမယ့် လမ်းကြောင်းပေါ် တက်လှမ်းခဲ့တာပဲ။ အရင်းရှင်လက္ခဏာဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အရင်းရှင် နိုင်ငံတွေရဲ့ ဝိုင်းပတ် ချေမှုန်းမှုကြောင့် မလွှဲမရှောင်သာ ပြုလုပ်ခဲ့ရတဲ့ လိုက်လျောချက်တွေအဖြစ် သဘောမထားခဲ့ဘူး၊ ကျူးဘား တော်လှန်ရေး ကြုံတွေ့နေရတဲ့ အကျပ်အတည်းရဲ့ ထွက်ရပ်လမ်းသဖွယ် ပုံဖော်ခဲ့ကြတယ်။ နိုင်ငံတော် စီမံကိန်း စီးပွားရေးစနစ်က ပြဿနာ ဖြစ်ပြီး ဈေးကွက်ယှဉ်ပြိုင်မှုနဲ့ ပုဂ္ဂလိကပိုင် လုပ်ငန်းတွေက အဖြေ ဖြစ်တယ်ဆိုတဲ့ အယူအဆက လွှမ်းမိုးသွားခဲ့တယ်။
ပထဝီ နိုင်ငံရေးပေါ် အခြေခံတဲ့ နိုင်ငံတကာ ပေါ်လစီ
နိုင်ငံတကာ အရေးမှာ ကျူးဘား ခေါင်းဆောင်ပိုင်းရဲ့ မူဝါဒက ‘တိုးတက်သော အစိုးရများ’ ကို ထောက်ခံပြီး ‘ဝင်ရိုးစုံစနစ်’ (multipolarity) ကို အားပေးတဲ့ မူဝါဒပဲ။ အဓိက အချက်က ‘နီယိုလစ်ဘရယ်ဝါဒကို ဆန့်ကျင်ရေး’ ဖြစ်လာတယ်၊ (အရင်းရှင်စနစ် တိုက်ဖျက်ရေး မဟုတ်ဘူး)။ ရုရှား၊ တရုတ်တို့နဲ့ မဟာမိတ်ဖွဲ့ပြီး BRICS ထဲ ဝင်လိုက်ရင် ကျူးဘားကို အထီးတည်း ဖြစ်နေတဲ့ဘဝကနေ ဆွဲထုတ်နိုင်မယ်ဆိုတဲ့ အယူအဆက လွှမ်းမိုးလာတယ်။ ၁၉၆၆ ခုနှစ်တုန်းက ချေဂွေဗားရား ပြောခဲ့တဲ့ “ဗီယက်နမ်လို တိုင်းပြည်တွေ နှစ်ခု၊ သုံးခု၊ အများကြီး ပေါ်ပေါက်လာပါစေ” ဆိုတဲ့ ကြွေးကြော်သံကတော့ ဝေးလံတဲ့ အတိတ်မှာ ကျန်ခဲ့ပြီ။
ကမ္ဘာ့ တော်လှန်ရေးကို စကားထဲတောင် ထည့်မဆွေးနွေးကြတော့ဘူး။ ပိုဆိုးတာက ဘိုလီဗေးရီးယား တော်လှန်ရေး ကာလ ဗင်နီဇွဲလားမှာ အခွင့်အလမ်း ပေါ်လာချိန် ကျူးဘား ခေါင်းဆောင်ပိုင်းက “ကျနော်တို့ မော်ဒယ်ကို လိုက်မကူးနဲ့၊ တော်လှန်ရေးတိုင်းမှာ သူ့လမ်းစဉ်နဲ့သူ ရှိတယ်” လို့ အကြံပေးခဲ့ကြတယ်။ “တော်လှန်ရေးကို ပြည်ပ ပို့တာမျိုး မလုပ်ဘူး” ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျူးဘား တော်လှန်ရေးရဲ့ သင်ခန်းစာတွေကို မျှဝေတာမျိုး မလုပ်ခဲ့ဘူး။ အဲဒီ သင်ခန်းစာကတော့ အရင်းရှင်စနစ်ကို ဖြိုချပစ်မှသာ တိုင်းပြုပြည်ပြု ဒီမိုကရေစီ တာဝန်တွေ၊ လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး အောင်မြင်ပြီး နိုင်ငံတော် အချုပ်အခြာ အာဏာကို လက်တွေ့ ကျင့်သုံးနိုင်မယ်။ ပိုဆိုးတာက ကျူးဘား ခေါင်းဆောင်ပိုင်းဟာ ဒီအချက်တွေကို ဖုံးကွယ်ထားရုံတင်မကဘဲ ဒါကို ဆန့်ကျင်ဖို့ပါ တိုက်တွန်းခဲ့ကြတယ်။
နိုင်ငံရေးအရ သြဇာအာဏာ အကြီးအကျယ်ရှိပြီး ချေဂွေဗားရားနဲ့လဲ အတူ အလုပ်လုပ်ခဲ့ဖူးတဲ့ အော်လန်ဒို ဘော်ရီဂိုဟာ ဗင်နီဇွဲလားကို သွားပြီး အလုပ်သမားတွေကို ဟောပြောပွဲတွေ လုပ်ခဲ့တယ်။ သူက “အလုပ်သမားတွေရဲ့ ပူးတွဲစီမံခန့်ခွဲမှု” (workers’ co-management) ဟာ “တန်ပြန်တော်လှန်ရေး” ဖြစ်တဲ့အတွက် အဲဒါကို စွန့်လွှတ်ရမယ်လို့ ပြောခဲ့တယ်။
ရလဒ်က ဘာဖြစ်သွားလဲ။ ကျူးဘားအတွက် စီးပွားရေးအရရော၊ နိုင်ငံရေးအရပါ (သဘောက ကျူးဘားက တနိုင်ငံတည်း အထီးကျန် မဖြစ်တော့ဘူး) အသက်သွေးကြော ဖြစ်ခဲ့တဲ့ ဘိုလီဗေးရီးယား တော်လှန်ရေးဟာ အရင်းရှင်စနစ်ကို ဖြိုချပြီး အဆုံးထိ မသွားခဲ့ဘူး။ ဒါကြောင့် ဘိုလီဗေးရီးယား တော်လှန်ရေးဟာ မလွှဲမရှောင်သာ ကျဆုံး၊ ပျက်စီးသွားခဲ့တယ်။ အဲဒီ သာမီဒိုးရီးယန်း တန်ပြန်တော်လှန်ရေး ဖြစ်စဉ်ရဲ့ နောက်ဆုံး နိဂုံးကတော့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ပဲ။
ဗင်နီဇွဲလားအနေနဲ့ ကျူးဘား တော်လှန်ရေးရဲ့ သင်ခန်းစာတွေကို မသင်ယူသင့်ဘူး ဆိုတဲ့ အယူအဆဟာ ကျူးဘားကို ပိုပြီး အထီးကျန်ဖြစ်သွားစေခဲ့တယ်။
၂၀၁၄ ခုနှစ်နောက်ပိုင်း ကုန်စည်ဈေးနှုန်းတွေ ထိုးကျသွားတဲ့အခါ လက်တင်အမေရိကက ပြုပြင်ရေးဝါဒီ အစိုးရတွေလဲ ပြိုလဲသွားခဲ့တယ်။ အခု ရှိနေသေးတဲ့ အစိုးရတွေကလဲ ကျူးဘားကို ကာကွယ်ပေးဖို့ သတ္တိမရှိကြတော့ဘူး။ မက္ကဆီကို၊ ကိုလံဘီယာနဲ့ ဘရာဇီးတို့ဟာ ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေ ဖြစ်ကြပေမဲ့ အမေရိကန်ရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရတဲ့အခါ ကျူးဘားကို ရေနံတင်ပို့ဖို့ တုတ်တုတ်မှ မလှုပ်ရဲကြဘူး။ ရုရှားနဲ့ တရုတ်တို့က ထုတ်ပြန်ချက်တွေ ထုတ်ပေးတယ်။ သို့သော် ဘေးကျပ်နံကျပ် ဖြစ်လာတဲ့အခါ သူတို့ကာကွယ်တာက ကျူးဘား တော်လှန်ရေး မဟုတ်ဘဲ သူတို့ရဲ့ ကိုယ်ပိုင် အရင်းရှင် လူတန်းစား အကျိုးစီးပွားတွေပဲ ဖြစ်တယ်။
ကျူးဘားကို ထောက်ခံတာတောင် အကန့်အသတ်နဲ့ပဲ ထောက်ခံတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရုရှားက Stolypin Institute ကိုယ်စားလှယ်တွေ ဟာဗားနားကို သွားပြီး အရင်းရှင်စနစ် လမ်းကြောင်းအတိုင်း မြန်မြန် သွားဖို့ တွန်းအားပေးခဲ့ကြတယ်။ တရုတ်နဲ့ ရုရှားတို့ဟာ အရင်းရှင် နိုင်ငံတွေပဲ။ သူတို့ရဲ့ အဓိကပြိုင်ဘက် (အမေရိကန်) နဲ့ မိုင် ၉၀ အကွာမှာ ရှိတဲ့ နိုင်ငံတခုနဲ့ ဆက်ဆံရေး ရှိဖို့ စိတ်ဝင်စားပေမဲ့ ကျူးဘား တော်လှန်ရေးကို ကာကွယ်ပေးဖို့တော့ သူတို့ စိတ်ဝင်စားမှု မရှိတာ သေချာတယ်။
ဈေးကွက်ကို တစတစ ပိုပြီး လိုက်လျောလာတဲ့ စီးပွားရေး ပေါ်လစီ၊ ပြုပြင်ရေးဝါဒနဲ့ ပထဝီနိုင်ငံရေးကို အားပေးတဲ့ နိုင်ငံခြားရေး ပေါ်လစီတို့ဟာ ဗျူရိုကရေစီရဲ့ ဝန်ထုပ်ဝန်ပိုး ဒဏ်တွေနဲ့ ပေါင်းလိုက်တဲ့အခါ အများကြီး ပိုဆိုးသွားတယ်။ ဝေဖန်ပိုင်းခြားတဲ့ အတွေးအခေါ်ကို ဗြောင်ကျကျနီးပါး ဖိနှိပ်ထားခြင်းဟာ လူ့အဖွဲ့အစည်းထဲက အားအကောင်းဆုံး တော်လှန်ရေး အင်အားစုတွေ၊ အထူးသဖြင့် လက်ဝဲဘက်ခြမ်းမှာ အော်တာနေးတစ် လမ်းစဉ်ကို ရှာဖွေနေတဲ့ လူငယ်တွေကို သူစိမ်းပြင်ပြင် ကင်းကွာသွားစေတယ်။
ရက်စက်ပြီး ပိုတင်းကျပ်လာတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ၊ နယ်ချဲ ကျူးကျော်မှုတွေ၊ အရင်းရှင်စနစ် အစားထိုးရေး ပေါ်လစီတွေ၊ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုတွေ၊ စတဲ့ အချက်တွေ အားလုံး ပေါင်းဆုံပြီး အလုံးစုံ စိတ်ပျက်အားငယ်စရာ အခြေအနေတရပ်ကို ဖန်တီးလိုက်သလို ဖြစ်သွားခဲ့တယ်။ ကျူးဘား တသန်းကျော်ဟာ ပြည်ပကို ထွက်ခွာသွားကြပြီ၊ အဲဒီထဲမှာ လူငယ်မျိုးဆက်သစ်တွေက အများစုပဲ။ စီးပွားရေးကလဲ ၂၀၂၂ ကတည်းက ကျဆင်းနေခဲ့တယ်။
ထရမ့်ပ်ရဲ့ တိုက်ခိုက်မှုတွေ ကြားထဲမှာတောင် ဒီမူဝါဒတွေကို ဆက်ကျင့်သုံးနေတုန်းပဲ။ မတ်လ အစောပိုင်းတုန်းက ဟာဗားနား နည်းပညာတက္ကသိုလ် (CUJAE) က ဗိသုကာပညာရပ် ပါမောက္ခတယောက်က ဆိုရှယ်မီဒီယာပေါ်မှာ ဗျူရိုကရေစီရဲ့ မူဝါဒတွေကို ဝေဖန်ခဲ့လို့ အလုပ်စာချုပ် သက်တမ်းတိုးမခံရတော့ဘူး။ တချိန်တည်းမှာပဲ ကျူးဘားအစိုးရက သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းတွေကို ပုဂ္ဂလိကကဏ္ဍဆီ လွှဲပေးတော့မယ်လို့ ကြေညာထားတယ်။
ပညာရေး၊ ကျန်းမာရေးနဲ့ အိမ်ရာကဏ္ဍတွေမှာ ရရှိထားတဲ့ တော်လှန်ရေး အသီးအပွင့်တွေကို အကြီးအကျယ် လှိုက်စားပစ်နေပြီ။ တပြိုင်နက်တည်းမှာပဲ အရင်းရှင်စနစ်ရဲ့ ရောဂါတွေက လူတန်းစား ကွာခြားမှုအသွင်နဲ့ သိသိသာသာ ရှိနေပြီ။
၁၉၅၉ တုန်းက တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ မျိုးဆက်ဟာလဲ အခုဆိုရင် လုံးဝနီးပါး ကွယ်ပျောက်သွားပြီ။ အဲဒီခေါင်းဆောင်ပိုင်းရဲ့ သားသမီးတွေနဲ့ မြေးတွေမှာတော့ သူတို့ရဲ့ အရည်အသွေးမျိုးတွေ တစက်မှ မရှိတော့ဘူး။ သူတို့ထဲက အတော်များများဟာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေကြပြီး၊ ပိုဆိုးတဲ့သူတွေဆိုရင် သူတို့ အသစ်ရရှိထားတဲ့ ချမ်းသာကြွယ်ဝမှုတွေနဲ့ အခွင့်ထူးခံမှုတွေကို ဆိုရှယ်မီဒီယာပေါ်မှာ ရွံစရာကောင်းလောက်အောင် ကြွားဝါနေကြတယ်။
‘သစ္စာဖောက်ခံရတဲ့ တော်လှန်ရေး’ ကျမ်းထဲမှာ ထရော့စကီး ရှင်းပြခဲ့သလိုပဲ၊ သူတို့ထဲက အတော်များများဟာ နိုင်ငံတော်အရာရှိ ဒါမှမဟုတ် နိုင်ငံပိုင်စီးပွားရေး ကဏ္ဍရဲ့ မန်နေဂျာဘဝနဲ့ မကျေနပ်နိုင်တော့ဘူး၊ သူတို့ကိုယ်တိုင် စီးပွားရေး လုပ်ငန်းတွေ ပိုင်ဆိုင်ထားတဲ့ အရင်းရှင်တွေ ဖြစ်ဖို့ လုံးပမ်းနေကြပြီ။
တော်လှန်သော ကွန်မြူနစ်တွေရဲ့ တာဝန်များ
ကျူးဘားတော်လှန်ရေး ရင်ဆိုင်နေရတဲ့ အန္တရာယ်ဟာ ကြီးမားသလို လက်ငင်းလဲ ကျရောက်နေပြီ။ ကျူးဘားကို ကာကွယ်ရေးဟာ ကမ္ဘာတဝန်းက တော်လှန်သော ကွန်မြူနစ်တွေရဲ့ တာဝန်ပဲ။ ကျနော်တို့ဟာ ကမ္ဘာ့အင်အားအကြီးဆုံး၊ အဆိုးဝါးဆုံး နယ်ချဲ့အင်အားစုရဲ့ ရာဇဝတ်မှုမြောက်တဲ့ ကျူးကျော်မှုရန်ကနေ အချုပ်အခြာအာဏာပိုင် နိုင်ငံငယ်လေးတခုကို ကာကွယ်ပေးနေရုံတင် မဟုတ်ဘူး၊ အရင်းရှင်စနစ်ကို ဖြိုချခဲ့တဲ့ နိုင်ငံတခုကို ကာကွယ်နေခြင်း ဖြစ်တယ်။ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ၊ ဗျူရိုကရေစီနဲ့ ဈေးကွက်လိုလားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် စီမံကိန်း စီးပွားရေးစနစ်ဟာ အကြီးအကျယ် အားနည်းသွားခဲ့ပြီ ဆိုပေမဲ့ အခုထိ ရှိနေဆဲ ဖြစ်တယ်။
ကျူးဘားမှာ အရင်းရှင်စနစ် ပြန်အစားထိုးခြင်းဟာ ယူအက်(စ်) နယ်ချဲ့ရဲ့ လက်အောက်ခံ ဘဝ ရောက်သွားတာပဲ၊ ကျူးဘားကျွန်းပေါ်မှာ အမေရိကန် နယ်ချဲ့ရဲ့ ဗိုလ်ကျစိုးမိုးမှုကို အတည်ပြုပေးခဲ့တဲ့ ပလတ် ပြင်ဆင်ချက် (Platt Amendment) ခေတ်ကို ပြန်ရောက်သွားတာပဲ။ အဲဒီအခါမှာ ချမ်းသာကြွယ်ဝမှုတွေက လူနည်းစုလက်ထဲမှာပဲ စုပုံနေပြီး ကျူးဘားပြည်သူ အများစုရဲ့ လူနေမှုအဆင့်အတန်းကတော့ အကြီးအကျယ် နိမ့်ကျသွားလိမ့်မယ်။
ထရန့်ရဲ့ ရေနံပိတ်ဆို့မှု ဆန့်ကျင်ရေး ကမ္ဘာ့အလုပ်သမားထု တိုက်ပွဲ ဖော်ဆောင်ဖို့ ကျနော်တို့မှာ ရှိသမျှ အင်အား အစွမ်းကုန် သုံးပြီး လှုံ့ဆော်ရမယ်။
တချိန်တည်းမှာပဲ ဘာကြောင့် အခုလို အခြေအနေမျိုးအထိ ရောက်လာရတာလဲဆိုတာကို ဆွေးနွေးဖို့ကလဲ အရေးကြီးတယ်။
နိုင်ငံတနိုင်ငံတည်းမှာ ဆိုရှယ်လစ်စနစ် တည်ဆောက်ဖို့ မဖြစ်နိုင်ကြောင်း ကျူးဘားတော်လှန်ရေး သမိုင်းတခုလုံးက ပြနေတယ်။ (ဗျူရိုကရေစီယန္တရား အားကောင်းလာမှုကြောင့် နိုင်ငံရေးအရ ဆိုးကျိုးတွေ ရှိခဲ့ပေမဲ့လဲ) ဆိုဗီယက်ယူနီယံနဲ့ ချိတ်ဆက်ခဲ့တဲ့ ကာလတွေ၊ အဲဒီနောက်ပိုင်း ဘိုလီဗေးရီးယား တော်လှန်ရေးနဲ့ ချိတ်ဆက်ခဲ့တဲ့ ကာလတွေမှာပဲ ကျူးဘားအနေနဲ့ အသက်ရှူချောင်ခဲ့တယ်။
ပြည်တွင်းမှာ အရင်းရှင်ဈေးကွက် ပြုပြင်ပြောင်းလဲရေး မူဝါဒတွေ၊ ဗျူရိုကရေစီ စီမံခန့်ခွဲမှုတွေ ကျင့်သုံးတာနဲ့ နိုင်ငံတကာရေးရာမှာ ဝင်ရိုးစုံစနစ် (multipolarity) နဲ့ ပထဝီနိုင်ငံရေး ကစားကွက်တွေကို အားကိုးတာတွေဟာ ကျူးဘားတော်လှန်ရေးကို မကာကွယ်နိုင်ရုံတင်မကဘဲ တော်လှန်ရေး ပျက်စီးဖို့အတွက် အားပေးသလို ဖြစ်နေတယ်။ ဒါကြောင့် နိုင်ငံတော်နဲ့ စီးပွားရေးစနစ်ရဲ့ အဆင့်တိုင်းမှာ အလုပ်သမားထု ထိန်းချုပ်မှုနဲ့ ဒီမိုကရေစီ အကျယ်ပြန့်ဆုံး ပေါ်ပါက်လာဖို့ တိုက်ပွဲဝင်ရင်း အဲဒါတွေကို ဆန့်ကျင်ရမယ်။ ဒါ့အပြင် စစ်မှန်တဲ့ ပစ္စည်းမဲ့လူတန်းစား နိုင်ငံတကာဝါဒ ပေါ်လစီနဲ့ ကမ္ဘာ့တော်လှန်ရေးအတွက် တိုက်ပွဲဝင်ရမယ်။
ကျနော်တို့လို ကျူးဘားပြင်ပက တော်လှန်သော ကွန်မြူနစ်တွေအနေနဲ့ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ဒီဘိတ်တွေမှာ ကျနော်တို့ အမြင်တွေကို ရဲဘော်ရဲဘက်လို ပေးသွားမယ်။
ကျနော်တို့ရဲ့ အဓိကတာဝန်ကတော့ နိုင်ငံတခုမဟုတ် တခုမှာ ကျနော်တို့ အလုပ်သမား လူတန်းစားကို အာဏာ အရယူပေးနိုင်မဲ့ တော်လှန်ရေး လက်နက်တခုကို အရှိန်အဟုန်နဲ့ တည်ဆောက်သွားဖို့ပဲ။ အကြောင်းကတော့ နောက်ဆုံးသတ္တုချလိုက်ရင် ကျူးဘား တော်လှန်ရေးကို ကာကွယ်ဖို့ တခုတည်းသော ထိရောက်တဲ့ နည်းလမ်းက… ကမ္ဘာ့ တော်လှန်ရေးသာ ရှိတဲ့ အတွက်ကြောင့်ပဲ။
SOURCE – The Cuban Revolution is facing its most dangerous period ever
ဘာသာပြန် – ရန်ဒီပါရှင်း