ကွန်မြူနစ်နာမည် မခံထိုက်တဲ့ ဗကပ

ဗကပက ပါတီသက်တမ်း (၈၅)နှစ်ပြည့် ထုတ်ဝေမယ့် ‘ပြည်သူ့အာဏာ’ ဂျာနယ်မှာ ‘အိုနာကျိုးကန်း သီအိုရီများ’ ဆိုတဲ့ ‘ဆဲစာ’ တပုဒ် ထည့်ထားတယ်။ ဘယ်သူဘယ်ဝါရေးတယ်လို့ ဖော်ပြမထားပါဘူး။ ဗကပရဲ့ အာဘော်ပါပဲ။ ဗကပအုပ်စုဝင်တွေက ‘ဒီမိုကရေစီသစ်’ စာမျက်နှာကနေ ကျနော်တို့ကို ပုံဖျက်ဆဲရေးဖူးတယ်။ သူတို့လုပ်သလို ခိုးကြောင်ခိုးဝှက် ဆဲရေးတာ၊ တဖက်သားရဲ့ အဆိုတခုကို လိုရာဆွဲ ပုံဖျက်ပြီး ‘straw man fallacy’ နည်းနဲ့ အောက်လုံးထိုးတာမျိုး ကျနော်တို့ မလုပ်ခဲ့၊ မာ့(က်စ်)ဝါဒီတွေပီပီ အတွေးအခေါ်အရပဲ ချေဖျက်တိုက်ခိုက်ခဲ့တယ်။ အဲသလို ဗြောင် ‘polemic’ လုပ်တဲ့အခါ သူတို့ပြန်ချေပနိုင်စွမ်းမရှိ။

သဘောတရားရေး တိုက်ပွဲကို ရိုးရိုးသားသား လုပ်နိုင်စွမ်း မရှိတဲ့အခါ ဘယ်သူဘယ်ဝါရေးတဲ့ ဆောင်းပါးကို ဝေဖန်နေတယ်လို့လဲ မပြောရဲဘူး၊ သူတို့ဆဲနေတဲ့ ဆောင်းပါးတခုခုထဲက စာတပိုဒ် တလေလောက်တောင် ကောက်နှုတ်မပြရဲဘူး။ အဲသလိုသာ ကောက်နှုတ်ပြလိုက်မယ်ဆိုရင် ဗကပ အုပ်စုဘက်က လိုသလို ပုံဖျက်ထားမှန်း စာဖတ်သူတွေ ဒက်ခနဲ တန်းသိသွားမယ်။ အဲတော့ အခြေအမြစ်မရှိ စွပ်စွဲ ပုံဖျက်ထားမှန်း သူတို့နောက်လိုက်တွေ နားလည်သွားနိုင်တယ်။ ဗကပ ခေါင်းဆောင်ပိုင်းက ‘ဒီလိုပါလား’လို့ အောက်ခြေ ပါတီဝင် လူငယ်တွေ သဘောပေါက်သွားနိုင်တယ်။

ဗကပက ဒီမိုကရေစီ ဗဟိုဦးစီးစနစ် (Democratic Centralism) ကို ကျင့်သုံးတယ်လို့ အမြဲ အော်လေ့ရှိတယ်။ တကယ်တော့ သူတို့ဟာက ဗျူရိုကရက်တစ် ဗဟိုချုပ်ကိုင်မှုစနစ်ပဲ။ ပါတီသက်တမ်း (၈၅) နှစ် ရှိပြီသာ ဆိုတယ်။ ဒီကနေ့အထိ ပါတီ ကွန်ဂရက် (၃) ကြိမ်ပဲ လုပ်နိုင်ခဲ့တယ်။ ‘ပါတီတွင်း ဒီမိုကရေစီ ရှိတယ်၊ မရှိဘူး’ ကြိုက်သလိုပြော၊ ဒီအချက်ကို သူတို့မငြင်းနိုင်ဘူး။ ငြင်းမရတဲ့အဆုံး ဗကပကိုယ်တိုင် ထုတ်ပြောလာရတယ်။ ဒါပေမယ့် ဆင်ခြေလေးတော့ ပေးသေးတယ်။ စစ်တိုက်နေရတဲ့ ကာလမို့၊ ဒီကနေ့ခေတ်လို အင်တာနက်ခေတ် မဟုတ်လို့တဲ့။ ဒါဖြင့် အင်တာနက် ရနေတဲ့ ၂၀၁၀ နောက်ပိုင်းမှာ ဘာ့ကြောင့် ပါတီ ကွန်ဂရက် မလုပ်နိုင်သလဲ။

တကယ်တော့ မခိုင်လုံလှတဲ့ ဆင်ခြေပါ။ လီနင်တို့ ဘော်ရှီဗစ် ပါတီ အာဏာမရခင် မြေအောက်ပါတီဘဝမှာ ဘယ့်လောက်ခက်ခဲနေပါစေ ပါတီ ကွန်ဂရက်ကို ပုံမှန် လုပ်နိုင်ခဲ့တယ်။ အာဏာရပြီးတော့လဲ နယ်ချဲ့စစ်တပ်တွေ ဝိုင်းနေတဲ့ကြားက တတိယ အင်တာနေရှင်နယ်ကို ၁၉၁၉ မှာ ထူထောင်နိုင်ခဲ့တယ်။ နယ်ချဲ့စစ်တပ်တွေက ဆိုဗီယက် နိုင်ငံကို ဝိုင်းပတ်ထားချိန်၊ ပြည်တွင်းစစ် အသည်းအသန် တိုက်နေရချိန်မှာတောင် ကွန်မြူနစ် အင်တာနေရှင်နယ် ကွန်ဂရက်တွေကို နှစ်စဉ် ပြုလုပ်နိုင်ခဲ့တယ်။ ရုရှား ဘော်ရှီဗစ် ပါတီတခုတည်းရဲ့ ကွန်ဂရက် မဟုတ်ဘူး၊ ကမ္ဘာ့နေရာ ဒေသအသီးသီးက အင်တာနေရှင်နယ် အဖွဲ့ဝင် ကွန်မြူနစ် ပါတီတွေ ပါဝင်တဲ့ ကမ္ဘာ့ ကွန်ဂရက်ကို ရန်သူပတ်လည်ဝိုင်းနေချိန် စစ်အတွင်းမှာ နှစ်စဉ် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်တယ်။ ကွန်ဂရက် လုပ်ရတာ လွယ်လွန်းလို့ အပျော်သဘော လူစုပြီး အာချောင်ကြတာတော့ မဟုတ်တန်ရာ။

တတိယ ကွန်မြူနစ် အင်တာနေရှင်နယ်ကို လီနင်၊ ထရော့စကီးတို့ ခေါင်းဆောင်နေချိန် အဲသလို နှစ်စဉ် ကွန်ဂရက် ကျင်းပနိုင်ခဲ့ပေမယ့် လီနင် ကွယ်လွန်သွားပြီး ထရော့စကီးကို စတာလင်-ဇီနိုးဗီးယက်-ခါမေးညက် ဂိုဏ်းက ဖယ်ရှားပစ်လိုက်တဲ့နောက် ကွန်ဂရက် ဘယ်နှကြိမ် ထပ်လုပ်နိုင်သေးလဲ။ နယ်ချဲ့အုပ်စုကို မျက်နှာလုပ်လိုတဲ့ စတာလင်က လီနင်၊ ထရော့စကီးတို့ ဦးဆောင်တည်ထောင်ခဲ့တဲ့ တတိယ အင်တာနေရှင်နယ်ကို ၁၉၄၃ မှာ ဖျက်သိမ်းပစ်လိုက်တယ်။ အဲသလို ဖျက်သိမ်းလိုက်ချိန်မှာ အင်တာနေရှင်နယ် ကွန်ဂရက်ကို အယောင်ပြလောက်တောင် မခေါ်ခဲ့ဘူး။ ၁၉၂၃ ခုနှစ်ကနေ ၁၉၄၃ ခုနှစ်အတွင်း စတာလင် လက်ထက် တတိယ အင်တာနေရှင်နယ်ဟာ ကွန်ဂရက် သုံးကြိမ်ပဲ လုပ်နိုင်ခဲ့တယ်။

တကယ်တော့ ၁၉၄၃ မှာ ဖျက်ပြီလို့ မကြေညာခင်ကတည်းက တတိယ အင်တာနေရှင်နယ်ဟာ အင်တာနေရှင်နယ် မမည်တော့ပါဘူး။ စတာလင် ဗျူရိုကရေစီရဲ့ လက်ကိုင်တုတ် ဖြစ်နေပါပြီ။ ဗကပ စပေါ်လာတာ စတာလင် ဗျူရိုကရေစီ မင်းမူနေတဲ့ ကာလပဲ။ စတာလင်နစ်ဇင်ကို မာ့(က်စ်)လီနင်ဝါဒလို့ အဟုတ်မှတ်ခဲ့ရတဲ့ ဗကပဟာ ဒီကနေ့အထိလဲ အဲသလို ထင်မှတ်နေတုန်းပဲ။ သူတို့ရောဂါကို ဘယ်သူမှ ကုလို့ မရတော့ဘူး။ နေမြင့်လေ အရူးရင့်လေ။ သမိုင်းအမှန်ကို ချက်ကျလက်ကျ ရှင်းပြလဲ နားလည်နိုင်စွမ်း ကုန်ခမ်းသွားကြပြီ။ သက်တမ်း (၈၅) နှစ်အတွင်း ကွန်ဂရက် သုံးကြိမ်ပဲ လုပ်နိုင်တယ်ဆိုတာ ဗကပ အုပ်စု ဆင်ခြေပေးသလို အင်တာနက် မရှိတဲ့ခေတ်မို့ မဟုတ်ဘူး၊ စစ်တိုက်နေရလို့ မဟုတ်ဘူး၊ စတာလင်နစ်(စ်) အဖွဲ့တခု ဖြစ်နေလို့ပဲ။ ပါတီ နာမည်ခံထားပေမယ့် ပါတီအဆင့်မရှိဘဲ သင်းကွဲဂိုဏ်း (sect) တခုသာ ဖြစ်နေလို့ပဲ။

ချုပ်ပြောရရင် လီနင်၊ ထရော့စကီး အစရှိတဲ့ မာ့(က်စ်)ဝါဒီစစ်စစ်တွေ ကျင့်သုံးခဲ့တာက ‘Democratic Centralism’ ဖြစ်ပြီး၊ စတာလင် ဗျူရိုကရေစီက မွေးထုတ်လိုက်တဲ့ ဗကပလို စတာလင်နစ်(စ်) ပါတီတွေအားလုံး တောက်လျှောက် ကျင့်သုံးခဲ့တာက ‘Bureaucratic Centralism’ ဖြစ်တယ်။ ဒီနှစ်ခုဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ်။ ဒီနှစ်ခုကြား ခြားနားချက်ကြီးကို သိသာထင်ရှားအောင် ကွန်ဂရက် စစ်စစ်မှန်မှန် ကျင်းပနိုင်ခြင်း ရှိမရှိ ပေတံနဲ့ နမူနာ တိုင်းပြခြင်း ဖြစ်ပါတယ်။ တခြား သမိုင်းဆိုင်ရာ အထောက်အထားတွေ အမြောက်အများ ရှိပါတယ်။ စာရှည်ပြီး ဘေးရောက်သွားမှာစိုးလို့ နမူနာတခုပဲ ထုတ်ပြပါမယ်။

လီနင့် ပါတီကို ဖျက်စီးခဲ့တဲ့ စတာလင်

အောက်တိုဘာ တော်လှန်ရေး ဆင်နွှဲချိန်က ရှိခဲ့တဲ့ ဘော်ရှီဗစ် ပါတီ ဗဟိုကော်မတီဝင် ဘယ်နှယောက်များ စတာလင် ဗျူရိုကရေစီအောက်မှာ အသက်ရှင်ကျန်ခဲ့သလဲ။ ဗကပ မှန်မှန်ကန်ကန် ဖြေရဲလား။ စတာလင်ဆီ အညံ့ခံသွားတဲ့ Kollontai တယောက်ကလွဲရင် တယောက်မှ စတာလင် အရှင်မထားခဲ့ဘူး။ တချို့ကို စတာလင် ဗျူရိုကရေစီ လုပ်ဇာတ်ခင်းထားတဲ့ တရားခွင်တွေမှာ အရှက်ခွဲပြီး ပစ်သတ်ခဲ့တယ်။ အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ရသူတွေ ရှိခဲ့တယ်။ မက်စီကိုမှာ ခိုလှုံနေရတဲ့ ထရော့စကီးကို ၁၉၄၀ ခုနှစ်မှာ စတာလင်က နှစ်ကြိမ်တိတိ ချောင်းမြောင်းလုပ်ကြံခိုင်းခဲ့တယ်။ စတာလင် အမိန့်ပေးခိုင်းစေထားတဲ့ လုပ်ကြံရေးသမား လက်ချက်နဲ့ ထရော့စကီး သေဆုံးခဲ့ရတယ်။ ဒါတွေ ဘာ့ကြောင့် လုပ်ခဲ့သလဲ။ အလွန်ဆိုးရွားတဲ့ ရာဇဝတ်ကောင်တွေဟာ သူတို့အကြောင်း ကောင်းကောင်းသိတဲ့ မျက်မြင်သက်သေတွေကို ရှင်းပစ်လေ့ရှိတယ်။ စတာလင် ရှင်းပစ်ခဲ့တဲ့ ဘော်ရှီဗစ် ခေါင်းဆောင်တွေဟာ စတာလင် ဘာကောင်လဲ ကောင်းကောင်းသိတဲ့သူတွေ၊ အောက်တိုဘာ တော်လှန်ရေးမှာ စတာလင်ရဲ့ အခန်းကဏ္ဍ ဘယ့်လောက်မှ မရှိခဲ့မှန်း သိခဲ့သူတွေ ဖြစ်သလို စတာလင် ဘယ်နည်းဘယ်ပုံ အာဏာရလာမှန်း ကောင်းကောင်းသိထားသူတွေ။ အောက်တိုဘာ တော်လှန်ရေးရဲ့ အစဉ်အလာနဲ့ အနှစ်သာရကို ထဲထဲဝင်ဝင် အသိဆုံးသူတွေ၊ ဒီလို မျက်မြင်သက်သေတွေ ဆက်ရှိနေရင် စတာလင် ဗျူရိုကရေစီရဲ့ ရာဇဝတ်မှုတွေ၊ တန်ပြန်တော်လှန်ရေး လုပ်ရပ်တွေကို လိမ်ညာဖုံးဖိထားဖို့ မဖြစ်နိုင်ဘူး။ တန်ပြန် တော်လှန်ရေးဟာ တော်လှန်ရေးကို ဖျက်စီးပစ်ရုံနဲ့ မကျေနပ်နိုင်ဘူး။ တော်လှန်ရေး မျိုးဆက်ပြတ်သွားအောင်၊​တော်လှန်ရေးရဲ့ memory ပျက်သွားအောင် ဖျက်ပစ်ရတယ်။ ရှစ်လေးလုံး လူထု တော်လှန်ရေးကြီးကို တန်ပြန် တော်လှန်ရေးသမားတွေ ဘယ်လို ပုံဖျက်ပစ်ခဲ့သလဲ ပြန်စဉ်းစားကြည့်ပါ။ ဒါဆိုရင် စတာလင် ဘာ့ကြောင့် ဘော်ရှီဗစ် ခေါင်းဆောင်တွေကို အရှင်မထားဝံ့သလဲ မြင်ရလိမ့်မယ်။

ဒါ့အပြင် လီနင် ကွယ်လွန်ခဲ့ရခြင်း နောက်ကွယ်မှာ စတာလင် လက်ချက် ကင်းတယ်လို့ ဗကပ ပြောရဲလား။ အရှက်မရှိလို့ ဘူးကွယ်ပြီး ပြောမယ်ဆိုရင် လီနင့် ရုပ်အလောင်းကို စတာလင် ဗျူရိုကရေစီက autopsy လုပ်ခွင့် မပေးခဲ့တာ ဘာ့ကြောင့်လဲ။ ဗကပက စတာလင်ရဲ့ အဆိုးရွားဆုံး ရာဇဝတ်မှုကြီးတွေကို လိမ်ညာဖုံးဖိပေးထားတာ ဘာ့ကြောင့်လဲ။ ကွန်မြူနစ်ဆိုတာ အမှန်တရားအပေါ်မှာပဲ ရပ်တည်ရတယ်။ သမိုင်းကို လိမ်ညာပြီး တော်လှန်ရေး လုပ်လို့မရဘူး။ အလိမ်အညာတွေနဲ့ တည်ဆောက်ထားတဲ့ ဂိုဏ်းအစုလေးတခုဟာလဲ ကွန်မြူနစ် ပါတီ မဟုတ်ဘူး။

ဗကပကို ကွန်မြူနစ် ပါတီလို့ ထင်နေသူ လူငယ်တွေအနေနဲ့ စတာလင်က ဘော်ရှီဗစ် ပါတီ ဗဟိုကော်မတီဝင် အားလုံးကို ရှင်းပစ်ခဲ့တာ (literally physical destruction) ဘာ့ကြောင့်လဲလို့ မေးကြည့်ရမယ်။ ဗကပက စတာလင်နစ်ဇင်ဟာ လီနင်ဝါဒနဲ့ အတူတူပဲလို့ တလျှောက်လုံး သမိုင်းလိမ်ခဲ့တယ်။ ဒါ့ကြောင့် အဲဒီ မေးခွန်းကို မှန်မှန်ကန်ကန် ဖြေနိုင်လား၊​ ဖြေရဲလား ဆန်းစစ်ကြည့်ရလိမ့်မယ်။ ကျနော်တို့ ကြိုဖြေပေးရရင် စတာလင်ဟာ ဘယ်တုန်းကမှ အဲသလို မလုပ်ခဲ့ပါဘူးလို့ပဲ သူတို့ ဘူးကွယ်ကြလိမ့်မယ်။ ဒါနမူနာ မေးခွန်းပဲ ရှိသေးတယ်။ စတာလင် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ၊ စတာလင်ကြောင့် ဘဝပျက် အသက်ဆုံးခဲ့ရသူတွေ အမြောက်အများ ရှိခဲ့တယ်။

ဗကပက ပါတီတွင်း ဖြုတ်ထုတ်သတ် လုပ်ခဲ့တာ အချင်းချင်း ကျူးလွန်တဲ့ အမှား၊ ပြည်သူအပေါ် ကျူးလွန်တဲ့ အမှား မဟုတ်ဘူးလို့ ပြောပြီး အမြဲဖာထေးခဲ့တယ်။ အခု နမူနာ ပေးခဲ့တဲ့ စတာလင် ဗျူရိုကရေစီရဲ့ ရာဇဝတ်မှုတွေကိုသာ သိထားရင် စတာလင်နစ် ဗကပရဲ့ ပါတီတွင်း ဖြုတ်ထုတ်သတ် ကိစ္စဆိုတာ အကင်းပဲ ရှိသေးမှန်း မြင်ရလိမ့်မယ်။ လက်တွေ့ နမူနာ ပေးကြည့်မယ်။

ဗကပ ပါတီဝင် လူငယ်တဦးက သူ့ပါတီတွင်း တောထဲတနေရာမှာ အခု ဒီစာရေးသူ မေးခွန်းထုတ်သလို ထုတ်ရဲမယ် ထင်သလား။ ထုတ်မိရင် DC ကျင့်သုံးပြီး ရိုးရိုးသားသား ဆွေးနွေးငြင်းခုန်မှုတွေ လုပ်ခွင့်ရမယ်လို့ရော ဘယ်သူ ယုံပါသလဲ။ ဗကပ အမာခံ ထောက်ခံသူများ ယုံကြည်တယ်ဆိုရင် စမ်းကြည့်ပါ။

ဗကပရဲ့ ‘အိုနားကျိုးကန်း သီအိုရီများ’ မှာ ဆဲထားသမျှ ‘ဆန်စင်ရာ ကျည်ပွေ့လိုက်နေရင်’ စာဖတ်သူတွေ မျက်စိညောင်းကုန်လိမ့်မယ်။ အဲဒီ ဆဲစာရဲ့ ခေါင်းစဉ်နဲ့ အဖွင့်ကို ဖတ်လိုက်တာနဲ့ ဗကပဟာ မာ့(က်စ်)၊ လီနင် တို့လို သီအိုရီကို တကယ် အလေးအနက် မရှိဘူး၊ အထင်သေး စက်ဆုပ်မှုပဲ ရှိနေတယ်ဆိုတာ တွေ့ရမယ်။ ‘စစ်ဘောင်နဲ့ ဒီမိုကရေစီဘောင်’ ခေါင်းစဉ်ခွဲအောက်မှာ လစ်ဘရယ် အချောင်သမားတွေကို ဆဲထားပုံရပါတယ်။ “အခု သူတို့ပြောနေတာတွေအားလုံးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အကုန်စမ်းသပ်ပြီးပြီ” လို့ ဗကပက ရေးတယ်။ မှန်ပါတယ်၊ နောက်ထပ် မှန်တဲ့ တချက်ကိုပဲ ဗကပက တိတ်တိတ်လေး ချန်ထားခဲ့တယ်။ ရှစ်လေးလုံး လူထု တော်လှန်ရေးကြီးကစလို့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ လစ်ဘရယ် အုပ်စုကို တလျှောက်လုံး နောက်မြီးဆွဲလုပ်ခဲ့တာ၊ ထောက်ခံခဲ့တာ ဗကပ ကိုယ်တိုင်ပဲ မဟုတ်ပါလား။ ဒီအချက်ကလေးကို ဘာ့လို့များ ထိန်ချိန်ထားပါလိမ့်။ ဗကပ အမြင်မှာ အရေးမကြီးဘူး ထင်လို့လား။

ဒီပေါ်လစီက ဗကပ တလျှောက်လုံး ကိုင်စွဲလာတဲ့ စတာလင်နစ်(စ်) Stagist “သီအိုရီ” ဆိုတာနဲ့ ကိုက်ညီသလို ဗကပ ကိုးကွယ်တဲ့ မော်စီတုန်း ပြောနေကျ ‘လူတန်းစား လေးရပ် ပေါင်းစည်းရေး’ (bloc of four classes) အမြင်နဲ့လဲ တထပ်တည်းပါပဲ။ (ဩဂုတ်လ ၂၀ ရက်နေ့ကပဲ ဗကပရဲ့ စာမျက်နှာမှာ လူတန်းစား လေးရပ် ပေါင်းစည်းရေး အမြင်ကို ‘ဗမာပြည်ရဲ့ ဒီမိုကရေစီ တော်လှန်ရေး’ ခေါင်းစဉ်နဲ့ ဖော်ပြထားသေးတယ်။) အဲသလို ‘သီအိုရီ’တွေ ကိုင်စွဲကျင့်သုံးလာလို့ ဗကပခမျာ အိုနာကျိုးကန်း ဖြစ်နေတဲ့အထိ အမြင်မှန် မရနိုင်သေးဘူး။ သမိုင်း အမှန်ကို လက်မခံနိုင်သေးဘူး။

သမိုင်းလိမ်တဲ့ ဗကပ

ဒါ့ကြောင့်လဲ ဒီကနေ့အထိ စတာလင်နစ်(စ်) ဝါဒဖြန့်ချိရေး ယန္တယားအောက်က အလိမ်အညာတွေကို အမှန်ထင်ပြီး ထရော့စကီးကို ပထွေးမုန်း မုန်းနေတာပဲ။ ထရော့စကီးရေးတဲ့ စာတပုဒ်၊ စာတအုပ်လောက်တောင် မဖတ်ဖူးလို့သာ စတာလင် ဗျူရိုကရေစီရဲ့ လိမ်ညာပုံဖျက်မှုတွေကို ယုံကြည်နေတာပဲ။ အောက်တိုဘာ တော်လှန်ရေးအတွင်း ထရော့စကီးရဲ့ အခန်းကဏ္ဍ၊ တော်လှန်ရေး အောင်ပြီး ပြည်တွင်းစစ် တိုက်နေရချိန် တပ်နီတော်ကို ဦးစီးထူထောင်ခဲ့တဲ့ သမိုင်းဝင် လုပ်ရပ်တွေ၊​ တတိယ အင်တာနေရှင်နယ်ကို လီနင်နဲ့အတူ လက်တွဲ ဦးဆောင်ခဲ့တာတွေ၊​ လီနင် မကွယ်လွန်ခင် စတာလင် ခေါင်းဆောင်တဲ့ ဗျူရိုကရေစီကို တိုက်ဖို့ ထရော့စကီးနဲ့ လက်တွဲခဲ့တာတွေ၊​ ပြောရရင် အများကြီးပဲ။

လီနင်ရဲ့ သေတမ်းစာထဲမှာ “စတာလင်ဟာ ပါတီ အထွေထွေအတွင်းရေးမှူး ဖြစ်လာပြီး (ဒါကို လီနင် ဆန့်ကျင်ခဲ့တယ်) သူ့လက်ထဲ အာဏာတွေ အကန့်အသတ်မရှိ စုပြုံနေတယ်။ ဒီအခွင့်အာဏာတွေကို အမြဲတမ်း သတိတရားရှိရှိနဲ့ သုံးနိုင်ပါ့မလားဆိုတာ ကျနော် သံသယရှိတယ်”လို့ လီနင် ရေးထားခဲ့တယ်။ “တခြားတဖက်မှာတော့ ရဲဘော် ထရော့စကီးဟာ သူမတူတဲ့ စွမ်းဆောင်ရည်ကြောင့်တင် ထင်ရှားနေတာ မဟုတ်ဘူး။ ပြောရမယ်ဆိုရင် လက်ရှိ ဗဟိုကော်မတီဝင်တွေထဲ ရဲဘော် ထရော့စကီးဟာ အရည်အချင်း အရှိဆုံးပဲ”လို့ လီနင် မှတ်ချက်ပြုခဲ့တယ်။ ၁၉၂၂ ဒီဇင်ဘာ ၂၅ မှာ ဒီသေတမ်းစာကို ရေးခဲ့တယ်။ အဲဒီအချိန်မှာ ဘော်ရှီဗစ် ပါတီ အကွဲအပြဲ ဖြစ်သွားမှာကို လီနင် စိုးရိမ်နေတယ်။ ဒါ့ကြောင့် တတ်နိုင်သမျှ ထိန်းရေးထားတယ်။

ထရော့စကီးနဲ့ အခြားရဲဘော်တွေကို လီနင်နဲ့ ကူညီဆက်သွယ်ပေးလို့ဆိုပြီး (လီနင့် ဇနီး) ကရပ်စ်ကားယာကို စတာလင်က ဆဲဆိုကြိမ်းမောင်းခဲ့တယ်။ ဒီနောက် နှစ်ပတ်အကြာမှာ လီနင်က သူ့သေတမ်းစာထဲ ဖြည့်စွက်ချက်တခု ထပ်ထည့်ခဲ့တယ်။ စတာလင်နဲ့ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုအားလုံး ဖြတ်ပစ်လိုက်တယ်။ “စတာလင်က အလွန် ရိုင်းစိုင်းတယ်။ ဒီပြစ်ချက်ဟာ ကျနော်တို့ အချင်းချင်း၊ ကွန်မြူနစ်တွေအချင်းချင်း ဆက်ဆံရေးမှာ အတန်အသင့် သည်းခံလို့ရသော်ငြား ပါတီ အထွေထွေ အတွင်းရေးမှူး တယောက်အနေနဲ့ဆိုရင် လုံးဝ သည်းခံနိုင်စရာ မရှိတော့ဘူး။” လို့ လီနင် ရေးခဲ့တယ်။ သစ္စာမဲ့ခြင်း၊ အာဏာ အလွဲသုံးစား လုပ်လိုခြင်းကြောင့် စတာလင်ကို အထွေထွေ အတွင်းရေးမှူး တာဝန်ကနေ ထုတ်ပစ်ဖို့ လီနင် တိုက်တွန်းခဲ့တယ်။

“Postscript: Stalin is too rude, and this fault, entirely supportable in relations among us communists, becomes unsupportable in the office of General Secretary. Therefore, I propose to the comrades to find a way to remove Stalin from that position and appoint to it another man who in all respects differs from Stalin only in superiority – namely, more patient, more loyal, more polite and more attentive to comrades, less capricious, etc.”

လီနင်က သူ့ကျန်းမာရေးကို စိတ်မချလို့ သူသေသွားခဲ့ရင် ဒီစာတွေကို ပါတီ ကွန်ဂရက်မှာ ဖတ်ပြဖို့ရာ တိတ်တဆိတ် ရေးထားခဲ့ခြင်း ဖြစ်တယ်။ သူ့ကျန်းမာရေး ပြန်ကောင်းလို့ ပါတီ ကွန်ဂရက်ကို ကိုယ်တိုင် တက်နိုင်ခဲ့ရင် စတာလင်ရဲ့ ပြစ်မှုတွေ ပါတီဝင်ထု တရပ်လုံးရှေ့ ဖွင့်ချပြီး တိုက်ပွဲဝင်ဖို့ လီနင် ပြင်ဆင်ထားခဲ့တယ်။ တကယ်လည်း လီနင့် ကျန်းမာရေးဟာ ထူထောင်စပြလာပြီးမှ ရုတ်တရက် ကွယ်လွန်သွားခဲ့ရခြင်း ဖြစ်တယ်။ လီနင်သာ ကွန်ဂရက်ကို တက်နိုင်ခဲ့ရင် အထွေထွေ အတွင်းရေးမှူး နေရာကနေ အဖယ်ခံရဖို့ သေချာသလောက် ရှိနေတဲ့ စတာလင် လက်ချက် ဘယ့်လောက် ရှိနေမလဲ။ လီနင် ကွယ်လွန်သွားတဲ့အခါ ဒီစာတွေကို ကွန်ဂရက်မှာ ဖတ်ပြဖို့ ကရပ်စကားယာက တောင်းဆိုခဲ့ပေမယ့် စတာလင်ဂိုဏ်းက လျှို့ဝှက်ထားခဲ့တယ်။ သမိုင်းကို လိမ်ညာဖုံးဖိတတ်တာ စတာလင်နစ်(စ်)တွေရဲ့ အစဉ်အလာပဲ။

လီနင်နဲ့ ထရော့စကီးကြား သဘောထား ကွဲလွဲမှု တချို့ ရှိခဲ့တာ မှန်တယ်။ ဒါပေမယ့် သူတို့နှစ်ဦးကြား ကွဲလွဲချက်ဟာ ‘tactical’ အဆင့်ပဲ ရှိတယ်၊ အခြေခံ တော်လှန်ရေး သဘောတရားပိုင်းမှာ ဘာမှ မကွဲပြားဘူး။ ဥပမာ၊ ၁၉၁၇၊ ဧပရယ်လ် (၃)ရက်နေ့ ရုရှားကို လီနင် ပြန်ရောက်တော့ သူ့ရဲ့ ဧပြီ စစ်တမ်းတွေကို တင်ခဲ့တယ်။ ဒုတိယတချီ ရုရှား တော်လှန်ရေးဟာ ကမ္ဘာ့ ဆိုရှယ်လစ် တော်လှန်ရေးရဲ့ ပထမ ခြေလှမ်း ဖြစ်ရမယ်လို့ ဆိုထားတယ်။ လီနင်ရဲ့ ဧပြီစစ်တမ်းတွေဟာ ထရော့စကီးရဲ့ ‘permanent revolution’ သီအိုရီနဲ့ အနှစ်သာရ အတူတူပဲ။ ဒါ့ကြောင့် ၁၉၁၇ နိုဝင်ဘာ (၁)ရက်နေ့၊ ပီထရိုဂရက် ကော်မတီ အစည်းအဝေးမှာ လီနင် အခုလို ပြောခဲ့တယ်။ မင်ရှီဗစ်တွေနဲ့ ညီညွတ်ရေး တည်ဆောက်လို့ မဖြစ်နိုင်မှန်း ထရော့စကီး အခိုင်အမာ ယုံကြည်သွားတဲ့အခါ“သူ့ထက်ပိုတော်တဲ့ ဘော်ရှီဗစ် မရှိတော့ဘူး”။

ဒီတော့ “လီနင်ကိုယ်တိုင်က ထရော်စကီရဲ့ ဖောက်ပြန်သွေဖည်မှုတွေကို အကြိမ်ကြိမ်ထောက်ပြ ဝေဖန်ခဲ့တာကိုတော့ မသိကျိုးကျွံ ပြုနေကြတယ်” လို့ ရမ်းသမ်းရေးထားတဲ့ ဗကပကို စိန်ခေါ်ပါတယ်။ လီနင်နဲ့ ထရော့စကီးကြားက သဘောတရားရေး ကွဲလွဲချက်ကို အတိအလင်း ထုတ်ပြနိုင်ရင် ပြပါ။ မဟုတ်ရင်တော့ ဒီလို ရမ်းတုတ်တာမျိုးက လူတိုင်း လုပ်လို့ရတာပဲ။ ‘ပြည်သူ့အာဏာဂျာနယ်’ ဆိုတာ ဗကပရဲ့ သဘောတရားရေး ဂျာနယ်ပဲလေ။ ဒီလို အခြေအမြစ်မရှိ ရမ်းသမ်းရေးတဲ့ နေရာတခုအဖြစ် မြင်ရတာတော့ စိတ်မကောင်းစရာပဲ။

“Show me another man”, he (Lenin) said, thumping the table “capable of organising in a year an almost exemplary army and moreover of winning the esteem of the military specialists.”

ဂေါ်ကီရေးတဲ့ ပြန်ပြောင်းအမှတ်ရချက်များထဲက ကောက်နှုတ်ချက် ဖြစ်ပါတယ်။ ထရော့စကီးရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ လီနင်ရဲ့ သဘောထားပါပဲ။

လီနင်၊ ထရော့စကီးတို့ဟာ အင်တာနေရှင်နယ်ဝါဒီတွေ ဖြစ်ပါတယ်။ ၁၉၂၄ မှာ လီနင် ကွယ်လွန်သွားတော့ စတာလင်က ‘Socialism in one country’ ဆိုပြီး ထလုပ်ပါတယ်။ မာ့(က်စ်)ဝါဒနဲ့ ပြဒါးတလမ်း၊ သံတလမ်း ခွဲထွက်သွားတဲ့ ဖောက်ပြန်မှု ဖြစ်ပါတယ်။ စတာလင် ဗျူရိုကရေစီက လီနင်၊ ထရော့စကီးတို့ တလျှောက်လုံး ရပ်တည်တိုက်ပွဲဝင်လာတဲ့ ကမ္ဘာ့ ဆိုရှယ်လစ် တော်လှန်ရေး အမြင်ကို စွန့်ပယ်ပြီး nationalist reformist အလံ ထူလိုက်တာ ဖြစ်ပါတယ်။ လီနင်၊ ထရော့စကီးတို့က ကမ္ဘာ့ ဆိုရှယ်လစ် တော်လှန်ရေးအတွက် တတိယ အင်တာနေရှင်နယ်ကို ထူထောင်တယ်။ စတာလင်က ‘တိုင်းပြည်တခုအတွင်း ဆိုရှယ်လစ် စနစ် တည်ဆောက်ရေး’ လို့ ဖောက်ပြန်တဲ့ သဘောတရားတရပ် အလံထူပြီး တတိယ အင်တာနေရှင်နယ်ကို ဖျက်စီးပစ်ခဲ့တယ်။ စတာလင်နစ်(စ်) အမြင်ကို ဒီကနေ့အထိ တရားသေ ဖက်တွယ်ထားတဲ့ ဗကပက တရုတ် အစိုးရရဲ့ ‘ဆိုရှယ်လစ် ပဏာမအဆင့်’ ဝါဒဖြန့်ချက်ကို ယုံကြည်နေတာ မထူးဆန်းတော့။

ဗကပရဲ့ straw man
_
ထရော့စကီးဝါဒီတွေက “အလုပ်သမား လူတန်းစားက အဆင့်သင့်မဖြစ်သေးလို့ တော်လှန်ရေး လုပ်လို့ မရသေးဘူး” လို့ ပြောကြောင်း ဗကပက စွပ်စွဲပုံဖျက်တယ်။ ဒါဖြင့် ဘယ်နေရာမှာ ပြောထားတာလဲ။ အဲသလိုလဲ အထောက်အထား အကိုးအကား မပြနိုင်။ ဗကပဘက်က မဟုတ်မမှန် လီဆည် ပြောထားတဲ့ စွပ်စွဲချက် ဖြစ်နေတော့ ဘယ်ပြနိုင်မလဲ။ ထရော့စကီးဝါဒီလို့ စွပ်စွဲတာတော့ နာစရာ မရှိပါဘူး။ ထရော့စကီးကို သဘောတရားရေးအရ မချေပနိုင်တာနဲ့ ချောင်းမြောင်းလုပ်ကြံခိုင်းတဲ့ စတာလင်ဝါဒီလို့ တံဆိပ်ကပ် မခံရတဲ့အတွက်လဲ ဂုဏ်ယူပါတယ်။

ဗကပက အခုလို ဆက်ပုံဖျက်ပြန်တယ် –

“ထရော်စကီတွေရဲ့ အပြောက တရုတ် တော်လှန်ရေးဟာ လယ်သမား တော်လှန်ရေးမို့လို့ အဲဒါ ကွန်မြူနစ်မဟုတ်၊ ဗီယက်နမ် တော်လှန်ရေးဟာ လယ်သမား တော်လှန်ရေးမို့ အဲဒါ ကွန်မြူနစ် မဟုတ်၊​ ကျူးဘား တော်လှန်ရေးဟာ ဓနရှင်ပေါက်စ တော်လှန်ရေးမို့ အဲဒါ ကွန်မြူနစ် မဟုတ် အဲဒါတွေ အားလုံးဟာ စတာလင်နစ်တွေ လို့ ဆိုနေတယ်”။

ထုံးစံအတိုင်း ဒီလို စွပ်စွဲရာမှာလဲ​ အကိုးအကား မပြနိုင်ပြန်ဘူး။ ဗကပ အုပ်စုက လိုရာဆွဲ ပုံဖျက်ထားတာကို စာဖတ်သူတွေ မြင်သွားမှာကြောက်ပြီး အကိုးအကား မပြရဲတာ။ စတာလင်နစ်(စ်) ခေါင်းဆောင်ပိုင်းရဲ့ ပေါ်လစီ၊ မဟာဗျူဟာနဲ့ နည်းဗျူဟာပိုင်းကို ဝေဖန်တာဟာ တော်လှန်ရေးကို စတာလင်နစ်(စ်)လို့ ပြောတာ မဟုတ်ဘူး။ လစ်ဘရယ် အန်ယူဂျီကို ဝေဖန်တာနဲ့ပဲ ဗမာပြည် တော်လှန်ရေးကို လစ်ဘရယ် တော်လှန်ရေးမို့ ဆဲနေပါပြီ ပြောရင် မှန်မလား။ ဗကပကို ဝေဖန်တာနဲ့ပဲ ဗမာပြည် တော်လှန်ရေးကို ‘စတာလင်နစ်တွေ’လို့ ပြောရာ ရောက်သွားပြီလား။ ဗကပရဲ့ လီဆည်ချက်တွေကိုသာ ထိုင်ရေးပြနေရရင် စာမျက်နှာ ရာချီ သွားလိမ့်မယ်။

ကျနော်တို့ ဝေဖန်ချက်တွေ မှန်လား၊ မှားသလား မှတ်ကျောက်တင်ကြည့်ရအောင် ဗကပအနေနဲ့ ကျနော်တို့ ရေးသားချက်ကို အပြည့်အစုံ ကိုးကားပြီး သဘောတရားရေး တိုက်ပွဲ ဝင်ရဲလား။ ရိုးသားရင်၊​ သတ္တိရှိရင် စိန်ခေါ်ပါတယ်။ ဆိုဗီယက် ပြည်ထောင်စုမှာ၊ တရုတ်ပြည်မှာ အရင်းရှင်စနစ်ကို ဘာ့ကြောင့် ပြန်ရောက်သွားသလဲ ဗကပရဲ့ ဆန်းစစ်ချက်ကို ထုတ်ပြပေးနိုင်မလား။ ဆိုဗီယက် ပြည်ထောင်စုမှာ အလုပ်သမား လူတန်းစားက စတာလင် ဗျူရိုကရေစီကို ဖြိုချပစ်တဲ့ ‘political revolution’ ဆင်နွှဲဖို့ လိုအပ်တယ်၊​ မအောင်မြင်ရင် အရင်းရှင်စနစ်ကို ပြန်ရောက်သွားလိမ့်မယ်လို့ ထရော့စကီးက ‘Revolution Betrayed’ စာအုပ်မှာ ၁၉၃၇ ခုနှစ်ကတည်းက ရှင်းပြခဲ့တယ်။ ဗကပလို စတာလင်နစ်(စ်)တွေကတော့ ရုရှား၊ အရှေ့ဥရောပနဲ့ တရုတ်ပြည်တို့မှာ ဘာ့ကြောင့် အရင်းရှင်စနစ် ပြန်ရောက်သွားသလဲ အခုထိ နားမလည်သေးဘူး။

အခြေခံ သဘောလောက်ကို နားလည်နိုင်စွမ်း မရှိတဲ့အပြင် ကယ်တင်ရှင်စိတ် ဝင်နေတဲ့ ရောဂါကလဲ မသေးလှဘူး။ “အဲဒါဆိုရင် ထရော်စကီတွေ လွတ်မြောက်အောင် လုပ်ပေးထားတဲ့ နိုင်ငံက ဘယ်နိုင်ငံလဲ ဆိုတော့လည်း ပြစရာမရှိ” တဲ့။ ဗကပရဲ့ စကားနာထိုးသံ။ ရုရှားပြည်သူ၊​ ကျူးဘားပြည်သူ၊ တရုတ်ပြည်သူ၊​ ဗီယက်နမ်ပြည်သူတွေကို စတာလင်ဝါဒီ-မော်ဝါဒီတွေ ကယ်တင်ထားတယ်လို့ ဗကပက ယူဆထားပုံပဲ။ ဒါ့ကြောင့် အခုလို အောက်ကလိအာတဲ့ စကားလုံးတွေ ထွက်လာတာ။ ကယ်တင်ရှင် ဘယ်သောအခါမှ မရှိပေ ဆိုသော်ငြား စတာလင်နစ်တွေ လွတ်မြောက်အောင် ကယ်ပေးထားတာ ဒုနဲ့ဒေး ရှိနေပြီလို့ ဗကပက ပြောချင်နေတယ်။

သေချာ ပြောနိုင်တာကတော့ စတာလင်နစ် ပေါ်လစီတွေကိုသာ ကျင့်သုံးခဲ့ရင် သမိုင်းမှာ အောက်တိုဘာ တော်လှန်ရေးဆိုတာ ရှိလာမှာ မဟုတ်ခဲ့ဘူး။ အောင်မြင်ဖို့ကား ဝေးစွ။ စတာလင် ဗျူရိုကရေစီက လွဲမှားတဲ့ ပေါ်လစီတွေ ချပေးခဲ့လို့ တရုတ်ပြည် ၁၉၂၅-၂၇ တော်လှန်ရေး သွေးချောင်းစီး ရှုံးနိမ့်ခဲ့တာကိုရော ဗကပ ဘာပြောမလဲ။ ၁၉၂၃ ဂျာမနီ တော်လှန်ရေး၊ ၁၉၃၇ စပိန် တော်လှန်ရေး ရှုံးနိမ့်ခဲ့ရတာ စတာလင်နစ်တွေကြောင့်ပဲ။ အောင်ပွဲကျမှ ခရက်ဒစ် ဝင်ယူချင်ပြီး အရှုံးကျတော့ တာဝန်မယူရဲတာ စတာလင်နစ်တွေပဲ။ စတာလင်နစ်(စ်)တွေ ကယ်တင်ပေးခဲ့လို့ လွတ်မြောက်သွားသူတွေ ဘယ်နှယောက်ရှိသလဲ မသိရပေမယ့် သေကျေပျက်စီးသွားသူတွေ သန်းပေါင်းများစွာ ရှိခဲ့တာတော့ ဗကပ ငြင်းနိုင်မယ် မထင်။ ငြင်းမရပေမယ့် မျက်စိမှိတ် ငြင်းဦးမယ် ဆိုတာတော့ သံသယ မဝင်ပါဘူး။

ကျနော်တို့ မာ့(က်စ်)ဝါဒီတွေ၊ ကွန်မြူနစ်စစ်စစ်တွေကတော့ အလုပ်သမား လူတန်းစားကိုယ်တိုင် အဖိနှိပ်ခံ လူထုကို ခေါင်းဆောင်ပြီး တော်လှန်ရေး ဆင်နွှဲတာကို အလိုရှိတယ်၊ အလုပ်သမား လူတန်းစားမှာ အဲသလို တော်လှန်ရေး ခေါင်းဆောင် အခန်းကဏ္ဍ ရှိကြောင်း အခိုင်အမာ ယုံကြည်ထားတယ်။ အလုပ်သမား လူတန်းစားဟာ လူ့အဖွဲ့အစည်းကို အခြေအမြစ်ကနေ တော်လှန်ပြောင်းလဲနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျ အမြင်ကို အခြေခံပြီး အလုပ်လုပ်ပါတယ်။ ကွန်မြူနစ်တွေ (ဗကပ စွပ်စွဲသလို ထရော့စကီးဝါဒီတွေ) ကယ်တင်ပေးရမယ့် သနားစရာ သတ္တဝါလေးတွေလို့ မမြင်ပါဘူး။
လီနင်၊ ထရော့စကီးတို့ ခေါင်းဆောင်ခဲ့တဲ့ အောက်တိုဘာ တော်လှန်ရေး အစဉ်အလာကို ကျနော်တို့ ကွန်မြူနစ် စစ်စစ်တွေက ဆက်ခံပါတယ်။ ဗကပတို့လို ကွန်မြူနစ် နာမည် မခံထိုက်တဲ့ စတာလင်နစ်တွေကတော့ ဒါကို ကျေနပ်ဟန် မတူဘူး။ မော်ဝါဒ လမ်းကြောင်းကို မလိုက်တာနဲ့ အချောင်သမား တံဆိပ်ကပ်ဖို့လောက် သိပုံရတယ်။ သူတို့ မကျေနပ်လဲ မတတ်နိုင်ဘူး၊​ အောက်တိုဘာ တော်လှန်ရေး လမ်းကြောင်းအတိုင်း ဆက်လျှောက်ရေးဟာ ဒီကနေ့ တော်လှန်ရေးရဲ့ လိုအပ်ချက်ပဲ။ ဗမာပြည်အတွက်တင် မဟုတ်၊​ ကမ္ဘာ့ ဆိုရှယ်လစ် တော်လှန်ရေးဟာ အောက်တိုဘာ တော်လှန်ရေး လမ်းကြောင်းကို ဆက်လျှောက်ရဦးမယ်။ မဝေးတော့တဲ့ အနာဂတ်မှာ ဒီသမိုင်းအမြင် မှန်သလား၊ မှားသလား သဲသဲကွဲကွဲ သိလာရပါလိမ့်မယ်။

ရီထွေး

ဆောင်းပါးရှင်ရဲ့ ဝေဖန်ချက်ကို ဆန်းစစ်သုံးသပ်နိုင်အောင် အောက်မှာ ဗကပရဲ့ ‘အိုနာကျိုးကန်း သီအိုများ’ ပို့စ်လင့်ခ်ကို ထည့်ပေးလိုက်ပါတယ်။